အဖေ ...
ကျွန်တော့် ကို ညာခဲ့တာလား .. ။
.............
ကျွန်တော်ငယ်ငယ်တုန်းက
အဖေ အပြင်ထွက်ပြီဆိုရင် လက်ဆွဲပြီး လိုက်နေကျ။ စပ်စုတတ်တဲ့
ဗီဇပါတော့ မသိတာမြင် လက်ညှိုးထိုးမေးတော့တာပဲ။ အဖေကလည်း
ကျွန်တော် သိလိုသမျှ အကုန်ဖြေခဲ့ပါရဲ့.. ။
ဒါပေမယ့် ..
အဖေ ညာခဲ့တယ်။
......................
အပြင်မှာ နေကျဲကျဲတောက်ပူနေတယ်။ အဖေနဲ့ကျွန်တော်က ခြံထဲ
အရိပ်ကောင်းတဲ့ အပင်အောက်မှာ အတူထိုင်နေကြတာပါ။
အဲဒီချိန်မှာပဲ
" ပုန်းရည်ကြီးတွေ၊ အညာဇီးသီးတွေ ရမယ် "
စျေးတောင်းလေးကို ထမ်းပြီး အော်ရောင်းသွားတဲ့ လူတစ်ယောက်
ကျွန်တော်တို့အိမ်ရှေ့ကနေ ဖြတ်သွားတယ်။ နေကပူတဲ့အထဲ
ထီးမပါ ဘာမပါဆိုတော့ ချွေးတွေ ရွှဲနေရောပဲလေ။
"ဖေဖေ၊ ဟိုလူကြီးက နေပူထဲထီးလည်းမဆောင်းဘူးနော် "
" နေအပူထက် ဘဝအပူက သူ့အတွက်အရေးကြီးတာကိုး သားရဲ့ "
" ဘဝအပူဟုတ်လား ဖေဖေ "
" ဟုတ်တာပေါ့ သား ရယ်။ ပညာမတတ်ခဲ့တော့ သူ့ခမြာ အရိပ်
မရှိရှာဘူး။ နေပူထဲ ပင်ပင်ပန်းပန်းး ရှာဖွေစားသောက်ရတာပေါ့ "
" ပညာတတ်ရင် အရိပ်ရှိတာလား ဖေဖေ "
" ဒါပေါ့ သားရဲ့။ ပညာတတ်တော့ အရိပ်အောက်မှာ ပန်ကာအောက်
မှာ ဘောဘ်ပန်လေး ကိုင်ပြီးလုပ်ရုံပဲ။ သားလည်း ဟိုစျေးသည်လို
မပင်ပန်းရအောင် စာကြိုးစားရမယ်နော် "
" ဟုတ်ကဲ့ .. ဖေဖေ "
ခါတိုင်းထက် နှစ်ဆ စာတွေပိုကျက်ဖြစ်တယ်။
..............
" သား .. ထမင်းစားပြန်တာ နောက်ကျလှချည်လား။ ချွေးတွေလည်း တစ်ကိုယ်လုံး ရွှဲလို့။ ပုဆိုးလေးနဲ့ စင်အောင်သုတ်လိုက်နော် ၊ "
" ဟုတ်တယ် မေမေရေ .။ ပြန်လာခါနီးမှ ရထားဆိုက်လာတော့
တစ်ကြောင်း၊ နှစ်ကြောင်း ဆွဲလိုက်ရတာ "
" နေပူကြီးထဲမှာ ပင်ပန်းလိုက်တာသားရယ် "
" ဘယ်တတ်နိုင်မလဲ မေမေရယ်။ လက ကုန်တော့မယ်။ အိမ်လခဖိုး
အတွက်ပါ ပိုရှာရတာပေါ့။ သား မပင်ပန်းပါဘူး မေမေရ "
" သား အဖေသာရှိနေခဲ့ရင် ငါ့ သားလေး ဒီလို ပင်ပန်းမှာ မဟုတ်ဘူး "
အဖေ့တမ်းချင်းလေးနဲ့ အမေ ငိုပြီ။ သက်ပြင်းကို မသိမသာလေး
ထုတ်ရင်း ဆိုက္ကားကို အရိပ်ထဲ ထိုးရပ်ထားလိုက်တယ်။ ချွေးသုတ်ဖို့
အမေ ကမ်းပေးလာတဲ့ ပုဆိုးဟောင်းလေးက မျက်ရည်သုတ်ဖို့ ဖြစ်
သွားတာကို အမေ့ကို မသိစေချင်ပါ။
...................
အိမ်ထဲအဝင်ဧည့်ခန်းလေးမှာ ဓါတ်ပုံ နှစ်ပုံ ကယှဉ်တွဲ ချိတ်ထားတယ်။ ဝိဇ္ဇာဘွဲ့ရ အဖေ့ဓါတ်ပုံနဲ့ သိပ္ပံဘွဲ့ရ ကျွန်တော့်ဓါတ်ပုံလေးက အင်
မတန်မှ ကျက်သရေရှိလိုက်ပါဘိ ။
⬛
လင်းအိမ်
(ဟဟတစ်မျက်နှာဆုရဝတ္ထုတို)
#ဆရာရဲ့fbအကောင့်မှ ကူးယူထားပါသည်။
ခင်မင်မှုများစွာဖြင့် ပေးတဲ့ လက်ဆောင်...
Comments