Skip to main content

လိမ်ပေးလိုက်ရသောဆရာ

"ဆရာ...ကျွန်မရောက်ပြီ"
ကျောင်းပိတ်ရက်တစ်ရက် ကျွန်တော်သတင်းစာဖတ်နေစဉ် ခြံဝမှ အသံကြားလိုက်ရသောကြောင့် တံခါးသွားဖွင့် ပေးလိုက်သည်။
"ဒေါ်ပုလဲ...မလာတော့ဘူးလားလို့ ကျွန်တော် အပြင်ကိုထွက်တော့မလို့"
"စောစော လာမလိုပါဆရာ...သမီးလေးအတွက် ဟင်းချက်ပေးနေရလို့ပါ"
"သမီးက ဝန်ထမ်းလား"
"မဟုတ်ဘူးဆရာ...ဒီနှစ် ၁၀ တန်းလေ...ဆရာ့အတန်းမှာလို့ပြောတယ်"
"ဘယ်သူများပါလိမ့်"
"သီတာပါဆရာ"
"သြော်...သီတာက ဒေါ်ပုလဲ သမီးလား"
"ဟုတ်ကဲ့ဆရာ...ဒါပေမဲ့ သမီးလေးကို ကျွန်မ ဒီလိုအိမ်တွေမှာ အဝတ်လိုက်လျှော်နေတယ်ဆိုတာ မပြောပါနဲ့နော်ဆရာ"
ကျွန်တော်နာလည်လိုက်ပါသည်။ ကျွန်တော်က ဒေါ်ပုလဲဟုသာပြောရသည်။ သူမျက်နှာတွင် ဖြူဖွေးတာဆိုလို့ သွားတွေသာရှိသည်။ ဒေါ်ပုလဲဟု သူ့ကိုသိနေသည်မှာ ဈေးထဲက ငါးရောင်းသည့် အမျိုးသမီး မိတ်ဆက်ပေး၍ ဖြစ်သည်။ သူက အိမ်တွေလိုက်ပြီး အဝတ်လျှော်မီးပူတိုက်သည့်အလုပ်ကို ရပ်ကွပ်ထဲပတ်၍ လိုက်လုပ်ကာ ဝမ်းစာရှာနေသူဖြစ်သည်။
"ဒေါ်ပုလဲ...ယောက်ကျားက ဘာလုပ်လဲ"
"သေသွားပြီဆရာ...အရက်သမားလေ...၂ နှစ်တောင်ရှိနေပြီ...အဲ့ဒါကြောင့် သမီးလေးကို ပညာတတ်ကြီးဖြစ်အောင် ပိုးမွေးသလိုမွေးနေရတာ"
"သီတာက စာတော်ပါတယ်...ဒါပေမဲ့ သမီးလေးကို ကိုယ့်ဘာလုပ်နေတယ်ဆိုတာ အမှန်တိုင်းပြောပြီး ရင်ဆိုင်ခိုင်းတာ မကောင်းဘူးလား"
"မကောင်းပါဘူးဆရာရယ်...သူတို့သူငယ်ချင်းတွေက ပြိုင်နေကြတာ...သူအမေက အဝတ်လိုက်လျှော်နေတာသိရင် စိတ်အားငယ်သွားပါ့မယ်"
"ဒါဆိုရင် သမီးကို ဘာလုပ်နေတယ်လို့ ပြောထားသလဲ"
"စာလိုက်သင်နေတယ်လို့ ပြောထားတယ်"
"အလို ခဗျားက ကျောင်းဆရာမလား"
"မဟုတ်ဘူးဆရာ...အင်္ဂလိပ်လို ကောင်းကောင်းပြောတတ်တယ်"
"ဟုတ်လား...ဘွဲ့ရပြီးပြီလား"
"မဟုတ်ပါဘူးဆရာ...ကျွန်မက ငယ်ငယ်ကတည်းက ဘိုအိမ်မှာကြီးလာတာ...သခင်ကြီးတို့ အင်္ဂလန်ပြန်သွားလို့ပေါ့...အဲ့ဒီမှာ မာလီလုပ် နေတဲ့ သီတာတို့အဖေနဲ့ အိမ်ထောင်ကျတာပဲ"
"အံရောဗျာ...အဲ့ဒါနဲ့ပဲ သမီးကို အင်္ဂလိပ်စာ လိုက်သင်နေတယ် ပြောထားတယ်ပေါ့"
"သူ ဂုဏ်မင်ါစေချင်လို့ပါ ဆရာ"
ဒေါ်ပုလဲသည် အင်္ဂလိပ်စာ သိပ်မဖတ်နိုင်ပါ။ သို့သော် အင်္ဂလိပ်လို စကားကို အတော်လေးပြောနိုင်သည်။ ကျွန်တော်ပင် သူ့လောက်မပြောနိုင်ပါ။ သူအိမ်ရောက်စဉ် သူ့ထံမှ ပညာယူရသည်။ ကျွန်တော်က အင်္ဂလိပ်လို မပြောနိုင်အောင် ကြိုးစားရသည်။

"ဒေါ်ပုလဲ...အင်္ဂလိပ်စာသင်မလား...ကျွန်တော် လိုက်စပ်ပေးမယ်"
"ကျွန်မလို ကုလားမကြီးကို ဘယ်သူက အထင်ကြီးမှာလဲဆရာ..."
"ကျွန်တော်ကို သင်လေဗျာ...ပိုက်ဆံပေးမှာပေါ့"
"ဆရာ...ဆရာ့ကို ဆရာပြန်မလုပ်ချင်ပါဘူး"
"မဟုတ်ဘူးလေ...ဒေါ်ပုလဲ မီးပူတိုက်နေတုန်းဖြစ်ဖြစ် ကျွန်တော်နဲ့ အင်္ဂလိပ်လို ပြောရအောင်...လေ့ကျင့်တဲ့သဘောပေါ့"
"ဒီလောက်ကတော့ ဆရာရယ်...ပိုက်ဆံပေးစရာလား"
"ကျွန်တော် အလွန်ဝမ်းသာသွားသည်။ ထိုနေ့ကစပြီး ဒေါ်ပုလဲကို မျှော်ရသည်။ သူရောက်လာသည်နှင့် ကျွန်တော် အင်္ဂလိပ်လိုပြောသည်။
ဒေါ်ပုလဲကလည်း မှားလျှင်ပြင်ပေးသည်။ ကျွန်တော်က
"ဆရာမကြီး...ကျွန်တော်မှန်ရဲ့လား" ဟုမေးလျှင်
"ဆရာ...ငရဲကြီးပါ့မယ်...ဆရာမကြီးလို့ မခေါ်ပါနဲ့" ဟု ပြောတတ်သည်။

ကျွန်တော်တို့ လေပေးဖြောင့် နေသည်မှာ တစ်လခန့်အကြာတွင်
"ဆရာ... ဆရာ"
"ဟေး...ဘယ်သူလဲကွ"
ခြံဝကိုကြည့်လိုက်ရာ သီတာနဲ့ ခင်စောမူတို့နှစ်ယောက်ဖြစ်သည်။
"ဒေါ်ပုလဲ ...ဟိုမှာ ခဗျား သမီးလာနေတယ်"
"ဟုတ်လားဆရာ...ဒုက္ခပဲ"
"ဘားမှ ဒုက္ခမနေနဲ့"
ကျွန်တော်က သူမီးပူတိုက်နေသည့် အဝတ်တွေကို လုံးထွေးကိုင်သွားပြီး အိမ်ခန်းထဲ ပစ်ထည့်လိုက်သည်။ မီးပူကိုပါဖြုတ်ပြီး သိမ်းလိုက်သည်။
"ဒေါ်ပုလဲ...ဒီမှာထိုင်...ဒီမှာ...ထိုင်ပါဗျ"
"ဘာလုပ်မလို့လဲဆရာ"
"ထိုင်ပါဗျာ"
သူ့ကို ကုလားထိုင်ပေါ်တွင် ထိုင်ခိုင်းပြီး အင်္ဂလိပ်စာအုပ်ကို ရှေ့ချထားကာ
"ထိုင်နေနော်...ကလေးတွေကို တံခါးသွားဖွင့်ပေးလိုက်ဦးမယ်"
ကျွန်တော်က ခြံတံခါးကို သွားဖွင့်ပေးလိုက်သည်။
"ဟေး...သမီးတို့လာ...ဘာကိစ္စလဲကွ"
"ဆရာကို ကျောင်းအုပ်ဆရာမကြီးက စာတစ်ဆောင်ပေးခိုင်းလိုက်လို့ဆရာ"
"ဟုတ်လား မှန်းစမ်း"
"စာကိုဖွင့်ဖတ်လိုက်ရာ ကျောင်းတွင် စစ်ဆေးရေးများ ရောက်နေသောကြောင့် မိဘဆရာ ငွေစာရင်းရှင်းတမ်းစာအုပ်ကို ပေးလိုက်ရန်ဖြစ်သည်။
"သမီးတို့ လာခဲ့ကြ ...အိမ်ထဲကို လိုက်ခဲဦး"
ကလေးနှစ်ယောက် အိမ်ထဲကို ဝင်လိုက်သည်။
"ဟာ...မာမား ဆရာဆီမှာ ဘာလာလုပ်နေတာလဲ"
"အလို သီတာ...သမီးက သူ့ကိုသိလား"
"သမီးအမေလေဆရာ"
"ဟုတ်လား"
"ဆရာမကြီး...သမီးရှိတာ မပြောပါလား...ကျွန်တော်အတန်းကတပည့်လေ စာသိပ်တော်တာ"
ဒေါ်ပုလဲက မျက်စိမျက်နှာပျက်နေသည်။
"မာမား ဘာလာလုပ်နေတာလဲ ဆရာဆီမှာ"
"သမီး...အဲ့ဒါဆရာကို အင်္ဂလိပ်စာသင်ပေးနေတဲ့ ဆရာမကြီးလေ"
သီတာလေး၏ မျက်နှာချက်ချင်း ဝင်းလက်သွားသည်။
"ဆရာက အင်တာဗျူးတစ်ခုဖြေစရာရှိလို့ သမီးမမေကိုခေါ်ပြီး အင်္ဂလိပ်စကားပြောလေ့ကျင့်နေတာ"

အမေတစ်ယောက်အတွက် ဂုဏ်ယူသောမျက်နှာဖြင့် ကြည့်လိုက်သည့် မျက်လုံးများကို ကျွန်တော်အသိဆုံးဖြစ်သည်။

"ရော့သမီး...ဆရာမကြီးကို ဒီစာအုပ်ပေးလိုက်"
သီတာက လှည့်ထွက်မယ် လုပ်ပြီးမှ
"မာမား...အေးအေးဆေးဆေးပြန်လာခဲ့...သမီး ထမင်းချက်ထားလိုက်မယ်"
"အေး...အေး"
ကလေးနှစ်ယောက် ထွက်သွားသောအခါ ဒေါ်ပုလဲတစ်ယောက် ချုံးပွဲချငိုတော့သည်။
"ဟီး...ဟီး...ဟီး...ကျေးဇူးတင်လိုက်တာ ဆရာယ်...ကျေးဇူးတင်လိုက်တာ...ကျွန်မ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး"
မြန်မာလို မပြောတတ်ရင် အင်္ဂလိပ်လိုပြောဗျာ"
"ဆရာ...ဘုရားသခင်စောင့်ရှောက်ပါစေ...ဆရာသိပ်တော်တာပဲ"
"ဒေါ်ပုလဲ...အချို့သောကိစ္စတွေဟာ ကြာရှည်ဖုံးထားရင် အကောင်းထက်...အဆိုးဖြစ်သွားဖို့ ပိုများတယ်...သမီးလေးကို အမှန်တိုင်း ရင်ဆိုင်တတ်အောင် ပြောပါလား"
"ဆရာရယ်...မပြောပါရစေနဲ့...စောစောက ဆရာက ကျွန်မကို ဆရာမကြီးလို့ ခေါ်လိုက်မချိန်မှာ သမီးလေး မျက်နှာဖြစ်သွားတဲ့ ပီတိအပြုံးလေးကို သဘောကျလိုက်တာ....အဲ့ဒီအတိုင်း ဆက်ရှိနေစေချင်လို့ပါ"
ထိုနှစ်အတွင်း သီတာ ဆယ်တန်းကို ဂုဏ်ထူးနှစ်ဘာသာဖြင်အောင်သည်။
အင်္ဂလိပ်စာ၊ သချာင်္နှစ်ဘာသာဖြစ်သည်။
တစ်နေ့ ကျွန်တော်ဆီကို သီတာရောက်လာသည်။
"ဆရာ"
"ဘာလဲသမီး"
"သမီး ကန်တော့ပါရစေ"
"ဆရာ...."
"သမီး"
"သမီးမာမား...ရပ်ကွယ်တွေထဲလိုက်ပြီး အဝတ်လျှော်နေတယ်ဆိုတာ သမီးသိတာကြာပြီ"
"ဟုတ်လား"
"ဒါပေမဲ့ ဆရာက မာမားကို ဆရာကိုစာသင်ပေးနေတဲ့ ဆရာမကြီးလို့ ပြောတယ်နော်"
"အေးလေ"
"ဆရာ...မာမား အဝတ်လိုက်လျှော်နေတယ်ဆိုတာ သမီးသိတယ်လို့ မပြောလိုက်ပါနဲ့ဆရာ"
"ဘာဖြစ်လို့လဲကွ"
"မာမားက အိမ်မှာ နင့်ဆရာကို ငါက စာသင်ပေးနေတာလို့ ဂုဏ်ယူပြီး ပြောနေတယ်ဆရာ"
"အေးလေ ဟုတ်တာပဲ"
"ဆရာရယ်...ဆရာကို ကျေးဇူးတင်လိုက်တာ ...မာမားကို သမီးက အရမ်းသိမ်ငယ်မှာစိုးတာ...ဒါပေမဲ့ ဆရာကျေးဇူးကြောင့် မာမားလေ သူ့ကိုယ်သူ ယုံကြည်မှုတွေရှိလာတာ"
"သမီး...အဲ့ဒါပဲ ...အဲ့ဒါ သမီးမာမားက သမီးကို အကောင်းဆုံးပေးနိုင်တဲ့ သင်ခန်းစာပဲ"
"ဆရာ....သမီးကန်တော့ပါတယ်"
သီတာ့ပါးမှာ မျက်ရည်တွေကျနေသည်။
"သမီးမာမားက တကာ့် ဆရာမကြီးပါကွာ"
ဟု ကျွန်တော်ပြောလိုက်ပြီး ဆုပေးလိုက်သည်။
(ကျွန်တော့်ဆရာမ ဒေါ်ပုလဲ ကောင်းကင်ဘုံတွင်ပျော်ရွှင်ပါစေ)

တင်ညွန့်
ကျောင်းဆရာဇာတ်လမ်း

Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...