အခန်း(၁၁)
တယ်လီဖုန်း မြည်သံသည် တိတ်ဆိတ်နေသော အခန်းထဲတွင် ခပ်ဖျော့ဖျော့ကလေး ပေါ်ထွက်လာခြင်း
ဖြစ်သော်လည်း သူ့အတွက်တော့ ချောက်ချားစရာ အသံတစ်ခုဖြစ်၏။
သူ ထိုင်ရာမှ ခုန်ထလိုက်ပြီး တယ်လီဖုန်းရှိရာသို့ ခြေနှစ်လှမ်းဖြင့် ရောက်သွားသည်။
''ဟုတ်ကဲ့... ကျွန်တော် အောင်စည်ပါ''
''ဆရာ...''
တိုးတိတ်သော အသံကလေးသည် ခွန်အားပြင်းထန်စွာ သူ့ကို ဆွဲခါလှုပ်ယမ်း ပစ်လိုက်သလို ရှိ၏။
သူ ကြိုတင်ထိန်းချုပ်ထားပြီးသော တည်ငြိမ်မှုဖြင့် နှောင်းကို နှုတ်ဆက်လိုက်သည်။
''မင်္ဂလာပါ နှောင်း... နှောင်း နေလို့ကောင်းတယ်နော်''
''ကောင်းပါတယ် ဆရာ၊ ပုံမှန်အတိုင်းပါပဲ''
''နှောင်း ဘယ်အချိန် အိမ်ပြန်ရောက်သလဲ''
''ခုနစ်နာရီ''
''နှောင်း မေမေ အိပ်ပြီလား''
''မအိပ်သေးဘူး ဆရာ၊ နှောင်း အနားမှာ မေမေ စာဖတ်နေပါတယ်၊ ဆရာ မေမေ့ကို စကားပြောစရာ
ရှိလို့လားဟင်''
''မရှိပါဘူး နှောင်း''
တစ်ဖက်မှ ရယ်သံနှင့်အတူ ဗလုံးဗထွေး စကားပြောသံသဲ့သဲ့ ကြားရသည်။ သူ အနည်းငယ်
ထိန်းချုပ်ထားလျက်က စိတ်တိုသွား၏။ သို့သော် တစ်ဖက်မှ မိန်းကလေးသည် သူ့လူနာ ဖြစ်နေသည်။ ထို့ပြင် သူ
ကြင်နာမြတ်နိုးရသူကလေးလည်း ဖြစ်နေ၏။ သူ့စိတ်ကို ထိန်းချုပ်ကာ စိတ်ရှည်လက်ရှည် စောင့်နေလိုက်သည်။
''ခွင့်လွှတ်ပါ ဆရာ... ဆရာ စိတ်အနှောင့်အယှက် ဖြစ်သွားပြီ''
သူ့စိတ်ကို လှမ်းသိချင်ယောင်ဆောင်နေသော ကလေးမကို အနားမှာသာ ရှိလျှင်
ဆံပင်ဆွဲဖွပစ်လိုက်မိမည်။
''ဆရာ့ကို နှောင့်ယှက်ရာများ ကျမလား မသိဘူး၊ မနက်ဖြန် မနက် နှောင်းတို့အိမ်မှာ
ဆွမ်းကျွမ်းရှိနေတယ် ဆရာ၊ မနက်ဖြန် ဖေဖေ ဆုံးတဲ့ နှစ်ပတ်လည်နေ့ပါ''
သူ ချက်ချင်း စိတ်မကောင်း ဖြစ်သွား၏။
''နှောင်း သိပ်စိတ်ထိခိုက်နေသလား''
''ဟင့်အင်း၊ နှောင်းတို့နှစ်ယောက်လုံး နေသားကျနေပါပြီ ဆရာ''
ခဏ တိတ်ဆိတ်သွားပြန်၏။
အရုဏ်ဆွမ်း ကျွေးမှာဆိုတော့ မနက် ခုနစ်နာရီ ရှစ်နာရီလောက်မှာ ရပ်ကွက်ထဲက
လူကြီးသုံးလေးယောက်ကို ထမင်းကျွေးဖို့ အစီအစဉ် ရှိပါတယ်၊ ဆရာ လာနိုင်မလား ဆိုတာ နှောင်း သိချင်ပါတယ်၊
မြောက်ဥက္ကလာနဲ့ စမ်းချောင်း သိပ်များ ဝေးလွန်းသလား ဆရာ''
သူ သက်ပြင်းချ၍ သင်ပုန်းရှိရာ လှမ်းကြည့်၏။
''ဆရာ့အတွက် အဝေးအနီးက ပြဿနာ မဟုတ်ပါဘူး နှောင်း၊ အားမအားက ပြဿနာပါ''
''ဆရာက မနက်ဘက်မှာရော အိမ်မှာ လူနာကုသလားဟင်''
''ဆရာ လေးဆယ့်ခြောက်လမ်းဆေးခန်းနဲ့ ဆေးရုံမှာကလွဲရင် ဘယ်မှာမှ လူနာ မကုပါဘူး၊ ဒါပေမဲ့
မနက်ဘက်မှာ မကင်းရာမကင်းကြောင်း အလုပ်ကိစ္စတွေ အပွိုင့်မင့်တွေ ရှိတတ်လို့၊ ခဏကလေး...နှောင်း''
သူ ဆော့ဖ်တ်ပင်ဖြင့် ရေးထားသော ခပ်သော့သော့ လက်ရေးများမှ နေ့စွဲများကို ကြည့်လိုက်သည်။
''ရတယ်... မနက်ဖြန် ဆရာ လာနိုင်ပါလိမ့်မယ်''
''ဟုတ်ကဲ့...နှောင်း လာကြိုရမလားဆရာ၊ ခရီးကဝေးတော့ နှောင်း အားနာတယ်''
''ဟာ... နေပါစေ နှောင်း၊ ဆရာ လာခဲ့ပါ့မယ်၊ ဆရာ့ကားက ဆီမစားဘူးလေ... အားမနာပါနဲ့''
''နှောင်း လိပ်စာလေး ပြောပြပါရစေ ဆရာ''
''မလိုဘူး၊ အရင်အိမ် မပြောင်းဘူးဆိုရင် ကိုယ့်ဆီမှာ နှောင်း လိပ်စာ ရှိနေပါတယ်''
တစ်ဖက်မှ အသံတိတ်သွား၏။ သူ ကမန်းကတန်း ဆက်ပြောလိုက်သည်။
''ကိုယ့်လူနာတွေအားလုံးရဲ့ လိပ်စာ ကိုယ့်ဆီမှာ စနစ်တကျ ရှိနေပါတယ်လေ''
တစ်ဖက်က ရယ်မောသံသဲ့သဲ့ကလေး ကြားရသည်။ သူ ပါးပြင်နှစ်ဖက် ရှိန်းခနဲ နွေးပူသွားကာ
တယ်လီဖုန်းခွက်ကို အူကြောင်ကြောင် ကြည့်လိုက်မိ၏။ ဒါ ရယ်စရာလားကွာ။
''ဟုတ်ကဲ့... နှောင်း ကျေးဇူးတင်ပါတယ်ဆရာ၊ နှောင်း မျှော်နေမယ်နော်... ဂွဒ်နိုက်တ်''
တတ်လည်းတတ်နိုင်ပါရဲ့နှောင်း။
နှောင်း၏အိမ်သည် ကန်ထရိုက် တိုက်ခန်းတစ်ခုဖြစ်ပြီး ဒုတိယထပ်ဖြစ်သည်။ သူ့ကိုနှောင်းက
ရိုသေလှိုက်လှဲစွာ ကြိုဆို နှုတ်ဆက် နေရာပေးလေသည်။
''ဆရာ ရှက်တတ်မှန်း သိတယ်'' ဟူသော စကားကို တိုးတိုးကလေး ပြောပြီး နှောင်းက သူ့အတွက်
စားပွဲဝိုင်း သတ်သတ် ပြင်ကျွေးသည်။
တကယ်တော့ သူ့အနေဖြင့် မင်္ဂလာဆွမ်းကျွေး၊ အသုဘ ရက်လည်ဆွမ်းကျွေး၊ နှစ်ပတ်လည်
ဆွမ်းကျွေးပေါင်းများစွာကို မရှောင်တိမ်းသာစွာ တက်ရောက် ခဲ့ပြီး ဖြစ်သောကြောင့် အူကြောင်ကြောင်
သိပ်မနိုင်လှပါ။
နှောင်းတို့အခန်းမှာ ဧည့်ခန်းအပြည့် အဖြူရောင်ပေါ်တွင် ငွေရောင် ပန်းခက်မျှင်မျှင်ကလေးများ ပါသော
ဖယောင်းပုဆိုး ပျော့ပျော့အစဖြင့် ခင်းထားသည်။ နံရံကို အစိမ်းနုဖျော့ဖျော့ ဆေးသုတ်ထားသဖြင့် တစ်ခန်းလုံး
ဖြူဖွေးတောက်ပကာ လင်းလက်နေ၏။
''ဆရာ ဘာသား ရှောင်သလဲဟင်''
''ဆရာ ဘာမှမရှောင်ဘူး''
''နှောင်းနဲ့တူလိုက်တာ''
နှောင်းကရိပ်ရိပ်ကလေး ပြုံးလေသည်။
''မေမေကတော့ သတ်သတ်လွတ်စားတာ များတယ်ဆရာ၊ အသက်လွတ် စားတာကို ဆရာ
ဘယ်လိုသဘောရသလဲဟင်''
နှောင်း လုပ်ကိုင်နေသော ပန်းကန်များ နေရာတကျ စီစဉ်ရာတွင် သူ ကူလုပ်ပေးနေရာမှ
မျက်ခုံးပင့်လိုက်၏။
''ဆရာ ဘယ်လိုမှ သဘောမရပါဘူး... ကဲ့လဲ မကဲ့ရဲ့ဘူး၊ ဒါပေမဲ့ ချီးလဲ မချီးကျူးဘူး''
ထို့နောက် နှောင်းကို အမှန်အတိုင်း ဝန်ခံရန် အလွန်သင့်တော်သည့် အချိန်ပဲဟု စဉ်းစားမိသွားသည်။
''အင်း... ဒါပေမဲ့ တစ်ချိန်ကတော့ သတ်သတ်လွတ်စားတာကို ဆရာ ရှုတ်ချခဲ့ဖူးပါတယ်၊ ကြာပါပြီ...
ဆရာ့ဇနီးက အမြဲသတ်သတ်လွတ် စားတယ် နှောင်းရဲ့''
သူ ရယ်စရာ မဟုတ်ဘဲ တစ်ချက် ရယ်လိုက်ကာ နှောင်းကို အကဲခတ်လိုက်သည်။ နှောင်းက
ထမင်းပန်းကန်ထဲ ထမင်းထည့်ပေးနေရာမှ လိုသည်ထက်ပို၍ ခေါင်းငုံ့ထားလိုက်လေသည်။
သူ ထမင်းစား၍ တစ်ဝက်လောက် ကုန်သွားချိန်တွင် သူ တွေးထင်မထားမိသော ဧည့်သည်တစ်ဦး
အခန်းဝမှာ ပေါ်လာ၏။
ပွရောင်းရောင်း ဘောင်းဘီ အပြာဖျော့ဖျော့၏ ဘေးအိတ်နှစ်ဖက်ထဲ လက်များ ထိုးနှိုက်လျက် အခန်းဝမှာ
မတ်တတ်ရပ်နေသော ဖြူနွဲ့နွဲ့ လူငယ်ကလေးကို သူ ကောင်းကောင်း မှတ်မိသည်။
ညီညီလွင်...။
နှောင်း၏ ရိုးသားဖြူစင်မှုကို သူ သံသယဝင်သွားသည်။ နှောင်းသည် သူနှင့် ဤချာတိတ်ကို
ဆုံဖြစ်စေချင်သလား။ ဒါဆိုရင်တော့... မင်း သိပ်ကလေးဆန်သွားတာပေါ့ နှောင်းရယ်။
''ဟောတော်...ညီညီလွင်ပါလား၊ လာလာ... ကလေး၊ အထဲဝင်၊ မင်း သူငယ်ချင်း အံ့သြသွားမှာပဲ၊
တိုက်တိုက်ဆိုင်ဆိုင်ကွယ်၊ နှောင်းရေ... သမီးလေး၊ သမီး သူငယ်ချင်း လာတယ်''
သူ့ဘေးနားမှာ ဝင်ထိုင်သော ချာတိတ်ကိ သူ တစ်ချက်သာ မော့ကြည့်ပြီး ထမင်းကို လက်စသတ်
စားနေလိုက်၏။ စောစောက ဟင်းအရသာများ ဘယ်ပျောက်ကုန်မှန်း မသိတော့။ သူ ဒေါသထွက်သွားတာလား၊
ရယ်ချင်သွားတာလား၊ မခံချိမခံသာ ဖြစ်သွားတာလား ကိုယ်ကိုယ်တိုင် ဝေခွဲမရတော့ပါ။
''ဟာ...ညီညီလွင်၊ မင်္ဂလာနံနက်ခင်းပါ''
နှောင်း၏ အင်္ဂလိပ်စကားပြောသံကို သူ ပထမဆုံး ကြားရသည်။ ဘေးနားက ဝိုင်းမှ
လူကြီးသုံးယောက်၏ ခပ်ကျိတ်ကျိတ် ငြင်းခုံသော စကားသံကို လွှမ်းသွားအောင် ချိုမြကြည်လင်သော အသံကလေး
ဖြစ်သည်။
''မင်္ဂလာနံနက်ခင်းပါ နှောင်း... မင်း ဧည့်သည်တစ်ယောက် လိုနေသလား''
ချာတိတ်အသံက ပိုသွက်ပြီး ပို၍ အင်္ဂလိပ်သံဝဲသည်။
နှောင်းက ခပ်သွက်သွက် ရောက်လာပြီး သူ့ဘေးနားမှာ ဒူးထောက်ထိုင်လိုက်သည်။
''ဆရာ ထမင်းထပ်ထည့်မယ်နော်'' မြန်မာလိုပြောရင်း တစ်ဆက်တည်း ချာတိတ်ဘက် လှည့်ကာ
''ဟင့်အင်း၊ ဒါပေမဲ့ ငါမင်းကို မနက်စာ ပြုစုချင်ပါတယ်'' ဟု အင်္ဂလိပ်လို ပြောလေသည်။
''နေပစေ နှောင်း... ဆရာ လုံလောက်ပါပြီ''
နှောင်းကို တားမြစ်ရင်း သူဇွန်းခက်ရင်းကို ညင်သာစွာ ချသည်။
''ဟင့်အင်း... ကျေးဇူးပဲ၊ ကိုယ် မနက်စာ ပြီးခဲ့ပြီ''
နှောင်းက ကြည်စင်သော မျက်လုံးလဲ့လဲ့ကလေးဖြင့် သူ့ကို တောင်းပန်သလို ကြည့်၍ စကားစသည်။ သူ
ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။
''ဆရာ... သူက နှောင်းနဲ့အတူ အင်္ဂလိပ်ဘာသာ သင်တန်းတက်ခဲ့တဲ့ သူငယ်ချင်းပါ ဆရာ၊ ညီညီလွင်တဲ့၊
အီးမေဂျာက၊ ညီညီလွင်... ဆရာ့နာမည်က ဒေါက်တာအောင်စည်တဲ့၊ နှောင်းရဲ့ဆရာလေ''
ချာတိတ်က တင်ပျဉ်ခွေထိုင်ရာမှ ချက်ချင်းဒူးထောက်ကာ သူ့ကို ရိုကျိုးစွာ လက်ကမ်းပေး၏။
''ဟုတ်ကဲ့... သိခွင့်ရတာ ဝမ်းသာပါတယ် ဆရာ'' ဟု မြန်မာလို ယဉ်ကျေးသိမ်မွေ့စွာ ပြောရင်း
လက်ဆွဲနှုတ်ဆက်တော့ စောစောက ထောင့်မကျိုးဘူးဟု ထင်ထားသော သူ့ထင်မြင်ချက်ကို တစ်ဝက်
ရုပ်သိမ်းပစ်လိုက်၏။ မိုးမိလာသော ချာတိတ်၏ ဆံပင်များသည် စိုစွတ်နေပြီး ဆုပ်ကိုင်မိသော လက်ဖျားများလည်း
အေးစက်နေလေသည်။
''ကျွန်တော် နှောင်းကို ပြင်သစ်သံရုံးမှာ လျှောက်လွှာတွေ လက်ခံနေပြီ ဆိုတဲ့အကြောင်း လာပြောတာပါ
ဆရာ''
ချာတိတ်၏ မဆီမဆိုင် ဖြေရှင်းသလို စကားကြောင့် သူဘာပြောရမှန်း မသိအောင် ကြောင်သွားပြီး
ခေါင်းညိတ်လိုက်၏။
သူအားလုံးကို နှုတ်ဆက်၍ ထပြန်တော့ နှောင်းက သူ့ကို လှေကားအောက်ခြေအထိ လိုက်ပို့သည်။ သူ
နှောင်းကို စကားအနည်းငယ် ပြောချင်သောကြောင့် ကားတံခါးကို သော့ဖွင့်ရင်း နှောင်းကို လှည့်ကြည့်လိုက်သည်။
နှောင်းက တိုက်ခန်းလှေကား အောက်ဆုံးထစ်တွင် ရပ်လျက်ကျန်ခဲ့လေသည်။ လက်နှစ်ဖက် တင်းတင်းပိုက်ကာ
လှမ်းကြည့်နေသော မျက်နှာလေးကို သူသိမ်မွေ့စွာ ပြုံးပြလိုက်ပြီး''နှောင်း...ခဏ''ဟု ခေါ်လိုက်သည်။
မိုးစက်သေးသေးမှုန်မှုန်ကလေးများသည် နှင်းပွင့်ကလေးများလိုပင် ကောင်းကင်မှ လွင့်ခနဲ လွင့်ခနဲ
ကျနေသည်။
ချစ်စဖွယ်မိန်းကလေး၏ ဝတ်စုံအဖြူကလေး နံနက်ခင်း လေပြည်အောက်တွင် ညင်သာစွာ
လွင့်ပါးလာ၏။
''နှောင်း ဘာမှားလို့လဲ ဆရာ''
''နှောင်း ဘာမှမမှားပါဘူး၊ နှောင်းကို သတိပေးစရာ ရှိလို့''
နှောင်းက ခပ်ခွာခွာတွင် ရပ်လျက်က ဇဝေဇဝါ ငေးကြည့်၏။
''ညီညီလွင်ကို နှောင်း ဖိတ်မထားဘူး ဆရာ၊ ဘုရားစူး မိုးကြိုးပစ်''
ချစ်သနားဖွယ်ရာ မျက်နှာကလေးကို သူ သတိလက်လွတ် ငေးကြည့်ပြီး ပြုံးလိုက်ပြန်၏။
''အဲဒါ ဘာမှပြဿနာမဟုတ်ပါဘူး နှောင်း၊ နှောင်း သူငယ်ချင်းကို နှောင်း ဖိတ်ကြားသင့်တာပဲ ဥစ္စာ၊
ဖိတ်လို့လဲ ဘာမှမဖြစ်ဘူး၊ မဖိတ်လို့လဲ ဘာမှမဖြစ်ဘူး၊ နှောင်းတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ ချစ်ခင်ရင်းနှီးမှုကို
ကိုယ်သိပ်ကျေနပ်ဝမ်းသာပါတယ် နှောင်း''
နှောင်းက ဇဝေဇဝါ ငေးနေဆဲ။
''သိမ်မွေ့တဲ့ လူငယ်ကလေးတစ်ယောက်ပါပဲ၊ကိုယ် အကဲခတ်မိသလောက်တော့ ထူးလဲထူးချွန်ပါလိမ့်မယ်၊
မိန်းကလေးတစ်ယောက် ထည့်စဉ်းစားသင့်တဲ့ လူငယ်ကလေးပဲ''
နှောင်း ခပ်မဲ့မဲ့ကလေး ပြုံးလာ၏။
''ဒါပေမဲ့ ဆရာ...''
သူ လက်ကာ၍ ပြုံးလိုက်သည်။
''ဆရာပြောချင်တာက နှောင်းတို့ ကလေးနှစ်ယောက်ကို ကြည့်ပြီး ဆရာကြည်နူးရတယ်၊ မုဒိတာ
ဖြစ်ရတယ်၊ ဒါပေမဲ့ နှောင်းကို ဆရာတစ်ခု သတိပေးသင့်တယ် ထင်လို့''
''ဆရာထင်တာ မှားနေပြီဆရာ''
''မဟုတ်ဘူး နှောင်း၊ နှောင်းတို့ကို ဆရာ ဘာမှထင်မထားခဲ့ပါဘူး၊ အမှန်အတိုင်း ပြောနေတာပါ နှောင်း၊
ဆရာသတိပေးချင်တာက အချိန်ကာလ တွက်ချက်မှုပါ။ နှောင်း အခု အသက်နှစ်ဆယ့်နှစ်နှစ် ပြည့်သွားပြီဆိုတော့
နှစ်ဆယ့်သုံးနှစ်ထဲ ဝင်နေပြီ၊ ကိုယ်တို့ တိုက်ပွဲ မပြီးသေးဘူးနော် နှောင်း၊ ကိုယ်တို့ ဒီတိုက်ပွဲကို ပြီးအောင်
နိုင်အောင် တိုက်ကြရမယ်ဆိုတာ မမေ့နဲ့''
နှောင်းရှေ့သို့ ခြေတစ်လှမ်း တိုးလာသည်။ သို့သော် ဘာမှ စကားမဆိုပါ။ ပြာလဲ့သော မျက်ဝန်းများဖြင့်
ငေးကြည့်နေသည်။
''ဟိုခပ်ကြောင်ကြောင် မိန်းမရဲ့စကားတွေကို နှစ်ခုကတော့ တိုက်ဆိုင်လို့ ဖြစ်သွားခဲ့ပြီ၊ အဲဒီနှစ်ခုက
နှောင်းတို့ ကိုယ်တို့ဆန္ဒနဲ့ ဘယ်လိုမှ ချုပ်ကိုင်လို့ မရတဲ့အဖြစ်အပျက်တွေလေ၊ အခု ဒီမိန်းမပြောသွားတဲ့
ရူးကြောင်ကြောင် အချက်ကြီးတစ်ချက် ကျန်နေသေးတယ်၊ အဲဒါ ဘာလဲဆိုတာ နှောင်း မှတ်မိမှာပါ''
နှောင်း ရုတ်တရက် မျက်လွှာချပစ်လိုက်လေသည်။
''ဘာပဲဖြစ်ဖြစ် ကိုယ်တို့ဟာ ရန်သူကို တိုက်တဲ့နေရာမှာ တစ်ကွက်မှ သတိမလစ်စေချင်ဘူး၊ တစ်ကွက်မှ
အမှားမခံနိုင်ဘူး နှောင်း၊ နှောင်းဟာ နှစ်ဆယ့်သုံးနှစ်အရွယ်မှာ အိမ်ထောင်မကျရဘူး... လုံးဝမကျစေရဘူး၊ အဲဒါ
နှောင်း ဖန်တီးချုပ်ကိုင်လို့ရတဲ့ အချက်လေ''
နှောင်းသည် စောစောကထက် ပို၍ ခေါင်းငုံ့ပစ်လိုက်၏။
''အခုအချိန်မှာ မုဆိုးဖိုပဲဖြစ်ဖြစ်၊ တစ်ခုလပ်ပဲဖြစ်ဖြစ်၊ အသက်ကြီးတဲ့ လူပဲဖြစ်ဖြစ်၊ ငယ်တဲ့လူပဲဖြစ်ဖြစ်
နှောင်း ဘယ်ယောကျ်ားကိုမှ လက်မထပ်သင့်သေးဘူး၊ ဒီတစ်ချက် လွဲချော်မှ နောက်တစ်ချက်
လွဲချော်မှာလားလို့တော့ မစိုးရိမ်နဲ့၊ အဓိပ္ပာယ်မရှိတဲ့ ကိစ္စတစ်ခုဟာ ဘယ်တော့မှ ဖြစ်ပေါ်လာမှာ မဟုတ်ဘူး၊ ဒါပေမဲ့
ဆရာကတော့ ဆရာတို့ အောင်နိုင်မှုအတွက်၊ ဆရာတို့ မာနအတွက် ဒီတစ်ချက်ကို လုံးဝလွဲချော်စေချင်တယ်၊
ဆရာတို့ အပြတ်အသတ် နိုင်ကိုနိုင်မှ ဖြစ်မယ်နှောင်း၊ ဆရာပြောတာ နှောင်း သဘောပေါက်ရဲ့လား''
နှောင်း မျက်နှာမော့ကာ သူ့ကိုကြည့်သည်။
မိုးစက်ဖွဲဖွဲကြောင့်လား၊ မျက်ရည်စိုစွတ်မှုကြောင့်လား မသေချာဘဲ နှောင်း၏ အောက်မျက်တောင်
အစွန်အဖျားမှာ ရေကလေးတစ်စက် ခိုတွဲဥနေသည်။
''နောက်ထပ်တစ်ချက် တိုက်ဆိုင်သွားရင် နှောင်း တစ်ချိန်ချိန်မှာ စိုးရိမ်စိတ်ပူမှု ဝင်ချင်ဝင်လာနိုင်တယ်၊
သာမန်အချိန်မှာ မဝင်လာရင်တောင် အလုပ်အဆင်မပြေတဲ့အခါ၊ လူမှုဒုက္ခတွေ တွေ့တဲ့အခါ၊ နေမကောင်း
ဖျားနာတဲ့အခါ...အဲဒီအခါမျိုးမှာ နှောင်း မတော်တဆ တွေးမိပြီး တစ်ရက်တလေ စိတ်ပူရမယ့် အဖြစ်မျိုးကိုတောင်
ကိုယ်မလိုလားဘူး၊ နှောင်းဟာ အဲဒီအချက်နဲ့ လုံးလုံးကင်းရှင်းနေစေချင်တယ်၊ သူပြောသွားတဲ့ အချက်ကို
လွဲချော်သွားအောင် ဖန်တီးပစ်လိုက်စေချင်တယ်၊ သတိထားပါ နှောင်းရယ်၊ နှောင်း လုပ်နိုင်ပါတယ်၊
ဆရာသိတယ်...နှောင်း ဒါကို လုပ်နိုင်ပါတယ်''
''ကျေးဇူးတင်ပါတယ်ဆရာ၊ နှောင်း ကြိုးစားပါ့မယ်၊ ဒါပေမဲ့ ဆရာ စိတ်ပူတာ မှားနေပါတယ်''
နှောင်း၏အပြုံးကလေးက အပြုံးနှင့် မတူဘဲ ငိုချတော့မည့် ကလေးငယ်တစ်ယောက်၏
မျက်နှာလှုပ်ရှားမှုနှင့် တူနေ၏။
''ဆရာ စိတ်ပူရမှာ ညီညီလွင်နဲ့ မဟုတ်ဘူး ဆရာ''
သူ စကားမပြောနိုင်ဘဲ နှောင်းကို တစ်ခဏ ငေးစိုက်ကြည့်မိ၏။ ထို့နောက် သိသိသာသာ
စကားလွှဲပစ်လိုက်သည်။
''ကဲ...ဆရာသွားမယ် နှောင်း၊ နောက်လ တစ်ခါ ထပ်တွေ့ရအောင်''
နှောင်း အံကြိတ်ကာ သူ့ကို ငေးကြည့်ဆဲ။ နှောင်း မျက်နှာမှ နာကြည်းမှုသည် သူသတိမထားဘဲ
နေ၍မရလောက်အောင် ပြင်းထန်လာ၍ သူလန့်ဖျပ်သွား၏။
''နှောင်း...ဆရာက နှောင်းကို မဖြစ်သင့်တာ ရှောင်တိမ်းနိုင်အောင် ပြောမိတာပါ၊ အမှန်အတိုင်း ဝန်ခံရရင်
နှောင်းကို ဘယ်သူနဲ့မှ ဆရာ စိတ်မပူပါဘူး နှောင်း၊ မုဆိုးဖိုနဲ့လဲ စိတ်မပူဘူး၊ တစ်ခုလပ်နဲ့လဲ စိတ်မပူဘူး၊
နှောင်းက အသိဉာဏ်ရှိတဲ့ မိန်းကလေးပဲ၊ အသက်နဲ့ မလိုက်အောင် ဆင်ခြင်တတ်တဲ့ မိန်းကလေးပဲ၊ မလုပ်သင့်တာ
တစ်ခုကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးဆိုတာ ဆရာသိပြီးသားပါ နှောင်းရယ်၊ နှောင်းကို ဆရာယုံတယ်လေ၊
ဆရာ့နှောင်းက သိပ်လိမ္မာတာ မဟုတ်လား''
နှောင်း၏ နာကြည်းသောမျက်နှာမှာ ကြေကွဲမှုဖြင့် ပြောင်းလဲသွားပြီး နောက် ခဏအကြာတွင် နှောင်း
ပြုံးရယ်လာသည်။
ထို့နောက် ခေါင်းတစ်ချက် ဆတ်ခါပစ်ပြီး ''ဆရာ သိပ်စကားတတ်တယ်'' ဟုပြော၏။
''ဆရာ့ကို နိုင်အောင် ပြောနိုင်မှာ မဟုတ်ဘူး''
ထို့နောက် သူ့အတွက် ကားတံခါးကို သွက်လက်စွာ ဖွင့်ပေးလိုက်လေသည်
နှောင်း၏ သူ့အပေါ်ထားသော သံယောဇဉ်အတိုင်းအဆကို သူ အံ့သြတုန်လှုပ်စွာ သိလိုက်ရသောနေ့က
နှောင်းအတွက် သူတကယ်ပဲ ကြေကွဲသွားခဲ့သည်။
တစ်ရက်တော့ နှောင်း၏မိခင် သူ့ဆေးခန်းသို့ မမျှော်လင့်ဘဲ ရောက်လာ၏။ နှောင်း မပါဘဲ
နှောင်းမိခင်ကို မြင်လိုက်တော့ သူတအံ့တသြ တုန်လှုပ်ကာ ထိုင်ရာမှ ဗြုန်းခနဲ ထရပ်လိုက်မိသည်။
စိုးရိမ်ပူပန်သော သူ့မျက်နှာကို ဒေါ်ခင်ရီက အကဲခတ်သလို စူးစမ်းကြည့်ရင်း ပြုံးပြသည်။ သို့သော်
အပြုံးက တောက်ပခြင်း မရှိပါ။
''နှောင်း နေကောင်းပါတယ် ဆရာ၊ ဒါပေမဲ့ နှောင်းမသိအောင် ဆရာ့ကို တိုင်ပင်ချင်တာ တစ်ခုရှိလို့ပါ''
သူ စိတ်ကို ထိန်းချုပ်လျက် ပြုံးရွှင်စွာ ကြိုဆိုလိုက်၏။
''ဟုတ်ကဲ့... ထိုင်ပါခင်ဗျာ ထိုင်ပါ၊ ကျွန်တော့်ကို ဘာမှအားမနာဘဲ ပြောပြနိုင်ပါတယ်''
''ဒီတစ်ပတ် သားဆီကစာထဲမှာ နှောင်းရဲ့ နိုင်ငံခြားထွက်ဖို့ကိစ္စ အားလုံး အဆင်ပြေပြီလို့ပါတယ်ဆရာ၊
သူ ဟိုကနေ စပွန်ဇာ ပို့ပေးရုံပါပဲ၊ စပွန်ဇာလဲ သူ ရထားပါပြီတဲ့၊ အဲဒါ နှောင်း လိုက်ဖို့ အကုန်ဒီကနေ ပြင်ဆင်စရာ
ရှိတာတွေ ပြင်ဆင်ဖို့ပဲ ကျန်တော့တယ်တဲ့၊ ပတ်စ်ပို့က ကျပြီးနေပြီ... ဆရာ သိတယ်နော်''
''တင်ထားတာတော့ ကျွန်တော်နှောင်းနဲ့ ပထမအကြိမ် အင်တာဗျူးတွေကတည်းက သိထားပါတယ်၊
ဒါပေမဲ့ ကျန်တာတော့ မသိသေးဘူး ခင်ဗျ''
နှောင်း၏ ပြဿနာသည် ဘာပါလိမ့်ဟု သူတွေးမရနိုင်ပါ။
''အဲဒါကို နှောင်းက မသွားချင်ဘူးလို့ ငြင်းနေတယ် ဆရာ''
ဗြုန်းခနဲ အံ့သြစိတ်ဖြင့် သူ ဒေါ်ခင်ရီကို ငေးမိသွား၏။
''ဘယ်နိုင်ငံကိုလဲ ခင်ဗျ''
''ဂျပန်နိုင်ငံကို ဆရာ၊ သားက အခုအချိန်အထိ ဂျပန်မှာပဲ''
''နှောင်းက ဘာအကြောင်းနဲ့ ငြင်းပါသလဲ''
''သူ ပြောတာ နည်းလမ်းတော့ ကျပါတယ်ဆရာ၊ သူက အခုထွက်ရမှာ တိုးရ်ဗီဇာနဲ့ ထွက်ရမှာ၊
အလွန်ဆုံးရရင် သုံးလပေါ့ဆရာ၊ ဒါ အာဏာကုန်ပဲ၊ အများအားဖြင့် နှစ်ပတ်...တစ်လ၊ အဲဒါကို နှောင်းက
မကြိုက်ဘူး၊ သူက ကျောင်းသားဗီဇာနဲ့မှ ဝင်ချင်သတဲ့ဆရာ၊ ကျောင်းသားဗီဇာဆိုရင် နှစ်နှစ်၊ တစ်နှစ် စသဖြင့်
ကျောင်းအမျိုးအစား ပေါ်လိုက်ပြီး နေခွင့်ရှိတယ်၊ အဲဒါမျိုး မဟုတ်ရင် သူ မသွားချင်ဘူးလို့ ငြင်းနေတယ်၊
တိုးရ်ဗီဇာနဲ့ ထွက်သွားပြီး လေဆိပ်ကနေ ပြန်လွှတ်ခံရတဲ့ အဖြစ်မျိုါ်လဲ သူ မကြုံပါရစေနဲ့တဲ့''
သူ ကုလားထိုင် လက်ရန်းကို ခပ်ဖွဖွ ခေါက်လျက် ဒေါ်ခင်ရီ့စကားကို ခံစားမှုမပါဘဲ နားထောင်ဖို့
ကြိုးစားနေခဲ့သည်။
''ခက်တာက သူ စိတ်ပြောင်းသွားတာကို ကျွန်မသိနေတယ်၊ အရင်ကတော့ ကိုကိုရှိရာ လိုက်ဖို့ဆိုရင်
ဘာဗီဇာနဲ့ပဲ ရရ သူသွားမယ်တဲ့၊ သုံးလမပြောနဲ့ တစ်ပတ်ရရင်တောင် လိုက်မှာတဲ့၊ အရေးကြီးတာက
နာရိတလေဆိပ်ကနေ တိုကျိုမြို့ထဲ ဝင်ခွင့်ရဖို့ပဲတဲ့၊ မြို့ထဲ ရောက်တဲ့အခါမှာတော့ အိုဗာစတေးမကလို့
ဘာစတေးဖြစ်ဖြစ် သူဝင်နေမှာပဲ၊ ကိုကိုနှင်ရင်တောင် ကိုကို့အနားမှာ တွယ်ကပ်နေမှာပဲ ဘာညာ
သူပဲပြောခဲ့တယ်ဆရာ၊ အခုတော့ သူက အိုဗာစတေး မနေချင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းနေတယ်ဆရာ''
သူ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်၏။
''အဲဒါ... ဒီတစ်ခါ နှောင်း ဖုန်းဆက်ရင် မေးကြည့်ပြီး ဆရာတိုက်တွန်းဖို့ လိုရင်
တိုက်တွန်းပေးစေချင်ပါတယ် ဆရာ''
သူ ဒေါ်ခင်ရီကို စူးစိုက်စွာ ကြည့်နေမိခဲ့သည်။ သူ့အကြည့်ထဲမှ ဘာကို သတိပြုမိသွားသည်မသိ၊
ဒေါ်ခင်ရီက သူ့ကို မျက်ရည်ဝေ့လည်သော အပြုံးဖြင့် ဖြေရှင်းလေသည်။
''သမီးကလေးတစ်ယောက်တည်းကို ကျွန်မနဲ့ခွဲပြီး နိုင်ငံခြားကို လွှတ်ရက်တဲ့အမေလို့ မအံ့သြပါနဲ့ ဆရာ၊
အပြစ်လဲ မတင်ပါနဲ့၊ ကျွန်မ သမီးကို မခွဲနိုင်ပါဘူး ဆရာ၊ ကျွန်မ သမီးကို ကျွန်မ အသက်ထက် ချစ်ပါတယ်၊
ဒါပေမဲ့ သမီးစိတ် ဒီလိုပြောင်းနေတာဟာ သမီးဝေဒနာ မပျောက်သေးလို့လား၊ သူ သေမယ်ဆိုတဲ့ အတွေးကြီး
ရှိနေသေးလို့လား... အဲဒါ ကျွန်မ နားမလည်ဘူးဆရာ၊ ဖြစ်နိုင်ရင် ကျွန်မသမီး စိတ်အမှန်ကို သိချင်ပါတယ်၊ သမီး
စိတ်အမှန်ကို သိရလို့ သမီးတကယ်မသွားချင်သေးဘူးဆိုတာ မှန်ရင် သမီးရဲ့ဆန္ဒကို ကျွန်မ ပျော်ပျော်ရွှင်ရွှင်ကြီး
လိုက်လျောမိမှာပါ ဆရာ၊ အဲဒါလေးတော့ ကျွန်မကို ကူပါဦးနော် ဆရာ''
နှောင်းနှင့် တွေ့ဆုံမေးမြန်းသောအခါမှာတော့ နှောင်းက ရိုးရိုးစင်းစင်း ကလေးဖြေခဲ့၏။
''လူ့ဘဝမှာ တန်ဖိုးဆိုတာ ပြောင်းလဲတတ်တာ သဘာဝပဲ မဟုတ်လား ဆရာ၊ နှောင်း အရင်က ကိုကို့ဆီ
လိုက်ချင်တာ ရူးမတတ်ပဲ၊ ကိုကိုနဲ့ ခွဲပြီး နှစ်နှစ် နေရမယ်ဆိုတဲ့ အတွေးကို တွေးတောင် မတွေးဝံ့ဘူးဆရာ၊
နောက်ပိုင်းတော့ နှောင်းမှာ ဖေဖေ့ကို ဆုံးရှုံးရတယ်၊ ပြဿနာတွေ ရှုပ်ထွေးလာတယ်၊ ငြိတွယ်လာတယ်၊ နှောင်း
ဆုံးဖြတ်မှုတွေ ပြောင်းကုန်ခဲ့ပါတယ်၊ နှောင်း နိုင်ငံတကာ လှည့်ပတ် အလုပ်လုပ်ချင်တဲ့ ရည်ရွယ်ချက်ကတော့
ရှိနေတုန်းပါပဲ၊ ဒါပေမဲ့...''
နှောင်းက သူ့ကို ဆွေးဆွေးမြည့်မြည့် တစ်ချက်ကြည့်၏။
''နှောင်းသွားဖို့ အချိန်မဟုတ်သေးဘူးလို့ နှောင်းထင်တယ် ဆရာ၊ နှောင်းမှာ သိပ်ခိုင်လွန်းတဲ့
သံယောဇဉ်ကြိုးက နှစ်ကြိုးဖြစ်နေပြီဆရာ၊ တစ်ကြိုးက မေမေ့အပေါ်မှာ၊ မုဆိုးမဖြစ်နေရတဲ့ မေမေ့အပေါ်မှာ ခိုင်မြဲတဲ့
ကြိုး၊ နောက်တစ်ကြိုးက ဘယ်သူ့အပေါ်မှာလဲလို့ ဆရာမမေးပါနဲ့... နှောင်း မဖြေနိုင်ဘူး၊ နှောင်းကို
လူနာတစ်ယောက်အနေနဲ့ မေးရင်လဲ နှောင်း မဖြေနိုင်ဘူး၊ မိန်းမသားတစ်ယောက်အနေနဲ့ မေးရင်လဲ နှောင်း
မဖြေနိုင်ပါဘူး''
နှောင်း မျက်လွှာချလိုက်သည်ကို သူရင်နာစွာ ငေးမောရာမှ မျက်နှာလွှဲပစ်လိုက်မိ၏။
''နှောင်း အသက်နှစ်ဆယ့်လေးနှစ် ကျော်တဲ့အထိ ဘာမှမဖြစ်ဘူးလို့ နှောင်း သေချာတဲ့အခါ၊ နောက်ပြီး
နှောင်း မျှော်လင့်တာတစ်ခုလဲ မရတော့ဘူးလို့ သေချာတဲ့အခါ (ဒါမှမဟုတ်) ရပြီလို့ သေချာတဲ့အခါမှာ
နှောင်းသွားပါ့မယ် ဆရာ... နှောင်း သွားမှာပါ၊ အခုတော့ နှောင်း နေပါရစေဦး ဆရာ၊ နှစ်ဆယ့်လေးနှစ်ကို
ရင်ဆိုင်ဖို့ အားမာန်က မြန်မာနိုင်ငံမှာပဲ ရှိပါတယ်ဆရာ၊ နှောင်းလေ...နှောင်း ဘာမဆို သေချာချင်တယ် ဆရာ''
နှောင်းသည် စကားပြောရင်း အသံအနည်းငယ် အက်ကွဲလာကာ ရုတ်တရက် လက်ဖဝါးနှစ်ဖက်ပေါ်
မျက်နှာမှောက်ချကာ ငြိမ်သက်တိတ်ဆိတ် သွား၏။ မှောက်ချထားသော မျက်နှာပေါ်သို့ ကပိုကရို ဝဲလွင့်ကျနေသော
ဆံပင်ရှည်ကလေးများကို သူ မချင့်မရဲ ငေးမောကြည့်လျက် ရင်ထဲမှာ စူးစူးနစ်နစ် နာကျင်လာသည်။
နှောင်း၏ ရှိုက်သံတစ်ချက်နှစ်ချက် ထိန်းချုပ်ထားရာမှ ထွက်ပေါ်လာသောအခါ သူထိုင်ရာမှ ဗြုန်းခနဲ
ထရပ်လိုက်၏။
သို့သော် နှောင်း၏ ဦးခေါင်း၊ ဆံပင်ကလေးကိုမျှ သူ မထိကိုင်ရဲ့ါ။ သူသည် စိတ်ဆင်းရဲခြင်းကြီးစွာဖြင့်
မတ်မတ်ရပ်ကာ နံရံတစ်ဖက်သို့ လှမ်းငေးနေမိသည်။
''ကျေးဇူးပြုပြီး နှောင်းကို မတိုက်တွန်းပါနဲ့ ဆရာ၊ နှောင်း အသက်အစိတ် ပြည့်တဲ့အထိ မြန်မာနိုင်ငံမှာ
နေချင်ပါတယ်၊ နှောင်းဘဝမှာ သေချာဖို့ သိပ်လိုနေလို့ပါ ဆရာ နှောင်းကို မတိုက်တွန်းပါနဲ့''
သူ တင်းကျပ်နေသော စိတ်များကို ငြိမ်သက်စွာ ပြေလျော့အောင် ထိန်းယူ ဖြေလွှတ်လိုက်ပြီး နှောင်းကို
ကြည့်လိုက်၏။
''စိတ်အေးအေးထားပါ နှောင်း၊ နှောင်းကို ဆရာမတိုက်တွန်းပါဘူး၊ နှောင်း မေမေကလဲ
မတိုက်တွန်းပါဘူး၊ သူ သိချင်တာက နှောင်း တကယ် မသွားချင်တာလားဆိုတာ သိချင်ရုံသက်သက်ပါ၊ နှောင်း
မသွားချင်ရင် ကမ္ဘာပေါ်မှာ အပျော်ဆုံးက နှောင်းမေမေပဲ ဖြစ်ပါလိမ့်မယ် နှောင်း''
နှောင်းက ရုတ်တရက် ပြန်ထိန်းချုပ်လိုက်ဟန်ဖြင့် မျက်နှာမော့လာသည်။
မျက်ရည်စိုစွတ်သော နှာခေါင်းကော့ကော့၊ နီထွေးသော နှုတ်ခမ်းငုံကလေး မဲ့ကွေးသော
နှောင်း၏ငိုပြီးခါစ မျက်နှာကလေးသည် သူ့အား ထိန်းချုပ်ထားသော သိက္ခာပုဒ်များ၊ ဣန္ဒြေများ၊
မဖြစ်သင့်မှုများအားလုံး ချိုးဖောက်ရုန်းထွက်စေလောက်အောင် အစွမ်းထက်မည်ဖြစ်ကြောင်း သူချက်ချင်း
သတိပြုမိသွား၏။ သူ အံကြိတ်ကာ မှတ်စုစာရွက်များကို ကောက်ယူလှန်လှောကြည့်သလိုနှင့်
မျက်နှာလွှဲပစ်လိုက်သည်။
ဘုရား ဘုရား... ဒုက္ခပဲ နှောင်း၊ ကိုယ်တော့ အခုမှ ဒုက္ခရောက်တော့မယ်။
သူသည် ဆက်လက် ထိန်းချုပ်ရန် စွမ်းမှ စွမ်းပါ့မလားဟူသော သံသယဖြင့် ပထမဦးဆုံးအကြိမ်
စိတ်ဓာတ်ကျ စိုးရိမ်ပူပန်လာ၏။
နှောင်း မျက်ရည်ကို သူ ဘယ်လို ရင်ဆိုင်ရမှာပါလိမ့်။
ဂျူး
အပိုင်း ၁၂ ဆက်ပါဦးမည်...
Comments