အပွေးကုန်ခါနီး ဖြစ်သော သနပ်ခါးတုံးလေးကို ကြည့်ရင်း အေးမာ နှမြောနေမိသည်။ မြင်းခြံမှ အဒေါ် လာစဉ်က လက်ဆောင် ပေးသွားသော သနပ်ခါးတုံးလေး ဖြစ်သည်။ အပွေးရင့်ရင့် ရနံ့မွှေးမွှေးမို့ အေးမာတို့တစ်တွေ အမြတ်တနိုး လိမ်းခဲ့ရသည်။ အခုတော့ ကုန်ခါနီးပြီ။ “သနပ်ခါးတွေကလည်း တစ်နေ့တခြား ရှားလာကုန်ပြီ၊ တစ်မိုက်လောက် အတုံးလေးတွေကိုတောင် ဆယ့်ရှစ်ကျပ်တဲ့” အေးမာက သနပ်ခါးတုံးကို ကျောက်ပျဉ်ပေါ် တင်ကာ ဖွဖွလေး သွေးသည်။ ဖိပြီး သွေးလိုက်လျှင် အပေါ်ယံ အပွေးများ မြန်မြန်ကုန်သွားမည် စိုးသောကြောင့် ဖြစ်သည်။ အေးမာတို့ အိမ်မှာက မိန်းမ အင်အားစု များသည်။ အမေကလည်း အေးမာတို့ မောင်နှမ လေးယောက်တွင် ယောက်ျားလေး တစ်ဦးသာ ရှားရှားပါးပါး ထည့်မွေးထားသည်။ ဒီတော့ အေးမာတို့ သားအမိချည်း လေးယောက် အေးမာတို့နှင့် အတူ ငယ်စဉ်ကတည်းက နေလာသော ဝမ်းကွဲအစ်မက တစ်ယောက်၊ မိသားစု ခြောက်ဦးနေသော အိမ်တွင် မိန်းမဦးရေက ငါးဦး ဖြစ်လေသည်။ သို့သော် သနပ်ခါး လိမ်းသော ဦးရေကတော့ ခြောက်ဦးစလုံးပင် ဖြစ်သည်။ “ဒီခေတ် ယောက်ျားလေးတွေများ ကြည့်လို့ကို မရဘူး” ညအိပ်ရာ ဝင်ခါနီးလျှင် သနပ်ခါးကို တဂျစ်ဂျစ် သွေးပြီး ဖွေးနေအောင် လူးတတ်သော မောင်ဖြစ်သူကို သတိရတော့ အေးမာသည် ...
https://t.me/TheBookR