အထက်ပါ အဖြစ်အပျက်များ ပေါ်ပေါက်ခဲ့ပြီးသည့်နောက် နှစ်လကျော်အကြာ တော်သလင်းလဆုံးမည်မူးမူး သီတင်းကျွတ်နီးလုလု တစ်ညနေပဟိုရ် လေးချက်ခန့်တွင် အမရပူရမြို့အနောက်ဘက် သပြေတန်းခံတပ်ထိပ် အမြောက်တစ်လက်အနီးတွင် လူနှစ်ဦးမှာ လေးနက်စွာ ဆွေးနွေးလျက်ရှိကြသည်။
တစ်ဦးမှာ ဘုရင့်တပ်မတော်အရာရှိ အဆောင်အယောင်ဆင်ယင်ထား၍အသက်အစိတ်ခန့် အရပ်အမောင်း မြင့်မြင့်မားမား၊ ရင်အုပ်ကျယ်ကျယ်သံမဏိကဲ့သို့ မာကျောဟန် သဏ္ဍာန်ပေါ်သူ တစ်ဦးဖြစ်သည်။၎င်း၏လည်ကုတ်၌ ထင်ရှားလှသော နဂါးရုပ်ကြီးအား ဆေးရေး ထိုးနှံထားသည်။ ထိုသူမှာ အခြားမဟုတ်။ ဤသပြေတန်းခံတပ်၏ ဗိုလ်မင်းဗိုလ်ဦးကြယ်၏ လက်ထောက်တပ်မှူးလေး ဗိုလ်သူရိန်ဖြစ်သည်။ဗိုလ်သူရိန်နှင့်အတူ ရှိနေသူမှာ မြန်မာ ဘုရင့် သစ္စာတော်ခံ အီတာလျံလူမျိုး ကပ္ပတိန်ကွမ်မိုတို(Commotto) ဖြစ်သည်။
နှစ်ဦးမှာ စကားပြတ်စ အတွေးကိုယ်စီ အလီလီနှင့် ငြိမ်သက်နေကြသည်။
ဓားလွယ်ခုတ်တစ်ဖက်ကမ်းတွင် မြကြောနောက်ခံဝယ်ထုံးဖြူဖြူရောင်ဖွေးဖွေးနှင့် သပ္ပယ်ဖွယ် စေတီ တော်တို့စံပယ်ရာ အေးငြိမ်းသာယာသော စစ်ကိုင်းတောင်ရိုးအား လှမ်းမြင်ရသည်။ မြစ်လယ်တွယ်မူသောင်ရိပ်ကျွန်းရိပ်တို့ပေါ်ထွန်းစပြုပေပြီ။
သီတင်းကျွတ် လဦးတွင်ဖြစ်သဖြင့် ခံတပ်ပတ်ဝန်းကျင်ရှိ တောင်သမန်အင်းရေတို့ လျှောကျခဲ့ပြီဖြစ်ရာ နုံးနု တင်ကျန်ရာ မြေပြင်အနှံ့မှာယာသမားတို့ ထွန်ယက်ထားသောကြောင့် နီကြန်ကြန်အဆင်းကိုဆောင်နေသည်။
ခံတပ်၏ တစ်ခုတည်းသောအဝမှ မြောက်ဘက်သို့ တည့်တည့်ထွက်သွားသော လမ်းတစ်လျှောက်တိုက်ဆင်တစ်စီးသည်ဖြေးလေးစွာ သွားလျက်ရှိ၏။ ဤလမ်း၏ လက်ဝဲဘက်တွင် ကပ်လျက်ရွှေကြက်ကျစေတီတော်ကို လည်းကောင်း၊ ရွှေကြက်ကျ စေတီတော်၏အနောက်ဘက် ဧရာဝတီမြစ်တွင်းသို့ စ ွန်းထွက်လျက်ရှိသော ကျောက်ဆောင်ထက်၌ ရွှေကြက်ယက် စေတီတော်ကို လည်းကောင်း ဝန်းရံခလျက်ရှိသော တောအုပ်တောစုတို့ အလယ်တွင် မှိုင်းညို့ညို့ ဖူးတွေ့နိုင်သည်။
စစ်ကိုင်းတောင်ရိုး အနောက်တွင်နေမှာ ငုပ်ဝင်သွားခဲ့ပြီ ဖြစ်သော်လည်းအလျှံများပြေးနေ၍ တိမ်စိုင်အချို့ မှာ လိမ္မော်သွေး ရောင်ပြန်ဟပ်နေသမျှ အရှေ့ဘက်မိုးပြင်မှာ ခရမ်းရောင်သွေးမှ အပြာရောင်အေးအေးသို့အဆင့်လိုက်ပြေပြေ ရောစပ်ဝင်းလဲ့လျက်ရှိသည်။
အင်းဝမြို့အဖျားဆီ နွားညီနောင် ဦးတည် မောင်းနှင်လျက်ရှိသောယာသမားတစ်ဦးဆီမှ ဆွဲဆွဲငင်ငင် ကြည်ကြည်နူးနူး အော်ဟစ်ဆိုလိုက်သည့် သီချင်းသံသည် တောင်လေ၌ မျောမှီပျံ့လွင့်လာ၏။
“ကြက်ညီနောင်ရေဝယ်မျောစေတော့... မြကြော မင်းဝံရွှေတောင်... လဲတော့မရှောင်...”
သီချင်းရှင်၏ ဆက်ဆိုသံမှာ ခံတပ်ထိပ်မှ တပ်သားတစ်ဦး၏ အသံနှင့်ရောနှော ထွက်ပေါ်လာသည်။
“အာကာဘောင်... ကြယ်ပြောင်ကွယ့်မြေလူး.... ပြည်ဇေယျာလေလာလျှင် မြေဝါရွှေ့စေတော့... ခင်မေ့ကို မောင်မမုန်းတယ်(ကွယ်)... သုံးဘဝကူး...”
စစ်ကိုင်းတော်ဦး ပုညရှင်စေတီတော်အား ငေးမျှော်ဖူးကြည့်နေရာမှလှည့်လျက် ဗိုလ်သူရိန်သည် မေးခွန်းတစ်ရပ်ကို ရုတ်တရက်ပြုလိုက်သည်။
“ဒီအင်္ဂလိပ်တွေဟာ အထက်မြန်မာနိုင်ငံတော်ကို မုချသိမ်းတော့မယ်လို့ခင်ဗျားထင်တယ်ပေါ့... ဟုတ်လား ကွမ်မိုတို...”
ရွှေကြက်ယက် ကျောက်ဆောင်စွန်းအား ဖြတ်လာခိုက် ဝဲလည်လျက်ရှိသော ဧရာဝတီမြစ်ရေအား စိုက်ကြည့် နေရာမှ ကွမ်မိုတိုသည် အံ့သြဟန်နှင့်ဗိုလ်သူရိန်အား လှည့်ကြည့်လိုက်သည်။
“ထင်သလား... ဟုတ်လား ဗိုလ်သူရိန်... ထင်ရုံတင်မကဘူး... ကျုပ်က ယုံနေတယ်...”
ကွမ်မိုတိုသည် ပြောပြောဆိုဆို ဘောင်းဘီအိတ်တွင်းမှ စာရွက်တစ်ရွက်ကိုဆွဲထုတ်ယူလိုက်ပြီးနောက်...
“ဒါ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီးမှာ ၁၈၅၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ရက်နေ့စွဲနဲ့ ပဲခူးတိုင်းကို သိမ်းယူတာန ဲ့ပတ်သတ်ပြီး လော့ဒ်ဒါလဟိုဇီရဲ့ကြေညာချက်ပဲ...”
သူသည် စာရွက်အားဖြန့်ကာ အင်္ဂလိပ်ဘာသာနှင့်ရေးသားချက်အားဖတ်ပြသည်။
‘But if the King of Ava shall fail to renew his former relations with the British Government, and if he shall recklessly seek to dispute its quiet posseasion own, the Governor General in Council will again put forth the power to hold and will visit with full retributions, which, if they do persisted in must of necessary lead to the total subversion of the Burman Stated and to ruin and exile of the King and his race.’
အဓိပ္ပါယ်မှာ ‘အကယ်၍ အင်းဝဘုရင်သည် ဗြိတိသျှအစိုးရနှင့်ရှေးယခင်နည်းတူ အကြည်အသာ ပြန်လည် မဆက်ဆံလျှင်လည်းကောင်း၊ ဗြိတိသျှအစိုးရက မိမိပိုင်ဆိုင်သည်ဟု ကြေညာပြီးဖြစ်သော နယ်ပယ်(အောက်မြန်မာနိုင်ငံ)အား ဗြိတိသျှပိုင်မဟုတ်ဟုပမာမခန့် အရေးဆိုလာလျှင် လည်းကောင်း အိန္ဒိယ ဘုရင်ခံချုပ်မင်းသည် မိမိ၏ အာဏာစက်အောက်ရှိ စစ်အင်အားအစုစုအားအလုံးအရင်းနှင့် နောက်တစ်ကြိမ်ချီတက်စေ၍ မြန်မာမင်း၏ ကျူးလွန်စော်ကားမှုတို့အား တစ်ခဲနက် တုံ့ပြန်ရလိမ့်မည်။ မြန်မာမင်းသည်အလျော့မပေးပဲ ခုခံတင်းမာနေခ ဲ့သော် မလွှ ဲမရှောင်သာသည့်အလျောက်ဤချီတက်လာခြင်းသည် မြန်မာနိုင်ငံတော်၏ ပြိုကွဲခြင်းနှင့်မြန်မာမင်းနှင့်တကွ မြန်မာတို့ မျိုးပြုတ်ပျက်စီးခြင်း၌ အဆုံးသတ်ပေလိမ့်မည်...’
ကွမ်မိုတိုသည် စာအား အဆုံးသတ်လိုက်သောအခါ မျက်မှောင်ကြုတ်နားထောင်လျက်ရှိသည့် ဗိုလ်မှူး၏ မျက်နှာမှာ မခံချင်မှု၊ အမျိုးမာန်တက်ကြွမှုတို့ကြောင့်ချက်ချင်း ခက်ထန်တင်းမာလာသည်။ လက်ယာလက်မှာလည်း စွဲလွယ်ထားသော ဓားရှည်၏ လက်ကိုင်ဆီသို့အမှတ်မထင်ရောက်ရှိသွားသည်။
“တယ်လဲ စော်ကားလိုက်ပါလား... ကွယ်ရို့... ဒီကုလားဖြူဘင်္ဂလားမြို့စားက ရိုင်းပျမိုက်မဲလှပါကလား... ဟင်... ဒီမှာကွမ်မိုတို... ဘယ်မှာလဲ ခင်ဗျားတို့လူဖြူတွေရဲ့ ယဉ်ကျေးမှု... ဟင်... မြန်မာမျိုးတို့ရဲ့ သွေးကွဲအာဏာလုမှုကို အခွင့်ကောင်းယူပြီးလက်နက်အားကိုးနဲ့ သင်းတို့ကလဲ အောက်မြန် မာနိုင်ငံကိုဓားပြတိုက်ယူရဲ့... သင်းတို့ကပဲ သူခိုးကလူဟစ်လို့... ကိုယ့်ပိုင်နက် ပြန်လိုချင်တဲ့ မြန်မာ ဘုရင်ကိုများ ကျူးလွန်စော်ကားသူလို့ ခေါ်ချင်ရဲ့... ဟုတ်စ... တောက်... ရာဇဝင်ရိုင်းလိုက်လေကွယ်... သင်းတို့မှာ ဘယ်လောက်ပဲ လက်နက်အင်အားသာလွန်နေပါစေ... သူ့ကျွန်တော့မခံချင်ပြီ... သူ့ကျွန်ထက်သေခြင်းက မြတ်သေးတော့တယ်... အနိုင်ခံရပေမယ့် အရှုံးမပေးတဲ့မြန်မာ့သတ္တိသွေးကိုတော့ ရေးရေးမှဖြစ်ဖြစ်... သင်းတို့သိသွားအောင် တစ်ပွဲတစ်လမ်းတော့ နွှဲပြလိုက်ချင်သေးရဲ့...တောက်”
ဗိုလ်မှူးသည် ဤစကားရပ်များအား ပြင်းပြလှသောမာန်နှင့် ပြောချလိုက်သည်ဖြစ်ရာ ကြားရသူ ကွမ်မိုတိုပင်လျှင် ထိတ်လန့်တကြားဖြစ်လျက် မော့ကြည့်သည်။ ထို့နောက်အေးချမ်းစွာ ဆက်ပြောသည်။
“ခင်ဗျားတို့ မြန်မာလူမျိုးတွေ... အထူးသဖြင့် ခင်ဗျားတို့ မြန်မာ့တပ်မတော်သားတွေမှာ ဒီစိတ်ဓာတ်ရှိတယ်ဆိုတာ ကျုပ်ယုံပါတယ်... အထူးသဖြင့် လော့ဒ်ဒါလဟိုဇီလို ရန်သူရင့်မကြီး တစ်ယောက်လုံးက ချီးကျူး လေးစားရတဲ့ ပဲခူးနယ် သူရဲကောင်းကြီး ဦးမြတ်ထွန်းရဲ့သားဖြစ်သူခင်ဗျားရဲ့ သတ္တိကိုယုံကြည်ပါတယ်... ဒါပေမယ့်...”
ကွမ်မိုတိုသည်စကားမဆက်ဘဲ စဉ်းစားဟန်ဆိုင်းငံ့နေသည်။
“ဒါပေမယ့် ဘာဖြစ်မလဲ...”
“ဒါပေမယ့် ခင်ဗျားတို့ တိုင်းပြည် ခေါင်းဆောင်ပိုင်းမှာညီညွတ်မှု ရှိရဲ့လား...”
ကွမ်မိုတိုက လေသံကိုနှိမ့်၍ မေးသည်။ ဗိုလ်သူရိန်မှာ ရုတ်တရက်အဖြေမပေးနိုင်အောင် ဖြစ်သွားသည်။ ကွမ်မိုတိုကသာ ဆက်ပြောသည်။
“ဒီစကားတွေကို ကျုပ် ဖွင့်ပြောဖို့မသင့်ဘူး... ဒါပေမယ့်ခင်ဗျားကိုတော့ ထိမ်ဝှက်မထားလိုဘူး... ခင်ဗျားတို့ ရွှေနန်းတော်နဲ့လွှတ်တော်အတွင်းမှာ အင်္ဂလိပ်ဘက်သားတွေ ရှိသလို ပြင်သစ်အလိုတော်ရိတွေလဲ ရှိနေ တယ်မဟုတ်လား...”
ဤအကြိမ်တွင်မူ ဗိုလ်မှူးသူရိန်မှာ ငြိမ်နားထောင်နေရာမှ လှုပ်ရှားလာသည်။
“ဘက်တော်သားနဲ့ အလိုတော်ရိဆိုတဲ့ စကားကိုတော့ ကျုပ်လက်မခံချင်ဘူး... ဖရန်စစ်အကူအညီကို ယူချင်သူ၊ အင်္ဂလိပ်ကိုအားကိုးချင်သူ စသည်တွေတော့ ရှိတယ်... နောက်တစ်မျိုးကတော့အင်္ဂလိပ်တွေနဲ့ အကြည်အသာ ဆက်ဆံပြီး အလိမ္မာဖက်နေချင်သူတွေပဲ”
“ခင်ဗျားပြောတဲ့ နောက်ဆုံး အမျိုး အစားဆိုတာ ကင်းဝန်မင်းကြီးတို့အသိုက်ကိုပြောတာလား...”
“ဟုတ်တယ်... ကင်းဝန်မင်းကြီးဟာ စင်စစ်တော့ အမြော်အမြင်အပြည့်စုံဆုံး ပညာရှိကြီးပဲ... ဒါပေမယ့် ခက်တာက အခု သူ့မှာ ဘာတန်ခိုးအာဏာမှ မရှိဘူး... သူတင်မကဘူး... ရေနံချောင်းဝန်ကြီး၊ရွှေပြည်ဝန်ကြီးနဲ့ယောအတွင်းဝန်မင်းတို့လို ပညာရှိကြီးတွေလဲ အရာကကျကုန်ပြီ... ဖန်ချက်ဝန်မင်းတို့လို ဖရန်စစ်တက္ကသိုလ်ကြီးတွေကပညာဘွဲ့ရခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာလဲ နှာစေးနေကြရတယ်မဟုတ်လား... အထက်စီးက အာဏာရနေတဲ့လူတွေကလဲ...”
ဗိုလ်မှူးသူရိန်သည် နှုတ်ကိုစောင့်စည်းရန် ချက်ချင်း စကားရပ်လိုက်သည်။
ကွမ်မိုတိုသည် သူ့အား တစ်ချက်မော့ကြည့်လိုက်သည်။ ဘာစကားမျှထွက်မလာသောအခါ သူက ဆက်သည်။
“အာဏာရတဲ့ လူတွေကလဲ ဖရန်စစ်ကို အားကိုးချင်သူတွေဆိုပါတော့... ဟုတ်လား...”
ကွမ်မိုတိုက ပြုံးရယ်သော်လည်း ဗိုလ်မှူးသူရိန်သည် မရယ်မပြုံးနှင့်ခေတ္တငြိမ်နေပြီးမှ ဖြည်းလေး စွာပြော၏။
“အာဏာရနေတဲ့ တိုင်တားမင်းကြီး၊ လှေသင်းအတွင်းဝန်မင်း၊စက်ဝန်မင်း၊ အက္ကပတ် မြင်းဝန်မင်းတို့က ဖရန်စစ်ဘက်ကိုယိုင်တယ်ဆိုတာ မှန်တယ်... ဒါပေမယ့် ဒီမှူးတော်မတ်တော်ကြီးတွေဟာ ကိုယ့်နိုင်ငံကိုကိုယ် ဖရန်စစ်လက်ရောင်းစား ချင်သူတွေတော့မဟုတ်ဘူး... သူတို့တွေက အင်္ဂလိပ်ကို သိပ်မုန်းတယ်... သူတို့မုန်းတဲ့ အင်္ဂလိပ်ကို တိုက်ဖို့ ဖရန်စစ်တွေဆီက အကူအညီယူချင်တယ်... ဒါပါပဲ...”
ကွမ်မိုတိုသည်နေရာမှထ၍ စကားအား အုပ်အုပ်ဆိုင်းဆိုင်း ပြောနေသူတပ်မှူးလေး၏ ပုခုံးအား တစ်ချက် ပုတ်လိုက်ကာ ပုတ်နေသောလက်အား ပုခုံးထက်မှမချဘဲ တည်ကြည်စွာပြောသည်။
“ဗိုလ်သူရိန်... ခင်ဗျားဟာ မင်းလှနယ်စပ် တိုက်ပွဲတုံးကတစ်ယောက်ရဲ့ အသက်ကို တစ်ယောက် အပြန်အလှန်ကယ်ခဲ့ကြတဲ့ရဲဘော်ချင်းဖြစ်သူ ကျုပ်ကိုတောင် စကားကုန်အောင် မပြောချင်ဘူးဟုတ်စ... ဒါပေမယ့် ကျုပ်ကတော့ စကားကုန်အောင် ပြောရလိမ့်မယ်”
ကွမ်မိုတိုသည် ဗိုလ်သူရိန်၏ ပုခုံးထက်မှလက်ကို ရုတ်လိုက်ကာခံတပ်စပ်ဝယ် ဓားလွယ်လက်ကိုင်ထက် လက်တင်လျက် ခြေတစ်လှမ်းချင်း လမ်းလျှောက်ရင်း စကားကို ဖြည်းညင်းစွာပြောသည်။သူ့အသွင်မှာ လွတ်လပ်သော အီတာလျံ စွန့်စားသမားပီပီအကြောက်
အရွံ့ကင်းသောသဏ္ဍာန် ပေါ်နေ၏။
“ကျုပ်ဟာ အီတာလျံတစ်ယောက်ပါပဲ... ဒါပေမယ့် မြန်မာမင်းရဲ့သစ္စာခံထားသူတစ်ဦးလဲ ဖြစ်သေးတယ်... မြန်မာမင်းအတွက်ကျုပ်ဘယ်လောက် သက်စွန့်ကြိုးပမ်း အမှုထမ်းခဲ့တယ်ဆိုတာလဲ ခင်ဗျားအသိပဲ... မြန်မာမင်း အကျိုးအတွက်ဆို ကျုပ်ပြောသင့်တာကိုပြောရလိမ့်မယ်...”
သူသည်စကားကိုနား၍ ဗိုလ်သူရိန်နှင့် မျက်နှာချင်းဆိုင်ရပ်လိုက်သည်။ထို့နောက်လေသံတိုးသော်လည်း ပြတ်သားနက်နဲစွာ ဆိုသည်။
“ခင်ဗျားတို့ မြန်မာနိုင်ငံတော်ကို ကယ်တင်နိုင်တာ တစ်ဦးပဲ ရှိတယ်... ကင်းဝန်မင်းကြီး...”
ဗိုလ်သူရိန်က မျက်မှောင်ကြုတ်၍ သူ့အား ပြန်ကြည့်လိုက်သည်။ နောက်... “ခင်ဗျားက အင်္ဂလိပ်နဲ့ အကြည်အသာ ဆက်ဆံရေးဝါဒကိုထောက်ခံသလား...” ဟုမေးသည်။
ကွမ်မိုတိုက ပုခုံးအားတွန့်လိုက်၍..
“ဘယ့်နှယ်လုပ်မလဲ...” ဟုဆိုသည်။
“ဒီမှာ ကွမ်မိုတို... ကျုပ်ပြောတာကိုသေသေချာချာ စဉ်းစားကြည့်စမ်း... အခုနက ခင်ဗျားပဲ ထုတ်ပြတဲ့စာက ရှင်းနေတယ်... အင်္ဂလိပ်ဟာအထက်မြန်မာနိုင်ငံကို သိမ်းချင်တယ်... သိမ်းတဲ့အခါမှာ အသိမ်းကောင်းအောင် ဆင်ခြေပေးဖို့ ဒီစာထဲမှာ လမ်းခင်းထားတယ်... ခင်ဗျားတို့ သိုးဆောင်းစကားပုံ အတိုင်းပဲ... အပြစ်ရှာနေတဲ့ ဝံပုလွေဆီက သိုးငယ်ဟာ ဘယ်လိုလွတ်အောင်ပြေးမလဲ... သူတို့နဲ့ အပြေအလည်ဆက်ဆံလို့ကော ထူးမလား...”
“ထူးတယ်...”
“ဘယ့်နှယ်ကြောင့်...”
“အင်္ဂလိပ်ကတော့ သူတော်ကောင်းစိတ်နဲ့ခင်ဗျားတို့ကို ညှာမှာမဟုတ်ဘူး... ကမ္ဘာ့နိုင်ငံရေးနယ်ပယ်မှာ သန့်ရှင်းမှု၊ သက်ညှာမှုဆိုတာ ရှိရိုးထုံးစံမဟုတ်ဘူး... ဒါပေမယ့် ခင်ဗျားတို့ အနေမှန်ရင်ခင်ဗျားတို့ အနေတတ်ရင်ဘယ် လောက်ပဲ အင်အားသာနေသည်ဖြစ်စေ အင်္ဂလိပ်ဟာ ခင်ဗျားတို့အပေါ် ထင်တိုင်း အနိုင်မကျင့်နိုင်ဘူး... ဥပမာ - ကျုပ်ပြောမယ်... အင်္ဂလိပ်အစိုးရနဲ့ အင်္ဂလိပ်ပြည်သူတွေကို ခွဲခြားကြည့်နိုင်ရမယ်... အင်္ဂလိပ်အစိုးရကိုကြိုးဆွဲနေတဲ့ ကုန်သည်ကြီးတွေဟာ စျေးကွက်ရဖို့ နယ်ချ ဲ့ချင်တယ်... ဒါပေမယ့်အင်္ဂလိပ်ပြည်သူအများဟာ နယ်ချဲ့စနစ်ကို မထောက်ခံဘူး... ဗြောင်နယ်ချဲ့လို့ စစ်ပွဲဖြစ်ရင် တာဝန်ရှိတဲ့အစိုးရဟာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အင်မ် ဂျူးစ်ဖယ်ရီရဲ့ အစိုးရအဖွဲ့လို ပြုတ်ကျသွားနိုင်တယ်...”
“ဒီတော့...”
“ဒီတော့ အစိုးရဟာ နယ်ချဲ့ချင်ရင် ကမ္ဘာကလဲ ကြားကောင်းအောင်၊ပါလီမန်နဲ့ ပြည်သူတွေရဲ့ ထောက်ခံ မှုလဲရအောင် ဆင်ခြေကောင်းကောင်း ပေးရလေ့ ရှိတယ်... အာရှတိုက်မှာ နယ်ချဲ့ရင် အနောက်နိုင်ငံအစိုးရတွေ အနေနဲ့ ဝါဒဖြန့်လေ့ရှိတယ်... အရှေ့နိုင်ငံမင်းတွေဟာ ရက်စက်ကြမ်းကြုတ်တယ်၊ ပြည်သူတွေဟာ ဆင်းရဲငတ်မွတ်ပြီး အညှဉ်းဆဲခံနေကြရတယ်၊ ဒါတွေကိုကယ်တင်ဖို့တို့ကဘယ်နယ်ကိုဖြင့် သိမ်းရတယ် စသည်ပေါ့လေ... နယ်ချ ဲ့ပေမယ့်နယ်ချဲ့အနေနဲ့ မဟုတ်ဘဲ ကယ်တင်ရှင်အနေနဲ့ ဝင်လာလေ့ရှိတယ်... ရှင်းရဲ့လား...”
“ဆက်ပါလေ...”
“နတ်ရွာစံသွားတဲ့ မင်းတုန်းမင်းတရားကြီး လက်ထက်မှာ အင်္ဂလိပ်ဟာအဲဒီကျားကွက်ကို ဆင်လို့မရခဲ့ဘူး... မင်းတရားကြီးဟာတရားနဲ့အညီ အုပ်ချုပ်တယ်... ဒါကို ကမ္ဘာကသိအောင်လဲ လုပ်တယ်... ဉာဏ်အမြော်အမြင်လဲ အင်မတန်ကြီးတော်မူတယ်... ကမ္ဘာရဲ့လက်နက်နိုင်ငံကြီးတွေ အလယ်မှာ လိမ္မာပါးနပ်စွာကျင့် သုံးပြီးနေနိုင်ခဲ့တယ်... ဥပမာ...”
ကွမ်မိုတိုသည် စဉ်းစားသယောင် ခေတ္တရပ်နားလိုက်သည်။
“မင်းတုန်းမင်း နန်းတက်တဲ့ ၁၈၅၃ ခုနှစ်မျာပဲ အင်္ဂလိပ်တွေဟာကရိုင်မီယံကျွန်းဆွယ်မှာ ရုရှတွေနဲ့ စစ်ဖြစ်ပြီး အတော်လေးမရှုမလှခံနေရတယ်... မြန်မာပြည်မှာရှိတဲ့ အာမေနီးယန်းလူမျိုးတွေဟာ အင်္ဂလိပ် တစ်ထစ်ချရှုံးတော့မယ်ဆိုပြီး မင်းတုန်းဘုရင်ဆီဝင်လို့ ရုရှားပြည်ကို အင်္ဂလိပ်တိုက်ဖို့ အကူအညီရအောင်မြန်မာပြည်ကိုယ်စား သွားပေးပါမယ်လို့ လျှောက်ကြတယ်... တစ်ခါကရိုင်မီယံစစ်ပွဲမှာ အင်္ဂလိပ်အရေး သာပြန်တော့ ဂျင်နရယ် ဒီအော်ဂိုနီ(General Dorgoni) လို့ သူ့ကိုယ်သူ နာမည်ခံထားတဲ့ ဖရန်စစ်လူလိမ်ဂျီရိုဒနွန်(Girodon) ဟာ ဖရန်စစ်အစိုးရက မြန်မာဆီက သစ်တွေဆယ့်နှစ်သန်းဖိုးဝယ်ဖို့ လွှတ်လိုက်တယ်ဆိုပြီး ဝင်ညာပြန်တယ်...အဲဒီလို တစ်ဖက်က လိမ်ညာမက်လုံးပေးပြီး တစ်ဖက်က တစ်ခါဖရန်စစ်နိုင်ငံဟာ ဘယ်လောက်ကြီးကျယ်ကြောင်း၊ အင်္ဂလိပ်တွေဟာဖရန်စစ်ဆီက အကူအညီသာမရရင် ကရိုင်မီယံကျွန်းဆွယ်မှာရုရှားတွေရဲ့ ချေမှုန်းသုတ် သင်ခြင်းကို မရှုမလှခံရမယ် စသည်ဖြင့် ဝါဒဖြန့်လျှောက်တင်ပြန်တယ်... ဒါပေမယ့် မြင့်မြတ်လှတဲ့ မင်းတုန်းဘုရင်ကြီးဟာ နယ်ချဲ့ခြေရှုပ်သမားတွေရဲ့ ပိုက်ကွန်ထဲ တိုးမဝင်ခဲ့ဘူး... အင်္ဂလိပ်တွေနဲ့ အခြေအနေအရ မဟာမိတ်မပျက်နေခဲ့တယ်... ဒီလိုနေလို့ မင်းတုန်းဘုရင်ဟာ ဇာတိမာန်မရှိဘူးလို့ စွပ်စွဲလား...စွပ်စွဲသူဟာ မှားကြောင်း ရာဇဝင်က သက်သေခံနေတယ်... အောက်မြန်မာနိုင်ငံကို ပြန်ရဖို့ မင်းတုန်းဘုရင်ကြီးဟာ သံတမန်နည်းနဲ့ဘယ်အထိ ကြိုးစားခဲ့တယ်ဆိုတာ စာချုပ်စာတန်း အထောက်အထားလုံလုံလောက်လောက်ရှိတယ်... တိုင်းပြည်ကို ကာကွယ်ရာမှာစစ်ရေးနည်း၊ ရာဇပရိယာယ်နည်း နှစ်နည်းရှိတယ်ဆိုတာကိုမင်းတုန်းမင်းမြတ်ဟာ ကောင်းကောင်းသိခဲ့တယ်...”
ဤနေရာတွင် ကွမ်မိုတိုသည် မောဟန်ဖြင့် ခေတ္တနားလိုက်သည်။ဗိုလ်သူရိန်က... “ခင်ဗျားပြောတာ မရှင်းသေးဘူး...” ဟု မှတ်ချက်ချ၏။
“ရှင်းပါစေ့မယ်ဗိုလ်သူရိန်... မင်းတုန်းဘုရင်ကြီးဟာ အပြည်ပြည်နဲ့သင့်တင့်အောင် ဆက်ဆံခြင်း၊ တိုင်းသူပြည်သားတွေအပေါ် ရင်ဝယ်သားပမာ တရားမျှမျှတတ အုပ်ချုပ်ခြင်း စသည်တို့ကို ကမ္ဘာသိအောင်ပြထားတော့ နယ်ချဲ့အင်္ဂလိပ်တွေဟာ ကျားကွက်ဆင်လို့ မရအောင်ဖြစ်ခဲ့တယ်... ဒါပေမယ့် မင်းတုန်းဘုရင်ကြီးလဲ နတ်ရွာစံရောဘာတွေဖြစ်ခဲ့သလဲ...”
ကွမ်မိုတိုသည် လေသံကိုနှိမ့်၍ ဘေးပတ်ဝန်းကျင်အား တစ်ချက်အကဲခတ်ပြီး ဆက်ပြောသည်။
“ဘာတွေ ဖြစ်ခဲ့သလဲ... ဒါကို ခင်ဗျားအသိပဲ... အခုလက်ရှိဘုရင်မင်းမြတ်ဟာ အေးချမ်းရိုးသား တော်မူပါတယ်... ဒါပေမယ့် သူ့လက်ထက်မှာ ပညာရှိမှူးမတ်တွေ နိမ့်ပြီး ပညာမဲ့တဇောက်ကန်းတွေ တက်နေ တယ်... ဒါကြောင့်လဲ သူနန်းတက်စမှာပဲ... ၁၈၇၉ ခုမှာပေါ့... မင်းသွေးတွေကို သတ်ဖြတ်ခြင်း၊စစ်အင်အားတွေပြင်ခြင်း စသည်တို့ကို လုပ်တယ်... ဒီတုန်းကအခွင့်ကောင်းမို့ ဝင်စွက်ချင်ပေမယ့် အင်္ဂလိပ်တွေဟာ အာဖဂန်နစ္စတန်(Afghanistan)မှာ စစ်ပွဲတစ်ပွဲ၊ အာဖရိကမှာ ဇူးလူး ဘုရင်စက်တီဝါးယိုး(Cete Wayo) နဲ့က စစ်ပွဲ တစ်ပွဲနွှဲနေရလို့က တစ်ကြောင်း၊ ဘိုးဝါးလူမျိုးတွေ(Boers) နဲ့ ပဋိပက္ခတွေကိုလဲ စမယ်ဆဲဆဲ မို့ကတစ်ကြောင်း၊ အဲဒီအကြောင်းတွေကြောင့်ငြိမ်ကြည့်နေကြတယ်... ဒါကို ဒီကမှူးမတ်တွေက အင်္ဂလိပ်ကြောက်သွားပြီထင်ပြီး အင်္ဂလိပ် ဆန့်ကျင်ရေးတွေ အရမ်းလုပ်နေကြတယ်... တစ်ခါ နိုင်ငံတော်ရဲ့ ငြိမ်ဝပ်ပိပြားမှုဆိုတာလဲ လုံးဝမရှိဘူး... တိုက်လိုက်တဲ့ဓားပြတွေ... မိပြန်တော့လဲ အာဏာလက်ရှိမှူးမတ်တွေရဲ့ တပည့်တပန်းတွေမို့ ဘယ်သူမှ အပြစ်မယူရဲ... ဒီအတိုင်းဆိုရင်ခင်ဗျားတို့နိုင်ငံဟာ အင်္ဂလိပ်ဆင်ထားတဲ့ ထောင်ချောက်ထဲတိုးဝင်နေတာပဲ... သူတို့က ကမ္ဘာကြားကောင်းအောင်ကယ်တင်ရှင်
အဖြစ်လာမှာပဲ... သူတို့မဝင်ရင် ဖရန်စစ်ဝင်မှာပဲ... စိတ်ချ...”
ကွမ်မိုတိုသည် သက်ပြင်းကို တစ်ချက်ရှိုက်လိုက်ပြန်သည်။ ခေတ္တငြိမ်လျက် မိမိပြောခဲ့သော စကားများအား ပြန်လည်စဉ်းစားစစ်ဆေးကြည့်သည်။ မြန်မာနိုင်ငံတွင် အနေကြာခဲ့ပြီဖြစ်သဖြင့် စကားအမှား တစ်ချက်အား အသက်နှင့် ပေးဆပ်ရသော ထုံးစံကို သူသည် နားလည်ပြီးဖြစ်သည်။ သူ့ကိုယ်သူ ကျေကျေနပ်နပ်ရှိမှ စကားဆက်သည်။
“စင်စစ်တော့ ကျုပ်ဟာ ဒီစကားတွေကို ခင်ဗျားတို့ မြန်မာနိုင်ငံအပေါ်စေတနာရှိလွန်းလို့ ပြောနေတာပဲ... သြစရီယို ဟန်ဂေရီးယန်းအင်ပိုင်ယာကြီးလက်အောက်က ရုန်းထွက်ခဲ့ရတဲ့ အီတလီပြည်သားတစ်ယောက် အနေနဲ့ ခင်ဗျားတို့အပေါ် ကိုယ်ချင်းစာမိပါတယ်...
ကျုပ်ဟာ ကျွန်အဖြစ်ထက် သေရတာကိုမြတ်တယ်လို့ ယူဆထားတဲ့ဂါရီဗိုဒီဝါဒသမား (Garibodian) တစ်ယောက်ပဲ... ဂါရီဗိုဒီဆိုတာကကျုပ်တို့ရဲ့ လွတ်လပ်ရေးခေါင်းဆောင်ကြီး နှစ်ဦးအနက်တစ်ဦးပဲ... နောက်တစ်ဦးရဲ့ နာမည်ကတော့ ကောင့်ကဗူး (Count Cavour) လို့ခေါ်တယ်... ဂါရီဗိုဒီက လက်ရုံးရည်သမား၊ ကောင့်ကဗူးကနှလုံးရည်သမား... ဂါရီဗိုဒီက ခင်ဗျားတို့ရဲ့ နတ်ရွာစံ ကနောင်မင်းသားကြီးနဲ့တူတယ်... ကောင့်ကဗူးကိုတော့ ကင်းဝန်မင်းကြီးနဲ့နှိုင်းသင့်တယ်ထင်တယ်... ကျုပ်တို့ရဲ့ခေါင်းဆောင်ကြီးဟာ သတ္တိခဲသူရဲကောင်းကြီး မှန်ပါတယ်... ဒါပေမယ့် ကျုပ်အနေနဲ့ ကောင့်ကဗူးကို ပိုချီးမွမ်းရတယ်... သူ့ရဲ့ ကမ္ဘာ့နိုင်ငံရေးရာ ပရိယာယ်ကျွမ်းကျင်မှုကြောင့် ကျုပ်တို့နိုင်ငံဟာ သွေးထွက်သံယို နည်းနည်းနဲ့ လွတ်လပ်မှုရခဲ့တာပဲ... ဒီလိုပဲ... ခင်ဗျားတို့နိုင်ငံအတွက်လက်ရုံးရည်သမားတွေ လိုပါတယ်... အဲဒါထက် အင်္ဂလိပ်ဖရန်စစ်ကမ္ဘာ့အာဏာလု အုပ်စုကြီးနှစ်ခု အလယ်မှာ လိမ္မာပါးနပ်စွာ နှလုံးရည်နဲ့ခေါင်းဆောင်သွားနိုင်တဲ့ ကင်းဝန်မင်းကြီးလို လူက ပိုလိုအပ်တယ်...”
ဗိုလ်သူရိန်က ကွမ်မိုတိုအား မော့ကြည့်၍မေး၏။
“ခင်ဗျားက ကျုပ်တို့မြန်မာတွေဟာ ဒီအင်္ဂလိပ်တွေနဲ့ လက်ရုံးရည်ချင်းပြိုင်ရုံနဲ့ မနိုင်ဘူးဆိုလိုသလား... ဟုတ်စ...”
“ဟုတ်တယ်... ဘယ်နည်းနဲ့မှ မနိုင်နိုင်ဘူး... ဥပမာ ကြည့်လေ... ခင်ဗျားတို့ဘက်က အခုထိ သုံးခွေစွပ် တူမီးသေနတ်နဲ့ မီးစာထောက်အမြောက်တွေကို သုံးနေရတယ်... အင်္ဂလိပ်တွေက ဘေးဖွင့်နောက်ထိုး ဟင်ဒလီမာတင်နီသေနတ်၊ ဗထက်ခြိုက် နောက်ထိုးရိုင်ဖယ်သေနတ်၊ စက်အမြောက်တွေ သုံးကုန်ပြီ... လက်နက်ချင်းကမယှဉ်သာအောင်ကွာနေတယ်...”
ဗိုလ်သူရိန်သည် ဘာမျှပြန်မဖြေ။ ကွမ်မိုတိုပြောသည်တို့မှာ မှန်နေသဖြင့်စစ်မက်ရေးရာနားလည်သူ တပ်မှူးတစ်ယောက်ပီပီ လေးလေးနက်နက်တွေးနေသည်။
“နောက်ဆုံး တစ်ခုပြောမယ် ဗိုလ်သူရိန်... ခင်ဗျားဟာ ငယ်စဉ်ကရန်ကုန်မှာ ကြီးပြင်းခဲ့ပြီး အင်္ဂလိပ် ဘာသာ၊ ဖရန်စစ်ဘာသာတွေကိုကောင်းကောင်းတတ်သလောက် ယနေ့ကမ္ဘာ့ရေးရာတွေကိုလဲနားလည်သင့်သလောက် နားလည်သားပဲ... မြန်မာပဲ၊ အင်္ဂလိပ်ပဲဆိုတဲ့ လူမျိုးရေးရာတွေကို ဖယ်ပြီး သမိုင်းသဘောအရက ဒီနေ့ကမ္ဘာမှာတိုးတက်ကောင်းမွန်ပြည့်စုံတဲ့ လူ့ယဉ်ကျေးမှုသဘောတစ်ရပ်ကဆုတ်ယုတ်ပျက်စီးချို့ယွင်းနေတဲ့ ယဉ်ကျေးမှုတစ်ရပ်ကို လွှမ်းမျိုနေတဲ့အချက်ပဲရှိတဲ့ ဥရောပတိုက်သားတို့ရဲ့ စက်မှုလက်မ ှုလောကဓာတ်ပညာယဉ်ကျေးမှုက အရှေ့တိုင်းသားတို့ရဲ့ ကူဗလိုင်ခန်ခေတ်ယဉ်ကျေးမှုကိုအနိုင်ယူနေတာပါပဲ... ဒါဟာ မလွှဲမရှောင်နိုင်တဲ့သမိုင်းသဘောပဲ...”
ဗိုလ်သူရိန်က ပြုံးလိုက်သည်။ ထို့နောက် တည်ငြိမ်ဖြည်းလေးစွာတစ်လုံးချင်းပြောသည်။
“ကျုပ်ဒါတွေကိုမငြင်းပါဘူး ကွမ်မိုတို... ကျုပ်တို့ အရှေ့တိုင်းသားမှန်သမျှဟာ ခေတ်နောက်ကျပြီး အမြင်ကျဉ်းတယ်လို့တော့ မယူဆလိုက်ပါနဲ့... ဥပမာ - ခင်ဗျားတို့လို ကမ္ဘာလှည့်သမားတွေဆီကပဲကျုပ်တို့ ဂျပန်လူမျိုးတွေအကြောင်း သိရတယ်... ဥပမာ -
ဖိုက်ခ်ျစာချုပ် (Fytche's Treaty) အရ မင်းတုန်းမင်းတရားကြီးလက်ထက်၁၈၆၈ ခုနှစ်မှာ ရန်ကုန်-မန္တလေး သင်္ဘောလမ်းဖ ွင့်တဲ့အချိန်ဂျပန်ဘုရင် မတ်စုဟီတို (Mutsuhi-to) ဟာ မေဂျီအုပ်ချုပ်ရေးသစ်နဲ့ဂျပန်ပြည်ကို ဥရောပနည်းတူ ခေတ်မီနိုင်ငံ ထူထောင်နေတယ်... ကျုပ်တို့ရဲ့ မင်းတုန်းဘုရင်ကြီးဟာ မတ်စုဟီတိုလို အမြင်ကျယ်သမျှကျုပ်တို့ရဲ့ ကင်းဝန်မင်းကြီးတို့၊ ယောအတွင်းဝန်တို့ဟာ ခေတ်ပြိုင်ဂျပန်မှူးမတ်ကြီးများဖြစ်တဲ့ အီတာဂါကီ (Itagaki) နဲ့ အိုကူးမား(Okuma) တို့လိုပ ဲ ခေတ်မီကြပါတယ်... အီတာဂါကီနဲ့ အိုကူးမားတို့လိုပဲ ကင်းဝန်မင်းကြီးနဲ့ ယောအတွင်းဝန်မင်းတို့ဟာ ခင်ဗျားတို့ရဲ့ ပါလီမန်အုပ် ချုပ်ရေးမျိုးကို တည်ထောင်ဖို့ ကြိုးစားနေကြတယ်...
ဂျပန်ပြည်မှာ အီတာဂါကီတို့ရှုံးပြီး သက်ဦးဆံပိုင်ဝါဒသမား ဆန်ဂျို(Sanjo) တို့ တန်ခိုးထွားလာသလို ဒီမှာ ကင်းဝန်မင်းကြီးတို့ အရေးနိမ့်ပြီး တိုင်တားမင်းကြီးတို့ဓားထက်လာတာပါပဲ... ဒီမှာ ကွမ်မိုတို...”
ဗိုလ်သူရိန်သည် ဓားလက်ကိုင်အား လက်တစ်ဖက်နှင့် ဆုပ်ကိုင်ရင်းအီတာလျံ၏ မျက်နှာအား စေ့စေ့ကြည့်လျက် ပြောသည်။
“ကျုပ်တို့ဟာ ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေသူတွေ မဟုတ်ပါဘူး... တိုးတက်ဖွံဖြိုးမှုကို နားလည်သလို လိုလည်းလိုချင်တယ်... ဒါပေမယ့်ကျုပ်တို့ရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို ဘယ်နိုင်ငံခြားသားကမှ ကယ်တင်ရှင်ဟန်ပြပြီး အရှင်သခင်အဖြစ်နဲ့လာ ဆရာလုပ် ကြိုးကိုင်ပေးတာ
မလိုချင်ဘူး... ကျုပ်တို့ကိုယ်ကျုပ်တို့ အားကိုးပြီး ကျုပ်တို့ အစွမ်းနဲ့ကျုပ်တို့ဘာသာ ကျုပ်တို့ကြမ္မာ ဖန်တီးယူမယ်...”
ကွမ်မိုတိုသည် ဗိုလ်သူရိန်၏ မျက်လုံးအစုံမှ ဝင်းဝင်းတောက်လျက်ရှိသော ဇာတိမာန်မီးလျှံအား တစ်ချက်ကြည့်လိုက်၍ နေရာမှထသည်။
“ကောင်းလှပါတယ် ဗိုလ်သူရိန်... ဒါပေမယ့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့က ခင်ဗျားတို့နိုင်ငံဟာ ဒါလဟိုဇီရဲ့ စာထဲမှာခြိမ်းခြောက်ထားသလို ပြိုကွဲပျက်စီး၊ ထီးသုဉ်းနန်းသုဉ်းဖြစ်ခြင်း ဘေးမှကင်းဝေးအောင်နေနိုင် ရမယ်... ဒီလိုနေနိုင်ဖို့က တိုက်ရဲခိုက်ရဲတဲ့ ‘တက်ကြွ ဇာတိမာန်’ အပြင်အမျိုးသားချင်း ရိုင်းပင်းခြင်း၊ ပြည်တွင်းမှာတရားမျှတမှုရှိအောင်ကြံစည်ခြင်း၊ ကိုယ့်တာဝန်ကိုယ်ကျေပွန်ခြင်းစတဲ့ ‘ခိုင်ခံ့တည်ငြိမ် ဇာတိမာန်’ လဲ လိုတယ်... ဒါမှလဲ မိမိတို့ဘဝကိုမိမိတို့ နှစ်သက်တန်ဖိုးထားပြီး ဘယ်အပြင်အပ ကယ်တင်ရှင်ကိုမှ မမျှော်ကိုးပဲ နေနိုင်ကြလိမ့်မယ်... အထူးကတော့ လူတိုင်းသိပြီးနားလည်တဲ့ အင်္ဂလိပ်နယ်ချဲ့ရန်ကို ချည်း အာရုံပြုမနေကြပဲ မိတ်ဆွေယောင်ဆောင်ဝင်လာတဲ့ ဖရန်စစ်တွေကိုလဲ သတိပြုကြပါဦး... ကျုပ်အနေနဲ့ကတော့ အရေးကြုံလာရင် ကျုပ်သစ္စာခံထားတဲ့ ဘုရင်အတွက်တိုင်းရင်းသားများနည်းတူတာဝန်ကျေပါ့မယ်...”
ကွမ်မိုတိုသည် ဗိုလ်သူရိန်အား လက်ဆွဲနှုတ်ဆက်ပြီး ခံတပ်ထိပ်မှဆင်းသွားသည်။
⬛
တက္ကသိုလ်ဘုန်းနိုင်
အပိုင်း ၄ ဆက်ပါဦးမည်
Comments