ဆူဆူညံညံ အသံများကြောင့် အိပ်ပျော်နေရာမှ နိုးရသည်။ ပတ်၀န်းကျင်မှာ မှောင်အတိ ရှိနေဆဲ။ အရုဏ်ဦး၏ ရှေ့ပြေး အလင်းရောင်လေးပင် မလာသေး ။ နံနက်လေးနာရီခန့်သာ ရှိဦးမည်။ မြစ်ကြီးနားဆောင်းသည် အေးလွန်းလှ၏ ။ အိပ်ရာထဲမှနွေးထွေးစွာ အိပ်ပျော်နေဖို့ကောင်းသော အချိန်ဖြစ်သည်။ သို့သော် လမ်းဘက်ဆီမှ နိုးနိုးကြားကြားဖြစ်နေသော အသံများ အဆက်မပြတ် ထွက်ပေးနေသည်။ လူကြီးသံ မဟုတ်။ ငယ်သူတို့၏ အသံများ ဖြစ်၏ ။ ရယ်သံ ၊ ခေါ်သံ ၊လှမ်းအော်ပြောသံနှင့်အတူ ပြေးလွှားနေသော ခြေသံများ ၊ အနီးမှ အသံများ ၊ တောင်ဘက်ဆီသို့ တဖြည်းဖြည်း ဝေးဝေးသွားသည်။ မြောက်ဘက်ဝေးဝေးမှ အသံများက တဖြည်းဖြည်း နီး၍ လာပြန်ပြီ။ ပြီးတော့ အိမ်အနီးမှ ဖြတ်ကျော်သွားကြသည်။ တစ်သုတ်ပြီးတသုတ် အသံများ အသစ်သစ်ထွက်ပေါ်လာနေ၏ ၊ မီနီမာရသွန်အတွက် အပြေးလေ့ကျင့်နေကြသော ကလေးများ၏ အသံဖြစ်ပါသည်။ သူတို့၏ အသံများက တက်ကြွလန်းဆန်းနေသည်။ အေးသည် ချမ်းသည်က သူတို့ကို ဟန့်တားနိုင်ခြင်းမရှိ။ နံနက်တိုင်းကြားနေရသော အသံဖြစ်သည်။ သူတို့၏ ပျော်ရွှင်တက်ကြွမှုကို သဘောကျသည်။ သို့သော် ကျွန်တော်ကတော့ အိပ်ရာထက်မှာ စောင်ထူထူခြုံလျက် ပြန် အိပ်ပျော်သွားသည်။ * * * ယနေ့ မာရသွန်ပြိုင်ပွဲနေ့ဖြစ်သည်။ ...
https://t.me/TheBookR