ရေးနော ဘောပင်လေးတွေနဲ့ စာရေးဖူးကြလား။ စာရေးရတဲ့ လက်ကိုင်နေရာမှာ အပြာရောင်အကြည်လေးနဲ့ နောက်ဘက်မှာက အဖြူရောင် ဘောပင်လေးလေ။ အခုချိန်မှာ အင်္ဂလိပ်လိုစာလုံးပေါင်းလည်း ကျွန်တော်မမှတ်မိတော့သလို အသံထွက်ကလည်း ရေးနော ဟုတ်ချင်မှဟုတ်မယ်။ ကျွန်တော်တို့ကတော့ အဲ့ဒီဘောပင်လေးတွေကို ကျောင်းသားဘဝတောက်လျှောက် ရေးနောဘောပင်လို့ ခေါ်ခဲ့တာပါပဲ။ ရေးနော ဘောပင်လေးတွေမှာ မှင်ချောင်းအချွန်နဲ့ အတုံးနှစ်မျိုးရှိပါတယ်။ ကျောင်းသားတွေကတော့ မှင်ချောင်းအချွန်ကို ကြိုက်ကြတာများပါတယ်။ လက်ရေးလှတာကိုး။ ကျွန်တော့်မှာ အဲ့ဒီ ရေးနောဘောပင်နဲ့ပတ်သက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိခဲ့ဖူးတယ်။ အခုအချိန်အထိ အဲ့ဒီဇာတ်လမ်းဟာ လွမ်းစရာလား၊ နာကြင်စရာလား၊ ရယ်စရာလားတောင် မခွဲတတ်တော့ပါဘူး။ ဇာတ်လမ်းက ဒီလို။ ကျွန်တော်တို့ခေတ်က အဝေးသင်ခေတ်။ အထူးသဖြင့် ပဲခူးလို နယ်မြို့လေးမှာ ဆယ်တန်းအောင်ပြီး Day တက်တယ်ဆိုတာ ငွေကြေးအဆင်ပြေတဲ့ သားသမီးတွေအလုပ်ပါ။ ဒါတောင် တချို့သူဌေးသားသမီးတွေက အဝေးသင်ပဲတက်ကြတာ။ အချိန်ကုန်သက်သာတယ်။ တခြားအလုပ်လုပ်လို့ရတယ်။ ကျွန်တော်က ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့လုပ်နေချိန်မှာပဲ အလုပ်ထွက်လုပ်ရတယ်။ အသက် ၁၆ နှစ်ကျော်ဝန်းကျင်ပေါ့။...