စာပို့တံဆိပ်ပါသော အရောင်ဖျော့မှိန်နေပြီဖြစ်သော ဇင်ပြာ၀တ်စုံကို
၀တ်ဆင်လေ့ရှိသည်။ ပခုံးတွင် စစ်ရောင် ကျောပိုးအိတ်အနွမ်းကို လွယ်လျက်၊ ဇင်ပြာဦးထုပ်ပျော့၏ လျှာကို နဖူးပေါ် အနည်းငယ်ဆွဲချလျက် လမ်းကြားများမကျန် လျှောက်ရင်း ရပ်ကွက်များအတွက်း
မသိသူမရှိသလောက် နှုတ်ဆက်ဖော်ရွေတတ်သူ ဖြစ်သည်။ အဖြူတစ်၀က် ရောနေပြီဖြစ်သော မွဲပြာပြာ ဆံပင်များကို ခေါင်းတုံးဆံတောက်
ညှပ်ထားသည်။ နှာခေါင်း သိပ်ရှည်သော်လည်း မျက်နှာကျပုံ သွယ်သောကြောင့် သိပ်မဆိုးလှသော မျက်ခုံး မျက်လုံးနှင့်
ပေါင်းစပ်လိုက်သောအခါ ငယ်စဉ်က “သနားကမား ရုပ်ကလေး” ဟု အများက
ထင်မြင်ချက်ပေးခံရသူ ဖြစ်သည်။ ယခုလောလောဆယ်တွင်တော့
အသက်လေးဆယ်သာ ရှိသေးလျက် အသက်ငါးဆယ်ဟု
အထင်ခံရလောက်အောင် ပင်ပန်းနွမ်းနယ်ခြင်းဒဏ်က ဖိစီးခဲ့လေပြီ။
နေပူလျှင်သော်လည်းကောင်း၊ မိုးရွာလျှင်သော်လည်းကောင်း
အရောင်လွင့်ပြယ်နေသော ကြက်ဆင်တံဆိပ် ထီးကောက်ကြီးကို ဆောင်းလျက် တစ်အိမ်တက်ဆင်း စာဝေငှခြင်းအလုပ်ကို မပျက်မကွက် ဆောင်ရွက်ဆဲသာဖြစ်သည်။
တောင်ကုန်းအတက်အဆင်း ထူထပ်လှသော မြို့တစ်မြို့တွင် စာပို့လုလင်တစ်ယောက် ဖြစ်နေရခြင်းမှာ အနည်းငယ် ကသိကအောက်
နိုင်လှသော်လည်း ယခုအချိန်အထိ ဤအလုပ်ကို သူ စွဲမြဲစွာ လုပ်ကိုင်နေဆဲ
ဖြစ်ပါသည်။
ဆက်သွယ်ရေးဌာနတွင် သူ စတင် အလုပ်လုပ်ခဲ့စဉ်ကတော့
လက်လှမ်းမီရာအလုပ်ကို ဖမ်းဆွဲလုပ်ကိုင်သည့် သဘောမျှသာ ဖြစ်သည်။
ရုံးအကူလုလင်ဘ၀မှ ရံဖန်ရံခါ စာပို့ခြင်းအလုပ်ကို ခေတ္တလွှဲယူ
ဆောင်ရွက်ခွင့်ရလာသောအခါ စာပို့လုလင်ဘ၀ကို စိတ်၀င်စားလာခဲ့သေး၏။
သို့သော် စာပို့လုလင်အလပ်ဖြင့် လုပ်သက်နည်းနည်း
ရလာသောအခါတွင်ကား ဤအလုပ်ကို သူ စိတ်ပျက်ငြီးငွေ့လာခဲ့ပြန်သည်။
သို့သော် ထိုအချိန်မှာတော့ အလုပ်လွှဲပြောင်းလုပ်ကိုင်ဖို့ မဖြစ်နိုင်တော့ပါ။
သူသည်စာပို့သမား အလုပ်ကလွဲ၍ တခြား ဘာမျှ လုပ်ကိုင်တတ်သူမဟုတ်ပါ။
သူသည် လူမှုဆက်ဆံရေး ကျွမ်းကျင်လာရန် အမြဲကြိုးစားခဲ့ရသည်။
သူတာ၀န်ကျသည့် ရပ်ကွက်များ၌ ဘယ်နေရာမှာ ဘာရှိသည်ဆိုတာ
အကုန်သိဖို့ သိပ်မခက်လှပါ။ လူတွေနှင့် ဆက်ဆံရာမှာ ‘အလိုက်အထိုက်’
ဟူသော ဝေါဟာရ အထူးလိုအပ်ကြောင်း သူသိခဲ့သည်။ အိမ်တစ်အိမ်သို့
မှတ်ပုံတင်ချောစာ ဝေရာတွင် မုန့် သစ်သီးစသည့် အစားအစာများကို
လောကွတ်ပျူငှာ ကျွေးမွေးသော အိမ်ရှင်များစွာ သူတွေ့ဖူးပြီ။ ပထမတွင် တတ်နိုင်သမျှ ယဉ်ကျေးဖွယ်ရာ ငြင်းဆိုလေ့ရှိသော်လည်း
ခင်မင်ရင်းနှီးလာသောအခါ ထန်းလျက်တစ်လုံးတလေ ယူစားဖို့
လေ့ကျင့်ပြီးသား ဖြစ်သွားသည်။ စာပို့ခ ဆယ့်ငါးပြား တာ၀န်မကျေသော
စာများအတွက် ဒဏ်ကြေး ပြားသုံးဆယ် ကျခံရသည်ဖြစ်သော်လည်း
အချို့က တစ်ကျပ်၊ သို့မဟုတ် နှစ်ကျပ် ပေးတတ်ကြပါသည်။ အကြွေ
ပေါများစဉ်ကတည်းက ကျပ်တန်အတွက် သူ ပြန်အမ်းလျှင် ရယ်မောလျက်
ငြင်းပယ်ခဲ့ကြသူက များပါသည်။ အချို့ကတော့ အကြောင်းမဲ့သက်သက်
လက်ဖက်ရည်ဖိုး ပေးကြသူများဖြစ်သည်။ ကရုဏာတရာ ထက်သန်သူ
တချို့စျေးသည်များက ဟင်းလျာအဖြစ် အသီးအရွက်များ ထည့်ပေးလိုက်လျှင်လည်း ကျေးဇူးစကား အထပ်ထပ်ဆိုလျက်
လက်ခံရယူလေ့ရှိပါသည်။ ဤကိစ္စမျိုးကို ခါးခါးသီးသီး ငြင်းပယ်ရလောက်အောင် သူ ခေါင်းမာသူမဟုတ်ပါ။ သူ့လစာရင်း
ကျပ်တစ်ရာ့ငါးဆယ်တွင် ရှားပါးစရိတ်နှင့် ပေါင်းမှ နှစ်ရာနှစ်ဆယ့်ငါးကျပ်သာ
ရ၏။ ဟိုမှသည်မှရသော မဖြစ်စေလောက် သဒ္ဓါကြေးကလေးနှင့်
နှစ်တိုးပေါင်းပါမှ သုံးရာ၊ သုံးရာ့ငါးဆယ် ဆိုသည်မှာ အနိုင်နိုင်သာ
ဖြစ်ပါသည်။
သူ့မိတ်ဆွေများက ရိုးအ,လွန်းသော သူ့ကို အားမလိုအားမရ ကရုဏာဒေါသောဖြင့် အလုပ်ပြောင်း၊ သို့မဟုတ် ထွက်ခိုင်းကြသော်လည်း သူကတော့ ဤအလုပ်ကို နေသားကျနေပြီဖြစ်သည်။
ငယ်စဉ်ကတော့ ‘တို့အလုပ်က လူတွေပျော်ရွှင်တက်ကြွစေတဲ့ အလုပ်ကွ’ ဟု
ကြေးနန်းရုံးမှ စာရေးလေးကို ကြွားဝါခဲ့ဖူးသည်။
“မင်း စဉ်းစားကြည့်၊ ကြေးနန်းစာဆိုရင် လူတွေက အနိဌာရုံသတင်းကစပြီး တွေးတာ၊ မင်းရဲ့ ကြေးနန်းစာကို လူတွေက ထိတ်လန့်ခြင်းနဲ့ စိုးရိမ်သောကနဲ့ ဖတ်ကြမှာ၊ စိတ်မချမ်းမြေ့စရာ ကြေးနန်းဆိုရင် သူတို့ကို
၀မ်းနည်းစကားပြောရဦးမှာ၊ ငါတို့ကျတော့ အဲဒီလိုမဟုတ်ဘူးကွ၊ စာပါတယ်လို့ ပြောလိုက်ရင် မျှော်လင့်ချက်တွေ အားတက်မှုတွေနဲ့ ရောနေတဲ့ စူးစူးစမ်းစမ်း မျက်နှာမျိုးနဲ့ လာယူကြတာ၊ တချို့ဆို စာဝေချိန်ရောက်ရင် စာပို့တဲ့လူကို မျှော်တောင်မျှော်နေကြသေး”
“လူတွေကလဲ အသည်းအသန်ဖြစ်နေတဲ့သတင်းတို့ ဘာတို့ဆိုရင် ကြေးနန်းရိုက်ကြတာ များတယ်လေကွာ၊ စာထဲမှာတော့
မာကြောင်းသာကြောင်းတွေ၊ မင်္ဂလာဖိတ်စာတွေ၊ ခွဲခွာနေရသူချင်း
သတိရတဲ့အကြောင်းတွေ၊ အတွေ့အကြုံနှီးနှောဖလှယ်တာတွေ”
ဟိုစဉ်တုန်းကတော့ သူ့မျက်၀န်းမှာ မိမိ၏ အလုပ်အပေါ် စိတ်၀င်စားခြင်း၊
ကျေနပ်ခြင်းတို့ဖြင့် တောက်ပနေခဲ့သည်။ ယခုတော့ ဤကဲ့သို့ တက်ကြွသော
ကြွားဝါစကားမျိုး မပြောခဲ့မိသည်မှာ ကြာပြီ။
နေ့စဉ်မြင်တွေ့နေကျ သမားရိုးကျ မျက်နှာများ၊ လမ်းများ၊ နေအိမ်များ၊ လိပ်စာများကို ကြာလာသောအခါ လူတိုင်းငြီးငွေ့တတ်သလို သူလည်း ငြီးငွေ့လာခြင်း ဖြစ်တန်ရာသည်။ စာပို့သမား သက်တမ်း ဆယ့်ငါးနှစ်အတွင်း
သူ့ခြေသလုံးတွင် ခွေးနှစ်ကြိမ်ကိုက်ခံခဲ့ရသည်ကလည်း
တစ်ကြောင်းဖြစ်နိုင်သည်။ ယခုအချိန်အထိ စာပို့ကြပ်ရာထူးကို မတက်နိုင်သေးသည်ကလည်း တစ်ကြောင်းဖြစ်နိုင်သည်။
ထို့ပြင် ငြီးငွေ့စိတ်ပျက်ရခြင်း၏ အကြောင်းအကြောင်းများစွာထဲမှ
သူဘယ်တော့မျှ မေ့နိုင်မည်မဟုတ်သော အကြောင်းတစ်ခု ရှိသေးသည်။
◾
ထိုကုန်းမြင့်သို့ ပထမဆုံးအကြိမ် သူရောက်ဖူးစဉ်တုန်းက သူသည်
စာပို့လုလင်တစ်ဦးပင် မဟုတ်သေးပါ။ ငယ်ရွယ်သေးသော ရုံးအကူလုလင်တစ်ဦးမျှသာ ဖြစ်သည်။ အချိန်မှာ ဇူလိုင်လ၏ မိုးသည်းထန်သော သောကြာနေ့ နေ့လယ်ခင်းတစ်ခုဖြစ်သည်။
သူ့စိတ်ကို ယခုအချိန်တိုင်အောင် ဒုက္ခပေးလျက်ရှိသော ထိုလိပ်စာကို
ယခုအချိန်အထိ သူ သတိရနေသေးသည်။
ခင်မေစီ၊ အမှတ် ၄၇၀၊ သစ်တောလမ်း၊ ဆောက်လုပ်ရေးကုန်းမြင့်။
ဆောက်လုပ်ရေးကုန်းမြင့်ကို သူသိသော်လည်း သစ်တောလမ်းကို သူမသိပါ။
သစ်တောလမ်းကို လိုက်ရှာရင်း ချာလည်ချာလည် ဖြစ်နေခိုက် မိုးက
ပိုမိုသည်းထန်လာခဲ့သည်။ သူ ၀တ်ထားသော မိုးကာအင်္ကျီမှာ ကြယ်သီးများ
ပြုတ်ထွက်နေသဖြင့် လေတစ်ချက် သဲ့ပက်လိုက်တိုင်း အင်္ကျီအနားစများ လန်၍ မိုးစိုရွှဲသွားတတ်သည်။ နောက်ဆုံးတွင် လမ်းထောင့်ချိုးတစ်ခုမှ ထွက်လာသော လူတစ်ယောက်ကို မေးကြည့်လိုက်မှ သူ လွန်လာခဲ့သော လမ်းတစ်ခုသို့ ပြန်လှည့်ရသည်။ လမ်းနာမည်ကို
တိုင်စိုက်၍သော်လည်းကောင်း၊ ပင်စည်တစ်ခုတွင် တပ်လျက်
သံရိုက်၍သော်လည်းကောင်း ဆိုင်းဘုတ်ဖြင့် ပြမထားလျှင် သူ့လိုလက်သင်စာပို့သမားများ အလွန် ဒုက္ခရောက်ရတတ်ပါသည်။
သစ်တောလမ်းသည် ကျောက်စရစ်ခဲ အနည်းငယ်မျှသာ ပြန့်ကျဲနေသော
မြေနီလမ်းအတက်တစ်ခုဖြစ်သည်။ ပြေလျောသော တောင်ကုန်းတစ်လျှောက်
နီကြင်သော ရွှံ့စေးရည်များ စီးကျနေအောင်၊ ကျောက်စရစ်ခဲများ တစ်စွန်းတစ်စ ပေါ်လာအောင် မိုးက ဝေခနဲ သွန်းချလာသောအခါ သူ၏
မိုးကာအင်္ကျီရင်ဘတ်စကို သူဆွဲပိတ်၍ ပြတ်တော့မလိုဖြစ်နေသော
သားရေဖိနပ်တစ်ဖက်ကို ညှာကာ တရွတ်ဆွဲလျက် လျှောက်ခဲ့ရသည်ကို သူ
မှတ်မိသည်။ လမ်းတစ်လျှောက် ခြံ၀င်းကျယ်များကိုသာ တွေ့ရ၏။
အိမ်နှင့်ခြံတံခါး ဝေးလံပြီး သစ်ပင်များ အုပ်ဆိုင်းလျက် လူရိပ်လူခြည်ပင်
လုံး၀မတွေ့ရသော လမ်းဖြစ်သည်။ လမ်းဘေးတစ်ဖက်တစ်ချက်တွင်
မြင့်မားသော သစ်ပင်များ၏ အောက်ခြေရှိ အပွင့်သေးသေး ရောင်စုံများပွင့်သော စိန်နားပန် ချုံပုတ်များဆီမှ စိမ်းရွှေရွှေ ပန်းရနံ့ကို
သစ်ကိုင်းစိုနံ့၊ ရွှံ့ရည်နံ့နှင့်အတူ ရှူရှိုက်ရသောအခါ ထိုနေ့လယ်ခင်းသည်
အလွန်မနှစ်မြို့စရာကောင်းသွား၏။
သည်လိုနှင့်ပင် တောင်ကုန်းထိပ်သာ ရောက်လျက် ခြံအမှတ် ၄၇၀ ကို
မတွေ့ရ။ အနီးအနားမှာလည်း စုံစမ်းစရာ ကွမ်းယာဆိုင် စသည့် လမ်းဘေးဆိုင်များ မဖွင့်ပါ။ ခြံအမှတ် ၄၆၈ နှင့် ၄၆၇ ဟု ထင်ရသော ခြံများမှာ ကုန်းထိပ်မရောက်မီ ဖာလုံ၀က်ခန့် ဝေး၍ ကျန်ခဲ့ပြီး
လိပ်စာမှားလေသလားဟူသော အတွေးက ပထမဆုံး ၀င်လာသည်။ သူ အလွန် စိတ်မောသွားပါသည်။ ထိုစာသည် ထိုနေ့အတွက် သူ ဝေရမည့်
နောက်ဆုံးစာလည်းဖြစ်၏။
ဆောက်လုပ်ရေး ကုန်းမြင့်ထိပ်တွင် မိုးသည်းသည်း၌ ခဏရပ်နေပြီးနောက် သူ ပြန်ဆင်းလာခဲ့သည်။ အဆင်းတွင် သူ ခြေချော်၍ လဲလုမတတ် ဖြစ်ခဲ့သေး၏။ ကံကောင်းထောက်မစွာ အဲသည်တုန်းက ဖိနပ်သည်းကြိုး မပြတ်ခဲ့ပါ။ ခြံအမှတ် ၄၆၈ ရှေ့ရောက်တော့ မိုးရေထဲတွင်
မြေဖို့နေဟန်တူသော ပေါက်တူးကိုင်လူကြီးတစ်ယောက်ကို တွေ့ရသည်။
တက်ကြွမှုကင်းစွာဖြင့် သူမေးကြည့်သောအခါ အဘိုးကြီးက မျက်မှောင်ကြုတ်၍ စဉ်းစား၏။
“ကုန်းထိပ် ဟိုဘက်အဆင်းမှာတော့ ခြံတစ်ခုနှစ်ခု ရှိသေးတယ်ကွ၊ အရင်က
သစ်တော၀န်ထောက်ကြီး နေသွားတဲ့အိမ်တွေ၊ ခြံနံပါတ်တော့ မသိဘူး၊ နာမည် ဘယ်သူတဲ့လဲ”
“ခင်မေစီ တဲ့”
“ဟေ… သူ့အဖေနာမည်ကော”
“မပါဘူးဗျ”
“ဒီမှာတော့ အဲဒီနာမည် ငါမသိပါဘူး၊ မင်း ကုန်းထိပ်အဆင်းက အိမ်တွေ မေးကြည့်ကွ”
အဘိုးကြီးက ပြောပြောဆိုဆို တစ်ဖက်ခြံတွင်းသို့ ၀င်သွားသည်။ ဤတွင်
ပထမဆုံး သူ စဉ်းစားရသည်မှာ ပြတ်လုတဲတဲ ဖိနပ်အတွက်ဖြစ်ပါသည်။
ခေါင်မှပြတ်လျှင် သူ မည်သို့မျှ စိး၍ဖြစ်နိုင်တော့မည်မဟုတ်ပါ။ သူ့တွင်
တွယ်ချိတ်၊ ပင်အပ် စသည့် ပစ္စည်းများလည်း မပါပါ။ နောက်ပြီး မိုးသည်းသည်းတွင် ဖိနပ်ပြတ်ခံပြီး လိပ်စာကိုလိုက်ရှာ၍ တွေ့သည်ထားဦး၊ မည်သူကမျှ စံပြလုပ်သားဆု ပေးမည်မဟုတ်ပါ။ ထိုစာကို အိတ်ထဲမှာ အသေအချာထည့်သိမ်းပြီးမှ သူပြန်လာခဲ့သည်။
◾
တနင်္လာနေ့ နေ့ခင်းပိုင်းတွင် သစ်တောလမ်းသို့ သူ တစ်ခေါက်ပြန်လာသောအခါ နေသာသော နေ့တစ်နေ့ဖြစ်နေပြန်၏။
တကယ်တော့ အဘိုးကြီးပြောသလိုပင် ခြံအမှတ် ၄၇၀ သည် ၄၉၆ နှင့်အတူ
ဆောက်လုပ်ရေးကုန်းမြင့်၏ တစ်ဖက်အဆင်းတွင် ရှိနေသည်။ ထိုလမ်းသည်
သစ်တောလမ်းနှင့် တစ်ဆက်တည်းဖြစ်သော်လည်း ကုန်းမြင့်ထိပ်ရှိ
ဆောက်လုပ်ရေးရုံးပိုင် အဆောက်အအုံများက ခြားထားသောအခါ သီးခြားလမ်းတစ်ခုဟု ထင်ရသည်။
ခြံအမှတ်ကို ခြံရှေ့တံခါး၀တွင် ချိတ်ဆွဲထားရမည့်အစား ဟိုးအဝေးကြီးက
တိုက်နံရံတွင် သေးသေးကလေး ရေးထားသောကြောင့် ၄၇၀ ဟူသော
ဂဏန်းကို တော်တော်ကြာအောင် ရှာယူရသည်။ ခြံရှေ့တွင် မြင့်မားသော
ပင်လယ်ကဗွီးပင်ကြီး ရှိသည်။ ခြံ၀င်းကျယ်သောအိမ်ဖြစ်ပါလျက် အိမ်ရှေ့မှာ
စာတိုက်ပုံးအသေး သီးသန့် တပ်မထားပါ။ ခြံတံခါး တစ်ဖက်တစ်ချက် အုတ်နံရံတွင် လူခေါ်ခေါင်းလောင်း ရှာကြည့်သေးသော်လည်း မတွေ့ရ။
လျှပ်စစ်ခေါင်းလောင်း မတပ်လျှင်လည်း ကြိုးတပ်ခေါင်းလောင်း တစ်ခုလောက်တော့ ထားဖို့ကောင်းသည်။
သူသည် စာဝေငှခြင်းအလုပ်တွင် နည်းနည်းပါးပါး လေ့ကျင့်ပြီးဖြစ်သောကြောင့် ကြိုဆိုမည့်သူ မရှိသော အိမ်တစ်ခုအတွင်းသို့
အသံပြုပြီး ၀င်ရောက်သွားရန် ၀န်မလေးပါ။ သို့သော် ဤဖြစ်ရပ်တွင်တော့
အိမ်ဝိုင်းထဲ၀င်ရန် တွန့်ဆုတ်လျက်ရှိသည်။ ရှုပ်ထွေးကျယ်၀န်းသော
ခြံကြီးထဲတွင် ခွေးဆိုးတစ်ကောင်မျှ မရှိဟု မည်သူက အာမခံနိုင်မည်နည်း။
‘ခွေးကိုက်တတ်သည်’ ဟူသော သတိပေးဆိုင်းဘုတ် ချိတ်မထားသည့်
အိမ်များစွာတွင် ကိုက်တတ်သော ခွေးများ ရှိနေတတ်သည် မဟုတ်လား။
မည်သို့ဆိုစေ ခြံတံခါးဖွင့်ထားသော၊ လူရိပ်လူခြည် မမြင်ရသော၊ ခွေး ရှိမည်
မရှိမည် မသေချာသော၊ တစ်ခါမျှ မရောက်ဖူးသော အိမ်ထဲသို့ အရဲစွန့်၍
၀င်သွားခဲ့သည်။
ခြံထဲတွင် မြက်ပင်များသည် အံ့သြဖွယ်ရာ ရှည်မြင့်လှ၏။ လူသွားလမ်းသည် ကျဉ်းမြောင်း၍ မှိန်ဖျော့နေသည်။ လူသွားလမ်းတစ်ဖက်တစ်ချက်တွင် တစ်ချိန်က စီရီကာရံထားခဲ့ဟန်တူသော အုတ်ခဲကျိုး အပိုင်းအစတို့ကို တွေ့ရ၏။ အပင်မျိုးစုံ ရှုပ်ပွေလျက်ရှိသည်။ လေပြင်းဒဏ်ကြောင့်
ကျိုးပြတ်လွင့်ခဲ့ဟန်ရှိသော သစ်ကိုင်းခြောက် အပြတ်စတို့သည် ချုံပုတ်များပေါ်တွင် ဟိုတစ်ခု သည်တစ်ခု တင်ကျန်ရစ်သည်။ တိုက်အိမ်ကို
ကွယ်ထားလုနီးပါး မြင့်မားသော သရက်ပင်တစ်ပင်သည်
တိုက်ဆင်၀င်တည့်တည့်တွင် အရုပ်ဆိုးစွာ တည်ရှိနေ၏။
သူသည် အဝါရောင်ပန်းများ ပွင့်နေသော မြေကပ်ချုံပင်ကလေးများကို တတ်နိုင်သမျှ မနင်းမိအောင် ကျော်လွှား၍ ဝဲယာရှိ ချုံနွယ်ပိတ်ပေါင်းတို့ကို တတ်နိုင်သမျှ မကြည့်မိအောင် သတိထား၍ ခွေးဟောင်သံကို နားစွင့်၍ တိုက်အိမ်ဆင်၀င်အောက်သို့ ရောက်ခဲ့သည်။ သံဆွဲတံခါးသည်
လူတစ်ကိုယ်၀င်နိုင်အောင် ဟ,ထားသည်။ အည့်ခန်းတွင် လူမရှိပါ။ သူသည်
သံဆွဲတံခါးကို အသံမြည်အောင် လှုပ်ယမ်းပစ်လိုက်၏။
ခွေးဟောင်သံ မကြားရ။ လူတစ်စုံတစ်ဦး၏ အသံကိုမျှ မကြားရ။
မြင်ရသမျှမှာ ခေါင်းရင်နံရံသို့ ကပ်လျက် ပူးကပ်စွာ ခင်းကျင်းထားသော
အိုမင်းခိုင်ခံ့သည့် အည့်ခန်းဆက်တီ ကုလားထိုင်များ၊ ဧည့်ခန်းအလယ်ကောင်မှာမူ သင်ဖြူးများ အပြည့်ခင်းထားလျက်
နေရာကျယ်ပြန့်စွာ ဟာလာဟင်းလင်းဖြစ်နေသည်။ ကုလားထိုင်များကို
အဖြူရောင်ကုလားထိုင်ဖုံး စွပ်ထားသည်ဖြစ်ရာ ဦးခေါင်းမှီသည့်နေရာတွင်
ညစ်ထေးလျက် ရှိကြသည်။ အိမ်ရှေ့တံခါးပေါက်နှင့် တည့်တည့်
နောက်ဘက်က အုတ်နံရံတွင် ရောမစာလုံး ဂဏန်းကွက် တပ်ထားသည့် အိုဟောင်းသော တိုင်ကပ်နာရီတစ်လုံး၏ ချိန်သီးမှာ လေးပင်စွာ
လွှဲယမ်းနေ၏။ တစ်ပိုင်းတစ်စ မြင်ရသော ကျွန်းသားလှေကားသည် ချောမွတ်သော ပွတ်လုံးများ ခြယ်သထားသည့် လက်ရန်းဖြင့် သေသပ်စွာ လှပလျက်ရှိ၏။
“မ ခင် မေ စီ …”
သူ ခပ်ကျယ်ကျယ် အော်ခေါ်လိုက်ပြီးနောက် အိမ်တွင်း တစ်နေရာဆီမှ တစ်စုံတစ်ခု လွတ်ကျသံကို ကြားလိုက်ရသည်။ ကြွေထည်ပစ္စည်း တစ်ခုခု
လွတ်ကျကွဲသံဖြစ်ပါသည်။ ခဏအကြာတွင် မျက်နှာချင်းဆိုင် နံရံဘေးရှိ တံခါးမှ အဝါရောင်ပွင့်ရိုက်ခန်းဆီးစ လှုပ်ယမ်းသွား၏။ ခန်းဆီးစကို ဖယ်လျက် အသက်ခပ်ကြီးကြီး အမျိုးသမီးတစ်ယောက် ၀င်လာသည်။
ခင်မေစီဆိုတာ သူမ မဟုတ်နိုင်ပါ။ စာအိတ်ပေါ်က လက်ရေးသည်
လူငယ်လက်ရေးဖြစ်ပြီး ပေးပို့သူလိပ်စာမှာလည်း လူငယ်နာမည်ဖြစ်သည်။ ထိုနာမည်ကို သူ မမှတ်မိတော့ပါ။ နာမည်သုံးလုံးဖြစ်၏။
“မှတ်ပုံတင်ချောစာ…. မခင်မေစီ လက်မှတ်ထိုးယူပါ”
ပိန်လှီသော်လည်း သန်မာပုံရသော ထိုမိန်းမကြီးသည် သူ့ကို ငေးမောရင်း
နှေးကွေးသော ခြေလှမ်းများဖြင့် သူရှိရာ အည့်ခန်း၀သို့ လျှောက်လာနေခဲ့သည်။ သူမ၏ မျက်လုံးများမှာ စာပို့လုလင်တစ်ယောက်ကို
ကြည့်သော မျက်လုံးများမဟုတ်။ ထိတ်လန့်တုန်လှုပ်သော မျက်လုံးများထက်
ပိုသည်ဟု သူထင်ခဲ့သည်။ ထိုမျက်လုံးများကို ယခုထိ သူ မမေ့ပါ။
“ခင်မေစီအတွက် … ဟုတ်လား”
“ဟုတ်ပါတယ်”
“ဘုရား… ဘုရား”
သူက စာလှမ်းပေးသော်လည်း မိန်းမကြီးက စာကိုလှမ်းမယူပါ။
သူမသည် ရုတ်ခြည်း အင်အားဆုတ်ယုတ်သွားသလို သင်ဖြူးခင်းထားသော
သမံတလင်းပေါ်သို့ ယိုင်နဲ့စွာ ထိုင်ချလိုက်လေသည်။ ထိုခဏမှာပင်
သူမမျက်လုံးမှ မျက်ရည်များ တစ်လိမ့်ချင်း ကျလာခဲ့တော့သည်။ သူ တော်တော် အံ့အားသင့်သွားပြီး ဘာဆက်ပြောရမှန်း မသိအောင် ကြောင်သွားခဲ့သည်။
သူမသည် ဒူးတစ်ဖက်ထောင်ကာ ခြေပစ်လက်ပစ် ထိုင်ချလိုက်ခြင်း ဖြစ်သည်။
ထောက်ထားသော ဒူးပေါ်သို့ တံတောင်ဆစ် ကွေးတင်လျက် မျက်နှာကို
ထိုလက်ပေါ်သို့ မှောက်ချလျက်ရှိသည်။ ထိုပုံစံမှာ စာပို့သမားများ မြင်နေကျ
အိမ်ရှင်ပုံစံမျိုး မဟုတ်ပါ။ သူသည် ယူကျုံးမရစိတ်ဒုက္ခရောက်နေသူ
အဒေါ်ကြီးကို ဘယ်လိုနှစ်သိမ့်ရမှန်းမသိဘဲ ဖြစ်နေသည်။ ဤကဲ့သို့ စိတ်ကျဉ်းကျပ်မှုမျိုးကို ကြေးနန်းစာပို့သူများပင်လျှင် ကြုံရဖူးဟန် မတူပါ။
“အန်တီ… နေမကောင်းဘူးလား”
အတန်ကြာအောင် ငြိမ်သက်စွာ ငိုကြွေးပြီးနောက် သူ့အသံကြားမှ မိန်းမကြီးက မော့ကြည့်သည်။ သူ ယခုတိုင် ရပ်နေဆဲဖြစ်သည်ကို သူမ
သတိရသွားဟန်တူ၏။ မျက်နှာကို ချက်ချင်း အားတင်းပြင်ဆင်လျက် ရုတ်တရက် မတ်တပ်ရပ်လိုက်လေသည်။ သူ့အမေးကို သူမ ပြန်မဖြေပါ။ ဘာမေးလိုက်မှန်းပင် သိဟန်မတူပါ။
“ခင်မေစီမှ မရှိတော့တာကွယ်”
ဟု ကိုယ့်ကိုယ်ကို ပြောသလို ရေရွတ်၏။ ထို့နောက် စိုစွတ်သော မျက်လုံးများကို မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်ခြင်းဖြင့် မျက်ရည်မကျရန် ထိန်းသိမ်းလိုက်သည်ကို သူ တွေ့ရသည်။
“တစ်နေ့က ရုတ်တရက် ဆုံးသွားတာပဲကွဲ့၊ မနေ့ကမှ သင်္ဂြိုဟ်ရတာ၊ သမီးက အခုမှ အသက်နှစ်ဆယ်ပဲ ရှိသေးတာပေါ့ လူလေးရယ်”
မြတ်စွာဘုရား…။
ထိုအချိန်ကျမှ ခြေရင်းနံရံဆီမှာ ထောင်ထားသော လက်ထောက်ခုံတစ်ခုရှိရာသို့ သူ့မျက်စိ ရောက်သွား၏။
“ကျွန်တော် စိတ်မကောင်းပါဘူးခင်ဗျာ”
သူတကယ်ပြောခြင်းဖြစ်ပါသည်။
“သူ့ယောက်ျားဆီက စာ ဖြစ်မှာပါပဲ”
အဘွားကြီးနှင့် စကားပြောရတာ အစီအစဉ်ကျနမှုမရှိပါ။ သူက စာအိတ်ကို လှမ်းပေးလိုက်ပြန်သည်။ သို့သော်သူမက စာအိတ်ကို မယူပါ။ အဆိပ်ရှိသော သတ္တဝါတစ်ကောင်ကို ကြည့်သောအကြည့်မျိုးဖြင့်
ခဏသာကြည့်ပြီး ရုတ်တရက် မျက်နှာလွှဲပစ်လိုက်၏။
အန်တီလက်မှတ်ထိုး ယူချင်သလားဟု မေးဖို့ သူ ၀န်လေးနေသည်။
“ဘာရောဂါနဲ့ ဆုံးသွာတာလဲ အန်တီ”
ဟိုတုန်းကတော့ လောက၀တ်စကားကို လူတစ်ဖက်သား ခံသာအောင်
ဘယ်လိုပြောရမှန်း မသိသေးပါ။ အဒေါ်ကြီးကတော့ မေးခွန်းကို
ဖြေသည့်ပုံစံမျိုးမဟုတ်ဘဲ သူတစ်ယောက်တည်း ပြောသလိုပုံစံဖြင့် ညည်းညည်းညူညူ ရေရွတ်နေလေသည်။
“ခါတိုင်းလဲ ဒီ ချိုင်းထောက်နဲ့ပဲ သူ အပေါ်တက်လိုက် အောက်ဆင်းလိုက်
လုပ်နေတာပါပဲကွယ်၊ အဲဒီနေ့ကျမှ ဟောဟိုလှေကားရင်းအထိ အပေါ်ထပ်ကနေ တလိမ့်ခေါက်ကွေး ကျသွားတော့တာပဲ၊ ဟောဟိုနားမှာပေါ့”
သူမက လှေကားရင်း ထောင့်ချိုးတစ်နေရာဆီသို့ သေးကွေးသောလက်ဖြင့်
ညွှန်ပြလျက်ရှိသည်။
“ဒီချိုင်းထောက်နဲ့ သူနဲ့ အသားကျပြီးသားပါကွယ်၊ အခုနောက်ပိုင်းများ ငါ့ကို တွဲစရာမလိုတော့ဘူး၊ လက်တစ်ဖက်က လက်ရန်းကိုင်၊ တစ်ဖက်က
ချိုင်းထောက်ကိုကိုင်၊ ဒီလိုပဲ ဆင်းနေကျ၊ ဆရာ၀န်ရောက်လာတော့
အသက်မရှိတော့ဘူး” တဲ့။
“မေစီမှ မရှိတဲ့နောက်တော့ သင်းစာကို ငါက ဘာကိစ္စ ယူထားမလဲ”
ထို့နောက် စာပို့သမားတစ်ဦး၏ ဘောင်ကိုကျော်ကာ မမေးသင့်သော
လောက၀တ်မေးခွန်းတစ်ခု မေးလိုက်မိ၏။
“မခင်မေစီ၊ အဲ… ဆုံးသွားတာ သူ့ခင်ပွန်းကို အကြောင်းကြားသေးလား အန်တီ”
“မင်းနှယ်ကွယ်… သူ ဘယ်ရောက်နေမှန်း ဘယ်သူမှ မသိဘူး၊ လင်မယားစိတ်ဆိုးပြီး ထွက်သွားကတည်းကပဲ၊ ကြာ ကြာလှပေါ့၊ အိမ်ကသမီးကဖြင့် စာမျှော် လူမျှော်၊ ဘုရား… ဘုရား… ငါ့သမီးလေး အဖြစ်ဆိုးရှာတယ်၊ သမီးလေး… သမီးလေး…”
ရူးသွပ်မတတ် ဒေါသရိပ်နှင့်အတူ အံကြိတ်ရင်း
တစ်ချက်ရှိုက်ငင်လိုက်သောအခါကျမှ သူ မေးမိသည်ကို အားနာသွားခဲ့သည်။
ထို့ကြောင့်လည်း ဘာဖြစ်လို့ ချိုင်းထောက်နဲ့ လမ်းသွားရတာလဲဟု ဆက်လက် မစပ်စုဖြစ်တော့ပါ။
သို့သော် သူ သိပ်သိချင်နေသော မေးခွန်းတစ်ခုကိုတော့ မေးဖြစ်အောင်
မေးလိုက်မိသေး၏။
“ဟို … အန်တီ့သမီးဆုံးတာ သောကြာနေ့လားဟင်”
သူမက သူ့ကို ဖျတ်ခနဲကြည့်လျက် တိုးတိတ်စွာ၊ ပြတ်တောက်စွာ ဖြေလေသည်။
“စနေနေ့”
မြတ်စွာဘုရား…။
မိုးသည်းထန်သော သောကြာနေ့က ခြံအမှတ် ၄၇၀ ကို မတွေ့ရ၍ ဤတနင်္လာနေ့မှ လာပေးရကြောင်း အဒေါ်ကြီးကို မပြောပြခဲ့ပါ။ ထို့ပြင် ဤအကြောင်းကို မည်သူ့ကိုမျှလည်း မပြောဖြစ်ပါ။
◾
သစ်တောလမ်းသို့ သူရောက်တိုင်း ဤအဖြစ်အပျက်ကို သတိရနေဆဲ
ဖြစ်သည်။ ဆယ့်ငါးနှစ်နီးပါးကြာအောင် မျိုသိပ်ထားခဲ့ရသော ဤအကြောင်းကြောင့်ပင် စာပို့လုလင်ဘ၀ကို သူ ပိုမိုစိတ်၀င်စားခဲ့သည်။
သို့သော် ဤအကြောင်းကြောင့်ပင် ဤ အလုပ်ကို လျင်မြန်စွာ ငြီးငွေ့
စိတ်ပျက်လွယ်ဟန် တူပါသည်။
မည်သို့ဆိုစေ၊ သူ့ စာပို့သမားသက်တမ်းတစ်လျှောက် လိပ်စာမသိ၍ဖြစ်စေ၊ ဖိနပ်သည်းကြိုးကြောင့်ဖြစ်စေ စာဝေ နောက်ကျခြင်းမျိုး မဖြစ်စေရအောင် သူ
အတတ်နိုင်ဆုံး ကြိုးစားခြင်းဖြင့် သူ့ကိုယ်သူ လိပ်ပြာသန့်အောင် အမြဲနှစ်သိမ့်နေခဲ့သည်။ ကံအားလျော်စွာ ဤတစ်ကြိမ်သည်
ပထမဆုံးအကြိမ်လည်းဖြစ်၍ နောက်ဆုံးအကြိမ်လည်း ဖြစ်ပါသည်။
နှစ်များစွာ ကြာလာသောအခါ သူ့မှာ အလေ့အကျင့်နှစ်ခု ရလာခဲ့၏။
တစ်ခုမှာ တာ၀န်ချိန်တွင် ဘယ်တော့မျှ သားရေဖိနပ်မစီးဘဲ ရာဘာဖိနပ်ကိုသာ စွဲမြဲစွာ စီးခဲ့ခြင်းဖြစ်သည်။ နောက်တစ်ခုမှာ
နေပူသည်ဖြစ်စေ၊ မိုးရွာသည်ဖြစ်စေ သူ့တွင် တွယ်ချိတ် သို့မဟုတ် ပင်အပ် စသည့် အရေးပေါ်ပစ္စည်းများ ရာဘာဖိနပ်အတွက်
အမြဲဆောင်ထားတတ်သည့် အလေ့အကျင့် ရလာခဲ့ခြင်းပင် ဖြစ်လေသည်။
Comments