အပိုင်း(၈)
“သီတင်းကျွတ် ကန်တော့ချင်လို့ ဈေးသွားကြတယ်ဆိုတာ ကောင်းတော့ကောင်းပါတယ်၊ ဒါပေမဲ့ ဒီလိုမလုပ်သင့်ဘူးဆိုတာ သိသင့်တယ်။ အထူးသဖြင့် တာတီးလေးကိုပါခေါ်သွားပြီး လဲကြကွဲကြတာကတော့ သိပ်ဆိုးတာပေါ့။ တကယ်လို့ ကားရှေ့မှာ မှောက်လဲကြတယ်တဲ့ သေမကုန်ပေဘူးလား”
ဖေဖေ့မျက်နှာသည် နီနေသော်လည်း လေသံကို အေးအောင် ကြိုးစားပြီးပြောလေသည်။ တာတီးလေးသည် မေမေ့ပေါင်ပေါ်တွင်ထိုင်ရင်း ဒူးကိုပွတ်နေသည်။ သူ့နှုတ်ခမ်းသည်လည်း ယခုမှပင်ယောင်ပြီး ဖူးလာလေသည်။ အပေါ်နှုတ်ခမ်းလေး ဖူးဖူးယောင်ကာ ထော်ထွက်နေသော တီးလေးသည် ဂဠုန်ပေါက်စလေးနှင့်တူပြီး ရယ်စရာကောင်းနေလေသည်။ သို့သော်လည်း စူးမာ မရယ်ရဲ။ ရယ်လည်းမရယ်ချင်သေး။ အကြံအစည်လည်းအကုန်ပျက်၊ ပိုက်ဆံများလည်း တစ်ဝက်နီးပါးပျောက်၊ ထို့ပြင် အဆူလည်းခံရသောအခါ ရယ်ချင်စိတ်မရှိတော့ချေ။
“ကိုတူး"
ဖေဖေ့အသံက ရုတ်တရက် မာလာသည်။ ဖေဖေ့ရှေ့တွင် စူးမာရော ကိုတူးပါ လက်ကလေးတွေပိုက်ပြီး မတ်တတ်ရပ်နေကြရသည်။ စူးမာတို့ရှေ့တွင် ဖေဖေသည် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ သူ့စိတ်ကို သူငြိမ်အောင် ထိန်းနေဟန်ရှိသည်။ အိမ်ထဲတွင် အေးအေးစွာ ရှိလိမ့်မည်ဟုထင်သော သားသမီးသုံးဦးကို မြို့လည်ခေါင်၌ အလဲလဲအကွဲကွဲနှင့် ရုပ်ပျက်ဆင်းပျက်တွေ့လိုက်ရသဖြင့် ဖေဖေသည် အတော်လေးစိတ်လှုပ်သွားသည်ထင်သည်။
“ဒီကိစ္စမှာ မင်း အကြီးဆုံး၊ မင်း ခေါင်းဆောင်"
ကိုတူးသည် ဘာမျှမပြောဘဲ မျက်လုံးလေး အောက်စိုက်ထားလေသည်။ စူးမာသည် ကိုတူးကို စွေကြည့်ရင်း စိတ်မကောင်းဖြစ်သွားသည်။ စင်စစ်အားဖြင့် ကိုတူးကို အခါပေးဦးပုညလုပ်သူမှာ စူးမာဖြစ်သည်။ သို့သော် ဘာကိစြ္စဖစ်ဖြစ် အသက်တစ်နှစ်ကြီးသော ကိုတူးသည် ထာဝစဉ် ခေါင်းတပ်ပြီး အဆူခံရလေ့ရှိသည်။
“မင်းခေါင်းထဲမှာ ဉာဏ်ဆိုတာမှရှိရဲ့ လား၊ ဘာလုပ်လိုက် လုပ်လိုက် တလွဲချည်းပဲ။ ဘာဖြစ်လို့ မှန်မှန်ကန်ကန် မတွေးတတ်၊ မလုပ်တတ် ဖြစ်နေတာလဲ ဟင်”
စူးမာ ပင့်သက်ရှိုက်လိုက်မိသည်။ အကယ်၍သာ စူးမာတို့သုံးဦးကို ဖေဖေမြို့ထဲတွင် တွေ့သည်ဖြစ်စေဦး၊ ပစ္စည်းများကို ဝယ်ခြမ်းအပြီး ပြုံးပြုံးရွှင်ရွှင်နှင့်ဆိုလျှင် ဖေဖေဒီလောက် စိတ်ဆိုးမည်မဟုတ်ဟု စူးမာထင်သည်။ ခုတော့ အလဲလဲ အပြိုပြို တွေ့လိုက်ရသောကြောင့် ပြဿနာကြီး ဖြစ်သွားလေသည်။ စူးမာတို့တွင်လည်း ပုဒ်မတပ်၍မရသော အပြစ်များ တစ်ထိုင်တည်း တိုးသွားလေသည်။
“လူကြီးတွေမသိအောင် အပြင်ကိုထွက်တာက တစ်ပြစ်၊ သားသားကိုပါခေါ်သွားတာက တစ်ပြစ်၊ နောက်ပြီး လဲကြကွဲကြ ကံကောင်းလွန်းလို့တွေ့တာ။ နို့မို့သာဆိုရင် ကားတိုက်လို့ သေနေကြဦးတော့ ဘယ်သူ့သားသမီးမှန်းတောင်သိမှာမဟုတ်ဘူး။ လုပ်လိုက်ရင်မဟုတ်တာချည်းပဲ၊ တလွဲချည်းပဲ”
စူးမာ နားထောင်ရင်း ဝမ်းနည်းလာသည်။ ဖေဖေတို့အနေနှင့် မိဘနှစ်ပါးကို ကန်တော့ချင်လွန်းသဖြင့် ဒုက္ခခံပြီးသွားကြရသော စူးမာတို့၏စေတနာကို လုံးဝသဘောမပေါက် နားလည်ဟန်မရှိချေ။ ငါးပိ ငါးချဉ်လိုကျပ်သိပ်နေသော ကားပေါ်တွင် အီးနံ့ရှူရင်း မည်သူမျှ အပျော်လိုက်စီးမည်မဟုတ်ကြောင်းကို ဖေဖေသိစေချင်သည်။ ကားပေါ်မှလည်း မည်သူမျှ လိမ့်ကျချင်ကြမည်မဟုတ်။ မူးစုပဲစုနှင့် တတိတိစုလာသော စုဘူးထဲမှပိုက်ဆံလေးများကိုလည်း မြို့လည်ခေါင်တွင် သွားပြီး ရွှေမိုးငွေမိုး ရွာပစ်ချင်မည်မဟုတ်။ မတတ်နိုင်လွန်းသဖြင့် ဒုကြ္ခဖစ်ရသည်။ ထိုဖြစ်သွားသောဒုက္ခအပြင် အပိုဆုအဖြစ် အဆူအပူခံရသည်။
“ကြပ်ကြပ်သတိထားပြီး ကောင်းကောင်းနေပါ ကိုတူး၊ ဟုတ်လား၊ စူးမာ ကြားလား”
“ဟုတ်ကဲ့”
စူးမာသည် လေသံတိုးတိုးလေးနှင့် ပြောလိုက်သည်။ ကိုတူးကမူ ခေါင်းကို လေးပင်စွာ ညိတ်ပြသည်။ ဖေဖေက သွားခွင့်ပြုလိုက်သောအခါ နှစ်ဦးသား လေးကန်စွာ ထွက်လာကြသည်။ စူးမာသည် ရစ်ဝဲနေသောမျက်ရည်များ ပြန်ဝင်သွားစေရန် မျက်တောင်တဖျတ်ဖျတ် ခတ်နေမိသည်။ စူးမာငိုမိမည်ကို စိုးရိမ်နေသည်။ ပြန်ကြဲကျန်ခဲ့သောပိုက်ဆံများကိုလည်း နှမြောသည်။ မျက်နှာမရသည့်အပြင် အဆူပါခံရသည့်အတွက် ပိုပြီးဝမ်းနည်းသည်။ သို့ပါသော်လည်း ငိုမည်စိုးသောကြောင့် မနည်းကြီး တင်းထားမိသည်။
“ကန်တော့ဖို့ ပစ္စည်းဝယ်တယ်ဆိုတာ ဟုတ်ချင်မှဟုတ်မှာ သိလား၊ သက်သက်လွှဲပြောတာ ဖြစ်ချင်ဖြစ်မှာ၊ အလတ်နှစ်ကောင်က ခပ်ဆိုးဆိုးရယ်။ ဘယ်တုန်းကများ ဒီလောက်လိမ္မာဖူးလို့လဲ”
အခန်းထဲတွင် ကျန်ရစ်သော ဖေဖေသည် မေမေ့ကို လှမ်းပြောလိုက်သည်။ နားပါးသောစူးမာသည် ကြားဖြစ်အောင်ကြားလိုက်မိပြီး ရင်ထဲတွင် နင့်ခနဲဖြစ်သွားလေသည်။ တဖျတ်ဖျတ်ခတ်နေသော မျက်တောင်ရှည်များသည် ရပ်သွားပြီး ငေးစိုက်စိုက်နှင့် ကိုတူးကို ကြည့်နေမိသည်။ ထိုစဉ်တွင် မျက်ရည်ပူများသည် စူးမာ၏မျက်လုံးအိမ်တွင် အိုင်ထွန်းပြီး စီးကျလာကြလေသည်။
ကိုတူးသည် နာကျင်စွာအရိုက်ခံလိုက်ရသူကဲ့သို့ ရုတ်တရက် ယိုင်သွားသည်။ အောက်နှုတ်ခမ်းကိုဖိကိုက်ရင်း စူးမာအား တွေဝေစွာကြည့်နေမိစဉ်တွင် သူ့မျက်လုံးများသည် မှုန်မှိုင်းရီဝေလာလေသည်။
"စူးမာလေး မငိုနဲ့၊ မငိုပါနဲ့ဟာ”
ကိုတူးသည် စူးမာ၏ပခုံးကို တင်းတင်းလေးဖက်လိုက်ကာ ညင်သာစွာပြောလေသည်။ မရှိုက်ဘဲနှင့်ငိုနေသော စူးမာ၏ပါးပြင်မှ မျက်ရည်များကို သုတ်ပေးသော ကိုတူး၏လက်ချောင်းလေးများသည် အေးစက်နေလေသည်။
စူးမာတို့နှစ်ဦးသား ထုံးစံအတိုင်းပင် မန်ကျည်းပင်ကြီးအောက်သို့ ရောက်လာလေသည်။ မန်ကျည်းပင်စည်ကြမ်းရှရှကို ကျောမှီထိုင်ရင်း ငြိမ်သက်စွာ ငေးမိနေကြသည်။ တဖြုတ်ဖြုတ်ကြွနေသော မန်ကျည်းပွင့် ဝါဝါလေးများသည် လေဝယ် လွင့်ဝဲနေလေသည်။ စူးမာသည် တဝဲဝဲလွင့်နေသော ပွင့်ဖတ်လေးများကို ငေးကြည့်နေရင်း ဖေဖေ့အသံကို ထပ်ခါတလဲလဲ ကြားယောင်နေမိလေသည်။
“ဖေဖေတို့ မေမေတို့တတွေ ဘယ်တော့များမှ ငါတို့နှစ်ယောက်ကို အထင်ကြီးလာမလဲ၊ အကောင်းထင်လာပါ့မလဲ မသိဘူးနော်”
အတန်ကြာသောအခါမှ ကိုတူးက တုန်ယင်သောအသံနှင့် ပြောလေသည်။ စူးမာသည် ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်မိသည်။
“မသိပါဘူး ကိုတူးရယ်”
“အဲဒီနေ့ကျရင်လေ ကောင်းကင်မှာ နေနှစ်စင်းထွက်လိမ့်မယ် သိလား”
“နေနှစ်စင်းလဲ ဘယ်တော့မှ ထွက်မှာမဟုတ်ပါဘူး ကိုတူးရယ်၊ မေမေတို့ကလဲ စူးမာတို့ကို ဘယ်တော့မှ အကောင်းထင်မှာမဟုတ်ပါဘူး”
ကိုတူးသည် သက်ပြင်းကို ဟင်းခနဲချလိုက်ခါ မျက်လုံးများကို စုံမှိတ်ထားလိုက်လေသည်။ သူ့မျက်လုံးအိမ်တွင် ရစ်ဝဲလာမည့်မျက်ရည်ကြည်များကို စူးမာအား မမြင်စေလိုသည့်အတွက် မှိတ်ထားလိုက်ခြင်းဖြစ်လေသည်ကို စူးမာသိလိုက်သည်။
စူးမာသည် မန်ကျည်းခေါက်ညိုမဲမဲများကို လက်နှင့်စမ်းနေရင်း ကောင်ကင်ပြင်ကို မော့ကြည့်နေမိသည်။ အနောက်တောင်ဘက်တွင် မိုးသားရိပ်ရိပ်တက်လာလေသည်။ မဲမှောင်သောမိုးတိမ် မိုးမြူပါးပါးလေးများသည် လေနှင်ရာဘက်သို့ အပြေးလေး ရွေ့လျားနေကြလေသည်။ တိမ်တောင်တိမ်လိပ်မဲမဲကြီးများသည်ကား အောက်ဘက်သို့ တအိအိ ပြိုဆင်းလာနေဟန်ရှိသည်။
“ကိုတူးရေ မိုးရွာမလား မသိဘူး”
“အင်း ရွာမယ်ထင်တယ်။ ဒါပေမဲ့ အိမ်ထဲကိုတော့ ပြန်မဝင်ချင်သေးဘူး”
“မိုးရွာထဲမှာ နေမလို့လား၊ အဆူခံရဦးမှာပေါ့”
"မန်ကျည်းပင်ကြီးပေါ်မှာ အိမ်ကလေးဆောက်ပြီးဇိမ်ပဲ၊ ငါ အဲဒီမှာပဲနေမယ်”
“ဘယ်တော့မှ ဆောက်မှာလဲ”
"ဆောက်မယ်ဟ၊ ဟိုခွကြားကြီးမှာ ပျဉ်ပြားကိုယှက်ထိုးလိုက်ရင် အတော်ပဲ”
စိမ်းညို့ညိမန်ကျည်းရွက်ကလေးများသည် လေထဲတွင် တဖျတ်ဖျတ် ယမ်းခါနေလေသည်။ အဆုံးအစမရှိအောင် အထက်ဘက်သို့ လွင့်ပါးထိုးတက်သွားဟန်ရှိသော မန်ကျည်းပင်မြင့်မြင့်ကြီးသည် စူးမာတို့အား ငုံ့ကြည့်နေဟန်ရှိလေသည်။
"ငါ ဟိုတစ်နေ့က သစ်ပင်တက်ကြည့်တာ ဘယ်အထိရောက်တယ် ထင်သလဲ”
"ဘယ်အထိ"
စူးမာက မျက်စလေးချီကာ မေးလိုက်သည်။ မှိုင်းညို့နေသော ကိုတူး၏မျက်လုံးလေးများသည် ရုတ်တရက် အရောင်တောက်လာလေသည်။
“ဟို ဂွကြားကြီးအထိ”
“ဟယ် အမြင့်ကြီး"
" နင် နေ့ခင်း မမကြီးနဲ့စကားပြောနေတုန်း ငါတစ်ယောက်ထဲ လာတက်ကြည့်တာ”
“ကိုတူး မကြောက်ဘူးလား
“နဲနဲတော့ကြောက်တယ်၊ ဒါပေမဲ့ အပေါ်ကနေ အောက်ကိုကြည့်ရတာ သိပ်ကောင်းတာပဲ။ လေကလဲ သိပ်တိုက်တယ်၊ သစ်ရွက်တွေကလဲ တရှဲရှဲနဲ့"
“မေမေသိရင် ဆူမှာ”
“မေမေ မဆူတာ ဘာရှိလို့လဲ”
ကိုတူးသည် ပခုံးကိုတွန့်လိုက်ရင်း ပြောသည်။ ကိုတူး ဆံပင်များ အနည်းငယ်ပြန်ရှည်လာပြီဖြစ်၍ ကြည့်ရသည်မှာ အတော်လေး အဆင်ပြေလာသည်။ ယခင်ကလို ပြောင်စီစီနှင့် လူပြက်ရုပ် ထွက်မနေတော့ချေ။
“ကိုကိုအောင်က ပြောတယ်၊ ကိုတူးကို သစ်ပင်မတက်စေနဲ့တဲ့”
“ဘာဖြစ်လို့”
"ဘဘသွင်မြင်ရင် ရူးရတဲ့အထဲ တစ်ခါထဲ သွက်သွက်ခါသွားမယ်တဲ့”
"ဟုတ်လား၊ ဒါပေမဲ့ သူ့ရှေ့မှာ တက်မှာမှမဟုတ်ဘဲ၊ ကိစ္စမရှိပါဘူးဟာ”
စူးမာသည် မန်ကျည်းခေါက်ကို လက်သည်းနှင့် ကုတ်ကာ ခွာယူနေသည်။ ဖျတ်ခနဲ ပဲ့လာသောအခါ လေထဲသို့လွှဲကာ ပစ်ပေါက်လိုက်လေသည်။ လတ်လတ်လောလော အဆူခံထားရသည့်ကိစ္စကို နှစ်ဦးသား မမေ့သေးသော်လည်း မေ့ချင်ဟန်ဆောင်နေကြသည်။ တစ်ဦးနှင့်တစ်ဦး ဝမ်းနည်းနေသော်လည်း စကားကိုလွှဲကာ ပြောနေမိသည်။ တစ်ဦးနှင့်တစ်ဦး မနှစ်သိမ့်နိုင်သည့်အတူတူ မေ့နေသည်က အများကြီးပိုကောင်းပေသည်။
“ငါ စဉ်းစားနေတယ်”
“အင်း”
"ငါတို့တွေ တစ်ခုခု တလွဲလုပ်တယ်ဆိုပါတော့၊ မေမေတို့လဲ စိုးရိမ်တာပဲ၊ ဖေဖေလဲစိုးရိမ်တာပဲ၊ နောက်ပြီး ဘဘသွင်နဲ့ ကြီးကြီးလဲစိုးရိမ်တာပဲ၊ ဒါပေမဲ့ မတူဘူးသိလား”
“ဘယ်လိုလဲ”
“မေမေစိုးရိမ်တာက နေရာတကာ အကုန်ပိတ်ပင်ထားတယ်”
"အင်း”
“ဖေဖေကတော့ ပြဿနာဖြစ်လာရင် ဆူတော့တာပဲ၊ နောက်ပြီး သတိကြပ်ကြပ်ထား ဆိုပြီး အဆုံးသတ်လိုက်ရော"
“အင်း”
"ကြီးကြီးကတော့ တခါမှလဲ မပိတ်ပင်ဘူးနော်၊ ဆူလဲ မဆူဘူး၊ ချော့ပြီးပြောတယ်၊ ပြီးလဲပြီးရော သူ့စကားက နားထဲမှာစွဲကျန်ရစ်ရော”
“အင်း”
ကိုတူးသည် အိမ်ဘက်သို့ ငေးမျှော်ကြည့်နေလေသည်။ ထမင်းစားခန်းထဲမှ ဖေဖေနှင့် မေမေတို့၏သဏ္ဌာန်ကို မြင်နေရသည်။ သူတို့နှစ်ဦးသည် ကော်ဖီအတူသောက်ကြရင်း အလတ်နှစ်ကောင်အကြောင်းကို ဆွေးနွေးနေကြသည်ထင်သည်။ ကိုယ့်ဟာကိုယ် ဈေးသို့သွားခြင်းကိုပင် မိဘများအတွက် ပစ္စည်းဝယ်ရန်ဟု လိမ်လည်ပြောသည်ဟု ထပ်ပြီး ပြောနေကြရော့သလားဟု တွေးမိသောအခါ ကိုတူး၏မျက်လုံးများသည် ညှိုးငယ်ပြီး မှုန်မှိုင်းလာပြန်လေသည်။ ရင်ထဲတွင်နင့်ပြီး နာနာကျင်ကျင်ကြီးဖြစ်နေ၍ အသက်ကို တဝကြီးရှိုက်ကာ ရှူလိုက်မိလေသည်။
"စိတ်ထဲမှာ တစ်မျိုးကြီးပဲဟာ”
ကိုတူးသည် သူ့ခြေထောက်နားကျလာသော မန်ကျည်းပွင့်ဖြူဝါဝါလေးကို ခြေနှင့်နင်းချေလိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကိုသတိရသလို မန်ကျည်းပင်စည်ရင်းတွင် အတွင်းသို့လှိုက်နေသော အခေါင်းလေးထဲသို့ လက်နှိုက်လိုက်သည်။ ထိုသစ်ခေါင်းလေးထဲတွင် စူးမာတို့ငယ်ငယ်က လက်လျှိုပြီး ပန်းကန်ကွဲများထည့်ကာ ရတနာသိုက်လုပ်လေ့ရှိသည်။ ကြီးလာသောအခါတွင်ကား ယင်းသစ်ခေါင်းလေးကို သိပ်ပြီးအသုံးမပြုကြတော့ပေ။
“စူးမာ နင်ပြန်တော့လေ”
“ဘာဖြစ်လို့”
"ပြန်တော့လို့ဆို”
"အို ဘာဖြစ်လို့”
"ငါ ဆေးလိပ်သောက်မလို့”
"ဟင်”
ကိုတူးလက်ထဲတွင် စီးကရက်ဘူးလေးနှင့် မီးခြစ်တစ်ဘူး အဆင်သင့် ပါလာလေသည်။ စီးကရက်တစ်လိပ်ကို ဆွဲထုတ်ပြီး ဟန်ပါပါနှင့် ခဲလိုက်သည်။ ထို့နောက် မီးခြစ်ကို ရှဲခနဲ ခြစ်လိုက်လေသည်။
“ဟင် ကိုတူး၊ ကိုတူး"
စူးမာသည် ကယောင်ချောက်ချားလေး အော်နေမိလေသည်။ စီးကရက်မှဝေ့တက်လာသော မီးခိုးလေးများသည် အပေါ်ဘက်သို့ ပျံ့လွင့်ပြီး တက်သွားကြသည်။
“စိတ်ညစ်ရင် စီးကရက်သောက်ကြည့်တဲ့၊ ခေါင်းနောက်နေတာတွေ ပျောက်ကုန်ရော"
“ဘယ် ဘယ်သူက ပြောလဲ”
"သိန်းထိုက်”
“ဟင်”
ကိုတူးသည် စီးကရက်ကို ဟန်ပါပါ ဖွာရှိုက်လိုက်ပြီး ရုတ်တရက် မွန်းသွားသည်။ တဟွတ်ဟွတ်နှင့် ချောင်းဆိုးနေလေသည်။
“တိုင်ပြောမယ် အကုန်တိုင်ပြောမယ်၊ မေမေနဲ့ရော ဖေဖေနဲ့ရော မမကြီးနဲ့ရော ကြီးကြီးနဲ့ရော ဘဘသွင်နဲ့ရော ကိုကိုအောင်နဲ့ရော”
စူးမာသည် ရုတ်တရက်ခုန်ထကာ ဒေါသတကြီး အော်လိုက်သည်။ လက်ကိုဝှေ့ယမ်းပြီး ကိုတူးနားသို့ ကပ်သွားသည်။ သိန်းထိုက်၏အရိပ်ယောင်များသည် ကိုတူး၏နှလုံးသားဖြူဖြူလေးတွင် ထင်ဟပ်နေလေပြီလားဟု စိုးရိမ်စိတ်နှင့် တုန်လှုပ်နေသည်။
"ငါ စိတ်ညစ်လို့ပါ စူးမာရာ၊ စိတ်ညစ်တာများပျောက်မလားလို့၊ ကဲ ကဲ မသောက်တော့ဘူး၊ မတိုင်နဲ့"
ကိုတူးသည် ချောင်းတဟွတ်ဟွတ်ဆိုးရင်း သူ့လက်ထဲမှ စီးကရက်ကို လွှင့်ပစ်လိုက်သည်။ စူးမာသည် မြေပေါ်သို့ ဖုတ်ခနဲ ကျသွားသော စီးကရက်ကို ငေးကြည့်ရင်း ငိုချင်နေလေသည်။ စူးမာအနေနှင့် ကိုတူးကို ဘယ်နှခါများ တားနိုင်လေမည်နည်း။
* * *
"စီးကရက်သောက်ရင် စိတ်ညစ်တာ ပျောက်သတဲ့လား။ ဒါကို မင်းယုံသလား ကိုတူးဟင်”
ကိုကိုအောင်သည် မီးမသေသေးသော စီးကရက်တိုကို ခြေနှင့် နင်းချေရင်း မေးသည်။ မျက်နှာက ပြုံးနေသော်လည်း ကိုကိုအောင်၏မျက်လုံးများသည် ကိုတူးကို တည့်တည့် စူးစိုက်ကြည့်နေလေသည်။ ကိုတူးက ဘာမျြှပန်မဖြေသောအခါ လက်ထဲရှိစီးကရက်ဘူးကို ဖျတ်ခနဲ ဆွဲယူလိုက်သည်။ ဆယ်လိပ်ဝင်ဘူးလေးထဲတွင် စီးကရက်သုံးလိပ်သာ ကျန်တော့သည်။
"စူးမာရော"
"အိမ်ထဲမှာ တာတီးလေးနဲ့ တူတူပုန်းတမ်း ကစားနေကြတယ်ထင်တယ်”
"အပြင်ဘက်မှာ မကစားဘူးလား၊ အဆန်းပဲ”
“တာတီးလေး အဖျားနည်းနည်းရှိလို့တဲ့။ မေမေက ခြံထဲ မဆင်းရဘူး၊ အိမ်ပေါ်မှာပဲ ကစားရမယ်တဲ့”
“အင်း ဒီတော့ ကိုတူးက လွတ်လပ်ရေးရပြီး ဒီမှာ စီးကရက်လာခဲနေတာပေါ့ ဟုတ်လား”
ကိုကိုအောင်သည် စီးကရက်ဘူးလေးကို သူ့အိတ်ထဲသို့ ထိုးထည့်လိုက်ရင်း ကိုတူးနှင့် မျက်နှာချင်းဆိုင်ထိုင်ချလိုက်လေသည်။ စူးမာအလစ်တွင် ထွက်လာသော ကိုတူးသည် စူးမာထက် ကြောက်စရာကောင်းသော ကိုကိုအောင်နှင့် တန်းပြီးတိုးနေသဖြင့် အတော်ပင်စိတ်ညစ်သွားလေသည်။
"ပြောပါဦး၊ စီးကရက်သောက်ရင် စိတ်ညစ်ပျောက်တယ်လို့ ကိုတူးကို ဘယ်သူကပြောလိုက်လဲ”
“သိန်းထိုက်က”
"စူးမာပြောတဲ့ကောင်လေးလား၊ ဓားမြှောင်ဆောင်ပြီး အမြဲကျောင်းပြေးတယ်ဆိုတဲ့ ချာတိတ်ထင်တယ်။ တစ်ခါတလေ ဆေးခြောက်တောင်ရှုသတဲ့။ သူ့လိုလူရဲ့ စကားကို မင်းယုံသလား ကိုတူး"
“ယုံတယ်လို့တော့ မဟုတ်ပါဘူး။ စမ်းကြည့်တာပါ”
ကိုတူးက မယုတ်မလွန် ဖြေသည်။ တိုက်ရဲ၊ ခိုက်ရဲ၊ မိုက်ရဲသော သိန်းထိုက်ကို ကိုတူး အထင်ကြီးသည်ကား အမှန်ပင်။ သူသည် ကိုတူးမသိသေးသည့် အကြောင်းများကို အတော်လေး နှံ့နှံ့စပ်စပ်သိလေသည်။ တစ်ခါတစ်ရံ သူပြောပြသော လမ်းသရဲဂိုဏ်းများ၊ ဗိုလ်လုပွဲအကြောင်းအပြင် ဆေးခြောက်ကို မှိန်း၍ရှုရင်း အဆုတ်အတွင်းသို့ မည်သို့မည်ပုံ ရှိုက်သွင်းလိုက်သောအခါ နတ်သမီးတစ်ဖက်ငါးရာခြံရံသော သိကြားမင်းစည်းစိမ်ကို ယစ်မူးစွာခံစားရကြောင်းများကို နားထောင်ရသောအခါ ကိုတူးသည် တစ်ခြားကမ္ဘာသို့ ရောက်သွားသူလို ခံစားရလေသည်။
“စမ်းကြည့်တော့ ဘယ့်နှယ်နေလဲ၊ တစ်ကယ်ရော စိတ်ညစ်တာပျောက်ရဲ့ လား”
"ပျောက်တယ်လို့လဲ ဟုတ်ပါဘူး”
ကိုကိုအောင်သည် ပင့်သက်ရှိုက်ကာ ကိုတူး၏ပခုံးကို ပုတ်လိုက်လေသည်။
“ဒီမှာကိုတူး၊ ဆေးလိပ်သောက်တာဟာ ရာဇဝတ်မှုကြီးလို မလုပ်အပ် မလုပ်ထိုက်တဲ့အရာလို့ ကိုကိုအောင် မပြောချင်ဘူး။ လူကြီးတွေလဲ သောက်နေကြတာပဲ။ ဒါပေမဲ့ ကိုတူး ငယ်သေးတယ်။ ကိုတူး အသက်ဘယ်လောက်လဲ ပြောပါဦး"
“ဆယ့်သုံး နဲနဲကျော်ပြီ”
“အင်း ဆယ့်သုံးနှစ်၊ ဒီအရွယ်ဟာ အမှားအမှန်ဆုံးဖြတ်နိုင်တဲ့အရွယ် မဟုတ်သေးဘူး။ နောက်ပြီး ကိုတူးတို့ရဲ့ အဆုတ်တွေက တကယ့်ကို နုနုလေး။ ဒီလိုအဆိပ်ခိုး အဆိပ်ငွေ့ တွေကို ရှူရှိုက်သွင်းနေတာကို မခံနိုင်သေးဘူး။ အခု လူငယ်တွေရဲ့ အန္တရာယ်ဟာ ဆေးခြောက်၊ ပြီးတော့ နံပါတ်ဖိုး၊ အဲဒါတွေဟာ အသံတိတ် လူသတ်ကောင်တွေပဲ”
“ကျွန်တော် ဆေးခြောက်မရှူပါဘူး၊ ကိုကိုအောင်ရာ”
ကိုတူးက ကမန်းကတန်း ပြောလိုက်သည်။ ကိုကိုအောင်သည် ခေါင်းကိုခါယမ်းကာ တသိမ့်သိမ့် ရယ်လိုက်လေသည်။ ထို့နောက် ညင်သာသောအသံနှင့် ပြောသည်။
“ကိုတူးရဲ့ ဆေးလိပ်ဟာ ဆေးခြောက်ရဲ့ အစပဲ။ အဲ ဆေးခြောက်ရှူမိတဲ့သူဟာလဲ ဟီးရိုးရင်းသောက်ဖို့ ဝန်မလေးတော့ဘူး။ ဟီးရိုးရင်းရဲ့ အန္တရာယ်ကို ကိုတူးသိပြီးသားနေမှာပါ။ ကိုတူးတို့ကျောင်းမှာလဲ ဟောပြောပွဲတွေ ဘာတွေလုပ်ပြီး ဟောတယ်မဟုတ်လား။ ကိုတူးတို့အရွယ်တွေမှာ လက်သုံးစကား ဆင်ခြင်တစ်ခုရှိတယ်။ ဘာတဲ့ ဒီလို စမ်းကြည့်တာပါဆိုတာလေ ဟုတ်တယ်မဟုတ်လား”
ကိုတူး ခေါင်းငုံ့လိုက်မိသည်။ ဟုတ်ပါသည်။ မည်သည့်အရာမဆို စပ်စုချင်၊ စူးစမ်းချင်သည်မှာ ကိုတူးတို့အားလုံး၏စိတ်ဓာတ်ဖြစ်သည်။
“ကိုတူး စာဖတ်ဝါသနာပါသားပဲ။ ကိုကိုအောင့်ဆီမှာ ဆေးခြောက်အစ ဟီးရိုးရင်းအထိ အန္တရာယ်တွေအကြောင်းကိုရေးထားတဲ့ စာအုပ်တွေရှိတယ်။ အင်္ဂလိပ်လိုစာအုပ်တွေတော့ ကိုတူး နားလည်မှာမဟုတ်ဘူး။ မြန်မာလို လွယ်လွယ်ရေးထားတဲ့ဆောင်းပါးတွေ၊ ဂျာနယ်တွေကို စုထားတယ်။ ကိုတူး ဖတ်ကြည့်ပေါ့။ အဲ ဆေးလိပ်သောက်တာကို စမ်းချင် စမ်းနိုင်တယ်။ ကောင်းမကောင်း ကိုယ်တိုင်စမ်းကြည့်ချင်တဲ့သူဆိုရင် စမ်းကြည့်ပေါ့။ ဒါပေမဲ့ ဟီးရိုးရင်းကိုတော့ စမ်းရုံတောင် စမ်းမကြည့်ပါနဲ့ ကိုတူး။ ကိုကိုအောင့်စကားကို ဒီတစ်ခုတော့ နားထောင်ပါ”
ကိုကိုအောင်က လှိုက်လှဲစွာ ပြောလေသည်။ အပြစ်တင်စကား လုံးဝမပြောသော စကားရေယဉ်ကြောတွင် ကိုတူးသည် ခပ်ဝေးဝေး မျောပါသွားလေသည်။ ထိုစဉ်တွင် တူခနဲအော်ကာ အသံပေးလိုက်သော စူးမာ၏အသံကို အိမ်မီးဖိုချောင်ဘက်မှ ကြားရသည်။
“ပြောပါဦး၊ ကိုတူးမှာ ဘာများ ဒီလောက်စိတ်ညစ်စရာရှိနေလို့လဲ”
“မရှိပါဘူး ဒါပေမဲ့
“ဒါပေမဲ့ ဘာဖြစ်လဲ”
"ဒါပေမဲ့ တစ်ခါတလေ သိပ်ဝမ်းနည်းတာပဲ”
“ဘာဖြစ်လို့”
“မေမေတို့က ကျွန်တော်တို့နှစ်ယောက်ကိုဆိုရင် သိပ်ပြီးအထင်သေးတယ်။ ဘယ်တော့ မျက်နှာကောင်းမရဘူး။ အမှန်ဆိုရင် ဒီနေ့သီတင်းကျွတ်လပြည့်နေ့နော်၊ ဒီနေ့မှာ ကျွန် တော်တို့ မေမေနဲ့ဖေဖေကို ကန်တော့ကြမလို့၊ ခုတော့ မကန်တော့ရဘူး။ ပိုက်ဆံတွေလဲ ပျောက်ကုန်ပြီ၊ နောက်ပြီး ကန်တော့ချင်တဲ့စိတ်လဲ မရှိတော့ဘူး”
“မေမေနဲ့ကိုတူးတို့မေမေ ပြောသံကိုကြားတယ်။ ဘတ်စ်ကားပေါ်ကအဆင်း လဲကြလို့ဆို၊ တာတီးလေး အတော်နာသွားတယ်တဲ့ ဟုတ်လား"
ကိုကိုအောင်က စိတ်မကောင်းသလိုပြောသည်။ ကိုတူးနှင့်စူးမာတို့ ဆိုးကြတေကြကြောင်း၊ ထင်ရာမြင်ရာကို လုပ်ချင်သလိုလုပ်ကြကြောင်း ညည်းညူရင်း ကိုတူးတို့မေမေက ကြီးကြီးကိုဖောက်သယ်ချခဲ့ကြောင်းကိုကား အသေးစိတ် မပြောချင်တော့ပေ။
“လူငယ်တွေ၊ ခလေးတွေဆိုတာ မှားတာပဲ။ ဘာမှမလုပ်တဲ့သူဟာ ဘာမှလဲ အမှားရှိမှာမဟုတ်ပါဘူး။ အမှားမရှိသလို အစွမ်းအစလဲ နည်းနည်းမှ ရှိမှာမဟုတ်ဘူး ခင်ခင်ရဲ့”
“အမယ်လေးလေ့၊ စွမ်းလွန်းလို့ခက်နေတာ??အစ်မကြီး??။ ဒီလောက်ပြောနေဆိုနေတဲ့ကြားထဲက ထင်ရာချည်းပဲ စွတ်လုပ်နေကြတာ၊ ဟိုတလောကလဲ သူ့အဖေဆေးခန်းမှာ ငွေတွေကို ဝေဿန္တရာလုပ်ပြီး ပြန်ပြန်ပေးခဲ့ကြတယ်လေ။ အိမ်မှာနေရင်လဲ စာကျက်ဖို့ စိတ်ကူးတာ မဟုတ်ဘူး။ ဝုန်းဒိုင်းကျဲအောင် ဆော့ချင်ဆော့၊ ဒါမှမဟုတ်လဲ ဝတ္ထုပုံထဲ ခေါင်းစိုက်နေတာ။ ခုခေတ် ဝတ္ထုတွေ စာအုပ်တွေက အားလုံးကောင်းတာ မဟုတ်ဘူး၊ အဲဒါတွေဖတ်ပြီး စိတ်က လေသေး”
"စာဖတ်တဲ့အကျင့်က ကောင်းပါတယ် ခင်ခင်ရယ်၊ သူတို့ဖတ်ဖို့ စာအုပ်တွေကိုသာ ရွေးပြီး သန့်ပေးပါလား”
“မအားပါဘူး အစ်မကြီးရယ်၊ အိမ်တာဝန်ကတစ်ဖက် မိတ်ဆွေဝတ္တရားမပျက်အောင် သွားရလာရတာတွေကရှိသေးတယ်။ သူတို့ဖတ်ဖို့ ဝတ္ထုကို တစ်အုပ်ချင်းရွေးပေးနေရရင် ခက်ရချည်ရဲ့"
ကိုကိုအောင်၏နားထဲတွင် မိန်းမသားနှစ်ဦး အပြန်အလှန်ပြောကြသောစကားကို ကြားယောင်လာရင်း သက်ပြင်းရှိုက်လိုက်မိသည်။ ကိုတူးလေးတစ်ယောက် ချောက်နှုတ်ခမ်းဘေးတွင် လမ်းလျှောက်ရန် တိုးသွားနေခြင်းကို လူကြီးများသည် အော်ဟစ်ဆူပူနေကြသော်လည်း တစ်စုံတစ်ဦးကမှ မိမိရရ လက်ဆွဲခေါ်ခြင်းမရှိချေ။ သူတို့၏ အော်ဟစ်သံဆူပူသံများသည် ကိုတူးကို ချောက်ကမ်းပါးဆီသို့ တွန်းပေးနေခြင်းကိုလည်း သိကြပုံမရ၊ သတိထားမိပုံမရချေ။
“သီတင်းကျွတ်မှာ လူကြီးမိဘကို ကန်တော့တာဟာ သိပ်ကောင်းတဲ့ အမူအကျင့်လေးပဲ ကိုတူးရဲ့။ ဘာပစ္စည်းမှ မလိုပါဘူးကွာ၊ စေတနာဟာ အမြတ်ဆုံးပဲ။ အားလုံး လက်အုပ်ချီပြီး ကန်တော့လိုက်ကြ။ မင်းတို့ ကန်တော့တာဟာ ကိုယ့်မိကိုယ့်ဖကို ကိုယ့်ရင်ထဲက လေးစားမြတ်နိုးတဲ့စိတ် သူတို့ရဲ့ ကျေးဇူးတရားတွေကို အောက်မေ့ပြီး ကန်တော့တာ။ ပစ္စည်းဆိုတာ အဆောင်အယောင်တွေပါကွ၊ ဒါဟာ အဓိကမဟုတ်ပါဘူး
ကိုတူးသည် ရုတ်တရက် မျက်ရည်ရစ်ဝဲလာသည်။ ကိုကိုအောင့်နေရာတွင် ဖေဖေရပ်ပြီး ပြောခြင်း ဖြစ်ပါစေတော့ဟု ပြင်းပြင်းထန်ထန် တောင့်တလိုက်မိသည်။
"ဖေဖေကတော့ အဲဒီလို တစ်ခါမျှမပြောဘူး"
"ပြောဖို့မေ့နေလို့ပါကွာ၊ မိဘတိုင်းဟာ ဒီလိုစိတ်ထားရှိကြပါတယ်”
"ဟုတ်မှာပါလေ”
ကိုတူးသည် သူ့စိတ်ကိုသူဖြေကာ အလိုက်သင့်ပြောသည်။ သို့ပါသော်လည်း ရင်ထဲတွင်ဟာကာ ကွက်လပ်ကြီးလိုဖြစ်နေလေသည်။ ကွက်လပ်ဖြစ်နေသောစိတ်နှင့် ကိုကိုအောင့်ကို ကြည့်နေမိလေသည်။
“ကဲ ကိုတူး ဒီစီးကရက်ဘူးကိုတော့ မင်းကိုပြန်မပေးတော့ဘူးနော်၊ ကိုကိုအောင်ယူထားလိုက်မယ်။ ကိုကိုအောင့်ဆီက ဆောင်းပါးတွေ ဂျာနယ်တွေကို အရင်ဖတ်ကြည့်ပေါ့ ဟုတ်လား"
“ဆေးလိပ်သောက်တာ မကောင်းဘူးဆိုတာ သိပါတယ် ကိုကိုအောင်ရယ်”
"မကောင်းတာကို မကောင်းမှန်းသိရင် အဲဒီလူဟာ လူကောင်းတစ်ယောက်လို့ သတ်မှတ်နိုင်တယ်။ အဲ မှားဖူးတယ်၊ အဲဒီအမှားကိုသိတယ်၊ အမှန်ရောက်အောင်လဲ ပြင်နိုင်တယ်ဆိုရင် သူဟာ လူတော်တစ်ယောက်ပဲ”
ကိုကိုအောင့်ကို အမှတ်မဲ့ကြည့်လျှင် အေးဆေးပျော်ပါးစွာ နေလေ့ရှိသူတစ်ယောက်ဟုပင် ထင်ရသည်။ လေးလေးနက်နက် ပြောတတ်ဆိုတတ် သွန်သင်တတ်သည်ဟု မထင်ရပေ။ ကြီးကြီး၏သားပေမို့ ကြီးကြီး၏စကားရိပ်များ လွှမ်းနေသည်မှာ အံ့သြစရာမလိုပေ။
"ဆေးလိပ်သောက်တာဟာ ရာဇဝတ်မှု ပြစ်မှုကြီး မဟုတ်ပါဘူး။ ကိုတူး အသက်နှစ်ဆယ်ကျော်လို့ သောက်ချင်တဲ့စိတ်ရှိရင်တော့ သောက်ပေါ့။ အဲဒီအချိန်မှာ ကိုတူးဟာ အမှားအမှန် ခွဲခြားနိုင်တဲ့ လူကြီးတစ်ယောက်ဖြစ်နေပြီ။ ခုတော့ ကိုတူး ငယ်သေးတယ်၊ ကဲ လာ ထ ကိုကိုအောင့်ဆီက စာအုပ်လိုက်ယူလှဲ့လေ”
ကိုတူးကို လက်ကမ်းပေးပြီး ဆွဲထူလိုက်သည်။ ကိုတူးသည် ကိုကိုအောင်၏ ပူနွေးသောလက်ဖဝါးပြင်ကျယ်ကြီးကို ဆုပ်ကိုင်ရင်း စိတ်ထဲတွင် ပျော့ပျောင်းလာသည်။ မမကြီးကို ကိုကိုအောင်နှင့် သဘောတူသောစိတ်သည်လည်း ပေါ်လာသည်။ ထို့ကြောင့်လည်း ရုတ်တရက် မေးလိုက်မိလေသည်။
“ကိုကိုအောင် ပန်းမပေးတော့ဘူးလား”
"ဘာပန်းလဲ”
“စပယ်ပန်းလေ၊ မမကြီးက သိပ်ကြိုက်တာ”
“ဟာ ...အဲ.. ပန်းတွေက ခုတလော မပွင့်ဘူး"
တစ်ချိန်လုံး တည်ငြိမ်နေသော ကိုကိုအောင်မျက်နှာသည် ရိပ်ခနဲ နီရောင်ပြေးသွားသည်။ ထိုစဉ်တွင် အိမ်နောက်ဖေးပေါက်မှ ယောင်ချာချာထွက်လာသော စူးမာကို တွေ့ရလေသည်။ တူတူပုန်းရသည်ကို ပျင်းလာသဖြင့် ထွက်လာခြင်း ဖြစ်ဟန်တူသည်။ ဟိုငေးဒီငေးနှင့် လျှောက်လာရင်း ကိုဘိုထွေး သစ်ပင်စိုက်နေရာသို့ ပြေးသွားသည်။ ကိုဘိုထွေးသည် အိမ်နေရင်း အအားမနေဘဲ သစ်ပင်များ၊ ပန်းပင်များကို အပတ်တကုတ် စိုက်နေတတ်သည်။ သို့ပါသော်လည်း လက်ဆိပ်မရှိသူမို့လားတော့မသိ၊ သူ့အပင်များသည် သိပ်ပြီးဖြစ်ထွန်းလေ့မရှိချေ။
"စူးမာလေးကတော့ ကြည့်လိုက်ရင် ပျော်နေတာပဲ”
“သူက အမှတ်မရှိဘူး"
ကိုတူးက မကျေမနပ်ပြောလေသည်။
“ငိုချင်ရင် ချက်ချင်း၊ ရယ်ချင်ရင်လဲ ချက်ချင်းပဲ။ ဘယ်လောက် စိတ်ကောက်နေနေ ကိတ်မုန့်တစ်ချက်လောက်ရရင် ကျေနပ်သွားတာပဲ။ အလကား အီးဘောလောကလေး"
ကိုတူးသည် ကိုကိုအောင်နှင့်အတူ ကင်းပုံနွယ်စည်းရိုးကို ဖြတ်ကျော်ပြီး တစ်ဖက်ခြံသို့ ကူးသွားလေသည်။ ဘုရားခန်းထဲတွင် ဘုရားရှိခိုးနေသော ဘဘသွင်၏အသံကို ကြားရသည်။ ဘဘသွင်တစ်ယောက် အတော်စိတ်ကောင်းဝင်ပြီး ဘုရားတရားကို သတိရလာသောကြောင့် ကြီးကြီးသည် ကျေနပ်နေဟန်ရှိသည်။ သံယောဇဉ်မီးများ ငြိမ်းရာငြိမ်းကြောင်း တရားဓမ္မစာအုပ်များကိုပင် ဖတ်ပြီး မောင်နှမနှစ်ဦး တရားဆွေး နွေးနေတတ်သေးသည်။ ထိုအခါမျိုးတွင် ဘဘသွင်ကိုမြင်လျှင် မည်သူမျှ စိတ်မနှံ့သူဟူ၍ ထင်လိမ့်မည်မဟုတ်ချေ။ ပြောရင်းဆိုရင်း စိတ်ပေါက်လာလျှင် သီချင်းကောက်ဆိုတတ်ခြင်းတစ်ခုသာ ဆိုးသည်။
“ကိုတူးကတော့ စိတ်ကြီးတယ်ပေါ့”
"စိတ်ကြီးတယ်လို့လဲ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်တော်က ယောက်ျားလေးပဲ၊ ဘာလို့ အားတိုင်း ငိုရမှာလဲ”
“အေး ဟုတ်တယ်၊ ကောင်းတယ်”
ကိုကိုအောင်က ကျေနပ်စွာ ထောက်ခံလေသည်။ ကိုတူးသည် ကိုကိုအောင်၏လက်ကို အားကိုးမိသလို ဆုပ်ကိုင်ရင်း အိမ်ထဲသို့ အပြေးဝင်ခဲ့သည်။ အိမ်နောက်ဖေးဘက်မှ ချဉ်ပေါင်ဟင်းရနံ့သည် မွှေးပျံ့ပြီးထွက်နေသည်။
“ကြီးကြီးရေ ဘာဟင်းလဲ၊ မွေးလိုက်တာ”
"ဟော ကိုတူးလေး၊ ပုစွန်ဆိတ်ကလေးတွေနဲ့ ချဉ်ပေါင်အရည်သောက်ချက်တယ်ကွယ်။ မျှစ်ရောပြီး ရုံးပတီသီးထည့်၊ ငရုတ်သီးပေါလောနဲ့ပေါ့။ နောက်ပြီး ငါးပိထောင်း၊ ကြက်သားဆီပြန်၊ တို့စရာကတော့ တညင်းသီးဆားစိမ်၊ စားသွားပါလား"
"ဟား စားမှာပေါ့”
ကိုတူးသည် သွားရည်သိမ်းကာ အားပါးတရပြောသည်။ ကြီးကြီးတို့ထမင်းဝိုင်းတွင် ကိုတူး ဝင်စားသောနေ့များ၌ ဘဘသွင်တစ်ယောက် ထမင်းစားမြိန်တတ်သည်။ မိသားစုအကုန်ဆုံပြီး လက်ဆုံစားရသောထမင်းဝိုင်းတွင် ကိုတူးလည်းကြည်နူးရသည်။ ကိုတူးတို့အိမ်တွင်မူ လက်ဆုံစားရခဲလှသည်။ ညဉ့်ပိုင်းရောက်မှ ထမင်းစားသော ဖေဖေတို့ မေမေတို့နှင့် စူးမာတို့ ကိုတူးတို့တတွေ လက်ဆုံမစားဖူးသလောက်ပင်ဖြစ်၏။
"ဟင် ကြီးကြီး၊ စူးမာလဲစားမယ် စားမယ်”
အိမ်ဘေးပေါက်မှ ဝင်လာသော စူးမာသည် ကြီးကြီး၏ခါးကို ဖြုန်းခနဲဝင်ဖက်ကာ အော်နေလေသည်။
“ဟဲ့ စားရမှာပေါ့ သမီးရဲ့”
"စူးမာက ဆာလှပြီ”
“စားရမယ်၊ ချဉ်ပေါင်အိုးကျရင် စားတော့”
"သုံးပန်းကန် စားမယ်လေ”
စူးမာသည် လက်ချောင်းလေးသုံးချောင်း ထောင်ကာ ပြုံးစပ်စပ်လေး ပြောသည်။ စူးမာသည် အစားမက်လှသော်လည်း မဝဘဲ ပိန်သွယ်သွယ်လေးသာဖြစ်၏။ စင်စစ် စူးမာသည် ထမင်းထက် သရေစာကိုသာ အစားများသူဖြစ်သည်။ စူမာအနေနှင့် ထမင်းသုံးပန်းကန်ပြည့်ပြည့်ကို ကုန်မည်မဟုတ်ကြောင်း ကိုတူးသိလေသည်။
"စူးမာ နင်လောဘမကြီးနဲ့၊ ကုန်မှာလဲမဟုတ်ဘဲနဲ့၊ ဆန်ရှားတယ် ဟ”
“အင် ကိုတူးကလဲ ကုန်ပါတယ်”
“ကုန်ပါဘူး”
“ကုန်ပါတယ်ဆိုမှ၊ ကဲ လောင်းမလား”
“အေး၊ နင်မကုန်ရင် နင့်ဆီက အရုပ်ကားချပ် ဆက်ကစားတာလေး ပေးလေ”
“ကုန်ရင်ကော”
"ငါ့ဆီက သားရေကွင်း တစ်ရာပေးမယ်”
“စိမ်လိုက်ပေါ့”
စူးမာက မျက်လုံးလေးတစ်ဖက်မှိတ်ကာ ခေါင်းလေးငဲ့ရင်း ပြောသည်။ ကြီးကြီးနှင့်ကိုကိုအောင်တို့သည် အလောင်းအစားလုပ်နေကြသော မောင်နှမနှစ်ဦးကို ပြုံးရယ်ရင်း ကြည့်နေကြသည်။ ထို့နောက် ကိုကိုအောင်က ဒိုင်လူကြီးလုပ်ပေးလေသည်။
"စူးမာလဲ မနိုင်ရင် ညှစ်ပြီးမစားရဘူး၊ ကိုတူးကလဲ ထမင်းကို အများကြီး ထည့်မပေးရဘူး၊ စားနိုင်သလောက်ပဲ စားရမယ်၊ သင့်သလောက်ပဲ ထည့်ရမယ်၊ မညစ်ရဘူး ဟုတ်လား။ ပြီးရင် ရှုံးတဲ့လူက သူ့ကတိအတိုင်း နိုင်တဲ့လူကို ပေးရမယ်”
"စူးမာက မနှမြောပါဘူး ကိုတူးရ၊ ရှုံးရင် တကယ်ပေးမှာပါ။ ဟာ ဟ ဆာလိုက်တာကတော့ အရမ်း"
စူးမာသည် ဗိုက်ကလေးပွတ်ရင်း မခံချိမခံသာ လှမ်းပြောသည်။
ဆက်ရန်
----------------------
#မစန္ဒာ
Comments