အပိုင်း(၁၀)(ဇာတ်သိမ်းပိုင်း)
"ငါ့ကို ခွေးလို့ပြောပြော၊ တိရစ္ဆာန်၊ ပုစွန်ခေါင်း၊ ပြောချင်တာပြောပါဟာ ခံနိုင်ပါတယ်။ ခုတော့... ခု တော့ တာတီးလေးကို ချစ်လို့၊ သနားလို့ ကျွေးမိတာပါဟာ၊ အဲဒါကို မုန်းလို့သတ်တယ်လို့ ဘာလို့... ပြော... ပြောရလဲ”
ကောင်းကင်ပြင်တွင် ကြယ်ကလေးများ လင်းလက်နေလေသည်။ လမိုက်သောရက်မို့ ကြယ်ကလေးများသည် ပိုမိုစုံလင်စွာနှင့် ဝင်းပနေကြလေသည်။ ကိုတူးသည် မြက်ခင်းပြင်ပေါ်တွင် ပက်လက်လှန်အိပ်ရင်း ကောင်းကင်ကျယ်ကို မော့်ကြည့်နေလေသည်။ စူးမာကမူ ကိုတူးဘေးတွင် ခြေနှစ်ချောင်းကို မိုးပေါ်ထောင်ကာ မှောက်လျက်ကလေး အိပ်နေသည်။ ဆို့နင့်စွာပြောနေသော ကိုတူး၏စကားကို နားထောင်ရင်း ရင်ထဲတွင် တင်းတင်းကျပ်ကျပ်ကြီး ဖြစ်နေလေသည်။
"မေမေက ဒေါသဖြစ်နေတုန်းမို့ပြောတာပါ ကိုတူးရာ”
"ဒါပေမဲ့ ဘာလို့ ဒီလိုပြောရလဲ၊ ဘာလို့ မုန်းလို့သတ်တာလားလို့ ပြော ...ပြောရတာလဲ”
ကိုတူး၏အသံသည် အဖျားခတ်ကာ တုန်တုန်ယင်ယင်ဖြစ်နေလေသည်။ စူးမာလည်း ဘာဆက်ပြောရမည် မသိသည့်အတွက် ငြိမ်နေမိသည်။ ရင်ထဲတွင် ခဲဆွဲထားသလို လေးလံနေသည်။
ထမင်းစားခန်းထဲတွင် မီးလင်းနေသည်။ ဖေဖေနှင့်မေမေတို့၏အရိပ်ကို တွေ့ရသည်။ ဖေဖေ ဆေးတိုက်က ပြန်စမို့ မေမေက ဘာမျှပြောသေးပုံမရချေ။ သို့သော် အိမ်တွင်းသူပုန် လူဆိုးလေးများ၏သတင်းသည် ဖေဖေ့နားသို့ မကြာမီ ပေါက်ကြားတော့မည်ထင်သည်။
"တစ်ခါတလေများ ငါ ခဏလောက် သေကြည့်ချင်တယ်၊ သိလား စူးမာ”
“ဟင် ဘာဖြစ်လို့လဲ”
“ငါသေရင်တောင် မေမေ ငိုပါ့မလားလို့”
“ကိုတူးကလဲ ပေါက်ကရတွေ"
"မေမေ ငါ့ကိုချစ်ရင်တော့ ငိုမှာပေါ့နော်”
“ကိုတူးကလဲ၊ အမေပဲ ချစ်မှာပေါ့၊ အများကြီးမချစ်တောင် နည်းနည်းတော့ချစ်မှာပေါ့”
“စူးမာရယ် နင်လဲသိသားနဲ့၊ မေမေ ငါတို့ကို မချစ်ပါဘူး။ သူ့စိတ်ထဲမှာ ငါတို့ဟာ အမှိုက်တွေလိုပဲ အမြဲရှုပ်နေတာ"
ကိုတူးက နာကြည်းစွာ ပြောလေသည်။ စူးမာ ရုတ်တရက် ငိုချင်သွားမိရင်း ကိုတူး၏စကားကို မငြင်းနိုင်အောင်ဖြစ်နေလေသည်။ ကြိတ်၍ လက်ခံမိစဉ်တွင် မျက်ရည်များစိမ့်ဝဲပြီး အားငယ်လာသည်။ လက်မောင်းလေးပေါ်တွင် မျက်နှာကိုမှောက်ချလိုက်ရင်း မျက်စိကို တင်းတင်းမှိတ်ထားလိုက်သည်။
"စူးမာသေရင်ကော ကိုတူး ငိုမှာလား”
“မသိဘူး၊ မျက်ရည်တော့ကျမှာပေါ့၊ ဝမ်းနည်းမှာပေါ့။ ဒါပေမဲ့ ဘာလို့အော်ငိုရမလဲ”
"စူးမာလဲ ခဏလောက်သေကြည့်ချင်တယ်”
“ဘာလုပ်ဖို့”
“စူးမာသေရင် ဘယ်သူတွေဝမ်းနည်းမလဲ၊ ငိုမလဲ လိုက်ကြည့်ချင်လို့။ မငိုတဲ့သူဆိုရင် နောက်ကနေ ဇက်ပိုးအုပ်ရမယ်”
"အောင်တိုးဝင်းကတော့ ပျော်သွားမှာ ကျိန်းသေတယ်”
“ခွေးကောင်”
စူးမာ မခံချိမခံသာနှင့် ရေရွတ်လိုက်မိသည်။ အောင်တိုးဝင်းတို့ သိန်းထိုက်တို့ဆီသို့ စိတ်ရောက်သွားချိန်တွင် ရှဲခနဲ မီးခြစ် ခြစ်သံကို ကြားလိုက်ရသည်။ စူးမာသည် တအံ့တဩနှင့် ခေါင်းထောင်အကြည့်တွင် ကိုတူးက စူးမာ၏မျက်နှာကို စီးကရက်မီးခိုးနှင့် မှုတ်လိုက်လေသည်။
"ဟင် ကိုတူး”
" စကားမရှည်နဲ့ စူးမာ၊ ငါသောက်ချင်လို့သောက်တာ၊ ဘာမျှမပြောနဲ့"
မီးခြစ်ဆံလေးကို နောက်ဘက်သို့ လွှင့်ပစ်လိုက်ရင်း ကိုတူးက လေသံမာမာနှင့် ပြောလေသည်။ တကယ့် ဝါရင့်ဆေးလိပ်သမားကြီးသဖွယ် စီးကရက်ကို လက်နှစ်ချောင်းကြားတွင် ခပ်လျော့လျော့ ညှပ်ထားသည်။ ရဲရဲတောက်နေသော စီးကရက်မီးလေးကို ငေးကြည့်ရင်း စူးမာသည် အသံမထွက်ဘဲ ရှိုက်နေမိလေသည်။ စီးကရက်မှ ရနံ့သင်းသင်းသည် လေအဝှေ့တွင် ဝေ့ဝေ့လေး ပျံ့နေသည်။
“နင်က ဆေးလိပ်သောက်တာများ အဆန်းလုပ်လို့၊ ငါတို့အရွယ် တချို့တွေဆိုရင် ဆေးလိပ်မကဘူး၊ နေရာတကာမှာ ရင့်လှပြီ။ အကုန်လျှောက်လုပ်ကြတာ။ ငါလဲ ကြိုက်လို့သောက်တာ မဟုတ်ပါဘူး၊ စိတ်ထဲမှာ တစ်ခုခုလုပ်ပစ်လိုက်ချင်လို့ ဆေးလိပ်သောက်တာ”
ကိုတူးပြောနေသမျှကို စူးမာသည် ဘာမျြှပန်မပြောဘဲ ငြိမ်လျက်သား နားထောင်နေလေသည်။ ကိုတူးလက်ထဲမှ စီးကရက်ဖြူဖြူလေးကို ဆွဲလုပြီး လွှင့်ပစ်ချင်သော်လည်း မလုပ်ရဲသည့်အတွက် မကျေမနပ်လေး ငေးကြည့်နေမိလေသည်။
“နက်ဖြန်ကျရင်တော့ ငါ လင့်စင်ဆောက်တော့မယ်၊ ကားရုံထဲမှာ သစ်သားပြားတွေလဲ ရှိတယ်၊ နက်ဖြန် တနင်္ဂနွေနေ့နော်၊ ကျောင်းပိတ်တယ်”
ကိုတူးသည် တွေးမိတွေးရာ ဆက်တွေးပြီး ပြောနေသည်။ အပေါ်ဘက်သို့ တရိပ်ရိပ် လွင့်တက်သွားသော စီးကရက်မီးခိုးလေးများအကြားမြှမင်ရသော ကြယ်ကလေးများသည် တလက်လက် တောက်ပနေ၏။ စူးမာသည် မေးကလေးစုံထောက်ကာ ကြယ်ကလေးများကို မော်ကြည့်ရင်း တစ်လုံးနှစ်လုံး ရေတွက်နေမိလေသည်။ ကိုတူးကို စကားပြန်မပြောချင်သည့်အတွက် ကြယ်လေးများကို မျက်စိနှင့်မှတ်ပြီး ဆက်တိုက်ရေတွက်နေသည်။ အလုံးနှစ်ဆယ်ကျော်ခန့် ရေပြီးသောအခါ ဆက်ပြီး မရေနိုင်ဘဲ ရောကုန်ပြန်သည်။ ဟိုဝေးဝေးတွင် ကြယ်သုံးလုံးတန်းလေးကို တွေ့ရသည်။ မောင်ရင်ဆိုင်းထမ်းကြယ်လေးဖြစ်သည်။ သားနှင့်သမီးကို ဆိုင်းထမ်းထဲတွင်ထည့်ပြီး ထမ်းလျက် နတ်သမီးလေးနှင့် သွားတွေ့သောသူ၏ပုံပြင်ကို စူးမာ ဖတ်ဖူးသည်။ ပုံပြင်အရဆိုလျှင် အထက်အောက်သည် သားသမီးတို့ဖြစ်၍ အလယ်ခေါင်တွင် ဆိုင်းထမ်းကို ထမ်းထားသောဖခင် ဖြစ်လေသည်။ သူတို့သားအမိ သားအဖလေးဦး ပျော်ရွှင်စွာ ပြန်မှတွေ့ကြပါလေမလားဟု စူးမာသည် ငေးငေးလေး စဉ်းစားနေမိသည်။ စူးမာတွေး၍ကောင်းနေစဉ်တွင် ရုတ်တရက်ပေါက်ကွဲသွားသလို အော်ဟစ်လိုက်သောအသံကို ကြားလိုက်ရသည်။
“ကို တူး .. မင်း ...မင်း"
"ဟာ ဖေဖေ”
ကိုတူးသည် ဝုန်းခနဲ ခုန်ထလိုက်လေသည်။ စူးမာတို့အနားသို့ ဖေဖေသည် ဘယ်အချိန်က ရောက်လာသည် မသိရချေ။ မီးတဝင်းဝင်းတောက်သော မျက်လုံးနှင့် ကိုတူးကို စိုက်ကြည့်နေလေသည်။ စူးမာကမူ မှင်တက်မိသလို ဖေဖေ့ကို ကြောင်အအလေး ငေးကြည့်နေမိသည်။ လူကသာ မလှုပ်ရှားမိသော်လည်း ရင်ထဲတွင်မူ ပြင်းပြင်းထန်ထန် လှုပ်ရှားနေသည်။
“မင်း ပျက်စီးလှချေကလား၊ လူကလေး လက်တောက်လောက်နဲ့ စီးကရက်လက်ကြားညှပ်လို့၊ စီးကရက်ခဲလို့ ... ဟင် ..ဟင် ...ကဲ"
ကိုတူးက သူ့လက်တွင်းမှ စီးကရက်ကို ငုံ့ကြည့်လိုက်ချိန်တွင် ဖေဖေ့လက်တစ်ဖက်သည် မြောက်တက်လာပြီး ကိုတူး၏နားသယ်ကို လွှဲရိုက်လိုက်သည်။ ယောင်ကန်းကန်းလေး မတ်တတ်ရပ်နေသော ကိုတူးသည် ခွေခနဲ လဲကျသွားသည်။ သူ့လက်တွင်းမှ စီးကရက်ကလေးသည်လည်း ညမွှေးပန်းရုံနားသို့ လွင့်ထွက်သွားလေသည်။ စူးမာသည် တအားကြုံးအော်လိုက်ပြီး ကိုတူးဆီသို့ ပြေးသွားမိသည်။ သူ့ကို မနိုင်မနင်းလာပွေ့သော စူးမာကို မော်ကြည့်သော ကိုတူး၏မျက်လုံးများသည် ရုတ်ခြည်းပင် အခိုးအငွေ့များ ရီဝေလာလေသည်။ ထို့နောက် စူးမာ၏လက်ကိုဖယ်ကာ သူ့ဟာသူ ထရန် ဟန်ပြင်စဉ် ဖေဖေက ကိုတူး၏ဂုတ်ကို ဆွဲပြီးထူလိုက်သည်။
“မင်း ဒီအတတ်ကောင်းတွေ ဘယ်က တတ်နေတာလဲ၊ တယ်တော်တယ်၊ အမေကို ခံပြော၊ စီးကရက်သောက်၊ ဟင် ဟင် ငါ့သားက တယ်လဲတော်၊ တယ်လဲတတ်နေပါလား”
"မတရားပြောလာရင်တော့ ပြန်ပြောရမှာပဲ ဖေဖေ၊ ဒါဟာ ခံပြောတာ မဟုတ် ဟုတ်”
ကိုတူးသည် သူ့ပခုံးကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ကာ ယမ်းခါနေသော ဖေဖေ့ကို တည့်တည့်ကြည့်ရင်း တုန်ယင်သောအသံနှင့် ပြောလိုက်သည်။ ဖေဖေ့မျက်လုံးများ ဝင်းဝင်းတောက်လာပြီး လက်က မြောက်တက်လာပြန်သည်။ စူးမာသည် အထိတ်တလန့်အော်ပြီး ကိုတူးကို ဝင်ဖက်မိစဉ် ဖြန်းခနဲမြည်သံက နားထဲတွင် ဟိန်းထွက်သွားသည်။ ထို့နောက် လဲကျသွားသော ကိုတူးကို မဆွဲနိုင်ဘဲ စူးမာပါ ဆင့်ပြီး လဲပြိုသွားသည်။
“ဟဲ့ အို ဘယ့်နှယ်ဖြစ်ကုန်တာလဲ၊ ကိုကို သတိထားပါဦး၊ ကိုကိုတော်တော့”
မမကြီးနှင့်မေမေသည် အိမ်ထဲမှပြေးထွက်လာရင်း အော်ဟစ်လာသည်။ ဖေဖေသည် ဒေါသတကြီးနှင့် မြက်ခင်းပေါ်မှစီးကရက်ဘူးလေးကို တအားဆောင့်နင်းလိုက်လေသည်။ စူးမာကမူ မျက်ရည်များ တလိမ့်လိမ့်စီးကျလာရင်း ကိုတူးကို တအားဖက်ထားမိသည်။ ကိုတူးသည် ရုတ်တရက် မူးဝေသွားသလို ချက်ချင်းခေါင်းမထူနိုင်ဘဲ စိုက်ကျနေသည်။ မေမေက ဖေဖေ့ဘေးသို့ပြေးသွားစဉ် မမကြီးသည် ကိုတူးဘေးတွင် ဒူးကလေးထောက်၍ ဆွဲထူလိုက်သည်။
“ကိုတူးရယ် အမိုက်ကလေး၊ မိဘတွေ စိတ်ဆိုးတုန်းပြောတာ ခံနေလိုက်ပေါ့ကွယ်။ ဘာလို့များ ခံပြောရတာလဲ၊ အမိုက်တုံးလေး... မဆိုးချင်စမ်းနဲ့"
သူ့ကိုလာထူသော မမကြီး၏လက်ကို တွန်းဖယ်ကာ ကိုတူးသည် ယိုင်တိယိုင်တိုင်နှင့် ထလိုက်သည်။ ပါးစပ်ထဲတွင် ငံညိငံညိဖြစ်လာ၍ ထွေးထုတ်လိုက်သည်။ သွေးစများ ရဲခနဲပါလာသော ကိုတူး၏တံတွေးကို စူးမာသည် ငေးစိုက်ကြည့်ရင်း ရင်ထဲတွင် ဆို့ကျပ်လာသည်။
“ဟုတ်တယ် ကျွန်တော် မိုက်တယ်၊ ဆိုးတယ်၊ သိပ်မိုက်တယ်၊ ဒါကြောင့် မေမေတို့က ကျွန်တော့ကိုမုန်းတယ်၊ သိပ်ပြီးမုန်းတယ်လေ”
“ကိုတူးရဲ့ တော်တော့၊ မပြောပါနဲ့ ကိုတူးရယ်”
ဖေဖေ ထပ်ရိုက်ဦးမည်စိုးသဖြင့် စူးမာသည် ကိုတူး၏လက်တစ်ဖက်ကို ယမ်းခါကာ ဗလုံးဗထွေးပြောနေမိသည်။ ဖေဖေသည် တောက်တစ်ချက်ကို ပြင်းပြင်းထန်ထန်ခေါက်လိုက်သော်လည်း ထပ်မရိုက်တော့ချေ။ သူ့စိတ်ကိုသူ ထိန်းနေဟန်နှင့် သစ်သားယမ်းမီးခြစ်ဘူးလေးကို ဆောင့်နင်းပြီး ဖိချလိုက်လေသည်။ ဂျွတ်ခနဲ ကျိုးသွားသံနှင့်အတူ မီးခြစ်ဘူးလေးသည် ဖေဖေ့ခြေထောက်အောက်၌ ကြေပြီးပြားသွားသည်။ ထို့နောက် သက်ပြင်းကြီးတစ်ချက်ကို ဟင်းခနဲ ချလိုက်လေသည်။ ကိုတူးသည် သူ့ပါးကို လက်နှင့်အုပ်ကိုင်ရင်း ဖေဖေ့ကို ငေးကြည့်နေလေသည်။ အသားနာသွားသည်ထက် စိတ်အနာကို ပြင်းပြင်းထန်ထန် ခံစားနေရပုံရသည်။ မျက်နှာလေးသည် ဖြူလျော်ပြီး မျက်လုံးလေးများက မှုန်ဝေနေသည်။ နှုတ်ခမ်းကို တင်းတင်းစေ့ထားသည့်ကြားမှ တဆတ်ဆတ် တုန်ရီနေလေသည်။
“ကိုတူး သွား သွား အိမ်ပေါ်တက်တော့၊ သွားလေ သွားတော့ဆို”
မမကြီးသည် ကိုတူး၏ပခုံးကိုတွန်းကာ ပြောနေသည်။ စူးမာကဲ့သို့ပင် ဖေဖေထပ်ပြီး ရိုက်လိုက်မည်ကို စိုးရိမ်နေပုံရလေသည်။ ဖေဖေကမူ နှုတ်ခမ်းကိုကိုက်ကာ ကိုတူးကို ငိုင်ကြည့်နေသည်။ အဖေနှင့်သားတို့သည် တစ်ဦးကိုတစ်ဦး စိတ်မချမ်းမြေ့စွာ နာကြည်းစွာနှင့် စူးစိုက်ကြည့်နေကြလေသည်။ စူးမာက ကိုတူး၏လက်ကို တွင်တွင်ဆွဲခေါ်သောအခါမှ ကိုတူးသည် ခေါင်းကလေး ငိုက်စိုက်ချလိုက်သည်။ ထို့နောက် လေးကန်စွာ လိုက်လာလေသည်။
“ကြည့်စမ်း စူးမာ၊ ငါ့ပါးများ ယောင်နေသလားမသိဘူး၊ ထုံကျင်ကျင်ကြီးဖြစ်နေတယ်။ ဖေဖေ ငါ့ကိုရိုက်တယ်နော်.. ရိုက်တယ် နှစ်ခါတောင်”
ပါးပြင်တစ်ဖက်ယောင်ကိုင်းလာသော ကိုတူးသည် သူ့ပါးကိုသူ အသာအယာစမ်းရင်း ဆို့နစ်သောအသံနှင့် ပြောသည်။ ဖေဖေ့အနေနှင့် သားသမီးများကို ဆူပူရုံမှအပ ရိုက်ခဲလှသည်။ ရိုက်မည့်ရိုက်တော့လည်း ခွေခနဲလဲသွားအောင်ပင် အင်အားကိုသုံးကာ လွှဲပြီးရိုက်ခဲ့သည့်အတွက် အရိုက်ခံရသော ကိုတူးတော့ ဘယ်လိုနေသည်မသိ။ စူးမာကမူ အော်ပြီးငိုချင်စိတ်ကို မနည်းထိန်းထားရသည်။
စူးမာတို့သည် အခန်းထဲသို့ ရောက်သော်လည်း မီးမဖွင့်ဘဲ မှောင်ထဲတွင် ထိုင်နေမိကြသည်။ ကိုတူးသည် သူ့ခုတင်ပေါ်သို့ ဝုန်းခနဲပစ်လှဲလိုက်ပြီး မျက်နှာကို လက်ဖဝါးနှင့်အုပ်ထားသည်။ တစ်ဖက်ခန်းမှ အလင်းရောင်လဲ့လဲ့လေးသာတိုးဝင်နေသော အမှောင်ခန်းထဲတွင် မောင်နှမနှစ်ဦး တိတ်ဆိတ်စွာ ငိုင်နေမိကြလေသည်။ ငြိမ်သက်စွာ တွေးနေမိကြလေသည်။
“နာလိုက်တာ စူးမာရယ်”
အတန်ကြာသောအခါမှ ကိုတူးသည် စူးမာအား ခပ်တိုးတိုးလေး လှမ်းပြောသည်။ စူးမာသည် ကိုတူး၏ပါးပြင်ကို အသာစမ်းရင်း မေးလိုက်လေသည်။
"ပရုတ်ဆီလိမ်းမလား ဟင် ကိုတူး၊ စူးမာ လိမ်းပေးမယ်လေနော်”
"အသားနာတာ မဟုတ်ပါဘူးဟာ၊ အသားနာတာက ဆေးလိမ်းရင် ပျောက်တာပဲ”
“ဟင် ဒါဆို ဘာကနာလို့လဲ”
"စိတ်ထဲက နာနေတာ၊ ရင်ထဲက နာနေတာ”
ကိုတူးက ရှိုက်ငင်ရင်း ပြောသည်။ မှောင်နေသဖြင့် ကိုတူး၏မျက်ရည်များကိုကား မမြင်ရချေ။ သို့သော် ရှိုက်သံကိုကြားနေရလေသည်။
* * *
“သားသမီးကိုမုန်းတဲ့ မိဘရယ်လို့ ရှိပါ့မလား စူးမာရယ်။ ကိုယ့်ရင်ကဖြစ်တဲ့သား၊ ကိုးလလွယ်ပြီး ဆယ်လမှာမွေးရတာ။ အသက်နဲ့လဲပြီး နာနာကျင်ကျင်ဝေဒနာကြားထဲက မွေးလာရတဲ့ ရင်နှစ်ရင်သွေးကို ဘယ်အဖေ ဘယ်အမေက မချစ်ဘဲနေပါ့မလဲ၊ ချစ်တာချည်းပေါ့"
"ဒါပေမဲ့ စူးမာနဲ့ကိုတူးကိုတော့ သိပ်မချစ်ပါဘူး၊ အမြဲဆူနေတာပဲ။ ဘယ်တော့မှလဲ ဂရုစိုက်တာမဟုတ်”
“အို ဒီလိုမထင်ပါနဲ့ စူးမာရယ်”
မမကြီးသည် ခေါင်းကို ဖြေးညှင်းစွာ ခါယမ်းလိုက်သည်။ စူးမာတို့ နားလည်သဘောပေါက်အောင် မည်ကဲ့သို့ပြောပြရမည်ကို စဉ်းစားနေပုံနှင့် မျက်မှောင်လေးတွန့်နေသည်။
“မနေ့တုန်းက မေမေရော ဖေဖေရော ဘယ်လောက်စိတ်ထိခိုက်နေတယ်ထင်လဲ၊ နှစ်ယောက်လုံး အိပ်မပျော်ကြဘူး သိရဲ့ လား။ ကိုတူးအိပ်ပျော်သွားတော့ ကိုတူးကိုသွားကြည့်ပြီး မေမေရယ် ငိုသေးတယ်”
“ခု မေမေရော”
“အိပ်ရာက မထသေးဘူး၊ ခေါင်းကိုက်နေတယ် ထင်တယ်”
စူမာတို့အိမ်တွင်းမှ တောက်လောင်နေသည့်မီးပုံကလေးသည် မသေးလှပေ။ အိမ်သားတိုင်း၏ရင်တွင်းသို့ဝင်ကာ လောင်မြိုက်ခဲ့ပုံရလေသည်။ စူးမာနှင့်ကိုတူးတို့သာမက ဖေဖေတို့၊ မေမေတို့၊ မမကြီးတို့ပါ စိတ်မကောင်းဖြစ်ကြသည်ဆိုတော့ စူးမာအံ့ဩသွားသော်လည်း တစ်ဖက်မှကျေနပ်သွားလေသည်။ တာတီးလေးပင်လျှင် မှိုင်တွေတွေမျက်နှာလေးနှင့် အိပ်ရာထဲတွင် ခွေနေရှာသည်။
“ကိုတူးရော အိပ်တုန်းလား”
“ဟုတ်ပါဘူး၊ ခုနတုန်းကပဲ မျက်နှာသစ်ပြီးထွက်လာတယ်လေ”
"အစောကြီး ထသလား”
“ဒီနေ့ သစ်ပင်ပေါ်မှာ လင့်စင်ထိုးမယ်တဲ့”
စူးမာသည် ခြံထဲသို့ ကဲကြည့်ရင်း ပြောလိုက်သည်။ မန်ကျည်းပင်ကြီးဘက်သို့ ခေါင်းကလေးငိုက်စိုက်နှင့် လျှောက်သွားသော ကိုတူးကို တွေ့ရလေသည်။ ညတုန်းက မမကြီး ပရုတ်ဆီလိမ်းပေးထားသဖြင့် ကိုတူး၏ပါးပြင်သည် အယောင်လျော့သွားသည်။ သို့သော် မျက်နှာလေးသည် အစ်ပြီး ငိုမျက်နှာလေးဖြစ်နေသည်။
“ကိုတူးက ပြောတယ်”
“ဘာတဲ့ လဲ”
“နာလိုက္တာတဲ့”
“အေးဟယ် ဖေဖေကလဲ အရမ်းရိုက်တာပဲ၊ စီးကရက်သောက်နေတာတွေ့တော့လဲ အရမ်းလွှတ်ပြီး စိတ်ဆိုးသွားတာကိုး"
“ဒါပေမဲ့ အသားက နာတာ ဟုတ်ပါဘူးတဲ့”
"ဟင် ဒါဖြင့် ဘယ်ကလဲ”
“စိတ်ထဲကတဲ့၊ ရင်ထဲက တဲ့”
မမကြီးသည် ပင့်သက်လေးရှိုက်လိုက်သည်။ တစ်စုံတစ်ခုပြောချင်သော်လည်း စကားလုံးရှာမရဟန်နှင့် နှုတ်ခမ်းလေးများသည် တရွရွ လှုပ်နေလေသည်။
"မဟုတ်ပါဘူးဟယ်၊ မဟုတ်သေးပါဘူး”
ခေါင်းကိုခါယမ်းရင်း တီးတိုးရေရွတ်နေသော မမကြီးသည် မျက်ရည်ရစ်ဝဲနေသည်။ စူးမာသည် ခုတင်တိုင်ကို နွဲ့နွဲ့လေးမှီလိုက်ရင်း မန်ကျည်းပင်ကြီးအောက်တွင် တွေဝေစွာရပ်နေသော ကိုတူးကို ဆီး၍ကြည့်နေမိလေသည်။ ကိုတူးကို သနားသောစိတ်နှင့် စူးမာရင်ထဲတွင် တင်းကျပ်ကျပ်ကြီးဖြစ်နေသည်။ အခုနေ ကိုတူးသာ ပြုံးပျော်သွားမည်ဆိုပါက စူးမာ ဘာပဲဖြစ်ဖြစ် လုပ်ပေးမည်သာဖြစ်ည်။ ထိုစဉ်တွင် စူးမာသည် အံဆွဲထဲတွင်ထည့်ထားသော အရုပ်ကားပိုင်းလေးကို ဖျတ်ခနဲ သတိရလာလေသည်။
“တစ်ယောက်နဲ့တစ်ယောက် အထင်မှားနေကြတာပါ။ ကိုတူးလေး အထင်လွဲနေတာပါဟယ်”
မမကြီးကပြောနေသော်လည်း စူးမာ ဂရုမစိုက်မိတော့၊ ဗီရိုအံဆွဲကို ဝုန်းခနဲဆွဲဖွင့်ကာ မွှေနှောက်ရှာဖွေနေမိသည်။ ကြာကြာရှာရန်မလိုပါချေ။ စူးမာကိုယ်တိုင် စက္ကူနှင့်လုံလုံထုပ်ကာ ဝှက်ထားသောအရုပ်ကားပိုင်းလေးကို အံဆွဲနောက်ဘက်ထောင့်တွင် တွေ့ရသည်။ စူးမာသည် ထုပ်ထားသောစက္ကူလေးကို ဆွဲဖယ်လိုက်ပြီး အိမ်ပေါ်မှ ပြေးဆင်းခဲ့သည်။
“ကိုတူးရေ"
မန်ကျည်းပင်ကြီးအောက်သို့ ပြေးလာရင်း အော်ခေါ်လိုက်သည်။ ကိုတူးကိုလည်းမတွေ့ရ၊ ထူးသံကိုလည်း မကြားရသဖြင့် စူးမာသည် ကျီးကန်းတောင်းမှောက်ရှာဖွေရင်း ထပ်ခေါ်လိုက်သည်။
“ကိုတူးရေ ဘယ်မှာလဲ”
“ငါ ဒီမှာ"
ကိုတူး၏အသံကို အပေါ်ဘက်မှ ကြားရသည်။ စူးမာသည် အပေါ်ဘက်သို့ ဖြုန်းခနဲ မော်ကြည့်လိုက်လေသည်။ မန်ကျည်းရွက် မန်ကျည်းကိုင်းများကြားမှ ကိုတူးသည် စူးမာအား ငုံ့ကြည့်နေသည်။
“ကိုတူး စူးမာပါတက်ခဲ့မယ်”
စူးမာသည် အရုပ်ကားချပ်လေးကို အိတ်ထဲသို့ ထိုးလိုက်ရင်း မန်ကျည်းကိုင်းကို လှမ်းဆွဲလိုက်သည်။ ကိုတူးဆီသို့ရောက်အောင် စူးမာ လွယ်လွယ်လေးတက်နိုင်သည်။
“မတက်ခဲ့နဲ့စူးမာ၊ ငါက ဟိုခွကြားရောက်တဲ့အထိ တက်မလို့”
"စူးမာပါ တက်မှာပေါ့”
"အမြင့်ကြီး နင်မတက်နိုင်ပါဘူး”
ကိုတူးသည် ပြောရင်းဆိုရင်း အထက်ဘက်သို့ လှမ်းခိုပြီး တက်လိုက်သည်။ ကိုတူးသည် ဘယ်အချိန်ကတည်းက သစ်ပင်အတက်ကျင့်နေသည် မသိ။ မြန်မြန်ဆန်ဆန်ကြီး ကျင်လည်စွာ တက်သွားလေသည်။ စူးမာသည် မန်ကျည်းကိုင်းကို ဆွဲကာ ခုန်ဆွခုန်ဆွနှင့် ကျန်ခဲ့တော့သည်။
“ဟာ လေတိုက်လိုက်တာ အရမ်းပဲ၊ သိပ်ကောင်းတယ်စူးမာ။ အိမ်လေးဆောက်ပြီးမှ နင် တက်ကြည့်နော်။ ဒီကနေကြည့်ရင် မေမေအိပ်နေတာတွေ့ရတယ်။ ဟော မမကြီး ခေါင်းဖြီးနေတာရော"
စူးမာသည် ခေါင်းကိုမော့ကာ ကိုတူးအား မော်ကြည့်နေသည်။ ကိုတူးသည် မန်ကျည်းကိုင်းကိုဖက်ရင်း ပတ်ဝန်းကျင်ကို မျှော်ကြည့်နေလေသည်။ စူးမာလည်း ကိုတူးနေရာတွင်ရောက်ပြီး ကိုတူးလို ကြည့်ချင်စမ်းလှသည်။
“ကိုတူးရေ ဆင်းခဲ့ပါတော့ဆို”
“အေးပါဟ”
“ကိုတူးကို ပြစရာရှိတယ်”
“ဘာလဲ”
"ဟား အောက်ရောက်မြှပမယ်”
“အခုပြောလေ”
“ပြောပါဘူး”
စူးမာသည် လက်ကလေးကို နောက်ပစ်ပြီး မတ်တတ်လေးရပ်လိုက်ရင်း ကိုတူးကို အကျပ်ကိုင်လိုက်သည်။ ကိုတူးသည် လေအေးအေးကို တဝကြီး ရှုလိုက်ပြီး စူးမာကို ငုံ့ကြည့်နေလေသည်။ ဆံပင်ပျော့ပျော့များကိုပါ လွင့်နေအောင်တိုက်သောလေသည် အေးမြလှသည်။ မျက်နှာနားတွင် ဝန်းဝဲနေသော မန်ကျည်းရွက်စိမ်းဖန့်ဖန့်လေးများသည်လည်း တဖျတ်ဖျတ် ယမ်းခါနေကြလေသည်။
ထိုစဉ်တွင် ကင်းပုံနွယ်များကိုဖြတ်ကျော်ကာ လျှောက်လာသော ဘဘသွင်ကို တွေ့ လိုက်ရ၍ ကိုတူး ရင်ထိတ်သွားသည်။ ဘာလုပ်ရမည်မသိဘဲ ငြိမ်ငြိမ်လေး ငုံ့ကြည့်နေမိစဉ်တွင် စူးမာကြည့်ရာသို့ လိုက်ကြည့်သော ဘဘသွင်သည် ကိုတူးကိုမြင်သွားလေသည်။
“အောင်မယ်လေး သားလေး ပါပါ့သားလေး။ သစ်ပင်တက်နေတယ်လား ဘုရား ဘုရား”
ဘဘသွင်သည် သစ်ပင်အောက်သို့ပြေးလာရင်း ခြေကားရားလက်ကားရားနှင့် အော်နေသည်။ မျက်လုံးအစုံသည် ဝိုင်းဝိုင်းလည်ကာ ငေးကြောင်ကြောင်ဖြစ်လာလေသည်။
“သားလေး ကိုငယ် ဆင်းခဲ့ပါသားရယ်။ မြန်မြန်ဆင်းခဲ့ပါ”
“လာပြီ ဘဘ အဲ ပါပါ”
ကိုတူးသစ်ပင်တက်သည်ကိုသာ တွေ့ပါက ရူးနေသော ဘဘသွင်သည် တစ်ခါတည်း သွက်သွက်လည်သွားလိမ့်မည်ဟု ကြီးကြီးနှင့် ကိုကိုအောင်တို့ပြောဖူးသည်ကို သတိရသဖြင့် ကိုတူး မျက်လုံးလေးပြူးသွားသည်။ ထို့ကြောင့်လည်း ကမန်းကတန်း ဆင်းမိလေသည်။ သူ့ကိုချစ်လှသော ဘဘသွင်တစ်ယောက် ဒီထက်ရူးသွားမည်ကိုကား ကိုတူး စိုးရိမ်မိသည်။ အရင်လိုနေသဖြင့် ကိုတူး၏ခြေထောက်သည် ကောင်းစွာမကုပ်မိဘဲ ချောခနဲ လျှောသွားလေသည်။ ထို့ကြောင့် လက်ကလည်း ဖမ်းကိုင်မည့်သစ်ကိုင်းကို မိမိရရ မဖမ်းမိဘဲ လွတ်ထွက်သွားသည်။ ကိုတူး၏ရင်ထဲတွင် အေးခနဲ ဖြစ်သွားသည်။ သစ်ကိုင်းသစ်ခက်တို့သည် သူ့ကို အရှိန်ပြင်းပြင်းလာပြီး ရိုက်ခတ်နေကြသည်ကို သိလိုက်လေသည်။
“အား ကိုတူး ကိုတူးရဲ့”
စူးမာသည် စူးစူးဝါးဝါး အော်လိုက်မိလေသည်။ သစ်ပင်ပေါ်မှ ခြေလွတ်လက်လွတ်ကျလာသော ကိုတူးတစ်ယောက် မြေပြင်နှင့် ရိုက်ခတ်သွားသည်ကို မျက်လုံးလေးအပြူးသားနှင့် ကြည့်နေသည်။ ဝုန်းခနဲ မြည်သွားသော အသံသည် စူးမာ၏နားထဲမှနေပြီး နှလုံးအိမ်ထဲအထိ ကျယ်ကျယ်လောင်လောင်ကြီး ပြေးလွှားသွားလေသည်။
“ဟာ ကိုငယ် သားလေးရေ"
ဘဘသွင်သည် မျက်လုံးကြီး ဝိုင်းဝိုင်းလည်ကာ နဖူးပြင်တွင် ချွေးပေါက်ကြီးများ စီရရီရ သီးလာသည်။ ထို့နောက် မတ်တတ်မှ သတိမေ့သွားသလို စိုက်လဲသွားသည်။
အခြေအနေက မြန်ဆန်လွန်းသည်။ စူးမာ လုံးဝမမျှော်လင့်။ လွန်ခဲ့သော မိနစ်ပိုင်းအတွင်းကပင် သစ်ပင်ပေါ်၌ ပြုံးနေသောကိုတူးသည် ယခုအခါ သစ်ပင်အောက်တွင် ခွေလဲလျက်ရှိချေပြီ။
“အမယ်လေး လုပ်ကြပါဦး ကိုတူး။ ကိုတူးလေး ...မေမေရေ ...ဖေဖေရဲ့ ...လာကြပါဦး ကြည့်ပါဦး၊ အို ကိုတူး"
စူးမာ၏နားထဲတွင် ယောက်ယက်ခတ်နေသောအသံများက ဆင့်ကဲဝင်ရောက်လာလေသည်။ သို့သော်လည်း ဘာကိုမျှ အသေအချာမကြားရအောင် နားထဲတွင် ဆူဝေကာ စီစီညံနေသည်။ မျက်လုံးများက ပြာဝေနေသော်လည်း ခွေခွေလေးလဲနေသော ကိုတူးကိုကား ကွက်ကွက်လေး မြင်နေရလေသည်။ ကိုတူးသည် မြေပြင်ကျယ်ကို ပါးနှင့်အပ်၍ ငြိမ်သက်စွာလဲနေသည်။ သူ့မျက်နှာလေးသည် နှစ်ခြိုက်စွာအိပ်နေသူလို အေးချမ်းနေလေသည်။
* * *
ကိုတူး၏မျက်တောင်ရှည်များသည် ဖြည်းညှင်းစွာ လှုပ်ရှားလာကြသည်။ မျက်ခွံများကို လေးလံစွာ ပင့်တင်ရင်း တည့်တည့်ကြီး ငေးကြည့်နေသည်။ အသိဉာဏ်များကို စုစည်းနေဟန်ရှိသော်လည်း မျက်လုံးညိုလေးများက ရီဝေနေသည်။
“သား ကိုတူး၊ သတိရပြီလား”
ဖေဖေက ဆို့နင့်သောအသံနှင့် မေးလိုက်သည်။ ဖေဖေ့အသံကြားသောအခါ ကိုတူး၏မျက်တောင်များ တဖျတ်ဖျတ်လှုပ်ရှားပြီး မျက်လုံးလေး အရောင်တောက်လာလေသည်။
“သား သားလေး သတိရပြီလား၊ သားရေ... မေမေလေ မေမေခေါ်နေတာ ကြားတယ် မဟုတ်လား”
“မေမေလား”
ကိုတူးက တိုးတိုးလေး မေးလိုက်သည်။ မေမေ့ကို လှမ်းကြည့်သော မျက်လုံးလေးများသည် ကြည်လင်နေလေသည်။ ခုတင်ခြေရင်းတွင် တောင့်တောင့်လေးရပ်နေသော စူးမာသည်လည်း ရင်ထဲမှ အလုံးကြီးကျသွားသလို သက်သာသွားလေသည်။ ကိုတူးသတိရလာပြီဖြစ်သဖြင့် မသေနိုင်တော့ဟု တထစ်ချ ယူဆပြီး အားတက်နေမိသည်။ သံခုတင်တိုင်လေးများကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ရင်း ကိုတူးကို မျက်တောင်မခတ် စူးစိုက်ကြည့်နေမိသည်။ တစ်ကိုယ်လုံး ပတ်တီးဖြူဖြူနှင့် ခေါင်းပါမကျန် မင်းသားခေါင်းပေါင်းလို ပတ်တီးပေါင်းထားရသော ကိုတူးကိုကြည့်ရင်း ယခုမှ စိတ်လက်ပေါ့ပါးကာ စချင် နောက်ချင်စိတ်ကလေး ဝင်လာသည်။ ကိုတူး၏နှာခေါင်းတွင် တပ်ထားသောပိုက်များနှင့် ခေါင်းရင်းမှ အောက်စီဂျင်ဘူးကြီးတို့ကိုလည်း မျက်စိနောက်လာသည်။
"သားရယ် ...မေမေချစ်တဲ့သားလေး၊ သားကို မေမေသိပ်ပြီးချစ်ပါတယ် ချစ်ပါတယ်ကွယ်၊ မမုန်းပါဘူး။ သား ကိုတူး မေမေ့ကိုစိတ်နာနေတယ်ဆို... အို”
“ခင်ရယ် သားနေမကောင်းတုန်း ဘာမှသိပ်မပြောပါနဲ့ဦး။ ဒီမှာ ဖေဖေ့ကို ကြည့်စမ်း သား၊ ဖေဖေရော မေမေရော သားကို သိပ်ပြီးချစ်တယ်ဆိုတာ တစ်ခုထဲပဲ စိတ်ထဲစွဲထားနော်။ သား စိတ်မကောင်းစရာတွေ မတွေးနဲ့တော့ ... ဟုတ်လား”
ကိုတူးသည် သူ့အပေါ်မှဆီးပြီး အုပ်မိုးကာပြောနေသော ဖေဖေနှင့်မေမေကို မော်ကြည့်ရင်း မျက်ရည်များစိမ့်ဝဲလာသည်။ ဖေဖေရိုက်စဉ်ကပင် ရုတ်ခြည်းမငိုသော ကိုတူး၏မျက်လုံးအိမ်တွင်းမှ မျက်ရည်များသည် စိမ့်ပြီး စီးကျလာလေသည်။ သို့သော်လည်း နှုတ်ခမ်းလေးတုန်ရီကာ မျက်နှာလေးကပြုံးနေသည်။ ကိုတူးသည် ငိုရင်း ပြုံးနေလေသည်။
ထိုစဉ်တွင် ဖေဖေနားသို့ ဆရာဝန်ကြီးတစ်ဦးက ကပ်လာပြီး တီးတိုးပြောလိုက်သည်။ ဖေဖေ့မျက်နှာသည် ကွက်ခနဲပျက်သွားပြီး အခန်းပြင်ဘက်သို့ ထွက်သွားလေသည်။ ဖေဖေနှင့်အတူ အင်္ကျီရှည်ဖြူဖြူကြီးများ ဝတ်ထားသောဆရာဝန်ကြီးများသည် ခေါင်းချင်းဆိုင်ကာ ဓာတ်မှန်ချပ်များကို ကြည့်ရှုနေကြလေသည်။
“စူးမာရော”
ကိုတူးက တိုးတိုးလေး မေးသည်။ စူးမာသည် ခုတင်ခြေရင်းမှနေပြီး ခုတင်ဘေးသို့ အပြေးလေးကွေ့ပြီး လျှောက်သွားသည်။ ကိုတူး၏လက်ချောင်းလေးများကို တင်းတင်းဆုပ်လိုက်မိသည်။ ရုတ်တရက်မို့ စူးမာလန့်သွားသည်။ ကိုတူး၏လက်ချောင်းလေးများသည် ရေခဲတမျှ အေးစက်နေလေသည်။
"စူးမာ”
"စူးမာရှိတယ် ကိုတူး “
"မေမေက ငါ့ကိုချစ်တယ်တဲ့”
“အင်း”
“ဖေဖေရော မေမေရော ငါ့ကိုချစ်တယ်တဲ့”
“ချစ်ပါတယ်သားရယ် ....သိပ်ချစ်ပါတယ်”
မေမေသည် ကိုတူး၏ပါးပြင်ကို ဖွဖွလေး ရှိုက်နမ်းကာ အားမလိုအားမရ ပြောလေသည်။ ကိုတူး၏မျက်နှာလေးသည် ပြုံးသည်ထက် ပြုံးလာလေသည်။ သို့သော် အပြုံးလေးက အရောင်မတောက်ဘဲ ဖြူလျော်နေသည်။ ကိုတူး မျက်နှာလေးက ဖြူလျော်ကာ သွေးဆုတ်နေသောကြောင့် ထင်သည်။
ထိုစဉ် ကိုကိုအောင်သည် အခန်းထဲသို့ ပြေးဝင်လာသည်။ အိပ်ရာပေါ်မှ ကိုတူးကိုကြည့်ပြီး မျက်နှာညိုသွားလေသည်။
"ခေါင်းကိုထိသွားတယ်၊ သိပ်စိတ်မချရဘူး”
မမကြီးက ခပ်တိုးတိုး လှမ်းပြောလိုက်သည်။ ကိုကိုအောင်သည် ကိုတူးကို ငိုင်ကြည့်နေပြီးမှ ဘဘသွင်တစ်ယောက် အဖြစ်ဟောင်းများကို ပြန်လည်သတိရကာ စိတ်ကောင်းဝင်လာကြောင်း ပြောသည်။ ဘဘသွင်အကြောင်း ကြားသောအခါ ကိုတူးသည်လည်း ဝမ်းသာသွားပုံရလေသည်။
“စူးမာရေ "
“အင်း”
“ငါနေကောင်းမှ လင့်စင်ဆောက်မယ်နော်၊ ဘဘသွင်ကိုလဲ ကူဆောက်ခိုင်းတာပေါ့”
“ဒန်းလေးပါ ဆင်ပေးပါလား ကိုတူးရာ”
"အေး"
“ကိုတူး သားလေး စကားသိပ်မပြောနဲ့နော်၊ မောနေမယ်”
မေမေသည် ကိုတူး၏လည်ပင်းကို သိုင်းဖက်ကာ ဆို့ဆို့နင့်နင့်ပြောသည်။ မေမေ့ဆံပင်မှ အုန်းဆီနံ့မွှေးပျံ့ပျံ့ကို ရှူရှိုက်ရင်း ကိုတူးသည် ကြည်နူးစွာပြုံးနေသည်။ စိတ်ကူးကမ္ဘာထဲတွင် သူ စိတ်စွဲလမ်းလှသော လင့်စင်အိမ်ကလေးကို အပြီးဆောက်နေလေသည်။ စိတ်ကူးထဲတွင် ပျဉ်ပြားများကို လွှနှင့်တိုက်၊ တူနှင့်ရိုက်နေသောကြောင့်ပေလားတော့မသိ၊ ကိုတူးသည် နွမ်းဟိုက်ဟိုက် ဖြစ်လာလေသည်။ မောလာလေသည်။
"စူးမာ"
ကိုတူးက လေသံသဲ့သဲ့လေးနှင့် ခေါ်သည်။ စူးမာသည် ကိုတူး၏လက်ဖျားအေးအေးလေးများကို တင်းတင်းဆုပ်ရင်း ထူးလိုက်သည်။
“နင် ဘယ် ထွက် သွား တာလဲ”
“ဘယ်မှမသွားပါဘူး ကိုတူးရဲ့၊ စူးမာ ရှိပါတယ်”
“နင့်ကို ငါမတွေ့ဘူး"
ကိုတူးသည် မျက်လုံးကို ခေတ္တမျှမှိတ်ထားပြီး အသက်ကို မျှဉ်းရှုနေသည်။ ကိုတူး၏မျက်နှာလေးကို တရှိုက်မက်မက် စိုက်ကြည့်နေသော မေမေသည် အသက်မှရှူရဲ့ လားဟု စူးမာ စဉ်းစားနေမိသည်။ ကိုတူး၏နဖူးကို ဖွဖွလေးစမ်းနေသော လက်ချောင်းလေးများမှအပ မေမေ့တစ်ကိုယ်လုံး ကျောက်ရုပ်လေးလို ငြိမ်သက်နေလေသည်။ ကိုတူးသည် အတန်ကြာငြိမ်နေပြီးမှ မျက်တောင်ရှည်များကိုပင့်ကာ မေမေ့ကို စိုက်ကြည့်လေသည်။ ရီဝေဝေမျက်လုံးလေးများနှင့် အားနည်းစွာ စိုက်ကြည့်ရင်း ကိုတူး၏နှုတ်ခမ်းလေးများက ကြည်နူးစွာ ပြုံးနေလေသည်။
"မေ မေ “
"သား မေမေရှိတယ်”
“မှောင်လှပြီ မီးဖွင့်တော့လေ”
စူးမာသည် ကိုတူးကိုကြည့်ရင်း ဟက်ခနဲ ရယ်လိုက်မိလေသည်။ နေ့ခင်းကြောင်တောင် နေမင်းကြီးထိန်ထိန်သာနေသည်ကို မှောင်လှပြီဟု ကြောင်တက်တက်ပြောသော ကိုတူးကို ပြုံးကျဲကျဲနှင့် ကြည့်နေမိလေသည်။ သို့ပါသော်လည်း မေမေ့မျက်နှာသည် ရုတ်ခြည်းဖြူလျော်ပြီး သွေးဆုတ်သွားသည်။ မမကြီးကလည်း နှုတ်ခမ်းကို တင်းတင်းကိုက်ကာ ခေါင်းငုံ့လိုက်လေသည်။
"စူးမာ ပြန်တော့"
ထိုစဉ်တွင် စူးမာ၏ပခုံးကို ဖေဖေကသိုင်းဖက်ကာ ဆွဲခေါ်လိုက်လေသည်။ စူးမာသည် ကန့်လန့်ကန့်လန့်ပါလာရင်း ဆင်ခြေတက်နေမိသည်။
“ကိုတူးက စူးမာကိုခေါ်နေတယ် ဖေဖေ၊ စူးမာနေချင်သေးတယ်”
“ပြန်ပါတော့ သမီးရယ်”
ဖေဖေ့အသံသည် ကြေကွဲမှုရောယှက်ကာ တုန်ယင်နေသည်။ စူးမာသည် ကိုဘိုထွေး၏နောက်သို့ မကျေမနပ်နှင့် ပါလာလေသည်။ အားလုံးက နေရစ်ပြီး စူးမာတစ်ဦးတည်း ပြန်လွှတ်လိုက်သည်ကို လုံးဝမကျေနပ်ဘဲ နှုတ်ခမ်းလေး စူနေသည်။
ကားက အိမ်နှင့်နီးလာသောအခါမှ စူးမာသည် တာတီးလေးကို အမှတ်ရလာတော့သည်။ အိမ်ရှိ လူကုန် ဆေးရုံသို့ရောက်နေသဖြင့် တာတီးလေးတစ်ဦးတည်း ဒေါ်ကြီးသက်ကို အဖော်ပြုရင်း နေခဲ့ရရှာသည်။ သူ့ခမျာ ခွေလဲနေသောကိုတူးဆီသို့ အတင်းပြေးဆင်းလာသေးသည်။ ကိုဘိုထွေးက လမ်းခုလတ်မှဖမ်းခေါ်ပြီး အိမ်ပေါ်ပြန်တင်သွား၍ ငိုမဲ့မဲ့နှင့် ကျန်ခဲ့ရလေသည်။
အိမ်ပေါ်သို့အပြေးတက်လာသော စူးမာကို တာတီးလေးသည် လှေကားထိပ်မှ ဆီးကြိုနေလေသည်။
"မမစူး၊ တိုတိုသူးရော"
“ဆေးရုံမှာ”
“အနာသွေက တိတ်နာနေလား ဟင်”
“မနာပါဘူး၊ ပျောက်မှာပါ”
စူးမာသည် တာတီးလေးကိုဖက်ကာ အခန်းထဲသို့ ခေါ်လာခဲ့သည်။ နံနက်စာ မစားရသေးသော်လည်း လုံးဝစားချင်စိတ်မရှိချေ။ စားပွဲပေါ်ရှိ ရေတခါင်းထဲမှရေကိုသာ တဝကြီးသောက်ချလိုက်မိသည်။ ထို့နောက် စိတ်မောလူမောနှင့် အိပ်ရာပေါ်သို့ လှဲချလိုက်သည်။
“တား ခုနက ပျင်းလိုက်တာ”
“အင်း”
“တိုတိုသူးကို တားလဲ ကြည့်ချင်တာပေါ့”
"အင်း"
“တိုတိုသူး ဘယ်တော့ ပြန်လာမှာလဲ”
“အင်း”
စူးမာသည် မှေးခနဲ အိပ်ပျော်သွားသည်။ အိပ်မက်ထဲတွင် လုံးဝနေကောင်းနေပြီဖြစ်သော ကိုတူးနှင့် လိုက်တမ်းပြေးတမ်း ကစားနေလေသည်။ စူးမာအား ကိုတူးက မိလုမိခင်၊ လက်တံရှည်နှင့် ဖြန်းခနဲရိုက်တော့မည်ပြုစဉ်တွင် ရင်ထဲ၌ လှပ်ခနဲဖြစ်ပြီး လန့်နိုးလာသည်။ အပြင်တွင် တကယ်ပင် ပြေးလွှားကစားနေရသလို စူးမာသည် မောဟိုက်ဟိုက်ကလေးဖြစ်နေသည်။ ဘာစကားမပြောဖြစ်ဘဲ သူ့ဘေးတွင် ငုတ်တုတ်လေးထိုင်နေသော တာတီးလေးကို ငေးကြည့်နေမိလေသည်။ တာတီးလေးသည် စူးမာကိုကျောပေးရင်း အရုပ်ကားချပ်လေးများကို ဆက်နေသည်။ ကားချပ်ထဲမှ ဖြူနီဝါပြာ ပန်းကလေးများသည်လည်း ပွင့်နေဆဲ၊ ခွေးကလေးနှင့်ကောင်မလေးတို့သည်လည်း ပြေးလွှားဆော့ကစားနေကြဆဲ ဖြစ်လေသည်။ တဖြည်းဖြည်း ရုပ်လုံးပေါ်လာသော အရုပ်ကားလေးကို စူးမာသည် တွေတွေဝေဝေလေး ငေးကြည့်ရင်း အိတ်ထဲမှ အရုပ်ကားပိုင်းလေးကို စမ်းကြည့်လိုက်မိလေသည်။ ကိုတူးကို ကောင်မလေး ခေါင်းတစ်ခြမ်း မပဲ့တော့သည့်အကြောင်း မပြောခဲ့ရ၍ စူးမာ စိတ်မကောင်းဖြစ်သွားသည်။ နက်ဖြန်ကျလျှင် ပြောဖြစ်အောင် ပြောရမည်ဟု တွေးရင်း ကွက်လပ်ဖြစ်နေသောနေရာလေးကို ဖြည့်လိုက်သည်။
"ဟော လှတွားပီ တိတ်လှတွားပီ”
တာတီးလေးက လက်ခုပ်လက်ဝါးလေးတီးကာ အော်ဟစ်နေလေသည်။ စူးမာသည် ပြည့်စုံသွားသောအရုပ်ကားလေးကို ကြည့်ရင်း ကျေနပ်စွာ ပြုံးလိုက်မိသည်။
ထိုစဉ်တွင် လေးကန်သောခြေသံလေးကို ကြားရသည်။ မေမေဖြစ်သည်။ ဘယ်အချိန်က ပြန်ရောက်လာသည် မသိရ။ တံခါးဝတွင်ရပ်ပြီး စူးမာတို့အား ခပ်ငေးငေးကြည့်နေသည်။ မေမေ့နောက်ကွယ်တွင် ရပ်နေသော ဖေဖေသည်လည်း ရုတ်ခြည်းပင် အိုစာသွားဟန်ရှိလေသည်။
“တိုတိုသူးရော မေမေ”
တာတီးလေးက မေးသောအခါ မေမေသည် ဆတ်ခနဲ တုန်ရီသွားလေသည်။ တံခါးပေါင်ကို တင်းတင်းဆုပ်ကိုင်ရင်း သတိလစ်သွားသူလို ပြူးကြောင်ကြောင်လေးပြန်ကြည့်နေသည်။ မေမေ့မျက်နှာသည် ဖြူလျော်ပြီး မေမေ့မျက်လုံးများသည် ရီဝေနေလေသည်။
စူးမာသည် အရုပ်ကားချပ်ကလေးကိုသာ ငေးကြည့်နေရင်း နောက်တစ်နေ့ ကိုတူးဆီ သွားသောအခါ ပြောရမည့်အကြောင်းများကို စဉ်းစားနေမိသည်။ ဘဘသွင်နှင့် သွားတွေ့ပြီး သူ့သတင်းကို ကိုတူးဆီသို့ ပို့ရမည်။ ဒေါ်ကြီးသက် မျက်ရည်ကျကြောင်းလည်း ပြောရမည်။ အရေးကြီးဆုံးကား အရုပ်ကားလေးတွင် ကွက်လပ်မရှိတော့သည့်အကြောင်း၊ ထိုသို့ဆိုလျှင် ကိုတူးကလည်း ပြန်ပြောမည်ဖြစ်သည်။ မေမေတို့၏မေတ္တာကို သိရှိပြီဖြစ်၍ သူ့ရင်ထဲတွင်လည်း ကွက်လပ်ကြီး မရှိတော့သည့်အကြောင်းကို စူးမာတစ်ဦးတည်းသာကြားအောင် တိုးတိုးလေး ပြောလိမ့်မည်ထင်သည်။
“တိုတိုသူး အိပ်ပျော်နေလား မေမေ”
တာတီးလေးက ထပ်ဆင့်မေးလိုက်ချိန်တွင် မမကြီး၏အခန်းမှ ကြိတ်ပြီး ရှိုက်နေသော ရှိုက်သံလေးက လွင့်ထွက်လာလေသည်။ ဖေဖေသည် မေမေ့ပခုံးကို တင်းတင်းကြီးဖက်လိုက်ရင်း ကြေကြကွေဲကွဲ ပြောလိုက်သည်။
“ဟုတ်ပါတယ် သားရယ်၊ သားရဲ့ ကိုကိုတူး အိပ်ပျော်နေလေရဲ့၊ အိပ်မောကျနေလေရဲ့”
(ပြီး)
-------------
#မစန္ဒာ
သောကြာကြိုက်သောစာစုများမှ
Page ပိုင်ရှင်ကို အထူးကျေးဇူးတင်ရှိပါသည်
Shareby မွန်းလေးဖေဖေ
Comments