အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။
မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။
သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။
ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။
ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။
တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။
ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။
တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။
မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။
တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။
ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။
ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။
တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။
ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျော်..ငါ ဒီနေ့ မိထွေးဆီက ပိုက်ဆံ သုံးသောင်းခိုးလာတယ်ကွ” လို့ ခပ်မြူးမြူးလေးပြောတယ် ။
ပြီးရင် ကျွန်တော်တို့မြို့ အစွန်ပိုင်းမှာဖွင့်ထားတဲ့ တည်းခိုခန်းတစ်ခုကို သွားကြမယ်လို့ သူက ပြောသေးတယ် ။
တည်းခိုခန်းဆိုပေမယ့် ပြည့်တန်ဆာတွေ ထားတယ်လေ ။
ဖိုးဝလုံး အသက်က အခုမှ (၁၅)နှစ်ဝင်ခါစရယ် ။
ကျွန်တော်ဆို ပိုဆိုးတာပေါ့ ။ သူ့ထက် တစ်နှစ်ငယ်တာ ။
ဒါပေမယ့် ကျွန်တော်ရော ဖိုးဝလုံး ဟာ ပြည်တန်ဆာအိမ်တွေကို တော်တော်ရောက်ဖူးနေပြီ ။
ဖိုးဝလုံးက ပိုဆိုးတယ် ။
ကျွန်တော်က သူ့ထက်စာရင် အကြိမ်ရေနည်းတယ်ဆိုရမှာပဲ ။ဒါကြောင့်လားမသိဘူး ။
ဒီကောင့်ကို ကျွန်တော် တစ်ခါတစ်လေ မနာလိုဖြစ်မိတယ် ။
ဒါကလည်း ကျွန်တော်တို့ ကြား ခင်မင်မှုကို ထိခိုက်လောက်အောင်ထိတော့ မဟုတ်ဘူးရယ် ။
တင်းနစ်တစ်ပွဲကစားပြီးတော့ ကျွန်တော်တို့ရေငတ်လာတယ် ။
ဒီနေ့ ဖိုးဝလုံးရဲ့ တင်းနစ်ရိုက်ချက်တွေက တော်တော်ပြင်းထန်နေတယ် ဆိုတော့ ကျွန်တော်ရော သူရော လျှာထွက်ရောပေါ့ ။
ကျွန်တော့်ရေဗူးထဲက ရေကို တစ်ယောက်တဝက်သောက်ပြီး ဖိုးဝလုံးက ကျွန်တော့်ကို မေးတယ် ။
“မိထွေး တွေဆိုတာ စန္ဒာကြီးတို့..လောက် တောင် မကောင်းဘူးကွ..မင်းသိလား”
ကျွန်တော် ခေါင်းပဲ ငြိမ့်ပြလိုက်ပါတယ် ။
ဖိုးဝလုံး မိထွေးက ဆရာမ ဒေါ်ကေခိုင်တဲ့ ။
သူက မိထွေးနဲ့နေတာ ။
သူ့အဖေ ကလည်း အေးအေးဆေးဆေးပါပဲ ။ သူ့အမေ ဆုံးပြီးတဲ့နောက် ဖိုးဝလုံးတေ်ာတော် ကြီးမှ သူ့အဖေက ဆရာမဒေါ်ကေခိုင် ကို လက်ထပ်တာ ။
ဒေါ်ကေခိုင် က အရပ်ပုပု အသားဖြူဖြူ နဲ့ ကျွန်တော်တို့ ကျူရှင်ဆရာမဟောင်းလေ ။
ဖိုးဝလုံး တို့အိမ်မှာ သူ့ကို ဝိုင်းကျူရှင်ငှားပြီး ကျွန်တော်တို့ အတူသင်ခဲ့ကြတာ ။
နောက်တော့ ဖိုးဝလုံးအဖေကိုပဲ တစ်သက်လုံးကျူရှင်ပြလိုက်တာပေါ့ ။
“စန္ဒာကြီး သာ ငါ့မိထွေး ဖြစ်လိုက်ပါတော့ကွာ” ဖိုးဝလုံးက ထပ်ပြောပြန်တယ် ။
“ဟရောင် မင်းငရဲကြီးမယ်…”
ကျွန်တော် ဒီလောက်ပဲပြောနိုင်တယ် ။
နေကပူပူ နဲ့ ဒီကောင် ရူးရူးနှမ်းနှမ်းတွေလျှောက်ပြောနေတာ ။
စန္ဒာကြီးဆိုတာက ခုန ဒီကောင်သွားမယ်ပြောတဲ့ တည်းခိုခန်းက ဒီကောင်ဝင်နေကြ ပြည့်တန်ဆာမကြီးရဲ့ နာမည် ။
အဲ့ ကောင်မကြီးက...အသက် (၂၀)ကျော်လောက်ရှိရောပေါ့ ။
ဒီကောင် သူ့မိထွေး နဲ့ ပြသနာရှိနေတာတော့ ကျွန်တော်သိတယ် ။
ဒါပေမယ့် သူ့မိထွေးက သူ့ကို ချစ်ပုံရပါတယ် ။
တစ်ခါတစ်ခါ သူ့ကို မုန့်တွေဘာတွေလုပ်ကျွေးတယ် ။
ကစားကွင်းတွေလိုက်ပို့ပေးတယ် ။
ရုပ်ရှင်တွေဘာတွေလိုက်ပြတယ် ။
ဒီကောင်လည်း သူ့မိထွေးကို ချစ်ပါတယ် ။
စန္ဒာကြီး တို့ဆီ ရောက်ပြီးနောက်ပိုင်း ဒီကောင် မိထွေးကို အမြင်မကြည့်တော့ဘူး ။
ဘာကြောင့်လဲဆိုတာ ကျွန်တော်လည်း စဉ်းစားမရဘူး ။
သူ့ဆရာမလည်းဖြစ်ခဲ့ဖူးတဲ့ သူ့မိထွေးနဲ့ သူရဲ့ ဆက်ဆံရေးက အဲ့ဒီပြည့်တန်ဆာခန်းတွေဆီ ရောက်ပြီးမှ လုံးဝပြောင်းလဲသွားတော့တာ ။
ကျွန်တော်လည်း နောက်ပိုင်းမှ သတိထားမိတာပါ ။
သူ့မိထွေး ဟာ စန္ဒာကြီးဖြစ်သွားရင် သိပ်ကောင်းမှာပဲလို့ ဒီကောင်ခဏခဏ ညည်းတယ် ။
ပြီးတော့ အိမ်က ပိုက်ဆံတွေ အမြဲလိုလို ခိုးလာတယ် ။
တစ်ခါကဆို ဒီကောင်နဲ့ကျွန်တော် သူတို့အိမ်မှာ အပြာကားခိုးကြည့်နေတုန်း သူ့အဖေ နဲ့ မိထွေး အိပ်ခန်းကို နာနာကြည်းကြည်းကြည့်ပြီး တံတွေးနဲ့သွားထွေးတာ တွေ့ဖူးတယ် ။
ကျွန်တော်လည်း ဘာမှတော့ မမေးဖြစ်ပါဘူး ။
သူနဲ့ ကျွန်တော်ကြား ဆက်ဆံရေးမှာ သူ့မိထွေးကိစ္စက အရေးမပါဘူးလေ ။
သူပိုက်ဆံခိုးလာရင် ကျွန်တော်တို့ ဟိုတည်းခိုခန်းကို သွားလိုက်တာပဲ ။
ပြီးတော့ အရက်ခိုးသောက်ရင်သောက် ။ ဒါမှမဟုတ် စစ်တပ်ထဲက ဗွီဒီယိုရုံမှာ အပြာကားသွားကြည့်ချင်ကြည့် ။
တစ်ခါတစ်လေလည်း ကုလားဘုရားကျောင်းနောက်ဘက် တောထဲက ရှမ်းကိုးမီးဝိုင်းတွေဆီခြေဦးလှည့်ပေါ့ ။
ခုက နွေရာသီကျောင်းပိတ်ရက်ကို ။
ကျောင်းဖွင့်ရင် ဖိုးဝလုံးက ဆယ်တန်း ၊ ကျွန်တော်က ကိုးတန်း တက်ရမှာ ။
တင်းနစ်နှစ်ပွဲကစားပြီးတော့ ဖိုးဝလုံး နဲ့ ကျွန်တော် လက်ဘက်ရည်ဆိုင် ခဏထိုင်တယ် ။
ဒီကောင်က ပေါက်စီကို နှစ်လုံးဆင့်စားပြီး ကျွန်တော့်ကို ပိုက်ဆံရှင်းခိုင်းတယ် ။
တည်းခိုခန်းရောက်ရင် ဟိုအခ သူရှင်းမယ်တဲ့ ။အိုကေလေ ။
ဒီလိုနဲ့ ကွန်ဒုံးနံတွေ ထိန်းမရသိမ်းမရလောက်အောင် နံစော်နေတဲ့ တည်းခိုခန်းကို ကျွန်တော်တို့ရောက်သွားတယ် ။
စန္ဒာကြီး မအားဘူးဆိုတော့ ဒီကောင်က ပုသေးသေးကောင်မလေးတစ်ယောက်နဲ့ ဝင်တယ် ။
ကျွန်တော်က စကားဝဲ၀ဲ အသားမဲမဲ ကောင်မလေးတစ်ယောက်နဲ့ ဝင်တယ် ။
ကောင်မလေးလို့သာ ဆိုရမယ် ကျွန်တော်တို့ထက် အားလုံးကြီးပါတယ် ။
ကျွန်တော်က ဖိုးဝလုံးကို ကွန်ဒုံးသုံးဖို့ သတိပေးလိုက်သေးတယ် ။
ဒီကောင်က တစ်ခါကျိုးပြီးပြီ ။
အသက် ဆယ့်ငါးနှစ်နဲ့ ဆစ်ဖလစ်ဖြစ်တယ်ဆိုတာ တော်တော်ဆိုးတဲ့ ကိစ္စပဲ ။
သူဖြစ်တုန်းက ကျွန်တော်ဆို ညည အိပ်တောင်မရဘူး။
ကြောက်လို့ ။
ပြည်တွေ တတောက်တောက်ယိုနေရင် ဒီကောင်က ပုဆိုးကို အုပ်ပြီး သူ့မိထွေးနာမည်အော် ကျိန်ဆဲတော့တာပဲ ။
အမှန်က စန္ဒာကြီးတို့ ဘာတို့ကို ကျိန်ဆဲရမှာကို ။
အပြင်ပြန်ရောက်တော့ ဒီကောင်က ဘုရားဘက် စက်ဘီးနင်းရအောင်တဲ့ ။
စက်ဘီးနင်းနေရင်း ဒီကောင်က စန္ဒာကြီးက ငါ့မိထွေးလောက် မကောင်းဘူးကွတဲ့ ။
အဲ့မိန်းမလည်း သစ္စာဖောက်ပဲ ။ ယုတ်မာတယ်တဲ့ ။
ငါ့မိထွေးကသာ ငါ့အဖေ့ကို ပဲ သစ္စာဖောက်တာ ။ စန္ဒာကြီးက လူတကာနဲ့ ဖောက်ပြန်တာတဲ့ ။
ကျွန်တော့်ကို လှမ်းပြောတယ် ။
ခဏနေတော့ ဘုရားရှေ့မှာ စက်ဘီးရပ်လိုက်ပြီး စွန်လွှတ်တဲ့လူတွေကို သူနဲ့ကျွန်တော်ရပ်ကြည့်နေတယ် ။
ဖိုးဝလုံးက စကားထပ်စတယ် ။
ခုန ငါပြောတာ မှားသွားပြီထင်တယ် ။ တကယ်တော့ ငါ့မိထွေးက မကောင်းတာကွ . စန္ဒာကြီးက ပိုက်ဆံရလို့ ဖောက်ပြန်တာ…သူမှန်တယ်တဲ့ ။
နောက်တော့ ကျွန်တော်လည်း သူ့ကို အဲ့ဒီတုန်းကခေတ်စားနေတဲ့ အက်ဆစ်အဖွဲ့ရဲ့ သီချင်းတွေ အကြောင်းစကားလွှဲလိုက်တယ် ။
နို့မို ဒီအူကြောင်ကြောင်ကောင်ဟာ သူ့မိထွေး နဲ့ စန္ဒာကြီး နာမည်နှစ်လုံးကနေ ဒီမနက်ကို လုံးလည်နေမှာလေ ။
ကျွန်တော်တို့လမ်းခွဲတော့ ဒီကောင်က ကျွန်တော့်တို့ အတန်းထဲက ကျွန်တော်ကြိုက်နေတဲ့ကောင်မလေးနာမည်အော်ပြီး ကျွန်တော့်ကို စသွားသေးတယ် ။
ညနေကျစောင်းတော့ ဒီကောင်အိမ်ရောက်လာပြန်တယ် ။
အခန်းထဲမှာ ကျွန်တော်စာဖတ်နေတုန်း သူ့လက်ထဲ ဘောလုံးကြီးကိုင်လာတယ် ။
ဘုရားကွင်းထဲ ဘောလုံးသွားကန်ရအောင်တဲ့ ။
သူဝင်လာတာကို ကြည့်နေတဲ့ မေမေက လိုက်လာပြီး ဖိုးဝလုံး တို့အပြင်မထွက်ရဘူးဆိုတာ မသိဘူးလား သား ဆိုပြီး လာပြောတယ် ။
ဟုတ်တယ် အဲ့ဒီတုန်းက ကျွန်တော်တို့မြို့မှာ ဘာသာရေးအဓိကရုဏ်းတွေဖြစ်နေလို့ မာရှယ်လောထုတ်ထားတာ ။
ညနေခြောက်နာရီဆိုမထွက်ရတော့ဘူး ။
အခုက ငါးနာရီခွဲပြီ ။
ကျွန်တော်က ဒီကောင့်ကို ချောမော့ပြန်ဖို့ပြောတော့ သူက ခပ်ပြုံးပြုံးပဲ ။
ငါမေ့သွားလို့ပါကွာတဲ့ ။
နောက်နေ့မနက်မှာ ဖိုးဝလုံးဟာ သူ့ အခန်းထဲမှာ သူ လက်ကောက်ဝတ် သူ ခဲတံချွန်ဓါးနဲ့ လှီးပြီး သတ်သေသွားတယ် ။
သွေးစေးတွေခဲပြစ်နေတဲ့ မွေ့ယာကြီးပေါ်မှာ ဖိုးဝလုံး သေနေတာကို သူ့အဖေက အရင်စတွေ့တာ ။
ဖိုးဝလုံး ဘာလို့ သတ်သေသွားလဲ ကျွန်တော်စဉ်းစားမရဘူး ။
အဲဒီအကြောင်း စဉ်းစားတိုင်း စန္ဒာကြီးတို့ ဒေါ်ကေခိုင်တို့ ဘယ်သူကများ ဖိုးဝလုံး သတ်သေလောက်အောက် စိတ်ညစ်စေလဲ ကျွန်တော်ခွဲခြားမရဘူး ။
အင်း..ဆစ်ပလစ်ရောဂါလည်း ထည့်စဉ်းစားရမှာပေါ့ ။
တကယ် အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။
ခက်ဇော်
နှင်းဆီဖြူမဂ္ဂဇင်း၊ ၂၀၁၆
Comments