ယနေ့ အေးခိုင် ရွက်လာသော အလေးချိန်မှာ ဆယ့်ငါးပိဿာ။ ဘုရားဖူး ဦးလေးကြီးက အသွားအပြန် ငှါးခြင်းဖြစ်၍ ငွေ ၁၅၀ ကျပ်။ သို့သော် အေးခိုင် တကယ် ရသည်က ၁၅၀ ပြည့်မည် မဟုတ်။
အေးခိုင် အနေနှင့် ပထမဆုံး အကြိမ် အလေးချိန် များများ ရွက်ခြင်း ဖြစ်သည်။
အေးခိုင် ယောက်ျားတွေလို ခြင်းပလိုင်းနှင့် မပိုးတတ်။ ခေါင်းနှင့်သာ ရွက်တတ်သည်။
ယောက်ျားများ ခြင်းနှင့် ထမ်းပိုးသည်က ပခုံးနှစ်ဘက်အား ကျောအား သုံးခုမျှသည်။ ခေါင်းနှင့် ရွက်ရသည်က လည်တိုင်သေးသေး ပေါ်တွင် အလေးချိန် တစ်ခုလုံး ပိကျနေသည်။ သို့သော် အေးခိုင် မိန်းမပီပီ ခေါင်းရွက်သာ အားသန်သည်။
ကင်မွန်း စခန်းမှ ထွက်လာသော အေးခိုင်မှာ အထမ်းဖော် အရွက်အဖော် တစ်ယောက်မျှ မပါ။ ခါတိုင်း မောင်ဝင်းတို့ အဖွဲ့နှင့် အတူ သွားနေကျ။ ယနေ့ ရွက်ရသည့် ဝန်က လေး၍ ဖြည်းဖြည်း မှန်မှန် တက်ရမည်မို့ မောင်ဝင်းတို့ အရင် စောထွက် လာခဲ့သည်။
အေးခိုင် ထွက်လာတော့ မောင်ဝင်းတို့ အဖွဲ့ ထမင်း စားဆဲ။ သို့သော် သူတို့မှာ သန်မာသော ယောက်ျားများ ဖြစ်သည်။ ရေမြောင်ကြီး မရောက်မီ မီလာနိုင်သည်။
“ခဏ စောင့်ပါလား အေးခိုင်၊ တို့နဲ့ အတူ သွားတာပေါ့”
မောင်ဝင်းက တားသေးသည်။
အေးခိုင် ခေါင်းယမ်း ပြသည်။
“ငါ ဖြည်းဖြည်း သွားနှင့်မယ်၊ ရေမြောင်ကြီးက စောင့်မယ် ...”
မောင်ဝင်းက အေးခိုင် ရွက်ရမည့် အထုပ်ကို လှမ်းကြည့်လိုက်သည်။
“သုံးပိဿာ လေးပိဿာလောက် ငါ မျှထမ်း ခဲ့မယ်လေ ...”
မောင်ဝင်းက အကြင်နာစကား ဆိုသည်။
မောင်ဝင်း ထမ်းရမည့် ခြင်းကို လှမ်းကြည့်ပြီး အေးခိုင် ခေါင်းယမ်းပြသည်။
မောင်ဝင်း ထမ်းရမည်က ၂၅ ပိဿာ။
မောင်ဝင်း၏ ကိုယ်ခန္ဓာကလည်း ထွားထွားကျိုင်းကျိုင်းကြီး မဟုတ်။ လူလုံး ကျစ်လစ်၍ ယောက်ျား ဖြစ်သည်သာ ကွာ၏။ ကိုယ်ခန္ဓာ ဖွဲ့စည်းပုံက အေးခိုင် သာသာပင် ဖြစ်သည်။
“ငါ့ကို ပင့်ပေး ...”
အေးခိုင်၏ မျက်နှာလေးကို မောင်ဝင်း ငေးကြည့်နေသည်။
အသားညို၍ သေးသေးကျစ်ကျစ် ဖြစ်သော်လည်း မျက်နှာလေးက ပြေပြစ်သည်။
ဘုရားဖူး လာသော ရန်ကုန်သူ မိန်းမချောလေးများလို စိုပြည် နုညက်ခြင်း မရှိသော်လည်း ဘဝတူ အေးခိုင်ကိုသာ မောင်ဝင်း စိတ်ဝင်စားသည်။ သူ့မျက်နှာလေးကို မြင်ရသည်က အားရှိသည်။
အေးခိုင် ကနွဲ့ကလျ မပြောတတ်။ စကား များများလည်း ပြောလေ့မရှိ။ ပြောလျှင်လည်း မာရေကျောရေ နိုင်သည်။ သို့သော် မိမိအပေါ် ခင်မင်သည်။ သံယောဇဉ် ရှိသည်ဟု မောင်ဝင်း နားလည်ထားသည်။ တောင်တက် ခရီးမှာ အေးခိုင်နှင့် အတူ သွားရလျှင် အမောပြေသည်။ ထို့ကြောင့် အေးခိုင်ကို မသွားနှင့်စေချင်။
“ပင့်ပေးပါလို့ ပြောနေတာ မကြားဘူးလား ...”
အေးခိုင် မျက်မှောင်ကျုံ့၍ မကျေမနပ် ပြောလေပြီ။
“စောင့်ပါလားဟာ ... ငါတို့လဲ အခုပဲ ထမင်းစားပြီး တက်ကြမှာ”
မောင်ဝင်း၏ လေသံက တောင်းတောင်းပန်ပန်။
“နင် မပင့်ချင် နေဟာ ငါ ကိုမြအောင်ကို ခေါ်ပြီး အပင့်ခိုင်း လိုက်မှာ ...”
မြအောင်က ခပ်လှမ်းလှမ်းမှာ ရှိနေသည်။ မောင်ဝင်း အထုပ်ကို မပြီး ပင့်ပေးရင်း သတိထားလိုက် မိသည်။ အထုပ်က အေးခိုင် အရင် ရွက်နေကျထက် ပို၍ နင့်နေသည်။
“နင် ဖြည်းဖြည်း သွားနှင့်နော် အေးခိုင် ...၊ မနိုင်ရင် ရွှေရင်ဆို့က စောင့် ...”
အေးခိုင် ဘာမျှ ပြန်မပြောဘဲ ထွက်လာခဲ့သည်။
မောင်ဝင်း၏ မျက်လုံးများကို အေးခိုင် မြင်ယောင် နေပါ၏။
မောင်ဝင်းကို အေးခိုင် ခင်မိသည်မှာ မောင်ဝင်းသည် သူ့ကို အခြား အထမ်းသမားများလို စခြင်း နောက်ခြင်း မရှိ။ ကြင်နာသော မျက်လုံးများနှင့်သာ ကြည့်တတ်သည်။ စကားလည်း နည်းသည်။
စရုံ နောက်ရုံမက ထိကပါး ရိကပါး ပြောတတ်သည်မှာ မြအောင်။
အခြားလူများလည်း ပြောပါသည်။ မြအောင်ကတော့ အကဲဆုံး မျက်နှာကိုက မျက်နှာရူး၊ မိန်းကလေး မြင်တိုင်း ဘူးထ, ချင်သော လူစားမျိုး။
တစ်ကြိမ်တွင် တောင်ပေါ်က အဆင်းမှာ အေးခိုင်၏ ခေါင်းပေါ်မှ တောင်းထဲတွင် ဆယ့်တစ်ပိဿာ အလေးချိန်နှင့်။ အချိန်က မနက် -နာရီမို့ မှောင်ရီသမ်း နေဆဲ။ မောင်ဝင်းပါ၍ အေးခိုင် လိုက်ဆင်းခဲ့ခြင်း ဖြစ်သည်။
မြေဖြူတောင်က အဆင်းမှာ အေးခိုင် ခြေချော်၍ ဒလိမ့် ခေါက် ကွေး လဲကျသွားသည်။ မောင်ဝင်းက သူ ကျောပိုးထားသော ခြင်းကြီးကို ချပြီး အေးခိုင်၏ ပစ္စည်းများကို လိုက်ကောက် ပေးသည်။
မြအောင်က ကျောပိုးခြင်းကို မချဘဲ အေးခိုင်၏ လက်မောင်းကို လာကိုင်သည်။
“လာ ... လာ ... အေးခိုင် ထ, ငါ ထူပေးမယ် ...”
“ဖယ်ပါ ကိုယ့်ဘာသာ ထ, နိုင်ပါတယ်”
အေးခိုင်က သူ့ လက်ကို အထိမခံ။
“နေပေါ့ - ငါက စေတနာနဲ့”
မြအောင် ဆက်ဆင်းသွားသည်။
မောင်ဝင်းက ပစ္စည်းများကို ဖုန်ခါပြီးမှ တောင်းကြီးထဲ ပြန်ထည့် ပေးသည်။ အေးခိုင် ပြန်ထတော့ ခြေတစ်ဘက် နာနေသည်။ ကိုယ့်ဘာသာ မထနိုင်။
တံတောင်ဆစ် နှစ်ဘက်လုံး ပွန်းပေါက်ကုန်သည်။
”ခဏနေဦး အေးခိုင်”
မောင်ဝင်းက သူ့ အိတ်ထဲမှ ပရုတ်ဆီဘူးကို သွားယူသည်။ သူ့ကို ဘုရားဖူး အဒေါ်ကြီး တစ်ဦး ပေးထားခဲ့ခြင်းဖြစ်သည်။
“ငါ ... ထူ ပေးရမလား အေးခိုင်”
မြအောင်ကို ပြောထား၍ အေးခိုင်ကို မောင်ဝင်း မကိုင်ဝံ့။
အေးခိုင်က လက်ကမ်း ပေးသည်။
အေးခိုင်၏ လက်ကို ဆွဲကိုင်၍ မောင်ဝင်း ထူပေးသည်။
“လာ ... ဟိုမှာ ထိုင်လိုက် အေးခိုင်”
လမ်းဘေးမှ ဝါးတန်း ထိုင်ခုံလေးမှာ အေးခိုင် ထိုင်ပြီး လုံချည် အင်္ကျီမှ ဖုန်များကို ခါပစ်သည်။
မောင်ဝင်းက ပရုတ်ဆီ ဘူးကို ဖွင့်ပြီး အေးခိုင်၏ ခြေထောက်ကို လှမ်းကြည့်သည်။
“ဒီ ပရုတ်ဆီ လိမ်းလိုက်ရင် ကောင်းမယ် အေးခိုင်၊ နင့်ဘာသာ လိမ်းမှာလား၊ ငါ လိမ်းပေး ရမှာလား”
“ငါက ဒီလောက် နာနေတာ ဘယ်လိုလုပ် လိမ်းနိုင်မလဲ၊ နင် လိမ်းပေးပေါ့၊ ဘာလဲ၊ နင်က ငါ့ ခြေထောက်ကို မလိမ်းပေးချင်လို့လား”
ဘာကြောင့်မှန်း မသိ မောင်ဝင်းကို အေးခိုင် အလိုလို နိုင်ချင် နေမိသည်။
“မဟုတ်ပါဘူးဟာ၊ ငါ လိမ်းပေးပါ့မယ်”
မောင်ဝင်းက အေးခိုင်၏ ခြေထောက်မှ ဖြူဖွေးနေသော ဖုန်များကို သူ့ပါးစပ်နှင့် တဖူးဖူး မှုတ်ပစ်သည်။ လက်နှင့်လည်း ပွတ်သပ် ပေးသည်။
ဖုန်များ ပြောင်သွားမှ ပရုတ်ဆီ လိမ်းပြီး ပယ်ပယ်နယ်နယ် နှိပ်ပေးသည်။
“အား ... နာတယ်ဟ၊ သေတော့မှာပဲ၊ တအား မနှိပ်နဲ့”
အေးခိုင် မျက်ရည် လည်နေပြီ။
“တအား မဟုတ်ပါဘူးဟာ၊ ဒီလောက်မှ မနှိပ်ရင် မရဘူးဟ၊ အသာ အောင့်ခံစမ်းပါဟာ၊ ငါ နှိပ်ပြီးရင် ကောင်းသွားမှာပါ”
မောင်ဝင်းက ပရုတ်ဆီ တစ်ကော် ထပ်ယူပြီး အသေအချာ နှိပ်နယ်ပေးသည်။
အေးခိုင်၏ ခြေထောက် တစ်ခုလုံး ပူနွေးနွေး ဖြစ်လာသည်။ မောင်ဝင်း ကောင်းကောင်း နှိပ်တတ်သည်ကို ကြည့်ပြီး အေးခိုင် အံ့ဩနေသည်။
တောင်ပေါ်မှ ဆင်းလာသော ဘုရားဖူး တစ်သိုက်က သူတို့ နှစ်ယောက်ကို ကရုဏာသက်သော မျက်လုံးများနှင့် ကြည့်သွားကြသည်။
“ကဲ ... ထောက်ကြည့်စမ်း၊ ရပြီလား”
အေးခိုင် ရပ်ကြည့်သည်။ ရသည်။ နည်းနည်းတော့ နာသေးသည်။ မောင်ဝင်းက အေးခိုင်၏ တံတောင်ဆစ်မှ ပွန်းပေါက် နေသည်များကိုပါ ပရုတ်ဆီ လိမ်းပေးလိုက်သည်။
“ကဲ ... လျှောက်ကြည့်စမ်း”
အေးခိုင် လမ်းလျှောက် ကြည့်သည်။ နာသော်လည်း လျှောက်နိုင်သည်။
“ငါ့တောင်းကို ပင့်ပေး၊ ဆင်းမယ်”
အေးခိုင်က လူသေးသော်လည်း မာနကြီးသည်။
“နေဦး”
အေးခိုင်၏ တောင်းထဲမှ လေးလံသော ပစ္စည်းများကို ထုတ်ယူပြီး မောင်ဝင်းက သူ့ခြင်းကြီးထဲ ပြောင်းထည့်သည်။
“မောင်ဝင်း ... နင် ဘာလုပ် နေတာလဲ”
မောင်ဝင်းက ဘာမျှ မပြော။ နောက်ထပ် အိတ်ကြီး တစ်ခုကို ဆွဲထုတ် ယူနေပြန်သည်။
“ဟဲ့ ... နင်က အဲဒါတွေ အကုန်ယူတော့ ငါက တောင်းချည်း ရွက်ရမှာလား”
“ကျန်ပါတယ် ဟာ၊ အဲဒီမှာ ငါးပိဿာလောက် ရှိပါသေးတယ် ...”
“နင့်မှာက အများကြီး၊ သေရောပေါ့”
“ရပါတယ်ဟာ၊ ငါ့ ခြင်းထဲမှာ အချိန် နှစ်ဆယ်ပဲ ရှိပါတယ်၊ ဘိလပ်မြေအိတ် အချိန် သုံးဆယ်တောင် ငါ ထမ်းတက် နေတာပါ ...”
အေးခိုင် ဘာမျှ မပြောတော့ဘဲ မောင်ဝင်းကို ကြည့်နေမိသည်။ သူ့နဖူးပေါ်မှာ ခွေးကလေးတွေ စို့နေသည်။
“ကဲ ... ရော့ ...”
မောင်ဝင်းက ခပ်ပေါ့ပေါ့သာ ကျန်တော့သော တောင်းကို အေးခိုင်၏ ခေါင်းပေါ်သို့ တင်ပေးသည်။
“ဖြည်းဖြည်း ဆင်းနော်၊ ထပ်လဲဦးမယ်”
မောင်ဝင်း၏ စိုးရိမ်သော သတိပေး စကားကို အေးခိုင် ကျေနပ်မိသည်။
မောင်ဝင်း သူ့ခြင်းကြီးကို ထမ်းပြီး သစ်သားခေါက် နှစ်ခုကို ပခုံးပေါ်မှာ အံကျအောင် ချိတ်လိုက်သည်။ ဝန်က ပိုလေးသွား၍ ဖြည်းဖြည်းချင်းသာ ထ, နိုင်သည်ကို အေးခိုင် လှမ်းကြည့်နေသည်။
ထိုအချိန် ကတည်းက စ၍ မောင်ဝင်းနှင့် အေးခိုင် တွဲမိသွားသည်။
အလှည့်ကျသော ရက် လွဲသွားသည်မှ အပ ရက်တူလျှင် အတူတက်၊ အတူဆင်းကြသည်။
* * *
လမ်းဘေးမှာ ရောင်းသော ကတွတ်ယိုဆိုင် ကလေးများကို အေးခိုင် လွန်လာခဲ့ပြီ။ တောလမ်း ကလေးကို ဝင်လာပြီ။ ငှက်သံ ကျေးသံ ကလေးများကို ကြားရပြီ။ ကျိုက်ထီးရိုး ဘုရားကို သုံးခေါက် ပြည့်အောင် လာရောက် ဖူးမြော်သူများ ချမ်းသာသလား၊ မချမ်းသာသလား ဆိုသည်ကို အေးခိုင် မသိ၊ ကျိုက်ထီးရိုး ဘုရား၏ ဘုန်းတန်ခိုးကြောင့် ပွဲတော်ချိန် ရောက်တိုင်း အေးခိုင်တို့လို အထမ်းသမားများ နေ့စဉ် ဝင်ငွေ ရနေသည် ကတော့ သေချာသည်။
ထို့ကြောင့်လည်း ကျိုက်ထီးရိုး ဘုရား၏ ဂုဏ်ကျေးဇူးကို အေးခိုင် ဘယ်တော့မှ မမေ့။ တောင်ပေါ် ရောက်၍ ဘုရားဖူးများ၏ ပစ္စည်းကို ပိုင်ရှင်လက် အပ်ပြီးတိုင်း အေးခိုင် ကျိုက်ထီးရိုး ဘုရား ရင်ပြင်မှာ ထိုင်၍ ဘုရားကို ရိုရိုသေသေ ကန်တော့သည်။ ဆင်းခါနီး တိုင်းလည်း ကန်တော့သည်။
အခြား အထမ်းသမား၊ အရွက်သမားများ နေ့စဉ် ရောက်နေ၍ ဘုရားကို ကန်တော့ဖို့ မေ့ချင် မေ့မည်။ အေးခိုင် ဘယ်တော့မျှ မမေ့။
တောင်တက်ခရီးကို စတင်ပြီ။
ဝန်ချိန် အများဆုံးနှင့် စတင် တက်ခြင်းဖြစ်၍ အေးခိုင် ဖြည်းဖြည်း မှန်မှန်သာ ခြေကို လှမ်းသည်။
အတက် ခရီး၏ အစမှာ လမ်းကြမ်းသည်။ လမ်းကျဉ်းသည်။ လမ်းပေါ်မှာပင် ကျောက်တုံး ကျောက်ခဲများ ကလည်း ပေါများသည်။ သတိ မထားလျင် ခလုတ်တိုက် စရာတွေက တစ်လမ်းလုံး ပြည့်နေ၏။
အေးခိုင် လမ်းကိုသာ ကြည့်ပြီး သတိထား၍ သွားသည်။
ပြေးကြ၊ လွှားကြ၊ အော်ကြ၊ ခေါ်ကြ၊ ရယ်ကြ မောကြသော ဘုရားဖူးများကို ငေးချင် မောချင်သော်လည်း ငေးမောခွင့် မရ။
သူတို့နှင့် ကိုယ်က ဘဝချင်း မတူ။
သူတို့က အပျော် လာကြသော ဘုရားဖူးတွေ၊ ကိုယ်က ထမင်းစားဖို့ ဘုရားကို တက်ရသူ။
သူတို့က လှလှပပ ဝတ်ထားသည်။ မြူးကြွနေသည်။ အပျော် မျက်နှာ၊ အပြုံးမျက်နှာများနှင့် ...
ငယ်ရွယ်သူတွေ ဆိုလျှင် သတိထားသည့် ကြားမှပင် ငေးမိအောင် ကြည့်ကောင်းသည်၊ ခေတ်မီသော ဝတ်ပုံ ဆင်ပုံ အမျိုးမျိုးနှင့် ဘာအဝတ် ဘာအဆင် ဆိုသည်ကို အေးခိုင် ခွဲခြား၍ မသိ။ သို့သော် ကြည့်ကောင်းသည် ကတော့ သေချာသည်။ ပို၍ သဘောကျစရာ ကောင်းသည်မှာ ကျိုက်ထီးရိုး ဘုရားဖူး လာသူတိုင်း တောင်ခြေမှာ ဝါးခမောက်များကို ဝယ်ဆောင်းကြသည်။ ပုတီးမျိုးစုံ ဝယ်ဆွဲကြသည်။ လက်ထဲမှာ ကျိုက်ထီးရိုး တောင်ဝှေး ကိုယ်စီနှင့် ဘယ်မှာမှ မတွေ့နိုင်သည့် ကျိုက်ထီးရိုး ဘုရားဖူးအလှ။
အေးခိုင်တို့ မှာတော့ ဝန်လေးကြီးကို ရွက်ထားရ သော်လည်း တောင်ဝှေး မပါ။ ပုတီးလည်း ဆွဲမနေနိုင်။ အဝတ်ကလည်း သစ်သစ်လွင်လွင် ဝတ်နေ၍ မဖြစ်။ လှချင်စိတ်လည်း မရှိ။
သူတို့က လှူရန် တန်းရန် သုံးရန် ဖြုန်းရန် လာကြသူတွေ။ ကိုယ်က ထမင်းတစ်လုတ် အတွက် အလုပ် လုပ်ရသူ။
ရွှေရင်ဆို့ကို ရောက်တော့ အတက်ခရီးက ပိုကြမ်း လာသည်။ မြင့်မတ်သော လမ်းမို့ ပိုမောသည်။
ဤ လုပ်ငန်းကို စလုပ်စဉ် ရက်များက အေးခိုင် မောလွန်း၍ ဖေဖေနှင့် မေမေကို သတိရပြီး မျက်ရည်ပေါက်ပေါက် ကျခဲ့ဖူးသည်။
ကိုယ့်ဘဝကလည်း ရွှေရင်ဆို့စရာ။
အေးခိုင် ရှစ်နှစ်သမီးမှာ အဖေနှင့် အမေ အသတ် ခံခဲ့ရသည်။ ရန်ငြိုးနှင့် သတ်သလား၊ ဘာကြောင့် သတ်သလဲ၊ အေးခိုင် ခွဲခွဲခြားခြား မသိ။ သတ်သူက သူပုန်ထဲ ဝင်သွားသည်။ ခုတော့ လက်နက်ချ အလင်းဝင် သွားပြီဟု ဒေါ်လေးက ပြောသည်။
အဖေနှင့်အဓမ သေပြီးတော့ အေးခိုင်နှင့် မောင်လေးကို ကင်မွန်း စခန်းမှာ နေသော ဒေါ်လေးက ခေါ်ယူ မွေးရသည်။
ဒေါ်လေးတို့ကလည်း ချမ်းသာသည် မဟုတ်။ ဒေါ်လေး ယောက်ျားက အထမ်းသမား၊ ပွဲတော်ကာလမှာ နပ်မှန်အောင် စားရသော်လည်း ပွဲတော်ပြီးလျှင် ဝင်ငွေ ရပ်သွားပြီ။ ပွဲတော်က သီတင်းကျွတ် လပြည့်မှ ကဆုန်လပြည့် အထိ ခုနစ်လ။
ကျန်သည့် လများတွင် ဒေါ်လေးက အနီးအပါး ရွာများကို လှည့်လည်ပြီး ဈေးရောင်းရသည်။
အေးခိုင်က အိမ်မှာ ဒေါ်လေး၏ ကလေး နှစ်ယောက်ကို ထိန်းရသည်။ ချက်ရ ပြုတ်ရသည်။ မောင်လေးမှာလည်း ကလေးသာ ဖြစ်၍ ဘာမျှ ပူပန်ရမှန်း မသိ။ ဒေါ်လေး၏ ကလေး နှစ်ယောက်နှင့် အတူ ဆော့လိုက်၊ စားလိုက်။
အေးခိုင်ကတော့ ပူပင်ရသည်။ ဒေါ်လေးတို့ အားနာသည်။ အထူးသဖြင့် ပင်ပင်ပန်းပန်း ထမ်းပိုးကျွေးရသော ဒေါ်လေးယောက်ျား ဦးလေးကို အားနာသည်။
ဦးလေးက လူအေး ဖြစ်သည်။ ဒေါ်လေးပြီးရာ ပြီးရသူ့မို့ အေးခိုင်တို့ မောင်နှမ နှစ်ယောက်ကို ငြူစူခြင်း မရှိပါ။ အေးခိုင် ဆယ့်နှစ်နှစ်သမီးက စပြီး ဒေါ်လေးနှင့် အတူ ဈေးရောင်းလိုက်သည်။
အေးခိုင် ဆယ့်ငါးနှစ်သမီး ရှိတော့ ဒေါ်လေးမှာ ကလေးငါးယောက် ရှိနေပြီ။ စားလူ များတော့ ပို၍ ကျပ်တည်း လာသည်။
ဒေါ်လေး ဈေးရောင်း မထွက်နိုင်လျှင် အေးခိုင် ဈေးရောင်းထွက် ရသည်။ သို့သော် ဒေါ်လေးက မိန်းမပျိုလေးမို့ စိတ်မချ။ အရောင်းအဝယ် ကလည်း သိပ်မကောင်း။
အေးခိုင် ဆယ့်ခြောက်နှစ်သမီး ရှိသောအခါ ဒေါ်လေး တားသည့် ကြားမှပင် ဦးလေးကို နားပူပြီး အထမ်းသမား ရအောင် ကြိုးစားရသည်။ အစတော့ အုတ်ခဲများကိုသာ တောင်ပေါ်သို့ ရွက်ပို့ နေရသည်။ သိပ် ပင်ပန်းသော်လည်း ရသည့်ငွေက နည်းသည်။
စရွက်စ ရက်များက ခြေထောက်တွေ တောင့်တင်း ကိုက်ခဲ၊ လည်ပင်းတွေ နာနေ၍ ကိုယ့်ဘဝကိုယ် စိတ်အားငယ်ပြီး ငိုမိသည်။
နောက်တော့လည်း တောင်တက် တောင်ဆင်း ကျင့်သား ကျသွားပြီး လိုအပ်လျှင် တောင်ကြီး သုံးခုလုံးကို နေ့ချင်းပြန် တက်နိုင် ဆင်းနိုင်လာသည်။
တဖြည်းဖြည်းမှ ဘုရားဖူးတို့၏ ပစ္စည်းများကို သယ်ခွင့် ရွက်ခွင့် ရလာသည်။
ထမင်းဆိုင် လောကမှာ အေးခိုင်တို့ မျက်နှာ ပွင့်လာသည်။ ညအိပ် တည်းမည့် လူများကို ခေါ်လာရန် ဆိုင်များက အေးခိုင်တို့ကို မှာသည်။ ထမင်းကြော်လေး အစ လက်ဖက်ရည်လေး အစ ကျွေးကြ တိုက်ကြသည်။
ကိုယ့်ဧည့်သည် လေးငါးခြောက်ယောက်လောက် ဆိုင်ကို ပို့နိုင်လျှင် ထိုခရီးအတွက် အေးခိုင် ထမင်းဖိုး သက်သာပြီ။ ဧည့်သည် ခေါ်လာသော အထမ်းသမားကို ထမင်း အလကား ကျွေးသည်။
ထမင်းဆိုင်များတွင် အခန်းများ လုပ်ထားသည်။ သပ်သပ်ရပ်ရပ် အကာအရံနှင့် ဖြစ်သည်။ ဧည့်သည် တည်းလျှင် တည်းခမယူ။ အလကား နေခွင့်ရသည်။ သို့သော် မနက်စာ ညစာ ထမင်းတော့ ဝယ်စားရသည်။ ထမင်းက တစ်ခါပြင် နှစ်ဆယ်၊ လိုက်ပွဲ တစ်ပွဲ ငါးကျပ်၊ အဝစားလျှင် သုံးဆယ်။
စောင် ခေါင်းအုံး မပါလျှင် ငှါးရသည်။ စောင်တစ်ထည် တစ်ရက် ငါးကျပ်၊ ခေါင်းအုံး တစ်လုံး တစ်ရက် နှစ်ကျပ်။
ယခု တစ်ခေါက်တော့ အေးခိုင် ထမင်းဖိုး ကုန်တော့မည်။ အေးခိုင်၏ ဧည့်သည်များက ဂေါပက အစီအစဉ်နှင့် တည်းကြမည့် သူများ ဖြစ်သည်။ ထမင်းဆိုင်ကို ပို့၍ မရ။
ဧည့်သည်များက နှစ်ညအိပ် နေမည်။ အေးခိုင် အနည်းဆုံး ထမင်းသုံးနပ် စားရမည်။ ရောက်သည့်နေ့ ညစာ၊ နောက်တစ်နေ့ ည၊ မနက်စာ။ နောက်နေ့တွင် စောစောဆင်းမည်။ ၁၁- နာရီလောက် အိမ်ပြန်ရောက်မှ စားတော့မည်။ သုံးနပ် ဆိုလျှင်ပင် အနည်းဆုံး ငွေခြောက်ဆယ်။ ပင်ပင်ပန်းပန်း ထမ်းရွက်ရသူမို့ တစ်ခါပြင်နှင့်လည်း မဝချင်။ ဆိုင်က ပိုပိုမိုမို ထည့်ပေးမှ တော်ကာကျသည်။
ရမည့် အထမ်းခက ဟိုဟာ သည်ဟာ နုတ်လျှင် တစ်ရာ့သုံးဆယ်ခန့် ကျန်မည်။ ထမင်းဖိုး နုတ်လျှင် ခြောက်ဆယ် ခုနစ်ဆယ်သာ ကျန်မည်။ သုံးရက်အတွက် ဆိုလျှင် တစ်ရက်မှ နှစ်ဆယ်နှုန်းခန့်သာ ရှိသည်။
အချို့ ဘုရားဖူးများကတော့ မပြန်မချင်း လက်တို လက်တောင်း ခိုင်းပြီး ထမင်းကျွေးသည်။
ပါလာသော မုန့်ပဲ သွားရေစာ ကျွေးသည်။ ငါးကျပ် တစ်ဆယ် ပေးသေးသည်။ ထို အခေါက်မျိုးမှာ ဆိုလျှင် အေးခိုင်တို့ ပျော်ရသည်။
ရွှေရင်ဆို့ တောင် တစ်ဝက်လောက် ရောက်လာပြီ။ ဖြည်းဖြည်း မှန်မှန် တက်သည်ပင် မောစပြုလာပြီ။ ဇက်က လေးလာပြီ။
တက်ရလည်က ပို၍ မြင့်လာ၏။
ရွှေရင်ဆို့ ဆိုသော အမည်နှင့် လိုက်အောင် ရင်ထဲမှာ ဆို့လာအောင် မောသည်။ မတ်တတ်ရပ်လျက် အထုပ် မချဘဲ ခဏနားသည်။
ဘုရားဖူး၊ လင်မယား နှစ်ယောက် လမ်းဘေး ခုံတန်းမှာ အားပါးတရ ထိုင်၍နားရင်း လစ်ပို တစ်ပုလင်းစီ သောက်နေကြသည်။
သူတို့နှယ် လမ်းဘေးမှာ ထိုင်နား လိုက်ချင်သည်။ ခေါင်းပေါ်မှ အထုပ်ကြီးကို ခဏ ချထား လိုက်ချင်သည်။ သို့သော် နား၍ မဖြစ်သေး။ ကိုယ့်ဘုရားဖူး များက သွားနှင့်ပြီ။ သူတို့အရင် ရောက်မှ ဖြစ်မည်။ ရေမြောင်ကြီးမှာ သူတို့ကို မီချင်သည်။
“ရွှေရင်ဆို့ ကျော်မှ နားတော့မယ်၊ မောချင်လဲ မော၊ ရင်ဆို့ပြီး သေရင်လဲ အေးတာပဲ”
ကိုယ့်ဘဝကိုယ် အေးခိုင် စိတ်ပျက်မိသည်။
ရွှေရင်ဆို့ တောင်ထိပ် ရောက်တော့ အေးခိုင်၏ ရင် ဖိုလှိုက်အောင် မောနေပြီ။
ဘုရားဖူး တစ်ဦး၏ အကူအညီနှင့် ခေါင်းပေါ်မှ အထုပ်ကြီးကို ချလိုက်သည်။ လမ်းဘေးမှ ဝါးတန်းလေးမှာ ခြေပစ် လက်ပစ် နားလိုက်သည်။
ခုမှ အစသာ ရှိသေးသည်။ ၂ မိုင်ပင် မပြည့်သေး။ ၆ မိုင် ခရီးလောက် ကျန်သေးသည်။ ဤ တောင်ကြီးကို တက်တိုင်း ဤခရီးကို မတွေးဘဲ နေသော်လည်း မရ၊ တွေးမိတိုင်းလည်း ဖို၍ မောသည်။ အားတွေ ကုန်သွားသလို ခံစားရသည်။
ဘယ်တော့များမှ သက်သက်သာသာ ပျော်ပျော်ရွှင်ရွှင် နေခွင့် ရမလဲ။
အထုပ်ကြီးကို ပြန်ရွက်ပြီး ဆက်တက် ရမည်ကို ဝန်လေးလာသည်။
“နေညိုနေပြီ ဆိုပေမယ့် တို့တစ်တွေဟာ အချိန်အခါကို စောင့်ရဦးမယ်လေ ...”
အောက်ဘက်မှ ကြားရသော သီချင်းသံက လွမ်းစရာ။
အသံက တဖြည်းဖြည်း နီးကပ်၍ ဘုရားဖူးသူ ကက်ဆက် ဖွင့်လာသော အသံဟု အေးခိုင် ထင်လိုက်သည်။
“အတူ နေချင်ပြီ ဆိုပေမယ့် ခုအခြေမှာ အခြေအနေကို စောင့်ကြည့်ရမယ်လေ ... အေးမြတဲ့ အရိပ်ထဲက ထွက်လာမယ့် မင်းကို ဒုက္ခနဲ့ တို့ဘဝထဲမှာ မမြင်စေချင်ဘူး”
အေးခိုင် အောက်ဘက်ကို လှမ်းကြည့်လိုက်တော့ တရွေ့ရွေ့ တက်လာကြသော အထမ်းသမား တစ်စု။
တစ်လှမ်းချင်း ဖြည်းဖြည်းလေး တက်ရင်း ကက်ဆက် သီချင်းသံကို နားထောင်၍ ခံစားချက်တွေ တက်နေကြဟန် တူသည်။
ထိုအုပ်စုထဲကို အေးခိုင် ရှာကြည့် နေမိသည်။
တွေ့ပါပြီ။ အလယ်မှာ မောင်ဝင်း။
ကျန် အထမ်းသမားများက သူ့ဘေးမှာ ဝိုင်းကပ်ပြီး တရွေ့ရွေ့နှင့် လှေကားထစ်များကို မှန်မှန် တက်နေကြသည်။
မောင်ဝင်း၏ ခြင်းထဲမှာ အပေါ်ဆုံးတွင် အဝတ်အုပ်၍ တင်ထားသော ကက်ဆက်။
ထမင်းဆိုင် အတွက် ယူလာခဲ့သည်ကို အေးခိုင် သိပါသည်။
“နေညိုနေပြီ ဆိုပေမယ့် အချိန်အခါကို စောင့်ရမယ် ... ရင်ကြားစေ့ ထားကြလဲကွယ် အချစ်တစ်ခုနဲ့ ဘဝဟာ မပြည့်စုံနိုင်ဘူး ... လွမ်းရင်းနဲ့ တို့တစ်တွေ ကျေနပ်နေတတ် နေနိုင်ရမယ် ...”
တောရိပ်၊ တောင်ရိပ်နှင့်၊ အထမ်းသမားများ၏ ဘဝနှင့် သီချင်း၏ အဓိပ္ပါယ်ကို ပေါင်းစပ် လိုက်သောအခါ လွမ်းစရာ။
ခေါင်း ငိုက်စိုက်ချ၍ ကုန်းရုန်း တက်လာ နေကြသော ဘဝတူ အထမ်းသမားများကို ကြည့်ပြီး အေးခိုင် ရင်ထဲမှာ ခံစားရသည်။
မောင်ဝင်းကတော့ အေးခိုင်ကို မမြင်သေး။
အထမ်းသမားတို့၏ ထုံးစံအတိုင်း ဟိုမော့ ဒီကြည့် လုပ်လေ့မရှိ။ ခေါင်းကိုငုံ့၊ ခါးကို ကုန်းပြီး အောက်ခြေကိုသာ အသေအချာ ကြည့်၍ ခြေတစ်လှမ်းချင်း ခိုင်မြဲအောင် လှမ်းနေရသည်။
ဘာကြောင့်မှန်း မသိ၊ မောင်ဝင်းကို လှမ်းကြည့်ရင်း အေးခိုင်၏ မျက်လုံးများမှာ မျက်ရည် စို့လာသည်။
ခုထိတော့ အေးခိုင်ကို မောင်ဝင်း ဘာမျှ ဖွင့်မပြောသေး။ အတူသွား အတူလာ၊ ကူညီသည် စောင့်ရှောက်သည်။ ကြင်နာသော မျက်လုံးများနှင့် ကြည့်တတ်သည်။
နေညိုနေပြီ သီချင်းသံကို နားထောင်ပြီး သူ့ရင်ထဲမှာ ဘယ်လို ခံစားရမလဲ၊ အေးခိုင် သိချင်သည်။
“ဟ ... အေးခိုင်၊ တစ်ယောက်တည်း ...”
မောင်ဝင်းတို့ အဖွဲ့ထဲမှ ကိုညိုက အေးခိုင်ကို နှုတ်ဆက်သည်။
မောင်ဝင်း ... အေးခိုင်ကို လှမ်းကြည့်သည်။
“မင်းတို့ နားကြဦးမလား၊ ငါ သူ့ကို စောင့်ခေါ် လိုက်ဦးမယ်”
မောင်ဝင်းက အေးခိုင် ထိုင်နေသော တန်းပေါ်မှာ ခြင်းကိုတင်ပြီး ပခုံးချိတ်ကို ဖြုတ်နေပြီ။
“သီချင်းလေး နားထောင်လို့ ကောင်းတုန်းမှကွာ”
စိုးတင့် မကျေမလည် ဖြစ်သွားသည်။
“နင့်ဘာသာ သွားနှင့်၊ ငါ့ဘာသာ လိုက်ခဲ့မယ်”
အေးခိုင် ပြောပုံက သူ့ ထုံးစံအတိုင်း မာဆတ်ဆတ်။
မောင်ဝင်းကတော့ သူ့ ပခုံးပေါ်မှ သစ်သားဂေါက် များကို ဖြုတ်ပြီးနေပြီ။
“ငါတို့ သွားနှင့်မယ်ကွာ၊ ရေမြောင်ကြီးက စောင့်မယ်”
ကိုညို ရှေ့မှ ထွက်သွား၍ ကျန် အထမ်းသမားများ လိုက်သွားကြသည်။ မောင်ဝင်းက ကက်ဆက်ကို ပိတ်လိုက်သည်။
“နင် ... ရွက်နိုင်ရဲ့လား အေးခိုင်”
မောင်ဝင်း၏ ကြင်နာသော အမေး။
“ရွက်နိုင်လို့ ဒီတောင် ရောက်နေပြီပဲ”
အေးခိုင်၏ နွဲ့နှောင်းမှု မရှိသော အဖြေ။
“နင် မောနေပြီလား ...”
အေးခိုင်က ဘာမျှ မပြော။
မောင်ဝင်းလည်း ဆက်မမေးတော့။ သူ့ဘာသာ အမောဖြေ နေလိုက်သည်။
အမောပြေသွားတော့ အေးခိုင်၏ အထုပ်ကြီးကို ဖြေလိုက်သည်။
“နင် ဘာလုပ် မလို့လဲ ...”
မောင်ဝင်း ဘာမျှ မပြော သုံးပိဿာခန့် လေးသော ဆန်ထုပ် တစ်ထုပ်ကို ယူ၍ သူ့ခြင်းထဲ ထည့်လိုက်သည်။
“မယူနဲ့၊ ငါ အလေ့အကျင့် ရအောင် ရွက်မလို့”
မောင်ဝင်းက ဘာမျှ မပြော။ အေးခိုင်၏ အထုပ်ကို ကျစ်ကျစ်ပါအောင် ပြန်ချည်ပြီး ထုပ်ပေးလိုက်သည်။
“လာ ... ဆက်တက်ကြစို့ ...”
မောင်ဝင်းက အထုပ်ကို အေးခိုင်၏ ခေါင်းပေါ် ပင့်တင် ပေးလိုက်သည်။
အေးခိုင်က မောင်ဝင်းကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။
လှည့်အထွက်တွင် ကျောက်ငုတ် တစ်ခုကို ခလုတ်တိုက်၍ ယိုင်သွားသောကြောင့် မောင်ဝင်း ပခုံးကို လှမ်းကိုင်လိုက်သည်။
မောင်ဝင်းကလည်း စိုးရိမ်၍ အေးခိုင်၏ ပခုံးစွန်းလေးကို လှမ်းကိုင်မိလျက်သား ဖြစ်သွားသည်။
မျက်လုံးချင်း ဆုံမိကြသော်လည်း တစ်ယောက်ကို တစ်ယောက် ဘာမျှ မပြောမိကြ။
အေးခိုင် ရှေ့သို့ ဆက်သွားမှ မောင်ဝင်းက သူ့ခြင်းထဲမှ ကက်ဆက် ခလုတ်ကို နှိပ်လိုက်သည်။
“နေညိုနေပြီ ဆိုပေမယ့် ... တို့တစ်တွေဟာ ... အရုဏ်ကို စောင့်ကြရမယ်လေ ... ပြည့်ဝတဲ့ ဘဝထဲက လှမ်းလာသူ မင်းကို သောကမဲ့ ဘဝထဲမှာ နေနိုင်စေရမယ် ...”
မောင်ဝင်းက အေးခိုင်နောက်မှ လိုက်လာခဲ့သည်။
ရွှေရင်သာ စခန်းမှာ စိုးလွင်လွင်၏ “နေညိုနေပြီ” သီချင်းသံကို နားထောင်ရင်း နှစ်ယောက်အတူ သွားနေ ကြရသည်က စိတ်ကူးယဉ်စရာ။
သို့သော် အေးခိုင်၏ ခေါင်းပေါ်မှာ ဝန်ထုပ်နှင့် မောင်ဝင်း၏ ကျောပေါ်မှာ ဝန်ပိုးနှင့်။
လမ်းဘေး တောစပ်မှ သစ်ပင်များ လှုပ်ယိမ်းသွားအောင် လေအေးလေး တိုက်လာ၍ ချွေးကလေးများနှင့် တွေ့ပြီး အေးစိမ့်စိမ့် အရသာကို နှစ်ဦးလုံး ခံစား ကြရသည်။
ရွှေရင်ဆို့ စခန်းသည် အမည်နှင့် လိုက်အောင် မောပြီး ရင်ဆို့ရ သကဲ့သို့ ရွှေရင်သာ စခန်းသည်လည်း အမည်နှင့် လိုက်အောင် သက်သာ အမောပြေ၍ ရင်သာရသည်။
သွားရသည့် လမ်းက မြေပြန့် မြေညီ တောတန်းကလေးနှင့် လေညင်းနှင့်။
အေးခိုင် အမောပြေ၍ ခြေလှမ်း မြန်မြန် သွားနေသောကြောင့် မောင်ဝင်း မြန်မြန် လိုက်နေရသည်။
“အေးခိုင်...”
ဘေးချင်းယှဉ် မိသည်နှင့် မောင်ဝင်းက လှမ်းခေါ်သည်။
အေးခိုင်က အကြည့်နှင့် ထူးသည်။
“စောစောက နားထောင်တဲ့ သီချင်းကို နင် ကြိုက်လား ...”
မောင်ဝင်း မေးပုံက မဝံ့မရဲ။
“လူမှ မောနေရတဲ့ အထဲ နင်က စိတ်ကူးယဉ် နေသေးတယ်”
“အဲဒီ သီချင်းက ငါတို့ ဘဝနဲ့ သိပ်လိုက်တာပဲ၊ နေညိုနေပြီ ဟဲ့ ...”
“နေမညိုသေးဘူး ဟ၊ နေမွန်းတည့် နေတာ နင် မမြင်ဘူးလား၊ ပူလွန်းလို့ ချွေးတောင် ထွက်နေပြီ”
“နင့် ပြောရတာလဲဟာ ...”
မောင်ဝင်း စိတ်ပျက်သွားသည်။
“နင်က မဟုတ်တာတွေ လျှောက်ပြောနေတာကိုး ဟ၊ နင် ဘာပြောချင်တာလဲ ပြော ...”
မောင်ဝင်း အားတက်သွားသည်။
“ငါတို့ နှစ်ယောက် အတူနေချင်တယ် ဟာ ...”
အေးခိုင် တခစ်ခစ်နှင့် ရယ်နေသည်။
“နင် ဘာရယ်တာလဲ ဟ ...”
မောင်ဝင်း ရှက်သွားသည်။
“အခု အတူ သွားနေတာပဲ မဟုတ်ဘူးလား ဟ ...”
“နင်ကလဲဟာ ... ငါ ပြောတာကို နင် နားလည်ရက်သားနဲ့ ...”
အေးခိုင် တခစ်ခစ်နှင့် ရယ်နေပြန်သည်။
စိုးလွင်လွင်၏ သီချင်းက ရင်ခုန်သံ ဘဝလမ်းသို့ ပြောင်းသွားပြီ။
“မုန်တိုင်း လှိုင်းကြားထဲ ရုန်းကန် လှုပ်ရှား ကြင်နာသူရေ ... ဘယ်လမ်း သွားသွား ... ပါရမီဖြည့်ဘက် ဖြစ်နိုင်မလား”
“ဟော ... အဲဒီသီချင်း အတိုင်း ပြောတာဟာ၊ ကဲ- နင် နားလည်ပြီ မဟုတ်လား”
မောင်ဝင်းက အေးခိုင်ကို လှမ်းကြည့်ပြီး အားပါးတရ ပြောလိုက်သည်။
အေးခိုင်က မောင်ဝင်းကို လှမ်းကြည့်သည်။
အေးခိုင်၏ ရှေ့တွင် မြေမှာ ပေါ်နေသော ကျောက်ငုတ် တစ်ခု။
“ရှေ့မှာ ကျောက်တုံး- ”
အေးခိုင်က လှမ်းကြည့်ပြီးမှ တမင် တိုက်ပြီး မောင်ဝင်း၏ လက်မောင်းကို လှမ်းကိုင်လိုက်သည်။
မောင်ဝင်းက အေးခိုင်၏ လက်မောင်းလေးကို ပြန်ကိုင်လိုက်သည်။ နှစ်ယောက်စလုံး အပြုံးကလေး တွေနှင့်။
လမ်းဘေးမှ သစ်ပင်တွင် စာတန်းလေး တစ်ခု။
“ရွှေရင်သာစခန်း” ဟူ၍ ဖြစ်၏။
(ကျိုက်ထီးရိုး ကင်မွန်းစခန်းမှ အရွက်သမလေး အေးခိုင်နှင့် အထမ်းသမားလေး မောင်ဝင်းတို့ကို အမှတ်တရ)
⬛
လယ်တွင်းသားစောချစ်
ပန်းဝေသီ၊ မတ်၊ ၁၉၉၁
#မြန်မာဝတ္ထုများပေ့ခ်ျ မှ
Comments