အပိုင်း(၇)
“လူဆိုတာ တော်တိုင်းလဲကောင်းတာမဟုတ်ဘူး၊ ကောင်းတိုင်းလဲ တော်တာမဟုတ်ဘူး သားလေးရ။ တကယ့်လူဆိုတာ ကောင်းလဲကောင်းရမယ်၊ တော်လဲတော်ရမယ်၊ သိလား”
ဘဘသွင်သည် ကိုတူး၏နဖူးကိုသပ်ပြီး ကြင်နာစွာပြောသည်။ ဘဘသွင်ကို မှီထိုင်နေသော ကိုတူး၏မျက်လုံးလေးများသည် အရောင်တောက်ကာ ရွှန်းပနေကြ၏။ ကြီးကြီးသည် ချစ်ခင်စွာ စကားပြောနေကြသော ကိုတူးနှင့်ဘဘသွင်အား ပြုံးပြီးကြည့်နေလေသည်။
“သမီးရဲ့ ဘဘသွင်လဲ ကိုတူးကိုတွေ့ပြီးမှ စိတ်တော်တော်ငြိမ်တယ်၊ ဘုရားတရားလဲ သတိရတယ်၊ စိတ်ချမ်းသာပုံရတယ်၊ ကိုတူးလေးကို ကျေးဇူးပဲ”
စူးမာသည် စာကလေးခွေကို ဇိမ်ဆွဲပြီး စားနေရင်းမှ ဘဘသွင်အကြောင်းကို စဉ်းစားနေမိသည်။ တစ်ခါတစ်ရံ ကြောင်ကြောင်ကြည့်တတ်သော မျက်လုံးများမှအပ ဘဘသွင်ကို စိတ်မနှံ့သူဟူ၍ ပြောရန် ခဲယဉ်းလှသည်။ သူစိတ်ဖောက်လာသောအခါများတွင် သူများလို ကြမ်းကြမ်းတမ်းတမ်းမဟုတ်ဘဲ သီချင်းတအေးအေးဆိုကာ ခြံထဲတွင် ပတ်ပြီး လမ်းလျှောက်နေတတ်လေသည်။
“လူတော်ဆိုတာ အရည်အချင်းထက်မြက်တဲ့သူ၊ ပညာတော်တဲ့သူ၊ လုပ်ရည်ကိုင်ရည်တော်တဲ့သူမျိုးကို ခေါ်တာကွဲ့။ လူကောင်းဆိုတာကတော့ အကျင့်စာရိတ္တ၊ မျိုးရိုးအခြေအနေ၊ စိတ်ထားကောင်းတဲ့သူပေါ့။ တချို့လူတွေဟာ ထက်မြက်တယ်၊ တော်တယ်၊ ပြတ်သားတယ်၊ ခေါင်းဆောင်နိုင်တယ်၊ ဒါပေမဲ့ ကောင်းချင်မှကောင်းတာ။ တချို့ကတော့ အရက်မသောက်၊ ဖဲမရိုက်၊ ကံငါးပါးထိန်းတဲ့ မျိုးကောင်းရိုးကောင်း လူကောင်းလေးတွေပေါ့၊ ဒါပေမဲ့ ပညာကအစ အရည်အချင်းကျတော့ သူများနောက်လိုက် ဖြစ်ပြန်ရော။ အဲဒါကျပြန်တော့လဲ ဘယ်ကောင်းမလဲ။ တော်လဲ တော်မှ ကောင်းလဲကောင်းမှ လူဖြစ်ကျိုးနပ်တာ"
ကြီးကြီးသည် အကျယ်တဝင့် ဆက်ပြီး ရှင်းပြလေသည်။ ကြီးကြီး၏အသံသည် အေးဆေးပြီး တိုးညှင်းသော်လည်း နားထဲသို့ စိမ့်ဝင်သွားသည်။ ကိုကိုအောင်ကိုလည်း ကြီးကြီးသည် သူ့စိတ်တိုင်းကျ လူတော်လူကောင်းတစ်ဦးဖြစ်စေရန် ပုံသွင်းခဲ့သည် ထင်သည်။
အပြင်ဘက်တွင် မိုးဖွဲလေးများ တစိမ့်စိမ့်ရွာနေသဖြင့် စူးမာတို့ဧည့်ခန်းထဲတွင် စုမိနေကြသည်။ ထို့ကြောင့်လည်း စူးမာတို့၏စကားဝိုင်းတွင် ကြီးကြီးတစ်ယောက်ပါလာခြင်းဖြစ်သည်။ ကြီးကြီး၏ပေါင်ပေါ်တွင် ထိုးလက်စဆွယ်တာအင်္ကျီလေးကို တွေ့ရသည်။ အညိုရင့်ရင့်သိုးမွေးသည် အသွေးကျလှသည်။ ကိုကိုအောင်နှင့်လိုက်သောအရောင်ကို ကြီးကြီး ရွေးပြီး ဝယ်လာခဲ့ပုံရသည်။ ကြီးကြီးသည် မေမေ့လို အပေါင်းအသင်းမများလှပေ။ တစ်ခါတစ်ရံ ဘုရားသွားကျောင်းတက်သာ အပြင်သို့ထွက်လေ့ရှိသည်။ စာဖတ်လိုက်၊ သိုးမွေးထိုးလိုက်၊ သစ်ပင်ပန်းပင်လေးများ စိုက်လိုက်နှင့် အိမ်မြဲလှလေသည်။
“စူးမာတို့အပြန်ကျရင် သရက်သီးမှည့်တွေယူသွားဦး၊ မနေ့တုန်းက ခူးထားတာ။ မိုးနှောင့်ပြီး သူများတွေ အသီးတုံးမှ သီးတဲ့အပင်ကွဲ။ အဲဒီအပင်က အသီးဆိုရင် ခင်ခင်က သိပ်ကြိုက်တာလို့ပြောဖူးတယ်”
ကြီးကြီးသည် မေ့မသွားစေရန် သတိပေးသည်။ သရက်သီးမှည့်ဆယ့်ငါးလုံးခန့်ကို ခြင်းတောင်းလေးနှင့်ထည့်ပြီး စားပွဲပေါ်တွင် အဆင်သင့်တင်ထားသည်။ မေမေကြိုက်သောသရက်ဖြစ်၍ အမှတ်တရ ပေးခြင်းဖြစ်သည်။ သူတစ်ပါးကို ဂရုတစိုက်ရြှိခင်းသည် ကြီးကြီး၏ ချစ်စဖွယ်အရည်အချင်းလေးဖြစ်သည်။
စာကလေးခွေ ကျွတ်ကျွတ်ရွရွလေးကို စူးမာသည် ခပ်ဖွဖွ ဖဲ့လိုက်သည်။ အရစ်လိုက် အခွေလိုက် နည်းနည်းချင်းဖဲ့ပြီး ပုံမပျက်အောင် စားသွားတတ်သည်မှာ စူးမာ၏အကျင့်ပင်ဖြစ်သည်။ ထို့ကြောင့် ကုန်ခါနီးအထိ စူးမာ၏စာကလေးခွေသည် တဖြည်းဖြည်းသေးသွားသည်မှအပ အခွေလိုက်၊ အဝိုင်းလိုက် ပုံမပျက်ရှိတတ်လေသည်။
“သမီးတို့ ကိုကိုအောင်ဆိုရင် ကြီးကြီး ငယ်ငယ်တုန်းက အရမ်းစိတ်ပူတယ်။ သားလေးကလဲ တစ်ယောက်ထဲဆိုတော့ ဖျားမှာနာမှာက အစ အပေါင်းအသင်းမှားမှာ၊ ပျက်စီးမှာတွေကိုပေါ့ကွယ်။ သားတို့အဖေဆိုရင် ကြီးကြီးကို အမြဲတရားပြနေရတာပေါ့။ ကိုယ်က စိုးရိမ်တိုင်း ချစ်တိုင်းလဲ ကောင်းတာမဟုတ်ဘူးကွဲ့။ တစ်ခါတစ်လေ ချစ်လို့ အလိုလိုက်တာကလဲ ပျက်စီးဖို့ရာလမ်းစ ဖြစ်တယ်။ စိုးရိမ်လို့ပိတ်ပင်တာကလဲ အစွမ်းအစတုံးတတ်တယ်။ ဒီတော့ အမြဲတမ်း သတိနဲ့ချစ်ပြီး သတိနဲ့ စိုးရိမ်ရတာပေါ့ကွယ်။ ခုတော့ သမီးတို့ကိုကိုအောင်ကို ကြီးကြီးစိတ်ချပါပြီ။ သူဟာ သူ့ဟာသူ အမှားအမှန်ကို ဆုံးဖြတ်နိုင်တဲ့အရွယ်ရောက်ပြီ"
ကြီးကြီးသည် ပြတ်သွားသောစကားစကို ပြန်ဆက်လေသည်။ မိခင်တစ်ဦးအနေနှင့် သားဖြစ်သူအား ဘဝလမ်းမှန်စေရန် တတ်အားသမျှ ကြိုးပမ်းပြီး အောင်မြင်သောအခါ ဝမ်းမြောက်ကြည်နူးရမည်မှာ ဓမ္မတာပင် ဖြစ်သည်။
"စိုးရိမ်စရာကောင်းတာက ကိုတူးတို့ မစူးတို့အရွယ်။ ဒီအရွယ်လေးတွေဟာ အမှားနဲ့အမှန်ကို သေသေချာချာ မခွဲခြားနိုင်သေးဘူး။ အပေါင်းအသင်းဖျက်တတ်တယ်၊ လမ်းမှားတတ်တယ်”
"အပေါင်းအသင်း ဖျက်တတ်တယ်”
စူးမာသည် ထပ်ဆင့်ရေရွတ်လိုက်ပြီး ကိုတူးကို ဆတ်ခနဲ လှမ်းကြည့်လိုက်မိသည်။ ကိုတူးလည်း သိန်းထိုက်နှင့်ပေါင်းသည် မဟုတ်ပါလား။ ဘဘသွင်၏ရင်ခွင်ကျယ်ကို မှီပြီး မှိန်းနေသောကိုတူးက စူးမာလှမ်းကြည့်လိုက်သည်ကို မမြင်ပေ။
“ကိုတူးလဲ သိန်းထိုက်တို့နဲ့ပေါင်းတယ် ကြီးကြီး "
“သိန်းထိုက်ဆိုတာက ဘယ်သူလဲ”
"စူးမာတို့ကျောင်းက လမ်းသရဲ” `
"စူးမာ နော်”
ကိုတူးသည် ဇိမ်ပျက်သွားပြီး ဆတ်ခနဲ ခေါင်းထောင်လာသည်။ စူးမာကိုဟန့်တားသလို လှမ်းအော်ရင်း မျက်လုံးပြူးကြည့်သည်။ စူးမာသည် ခေါင်းလေးပုသွားသော်လည်း မလျှော့ဘဲ ဆက်ပြီး ပြောသည်။
“ဟုတ်တယ် အဲဒီ သိန်းထိုက်က ဆေးခြောက်လဲ ရှူတယ်။ ကျောင်းလည်းပြေးတယ်။ နောက်ပြီး ဓားမြှောင်လဲဆောင်တယ်တဲ့”
“အမလေး သားသားရယ်၊ ပါပါ့သားက ဘယ်သူတွေနဲ့ လျှောက်ပေါင်းနေတာလဲ။ လမ်းသရဲတွေနဲ့ပေါင်းတယ် ဟုတ်လား။ ကျားသားမိုးကြိုး သားလေးရယ် ဘာတွေလျှောက်လုပ်နေတာလဲ”
တစ်ချိန်လုံးငြိမ်နေသော ဘဘသွင်သည်လည်း ဆတ်ခနဲ ဖြစ်သွားသည်။ ကိုတူး၏မျက်နှာကို ဆွဲမော့ကာ စိုးရိမ်တကြီး မေးလေသည်။ မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်နှင့် အဖြေရခက်နေသော ကိုတူးအား စူးမာသည် ပြုံးကျဲကျဲနှင့် ကြည့်နေမိသည်။
“မဟုတ်ပါဘူး ဘဘ အဲ ပါပါရဲ့။ ကျွန်တော်နဲ့ တစ်တန်းထဲသားတွေပါ။ တစ်တန်းထဲ နေတော့ စကားပြောရ၊ ခေါ်ရတာပေါ့။ အဲဒါကို အဲဒီခွေးမလေးက သက်သက်ချောက်တွန်းတာ။ ကျွန်တော်က သူတို့လို ဆေးခြောက်မရှူပါဘူး၊ ကျောင်းလဲမပြေးပါဘူး၊ ဓားမြှောင်လဲ မဆောင်ပါဘူး၊ ခွေးမလေး စူးမာ"
“စူးမာလဲ စိုးရိမ်လို့ပါ ကိုတူးရာ”
သူ့ကို မကျေမနပ်စောင်းကြည့်နေသော ကိုတူးကြောင့် စူးမာ အနေရခက်သွားသည်။ ချက်ချင်း မျက်နှာလေးငယ်သွားသည်။ လေပျော့လေးနှင့်ပြောရင်း ကြီးကြီးအား အကူအညီတောင်းဟန်နှင့် လှမ်းပြီးကြည့်လိုက်မိသည်။
ခုတလော ကိုတူးနှင့် ခဏခဏ စိတ်ဆိုးနေရသည်။ နာရီမဆိုင်း ပြန်ပြီးခေါ်ကြသော်လည်း စူးမာစိတ်ညစ်သည်။
“သမီးလေးက သူ့အစ်ကိုကို စိတ်ပူလို့ပြောတာပဲကွယ်၊ ညီမလေးကို စိတ်မဆိုးပါနဲ့။ အပေါင်းအသင်းဆိုတာ သားက သတိထားပေါ့။ မတတ်သာလို့ လူကပေါင်းပြီးတော့ ကိုယ်ပေါင်း စိတ်ခွာနေပေါ့၊ ဟုတ်လား သား"
ကြီးကြီးက ဖျောင်းဖျောင်းဖျဖျပြောလေသည်။ ကိုတူးက ခေါင်းညိတ်မည်ကြံကာရှိသေး ဘဘသွင်က မျက်လုံးကြီးတွေ ကြောင်လာပြီး ဝင်အော်နေပြန်သည်။
“ကိုငယ်... သားမှာ ညီမ မရှိဘူး၊ ညီ မရှိဘူးနော်။ သူက သားရဲ့ သူငယ်ချင်း"
“ဟုတ်တယ် .. ဟုတ်တယ် သူငယ်ချင်း”
စူးမာက ပြီးလွယ်စီးလွယ် ခပ်သောသောလေးဝင်ပြီး ထောက်ခံချက်ပေးလိုက်သည်။ ကြီးကြီးကမူ တသိမ့်သိမ့် ရယ်နေလေသည်။ သူတို့မောင်နှမ လိုက်လဲလိုက်သည်။ ဘဘသွင် ဘာပြောပြော ကြီးကြီးသည် ခွင့်လွှတ်နေတတ်သည်သာ ဖြစ်၏။ ကရုဏာလွှမ်းသောအပြုံးကို ပြုံးနေလိုက်သည်။
ကြီးကြီးသည် ပြုံးရယ်ရင်း ထိုးလက်စသိုးမွေးဆွယ်တာလေးကို ပြန်ပြီးကောက်ယူလိုက်သည်။ အညိုရင့်ရင့်တွင် အဖြူစက်ကလေးများ ဖော်ကာ ထိုးနေသောဆွယ်တာလေးသည် ပြီးလျှင် အတော်လှမည်ဖြစ်သည်။
“ကိုကိုအောင်ဖို့လား ကြီးကြီး"
"ဟုတ်တယ်၊ အခု သီတင်းကျွတ်ဆိုရင် အမြဲတမ်းကန်တော့တယ်”
စူးမာ၏ရင်ထဲတွင် နွေးပြီး လှုပ်ရှားသွားလေသည်။ သီတင်းကျွတ်လုနီးပေပြီ။ ကိုကိုအောင်က ကြီးကြီးကို ကန်တော့သလိုပင် စူးမာတို့ကလည်း ဖေဖေ့တို့ မေမေတို့ကို ကန်တော့ရလျှင် ကောင်းမည်ထင်သည်။ ကန်တော့စရာပစ္စည်းများ ချပြီး မောင်နှမတတွေ ဖြုန်းခနဲ ထိုင်ကန်တော့လိုက်ကြလျှင် ဖေဖေတို့တတွေ မည်မျှအံ့ဩပြီး ဝမ်းသာသွားကြလေမည်မသိ။
ခပ်စိပ်စိပ်ကလေး ရွာသွန်းနေသော မိုးပေါက်ကလေးများကို ကြည့်ရင်း စူးမာသည် ပျော်လာသည်။ စူးမာ၏စုဘူးထဲ၌ ပိုက်ဆံနှစ်ဆယ်ကျော်လောက်ရှိပြီဟု ခန့်မှန်းမိသည်။ ဒိထက်ပိုလျှင်ပိုမည်။ ကိုတူးရော တာတီးလေးပါပေါင်းလျှင် နည်းမည်မဟုတ်။ မမကြီးပါ စူးမာတို့အထဲပါလာလျှင် ပိုကောင်းပေမည်။ သို့ရာတွင် မေမေတို့မသိစေချင်သောကိစ္စကို မမကြီးကိုလည်း အသိပေး၍မဖြစ်ချေ။ လျှို့ဝှက်ချက်သည် နာရီမကူးဘဲ ပေါက်ကြားသွားမည်ဖြစ်၏။ ကိုတူးကို ချက်ချင်းပင် ပြောပြချင်လှပေပြီ။ သို့ရာတွင် ဘဘသွင်တို့ ကြီးကြီးတို့ကိုလည်း မသိစေချင်သဖြင့် စူးမာသည် ပါးစပ်ကို မနည်းကြီးပိတ်ထားရသည်။
မိုးကလေး အနည်းငယ်စဲသွားသောအခါ စူးမာနှင့်ကိုတူးတို့သည် သရက်သီးခြင်းဆွဲကာ အိမ်ဘက်သို့ သုတ်သုတ်ပြန်ခဲ့ကြသည်။ စူးမာခမျာ အိမ်အထိပင်မစောင့်နိုင်။ သူ့အကြံအစည်ကို လမ်းတွင်ပင် ဖွင့်ပြီးပြောမိသည်။
“အေးဟ ကောင်းတယ်ဟ။ မေမေတို့အံ့ဩသွားမှာ”
ကိုတူးသည် လှိုက်လှိုက်လှဲလှဲ ထောက်ခံလေသည်။ မျက်လုံးလေးများသည်လည်း ရွှင်ပျစွာ အရောင်တောက်လာသည်။
"ငါ့ပိုက်ဆံတွေတော့ ဘယ်လောက်ရှိလဲ မသိဘူး။ စုဘူးဖောက်ကြည့်မှသိမှာ”
* * *
လေးကျပ် ခြောက်ကျပ် တစ်ဆယ်၊ တစ်ဆယ့်ငါးကျပ် နှစ်ဆယ်၊ နှစ်ဆယ့် ငါးကျပ်၊ သုံးဆယ်၊ သုံးဆယ့်တစ်၊ သုံးဆယ့်နှစ်၊ သုံးဆယ့်သုံး၊ သုံးဆယ့်လေး၊ တစ်မတ်၊ နှစ်မတ်၊ သုံးမတ် ဟား သုံးဆယ့် လေးကျပ်နဲ့သုံးမတ်ရှိတယ်။ အခု တစ်မတ်ထည့်လိုက်ရင် သုံးဆယ့်ငါးကျပ်"
“ငါက နင့်ထက် တစ်ကျပ်များတယ်၊ သုံးဆယ့်ခြောက်ကျပ်”
“နှစ်ယောက်ပေါင်းတော့ ခုနစ်ဆယ်နဲ့တစ်ကျပ်... ဟား”
တာတီးလေးသည် ကိုတူးဘေးတွင် ငုတ်တုတ်ကလေးထိုင်ရင်း အကြွပေုံကြီးကို ကြည့်နေသည်။ လက်ထဲတွင်မူ သူ့စုဘူးလေးကို ကိုင်ထားသည်။ သူ့စုဘူးသည် အနီရောင် ကလေးရုပ်ကလေးဖြစ်သည်။ မျက်လုံးဝိုင်းဝိုင်း ပါးဖောင်းဖောင်းနှင့် ကလေးရုပ်လေးသည် တာတီးလေးကဲ့သို့ပင် ချစ်ဖွယ်ကောင်းလှသည်။
"ကဲ တာတီးလေး”
ကိုတူးက လှည့်လာသောအခါ တာတီးလေးသည် သူ့စုဘူးလေးကို နှမြောတသစွာ ကြည့်ရင်း ကိုတူးလက်ထဲသို့ တွန့်ဆုတ်ဆုတ်လေး လှမ်းထည့်လိုက်သည်။ လေးလံလှသောစုဘူးသည် အကြွမျေား ကျပ်တန်များနှင့် ပြည့်နေသည်။ စုဘူးကို ကိုင်ကြည့်ရုံနှင့် စူးမာတို့ထက် ပိုက်ဆံများမှန်း သိသာလေသည်။ ကိုတူးစည်းရုံးရေးကောင်းသောကြောင့်သာ ပါလာရသော်လည်း တာတီးလေးသည် အဖောက်ခံရမည့် စုဘူးလေးကို နှမြောနေပုံရလေသည်။
မမကြီးကိုမူ ကိုတူးရောစူးမာပါ ဖွင့်မပြောရဲကြ၊ လူကြီးပိုင်းဝင်သော မမကြီးသည် မေမေ့ကို ပြောမပြဘဲ နေလိမ့်မည်မဟုတ်ဟု ထင်သောကြောင့်ဖြစ်၏။ မေမေတို့ ကြိုသိထားပါက ကန်တော့ရသည်မှာ ပျော်စရာကောင်းတော့မည် မဟုတ်ချေ။ တာတီးလေးကိုမူ အဓိကထားပြီး သိမ်းသွင်းကြရသည်။ မေမေနှင့်ဖေဖေဆီမှ မုန့်ဖိုးအပိုကို မကြာခဏရလေ့ရှိသော တာတီးလေးသည် စူးမာတို့ထက် ပိုပြီး ချမ်းသာသောကြောင့် ဖြစ်၏။
အရုပ်ကလေး၏ခြေထောက်ကို နှစ်ခြမ်းခွဲပြီး ဆွဲဟလိုက်သောအခါ ပိုက်ဆံအကြွမျေားသည် ဝေါခနဲ ကျလာလေသည်။ ငါးကျပ်တန်များပါ ပါဝင်နေသော တာတီးလေး၏စုဘူးအခြေအနေသည် အတော်ကြီး မြင့်မားမည်ဖြစ်သည်။
“ဟာ တိုတိုသူးရ အများကြီးနော်၊ တားတားပိုက်ဆံတွေ အများကြီး၊ မမစူး ကြည့်ပါဦး “
"အေးပါဟ များပါတယ်ဟ၊ နေပါဦး ရေကြည့်ပါဦးမယ်”
ကိုတူးတို့အလှည့်တုန်းက ငြိမ်နေသောတာတီးလေးသည် သူ့ပိုက်ဆံများကိုမြင်သောအခါ မြူးကြွလာသည်။ ခုန်ပေါက် ခုန်ပေါက်ဖြစ်လာသည်။ လက်ခုပ်လက်ဝါးတီးကာ အော်ဟစ်နေလေသည်။
“နှစ်ဆယ် သုံးဆယ် လေးဆယ် လေးဆယ်ငါး ငါးဆယ် ငါးဆယ်နဲ့ လေးကျပ်နဲ့ ဆယ့် ငါးပြား၊ ဟား တာတီးလေး မင်း အချမ်းသာဆုံးပဲကွ”
ကိုတူးက ဝမ်းသာအားရပြောသည်။ စူးမာသည် ခုနှစ်ဆယ့်တစ်ကျပ်နှင့်ငါးဆယ့်လေးကျပ်ကို စိတ်ထဲတွင် အပြေးအလွှားပေါင်းနေမိသည်။
“တစ်ရာနှစ်ဆယ့်ငါးကျပ်နှင့် ဆယ့်ငါးပြား၊ ဟာ ...ကိုတူးရေ အများကြီး အများကြီးပဲ၊ တာတီးလေးရေ သိလား တစ်ရာနှစ်ဆယ်နဲ့ငါးကျပ်"
စူးမာသည် ထိုင်ရာမှမထ၊ လက်ကို ကွေးချည်ဆန့်ချည်နှင့် ကနေမိသည်။ ဖေဖေ့အတွက် ပုဆိုး၊ မေမေ့အတွက် အင်္ကျီစ၊ ထမီ စသည်များကို ကြိုက်နှစ်သက်ရာအဆင်ရွေးချယ်ပြီး ဝယ်နိုင်လိမ့်မည်ဟု စိတ်ကူးနှင့်ရူးပြီး မြူးသွားသည်။ မျက်စိထဲတွင် ထမီအဆင်ဆန်းများ၊ အင်္ကျီရောင်စုံများသည် ပြေးလွှားဆော့ကစားနေကြသည်။ မေမေကြိုက်သောအရောင်သည် ခရမ်းရောင်ဖြစ်သည်။ ခရမ်းသွေးဖျော့ဖျော့လေးများကို မေမေမြင်လျှင် တန်းပြီးကြိုက်သွားလေ့ရှိကြောင်း စူးမာသိသည်။
“မေမေ့ကို လုံချည်ဝယ်ပေးရအောင်၊ အဖြူပေါ်မှာ ခရမ်းရောင်အပွင့်တွေနဲ့ လုံချည်မျိုးဆို မေမေကြိုက်မှာ သိလား ကိုတူး"
"အဲဒါက တစ်ထည်ဘယ်လောက်လဲ”
“ရှစ်ဆယ်လောက်ထင်တယ်”
"ဟာ အများကြီး"
ကိုတူး မျက်လုံးပြူးသွားသည်။ မေမေ့ကို ရှစ်ဆယ်တန် ထမီဝယ်ပြီး ကန်တော့လိုက်လျှင် ဖေဖေ့အတွက် လေးဆယ့်ငါးကျပ်သာကျန်တော့မည်မို့ စိတ်ရှုပ်သွားသည်။ တာတီးလေးကမူ အကြွပေုံကြီး ကြည့်ကာ အကျေနပ်ကြီးကျေနပ်နေသောကြောင့် ဘာမျှ ဝင်မပြောအားသေးချေ။
"အင်္ကျီစ ဆိုရင်ကော"
ကိုတူးက တစ်ဖက်လှည့်ကာ စဉ်းစားသည်။ ထမီနှင့်စာလျှင် အင်္ကျီစက သက်သာလိမ့်မည်ဟု မျှော်လင့်သောကြောင့်ဖြစ်၏။ မေမေအတွက် အင်္ကျီစနှင့် ဖေဖေ့အတွက် အင်းလေးလုံချည်ဆိုလျှင် ရှိသောငွေနှင့် အလောတော်လောက်ဖြစ်မည်ထင်သည်။ ငွေပိုလျှင် တော်သေးသည်။ လိုနေလျှင်ကား အခက်ကြုံပေမည်။ စူးမာတို့၌ ထပ်ပြီး စိုက်စရာ ပိုက်ဆံမရှိတော့ချေ။
"ပိုက်ဆံအိတ်လှလှလေးဆိုရင်ကော “
"အနွေးအင်္ကျီလေးဆိုရင်လဲ ကောင်းမှာ "
“အို ဈေးကို အသေအချာသွားပြီးကြည့်မှ သိမှာ။ အဲဒီလိုသွားကြည့်ပြီးမှ ကြိုက်တာရွေးဝယ်”
“အေး ဟုတ်တယ်၊ စိတ်ကူးနဲ့စဉ်းစားနေလို့တော့ ???နေတာပဲ”
တာတီးလေးသည် အကြွပေုံကြီးဘေးတွင် ဝိုင်းကြီးပတ်ပတ်စုပုံထားသည်။ ငါးပြားစေ့များကို သိပ်ပြီးမထည့်သဖြင့် ငါးပြားစေ့အနည်းငယ်သာပါသည့်အတွက် တော်သေးသည်ဟု ဆိုရပေမည်။ ငါးမူးစေ့၊ မတ်စေ့အစား ငါးပြားစေ့များကိုသာထည့်ခဲ့လျှင် စူးမာတို့၏ငွေအကြွပေုံကြီး သည်ထက်ပိုပြီးဖောင်းပွလာမည်ဖြစ်လေသည်။ တာတီးလေးသည် ငါးမူးစေ့၊ မတ်စေ့များကို ခွဲပြီးနောက် အလေးစေ့များနှင့်အပေါ့စေ့များကို တစ်ဖက်စီခွဲနေပြန်သည်။ တချွင်ချွင်မြည်နေသောပိုက်ဆံသံကို နားထောင်ပြီး ပါးချိုင့်လေးပေါ်အောင် ပြုံးနေသည်။
“ခုတစ်ပတ် ဥပုသ်နေ့ကျောင်းပိတ်ရင် သွားဝယ်ရအောင်၊ ဗိုလ်ချုပ်ဈေးကိုသွားကြတာပေါ့"
"နင့်အခုမှပဲ ဘယ်သူ့ကိုပို့ခိုင်းမလဲ၊ နင်ဝယ်တတ်သလား၊ သွားတတ်သလား”
“ဈေးဝယ်တာများ ခက်တာလိုက်လို့၊ နောက်ပြီး ကိုဘိုးထွေးပို့ခိုင်းရင်ရတာပဲ”
"ဟ ကိုဘိုထွေးက မေမေတို့ကိုမပြောဘဲနေပါလိမ့်မယ် အားကြီး”
စူးမာသည် မျက်မှောင်လေးကုတ်ပြီး အကြံအိုက်သွားသည်။ ဟုတ်ပါသည်။ ကိုဘိုထွေးသိသွားလျှင် မေမေတို့ကို ချက်ချင်းသွားပြောမည်ဖြစ်သည်။ စူးမာတို့အနေနှင့် မေမေတို့ကို လုံးဝမသိစေချင်။ ဖြုန်းခနဲ အံ့သြသွားစေချင်သည်။ ဝမ်းသာသွားစေချင်သည်။ ထို့ကြောင့် မေမေနားသို့ ပေါက်ကြားနိုင်သည့် ကိုဘိုထွေးဆီကလည်း အကူအညီမတောင်းသည်က ဘေးကင်းလိမ့်မည်ထင်သည်။
"ဒီလိုဆို ကိုယ့်ဟာကိုယ် ဘတ်စ်ကားစီးသွားကြတာပေါ့”
"မမစူး ဘယ်သွားမလို့လဲ၊ တားတားလဲ လိုက်မယ်”
အကြွပေုံထဲနစ်နေသော တာတီးလေးသည် တစ်စခန်းထလာလေသည်။ ဥပုသ်နေ့တွင် တာတီးလေးသည် ကျောင်းပိတ်သည်ဖြစ်၏။ သို့သော် စူးမာတို့ တာတီးလေးကိုခေါ်၍ ဖြစ်နိုင်မည်မဟုတ်။
"ရှူး အသာနေစမ်း၊ မေမေတို့အတွက် ဈေးသွားဝယ်မှာ၊ ဘတ်စ်ကားနဲ့သွားမှာ တာတီးလေးရဲ့"
“တားတားလဲ ဈေးလိုက်မှာပေါ့”
“ဟာ ဘယ်ဖြစ်မှာလဲ”
"တားလဲ ဘတ်စ်ကားစီးမှာပေါ့”
“မဖြစ်ဘူး တာတီးလေးရဲ့”
ကိုတူးက ခပ်ပျော့ပျော့လေးပြောလိုက်သည်။ စူးမာနှင့်ကိုတူးတို့ အိမ်မှပျောက်ချက်သားကောင်းပြီး ဈေးသွားမည်ဆိုပါက မေမေတို့အနေနှင့် ရုတ်တရက်သိမည် မဟုတ်ချေ။ အိမ်ထဲတွင် အနေမများဘဲ ခြံထဲတွင်လည်းကောင်း၊ ဘဘသွင်တို့အိမ်တွင်လည်းကောင်း အချိန်ကုန်တတ်သော စူးမာတို့နှစ်ယောက် ဟိုမှာရှိနိုး ဒီမှာရှိနိုးနှင့် ကြားချောင်နေမည်သာဖြစ်၏။ တာတီးလေးပါလာလျှင်ကား တကယ့်ကို အန္တရာယ်ဖြစ်သည်။ မေမေသည် တာတီးလေးပျောက်နေလျှင် ချက်ချင်း သိမည်ဖြစ်သည်။ ထို့ပြင် တာတီးလေး တတန်းတန်းနှင့်ဆိုလျှင် စူးမာရာကိုတူးပါ ပစ္စည်းမရွေးနိုင်ဘဲ ကလေးထိန်းနေကြရမည် ဖြစ်လေသည်။
“တာတီးလေးကလဲ လိမ္မာသားနဲ့ကွာ။ မမစူးတို့ဝယ်လာတဲ့ပစ္စည်းကို တာတီးလေးကို အိမ်ရောက်ရောက်ချင်း ပြမှာပေါ့။ ဘတ်စ်ကားနဲ့ဆို ကျပ်ကကျပ်၊ လူက တိုးနဲ့"
“ကျပ်ကျပ်ပဲ လိုက်မှာပေါ့”
“အိုကွာ ကောင်းကောင်းပြောနေတာကို ပြောမရချင်ဘူး "
စူးမာသည် ခပ်ညည်းညည်းလေး ပြောလိုက်သည်။ တာတီးလေး ငိုတော့မယောင် မဲ့တဲ့တဲ့လေးဖြစ်နေသည်။ သူ့ကို မှုန်ကုတ်ကုတ်ကြည့်နေကြသော ကိုတူးနှင့်စူးမာကို ငိုမဲ့မဲ့လေးနှင့် တစ်လှည့်စီကြည့်နေလေသည်။ တာတီးလေး ခေါင်းမာတတ်သည်ကို စူးမာသိသည့်အတွက် အတော်စိတ်ရှုပ်မိသည်။ သူလိုက်ချင်တိုင်းမလိုက်ရလျှင် ဖိုးတာတီး ကျေနပ်လိမ့်မည်မဟုတ်ချေ။ အတင်းကုတ်ကပ်ပြီး လိုက်ဖြစ်အောင်လိုက်မည့် ပေတေတေဇွဲမျိုးသည် တာတီးလေးထံ၌ရှိ၏။ တော်ကြာနေ အာပြဲကြီးနှင့် ဖြုန်းခနဲ ငိုချလိုက်လျှင်လည်း စူးမာတို့တစ်တွေ အမှုပတ်မည်ဖြစ်သည်။
“သားသားရေ "
“ဟော မေမေ ခေါ်နေတယ်”
မေမေ့ခေါ်သံကြားသော်လည်း တာတီးလေးသည် ထိုင်ရာမှမထချေ။ ငွေကြေးအများဆုံးထည့်ဝင်ထားသော အစုရှင်ကို ဈေးဝယ်ရာတွင်တော့ ထည့်သွင်းမစဉ်းစားသောအခါ သူဌေးမင်းကလေးသည် အတော်စိတ်ညစ်ညူးနေဟန်ရှိလေသည်။
"တားတားလဲ လိုက်မှာပဲ”
သူ့ဆန္ဒကိုသာ ထပ်မံတင်ပြသည်။ စူးမာသည် တာတီးလေးအား ကမန်းကတန်း ဆွဲထူလိုက်သည်။ တော်ကြာ မေမေအခန်းထဲဝင်လာလျှင် ပိုက်ဆံပုံကြီးကို တန်းတွေ့ပြီး စစ်ဆေးတော့မည်ဖြစ်သည်။
“သားသားရေ ... တာတီးလေး”
" တားတားလဲ လိုက်မှာပဲ”
မေမေ့ခြေသံသည် အခန်းနားသို့ နီးလာသည်။ တာတီးလေးက ပေကပ်ကပ်နှင့် မထူးသေးချေ။ စူးမာ စိတ်တိုလာသည်။ ရင်ခုန်လာသည်။
"လိုက်ရမယ်ဟ လိုက်ရမယ်၊ သွား သွား မြန်မြန်သွား၊ ကတဲမှပဲ ခွေးတာတီး"
တာတီးလေး၏မျက်နှာသည် ဖြုန်းခနဲ ကြည်လင်သွားသည်။ တံခါးဝသို့ပြေးသွားပြီး မေမေအခန်းထဲမဝင်မီ ဦးအောင်ထွက်လိုက်နိုင်လေသည်။ ဝုန်းခနဲပြန်ပိတ်သွားသော တံခါးကိုကြည့်ရင်း ကိုတူးသည် သက်ပြင်းကြီး ဟင်းခနဲ ချလိုက်သည်။ ထို့နောက် အကြွမျေားကို လက်ကိုင်ပဝါထဲ ကျုံးထည့်ပြီး ထုပ်နေသည်။
“ဟင်း တော်တော်ဒုက္ခပေးတဲ့ တာတီးလေး၊ အားကြီးဂျစ်ကျတယ်၊ ဂျစ်ကလေး”
* * *
“တော်တော်ဒုက္ခပေးတဲ့ တာတီးလေး၊ ဂျစ်ကလေး၊ သူ့ပဲ ကြောက်နေရတာပဲ။ လာ လာ သွားစို့”
ကိုတူးသည် သက်ပြင်းချရင်း ပြောသည်။ တာတီးလေးအိပ်ပျော်သွားသည်အထိ စိတ်မရှည်စွာနှင့် စောင့်ဆိုင်းနေရသည်။ မေမေသည် အန်တီမြတို့ရောက်နေချိန်မို့ လက်ဖက်ဝိုင်းတွင် စကားကောင်းနေသည်။ ထို့သို့သာဆိုလျှင် စူးမာတို့ကိုသာမက တာတီးလေးကိုပင် တစ်ခါတစ်ရံ မေ့သွားတတ်သည်မို့ ဈေးသွားလျှင် သွားမှန်းပင် သိမည်မဟုတ်။ ခက်သည်က တာတီးလေးဖြစ်သည်။ ကိုတူးတို့ဈေးသွားမည်ကို သိကတည်းက အနားမှမခွာတော့ချေ။ မျက်ခြည်အပြတ်မခံဘဲ ကပ်နေသည်။ ထို့ကြောင့် ကိုတူးနှင့်စူးမာတို့နှစ်ဦးသား ဈေးသွားဖို့ရာ သတိပင်မရကြသလို ဟန်မပျက်နေကြရသည်။ တာတီးလေး ပျင်းပြီးအိပ်ပျော်သွားသောအခါမှ အောက်ထပ်သို့ ခပ်သွက်
သွက် ဆင်းခဲ့ကြရသည်။ စကားကောင်းနေသော မေမေ့အရိပ်အခြည်ကို ကဲကြည့်ပြီး အိမ်ထဲမှ မယောင်မလည် ထွက်လာကြသည်။
“ပိုက်ဆံတွေက လေးလိုက်တာ လွန်ရော “
ဆိုင်မှာ အဲဒါတွေသွားပေးလို့ ရပါ့မလား”
“အောင်မာ ပိုက်ဆံပဲ ဘာပိုက်ဆံဖြစ်ဖြစ် ရမှာပေါ့”
ကိုတူးကလွယ်ထားသော လွယ်အိတ်ပြာလေးသည် အိပြီး တွဲကျနေသည်။ ပိုက်ဆံ အကြွမျေားကို တစ်ကျပ်ချင်း နှစ်ကျပ်ချင်း ရေတွက်ပြီးသွားပေးလျှင် ဈေးရောင်းသူတို့ အော်ထုတ်လိုက်မည်ကို စူးမာတွေးပြီး စိုးရိမ်နေမိသည်။ ထိုစဉ်တွင် စူးမာကြောက်လှသောခေါ်သံလေးကို ကြားလိုက်ရ၍ မျက်လုံးဝိုင်းသွားသည်။
“တိုတိုသူး "
“ဟိုက် ရော"
တာတီးလေးသည် အိမ်ထဲမှ ကဆုန်ပေါက်ထွက်လာသည်။ စူးမာ ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး စိတ်အပျက်ကြီးပျက်သွားလေသည်။ ကိုယ်တော်ချောကလေးကို ဘယ်နည်းနှင့် ခွာထုတ်ရမည်ကို မသိတတ်နိုင်အောင်ရှိတော့သည်။
"တားတားလဲ လိုက်မယ်၊ လိုက်မှာပေါ့”
တလိမ့်လိမ့်ပြေးလာရင်း ဟစ်ကြွေးနေသည်။ ဖြုန်းခနဲငိုချလိုက်တော့မလို မျက်ရည်ဝိုင်းနေသည်။ ကိုတူးသည် သက်ပြင်းကြီး ဟင်းခနဲချလိုက်ရင်း ခေါင်းကုတ်နေရှာလေသည်။ ဘယ်ပုံဘယ်နည်း အိပ်ရာကနိုးပြီး လူးလဲထခဲ့သည်မသိ။ အိပ်မှုန်စုံမွှားနှင့် မျက်လုံးပင် ကောင်းစွာမပွင့်သေးသော်လည်း မကျေမနပ် အော်နေလေသည်။
“ညီလေးကလဲကွာ လိမ္မာသားနဲ့၊ ကိုကိုတို့က ချိုချဉ်တွေဝယ်ခဲ့မှာပါ၊ နေခဲ့နော်”
"လိုက်မယ်”
“တာတီးလေးရဲ့ ဟိုးအဝေးကြီးသွားရမှာ၊ အဝေးကြီးရယ်”
“လိုက်မယ်”
"ဘတ်စကားကြီးနဲ့သွားရမှာ”
"တွားမယ်”
“လူကျပ်ကျပ်ကြီး စီးရမှာ”
“စီးမယ်”
တာတီးလေးသည် ခေါင်းမာလှသည်။ ကိုတူး၏လက်တစ်ဖက်ကို အတင်းဆွဲရင်း တောက်တဲ့လေးလို ကပ်နေသည်။ မျက်ရည်ဝိုင်းနေသည်။ နှုတ်ခမ်းစူနေသည်။ မျက်မှောင်ကုတ်နေသည်။ ခြေထောက်ကို စုံဆောင့်နေသည်။
"လိုက်မှာပဲ။ တားတားလိုက်မှာပဲ။ လိုက်မယ် လိုက်မှာပဲ ဟီး”
ကိုတူးနှင့်စူးမာက ပျော့ပျောင်းမည့်ဟန် မပြသောအခါ အာပြဲကြီးနှင့်ငိုရန် ဟန်ပြင်တော့သည်။ တာတီးလေး၏ငိုသံကိုသာ မေမေကြားပါက စီစဉ်ထားသမျှ အကုန်ပျက်ချေတော့မည်။ ကိုတူးသည် သူ့ခေါင်းကို လက်နှစ်ဖက်နှင့်စုံကုတ်ရင်း ဆောင့်ကြီးအောင့်ကြီးပြောသည်။
"ဒီလောက်ဖြစ်လှတာ လိုက်စမ်း လိုက်ခဲ့၊ ကားပေါ်ကျမှ လူကြားညပ်နေရင် မအော်နဲ့"
ဖိုးတာတီးလေးသည် အတော်တတ်နိုင်သည်။ လိုက်ရမည်ဟုခွင့်ပြုချက်ရသောအခါ မျက်ရည်ကြားမှ ချက်ချင်းပြုံးလာသည်။ ပါးချိုင့်လေးပေါ်လာသည်။ မျက်လုံးလေး ကြည်လာသည်။ ဘာမျှရှည်ရှည်ဝေးဝေး ပြောရန်မလိုတော့။ စူးမာတို့နှစ်ဦးကြားတွင် တာတီးလေးသည် ခုန်ပေါက် ခုန်ပေါက်နှင့် ပါလာလေတော့သည်။ အိမ်ထဲမှလမ်းမကြီးသို့ရောက်အောင် မောင်နှမသုံးဦး အမြန်ဆုံး သုတ်ခြေတင်ခဲ့ကြသည်။ လူကြီးမပါဘဲ တစ်ခါမျှ အပြင်သို့မထွက်ဖူး သော တာတီးလေးသည် အကျေနပ်ကြီး ကျေနပ်နေသည်။
“မမစူး ဘာဝယ်မှာလဲ”
“မေမေ့ဖို့ အင်္ကျီ၊ ဖေဖေ့ဖို့ လုံချည် “
"လှလှလေးဝယ်နော်”
“အေးပေါ့၊ လှလှလေးရွေးဝယ်မှာပေါ့”
"တားတားလဲ ရွေးပေးမယ်”
“အေး တူတူဝိုင်းရွေးကြမယ်”
ဘာပဲပြောပြော တာတီးလေးကိုကြည့်ရင်း စူးမာပါ စိတ်ကြည်နူးပြီး သနားလာသည်။ သူ့ခမျာ စူးမာတို့ခြေကိုမီအောင် မနည်းကြီးလိုက်နေရရှာသော်လည်း လုံးဝမညည်းပေ။ ခုန်ပေါက် ခုန်ပေါက်နှင့် မီအောင်လိုက်သည်။
"တာတီးလေး မောနေပီလား"
“မောပါဘူး တိုတိုသူးရော”
“မောပါဘူးကွ"
" လွယ်အိတ်ကြီး လေးရင် တားတားလွယ်ပေးမယ်လေ နော် တိုတိုသူး"
“အမယ်လေး နေပါစေ တာတီးလေးရယ်”
ကိုတူးရော စူးမာပါ ကြာရှည်စိတ်မတိုနိုင်ကြဘဲ တာတီးလေးကိုကြည့်ကာ ရယ်ရတော့သည်။ ပြုံးရတော့သည်။ မျက်မှောက်အတွန့်ပြေသွားရင်း တာတီးလေး၏ပခုံးကို ညှစ်ကိုင်လိုက်လေသည်။ စကားချိုချို၊ မျက်နှာချိုချိုလေးနှင့် တာတီးလေးသည် ကိုတူးတို့ မစူးတို့ကို အရည်ပျော်သွားအောင် ချွဲနေကျဖြစ်သည်။ သူ့ကို မည်သူမျှ ကြာရှည်စိတ်မဆိုးနိုင်ကြချေ။
“မင်း ကားပေါ်ကျရင် လူကြားညှပ်နေမှာ၊ အဲဒီကျရင် မအော်နဲ့ သိလား”
“အော်ပါဘူး တိုတိုသူးရ"
တာတီးလေးသည် မျက်နှာလေးကိုမော့ရင်း မခံချင်သလိုပြောလေသည်။ သူ့စကားနှင့်အညီ မအော် မဟစ်မိအောင် အတော်လေးကြိုးစားပုံတော့ရသည်။ သို့ရာတွင် ငပိငချဉ်သိပ်နေ
သောကားပေါ်သို့ အထွေးထွေး အလုံးလုံးတက်လာပြီးနောက် မကြာမီတွင် ဖိုးတာတီးလေး စကားဖျက်တော့သည်။
"အား နာတယ် နာတယ်။ အား တားတားခြေထောက်ကို နင်းထားတယ် အီး"
ညပ်ပိတ်နေသောလူများကြားထဲမှ တာတီးလေး၏အသံသည် စူးစူးဝါးဝါးထွက်လာသည်။ ရန်ကုန် ဘတ်(စ)ကား၏အရသာကို စူးမာတို့ထက်အရင် တာတီးလေးသည် ပွဲဦးထွက် ခံစားလိုက်ရဟန်ရှိသည်။ တာတီးလေး အရပ်ကပုသည်မို့ လူကြားထဲတွင် ဘယ်နေရာညပ်နေမှန်းပင် စူးမာ ချက်ချင်းမတွေ့။ ခေါင်းကို ဘယ်ယိမ်းညာယိုင်နှင့် တွန်းတိုက်ကာ ရှာသောအခါမှ တာတီးလေး၏ရှုံ့မဲ့နေသောမျက်နှာလေးကို ကွက်ကွက်ကလေး တွေ့ရသည်။
“ဘယ်သူလဲ မတိဘူး။ တားတားခြေထောက်ကို နင်းထားတယ်။ အီး နာ ဟော ဖယ်သွားပြီ”
တာတီးလေး၏ခြေဖမိုးနနလေးကို သွေးခြေဥလေအောင် တက်နင်းသွားသောသူကို မည်သူမှန်းပင် မသိနိုင်ချေ။ စူးမာမပြောနှင့် အနင်းခံလိုက်ရသော တာတီးလေးပင် မည်သူမှန်းမသိလိုက်။ မသိနိုင်အောင် လူက ကျပ်နေသည်။
"နေ တာတီးလေး အဲဒီနားမှာပဲနေ။ မမစူး လာခဲ့မယ်။ အဲဒီသံတန်းကို ကိုင်ထား"
စူးမာသည် တာတီးလေးဆီရောက်သည်အထိ ခြေလှမ်းနှစ်လှမ်းစာမျှကို ခဲခဲယဉ်းယဉ်း တိုးသွားရလေသည်။ တာတီးလေးဘေးရှိ မိန်းမကြီးက အနောက်ဘက်သို့ဆုတ်သွား၍ စူးမာသည် အတန်ငယ် အသက်ရှူနိုင်လေသည်။
“မမစူး တိုတိုသူးရော"
"ဟိုနားမှာ”
"တားတား မသွေ့လို့”
“ဘယ်တွေ့မလဲ၊ နင့်အရပ်က ပုပုလေး”
"တားခြေထောက်အရမ်းနာတယ်”
"အောင့်ခံဦး တာတီးလေးရ။ ကားပေါ်ကဆင်းမှ ကြည့်ပေးမယ်နော်”
ခြေချင်းလိမ်နေသောကားပေါ်တွင် တာတီးလေး၏ခြေထောက်ကိုပင် အသေအချာ မြင်အောင် မကြည့်နိုင်ချေ။ မြင်လျှက်လည်း မြင်ရုံအပြင် လက်နှင့်ပင်ပွတ်နိုင်မည်မဟုတ်။ စူးမာရော တာတီးလေးပါ မလှုပ်သာအောင် ငါးခြောက်ပြားကလေးများကဲ့သို့ စန့်စန့်ရန့်ရန့်နှင့်ပြားကာ ညပ်နေသောကြောင့်ဖြစ်၏။
“ဘတ်(စ)ကားတွေ သိပ်ကျပ်တယ်ဟ "ဟူသော ကိုဘိုထွေးပြောလေ့ရှိသည့်စကားကို စူးမာတို့တစ်တွေ အခုမှပင် ကိုယ်တွေ့ နားလည်တော့သည်။ အသက်ကြီးလာသဖြင့် ဝကာ ကိုယ်လုံးအလှပျက်မည်စိုးသော မေမေသည် ထမင်းလျှော့စားလေ့ရှိသည်။ စူးမာစဉ်းစားနေမိသည်။ မေမေ့အနေနှင့် ထမင်းလျှော့စားရန်မလို၊ ဘတ်(စ)ကားကိုသာ တစ်နေ့လျှင် တစ်နာရီလောက် တိုးကြိတ်စီးသင့်သည်။ မေမေမပိန်လျှင် ပြောချင်တိုင်းပြောပေရော့ဟုပင် စိန်ခေါ်ရဲသေးသည်။
"မမစူး"
တာတီးလေးက တိုးတိုးခေါ်ပြန်သည်။
“ဘာလဲ”
"အီးစော်နံတယ်”
"ဟွန်း”
စူးမာ၏နှာခေါင်းသည် ချက်ချင်းပင်ရှုံ့သွားသည်။ တာတီးလေးသည်လည်း သံဘားတန်းကို လက်နှစ်ဖက်နှင့် တင်းတင်းဆုပ်ရင်း မျက်နှာလေးရှုံ့နေသည်။ သူ့ခမျာ အရပ်ပုရှာသည်မို့ သူများတကာ၏ခါးကြား၊ တင်ပါးကြားထဲတွင် မျက်နှာအပ်ထားရလေသဖြင့် စူးမာထက်အရင် အနံ့ရခြင်း ဖြစ်ဟန်တူသည်။
"မှတ်တိုင်ပါရင် ကြိုပြော။ အလယ်ကိုတိုး ခိုမစီးကြပါနဲ့။ နောက်ဘက်က အင်္ကျီအဝါ နဲ့ငါ့ညီ ဘန်ဘာပေါ်ကတော့ ခိုမစီးနဲ့"
ညံညံစီနေသော လက်မှတ်ရောင်း၏အသံသည် အီးနံ့နှင့် လုံးနေသည်။ လေဟူသည်မှာ နိမ့်ရာအရပ်မှ အမြင့်သို့လွင့်ပါးပြီး တက်သွားသင့်သည်ဟု စူးမာထင်သည်။ ယခုတော့ အီးနံ့သည် အထက်သို့တက်မသွားချေ။ သွားရန်လည်းနေရာလပ်မရှိအောင်ကျပ်နေသောကြောင့် စူးမာတို့အနားတွင်သာ အားနာပါးနာနှင့် လှိုက်ကာ ဝဲလှည့်နေရဟန်တူသည်။ စူးမာကမူ အရေးထဲတွင် တာတီးလေးကိုကြည့်ကာ အသံထွက်အောင် ခွီးခနဲ ရယ်လိုက်မိသည်။ အသက်အောင့်ထားရှာသည်။ အတန်ကြာအောင့်ပြီး မနေနိုင်တော့သောအခါ အားရပါးရ ရှူလိုက်လေသည်။ သူ့နှာခေါင်းထဲသို့ လိမ့်ဝင်လာသော ရနံ့မွှေးမွှေးကြောင့် မျက်နှာကလေးမဲ့သွားပြန်သည်။
"ဟွန်း အီးပုပ်ကြီး၊ ဘဲဥပုပ်ကြီးစားပြီး ပေါက်တဲ့အီး”
ရနံ့ကပျောက်မည် ကြံကာရှိသေးသည်။ နောက်တစ်ချီကြိုင်ပြီး ထွက်လာပြန်သည်။ ဒီတစ်ခါတော့ တာတီးလေးသည် ခံနိုင်ဟန်မတူတော့ချေ။ သူ့နှာခေါင်းကို သူ့လက်ချောင်းနှင့်ညှစ်ကိုင်ရင်း မကျေမနပ်နှင့် ရေရွတ်လေတော့သည်။ သူ့နားပတ်လည်တွင်ဝိုင်းနေသော လူများကို မော့ကြည့်ရင်း နှုတ်ခမ်းလေးစူထွက်လာတော့သည်။ တရားခံသည် မည်သူမှန်းတော့မသိ။ သို့သော် အားလုံး မသိမသာပြုံးနေကြလေသည်။ မကြားချင်ယောင်လည်း ဆောင်နေကြလေသည်။ စူးမာကမူ အသက်မရှူဘဲလည်း မနေနိုင်သောကြောင့် နှာခေါင်းလေးရှုံ့ရင်း အီးနံ့ကို မျှဉ်းပြီး ရှူနေရသည်။ အဝေးပြေးရအောင်ကလည်း ပြေးစရာမြေမရှိသဖြင့် မနှစ်သက်သော်လည်း အောင့်ကာရှူရတော့သည်။
“လေဟာပြင်၊ ဗိုလ်ချုပ်ဈေး၊ ယိုးဒယားဈေးခင်ဗျ။ မှတ်တိုင်ပါတဲ့သူတွေ တိုးထားကြပါ"
စူးမာ ရုတ်တရက် စိတ်သက်သာရာရသွားသည်။ ဆင်းရမည့်မှတ်တိုင်ကိုရောက်တော့မည်မို့ ဝဋ်ဒုက္ခကလွတ်ကင်းတော့မည် ထင်သည်။ ကိုတူးကလည်း လှမ်းအော်သည်။
“စူးမာရေ... တိုး တိုးထား၊ ထွက်ထား”
စူးမာနှင့်တာတီးလေးတို့သည် လူကြားထဲတွင် တိုးကြဝှေ့ကြရပြန်တော့သည်။ ကိုတူးသည်ကား အရှေ့ပိုင်းတွင် ကပ်ပြီးကျန်ခဲ့သူမို့ အပေါက်နှင့်နီးလေသည်။ လွယ်အိတ်ပြာပြာလွယ်မထားဘဲ လက်နှစ်ဖက်နှင့် ပွေ့ပိုက်ထားသည်။ မျက်စိမှိတ်ပြီး တွန်းကာတိုက်ကာနှင့်ထွက်လာသော တာတီးလေး၏ပခုံးကို ဆီးဖက်လိုက်သည်။
“ဆင်း ညီလေး၊ ရှေ့ကဆင်း”
တာတီးလေးသည် ကိုတူး၏အရှေ့မှနေပြီး အောက်သို့ရောက်ချင်ဇောနှင့် ခပ်သွက်သွက်လေး ဆင်းလိုက်လေသည်။ သို့ရာတွင် အဆင်းခြေခုံက မြင့်နေသဖြင့် တာတီးလေးခမျာ ဝုန်းခနဲ ကားရားလေးကျသွားသည်။ ကိုတူးက လှမ်းအဆွဲတွင် မဟန်နိုင်ဘဲ ကိုတူးပါ ဟပ်ထိုးစိုက်ကျသွားလေတော့သည်။
"ဟယ် ကိုတူး”
စူးမာသည် ကိုတူးကို ကမန်းကတန်းလှမ်းဆွဲလိုက်သော်လည်း မမီ၊ လွယ်အိတ်ကြိုးပြာပြာလေးကိုသာ ဆွဲမိပြီး ဖြန်းခနဲ ပြတ်သွားသည်။
"အွတ် တေပါပီ “
"ကိုတူး... တာတီးလေး ...အမလေး ကိုတူး"
စူးမာမျက်လုံးများ ပြာဝေသွားသည်။ ငွေအကြွမျေားသည် ကားခြေနင်းမှတစ်ဆင့် လမ်းပေါ်သို့ ချွင်ခနဲ ချွင်ခနဲ ကြဲပြန့် လွင့်စဉ်သွားသည်နှင့်တစ်ပြိုင်နက်တည်းပင် ကိုတူးသည်လည်း လမ်းပေါ်သို့ လေးဘက်ထောက်ကျသွားတော့သည်။ ကိုတူး၏ အောက်တွင် မှောက်လျက်ကလေး ပြားနေသူကား တာတီးလေးဖြစ်သည်။
"ဟာ ခလေးတွေ "
"ဟင် ပိုက်ဆံတွေ"
အာမေဋိတ်သံများက ဆူညံလာသည်။ စူးမာ ဘာကိုမျှ အသေအချာမကြားနိုင်တော့၊ ဘာကိုမျှလည်း အသေအချာမမြင်နိုင်တော့။ ကားပေါ်မှ ဘယ်ပုံဘယ်နည်းခုန်ဆင်းခဲ့သည်ကိုလည်း အမှတ်မရတော့ပေ။ စူးမာ ကိုတူးတို့နားသို့ ခြေကားရား လက်ကားရာ ရောက်လာချိန်မှ ကိုတူးသည်လည်း သူ့ အောက်တွင်ပြားနေသောတာတီးလေးကို ဆွဲထူနိုင်လေသည်။
“ဟင် သွေးတွေ”
စူးမာ အရမ်းလန့်သွားသည်။ တာတီးလေး၏နှုတ်ခမ်း ပေါက်သွားသလား၊ သွားကျိုးသွားသလားတော့ မသိ။ နှုတ်ခမ်းတွင် သွေးဖြန်းဖြန်းထွက်နေသည်။ ပလက်ဖောင်းနှင့်တိုက်မိသောကြောင့် ထင်သည်။ တစ်မျက်နှာလုံး ပေတူးရုံမက အင်္ကျီများလည်း ဖုန်လူးနေသည်။ ဒူးဆစ်တွင်လည်း အရေပြားလန်ကာ နီရဲနေသည်။
"တာတီးလေး.. ညီလေး ဘာဖြစ်သွားသေးလဲ၊ ဘယ်နားနာလဲ”
စူးမာက ဘာလုပ်ဘာကိုင်ရမည်မသိဘဲ ဝိုင်းကြီးပတ်ပတ်ကနေချိန်တွင် ကိုတူးသည် စိုးရိမ်တကြီး မေးနေသည်။ တာတီးလေးကမူ သူ့ကိုယ်သူ သတိထားမိပုံမရသေးချေ။ လမ်းပေါ်ကျ နေသောလွယ်အိတ်ပြဲနှင့် ပြန့်ကျဲနေသောပိုက်ဆံများကို လက်ညှိုးထိုးရင်း အော်နေသည်။
"အီး တားတို့ပိုက်ဆံတွေ တားတို့ဟာတွေ တိုတိုသူးရဲ့။ ပြန်ကောက်”
စိတ်ဆောင်နေသော တာတီးလေးသည် သူ့ဘေးတွင်ရှိ မတ်စေ့နှင့်ဆယ်ပြားစေ့များကို တဇက်ဇက်ကောက်နေသည်။ တစ်မျက်နှာလုံးပေတူးကာ နှုတ်ခမ်းတွင် သွေးလူးနေရသည့်ကြားထဲ မျက်လုံးလေးကလည်း ပြူးနေသေးသည်။ ကမန်းကတန်း ထမည်အပြု သူ့ဒူးကိုသူကြည့်ကာ အော်ပြန်သည်။
"ဟာ တွေး... တားခြေထောက်မှာ သွေးတွေ"
" တာတီးလေး တိတ် တိတ် သိပ်မနာပါဘူး။ နည်းနည်းလေးနော် ...နည်းနည်းလေး"
စူးမာသည် ပိုက်ဆံများကို ဂရုမစိုက်နိုင်သေးဘဲ တာတီးလေးကိုဖက်ကာ ချော့ချော့မော့မော့ ပြောလိုက်လေသည်။ နှုတ်ခမ်းအကွဲ ဒူးအပြဲနှင့်တာတီးလေးကို အိမ်သို့ရောက်အောင် မည်သို့ပြန်ခေါ်သွားရမည် မသိနိုင်အောင်ပင်ရှိတော့သည်။ အပြေးအလွှားစဉ်းစားရင်း ခေါင်းထဲတွင် ဆူဝေလာသည်။
“ဟာ စူးမာ.. ဟယ် ကိုတူး၊ ဟောဗျ သားသား"
ထိုစဉ်တွင် စူးမာအရင်းနှီးဆုံး၊ အကျွမ်းဝင်ဆုံးအသံကို ကြားလိုက်ရသည်။ အပြေးအလွှားကပ်လာသော ရှူးဖိနပ်ကို ခေတ္တမျှ တွေဝေကြည့်နေပြီး အပေါ်ဘက်သို့ ဖျက်ခနဲကြည့်မိသည်။
ဆူဝေနေသော စူးမာ၏ဦးနှောက်တို့ ချက်ချင်းအရည်ပျော်သွားသည် ထင်ရ၏။ နေရာမှ မလှုပ်နိုင်မယှက်နိုင်ဘဲ ကြောင်ကြောင်လေး ငေးနေမိလေသည်။
"ဟာ ဖေဖေ”
ကိုတူးကမူ နေရာမှ ဝုန်းခနဲခုန်ထကာ အော်လိုက်လေသည်။ ဒူးနာကို ခုမှနာမှန်းသိပြီး တအီးအီးငိုတော့မည့်ဟန်ပြင်သော တာတီးလေးကမူ သူ့အနားပြေးကပ်လာသော ဖေဖေ့ကို ရုတ်တရက် မမှတ်မိသလို ကြောင်ကြောင်လေး ပြန်ကြည့်နေလေသည်။
“ဘယ်လိုဖြစ်တာလဲ၊ ဘယ်လိုဖြစ်ပြီး ဒီရောက်လာကြတာလဲ၊ ဘယ်သူနဲ့လာတာလဲ။ ဟောဗျ ပွန်းလို့ ??လို့၊ ဟင် ပိုက်ဆံတွေကလဲ ကြဲလို့၊ ဘာဖြစ်ကြတာလဲ”
ဖေဖေ့မေးခွန်းများက စုံလှသည်။ စူးမာတို့ တစ်ခုမျှမဖြေနိုင်။ ဖေဖေသည် ပါးစပ်က သာမေးနေသော်လည်း စူးမာတို့ဖြေလား မဖြေလားကိုမူ နားကကြားပုံမရချေ။ တာတီးလေးကိုဆွဲထူပြီး ဟိုကြည့်ဒီကြည့်နှင့် စစ်ဆေးနေသောကြောင့်ဖြစ်၏။ ယခုပင် ငံညိုညိုဖြစ်လာသော ပါးစပ်ကို တာတီးလေးက သတိထားမိပုံရသည်။ လက်နှင့်စမ်းကြည့်ပြီး တံတွေးများထွေးထုတ်သည်။ ဖေဖေသည် ကုန်းကုန်းကွကွလေးဖြစ်နေသော တာတီးလေးအား ပွေ့ချီပြီး စူးမာ၏လက်ကို ဆွဲလိုက်သည်။
“လာ လာကြစမ်း၊ တော်သေးရဲ့။ လူစုစုနဲ့ ဘာများဖြစ်နေပါလိမ့်လို့ ဝင်ကြည့်မိပေလို့”
"တားတို့ပိုက်ဆံတွေ.. ပေပေ တားတို့ပိုက်ဆံတွေ"
တာတီးလေး ယက်ကန်ယက်ကန် အော်နေစဉ်တွင် ကိုတူးသည် လွယ်အိတ်ပြာလေးကို ကုန်းကောက်ပြီး လက်လှမ်းမီသမျှငွေများကို ကျုံးနေသည်။
“ကိုတူးရေ လာတော့၊ လာပါတော့”
“ကိုတူးရေ လာစမ်းကွယ်... လာစမ်း”
အခုမှ သဲကြီးမဲကြီးနှင့် ငွေအကောက်ကောင်းနေသောကိုတူးကို စူးမာသည် လည်ပြန်ကြည့်ရင်း ခေါ်လိုက်သည်။ ဖေဖေက စူးမာတို့အား ကားထဲထည့်ခဲ့ပြီး တစ်ခေါက်ပြန်ကာ ကိုတူးအား ဆွဲခေါ်ရလေသည်။ လွယ်အိတ်ပြဲကို လက်နှစ်ဖက်နှင့်ပိုက်ထားသော ကိုတူးသည် ကန့်လန့်ကန့်လန့်နှင့် ပါလာသည်။ မျက်နှာလေးသည်ကား ဆီးရွက်လောက်ပင်ရှိတော့မည်ထင်သည်။
ဖေဖေသည် ကားတံခါးကို ဆောင့်ပိတ်လိုက်လေသည်။ စကားတစ်ခွန်းမျှထပ်မပြောတော့ဘဲ ကားစက်နှိုးလိုက်သည်။ တစ်ကားလုံးသည် မျက်မှောင်ကုတ်ရင်း ကားကို သတိထားပြီး မောင်းနေလေသည်။ စကားတစ်ခွန်းမျှ မပြော။ စူးမာရင်ထဲတွင် တဒိတ်ဒိတ်ခုန်နေသည်။ ဖေဖေ ငြိမ်သက်နေခြင်းသည် ဆူပူမည့်လမ်းစဖြစ်သည်။
တာတီးလေးပင် စကားမကြွယ်ရဲရှာဘဲ ငြိမ်နေလေသည်။ မျက်တောင်လေးပုတ်ခတ် ပုတ်ခတ်နှင့် ကုပ်ချောင်းချောင်းလေးဖြစ်နေသည်။ နဂိုဝိုင်းသော စူးမာ၏မျက်လုံးလေးများသည်လည်း အပြင်ဘက်သို့ ပြူးထွက်လာပြီထင်သည်။ ကိုတူး၏မျက်နှာလေးသည်ကား မသိမသာနီနေသည်။
“ဟာ ကိုကိုပြန်လာပြီ။ ဟင် သူတို့သုံးယောက်က ဘယ်ကပါလာ... ဟယ် သွေးတွေ၊ သားသား ဘယ်လိုဖြစ်လာကြတာတုံး”
မေမေက ပျာယာခတ်ပြီးအော်နေချိန်တွင် ဖေဖေသည် အိမ်ပေါ်ထပ်သို့ တန်းပြီးတက်သွားလေသည်။ စူးမာနှင့်ကိုတူး ဘုရားတမိသည်။ အကြီးအကျယ်တော့ အဆူခံရတော့မည်ထင်သည်။
ဆက်ရန်
----------------------
#မစန္ဒာ
Comments