အခန်း(၁၇)
ဆရာဝန်သည် ဝရန်တာ ထောင့်ချိုးတွင် ခွေလျော့စွာ ရပ်နေသော သူ့ဇနီးသည်ကို အားမလို အားမရ စူးစိုက်ကြည့်လျက်ရှိသည်။ သီ ခေါင်းမာမှန်း သူ သိသော်လည်း သူမ၏ကျန်းမာရေး အခြေအနေကို အလောင်းအစား လုပ်ရလောက်အောင် ခေါင်းမာလိမ့်မည်ဟု မထင်ခဲ့ပေ။ ဦးနှောက်ထဲမှ မူမမှန်သော ကျူမာလုံးကြီးကို တတ်နိုင်သမျှ ခွဲထုတ်ပြီး ဖြစ်သော်လည်း တစ်ဝက်လောက် ကျန်နေသေးကြောင်း သူ ဘယ်လိုပြောပြရမည်နည်း။
သီ၏ညိုစိမ့်စိမ့် အသားအရေသည် ယခုအခါ ပိုမိုခြောက်သွေ့ ညိုမောင်းလျက်ရှိသည်။ ပါးပြင်များ၏ တင်းရင်းမှုသည် တဖြည်းဖြည်းချင်း လျော့နည်းလာကာ အခုအချိန်မှာတော့ အရိုးပေါ်မှာ တင်ထားသော အရေပြားသာ ဖြစ်တော့သည်။ ရှည်လျားသော နှာခေါင်းက ပို၍ချွန်ကာ သေးသွားသည်။ ဟိုတုန်းကနှင့် မကွာခြားသော အရာအဖြစ် သီခန္ဓာကိုယ်ပေါ်မှာ မျက်လုံးသာ ကျန်ခဲ့တော့သည်။ မျက်လုံးများကတော့ ယခင်ကလို ကြည်လင်တောက်ပမြဲ အေးစက်မြဲဖြစ်သည်။ ထိုမျက်လုံးများကြောင့်ပင် မန္တလေးသို့ပြန်ဖို့ ဆုံးဖြတ်ချက် ချနိုင်ခြင်း ဖြစ်မည်ဟု သူထင်သည်။
''သီ့အိမ်မှာ သီ့ကို ပြုစုမယ့်သူ ဘယ်သူရှိလို့လဲ၊ ရောဂါဒဏ်ကို အလူးအလဲ ခံရတဲ့အခါ သီ့ကို ဘယ်ဆရာဝန်က အရေးပေါ် ပြုစုပေးနိုင်မလဲ၊ သီ ခေါင်းမမာပါနဲ့၊ ကိုယ့်အတွက်က သီတစ်ယောက်ကြောင့် ဘာမှ အနှောင့်အယှက်ဖြစ်တာ မဟုတ်ပါဘူး၊ ခင်ပွန်းဟောင်းတစ်ယောက် အိမ်လို့ သဘောမထားနဲ့ သီ... ဆရာဝန်တစ်ယောက်ရဲ့အိမ်လို့ သဘောထားပါ''
သီ၏ အေးစက်သော မျက်ဝန်းများ အရောင်မပြောင်း။
''သီ့ကို ခွဲတုန်းက ဦးခွံအရိုးကို ပြန်မပိတ်ဘဲ ဦးရေအရေပြားနဲ့ပဲ ပြန်ပိတ်ထားတာ သီသိတယ်နော်၊ လိုအပ်ရင် အဲဒီနေရာကနေပြီး ဓာတ်ရောင်ခြည် ပေးသင့်ရင် ပေးရမယ် သီ၊ မန္တလေးမှာ ဦးနှောက်အထူးကုဆေးရုံ မရှိဘူး''
သီက ငြိမ်သက်စွာ ရပ်နေဆဲ ဖြစ်သည်။ ဆုံးဖြတ်ချက်ကို မပြင်လိုသော ဟန်ပန်ပင် ဖြစ်သည်။
''အဲဒီနေရာမှာ ဦးရိုးခွံအကာမရှိတော့ သီ မတော်တဆ ထိခိုက်မှုဖြစ်လို့ လုံးဝမရဘူး၊ တစ်ခုခုနဲ့ တိုက်မိတာ လဲကျတာ မဖြစ်စေရဘူး၊ အဘွားကြီးတစ်ယောက်က သီ့ကို ဘာတွေများ ပြုစုနိုင်မှာမို့လဲ... သီ''
ခွဲစိတ်ထားသော ဦးနှောက်တစ်သျှူးကို စစ်ဆေးကြည့်၍ သိရသောအဖြေမှာ သီ့အတွက်
အလွန်ဆိုးရွားကြောင်း သူ ဘယ်လိုပြောပြရပါမည်နည်း။ သီ့ကျူမာသည် ပွားများပျံ့နှံ့မှုနှုန်း အလွန်မြန်သော
ကြောက်မက်ဖွယ် ဂလီယိုးမား (Glioma) ကင်ဆာတစ်မျိုးဖြစ်ကြောင်း သီ့ကို ဘယ်လို အသိပေးရက်ပါမည်နည်း။
''သီ့ခြံမြေကို သီ မက်မောလို့ ပြန်ချင်တာလား''
ဤကဲ့သို့ မဟုတ်မှန်း သူသိလျက်နှင့် မေးလိုက်သည်။ သီ ဒေါသမထွက်ပါ။ ပြုံးလည်း မပြုံးပါ။
''သီ ဒီမှာ တရားကျင့်လို့ မရဘူးလား၊ ကိုယ့်အိမ်လောက် လွတ်လပ် အေးဆေးတဲ့အိမ် သီ ရှာတွေ့နိုင်ဦးမှာလား''
ဘယ်အိမ်ကိုမျှ သီ ရှာဖွေတော့မည် မဟုတ်ပါ။ ဒါကိုလည်း သူ သိပါသည်။ နောက်ဆုံး သူ
သက်ပြင်းချကာ လက်လျှော့လိုက်၏။
''ကောင်းပြီ သီ၊ သီ ဒီလောက်ပြန်ချင်ရင် ပြန်ရမယ်၊ ဒါပေမဲ့ ကိုယ် လိုက်ပို့မယ်... ဟုတ်လား''
''ကျေးဇူးတင်ပါတယ် ဒေါက်တာ''
အေးဆေးသော အသံသည် ဝေဒနာကို လွန်မြောက်လျက် ထွက်ပေါ်လာသည်။ ယခုတစ်ပတ် စနေ၊ တနင်္ဂနွေ တွင် သီ့ကို မန္တလေးသို့ လိုက်ပို့နိုင်အောင် သူ စီစဉ်ရမည်။ သီ့အတွက် လေယာဉ်ခရီးက အဆင်ပြေနိုင်စေမလား၊ သို့မဟုတ် ကားငှားပြီး ပို့ပေးနိုင်မလား။ ခရီးရှည်ကို သီ ဒဏ်ခံနိုင်ပါ့မလား။ နောက်ဆုံးတော့ သီ့ကို လေယာဉ်စီးစေသည်က ခရီးပိုမို မြန်ဆန်မည်ဟု တွက်လိုက်၏။ သူ လေယာဉ်လက်မှတ် ကြိုးစားရမည်။ ထို့ပြင် စနေနေ့တွင် နှောင်းနှင့် ချိန်းထားသည်ကို ဖျက်ရမည့်အတွက် သူ နှောင်းကို ကြိုတင်တောင်းပန်ရမည်။
အတွေးအဆုံးတွင် သူချက်ချင်း တယ်လီဖုန်းနား ရောက်သွား၏။ နှောင်း ရုံးသွားခါနီး အချိန် ဖြစ်နိုင်သည်။ သူ နံပါတ်များကို နှိပ်နေစဉ် သူ့ဇနီးက ဝရန်တာက ပက်လက်ကုလားထိုင်၌ အသက်ရှူလေ့ကျင့်ခန်းဖြင့် ရောဂါသက်သာမည့် အတွေးကုထုံးကို ကြိုးစားအာရုံစိုက်လျက် ရှိသည်။ ဤနည်းမှာ သူ ပေးဖတ်ခဲ့သော ကင်ဆာတွန်းလှန်နည်း စာအုပ်ထဲမှနည်း ဖြစ်သည်။
''ဟယ်လို...''
နှောင်းမိခင်၏ အသံ။
''အစ်မရေ... ကျွန်တော် အောင်စည်ပါ၊ နှောင်း ရုံးသွားပြီလား''
''မသွားဘူး ဆရာ၊ နှောင်း နည်းနည်းနေမကောင်းလို့ ဖုန်းဆက်ပြီး ခွင့်တိုင်ထားတယ်၊ ခဏလေးနော်... ခေါ်ပေးမယ်''
နည်းနည်းနေမကောင်းလို့။ ဤစကားသည် သာမန်အခြေအနေတွင် စိုးရိမ်ပူပန်စရာ မရှိသော်လည်း နှောင်းအတွက်တော့ သူ စိတ်ပူရလေသည်။
''ဆရာ...''
သူ စိတ်ပူပန်မှုများ လျော့ကျသွား၏။ နှောင်းအသံက ကျန်းမာရေး မကောင်းသူတစ်ဦး၏ အသံမဟုတ်ပါ။
''နှောင်းရေ... နေမကောင်းဘူးဆို''
''ဟုတ်ကဲ့... နည်းနည်းပါ ဆရာ၊ ကိုယ်တွေလက်တွေ ကိုက်ခဲပြီး လည်ချောင်း နာချင်သလို ဖြစ်နေတယ်၊ ချောင်းနည်းနည်းဆိုးတော့ ရုံးမှာသူများတွေ ကူးမှာအားနာလို့ပါ''
သူ သက်ပြင်းခိုးရှိုက်ကာ ပြုံးလိုက်၏။
''ညနေ ဆေးခန်းသွားလိုက်ပါမယ် ဆရာ၊ ဒါနဲ့ ဆရာ ဘာအကြောင်း ထူးလို့လဲဟင်''
''သြော်... ဆရာတို့ စနေနေ့တွေ့ဖို့ကိစ္စကို ရက်ရွှေ့ရအောင် တောင်းပန်ချင်လို့ပါ၊ ဆရာ မန္တလေးကို သွားစရာကိစ္စ ပေါ်လာလို့''
''သြော်... ဒါများ ဆရာရယ်၊ နှောင်းကို တောင်းပန်စရာမှ မဟုတ်ဘဲနဲ့''
ဘာအတွက် သွားမှာလဲဟု မမေးသည့်အတွက် နှောင်းကို ကျေးဇူးတင်ပါသည်။ အကယ်၍ နှောင်းက မေးလျှင် သူ လိမ်ရတော့မည်။ နှောင်း၏ စိတ်ချမ်းသာမှုအတွက် လိမ်ရမည် ဖြစ်သော်လည်း ထိုလိမ်ညာခြင်းကို သူကိုယ်တိုင် ရှက်ရွံ့နေရဦးမည်။
''ဒါနဲ့ နှောင်း... ဆေးထိုးတဲ့အခါ ဂရုစိုက်ပါနော်၊ မစမ်းဘဲ ဆေးထိုးမခံပါနဲ့''
တစ်ဖက်မှ ရယ်မောသံသဲ့သဲ့လေး ကြားရသည်။
''နှောင်း ပနယ်စလင် တည့်ပါတယ် ဆရာရဲ့''
''မဟုတ်ဘူး နှောင်း... တစ်ခါတည့်တိုင်း အမြဲတည့်ရမယ်လို့ ပုံသေနည်းမရှိဘူး၊ မမှားအောင် ဂရုစိုက်ပါနော်''
''စိတ်ချပါ ဆရာ''
''ဆေးထိုးအပ်ကို တစ်ခါသုံးအပ်နဲ့ ထိုးပစေနော်၊ ဆရာဝန်နဲ့ ရင်းနှီးတယ် မဟုတ်လား''
သူကိုယ်တိုင်ပင် အခုချက်ချင်း နှောင်းကို ဆေးကုသပေးချင်လှသည်။
''ဟုတ်ကဲ့ ဆရာ... ရင်းနှီးပါတယ်၊ နှောင်း ပြောရဲပါတယ်''
သူ့စကားကို နှောင်း နားထောင်လိမ့်မည်ဟု သူယုံကြည်ပါသည်။
''ဒါနဲ့ ဆရာ ဘယ်တော့သွားမှာလဲဟင်''
''စနေနေ့''
''သြော်... အဝေးကြီး လိုပါသေးတယ်၊ ဒီကြားထဲ နှောင်း ဖုန်းဆက်မယ်လေ''
လောက၏ ဆန်းကြယ်မှုသည် လူတို့ လိုက်မမီသော ဘာသာရပ်တစ်ခု ဖြစ်သည်။ ဆေးပညာ မည်မျှ တိုးတက်သည်ဖြစ်စေ၊ သဘာဝတရားသည် လူသားများအပေါ်တွင် နိုင်မြဲတိုင်း နိုင်နေခဲ့သည်။ နောက်တစ်နေ့ည နှောင်းထံ ဖုန်းဆက်ချိန်အထိ ဤအဖြစ်အပျက်ကြီး ဖြစ်သွားလိမ့်မည်ဟု နည်းနည်းမျှ သူ သံသယ မဝင်ခဲ့မိပါ။ သူ သိလိုက်ချိန်တွင် အရာရာသည် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
''နှောင်း... နေကောင်းလား''
တစ်ဖက်မှ တော်တော်နှင့် မဖြေဘဲ ခဏကြာမှ တိုးညင်းသော လေသံဖျော့ဖျော့ကလေး ထွက်ပေါ်လာသည်။
''မသက်သာသေးဘူး ဆရာ''
ဤစကားသံလေး နောက်ကွယ်မှ နှောင်း၏ နွမ်းလျမှု၊ အင်အားစိုက်ထုတ်မှုတို့ကို သူ ခန့်မှန်း၍ ရသည်။ သူ စိတ်မကောင်း ဖြစ်သွား၏။
''ဆေးမထိုးဘူးလား''
''မထိုးဘူး ဆရာ၊ နှောင်း ဆေးထိုးမှားမှာ ကြောက်တာ ဆရာဝန်က သိတယ်''
''ဟာ... နှောင်းရယ်''
သူ မချင့်မရဲ ညည်းညူလိုက်၏။ ပြီးမှ နှောင်းမှ စိတ်မကောင်းဖြစ်သွားမည့်အရေးကို တွေးကာ ပြန်၍ ထိန်းချုပ်လိုက်သည်။
''အေးလေ... ထိုးဆေးရဲ့အာနိသင်နဲ့ ညီမျှတဲ့ စားဆေးတွေ ရှိနေတာပဲ၊ သိပ်တော့ မလိုပါဘူး၊
ဆရာဝန်ပေးတဲ့ ဆေးတွေ မှန်မှန်သောက်ရဲ့လား''
''ဟုတ်ကဲ့ သောက်ပါတယ်ဆရာ၊ ဒါပေမဲ့ လည်ချောင်းနာတာ ပိုဆိုးလာတယ်၊ အန်လဲ အန်ချင်တယ်''
သူ့တစ်ကိုယ်လုံး စိုးရိမ်မှုဖြင့် ပူထူသွား၏။ သူ နှောင်းကို ကြည့်ပေးဖို့ လိုအပ်နေပြီ။
''ဆရာဝန်က ဘာဆေးပေးသလဲ''
''ပါရာစီတမောလ်ရယ်၊ ဆက်ပ်ထရင်ရယ်၊ ဘားပလက်က်စ်ရယ်''
''နှောင်း ဆာလ်ဖာ တည့်ရဲ့လား''
သူ ဖြတ်မေးလိုက်၏။
''ဟုတ်ကဲ့၊ ငယ်ငယ်တုန်းက စားဖူးပါတယ်''
''နှောင်း နေရတာ ဘယ့်နှယ်လဲ၊ ဘယ်လို ခံစားရသလဲ''
''နှောင်း ဖျားလာတယ် ဆရာ၊ ဘာမှလဲ မစားချင်ဘူး၊ ခုတင်ပေါ်ကကို မထချင်ဘူး၊ နှောင်း တစ်ခါမှ အဲလိုမဖြစ်ဖူးဘူး ဆရာ၊ နှောင်း အန်ချင်နေတယ်''
''နှောင်း... ဆရာလာခဲ့မယ်နော် နှောင်း''
နာရီကြည့်လိုက်တော့ ၁ဝနာရီ ခွဲခါနီးပြီ။ သို့သော် သူ နှောင်းထံ မသွားရလျှင် ယနေ့ည အိပ်လို့ရမှာ မဟုတ်ပါ။
''မိုးသိပ်ချုပ်နေပြီ ဆရာ''
''ကိစ္စမရှိဘူး နှောင်း... ကိုယ် အခုလာခဲ့မယ်''
နှောင်းဆီသို့ သူ ရောက်သွားချိန်မှာ ၁၁နာရီထိုးရန် ၁၅မိနစ်လိုသေး၏။ နှောင်း၏ မျက်နှာသွင်ပြင်ကို မြင်လိုက်သောအခါ သူ့ရင်ထဲသို့ မီးတောက်တစ်ခု အရှိန်ပြင်းပြင်း ဝင်ရောက်သလို ပူလောင်သွားသည်။ ဆံပင် ကပိုကရိုနှင့် ဖြူဖပ်ဖြူရော် ဖြစ်နေသော နှောင်းသည် အဝတ်ရုပ်ကလေး တစ်ခုလို အိပ်ရာပေါ်မှာ ခွေလျက်ရှိသည်။
''မနက်က ဒီလောက် အခြေအနေ မဆိုးသေးဘူး ဆရာ၊ အခုညမှ ဆိုးလာတာ''
နှောင်း မိခင်က တိုးတိတ်စွာ အသိပေး၏။ နှောင်း၏ မျက်ခွံအစပ်များ ဖြူဖျော့လျက် မျက်လုံးများကလည်း ဖန်ချောင်းမီးရောင်အောက်တွင် ဝါမယောင်ယောင် ထင်နေရသည်။ နှောင်း၏ အာခေါင်တွင် အမြှေးပါးပေါ်၌ အနာကလေးတွေ တွေ့ရသည်။ ပြည်တည်သည့် အရိပ်အယောင်များ တွေ့နေရသည်။
''ချမ်းသလား နှောင်း''
''ဟုတ်ကဲ့၊ တစ်ခါတစ်ခါကျတော့ တုန်တယ်ဆရာ၊ မနေ့က ဆေးခန်းသွားပြတုန်းက ဆရာဝန်ကို ချမ်းတဲ့အကြောင်း ပြောတော့ ဆရာဝန်က ဆီးအောင့်ရင် ဒီလိုပဲ ချမ်းတုန်တတ်တယ်တဲ့''
ဒေါ်ခင်ရီက နှောင်းကိုယ်စား ဝင်ဖြေပေးချိန်မှာ နှောင်းသည် သူမ မြတ်နိုးတွယ်တာသူကို မျက်လုံးဖွင့်၍ မကြည့်နိုင်ဘဲ မောပန်းစွာ ငြိမ်သက်နေခဲ့သည်။
''ဆီးအောင့်တယ်... ဟုတ်လား''
''ဟုတ်တယ် ဆရာ... ဒီမှာ ဆရာဝန်ပေးတဲ့ ဆေးတွေ၊ ကျွန်မတို့ ဝယ်ရတာ''
သူ့ကိုပြသော ဆက်ပ်ထရင်မှာ တရုတ်ပြည်ဖြစ် မဟုတ်ဘဲ အင်္ဂလန်ပြည်ဖြစ်ဆေးဖြစ်သည်။ သူသည် ဖြစ်နိုင်ခြေကို ကမန်းကတန်း စဉ်းစားပြီး ဆေးရုံတင်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ ဖြစ်ပျက်သွားသော အဖြစ်အပျက်များမှာ လျင်မြန်လွန်းသောကြောင့် အိပ်မက်တစ်ခုလို ထင်ရသည်။ အိပ်မက်မဟုတ်သော ချောက်ချားဖွယ် အဖြစ်ဆိုးကြီးကို ရင်ဆိုင်ရချိန်တွင် သူ့အသိစိတ်များ၊ ခွန်အားများ ပျောက်ကွယ်နေပြီကို ဝမ်းနည်းစွာ သိလိုက်ရလေသည်။
လောရင့်စ်၏ဆေးဝါးဗေဒ (Clinical Pharmacology) မှာ ညွှန်းထားသော စာကြောင်းတစ်ခုက သူ့ကို အရှိန်ပြင်းပြင်း ထိုးနှက်တိုက်ခိုက်လိုက်ပြီ ဖြစ်သည်။
''မနေ့က ကျွနု်ပ်၏ ရောဂါ ကုသသက်သာခဲ့သည်၊ ယနေ့ည ကျွနု်ပ်၏ ဆရာဝန်ကြောင့် ကျွနု်ပ် သေဆုံးရပြီ''
သူသည် ထိုစာကြောင်းမှ 'သေဆုံးရပြီ' ဟူသော စကားလုံးကို ခေါင်းထဲမှ ဖယ်ထုတ်ဖို့ ကြိုးစားသော်လည်း မရခဲ့ပါ။ နှောင်း...။
နှောင်း၏ ကံကြမ္မာသည် သဘာဝတရား၏ လက်ဖဝါးပေါ်တွင် ရောက်နေပြီ။ ဆေးပညာက နှောင်းကို ဘယ်လောက်ထိ ကယ်မနိုင်ပါမည်နည်း။ ရောဂါအတွက် ပေးသော ဆေးဝါးများသည် ကိုယ်တိုင်က ရောဂါဖြစ်စေသော ဆေးဝါးများ ဖြစ်နေလေ့ရှိသည်။ ဆေးဝါးတစ်ခုကို မသုံးစွဲမီ လူနာ၏ လုံခြုံမှုအတွက် ဘာအာမခံချက် ရှိပါသနည်း။ နှောင်းကို သူ အဆုံးရှုံးမခံနိုင်ပါ။ နှောင်းရောဂါ ပျောက်ကင်းဖို့အတွက် ဆေးဝါးဗေဒကို အားကိုးရင်း ဆေးဝါးဗေဒကို ပြန်တိုက်ခိုက်ရမည်။
သဘာဝတရားကို ရင်ဆိုင်ရာ၌ သဘာဝသည် မထင်မှတ်သော တိုက်ကွက်များ သုံးလေ့ရှိကြောင်း သူ နောက်ကျမှ သတိရမိသည်။ သူသည် နှောင်း၏ဝေဒနာအတွက် သူ့ကိုယ်သူ အပြစ်တင်မိသည်။ ထိုနေ့ နံနက်ကသာ နှောင်းဆီသို့ သူ ရောက်ခဲ့လျှင် နှောင်း ဤမျှ ဝေဒနာ ခံစားရမှာ မဟုတ်။ အခုတော့ သူ့နှောင့်နှေးမှု၊ တွေဝေမှုကြောင့် နှောင်းသည် ပြင်းထန်သော ဝေဒနာကို ခံစားနေရပြီ။
ဆေးရုံရောက်ရောက်ချင်း နှောင်းကို သွေးထုတ်ယူ စစ်ဆေးကြည့်ကြသည်။ နှောင်း၏ သွေးအဖြေသည် မျှော်လင့်ချက်ဖြင့် အသက်ရှင်နေသော လူသားအားလုံးအတွက် သရော်လှောင်ပြောင်မှုတစ်ခု ဖြစ်သည်။ နှောင်း၏ သွေးဖြူဥများ ပုံမှန်အတိုင်း မဟုတ်တော့ပါ။ နျူထရိုဖီးလ်ခေါ်သော သွေးဖြူဥများ ဆိုးဆိုးရွားရွား လျော့နည်းနေပြီ။ သွေးနမူနာဖန်ပြားကို မိုက်ကရိုစကုပ်ဖြင့် သူကိုယ်တိုင် ကြည့်ခွင့် ပေးခဲ့သဖြင့် သူကြည့်ရပါသည်။ ထိုအဖြေသည် သူ့ကို အလဲထိုးလိုက်သော ကံကြမ္မာ၏ ရိုက်ပုတ်ချက်တစ်ခု ဖြစ်သည်။
တိတ်ဆိတ်သော ညကို ဖြိုခွဲလျက် ဆေးရုံက ဆရာဝန်တွေ၊ သူနာပြုဆရာမတွေ ပျာယီးပျာယာ ပြေးလွှားကြိုးစားနေကြချိန်တွင် သူသည် နှောင်း၏ အနီးတွင် မတ်မတ်ရပ်လျက် နှောင်း၏ လက်ဖျားကလေးကို ဆုပ်ကိုင်ထားခဲ့သည်။ ဆုတောင်းခြင်းကို ဘယ်တုန်းကမှ မယုံကြည်ခဲ့သောသူသည် နှောင်းကို အချိန်မီ ကုသနိုင်ပါမည့်အကြောင်း ဗုဒ္ဓမြတ်စွာဘုရားအား အားကိုးတကြီး တိုင်တည်ဆုတောင်းမိသည်။ နှောင်းကို ဆက်ပ်ထရင် တစ်ကတ် ဝယ်သောက်ခိုင်းသော ဆရာဝန်ကို အတွေးဖြင့် စွဲချက်တင်လျက် အပြစ်ပေးနေမိသည်။ ဤကဲ့သို့ အန္တရာယ်ရှိသော ဆေးမျိုးကို သူ ပေးတော့မည် ဆိုလျှင် လူနာကို ကြိုတင်သတိပေးထားသင့်သည်။ ဤဆေး၏ ဆိုးရွားသော မကောင်းကျိုး အန္တရာယ်တစ်စွန်းတစ်စ ပေါ်လာလျှင် ဆေးကို ချက်ချင်းရပ်ဆိုင်း၍ ဆေးခန်းသို့ ပြန်လည် အကြောင်းကြားရန် ပြောပြသင့်သည်။ သူသည် သွေးရူးသွေးတန်း အပြစ်ဆို ဒေါသကြီးလျက် နာကျင်နေရာမှ ဗြုန်းခနဲ ပြန်လည်ငြိမ်သက်သွားပြန်၏။ သူ၏ ငြိမ်သက်ခြင်းသည် တည်ငြိမ်သော ငြိမ်သက်ခြင်း မဟုတ်၊ ကြမ္မာဆိုးကို ဒူးထောက်အရှုံးပေးလိုက်သူ၏ ငြိမ်သက်ခြင်း ဖြစ်သည်။
ဆေးထိုးမှားမည်ကို ကြောက်ရွံ့သော လူနာတစ်ယောက်ကို ဆေးမထိုးဘဲ စားဆေးညွှန်သော ဆရာဝန်။ ဆက်ပ်ထရင်ဆေး ပေးခါနီးတွင် ဆာလ်ဖာ တည့်မတည့် မေးစမ်းပြီးမှ ပေးခဲ့သော ဆရာဝန်။ ဤဆရာဝန်ကို သူဘာအပြစ်တင်ဖို့ လိုပါသနည်း။ သူသည် အပြစ်တင်လျှင် နှောင်း၏ ကြမ္မာကိုသာ အပြစ်တင်ရပေမည်။ ဤဆေးမတည့်သူ လူနာများ၏ ရောဂါလက္ခဏာများမှာ လည်ချောင်းနာခြင်း၊ ဖျားခြင်း၊ မအီမသာဖြစ်ခြင်း။ နှောင်းသည် နဂိုကတည်းက လည်ချောင်းနာ ဝေဒနာ ရှိနေခဲ့ရာ ဆေးကြောင့် ဟု သူမ ဘယ်လိုလုပ်ပြီး သိနိုင်ပါမည်နည်း။ စနစ်တကျအကွက်ဆင်ထားသော ကံကြမ္မာ၏ ထိုးနှက်မှုအောက်တွင် သူသည် နှောင်း၏ မချိတရိမျက်နှာလေးကို ငုံ့ကြည့်ကာ နှောင်းကို အားပေးသလို လက်ဖျားထွေးဆုပ်ထားရုံမှတစ်ပါး ဘာများတတ်နိုင်ပါမည်နည်း။
ဆရာဝန်များအားလုံးက တညီတညွတ်တည်း 'ဆေးမတည့်၍ဖြစ်သော အေဂရမ်နျူလို ဆိုက်တိုးဆစ်စ်ရောဂါ' (Agranulocytosis) ဟု သတ်မှတ်လိုက်ကြတော့သည်။
''ဆရာ... နှောင်းရောဂါက ဘာဖြစ်တာလဲဟင်''
လေသံသဲ့သဲ့ကလေးဖြင့် နှောင်းကမေးတော့ သူအားတင်း၍ ဖြေရသည်။
''ဆေးကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါလေ နှောင်းရဲ့၊ သူတို့နှောင်းကို သွေးသွင်းပေးကြတော့မယ်၊ အဲဒီအတွက် ဖြေဆေးတွေလဲ ထိုးပေးနေတယ်လေ၊ စိတ်မပူနဲ့ နှောင်း... ဒီကိစ္စက ဆရာတို့ ဆေးပညာအတွက် အသေးအဖွဲ ကိစ္စပါ၊ နောက်တစ်ရက် နှစ်ရက်ကြာရင် နှောင်း ခံစားရတဲ့ဝေဒနာတွေ ပျောက်သွားမှာ''
ဘယ်လောက်ရင်နာဖို့ ကောင်းသော လောကလဲ။ ဤစကားများကို သူ မယုံကြည်ဘဲ နှုတ်ဖျားမှ ထစ်ငေ့ါစွာ ထွက်လာခြင်းသည် အလွန်ရှက်ရွံ့ဖွယ် ကိစ္စတစ်ခု ဖြစ်သည်။ ဖြေဆေး...။ ဤဖြစ်ရပ်တွင် ဖြေဆေး မရှိကြောင်း နှောင်းကို သူ ဘယ်လိုမှ မပြောနိုင်။ နှောင်း သိမသွားအောင်လည်း အတတ်နိုင်ဆုံး ကြိုးစားရမည်။
''ဆရာ... နှောင်းကို ပစ်မထားပါနဲ့နော်၊ နှောင်း ကြောက်တယ်''
သူ မျက်ရည်ဝဲလျက် ကလေးမကို ပြုံးပြလိုက်သည်။
''ဆရာ နှောင်း ဘေးနားမှာ ရှိနေမှာပါ နှောင်း၊ နှောင်း ဘာမှကြောက်စရာ မရှိဘူး၊ အခု နှောင်းသွေးကြောထဲကို သွေးအသစ်တွေ ထည့်ပေးမှာ နှောင်းရဲ့''
သူ့အပြုံးအတု ဘယ်လောက်ပီပြင်သလဲ သူမသိတော့။ သူ့စကားကို နှောင်း ဘယ်လောက်ယုံသလဲ သူ မသိတော့ပါ။ သူ သိသည်က နှောင်း၏ မချိတင်ကဲ အပြုံးကလေး။ ထိုအပြုံးကလေး၏ နောက်ကွယ်မှ ကြောက်ရွံ့ထိတ်လန့်မှု၊ ဝမ်းနည်းအားငယ်မှု၊ နာကြည်းကြေကွဲမှု။
နှောင်းမိခင်က မျက်ရည်တွေတွေကျလျက် ခုတင်ခြေရင်းမှာ ယိုင်နွဲ့စွာ ရပ်နေသည်။ သူ မျက်နှာရိပ် မျက်နှာကဲဖြင့် မငိုသင့်ကြောင်း တားမြစ်လိုက်၏။ နှောင်း၏ ဆုံးရှုံးသွားသော သွေးဆဲလ်များကို နှောင်းကိုယ်တိုင်၏ ခွန်အားဖြင့် တင်းခံရမည် ဖြစ်ရာ နှောင်းအတွက် အင်အားလိုပါသည်။ သေမင်းက တစ်ဖက်၊ ဆေးပညာက တစ်ဖက် ရင်ဆိုင်တိုက်ခိုက်သည့်ပွဲတွင် ကာယကံရှင်လူနာ၏ ခံနိုင်ရည်စွမ်းအား အလွန်အရေးကြီးပါသည်။ ှနစအငခနောငေ သွေးဆိပ်တက်အဖျားကြောင့် တစ်ညလုံး နှောင်း သတိလစ်မလို ဖြစ်ဖြစ်သွားသည်။ ကယောင်ကတမ်း ဖြစ်နေချိန်များတွင် သူ ဘာမှမတတ်နိုင်ဘဲ ငေးနေရပြီး နှောင်း အသိစိတ်ဝင်လာသည်နှင့် တစ်ပြိုင်တည်း နှောင်းကို တွန်းအားပေးရသည်။
''နှောင်း... ကိုယ်တို့ ဒီရောဂါကို ခံတိုက်ကြမယ်နော်၊ ကိုယ်တို့ ဆေးဝါးတွေ ကိရိယာတွေ အစုံအလင်ရှိတယ်၊ လူအင်အားလဲ အများကြီး ရှိတယ်၊ နှောင်း စိတ်ကိုတော့ လျှော့ချ မပစ်နဲ့နော်၊ နှောင်းရဲ့ ခုခံစွမ်းအားက ကိုယ်တို့အတွက် ဆေးဝါးတစ်ခုပဲ''
''ဒီမှာကြည့်စမ်း နှောင်း... နှောင်း စကြဝဠာအကြောင်း ဆရာ့ထက် ပိုသိပါတယ်၊ စကြဝဠာထဲက ဂြိုဟ်တွေ တစ်ခုနဲ့တစ်ခု ဆွဲငင်အား စီးဝင်မှုကို နှောင်းသိတယ် မဟုတ်လား၊ နှောင်း အဲဒီ သိပ္ပံပညာဘာသာကို အသုံးပြုရအောင် နှောင်းလက်ဖျားတွေကို ဖြန့်ချထား''
လိမ္မာလှသော နှောင်းသည် မျက်ရည်ဝဲလျက်က သူ့စကားကို နားထောင်ရှာသည်။
''နှောင်းရဲ့လက်ဖျားထိပ်ကလေးတွေဟာ လျှပ်စစ်သံလိုက်လှိုင်း စီးဝင်ဖို့ အီလက်ထရုတ်ကလေးတွေပဲ
နှောင်း၊ စကြဝဠာထဲက ရောင်ခြည်တန်းတွေဟာ လှိုင်းတွေအဖြစ် ကမ္ဘာ့လေထုထဲကို စီးဝင်လာနေကြတယ်၊ အဲဒီလှိုင်းတွေမှာ ခွန်အားတွေ ပါတယ်၊ အသစ်ပွားအောင် ဖန်တီးပေးနိုင်တဲ့ ခွန်အားတွေ ပါတယ်၊ အဲဒီလှိုင်းတွေဟာ နှောင်းရဲ့ လက်ထိပ်တွေထဲကနေ သွေးကြောတွေထဲ ဝင်လာကြတယ်။
''... နှောင်း မျက်စိမှိတ်ထား... အသက်ကို ဖြည်းဖြည်းချင်း ကြာကြာရှူ ... ဟုတ်ပြီနော်၊ အဲဒီလှိုင်းတွေ နှောင်းရဲ့ လက်ထိပ်ကလေးတွေ ခြေဖျားထိပ်ကလေးတွေဆီ ရောက်လာရင် နှောင်းက အသက်ရှူလိုက်၊ နှောင်းရဲ့ အသက်ရှူဆွဲအားကြောင့် သူတို့သွေးကြောထဲကို ဝင်လာကြလိမ့်မယ်''
နှောင်းသည် သူမ၏ ကိုယ်ခန္ဓာထဲ ဝင်ရောက်လာမည့် ခွန်အားများကို စောင့်နေသလို မျက်နှာမော့လျက်...။ ညှိုးငယ်သော နှုတ်ခမ်းလေးကို မချိတရိ ပြုံးလျက် မမြင်နိုင်သော ကံကြမ္မာကို စိန်ခေါ်ရင်ဆိုင်လျက်ရှိသည်။
''သွေးထဲမှာ သွေးနီဥတွေ သွေးဖြူဥတွေ ရှိတယ်၊ နှောင်းမှာ သွေးဖြူဥအမျိုးအစား တစ်မျိုး လျော့နည်းနေတယ်''
အမှန်ကတော့ သူလိမ်ညာနေခြင်း ဖြစ်သည်။ နှောင်းမှာ ထိုအမျိုးအစား သွေးဖြူဥ လျော့နည်းရုံမျှ မကတော့ဘဲ မရှိသလောက် ပျောက်ဆုံးကုန်ပြီ။
''အဲဒီသွေးဖြူဥက အထဲမှာ ဂရဲင်နျူးလို့ ခေါ်တဲ့ အလုံးအပြောက်ကလေး တွေနဲ့၊ အဲဒီသွေးဖြူဥ အသစ်ကလေးတွေကို နှောင်းရဲ့ ရိုးတွင်းခြင်ဆီကနေ ထုတ်ပေးနေတယ်၊ ဒါပေမဲ့ နှေးကွေးနေတယ်၊ ဟုတ်ပြီနော်...''
ဒါလည်း သူ ညာနေခြင်းသာ ဖြစ်သည်။ သူ သက်ပြင်း မသိမသာ ခိုးရှိုက်လိုက်၏။
''အဲဒီနှေးကွေးမှုကို မြန်ဆန်လာအောင် အခု နှောင်းကိုယ်ထဲကို ဝင်လာတဲ့ ရောင်ခြည်လှိုင်းတွေကနေ ပြုပြင်ပေးနေတယ်၊ နှောင်း အဲဒီအဖြစ်ကို မျက်စိထဲမှာ မြင်လာရဲ့လား...''
''ဟုတ်ကဲ့''
စကားသံသည် အားရကျေနပ်ဖွယ်ရာ ခပ်မာမာကလေး ထွက်ပေါ်လာ၏။ သူ ဝမ်းသာသွားသည်။
''အိုကေ ... ဒီအတိုင်း ဆက်ပြီး အာရုံစိုက်ထားပါ၊ နှောင်းမှာ ခွန်အားတွေ ပြည့်လာလိမ့်မယ်၊ စိတ်ရှည်ရှည်ထားပါ နှောင်း''
နက်ရှိုင်းသောညသည် ထူးခြားမှုမရှိဘဲ တစ်မိနစ်ပြီးတစ်မိနစ် တစ်သမတ်တည်း ရှည်လျားလျက်ရှိသည်။ သွေးပုလင်းထဲမှ သွေးစက်တစ်စက်ချင်း ကျသံသည် လက်ပတ်နာရီမှ နာရီစက်သံများကြားတွင် ပြတ်တောင်းပြတ်တောင်း ရောပါလျက်ရှိသည်။ ပေါင်းတင်ထားသော ပိုးသတ်ပြီး ဝတ်စုံစိမ်းကြီးများကို ဝတ်ထားသော ဆရာဝန်များသည် အခန်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် တိတ်ဆိတ်စွာ ဝင်ရောက်စစ်ဆေးလျက် ရှိသည်။ သူတို့မျက်နှာ အောက်ပိုင်းတွင် အဖြူရောင် နှာခေါင်းစည်း အဝတ်စကလေးများ စည်းထားသောကြောင့် ဝတ်ရုံစိမ်းပွပွကြီးနှင့် တွဲဖက်လိုက်သောအခါ တခြားကမ္ဘာက လာသည့် သက်ရှိတွေနှင့် တူနေသည်။ အားလုံးသည် တိတ်ဆိတ်စွာ ဝင်ရောက်ပြီး တိတ်ဆိတ်စွာ ပြန်ထွက်သွားကြသည်။ အနီးက သူနာပြုဆရာမကို ညွှန်ကြားချက်တစ်စုံတစ်ရာ ပေးလျှင်လည်း နှာခေါင်းစည်း အဝတ်အောက်မှ ပါးစပ်အရာကလေးသာ မသိမသာ လှုပ်သွားပြီး အသံကလည်း တိုးညင်းလှသည်။
သူသည် ဤဆေးရုံတွင် အပြင်လူတစ်ယောက်သာ ဖြစ်သည်။ သူတို့လုပ်ကိုင်နေသမျှကို ကြည့်ကာ ရင်တထိတ်ထိတ် စိတ်စောနေသော လူနာရှင်တစ်ယောက်သာ ဖြစ်သည်။ သူ့ဇနီးကို ခွဲစိတ်စဉ်ကလည်း ခွဲစိတ်ခန်း၏ အပြင်ဘက်စင်္ကြံမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လိုက်၊ တစ်နေရာတွင် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်လိုက်နှင့် ရှစ်နာရီလောက် စောင့်ခဲ့ရသည်။ ထိုကာလများအတွင်း သူ့စိတ်၏ ယောက်ယက်ခတ်မှုမှာ နောက်ထပ် သူ့ဘဝအတွက် ဆောက်တည်ရာ မရဖြစ်ရသည့် ဖြစ်ရပ်ဟူ၍ မကျန်တော့ဘူးဟု ထင်ရလောက်အောင် ပြင်းထန်ဆိုးရွားခဲ့သည်။ ခွဲစိတ်ခန်းထဲမှ သွေးပုလင်းတန်းလန်းနှင့် နက်ရှိုင်းစွာ အိပ်ပျော်လျက် သယ်ဆောင်လာသော သူ့ဇနီးကို မြင်ရစဉ်က သူ့ခံစားချက်သည် ဘဝတွင် အချောက်ချားဆုံး တစ်ခဏဟု ထင်ခဲ့သည်။ သူငယ်ချင်းဆရာဝန်ကို အိုကေရဲ့လားဟု မမေးဝံ့လောက်အောင် ပူပင်သောကဖြင့် တုန်လှုပ်လျက်ရှိသည်။
ယခုတော့ သူသည် အဆိုးရွားဆုံးသော တုန်လှုပ်ချောက်ချားမှုကို နောက်တစ်ကြိမ် ရင်ဆိုင်နေရပြန်ပြီ။ သူ့ဇနီး ခွဲစိတ်နေစဉ်က သူ့ဆရာများ၊ သူငယ်ချင်းများ၏ ကျွမ်းကျင်မှုအပေါ် သူ အားကိုးနိုင်ခဲ့သေး၏။ ယခုကိစ္စမှာတော့ သူ့မှာအားကိုးစရာ လူမရှိ၊ ဆေးဝါးမရှိ။ ကံကြမ္မာ၏ လက်ဖဝါးပေါ်တွင် နှောင်း ရောက်နေပြီ။ ကောင်းမွန်သော ကံကြမ္မာဆိုလျှင် သူ့ထံသို့ နှောင်းအား ပြန်ပေးမည်၊ ကောက်ကျစ်ယုတ်မာသော ကံကြမ္မာဆိုလျှင် သူ့ထံမှ နှောင်းကို ဆွဲခေါ်ဖျက်ဆီးပစ်မည်။
နောက်တစ်ကြိမ် နှောင်း၏ သွေးကို ဖောက်စစ်သောအခါတွင်လည်း ယခင်ထက် ထူးခြားခြင်း မရှိ။ သို့သော် ယခင်သွေးအဖြေထက် ပိုမိုလျော့ပါးသွားခြင်းလည်း မရှိ။ သွေးဖြူဥ ပျက်စီးနှုန်းသည် နှေးကွေးနေသည့်သဘော (သို့မဟုတ်) ပျက်စီးနှုန်းတန့်နေသော သဘောရှိသည်။ သူသည် ရေးရေးကလေး မြင်လာရသော မျှော်လင့်ချက်ကြောင့် အားတက်သွားသည်။ နံနက်မိုးလင်းခါနီးအချိန်တွင် အဖျားနည်းနည်းကျသွားသည်။ ပင်ပန်းနွမ်းနယ်စွာ အိပ်ပျော်သွားသော မျက်နှာလေးကို စောင့်ကြည့်နေခိုက် အခန်းထဲသို့ အလင်းရောင် တစ်စတစ်စ ဝင်ရောက်လာခဲ့သည်။
နံနက် ရနာရီတွင် သူ အိမ်ခဏ ပြန်လာသောအခါ သီသူ့ကို အောက်ထပ် ဧည့်ခန်းလယ်တွင် မတ်မတ်ရပ်လျက် ကြိုဆိုသည်။ တစ်ညလုံး မအိပ်ခဲ့ရသော သူ့မျက်လုံးများ နီကြင်ကျိန်းစပ်လျက်၊ အမြဲသပ်ရပ်နေတတ်သည့် ညိုဖျော့ဖျော့ဆံပင်တို့သည် မသေမသပ် ပွရောင်းလျက်၊ ကိုယ်ခန္ဓာက ယိမ်းယိုင်လျက် အခန်းတွင်းသို့ တစ်လှမ်းချင်း ဝင်လာသည်။ သီ တစ်ညလုံး တယ်လီဖုန်းစင်ဘေးမှာ ပက်လက်ကုလားထိုင်ဖြင့် စောင့်နေခဲ့ကြောင်း သူ့ကို ပြောမပြဘဲထားရန် စိတ်ကူးသည်။ သူသည် စိတ်ပူပန်မည့် ဇနီးတစ်ယောက် အိမ်မှာ ကျန်ခဲ့ကြောင်း သတိရချင်မှ ရမည်။ သို့မဟုတ် သီသည် လောကီဆိုင်ရာကိစ္စများကို ပူပန်မှုမှ ကင်းဝေးခဲ့ပြီဟု သူထင်ချင်ထင်နေမည်။
''ဒေါက်တာ ကော်ဖီသောက်မယ်မဟုတ်လား၊ သီ ဖျော်လိုက်မယ်''
ဗြုန်းခနဲ လှမ်းကြည့်လိုက်သော သူ့မျက်လုံးများတွင် ဒေါသအရိပ်အငွေ့ကို မြင်ရ၏။ သို့သော် သီ၏ အေးချမ်းသော အပြုံးကို မြင်ရသည့်အခါ သူ့မျက်နှာမှာ ဒေါသက ချက်ချင်း ပျောက်ကွယ်သွားသည်။ သူ ဇဝေဇဝါ ခေါင်းညိတ်၏။ ခဏကြာတော့ သူသည် သီဖျော်ပေးသော ကော်ဖီကို ဆေးတစ်ခွက်သောက်သလို သောက်ရင်း နှောင်း၏ ရောဂါအကြောင်း ပြောပြနေတော့သည်။
''ဒီတော့ နှောင်းအတွက် နောက်ထပ်ဘာမှမလုပ်ပေးနိုင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်လားဟင်''
သူ မဖြေပါ။ ကြားဟန်လည်း မပြုပါ။ သူသည် ထိုင်နေရင်းက ဆေးရုံအခန်းတွင်းသို့ ပြန်ရောက်သွားသလို ရှိသည်။ သူ့မျက်နှာမှာ နက်ရှိုင်းသော အကြောက်တရားကို သူ ဖုံးဖိရန် မကြိုးစားပါ။ မိနစ်အနည်းငယ် ကြာသွားသည်။ ထို့နောက် သူ့ကိုယ်သူ ပြောသည့် စကားသံမျိုးဖြင့် ခပ်တိုးတိုး ရေရွတ်သည်။
''သူ့မှာ မျှော်လင့်ချက်တွေ အများကြီးရှိတယ်၊ သူ လုပ်စရာအလုပ်တွေ အများကြီး ကျန်သေးတယ်၊ သူက အဲင်န်သရိုပေါလ်ဂျစ်စ်တ်တစ်ယောက် ဖြစ်ချင်သတဲ့ သီ၊ ဘယ်လောက် ရယ်စရာကောင်းလိုက်တဲ့ လောကလဲ''
သီတို့အားလုံးသည် စကြဝဠာကြီးထဲမှာ များပြားလှသော ဂြိုဟ်တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်သည့် ကမ္ဘာဂြိုဟ်ပေါ်တွင် သေးငယ်မှုန်မွှားသော သက်ရှိသတ္တဝါတွေ ဖြစ်နေသည်။ ထိုအဖြစ်ကြောင့်ပင် ကမ္ဘာလောကကြီး ရယ်စရာကောင်းနေခြင်း ဖြစ်သည်။
''သူ လုပ်ချင်တဲ့ အလုပ်တွေကို ဘဝမှာ ပြီးအောင် လုပ်သွားဖို့ အချိန်ကာလ လိုတယ်''
ဘယ်လူသား၏ဘဝတွင်မှ အချိန်ကာလ လုံလောက်မှုဆိုတာ မရှိပါ။ လူသားအားလုံးသည် မိမိဆန္ဒများ ပြည့်ဝသည်အထိ လူ့လောကမှာ နေထိုင်ဖို့ အခွင့်အရေး မရကြပါ။ သေခြင်းတရားသည် ဘာကိုမျှ မစောင့်၊ ဘယ်သူ့ကိုမျှ မစောင့်ပါ။
''သီတို့ လူ့သက်တမ်း အချိန်ကာလနဲ့ ယှဉ်တော့ လူ့ဘဝဟာ ကြာလိုက်တာလို့ ထင်ရတယ်၊ စကြဝဠာနဲ့ ယှဉ်ပြီး ကြည့်လိုက်တော့ လျှပ်တစ်ပြက်အချိန်ကာလပါ''
သူ သီ့ကို ဒေါသတကြီး လှည့်ကြည့်၏။ ငြိမ်သက်သော သီ့မျက်လုံးကို ရင်ဆိုင်သောအခါ သူ့မျက်နှာမှ ဒေါသသည် ကြေကွဲမှုအဖြစ် ပြောင်းသွားသည်။
''ဒီစကားကို တခြားတစ်ယောက်ယောက်က ပြောတာဆိုရင် ကိုယ်ပြောတဲ့လူကို ဆွဲထိုးပစ်လိုက်မိမှာပဲ၊ ဒါပေမဲ့ ဒီစကားကို သီကပြောတော့ သီ့ကို ကိုယ်စိတ်မဆိုးရက်ပါဘူး၊ စိတ်မဆိုးရက်တဲ့အပြင် ကိုယ်လေးစားပါတယ် သီ...''
သီပြုံး၍ခေါင်းတစ်ချက်ညိတ်၏။ ခွဲစိတ်ခါနီးနေ့ရက်များက သီ ကြုံတွေ့ရသော အတွေ့အကြုံမှာ လူသားတော်တော်များများ မယုံကြည်နိုင်လောက်အောင် ဆင်းရဲဒုက္ခကြီးသော ရက်စက်မှုများဖြစ်သည်။ ထိုကာလ၏ နောက်ပိုင်းတွင် သည့်ထက် ရက်စက်သော ဝေဒနာများ ထပ်မံရရှိလာမည်ဆိုတာ သီ သိထားပါသည်။ ဝေဒနာပြီးတော့ နောက်ထပ်ဝေဒနာ... ကြောက်လန့်မှုပြီးတော့ နောက်ထပ်ကြောက်လန့်မှု၊ အဆိုးဆုံး ချောက်ချားမှုအပြီးမှာ နောက်ထပ်မံ၍ အဆိုးဆုံး ချောက်ချားမှု..။ ဘယ်တော့မှ ပြီးဆုံးမည် မဟုတ်တော့သော ဝေဒနာများ။
''နှောင်းက သူ့ဘဝကို သိပ်ချစ်တယ်၊ သိပ်တွယ်တာတယ်၊ သူတော်တော်နဲ့ အရှုံးပေးမှာ မဟုတ်ဘူး၊ ကိုယ်တို့ သူ့ခွန်အားပေါ်မှာ အများကြီး အားကိုးလို့ရတယ်''
ထိုစကားကို ပြောနေသော သူ့မျက်နှာတွင် မျှော်လင့်ချက် အရိပ်အယောင်ကလေး လွှမ်းမိုးလာ၏။ ဤစကားကြားရတာ ဝမ်းသာစရာ ကောင်းပါသည်။
''ဘဝကို သိပ်တွယ်တာတဲ့ နှောင်းအတွက် ဘဝကို ဆက်ပြီး တွယ်တာနိုင်ဖို့ သီတို့ ဆုတောင်းကြရအောင် ဒေါက်တာ''
နောက်ထပ် ရင်ဆိုင်ရသော ၄၈နာရီသည် သူတို့အားလုံးအတွက် ဘဝတွင် အခက်ခဲဆုံး နာရီများထဲတွင် ပါဝင်နေသည်။ နှောင်း၏မိခင်နှင့် သူသည် လူနာကို စောင့်ရန် တစ်လှည့်စီ အနားယူအိမ်ပြန်ဖို့ လုံးဝသဘောတူညီချက် မရဘဲ ဖြစ်နေ၏။ နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက်က သက်ညှာစွာ အနားယူစေချင်သည်။ သို့သော်အထူးကြပ်မတ်ကုသဆောင်ရှေ့ခုံတန်းနှင့် ကုသဆောင် အခန်းထဲသို့ တစ်ယောက်တစ်လှည့် နေရာလဲလှယ်ရန် သဘောတူလိုက်ကြသည်။
သီကတော့ အိမ်မှာ ဘုရားစင်ရှေ့မှ မခွာဘဲ ပရိတ်ရွတ်၊ မေတ္တာပို့ ဆုတောင်းလျက် နာရီများစွာ ကျော်ဖြတ်လာခဲ့ကြသည်။ နှောင်းသည် တစ်ချက်တစ်ချက် သွေးရူးသွေးတန်း ရုန်းကန်ငိုေြ<ွကးသော်လည်း နာရီပေါင်းများစွာ တည်ငြိမ်နေတတ်ပြန်၏။ နှောင်း၏ လည်ချောင်းမှာ ဆိုနင့်အက်ကွဲလျက် အသံအက်အက်ကလေးကို အားယူကာ သူ့ကို စကားပြောရလေသည်။
''ဆရာ... နှောင်းရဲ့သွေးကို သူတို့ ဖောက်ကြပြန်ပြီ''
''ဟုတ်တယ် နှောင်း... နှောင်းသွေးထဲမှာ နျူထရိုဖီးလ်တွေ ဘယ်လောက် ပြန့်ပွားနေတယ်ဆိုတာ သိဖို့အတွက်ပါ၊ နှောင်း မနာပါဘူးနော်''
နှောင်းက အားယူ၍ပြုံးပြသည်။
''မနာပါဘူး ဆရာ''
ခဏတိတ်ဆိတ်စွာ မျက်စိမှိတ်ငြိမ်သက်သွားပြန်သည်။ ထို့နောက် မျက်လုံးဖွင့်ကာ စူးစိုက်ကြည့်ပြီး မေးခွန်းတစ်ခု မေး၏။
''ဒီတော့ အဖြေက ဘာတဲ့လဲ ဆရာ''
ထိုမေးခွန်းသည် သူ့ဘဝတွင် နှောင်းမေးသမျှ မေးခွန်းများအနက် သူ ဖြေဖို့ အထိတ်လန့်ဆုံး မေးခွန်းဖြစ်သည်။ သူ ရင်ဆိုင်ဖို့ အကြောက်လန့်ဆုံး မေးခွန်းဖြစ်သည်။
''အဖြေက ဝမ်းသာစရာပဲ နှောင်းရဲ့၊ နှောင်းရဲ့ ရိုးတွင်းခြင်ဆီက ထုတ်ပေးတဲ့ သွေးထဲမှာ နျူထရိုဖီးလ်တွေ အများကြီး ပါလာပြီလေ''
လုံးဝမမှန်ကန်သော မုသားများကို သူ ပိပိရိရိ ပြောနေသည်။ သူ့မျက်နှာကို အကဲခတ်နေသော နှောင်း၏ မျက်ဝန်းများတွင် မျှော်လင့်ချက် ရောင်ခြည်လေး သန်းလာ၏။ ဆို့နင့် ကြေကွဲသော မျက်ရည်များကို နှောင်း မမြင်နိုင်မီ သူ နောက်နည်းနည်းဆုတ်၍ ရပ်လိုက်၏။
''နှောင်းက သိပ်တော်တာပဲ နှောင်း၊ ဒီလို ပြန်ကောင်းလာဖို့ နှောင်း အကူအညီတွေ အများကြီးပါတယ်၊ ကိုယ်တို့ဆက်ကြိုးစားကြဦးစို့ နှောင်း''
ဘယ်လောက် မိုက်မဲလိုက်သည့် လိမ်ညာမှုပါလိမ့်။ နှောင်း၏သွေးထဲတွင် နျူထရိုဖီးလ်များ လုံးဝမရှိတော့ချိန်တွင် သူ ဤစကားကို မိုက်မိုက်မဲမဲ ပြောနေသေးသည်။ နောက်ဆုံးအချိန်အထိ အရှုံးမပေးဖို့ နှောင်းကို ဆွဲဆောင်နေပြန်သေးသည်။
''နှောင်း ကြိုးစားမယ် ဆရာ၊ နှောင်းလုံးဝ မသေစေရဘူး ... သိလား''
နှောင်း၏ မချိတင်ကဲ အပြုံးကလေးကို မြင်ရသည့်အချိန်တွင် သူ့ရင်ထဲမှာ ပူပြင်လောင်မြိုက်မှုနှင့် အေးစက်ချောက်ချားမှုကို တစ်ပြိုင်တည်း ခံစားလိုက်ရသည်။ နောက်ထပ် နာရီအနည်းငယ်ကြာလာတော့ နှောင်း ကယောင်ချောက်ချား ဖြစ်လာပြန်သည်။ ဖြန့်ထားသော လက်များကို ဆုပ်ညှစ်ရုန်းကန်လျက် ရင်ထဲကပူတယ်... ဟု အဆက်မပြတ် အော်နေလေသည်။ နှောင်း လည်ချောင်းထဲ ပါးစပ်ထဲမှာ ပြည်တည်သည့်အနာကလေးများ ပိုမို များပြားလျက် သွေးဆိပ်သင့်အဖျားဖြင့် တစ်ကိုယ်လုံး ပူခြစ်လျက်ရှိပြန်သည်။
''ဆရာ...''
အသိစိတ်ကင်းမဲ့စွာ ခေါ်လိုက်သော နှောင်းအသံသဲ့သဲ့ကလေးသည် တိတ်ဆိတ်ငြိမ်သက်လှသောအခန်းတွင်း၌ ကြေကွဲဖွယ်ရာ တိုးတိတ်လှသည်။ သူ နှောင်း၏ လက်ဖျားများကို ဆုပ်ညှစ်လိုက်၏။
''နှောင်းကို ကယ်ပါဦး ဆရာ...''
သူ ဘယ်လိုမှ သည်းခံနိုင်စွမ်း မရှိသော စကားတစ်ခွန်းကို နှောင်း ပြောပြန်လေသည်။ သူ အံကြိတ်ကာ နှောင်း၏ ဖြူဖျော့သော ကိုယ်ခန္ဓာကလေးကို ငေးကြည့်နေမိသည်။ ပန်းနုရောင် အမြဲသန်းလျက်ရှိသော နှုတ်ခမ်းများသည် ယခုအခါ ဖြူရော်ရော်အရောင်မှ ပြာနှမ်းနှမ်း အရောင်သို့ စတင်ပြောင်းလဲစ ပြုလာပြီ။ လက်မောင်းတစ်လျှောက် သွေးသွင်းသည့် နေရာတို့မှ သွေးခြည်ဥသည့် အပြာကွက်များ တစ်စတစ်စ များပြားလာပြီ။ သွေးသွင်းသည့်အပ်၏ လုံးပတ်ကို မခံနိုင်လောက်အောင် နှောင်း၏သွေးကြောများ တဖြည်းဖြည်း ကျဉ်းမြောင်းလာကြပြီ။
''နှောင်း...''
သူသည် တစ်ချက် လွှတ်ခနဲ ခေါ်ပြီးနောက် ဘာစကားမှ မပြောနိုင်ဘဲ တစ်ခဏ ဆွံ့အနေလေသည်။ ဆရာမတစ်ယောက် နှောင်းကို ဆေးလာထိုးပေးပြန်၏။ ဆေးထိုးသည့် ဝေဒနာကို နှောင်းက သိနေသည်။ တွန့်ခနဲ တစ်ချက် ဖြစ်သွားပြီးနောက် မျက်လုံးပွင့်လာလေသည်။ အနားတွင် မတ်မတ်ရပ်နေသော သူ့ကို နှောင်းက အတန်ကြာ အားယူ၍ စိုက်ကြည့်နေပြီး နှုတ်ခမ်းကလေးက တဖြည်းဖြည်း ပြုံးပြဖို့ ကြိုးစားသည်။ သို့သော် ဝေဒနာကြောင့် ထောင့်စွန်းကလေးများ ကွေးရုံသာ လှုပ်ရှားနိုင်လေသည်။ နှောင်းသည် တစ်စုံတစ်ခု ပြောလျက် အသံမထွက်ဘဲ ဖြစ်နေသည်။ သူ နှောင်းအနီးသို့ တိုးကပ်သွားလိုက်၏။ သို့သော် နှောင်းက အားယူကာ အသံအက်အက်ကလေးဖြင့် ပီသစွာ စကားပြောနိုင်ပါသည်။
''ဆရာ... နှောင်းတို့ ရှုံးပြီနဲ့ တူတယ် ဆရာ''
သူ ငေးမောနေရာမှ ကမန်းကတန်း ပြုံးပြလိုက်၏။
''ကိုယ်တို့ တိုက်ပွဲမပြီးသေးဘူး နှောင်း... ကိုယ်တို့ နိုင်အောင် တိုက်ကြမယ်''
နှောင်း သည်တစ်ခါ ပီပီပြင်ပြင် ပြုံးနိုင်သွား၏။
''ဟိုဘက်မှာ ဘာရှိတယ်ဆိုတာ နှောင်း မသိဘူး''
ဟိုဘက်...။ သူ ရုတ်တရက် နားမလည်ဘဲ ဖြစ်သွား၏။
''နှောင်း မြင်နေရတဲ့ နံရံကြီးရဲ့ အပြင်ဘက်လေ၊ အဲဒီမှာ ဘာရှိလဲဟင်''
နှောင်း၏ မျက်လုံးများတွင် အမြင်အာရုံ မရှိသလို တွေဝေနေ၏။ သူ စကားတစ်ခွန်းမှ မပြောနိုင်ပါ။ အခန်းသည် တိတ်ဆိတ်သွားပြန်သည်။ တိတ်ဆိတ်မှုသည် နက်ရှိုင်းလွန်းသောကြောင့် ဘယ်တော့မှ မပြီးဆုံးနိုင်သော တိတ်ဆိတ်ခြင်းဟု ထင်ရသည်။ လှုပ်ရှားမှုမရှိဘဲ အသက်ကို ဖြည်းညင်းစွာ ရှူနေရသော နှောင်းကို ကြည့်လျက် နှောင်း အိပ်ပျော်နေပြီဟု သူထင်သည်။ သို့သော် သူ့ထင်မြင်ချက် မှားသွား၏။ နှောင်း၏ မှိတ်ထားသော မျက်လုံးအစုံထောင့်စွန်းများမှ မျက်ရည်စက်များ တစ်စက်ချင်း လိမ့်စင်းကျနေလေသည်။
ကမ္ဘာလောကတစ်ခုလုံးသည် သဲသဲမဲမဲ ရွာသွန်းနေသော မိုးစက်များ အောက်တွင် နစ်မြုပ်လျက် ရှိသည်။ ပထမတော့ မိုးသံကြောင့် သီ တစ်ရေးနိုးလာသည်ဟု ထင်သည်။ သို့သော် ကားဟွန်းသံကဲ့သို့ အသံတစ်ခုကြောင့် နိုးလာသည်ဟုလည်း ထင်သည်။ ရီဝေသော မျက်လုံးများကို ပွတ်သပ်လျက် အာရုံစူးစိုက်ပြီး နားထောင်ကြည့်သည်။ မိုးရွာသွန်းသံ... တံစက်မြိတ်အောက်မှ ပန်းအိုးထဲသို့ ရေကျသံ... ကားဟွန်းသံ။ သူမ ဖြည်းညင်းစွာ ထထိုင်ကာ ခန်းဆီးကို သိမ်းဖယ်လိုက်၏။ တရုတ်ကပ်မှန်အကြားမှ မြင်ကွင်းတွင် ကားမီးရောင်တစ်ခု။ သူ ပြန်လာပြီ။ ကားဟွန်းသံသည် အရှည်ကြီး ထွက်ပေါ်နေ၏။ စိတ်တိုတိုဖြင့် ဟွန်းကို ဖိနှိပ်ထားသော အသံရှည် ဖြစ်သည်။ သီ မီးခလုတ်ဖွင့်လိုက်စဉ်မှာပင် အောက်ထပ်ဆီမှ သံဆွဲတံခါး ဖွင့်သံကြားရ၏။ သီ ခုတင်ပေါ်မှ ဆင်းလိုက်သည်။ ဘယ်ဘက်ခြေထောက်သည် ထုံးစံအတိုင်း သွားလိုရာ မရောက်ဘဲ ခပ်ဆဆ ဖြစ်နေပြန်၏။ သီ ကြိုးစားအားတင်းကာ အခန်းတွင်းမှ ထွက်ခဲ့သည်။
ခြံထဲသို့ ကားဝင်လာသံမှာ ခါတိုင်းထက် ပိုမိုကြမ်းတမ်းနေသည်။ သီသည် လှေကားမှ ခြေချော်မကျအောင် လက်ရန်းကို အားပြုလျက် တစ်ထစ်ချင်း ဆင်းလာသည်။ အရင်ကလို အချိန်နာရီ ခန့်မှန်းရာတွင် မှန်ကန်မှု မရှိတော့သော်လည်း ဤအချိန်သည် ညသန်းခေါင်ကျော်ပြီဟု ထင်သည်။ လှေကား အောက်ဆုံးထစ်ရောက်တော့ အခန်းတံခါး ပိတ်သံတစ်ခု ကြားရသည်။ အောက်ထပ်ရောက်သောအခါ သံဆွဲတံခါး ပြန်ပိတ်နေသော အေးအေးလှကို မြင်တွေ့ရ၏။ သူ
ဧည့်ခန်းမှာ မရှိပါ။ စောစောက တံခါးပိတ်သံမှာ သူ့အခန်းတံခါးပိတ်သံပဲ။ သီ ခပ်သွက်သွက် လျှောက်သွားလိုက်၏။ အိပ်ခန်းတံခါးကို စေ့ရုံစေ့ထားသည်အထင်ဖြင့် တွန်းဖွင့်ကြည့်၏။ မရပါ။ သီ ခဏ ငြိမ်သက်စွာ စဉ်းစားနေပြီးနောက် တံခါးခေါက်သည်။
''ဒေါက်တာ...''
အခန်းထဲမှာ လူမရှိသလို ငြိမ်သက်နေ၏။ သို့သော် အခန်းထဲမှာ သူ ရှိနေပါသည်။ သူ ဘာဖြစ်လာသနည်း။ အဖြေသည် ကြေကွဲဖွယ်ရာ အဖြေတစ်ခု ဖြစ်သည်။ နှောင်း... နှောင်း၏ ချစ်စဖွယ်အပြုံးကလေးသည် အာရုံထဲမှာ ဖျတ်ခနဲ ပါ်လာ၏။ ထို့နောက် အမှောင်သည် ထိုအပြုံးကလေးကို ဝါးမျိုသွားသည်။ အသက် ၂၅နှစ်၊ ဘုရား... ဘုရား... လူ့လောကထဲက ထွက်ခွာသွားဖို့ အလွန်ငယ်လှသေးသည့် အရွယ်။
''သီ အခန်းထဲ ဝင်ပါရစေ ဒေါက်တာ၊ ခဏကလေး ဖွင့်ပေးပါ''
ဧည့်ခန်း ပျဉ်တံခါး ပိတ်သံကြားရပြီးနောက် တစ်အိမ်လုံး တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။ ခဏစောင့်ပြီး သီ တံခါး ထပ်ခေါက်လိုက်သည်။ ''ဒေါက်တာ...''
အခန်းထဲမှ လှုပ်ရှားသံ ကြားရသည်။ ထို့နောက် ခပ်ပြင်းပြင်းခြေသံ၊ တံခါး မင်းတုပ်ဖွင့်သံ။ ထို့နောက်...။
တံခါးရွက်ပွင့်သွားသောအခါ သူ့ကို မြင်ရသည်။ သူ့ကို မြင်လိုက်လျှင် မြင်လိုက်ချင်း အားလုံးကို နားလည်လိုက်ပါသည်။ မိုးစက် စိုထိုင်းသော ဆံပင်များသည် ပွရောင်းနေ၏။ အကျႌကော်လာအထက်ဆုံး ကြယ်သီးနှစ်လုံး ပြုတ်နေသည်။ မျက်လုံးများမှာ နီကြင်ရီဝေလျက် တစ်စုံတစ်ခုကို နင့်နင့်သီးသီး ဆုံးရှုံးလိုက်ရသူ တစ်ဦး၏ မျက်လုံးမျိုး ဖြစ်သည်။ သီ အခန်းထဲသို့ ခြေတစ်လှမ်း တိုးဝင်လိုက်သောအခါ သူ နောက်ဆုတ်၍ ချာခနဲ ပြန်လှည့်သွား၏။ စာကြည့်စားပွဲရှိရာ လျှောက်သွားပြီး စားပွဲပေါ် လက်ထောက်ကာ ခေါင်းငိုက်စိုက်ချ ငြိမ်သက်နေသည်။ သူ့အသက်ရှူနှုန်းမှာ မြန်ဆန်လှ၏။ သီ တွန့်ဆုတ်ခြင်း ကင်းမဲ့စွာ သူ့ထံ လျှောက်သွားလိုက်သည်။ စားပွဲပေါ်တွင် စာရွက်များဖြင့် ရှုပ်ပွနေ၏။ အင်္ဂလိပ်လက်ရေး သော့သော့များ ပါဝင်သော လူနာမှတ်တမ်းစာရွက်များ ဖြစ်သည်။
သူ့နောက်နားမှာ သီ ရပ်လိုက်သည်။ သူ ကျောပေးကာ အကြာကြီး ငြိမ်သက်နေခိုက် သီ သူ့ကို တစ်ခုခု ပြောမှဖြစ်မည်ဟု စဉ်းစားသည်။ သို့သော် ဘာစကားမျှ ထွက်မလာ။ နှောင်းရော...။ နှောင်း ဘယ်လိုနေသလဲ။ ဤမေးခွန်း မေးရန် မလိုပါ။ အဖြေကို သီ သိပြီးပါပြီ။ အပြင်ဘက် တိုင်ကပ်နာရီမှ နံနက် ၃နာရီထိုးသံသည် တိတ်ဆိတ်မှုကို ဖြိုခွဲပေးလိုက်၏။
''ဒေါက်တာ...''
သူ့ပခုံးကို ခပ်ဖွဖွ သီ လှမ်းဆုပ်လိုက်သောအခါ ဗြုန်းခနဲ သူလှည့်လာသည်။ သူ့မျက်နှာတွင် တုန်လှုပ်ချောက်ချားမှုနှင့် နာကြည်းကြေကွဲမှုကို မြင်တွေ့နေရသည်။ သူ တစ်ခုခု ပြောတော့ မလို ပါးစပ်ပြင်လျက် ဘာစကားသံမျှ ထွက်မလာဘဲ သီ့ကိုသာ ခပ်တင်းတင်းဖက်ပွေ့လိုက်လေသည်။ သီသည် ကမ္ဘာလောကမှာ အကြင်နာရဆုံးသော လူသားတစ်ယောက်ကို နွေးထွေးစွာ နှစ်သိမ့်လိုစိတ်ဖြင့် သူ့ကို ပြန်ပွေ့ဖက်ထားလိုက်၏။ သူသည် ဆုံးရှုံးရမှာ ကြောက်သော အရာတစ်ခုကို နောက်ဆုံးဖက်တွယ်ခြင်းမျိုးဖြင့် သူမကို ဖက်တွယ်ထားခြင်း ဖြစ်လေသည်။
''ကိုယ် ရှုံးသွားပြီ သီ''
သီ့ပခုံးပေါ်မှာ သူ့မျက်ရည်၏ စိုစွတ်မှုကို ခံစားရသည်။ သူ့ကိုယ်ခန္ဓာမှာ စိတ်ထိခိုက်မှုကို ချုပ်ထိန်းထားရသဖြင့် တုန်ခိုက်နေလေသည်။ အပြင်ဘက်မှာ တရှဲရှဲ တိုက်ခတ်နေသော လေပြင်းများ၊ သစ်ကိုင်းပွတ်တိုက်သံများသည် မိုးစက်ပြေးသံနှင့် ပေါင်းစပ်လိုက်သောအခါ အသက်ငင်နေသော လူသားတစ်ဦး၏ ငိုညည်းသံနှင့် တူနေ၏။ သေခြင်းတရားအပေါ် အယူခံဝင်နေသည့် တီးတိုးသံများနှင့် တူနေ၏။ ထို့နောက်မှာတော့ ငြိမ်သက်မှုသည် အခန်းတွင်းမှာ ထာဝရတည်ရှိနေတော့မလို ထင်ရသည်။ ငြိမ်သက်ခြင်း၏ နောက်ကွယ်မှာ ကြေကွဲခြင်း၊ နက်ရှိုင်းသော တိတ်ဆိတ်ခြင်း၏ နောက်ကွယ်မှာ ဆုံးရှုံးမှုကို လက်ခံယူလိုက်ခြင်း...။
တဖြည်းဖြည်း သူ ငြိမ်သက်သွားသည်။ သူ့လက်များကို ရုပ်သိမ်းပြီး နောက်သို့ ဆုတ်လိုက်၏။ သူ့မျက်နှာသည် အေးစက်လျက်ရှိသည်။ သေခြင်းတရား၏ မာကျောအေးစက်သော မျက်နှာကို လောလောဆယ် တွေ့မြင်ခဲ့ရသူ၏ မျက်လုံးမျိုးဖြင့် အေးစက်လျက်ရှိသည်။ နောက်ထပ် ရင်ဆိုင်ရဦးမည့် ကြိုတင်ပြင်ဆင် အားယူမှုမျိုးဖြင့် အေးစက်တည်ငြိမ်လျက် ရှိသည်။
''သီ သိရဲ့လား နှောင်းက ကိုယ့်ကို ချစ်ခဲ့တယ်''
သူ့အသံသည် မာကျောအေးစက်စွာ ထွက်ပေါ်လာသည်။ သီ သူ့ကို ငေးကြည့်နေ၏။
''ကိုယ်ကတော့ပညာတတ်ကြီး... ကျင့်ဝတ်သိက္ခာကို ပိုတန်ဖိုးထားခဲ့တဲ့ ဆရာဝန်ကြီးလေ၊ နှောင်း အသက်ငင်နေတဲ့အချိန်ကလေးမှာတောင် နှောင်း စိတ်ချမ်းသာမှုအတွက် နှောင်းကို ချစ်တယ်... လို့ဖွင့်မပြောရဲခဲ့တဲ့ လူလိမ္မာကြီးပေါ့ သီရဲ့... အခုတော့ ကိုယ်ဘာဆက်လုပ်ရတော့မလဲ၊ ကိုယ် ရှုံးပြီလေ... ကိုယ်အားလုံးကို ရှုံးသွားပါပြီ သီရယ်''
နာကြည်းသော မျက်နှာဖြင့် တစ်ဖက်သို့ ဗြုန်းခနဲ လှည့်သွားသော ခင်ပွန်းဖြစ်သူကို သီ တိတ်ဆိတ်စွာ ငေးနေသည်။ တကယ်တော့ လူတွေဆိုတာ ခံစားမှု ရှိနေလို့သာပါ။ သဘာဝတရားကို မလွန်ဆန်နိုင်သည့် နေရာမှာတော့ ရုပ်ဝတ္ထုပစ္စည်းများနှင့် သိပ်မထူးခြားလှပါ။ ပျောက်ပျက်သွားသော ပစ္စည်းတစ်ခုအစား နောက်အသစ်တစ်ခုရောက်၊ သေသွားသော လူတစ်ယောက်အစား နောက်လူတစ်ယောက် မွေးဖွား။ သီတို့ ချစ်ခင်တွယ်တာနေသော ကမ္ဘာဂြိုဟ်ကလေးသည် စကြဝဠာကြီးထဲမှာတော့ သေးငယ်မှုန်ပျသော အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်။
*ပြီးပါပြီ*
ဂျူး
ဦးအေးမောင်၏ 'လူ့စိတ်သဘာဝ' စာအုပ်ကိုဖတ်ပြီး ဤဝတ္ထုကို ရေးသားဖန်တီးပါသည်။
Comments