Skip to main content

Posts

Showing posts with the label ဂျိုဇော်

မိုးစီးဖိနပ်

“ဒိုင်း”ခနဲ တံခါးနှစ်ချပ် စုံပိတ်လိုက်သည့် အသံကြောင့် သူ့ ခန္ဓာကိုယ်ကြီး ဆတ်ခနဲ တုန်သွားသည်။ လက်နှစ်ဘက်ဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည့် ဖန်ခွက်ထဲက အရက်တွေပင် ဘောင်ဘင် ခတ်ကုန်၏။ ရေခဲတုံးကလေး တွေက ဖန်ခွက်နံရံကို တဂွပ်ဂွပ် ရိုက်ခတ်နေ၊ ရင်ထဲမှာ တလှပ်လှပ်။ သူ့နှလုံးသားကလည်း တဆတ်ဆတ် ခုန်နေသည်။  အစစ ပြည့်စုံအောင် လုပ်ကိုင်ပေးသွားပြီးမှ မီးဖိုချောင် ပြတင်းတံခါးကို ချိတ်ချိတ်ဖို့ မေ့ကျန်ခဲ့သော တပည့်ကျော် မောင်ကြည့်အပေါ် ဒေါသ ဖြစ်လိုက်မိသည်။ ဖာသာပဲ ထချိတ်ရတော့မည်။  ဖန်ခွက်ထဲက လက်ကျန်ကို တရှိန်ထိုးမော့၊ စားပွဲကို လက်ထောက်ပြီး ထလိုက်တော့ မီးဖိုခန်းကလေးက ချာလပတ် လည်သွားသည်။ အမြင်အာရုံက ဝိုးတိုးဝါးတား။ စားပွဲစွန်းကို လက်နှစ်ဖက်ဖြင့် ညှစ်ဆုပ်ရင်း အသက်ပြင်းပြင်း လေးငါးဆယ်ချက် ရှူထုတ် လုပ်လိုက်မှ အနည်းငယ် ပြန်ပြီး ကြည်လင်လာ၏။ ခြေထောက်တွေ ကတော့ မရွေ့လျားနိုင်သေး။ ခက်ရင်းဖြင့် နာနတ်သီးတုံး ကလေးကို ထိုးကော် ယူလိုက်တော့ လက်က လိုရာ မရောက်ချင်။ ပန်းကန်ပြား ပက်လက်ထဲက နာနတ်သီးတုံးတွေ စားပွဲပေါ် ဖိတ်စင်ကုန်သည်။ ဒေါသ အလိုလို ထွက်လာကာ ခက်ရင်းကို တူရူသို့ အားကုန် လွှဲပစ်လိုက်သည်။  ...