အပိုင်း(၉)
"စူးမာက မနှမြောပါဘူးဆိုကွ။ ဟား ဟား... ပေးလေ”
ကိုတူး တကယ်တောင်းသောအခါ စူးမာ မျက်နှာလေးမဲ့သွားလေသည်။ စက္ကူဘူးလေးကို လက်ထဲတွင် တင်းတင်းဆုပ်ထားရင်း မဲ့တဲ့တဲ့မျက်နှာလေးနှင့် ကိုတူးကို ရယ်ပြသည်။
“ဟင် ကိုတူးက တကယ်ယူမှာလဲ မဟုတ်ဘဲနဲ့"
"အမယ် ယူမှာပေါ့ ငါနိုင်တာပဲ၊ နင်ကပဲ ရှုံးရင် တကယ်ပေးမှာပါဆို”
"စူးမာဆီမှာထားလဲ အတူတူပဲပေါ့ နော် ကိုတူးရာ "
"နင် မညစ်နဲ့နော်၊ ကတိဆိုတာတည်ရတယ်”
“ကဲ ရော့ ယူ၊ ယူပေါ့”
စူးမာသည် မခံချင်ဖြစ်လာ၍ ဇိုးဇိုးဇတ်ဇတ် လှမ်းပေးလိုက်သည်။ ကားချပ် ဆက်ကာ ကစားသော အရုပ်ကားကို ကိုတူးလိုချင်သည်မှာ ကြာလှပြီဖြစ်၏။ ပန်းခင်းထဲတွင်ပြေးလွှား ဆော့ကစားနေသော ကလေးရုပ်ပုံလေးဖြစ်သည်။ အဖြူ၊ အနီ၊ အဝါ ရောင်စုံပွင့်နေသော ပန်းခင်းလေးထဲတွင် ခွေးဖြူဖြူလေးနှင့်အတူ ဆော့ကစားနေပုံလေးသည် ချစ်ဖွယ်ကောင်းလှလေသည်။ သစ်သားတုံးလေးများ တစ်ခုနှင့်တစ်ခု အံဝင်အောင်ဆက်ပြီးမှ ရုပ်လုံးပေါ်လာသောအခါ ကိုတူးသည် ကြည့်မဝအောင် ရှိတတ်လေသည်။ ကိုတူးနှစ်သက်မှန်းသိ၍ စူးမာကလည်း သူ့ပစ္စည်းကို ဈေးကိုင်လှလေသည်။ အခုမှ ကိုယ့်ဗိုက်ကိုယ်ယုံကြည်ပြီး လောင်းစားမိခြင်းဖြစ်သည်။ ယုံကြည်မိသော ဗိုက်က ထမင်းသုံးပန်းကန် မဝင်သောအခါ စူးမာ အတော်လေးငိုချင်သွားလေသည်။
"ဒီအိမ်က ထမင်းပန်းကန်က ကြီးတာကိုး။ စူးမာပန်းကန်နဲ့ဆို စူးမာကုန်ပါတယ်။ တကယ့်ကိုကုန်ပါတယ်”
စူးမာသည် ထမင်းနှစ်ပန်းကန်စားအပြီး နောက်ထပ်ပန်းကန်ကို မစားနိုင်တော့သောအခါ နှုတ်ခမ်းလေးတစူစူနှင့် အော်တော့သည်။ သားရေကွင်းတစ်ရာ ရမလားဟု လောင်းမိပါသည်။ အရုပ်ကားဆက်ကလေး ဆုံးတော့မည်ကို သိသောအခါ နှမြောသောစိတ်နှင့် ဖျစ်ညှစ်ပြီးစားရန် ??မိသေးသည်။ ဒိုင်လူကြီးလုပ်သော ကိုကိုအောင်က ဆက်လက်ပြီး စားခွင့်မပေးတော့ပဲ ကိုတူးကို အနိုင်ပေးလိုက်သဖြင့် စူးမာ ရှုံးခဲ့ရသည်။
“တာတီးလေးရေ... ကြည့်ကွ၊ ကိုကိုတူး ဆက်ပြမယ်။ အရုပ်ကားလှလှလေး ပေါ်လာမှာ သိလား”
အရုပ်ကား အပိုင်းအစလေးများအားလုံးကို တာတီးလေးဘေးရှိ အိပ်ရာခင်းဖြူဖြူပေါ် တွင် သွန်ချလိုက်သည်။ အနွေးအကျီထူထူဝတ်ထားသော တာတီးလေးသည် ခေါင်းအုံးလေးများကိုမှီကာ ခပ်မတ်မတ်လေး လှဲနေသည်။ အဖျားသွေးက ??နေသော်လည် ကလေးမို့ အိပ်ရာထဲတွင် ငြိမ်ငြိမ်မနေချင်ပေ။ မေမေက ချော့မော့ပြီး အိပ်ရာထဲတွင် သိပ်ထားခဲ့လေသည်။ ထို့နောက် ကိုတူးရော စူးမာပါ တာတီးလေးနှင့် အတူနေရန် အခန်းထဲသို့ သွင်းသွားခဲ့သည်။ ကိုတူးတို့ ခြံထဲဆင်းလျှင် တာတီးလေးကလည်း ဆင်းချင်တော့မည်မို့ အခန်းထဲတွင် ပိတ်သွားခြင်းဖြစ်သည်။
“ဟောဒါက မြက်ပင်လေးကွ၊ ဟောဒီဘေးမှာ ပန်းပင်လေး၊ သူ့အပေါ်က ပန်းပွင့်ဝါဝါလေးနော်။ ဒီလိပ်ပြာလေးက ဘယ်နားမှာဝဲနေတာလဲမသိဘူး။ နေဦး အံမဝင်သေးဘူးကွ။ ဟော ... ပန်းပွင့်အဝါလေးဘေးမှာက ပန်းနီနီလေး။ ဒီခွေးခြေထောက်လေးက ပန်းပင်လေးနားမှာ၊ ဒါက ကောင်မလေးရဲ့ ဂါဝန်အပြာလေး။ အဲ အဲ လိပ်ပြာလေးက ဒီနားမှာဝဲနေတာ ထင်တယ်။ ခွေးမြီးလေးရော ရှာပါဦးကွ ညီလေးရ။ ဟောဒါက အမြီးစုတ်ဖွားလေး"
ကိုတူးသည် ထင်းရှူးသားတုံးလေးများကို အံဝင်အောင် ဆက်နေလေသည်။ ပါးစပ်ကလည်းပြော၊ လက်ကလည်းဆက်နှင့် အရုပ်ကားလေးသည် တဖြည်းဖြည်း ရုပ်လုံးပေါ်လာသည်။ တာတီးလေးသည် စိတ်ဝင်စားစွာကြည့်ရင်း သဘောကျနေသည်။
"တားတားလဲ ဆက်မယ်”
"နေပါဦးကွ၊ ကိုကိုတူး အရင်ဆက်ပြမယ်လေ။ ပြီးတော့မှ ညီလေးက ဆက်ပေါ့၊ ဟုတ်လား။ ဟော ကုန်ပြီလား၊ ကောင်မလေးမျက်နှာ တစ်ခြမ်းပဲ့နေတယ်။ တာတီးလေး ...မင်းစောင်အောက်မှာလားကွ"
ကောင်မလေး၏ခေါင်းတစ်ခြမ်း လိုနေသည်။ အခြားသစ်သားတုံးလေးများသည် အကုန်အံဝင်ပြီး ရုပ်လုံးပေါ်နေသော်လည်း ခေါင်းတစ်ခြမ်းပဲ့နေသော မိန်းကလေးသည်ကား အရုပ်ဆိုးလှလေသည်။
"တစ်ခုလိုသေးတယ်ကွ၊ မှန်းစမ်း။ ဒီခေါင်းအုံးအောက် ဝင်သွားလား။ စူးမာရေ.... ခုတင်အောက် ကျသွားလားမသိဘူး။ ကြည့်ပါဦး"
ကိုတူးသည် ခေါင်းအုံးနှင့်စောင်များကို လှန်လှောရှာဖွေနေရင်း စူးမာအား လှမ်းပြောသည်။ စူးမာသည် ခုတင်အောက်ကို ဖင်ထောင်ကြည့်ရင်း တစ်ဦးတည်း ပြုံးနေမိလေသည်။ ခေါင်းအုံးအောက်တွင်ရှာလျှင်လည်း အပိုပင်။ ခုတင်အောက်တွင်လည်း မရှိ။ စောင်များကို တစ်ထည်ချင်း ခါပြီးရှာလျှင်လည်း တွေ့မည်မဟုတ်၊ သစ်သားတုံးလေးတစ်တုံးကို စူးမာကိုယ်တိုင် ဗီရိုအံဆွဲထဲ ထည့်ကာ ဝှက်ထားသောကြောင့် ဖြစ်၏။
“မရှိပါဘူး ကိုတူးရ “
"ဘယ်ရောက်သွားလဲ မသိ။ အရင်တုန်းက မလိုဘူး မဟုတ်လား”
"အရင်တုန်းကတော့ မလိုဘူးထင်တာပဲ။ စူးမာလဲ သတိမထားမိပါဘူး"
" အခုမှ ချက်ချင်း ဘယ်ပျောက်သွားတာလဲ”
"မသိ”
စူးမာက ပခုံးလေးတွန့်ကာ ပြောလိုက်သည်။ စူးမာ တမင်သက်သက်ညစ်ပြီး ဝှက်ထားလိမ့်မည်ဟုကား ကိုတူးသည် တွေးမိပုံမရချေ။ တကုန်းကုန်း တကွကွနှင့် ရှာဖွေနေသောကိုတူးအား ကြည့်ရင်း စူးမာသည် ကြိတ်ပြီးပြုံးနေမိလေသည်။ တာတီးလေးသည် အငြိမ်မနေနိုင်။ ခေါင်းအုံး မ လိုက်၊ စောင်မလိုက်နှင့် အလုပ်ရှုပ်သွားရှာသည်။ မည်မျှရှာရှာ တွေ့လိမ့်မည်မဟုတ်သဖြင့် စူးမာ ရယ်ချင်နေသည်။ သူ့ပစ္စည်းလေးကို နှမြောလှသောကြောင့် ကိုတူးကို လုံးဝမပေးချင်။ ကတိအတိုင်း ပေးရစေဦးတော့၊ ရှောရှောရှူရှူမဟုတ်ဘဲ နောက်လိုက်ချင်သေးသည်။ ထို့ကြောင့် ထင်းရှူးသားတုံးလေးတစ်ခုကို ဦးအောင်နှိုက်ယူပြီး ဝှက်ထားလိုက်ခြင်းဖြစ်၏။ ကံအားလျှော်စွာ မျက်နှာအဆက်ပိုင်းနေရာက ဖြစ်နေသဖြင့် ကိုတူးခမျာ စိတ်ညစ်ပေါက်တိုးရတော့သည်။ အခြားနေရာများ လပ်နေလျှင် တော်သေးသည်။ တစ်ဦးတည်းပါသော မိန်းကလေးက ခေါင်းတစ်ခြမ်းပဲ့နေသောအခါ အရုပ်ကားသည် လုံးဝမပြည့်စုံတော့ပေ။ လုံးဝကြည့်မကောင်းတော့ပေ။
"ဟယ် မျက်နှာမှာမှ ကွက်လပ်ဖြစ်နေတယ်။ တစ်ခြားနေရာဆိုရင် တော်သေးတယ်”
ကိုတူးသည် စိတ်မကောင်းသလို ပြောသည်။ စူးမာသည် စာကြည့်စားပွဲမှ အံဆွဲထဲတွင် ရှာချင်ယောင်ဆောင်နေသည်။ ကိုတူးက ကျောပေးထားရသောကြောင့် စူးမာ လွတ်လွတ်လပ်လပ် ပြုံးနေရဲသည်။ အံဆွဲထဲမှ ကာတွန်းစာအုပ်များ၊ ဂေါ်လီလုံးလေးများနှင့် သားရေကွင်းတို့အကြားထဲတွင် မရှိမှန်းသိသော ထင်းရှူးသားတုံးလေးကို မွှေနှောက်ရှာဖွေနေလေသည်။
“တိုတိုသူးရဲ့ ပေးလေ၊ တားတား ကစားဦးမယ်”
တာတီးလေးသည် ခေါင်းအုံးကို ယိုင်နဲ့နဲ့လေးမှီနေရင်း ကစားချင်စိတ်က ရှိသေးသည်။ အဖျားသွေးကြောင့် မျက်နှာလေးနီကာ မျက်လုံးလေးများ ရီဝေနေသော်လည်း အိပ်ရာထဲတွင် ငြိမ်သက်စွာ အိပ်မနေချင်ပေ။ ငုတ်တုတ်ကလေး ထထိုင်ပြီး အရုပ်ကားများကို လှမ်းဆွဲနေလေသည်။
“အေးကွာ၊ ကွက်လပ်ဖြစ်နေရတာတော့ မကောင်းပါဘူး၊ မကျေနပ်ပါဘူး"
ကိုတူးသည် ကားချပ်ကို တာတီးလေးဘက်သို့ တွန်းပို့လိုက်ရင်း မကျေမနပ် ရေရွတ်နေသည်။ စူးမာသည် အံဆွဲထဲတွင် ဟန်ဆောင်ပန်ဆောင် ရှာဖွေရင်း ကာတွန်းစာအုပ်များကြားထဲတွင် ညပ်နေသော ဆီးငန်စေ့တစ်ထုပ်ကို တွေ့ ရသဖြင့် ပျော်သွားသည်။ ကျောင်းမှ ဝယ်လာပြီးနောက် အံဆွဲထဲထည့်ကာ မေ့နေသော ဆီးငန်စေ့ ထင်သည်။ လုံးဝမဖောက်ရသေးသော အသစ်စက်စက်အထုပ်ကလေးဖြစ်လေသည်။
"ဟာ ဇိမ်ပဲ”
“တွေ့ပြီလားဟင်”
“တွေ့ပါဘူး”
“ဘာဖြစ်လို့လဲ”
“ဒီမှာ ဆီးစေ့တစ်ထုပ်”
"နင့်ဘိုးအေ ဆီးငန်စေ့"
ဆီးငန်စေ့ကို စူးမာလို တန်းတန်းစွဲမကြိုက်သောကိုတူးက မျက်နှာလေးရှုံ့သွားသည်။ စူးမာကမူ ဆီးနှံစေ့ထုပ်လေးကို ပါးစပ်နှင့်ကိုက်ဖွင့်လိုက်ပြီး ကိုတူးကို မျက်စိမှိတ်ပြသည်။ ထို့နောက် ဆီးစေ့တစ်စေ့ကိုထုတ်ပြီး ပါးစပ်ထဲ ပစ်သွင်းလိုက်သည်။ ထန်းလျက်နံ့မွှေးနေသော ဆီးမှုန့်များကို ချိုချဉ်လိုစုပ်ယူရင်း ကုလားထိုင်တွင် အကျအနထိုင်လိုက်လေသည်။ တမင်ဝှက်ထားသောပစ္စည်းကို ဆက်လက်ရှာဖွေရန် စိတ်မပါတော့ပေ။
"မျက်နှာမှာမှ ကွက်လပ်ဖြစ်နေတာ မကောင်းပါဘူး "
“အင်းနော် ဘယ်ကောင်းမလဲ၊ ကိုတူးမလိုချင်တော့ရင် စူးမာကိုပြန်ပေးလေ”
"တယ်သိတတ်တယ် ခွေးစူးမာ “
"အဟဲ ကိုတူးမလိုချင်ဘူးထင်လို့ပါ၊ လိုချင်ရင် ယူပေါ့။ ခေါင်းတစ်ခြမ်းပဲ့ကြီးနဲ့ လှလဲမလှ"
စူးမာသည် ခြေထောက်ကိုလွှဲ၍ ကစားနေရင်း မခံချိမခံသာပြောလေသည်။ မျက်မှောင်ကြီးကုပ်နေသော ကိုတူးကို ကြည့်ကာ အကျေနပ်ကြီး ကျေနပ်နေသည်။ စိတ်ထားရိုးရှာသော ကိုတူးခမျာ စူးမာကို လုံးဝ သံသယမဖြစ်ပေ။ ကားချပ်ဆက်နေသော တာတီးလေးကို ကူပြီး ဆက်ပေးနေသော်လည်း စိတ်ထဲတွင် မတင်မကျနှင့် ကသိကအောက် ဖြစ်နေပုံရလေသည်။
"အို သားသားက အိပ်နေတာမဟုတ်ဘူးကွယ်၊ ဘာလို့ထထိုင်နေတာလဲ၊ ခေါင်းမူးသေးလား သား"
မေမေသည် ကြက်သားစွတ်ပြုတ်ပန်းကန်ကို စားပွဲပေါ်သို့တင်လိုက်ရင်း တာတီးလေး၏နဖူးကို စမ်းကြည့်လေသည်။ မွှေးပျံ့သောရနံ့သည် ဝေ့ပြီးတက်လာသည်။ စူးမာသည် သူ့ရှေ့ရှိ ကြက်သားစွတ်ပြုတ်ရည်ကို တစ်ဇွန်းလောက်ခပ်ပြီး မြည်းစမ်းချင်စိတ်ပေါက်လာသည်။ တာတီးလေးကမူ စွတ်ပြုတ်သောက်ချင်ဟန် မရှိချေ။
"မေမေ တားတား ထမင်းဆာတယ်”
"အို သားလေး ဖျားနေတာ ထမင်းမစားရဘူး"
"ဆာတယ် မေမေ”
"စွတ်ပြုတ်သောက်နော် သား၊ ဟော...ချိုချိုလေး ချိုလိုက်တာ၊ သား သိပ်ကြိုက်မှာ”
မေမေသည် စွတ်ပြုတ်ပန်းကန်ကိုလှမ်းယူပြီး တစ်ဇွန်းမြည်းပြကာ တာတီးလေးအား ချော့နေသည်။ တာတီးလေးသည် ထမင်းကိုသာ အပြင်းအထန်တောင့်တပြီး စားချင်နေပုံရသည်။
“ထမင်း ဘယ်တော့စားရမှာလဲ မေမေ
“ဖြေးဖြေးပေါ့သားရယ်၊ ဟိုတစ်နေ့က သား ဆန်ပြုတ်သောက်တာတောင် အဖျားတွေ အရမ်းပြန်တက်တယ်လေ၊ သားသား ဘာအဖတ်မှ မစားမှ ဖြစ်မှာ၊ သားဖေဖေက မရဘူးတဲ့၊ တိုက်ဖွိုက်ဖြစ်နေတယ် ထင်တယ်တဲ့”
“တိုက်ဖွိုက်”
“အင်း တိုက် ဖွိုက်လေ”
“အဲဒါ ဘာလဲ မေမေ
"အဖျားတစ်မျိုးပေါ့သားရယ်၊ အူယောင်ငန်းဖျားပေါ့၊ ဒီနေ့မှ အဖျားမကျရင် သားသားကို တိုက်ဖွိုက်ဆေးကျွေးတော့မယ်လို့ ဖေဖေက ပြောနေတယ်၊ ကဲ သောက်နော်။ သားက စွတ်ပြုတ်သောက်မှ အားရှိမှာ၊ အားတွေအများကြီးရှိမှ ကျန်းမာမှာ။ သောက်နော် သား၊ အေး.. မေ့သားက လိမ္မာတယ်"
တာတီးလေးအား ချော့မော့ပြောနေသော မေမေ့မျက်နှာသည် နူးညံ့လှသည်။ မေမေ့အသံသည် ချိုသာလှသည်။ စူးမာသည် စွတ်ပြုတ်နံ့မွှေးမွှေးကို ရှူရှိုက်ရင်း မေမေ့ကို ငေးကြည့်နေမိသည်။ ထို့နောက် တိုက်ဖွိုက်ခေါ် အူယောင်ငန်းဖျားရောဂါအကြောင်းကို တွေးနေမိလေသည်။ ဖြစ်ရခြင်းဇစ်မြစ်ကို အသေအချာမသိသော်လည်း တိုက်ဖွိုက်ဖြစ်သူသည် ထမင်းနှင့် လချီကာ ခွဲခွာနေရသည်ကိုကား ကြားဖူးသည်။ ကမ္ဘာပေါ်တွင်ရှိသမျှ စူးမာကြားဖူးသောရောဂါများထဲတွင် ငတ်ရသည့် တိုက်ဖွိုက်ကို အကြောက်ဆုံးဖြစ်သည်။ တိုက်ဖွိုက်သာဆိုလျှင် တာတီးလေးသည်လည်း ထမင်းမစားရဘဲ အကြာကြီးနေရချေတော့မည်။ စူးမာသည် တာတီးလေးကိုကြည့်ရင်း စိတ်မကောင်းဖြစ်နေမိလေသည်။ တာတီးလေးခမျာ မည်မျှဆာလိုက်လေမည်နည်း။
* * *
“တား ဆာလိုက်တာ တိုတိုသူးရာ"
တာတီးလေး၏အသံက တိုးညှင်းလှသည်။ ပါးဖောင်းဖောင်းပြည့်ပြည့်လေးမှာ ချက်ချင်းပင် သွယ်ကျသွားသည်။ မျက်လုံးလေးလည်း ပြူးလာသည်။ နှုတ်ခမ်းလေးများမှာ ဖြူလျော်ပြီး အားနည်းလှလေသည်။
"ဆာရင် စွတ်ပြုတ်သောက်မလား ညီလေး၊ ကိုကိုယူပေးမယ်လေ”
"ဟင့် အင်း”
"စွတ်ပြုတ် ချိုချိုလေးလေကွာ”
"နံတယ် တိုတိုသူးရ"
တာတီးလေးသည် စွတ်ပြုတ်ရည်ကိုသာ နေ့စဉ်ရက်ဆက်သောက်ရသောအခါ ငြီးလာဟန်ရှိသည်။ ကြက်သားနံ့၊ ဆိတ်သားနံ့တို့ကို မခံနိုင်အောင်ဖြစ်နေပုံရလေသည်။
"ဒီလိုဆို ဟောလစ်သောက်မလား "
“မတောက်ချင်ပါဘူး”
စူးမာသည် တာတီးလေး၏ လက်ကလေးတစ်ဖက်ကို လှမ်းပြီးဆွဲကိုင်လိုက်မိသည်။ ဝတစ်နေသော လက်ချောင်းလေးများသည် အတန်ငယ်သွယ်သွားလေသည်။ တာတီးလေး ထမင်းငတ်နေသည်မှာ ဆယ့်ငါးရက်ရှိချေပြီ။ ထမင်းမစားရဘဲ ပေါင်မုန့်တို့ ဘီစကစ်တို့ စားရလျှင် တော်သေးသည်။ ခုတော့ တာတီးလေးခမျာ ဘာအဖတ်မျှ မစားရဘဲ အရည်သက်သက်ကိုသာ နေ့စဉ်ရက်ဆက် သောက်သုံးနေရရှာသည်ကတော့ သနားဖို့ကောင်းလှသည်။
“တာတီးလေးက ဘာစားချင်လို့လဲ”
"ချဉ်ပေါင်ကြော်ရယ်၊ ကြက်သားကြော်ရယ်၊ ထမင်းရယ်၊ နောက်ပြီး ချဉ်ရည်ဟင်း။ ဒေါ်ကြီးတက် တစ်ခါတစ်လေ လုပ်ပေးတဲ့ ရှောက်တီးတုပ်၊ နောက်ပြီး နောက်ပြီး ..."
တာတီးလေး၏မျက်လုံးလေးများသည် အရောင်တောက်လာပြီး လက်ချောင်းလေးများကို တစ်ခုပြီးတစ်ခုချိုးကာ ရေတွက်ရေရွတ်နေသည်။ ထမင်းပူပူနွေးနွေးနှင့် အချဉ်အစပ်များကို စားချင်သောအာသာ တမ်းတမ်းတတလေး ဖြစ်နေရှာလေသည်။ စူးမာသည် ပိန်ချောင်ချောင်လေးဖြစ်သွားသော တာတီးလေးကို သနားကြင်နာစွာ ငိုင်၍ကြည့်နေမိလေသည်။ စူးမာသာဆိုလျှင် မည်မျှပင်ဖျားပါစေ၊ ထမင်းစားချင်လာပါက မေမေ့အလစ်တွင် ထမင်းစားခန်းထဲဝင်ပြီး ခိုးစားပစ်တတ်သည်သာဖြစ်၏။ တခါလည်း အဖျားပျောက်စတွင် မျှစ်ချဉ်ဟင်းများ ခိုးစားဖူးလေသည်။ ကံကောင်းထောက်မသဖြင့် အဖျားအနည်းငယ်ပြန်တက်ရုံမှအပ ဘာမျှမဖြစ်ခဲ့ချေ။ ဟင်းအိုးထဲမှ မျှစ်ချဉ်ဟင်းများလျော့နေသည်ကိုလည်း ဒေါ်ကြီးသက်က လုံးဝသတိမထားမိသဖြင့် စူးမာ အဆူလည်းမခံခဲ့ရချေ။ တာတီးလေးခမျာမှာတော့ စူးမာတို့လို ထမင်းစားခန်းထဲ မဝင်နိုင်ချေ။ ဒီတစ်ခုတော့ မေမေ့ဂရုစိုက်ခံရသည်မှာ မကောင်းလှချေ။ အပေါ်ထပ်မှ အောက်ထပ်သို့ပင် မဆင်းရရှာဘဲ နှစ်ဆယ့်လေးနာရီ ခုတင်ပေါ်တွင်သာ အချိန်ကုန်ရရှာလေသည်။ စူးမာတို့သာဆိုလျှင် အတန်ငယ် အဖျားသက်သာလာပါက ခုတင်ပေါ်မှ ဆင်းပြေးတတ်သည်သာဖြစ်၏။ သို့သော် ဖျားပုံချင်းကတော့ မတူ။ စူးမာတို့ဖျားဖူးသည်မှာ ရိုးရိုးဖျား၊ တာတီးလေးကမှု အူယောင်ငန်းဖျား။
"အူယောင်ပြီး ငန်းဖျားတာနဲ့ ဘီစကစ်ကလေးတောင် မစားရတော့ဘူးတဲ့လား၊ မုန့်ကလေးလောက် စားတာတော့ အဖျားမတက်နိုင်ပါဘူး ကိုတူးရာ နော်”
“မေမေက ကျွေးလို့ရရင် ကျွေးမှာပေါ့ စူးမာရယ်၊ မရလို့ပေါ့”
တာတီးလေး၏လက်ချောင်းသွယ်သွယ်လေးများကို ညှစ်ကိုင်ရင်း စူးမာ မကျေမနပ် ဖြစ်နေမိလေသည်။ လူကြီးများသည် နေရာတကာ အစိုးရိမ်ကြီးတတ်သည်။ အထူးသဖြင့် မေမေတို့က ပိုပြီးစိုးရိမ်တတ်သည်။ နေရာတကာ ပိတ်ပင်တတ်သည်ကို စူးမာလည်းအသိ၊ ကိုတူးလည်းအသိဖြစ်သည်။ ယခုလည်း တာတီးလေးကို အစိုးရိမ်လွန်ပြီး အရည်ချည်းတိုက်နေခြင်းပေလောဟု စူးမာ သံသယဝင်နေမိလေသည်။
“အို မေမေတို့ကတော့ အမြဲစိုးရိမ်နေတာပဲ၊ ဘာများ မစိုးရိမ်တာရှိလဲ။ စူးမာ ဖျားတုန်းကလဲ ဘာမစားရဘူး၊ ညာမစားရဘူးနဲ့။ စူးမာက ဆာဆာနဲ့ မျှစ်ချဉ်ဟင်းတွေ တဝစားပြီး အိပ်ရာထဲ ဣနြ္ဒမေပျက် ပြန်အိပ်နေတာ။ မေမေက ဘာမှမသိ၊ မသိတော့လဲ ပြီးသွားတာပဲ။ အဖျားဆိုတဲ့ ခွေးအဖျား၊ ဝက်အဖျား၊ အဖျားစုတ် အဖျားနာကတော့ အချိန်တန်ရင် ပျောက်သွားတာပဲ။ နောက်ပြီး စူးမာ ဟိုတစ်ခါကလဲ ဖျားရင်းတန်းလန်း ထမင်းခိုးစားဖူးတာပဲ၊ ဘာမျှမဖြစ်ပါဘူး။ ကဲ”
"တားလဲ စားချင်တယ်”
“စူးမာနော်၊ ကလေးက ဆာပါတယ်ဆိုမှ"
ကိုတူးသည် စူးမာကို မျက်လုံးလေးပြူးကြည့်ရင်း ဟန့်တားလေသည်။ တာတီးလေးကမူ ကိုတူးကို ခပ်လျော့လျော့လေးမှီရင်းမှ မျက်နှာလေး မဲ့နေရှာသည်။ သူ့ဘေးပတ်လည်တွင် ကစားစရာများ ပတ်ချာ ဝိုင်းနေသည်။ အစိမ်းရောင်စစ်သားရုပ်သည် သေနတ်ကိုထမ်းရင်း ပက်လက်ကလေး လဲနေသည်။ စစ်သားလေးဘေးတွင် မီးရထားစက်ခေါင်းနှင့် သုံးဘီးကားဝါဝါလေးတို့သည် ကျွမ်းထိုးမှောက်ခုန်ဖြစ်နေကြသည်။ တာတီးလေး ထမင်းဆာဆာနှင့်မီးရထား၊ သုံးဘီးကားတို့ကို ခေါင်းချင်းဆိုင် တိုက်ပစ်ထားဟန်ရှိသည်။
"မေမေရော”
"ဈေးသွားတယ်လေ၊ တား ညနေကျရင် ဆေးထိုးရဦးမှာ၊ တိတ်နာတာပဲ”
“နာပါဘူးကွာ မင်းကလဲ၊ ယောက်ျားပဲ”
"တားက ကလေးတဲ့။ မေမေက ပြောတယ်”
“ကလေးပေမဲ့ ကလေးယောက်ျားကွ။ မနာရဘူး။ သတ္တိရှိရတယ်။ နာတာ၊ သတ္တိကြောင်တာက မမစူးတို့လို မိန်းမတွေအလုပ်”
“ကိုတူး နော်”
စူးမာသည် သူ့လက်ထဲမှ ဂေါ်လီလုံးနီနီလေးနှင့် ကိုတူးကို ပစ်ပေါက်လိုက်သည်။ ကိုတူးက ခေါင်းငုံ့ပြီး ရှောင်လိုက်၍ စောင်ကြားထဲ လိမ့်ဝင်သွားသည်။ စူးမာသည် နေရာမှ ဖြုန်းခနဲ ထကာ ကိုတူးကို ခုန်အုပ်လိုက်သည်။
"မယ်ဘယက်ကွ ... မယ်နက်ကွ... သတ္တိရှိတယ်နော်”
စူးမာက ကြားဖူးသော မိန်းမသူရဲကောင်းတို့၏အမည်ကို ရေရွတ်ကာ ဝုန်းခနဲ ခုန်အုပ်လိုက်သော်လည်း ကိုတူးသည် ဘာမျှမရေရွတ်ဘဲ ခုတင်ပေါ်မှ လှိမ့်ဆင်းလိုက်သည်။ ထို့ကြောင့် မိန်းမသူရဲကောင်း စူးမာခမျာ ခုတင်ပေါ်သို့ ကားရားလေး ကျသွားသည်။
“ဟား မမစူးကွ၊ တပ်တိရှိတယ်”
“ဟား ဟား မယ်နက်ကြီး အီသွားပြီလား”
တာတီးလေးနှင့် ကိုတူးတို့က ဩဘာပေးနေသော်လည်း စူးမာ ပြန်မထနိုင်သေး။ အိပ်ရာခင်းနှင့်စောင်အောက်မှ ခိုးလိုးခုလုများကို စမ်းမိသဖြင့် လက်ရှိုပြီး နှိုက်ကြည့်နေမိသည်။ သားရေကွင်းနှင့်ဂေါ်လီလုံး သုံးလုံးဖြစ်သည်။ ထို့နောက် ခဲတံအညိုလေးတစ်ချောင်း၊ ခဲဖျက်အဖြူလေးတစ်ခုကိုပါ တွေ့ရသေးသည်။
"တားတား ခဲတံလေး၊ ဟိုနေ့က တားအရုပ်ဆွဲရင်း ပျောက်တွားတာ "
“အေး၊ အဲဒီထဲမှာ ကောင်မလေးခေါင်းတစ်ခြမ်းပါ ရောက်ချင်ရောက်နေမှာ”
ကိုတူးက အရေးထဲ သူ့အရုပ်ကားမှ ကောင်မလေးဦးခေါင်းကို သတိရနေသေးသည်။ စူးမာသည် ကိုတူးအား လျှာထုတ်ပြရင်း ဟက်ဟက်ပက်ပက် ရယ်နေမိလေသည်။ စူးမာ အသေအချာ လုံလုံထုပ်ကာဝှက်ထားသော အရုပ်ကားပိုင်းလေးသည် တာတီးလေး၏အိပ်ရာထဲသို့ ဘယ်နည်းနှင့်မျှ ရောက်လိမ့်မည်မဟုတ်ချေ။
မီးဖိုချောင်မှ မွှေးပျံ့သောရနံ့သည် ဝေ့တက်လာသည်။ ဝက်အူချောင်းကြော်နံ့ ထင်သည်။ မေမေသည် ဖေဖေကြိုက်သော မိုးညိုဝက်အူချောင်းကို တကူးတကမှာပြီး မပြတ်စုထားလေ့ရှိသည်။ ဝက်အူချောင်း တိုတိုတုတ်တုတ်ကလေးများသည် ပုံသဏ္ဌာန်ကိုက ရှည်မျောမျောနေသော ရန်ကုန်ဝက်အူချောင်းများနှင့် မတူပေ။ အဆီရော အသားပါ ရောယှက်ပါသော်လည်း စားရသည်မှာ အရသာရှိလှသည်။ ချိုမြနေသည့်အတွက် ဖေဖေသာမက မမကြီးရော ကိုတူးတို့ မစူးတို့ရော အကုန်ကြိုက်ကြသည်သာဖြစ်၏။ အကဲဆုံးကား တာတီးလေးဖြစ်သည်။ ဝက်အူချောင်းကို ဘယ်တော့မှ တစ်ချောင်းနှင့်မဝချေ။ ထာဝစဉ် ထပ်တောင်းတတ်သည်။ ထို့ကြောင့် တာတီးလေးကိုမှီပြီး စူးမာတို့ပါ ဝေပုံကျ တစ်ချောင်းစီ ထပ်ပြီးရလေ့ရှိသည်။
“ဟော ဝက်အူချောင်းနံ့မွှေးတယ်”
တာတီးလေးသည် နှာခေါင်းလေးကို ရှုံ့ချီပွချီလုပ်ရင်း အနံ့ခံနေလေသည်။ နေ့စဉ်နေ့တိုင်း မနက်ပြန်ညပြန် ထမင်းစားနေရသော စူးမာပင်လျှင် အနံ့ရှုရင်း ထမင်းဆာလာသည်။ နှစ်ပတ်ကျော်ကျော် ထမင်းငတ်နေသော တာတီးလေးအဖို့မူ ဆိုဖွယ်ရာပင် ရှိမည်မဟုတ်။ မည်မျှ ထမင်းဆာလိုက်လေမည်နည်း။ မည်မျှသွားရေကျလိုက်လေမည်နည်း။
"စူးမာ ... ကိုတူး ... ထမင်းစားမယ်”
ဒေါ်ကြီးသက်၏အသံသည် တာတီးလေး၏နားထဲတွင် ဟိန်းသွားပုံရသည်။ "ဆာလိုက်တာ”ဟု ထပ်မပြောသော်လည်း မျက်နှာလေးငယ်သွားရှာသည်။ ဒေါ်သက်ယူလာသော စွတ်ပြုတ်ပန်းကန်ကို မှိုင်ငေးငေးလေး ကြည့်လေသည်။ စွတ်ပြုတ်ရည်တစ်ဇွန်းကို ခပ်သောက်ပြီး သက်ပြင်းလေးချလိုက်သည်။
"တား ဝက်အူချောင်း စားချင်လိုက်တာ”
ညည်းတွားသလိုပြောလိုက်သော အသံကြောင့် စူးမာရင်ထဲတွင် နင့်သွားသည်။ ထမင်းစားရန် အောက်ထပ်ဆင်းခဲ့ရသော်လည်း စွတ်ပြုတ်တစ်ပန်းကန်နှင့် မှိုင်တွေတွေလေးကျန်ခဲ့သော တာတီးလေးကို မြင်ယောင်နေလေသည်။ ကိုတူးလည်း မျက်နှာမကောင်းပေ။
"ကျွေးလို့ရရင် ငါမစားဘဲ အငတ်ခံပြီး ကျွေးလိုက်ချင်ပါတယ်ဟာ။ တာတီးလေး အရမ်းဆာနေတော”
ပန်းကန်ထဲမှ ဝက်အူချောင်းကြော်များကို တွေ့သောအခါ စူးမာ ပိုပြီးစိတ်မကောင်းဖြစ်သွားသည်။ ကိုတူးကမူ မျိုကျပုံမရတော့။ မွေးပျံ့သောရနံ့ကို ရှူရှိုက်ရင်း မျက်နှာငယ်ငယ်လေးနှင့် ညည်းညူလိုက်သော တာတီးလေး၏အသံကိုသာ ကြားနေဟန်ရှိသည်။
“ရပါတယ် ကိုတူးရ။ ထမင်းမှမဟုတ်ဘဲ ဝက်အူချောင်းပဲ။ တစ်ချောင်းထဲ အဆာပြေ ကျွေးမယ်လေ”
“တော်ကြာ အူပေါက်သွားရင် ဘယ်နှယ့်လုပ်မလဲ”
“ကိုတူးရ။ ဝက်အူချောင်းက အပ်ချောင်းကြီး၊ သံချောင်းကြီးမှ မဟုတ်တာ။ ဝါးပြီးမျိုချတာ ဘယ်လိုလုပ်ပြီး အူပေါက်နိုင်မှာလဲ။ မေမေတို့ အလကားစိုးရိမ်နေတာ။ စူးမာ ဖျားတိုင်း ခိုးစားနေကျ။ ဘာမှမဖြစ်ဘူး"
"သူ့ခမျာ အရမ်းဆာနေတာ”
"ဒါကြောင့် ရပါတယ်လို့ပြော?? ကိုတူးက မယုံဘူး”
စူးမာသည် ဝက်အူချောင်းကို တစိမ့်စိမ့်ကြေအောင် ဝါးနေရင်းမှ ကိုတူးကို တိုက်တိုက်တွန်းတွန်း ပြောနေမိလေသည်။ စူးမာ အပြောကောင်းသောကြောင့်လားတော့မသိ။ ကိုတူးသည် ဝက်အူချောင်းလေးတစ်ချောင်းကို တွေတွေဝေဝေကြည့်ရင်း အသာလေး ဘေးသို့ ဖယ်ထားလိုက်လေသည်။ တာတီးလေးစားချင်လှသော ဝက်အူချောင်းကို ကျွေးရန်အတွက် ကိုတူးကပါ သဘောတူပြီဖြစ်သောကြောင့် စူးမာကျေနပ်သွားသည်။ သူ့လက်ထဲသို့ ဝက်အူချောင်းလေးထည့်လိုက်လျှင် တာတီးလေးခမျာ မည်မျှဝမ်းသာရှာလေမည်နည်းဟု စဉ်းစားရင်း ပြုံးနေမိသည်။ တစ်မျက်နှာလုံး ရွှင်ပြုံးပြီး ဝက်အူချောင်းတစ်တောင့်လုံးကို တစ်ကိုက်တည်းနှင့် အပြီးဝါးပစ်လေမည်လား မပြောတတ်ပေ။
“ဟာ တားဖို့လား”
"အေး... မေမေတော့ မသိစေနဲ့”
နီရဲရဲ ဝက်အူချောင်းလေးကိုကြည့်ရင်း တာတီးလေး၏မျက်နှာညှိုးညှိုးလေးသည် ဝင်းထိန်သွားသည်။ မျက်လုံးလေးများပင် အရောင်တောက်လာသည်။ တံတွေးမျိုချရင်း လက်ကလေး လှမ်းပြီး ကမန်းကတန်းယူသည့် တာတီးလေးကိုကြည့်ရင်း စူးမာကျေနပ်နေသည်။ ကိုတူးမသိအောင် ထပ်ယူလာသောဝက်အူချောင်း နောက်ထပ်တစ်ချောင်းကို လက်ထဲတွင်ဝှက်ပြီး ဆုပ်ထားသည်။ ဆင့်ပါးစပ် နှမ်းပက်သလို ဆတ်တငံ့ငံ့ဖြစ်နေရှာမည်စိုးသောကြောင့်ဖြစ်သည်။ တာတီးလေး ထပ်တောင်းပါက ထုတ်ပေးရန် ဖြစ်လေသည်။ တာတီးလေးသည် ဝက်အူချောင်းနီနီရဲရဲ ကျွတ်ကျွတ်ရွရွကို တစ်ကိုက်ကိုက်ရန် ဟန်ပြင်လိုက်သည်။
“သားသားရေ ... ဟင် သား ဘာတွေ စား"
အခန်းထဲသို့လှမ်းဝင်လာသော မမကြီးသည် ရုတ်တရက် အံ့သြသွားသလို ရပ်တန့်သွားပြီးမှ အပြေးကလေးလျှောက်လာသည်။ တာတီးလေးလက်ထဲတွင် တင်းတင်းဆုပ်ထားသော ဝက်အူချောင်းလေးကို ဆွဲလုလိုက်ရင်း အော်နေလေသည်။
“ဘာလို့ ဒါတွေစားနေရတာလဲ၊ ဘယ်ကရသလဲ၊ သေသွားချင်သလား၊ ဟုတ်လား ကြည့်စမ်း"
မမကြီးလက်ထဲသို့ ဖျတ်ခနဲပါသွားသော ဝက်အူချောင်းကို ကြည့်ရင်း တာတီးလေးသည် ချက်ချင်း မျက်ရည်ဝိုင်းလာလေသည်။ အထိတ်တလန့်နှင့် ကြောင်နေသောကိုတူးအား အကူအညီတောင်းဟန်နှင့် ငိုမဲ့မဲ့လေး လှမ်းကြည့်လေသည်။
“ကိုတူး ဟင် ကိုတူး၊ ကလေးကို ဝက်အူချောင်းကျွေးပြီး သတ်မလို့လား”
မမကြီးသည် ဝက်အူချောင်းလေးကို ဖျတ်ခနဲ ပစ်ပေါက်လိုက်ရင်း ဒေါသသံနှင့် အော်လိုက်လေသည်။ ကိုတူးသည် ဘာမျြှပန်မပြောတတ်ဘဲ အားစေးထည့်ထားသူလို ငိုင်နေသည်။ ခုတင်အောက် လိမ့်ဝင်သွားသော ဝက်အူချောင်းလေးကိုကြည့်ရင်း စူးမာကမူ မျက်ရည်ရစ်ဝဲလာသည်။ ဝက်အူချောင်း ပိစိညှောင့်တောင့်ကလေးတစ်ချောင်းလောက် စားရုံနှင့်တော့ တာတီးလေး သေနိုင်လိမ့်မည်ဟု စူးမာမထင်မိပါချေ။
“တိုက်ဖွိုက်ဖြစ်ပါတယ်ဆိုမှ ဝက်အူချောင်း ခိုးကျွေးကြသတဲ့။ ဉာဏ်ကြီးရှင်တွေ၊ အဖတ်စားလို့မရဘူးဆိုတာ မသိဘူးလား”
မမကြီး၏အသံကြောင့် ဈေးမြှပန်ရောက်စ မေမေကလည်း အိမ်ပေါ်ထပ်သို့ ကမန်းကတန်း ပြေးတက်လာသည်။ အကြောင်းစုံသိသောအခါတွင်ကား ရင်ပတ်စည်တီး အော်လေတော့သည်။
“ဘုရား ဘုရား ကံကြီးလွန်းလို့ပါလား။ အမယ်လေး လေး ငါ့သားလေး၊ သေတွင်းထွက်ကလေး၊ ကံကောင်းလွန်းလို့မသေတာ။ ဟင် ကိုတူး ကိုယ့်ညီလေးကို ကိုယ်သတ်မလို့လား။ အမိုက်တုံး၊ ဉာဏ်မရှိတဲ့ ပုစွန်ခေါင်း”
မေမေသည် ကိုတူးကိုပြောရင်းဆိုရင်း ဒေါသနှင့် ဆောင့်တွန်းလိုက်သည်။ ကိုတူးသည် နောက်ဘက်သို့ယိုင်သွားရင်း မေမေ့ကို ရီဝေစွာ မော့ကြည့်လေသည်။
“တာတီးလေး သိပ်ဆာနေလို့ပါ မေမေရယ်။ အာသာပြေ နည်းနည်းလေး"
“တော်စမ်း နင့်ခေါင်းထဲမှာ ချေးစုနေသလား။ တိုက်ဖွိုက်ဖြစ်နေတဲ့လူကို အစာကျွေးတာ သတ်တာပဲ။ နင်ဒီလောက် ဉာဏ်မရှိဘူးလား ခွေးလိုကောင်"
စူးမာသည် ဗီရိုလေးကိုမှီကာ မတ်တတ်ရပ်နေရင်း ခေါင်းငုံ့ထားမိသည်။ စင်စစ်အားဖြင့် တရားခံအစစ်သည် စူးမာဖြစ်သည်။ ကိုတူးကို မရမက တိုက်တွန်းပြီး ကျွေးခဲ့စေခြင်း ဖြစ်သော်လည်း ပြဿနာဖြစ်သောအခါ ထုံးစံအတိုင်း ကိုတူးသာ ခေါင်းတပ်ပြီး အဆူခံရတော့သည်။ စူးမာသည် ကြမ်းပြင်ကိုငုံ့ကြည့်နေရင်း ဒေါသတကြီးပြောနေသော မေမေ့အသံများက နားထဲသို့ လှိမ့်ဝင်လာနေလေသည်။ မျက်လုံးတွင် မျက်ရည်ကြည်များ စိမ့်အိုင်ပြီး ကြမ်းပြင်ကိုပင် ဝါးတားတားသာ မြင်ရတော့သည်အထိ တုတ်တုတ်မျှမလှုပ်ဘဲ အသံမထွက်ဘဲ ငြိမ်သက်စွာ မတ်မတ်လေး ရပ်နေမိလေသည်။
“ကိုယ့်ညီလေးများ ကိုယ်ပြန်ပြီး သေအောင်လုပ်တာလား၊ သတ်တာလား၊ ဒီလောက်ပဲ မုန်းနေရသလား”
“မေမေ၊ ကျွန်တော့်ကို ဒီလိုမပြောနဲ့”
ကိုတူးသည် ရုတ်တရက် နာကြည်းစွာ ထအော်လိုက်သည်။ ညိုးငယ်နေသောမျက်လုံးလေးများသည် ညို့ညို့မှိုင်းနေလေသည်။ နှုတ်ခမ်းကို တင်းတင်းစေ့ကာ မေမေ့ကို တည့်တည့် ရင်ဆိုင်ကြည့်နေသည်။ မေမေသည် ရုတ်တရက်အံ့အားကြီးသင့်ကာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။
“ကျွန်တော့်ကို ဒီလိုမပြောနဲ့မေမေ၊ ကျွန်တော်လုပ်တာ မှားချင်မှားမယ်၊ ဒါပေမဲ့ မုန်းလို့ လုပ်တာမဟုတ်ပါဘူး၊ မုန်းလို့လုပ်တာတော့မဟုတ်ပါဘူး”
ကိုတူးသည် မျက်နှာလေးနီရဲလာကာ အသံကုန် အော်လိုက်သည်။ စူးမာ လန့်သွားပြီး လက်ထဲမှ ဝက်အူချောင်းလေးကို စိစိပါအောင် တင်းတင်းဆုပ်ထားလိုက်မိလေသည်။ တာတီးလေးသည်ပင် လန့်ဖျပ်ပြီး အငိုတိတ်သွားလေသည်။ ?? သူ့ကို ပြန်လှန်အော်ဟစ်လိုက်သော သားကို ကြည့်ရင်း ကြက်သေ သေနေသည်။
“ကိုတူး ကြည့်စမ်း... ကြည့်စမ်း၊ အမေကို ခံအော်ရသလား။ ခံပြောရသလား။ အမိုက်ကောင်ကလေး၊ အဝီစိချိုးကပ်မဲ့ ငရဲအိုးလေး"
မမကြီးသည် လက်ကို ဝှေ့ယမ်းကာ ကြိတ်မနိုင်ခဲမရ ပြောနေသည်။ ထိုစဉ်တွင် ကိုတူးသည် ချာခနဲလှည့်ပြီး အခန်းထဲမှ ပြေးထွက်သွားလေသည်။ အောက်ထပ်သို့ တဒိုင်းဒိုင်းပြေးဆင်းသွားသော ခြေသံကို နားစိုက်ထောင်ရင်း စူးမာ၏မျက်လုံးအိမ်တွင်းမှ မျက်ရည်ပေါက်ကြီးများ လိမ့်ဆင်းလာလေသည်။
ဇာတ်သိမ်းပိုင်းဆက်ရန်
--------------------
#မစန္ဒာ
Comments