Skip to main content

အရှေ့နှင့် အနောက် - ဂျာနယ်ကျော်မမလေး

နေရောင်သည် လင်းဝါလာကာ ရွှေခြည်ဖြင့် လမ်းပေါ်သို့ ဖြန်းပက်ထားသည်။ ဘောက်ထော် လမ်းပေါ်ရှိ ချိုင့်ခွက်များကား နေရောင်တွင်မည်းနေကာ အရုပ်ဆိုးစွာ ဟောက်ပက်နေကြ သည်။ လမ်းပေါ်တွင် ဖြတ်သန်းသွားလာနေကြသော ဘတ်(စ်)ကားများသည် စက်ရှိန် သတ်လျက် ချိုင့်ကြီးများတွင် ဘီးနစ်ကာတနဲ့နဲ့ လှိမ့်မောင်းဖြတ်ကျော်နေကြသည်။ ချိုင့်ထဲသို့ ဘီးကျ၍ဝုန်းဒိုင်းနှင့် သွက်သွက်ခါယမ်းသွားသော အသံဗလံများထွက်ပေါ် ဆူညံနေပေသည်။
ကျွန်မတို့နေထိုင်သော ဘောက်ထော်အရပ်ရှိ မြေလမ်းကား တစ်ခေါက်ရောက်ဖူးသူတိုင်း ဖိန့်ဖိန့်တုန်ကြသည်။ ကားပေါ်၌ အသည်းနှလုံး ပြုတ်ကျမလောက် ဆောင့်လျှက် လမ်းတစ်လျှောက်လုံး မောင်းသွားကြသော ဘတ်(စ်)ကားများမှာ လမ်းပေါ်တွင် ဦးစိုက် ပဲ့ထောင် ဖြစ်နေကြသည်။ ကုန်းပေါ်တွင်ကြီးသော လှိုင်းကား ရေလှိုင်းထက် ဆိုးပေသတည်း။
အင်းစိန်ပိုုင် အထိမ်းအမှတ် ဘောက်ထော်မြေနီလမ်း ဆုံနှင့် ရန်ကုန်ပိုင် ကတ္တရာလမ်းစပ်မှာ ခရီးဘယ်လောက်မှမဝေးဘဲ ကားများသည် နာရီဝက်ခန့်နီးနီး ကြာအောင် ချိုင့်ထဲတွင် တဖြည်းဖြည်းလှိမ့်ကာ သွားနေကြရသည်။ ကျွန်မ၏ကားသည်လမ်းပေါ်တွင် တရွေ့ရွေ့ ယိမ်းထိုးလှုပ်ကာ မောင်းနှင်နေလေသည်။
လမ်းဆိုးခြင်းသည် ကျွန်မ၏အတွေးကို ငြိမ်ငြိမ်သက်သက်မရှိအောင် နှောက်ယှက်နေသည်။ ယနေ့နံနက် အိမ်မှ ထွက်လာခြင်းသည် ခါတိုင်းနေ့များလိုမဟုတ်။ ခေါင်းထဲတွင် စဉ်းစားတွေးတောစရာများနှင့် ပြည့်နှက်နေသည်။ အိမ်ကထွက်လာခဲ့ရင်း ကိစ္စနှင့်ဆက်စပ်၍ စိတ်ကူးထုတ်ကာ တလှုပ်လှုပ်တနဲ့နဲ့ တွေးရင်းတွေးရင်း သင်္ဘောပေါ်သို့ ရောက်သွားလေ သည်။
မော်လမြိုင်ကျွန်းမှ ဘိုကလေးသို့ ခုတ်မောင်းနေသော ဧရာဝတီနှစ်ထပ် မီိးသင်္ဘောကြီးဖြစ် သည်။ သင်္ဘောဦးခန်းထဲတွင် ကျွန်မနှင့်အတူ စီးလာကြသောသူများကား … ဒို့ဗမာအစည်း အရုံးမှ သခင်အောင်သန်း၊ သခင်ညီ၊ သခင်ဗစိန်၊ သခင်တင်မောင်၊ သခင်မ  မခင်ခင်(သခင်ညီ၏ဇနီး) နှင့် ပြည် သခင်မ  မသိန်းတင်တို့ဖြစ်သည်။ ကျွန်မတို့လူစုသည် မော်လမြိုင်းကျွန်းသို့ တရားသွားဟောရာမှ ပြန်လာကြသည်။
မော်လမြိုင်ကျွန်းဇရပ်ထဲတွင် ကိုယ့်အလှည့်နှင့်ကိုယ် အသီးသီး လက်သီးလက်မောင်းတန်း ကာ အင်္ဂလိပ်နယ်ချဲ့ကို အားရပါးရ ပုတ်ခတ်ရှုတ်ချ ဟောပြောပြန်ခဲ့ကြ၍ အတော်လေး မောပန်းလာကြသည်။ သင်္ဘောခန်းထဲတွင် ငြိမ်သက်စွာထိုင်နေကြလျက် အားလုံးလိုလိုပင် မြစ်ကမ်းနဖူးဘက်ရှိ လယ်ကွက်၊ သစ်ပင်၊ တဲအိမ် စသည့် တရိပ်ရိပ်ပြေးနေသော သဏ္ဌာန်များကို ငေးမောနေကြသည်။
ထိုအခိုက် ရင်တုန်တတ်သော သခင်ညီကသူ၏ အပေါ်အင်္ကျီ၊ အတွင်းအိတ်ထဲမှ ပယင်းရောင် ဆေးပုလင်းလေးကိုထုတ်ကာ လက်ဝါးပေါ်သို့ ဆေးပြားကလေးများ ခေါက်ချလျက် ပါးစပ်ထဲသို့ ပက်မျိုလိုက်သည်။
“ဘာဆေးလဲ.. သခင်ညီ”
ကျွန်မက လှမ်းမေးလိုက်သည်။ သခင်ညီမှာ ဆေးပြားမျိုနေခိိုက် ရုတ်တရက်မဖြေနိုင်…။
“အင်္ဂလိိပ်ကို သခင်ညီတို့ မြန်မာပြည်က ဘယ်လိုဘဲမောင်းထုတ်နေပေမယ့် အင်္ဂလိပ်ဆေး တော့ သူ့အိပ်ထောင်ထဲက ဘယ်တော့မှ မချဝံ့ဘူး ခင်ဗျ”
သခင်အောင်သန်းက ဝင်နောက်လိုက်သည်။ အများရယ်မောကြသလို ကျွန်မလည်း ရယ်မော မိသည်။ သိို့သော် ထိုစကားမှာ ကျွန်မအဖို့ ပြီိးပြီးပျောက်ပျောက်မဟုတ်ဘဲ တွေးစရာဖြစ်၍ တွေးမိသည်။
“အင်္ဂလိပ်တွေမောင်းထုတ်လိုက်ပါပြီတဲ့၊ မြန်မာပြည်မှာ ကိုယ့်မင်းကိုယ့်ချင်း ကိုယ့်လွတ်လပ် ရေးနဲ့ကိိုယ်ရှိပါပြီိတဲ့၊ ဘယ်မှာတုန်း ဆေး….”
ကျွန်မ၏မေးခွန်းကို ကျွန်မကြေနပ်လောက်အောင် အဖြေမပေးနိုင်ခဲ့။ မြန်မာပြည်လွတ်လပ် ရေးရလျှင်ဟု စဉ်းစားမိတိုင်း အမျိုးသားဆေးပြဿနာ ပေါ်လာသည်။
မြန်မာဆေးဆိုလျှင်နှာခေါင်းရှုံ့တတ်သော ကျွန်မသည် အင်္ဂလိပ်ဆေးကို မပြတ်မှီဝဲလျက် အင်္ဂလိပ်အစိိုးရနှင့် အတိုက်အခံလုပ်ကာ သခင်အသင်းဝင် သခင်မ ဖြစ်နေသည်။
ထိုစဉ်က သခင်တွေပင်နီဝတ်ကြသလို ကျွန်မလည်းပင်နီဝတ်ခဲ့သည်။ သခင်တွေ မြန်မာဖြစ် အားပေးကြသလို ကျွန်မလည်းမြန်မာဖြစ်ကို တတ်နိုင်သမျှ အားပေးသည်။
အင်္ဂလိပ်အစိုးရကို မကောင်းဟောပြော၍၊ အင်္ဂလိပ်ကိုဆန့်ကျင်၍၊ အင်္ဂလိပ်ကိိုတော်လှန်၍…၊ သို့သော် အင်္ဂလိပ်ဆေးကို လက်မလွတ်ဝံ့၊ သပိတ်မမှောက်ဝံ့။
“သူတို့ကို ဘယ်လိုတိုက်တိုက် ဆေးတော့ သူတို့ဆေးကိုအားထားရမှာပဲ”
ယခုလို တွေးတောလက်ခံရသည့်အဖြစ်ကို စိတ်ထဲ၌ အောင့်သက်သက်ရှိလှသည်။ ကိုယ့်လူမျိုး၊ ကိုယ့်ဆေးနှင့်ကိုယ်ဟု ရှေ့သို့ တစ်ဆင့်တိုး၍လည်း မစဉ်းစားရဲ။ အင်္ဂလိပ်ဆေးဝါးကိုတော့ အာမခံဝံ့၍ ကိုယ့်အသက်ကို အင်္ဂလိပ်လက်ထဲ ဝ ကွက်အပ်ထားရသည်။
တရားဟောစင်ပေါ်တက်၍ လက်ရုံးတန်းကာ အင်္ဂလိပ်အစိုးရအား သွေးစုပ်၊ နယ်ချဲ့ ပြောဆိုနေစေကာမူ စိတ်ထဲ၌ကား ဆေးဝါးနှင့်ပတ်သက်၍ အောင့်သက်သက်နှင့်….။
ဤက စလေသည်။ မှတ်မှတ်ရရ အင်္ဂလိပ်ဆေးမရှိရင် ဘယ်နည်းနှင့်မှမဖြစ်သလို အင်္ဂလိပ်ဆေးသာ ဆေးေအောက်မေ့ခဲ့သော နေရာဌာနမှာ ဧရာဝတီသင်္ဘောပေါ်၌ ဖြစ်လေသည်။
နောက်ကြောင်းများကို အတောမသတ်တွေးနေစဉ် ကားမှာ ဘောက်ထော်မြေနီလမ်းဆိုးကို ကျော်ခဲ့၍ ကတ္တရာလမ်းပေါ်သို့ရောက်လာလေသည်။ ဖြောင့်ဖြူးသောလမ်းပေါ်တွင် တငြိမ့်ငြိမ့်စီးကျလျက် တစိမ့်စိမ့်ပီတိဖြစ်နေသည်။
ခါတိုင်း မြင်နေကျ မြင်းပြိုင်ကွင်း၊ ဓာတ်ဆီဆိုင်၊ ကားဆိပ်၊ ဒါတွေကို လျှံ၍ မျက်စိထဲတွင် ဝိုးဝိုးဝါးဝါးဖြစ်နေသည့် ရုပ်ပုံကို မှန်းကြည့်လျက်ရှိရာ အသက်အရွယ်လည်းမခန့်မှန်းနိုင်၊ ရုပ်လက္ခဏာလည်းပေါ်ပေါ်ထင်ထင်မရှိ၊ ပုံဖမ်းကြည့်သောသဏ္ဌာန်၌ ထင်ရှားသည့်အသွင် ကား အသားဖြူဖြူ၊ ဂါဝန်ဝတ်…
ဂါဝန်ဝတ်ထားသော အမျိုးသမီး၏ ဝိုးတဝါးသဏ္ဌာန်သည် ကျွန်မမျက်စိရှေ့၌ ဆီးနေလေ သည်။
မမလေး
မနက်စောစော ဆေးတို်က်ကိုလာခဲ့ပါ၊ အင်္ဂလန်က မစ္စဟက်ဆင်ဆိုတဲ့ ဆရာဝန်မကြီး မြန်မာပြည်ရောက်လာပြီး မြန်မာဆေးပညာကို စုံစမ်းချင်လို့ ဘားမင်းသတင်းစာ အယ်ဒီတာ ဦးမောင်မောင်ပြေက ဆရာ့ဆေးတိုက်မှာ ဆွေးနွေးပွဲလုပ်ဖို့ ချိန်းထားလိုက်ပြီး၊ ဆက်ဆက်လာခဲ့ပါ။
ဆရာကြီးထံမှ ပို့လိုက်သော စာအားဖြင့် မစ္စစ်ဟတ်ဆင်ဟူ၍ နာမည်သာသိရသေးကာ လူချင်းမတွေ့ခင် ပုံသဏ္ဌာန်ကို မှန်းကြည့်မိသည်။ နောက်တုန်းက “လွတ်လပ်ရေးရလျှင် ဘယ်မှာတုန်း ဆေး”ဟု ကျွန်မကိုယ်ကျွန်မမေးခဲ့သည်။
လွတ်လပ်ရေးမရခင်က ဤအဖြေကို ကျွန်မမပေးနိုင်ခဲ့။ ယခုအင်္ဂလိပ်လက်အောက်က လွတ်လပ်သွားသည့် အချိန်ကျမှပင် လွတ်လွတ်ကျွတ်ကျွတ် အဖြေပေးနိုင်သောအဖြစ်ကို တစိမ့်စိမ့်ပီတိဖြစ်မိသည်။
အင်္ဂလိပ်ဆရာဝန်မကြီးတစ်ဦးက မြန်မာဆေးပညာကို လိုလိုချင်ချင် ဆွေးနွေးစုံစမ်းလိုပုံမှာ လည်း စိတ်ဝင်စားစရာပင်။ အင်္ဂလိပ်လက်အောက်က လွတ်မြောက်ပြီး အင်္ဂလိပ်ဆရာဝန်မကြီး တစ်ယောက်ရှေ့တွင် မြန်မာဆေးကိုသာ အားထားမှီဝဲ၍ မြန်မာ့ဆေးပညာကို လေးစား ကြောင်းပြရမည်မှာလဲ ကျေနပ်စရာပင်။
ကားသည် ကြည့်မြင်တိုင် ကွမ်းရွဲတန်း နေလဝိဇ္ဇာဆေးတိုက်နားတွင် ထိုးဆိုက်လိုက်သည်။ ဆေးတိုက်ရှှေ့တွင် ကားတွေစီရရီရပ်ထား၍ အချို့ဧည့်သည်များ ရောက်နှှင့်နေကြလေပြီ။
ဆေးတိုက်ထဲသို့ဝင်သွားသောအခါ ထူးခြားသောဆရာကြီးကို သတိပြုမိသည်။ ဆရာကြီးသည် မီးခိုးရောင် ဘန်ကောက်လုံချည်ကို ဝတ်ဆင်လျက် ပုဝါအသစ်ကို ခေါင်းပေါင်းထားသည်။ တောက်ပြောင်သောအဝတ်အစားနှင့် ဆရာကြီးကို တွေ့ရခဲဘိ၍ အခါအလျှောက် လောကအကြောင်းကိို လိုက်လျောသားပဲဟု အောက်မေ့ရသည်။
ဂါဝန်ဝတ် အင်္ဂလိိပ်ကပြားမတစ်ယောက်နှင့် စိန်ပေါလ်ကျောင်းမှ ကျောင်းဆရာမတို့သည် စားပွဲခုံတစ်ခုတွင် ဧည့်သည်များကျွေးမွေးရန် ပေါင်မုန့်များလှီးနေကြသည်။
ဆေးဗီရိုများအနီးရှိ ကုလားထိုင်များတွင် ဧည့်သည်များထိုင်နေကြသည်။ အတွင်းဝန် ဦးမောင်ကြီိး၊ တက္ကသိုလ်ကထိကဆရာမ ဒေါ်သင်းကြည်၏ဖခင် လယ်ဝန်ဦးကြို့၊ တက္ကသိုလ် ဓာတုဗေဒ ဌာနဆရာ ဦးသိန်းညွန့်၊ စစ်ဗိုလ် ဦးမောင်မောင်၊ ဝတ်လုံတော်ရ ဦးထွန်းအိ။
သူတို့သည် ကျွန်မအရင်အစောကြီးဆေးတိုက်သိို့ ရောက်နေသည်။ ဆရာကြီိးစားပွဲတွင် တင်ထားသော ဘားမင်းသတင်းစာကို ကောက်ယူကြည့်လိုက်ရာ ဆရာဝန်မကြီး မစ္စစ်ဟတ်ဆင်၏ အကြောင်းကိို ရေးသားထားသော သတင်းများဖတ်ရှုရသည်။
သူသည် မြန်မာ့ဆေးပညာကိုသာမဟုတ်၊ ဗုဒ္ဓဘာသာ ဝိပဿနာသမထတရားကို လေ့လာ အားထုတ်ရန် ရန်ကုန်သို့ ရောက်လာခြင်းဖြစ်သည်။
မစ္စစ်ဟတ်ဆင်
(အမ်-ဘီ-ဘီ-အက်စ်၊ အမ်အာရ်- စီ- အက်စ်)
(လန်ဒန်)
ဟူသောဂုဏ်ပုဒ်များအပြင် သူမ၌ ခိုင်မြဲတည်ကြည်သော ဂုဏ်အင်္ဂါတစ်ရပ်လည်း ရှိသေး သည်။ ပထမကမ္ဘာစစ်ကြီိးတွင် သူမသည် ဆေးပညာဘွဲ့ထူးကို ဆွတ်ခူးပြီးနောက် စစ်ထဲသို့ဝင်ရောက်အမှုထမ်းသည်။ စစ်တပ်ထဲတွင်စစ်ဗိုလ်တစ်ဦးနှင့် တွေ့ဆုံကာ ချစ်ခင်စုံမက်ကြလေသည်။ လက်မထပ်ရသေးခင် ချစ်သူမှာ စစ်ထဲတွင် ပေါင်ကျိုးသွား၍ သူမကိုယ်တိုင် ဆေးကုပေးရလေသည်။ စစ်အပြီး ပေါင်ကျိုးနေသော ဗိုလ်ကြီးကို လက်ထပ်ခဲ့သည်။ ခင်ပွန်းသည် ခြေတစ်ပေါင်ကျိုးနှင့် ကနေဒါပြည်တွင် လိုက်နေလေသည်။ ဒုတိယကမ္ဘာစစ်တွင် မစ္စစ်ဟတ်ဆင်သည် အင်္ဂလန်သိို့ ပြန်လာခဲ့ကာ စစ်ဆေးရုံတွင် ဆရာဝန်အလုပ်ဖြင့် ဝင်ရောက်အမှုထမ်းပြန်သည်။
မစ္စစ်ဟတ်ဆင်၏ယောကျ်ား ကွယ်လွန်သွားပြီးနောက်တွင်ကား မစ္စစ်ဟတ်ဆင်သည် ဝိပဿနာတရားကို လေ့လာအားထုတ်လို၍ သွားရောက်စူးစမ်းလေ့လာကာ နောက်ဆုံးတွင် ဗုဒ္ဓဘာသာထွန်းကားရာဖြစ်သော မြန်မာပြည်သို့ ခေတ္တလာရောက်ခြင်း ဖြစ်ပေသည်။
ယနေ့နံနက်တွင် မစ္စစ်ဟတ်ဆင်၏ ဆွေးနွေးပွဲသို့ လာရောက်ကြသော ပရိတ်သတ်ကား အင်္ဂလိိပ်ဆေးဝါးထက် မြန်မာဆေးဝါးကို အားထားမှီဝဲနေကြသော ခေတ်ပညာတတ် ပုဂ္ဂိုလ်က များလေသည်။ မစ္စစ်ဟတ်ဆင်မရောက်လာသေး၍ ဧည့်သည်များဝိုင်းဖွဲ့ကာ ကော်ဖီသောက် နေကြစဉ် ကားတစ်စီးဆေးတိုက်ရှေ့သိို့ ထိုးဆိုက်လာသည်။ ဘိုမကြီးတစ်ယောက်နှင့် ဦးမောင်မောင်ပြေတို့ ကားပေါ်မှဆင်းလာကြသည်။ မစ္စစ်ဟတ်ဆင်မှာ အသက်(၅၀) ခန့်ရှိသည်။
အသားနီနီ၊ အရပ်ခပ်မြင့်မြင့်၊ ခပ်ပိန်ပိန်၊ ခေါင်းပေါ်တွင် ဆံပင်များဖြူဖွေးနေသည်။ သွားပုံလာပုံမှာ ခပ်ရို့ရို့ ခပ်ကိုင်းကိုင်းဖြစ်သည်။ စကားပြောသည့်အခါ ပြုံး၍ လူကိုမကြည့်ဘဲ မျက်လုံးကိုအဝေးသို့ စူးစိုက်ကာ သိိမ်မွေ့ညင်သာစွာ ပြောသည်။
ကန်စွန်းပွင့်အဆင်ဂါဝန်ဖြူပြာကိို ဝတ်ထားကာ ရင်ရှေ့အင်္ကျီကော်လာအောက်တွင် ကြယ်စေ့ အနက်ကြီးများ တပ်ထားသည်။ မစ္စစ်ဟတ်ဆင်က သူ့ရှေ့တွင်တည်ခင်းထားသော ဆီထမင်းနှင့် ပဲပြုတ်ကို အရင်စား၍ ကော်ဖီကိုသောက်ပြီး “မြန်မာ့ဆေးပညာကို ဆွေးနွေးခွင့် ရရှိတဲ့အတွက် ဝမ်းသာကြောင်း” စတင်ပြောဆိုသည်။ ဆရာကြီးမှာ မစ္စစ်ဟတ်ဆင်နှင့်အတူ ယှဉ်ထိုင်လျက် ဝတ်လုံတော်ရ ဦးထွန်းအိက မစ္စစ်ဟတ်ဆင်၏ ဘေးတွင်ထိုင်ကာ ဆရာကြီးနှင့် မစ္စစ်ဟတ်ဆင်တို့ကို ဘာသာပြန်လုပ်လေသည်။
ကျွန်မလည်းဆရာမကြီိးကို စူးစိုက်ကာမေးသမျှ မေးခွန်းကို စိတ်ဝင်စားစွာ မှတ်သားနေမိ သည်။ မြန်မာ့ဆေးပညာနှင့် ပတ်သက်၍ သစ်ဥ၊ သစ်ဖု၊ သစ်မြစ်များကို စိတ်ဝင်စားကြောင်း အကျယ်တဝင့်ပြောဆိုပြီးနောက် “မြန်မာ့ဆေးပညာတွင် ဆေးမျိုးပေါင်းဘယ်လောက် ရှိပါ သလဲ” ဟု ဆရာကြီးအားမေးလေသည်။
“နေလ မြန်မာ့ဆေးပညာမှာ ဆေးမျိုးပေါင်း တစ်ရာ့ရှစ်မျိုးပဲရှိတယ်၊ တစ်ရာ့ရှစ်မျိုးမှာ ပထမတန်းစား၊ ဒုတိယတန်းစား၊ တတိယတန်းစား သုံးမျိုးရှိတယ်။ ဒီတစ်ရာ့ရှစ်နည်းကို ကျဉ်းလိုက်ရင် ဆေးမျိုး နှှစ်မျိုးဘဲရှိတယ်”
သူမသည် မျက်မှောင်တွန့်လိုက်ကာ “ဒါအပြီးပဲလား၊ နောက်ဖော်ဦးမလား…” ဟု အံ့သြသလို မေးမြန်းသည်။
“နောက်ထပ်ဖော်ဖို့မရှိဘူး၊ ဒါအပြီးပဲ” ဟု ဆရာကြီးက ပြန်ဖြေသည်။
“အင်္ဂလိပ်ဆေးပညာမှာတော့ အင်္ဂလိပ်ဆေးများဟာ ဖော်စပ်လို့မဆုံးဘူး၊ အနာတစ်ခုပေါ်ရင် ဆေးတစ်မျိုး ပေါ်လာတာပဲ၊ အနာတစ်ခု ဆေးတစ်မျိုးဖော်တဲ့အတွက် ကျွန်မကုသတဲ့နေရာမှာ ဆေးတွေကို သိပ်အားမထားဘူး၊ ဟိုမရိုပက်သီ ဆိုတဲ့ ဆေးပညာနည်းနဲ့သာ ကျွန်မကိုယ်တိုင် စမ်းသပ်တယ်၊ လူအများလည်း ဒီနည်းနဲ့ပဲ စောင့်ရှောက်တယ်။ နန်းတော်ထဲက ဘုရင်မအဲလီဇဘတ်မင်းသမီးလဲ ဟိုမရိုပက်သီနည်းကို စမ်းသပ်အသုံးပြုတယ်။ ဆေးထိုးပြီးမကုဘူး၊ မခွဲမစိတ်ဘဲ နဲ့ ကုနိုင်တာကို သဘောကျတယ်၊ အင်္ဂလိပ်ဆေးနဲ့ ပတ်သက်ပြီး ဝေဖန်ရမယ်ဆိုရင် ခွဲစိတ်ပြီးကုရတာကိုတော့ ကျွန်မသဘောမကျဘူး၊ အမှန်စင်စစ် မခွဲမစိတ်ဘဲ ကုနိုင်တာ သဘောကျတယ်။ ဆေးထိုးကုနေတာဟာလဲ ဆေးထိုးလို့ အနာပျောက်ကြောင်း အတိအကျမတွေ့ရဘူး၊ ဆေးထိုးတာ ငွေရတာမြန်တာသာ တွေ့ရတယ်”
ပရိတ်သတ်အားလုံးပင် မစ္စစ်ဟတ်ဆင်အားငေးစိုက်၍ နားထောင်နေကြသည်။ ခွဲစိိတ်ကုသခြင်း၊ ဆေးထိုးကုခြင်းစသည့် အနောက်နိုင်ငံကုထုံးများကို အင်္ဂလိပ်ဆရာဝန်မက သဘောမကျနိုင်ကြောင်း ရိုးသားစွာပင် ရှင်းပြောပြနေသည်။
မြန်မာ့ဆေးပညာကို အထင်သေးစဉ်ကဆိုလျှင် ကျွန်မမှာ မေ့ဆေးပေးကာ ဓားနှင့်ခွဲစိတ်၍ ကုသပုံကို အဟုတ်ကြီးထင်မှတ်ခဲ့မိသည်။
မစ္စစ်ဟတ်ဆင်ပြောသလို မခွဲမစိတ်ဘဲနှင့် ကုတာကိုသာ သဘောကျရမည်ဟု တစ်ခါမှ သဘောမပေါက်မိ။ ခွဲစိတ်ကုတာကိုမှ အထင်ကြီးကာ မျက်စိလည်နေပေသည်။
ပြဇာတ်ဆရာကြီး ဘားနက်ရှောက “ဆရာဝန်၏အခက်အခဲ” ဟူသောပြဇာတ်၌ ခွဲစိတ်ကုသ ခြင်းနည်းကို သရော်ထားခဲ့သည်။ သူကခွဲစိတ်ခြင်းသည် လူသတ်နေခြင်းဟုပင် ပြောခဲ့လေသည်။
မြန်မာ့ဆေးပညာကို ကျွန်မသင်ကြားဆည်းပူးသည့်အခါ ဝေဒနာတစ်ခုကို ပျောက်တတ်သည့် ဆေးနည်း (ဝါ) ဖော်နည်းကားကိုရှာ၍ ပညာကို ထုံခြင်းမဟုတ်ပေ။ ပညာအခြေခံဇစ်မြစ်နှင့် ယထာဘူတကျကျ အမှားအမှန်ကိုသာ အတိအကျ ရှာခဲ့သည်။
ပညာတတ်လျှင်ဆေးကို ကိုယ့်နည်းနှင့်ကိုယ် ဖော်စပ်ရပေမည်။ ဆေးလောကကို ကိုယ့်ပညာနှင့်ကိုယ် ဖန်တီးရပေမည်။ အမျိုးအမည်၊ ဆေးအမည်များနှင့် အချိန် တစ်ရွေးသား၊ နှစ်ရွေးသား စသည်ဖော်စပ်ထားသော ဆေးနည်းများကို အားကိုးမှတ်သားကာ ဆေးကုသဖို့ရာ စိတ်ကူးထဲမျှမထည့်ဖူးချေ။ နေလ မြန်မာ့ဆေးပညာ အခြေခံဇစ်မြစ်ကို လိုက်သည့်အခါ၌ ဆရာကြီး အမိန့်ရှိသည့်အတိုင်းပင် နေလမြန်မာ့ဆေးပညာတွင် တစ်ရာ့ရှစ်နည်းမှကျော်လွန်၍ ဆေးမရှိပေ။ တစ်ရာ့ရှစ်နည်းတွင် သုံးစားရှိသည်ဆိုခြင်းမှာ အကယ်၍ လူနာရှင်က ငွေကြေးတတ်နိုင်၍ ပြည့်ဝချမ်းသားခဲ့လျှင် ပုလဲကိုစားခိုင်းကာ အကယ်၍လူနာရှင်မှာ မတတ်နိုင်သူဖြစ်က ကနုကမာသွေးတိုက်၊ သို့မဟုတ် ယောက်သွားဖြင့်ကုရမည့်အတွက် သုုံးစား ခွဲထားခြင်းဖြစ်သည်။ ပုလဲ၊ ကနုကမာ၊ ယောက်သွားတို့၏ သတ္တိအစွမ်းမှာ ဝေဒနာပျောက်ခြင်းတူကာ အနှေးအမြန် ခြားနားခြင်းသဘော ရှိပေသည်။
တစ်ရာ့ရှစ်နည်းကို ပညာအရချုံ့ကျဉ်းနိုင်လျှင် နေလ မြန်မာ့ဆေးပညာတွင် ဖော်စပ်ဆေးမှာ နှစ်မျိုး နှစ်နည်းသာရှိသည်။ ပညာကိုသင်ပြသောဆရာကြီးက ကျွန်မကို သြဝါဒပေးဖူးလေ သည်။ ဆေးမတိုက်မီ လူနာကို တည့်တာမတည့်တာ အတိအကျ ဆရာကဆုံးဖြတ်ထားနိုင် ရမယ်။ အကယ်၍ လူနာရှင်က တည့်မတည့်ကိုသိလိုပါက သစ်ပင်ကိုဖြစ်စေ၊ တိရစ္ဆာန်ကို ဖြစ်စေ၊ ထိုလူနာကိုဖြစ်စေ၊ သို့မဟုတ် အခြားသူတစ်ယောက်ကိုဖြစ်စေ တည့် မတည့်ပြောပြီး လုပ်ပြနိုင်ရမယ်၊ “ပျောက် မပျောက် တာဝန်မခံနိုင်ပေမဲ့” ဆိုသောစကားမှာ ဝဋ်နာကံနာများကို ခြွင်းချက်ထား၍ ပြောဆိုခြင်းဖြစ်သည်။
မစ္စစ်ဟတ်ဆင်မှာ “ဆေးဖော်ရန်နောက်ထပ်မရှိဘူး၊ ဒါအပြီးဘဲ၊ အကျယ်တစ်ရာ့ရှစ်၊ အကျဉ်း-နှစ်” ဟူသော ဆရာကြီး၏အဖြေကို အံ့သြသွားပုံရပါသည်။ “ဆေးဖော်စပ်လို့ဆုံးတာ မြန်မာ့ဆေးပညာ၌သာ ကြားသိရကြောင်း” ပြောပြကာ အံ့သြနေပေသည်။
ဆရာကြီးက ထပ်မံ၍ ရှင်းပြရသည်။
“မိမိသင်အံလေ့ကျက်တဲ့ဆေးကျမ်း အမှားအမှန်ချိန်တာမရှိလို့ ဆေးဖော်စပ်လို့မဆုံးတာ၊ သင်အံလေ့ကျက်တဲ့ ဆေးကျမ်းရဲ့ အမှားအမှန်ကို ဆုံးဖြတ်နိုင်ရင် ဆေးဖော်စပ်လိို့ ဆုံးရမယ်”
ဝတ်လုံတော်ရ ဦးထွန်းအိိက ဆရာကြီးစကားကို မစ္စစ်ဟတ်ဆင် သဘောပေါက်အောင် ရှင်းပြသည်။ မစ္စစ်ဟတ်ဆင်သည် ခေါင်းကိုတညိတ်ညိတ်နှင့် လေးလေးနက်နက် တွေးတော မှတ်သားနေပေသည်။
“ စိန်ကို မြန်မာ့ဆေးပညာမှာ သုံးပါသလား၊ ကျွန်မအယူအဆမှာ စိန်ဟာ နည်းနည်းသုံးရင် အပြစ်မရှိဘူး၊ ဘေးမရှိဘူး”
မစ္စစ်ဟတ်ဆင်က မြန်မာဆေးပညာကို တောက်ကြည့်လိုက်သည်။ ဤမေးခွန်းကို ဆေးပညာ လိုက်စားတတ်သိသည့် သူတိုင်းပင် ဘယ်အဓိပ္ပာယ်နှင့်မေးကြောင်း ရိပ်မိသိရှှိနိုင်ကြသည်။
မစ္စစ်ဟတ်ဆင်၏မေးခွန်းကို ဆရာကြီးက “စိန်ကို နည်းနည်းသုံးသုံး များများသုံးသုံး နားမလည်ရင်ဘေးရှှိတယ်၊ နားလည်ရင်ဘေးမရှိဘူး” ဟု ပြန်ဖြေလိုက်သည်။
ဓာတ်များနှင့်ပတ်သက်၍ အသုံးချရာတွင် မြန်မာ့ဆေးပညာတွင် ဓာတ်ကိုပိုင်ပိုင်နိုင်နိုင် နားမလည် မတတ်သိဘဲနှင့် ဆေးကိုင်ဖို့ရာ ခက်သည်။ ဓာတ်များကား ငရုတ်ကောင်း၊ ပိတ်ချင်း၊ ဂျင်းတို့ထက် ထက်မြက်သောသတ္တိရှိပေသည်။
“အုန်း၊ ကျွန်း၊ စံ၊ ရာ၊ သံ၊ ဓာတ်၊ ရင်း၊ နှော” ဟူသည် ဓာတ်ကိုးပါးကို ပေါက်မြောက်အောင် နားလည်ခဲ့ပါလျှင် လောက၌ အားလုံးဖန်တီိးနိုင်သောအဆင့်သို့ ရောက်နိုင်လေသည်။
စိန်၊ ဟင်းရိုင်း၊ ဒုဋ္ဌာ၊ ပြဒါး၊ ကျောက်ချဉ်၊ ယမ်း၊ ကန့်၊ ရွှေ၊ ဆား ဤဓာတ်ကိုးပါးထဲမှ အမြောက်၊ ဗုံးမှ အနုမြူအထိ ဖန်တီးနိုင်ကြသည်။ မြန်မာမှုအစဉ်အလာအရဆိုလျှင် ယင်းဓာတ်သဘော များကို လူ့လောကကောင်းကျိုးအတွက် လူအများကျန်းမာရေးအတွက် အသက်ရှည်ရေး အတွက်ကိိုသာ လုပ်ဆောင်ခဲ့ကြပေသည်။
ဓာတ်ကိုးပါးကို နားလည်တတ်သိချေက အလိုရှိသလောက် တောင်းခံနိုင်သလောက်၊ ထက်မြက်သောဆေးစွမ်းကို ဖြန့်ဖြူးပေးကမ်းနိိုင်သည်။
ဤကဲ့သို့ ထက်မြက်ခြင်းရှိလှသော အမျိုးသားဆေးပညာ၊ ဓာတ်ပညာ၊ ဝိဇ္ဇာပညာများမှာ အင်္ဂလိပ်လက်အောက်ရောက်သောအခါ တိမ်ကောခဲ့ရသည်။ မစ္စစ်ဟတ်ဆင်သည် တစ်စုံတစ်ရာကို စဉ်းစားသလို အင်္ကျီကော်လာမှ ကြယ်သီးကို လက်နှင့်ပွတ်ရင်း
“ရောဂါရတာ ဘာကြောင့်ရပါသလဲ” ဟု မေးလေသည်။
ဆရာဝန်မ၏ မေးခွန်းတိုင်း ဆရာကြီိးကဖြေသည်။ အင်္ဂလိပ်ဆရာဝန်နှင့် မြန်မာဆရာတို့ အမေးအဖြေကိုိ ဧည့်သည်များက စိိုက်လျက်စိတ်ဝင်စားစွာ နားထောင်နေကြသည်။
“ရောဂါရတာ အာရုံငါးပါးမှ မတည့်တဲ့အရာဝတ္ထုကြောင့် ဝေဒနာရတယ်လို့ပြောလိုက်ပါ..၊ သူကဝိပဿနာလိုက်စားတယ်ဆိုတော့ အာရုံငါးပါးကို နားဝေးမယ် မဟုတ်ဘူးထင်တယ်၊ အထူးသဖြင့် အစာကြောင့် ဝေဒနာရတယ်လို့ ဖြေလိုက်ပါ”
ဆရာကြီး အမိန့်ရှိသည့်အတိုင်းပင် ဝတ်လုံတော်ရ ဦိးထွန်းအိက ဆရာဝန်မနားလည်အောင် ရှင်းပြလေသည်။ မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်၊ အထိအတွေ့မှ ကိုယ်နှှင့်မတည့်သည့်အရာ၊ အနံ့၊ အသံ၊ အဟာရ၊ အထိအတွေ့ကြောင့် ဝေဒနာရကြောင်း အကြမ်းအားဖြင့်ပြောပြကာ အစားကြောင့် ဝေဒနာဖြစ်တာက များတယ်ဟု အသေးစိတ်ရှင်းပြောပြသည်။
“ရောဂါတိုင်း ပျောက်အောင်ကုနိုင်ပါသလား”
“ကုနိုင်ပါတယ်”
“ဆေးအပြင် ဘယ်နည်းနဲ့ကုသေးလဲ” ဟု မစ္စစ်ဟတ်ဆင်ကစုံစမ်းပြန်သည်။
“ဆေးနဲ့မဟုတ်၊ အစာနဲ့ ကုတယ်၊ ဆေးဆိုတာ စားရတဲ့အရာဝတ္ထုတွေ၊ အမှုန့် အရည်လုပ်ထားတာပဲ၊ ကိုယ်နဲ့တည့်တဲ့အစာစားရင် ဒီအစာဟာဆေးပဲ၊ ဆေးရှာစရာမလိုဘူး”
သူမငြိမ်သက်စွာပင် စားပွဲကိိုစိိုက်ကြည့်လျက် သူ၏ညာလက်မောင်းတွင်ရှိသော အဖုများကို လက်နှင့်ပွတ်နေလေသည်။
“ဆေးမရှိတဲ့နေရာမှာ ဝေဒနာကို ပျောက်အောင်ဘယ်လိုကုမလဲ”
ဤမေးခွန်းသည် မစ္စစ်ဟတ်ဆင်ကို ဆရာကြီးကမေးလိုက်သော ဆရာကြီး၏ တစ်ခွန်းတည်း သော မေးခွန်းပင်ဖြစ်ပေသည်။
မစ္စစ်ဟတ်ဆင်သည် အဖြေကိုရုတ်တရက်မပေးဘဲ ပြုံးကာစဉ်းစားနေသည်။ ဤတွင် ဝတ်လုံတော်ရ ဦးထွန်းအိက မြန်မာ့ဆေးပညာတွင် ဆရာဆိုတာ ကိုင်မိတာ ဆေးဖြစ်ရမယ် ဟူသောပညာအခြေခံသဘောကို အကြမ်းဖျင်း အချိန်အတော်ကြာလောက်အောင် ရှင်းပြော နေလေသည်။
“နောက်ဆုံး ဆေးမရှိတဲ့နေရာရောက်နေပြီး၊ ဆေးမရှိဘူးဆိုပါတော့ …”
စားပွဲပေါ်က စာရွက်ကို ထောင်ပြလျက် ….
“နောက်ဆုံးဒီစက္ကူပဲရှိတယ်ဆိုပါတော့၊ အဲ့ဒီိစက္ကူကိုပဲ ဆေးဖြစ်အောင်၊ မြန်မာက ပျောက်အောင်ကုသွားနိုင်တယ်”
ဆရာမမှာ ပြုံးစေ့စေ့နှင့်နားထောင်နေကာ စကားဆုံးလျှင်…
“ဘာကြောင့် ဒီစက္ကူကြောင့် ဝေဒနာပျောက်ရတယ်ဆိုတာတော့ ကျွန်မနားမလည်ဘူး၊ ဒါပေမဲ့ စက္ကူနဲ့လည်း ပျောက်အောင်လုပ်တတ်ရင် ပျောက်နိုင်တယ်ဆိုတာတော့ ကျွန်မအဖို့ စိတ်ဝင်စားစရာကောင်းနေပြီ”
မစ္စစ်ဟတ်ဆင်သဘောပေါက်အောင် ဦးထွန်းအိက ရှင်းပြနေခိုက် ကျွန်မသည် မြန်မာ့ ဆေးပညာသမိုင်းတွင် ယခုထက်တိုင်ထင်ရှားသော ဆရာဇီဝကအကြောင်းကို သုံးသပ်ကာ တွေးတောဆင်ခြင်မိသည်။ ဆရာဇီဝကသည် တက္ကသိုလ်တွင် ပညာသင်ယူပြီီးသောအခါ တက္ကသိုလ် ဒိသာပါမောက္ခ ဆရာကြီးက ဆရာဇီဝကကို အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာသို့ ခရီးတစ်တိုင်စီ သွားခိုင်းပြီးလျှင်ဆေးဖက်မဝင်သည့် သစ်ပင်ကို ရှာရမည်ဟု စေလွတ်လိုက်သည်။ ဆရာဇီဝကသည် အရှေ့ဘက်သို့ ခရီးတစ်တိုင်ခန့် သွားပြီး နောက် ဆရာကြီးအား ဆေးဖက်မဝင်သည့် သစ်ပင်ဆို၍ တစ်ပင်မျှရှာမတွေ့ခဲ့ကြောင်း ပြောလေသည်။ အရပ်လေးမျက်နှာစလုံး၌ပင် ခရီးတစ်တိုင်အထိ ဆေးဖက်မဝင်သည့် သစ်ပင် ဆို၍တစ်ပင်မှ ရှာမရကြောင်းပြန်ကြားသောအခါ “အသင်ဆရာဖြစ်ပြီ၊ သွားတော့” ဟု ဒိသာပါမောက္ခ ဆရာကြီးက အမိန့်ရှိလိုက်သည်။
ဆရာဆိုတာ ကိုင်မိိလျှင်ဆေးဖြစ်ရမယ်ဆိုသော စကားနှင့်ဆက်စပ်၍ ကျွန်မလည်း အထက်ပါ အကြောင်းကို ပြန်လည်သုံးသပ် ဆင်ခြင်ကြည့်မိသည်။ ဘယ်အရာမှ ဆေးဖက်မဝင်တာ မရှိသော မြန်မာ့ဆေးပညာနည်းကို အင်္ဂလိပ်ဆရာဝန်မကြီး တတ်သိနားလည်မည်ဆိုလျှင် ဘယ်လောက်များ စိတ်ဝင်စားလိုက်မလဲဟု အောက်မေ့ရလေသည်။
“အနောက်နိုင်ငံမှာ အခုခေတ်စားနေတာက ခွဲစိတ်ကုရုံ၊ ဆေးထိုးရုံမဟုတ်သေးဘူး၊ ဘာပဲ ဖြစ်ဖြစ် ဓာတ်မှန်သွားရိုက်ကြည့်ချင်ကြတာပဲ၊ ဓာတ်မှန်ပေါ်လာမှ လူတွေရောဂါ တော်တော်ထူ လာကြတယ်၊ ကင်ဆာရောဂါဝေဒနာဟာ ကြောက်ပြီးဖြစ်တာလို့ ကျွန်မယူဆတယ်….. ထစ်ကနဲ့ဆိုရင် သူတို့ကိုယ်တိုင်က ဓာတ်မှန်ပြေးရိုက်ချင်တာပဲ၊ ကျွန်မဆရာကြီးနဲ့ မြန်မာ့ဆေး ပညာကိုဆွေးနွေးပြီးတဲ့နောက် အနည်းငယ်ဝေဖန်ပြောရမယ်ဆိုရင် ဆရာကြီးကုထုံးကုနည်း ဟာ တောရွာတောမြို့မှာပဲ ကိုက်တယ်၊ အခုလို ခွဲစိတ်၊ ဆေးထိုး၊ ဓာတ်မှန်ရိုက် ခေတ်စားနေတဲ့ မြို့ကြီးပြကြီိးများမှာ အခက်အခဲတွေ့လိမ့်မယ်လို့ သဘောရမိတယ်”
မစ္စစ်ဟတ်ဆင်သည် နောက်ဆုံး ဤသို့နိဂုံးချုပ်လိုက်ကာ ပြန်ဖို့ရန်နေရာမှထ၍ အားလုံးအား လက်ဆွဲနှုတ်ဆက်လေသည်။ ကျွန်မလည်း မစ္စစ်ဟတ်ဆင်ကို ဆေးတိုက်ထဲရှိ မြန်မာ့ဆေး ရည်၊ ဆေးမှုန့်များကို ပြသလိုက်သည်။
“ဒီနေ့ ဆရာကြီးနဲ့ တွေ့ပြီးဆွေးနွေးကြတာ မြန်မာ့ဆေးပညာကို ဘယ်လိုသဘောထားပါသလဲ” ဟု နောက်ဆုံးဆရာဝန်မကြီးပြန်ကာနီး တံခါးဝတွင် ကျွန်မကမေးလိုက်သည်။
“ကမ္ဘာလှည့်ပြီး တရုတ်၊ ကုလား၊ ဆေးဝါးကုထုံးတွေကို အကျဉ်းလေ့လာဆည်းပူးကြည့်ခဲ့ တယ်၊ မထူးခြားလှဘူး၊ ဆရာကြီးပြောတဲ့ ရောဂါကို အစာနဲ့ကုတယ်ဆိုတဲ့အချက်ဟာ ထူးခြားပြီး မှတ်သားမိအောင် စိတ်ဝင်စားပါတယ်”
“မြန်မာပြည်ကို ရှင်မလာခင်က မြန်မာ့ဆေးပညာနဲ့ ပတ်သက်လို့ အစအနကြားခဲ့ဖူးပါလား”
ဟု ကျွန်မကထပ်မေးမြန်းလိုက်ကာ မစ္စစ်ဟတ်ဆင်ကို ပြုံးကြည့်နေသည်။
“မြန်မာပြည်မှာ ဆေးဖက်ဝင်တဲ့ သစ်မြစ်၊ သစ်ဖု၊ သစ်ဥတွေရှိတယ်ဆိုတဲ့ သတင်းကို မလာခင်ကပဲ သိရပါတယ်၊ မပြန်ခင်အချိန်ရရင် မြန်မာ့ဆေးပညာ ဆွေးနွးဖို့ ရှင်နဲ့ ကျွန်မဆွေး နွေးကြရအောင်”
ကျွန်မလည်း ပြုံးလျက်ကပင် ခေါင်းကို အသာညိတ်ပြလျက် လက်ဆွဲနှုတ်ဆက်လိုက်ကာ လူချင်းခွဲလိုက်ကြရသည်။

ဂျာနယ်ကျော်မမလေး
မှတ်ချက်။ ။ ဂျာနယ်ကျော်မမလေး၏ မြန်မာဆေးပညာစာအုပ်မှ ကူးယူမျှဝေပါသည်။
#အိိမ်လွမ်းသူဘလော့ဂ် မှ

Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...