သူသည် အခြားမြို့များမှ စာပို့လုလင်များ ထုံးစံအတိုင်း လက်မောင်းတွင် စာပို့တံဆိပ်ပါသော အရောင်ဖျော့မှိန်နေပြီဖြစ်သော ဇင်ပြာ၀တ်စုံကို ၀တ်ဆင်လေ့ရှိသည်။ ပခုံးတွင် စစ်ရောင် ကျောပိုးအိတ်အနွမ်းကို လွယ်လျက်၊ ဇင်ပြာဦးထုပ်ပျော့၏ လျှာကို နဖူးပေါ် အနည်းငယ်ဆွဲချလျက် လမ်းကြားများမကျန် လျှောက်ရင်း ရပ်ကွက်များအတွက်း မသိသူမရှိသလောက် နှုတ်ဆက်ဖော်ရွေတတ်သူ ဖြစ်သည်။ အဖြူတစ်၀က် ရောနေပြီဖြစ်သော မွဲပြာပြာ ဆံပင်များကို ခေါင်းတုံးဆံတောက် ညှပ်ထားသည်။ နှာခေါင်း သိပ်ရှည်သော်လည်း မျက်နှာကျပုံ သွယ်သောကြောင့် သိပ်မဆိုးလှသော မျက်ခုံး မျက်လုံးနှင့် ပေါင်းစပ်လိုက်သောအခါ ငယ်စဉ်က “သနားကမား ရုပ်ကလေး” ဟု အများက ထင်မြင်ချက်ပေးခံရသူ ဖြစ်သည်။ ယခုလောလောဆယ်တွင်တော့ အသက်လေးဆယ်သာ ရှိသေးလျက် အသက်ငါးဆယ်ဟု အထင်ခံရလောက်အောင် ပင်ပန်းနွမ်းနယ်ခြင်းဒဏ်က ဖိစီးခဲ့လေပြီ။ နေပူလျှင်သော်လည်းကောင်း၊ မိုးရွာလျှင်သော်လည်းကောင်း အရောင်လွင့်ပြယ်နေသော ကြက်ဆင်တံဆိပ် ထီးကောက်ကြီးကို ဆောင်းလျက် တစ်အိမ်တက်ဆင်း စာဝေငှခြင်းအလုပ်ကို မပျက်မကွက် ဆောင်ရွက်ဆဲသာဖြစ်သည်။ တောင်ကုန်းအတက်အဆင်း ထူထပ်လှသော မြို့တစ်မြို့တွင် စာပို့လုလင်တစ်ယောက် ဖြစ်နေရခြင်းမှ...
https://t.me/TheBookR