Skip to main content

သရက်သီးကောက်ရာသီ

ငယ်စဉ်ဘဝအကြောင်းလေးတွေ ပြန်တွေးမိတိုင်း အတွေးထဲဝင်လာလေ့ရှိသည်မှာ ကျေးလက်တောရွာ၌ နေခဲ့စဉ်က အကြောင်းလေးတွေပဲ ဖြစ်သည်။ မြို့ပေါ်မှာမွေး၊ မြို့ပေါ်မှာ ကြီးပြင်းခဲ့သော်လည်း ဆွေမျိုးတွေရှိသည့် တောရွာကလေးကို ကျွန်တော်ခင်တွယ်လွန်းပါသည်။ နွေရာသီ ကျောင်းပိတ်ရက်တိုင်း နှစ်စဉ်သွားလည်ဖြစ်ခဲ့သည်။ ကျွန်တော့်မေမေ တစ်ယောက်သာ အိမ်ထောင်ကျပြီးမြို့ကို ရောက်လာခဲ့သော်လည်း မေမေ၏ ဆွေမျိုးများအားလုံးကကျေးလက်တောရွာတွင်သာ နေထိုင်ကြသည်။ ဆုံးပါးသွားသည့် အဖိုးက လွဲလျှင် အဖွား ၊ ဦးလေးနှစ်ယောက် နှင့် ဒေါ်လေးတို့ မိသားစုရှိနေကြသည်။ ဒါက ဆွေမျိုးအရင်းအချာကြီးတွေ။

တွံတေးတူးမြောင်းအလွန်တွင်ရှိသော ကရင်ချောင်းအစမှသည် တွံတေးတောကြီးတန်းရွာအထိ ချောင်းရိုး အတိုင်း တည်ထားသော ရွာစဉ်တစ်လျှောက်တွင် အဖိုးလေး၊ အဖွားလေးနှင့် ဦးလေး၊ အဒေါ်တစ်ဝမ်းကွဲတွေ ၊ ညီအကို နှစ်ဝမ်းကွဲ သုံးဝမ်းကွဲစသည့် ဆွေမျိုးတို့က များပြားလှသည်။ မော်တော်က တွံတေးတူးမြောင်းကို ဖြတ်သန်းပြီးသည်နှင့် ကရင်ချောင်းထဲသို့ဝင်လာပြီ။ ကျွန်တော်က မော်တော်ပေါ်ကနေ ကရင်ချောင်း အဝင်ဝမှစ၍ ချောင်းကမ်းနဖူး အိမ်များကို ကြည့်ငေးသွားသည်။

ရေချိုးဆင်းနေသည့် ဆွေမျိုးများ၊ အိမ်ပြတင်းပေါက်မှ လှမ်းကြည့်နေသော ဆွေမျိုးများ၊ နောက်ဖေး ရေကပြင်တွင် တခုခု ဆေးကြောနေသော ဆွေမျိုးများကို တစ်ယောက်မဟုတ် တစ်ယောက် တွေ့ရတတ်သည်။ နွေရာသီတွင် ကရင်ချောင်းက သိပ်မကျယ်လှ။ ဒီတော့ ဆွေမျိုးတစ်ယောက်ယောက်ကို တွေ့လျှင် မော်တော်ပေါ်က လက်လှမ်းပြမိသည်။ သူတို့ကလည်း ပြန်လည်ပြီးလက်ပြကြ၊ လှမ်းအော်နှုတ်ဆက်ကြသည်။
“ ဝေး...ငါတို့ဘက် လာခဲ့အုံးနော့”

ထိုစကားကို ကရင်သံဝဲဝဲလေးဖြင့်အော်၍ဖြစ်စေ၊ လက်ဟန်ခြေဟန်ဖြင့် ဖြစ်စေ ဖော်ပြကြသည်။ အဖွားနေသောရွာကို ရောက်ပြီး ရက်အနည်းငယ်ကြာလျင် ပဲ့ထောင်စက်လှေဖြင့် ဆွေမျိုးများက ကိုယ်တိုင် လာရောက်ခေါ်ကြသည်။ ဟန်ပန်တွေမရှိ၊ ဆင်းရဲချမ်းသာ ထည့်မတွေးဘဲ ရွာရောက်တုန်းရောက်ခိုက် ကျွေးမွေးဧည့်ခံချင်၍ဖြစ်သည်။ ထိုသို့သော ဖော်ရွေခြင်း၊ ဖြူစင်ခြင်းတွေကြောင့် အမေ့ဘက်က ဆွေမျိုးတွေကိုသာ ကျွန်တော်ချစ်သည်။ သတိတရရှိသည်။ ရွာဓလေ့ ရွာအငွေ့အသက်ကို အခုချိန်ထိ ခံစား၍ ရတုန်းဖြစ်သည်။

စီးလာသည့်မော်တော်မှာ ကရင်ချောင်းထဲသို့ တဖြေးဖြေး ဝင်လာသည်။ ဘယ်သူ့ကိုများ တွေ့လေမလဲဟု ဆွေမျိုးများအိမ်ကို ကြည့်ငေးရင်းဖြင့် ကျွန်တော့်တွင်ပျင်းရိငြီးငွေ့စိတ်တို့ မရှိတော့။ ထိုသို့ဖြင့် ကမ်းနံဘေး ရွာတလျှောက်ကို ဖြတ်သန်းရင်း မေမေ့ကို မွေးဖွားခဲ့သည့် ကျုံဖား ကျေးရွာအပိုင်းကို ရောက်သွားတော့သည်။ ဖွားစိမ်းဟု ခေါ်ကြသည့် ကျွန်တော့်အဖွား၏ ရေချိုးဆိပ်တွင် မော်တော်ကပ်ပေးသည်။ ကမ်းမကပ်ခင်ထဲက ကျွန်တော်က အထုပ်အပိုးတွေဆွဲကာ ဆင်းရန် မော်တော်ဦးပေါ်တွင် အဆင်သင့်ဖြစ်နေတော့သည်။ မော်တော်ဆိုက်ကပ်တာ မြင်သည်နှင့် ညီအကိုတွေ ဦးလေးတွေ အဒေါ်တွေက ကမ်းနဖူး ဆင်းလာကြိုကြပြီ။

အဖွား အိမ်မှာ အထုတ်အပိုးတွေ ချထားပြီသည်နှင့် နွေရာသီမှာ ကြည်လင်နေသည့် ကရင်ချောင်းထဲမှာ ရေဆင်းကူးဖို့ ကျွန်တော် စိတ်အားတက်ကြွနေပြီ။ သို့သော် ... ဒီအတိုင်း မဆင်းရဲသေး။ ညီအကိုတွေ ခေါ်ပြီး ဖောင်လုပ်ဖို့ငှက်ပျောပင် သုံးပင်လောက် လိုက်ခုတ်ရသည်။ ရွာမှာက ငှက်ပျောပင်တွေ သိပ်ပေါသည်။ ငှက်ပျောတုံးတွေကို အရွယ်ညီ ခုတ်ပိုင်း၊ ရှေ့တဖက် နောက်တဖက် တံစို့ထိုးပြီး ငှက်ပျောခွံကြိုးဖြင့် ခိုင်ခိုင်တုပ်ရသည်။ ဒါဆို.. ရေကူးဖို့ ဖောင်ရပြီ။ ထို့နောက် ချောင်းထဲကို ငှက်ပျောဖောင် သယ်ချလာတော့သည်။ ဆယ့်သုံး၊လေးနှစ်အရွယ်ထိ ကျွန်တော် ရေမကူးတတ်သေး၊ ရေမကူးရဲသေး။ ဒီတော့ ငှက်ပျောဖောင် အားကိုးနှင့်သာ ရေထဲ ဆင်းရဲသည်။

ရွာရောက်ပြီး နှစ်ရက် သုံးရက်ခန့်ဆို ကျွန်တော် ရေကူးရဲသွားပြီ။ သို့သော် ရေပြင်ကျယ်တွင်ကူးခြင်းမဟုတ်။ ကမ်းနဖူး ခြေတမှီမှာ ရေကူးသည်ဆိုရုံ တဗွမ်းဗွမ်းမြည်အောင် ကူးခတ်ခြင်းဖြစ်သည်။ ရေချိုးဆိပ်ဆင်းသည့်အခါတိုင်းလည်း ဆားလက်တဆုပ်ခန့် ယူချလာလေ့ရှိသည်။ ချောင်းကမ်းစပ်မှာက သရက်ပင်တွေ အစီအရီရှိ၏။ တာလမ်းမပေါ်က ရွှံ့ခဲ ခပ်မာမာကောက်ပြီး လှမ်းပစ်လိုက်လျှင် သရက်သီးများ တဖြုတ်ဖြုတ် ပြုတ်ကျလာတော့သည်။ အသီးညှာတံဘက်ကို သရက်ပင်နှင့် အားပါးတရ ထုခွဲလိုက်သည့်အခါ သရက်သီးက အစိတ်စိတ် အမွှာမွှာဖြစ်သွားတော့သည်။ ထိုသရက်သီးမွှာတွေကို ချောင်းရေနှင့် လှုပ်ခတ်ဆေးကာ ယူလာသည့့် ဆားနှင့် တို့စားကြသည်။ ဒါကိုက နွေရာသီ ရောက်တိုင်း ရွာကို သွားလည်ချင်သည့် အကြောင်းရင်းတွေထဲက တစ်ခုဖြစ်မည်။ ရေချိုးခြင်း ကဏ္ဍက သည်လောက်နှင့်တင် မပြီးသေး။

ရေထဲဆင်းလျှင် ကျွန်တော်က ဒိုင်းဝန်းတစ်ခု ယူသွားသေးသည်။ ဒိုင်းဝန်းဆိုသည်မှာ ငါးဖမ်းသည့် ဇကာပိုက် တစ်မျိုးဖြစ်သည်။ အနားပတ်လည်ကို ဝါးဘောင်ဖြင့် အဝိုင်းခွေထားပြီး အလယ်တွင် ဇကာပိုက် ကို တပ်ထားခြင်းဖြစ်သည်။ ကျန်သည့်ညီအကိုတွေအတွက်က ဒိုင်းဝန်းမလို။ ကမ်းနဖူးတွင် ပေါက်နေသည့် အပင်တို့၏ အောက်ခြေ အမြစ်ဆုံများထဲ လက်နှင့်လိုက်စမ်းကာ ပုဇွန်ဖမ်းကြသည်။ ငါးဖမ်းကြသည်။ သူတို့က ရေထဲမှ ငါး၊ပုဇွန်များကို လက်ဖြင့်စမ်းကာ ဖမ်းနိင်စွမ်းရှိကြသည်။

ကျွန်တော်ကတော့ ကမ်းနဖူးတွင် ပေါက်နေသည့် ကျုပင်ချုံဖုတ် အောက်ခြေနားမှာ ဒိုင်းဝန်းဖြင့် လိုက်ခပ်သည်။ တစ်ခါတစ်ရံ အဖွားအိမ်ခေါင်းရင်းက ချောင်းလက်တက် အသေးလေးထဲ ဒိုင်းဝန်းလိုက်ခပ်သည်။ ဘေးကိုင်းအဝိုင်းလေးကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ရေထဲကိုနှစ်ပြီး လမ်းနဲနဲလျှောက်၊ ပြီးလျှင် ရေထဲမှ ဆယ်မလိုက်သည့်အခါ ဇကာပိုက်ထဲတွင် ငါးအသေးလေးများ ပုဇွန်လေးများ ကျန်ခဲ့တော့သည်။ တဆတ်ဆတ် ခုန်နေသော ပုဇွန်လေးတွေကို ဖျတ်ခနဲ လက်ဖြင့် အုပ်လိုက်သည်နှင့် လက်ဖဝါးတွင် ဆတ်ခနဲထိုးသည့် ဝေဒနာကို ခံစားရသည်။ မနာလှ။ ဖွဖွလေးသာဖြစ်သည်။

ပုဇွန်အစိမ်းစားလျင် ရေးကူးတတ်သည်တဲ့။ ချောင်းထဲမှာ မမှီမကမ်းရေကူးရင်း လူကြီးတွေ ပြောဖူးတာကြောင့် ရေကူးတတ်ချင်ဇောဖြင့် ပုဇွန်အစိမ်းကို ကလေးဘဝက စားခဲ့ဖူးသေးသည်။ ကြာလာတော့ ရေကူးတတ်လာခဲ့သည်။ ပုဇွန်အစိမ်းစား၍ ရေကူးတတ်ခဲ့သည်တော့ မဖြစ်နိင်။ အစဉ်မပြတ် ရေထဲဆင်းရင်း၊ ဆော့ကစားရင်း ကူးတတ်လာခြင်းဖြစ်မည်။ ကျွန်တော်တို့ ညီအကိုတတွေ ရေဆင်းချိူးရင်း ဖမ်းလို့ရလာသည့် ငါးကလေး ပုဇွန်ကလေးတွေကို တစ်ယောက်ယောက်က အိမ်ကို သွားပြန်ပေးပြီးလျှင်တော့ ကျွန်တော်တို့ ရွှံ့နှင့်စစ်တိုက်တမ်း ကစားတော့သည်။

ရေထဲကို စွပ်ခနဲငုပ်ပြီး အောက်ခြေကရွံ့ကို လက်ဖြင့်ကော်ယူကာ နှစ်ဖွဲ့ခွဲ၍ ပစ်ပေါက်တမ်း ကစားကြခြင်းဖြစ်သည်။ သူပစ်သည့်အချိန် ကိုယ်က ရှောင်နိင်မှသက်သာသည်။ ရေနူးနေသော ရွံ့ပျော့ပျော့က ဘတ်ခနဲ ကိုယ့်ကို လာမှန်သည့်အခါ အနည်းငယ်တော့ နာကျင်ရပါသည်။ တစ်ခါတစ်လေ ကိုယ့်လက်ထဲတွင် ရွံ့ခဲများ အများကြီး ပွေ့ထားနိင်လျှင်တော့ သိပ်ပျော်ရသည်။ ပထမဆုံး ရွံ့နဲနဲနှင့် တစ်ချက်လှမ်းပစ်လိုက်လျှင် တစ်ဖက်လူက ရေထဲငုပ်ကာ ရှောင်သွားသည်။ ထိုအခါမျိုးဆို လက်ထဲတွင် ရွံ့အဆင်သင့်ကိုင်ပြီး သူပြန်ပေါ်လာမည့် နေရာကို မျက်စေ့ရှင်ရှင်ဖြင့် စောင့်ကြည့်ရတော့သည်။

သူရေထဲမှ ပြန်ပေါ်လာသည်နှင့် ကိုယ့်လက်ထဲက ရွံ့ခဲက ပစ်ပြီးသား ဖြစ်တော့သည်။ လေထုထဲကို အသက်တက်ရှူရှူခြင်း ခေါင်းကို ရွံ့ခဲမှန်တော့ နောက်တစ်ကြိမ် ရေထဲ ပြန်ငုပ်သွားရပြန်သည်။ ဟိုနေရာပေါ်လာလိုက် ရွံ့နှင့်လှမ်းပစ်လိုက် ဒီနေရာပေါ်လာလိုက် ရွံ့နှင့်ထုလိုက်ဖြင့် အရှုံးမပေးမချင်း ကစားကြသည်။ နားထဲ နှာခေါင်းထဲတွင်လည်း ရွံ့တွေ တစွန်းတစ။ ဆံပင်တွေကြားမှာလည်း ရွံ့တွေက အပေပေ အလူးလူး။ အားပါးတရ ဆော့ပြီးလျှင်တော့ ကိုယ်စီကိုယ်စီ ရေငုပ်ကာ ခေါင်းလျှော်ရတော့သည်။ ရွာရောက်နေချိန် နေ့စဉ် ရေကူးကြပုံတွေ။

ရေချိုးပြီး၍ ပြန်တက်သွားလျှင် ထမင်းဝိုင်းက အဆင်သင့်ဖြစ်နေပြီ။ တောရွာမှာ ဟင်းစားရှားပါးတော့ ကြက်သား၊ ဝက်သား စားရဖို့ကမလွယ်။ သို့သော် ကျွန်တော်တို့ စားကောင်းကြပါသည်။ ထမင်းဝိုင်း၏ အလယ်တွင် အကြီးဆုံးဟင်းခွက် ရှိသည်။ ထိုဟင်းက ငပိရည်ဖျော် ဖြစ်သည်။ ရေဆင်းကူးရင်း ဖမ်းမိသည့် ငါး၊ ပုဇွန်တွေကို မီးဖုတ်ပြီး ကြက်သွန်အနီ၊အဖြူနှင့် ငရုတ်သီးစိမ်း ထည့်ထောင်းကာ အချိုမှုန့်ပက်ခနဲထည့်ပြီး ဖျော်ထားသည့် ငပိရည်ဖြစ်သည်။

တို့စရာ အစုံအလင်ကလည်း ဟင်းလိုက်ပွဲကဲ့သို့ မကြာမကြာ ထယူရသည်။ ဘေးနားကဆီပြန်ငါးဟင်း ကိုတောင် ကျွန်တော် မမက်မောတော့။ ဘူးသီးပြုတ်၊ ကန်းစွန်းရွက်ပြုတ်၊ သရက်သီးစိတ် ၊ ဆူးပုတ်ရွက်ပြုတ် စသည့် တို့စရာအမယ်တွေက များပြားလှပါသည်။ ထမင်းထဲကို တို့စရာမြုပ်ကာ ငပိရည်ကို အနှစ်ပါအောင် မွှေပြီးဆမ်း၊ လက်ငါးချောင်းဖြင့် အားပါးတရ ဆုပ်စားလိုက်ရတိုင်း ထမင်းတလုတ်ချင်းစီမှာ သာယာကျေနပ်မှုက ရှိနေသည်။ ငယ်စဉ်ဘဝကို ပြန်တွေးတိုင်း ကျေးလက်တောရွာမှာ ထိုသို့ နေထိုင်စားသောက်ခဲ့ရသည်က အတွေးထဲအမြဲဝင်လာမြဲဖြစ်၏။

နောက်ထပ်မမေ့နိင်သေးသည်က သရက်သီးကောက် ကြခြင်းဖြစ်သည်။ မနက် လေး၊ငါး နာရီဆိုလျှင် ညီအကိုတွေက ကျွန်တော့်ကို နှိုးသည်။ သရက်သီးသွားကောက်ကြဖို့ ညကတည်းက ပြောထားတာကြောင့် အိပ်ယာမှလူးလဲထ မျက်နာသစ်ပြီးလျှင် လွယ်အိတ်တလုံးကို ကောက်လွယ်လိုက်သည်။ မီးအုပ်ဆောင်းနှင့် တုတ်တစ်ချောင်းကို လက်တစ်ဖက်တစ်ချက်ဆွဲရင်း သရက်ခြံတွေထဲ ညီအကိုတွေ သွားကြတော့သည်။

မနက်ဝေလီဝေလင်း။ အလင်းရောင်က မရှိသေး။ မီးအုပ်ဆောင်းမှ ထွက်သည့် အလင်းရောင် အားကိုးဖြင့်သာ တရွေ့ရွေ့သွားကြရသည်။ သရက်ခြံကြီးတွေက အကျယ်ကြီးဖြစ်သည်။ ခြံကြီးတွေထဲ ရောက်လျှင် မြေပြင်မှာ ကြွေကျနေသည့် သရက်သီး အကင်းလေး(အသေးလေး)တွေ ကောက်ကြတော့သည်။ ညဦးပိုင်းမှာ လေတွေတိုက်ထားခဲ့လျှင် သရက်သီးအကင်းလေးတွေ အများအပြားတွေ့ရတတ်သည်။ ခြံအနှံ့ လိုက်ရှာရင်း ကောက်၍ရသမျှ လွယ်အိတ်ထဲထည့်ကြသည်။

သရက်ခြံတွေက ကိုယ့်ဆွေမျိုးခြံတွေ ရှိသလို သူစိမ်းခြံတွေလည်း ရှိသည်။ သို့သော် ကြွေကျနေသည့် သရက်သီးကောက်ဖို့အတွက် ဆွေမျိုးရယ် သူစိမ်းရယ်မရှိပါ။ မည်သူမဆို ဝင်ကောက်ခွင့်ရှိသည်။ သရက်သီးကောက်သူတွေဘက်ကလည်း စည်းရှိကြပါသည်။ အသီးများများ ရချင်ဇောနှင့် အပင်ပေါ်က ရိုက်ချလေ့မရှိကြ။ ကြွေကျနေသည်များကိုသာ ကောက်ကြခြင်းဖြစ်သည်။ ညဉ့်ဦးပိုင်းတွင် မိုး၊လေ ပြင်းထန်နေခဲ့လျင် မနက်မှာ သရက်သီး များများကောက်ရပြီဆိုပြီး ကျွန်တော်ကလေးဘဝက ပျော်နေတတ်ခဲ့ဖူးသည်။ အပင်အောက်မှာ ကြွေနေသမျှ ကောက်ပေတော့ပဲ။

ခြံရှင်တွေကိုယ်တိုင်လည်း သရက်သီး ဝင်ကောက်တတ်ကြသည်။ သူတို့နှင့် အပြိုင်ကောက်နေရသော်လည်း အားနာစရာမလို။ သရက်သီးကောက်ရင်း သတိထားဖို့ တစ်ခုသာရှိသည်။ ထိုအရာက မြွေ ။ မနက်ဝေလီဝေလင်း အလင်းရောင် ကောင်းကောင်း မရှိသေးခင် သရက်သီးကောက်ရင်း ကြွေကျနေသော သရက်ရွက်များအောက်တွင် မြွေများခွေအိပ်နေတတ်သည်။ မြွေအမြီးတက်နင်းမိလိုမိ၊ မြွေကိုခလုတ်တိုက်လိုတိုက်နှင့်။ မြွေနှင့်တိုးကြသည့် ဇာတ်လမ်းတွေက ခေတ်အဆက်ဆက် မရိုးတမ်း ကြားရမြဲဖြစ်သည်။ ထိုသတင်းတွေက မသိစိတ်ထဲအထိ ရောက်နေသည့်အခါ ခြေထောက်အောက်တွင် ပျော့စိစိအရာတခုခု တက်ဖိမိသည်နှင့် အလန့်ကြား ဆတ်ခနဲ ထခုန်လိုက်မိမြဲဖြစ်သည်။

မနက်ခြောက်နာရီကျော်လာတော့ အလင်းရောင်လည်း ရောက်ပြီ။ ကောက်စရာ သရက်သီးလည်း မရှိတော့။ သရက်သီးထည့်ထားသည့် လွယ်အိတ်လေးတွေ လွယ်ရင်းပြန်လာခဲ့ကြတော့သည်။ အိမ်ပြန်ရောက်လျှင် ထမင်းကြော်၊ ဒါမှမဟုတ် ထမင်းကြမ်းနှင့်ရောထားသည့် ရွာမုန့်ဟင်းခါးကို မနက်စာ အဖြစ်စားရသည်။ ရွာမုန့်ဟင်းခါးက မြို့နှင့်မတူ။ ဆီသတ်ထားသည့်အရောင်မရှိ။ ငါးနိင်ချင်းဖြင့်ချက်သည့် နနွင်းမှုန့်အဝါရောင် သက်သက် မုန့်ဟင်းခါးဟင်းရည်သာ ဖြစ်သည်။ မုန့်ဟင်းခါးချက်ပုံက မြို့နှင့်မတူသလို ရောင်းပုံကလည်း မြို့နှင့်မတူ။

မြစ်ရိုးတစ်လျှောက် ရွာတွေဖြစ်သည့်အတွက် ခေါင်းရွက်ဗျက်ထိုး စျေးသည်တော်တော်ရှားသည်။ စျေးသည်တိုင်းလိုလို ချောင်းရိုးတစ်လျှောက် လှေတစင်းနှင့်လှော်ခတ်ရင်း ရောင်းကြခြင်းဖြစ်သည်။ မုန့်ဟင်းခါးရောင်းသူက လှေဝမ်းထဲမှာ မုန့်ဟင်းခါးဟင်းရည်အိုး၊ မုန့်ဖတ်ခြင်းတောင်း၊ အကြော်ခြင်းများ ထည့်လာကြသည်။ နောက်ထပ် မပါမဖြစ်က ချိန်ခွင်။ မုန့်ဟင်းခါးကို မြို့မှာလို ပွဲအရေအတွက်နှင့် ရောင်းခြင်းမဟုတ်။ ဟင်းရည်ကို အလေးချိန်ဖြင့် ရောင်းခြင်းဖြစ်သည်။ ဝယ်သူက ကမ်းနဖူးတွင် ဆောင့်ကြောင့်ထိုင်ကာ ဟင်းရည်ထည့်စရာ အိုး၊ ခွက် တို့ဖြင့် စောင့်နေကြသည်။

“ဟင်းရည် ငါးဆယ်သားပေး၊ အကြော်မယူဘူး”

ဒါဆို စျေးသည်က ဟင်းရည်တွေကို ဇလုံထဲ ခပ်ထည့်ကာ ချိန်ခွင်နှင့် ငါးဆယ်သားချိန်တော့သည်။ ဟင်းရည်အလေးချိန်ပေါ်မူတည်ပြီး မုန့်ဖတ်ကို အလကားပေးခြင်းဖြစ်သည်။ အလကားပေးသည် ဆိုရသော်လည်း ဟင်းရည်ဖိုးထဲတွင် မုန့်ဖတ်ဖိုးပါပြီးဖြစ်မည်။ ဒါကအလေးချိန်ဖြင့် ရောင်းသည့် ရွာ၏မုန့်ဟင်းခါး ရောင်းပုံဖြစ်သည်။ ထမင်းကြမ်းနှင့် ရောထားသော မုန့်ဟင်းခါးစားပြီး ရေနွေးကြမ်း သောက်လိုက်လျှင် မနက်စာအတွက် ပြည့်စုံပြီ။

မနက် ရှစ်နာရီ ကျော်သည်နှင့် ကိုယ်ကောက်ထားသည့် သရက်သီးလွယ်အိတ်လေးတွေကို ယူပြီး ရေချိုးဆိပ် ကမ်းနဖူးမှာ ညီအစ်ကိုတစ်စု ထိုင်စောင့်ကြတော့သည်။ ကျွန်တော်တို့လိုထိုင်စောင့်ကြသည့် သူများကိုလည်း ဟိုဘက်ကမ်းတွင်ပါ တွေ့ရလေ့ရှိသည်။ ဤရာသီက သရက်သီးကောက်ရာသီ။ သရက်သီးအကင်းလေးများ ကြွေကျသည့် ရာသီဖြစ်သည်။ ထို့ကြောင့် ရွာတိုင်းတွင် သရက်သီးကောက်သူများ ရှိကြသည်။ လိုက်ဝယ်သူများ ၊ စောင့်ရောင်းသူများရှိသည်။

ထိုသရက်သီးကင်းလေးတွေက ချဉ်ဖတ်စိမ်ပြီး မြို့ပေါ်တွင် တို့စရာအဖြစ် ပြန်ရောင်းကြခြင်းဖြစ်သည်။ သရက်ကင်းချဉ်။ သရက်သီးဆားရေစိမ် စသည်ဖြင့်ပြန်ရောင်းကြသည်။ သရက်ကင်းဝယ်သည့် လှေတွေက မနက် ရှစ်နာရီခွဲခန့်မှစ၍ တနေ့တာလုံး ဥဒဟိုသွားနေကြသည်။ ချောင်းထဲမှာ လင်ကိုယ်မယားနှစ်ယောက် လှေကလေးလှော်ခတ်ရင်း “သရက်သီးဝယ်တယ်ဗျို့” ဟု အော်သံပေးကြသည်။ ဒီတော့ ကျွန်တော်တို့ကလည်း ကမ်းနဖူးကနေ လှမ်းမေးကြသည်။ အချိန်အတွယ်က ပြည်တောင်းနှင့်ဖြစ်သည်။

“ဘယ်စျေးလဲဗျို့”
“တပြည် ငါးဆယ်ဝေ့...ရောင်းမလား”
“မနေ့ကရောင်းတာတောင် ငါးဆယ့်ငါးကျပ်ဗျ”
“ရော်...ဒိုင်ဆီသွင်းတာတောင် ငါးကျပ်ပဲ အမြတ်ရတာကို” 

တကယ်တော့ မနေ့ကလည်း တစ်ပြည်ငါးဆယ်စျေးသာဖြစ်သည်။ ဒါပေမယ့် ဒါက ရောင်းသူဖြစ်သည့် ကျွန်တော်တို့၏ စျေးခေါ်နည်း။

“ငါးဆယ့်ငါးကျပ် မရဘူးလားဗျ”
“ မရဘူးမောင်ရေ့... မင့်အသည်သာ ဆက်စောင့်တော့”

စျေးမတည့်လို့ လှေဆက်လှော်သွားသော်လည်း ကိစ္စမရှိ။ တစ်နေကုန် သရက်ကင်းဝယ်သည့် အသည်တွေ ဆက်တိုက်လာသည်မဟုတ်လား။ ဒီနေ့အတွက် ပေါက်စျေးကို သိလိုက်ရပြီ။ တစ်ပြည် ငါးဆယ်။ ငါးဆယ်ထက် စျေးပိုရအောင် ကြိုးစားဖို့ပဲကျန်တော့သည်။ မကြာပါ... နောက်..စျေးသည် ထပ်မြင်ရပြီ။

“ဘယ်စျေးလဲအစ်မ”
“တပြည် ငါးဆယ်ဝေ့”

ကရင်ရွာတွေဆိုတော့ စကားပြောတိုင်း ဝဲတဲတဲနှင့် နားထောင်ကောင်းလှသည်။ 

“ ရှေ့ကအသည်တောင် ငါးဆယ့်သုံးကျပ်ဗျ ငါးဆယ့်ငါးကျပ်မရလို့ မရောင်းလိုက်တာ”
“ မဟုတ်တာ...အဲဒီလောက် စျေးမရှိဘူးလေကွယ်”
“ဒါဆိုလည်း ငါးဆယ့်သုံးကျပ်ပဲ ပေးဗျာ.. ကျွန်တော်တို့ သွားကစားချင်နေလို့”

ဤသို့ဖြင့် စျေးသည်တွေကို အမျိုးမျိုး စျေးကစားရင်းနှင့် မနက် ဆယ်နာရီ ကျော်ခန့်ဆို ကျွန်တော်တို့ ညီအကိုများ၏ သရက်သီးရောင်းပွဲကြီးကို အပြတ်ဖြတ်ကြသည်။ ထို့နောက် ရေချိုးဆင်း ၊ နေ့လည်စာ စားပြီးလျှင်တော့ သရက်သီးရောင်းရသည့် ငွေလေးတွေ ကိုင်ပြီး တာလမ်းဘေးက သရက်ပင်အောက်ကို သွားကြသည်။ အပင်အောက် မြေတလင်းတွင် လူစုံနေပြီ။ ထိုနေရာသည် ကျွန်တော်တို့ နေ့လည်ခင်းကို ဖြတ်သန်းမည့်နေရာဖြစ်သည်။

သရက်သီးရောင်းရငွေလေးများဖြင့် ပိုက်ဆံထောင်ပစ်ကြသည်။ ခေါင်း ၊ ပန်း လှန်ကြသည်။ နှစ်ဖွဲ့ခွဲပြီး ပိုက်ဆံကြေး ဘော်လုံးကန်ကြသည်။ ဘော်လုံးဆိုသော်လည်း အဝတ်စုတ် အထပ်ထပ်ကို လိပ်ကာ ကြိုးဖြင့်ချည်ထားသော တစ်ထွာခန့်အရွယ်ရှိ အဝတ်လုံးသာ ဖြစ်သည်။ တခါတလေရိုးရာ နတ်စားသည့် အိမ်မှ တောင်းယူထားသော ဝက်ဆီးအိမ်အိတ်ကို လေမှုတ်ပြီး ဘောလုံးအဖြစ် ကန်ကြသည်။ ငြင်းကြ ၊ ခုန်ကြ ၊ ရန်ဖြစ်ကြရင်း ကျေးလက်တောရွာ၏ နေ့လည်ခင်းများသည် သက်ဝင်လှုပ်ရှားနေသည်။ ပြန်တွေးတိုင်း လွမ်းမောဖွယ်ရာသာ။

အခုဆို ကျွန်တော် ရွာကိုမရောက်ဖြစ်သည်မှာ ၇ နှစ်ခန့်ရှိပြီ။ ကျွန်တော့် ညီအစ်ကိုတစ်ဝမ်းကွဲတွေ အကုန်လုံးနီးနီးလည်း ရွာတွင် မရှိကြတော့။ မြို့ပေါ်တွင် အလုပ်အကိုင်ကိုယ်စီနှင့် ရောက်နေခဲ့ပြီ။ ရွာသို့ကျွန်တော် နောက်ဆုံးရောက်သည့် အခေါက်များတွင် အဖွားနှင့် ဦးလေး၊ အဒေါ်များမှလွဲလျှင် ကစားဖော်ကစားဖက် ညီအကိုတစ်ဝမ်းကွဲများ မရှိကြတော့ပါ။

ထိုအခါ ချောင်းထဲသို့ ရေဆင်းကူးချိန်သည် အထီးကျန်ဆန်လှပါသည်။ အရင်ကလို ရေကူးဖို့ငှက်ပျောဖောင်မဖွဲ့ဖြစ်တော့။ သရက်သီးခဲဖြင့်ထုကား ဆားနှင့် မတို့စားဖြစ်တော့။ ငါးကလေး၊ ပုဇွန်ကလေး မစမ်းဖြစ်တော့။ မနက်ဝေလီ ဝေလင်းတွင် သရက်သီးသွားမကောက်ဖြစ်တော့။ 

ပြန်တွေးမိတိုင်း လွယ်အိတ်ကလေးများဘေးချထားကာ ထိုင်စောင့်နေကြသော ညီအကိုတစ်စုနှင့် ချောင်းရိုးတစ်လျှောက် လှော်ခတ်သွားသော သရက်ကင်းဝယ်သည့် လှေကလေးများသည် ကျွန်တော့်အတွေးထဲတွင် ပြက်ပြက်ထင်ထင် ရှိနေသေးပါသည်။ သို့သော် ငယ်စဉ်ဘဝသည်ကား ဝေး၍ဝေး၍ ကျန်ခဲ့လေပြီ။

မြစ်ကျိုးအင်း
(၂၃.၄.၂၀၁၁)
#ဆရာမြစ်ကျိုးအင်းဘလော့ဂ်

Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...