Skip to main content

ကျွန်တော်နှင့် စကေဘာဖင်ကြီး

ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် ရန်ကုန်မှာနည်းနည်းအနေကြာလာပြီး အပေါင်းအသင်းကလဲ စုံလာခဲ့ပါပြီ ။

မခိုင်ကရဲ့ ပတ်စ်ပို့ ပွဲစားအလုပ်က သိပ်အလုပ်မဖြစ်တော့တဲ့အခါ ကျွန်တော်တို့သုံးယောက်ရဲ့ နေစရိတ် ၊ စားစရိတ်က တော်တော်ခက်ခဲလာခဲ့ပါတယ် ။

ဒါပေမယ့် ကျွန်တော့်တို့အခန်းမှာ မကြာခဏ လာစတည်းချတတ်တဲ့ စာကလေး ကျေးဇူးနဲ့ ကျွန်တော်တို့ သုံးယောက်ဟာ သုံးနိုင်ဖြုန်းနိုင်တဲ့ကာလတစ်ခုကို မကြာခင်ရောက်လာပါတော့တယ် ။

ကျွန်တော်တို့ဘော်ဒါထဲ
သွားအတုတစ်ချောင်းရှေ့မှာတပ်ထားတဲ့ ဖျာပုံသား စာကလေးဟာ ဖဲကို မာကင်ပေးရိုက်တဲ့နေရာမှာ ကျွမ်းကျင်တယ် ။

သူ့ဆီကနေ ဖဲမာကင် ပေးတဲ့ ပညာကို ကျွန်တော်ရယ် စိုးကျော်ရယ် ဆည်းပူးရတာပေါ့ဗျာ ။

စာကလေးက လုံး၀ မဖောက်ရသေးတဲ့ ပါကင်ဖဲထုတ်အသစ်ကို လက်ရာခြေရာမပြတ်ပါကင်မပြတ် မာကင်ပေးတာတို့ ၊ ဝိုင်းထဲမှာ ဆေးလိပ်မီးခိုးငွေ့နဲ့ မှုတ်ပြီး မာကင်ပေးတာတို့ ၊ ဇယ်တောက်တဲ့ ဘောစိမှုန့်လေးတွေ လက်မှာပွတ်ပြီး မာကင်ပေးတာတို့ အစုံတတ်တယ် ။

ကျွန်တော်တို့ကလဲ နဂိုကတည်းက အားနေ ရှမ်းကိုးမီးရိုက်နေတဲ့အခံကရှိတော့ သိပ်မသင်လိုက်ရပါဘူး တတ်သွားရော။

အသေးစိတ် မာကင်ပေးနည်းတွေတော့ မပြောတော့ပါဘူးဗျာ ။ စိုးကျော်ရော ကျွန်တော်ရော မာကင်ကျွမ်းသွားတယ်ပဲ ဆိုပါတော့ ။

ပထမဆုံး ကျွန်တော်တို့ လက်တည့်စမ်းတာခံရတာကတော့ ကိုကင်း ဆိုတဲ့ လူပဲ ။

အခုအချိန် ပြန်တွေးရင် ကိုကင်းကို ကျွန်တော် တော်တော်သနားတယ် ။ သူ့အကြောင်းသီးသန့်ရေးထားတာလည်း ရှိပါတယ်။

သူ့ခမျာ ကျွန်တော်တို့ကြောင့် ဘဝပျက်လုလုဖြစ်သွားရှာတယ် ။

သူက အောင်သပြေ ရဲဝန်းထဲက ရဲတပ်ဖွဲ့ပိုင် နွားခြံမှာ လုပ်တာ ။
နွားနို့တွေကို လူကြီးအိမ်တွေ လိုက်ပို့ပေးရတာ ။ တပ်ချုပ်ကြီးအိမ်တို့ ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး အိမ်တို့က အစ လိုက်ပို့ပေးရတာဆိုတော့ သူ့နွားနို့က စပါယ်ရှယ်ပေါ့ ။

သူက ရေလဲခိုင်တယ် ။ လောင်းကစားကလဲ လွှတ်ဝါသနာပါတာ ။
နာမည်ရင်းတော့ မသိဘူး ။ လူရွှင်တော် ကိုကင်းကောင်နဲ့ တူလို့ ကိုကင်းလို့ပေးထားတာ ။

ကျွန်တော်တို့ဟာ ဖဲမာကင်ပေးတဲ့ပညာကို တတ်ပြီဆိုတာနဲ့ ပထမဆုံးလက်တွေ့ဆင်းဖို့အတွက် ကိုကင်းကို ဖဲရိုက်ဖို့ မြူဆွယ်လိုက်ကြတယ်။

နှစ်ခါမခေါ်ရပါဘူး ။ ရောက်လာပါလေရော ။
ကျွန်တော်ရယ် စိုးကျော်ရယ် မခိုင်ရယ် တစ်အိမ်စီ ကိုကင်းက တစ်အိမ်ဆိုတော့ လေးအိမ်ပေါ့ ။
ဖဲထုတ်အသစ်ကို သူ့ရှေ့တင် ပါကင်ဖြည်ပြလိုက်တယ်။ အမှန်က အားလုံးမာကင်ပေးပြီးသားတွေ ။
တစ်နာရီတောင်မကြာဘူး ။ ကိုကင်းကြီး ရှိသမျှ ပြောင်ပါလေရော ။

နောက်ရက်တွေလည်း သူက မကြေပွဲ လာလာနွှဲသဗျ ။ နွှဲသမျှ လဲ ပြောင်တာပဲ ။
သုံးပတ်ဆက်တိုက်လဲ ကျွန်တော်တို့ အိမ်လာပြီး ဖဲရိုက်ပြီးရော ကိုကင်းကြီး အချုပ်ထဲ ရောက်ပါလေရော ။
ဖဲရိုက်လို့ ရောက်တာမဟုတ်ဘူး ။

ဖဲကရှုံး ၊ ငွေကလိုတော့ သူပို့တဲ့နွားနို့တွေကို အပြင်ခိုးရောင်းတယ် ။ လူကြီးအိမ်ပို့ရမယ့် နို့ထဲကို ရေတွေရောတယ် ။

နောက်တော့ နွားနို့ထဲ ရေတိုင်းတဲ့စက်ဆိုလား ဘာဆိုလား လူကြီးတစ်ယောက်အိမ်မှာရှိတယ်တဲ့ ။
သူက ရဲတပ်ဖွဲ့လူကြီးတွေဆီတိုင်လိုက်တာ ကိုကင်းတစ်ယောက် အချုပ်ထဲ ရောက်ပါလေရောဗျို့ ။

ကျွန်တော်တို့လဲ ကိုကင်းကို တော်တော်သနားသွားတယ် ။ နို့ ကိုယ့်ပရောဂမကင်းဘူးကိုဗျ ။

အဲ့ဒီကိုကင်း ဆိုတဲ့လူလဲ ကျွန်တော်တို့ ဒဏ်တော်တော်လေးခံရရှာပါတယ် ။

ဟိုးအရင်တုန်းက ကျွန်တော်တို့ ဆေးခြောက်ချရင်း ဂစ်တာတီးတဲ့အချိန် သူရောက်ရောက်လာတတ်တယ် ။
သူ့ကိုတစ်ဖွာနှစ်ဖွာပေးဖွာတော့ သူက ကြိုက်သွားပါလေရော ။

ကြိုက်သွားတာထက် ငါ မာရှီချနေပြီဆိုပြီး သူ့လုပ်ဖော်ကိုင်ဖက်တွေကို ကြွားချင်တာက များနေတာ ။
ကျွန်တော်တို့ ဆီက မာရှီ ရရင် ဝယ်ချင်တယ်လို့ သူက ပြောလာတယ် ။

အဲ့ဒီတော့ ကျွန်တော်တို့က ဆေးပေါ့လိပ်ထဲမှာ ကွမ်းယာထဲထည့်စားတဲ့ စင်ဂနယ်အမှုန့်တွေ ရောထည့်ပြီး မာရှီအတိုင် ဆိုပြီး သူ့ကို လိမ်ရောင်းတာ ။

ဟီး သူကတော့ အား အတိုင်လေးက မွှေးနေတာပဲဆိုပြီး တစ်နေ့နှစ်တိုင်နှုန်းလောက် လာလာအားပေးလေရဲ့ ။

ကိုကင်း ပြသနာတက်ပြီးတော့ ကျွန်တော်တို့ တော်တော်နောင်တရသွားတယ် ။

ဖဲကို ရပ်ကွက်ထဲမှာ မရိုက်တော့ပဲ စိုးကျော်နဲ့ ကျွန်တော် လူငယ်ကြိတ်ဝိုင်းတွေထဲ ဝင်တိုးတော့တာပဲ ။

တစ်ခါတစ်ခါ ဒီကောင်နဲ့ ကျွန်တော် တစ်ယောက်နဲ့တစ်ယောက်မသိသလို မှင်သေသေနဲ့ ဝင်ရိုက်ရတယ် ။
အဲ့ဒီအချိန်မှာ စိုးကျော်က ကုလားဖန်နဲ့ ဖဲဆင်တာကိုပါ ကျွမ်းနေပြီ ။

မာကင်ပေးဖို့အဆင်မပြေရင် နှစ်ယောက်သား ခွအိမ်ထိုင်ပြီး ဖဲဆင်ရိုက်ရတာပေါ့ ။

ထားပါတော့ ။ ဒီသိုင်းပညာတွေက မျှဝေလို့ကောင်းတဲ့အရာတွေမဟုတ်ဘူး။

အဲ့ဒီလိုနဲ့ ကျွန်တော်တို့ သုံးယောက်ရဲ့ အဆောင်လခနဲ့ စားဝတ်နေရေးအတွက် စိုးကျော်နဲ့ ကျွန်တော် ဖဲ လိုက်လိမ်ရိုက်ကြတာပေါ့ ။

ဖဲဝိုင်းပြီးတာနဲ့ ကျွန်တော်တို့ နှစ်ကောင် စုရပ်က သမိုင်းမှာ ညလုံးပေါက်ဖွင့်တဲ့ ဦးရေခဲ မုန့်ဟင်းခါးဆိုင်ပဲ ။
တစ်ရက်တော့ ဂွတ္တလစ်ဈေးကွေ့က အိမ်တစ်လုံးမှာ ရှမ်းကိုးမီး ဝိုင်းကြီးကို သွားချဲကြတယ် ။

ဝိုင်းထဲက လူတွေမှာ အလုပ်သမားမပါပေမယ့်လည်း အကုန်လုံးနီးပါး ဝါသနာရှင်ကျွမ်းကျင်အဆင့်တွေပါ ။

(အလုပ်သမားဆိုတာ ဖဲဆင်ဖဲလိမ်လုပ်စားသမားတွေကို ဖဲစကားနဲ့ခေါ်တာပါ)

ကံကောင်းချင်တော့ စိုးကျော်ဆီက အသင့်ပါလာတဲ့ ဖဲထုတ်အသစ်ကို သုံးတယ် ။
အိုခေပေါ့ ။

စိုးကျော်နဲ့ ကျွန်တော်က အပြင်မှာ လုံး၀ မသိတဲ့ သူစိမ်းတွေလိုမျိုး ဘေးချင်းတစ်အိမ်စီ ကပ်ထိုင်တယ် ။

မာကင်ကလဲပါ..ဖဲကလဲစီး နဲ့ တစ်ဖြည်းဖြည်း ကျွန်တော်တို့ အနိုင်က သိသာလာတယ် ။

မှတ်မိသေးတယ် အဲ့ဒါကို ဘေးက ဝင်ထိုးနေတဲ့ ကိုစိုင်းဆိုတဲ့လူတစ်ယောက်က သတိထားမိလာတယ်ထင်တယ် ။

စိုးကျော် ဘန့်တစ်ခါပေါက်ပြီးမှာ သူက ဖဲထုတ်လဲဖို့ စပြောတယ် ။
ပြီးတော့ ကျွန်တော့်ကိုလဲ ဖဲမကိုင်ဖို့ ပြောလာပြန်တယ် ။
ပြသနာက ကျွန်တော်တို့ နှစ်ယောက်ကို သူတို့ မသင်္ကာတော့ဘူးဆိုတဲ့သဘော ။

ဖဲထုတ်လဲလိုက်တော့ အဆင်မပြေတော့ဘူး ။

ကိုယ်တွေကိုလဲ စောင့်ကြည့်နေပြီဆိုတဲ့ စိတ်နဲ့ ရိုက်ရတာက မဖြောင့်တော့ဘူး ။

တတိတိ နိုင်ထားတာလေးတွေ ပြန်ပါနေပြီ ။

အဲ့ဒီတော့ စိုးကျော်နဲ့ ကျွန်တော် လုပ်နေကျ ဇာတ်ကို ချိုးတယ် ။

ကိုးဖဲတစ်ချပ်ကို ကျွန်တော်က ထိပ်ကို အသာလေးဖြဲပေးလိုက်တယ် ။

ကျွန်တော့် ဒိုင်အလှည်မှာ စိုးကျော်အိမ်ကို အဲ့ဒီဖဲ အလာကို စောင့်တယ် ။
ပြီးတော့ အဲ့ဒီဖဲအကျမှာ စိုးကျော်က ပိုက်ဆံကို ထပ်တင်ထိုးတယ် ။

ကျွန်တော်က လက္မခံဘူး ။ မင်း မာကင်ပေးထားတယ်ဆိုပြီး အဲ့ဒီဖဲကို လှန်ပြတယ် ။ ဖြဲရာကိုပြတယ် ။
အဲ့ဒီမှာ နှစ်ကောင်သား စကားတွေထများချင်ယောင်ဆောင်တယ် ။

နဂိုအိမ်ခံ ဖဲသမားတွေ ကြောင်ကုန်တယ် ။ 
စိုးကျော်က ကျွန်တော့်ကို ထထိုးတယ် ။
လူတွေက ဝိုင်းဆွဲတယ် ။

ကျွန်တော်က ဆဲဆိုပြီး ဝိုင်းထဲက ထွက်လာလိုက်တယ် ။ စိုးကျော်ကျန်ခဲ့တယ် ။

ကိစ္စမရှိတော့ဘူး ကျွန်တော့်ထဲမှာ အနိုင်တော်တော်များများပါလာပြီ ။

ပြသနာဖြစ်တယ်ဆိုပြီး ဝိုင်းကလဲ အနှေးအမြန်သိမ်းမှာပဲ ။
ဒီတော့ စိုးကျော်နဲ့ ကျွန်တော် ရှစ်မိုင်က အဆောင်မှာ ပြန်ဆုံကြမယ်ပေါ့။

ကျွန်တော်လဲ ပိုက်ဆံတွေသေချာရေပြီး ဂွတ္တလစ်မှတ်တိုင်မှာ ကားစောင့်နေလိုက်တယ် ။

ရှစ်မိုင်ဘက်ကို အဲ့ဒီတုန်းက ၁၆၈ ဒိုင်နာတွေဖြတ်တယ် ။
ညကလဲ ရှစ်နာရီခွဲကျော်ပြီ ဆိုတော့ ကားက ရှားတာပေါ့ ။
ခဏကြာတော့ ကျွန်တော့်ဘေးကို လူတစ်ယောက် ကပ်လာတယ် ။

“ညီလေး..ဒီအချိန် လှိုင်သာယာကို ကားတွေရှိသေးလား”

“ဟုတ်အကို ၁၆၈ တွေတော့ လာတတ်တယ် ။ ကျွန်တော်လဲ အဲ့ဒီကားစောင့်နေတာ”

လူပုံစံက ပုကွကွ ဆံပင်ကောက်ကောက်နဲ့ အသားမဲမဲ ။
ငါးမိနစ်လောက်နေတော့ အဲ့ဒီလူက စကားပြန်စပြန်တယ် ။
“ညီလေး..မင်းအရက်သောက်တတ်လား”

“ဟုတ်ကဲ့..ဘာလို့လဲဗျ”

“မင်းက ဂွတ္တလစ်သားလား”

“မဟုတ်ဘူးအကို သူငယ်ချင်းအိမ်လာတာ ကျွန်တော်က မရမ်းကုန်းမှာနေတာ”

“အေးကွာ..ငါ့ညီလေးက ခင်ဖို့ကောင်းသားပဲ..အကို ငါ့ညီကို အရက်တိုက်ချင်တယ်”

ကျွန်တော် နည်းနည်းသတိထားရမယ့်အခြေအနေပါ ။ ခုန ဖဲဝိုင်းက ဒတ်သွားတဲ့ကောင်တွေများ လိုက်လာသလားပေါ့ ။

“ရတယ်အကို ကျွန်တော် မိုးချုပ်နေပြီ”

“လာပါကွ..မင်းကလဲ အကို ဒီနေ့ ချဲပေါက်တယ်ကွ..ငါးရာဖိုး..အဲ့ဒါအရမ်းပျော်နေတာ..ပျော်လွန်းလို့ လှိုင်သာယာက တက်ပြီး ဂွတ္တလစ်က သူငယ်ချင်းဟောင်းတွေကို အရက်လာတိုက်တာ..မွန်မလေးဆိုင်မှာလေ..လာ ကွာ အဲ့ဒီဆိုင်ပြန်သွားရအောင်”

မွန်မလေးဆိုင်ကို ကျွန်တော်သိပါတယ် ။ ခုန ကျွန်တော်တို့ ဖဲလိမ်ရိုက်ခဲ့တဲ့ တစ်ချို့ကောင်တွေ စတည်းချတဲ့နေရာ။

“နေပါစေ အကိုကြီးကျေးဇူးပါ…ညီလေး ပြန်ရမှာမို့”

“အကိုက ခင်လို့ပါကွာ…ဒါနဲ့ မင်း ငါ့နာမည်သိလား..”
“ဗျာ မသိဘူးအကို..”

“အေးလေ မင်းက ဂွတ္တလစ်သားမဟုတ်တော့ ဘယ်သိမလဲ..ဟေ့ရောင် ဂွတ္တလစ်မှာ ဖင်ကြီး ဆိုမသိတဲ့သူမရှိဘူးကွ..မင်းသိလား”

နည်းနည်းတော့ ပွဲက ကြမ်းလာပါပြီ ။
အမှန် အဲ့ဒီအချိန်က ဂွတ္တလစ်မှာ နာမည်ကြီးတာ လူကြီးထဲကဆို ဂွတ္တလစ်မြရွှေတို့၊ ကိုတင်လှတို့၊ လူငယ်ထဲကဆို ဓာတ်ဆီ ဓာတ်ဆံတို့ ခေါင်းကြီး ခေါင်းလေးတို့ လူမိုက်ညီအကိုတွေပါ ။

နောက် လူမိုက်နာမည်တွေမှာလည်း ကျော်ကြီးတို့၊ စိုးကြီးတို့ ဆို ဟုတ်တုတ်တုတ်။

ဖင်ကြီး ဆိုတာတော့ ကျွန်တော် လည်း တစ်ခါမှ မကြားဖူးပါဘူး ။
အင်း ဒီလူက လူမိုက်ဖြစ်တယ်ထားဦး။

 လူမိုက်နာမည်ကကြံကြံဖန်ဖန် ဖင်ကြီးတဲ့၊
.နာမည်နဲ့ တင် အတော်ကိတ်နေပြီဟ.လို့တွေးမိပြီး ကျွန်တော်စိတ်ထဲ ကြိတ်ရယ်မိသေးတယ်။

ဒါပေမယ့်လဲ….. 

“အာ ကိုဖင်ကြီးဆိုတာ အကိုလား သိတာပေါ့ဗျာ..ဈေးကွေ့ထိပ်မှာ နာမည်ကြီးပဲ”

အဲ့ဒီလိုမပြောလို့ မရတော့ပါဘူး ။ ဘာကြောင့်လဲဆိုတော့ သူက ကျွန်တော့် နားကပ်ပြီး နံကြားကို စကေဘာနဲ့ ထောက်ထားပြီးပါပြီ ။

“အေး..ဖင်ကြီး ဘယ်လို ဇ ရှိတယ် ဆိုတာ မင်းသိတယ်နော်..အဲ့ဒီတော့ မင်းငါနဲ့ အရက်လိုက်သောက်ပါ”

ကျွန်တော် တော်တော်လေး လန့်သွားတယ်။
မလန့်နေမလား။
လူက သူ့နာမည်ကြီးကြားရတာနဲ့တင် ကျွန်တော် တော်တော် စိတ်လေနေပါပြီဆိုမှ စကေဘာနဲ့ လာထောက်ထားသေးတာ။

ဘယ့်နှယ့် အရက်အတူသောက်ဖို့ခေါ်တာ စကေဘာထောက်ခေါ်တယ်ဆိုတာ ဘဝမှာ တစ်ခါမှ မကြုံဖူးပေါင်။
မတော်..ဒီဘဲ လက်ထဲက စကေဘာနဲ့ ဇိုးခနဲ ဇတ်ခနဲ မွှေသွားရင် ကိုယ်ပဲ ခွေသွားမှာ မဟုတ်လား။

ဒီတော့ အလိုက်အထိုက်ဆက်ဆံဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။

“ကဲ..ကိုဖင်ကြီး..ဒါဆိုလဲ သွားသောက်တာပေါ့ဗျာ..မွန်မလေးမှာလား”

“မဟုတ်တော့ဘူးညီလေး..မွန်မလေးကို မသွားတော့ဘူး.. ကိုဖင်ကြီး စိတ်ပြောင်းသွားပြီ ...ကိုဖင်ကြီးအိမ်လိုက်သောက်..ကိုဖင်ကြီးအိမ်မှာ ကိုဖင်ကြီးမိန်းမက ချဲပေါက်လို့ ကြက်သားဆီပြန်ချက်ထားတယ်..ကိုဖင်ကြီး နဲ့ သောက်ပြီး ကိုဖင်ကြီး နဲ့ပဲစား..ပြီးရင် ကိုဖင်ကြီး အိမ်မှာ အိပ်လိုက်”

“ထွီ..ဖင်ကြီးနဲ့စားရမတဲ့၊ဖင်ကြီးနဲ့ အိပ်ရမတဲ့” 

အဲ့ဒီလို စိတ်ထဲကပဲ ရေရွတ်ရဲတာပါဗျာ... တကယ် ။
စကေဘာကြီးက နံကြားကို ရှပ်ခနဲ ရှပ်ခနဲ လာလာထိနေတာ အသဲတွေယား ရင်တွေတုန်ပေါ့ ။

ဟိုကောင်စိုးကျော်က လဲ ဘာဇယားတွေ ငြိနေလဲ မသိဘူး ထွက္မလာသေးဘူး ။

ကျွန်တော့်မှာသာ ဖင်ကြီး အချွန်စာ မိမှာ ကြောက်နေရပြီ ။

“ကဲ..ညီလေးရာ မင်းကိုခင်လွန်းလို့ပါ….လာကွာ လိုင်းကားမစီးနဲ့တော့ တက္ကစီနဲ့ ကိုဖင်ကြီးအိမ်သွားကြမယ်.. ကိုဖင်ကြီးက ချဲပေါက်ထားတာကွ…ဟားဟား..ငါ့ညီလေးကို အိမ်မှာ အမူးတိုက္မယ်”

ပြောပြောဆိုဆိုနဲ တက္ကစီ တစ်စင်းကို တားတယ်။
ပြီးတော့ ကျွန်တော်နဲ့အတူ နှစ်ယောက်တွဲပြီး ကားနောက်ခန်းမှာထိုင်တယ် ။

ဖင်ကြီးဆိုတဲ့လူက တော်တော်မူးနေတဲ့ပုံပါပဲ ။ တကယ်ယှဉ်ချရင်တော့ နိုင်လောက်ပေမယ့် သူ့လက်ထဲက မျော က အချိန်မရွေးကိုယ့်ကို မာလကီးယားစေနိုင်တယ်လေ။

သူ့အိမ်ခေါ်သွားပြီး အရက်သောက်တာတော့ ဟုတ်ပါပြီ။ ဟိုရောက်ရင်ဘာတွေထပ်လုပ်မှာလည်း ဆက်တွေးမိတာနဲ့တင် ကြက်သီးတွေထလာတယ်။

နာမည်ကလည်း ဖင်ကြီးဆိုတော့..ဆာနေချက်ကြီးပဲ။

ကျွန်တော်ကံကောင်းတယ်ပဲ ဆိုရမလားမသိဘူး ။
ရှစ်မိုင်လမ်းဆုံက မြိုင်ဟေဝန်ပန်းခြံနားရောက်တော့ ကိုဖင်ကြီးက သေးပေါက်ချင်လို့ဆိုပြီး တက္ကစီကို ရပ်ခိုင်းတယ် ။

“ညီလေး..ကိုဖင်ကြီး အပေါ့သွားအုံးမယ်..ညီလေးရော သွားအုံးမလား..”

“ဟုတ် မသွားတော့ပါဘူးအကိုကြီး”

ဘဲက စကေဘာကို လက်ဖျံနဲ့အုပ်ကိုင်ပြီး ကားလော့ခ်ဖွင့်တဲ့အခါမှာ ကားဆရာက သတိထားမိပါစေလို့ ကျွန်တော့်မှာ ဆုတောင်းရတယ် ။

သူ ပန်းခြံရှေ့ ခြုံထဲ ဝင်သွားပါတယ်။

“ကားဆရာ..အဲ့လူ ဓါးပြဗျ ကျွန်တော့်စကေဘာနဲ့ထောက်ခေါ်လာတာ..မောင်းပြေးဗျာ မောင်းပြေး.”

“အာ ခင်ဗျားတို့ အတူတူလာကြတာမဟုတ်လား.. ကားခမရသေးဘူးဗျ..မကြပ်ကြပါနဲ့ဗျာ”

“ဟေ့လူ ခင်ဗျားကို ကားခပေးမှာမဟုတ်ဘူး… စကေဘာနဲ့ထောက်ပြီး ပြန်လုမှာ..မောင်းပါဗျာ မောင်းမောင်း..ကားခက ကျွန်တော်ပေးပါမယ်”

‘ကျုပ်က ရဲထွက်ဗျ….ဒီမှာ တုတ်ပါတယ်..မကြောက်ဘူး”

အရေးထဲ ကားဆရာသတ္တိခဲနဲ့ လာတွေ့နေတာ ။
ခဏကြာတော့ မစ္စတာဖင်ကြီးက ခြံထဲက အထွက် နောက်က ကားက မီးအထိုးမှာ စကေဘာက ဝင်းခနဲဖြစ်သွားတာတယ် ။

“တွေ့လား..ကားဆရာ မောင်းဟ..စကေဘာကြီးနဲ့”

ရဲထွက် ဆိုတဲ့ ကားဆရာကလည်း ဒါမျိုးကျလျင်တယ်..ဂီယာကို ထိုးပြီး ရှစ်မိုင်ဘက် ဝူးခနဲဆို မောင်းပြေးတော့တာပဲ ။

ဒါတောင် ဖင်ကြီးက နောက်ကနေ ဆဲဆိုပြီး ပြေးလိုက်လာသေးတာ ။

ဟူး တကယ်ပါဗျာ ။

အဲ့ဒီည က အဆောင်ပြန်ရောက်တဲ့အထိ ရင်တွေတုန်ပြီး တော်တော်နဲ့ အိပ်မပျော်ဘူး။

စိုးကျော်လာမှ ကျိုက်ဝိုင်းထဲက ညနက်အထိဖွင့်တဲ့ ဆိုင်မှာ ရွိုင်ရယ်ကလပ်ဝီစကီတစ်ပြားဝယ်သောက်ပြီးမှ အိပ်ပျော်နိုင်တော့တယ်။

အိပ်မက္ထဲမှာလည်း ကိုဖင်ကြီးက စကေဘာကြီး တရမ်းရမ်းနဲ့ အရက်သောက်ဖို့ လာခေါ်နေတာတဲ့ဗျာ။

သြော်..ကိုဖင်ကြီး..ကိုဖင်ကြီး..တော်တော်ဆိုးတဲ့လူ။

Crd - ဗြိတိသျှကိုကိုမောင်

သရုပ်ဖော်ပုံ မျိုးမင်းမြတ်

Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...