အခန်း(၁၃)
အခန်းကလေးသည် ကျဉ်းမြောင်းသော်လည်း ဖန်ချောင်းမီးရောင်ဖြင့် ထိန်လင်းနေ၏။ အခန်းထဲတွင် လူနှစ်ယောက် ရှိနေသည်။ ဆရာဝန်သည် လူနာခုတင်ဘေးတွင် မတ်တတ်ရပ်နေပြီး ခုတင်ပေါ်မှ လူနာအမျိုးသမီးကို ငုံ့ကြည့်စမ်းသပ်နေသည်။ ဖန်ချောင်းအလင်းရောင်၏ စူးရှမှုဒဏ်ကို မခံနိုင်သလို အမျိုးသမီးက မျက်စိစုံမှိတ်၍ မျက်ခုံးရှုံ့ထားသည်ကို ဆရာဝန်က ဂရုတစိုက် အကဲခတ်ကြည့်နေပြီးမှ နားကြပ်ကို နေရာရွှေ့သည်။ ရင်ညွန့်ပေါ်မှ လည်ပင်းဘေးဘက်၊ ထိုမှတဆင့် အမျိုးသမီး၏ မှိတ်ထားသော မျက်လုံးပေါ် ရွှေ့ယူလိုက်သည်။ မကြားသင့်သော သွေးစီးသံမျိုး မကြားရပါ။ သူ နားကြပ်ကို နားမှ ဖြုတ်လိုက်၏။
''ခင်ဗျားရဲ့လက်ချောင်းတွေ တစ်ခါအကြောဆွဲရင် ဘယ်လောက်ကြာတတ်သလဲ''
အမျိုးသမီးက မျက်လုံးကို ကြိုးစားဖွင့်သည်။ ဆရာဝန်သည် ဤမျက်လုံးမျိုးနှင့် ရင်းနှီးဖူးသလိုလို ထင်နေ၏။
''တစ်ခါတစ်ခါတော့လဲ တစ်မိနစ်လောက်ပဲ၊ တစ်ခါတစ်ခါတော့လဲ ဆယ်မိနစ်လောက် ကြာတတ်ပါတယ်''
''အဲဒီအချိန်မှာ ခင်ဗျားလက်ချောင်းတွေ လှုပ်ရှားနိုင်သလား၊ အလုပ်လုပ်နိုင်သလား''
''မလုပ်နိုင်ဘူးဆရာ... တော်တော်ဆိုးဆိုးဝါးဝါး လှုပ်နေတာဆိုတော့ ဖိထိန်းထားလို့လဲ မရဘူး''
ညိုစိမ့်စိမ့် ပိန်သွယ်သော အမျိုးသမီး၏ မျက်နှာတွင် မှတ်မိလွယ်ဆုံးမှာ နှာခေါင်းဖြစ်၏။ နှာခေါင်းသည် သာမန်ထက် အနည်းငယ်ပို၍ ရှည်နေသည်။ မျက်နှာသွယ်သောကြောင့် ကြည့်ကောင်းရုံသာ ရှိသည်။ ဤနှာခေါင်းမျိုး သူမြင်ဖူးသည်။
''အဲဒါမျိုး ပုံမှန်ဖြစ်တတ်သလား၊ ဥပမာ... တစ်လတစ်ကြိမ် နှစ်ကြိမ် စသဖြင့်ပေါ့''
''ပုံမှန်တော့မဟုတ်ဘူး ဆရာ၊ တစ်ခါတစ်ခါတော့ တစ်လ တစ်ကြိမ်လောက်၊ တစ်ခါတစ်ခါလဲ ဘာမှမဖြစ်ဘဲ လေးငါးလ ကြာချင်ကြာတတ်တာ''
သူမသည် အမြဲတမ်း ခံစားနေရသည့် ပြင်းထန်စူးရှသော ခေါင်းကိုက်ဝေဒနာနှင့် ပျို့အန်ခြင်းကိုသာ အဓိကခံစားချက်အဖြစ် ပြောပြခဲ့ခြင်းဖြစ်သည်။ သို့သော် ဆရာဝန်က သူမ တစ်ခါတစ်ခါမှ ဖြစ်တတ်သည့် အကြောဆွဲခြင်းကို ဂရုတစိုက် မေးနေသောကြောင့် သူမ နားမလည်သလို ဖြစ်လာသည်။
''အဲဒါမျိုး ခင်ဗျား ငယ်ငယ်က မဖြစ်ဖူးတာ သေချာတယ်နော်''
''သေချာပါတယ် ဆရာ၊ ကျွန်မ အသက်သုံးဆယ်ကျော်မှ ဖြစ်လာတာပါ၊ အတိအကျပြောရရင်တော့ နှစ်နှစ်လောက်ပဲ ရှိပါသေးတယ်''
ဆရာဝန်က လူနာ၏ မျက်နှာနှင့်ဦးခေါင်းကို ဂရုတစိုက် စစ်ဆေးကြည့်ပြီး ခေါင်းတစ်ချက် ညိတ်လိုက်သည်။ သူ့စားပွဲဆီ ပြန်သွားကာ ကုလားထိုင်တွင် ဝင်ထိုင်လိုက်ပြီး ယခင်တစ်ပတ်က စစ်ဆေးထားသည့် ဓာတ်မှန်များ၊ သွေးစစ်ဆေးမှု အဖြေများကို လှန်လှောကြည့်နေလေသည်။
''ခေါင်းကိုက်တာနဲ့ အန်တာနဲ့ အတူတူ ဖြစ်တတ်သလား''
''အဲ... ဟုတ်ကဲ့၊ ခေါင်းကိုက်တာက ပိုများတယ် ဆရာ''
''မနက်ပိုင်းနဲ့ ညနေပိုင်း ဘယ်အချိန်မှာ ပိုခေါင်းကိုက်သလဲ''
''မနက်ပိုင်း...''
ဆရာဝန်က ခေါင်းတစ်ချက် ညိတ်လိုက်ပြီး စာရွက်တစ်ခု ဆွဲဖြုတ်ကာ စာကြောင်းများကို ခပ်သွက်သွက် ရေးနေ၏။
''ခင်ဗျား ထ လို့ရပြီ၊ ဖြည်းဖြည်းထနော်''
အမျိုးသမီးက အိပ်ရာမှ ဖြည်းညင်းစွာထပြီး ခုတင်ပေါ်မှာ ခြေတွဲလောင်းချ၍ ထိုင်သည်။ ဆရာဝန်က သူမကို အပေါ်ယံ တစ်ချက်ရှပ်၍ ကြည့်လိုက်ပြီး ဦးခေါင်းဓာတ်မှန်ကို စူးစိုက်ငုံ့ကြည့်နေ၏။
''ကျွန်တော်တို့ နောက်တစ်ဆင့် စစ်ဆေးဖို့ ကျန်သေးတယ်၊ ခင်ဗျား စိတ်ရှည်ရှည်ထားမှ ဖြစ်မယ်နော်''
အမျိုးသမီးက ဝေဒနာကြားမှ အားယူ၍ ပြုံးလိုက်သောအခါ ထိုအပြုံးသည် ဆရာဝန်အား တစ်စုံတစ်ယောက်ကို သတိရသွားစေသည်။ သို့သော် ဘယ်သူမှန်းလဲ မသဲကွဲဘဲ ဖြစ်နေ၏။
''ခင်ဗျားနဲ့အတူ တခြား ဘယ်သူပါသေးလဲ''
လူနာတစ်ယောက်ကို 'တခြားဘယ်သူပါသေးလဲ' ဟု မေးခြင်းတွင် ဝမ်းနည်းထိတ်လန့်ဖွယ်ရာ အဓိပ္ပာယ်များ ရှိနေနိုင်ကြောင်း သူမ သိပါသည်။ သူမ စိတ်တင်းထားလိုက်ရ၏။
''ကျွန်မ တည်းတဲ့အိမ်က ကလေးမလေးတစ်ယောက်ပဲ ပါတယ်ဆရာ၊ ဘာအခက်အခဲရှိလို့လဲဟင်၊ ကျွန်မကို အားမနာပါနဲ့ဆရာ... ကျွန်မ ဘာမဆို ရင်ဆိုင်ရဲပါတယ်''
ဘာမဆို...။ ဤစကားကို ဆရာဝန် မယုံပါ။ လူနာတော်တော်များများသည် မိမိတို့ ရောဂါ၏ ဆိုးရွားသောအဖြေကို ရင်မဆိုင်နိုင်ကြပါ။
''မဟုတ်ပါဘူး၊ ခင်ဗျားကို ကျွန်တော်ဘာမှ အတိအကျ မပြောနိုင်သေးပါဘူး၊ ကျွန်တော်တို့ နောက်ထပ် စစ်ဆေးမှု တစ်ခု ကျန်သေးတယ်၊ အဲဒီအတွက် တနင်္လာနေ့မှာ ဦးနှောက်နှင့် အာရုံကြောဆေးရုံကြီးကို ခင်ဗျား လာရဦးမယ်''
အမျိုးသမီး၏ မျက်ဝန်းတောက်ပမှုမှာ ညှိုးဖျော့သွားသည်။ ဆရာဝန်က ကမန်းကတန်း ပြုံးပြလိုက်၏။
''ဘာမှခက်ခဲတဲ့ စစ်ဆေးမှု မဟုတ်ပါဘူး၊ ဟိုတစ်ပတ်က ခင်ဗျားကို ဦးနှောက်လှိုင်း စစ်ဆေးခဲ့သလောက်ပါပဲ၊ ခင်ဗျား ဘာမှလဲ နာစရာ မလိုဘူး၊ ကြောက်စရာလဲ မရှိဘူး၊ ခင်ဗျား ဦးနှောက်ကို ကျွန်တော်တို့က ကွန်ပျူတာနဲ့ ကြည့်ပေးမှာပါ၊ ခင်ဗျားက ခုတင်ပေါ်မှာ အသာကလေး အိပ်နေရုံပဲ၊ ဘာမှ မထူးဆန်းဘူး၊ မိနစ်ပိုင်းကလေး အိပ်ရုံနဲ့ ပြီးသွားမှာပါ''
ထို့နောက် ဆရာဝန်က မျက်မှောင်ကြုတ်၍ စဉ်းစားသည်။
''မန္တလေးမှာ မသီသီဆိုတဲ့ နာမည်ကို ကျွန်တော်ကောင်းကောင်း သိခဲ့ဖူးပါတယ်၊ နောက်ပြီး ခင်ဗျားကို ကျွန်တော် မြင်ဖူးသလိုပဲ''
ဆရာဝန်ကိုယ်တိုင်က စဉ်းစားနေသောအခါ သူမသည် အကဲခတ် ကြည့်နေရင်းက သူမ မှတ်မိနေကြောင်း အသိပေးလိုက်ရမလားဟု ချီတုံချတုံဖြစ်နေသည်။
''ကျွန်တော့်ကို ခင်ဗျား သိသလား''
နောက်ဆုံး ဆရာဝန်က ဖွင့်မေး၏။ သူမ မလိမ်မညာဘဲ အမှန်အတိုင်းဖြေရန် စိတ်ကူးလိုက်သည်။
''ဟုတ်ကဲ့... ဟိုလွန်ခဲ့တဲ့ နှစ်တော်တော်များများတုန်းက ကျွန်မတို့အိမ်ကို ဆရာလာလည်ဖူးပါတယ်''
''ဟာ... ဟုတ်လား၊ ခင်ဗျားတို့အိမ်...''
ဆရာဝန်သည် မျက်ရစ်သိပ်မထင်ရှားသော မျက်လုံးကို အစွမ်းကုန်အားစိုက်၍ ကြည့်၏။ ဤဆရာဝန်က သီ့ကို မမှတ်မိသော်လည်း သီက ဆရာဝန်ကို ကောင်းကောင်း မှတ်မိနေပါသည်။ အတန်ငယ်နီမြန်၍ ဝနေသော မျက်နှာပေါ်က အဆီနည်းနည်းနှင့် စူထွက်နေသော ဗိုက်တို့ကို နုတ်ဖယ်လိုက်လျှင် ဤဆရာဝန်သည် လွန်ခဲ့သော ဆယ်နှစ်ကျော်က သီတို့အိမ်ကို လိုက်လာဖူးသော မောင့်သူငယ်ချင်း ဖြစ်သည်။
''စိတ်မရှိနဲ့နော်... ခင်ဗျား ဒေါက်တာအောင်စည်ရဲ့ဇနီး မသီသီများလား''
''ဟုတ်ကဲ့''
ဆရာဝန်က သူ့နဖူးသူ လက်ဝါးနှင့် ဖျတ်ခနဲရိုက်ကာ ညည်းညူလေသည်။
''ဖြစ်မှဖြစ်ရလေဗျာ... ကျွန်တော် ဘယ်လောက်မှတ်မိဖို့ ကောင်းသလဲ''
ထို့နောက် ဆရာဝန်က သီ့ကို ငေးကြည့်နေသည်။ လူတွေ၏စိတ်ကို ဖတ်ရာတွင် အသင့်အတင့် ကျွမ်းကျင်သော သီသည် မျက်နှာချင်းဆိုင်က ဆရာဝန်၏မျက်လုံးကို ခန့်မှန်း ဖတ်ရှုလိုက်သောအခါ ဆိုးရွားသော အဖြေတစ်ခုကို သွားတွေ့သည်။
''ဘာမှ စိတ်ပူမနေပါနဲ့ မသီသီ၊ အဆိုးဆုံးအနေနဲ့ ခွဲစိတ်ကုသမှု လုပ်ချင်လုပ်ရလိမ့်မယ်၊ ကံကောင်းရင်လဲ စားဆေးနဲ့ သက်သာသွားမှာပါ''
''ကျွန်မ သိပ်စိတ်မပူပါဘူးဆရာ၊ အဖြေကို မြန်မြန်ရင်ဆိုင်ပစ်လိုက်ချင်တာ တစ်ခုပါပဲ''
အဖြေသည် ဆရာဝန့်လက်ထဲက ဓာတ်မှန်စာရွက်များတွင် ရှိနေလောက်ပြီဟု ထင်သည်။
''အောင်စည်နဲ့ တွေ့သေးလား''
''မတွေ့ပါဘူး ဆရာ၊ သူနဲ့ မတွေ့တာ ဆယ့်ငါးနှစ်လောက် ရှိပါပြီ''
ဆရာဝန်က သီ့ထံမှ မျက်နှာလွှဲလိုက်၏။
''သူ အင်္ဂလန်က ပြန်လာပြီး တံတားလေး စိတ်ကုဆေးရုံမှာ လုပ်နေတယ်လေ''
''ဟုတ်ကဲ့၊ ကျွန်မ သတင်းကြားပါတယ်''
ထို့နောက် ဆရာဝန်က ခေါင်းတစ်ချက် လေးလေးညိတ်ကာ တနင်္လာနေ့ လာရမည့်အချိန်နှင့် နေရာကို ပြောပြပြီး သူ့ကို ပြန်ခွင့်ပေးလိုက်သည်။ တနင်္လာနေ့ စစ်ဆေးသည့် ကွန်ပျူတာဖြင့် ကြည့်ရှုခြင်းသည် လွယ်ကူစွာ ပြီးဆုံးသွား၏။ ထိုအဖြေကို ယူရန် ဆရာဝန်၏ဆေးခန်းသို့ မသွားမီ တစ်ရက်လုံးလုံး သီ့စိတ်တွေ လေးလံနေသည်။ ထို့အပြင် ရောဂါနှင့် မဆိုင်သော အဖြစ်အပျက် တစ်စုံတစ်ရာ ထူးခြားမှု တွေ့ရလိမ့်မည်ဟုလည်း ထင်နေသည်။ သီ့ထင်မြင်ချက် မှန်ပါသည်။
ဆရာဝန့်ဆေးခန်းထဲတွင် ဆရာဝန်နှင့်အတူ တခြားတစ်ယောက်ကိုပါ တွေ့လိုက်ရသည်။ သူက သီဝင်လာသောအခါ ထိုင်ရာမှ ထရပ်၍ လှည့်ကြည့်၏။ သူမ ခန်းဆီးကို ပြန်ချလျက် သူတို့နှစ်ယောက်လုံးကို ပြုံးပြကာ စားပွဲဆီသို့ လျှောက်သွားသည်။
သီ့မောင်သည် လွန်ခဲ့သော နှစ်များစွာကလိုပင် ကြင်နာတတ်သော မျက်လုံးများဖြင့် သိမ်မွေ့သော လူငယ်တစ်ယောက် ဖြစ်သည်။ ညိုဖျော့ဖျော့ လှိုင်းတွန့် ဆံပင်ပါးပါးကို ယခင်ကလိုပင် နောက်ပြန်လှန်ဖြီးထားရာ ကျယ်ပြန့်သော နဖူးပြင်က ပိုမိုထင်ရှားနေသည်။ နားသယ်စပ် နှစ်ဖက်ဆီမှာတော့ လူငယ်ကလေး မဟုတ်တော့သော လူလတ်တစ်ယောက်၏ ဇရာ အရိပ်အယောင်အဖြစ် အဖြူစွက်သော ဆံမျှင် တစ်ခုတလေ မြင်ရသည်။
''မင်္ဂလာပါ ဒေါက်တာ''
သီ နှုတ်ဆက်တော့ ဒေါက်တာအောင်စည်က အိုးနင်းခွက်နင်း ပြန်ပြုံးပြ၏။ သူ့မျက်နှာဆီမှ စိတ်တင်းကျပ်မှုကြီးသည် သူမ၏ ရောဂါအဖြေကို ကံဆိုးရွားစွာ သိလိုက်ရလို့ပဲ ဖြစ်မည်။ သူမသည် မိမိဘာသာ ကောက်ချက်ချပြီး စိတ်လေးလံသွားလေသည်။ မြတ်စွာဘုရားကို အာရုံပြုထားရန် သီ ကြိုးစားရသည်။
''မင်္ဂလာပါ သီ... နေကောင်းရဲ့လား''
မောင်ဟာ ဟိုတုန်းကလိုပဲ အူကြောင်ကြောင်နိုင်တုန်းကပဲဟု သီ တွေးလိုက်၏။ သို့သော် မောင့်မေးခွန်းကို သီကလည်း အူကြောင်ကြောင် အဖြေဖြင့် ပြန်ဖြေသည်။
''ဟုတ်ကဲ့... နေကောင်းပါတယ် ဒေါက်တာ''
ခွဲခွာပြီးသော ခင်ပွန်းသည်နှင့် ပြန်တွေ့ရသည်မှာ မင်္ဂလာဖြစ်သော်လည်း သူ့ထံမှတစ်ဆင့် သိရမည့်အဖြေမှာ အမင်္ဂလာ ဖြစ်သည်။ သူမသည် စိတ်အသိ ကင်းမဲ့သူလို ခပ်ကြောင်ကြောင် ရပ်နေ၏။
''ထိုင်ပါ မသီသီ၊ ဒီအချိန်က လူရှင်းတဲ့အချိန်ပါ၊ ကျွန်တော် အလုပ် မလုပ်တဲ့အချိန်လေ''
''အားနာလိုက်တာ ဆရာ''
သူမ တွန့်ဆုတ်စွာ ဝင်ထိုင်သည်။
''ဟာ... အားမနာပါနဲ့၊ ကျွန်တော် မသီသီကို တောင်းပန်ရဦးမှာ ၊ မသီသီကို ခွင့်မတောင်းဘဲ အောင်စည့်ကို ဖုန်းဆက်ခေါ်မိတဲ့အတွက်လေ၊ မသီသီ စိတ်မဆိုးပါနဲ့နော်၊ ကျွန်တော် လုပ်သင့်တယ် ထင်လို့ပါ၊ လူသားတစ်ယောက်ဟာ သူ့ရဲ့ အဆိုးရွားဆုံး ကံကြမ္မာကို ရင်ဆိုင်ရမယ့် အချိန်မှာ ဘေးမှာ အားကိုးတိုင်ပင်စရာ လူတစ်ယောက်ရှိဖို့ လိုတယ်လို့ ကျွန်တော်ထင်ပါတယ်''
မမြင်ရသော အမှောင်တိုက်ကြီးတစ်ခု သီ့မျက်နှာဆီသို့ ရုတ်တရက် ပြိုဆင်းလာသလို ခံစားလိုက်ရသည်။ အဆိုးရွားဆုံး ကံကြမ္မာ...။ သီ၏ အလွန်နှေးကွေးသော နှလုံးခုန်နှုန်းသည် ရုတ်တရက် ရပ်သွားတော့မည်ဟု ထင်လိုက်သည်။ စကားလုံးများကို ပြေပြစ်အောင် အာရုံကို မနည်းစုစည်းလိုက်ရ၏။
''ကျွန်မ နားလည်ပါတယ် ဆရာ၊ ဆရာ့လုပ်ရပ်ကို မှန်တယ်လို့ မပြောနိုင်ပေမယ့် လူသားအဆန်ဆုံး လုပ်ရပ်ပါပဲ၊ ဒေါက်တာ ဦးအောင်စည်အတွက် စိတ်မကောင်းဖြစ်မိတာက လွဲရင် ဆရာ့ကို ကျွန်မ ကျေးဇူးတင်ပါတယ်''
မောင်ကတော့ ထုံးစံအတိုင်း စကားနည်းတိတ်ဆိတ်စွာ ထိုင်နေလေသည်။
''ကျွန်မရောဂါက ဘာလဲဆရာ''
ဆရာဝန်က ချက်ချင်းမဖြေဘဲ မောင့်ကိုလှမ်းကြည့်၏။ မောင်က မသိမသာ ခေါင်းညိတ်လိုက်သည့်အခါ ဆရာဝန်က သီ့မျက်လုံးကို မကြည့်ဘဲ ဖြေသည်။
''ဘရိန်းကျူမာပဲ မသီသီ၊ ပြောရရင်တော့ ဦးနှောက်ဆဲလ်တွေထဲမှာ မူမှန်ဘဲ ကြီးထွားပျံ့နှံ့ အမြစ်တွယ်နေတဲ့ အနာအမျိုးအစားပါပဲ''
လေးပင်မှုတစ်ခုသည် နှလုံးဆီသို့ အရှိန်ပြင်းစွာ ထုနှက် ခြေမွှပစ်လိုက်လေသည်။ နှလုံးခုန် ရပ်သွား၏။ အမြင်အာရုံတွင် လျှပ်စီးလက်သလို ဝင်းခနဲ ပြိုးပြက်သွားကာ မြင်ကွင်းက ပြာဝေသွား၏။ နားထဲတွင် တီးတိုးသံများ ဆူညံနေသည်။ ကိုယ်ခန္ဓာရှိ သွေးအားလုံး အေးခဲကာ လှည့်ပတ်စီးဆင်းမှုများ ရပ်ဆိုင်းသွားသည်။
'သီ...''
ဒေါက်တာအောင်စည်က ဘေးတွင် မတ်တတ်ရပ်နေရာမှ သီ့ကုလားထိုင်၏ နောက်သို့ လျင်မြန်စွာ ရပ်လိုက်သည်။ သီ့ပခုံးပေါ် ဖွဖွကလေး လက်တင်လိုက်၏။
''သီ... ကင်ဆာတိုင်းဟာ ကျူမာဖြစ်ပေမယ့် ကျူမာတိုင်းဟာ ကင်ဆာ မဟုတ်ဘူး၊ ကင်ဆာမဟုတ်တဲ့ ကျူမာဟာ ပျံ့နှံ့နှုန်း နှေးပါတယ်''
ရင်ထဲမှ ပူလောင်မှုကြီးနှင့် ဆန့်ကျင်စွာ သီ့နဖူး လည်ကုပ်တို့တွင် ချွေးစေးများဖြင့် အေးစက်စိုထိုင်းလာ၏။ လက်ဖျားတစ်ခုနှင့်တစ်ခု တင်းကျပ်စွာ ဆုပ်ကိုင်လျက် ရုတ်တရက် ဖြစ်ပေါ်လာသော ထိတ်လန့်တုန်လှုပ်မှု ဝေဒနာကို အားတင်း၍ ဖျောက်ဖျက်နေရသည်။
ကမ္ဘာလောကကြီးသည် သီ့ကို နှင်ထုတ်နေပြီ။ မမြင်နိုင်သော ခွန်အားများက သီ့ကို အမှောင်တိုက်အတွင်းသို့ ကြမ်းတမ်းစွာ တွန်းပို့နေပြီ။ ငြိမ်းချမ်းသော အရုဏ်ဦးများ၊ တိတ်ဆိတ်သော ညနေခင်းများ၊ အေးမြ လတ်ဆတ်သော လေညင်းများ၊ ဟိုတုန်းက သီ မက်မောဖို့ သတိမရခဲ့သော အရာတို့သည် သီ့ကို သရော်လှောင်ပြောင်ကြတော့မည်။ သီ၏ သည်းခံနိုင်စွမ်းကို စမ်းသပ်ကြတော့မည်။ ဗြုန်းခနဲ တုန်လှုပ်သွားသော စိတ်ကို တဖြည်းဖြည်း ထိန်းချုပ်ရန် ကြိုးစားမိသည်။
''မစိုးရိမ်ပါနဲ့ ဒေါက်တာ၊ သီ ဘာမှမဖြစ်ပါဘူး၊ စိတ်အေးအေးထားပါ''
ဘယ်လောက်ချစ်စရာကောင်းလိုက်သည့် စကားပါလိမ့်။ တကယ်တော့ သည်မျှ ချောက်ချားဖွယ် အဖြစ်မှန်ကြီးတစ်ခုကို ဘယ်သူက စိတ်အေးအေးထားပြီး ရင်ဆိုင်နိုင်ပါ့မလဲ။ ဝေ့ဝဲလာသော မျက်ရည်များကြောင့် သီ့အမြင်များ ဝါးသွားသည်။ လည်ချောင်းဆီမှ တင်းကျပ်သော ဆို့နင့်မှုကြီးသည် ဘယ်တော့မှ ပျောက်ကွယ်တော့မှာ မဟုတ်။ ဘုရား ဘုရား... သီ ဘာများ တတ်နိုင်ပါ့မလဲ။ မငိုနဲ့... ကိုယ့်စိတ်ကိုယ် နိုင်အောင်ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ မိန်းမတစ်ယောက်ဟာ ငိုဖို့မလိုဘူး။ ဒါ လူသားတိုင်း မလွဲမသွေ ရောက်ရမယ့် ခရီးဆုံးတစ်ခု မဟုတ်လား။
သီ ဇွတ်အားတင်း၍ ထိန်းချုပ်လေ၊ လည်ချောင်းထဲမှာ ပို၍ ပူပြင်းလောင်မြိုက်စွာ ကျပ်ဆို့လေ ဖြစ်နေသည်။ မငိုနဲ့ သီသီ... ဒါ မထူးခြားဘူး၊ ဘာမှမထူးခြားဘူး။ သို့သော် သီ့မျက်လုံးမှ မျက်ရည်များ လိမ့်ဆင်းကျလာလေသည်။
''သီ...''
သူ့ထံမှ ပင့်သက်ရှိုက်သံကို သိသိသာသာ ကြားလိုက်ရပြီး သီ့ဘေးက ကုလားထိုင်ကို သီ့ဘက် ပို၍တိုးကာ ထိုကုလားထိုင်မှာ သူဝင်ထိုင်လိုက်သည်။ ထို့နောက် အေးစက်တောင့်တင်းနေသော သီ့လက်ဖျားများကို နွေးထွေး ခိုင်မြဲသော လက်များဖြင့် ဆုပ်ညှစ်လိုက်၏။ ထိုအခါ သီသည် မိန်းမသားတစ်ယောက်၏ အားငယ်ကြောက်ရွံ့မှုဖြင့် တစ်ချက်ရှိုက်ငိုမိလေသည်။ အခန်းထဲသို့ တိတ်ဆိတ်သော ဝမ်းနည်းခြင်းက ရုတ်တရက် လွှမ်းမိုးဝင်ရောက်လာခဲ့သည်။ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အထူးကုဆရာဝန်သည် မိမိရှေ့မှ ဝမ်းနည်းဖွယ်မြင်ကွင်းကို စိတ်မကောင်းစွာ ကြည့်ရင်းမသီသီ၏ အဖြေစာရွက်များကို တစ်ခုနှင့်တစ်ခု ညီညာအောင် စုထပ်ဖို့ အဓိပ္ပာယ် ကင်းမဲ့စွာ ကြိုးစားနေသည်။
ဒေါက်တာအောင်စည်ကတော့ သူ့ဇနီးဟောင်း၏ လက်များကို အားပေးသလို တင်းကျပ်စွာ ဆုပ်ထားရင်း ဆို့နင့်နေသော နှုတ်ခမ်းများဖြင့် စကားပြောဖို့ အားယူနေသည်။ ကင်ဆာရောဂါသည် လူနာအတွက် သေမိန့်ဖြစ်သည်။ သို့သော် လူဆိုသည်မှာ မွေးလာကတည်းက သေမိန့်ကျလာခဲ့ပြီးသား မဟုတ်ပါလား။ သေမိန့်နေ့ရက်ကို အတိအကျ မသိဘဲ ဝေးနေခြင်းဖြင့် မိမိနှင့်သေမိန့် ဘယ်လိုမှ မသက်ဆိုင်သလို ကိုယ့်ကိုယ်ကို လှည့်စားပျော်ရွှင်နေခဲ့ကြသည်။
''ဦးနှောက်ကျူမာဆိုတာ ကြောက်စရာ ရောဂါတစ်ခုပဲဆိုတာ ကိုယ်ဝန်ခံပါတယ် သီ၊ ဒါပေမဲ့ သီ့အတွက် ကူကယ်ရာမဲ့တဲ့ အဖြစ်ကြီးထဲ ရောက်သွားတာ မဟုတ်သေးပါဘူး၊ ကံကောင်းထောက်မစွာ ကိုယ်တို့မှာ ကျူမာကို ရင်ဆိုင်ဖို့ နည်းလမ်းတွေ အများကြီးရှိတယ် သီ၊ အဓိက က ရောဂါကို ကိ ုယ်တို့ နားလည်ဖို့ပဲ၊ ရောဂါကို နားလည်ရင်း ရောဂါကို ရင်ဆိုင်ဖို့ နည်းလမ်းတွေကိုလဲ ကိုယ်တို့ နားလည်လာတာပါပဲ''
သီ သူ့ကို ဗြုန်းခနဲ လှည့်ကြည့်လိုက်၏။
''နားလည်ဖို့... ဟုတ်လား ဒေါက်တာ၊ သီ သိပ်နားလည်တာပေါ့၊ သီ့ရောဂါဟာ ကုသလို့ မပျောက်တော့တဲ့ရောဂါ၊ သေဖို့ အမြန်ဆုံးရောဂါလေ''
သူ့မျက်နှာတွင် ကြေကွဲဝမ်းနည်းမှုကို တွေ့လိုက်ရသည်။ ချက်ချင်းပင် ဒေါသသည် မှားယွင်းကြောင်း သီရှက်ရွံ့စွာ ဝန်ခံလိုက်ရ၏။ မိမိ၏စိတ်ကို ချုပ်တည်းဖို့ အဆင့်များစွာ လိုနေသေးကြောင်း သီ သတိပြုမိသွားသည်။ သူ့လက်ထဲမှ မိမိ၏လက်ကို ဖြည်းညင်းစွာ ဆွဲယူလိုက်၏။
သူ့မျက်လုံးတွင် မျက်ရည်စိုစွတ်လျက် ရှိသည်။ စိတ်နှလုံးနူးညံ့သော၊ ဒေါသဖြစ်လွယ်၍ ပြေလွယ်သော၊ ကြင်နာတတ်သော်လည်း နာကြည်းတတ်သော မောင်သည် သီ့ သေမိန့်သတင်းဆိုးအတွက် သီ့ထက် မလျော့နည်းသော ဆုံးရှုံးတုန်လှုပ်မှုကို ခံစားရလိမ့်မည်ဟု သီသိပါသည်။
''ကျူမာလို့ ကိုယ့်ကိုယ်သိသွားတဲ့ လူနာတော်တော်များများဟာ မလိုအပ်ဘဲ မြန်မြန်သေသွားကြတယ် သီ... တော်တော်များများဟာ ကျူမာရဲ့ တိုက်ခိုက်မှုကို မတွန်းလှန်ဘဲ အလွယ်တကူ အရှုံပေးလို့ သေသွားကြတာ၊ သူတို့ သေတာဟာ ကျူမာကြောင့် မဟုတ်ဘူး၊ စိတ်ပျော့ညံ့မှုကြောင့်...''
သူ့စကားကို သီ နားလည်သလိုလို ရှိသည်။ သူက သီ့စိတ်ကို ညွှတ်ကွေးနေရာမှ ပြန်မတ်အောင် တွန်းအားပေးလိုက်ခြင်းပင် ဖြစ်သည်။
''ကိုယ်တို့ ဒီရောဂါကို ရန်သူအဖြစ် သဘောထားပြီး တွန်းလှန်တိုက်ခိုက်ဖို့ သီ သဘောတူရဲ့လား''
သူ့ကို မော့ကြည့်လိုက်သော ဇနီးသည်၏ မျက်လုံးများတွင် တွေဝေသော အရိပ်အယောင်သည် တဖြည်းဖြည်းချင်း ပျောက်ကွယ်လာသည်။ သူ့ဇနီး၏ ယခင်က ရှိခဲ့ဖူးသော အားမာန်နှင့် စိတ်ချုပ်တည်းနိုင်စွမ်းများ ရှိနေလိမ့်ဦးမည်ဟု သူထင်ပါသည်။
''ဦးနှောက်ကျူမာကို အဆင့်လေးမျိုး ခွဲလိုက်ရင် သီ့ရောဂါက အဆင့်သုံးဖြစ်နေတယ်၊ အဆင့်သုံးဟာ အဆင့်နှစ်ထက် ဆိုးရွားပေမယ့် အဆင့်လေးလို နောက်ဆုံးအဆင့် မဟုတ်ဘူး၊ သီ... ကိုယ်တို့မှာ အခွင့်အရေးတွေ ရှိနေတယ်''
သူသည် သူပြောနေသော စကားများကို သူကိုယ်တိုင် ယုံရဲ့လားဟု မရေမရာ ဖြစ်နေ၏။ ဒေါက်တာ စောထွန်း ပြောသလိုဆိုလျှင် သီ၏ရောဂါ အဆင့်နှစ်သည် နှစ်နှင့်ချီ၍ ကြာခဲ့သည်။ ဝက်ရူးပြန်ရောဂါ၏ လက္ခဏာမျိုး တစ်ခါတစ်ရံ ပေါ်တတ်သော စောစောပိုင်း နှစ်တွေကသာ သိခဲ့လျှင်...။ သူသည် သူ့ဇနီးနှင့်သူ၏ ကာလကြာရှည်စွာ အဆက်အသွယ် ပြတ်တောက်ကွဲကွာမှုအတွက် ကံကြမ္မာကို အပြစ်တင်နေမိသည်။ သူမ အနီးမှာ သူရှိနေခဲ့လျှင် ရောဂါကို စောစီးစွာ သိနိုင်ပေလိမ့်မည်။ သူ မသိမသာ သက်ပြင်းချလိုက်၏။ စိတ်မကောင်းစရာထဲမှ စိတ်သက်သာဖွယ်ရာကို ရွေးထုတ်ရလျှင် သီ၏ ကျူမာတိုးပွားနှုန်းသည် သိပ်မမြန်လှပါ။ ထို့ကြောင့် သီ၏နေ့ရက်များကို လမှနှစ်အထိ ဆွဲဆန့်ပေးနိုင်လိမ့်မည်ဟု သူယုံကြည်ပါသည်။
''ဒီတော့ ကိုယ်တို့ ခွဲစိတ်ကုသတဲ့နည်းကို အားကိုးလို့ရတယ် သီ''
သူ့စကားကြောင့် သီသည် တွေဝေနေရာမှ အသိဝင်လာ၏။
''ဟင့်အင်း... သီဘာနည်းနဲ့မှ မကုတော့ပါဘူး ဒေါက်တာ၊ သီ မန္တလေးကို ပြန်ချင်ပါတယ်''
''မဖြစ်ဘူး သီ''
သီ သူ့ကို ဝမ်းနည်းကြေကွဲစွာ လှည့်ကြည့်လိုက်သည်။
''အဲဒီလို ခွဲစိတ်လိုက်ရင် အဲဒီဟာကြီး ပျောက်ရောလား''
''လုံးဝတော့ မပျောက်ဘူးပေါ့ သီရယ်''
သူအမှန်အတိုင်း ဖြေမည်ဟု သစ္စာ ဆိုလိုက်၏။
''ဒါပေမဲ့ ခေါင်းခွံကျဉ်းကျဉ်းကလေးထဲမှာ ဒီကျူမာလုံးကြီး နေရာယူပြီး တခြားတစ်သျှူးတွေအပေါ် ဖိနှိပ်၊ မချိမဆံ့ဝေဒနာပေးနေမှာနဲ့ စာရင် ဒါကြီးကို ဖယ်ထုတ်ပစ်လိုက်တော့ ဦးနှောက်ဆဲလ်အကောင်းတွေ သက်သာရာရမယ်၊ သူ့ကို ခွဲမထုတ်ရင် ခေါင်းခွံထဲမှာ ကျပ်သိပ်ပြီး နေမယ်၊ ဦးနှောက်တွင်း အရည်ရဲ့ဖိအားကြောင့် ခေါင်းခွံအောက်ခြေ အပေါက်ကနေ အောက်အထိ ကျသွားတတ်တယ်၊ ဒီအခါမှာ လူနာဟာ ကျူမာကြောင့် မဟုတ်ဘဲ အသက်ကိုထိန်းချုပ်တဲ့အင်္ဂါတွေကို ဖိအားပေးညှစ်ခံရလို့ ရုတ်တရက် သေတတ်တယ်''
သီ အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။
အဲဒီလို ရုတ်တရက်ချက်ချင်း သေသွားတာ မကောင်းဘူးလား။ အသက်ရှင်နေသည့်ကာလ ကြာလျှင် ဝေဒနာခံစားရုံမှလွဲ၍ သီ့အတွက် ဘာရနိုင်မည်နည်း။
''ခွဲစိတ်ကုသလိုက်ခြင်းအားဖြင့် လုံးလုံးမပျောက်ကင်းရင်တောင်မှ အသက်ရှင်နေတဲ့ကာလကို နှစ်နဲ့ချီပြီး တားထားလို့ရတယ် သီ၊ အနည်းဆုံး သေလုမျောပါး နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို ဆိုးဆိုးရွားရွား မခံစားရတော့ဘူးပေါ့''
ဝေဒနာ...။ ဝေဒနာကို လွန်မြောက်အောင် ဝိပဿနာတရားအသိက ကူညီနိုင်လိမ့်မည် ထင်သည်။ လူ့ဘဝမှာ အသက်ရှင်နေရခြင်းဖြင့် တရားအကျင့် ကျင့်နိုင်သည်။ တစ်လဆို တစ်လ၊ တစ်ရက်ဆို တစ်ရက် အားထုတ်သူအတွက် အကျိုးရှိနိုင်ပါလိမ့်မည်။]
''သီတစ်ယောက်တည်း ရင်ဆိုင်ရမှာ မဟုတ်ပါဘူး၊ သီ့ရောဂါကို ကိုယ်ပါ ဘေးကအတူဝင်ပြီး တိုက်ပေးမှာပါ သီ၊ သီ စိတ်ဓာတ်ခွန်အား ရှိနေဖို့ပဲ လိုတယ်၊ သီ့ဘေးမှာ ကိုယ်ကူညီပေးမှာပါ၊ ကိုယ်တို့အတူတူ ရင်ဆိုင်ကြမယ်... ကြားလား''
''ကျေးဇူးတင်ပါတယ် ဒေါက်တာ''
သီ့စကားသံက တုန်ယင်ကာ မျက်ရည်တစ်စက် လိမ့်ဆင်းကျသွားလေသည်။
''သီ ဘယ်မှာ တည်းသလဲ''
သူ နူးည့ံစွာ မေးသည်။
''တောင်ဥက္ကလာမှာ တည်းပါတယ်''
''ကောင်းပြီ၊ အဲဒီကို ကိုယ်လိုက်ပို့မယ်''
ဆေးခန်းထဲက အထွက်တွင် သီ့ကို ဖေးမရန် လိုမလားဟု အကဲခတ်တော့သီသည် ဣန္ဒြေမပျက် ထိန်း၍ လမ်းလျှောက်နိုင်တာ တွေ့ရသည်။
''အဲဒီအိမ်က လွတ်လပ်ရဲ့လား''
''ဒေါက်တာပြောတဲ့ လွတ်လပ်မှုက ဘယ်လိုလွတ်လပ်မှုမျိုးလဲ''
သူ သီ့မျက်နှာကို ဖျတ်ခနဲ လှမ်းကြည့်တော့ သီ့ထံတွင် ဟိုတုန်းက ငြိမ်သက်အေးစက်မှုမျိုးကို ပြန်တွေ့လိုက်ရသည်။ သူ့ဇနီး၏ အေးစက် တည်ငြိမ်မှုကို ဘယ်တုန်းကမှ မနှစ်မြို့ခဲ့သော သူသည် ယခုတစ်ကြိမ်မှာတော့ သီ့တည်ငြိမ်မှုအတွက် စိတ်သက်သာရာရသွား၏။
''တရားကျင့်ဖို့အထိ လွတ်လပ်တာကို ပြောတာ မဟုတ်ပါဘူး၊ ဦးနှောက်ကျူမာ ဝေဒနာသည်တစ်ယောက်ကို စိတ်အနှောင့်အယှက် မပေးတဲ့ လွတ်လပ်မှုကိုပဲ ပြောတာပါ''
သီ ဘာမှပြန်မပြောဘဲ ငြိမ်နေ၏။ သူ၏ လိပ်ခုံးကား သေးသေးကလေး နောက်ထိုင်ခုံပေါ်တွင် သီနှင့် သီ့အဖော်ကောင်မလေး ထိုင်နိုင်အောင် သူစီစဉ်ပေးသည်။ သီတည်းသည့် အိမ်ကို လမ်းနံပါတ်နှင့် ရပ်ကွက်နံပါတ် ပြောပြတော့ သူနည်းနည်း မျက်မှောင်တွန့်သွားသည်။
''သီ့ ဆွေမျိုးလား''
''သီ့မှာ ဆွေမျိုး မရှိဘူးလေ ဒေါက်တာ''
''ကိုယ်သိပါတယ် သီ... ဒါပေမဲ့ ကိုယ် မသိရသေးတဲ့ နောက်ထပ် ဆွေမျိုး...''
သူမသည် ကြောက်ရွံ့ချောက်ချားမှုကြားကပင် စိတ်ထဲမှ ပြုံးလိုက်မိ၏။ ဖြစ်မှဖြစ်ရလေ။
''အလွန်သစ္စာရှိပြီး ကြင်နာတတ်တဲ့ ယောကျ်ားတစ်ယောက်ဆီကတောင် ပြေးထွက်လာတဲ့ မိန်းမတစ်ယောက်ဟာ နောက်ထပ် ဘာမှငြိတွယ်စရာ မလိုပါဘူး ဒေါက်တာ၊ သီ့ဘဝမှာ အေးချမ်းပါတယ်၊ ဒါက သီ့ကို လေးစား အားကိုးတဲ့မိတ်ဆွေတစ်ယောက်ပါ''
ကားလက်ကိုင်ဘီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော သူ့လက်များ တုန်ယင်နေကြသည်။
''မိတ်ဆွေဆိုရင်တော့ ကိုယ် သီ့ကို တောင်းဆိုချက်တစ်ခု ပြောခွင့်ရှိသွားပြီ၊ သီ ကိုယ့်အိမ်မှာ တည်းပါ''
''အို... နေပါစေ ဒေါက်တာ၊ ဒုက္ခမရှာပါနဲ့''
''ကိုယ့်ဒုက္ခက သီ့ဝေဒနာလောက် မပြင်းထန်ပါဘူး သီ၊ သီ့အတွက် အားလုံးအဆင်ပြေအောင် ကိုယ်စီစဉ်တာပါ၊ ဆယ့်ငါးနှစ်ကာလဟာ ကိုယ်တို့ ဘဝတွေကို ခြားခဲ့ပါပြီ၊ စိတ်ချပါ... သီ့ကို ကိုယ်ဇနီးတစ်ယောက်ကို ကြည့်တဲ့ မျက်လုံးမျိုးနဲ့ အရင်လို မကြည့်တော့ပါဘူးလို့ ကတိပေးပါတယ်၊ သီ ကိုယ့်အိမ်မှာ လွတ်လွတ်လပ်လပ် နေလို့ရတယ်၊ ကိုယ့်အိမ်မှာ ကိုယ်တစ်ယောက်တည်းပဲ ရှိတယ်၊ မေမေက လွန်ခဲ့တဲ့ငါးနှစ်က ဆုံးသွားပြီ၊ သီ့ကို ကိုယ်ပြုစုရမှာ သီ အားနာရင် ဆေးရုံက အလုပ်သမားတစ်ယောက်ရဲ့ သမီးလေး ကိုယ်ခေါ်ပေးမယ်၊ ခွဲစိတ်ပြီးခါစ ရက်တွေမှာလဲ နာ့စ်ခေါ်ပေးထားမယ်''
သီ သူ့ကို နူးည့ံစွာ ငေးကြည့်လိုက်သည်။
သူ နောက်အိမ်ထောင်မပြုဘူးဆိုတဲ့ အဓိပ္ပာယ်ပေါ့။ သူက သီ့မျက်နှာ အရိပ်အကဲကို ကျွမ်းကျင်စွာဖတ်၍ ပြုံးသည်။
''ကိုယ် အိမ်ထောင်မပြုဘူး သီ... သီ အံ့သြလားဟင်''
''ဟုတ်ကဲ့၊ အင်မတန်ရုပ်ဝါဒဆန်တဲ့၊ ကိုယ်ကာယ ခံစားမှုကို ရှေ့တန်းတင်တဲ့ ဒေါက်တာက နောက်အိမ်ထောင် မပြုဘူးဆိုတာ နည်းနည်းတော့ အံ့သြစရာပဲ''
သူ့မျက်နှာ ရဲခနဲ နီသွား၏။ နှုတ်ခမ်းတင်းတင်းစေ့ကာ ကားမှန်တည့်တည့်ကိုသာ စူးစိုက်ကြည့်၍ ငြိမ်သက်သွားသည်။
''ဒါဖြင့်... ဒေါက်တာရဲ့ စားသောက်မှုတာဝန်ကို ဘယ်သူယူခဲ့သလဲ''
သူ ပြုံးသည်။
''ဖြစ်သလိုပဲပေါ့၊ ဆိုင်မှာ ကြုံရင် ဆိုင်မှာစား... အိမ်မှာ စိတ်ကူးရရင် အိမ်မှာစား၊ ကိုယ်က မိန်းမရှိတုန်းကလဲ ဖြစ်သလို စားခဲ့ရတာပဲ မဟုတ်လား သီရဲ့၊ ကိုယ့်အတွက် အကျင့်ရနေပါပြီလေ''
သီ ခေါင်းညိတ်ကာ တိတ်ဆိတ်သွားသည်။
တကယ်တော့ သီသည် အိမ်ရှင်မတစ်ယောက်အဖြစ် မောင့်အပေါ် တာဝန် မကျေခဲ့သော မိန်းမဖြစ်သည်။ မောင့်ကို လက်ထပ်ဖို့ ဘာဖြစ်လို့ သီ သဘောတူခဲ့ပါလိမ့်။
ဂျူး
အပိုင်း ၁၄ ဆက်ပါဦးမည်...
Comments