ဆရာမလေးက ဝမ်းချူတံကို ဖြုတ်လိုက်သည်နှင့် စိန်ရွှေမြ၏ဝမ်းဗိုက် သည် ချက်ချင်းနာလာသည်။ ဗိုက်ထဲမှ ဆပ်ပြာရည် နွေးနွေးများက ဂလုံဂလွမ်နှင့် ဆူညံပွက်နေပြီမို့ နေရာမှထကာ အိမ်သာဆီသို့ ဒရော သောပါး ပြေးရသည်။ နံနက်စောစော အလင်းရောင်ပင် မလာသေး တော့ အိမ်သာခန်းထဲမှာ လူရှင်းနေသည်။ လူရှင်းနေတော့လည်း ဂျက် ပျက်နေသော အိမ်သာတံခါးကို လက်တစ်ဖက်နှင့်လှမ်းဆွဲထားရန် မလို
တော့ဘဲ စိတ်ချလက်ချထိုင်ကာ ဝမ်းအဟောင်းတွေရော အသစ်တွေကို ပါ အသံပါထည့်ပြီး စွန့်ထုတ်ပစ်လိုက်သည်။ ဝမ်းသွားပြီးတော့ ရေချိုး ခန်းထဲဝင်ကာ ရေချိုးသည်။ ရေချိုးနေရင်း ဗိုက်က နာလာပြန်သည်။ ဒီတော့လည်း လွှားထားသော ထဘီကို ပြန်ယူပြီး ရင်ရှားကာ အိမ်သာ ထဲ ဝင်ပြေးရပြန်သည်။ နံနက် စောစော အိမ်သာတက်လိုသူ တစ်ဦးဦး ကသာ သူ့တံခါးကို ဖြုန်းခနဲ ဆွဲဖွင့်လိုက်လျှင် ရေစက်လက်နှင့် ထဘီ ရင်ရှားကာ ငုတ်တုတ်ကြီး ထိုင်နေသော သူ့ကိုတွေ့လျှင် မီးနေသည် သရဲခြောက်သည် ထင်ကာ သွေးပျက်သွားလေမည်လားမသိ။
မီးနေသည်သရဲဟုဆိုခါမှ မခင်အေးဆီသို့ စိတ်က ချက်ချင်း ရောက်သွားသည်။ လူကလည်း လေးလေးလံလံ ထိုင်းထိုင်းမှိုင်းမှိုင်းကြီး ဖြစ်သွားလေသည်။ ဒီနေ့ မခင်အေး၏ အသုဘဖြစ်သည်။ သူ့ကို နံနက် စောစောခွဲစိတ်ပြီးစီး၍ စိတ်ချရမည်ဆိုပါက ကိုရေအေးက မှော်ဘီကို အမြန်လေး သွားလိမ့်မည် ဖြစ်သည်။ရေချိုး၍လည်း မပြီးသေးတော့ သူက အိမ်သာကိစ္စပြီးတော့ ရေချိုးခန်းထဲ တစ်ဖန်ပြန်ဝင်ရပြန်သည်။ ဝမ်းတွေ ဒလဟောသွားလိုက်
တော့ အစာအိမ်ထဲမှာ ဟာကာ ဆာတာတာ ဖြစ်လာသည်။ ထမင်းမစား ရသည်ကကိစ္စမရှိပါ၊ မနေ့ညဆယ်နာရီကတည်းက ရေကိုပါ မသောက် ရတော့သည့်အတွက် ရေဆာနေသည်။ ရေပန်းမှ ကျနေသောရေများကို မျက်နှာမော့ကာ ခံယူရင်း ပါးစပ်ထဲဝင်လာသမျှကို မသိမသာ မျိုချရ ကောင်းမလား စဉ်းစားနေသေးသည်။ ထို့ နောက်မှ “
မသောက်နဲ့ဆို မသောက်ဘဲနေမှ၊ ဆရာဝန်စကား နားမထောင်လို့ ခံစရာရှိရင် ငါပဲခံရ မှာ” ဟု တွေးမိသောကြောင့်သာ မျိုမချလိုက်ခြင်း ဖြစ်သည်။
“အစ်မ ရေချိုးတာကြာနေပြီ၊ မပြီးသေးဘူးလား” ဆရာမလေးက လိုက်လာပြီး အပြင်မှအော်နေသည်။ “ ပြီးတော့မယ်၊ ခုနတုန်းက ဗိုက်နာလို့ အိမ်သာထဲပြန်ဝင်နေရ
တယ်”
“တော်တော့လေ အအေးပတ်နေဦးမယ်” “ပြီးပြီ ပြီးပြီ”
စိန်ရွှေမြက နံရံတွင်လွှားထားသော ထဘီကိုပြန်ယူကာ ဝတ် လိုက်သည်။ ကလေးမွေးပြီး တော်တော်နဲ့ ရေချိုးနိုင်မှာ မဟုတ်ဘူး၊ မမွေးခင် တဝကြီးချိုးထားမှ” ဟု တွေးသည်။ ဆရာမလေးက မျက်နှာ သုတ်ပဝါကိုင်ရင်း ရေချိုးခန်းအဝမှ စောင့်နေသည်။ တို့အစ်မက ရေ အတော်ကြိုက်တာပဲ”ဟု ပြောရင်း ရေစိုနေသောဆံပင်များကို ခပ်ကြမ်း ကြမ်းသုတ်ပေးသည်။
ဒေါ်ခင်မေကြီးဆီမှ ရသောငွေက သူ့ကို များစွာ အထောက် အကူပေးခဲ့သည်။ ထိုငွေသာမရှိလျှင် သူနာပြုဆရာမငှားရန်အတွက် အတော်ကြီးပူပင်ရမည် ဖြစ်သည်။ ကျန်သောနေ့များက ထားပါဦး၊ ခွဲ သောနေ့တစ်နေ့အတွက်တော့ ဆရာမ လိုလေသည်။ ထို့ကြောင့် ည ကတည်းက ခေါ်ထားရန် အကြံပေးကြသည့်အတိုင်း ညစောင့် သူနာပြု ကို ကြိုပြီးခေါ်ထားလိုက်သည်။ နံနက်စောစော ဝမ်းချူ၊ ရေချိုး၊ သန့် ရှင်းရေးကိစ္စအဝဝကို ညစောင့်ဆရာမလေးက လုပ်ပေးထားနှင့်သည်။ နေ့ စောင့်ဆရာမက ရှစ်နာရီမှ ရောက်မည် ဖြစ်သည်။
| ဆရာမလေးက သူ့ခေါင်းကို ရှင်းလင်းပြီး ပြီးပေးသည်။ ထို့ နောက် ဆံပင်နှစ်ဖက်ခွဲပြီး ကျစ်ဆံမြီးတင်းတင်း ကျစ်ပေးလေသည်။ တစ်သက်နှင့်တစ်ကိုယ် သူများပြုစုပေးတာ တစ်ခါမျှ မခံဖူးတော့ သူ့ ခမျာ ဖိန်းတိန်းတိန်း ရှိန်းတိန်းတိန်းနှင့် အားတွေပင် နာနေသည်။
အစ်မညက ကောင်းကောင်းအိပ်တယ်နော်” ဆရာမပဲ အိပ်ဆေးတိုက်ထားတာ အိပ်တာပေါ့”
အိပ်ဆေးတိုက်တိုင်းလည်း အိပ်မပျော်ကြဘူး အစ်မရဲ့ ၊ တချို့ များ မနက်ခွဲရမှာကို ကြောက်ပြီး ထိုင်လိုက်၊ ထလိုက်၊ တချောက်ချောက် လုပ်နေကြတာ”
“အင်း အိမ်ကယောက်ျားကတော့ အဲဒီအတိုင်းဖြစ်နေမှာပဲ” “ဘာလဲ အစ်မကို စိတ်ပူနေလို့လား”
“အင်း အစ်မကို စိတ်ပူတာလည်း ပါတာပေါ့၊ သူ့ညီမ အတွက် စိတ်မကောင်းတာလည်း ပါမှာပေါ့”
“သူ့ညီမက ဘာဖြစ်လို့လဲဟင်” “ကလေးမွေးရင်းနဲ့ ဆုံးသွားလို့”
•
စိန်ရွှေမြကလည်း စိတ်ထဲကလည်း မကောင်း၊ ပြောက လည်း ပြောချင်ချင်နှင့်ဆိုတော့ မခင်အေး၏အကြောင်းကို ခရေစေ့ တွင်းကျ ပြောပြမိသည်။ ဆရာမလေးက စိတ်ဝင်တစား နားထောင်ရင်း စုတ် တသပ်သပ် ဖြစ်နေရှာသည်။ ။
“ဒါကတော့ အချင်းတကယ်ကပ်နေပြီဆိုရင် သားဖွားဆရာမ နဲ့တင် မရတော့ဘူး အစ်မရဲ့ ၊ သွေးသွန်ပြီဆိုတော့ တစ်ဖက်ကလည်း
သွေးအစားပြန်ဖြည့်ဖို့ လိုတယ်၊ နောက်ပြီး ဘယ်လိုမှ လုပ်မရတော့ဘူး အချင်းက အရမ်းကိုကပ်နေပြီဆိုရင် ဗိုက်ခွဲပြီး သားအိမ်ကိုပါ ထုတ်ပစ်ရ တာလေ၊ ဆေးရုံမှာမှ လုပ်နိုင်တာ၊ သူတို့က ဆေးရုံကို ဘာလို့ ချက်ချင်း မသွားလဲ”
“သူက ဆေးရုံဆိုရင်သိပ်ကြောက်တာတဲ့၊ ဒါကြောင့် အချင်း ကျလာနိုး ကျလာနိုးနဲ့ စောင့်မိတာလည်း ပါတာပေါ့၊ နောက်ပြီးတော့ လည်း သူတို့ခြံကနေ လမ်းမ ရောက်အောင် တစ်မိုင်ခွဲလောက် လမ်း
လျှောက်ထွက်ရတာ၊ ကြားထဲမှာ လှည်းမရှိ၊ နွားမရှိ၊ ကားမရှိ၊ ဆိုက် ကား မရှိ”
အဲဒါ အဆိုးဆုံးပဲ၊ တကယ်လို့ အချင်းကပ်ပြီး သွေးသွန်နေ ဦးတော့ ဆေးရုံကို မြန်မြန်ရောက်ရင် အသက်ကို ပြန်လုနိုင်ပါတယ် အစ်မရယ်” ။
စိန်ရွှေမြက မချိတင်ကဲနှင့် မျက်ရည်လည်နေသည်။ မခင် အေးသည် သူ၏ယောက်မဟုသာဆိုရသော်လည်း ညီမအရင်းလို ချစ် သည်။ ထို့ကြောင့် ကိုယ်လည်း ကိုယ့်ကိစ္စနှင့်ကိုယ် မွေးရန် ဖွားရန် ခွဲစိတ်ရန် ပြင်ဆင်နေရသော်လည်း ရင်ထဲတွင်လေးလံပြီး ညှိုးချုံးနေ သည်။ ငါသာ အစောကြီးကသွားဖို့တိုက်တွန်းမိရင် ကိုရေအေးက ဒီ ထက် စောပြီး ရောက်သွားမှာ၊ ဒါဆိုရင် ဆေးရုံကို အချိန်မီရောက်နိုင် တယ်” ဟု ဆက်တွေးရင်း စိတ်ထဲတွင် မသက်မသာ ဖြစ်နေသည်။
ရိုးရိုးတန်းတန်း သမားရိုးကျမွေးတာလောက်ကတော့ သား ဖွား ဆရာမတွေလည်း မြန်မာပြည်အနှံ့ အတော်များများရှိတာပဲ၊ သူတို့ နဲ့ ပြီးပါတယ်၊ အခုနောက်ပိုင်း အရပ်ဝမ်းဆွဲတွေကိုတောင် ဝမ်းဆွဲ သင်တန်း ထပ်ပေးတယ်လေ”
“ဟုတ်တယ် ဒေါ်ပုတုလည်း သင်တန်းထပ်တက်ထားရတယ် ပြောတယ်”
စိန်ရွှေမြက ကိုရေအေး ပြောဖူးသည်ကို သတိရသည်။ သူက တော့ ဒေါ်ပုတု သင်တန်းထပ်တက်ထားတယ် ပြောတာပဲ၊ ဒါပေမယ့် ဆေးရုံလည်း မှော်ဘီမှာတင်ရှိတာ၊ ဘာမှလည်း မဝေးဘဲနဲ့၊ ဆေးရုံမှာ သွားမွေးလိုက်တော့ အစစစိတ်ချရတာပေါ့ဟာ၊ ခင်အေးက ပျော့ မလို လိုနဲ့ ခေါင်းမာတယ်၊ သူထင်တာလုပ်တတ်တယ်”ဟု ပြောခဲ့သည်။ သူ က သူ့ညီမကို ပထမတစ်သား မွေးတုန်းက ဘာမျှပင် မသိလိုက်ဘဲ ဒုတိယသားကျမှ ပူပူပင်ပင်ပြောနေ၍ “အမလေးဟဲ့၊ ပိုက်ဆံလေးက ဖြင့် ရှိမယ်မကြံသေးဘူး၊ ဇာချဲ့ချင်နေပြီ၊ သူတို့ဟာ သူတို့ အဆင်ပြေ လို့ မွေးနေ မွေးပါစေပေါ့” ဟုပင် ကျိတ်ပြီး တွေးခဲ့မိသေးသည်ကို အခုမှ နောင်တ ရသည်။
ဒါပေမယ့် ရှေ့ ကနေအချင်းပိတ်နေတာတို့၊ အခုလို အချင်း ကပ်တာတို့၊ ကလေးခေါင်းမစိုက်ဘဲ ကန့်လန့်ဖြစ်နေတာတို့၊ ခြေက ဖွားတာတို့ကျတော့ သိပ်မလွယ်ဘူးလေ၊ အဲဒီလိုပဲ ခွဲရ စိတ်ရ သွေးသွင်း ရ ဆေးသွင်းရမှာမျိုးကျတော့ ဆေးရုံမှာမှ ချက်ချင်းကယ်နိုင်တာ၊ အခု ကိစ္စက အာလ်ထရာဆောင်းရိုက်ကြည့်လည်း ပုံမှန်ပဲ မြင်ရမှာ၊ သူက ကလေးအနေအထား အချင်းအနေအထား အကုန် ကောင်းနေမှာပဲ၊ ပြီး
တော့သာ ကပ်နေတာ၊ ဆေးရုံကို ချက်ချင်း မရောက်ဖြစ်တာတော့ သူ့ရဲ့ ကုသိုလ်ကံပဲပေါ့ အစ်မရယ်၊ ဝမ်းဆွဲရဲ့ အပြစ်လည်း မဟုတ်ပါဘူး”
သူ့ ခေါင်းတွင် သူပြန်ထိုးထားသော ကလစ်နှစ်ချောင်းကို ဆရာမလေးက ဖြုတ်ပစ်သည်။ ခွဲစိတ်ခန်းဝင်ချိန်တွင် ကလစ်တွေ ဆံညှပ်တွေ တပ်မထားရဟုဆိုသည်။
မခင်အေးအကြောင်း လွမ်းလွမ်းဆွေးဆွေးပြောပြီး မျက်ရည် ပါ ကျလိုက်ရတော့ ရင်ထဲတွင် နည်းနည်းတော့ ရှင်းသွားသည်။
“လာ အစ်မ၊ ကျောရိုးနေရာလေးကို သန့်ရှင်းရေးထပ်လုပ်ရအောင်”
သူ့ကို တစောင်းအိပ်ခိုင်းပြီး ဆရာမလေးက ထုံဆေးထိုးရမည့် ကျောရိုးနေရာကို အရက်ပျံနှင့်အထပ်ထပ်ပွတ်ကာ ချေးချွတ်သည်။ ထို နေရာက ရေချိုးလျှင်လည်း ချေးတွန်းမိဖို့ နေနေသာသာ ဆပ်ပြာပင် သိပ်မထိသောနေရာ ဖြစ်သည်။ မနေ့ညက တစ်ခါရိတ်ပြီး ဖြစ်သော် လည်း အခုမနက်တွင် ကျောရိုးတစ်လျှောက်ရှိ အမွှေးနုလေးတွေကို ဘလိတ်ဓားနှင့် ထပ်ရိတ်ပြန်သည်။
“ထုံဆေးထိုးမှာက အပ်အကြီးကြီးနဲ့ ထိုးရတာအစ်မရဲ့ ၊ အဲဒီ နေရာ သန့်ရှင်းနေဖို့ အရေးကြီးတယ်၊ ဟိုးတစ်ခါတုန်းက မေ့ဆေး ဆရာဝန်ကြီးက ထုံဆေးထိုးဖို့ ကျောရိုးကို အရက်ပျံပွတ်လိုက်တာ ဂွမ်း မှာ မည်းသွားလို့တဲ့၊ တအားကို ဆူတာပဲ”
တစ်ခါအဆူခံထားရဖူးတော့ ဆရာမလေးက စိန်ရွှေမြ၏ ကျောကို အရက်ပျံနှင့် အထပ်ထပ်ပွတ်၍ မဆုံးနိုင်အောင် ဖြစ်နေသည်။ ထို့နောက်တော့ သူ့ကို အင်္ကျီအဖြူကျောခွဲကြီးတစ်ထည်ဝတ် ပေးသည်။ အထဲမှာ ထဘီမပါ၊ ဘော်လီမပါနှင့် ဂါဝန်လိုလိုအကျီကျောခွဲကြီး ဝတ် ထားရတော့ နောက်ပိုင်းမလုံလှ။
“ကဲ ပြီးပြီ၊ ဒီနေ့အစ်မကို အရင်ဆုံး စခွဲမှာ” “ခွဲတာ ဘယ်လောက်ကြာမှာလဲဟင်” စိန်ရွှေမြက စပြီး ကြောက်နေပြီ ဖြစ်သည်။
“ဘာကြောမှာလဲ အစ်မရဲ့၊ အစ်မကို ထုံဆေးထိုးပြီးလို့ ထုံပြီ ဆိုတာနဲ့ ဗိုက်စဖွင့်ပြီ၊ ဟော ဗိုက်ပွင့်သွားတော့ သားအိမ်ဖွင့်၊ သားအိမ် ဖြဲပြီး ကလေးထုတ် ဒါပဲဟာ၊ ကလေးထွက်သွားပြီးရင် သားအိမ်ထဲက သွေးတွေဘာတွေ စုပ်ထုတ်၊ သန့်ရှင်းပြီးရင် တစ်လွှာချင်း ပြန်ပိတ်တော့ တာပဲ၊ ဘာမှ မကြာပါဘူး၊ အစ်မ တရားစခန်းဝင်ဖူးရင် စိတ်ကို နှာသီး ဖျားမှာထားပြီး တရားမှတ်နေလိုက်”
“တရားစခန်းလည်း မဝင်ဖူးပါဘူးဟယ်၊ တရားလည်း မသိ၊ တရားလည်း မရှိ၊ ကလေးလေးကောင်နဲ့ ဖတ်သီလိုက်နေတာ၊ ဒီ နှစ်ကောင် ထပ်ထွက်လာရင် ပိုဆိုးဦးမယ်”
‘ဪ အစ်မက သားကြောပါ ဖြတ်မှာနော်”
စိန်ရွှေမြက ခေါင်းညိတ်သည်။ ဟုတ်သည်၊ သူက သားကြော ကိုပါ ဖြတ်ရန် မနည်းကြိုးစားလျှောက်လွှာတင်ထားခဲ့သည်ပဲ။
“အင်း အဲဒါဆိုရင် ပုံမှန်ထက်နည်းနည်း ပိုကြာမှာပေါ့” “ကြောက်လိုက်တာဟယ်” ။
“ဪ အစ်မကလည်း ဆေးရုံပေါ်မှာ ဆရာဝန် ဆရာမတွေ ဝိုင်းနေတာ ဘာကြောက်စရာရှိလဲ”
ဘာကြောက်စရာရှိရှိ မရှိရှိ၊ ကြောက်သည်ကတော့ ကြောက် သည်ပင်။ ကြောက်စိတ်ကို ထိန်းမရ၊ တစ်နေ့တုန်းကပင် ကိုယ်နှင့် လက်ပွန်းတတီး ရင်းနှီးသူတစ်ဦးက မီးဖွားရင်း အသက်ပါ ထားတော့ စိတ်က ဘယ်လိုမှ အေးမနေနိုင်ချေ။
မခင်အေးခမျာ ကျွတ်ကျွတ်လွတ်လွတ်မှ ရှိပါ့မလား၊ မကျွတ် မလွတ်ဘဝသို့ ရောက်သွားပြီး သူ့ဆီသို့ များရောက်လာလေမလား၊ သူ က ဟိုတွေး ဒီတွေးနှင့် ကြက်သီးတွေ တဖြန်းဖြန်း ထ လာသည်။
“မခင်အေးရေ အမျှ အမျှ အမျှ၊ အစ်မ ရွှေဥမင်ဆရာတော် ဘုရားကြီးကို သင်္ကန်းလှူထားပါတယ်၊ အဲဒီကုသိုလ်ကို ငါ့ညီမ ထပ်တူ ထပ်မျှရအောင် အမျှပေးပါတယ်၊ ရောက်ရာဘုံဘဝက သာဓု ခေါ်ပါ ညီမရယ်၊ အမျှ အမျှ အမျှ ။
စိန်ရွှေမြက စိတ်ထဲမှနေပြီး စိတ်ပါလက်ပါ ရည်စူးကာ အမျှ ပေးဝေနေမိသည်။ လွန်ခဲ့သော နှစ်လလောက်ကပင် သူ့ဆီသို့ သင်္ဘော သီးတွေ ဒန့်သလွန်သီးတွေကို မနိုင်မနင်းသယ်ကာ ရောက်လာခဲ့သေး သည်။ ထိုစဉ်က သူရော ကိုယ်ပါ ကိုယ်ဝန်ခုနစ်လကျော်ကျော်ထင်ပါ ရဲ့ ၊ အဲဒါ နောက်ဆုံးတွေ့တာပဲ၊ နောက်ထပ်လည်း မတွေ့ဖြစ်တော့၊ အခုတော့ သူ့ခမျာ ဆုံးရှာပြီတဲ့၊ စိန်ရွှေမြသည် ကိုရေအေးကိုလည်းသတိမရ၊ ကလေးလေးကောင်ကိုလည်း သတိမရဘဲ မခင်အေးကို တရ ရ သတိရကာမြင်ယောင်ရင်း ခွဲစိတ်ခန်းဝင်သွားသည်။ ။
မီးရောင်တွေ ထိန်ထိန်ဝင်းပြီး စိမ့်စိမ့်အေးနေသော ခွဲစိတ်ခန်း ထဲသို့ သူ့ကို တွန်းပြီးသွင်းသွားသည်။ ခွဲခန်းဝတ်စုံစိမ်းစိမ်းကြီးတွေ ဝတ် ပြီး နှာခေါင်းနှင့်ပါးစပ်ကိုပါအုပ်ထားသော ဆရာဝန်ဆရာမတွေကို တွေ့
တော့ စိန်ရွှေမြခမျာ မျက်စိသူငယ် ဖြစ်သွားသည်။ ဗန်းထဲမှ ဓားတွေ ကတ်ကြေးတွေကို လှမ်းမြင်တော့ ပိုပြီးကြောက်သွားသည်။ ဘုရားဘုရား သူ့ခန္ဓာကိုယ်ကို ခွဲကြ၊ စိတ်ကြ၊ လှီးကြ၊ ဖြတ်ကြတော့မည်။
ခဏနေတော့ သူ့ဘေးကို မေ့ဆေးဆရာဝန်ကြီး ရောက်လာ သည်။ သူ့ကို စောင်းလျက်အနေအထားနှင့် ဒူးကို ကွေးခိုင်းသည်။
ဒူးကိုကွေး တတ်နိုင်သမျှ ကွေးနိုင်သမျှကွေးနော်၊ ပုစွန်တုပ် ကွေးသလိုကွေး၊ ကွေးလေကောင်းလေပဲ”
သူလည်း တတ်နိုင်သမျှ ကွေးပါသည်။ သို့သော် ဗိုက်က ခံ နေတော့ သိပ်ပြီး ကွေး၍မရ၊ ထို့ပြင် ကျောအပြောင်သား တင်ပါး အပြောင်သားနှင့် ကွေးကွေးကြီးကွေးနေရသည်ကို စိတ်ထဲတွင် ရှက်စနိုး ရှိလှသည်။ သူကသာ မနေနိုင်မထိုင်နိုင်ရှက်နေသော်လည်း ဒီလို မြင် ကွင်းမျိုးကို ရိုးလှပြီဖြစ်သော ဆရာဝန် ဆရာမတွေက သူ့ကို အရေး တစိုက်ပင်မကြည့်၊ သူတို့အလုပ်နှင့်၊ သူတို့အာရုံနှင့်၊ သူတို့ဟာသူတို့ ရှုပ်နေကြသည်။
ဆရာဝန်ကြီးက သူ့ကျောရိုးကို စမ်းကြည့်ပြီး အရက်ပျံနှင့် ပွတ်နေသည်။ ချေးအထပ်ထပ်ချွတ်ထားပြီးပြီမို့ ဂွမ်းကလေးက မည်း သွားပုံမရ၊ ထို့နောက် ဒုတ်ခနဲမြည်သံနှင့်အတူ ကျောရိုးထဲသို့ တစ်စုံ တစ်ခု စူးနစ်ပြီးဝင်သွားသည်ကို သိလိုက်သည်။ ကျောရိုး တစ်လျှောက် ခါးအောက်ပိုင်းသို့ အကြောမကြီးမှတစ်ဆင့် ဆေးရည်တွေ အေးခနဲ စီးဝင်သွားသည်ကို ခံစားလိုက်ရသည်။
“နာမည်က ကောင်းတယ်ဗျို၊ စိန်ရွှေမြတဲ့၊ တကယ့်ကို ရတနာ တွေချည်းပဲ”
မေ့ဆေးဆရာဝန်ကြီးက အပ်ကို ဆွဲနုတ်လိုက်သည်။ သူ့ကျော က အပ်ပေါက်ရာကို ပလာစတာကပ်ပေးရင်း ရယ်ရယ်မောမောပြော သည်။ သူက နာမည်ကသာ စိန်ရွှေမြနေတာ၊ တကယ့်တကယ်က စိန် မရှိ၊ ရွှေမရှိ၊ မြမရှိပါ ဆရာကြီးရယ်” ဟု ပြန်ပြောလိုက်ချင်သော်လည်း မပြောအားရှာ။ ဆရာမလေးပြောသလို နှာသီးဖျားတွင် စိတ်ထားပြီး ရှုမှတ်မှုပွားရန် ကြိုးစားနေမိသောကြောင့် ဖြစ်လေသည်။ တစ်သက်လုံး လွှတ်ထားသော ဒီစိတ်က အခုမှ ငြိမ်အောင် ထိန်းတော့ ရယ်တာပေါ့ ရယ်တာပေါ့” ဟု အော်နေသည်။ ကိုရေအေးဆီ ရောက်သွားလိုက်၊ ကြံ တိုင်းအောင်ဆီ ရောက်သွားလိုက်၊ အငယ်မ ဝမ်းပျက်နေတာ သတိရ လိုက်၊ အကြီးကောင် ခြေထောက်တွင်ပုလင်းကွဲရှသည်ကို သတိရလိုက်၊ အမေနှင့်ညီမတွေကို သတိရလိုက်၊ ထို့နောက် မခင်အေးကို သတိရ လိုက်နှင့် အရပ်ဆယ်မျက်နှာသို့ ဖြုတ်ခနဲ ဟိုရောက်လိုက်၊ ဖျတ်ခနဲ ဒီရောက်လိုက်နှင့် တဖြိုးဖြိုးတဖျပ်ဖျပ် လွင့်ချင်တိုင်း လွင့်နေသည်။
သူပက်လက်အိပ်လိုက်တော့ အပေါ်ဘက်တွင် ဘယ်လောက် အား ရှိမှန်း မသိရသော မီးလုံးကြီးများက ထိန်လင်းနေသည်။ မီးလုံး ကြီးများထဲတွင် ပက်လက်အိပ်နေသော သူ့အရိပ်ကို သူ ဝိုးတဝါး လှမ်း မြင်ရသည်။ ဒါကြောင့်မို့လည်း မနေ့ညတုန်းက သူ့ဘေးကအမျိုးသမီး က သူ့ကို ခွဲစိတ်နေသည်ကို မီးလုံးကြီးများမှတဆင့် သူ ခိုးပြီး ကြည့်ခဲ့ သည်ဟု ပြောခြင်းဖြစ်မည်။ မျက်လုံးကို အဝတ်အုပ်ထားသော်လည်း မျက်နှာကို အနည်းငယ်မော့လိုက်လျှင် မြင်ရသည်ဟု ပြောသည်။ ဖြစ်
တော့ မဖြစ်နိုင်ပါ။ အကယ်၍ မြင်ရဦးတော့ ဗိုက်ပေါ်မှာ ဆရာဝန် ဆရာမတို့၏ ဦးခေါင်းတွေ လက်တွေက မိုးနေမှာပဲဟာ၊ ဟိုမိန်းမက သူ့ကိုယ်သူ သတ္တိကောင်းလှချည့် ဟူ၍ အကြွေးထူခြင်းသာ ဖြစ်ရမည်ဟု သူတွေးနေမိစဉ် သူဝတ်ထားသော ခွဲစိတ်ဝတ်စုံကို ဗိုက်ပေါ်အောင် ဆွဲ လှန်လိုက်သည်။ ဂါဝန်လို ဝတ်စုံကြီးဝတ်ထားရတာ ဗိုက်ပေါ်နေအောင် လှန်ထားမှတော့ အောက်မှာ ဘာမှဖုံးထားတာ မရှိတော့ချေ။ ခေတ္တ ခဏ သာ ဖြစ်ကောင်းဖြစ်မည်ဆိုသော်လည်း သူ့မှာ အနေခက်လိုက်သည်မှာ ဆိုဖွယ်ရာမရှိ။ ထို့နောက်မှ ခန္ဓာကိုယ်အောက်ပိုင်းကို အဝတ်တစ်ခု လွှမ်းပေးလိုက်သည်။ သူ့မျက်လုံးကိုလည်း အဝတ်တစ်ခုနှင့်အုပ်လိုက် သည်။ စင်စစ် အုပ်စရာပင်မလိုပါ။ သူက တင်းတင်းပိတ်ထားပြီး ဖြစ်ပါ သည်။ တည့်တည့်မြင်မြင် အရိပ်မြင်မြင်၊ သူ့ဗိုက်ကိုခွဲတာ ဖြစ်ဖြစ်၊ သူ များ ဗိုက်ကိုခွဲတာ ဖြစ်ဖြစ်၊ သူ ဘာကိုမျှ မကြည့်ရဲ၊ သူ့လက်မောင်း တစ်ဖက်ကိုလည်း ဘေးဘက်သို့ အတန်ငယ်ကားလိုက်ကာ အပ်စိုက် လိုက်သည်ကိုသိရသည်။ ဆေးရည်တစ်ခုခု (မနေ့ညကတော့ ဂလူးကို့ အချိုနှင့်အငံဟု ပြောသည်)ကို စပြီး အစက်ချ သွင်းနေပြီ ထင်သည်။
ထို့နောက် သူ့ဗိုက်ကို အိုင်အိုဒင်းလား၊ အရက်ပျံလား တစ်ခုခု နှင့် ရွှဲရွှဲပွတ်နေသည်။ ဆေးနံ့တွေက လှိုင်နေသည်။ ရှုမှတ်မှု မပွားတတ် တော့ သူက သမ္ဗုဒ္ဓေကို အပြန်ပြန်အလှန်လှန် ရွတ်ပြန်သည်။
“မစိန်ရွှေမြ အခုလို ဆိတ်တာ နာသလား”
သူ့ခြေချောင်းလေးတွေကို တစ်စုံတစ်ဦးက ဆိတ်ကြည့်နေ သည်။ အို ဆိတ်တာလောက်ကတော့ ဘယ်နာမှာလဲ၊ ဗိုက်ကြီး တစ်ခု လုံးကို ဓားထက်ထက်နှင့် ဟက်ခနဲခွဲချလိုက်ရင်တော့ နာမှာပေါ့ ၊ ဘုရား ဘုရား မထုံခင် မခွဲမိပါစေနဲ့။
နည်းနည်းပါးပါးတော့ စိုးခနဲစစ်ခနဲ ဖြစ်ချင်ဖြစ်မယ်၊ ဒါပေ မယ့် မစိုးရိမ်နဲ့နော်”
အမလေး နာရင်တော့ အော်မှာပဲ”
စိန်ရွှေမြက စိုးရိမ်တကြီးပြောသည်။ ခုအချိန်မှာတော့ ကိုရေ အေးရော၊ ကလေးလေးကောင်ကိုရော အမှတ်မရနိုင်။ ဗိုက်ထဲမှ အမွှာ ညီနောင်ကိုလည်း စိုးရိမ်ခြင်း မဖြစ်၊ မခင်အေးရောက်လာမှာကိုပင်မကြောက်၊ သူ့ဗိုက်ကြီးကို သေသေချာချာ မထုံခင် ဟက်ခနဲ ခွဲချလိုက် မှာကိုပင် အကြောက်ကြီးကြောက်နေသည်။
သိသည်၊ သိသည်ကတော့ တကယ်ကိုသိသည်။ ဓားတင် သည်ကိုရော ခွဲချလိုက်သည်ကိုရော သိလိုက်သော်လည်း လုံးဝမနာချေ။ ဘာမှ မကြာလိုက်၊ ပူပူနွေးနွေးအရည်တွေ ဖိတ်လျှံပြီး စိုရွှဲသွားသည်။ ဘုရား ဘုရား သွေးတွေလားမသိ။
“ရေမွှာဖောက်လိုက်တာနော် မစိုးရိမ်နဲ့” | သူ၏စိတ်ကိုများ လှမ်း၍ မြင်လိုက်လေသလား မသိ။ ဆရာ ဝန်မကြီးက သူ့ဟာသူအလုပ်ရှုပ်နေသည့်ကြားထဲမှ လှမ်းပြောသည်။
ဟင် ဒီတစ်ခါတော့ တစ်မျိုးကြီးပဲ၊ သူ့ဗိုက်ကို ဘေးနှစ်ဖက်မှ ဆွဲပြီးဖွဲ့လိုက်သလိုမျိုး ခံစားရသည်။ ထို့နောက် အောင့်လာသည်။ ဗိုက် ၏အတွင်းဘက်ဆီမှ အတော်ကိုအောင့်လာခြင်းဖြစ်သည်။
“အောင့်တယ် ဟာ အောင့်တယ်၊ အရမ်းအောင့်တယ်” စိန်ရွှေမြက အော်ပြန်သည်။ ။
“ကလေးကိုထုတ်နေတယ်၊ မကြာဘူး ခဏလေး ခဏလေး ပါ၊ ဟော တစ်ယောက်ထွက်လာပြီ”
| သူနာပြုဆရာမလေးက သူ့လက်ကိုအုပ်ကိုင်ကာ ခပ်တိုးတိုး ပြောသည်။ ကလေးထွက်သွားပြီဆိုသော်လည်း ငိုသံမကြားရသေး။
“ကဲ နှစ်ယောက်လုံး ထွက်သွားပြီ”
သိပ်တော့ မကြာပါ၊ ခဏနေတော့ အောင့်နေသော ဝေဒနာ ပြန်ပျောက်သွားသည်။ ထို့နောက် အုခနဲရှိုက်လိုက်ပြီး ဝဲခနဲငိုလိုက်သော အသံကို ကြားရသည်။ သို့သော် အသံက တစ်သံတည်း ဖြစ်သည်။
“ငိုသံ တစ်သံတည်း ကြားရတယ်” “ငိုမယ် ငိုလိမ့်မယ် ခဏလေး”
စကားပင်မဆုံးသေး၊ နောက်ထပ်ငိုသံတစ်သံကို ထပ်ကြားရ သည်။ ကလေးနှစ်ယောက်ပေါင်းပြီး ညံနေအောင်အော်နေတော့ ဆရာဝန်မကြီးက စိုပြည်လှချည်ကလားကွယ်” ဟု ပြောရင်း ရယ်နေသည်။
နှစ်ယောက်လုံး ယောက်ျားလေး၊ ဂိုက်တူဆိုက်တူ အသံတူ” “အင်္ဂါစုံရဲ့လားဟင်” “စုံတယ် စုံတယ်”
စိန်ရွှေမြက သက်ပြင်းချသည်။ ခုန်နိုင်ပါ့မလား၊ ကျော်နိုင် ပါ့မလားနှင့် တွေးတွေးပြီးကြောက်နေရသော ဧရာမတောင်ကြီးကို လွှား ခနဲ ခုန်ကျော်ပြီးခဲ့သူလို စိတ်ထဲတွင် ပေါ့ပါးသွားသည်။ ဒီလိုဆိုတော့ လည်း ဗိုက်အခွဲခံရသည်မှာ လွယ်ကူသက်သာလို့ နေပြန်သည်။ ဒါ
ကြောင့်မို့လို့လည်း ခုခေတ်နောက်ပိုင်းမှာ ဓမ္မတာအတိုင်း မမွေးကြတော့ ဘဲ တစ်ခွဲတည်း ခွဲနေကြခြင်းဖြစ်မည် ထင်သည်။ အနာကျက်တာ မကျက်တာကတော့ နောက်ပိုင်းမှ ရင်ဆိုင်ရမည့်ကိစ္စ ဖြစ်သည်။ လော လောဆည်အချိန်မှာတော့ ဝမ်းမနာရတာ တစ်ခုတည်းနှင့်ပင် သက်သာ
လှချေပြီ။
“မခင်အေးရယ် ဆရာဝန်နဲ့ စောစောစီးစီးပြဖြစ်ရင် ဆေးရုံကို စောစောရောက်ပြီး အခုလိုပဲ ခွဲဖြစ်လိုက်ရင် နင် ရေတိမ်နစ်ရမှာ မဟုတ် ဘူးတဲ့”
သူ့စိတ်က မခင်အေးဆီသို့ ဝဲလွင့်၍ သွားပြန်လေသည်။
________________
ကိုလင်းသည် ဝရံတာတွင် ငြိမ်သက်စွာရပ်ရင်း ကောင်းကင်ပြင်ကို မော်ကြည့်သည်။ အနက်ရောင်ကောင်းကင်တွင် လခြမ်း ကွေးကွေးလေး က ငြိမ်သက်စွာ ရပ်တည်နေသည်။ မှိန်မှိန်ဖျော့ဖျော့ လင်းနေသည်။ ဘေးဘက်တွင်တော့ ကြယ်ကလေးတွေက တဖျပ်ဖျပ် လက်နေလေ သည်။
အိမ်တွင်းမှ ကြက်သားပြုတ်ကြော်နံ့က လေအသင့်တွင် ဝေ့ပျံ့ လာသည်။ ဆေးရုံမှအပြန် မြေနီကုန်းညဈေးတွင် ဝင်ဝယ်လာသော ကြက်သားများကို ကိုလွင်ချက်နေခြင်း ဖြစ်သည်။ နံနက်ကျလျှင် ခင်ခင် ထားအတွက် ထမင်းချိုင့်ပို့ရမည်မို့ ကြက်သားကို ကြက်သွန်ဖြူ၊ ချင်း နိုင်နိုင်ထည့်ပြီး မွှေးနေအောင် လက်စွမ်းပြနေဟန် တူသည်။ ။
မနေ့မနက်က ခင်ခင်ထားသည် သားဦးယောက်ျားလေးကို အခက်အခဲမရှိ ဖွားမြင်ခဲ့သည်။ ကလေးက ရှစ်ပေါင်ကျော်ကျော် ရှိ၍ ဖွံ့ဖွံ့ ထွားထွားကြီး ဖြစ်သည်။ ကိုလွင်က သူ့သားကိုပွေ့ကာ “လာစမ်းတဲ့ ငါ့သား၊ အမယ်မင်းထားလိုက်တာ” ဟု ဆရာဇော်ဂျီ၏ ရှေးခေတ် ပုဂံ ပြည် ကဗျာကို အားပါးတရ ရွတ်ဆိုနေသည်။ သူကတော့ သူ၏တူကလေး၏ နူးညံ့အိထွေးသောပါးပြင်လေး ကို လက်နှင့် မထိတထိတို့ကြည့်ရင်း အဖေ့ကို ပြင်းပြင်းပျပျ သတိရ သည်။ အဖေသာရှိလျှင် ဟူသောအတွေးကိုသာ ထပ်ခါ ထပ်ခါ တွေးနေ မိသည်။ ။
အဖေဆုံးကတည်းက ညှိုးသွားသော သူ့စိတ်သည် ဟိုတစ်နေ့ ကဆုံးသွားသော မခင်အေးကိုမြင်ရတော့ ပိုပြီး နုံးသွားသည်။ အစိုးမရ
သော သေခြင်းတရားကို မျက်ဝါးထင်ထင်မြင်ရပြီး ဘဝကို ငြီးငွေ့သွား သည်။ ကြောက်ရွံ့တုန်လှုပ်သွားသည်။ ။
“ကလေးမွေးပြီးခါမှ စည်တွေဗြာတွေတီးပြီး အလှူကြီး ပေး မလို့ဆို နင်လှူမသွားတော့ဘူးလားဟ ညီမလေးရ” ဟု ကိုရေအေးက ဆို့နင့်ကြေကွဲစွာ ပြောသည်။ သူ၏ယောက်ျားကိုလှမောင်ကတော့ ဘာ အသံမျှပင် မထွက်နိုင်။ ငြိမ်ငြိမ်ကြီးထိုင်ပြီး ငေးနေသည်။ အမေချစ်က သူ့သားကို အတင်းလှုပ်ခါပြီး “ငိုလိုက်ပါသားရယ်၊ ငိုလိုက်ပါတဲ့၊ နင့် မိန်းမ အတွက် ငိုလိုက်စမ်းပါ” ဟု သူကိုယ်တိုင် ငိုရှိုက်ရင်း ပြောသော အခါမှ ရုတ်တရက်ပျော့ခွေကာ မျက်ရည်ဖြိုင်ဖြိုင် ကျလာရှာသည်။
“အင်း ဘဝတွေ ဘဝတွေ ဖြုတ်ခနဲဖျတ်ခနဲ ကြွေလိုက်ကြတာ၊ ထင်လျက်နဲ့လည်း ကြွေတာပဲ၊ မထင်ဘဲနဲ့လည်း ရုတ်တရက် ကြွေတာ ပဲ၊ ငါလည်း ကြွေရမှာပဲ၊ ဘယ်အချိန်မှာ ဘယ်လိုရောဂါနဲ့ ဘယ်လို ဖြစ်ပြီး ကြွေမလဲသာ မသိတာ၊ အင်း ကြွေသွားပြန်တော့လည်း တစ်ဘဝ ပြီး ပြန်တာပေါ့”
ကိုလင်းက မတ်တပ်ရပ်နေရသည်ကို ပြောင်းလာသဖြင့် ဝရံ တာတွင် ထိုင်ချလိုက်သည်။ အောက်ခြေတွင်ခင်းထားသော ကြွေပြား များက ပြောင်ချောပြီး စိမ့်စိမ့်အေးနေသည်။
“အမလေး ငါက အခန်းထဲသွားရှာနေတာ၊ ဘယ်များထွက် သွားလဲလို့၊ မင်းက ဝရံတာထွက်ပြီး သဘာဝအလှမှာ ကြည်နူးနေတာကိုး”
သူ့ဘေးသို့ ကိုလွင်ရောက်လာသည်။ သူ့ဆီမှ နနွင်းနံ့နှင့် ကြက်သွန်ဖြူနံ့ရသည်။ ချင်းနံ့လည်းပါသည်။ ကလေးအဖေအသစ် စက်စက်ကြီးကတော့ တက်ကြွရွှင်လန်းလို့နေလေသည်။
“ကြည်နူးနေတာမဟုတ်ဘူးအစ်ကိုရ၊ တရားကျနေတာ” “အမလေးဗျာ၊ ဘုန်းကြီးတော့ ဝတ်မသွားပါနဲ့”
“ခဏတဖြုတ်တော့ ဝတ်ချင်တယ်ဗျာ၊ ရင်ထဲမှာ ညှိုးနွမ်းလွန်း လို့ တရားရိပ်ခိုကြည့်ချင်တယ်”
ကိုလွင်က သူ့ကို အကဲခတ်နေသည်။ သူတို့ ဖခင်ဆုံးသွားပြီး သည့်နောက်ပိုင်းတွင် သူတို့မောင်နှမနှစ်ယောက်လုံး ရင့်ကျက်ပြီး ငြိမ် သက်သွားကြသည်ကတော့ အမှန်ပင်။
“ဟေ့ နေပါဦးကွ၊ မနက်တုန်းက ဆေးရုံအဝင်မှာတွေ့လိုက် တာ ဗိုက်ကြီးသည်ယိမ်းက ခေါင်းဆောင်မင်းသမီးမဟုတ်လား၊ ကလေး လေး ပွေ့ပြီး ထွက်လာတာလေ၊ ဘေးမှာလည်း သူ့ယောက်ျားက တပြုံး
ပြုံးနဲ့”
ကိုလင်းစိတ်ပြောင်းသွားစေရန် ကိုလွင်က စကားလွှဲသည်။
နွဲ့ သဇင်ကိုသတိရတော့ ကိုလင်းကအနည်းငယ် ပြုံးလာသည်။ ဟုတ်သည်၊ မနက်တုန်းက ဆေးရုံအဝင်ဝတွင် နွဲ့ သဇင်ကို တွေ့ လိုက် သည်။
ပုဂ္ဂလိကဆေးရုံဆိုတော့လည်း ပိုက်ဆံသုံးနိုင်သူများ အတွက် သာ သီးသန့် ဖြစ်သည်။ ဆေးရုံဆိုသော်လည်း ဆေးရုံနှင့်ပင်မတူ၊ ဟို တယ်ထဲ လှမ်းဝင်လိုက်ရသလို သစ်ခွပန်းတွေနှင့် လှပ ဝေဆာနေသော ပန်းအိုးကြီးက ဆီးကြိုနေသည်။
ပန်းအိုးကြီးဘေးတွင်တော့ နွဲ့ သဇင်ကို တွေ့ရသည်။
အပြုံးတွေဝေဆာနေသော နွဲ့ သဇင်က ပန်းနုရောင်ဂွမ်းစောင် လေးနှင့် ထွေးထားသောကလေးငယ်လေးကို တယုတယ ပွေ့ချီထား လေသည်။ ကိုလင်းကတော့ ပန်းအိုးထဲက ပန်းတွေပင် နွဲ့ သဇင်နှင့် ယှဉ်တော့ ညိုဖျော့သွားသည်ဟု ထင်လိုက်မိသည်။
“ကျွန်တော်ဝမ်းသာလိုက်တာ နွဲ့ သဇင်ရယ်၊ ခင်ဗျားရဲ့ မျက် နှာ၊ နှုတ်ခမ်း၊ မျက်လုံးလေးတွေအကုန်လုံး ပြုံးနေပြီ”
ကိုလင်းက စိတ်ထဲမှ ပြောလိုက်မိသည်။ ကိုယ်မပန်ရသော ပန်းကလေးပင်ဖြစ်သော်လည်း နှင်းရည်နှင်းစက်ဖျန်းပြီး လန်းစွင့်နေ သည်ကို မြင်ရတော့ ရင်ထဲမှာ ချမ်းမြေ့ပြီး ကြည်နူးသွားသည်။
“ငါလည်း သင်္ဘော အမြန်ပြန်တက်မှဖြစ်မယ်၊ ကလေး တစ် ယောက်မွေးရတဲ့စရိတ်က မသေးဘူး၊ သူ့ကို လူလားမြောက်အောင် ကျွေးမွေးပြုစုရမယ့်စရိတ်၊ ကျန်းမာရေး၊ ပညာရေးကအစ သူများ ထက်မနိမ့်အောင် ကုန်ကျရမယ့်စရိတ်တွေကလည်း ရှိသေးတယ်”
နောက်သုံးလေးလလောက်နေလျှင် ကိုလွင်က သင်္ဘော ပြန် တက်၊ ခင်ခင်ထားက ကျူရှင်ပြန်ပြ၊ သူကလည်း ခရီးသွားလမ်းညွှန် ပြန်လုပ်၊ သားငယ်လေးအတွက်တော့ ကလေးထိန်းငှားလိုက်၊ အဆင် မပြေလိုက်၊ အသစ်ရှာလိုက်၊ လခတိုးပေးလိုက်ဟူသော သံသရာတွင် ၀ရုန်းသုန်းကား လည်ပတ်ကြရတော့မည်ဖြစ်သည်ကို ကိုလင်းက ကြို ပြီး မြင်ယောင်နေမိသည်။
“ကျွန်တော်တို့ရဲ့ လူနေမှုဘဝမှာ ငွေဟာ တစ်နေ့ထက် တစ်နေ့ ပိုပြီး အရေးကြီးလာနေသလိုပဲ၊ အဲဒါကို ကျွန်တော်မကြိုက်ဘူး”
“မကြိုက်ချင်လို့မရဘူး ကိုလင်းရယ်၊ ဒီအတိုင်းဖြစ်နေပြီပဲဟာ ကို၊ ဘာတတ်နိုင်မှာလဲ”
ကိုလွင်က ခပ်တိုးတိုး ရယ်မောရင်း ကိုလင်း၏ ဘေးတွင် ဝင် ထိုင်သည်။ သူ့နှုတ်ကလည်း “အဟောင်းပျက်လျှင်၊ အသစ်ပြင်လော့၊ အမြင်ကျယ်၍၊ ပညာမွေ့လော့၊ ယနေ့ လူငယ်၊ နောင်ဝယ် လူကြီး၊ သင် လည်း တစ်ဦး၊ သားထူး သားမြတ်၊ ဖြစ်အပ်ရာသည်” ဟူသော အို တက်လူသို့” ကဗျာကို ခပ်တိုးတိုးရွတ်နေပြန်သည်။ သူ၏စိတ်က
ဆေးရုံမှ သားငယ်ဆီသို့ ပြေးသွားပြန်ပြီ ဖြစ်ကြောင်း ကိုလင်း နားလည် လိုက်သည်။
အခုရက်ပိုင်းအတွင်းတွင်ပင် မွေးဖွားခဲ့သော ကလေးများက မနည်း၊ သူလက်လှမ်းမီသမျှ ရေတွက်ကြည့်ရလျှင်ပင် သူ့အစ်မ ခင်ခင် ထား၊ နွေးနွေး၊ နွဲ့ သဇင်၊ ကိုရေအေး၏မိန်းမနှင့် ဆုံးသွားသော မခင်အေး တို့က လူ့လောက လူ့ရွာထဲသို့ အသစ် အသစ်သော လူသားလေးများ ကို မွေးဖွားသန့်စင်ပေးခဲ့ကြသည်။ ထွက်ခွာသွားသူများကလည်း ရုတ် ရုတ်သဲသဲ၊ တဖွဲဖွဲ။ ဝင်လာကြသူများကလည်း ဝင်လာမစဲ၊ တသဲသဲ။ လူတို့ကမ္ဘာ လူတို့ရွာကြီးတွင်လည်း အသံမျိုးစုံတို့ဖြင့် ဆူလျက်၊ ညံ လျက်၊ စည်ကားလျက်ပင်။
“နောင်နှစ်ပေါင်း အစိတ်လောက်ကို ကြိုပြီးမြင်လို့ ရရင် မြင်ချင် လိုက်တာဗျာ”
ကိုလင်းက တိုးတိုးပြောသည်။
“အခုမွေးလာတဲ့ကလေးတွေဟာ နောင်လာမယ့် နှစ်ပေါင်း အစိတ်လောက်ဆိုရင် ပညာတွေတတ်ပြီး လုပ်ငန်းခွင်ဝင်ကုန်ကြရော ပေါ့၊ ဟုတ်ဘူးလား အစ်ကိုရ”
ကိုလင်း၏မျက်စိထဲတွင် မျက်လုံးလေးတွေ စုံမှိတ်ပြီး တဝါး ဝါး ငိုနေသော ပေါက်စနလေးများကို မြင်ယောင်နေသည်။ နောင်နှစ် ပေါင်း အစိတ်လောက်ရှိလျှင် သူတို့မျက်လုံးတွေ ဘယ်လောက်ပွင့်ပြီး သူတို့လေးတွေ ဘာလုပ်နေကြမည်နည်း။
“လူ့ရပ်လူ့ရွာမှာ ဘယ်လိုအသိ၊ ဘယ်လိုပညာ၊ ဘယ်လိုစိတ် ဓာတ်၊ ဘယ်လိုစာရိတ္တတွေနဲ့ လူသားတာဝန်တွေကို ဘယ်လိုထမ်း ဆောင်ကြမလဲ၊ ကျွန်တော်သိချင်နေတယ်”
ကိုလွင်က ကိုလင်းအား ငေးကြည့်နေရင်း ခေါင်းညိတ်သည်။ ဟုတ်သည်၊ သူလည်း သိချင်သည်။ သူ၏သားငယ်သည် ဘယ်လို အတတ်၊ ဘယ်လိုပညာတွေကို သင်ကြားတတ်မြောက်လာပြီး လောက ကြီးအား မည်ကဲ့သို့ အကျိုးပြုလာမည်နည်းဆိုသည်ကို သူ ကြိုတင်ပြီး သိချင်စမ်းလှသည်။
“အခုမွေးလာတဲ့ ကလေးတွေဟာ နောင်တစ်ချိန်မှာ တိုင်းပြည် ကို ဦးဆောင်ဦးရွက်ပြုကြရမှာ၊ ကျွန်တော်တို့တိုင်းပြည်ရဲ့ ကံကြမ္မာ ဟာ သူတို့ရဲ့ ဘဝရှေ့ရေးနဲ့ ဆက်စပ်နေတယ်”
“ဟုတ်တာပေါ့ကွာ”
“သူတို့ရဲ့ ဘဝအမြင် မှန်ကန်ဖို့၊ စိတ်ဓာတ်နဲ့ စာရိတ္တတွေ မယိမ်းမယိုင် ခိုင်မာဖြောင့်မတ်ဖို့၊ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိ တယ်၊ အထူးသဖြင့် အစ်ကိုတို့ မိဘတွေမှာ ပိုပြီးတာဝန်ရှိတယ်”
ကိုလင်းက သတိပေးသလို အလေးအနက်ပြောသည်။ ကိုလွင် က မျက်နှာတည်တည်နှင့် ခေါင်းညိတ်သည်။ မမြင်ရသော လူသား တာဝန်များက သူ့ပခုံးပေါ်တွင် ပိလာသလို ခံစားရ၍ ခါးကို မတ်ပြီး တင်းခံထားမိသည်။
“အစ်ကိုကြားဖူးမှာပါ၊ ဆိုစကားတောင်ရှိတယ်လေ လက်ဦး ဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့်ဖတဲ့”
ကိုလွင်က ထပ်ပြီးခေါင်းညိတ်သည်။ သားလေးကို ကောင်း တာ လုပ်ချင်အောင်၊ အမှန်ကို ရင်ဆိုင်ခံ့အောင်၊ စိတ်ဓာတ်ဖြောင့်မတ်
အောင် သူကြိုးစားမည်၊ သူတတ်နိုင်သမျှ ကြိုးစားပြီး သွန်သင်ဆုံးမ မည်။ မိဘတိုင်း မိဘတိုင်းကလည်း သူ့လိုပင် သွန်သင်ဆုံးမလိုစိတ် ရှိကြပါစေ၊ သွန်သင်ဆုံးမနိုင်ကြပါစေ၊ သားသမီးများကလည်း လိုက်နာ ခံယူနိုင်ကြပါစေ။ ။
ကိုလွင်က အားအင်တွေကို စုစည်းလိုက်သလို အသက်ကို တစ်ဝကြီး ရှိုက်၍ ရှူရင်း အရှည်ကြီးဆုတောင်းနေမိသည်။
လေပြည်နုနုလေးက အေးမြနေသည်။ ပန်းနံ့သင်းသင်းလေး က လေထဲတွင် ပျံ့နေသည်။ ဘယ်က အနံ့ မွှေးနေတာပါလိမ့်ဟု ရှာကြည့် တော့ မြေပန်းအိုးထဲရှိ စံပယ်မြတ်လေးပင်မှ အပွင့် ဖြူဖြူ သုံးပွင့် ကို တွေ့ရသည် ။ ပင်နွယ် သွယ်သွယ်လေးက ဝါးလုံးတိုင်သေးသေးလေး ပေါ် နွယ်တက်နေသည်။ မြေပန်းအိုးထဲရှိ မြေကျစ်ကျစ်လေးနှင့် ခင်ခင် ထား မေ့တစ်ခါ လျော့တစ်ခါ လောင်းသော ရေလေးကိုသာ အမှီပြုနေရ သော်လည်း သူ့ခမျာ ပွင့်ချိန်တန်တော့လည်း ပွင့်ရှာသားပင်၊ မွှေးချိန် တန်တော့လည်း မွှေးရှာသားပင်။
လူသံသူသံတွေက မဆိတ်ငြိမ်သေးပေ။ လမ်းမဘက်တန်း ဘတ်(စ)ကားမှတ်တိုင်တွင် အိပ်စက်နားခိုရာအိမ်ဂေဟာသို့ ပြန်မရောက် သေးသူများ မတ်တတ်ရပ်နေဆဲပင်။ ဟီးနိုးဘတ်(စ)ကားကြီးများ၏ ဟွန်းတီးသံနှင့် ကားစပယ်ရာတို့၏လူခေါ်သံကို ကြားနေရဆဲ ဖြစ်လေသည်။
အောက်ထပ်တိုက်ခန်းမှ ပင်စင်စား အဘိုးကြီးကတော့ ဘုရား ရှိခိုးပြီးပြီမို့ ဆုတောင်းမေတ္တာပို့သနေပြီ ဖြစ်သည်။ သူက နားလေးတော့ သူ့အသံ သူကြားရလေအောင် အကျယ်ကြီးရွတ်ဖတ်တတ်လေသည်။
“လုံးစုံများစွာ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ” တဲ့။
ဒီအသံကို ညစဉ်ညတိုင်းကြားနေကျမို့ ကိုလင်းသည် အလွတ် ပင် ရနေပြီ ဖြစ်သည်။ ခဏနေလျှင်
“လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။ အထင်သေးခြင်း အချင်းချင်း၊ ကင်းရှင်းကြပါစေ။
ဆင်းရဲလိုခြင်း အချင်းချင်း၊ ကင်းရှင်းကြပါစေ” ဟု ဆက်လက် ပြီး ရွတ်ဆို ဆုတောင်းလိမ့်ဦးမည်ကိုလည်း ကြိုတင် ကြားယောင်နေမိသည်။
‘သူ့ရဲ့ မေတ္တာ၊ သူ့ရဲ့ ဆုတောင်းသံဟာ ကမ္ဘာအနှံ့ ပြန့်ပြီး စူးရှ ထိရောက်နိုင်ပါစေ”
ကိုလင်းက စိတ်အတွင်းမှ ထပ်ဆင့်ပြီး ဆုတောင်းလိုက်မိ သည်။ ကိုလွင့်ကို လှည့်ကြည့်လိုက်တော့ မှောင်မိုက်မိုက်ကောင်းကင် ပြင်ကို မျှော်ကြည့်နေသည်ကို တွေ့ရသည်။
သူတို့နှစ်ဦး ဘေးချင်းယှဉ်လျက် ထိုင်နေသော်လည်း တစ်ဦး နှင့်တစ်ဦး စကားမပြောဖြစ်ကြပေ၊ နှစ်ဦးလုံး၏ အတွေးကွန်ရက်က
တော့ နောင်လာမည့် အနာဂတ်ကာလများဆီသို့ ဖြန့်ကြက်ပြေးလွှား သွားနေသည်။
ကောင်းကင်ကျယ်တွင် လခြမ်းကွေးကွေးလေးက မှိန်မှိန်ဖျော့ ဖျော့လေး လင်းနေသည်။
ခပ်ကျဲကျဲ ပြန့်နေသော ကြယ်ပွင့်ကလေးတွေကတော့ ဖြိုးဖြိုး ဖျပ်ဖျပ်နှင့် တလက်လက် တောက်ပနေလေသည်။
ပြီးပါပြီ
မစန္ဒာ
ခင်မင်မှုများစွာဖြင့် ပေးတဲ့ လက်ဆောင်...
Comments