အခန်း(၉)
''ဆရာ မရယ်ရဘူးနော်''ဟု ပြောပြီးမှ သူ့ကို ပြခဲ့သော ဗလာစာရွက် နှစ်ရွက်တွဲကလေးကို သူ
စိတ်ဝင်စားစွာ ကြည့်နေစဉ် မိန်းကလေး၏ မျက်လုံးများ သူ့ကို စူးစိုက်နေကြောင်း သူသိ၏။
ထို့ကြောင့် ပြုံးချင်သောစိတ်ကို မပြုံးမိအောင် ထိန်းချုပ်ထားရသည်။
နံပါတ်တစ် - မနုဿဗေဒပညာရှင်တစ်ယေက် ဖြစ်ရန်။
ပထဝီဝင်အဓိက မိန်းကလေးတစ်ယောက် အတွက် အဖြစ်နိုင်ဆုံးသော တောင့်တချက်တစ်ခု ဖြစ်သည်။
နံပါတ်နှစ် - အမေရိကန် ရုပ်ရှင်မင်းသား ကီဗင်ကော့စ်နာ ကျင်းပသော ညစာစားပွဲသို့ တက်ရောက်ရန်။
ကြည့်စမ်း... ဘယ်လောက် အပြစ်ကင်းစင်တဲ့ မိန်းကလေးလဲ။
နံပါတ်သုံး - အာဖရိက ဘေးမဲ့တိရစ္ဆာန်ဥယျာဉ်သို့ ခရီးထွက်ရန်။
စွန့်စားမှုကို နှစ်သက်သော စိတ်ဓာတ်ရင်းခံ ရှိပုံရသည်။
နံပါတ်လေး - ဘာသာစကားသုံးမျိုး ကျွမ်းကျင်ရန်။ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်။
နံပါတ် ငါး - လေယာဉ်မောင်း သင်ရန်နှင့် လေ့ကျင့်ရန်။
နှောင်းခင်ဇော်ရယ်...။ အဆင့်က မြင့်လှချည်လားဗျာ။
နံပါတ်ခြောက် - ...
''ဆရာ ရယ်ချင်နေတယ်''
သူ ကမန်းကတန်း စာရွက်မှ မျက်နှာလွှဲလိုက်၏။ သူ့ကို စိုက်ကြည့်နေသော ကလေးမ၏
မျက်ဝန်းများမှာ စွပ်စွဲသော အရိပ်အယောင်ကို မြင်ရသည်။ သူ ဇွတ်မှိတ်၍ ငြင်းဆန်ရန် မတတ်နိုင်သောကြောင့်
ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။
''ရယ်ချင်နေတာ မဟုတ်ပါဘူး နှောင်း၊ ပြုံးချင်နေတာပါ၊ နှောင်းကို သဘောကျလို့၊ ဆရာ
အသက်နှစ်ဆယ့်နှစ်နှစ် အရွယ်တုန်းက လိုချင်တာတွေက နှောင်းလောက် အဆင့်အတန်း မမြင့်ခဲ့ဘူး နှောင်းရဲ့''
''နှောင်းလိုချင်တာတွေ မဖြစ်နိုင်ဘူးလို့ ဆရာပြောနေတာလားဟင်''
သေတော့မှာပဲ။ ငါစကားပြောတာ ဘယ်နေရာများ လွဲချောသွားခဲ့ပါလိမ့်။
''မဟုတ်ဘူး နှောင်း... နှောင်းမှာ နိုင်ငံတကာ အမြင်ရှိတယ်၊ ဆရာ သိပ်လေးစားပါတယ်၊ နှောင်း
အဲဒါတွေကို ဖြစ်အောင် လုပ်မယ် မဟုတ်လား၊ နှောင်း ဆရာ့ကို ကတိပေးစမ်းပါ နှောင်း''
နှောင်း၏ ရှက်ကိုးရှက်ကန်း မျက်နှာကလေးမှာ နီထွေးထွေးကလေး ပြုံးနေ၏။
''ဟုတ်ကဲ့... နှောင်းဖြစ်အောင် လုပ်မယ်ဆရာ၊ အချိန်ကြာချင် ကြာမယ်''
''ကိစ္စမရှိဘူး နှောင်း၊ ဆရာ မသေခင် နှောင်း ဖြစ်အောင် လုပ်နိုင်မှာပါ၊ အဲဒီအချိန်တွေမှာ ဆရာ့ဆီ
အကြောင်းကြားဖို့ မမေ့နဲ့... ကြားလား၊ နောက်ပြီး ဒီစာရွက်ကို ကော်ပီကူး၊ စာကြည့်စားပွဲရှေ့မှာ ချိတ်၊
အိပ်ခန်းနံရံမှာ ချိတ်... ဟုတ်ပြီလား''
ညအိပ်ရာမဝင်မီ အတွေးများကို ပြောပြစဉ်မှာတော့ မိန်းကလေးက နောက်ထပ် ပြဿနာအသစ်တစ်ခုကို
တင်ပြလာသည်။
''နှောင်း စနေနေ့ညတုန်းက မေမေ့အခန်းထဲမှာ ခဏဝင်ပြီး လှဲအိပ်ရင်း မေမေနဲ့ စကားပြောမိတယ် ဆရာ၊
နောက်တော့ မေမေ အိပ်ပျော်သွားတော့ မေမေ ဖတ်လက်စ တရားစာအုပ်ကို ခဏကိုင်ပြီး နှောင်း ဟိုဟိုဒီဒီ
လှန်လှောဖတ်မိတယ်၊ စာအုပ်က သဲကုန်းဆရာတော်ဘုရားရဲ့ တရားစာအုပ်၊ 'ပရာဘဝသုတ္တန် တရားတော်'...တဲ့။
''...အဲဒီစာအုပ်မှာ ဘာသွားတွေ့လဲဆိုတော့ ဗုဒ္ဓက ရှေ့ဖြစ်ကြိုဟောတာ သွားတွေ့တယ် ဆရာ...''
နှောင်း မည်သည့်စကားသို့ ဦးတည်တော့မည်ဆိုတာ သူသိလိုက်ပြီ။ သို့သော် မျက်နှာထားကို
ငြိမ်သက်စွာ ထား၍ နှောင်းကို ဂရုတစိုက် နားထောင်ပေးသည်။
မိန်းကလေးသည် အရင်တစ်ခေါက်ကလိုပင် ဘာမှမလိမ်းခြယ်ဘဲ ပြောင်းတင်း၍ ဝင်းမွတ်နေသော
မျက်နှာကလေးဖြင့် ငြိမ်သက်နေသည်။ ဆံပင်က ဖြီးသင်ထားသော်လည်း လေကြောင့် အနည်းငယ် အနေအထား
ပျက်ယွင်းနေသည်။ သို့သော် ဖြီးသင်ထားမှန်း သိသာပါသည်။ အခြေအနေ ကောင်းသည်။ အကျႌက ရယ်ဒီမိတ်
ဘလောက်စ်ခပ်ပွပွ၊ သို့သော် ကော်လာကို လည်ပင်းကြယ်သီး စေ့ပိတ်ထားသည်။ နှောင်း ကိုယ်တိုင်
မီးပူတိုက်သလား။ နှောင်း၏မေမေကပဲ မီးပူတိုက်သလား။ အဝါနုရောင်ပေါ်တွင် ဇာပန်းပွင့်ကလေးများ
ကပ်၍ချုပ်ထားသော ဘလောက်စ်အကျႌသည် နှောင်း၏နုနယ်မှုကို သိသာထင်ရှားစွာ ဖော်ပြနေသလို ရှိသည်။
''ဂေါတမမြတ်စွာဘုရား လက်ထက်တုန်းက... အသိဉာဏ်နည်းတဲ့ သုနက္ခတ္တဆိုတဲ့ ရဟန်းတစ်ပါး
ရှိတယ်၊ အဲဒီရဟန်းက ဘုရားရှေ့မှာ ခစားပြီး ဘုရားရဲ့တပည့်အဖြစ် ဝတ်ကြီးဝတ်ငယ် ပြုစုရင်းနဲ့ တစ်နေ့ကျတော့
သစ်တုံးပုံကြားထဲမှာ အဝတ်မပါဘဲ အိပ်နေတဲ့ တက္ကဒွန်းကြီးတစ်ယောက်ကို သွားမြင်တယ်၊ ဒီတော့ သူက
ဘယ်လိုစဉ်းစားသလဲဆိုတော့ ဒီရဟန်းကြီးဟာ အလိုဆန္ဒ အလွန်နည်းပြီးတော့ ရှားပါးတဲ့ အကျင့်ကို ကျင့်နေတဲ့
ယောကျ်ားမြတ်ကြီးပဲလို့ စဉ်းစားတယ်၊ မြတ်စွာဘုရားကတော့ သူဌေးတွေ လှူဒါန်းထားတဲ့ သင်္ကန်းတွေ
ဆင်မြန်းပြီး တင့်တင့်တယ်တယ် နေရတယ်၊ သူဌေးတွေ လှူဒါန်းတဲ့ဆွမ်းတွေ ဘုဉ်းပေးပြီး နေရတယ်၊
ရဟန်းဂေါတမဟာ ကိလေသာလောဘ တဏှာကုန်တယ်ဆိုတာ မဟုတ်နိုင်ဘူး၊ ဟို သစ်တုံးကြားက
အဝတ်မဝတ်တဲ့ကိုယ်တော်ကြီးကသာ ကိလေသာကုန်တဲ့ မြင့်မြတ်သူ ဖြစ်မယ်လို့ တွေးတယ်၊ အဲဒီတော့
ဂေါတမဗုဒ္ဓကို စွန့်ခွာပြီး အဲဒီတက္ကဒွန်းကြီးမှာ တပည့်ခံနေလိုက်တော့တယ်တဲ့ ဆရာ၊ အဲဒီအကြောင်း ဆရာ
ကြားဖူးသလား...ဟင်''
''မကြားဖူးသေးဘူး နှောင်း''
နှောင်းက အနည်းငယ်မဲ့ပြုံးကလေး ပြုံး၏။ ထို့နောက် မေးစေ့ကို လက်ထောက်ကာ သူ့ကိုမကြည့်ဘဲ
သမံတလင်း ကြမ်းပြင်ကို ကြည့်ရင်း ဆက်ပြောသည်။
''ဗုဒ္ဓက အဲဒီအကြောင်းကို သိတယ်၊ ဒါပေမဲ့ သုနက္ခတ္တကို ဘာမှအပြစ် မတင်ဘူး၊ တစ်နေ့မှာတော့
ဗုဒ္ဓက သုနက္ခတ္တကို ပြောတယ်၊ သုနက္ခတ္တ... မင်းရဲ့ဆရာဖြစ်တဲ့ ရဟန်းဟာ အလွန်အစားကျူးသူဖြစ်တယ်၊ အဲဒီလို
အစားကျူးမှုကြောင့်ပဲ သူဟာ ဒီနေ့ကစပြီး ခုနစ်ရက်ပြည့်တဲ့နေ့မှာ သေရလိမ့်မယ်....လို့ ဟောလိုက်တယ် ဆရာ''
သူ ပင့်သက် မသိမသာချကာ ခေါင်းညိတ်ပြလိုက်၏။
''သုနက္ခတ္တမှာ ဂေါတမနဲ့ပတ်သက်ပြီး ယုံကြည်တာတစ်ခု ရှိတယ်၊ အဲဒါကတော့ ရဟန်းဂေါတမ
ပြောသမျှဟာ မှန်တတ်တယ်၊ ဂေါတမက ဖြစ်မယ်လို့ ပြောလိုက်ရင် တကယ်ဖြစ်လာတတ်တယ် ဆိုတဲ့ ယုံကြည်မှုပဲ၊
ဒီတော့ သူက သူ့ဆရာ ရဟန်းကြီးကို အဲဒီအကြောင်း ပြောပြတယ်၊ ခုနစ်ရက်အတွင်း အစားကို ခြိုးခြံချွေတာပြီး
သင့်တင့်လျောက်ပတ်စွာ စားဖို့သင့်တယ်လို့ တိုက်တွန်းတယ်၊ ဒီအခါ ရဟန်းကြီးက ခုနစ်ရက်လုံး အစာအငတ်ခံပြီး
အဓိဌာန်ဝင်လိုက်တယ်၊ အစာလွန်ပြီး သေမှာစိုးလို့...''
နှောင်း၏စကား ဘယ်လိုအဆုံးသတ်မလဲဟု သူ ရိပ်စားမိပါပြီ။
''ဒီလိုနဲ့ ခုနစ်ရက်ပြည့်တဲ့နေ့ ရောက်သွားတယ်၊ မသေဘူး၊ သုနက္ခတ္တရဲ့ ဆရာဟာ အစားမစားရတာ
ခုနစ်ရက်လဲ ပြည့်ပြီဆိုတော့ ငါစားချင်သမျှ အကုန်စားတော့မယ်၊ ကျွေးတော့ဆိုပြီး အငမ်းမရ မဆံ့မပြဲ
စားလိုက်တယ်တဲ့ ဆရာ''
နှောင်းက သိသိသာသာ ပြုံးလိုက်သေး၏။ သို့သော် အပြုံးမှာ နာကြည်းမှု မသိမသာ ပါဝင်သည်။
''သူ ဘာဖြစ်သွားသလဲ နှောင်း''
''သူ ခုနစ်ရက်ပြည့်တဲ့နေ့မှာပဲ စားပိုးနင့်ပြီး သေသွားတယ် ဆရာ''
သူ ပင့်သက်ကို သိသိသာသာ ရှိုက်လိုက်၏။ နောက်မှီကို ပြေလျော့စွာ မှီနေရာမှ ရှေ့သို့ အနည်းငယ်
ကိုယ်ကို ကိုင်းလိုက်သည်။
''နေဦး ဆရာ... နောက်ထပ် ဒါမျိုးဆင်တူတစ်ခု ရှိသေးတယ်၊ ဆရာ့ကို နှောင်း ပြောပြဦးမယ်''
''ပြောပါ နှောင်း... ဆရာစိတ်ဝင်စားပါတယ်''
''ဗုဒ္ဓရဲ့ ဆွေမျိုးတော်တဲ့ တစ်ယောက်ပဲဆရာ... နာမည်ဘယ်သူပါလိမ့်၊ နေဦး... ယသော်ဓရာရဲ့
အဖေလေ... ဆရာ''
သူ အနည်းငယ် ပြုံးလိုက်၏။
''သုဗ္ဗဗုဒ္ဓမင်းလား''
''အဲ အဲ..ဟုတ်တယ် ဆရာ၊ ကြည့်စမ်း... ဆရာ ဘယ်လိုလုပ်ပြီး သိနေတာလဲဟင်၊ နှောင်းလို
လောလောဆယ် စာအုပ်ဖတ်ထားတာလဲ မဟုတ်ဘဲနဲ့''
''သြော်... ဗုဒ္ဓကို ကိုယ်က စိတ်ဝင်စားတော့ ဗုဒ္ဓရဲ့ ယောက္ခမကိုလဲ သိနေတာပေါ့ နှောင်းရဲ့၊
မဆန်းပါဘူး''
''အဲဒီ သုဗ္ဗဗုဒ္ဓမင်းကိုလဲ ဗုဒ္ဓက ခုနစ်ရက်အတွင်း သေလိမ့်မယ်၊ မြေမျိုပြီး သေလိမ့်မယ်လို့
ဟောလိုက်တယ်တဲ့ ဆရာ''
''စိတ်ဝင်စားစရာပဲ၊ သူကော ဒီအတိုင်း ငြိမ်မနေဘူး မဟုတ်လား''
''ဘယ်နေမလဲ ဆရာရယ်၊ သူက ဘုရင်ဆိုတော့ မြေနဲ့ဝေးရာ ဘုံခုနစ်ဆင့် အမြင့်မှာ တက်ပြီး
စံမြန်းနေတာပေါ့ ဆရာရဲ့''
သူ အသံထွက်အောင် ရယ်လိုက်မိသည်။ နှောင်းကို ကြည့်တော့ နှောင်း မပြုံးပါ။ သူ ရယ်မိသည်ကို
နည်းနည်း နောင်တရသွားသည်။ သို့သော် ဤပြစ်မှုနှင့် ထိုက်တန်စွာ နှောင်းကို တစ်စုံတစ်ရာ
နှစ်သိမ့်ပေးနိုင်မည်ဟု သူ ယုံကြည်ပါသည်။
''သူဟာ ခုနစ်ရက်လုံးလုံး အဲဒီပြသာဒ်နန်းတော်ပေါ်မှာ နေပြီး ခုနစ်ရက်ပြည့်တဲ့နေ့ ရောက်လာတယ်
ဆရာ၊ အဲဒီနေ့ညမှာပဲ ဘုရင်ရဲ့ စီးတော်မြင်းက နှောင်ကြိုးလွတ်ပြီး နန်းတော်တစ်ခုလုံး ပြေးလွှားခုန်ပေါက်
ဖျက်ဆီးနေတယ်၊ ဒီမြင်းကို ဘယ်သူမှ ဖမ်းလို့မရဘူး၊ ဒီတော့ သူက သူ့မြင်းကို ထိန်းဖို့ သတိလက်လွတ်
ပြသာဒ်ပေါ်ကနေ ဆင်းရောတ့တာပေါ့ ဆရာ''
''သူ သေသွားတယ် မဟုတ်လား... နှောင်း''
''ဟုတ်တယ်ဆရာ၊ သူ မြေမျိုပြီး သေသွားပါတယ်''
စကားဝိုင်းသည် မိနစ်အတော်ကြာကြာ တိတ်ဆိတ်ငြိမ်သက်နေ၏။ နောက်မှီကို မှီလျက် ထိုင်နေသော
နှောင်း၏စိတ်များ ငြိမ်သက်မှု မရှိကြောင်း သူသတိထားမိပါသည်။ နှောင်း ပြောစရာ စကားများ ရှိသေးသလားဟု
သူ စောင့်နေသော်လည်း နှောင်းက ဘာမျှမပြောပါ။ ထို့ကြောင့် နောက်ဆုံး တိတ်ဆိတ်မှုကို သူက ဖြိုခွဲလိုက်သည်။
''နှောင်း... နှောင်း ဘယ်လိုခံစားရမယ်ဆိုတာ ဆရာတွေးမိပါတယ်၊ ဒါပေမဲ့ ဆရာတို့ ဒီအထဲကနေ
အချက်သုံးချက် ဆွဲယူလို့ရတယ် နှောင်း၊ ဆရာတို့ အကျိုးဖြစ်မယ့် အချက်သုံးချက် ရှိနေတယ်၊
နံပါတ်တစ်အချက်က အဲဒီရှေ့ဖြစ်တွေကို ဟောခဲ့သူဟာ ဗုဒ္ဓဂေါတမဖြစ်တယ်၊ ဒိဗ္ဗစက္ခုဉာဏ် ရတဲ့
ဗုဒ္ဓဂေါတမဖြစ်တယ်၊ နံပါတ်နှစ်အချက်က ဗုဒ္ဓက အဲဒီလူတွေ သေမှာကို နှစ်နှစ်သုံးနှစ်လောက် ကြိုဟောခဲ့တာ
မဟုတ်ဘူး၊ တစ်ပတ်အလိုကျမှ ဟောခဲ့တာ၊ နံပါတ်သုံးအချက်က သေသမျှလူတွေဟာ ခုနစ်ရက်ပြည့်တဲ့နေ့မှာ
သူတို့မဆင်ခြင်လို့ သေကုန်ရတာ ဖြစ်တယ်၊ သူတို့ဟာ ဘာကြောင့်များ ရှစ်ရက်အထိ မစောင့်နိုင်ခဲ့သလဲ...''
နှောင်း၏ဇဝေဇဝါ မျက်နှာကလေးကို ကြည့်ရခြင်းအားဖြင့် သူ့စကား အောင်မြင်လိမ့်မည်ဟု
ယုံကြည်လာသည်။
သူ အားတက်သွား၏။
''အခု နှောင်းခင်ဇော်ကို ဟောလိုက်တာက ဂေါတမဗုဒ္ဓ မဟုတ်ဘူး၊ ဘုရား မဟုတ်ဘူး၊ သာမန်
မိန်းမတစ်ယောက်၊ မညှာမတာ ပြောရရင် ရူးကြောင်ကြောင် မိန်းမတစ်ယောက်၊ သူ့နာမည်နဲ့ နေရပ်လိပ်စာတောင်
ရဲရဲတင်းတင်း ပေးမသွားတဲ့ မိန်းမတစ်ယောက်၊ ဒီတော့ ကိုယ်တို့က ခုနစ်ရက်နဲ့မဆင်းဘဲ ရှစ်ရက်မြောက်နေ့မှ
ဆင်းမယ်ကွာ၊ ကဲ... သူ ဘာတတ်နိုင်ဦးမလဲ နှောင်း''
ပြုံးရယ်လာသော မျက်နှာကလေးသည် လရောင်တစ်ချက် ပြက်သွားသလို
လန်းဆန်းတောက်ပလှပါသည်။
နောက်တစ်ပတ် နှောင်း ရောက်လာသောအခါ နှောင်း၏ဆံပင်ပုံစံက တစ်မျိုးဖြစ်လာသည်။
ပခုံးမထိတထိ ဆံပင်များကို ဆံကျစ်တိုတိုကျစ်ပြီး ဆံပင်အဖျားတွင် ဖဲကြိုးရောင်စုံကလေးများဖြင့်
စုပေါင်းချည်နှောင်ထားသည်။ ဤဆံပင်ပုံစံရအောင် ဘယ်နှမိနစ် အချိန်ယူရမည်ဟု သူမသိနိုင်သော်လည်း
မှန်ရှေ့တွင် မိနစ်တော်တော်ကြာကြာ အချိန်ကုန်လိမ့်မည်ဟု သူ ခန့်မှန်းမိပါသည်။ အလှအပအပေါ်တွင်
နှောင်းသည် ယခင်ကလို ပြန်လည် စိတ်ဝင်စားလာခြင်းလား၊ သို့မဟုတ် ယခင်ကထက် ပိုမိုလွန်ကဲစွာ
စိတ်ဝင်စားလာခြင်းလား။
ဝတ်ပုံစားပုံကတော့ လှပသပ်ရပ်ရုံမျှအပ သာမန်သာဖြစ်၏။ လည်ပင်းမှာ ဇာနားတပ်ကော်လာ
ချထားသည့် ရေညှိရောင်ဘလောက်စ်အကျႌကြောင့် နှောင်း၏လည်တိုင်နှင့် မျက်နှာကလေးမှာ ဖြူဝင်းနေသည်။
နှုတ်ခမ်းမှာ နှုတ်ခမ်းဆိုးဆေး မသိမသာ ဆိုးထားသည်ဟု သူထင်သည်။ (မသေချာပါ)။ ထဘီက
ရေညှိရောင်ရင့်ရင့် ပါတိတ်လုံချည်။ နှောင်းသည် တကယ့်မိန်းမကြီးတစ်ယောက်၏ ဝတ်ပုံစားပုံမျိုးဖြင့် အပျိုကြီးပုံစံ
ဖမ်းလျက် ကလေးပုံစံ မပျောက်သေးသော မိန်းမငယ်ကလေး တစ်ယောက် ဖြစ်လေသည်။
''ဆံပင်ပုံစံက အဆန်းပါလား ... နှောင်းရဲ့''
သူ ပြုံးရွှင်စွာ ကြိုဆိုရင်း နှုတ်ခွန်းဆက်တော့ ပါးနှစ်ဖက် ရဲခနဲနီကာ နှောင်း ရှက်ရယ် ရယ်၏။
''ဒီဆံပင်ပုံက ညီညီလွင် မကြိုက်တဲ့ပုံလေ၊ ဒါကြောင့် အဲလို လုပ်လာတာ''
ညီညီလွင်...။ တစ်ခါမျှ နှောင်း၏စကားထဲတွင် ပါမလာဖူးသော နာမည်ဖြစ်သည်။ သူ သတိထား၍
မေးခွန်းမေးလိုက်သည်။
''ညီညီလွင်က ဘာဖြစ်လို့ ဒီဆံပင်ပုံကို မကြိုက်တာတဲ့လဲ''
နှောင်း နှုတ်ခမ်းသိသိသာသာ စူသွား၏။
''မသိပါဘူး ဆရာရယ်၊ နှောင်းက ကလေးပဲတဲ့၊ ဒီဆံပင်က အပျိုကြီးတွေ ပုံစံတဲ့၊ ဒါပေမဲ့ နှောင်းက
ကလေးမှ မဟုတ်တော့တာ၊ နှောင်းက ချုပ်ချယ်တာ မကြိုက်ဘူးဆရာရဲ့၊ သူက ဒါမလုပ်နဲ့ဆိုရင်
သိပ်လုပ်ချင်လာတယ်''
ညီညီလွင်နှင့် နှောင်း၏ ဆက်ဆံမှုကို သူ မေးကြည့်ရပါမည်။ သို့သော် တိုက်ရိုက်မေးလျှင်
ကောင်းမှကောင်းပါ့မလား။
''ညီညီလွင်က အမြဲချုပ်ချယ်တတ်သလား...''
''ဟင့်အင်း...''
နှောင်းမျက်နှာမှာ နည်းနည်းကလေး ရှုံ့မဲ့သွား၏။ အဖျားချွန်ချွန် ကော့ကော့ နှာခေါင်းကလေး
ရှုံ့မဲ့သွားပုံက လှပပါသည်။
''ချုပ်ချယ်လို့လဲ ဘယ်ရမလဲ ဆရာရဲ့၊ သူက နှောင်းအစ်ကိုမှ မဟုတ်တာ၊ နှောင်း ရည်းစားလဲ
မဟုတ်ဘူးလေ... သူငယ်ချင်းပဲဥစ္စာ၊ သူ့မှာ ချုပ်ချယ်ခွင့် မရှိပါဘူး''
သူ နှောင်းမျက်နှာထားကို အလွတ်မပေးဘဲ စောင့်ကြည့်နေသည်။ နှောင်းသည် ကလေးဆန်ဆန်
ပြောနေခြင်း ဖြစ်သော်လည်း သူမမျက်နှာထားကတော့ ခပ်တည်တည်ကလေးပဲ ဖြစ်သည်။ သူ့မျက်လုံးများကို
စိုက်ကြည့်ခြင်း မရှိ။ သို့သော် သူ့မျက်နှာကို ဣန္ဒြေရရ လှမ်းကြည့်နေတာတော့ အမှန်ပဲ။
တစ်ယောက်ကချုပ်ချယ်ခွင့်မရှိဘဲ ချုပ်ချယ်၊ တစ်ယောက်က ချုပ်ချယ်တာကို အရွဲ့တိုက်ပြီး ပြုလုပ်။
အင်း... ကလေးအရွယ်တွေကတော့ အလွန်ရင်ခုန်ဖွယ်ရာ ကောင်းလှသည်။ နှောင်းမှာ အရွဲ့တိုက်ရမည့်
ယောကျ်ားကလေးတစ်ဦး ရှိနေခြင်းအတွက် နှောင်းကို ကုသသည့် ဆရာဝန်တစ်ယောက် အနေနှင့် သူ
ဝမ်းသာရမည်လား၊ စိုးရိမ်ရမည်လား သူ့ကိုယ်သူ မသေချာဘဲ ဖြစ်နေသည်။
''အရင်တစ်ပတ်က သူ နှောင်းအိမ်ကို ရောက်လာတယ်လေ၊ နှောင်း ဘရစ်တစ်ရှ်ကောင်စီလ်မှာ
ကလပ်စ်ပျက်တာ များလို့တဲ့၊ စိတ်ပူလို့တဲ့၊ ဒါနဲ့နှောင်းက ဆရာ့ဆီကို အင်္ဂါနေ့ညနေတိုင်း လာပြနေတာ
ပြောပြလိုက်တယ်လေ၊ ဒီတော့ သူက ဘယ်နှနာရီမှာ ပြရတာလဲတဲ့''
ထို့နောက် နှောင်း ခစ်ခနဲ ရယ်လိုက်သည်။ ကလေးတစ်ယောက် မလုံမလဲ ရယ်ဟန်မျိုး။
''ဒါနဲ့ ငါးနာရီဆိုတော့ သူက ကျု(စ်)ဒေး တက်ဖြစ်အောင်တက်... ကလပ်စ်ပြီးရင် သူလိုက်ပို့မယ်တဲ့၊
ဒါနဲ့ ဒီနေ့ ကလပ်စ် သွားတက်တယ်လေ၊ အခု အပြန်မှာ ဆရာ့ဆီ လာတာပဲ၊ မေမေ့ကို ဘာလို့မခေါ်တာလဲလို့
သူက မေးနေသေးတယ်ဆရာ၊ မေမေ မအားဘူး၊ နောက်ပြီး မေမေပါလဲ သူနာပြုဆရာမကြီးနဲ့အတူ
မှန်တံခါးနောက်မှာ စောင့်ကျန်ခဲ့တာပဲလို့ နှောင်းပြောတော့ သူ မကြည်ဘူး၊ သိလား...ဆရာ''
သူ နားလည်စွာ ပြုံးလိုက်ပါသည်။
စိတ်ကုထုံးဖြင့် ကုသရာတွင် အများအားဖြင့် လူနာစောင့်များ ပါလေ့ရှိသော်လည်း မလိုအပ်သော
လူနာစောင့်များကို မှန်တံခါးအပြင်မှာ နေစေရန် ပို၍သင့်တော်သည်ဟု သူထင်သည်။ သူ့ဆေးခန်းတွင်
အများအားဖြင့် လူနာကို ဆေးမထိုးရတတ်ပါ။ ထို့ကြောင့် စမ်းသပ်ခုတင် သေးသေးကလေးနှင့် ဆေးဗီရို၊
ဆေးစားပွဲသေးသေးကလေးများကို စကားပြောခန်း၏ နောက်ဘက်ခန်းဆီးနောက်တွင် ထားပါသည်။
သူ့စကားပြောခန်းသည် ဆက်တီတစ်စုံ ပူးကပ်ချထားရုံသာ ကျယ်ပြီး အခန်းအပြင်ဘက်က
ဆရာမကြီးနှင့် မှန်နံရံဖြင့် ခြားထားပါသည်။ သူ့စားပွဲပေါ်မှာ တယ်လီဖုန်းတစ်ခု ရှိပြီး ဆရာမကြီး၏ စားပွဲမှာ
တယ်လီဖုန်းရှိသည်။ မှန်တံခါးကို အတွင်းမှ သော့နှိပ်မထားသောကြောင့် သူလိုက်အပ်၍ ခေါ်လိုက်လျှင် ဆရာမက
အခန်းထဲ ချက်ချင်း ရောက်လာနိုင်အောင် သူ စီစဉ်ထားပါသည်။
လူနာသည် သူပြောချင်သည့်စကားများကို အနှောင့်အယှက် မရှိ၊ အကြောက် အလန့်မရှိ သူ့အား
ပွင့်လင်းစွာ တောက်လျှောက်ပြောသွားနိုင်ပါသည်။ တစ်ခါတစ်ရံ စားပွဲအောက်မှာ အသံဖမ်းကက်ဆက်
သေးသေးကလေး ချထားတတ်သော်လည်း အများအားဖြင့် လူနာနှင့် တွေ့ဆုံမေးမြန်းခြင်းတွင်
လူနာပြောစကားများကို လက်ရေးဖြင့် လိုက်ရေးသည်က များပါသည်။
''နှောင်းကို ဆရာဝန် ဆေးကုတာ သူ ကြည့်လို့ရသလား... တဲ့၊ ရတာပေါ့လို့၊ မှန်တံခါးနောက်ကနေ
ကြည့်ပေါ့လို့ ပြောလို့ သူ လိုက်လာတာ ဆရာ''
နှောင်းက သူ့ကို ပြုံးပြုံးကလေးပြောရင်း နောက်ဘက်သို့ ချာခနဲ လှည့်ကြည့်လိုက်၏။ သူနှင့်
မျက်နှာချင်းဆိုင်ဖြစ်နေသော မှန်တံခါး ရှိရာသို့ နှောင်းနှင့်အတူတူ သူ လှမ်းကြည့်လိုက်သည်။
ရှည်သွယ်ဖြူနွဲ့သော ကောင်ကလေးတစ်ယောက်။ ဆရာမစားပွဲဘေးတွင် မတ်မတ်ရပ်လျက်
သိသိသာသာပင် သည်ဘက်သို့ မျက်နှာချင်းဆိုင် လှမ်းကြည့်နေသည်။ ဆံပင်က ယခုခေတ်ကောင်လေးများ
ထားလေ့ရှိသော ရှေ့ဆံပင်ရှည် နောက်ဆံပင်တိုကပ်ကပ်ပုံစံမျိုး။ နုနယ်ချောမောသော ကောင်ကလေးသည်
သိမ်မွေ့ဟန်ရှိသော်လည်း သူ့ကို လှမ်းကြည့်နေသော မျက်ဝန်းများက မည်းနက်တောက်ပလှသည်။
ပါးလှစ်ကျယ်ပြန့်သော နှုတ်ခမ်းကို စေ့ထားပုံက သူ့ပြိုင်ဘက်တစ်ယောက်ကို လှမ်းကြည့်နေသလိုမျိုး။
နှောင်းက ဘာအမူအရာ လုပ်ပြလိုက်သည်မသိ၊ ထိုလူငယ်ကလေးက ပခုံးတွန့်၍ ပြုံးလိုက်တာ
မြင်ရသည်။ သူ့အပြုံးက နှောင်းအတွက် သက်သက်သာ ဖြစ်၏။ နှောင်း တစ်ဦးတည်းအတွက်သာ နွေးထွေးသော
မျက်နှာဖြစ်သည်။ သူ အနည်းငယ် အောင့်သက်သက်ဖြင့် ပြုံးရယ်မိသွားသည်။
ကိုယ်သာ မင်းအသက်အရွယ်က အိမ်ထောင်ကျခဲ့ရင်၊ သမီးကလေး တစ်ယောက်လည်း ရခဲ့မယ်ဆိုရင်
သမီးက နှောင်းနဲ့ရွယ်တူ ဖြစ်နေမှာပါကွာ။
''သောကြာနေ့မှာ အလုပ်ရ မရ သိရမယ်လို့ အရင်တစ်ပတ်က နှောင်းပြောသွားတယ်နော်၊ အခု
ဘယ်နှယ့်လဲ... အိုကေလား''
နှောင်း၏မျက်နှာတွင် ဆောင့်ကြွားကြွားဟန်ကလေး ပေါ်လာသည်။
''အိုကေတာပေါ့ဆရာ... နှောင်း အလုပ်ရတယ်၊ ရှေ့လဆန်းက စပြီး အလုပ်ဝင်ရမယ်''
''ဂုဏ်ယူပါတယ် နှောင်း... နှောင်း အလုပ်ရတဲ့အတွက် ဆရာ နှောင်းကို ဆုချမယ်''
''ဘာဆုလဲဟင်''
နှောင်း၏ဟန်က တကယ်ကို စိတ်ဝင်စားမှုအပြည့်။
''နောက်တစ်ပတ်မှာ ရတော့ နှောင်းသိမှာပေါ့''
နှောင်းက ကျေနပ်စွာ ပြုံးလေသည်။
''ဆရာပေးတဲ့ဆေးတွေ စားရသေးလား''
''ဟင့်အင်း၊ မစားရဘူးဆရာ''
ဝမ်းသာပါသည်။
''နှောင်းအရင်က ခဏခဏဖြစ်တဲ့ ဝေဒနာမျိုးကော ဖြစ်သေးလား၊ ရင်ထဲမှာ တင်းတင်းကျပ်ကျပ်ကြီး
ဖြစ်နေတတ်တာ၊ နုံးခွေပြီး မလှုပ်မရှားချင် ဖြစ်နေတာ...''
''ဟင့်အင်း၊ မဖြစ်တော့ပါဘူး ဆရာ'
''ကောင်းတယ်''
သူ နှောင်းကို ကုသော စိတ်ကုထုံးများတွင် ကြွက်သားဖြေလျော့စေရန် မက်ဒီတေးရှင်းနည်းနှင့်
ဆင်တူသော ဂျက်ကော့ဆင်၏ နည်းကို ညွှန်ကြား ခဲ့ပါသည်။ သမထနည်းကို အသုံးပြုခိုင်းလျှင် နှောင်း၏
မသိစိတ်က မုန်းတီးနေသော သင်္ဘောစီးခရီးသည် အမျိုးသမီး၏ ဝိပဿနာ ညွှန်ကြားချက်နှင့် ဆင်တူနေမှာ
စိုးသည်။
နှောင်းတွင် စိုးရိမ်လွန်စိတ် ရှိနေတတ်သော်လည်း အမြဲစိုးရိမ်လွန်ခြင်း
မဟုတ်သောကြောင့် အစိုးရိမ်လွန်ခြင်း၏ ရောဂါလက္ခဏာ အတော်များများကို မတွေ့ရပါ။
ကြွက်သားတင်းလွန်းခြင်း၊ အသက်ရှူမမှန်ခြင်း၊ ခြေလက်တုန်ခြင်း စသည့်လက္ခဏာများကို မတွေ့ရပါ။ နှောင်း၏
ရောဂါက အလွန်နုနယ်သေးသောကြောင့် စိတ်ကုဆရာဝန်တစ်ဦး အနေဖြင့် ကုသပျောက်ကင်းခြင်း၏
အကျိုးအာနိသင်ကို ကျေနပ်စွာ ခံစားရပါလိမ့်မည်။
''ည ဘယ်အချိန်လောက် အိပ်ပျော်သလဲ''
''ည ဆယ်နာရီကျော်ကျော်လောက် ဖြစ်မယ်နဲ့တူတယ် ဆရာ၊ နှောင်း စာကျက်ရင်းနဲ့ စာအုပ်ဘေးမှာချပြီး
အိပ်ပျော်သွားတယ်၊ အိပ်ရာက တစ်ရေးနိုးလာတော့ မနက်မိုးလင်းနေပြီ၊ အဲဒီအချိန်ကျမှ ကျောအောက်က ခုတုတုနဲ့
ဘာပါလိမ့်လို့ ကြည့်မိတော့ ဗလာစာအုပ်တစ်အုပ်''
ထို့နောက် နှောင်းက သူ့စကားသူ သဘောကျစွာ အသံထွက် ရယ်မောလေသည်။ နှောင်း၏ အခြေအနေ
တိုးတက်မှုများအတွက် သူ အလွန်ဝမ်းသာပါသည်။
နောက်တစ်ပတ်တွင် နှောင်းအတွက် ဆုကို သူပေးအပ်သည်။
နှောင်းကို သူ ပေးသောဆုမှာ ရင်ခုန်စရာပစ္စည်းလည်း မဟုတ်၊ အနုပညာ ပစ္စည်းလည်း မဟုတ်၊
ပက်ကင်ထုပ် ပန်းစက္ကူတွေနှင့်လည်း လှပစွာ ပတ်ထားခြင်း မဟုတ်။
ပြင်သစ်-အင်္ဂလိပ် အဘိဓာန်စာအုပ်တစ်အုပ်၊ ပြင်သစ်ဘာသာ၏ ကြိယာ ပုံစံအမျိုးမျိုး ပါဝင်သော
French Verbs Conjucation စာအုပ်တစ်အုပ်၊ စန်တက်ဇူပေရီ၏ 'မင်းသားလေး'ဟု အဓိပ္ပာယ်ရသော
ပြင်သစ်ဘာသာ ဝတ္ထုစာအုပ်၊ ထိုဝတ္ထုကိုပင် အင်္ဂလိပ်ဘာသာဖြင့် တစ်အုပ်၊ ဂျာမန်ဘာသာပြန် တစ်အုပ်။
စာအုပ်များကို သည်အတိုင်း နှောင်းရှေ့မှာ ချ၍ပေးတော့ နှောင်း ပျော်ရွှင်စွာ ကျေးဇူးတင်ခဲ့သည်။
စာအုပ်တစ်အုပ်ချင်း ကောက်ယူ လှည့်ပတ်ကြည့်ရင်း ပျော်ရွှင်စွာ ခုန်ပေါက်မတတ် ဝမ်းသာနေသော ကလေးမကို
သူကျေနပ်နှစ်သက်စွာ ငေးမောကြည့်နေမိခဲ့သည်။
ထို့နောက် နှောင်းက စာအုပ်အတွင်း စာမျက်နှာများကို လှန်ကြည့်ပြီး မသိမသာ နှုတ်ခမ်းစူသွား၏။
''ဟင်... ဆရာကလဲ ဒယ်ဒီကေးရှင်းလဲ မပါဘူး၊ ဘာလို့မရေးပေးတာလဲ ဆရာ...''
သူ ပြုံး၍ နှစ်သိမ့်ဖို့ ကြိုးစားသည်။
''ဒါက ဆုလေ နှောင်းရဲ့၊ လက်ဆောင်ပစ္စည်း မဟုတ်ဘူး၊ နှောင်း တော်လို့ ဂုဏ်ပြုတဲ့ဆု''
''အို... ဘာပဲဖြစ်ဖြစ် ဆရာတစ်ခုခု ရေးပေးရမယ်၊ ရေးပါနော် ဆရာ... အိမ်ရောက်ရင် မေမေ့ကို
ကြွားရမယ်လေ''
သူ ခေါင်းတစ်ချက် ညိတ်ကာ ဖောင်တိန်ကို ထုတ်လျက် ရေးပေးလိုက်ပါသည်။
'နှောင်းခင်ဇော်သို့....
အောင်မြင်ပါစေ'
မြန်မာလက်ရေးသော့သော့များ အောက်တွင်တော့ အောင်စည်ဟူသော အင်္ဂလိပ်ဘာသာ
လက်မှတ်ကြီးကြီး ရေးထိုးပေးလိုက်သည်။ နှောင်းက ကျေနပ်နှစ်သက်စွာ 'ကျေးဇူး' ဟု မပွင့်တပွင့်
ပြောခဲ့လေသည်။
''ဆရာ ဖတ်တဲ့စာအုပ်တွေတော့ မဟုတ်နိုင်ဘူး၊ စာအုပ်တွေက အသစ်စက်စက်တွေ...'' ဟု စပ်စုသေး၏။
သူ သဘောကျစွာ ရယ်လိုက်သည်။
''တယ်တော်တဲ့ စုံထောက်ကြီးပါလား နှောင်းရဲ့၊ ဟုတ်ပါ့ဗျာ... ဆရာ ဖတ်တဲ့စာအုပ်တွေ မဟုတ်ပါဘူး၊
ဆရာက ပြင်သစ်ဘာသာလဲ တစ်လုံးမှ မတတ်ပါဘူး၊ သူငယ်ချင်းတစ်ယောက်က အကြံပေးတဲ့ စာအုပ်တွေပါ''
''နှောင်းအတွက် သက်သက်ဝယ်ထားတာလားဟင်''
''ဆိုပါတော့၊ နှောင်း တော်တာတွေအတွက် ဆုပေးဖို့''
တကယ်တော့ နှောင်းအတွက် သူတခြားနိုင်ငံတစ်ခုက မှာပေးခြင်း ဖြစ်ပါသည်။ သို့သော် နှောင်းကို
ဤမျှအသိပေးရန် မသင့်တော်ဘူးဟု သူထင်သည်။ လူနာမိန်းကလေးက သူ့အပေါ် လိုအပ်သည်ထက်ပို၍
စိတ်ဝင်စားမှာ၊ ကျေးဇူးတင်မှာကို မလိုလားပါ။
''တခြားလူနာတွေ တော်ရင်ကော ဆရာ ဆုပေးဖူးလားဟင်''
သူပါးနပ်လိမ္မာလွန်းသော ကလေးမကို သဘောကျစွာ ပြုံးကြည့်လိုက်၏။
''ပေးတာပေါ့ နှောင်း... မနေ့ကပဲ အသက်ဆယ့်နှစ်နှစ်အရွယ် ချာတိတ်လေး တစ်ယောက်ကို
ဆရာဆုပေးလိုက်သေးတယ်၊ သူကလဲ နှောင်းလိုပဲ လေယာဉ်မောင်းဖို့ ဝါသနာပါတယ်တဲ့၊ သူ့ကိုတော့
စာအုပ်ပေးလို့ ဘယ်ဖြစ်မလဲ၊ သံပတ်ပေးရတဲ့ လေယာဉ်ကစားစရာလေး ပေးလိုက်တယ်''
မှတ်ဉာဏ်ချွတ်ယွင်းသော ရောဂါသည်ကလေးလေးကို ယခုပင် သူ ပြန်၍ သတိရနေသည်။
သူ့ကိုစစ်ဆေးသော စမ်းသပ်ချက်များ ခဏခဏ ကျသော်လည်း နောက်ဆုံးတစ်ကြိမ်မှာ သူအောင်မြင်သွား၏။ ၁ဝဝ
ထဲမှ ၇ ကိုတစ်ဆင့်ချင်း နုတ်သွားသော စစ်ဆေးချက်ကို သတ်မှတ်ထားသော အချိန်အတွင်း သူ အောင်မြင်စွာ
ဖြေနိုင်သွားပါသည်။
''နှောင်းက ဖရဲင့်ချ်ကို ပထမနှစ်ပဲ အောင်သေးတာ ဆရာ၊ ဒီနှစ် ဆက်မတက်တော့ စာတွေ မေ့နေတယ်၊
နောက်နှစ်မှာ ပြန်တက်မှာပါ''
နှောင်း၏တက်ကြွသော စကားသံကို နားထောင်ရင်း သူပြုံး၍ ခေါင်းညိတ်လိုက်၏။
ဂျူး
အပိုင်း ၁၀ ဆက်ပါဦးမည် . . .
Comments