အစစ ပြည့်စုံအောင် လုပ်ကိုင်ပေးသွားပြီးမှ မီးဖိုချောင် ပြတင်းတံခါးကို ချိတ်ချိတ်ဖို့ မေ့ကျန်ခဲ့သော တပည့်ကျော် မောင်ကြည့်အပေါ် ဒေါသ ဖြစ်လိုက်မိသည်။ ဖာသာပဲ ထချိတ်ရတော့မည်။
ဖန်ခွက်ထဲက လက်ကျန်ကို တရှိန်ထိုးမော့၊ စားပွဲကို လက်ထောက်ပြီး ထလိုက်တော့ မီးဖိုခန်းကလေးက ချာလပတ် လည်သွားသည်။ အမြင်အာရုံက ဝိုးတိုးဝါးတား။ စားပွဲစွန်းကို လက်နှစ်ဖက်ဖြင့် ညှစ်ဆုပ်ရင်း အသက်ပြင်းပြင်း လေးငါးဆယ်ချက် ရှူထုတ် လုပ်လိုက်မှ အနည်းငယ် ပြန်ပြီး ကြည်လင်လာ၏။ ခြေထောက်တွေ ကတော့ မရွေ့လျားနိုင်သေး။ ခက်ရင်းဖြင့် နာနတ်သီးတုံး ကလေးကို ထိုးကော် ယူလိုက်တော့ လက်က လိုရာ မရောက်ချင်။ ပန်းကန်ပြား ပက်လက်ထဲက နာနတ်သီးတုံးတွေ စားပွဲပေါ် ဖိတ်စင်ကုန်သည်။ ဒေါသ အလိုလို ထွက်လာကာ ခက်ရင်းကို တူရူသို့ အားကုန် လွှဲပစ်လိုက်သည်။
“ဒုတ်”
အလိုလေးလေး။ ဒါဟာ တမင် လုပ်လိုက်တာ မဟုတ်ရပါဘူး။ စားပွဲမှာ လက်ထောက် ရပ်နေရင်းက ကြောင်အိမ်ပေါ်သို့ မျက်စိ အပြူးသားဖြင့် စိုက်ကြည့် နေမိသည်။ ကြည့်စမ်းပါဦး။ တမင်လုပ်လျှင် ဘယ်လိုနည်းနှင့်မျှ မဖြစ်နိုင်။ ခုတော့ သူ ပစ်လိုက်သည့် ခက်ရင်းသည် ကြောင်အိမ်ပေါ်က သစ်သား ဇီးကွက်ရုပ်ကြီး၏ ညာဘက် မျက်လုံးထဲသို့ တန်းတန်းမတ်မတ် စိုက်ဝင် နေပါရောလား။ ခက်ရင်း လက်ကိုင်ရိုးပင် အရှိန်ဖြင့် တုန်ခါနေဆဲ ရှိ၏။ ဇီးကွက် မျက်လုံးတွေက ခါတိုင်းထက် ပိုပြီး ပြူးကျယ် နေသယောင်။ ဟာ ... သွေးတွေ သွေးတွေ။ ဇီးကွက် မျက်လုံးထဲက သွေးတွေ စီးကျနေပါလား။
သူ အကြီးအကျယ် တုန်လှုပ်သွား၏။ ကုန်းနေသော သူ့ခန္ဓာကိုယ်ကြီးက တောင့်တောင့် မတ်မတ်ကြီး ဖြစ်သွားသည်။ ခြေထောက်တွေက ကျောက်ချ ထားသလို တစ်လက်မမျှ ရွေ့လျားလို့ မရ။ ခြေချောင်းတွေဖြင့် ကြမ်းပြင်ကို ကုပ်တွယ် ထားမိသည်။ သူ့မျက်လုံး အစုံကတော့ သွေးတွေ စီးကျနေသည့် ဇီးကွက် မျက်နှာကြီးကိုပဲ မျက်တောင် မခတ်စတမ်း စိုက်ကြည့် နေမိတော့၏။
တူလိုက်တာ သည်အတိုင်း ပါပဲ။ သည်လို မျက်နှာမျိုး သည်လို မျက်လုံးမျိုး ပါပဲ။ မျက်တောင်မခတ် ပြူးကျယ်ဝိုင်းစက် သူ့ကို စိုက်ကြည့်ခဲ့တဲ့ မျက်လုံးတစ်စုံ။ ညာဘက် မျက်လုံးထဲက သွေးတွေ စီးကျလာ။ နောက်တော့ ဂနာမငြိမ် ပတ်ချာလည်နေတဲ့ မျက်ဆံနက်တွေ ငြိမ်ကျသွား။ ဘုရား ... ဘုရား ...။
နှုတ်မှ အသံထွက်အောင်ပင် ဘုရား တလိုက်မိသည်။ သူ၏ ခြေဖျားလက်ဖျား တွေက အေးစက်တုန်ယင် လာ၏။ ဒူးတွေက မခိုင်ချင်တော့။ ညွှတ်ကျလာကာ လဲပြိုလုလု ဖြစ်လာသဖြင့် ကုလားထိုင်ပေါ် အရုပ်ကြိုးပြတ် ထိုင်ချ လိုက်ရသည်။ တုန်ယင်နေသော လက်ဖြင့် အရက် ပုလင်းကို လှမ်းဆွဲ။ ဖန်ခွက် တစ်ဝက်လောက် အထိ ဖြည့်ကာ ဘာမျှ မရောတော့ဘဲ တရှိန်ထိုး မော့ချ လိုက်တော့၏။
ချက်ချင်း ဆိုသလို သူ့တစ်ကိုယ်လုံး ပူနွေးသွား၏၊ နည်းနည်းလည်း တည်ငြိမ် သွားသလို ရှိသည်။ ဒါဟာ တိုက်ဆိုင်မှု တစ်ခုပဲ။
“ဟား ဟား ... အံဩစရာ ကောင်းတဲ့ တိုက်ဆိုင်မှု တစ်ခုပါလား”
သူက အသံထွက်အောင်ပင် ရေရွတ်လိုက်၏။ အဓိပ္ပါယ်မဲ့ တဟားဟား ရယ်မော ပစ်လိုက်သေးသည်။ သို့သော် ... သူ ရယ်မောသံက ခြောက်ကပ်ကပ်ကြီး ဖြစ်နေသည်ကို သူ့ဟာသူ သိနေပြန်၏။ ရယ်မောခြင်းကို တုံးတိကြီး ရပ်ပစ်ကာ ဇီးကွက်ရုပ်ကို မျက်မှောင်ကြုတ်လျက် ထပ်ကြည့် လိုက်ပြန်၏။
အဟင်း ... ဟင်း၊ ဘယ်ကလာ သွေးတွေ ဟုတ်ရမှာလဲ။ ဒါဟာ ခက်ရင်း လက်ကိုင်ရိုးရဲ့ အရိပ်ပဲ။ အားနည်းနေတဲ့ မီးသီးက မျက်နှာကျက်မှာ ဆိုတော့ ညာဘက် မျက်လုံးမှာ စိုက်ဝင်နေတဲ့ ခက်ရင်း လက်ကိုင်ရိုးရဲ့ အရိပ်ဟာ မျက်လုံးနဲ့ နှာခေါင်းရင်း ကြားကနေ ညာဘက် နှုတ်ခမ်းထောင့် စွန်းဆီကို။
အို ... ဘာလို့ ဒါကို အသေးစိတ် တွေးနေရတာတုံး။ အရိပ်ဆို ပြီးရောပေါ့။ မတွေးနဲ့။ အတွေးကို တခြားနေရာ ပို့ပစ်လိုက်စမ်း။ သူ ခေါင်းကို လေးငါးခါ ခါယမ်း ပစ်လိုက်၏။ အားလူးကြော်တွေကို တကြွပ်ကြွပ် ဝါးစား နေလိုက်သည်။ ပါးစပ်ထဲမှာတော့ ဘာအရသာမျှ မပေါ်။
အင်း ... ဘာလိုလိုနဲ့ အိမ်က အဘွားကြီး ခရီးထွက် သွားတာ တစ်ပတ် ပြည့်တော့မှာ ပါလား။ ပြီးခဲ့သည့် စနေနေ့က သူ့ဇနီးရော သမီးငယ်ပါ သားကြီး အိမ်ထောင်ကျနေရာ မြို့သို့ အလည်အပတ် ခရီးထွက်သွား ခဲ့ကြသည်။ သားအမိ သားအဖ သုံးယောက်သာ ရှိသော အိမ်ကြီးမှာ သူ တစ်ယောက်တည်း ကျန်ရစ်ခဲ့ခြင်း ဖြစ်၏။ တစ်ပတ်ကျော် ကြာမည်မို့ သူ့အတွက် ဘာမျှ လိုလေသေး မရှိရအောင် ဇနီးက စီမံပေး သွားခဲ့သည်။ ယုတ်စွအဆုံး အလုပ်သွားလျှင် ဝတ်ဖို့ ဝတ်စုံ ငါးစုံကိုပင် ဗီရို အတွင်းမှာ နံပါတ်စဉ် အလိုက် ထပ်ပေး သွားခဲ့သည်။ ခြံစောင့်လည်းဟုတ် ဒရိုင်ဘာ ဆိုလျှင်လည်း မမှား။ လက်စွဲတော် ဟုလည်း ခေါ်နိုင်သော တပည့်ကျော် မောင်ကြည်ကိုလည်း အထပ်ထပ် အခါခါ မှာသွားခဲ့သေးသည်။ အိမ်နှင့်ခြံကို ဂရုစိုက်ဖို့။ သူ့အားလည်း သိပ်မသောက်စေဖို့။ အလွန်အကျွံ မဖြစ်ဖို့၊ အဓိက ကတော့ ဒါပဲဖြစ်၏။
မောင်ကြည်တို့ လင်မယားကလည်း တစ်ယောက်တည်း ကျန်ရစ်သည့် သူ့ကို အစွမ်းကုန် ဂရုစိုက်ကြပါ၏။ ဇနီးနှင့်သမီး မရှိသော်လည်း စာရေးသောက်ရေး၊ သွားရေးလာရေး အားလုံး အဆင်ပြေပြေပင်။ အဆင်ပြေနေသည့် ကြားက ကံဆိုးချင်တော့၊ ဖြစ်ချင်တော့၊ ဟာ ... ဘာပဲတွေးတွေး နောက်ဆုံးတော့ သည်ဘူတာပဲ ဆိုက်နေပါလား။
သူက ဖန်ခွက်ထဲသို့ ပုလင်းထဲမှ လက်ကျန် အရက်ကို မကုန်မချင်း လောင်းထည့် လိုက်၏။ သည်တစ်ခါတော့ ရေခဲတွေ၊ ဆိုဒါတွေ စိတ်ရှည် လက်ရှည်ပင် ရောစပ်လိုက်၏။ နောက်ဆုံးခွက် ကိုတော့ ဖြည်းဖြည်းချင်း သောက်ရမည်။ မောင်ကြည်က ဆရာ့လစ်မစ်ကို သိသူဖြစ်၏။ အရက်၊ ဆိုဒါ၊ ရေခဲ၊ အမြည်း အားလုံးကို အတိအကျ တိုင်းထွာ စီမံပေး သွားခဲ့သည်။
“ဒါကုန်ရင် အိပ်တော့နော် ဆရာ” ဟုလည်း အထပ်ထပ် အခါခါ မှာသည်။
“အေးပါကွာ” ဟု သူ ပြောလိုက်မှ နောက်ဖေး တန်းလျားသို့ စိတ်ချလက်ချ ပြန်သွားသည်။
အင်း ... အဲသည်ည ကလည်း သည်လိုပဲ “အေးပါကွာ” ဟု သူ ပြောခဲ့သေးသည်။ ပြီးတော့မှ ဟာ တွေးမိပြန်ပြီ။ မတွေးနဲ့ မတွေးနဲ့။
၊ အရက်တစ်ကျိုက် မော့လိုက်သည်။ အာလူးကြော် သုံးလေးဖတ်ကို ယူပြီး ဝါးစားသည်။ မျက်မှောင်က အလိုလို ကုပ်သွားပြန်သည်။ ဘာဆိုင်လဲ၊ တွေးရမှာပေါ့။ တွေကို တွေးရမှာပေါ့။ ပြဿနာ ဆိုတာ သည်လို ရှောင်လွှဲနေလို့ ရစကောင်းလား။ မြုံနေလို့ ရှင်းစတမ်း။ ပြီးတော့ ကိုယ့်မှာ ဘာအပြစ် ရှိတာ မှတ်လို့။ တွေး တွေး။ လိပ်ပြာ လုံလုံနဲ့ ရဲရဲတွေးလိုက်စမ်း။
သူ ဖန်ခွက်ကို လှုပ်ခတ်လျက် အရက်တစ်ကျိုက် ထပ်မော့လိုက်၏။ ဝက်အူတောင့်ကြော် တစ်ဖတ်ကို ခရမ်းချဉ်ရည်မှာ နှစ်ပြီး ပါးစပ်ထဲ သွင်းကာ မြုံ့နေလိုက်သည်။
အဲသည်ညက ခုလောက်တောင် ရေချိန် မကိုက်သေး။ သွေးကြောတွေ ပူနွေးရုံ၊ ခန္ဓာကိုယ် လှုပ်ရှားမှု သွက်လက်ရုံ အဆင့်လောက်မှာပဲ ရှိသေး၏။ အချိန်ကလည်း သိပ် ညဉ့်မနက်သေး။ မောင်ကြည်တို့ပင် အိပ်ကြသေးဟန် မတူ၊ ပြတင်းဝမှာ သူရပ်ပြီး ကြည့်လိုက်တော့ တန်းလျားဘက်မှာ မီးရောင် မြင်နေရသေးသည်။ ရေဒီယိုလိုင်း ရှာနေသည့် တဂျစ်ဂျစ် အသံကိုလည်း ကြားနေရသည်။
အဲသည့် အချိန်က သူသည် အရက် ဖန်ခွက်ကို ကိုင်လျက် ပြတင်းဝမှာ အဓိပ္ပါယ်မဲ့ ရပ်ဝေးနေချိန် ဖြစ်၏။ လရောင် မှုန်ရီဝိုးတဝါးမှာ မိုးဖွားကလေးများ ကျနေသည်ကို မြင်နေရ၏။ လျှပ်စီး လက်လိုက်လျှင်တော့ မြင်ကွင်းက ဝင်းခနဲ လက်ခနဲ ပြက်ပြက်ထင်ထင် ဖြစ်သွား၏။ တောင်ဘက်ဆီမှ မိုးခြိမ်းသံ သဲ့သဲ့ကိုလည်း ကြားနေရသည်။
သည်စဉ်ခိုက်မှာပဲ “သူခိုး ... သူခိုး” ဟု အော်ဟစ်လိုက်သည့် အသံ။
“လိုက် လိုက်ဟ” ဟူသော ညာသံများက မိုးခြိမ်းသံထက် ကျယ်လောင်စွာ သူ့နားထဲ ဝင်ရောက် လာခဲ့ခြင်း ဖြစ်၏။ ထိုအချိန်အထိ သူကတော့ အေးအေးဆေးဆေးပင်။ ခွက်ထဲက လက်ကျန်ကို အကုန်အစင် မော့ကာ ဖန်ခွက်ကို စားပွဲပေါ် ပြန်ထား။ မီးဖိုချောင် တံခါးမကြီးကို ဆွဲဖွင့်လျက် လမ်းမဘက်သို့ လှမ်းကြည့် နေခဲ့၏။
လမ်းမပေါ်မှာတော့ လူတွေ ရှုပ်ယှက်ခတ် ပြေးလွှား နေကြသည်။ တချို့က ပစ္စည်းတွေ တက်ခိုးတာတဲ့ဟု ပြေးရင်းလွှားရင်း ပြောသွားကြသည်။ တချို့က မိန်းကလေးတွေ ရှိတဲ့အိမ် တက်တာဟဲ့ဟု ပြောသွားကြ ပြန်သည်။ ခုတလော သူခိုးတွေ သောင်းကျန်း လွန်းလှသည်။ တလောကပင် သူ့ကားဂိုဒေါင် နားသို့ လူရိပ်ကပ်သည့် အကြောင်း မောင်ကြည်က ပြောခဲ့သေးသည်။ မိန်းမပျို ကလေးတွေ ရှိတဲ့အိမ် တက်တာ ဆိုလျှင်တော့ ပိုပြီး စက်ဆုပ်စရာ ကောင်းတာပေါ့။ သူတို့ခြံရှေ့က အုတ်ခုံပေါ်မှာ ညဉ့်နက်သန်းခေါင် ဂီတာ လာတီးနေသော ကောင်လေးတွေကိုပင် သမီးရှင် သူက မျက်မုန်းကျိုး နေခဲ့သည်။
လူအုပ်နှင့် ရောပြီး သူပါ ဒေါသ ထွက်ချင်ချင် ဖြစ်လာ၏။ ညာသံပေးပြီး လိုက်နေသော အသံများ၊ ပြေးပြီ ပြေးပြီဟူသော အသံများကိုလည်း ကြားနေရ ပြန်သည်။
“ပစ္စည်းတွေ ပါသွားတယ်၊ မိအောင် ဖမ်းပေးကြပါရှင်” ဟူသော မိန်းမကြီး တစ်ယောက်၏ ငိုသံတစ်ဝက် စွက်သည့် အသံကို ကြားလိုက်ရသည်။
သူ မီးဖိုချောင်ထဲက ထွက်လိုက်၏။ တံစက်မြိတ်ကို ဖြတ်လိုက်တော့ ကတ္တီပါ ကြိုးတပ် သားရေဖိနပ်က မိုးစိုမြေပျော့ထဲ ကျွံဝင်သွား၏။ မိုးရေကြောင့် မြေတောင် ပျော့နေပြီပဲ။ သားရေဖိနပ်ကို ချွတ်၊ တံခါးချောင်မှာ အသင့်ရှိနေသည့် ရာဘာလည်ရှည် ဘွတ်ဖိနပ် အမည်းကြီးကို ပြောင်းလဲ စီးလိုက်သည်။
သူ့ခြံထဲက ထွက်လိုက်တော့ မိုးက ခပ်ဖွဲဖွဲလေး ကျနေဆဲ ဖြစ်၏။ လူအုပ်နှင့်အတူ ရောပြီး ခပ်သွက်သွက်ကလေး လျှောက်လာခဲ့သည်။ တဖုန်းဖုန်း ခြေသံတွေ ကြားထဲမှာ သူ့ ဖိနပ်သံက တဂွပ်ဂွပ် မြည်နေ၏။
“မိပြီ၊ မိပြီ” ဟု အသံကြားရသည့် ဘက်သို့ ပြေးလွှား သွားနေ ကြသည်။ သူလည်း ရောယောင် ပါသွား၏။
ဟော တွေ့ပြီ။ နည်းနည်း မှောင်ရိပ်ကျသည့် နေရာမှာ လူတွေ ဝိုင်းအုံ နေကြ၏။ ချကွာ၊ ဆော်ကွာဟူသော အသံတွေကြားတော့ သူလည်း ရောပြီး သွေးဆူလာ၏။
“ကျွန်တော် သူခိုး မဟုတ်ဘူးဗျ” ဟု ပြန်အော်ကာ တွန်းထိုး ခုခံနေသော သူခိုးကို မြင်လိုက်ရသည်။ လူအုပ်ထဲကို သူ တိုးဝင်လိုက်တော့ သူခိုးကို သုံးလေးယောက်က ချုပ်ထား၏။ တချို့က မေး၊ တချို့က ထိုး၊ တချို့က ကန်ကျောက်နှင့် ရှုပ်ရှက်ခတ် နေသည်။ ဘေးမှာ အထုပ်တစ်ထုပ် ကိုလည်း တွေ့ရ၏။ ခိုးရာပါပစ္စည်း ဖြစ်ပုံရသည်။
သေသေချာချာ ကြည့်လိုက်တော့ သူခိုးက လူဗလံလေးသာ ဖြစ်၏။ အင်္ကျီဖြူညစ်ညစ် အပေါ်မှာ သွေးစတချို့ ပေကျန် စွန်းထင်းနေသည်။ အင်္ကျီဖြူ ဝတ်တဲ့သူခိုး ဆိုတော့ ခပ်တုံးတုံးထဲက ဖြစ်ပုံရသည်။ လုံချည်ကတော့ အစိမ်းလား အနက်လား မကွဲပြား၊ ရွှံ့တွေ သွေးတွေနှင့် ညစ်ပေနေသည်။ ထိုစဉ် သူခိုးက တစ်ချက် ဆောင့်ရုန်းလိုက်ရာ ချုပ်ထားရာမှ လွတ်သွား၏။
“သတိထား သတိထား” ဟု ဝိုင်းအော် ကြသည်။ တစ်ယောက်က လက်မြန် ခြေမြန် ဗြောင်းခနဲ ဇက်ပိုးကို ဝင်အုပ်လိုက်ရာ သူ့ရှေ့ တည့်တည့်သို့ ဟပ်ထိုး ဟပ်ထိုးဖြင့် ရောက်လာ၏။
“အံမာ အာဂကောင် ပါလား” ဟု စိတ်ထဲက ရေရွတ်ရင်း သူက ခြေထောက်ဖြင့် လွှဲကန် ပစ်လိုက်သည်။
ကောင်လေး၏ ဦးခေါင်း နောက်သို့ လန်သွားကာ မြေပေါ်သို့ ခွေခွေကလေး လဲကျသွား၏။ ဒါတောင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အံကြိတ် နေလိုက်သေး။ ထိုစဉ် လျှပ်စီးတစ်ချက် ဝင်းခနဲ လက်သွားသည်။ မြတ်စွာဘုရား။ ကောင်လေးရဲ့ ပြူးကျယ်ဝိုင်းစက် အရောင် တလက်လက် ထွက်နေတဲ့ မျက်လုံးအစုံက သူ့ကို တည့်တည့်ကြီး စိုက်ကြည့် နေပါလား။ မျက်တောင်မျှပင် မခတ်။ လျှပ်ပြက်လိုက်သည့် တဒင်္ဂ အတွင်းမှာ နာကျင်ခြင်း၊ ထိတ်လန့်ခြင်း၊ နာကျည်းခြင်း၊ ဒေါသထွက်ခြင်း၊ အဓိပ္ပါယ်ပေါင်း များစွာရသည့် အကြည့်ဖြင့် သူ့ကို ကြည့်နေခြင်း ဖြစ်၏။ သူ့တစ်ကိုယ်လုံး ကြက်သီး မွေးညှင်းတို့ ထောင်ထသွား၏။ ဆံပင်များပင် မတ်ထောင် သွားသည်ဟု ခံစား လိုက်ရသည်။ သူ ချက်ချင်း မျက်နှာလွှဲကာ လူအုပ်ထဲမှာ မသိမသာ နောက်ဆုတ်လိုက်၏။
“မလုပ်ကြပါနဲ့၊ လက်လွန်ကုန်မယ်၊ ဥပဒေအရ လုပ်ကြပါ” ဟူသော သတိပေးသံများနှင့် အတူ လူတစ်စုဘရောက်လာ၏။ ရပ်ကွက် အတွင်းက တာဝန်ရှိ လူကြီးများ ဖြစ်ပုံရသည်။ လူအုပ်က များသထက် များလာ၏။ တချို့က မှောင်နေသဖြင့် လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့် နေကြသည်။ သူက လူကြားထဲမှ နေကာ မသိမသာ အကဲခတ် နေလိုက်၏။
ကောင်လေးကား မထနိုင်တော့။ မြေပေါ်မှာ ခွေခွေကလေး လဲနေဆဲ။ ဦးခေါင်းက နောက်သို့ လန်နေဆဲ။ မျက်လုံးတွေက ပြူးမြဲ ပြူးလျက်။ မျက်လုံးနှင့် နှာခေါင်းကြား ဟက်တက်ကွဲ ဒဏ်ရာမှ သွေးတွေ တဗွက်ဗွက် ထွက်နေကာ ပါးပြင်ပေါ်သို့ စီးကျနေ၏။ ထိုမှတစ်ဆင့် မြေပြင်မှာ သွေး အိုင်ထွန်း နေသည်။ သူ့ ခြေကန်ချက်က ကောင်လေး၏ မျက်နှာပေါ်သို့ ဒုတ်ခနဲ မိမိရရ ထိသွားသည်ကို ထိတ်လန့်တကြား သတိရ လိုက်သည်။ သူ့ခြေထောက်တွေက အလိုလို နောက်ဆုတ် မိလျက်သား ဖြစ်သွား၏။ ရင်ထဲမှာ နားထင်ထဲမှာ တဒိန်းဒိန်း သွေးတိုးနေသည်။ သူ့ဦးခေါင်းကြီး ရုတ်တရက် ကြီးမား လာသလို ခံစားလိုက်ရ၏။ ဘုရား ... ဘုရား၊ ဒါဟာ သူ တစ်ယောက်တည်းပဲ သိလိုက်တာ ဖြစ်ပါစေ။
သူ့ကိုယ်သူ သတိပြန်ကပ်သည့် အချိန်မှာတော့ ခြံဝင်းထဲ ပြန်ရောက်နေပြီ။ ခြံတံခါးပိတ်၊ မီးဖိုချောင် တံစက်မြိတ်အောက် အရောက်မှာ နောက်ဖေးမှ မောင်ကြည် ပြေးထွက်လာ၏။
“သူခိုးဖမ်းတာ ထင်တယ် ဆရာ” ဟု သူ့ကို လှမ်းပြောသည်။
“အေးကွာ၊ သူခိုးလို့ ကြားတာပဲ၊ ငါလဲ အမူးကို ပြေသွားတာပဲ” ဟု သူက အသံကိုထိန်းပြီး ဖြေလိုက်၏။ သူ့အသံ အနည်းငယ် တုန်ယင် နေသည်ကို မောင်ကြည် ဂရုပြုမိပုံ မပေါ်။ ခြံတံခါးပေါက်သို့ သွားကာ လမ်းပေါ်မှ လူများကို လှမ်းမေးနေ၏။ နောက် သူ့ကို နှုတ်ဆက်ပြီး နောက်ဖေး တန်းလျားသို့ ပြန်သွားလေ၏။ သူ ဟင်းခနဲ သက်ပြင်းချ လိုက်သည်။
ထိုစဉ်မှာပဲ မိုးက ဝေါခနဲ ရွာချ လာတော့၏။ သူက မီးဖိုချောင် တံခါးကို ဆွဲပိတ်ကာ ဂလန့်ချ လိုက်၏။ ဘွတ်ဖိနပ်ကြီးကို ဆွဲချွတ်လိုက်သည်။
“အလိုလေး၊ သွေးတွေပါလား”
လက်ထဲက ဖိနပ်ကို အကြောက်ကြောက် အလန့်လန့်ဖြင့် လွှတ်ချ လိုက်လေ၏။ ဟုတ်မှ ဟုတ်ရဲ့လား။ လမ်းပေါ်က လူးလာတဲ့ ကွမ်းသွေးတွေ များလား။ ဘယ်ဘက်က ဖိနပ်ကို မချွတ်နိုင်သေး။ ချွတ်ထားသည့် ညာဘက် ဖိနပ်ကို မုဆိုးဒူးထောက် ထိုင်ကာ သေသေချာချာ ကြည့်နေမိသည်။ လက်ညှိုးဖြင့် တို့ကြည့်တော့ လက်ချောင်းတွေက ကတုန်ကယင်။ ဖိနပ်ရဲ့ ထိပ်တည့်တည့်မှာ စေးကပ်ကပ် နီညိုညိုနှင့် ညှီစို့စို့ အနံ့ရသလိုလို။ သေချာပြီ။ ဒါဟာ ... ဒါဟာ ...ကောင်လေးရဲ့ သွေးတွေ နေမှာပဲ။
သူ မီးဖိုချောင် ပတ်ပတ်လည်ကို မျက်ကလူးဆံပြာ လျှောက်ကြည့် လိုက်၏။ ထိုင်ရာမှ ဝုန်းခနဲထ၊ ပွင့်နေသော မီးဖိုချောင် ပြတင်းတံခါးကို ပြေးပိတ်လိုက်၏။ ညာဘက်က ခြေဗလာ၊ ဘယ်ဘက်က ဘွတ်ဖိနပ်ကြီး တန်းလန်းနှင့် ထော့နင်းထော့နင်း ဖြစ်နေသည်။ သို့သော် ... ဒါကို ဂရုမစိုက်နိုင်အား။ သွေးစွန်းနေသည့် ဖိနပ်ကို အကြောက်ကြောက် အလန့်လန့် မလျက် ရေချိုးခန်းထဲ သယ်သွားရသည်။ ရေတိုင်ကီကို ဖွင့်၊ လက်နှစ်ဖက်ဖြင့် ပွတ်ဆေး နေမိတော့၏။ အို ... သွေးတွေက များလှ ပါတကား။ အနီဖျော့ဖျော့ သွေးတွေက ရေချိုးခန်း ကြမ်းပြင်ဝယ် အိုင်ထွန်း နေ၏။ နောက်တော့ အပေါ်ရေပန်းကို ဖွင့်ချကာ သူ့တစ်ကိုယ်လုံး ရေပန်းဖွား အောက်သို့ တိုးဝင်ဆေးကြော နေမိတော့၏။
ကျေနပ်လောက်ပြီ၊ စင်ကြယ်လောက်ပြီ ထင်မှ ရေချိုးခန်းထဲက ထွက်ခဲ့သည်။ ဖိနပ်ကို အဝတ်ဖြင့် အထပ်ထပ် အခါခါ သုတ်၊ နေရာတကျ ပြန်ထား၊ အဝတ်အစား လဲကာ စားပွဲမှာ ပြန်ထိုင်သည်။ ထိုညက သူ အရက်ကို ခါတိုင်းထက် ပိုပြီး သောက်မိခဲ့၏။ ဘယ်အချိန် မှောက်သွားလို့ ဘယ်လို အိပ်ပျော်သွားမှန်းပင် မသိတော့။
မနက် မောင်ကြည် တံခါးပုတ်ပြီး နှိုးတော့မှ သူ နိုးသည်။ ဖရိုဖရဲ ဖြစ်နေသော မီးဖိုချောင်၊ ညစ်ပတ် ပေရေနေသော သူ့ကိုကြည့်ပြီး မောင်ကြည် အံ့ဩနေသည်။ ဆရာ လစ်မစ်ကျော် သွားတယ် ထင်တယ်ဟု မရဲတရဲ မေးသည်။
“အေးကွာ၊ နည်းနည်းများ သွားတယ်” ဟု သူ အလိုက်သင့် ဖြေလိုက်သည်။
ခေါင်းက တစစ်စစ် အုံခဲနေ၏။ အာခေါင်တွေက ခြောက်နေသည်။ ရေတစ်ဖန်ခွက် အပြည့်သောက် လိုက်တော့ မူးရိပ်ရိပ် ဖြစ်လာပြန်သည်။
“ညက သူခိုးဆိုတဲ့ ကောင်လေးတော့ တစ်ယောက် တစ်ချက်နဲ့ ဆုံးသွားပြီတဲ့ ဆရာ”
သူ့ခန္ဓာကိုယ်ကြီး ဆတ်ခနဲ တွန့်သွား၏။ ပါးစပ်က အသံထွက်ပြီး မအော်လိုက်မိအောင် သတိထားလိုက် နိုင်၍သာ တော်တော့သည်။ ခေါင်းထဲက မူးနေ၊ အုံနေတာတွေ ချက်ချင်း ပျောက်သွား၏။ မောင်ကြည့်ရှေ့မှာ မအန်မိအောင် တံထွေးတွေ ဇွတ်အတင်း မျိုချနေရသည်။
“ကောင်လေးက သူခိုး မဟုတ်ဘူးတဲ့ ဆရာ၊ သူ့ ပထွေးအိမ် တက်ပြီး သူ့ပစ္စည်းသူ ယူတာတဲ့၊ သူ့အမေ သေတော့ သူ့ပထွေးနဲ့ ပထွေးရဲ့ နောက်မိန်းမက သူတို့ပစ္စည်းတွေကို အပိုင်စီးထားလို့ ဆိုပဲ”
“အဲဒါ ပထွေးက ရိုက်အထုတ် ပထွေးမိန်းမ ကလည်း သူခိုးလို့ အအော်မှာ အရပ်က ဘုမသိ ဘမသိနဲ့ ဆွမ်းကြီး ဝင်လောင်းတာကိုး”
သူ့နားထဲက မောင်ကြည့် အသံက လိုအပ်သည်ထက် ပိုပြီး ကျယ်လောင် နေသလို ရှိ၏။ မောင်ကြည့် မျက်နှာအလွှဲမှာ ဘွတ်ဖိနပ် မည်းမည်းကြီးကို မြင်လိုက်တော့ ခြေဖျား လက်ဖျားတွေ အေးစက်သွားသည်။
“ဆရာ နေမကောင်းဘူးလား၊ ၈ နာရီ ထိုးနေပြီ ပြင်တော့လေ ဆရာ”
“မောင်ကြည်ရေ၊ ခွင့်လို့သာ လှမ်းပြော လိုက်တော့ကွာ၊ ငါ ခေါင်းတွေ အရမ်းကိုက် နေတယ်”
သူ့မှာ ရှူထားသည့် လေကိုပင် ပြန်ထုတ်ဖို့ မေလျှော့ နေတော့၏။ မောင်ကြည် ထွက်သွားမှ ဟင်းခနဲ မှုတ်ထုတ်ဖြစ်သည်။ စားပွဲမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ ကြောင်အိမ်ဘက်သို့ မျက်စိက ရောက်သွားသည်။ မောနင်းပက် ထပ်ချလိုက်ရ ကောင်းမလား။ မဖြစ်သေးပါဘူး။ သိပ်ဣနြေ္ဒပျက် သွားလိမ့်မယ်။ သည်အချိန်မှာ သူ့အနေဖြင့် ဟန်ကိုယ်ဖို့ ဆိုသလို တတ်နိုင်သမျှ ဣနြေ္ဒ မပျက်အောင် နေရမည်။ ကိုယ်နှင့် မဆိုင်သလို ဖာသိဖာသာ နေရမည်။ ဒီကိစ္စကြီးကို ခေါင်းထဲမှာ အပြီးအပိုင် ထုတ်ပစ်ခဲ့လျှင် အကောင်းဆုံးပါပဲ။
ထိုနေ့က တစ်နေကုန် အိမ်တွင်းအောင်း နေခဲ့၏။ မောင်ကြည်တို့ လင်မယားကို နေမကောင်းဟု ပြောထားလိုက်သည်။ တကယ်လည်း ချမ်းသလိုလို၊ ဖျားချင် သလိုလိုနှင့် ရှိန်းတိန်းဖိန်းတိန်း ဖြစ်နေခဲ့သည်။ ကိုယ်လက် မအီမသာ ဖြစ်နေခဲ့သည်။ ထိုညကလည်း ခါတိုင်းထက် ပိုပြီး အရက်သောက်မိခဲ့ ပြန်သည်။
နောက်တစ်နေ့ လုပ်ငန်းခွင်မှာလည်း မရွှင်ပျ။ ငူငူငိုင်ငိုင် ဖြစ်နေသော သူ့ကိုကြည့်ကာ တပည့်တပန်းတွေက စိုးရိမ်စကား ဆိုကြသည်။ ဆေးခန်း သွားပြဖို့ ခွင့်ရက်ရှည် ယူဖို့ပင် အကြံပေးကြသည်။ သူ့ဦးခေါင်းကို ခါယမ်းကာ မသက်မသာ ပြုံးပြခဲ့ရ၏။ ဒါဟာ ဆေးကုလို့ရတဲ့ ရောဂါ မဟုတ်ဘူး ဆိုတာ သူတို့ မသိကြပါလား။
ညနေခင်း အိမ်ပြန်ရောက်တော့ မောင်ကြည်ကပင် သတင်းပေး ပြန်လေ၏။ သူ့အဖို့တော့ အမင်္ဂလာ သတင်းတည်း။ ကောင်လေး သေဆုံးသည် ကိစ္စနှင့် ပတ်သက်ပြီး သူ့ပထွေး၊ ပထွေးမိန်းမ၊ တာဝန်မကင်းဟု ထင်ရသူတွေ၊ မျက်မြင်သက်သေ တွေကို သက်ဆိုင်ရာက စစ်ဆေးမေးမြန်း နေပြီတဲ့။
သူ ခေါင်းနပန်း ကြီးသွားသည်။ သူ့ကိုတော့ ဘယ်သူမျှ လာမမေးကြသေး။ ရပ်ကွက်ထဲမှာ သီးခြားနေလေ့ ရှိသူမို့ မထင်ကြလို့လား။ ဘယ်သူမျှ မမြင်လိုက်ကြလို့ပဲ ဖြစ်မည်။ ခပ်မှောင်မှောင် ဖြစ်နေချိန် ရုတ်ရုတ် ဖြစ်နေချိန်မှာ ဘယ်သူက သူ့ကို အာရုံထား နေနိုင်မှာလဲ၊ ဂရုစိုက် နေနိုင်မှာလဲ၊ လူကြီးတွေ ရောက်လာချိန်မှာတော့ သူကခြံထဲ ပြန်ရောက်နေပြီ။ သူ့တပည့်ကျော် မောင်ကြည် ကိုယ်တိုင်ပင် ယုံကြည်ထားသည် မဟုတ်ပါလား။ သူ့ခေါင်းထဲ အနည်းငယ် ပေါ့ပါးသွားသလို ရှိ၏။
သည်ကနေ့ ညနေတော့ ညစာ မစားတော့ဟု မောင်ကြည်ကို သူပြော လိုက်သည်။ သည်နေ့ ညစာတင် မဟုတ်ပါလား။ အဲဟိုနေ့ ညကတည်းက ထမင်းမစားနိုင် ဖြစ်ခဲ့တာပါ။ ညတိုင်း အရက်ချည်း သောက်ဖြစ် နေခဲ့သည်။ သည်ညလည်း ကောင်းကောင်းလေး စီစဉ်ပေးဖို့ မောင်ကြည့်ကို တာဝန်ပေး လိုက်သည်။ မောင်ကြည်က သိပ်လိုက်လျောချင်ပုံ မရ။ သို့သော် ဆရာ ဆိုတော့လည်း မငြင်းသာ။ အာလူးကြော်၊ ဝက်အူတောင့်ကြော်၊ ကြက်ဥကြော်၊ နာနတ်သီးတုံး ကလေးများဖြင့် ဖွယ်ဖွယ်ရာရာ ပြင်ဆင်ပေး သွားခဲ့သည်။ အိမ်တံခါး ခြံတံခါးတွေ လိုက်ပိတ်။
“ည မိုးသက်လေ ကျလိမ့်မယ် ထင်တယ် ဆရာ” ဟု သတိပေး သွားသေးသည်။
“ဟိုညကလို အလွန်အကျွံတော့ မလုပ်လိုက်ပါနဲ့ဦး ဆရာရယ်။ မမကြီးတို့လဲ ပြန်လာကာ နီးပြီ” ဟု မိကျောင်းမင်း ရေခင်းပြ နေသေးသည်။
“အေးပါကွာ” ဟု သူ ပြောလိုက်မှ စိတ်ချလက်ချ ပြန်သွားသည်။
ဒိုင်းခနဲ တံခါးနှစ်ချပ် စုံပိတ်လိုက်သည့် အသံက ထပ်ပြီး မြည်လာ ပြန်၏။ ဪ ... ခုနက ပြတင်းတံခါးကို ချိတ်၊ ချိတ်ဖို့ သူ ထလိုက်တာပဲ။ ဇီးကွက်ရုပ်ကြောင့် အတွေးနယ်ကျွံကာ မေ့လျော့ သွားခဲ့သည်။ ပြတင်းတံခါးကို ဂလန့်ချ ပိတ်ပစ်လိုက်တာပဲ ကောင်းပါတယ်လေ။
သူ ဖန်ခွက်ထဲက နောက်ဆုံး လက်ကျန်ကို တစ်ကျိုက်တည်း အကုန် မော့သောက်ပစ် လိုက်၏။ စားပွဲက အထမှာ ကုလားထိုင်က ဝုန်းခနဲ နောက်ပြန် လဲကျသွားသည်။ ကုလားထိုင်ကို ခြေဖြင့်ခတ်ပြီး တွန်းဖယ်ကာ ကြောင်အိမ် ရှိရာသို့ အလျင်လျှောက် သွားလိုက်၏။ ဇီးကွက်ရုပ်ရဲ့ မျက်ဝန်းထဲမှာ စိုက်ဝင်နေတဲ့ ခက်ရင်းကို ဆွဲနှုတ်ရဦးမည်။ ဇီးကွက်ရုပ်ကို သေသေချာချာ မကြည့်မိအောင် သတိထားလျက် ခက်ရင်းကို ဆွဲနှုတ်လိုက်သည်။ ဖြစ်ချင်တော့ ခက်ရင်း လက်ကိုင်ရိုးက ကြောင်အိမ်နှင့် တိုက်မိပြီး ပြုတ်ထွက် ကျသွား၏။ ဇီးကွက်မျက်လုံး နေရာက သစ်သားစတွေပါ ပဲ့ထွက် ပါသွားတော့၏။ ဇီးကွက် မျက်စိတစ်ဖက် ပျက်သွားပြီ။ အရာရာ အဆင်မပြေ ပါလား။
သူက ဒေါသ ထွက်ထွက်ဖြင့် ဇီးကွက်ရုပ်ကြီးကို လက်ပြန် လွှင့်ပေါက် ပစ်လိုက်၏။ ဇီးကွက်ရုပ်ကြီးက စားပွဲပေါ်မှတဆင့် တံခါးချောင်ဘက်ကို တဒုန်းဒုန်း လိမ့်ဆင်းသွားသည်။
သူ ပြတင်းပေါက် ဘက်သို့ ဒယီးဒယိုင်ဖြင့် လျှောက်သွားလိုက်၏။ ပြတင်းတံခါးကို လှပ်ကြည့်လိုက်တော့ အပြင်ဘက်မှာ မိုးသက်မုန်တိုင်း ကျနေပြီ။ မောင်ကြည်တို့ တန်းလျားဘက်မှာလည်း မီးမှိတ် တိတ်ဆိတ်နေပြီ။ လျှပ်စီးတွေက ဝင်းခနဲ လက်ခနဲ။ တိမ်မည်းတွေက အုပ်လိုက်ပြေးလာ နေကြသည်။ မိုးထစ်ချုန်းသံတွေ ကလည်း ပိုပိုပြီး ကျယ်လောင် မြည်ဟည်း လာ၏။
ထိုစဉ် ... နောက်ကျောဘက်ဆီမှ “ဒုတ်” ဟူသော အသံတစ်ခု သူ့နားထဲမှာ အသေအချာကို ကြားလိုက်ရ၏။ သူ ချာခနဲ နောက်လှည့် ကြည့်လိုက်သည်။ အလိုလေး ...။
သူ့မျက်စိနဲ့ကို တတ်အပ် မြင်လိုက် ရတာပါပဲ။ တံခါးချောင်မှာ ထောင်ထားသည့် သူ့ရဲ့ မိုးစီးဘွတ်ဖိနပ်ကြီးက ဇီးကွက်ရုပ်ကြီးကို သူ့ဘက်သို့ ကန်ထုတ် လိုက်တာပါလား။ ဇီးကွက်ရုပ်ကြီးက တစ်လိမ့် နှစ်လိမ့်မျှ လိမ့်လာပြီး သူနှင့် တစ်လံကွာလောက်မှာ ရပ်တန့်ငြိမ်သက် သွား၏။ သူ ငုံ့ကြည့်လိုက်တော့ မျက်စိတစ်ဖက်ပေါက်ကြီးနှင့် သူ့ကို မော့ကြည့်နေသည်။
သူ ထိတ်လန့်တကြား နောက်ဆုတ်လိုက်၏။ ပြတင်းပေါက် ဘောင်နှင့် ကျောကပ်မိတော့မှ ရပ်တန့်သွားသည်။ ဒူးတွေက တဆတ်ဆတ် တုန်နေသည်။ မောင်ကြည်တို့ကို အော်ခေါ်လိုက်ရ ကောင်းမလား။ တံတွေး မျိုချဖို့ ကြိုးစားသော်လည်း တံထွေးက မထွက်။ လည်ချောင်းထဲမှာ တစ်ဆို့ ပူလောင်နေ၏။ သူ့ရင်ဘတ်က ဖားဖိုကြီးလို ပိန်လိုက်ဖောင်းလိုက် ဖြစ်နေသည်။
ရင်တွေ တဒိန်းဒိန်း ခုန်နေသည့် ကြားက မိုးစီးဖိနပ်ကြီးကို လှမ်းကြည့် လိုက်မိသည်။ ဟာ ... သွေးတွေပါလား။
ညာဘက် မိုးစီးဖိနပ်ကြီးမှာ သွေးတွေ နီရဲရွှဲစိုလျက်။ မီးဖိုချောင် ကြမ်းပြင်ပေါ်သို့ တစ်စက်တစ်စက် ကျနေသည်။ ပြီးတော့ ဖိနပ်မည်းကြီးက ဇီးကွက်ရုပ်ကြီးဆီသို့ တရွေ့ရွေ့ ချဉ်းကပ် လာနေသည်။ ဇီးကွက်ရုပ်ကြီး ကလည်း မျက်စိတစ်ဖက်ပေါက်ကြီးဖြင့် သူ့ကို မော့ကြည့်နေပြီ။
“အား ...”
သူသည် အာခေါင်ကို ခြစ်လျက် ငယ်သံပါအောင် အော်လိုက်၏။ ပွင့်နေသော ပြတင်းပေါက်မှ အပြင်ဘက်သို့ ခုန်ချ ထွက်ပြေးရန် နောက်ကို ချာခနဲ လှည့်လိုက်သည်။ ထိုစဉ် ... ကောင်းကင်မှ စူးရှ ဝင်းလက်သော အလင်းတန်း တစ်ခုသည် သူ့မျက်နှာပေါ်သို့ တည့်တည့်ကြီး ထိုးစိုက် ကျလာ၏။ တစ်ပြိုင်နက် ဆိုသလို ကျယ်လောင် မြည်ဟည်းသည့် မိုးထစ်ချုန်းသံ ကြီးကို သူ နောက်ဆုံး ကြားလိုက်ရလေသည်။
⬛
ဂျိုဇော်
ရနံ့သစ်၊ စက်တင်ဘာ၊ ၁၉၉၀
(အလင်းအမှောင်နှောင်ကြိုးနှင့် အခြားဝတ္ထုတိုများ (ဥက္ကာပျံစာပေ၊ ၁၉၉၅၊ မတ်))
(စာမျက်မှာ ၈၁-၉၅)
#မြန်မာဝတ္ထုတိုများ မှ
ခင်မင်မှုများစွာဖြင့် ပေးတဲ့ လက်ဆောင်...
Comments