ဗိုလ်သူရိန်မှာမူ မြစ်လယ်တွင် ဆိုက်ထားသော ကွမ်မိုတို ဦးစီးသည့်မြန်မာစစ်သင်္ဘောကြီးအား ငေးကြည့် လျက် ကျန်ရစ်သည်။ လူမှာငြိမ်နေသော်လည်း စိတ်မှာမူ အရောင်ကင်းမဲ့စ မိုးပြင်ဆီ တလူလူတက်နေသော သင်္ဘောမှမီးခိုးများနှင့်အတူလွင့်ပါးနေသည်။
ကွမ်မိုတိုက မည်မျှပင်အုပ်ဆိုင်း၍ ဝေဖန်သွားသော်လည်း ၎င်းဝေဖန်ချက်များမှာ လက်ရှိနိုင်ငံတော်၌ဖြစ်ပျက်နေသည်များနှင့် ပတ်သတ်၍သွေးထွက်အောင်မှန်နေမှန်း မိမိအသိဆုံး ဖြစ်လေသည်။
ဗိုလ်သူရိန်သည် သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး ခံတပ်ပေါ်မှဆင်းခဲ့၍ခံတပ်မြေပြင်သို့ ရောက်ခ ဲ့၏။ အစ သော် တွေးတောရင်းလမ်းလျှောက်ဦးမည် စိတ်ကူးသည်။ သို့ရာတွင် ရှေ့တူရူလမ်းမဆီမှဖုန်တစ်ထောင်းထောင်းနှင့် မြင်းသုံးစီး ခံတပ်ရှိရာ ဦးတည်စိုင်းနှင်လာသည်ကိုတွေ့ရသဖြင့်စိတ်ကူးကို ရပ်လိုက်သည်။
မြင်းသုံးစီးသည် ဗိုလ်သူရိန်၏ရှေ့တွင် ထိုးရပ်လိုက်သည်။ ရှေ့ဆုံးမှဦးဆောင်ဆင်းလာသူအား မြင်လိုက် လျှင်မြင်လိုက်ချင်း အံ့သြခြင်းတစ်ဝက်နှင့်လှမ်းနှုတ်ဆက်လိုက်သည်။
“သြော်... ဗိုလ်မင်းထင်...”
“ဟုတ်တယ် ဗိုလ်မှူး... အရေးကြီးလို့ ပြေးလာတာ... တွေ့မှတွေ့ပါ့မလားလို့...”
ဗိုလ်မင်းထင်သည် မြင်းဇက်ကြိုးအား တပ်တွင်းမှထွက်လာသောတပ်သားတစ်ဦး၏ လက်တွင်းထည့်ရင်း ဖြေသည်။ ထို့နောက်မြင်းပေါ်မှမဆင်းသေးဘဲ ရှိနေသေးသည့် ကျန်နှစ်ဦးအား လှမ်း၍အမိန့် ပေးသည်။
“ကဲ... သွေးသောက်တို့ ဆက်ချီပေါ့... တစ်ယောက်က အင်းဝခံတပ်ဆီသွား... တစ်ယောက် က အမရပူရ မြို့ဝန်မင်းဘုရားကိုတင်ချေ...”
ဗိုလ်သူရိန်သည် မြင်းသည်ကျော်နှစ်ဦး ထွက်သွားသည့်အထိငြိမ်ကြည့်နေပြီး နှစ်ဦးတည်းကျန်ကာမှဗိုလ်မင်းထင်အား မေးသည်။
“ဆိုပါဦး... အရေးတကြီး ဘာဖြစ်လာလဲ...”
ဗိုလ်မင်းထင်က ပတ်ဝန်းကျင်အား တစ်ချက်မျက်လုံးဝေ့အကဲခတ်လိုက်၏။ ထို့နောက်လေသံတိုးတိုးနှင့်ဆိုသည်။
“လူတစ်ယောက်လွတ်ထွက်သွားတယ်... အင်္ဂလိပ်သူလျှိုပ ဲ ထင်ရတယ်... အဲဒါ မျက်စိမှောက် မခံပဲ စောင့်ပြီး ကြည့်ကြပ်ဖမ်းပေးဖို့ အမိန့်တော်အရ ဆင့်ဆိုနေတာပဲ...”
“ဘယ်ကဘယ်လို လွတ်သွားတာလဲ... စုံအောင်ပြောပြမှပေါ့သွေးသောက်ရ...”
“ဒီလိုပါလေ... ၁၈၇၉ ခု၊ အောက်တိုဘာလ ၇ ရက်နေ့ကအင်္ဂလိပ်အရေးပိုင်စိန့်ဘာဘီ(St. Barbe) န ဲ့သံအဖ ွဲ့ နေပြည်တော်ကထွက်ခွာသွားပြီးကတည်းက အင်္ဂလိပ်သူလျှိုတွေအနေနဲ့ တိုက်ရိုက် ဆက်ဆံစရာလူ မရှိ တော့ဘူး မဟုတ်လား... ဒါပေမယ့် ရွှေနန်းတော်ကြီးထဲမှာ အဂ င်္လိပ်ဘက်တော်သားတွေတော့ ကျန်ရစ်ရမယ်...ပြီးတော့ အဂ င်္လိပ်ပိုင် ဧရာဝတီ ဖလိုတီလာကုမ္ပဏီရ ဲ့ မီးသင်္ဘောတွေဟာ ရန်ကုန်ကနေ ဗန်းမော်အထိဆန် တက်နေကြတယ်မဟုတ်လား... အ ဲဒီသင်္ဘောပေါ်က စာပို့တိုက်မှူးကတစ်ဆင့် ဒီမှာကျန်ရစ်တဲ့ အလိုတော်ရိ တွေန ဲ့ အောက်မြန်မာနိုင်ငံတော် အဂ င်္လိပ်
မဟာဝန်ရှင်တော်မင်းကြီး ဆာချာလီဘားနဒ် (Sir Charles Barnard)တို့ဟာ အဆက်အသွယ် ယူနေပုံရတယ်... ဒီညနေ သင်္ဘောဆိုက်တော့ သင်္ဘောပေါ်ကဆင်းလာတဲ့ လူတစ် ယောက်ကိုတပ်မတော်က မသင်္ကာလို့ စစ်မယ်အလုပ်ရေထဲခုန်ချပြေးတယ်... သုံးခါလောက်ရေထဲကနေ ပြန်ပေါ်ပြီး နောက်ထပ်မတွေ့ရတော့ဘူး... သေပဲ သေသလား... တစ်နေရာရာ ချောင်ကပ်တွယ်နေသလား
မသိဘူး... အ ဲဒါ... တွေ့ရင်ဖမ်းဖို့ ကမ်းတစ်လျှောက်မှာအစောင့်တွေချထားဖို့ ဆိုင်ရာတွေလဲ လိုက်ပြီးဆင့် ဆိုနေတာ... အထူးက ဒီလူဟာ အဂ င်္လိပ်သူလျှိုဖြစ်ချင်ဖြစ်မယ်... ဒါမှမဟုတ်...”
ဗိုလ်မင်းထင်သည် စကားကိုအဆုံးမသတ်ပ ဲ ဗိုလ်မှူးသူရိန်အားအဓိပ္ပါယ်ပါစွာ ကြည့်သည်။
“ပုံသဏ္ဍာန်ကရော...”
“နှုတ်ခမ်းမွှေးရေးရေး... အရပ်ပျပ်ပျပ်... ရှမ်းတစ်ယောက်နဲ့တူသတဲ့...”
ဗိုလ်သူရိန်သည် တစ်ချက် မျက်မှောင်ကြုတ်စဉ်းစားသည်။ ထို့နောက်တစ်စုံတစ်ခု ဆုံးဖြတ်လိုက်ဟန်နှင့် အသံကိုမြှင့်လျက်... “ပေါက်လှ... ပေါက်လှ....” ဟုခေါ်သည်။
ထူးသံကြားရပြီး ခံတပ်အတွင်းပိုင်း လိုဏ်ပေါက်တစ်ခုမှ အကြပ်အဆောင်အယောင်ဆင်ထားသော လူတစ် ယောက်ထွက်လာ၏။၎င်းမှာ နာမည်နှင့်လိုက်အောင် ကျွ ဲပေါက်ပမာ တုတ်ခိုင်သန်စွမ်းပုံရလျက် အသားမှာ အတော်ပင် မည်းလေသည်။ မျက်နှာထားအားအကဲခတ်ခြင်းဖြင့် အသိဉာဏ်ထက်ဗလသန်ကာ ထင်ရာကို တစ်ဇွတ်ထိုးလုပ်တတ်လုပ်ရဲ့ သူတစ်ယောက်မှန်း သိသာသည်။
ပေါက်လှသည် ကြီးမားသော လှံကြီးတစ်ချောင်းကို စ ွဲလျက်တပ်မှူး၏ရှေ့၌ လာရပ်သည်။
“သြော်... ပေါက်လှငယ်... မောင်မင်းလှံကြီးကလဲ လက်ထဲအမြဲပါပဲလား... အရေးတော်မရောက်သေးပါဘူး... ဒါပေမယ့်ဒီမှာ... နားထောင်စမ်း...”
ဗိုလ်မှူးသူရိန်သည် ဗိုလ်မင်းထင်ပြောသမျှအား ပြန်၍ အတိုချုံးပြောပြလိုက်သည်။
“နားလည်ပြီလား... အသေအချာ သတိထားကြည့်... မိရင်ငါမရောက်သေးပဲ ဘာမှ မေးမြန်းခြင်း၊ ရှာဖွေခြင်းမရှိစေနဲ့... ကြားလား...”
ပေါက်လှအား မှာကြားလွှတ်လိုက်ပြီးနောက် ဗိုလ်သူရိန်သည်ဗိုလ်မင်းထင်ဘက်လှည့်၍... “လာ... သွေးသောက်... ကျုပ်တို့ လမ်းလျှောက်ရင်း စကားပြောကြရအောင်...”
နှစ်ဦးသားသည် အမရပူရမြို့ဘက်သွားသော လမ်းတစ်လျှောက်လျှောက်လာကြသည်။ ခံတပ်နှင့် အတော်လှမ်းလှမ်းရောက်မှဗိုလ်မင်းထင်က တိုးတိုးစပြောသည်။
“သွေးသောက်... ဘာတွေ အတွေးလွန်နေတာလဲ...”
“အခု ပြေးတဲ့လူဆိုတာ ထင်နေကြသလို သင်္ဘောစာတိုက်မှူးနဲ့ လာဆက်သွယ်တဲ့လူလား... ဒါမှ မဟုတ်ရန်ကုန်သို့မဟုတ် ပြည်ကပါလာတာလား... ဒီလိုဆိုရင်ကျုပ်တို့လူမဖြစ်နိုင်ဘူးလား... ရှမ်းနဲ့တူတယ်ဆိုတော့လဲ တစ်မျိုးစဉ်းစားစရာ ဖြစ်နေတယ်...”
ဗိုလ်သူရိန်က မြေပြင်ကိုစူးစိုက်ကြည့်ရင်း မိမိဘာသာမိမိ တွက်ကိန်းချတွေးတောနေဟန်နှင့်တူသည်။
တွေးစရာရသွားသူ ဗိုလ်မင်းထင်မှာလည်း မေးခွန်းထပ်မပြုတော့ဘဲငြိမ်လျက်လိုက်ပါလာသည်။
နေမှာ လုံးလုံးဝင်ခဲ့ပြီးဖြစ်သည်။ ၉ ရက်သား လသည် မ ွန်းတည့်လုဖြစ်နေ၍ မှုန်ပျပျ ထွန်းလဲ့နေ၏။
နှစ်ဦးသားသည် လမ်းဘေးရှိ စက်ကဒုံးပင်၏ ပင်ခြေတွင် ရပ်နားလိုက်သည်။
ထိုအခိုက်တွင်ပင် အဝေးရပ်မှ ကြောက်မက်ဖွယ် တုန်ဟည်းသံကြီးတစ်ရပ် ထွက်ပေါ်လာသည်။ မြေပြင်မှာ လှုပ်ရှားခါယမ်းသွားကာရပ်နေသူနှစ်ဦးမှာလည်း ဆောက်တည်မနိုင် ယိမ်းယိုင်လှုပ်ရှားသွားသဖြင့် သစ်ပင်၏ပင် စည်ကို အားပြုမှီလိုက်ကြရသောကြောင့်မလဲကြခြင်း ဖြစ်သည်။
တောင်ဘက် မိုးကုပ်စက်ဝိုင်းဆီမှလည်း လျှပ်ပြက်၏သို့ ဝင်းဝင်းလက်လက်အရောင်များ ရုတ်တရက်ထွက် ပေါ်လာပြီး ရုတ်တရက်ပင်ပျောက်ကွယ်သွား၏။
“ဘုရား... ဘုရား... ငလျင်လှုပ်ပါလား...”
ဗိုလ်မင်းထင်က ညည်းညူ ရေရ ွတ်လိုက်သည်။ ဗိုလ်သူရိန်က စောင်းရွေ့သွားသော မောက်ရှည်အား ပြန်ပြင်လျက်သက်ပြင်း တစ်ချက်ရှိုက်လိုက်သည်။
“အတိတ်နိမိတ်တွေက မကောင်းလှဘူး...”
“ဟုတ်တယ်... အခုတလော တော်လည်းသံတွေ ကြားရတာလဲညဆက်လိုပဲ...”
နှစ်ဦးသားသည်ငလျင်ရပ်စ မှုန်ပျပျလရောင်၌ ငြိမ်ကျန်ရစ်သော ည၏ပတ်ဝန်းကျင်အား ခြောက်ခြား သောစိတ်များဖြင့် လှည့်ပတ်ကြည့်မိသည်။
“ဒါထက် မြို့ထဲမှာ ထိတ်လန့်နေကြတာကော ကြားလား...”
ဗိုလ်မင်းထင်က မေးသည်။
“ဟင့်အင်း... မကြားမိဘူး...”
“မန္တလေးမြို့တည်စဉ်က မြို့ရိုးတစ်ထောင့်စီမှာ လူတစ်ယောက်စီအရှင်လတ်လတ် မြှုပ်နှံစတေးခ ဲ့တယ် မဟုတ်လား... အဲဒီစတေးတဲ့နေရာမှာ ဆီအပြည့်န ဲ့ အိုးကြီးတစ်လုံးစီ မြှုပ်ထားတယ်... ဒီဆီအိုးကြီးတွေ ခန်းခြောက်ရင် တိုင်းပြည်ပျက်တတ်တယ်ဆိုပြီး
ခုနစ်နှစ်တစ်ခါစစ်ရိုးထုံးစံ မဟုတ်လား... လွန်ခဲ့တဲ့ငါးနှစ်လောက်ကသုံးကြိမ်မြောက်ပုဏ္ဏားတော်တွေစစ်ကြည့်တော့ဆီအိုးတစ်လုံးကလွဲပြီးကျန်သုံးလုံးမှာ ဆီတွေ ခန်း ခြောက်နေတယ်... တစ်ချိန်တည်းမှာပဲမြို့တော်အစ ွန်နား ကျားဝင်တယ်... အလောင်းမင်းတရားကြီးလက်ထက်ကတည်းက ရှိခ ဲ့တဲ့ နန်းစဉ် ပတ္တမြားရတနာကြီးလဲပျောက်ဆုံးသွားတယ်... ဒီနိမိတ်ဆိုးတွေအရ ယတြာချေဖို့ကမြို့တော်ရွှေ့ပြောင်းရုံပဲ ရှိတော့တယ်... ဒါပေမယ့် မန္တလေး ရွှေမြို့တော်ကြီးဟာ တိုက်တာ၊ စက်ရုံ၊ အဆောက်အအုံတွေနဲ့ အခြေစိုက်မိထားတော့ပြောင်းဖို့မလွယ်ဘူး မဟုတ်လား... ဒီတော့ကလေး၊လူကြီး၊ ယောက်ျား၊ မိန်းမ၊ စစ်သား၊ နိုင်ငံခြားသား တစ်ရာစီထပ်စတေးဖို့ဟိုပုဏ္ဏားစုတ်က ကြံစည်လျှောက်တင်ခဲ့တယ်... ဒီတုန်းကမြို့တော်ခြောက်ခြားပြီး ရေလမ်း ကုန်းလမ်းနဲ့ တိုင်းသူပြည်သားတွေအင်္ဂလိပ်ပိုင်နက်ထဲ ထွက်ပြေးတာမှတ်မိမှာပေ့ါ... အခုလဲ အတိတ်ဆိုး နိမိတ်ဆိုးတွေ ပေါ်ပြန်တော့စတေးမယ့်အကြောင်း ကောလာဟလတွေ ထွက်လာပြန်တယ်... ပြေးနိုင်တဲ့လူတွေ ပြေးကြပြီ... မပြေးနိုင်တဲ့လူတွေ ဟာ နေဝင်ရင်အိမ်ပြင်မထွက်ရဲအောင်ဖြစ်နေကြတယ်...”
ဗိုလ်မင်းထင်၏ စကားဆုံးသောအခါ ဗိုလ်သူရိန်က တောက်တစ်ချက်ပြင်းစွာခေါက်လိုက်သည်။ ထို့နောက်သစ်ပင်အထက်နှင့် ပတ်ဝန်းကျင်အား သတိနှင့်စစ်ဆေးကြည့်လိုက်ပြီး စကားစပြောသည်။
“တောက်... ဒီဘုရင်ဒီမိဖုရားနဲ့ ဒီမှူးမတ်မိုက်တွေကြောင့်တိုင်းပြည်တော့မြန်မြန်ကျွန်ဇာတ်ခင်း တော့မှာပ... ဒီမှာ ဗိုလ်မင်းထင်...”
ဗိုလ်သူရိန်က လေသံကိုထပ်နှိမ့်၍ ပြောသည်။
“ကျုပ်တို့ ညောင်ရမ်းကိုယ်တော်လေးကို မြန်မြန် နန်းပြန်တင်နိုင်ရင်တင်... မတင်နိုင်ရင်ခက်လိမ့်မယ်... ကျုပ်အခုပဲ ကွမ်မိုတိုနဲ့ စကားပြောခ ဲ့တယ်... သူပြောတာ သိပ်မှန်တယ်... ကျုပ်တို့ဟာနိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပ ွားရေး၊ လူမှုရေး အားလုံးမှာ ကူဗလိုင်ခန်လက်ထက်က မတက်သေးဘူး... ရန်သူနယ်ချဲ့အင်္ဂလိပ်နဲ့ ဖရန်စစ်ကလဲ အသံကောင်းအမျိုးမျိုးဟစ်ပြီး တောင်နဲ့မြောက်ကနေ ဝင်မယ်တကဲကဲလုပ်နေတယ်... အယူသီး ခေတ်နောက်ပြန်ဆွဲ မှူးမိုက် မတ်မိုက်တွေကလဲ အခြေအနေလုံးဝမသိတဲ့ဘုရင်နဲ့ မိုက်ရူးရဲ မိဖုရားကိုမြှောက်ပင့်ပြီး ထင်တိုင်းကြဲနေကြတယ်... ဒီလောကမှာ ဘယ်သူမပြုမိမိမှုပဲ သွေးသောက်ရဲ့... ကျုပ်တို့ ကျွန်ဖြစ်အောင်ကျုပ်တို့လုပ်နိုင်တယ်... ကျုပ်တို့ သခင်ဖြစ်အောင်ကျုပ်တို့ပဲ လုပ်နိုင်တယ်... အားလုံး ကျုပ်တို့အပေါ်မှာပ ဲ တည်နေတယ်...”
ဗိုလ်သူရိန်က ခေတ္တနားလိုက်ပြီး ဆက်ပြောသည်။
“နိုင်ငံမပျက်အောင် လူတွေစတေးဖို့လဲ မလိုဘူး... မြို့တော်ပြောင်းဖို့လဲ မလိုဘူး... ဒီနေ့ရှိတဲ့အမှားတွေကို အမြန်ပြင်ပစ်ရမယ်... ဒီဘုရင်နဲ့ ဒီမှူးမတ်တွေမပြင်ရင် ဒီဘုရင်နဲ့ ဒီမှူးမတ်တွေကိုဖယ်ရှားပစ်ရမှာပဲ... အခုအလောင်းမင်းတရားကြီး တည်ထောင်ခဲ့တဲ့အမျိုးသားညီညွတ်ရေးဟာကော ဘာဖြစ်နေပြီလဲ...”
ဗိုလ်သူရိန်၏အသံမှာ မာသည်ထက်မာလာသည်။
“ဒါထက်သွေးသောက်... အခုလွတ်ပြေးနေတဲ့ရှမ်းလိုလူဟာ ဟိုညကသွေးသောက်တွေ့ခဲ့တဲ့ သိန္နီစော်ဘွားဟောင်း စောနော်ဖရဲ့ လူများဖြစ်နေမလား...”
ဗိုလ်သူရိန်က ဦးခေါင်းကို ဖြည်းညင်းစ ွာခါယမ်းလိုက်သည်။
“မဖြစ်နိုင်ဘူး... စော်နော်ဖဟာ မြန်မာမင်းရဲ့မှားယွင်းချက်ကြောင့်ဒုက္ခရောက်နေသူဖြစ်ပေမယ့် မြန်မာ ထီးနန်းအပေါ်မှာတော့ သစ္စာဖောက်မယ့်ပုဂ္ဂိုလ်ကြီး မဟုတ်ဘူး... သူသာ သစ္စာဖောက်ချင်ရင်ယူနန်တရုတ်တွေဆီဖြစ်ဖြစ်၊ အင်္ဂလိပ်ပိုင်နက်ထဲဖြစ်ဖြစ် ပြေးဝင်
ခိုလှုံမှာပေါ့... အခုတော့ကချင်တွေထဲတင်တိမ်းရှောင်ပြီး သူ့အရိုက်အရာကို ယူထားတဲ့ စံထွန်းဟုန်ကို ဖြစ်တဲ့နည်းန ဲ့ လုပ်ကြံနေရတာသွေးသောက်လဲ အသိသားပဲ...”
“ဒါဖြင့် လင်းပင်မင်းသား အလံတော်အောက်ကနေ သီပေါဘုရင်ကိုတော်လှန်နေတဲ့မိုးနဲစော်ဘွား ခွန်ကြည်တို့ရဲ့လူရော မဖြစ်နိုင်ဘူးလား”
“မဖြစ်နိုင်ဘူး... ကျုပ်စုံစမ်းရသမျှ စော်ဘွားခွန်ကြည်ဟာ စော်နော်ဖလိုပဲသီပေါဘုရင်ကို မုန်းပေမယ့်အင်္ဂလိပ်ကျွန်ကိုတော့ ခံချင်သူမဟုတ်ဘူး... ကျုပ်တော့မဟုတ်မှလွဲရော . . စော်ဘွားခွန်ဆိုင်ရဲ့လူပဲ ထင်တယ်”
“စော်ဘွားခွန်ဆိုင်... သီပေါစော်ဘွားဟောင်းလား...”
“မှန်တယ်... မြန်မာမင်းရဲ့ အညှဉ်းဆဲကို မခံနိုင်တာနဲ့ ခွန်ဆိုင်ခမျာဟာ ရန်ကုန်ဆင်းပုန်းနေခဲ့ရတာ သွေးသောက်သိပြီး ဖြစ်လိမ့်မယ်... ဒီလို ရှောင်နေပေမယ့် မန္တလေးက သူလျှိုတွေဟာ ခွန်ဆိုင်ရဲ့အသက်ကို အမြဲ ရန်ရှာနေတာပါပဲ... နောက်ဆုံး ခွန်ဆိုင်ဟာ
မင်္သကာစရာဖြစ်နေတဲ့ သူ့ကျွန်ယုံနှစ်ယောက်ကို သတ်ပစ်မှုနဲ့ အင်္ဂလိပ်အစိုးရက ဖမ်းဆီးသေဒဏ်ပေးခြင်း ခံရတယ်... အယူခံမှာ သေဒဏ်လွတ်ပြီး အလုပ်ကြမ်းနဲ့ တစ်သက် တစ်ကျွန်းကျသွားရှာတယ်နောက်ဆုံးကြားရတာက ခွန်ဆိုင်ကို စော်ဘွားဟောင်းမှန်းသိလို့အင်္ဂလိပ်ဝန်ရှင်တော်မင်းက လွှတ်ပေးပြီး ရှမ်းပြည်ကို အင်္ဂလိပ်ဘက်သားဖြစ်အောင်သွေးဆောင်ခေါင်းဆောင်ဖို့ တာဝန်ပေးတယ်လို့ကြားရတယ်...”
ဗိုလ်မင်းထင်က သက်ပြင်းရှိုက်လိုက်သည်။
“ဒီအတိုင်းဆိုရင်ဝန်းသိုစော်ဘွားကြီးနဲ့ ညောင်ရွှေစော်ဘွားကြီးကလွဲလို့မြန်မာဘုရင့်အပေါ် မတော်လှန်သူဘယ်သူရှိတော့လဲ...”
“ဒါပါပဲ ဗိုလ်မင်းထင်... ဒီအတိုင်းဆိုရင်သွေးချင်းနှော အသက်ချင်းဖလှယ်ပြီး တတိယမြန်မာနိုင်ငံတော်ကြီးကို ပခုံးချင်းယှဉ်ဆောက်တည်လာခဲ့ကြတဲ့ညီရင်းအစ်ကိုတွေဟာ ကွဲကြရပြီ... မှတ်မိသမျှ အင်္ဂလိပ် မြန်မာစစ်ပွဲတုံးက ဟံသာဝတီကြောင်းချီတဲ့ ဗိုလ်မှူး ဝန်ကြီးသတိုးသုဓမ္မမဟာမင်းခေါင်ရဲ့တပ်မှာ မြန်မာတွေနဲ့ ရင်ဘောင်တန်းပြီးရန်သူ့သွေးစေးန ဲ့ ခွာမရအောင်ကပ်နေတဲ့ ဓားရှည်ကြီးဆုပ်လျက်အသက်စွန့်သွားတဲ့ စော်ဘွားအာဇာနည်ကြီးတွေ ရှိခဲ့တယ်... အခုတော့ခွန်ကြည်လို အင်္ဂလိပ်ဘက်တော်သားတွေ ပေါ်လာပြီ... ခွန်ကြည်ကို အပြစ်တင်ဖို့ထက် ခွန်ကြည် ဒီအဖြစ်ကိုရောက်အောင်တွန်းပို့သူတွေကိုသာ ဖိထောင်းချင်တော့တယ်... ဒီအမှားမျိုးတွေကိုအချိန်မီရပ်မပစ်နိုင်ရင်မြန်မာနိုင်ငံတော်ရေတိမ်မှာ နစ်လိမ့်မယ်...”
နှစ်ဦးသား စကားဆက်မဆိုနိုင်တော့ပဲ ငြိမ်နေမိကြသည်။လရောင်မှာ အတော်လင်းနေပြီဖြစ်သော်လည်း သီတင်းကျွတ်၏နောက်ဆုံးမိုးတိမ်တို့ လွင့်ပါးဆင်းသက် လျက်ရှိသဖြင့် လင်းချည်မှိန်ချည် ဖြစ်နေသည်။ အင်း၏ ကျန်ရှိသောရေအစပ်မှ ဖားအော်သံများမှာ ဆိတ်ငြိမ်သော ည၌ မှန်မှန်ထွက်ပေါ်လာသည်။
“ကဲ... ကျွန်တော်တို့အရေးတော်ကိုဆွေးနွေးကြဦးစို့သွေးသောက်”
“အင်း... ဒီအရေးတော်ကလဲ တစ်မှောင့်ပဲ... ဟိုညက ကြားခဲ့ရသမျှကိုကိုယ်တော်လေးဆီအထောက်တော်တွေက တစ်ဆင့်လျှို့ဝှက်လျှောက်ကြားလိုက်ရတယ်... ကိုယ်တော်လေးအနေနဲ့က ဒီမှာဖရန်စစ်တွေ ဘာလုပ်နေတယ်ဆိုတာ သိပ်သိချင်တယ်... ကျုပ်တို့စီစဉ်ဖွယ်ရာတွေကို ဖရန်စစ်ရဲ့ခြေလှမ်းပေါ်တည်ပြီး ဆောင်ရွက်ရမယ်မဟုတ်လား... ဖရန်စစ် ခြေကုပ်မြဲသွားရင် ကျုပ်တို့ကြံသမျှပျက်ရတော့မှာပဲ... နောက် ဆုံးမိန့်ညွှန်ချက်အရဆိုရင် ဒီမှာရှိတဲ့မှူးတော်မတ်တော်တွေကို ဖရန်စစ်ရန်ကိုမြင်အောင် သွေးဆောင်ပေးဖို့တိုက်တွန်းထားတယ်... ကိုယ်တော်လေး အနေနဲ့က သူ နန်းရရေးထက်အင်္ဂလိပ်ဖရန်စစ် အာဏာပြိုင်နယ်လုနေတဲ့ ကြားမှာ မြန်မာနိုင်ငံတော်ဟာ အနေမတတ် အထိုင်မတတ်နဲ့ ချောက်တွင်းကျမှာကိုပိုစိုးရိမ်နေတယ်... ဖရန်စစ်ဘက် သိသိသာသာ ယိုင်မှန်းသိရင်အင်္ဂလိပ်ဟာ လက်ပိုက်ကြည့်နေတော့မှာ မဟုတ်ဘူး... ကိုယ်တော်လေးက ဒီဘေးကို ကောင်းကောင်းမြင်နေတယ်... အခြေအနေကလှံဖျားပုဇဉ်းနားသလို တစ်ချက်လေးမှ အမှားမခံဘူး... ဒါထက်ရွှေနန်းတော်တွင်းက သဘောထားတွေ ဘယ်လိုရှိသလဲ... နောက်ဆုံးအခြေအနေကိုပြောတာ...”
“ပြောင်းလဲမှုတစ်ခုခုတော့ ရှိလိမ့်မယ်ထင်တယ်... နက်ဖြန်ခင်ခင်နဲ့ချိန်းထားတယ်... ကျွန်တော်သိရသမျှ အစီရင်ခံပါ့မယ်...”
ယခုအချိန်ထိ တည်ကြည်နေခဲ့သေးသော ဗိုလ်မှူး၏မျက်နှာမှာပြုံးယောင်သမ်းလာသည်။ မိမိရှေ့ရှိ မိမိထက် အသက်ငယ်၍ တာဝန်ကျေသလောက် ဘဝကို ပျော်ပျော်ပင်ရင်ဆိုင်တတ်သူဗိုလ်မင်းထင်အားပြုံး၍ကြည့်နေမိသည်။
“သွေးသောက်... ဘာပြုံးတာလဲ...”
“သြော်... ခင်ခင်ဆိုလို့ပါ... အင်း... ကျုပ်တို့လဲ ခင်ဘုန်းတစ်ယောက်ကို တစ်ယောက်ဆို ဆိုသလောက်အားကိုးရပေတယ်... ဒါထက်သွေးသောက်တို့လက်ထပ်ရေးကော...”
ဗိုလ်မင်းထင်က တောက်ပစွာ ပြုံးလိုက်သည်။
“ဒီသီတင်းကျွတ်ရင်ပေါ့... အခု အရှင်နန်းမတော်ဖုရားထံ ခွင့်ပန်လျှောက်ကြားပေးဖို့ အထိန်းတော်ကြီး ခင်ဖွားသစ်က တာဝန်ယူလိုက်ပါပြီ...”
“ကောင်းပေတယ်သွေးသောက်... ဒါပေါ့လေ... သီးချိန်တန်သီးပွင့်ချိန်တန်ပွင့်ပေါ့....”
ဗိုလ်မင်းထင်က လူကြီးပမာ ရေရွတ်နေလေသော ဗိုလ်သူရိန်အားပြုံးကြည့်ရင်း ပြန်ပြောသည်။
“ဒါပေမယ့် သီးချိန်တန်မသီး ပွင့်ချိန်တန်လျက် မပွင့်တဲ့ သစ်ပင်တွေဟာလဲ ဒီလောကမှာ ရှိလေသေးသတဲ့သွေးသောက်ရဲ. ...”
ဗိုလ်သူရိန်မှာ အပြုံးမပျက်မျက်မှောင်ကြုတ်ရင်း...
“သွေးသောက်က ဘာကိုဆိုလိုတာလဲ...” ဟုမေးသည်။
“ဟော... သွေးသောက်တစ်ယောက် အိပ်မပျော်ဘဲ အနှိုးရခက်နေပြန်ပါပြီ...”
“ဘာကိုပြောတာလဲ သွေးသောက်ရဲ့...”
“ဘယ်လိုလဲ သွေးသောက်... ဒီမြေသည်ပင် မိခင်၊ ဒီမြေသည်ပင်ချစ်သူဆိုပြီး အသက်ထက်ဆုံး နေတော့မှာလား...”
ဗိုလ်သူရိန်သည် အသံထွက်အောင် ရယ်လိုက်သည်။ ဘာမှတော့ပြန်မဖြေ။ မျက်လုံးများကလည်း မိုးပြင်မှမရွေ့။
“ဖြေပါဦးလေ သွေးသောက်...”
ဗိုလ်သူရိန်၏မျက်နှာမှာ ပြန်လည်တည်ငြိမ်သွားပြန်သည်။ ထို့နောက်တစ်လုံးချင်းဖြေသည်။
“ကိလေသာစက် သုံးတောင်ဝတ်ကို အဘယ်ယောက်ျား သူကောင်းသားမို့ခံနိုင်မတဲ့လဲ သွေးသောက်ရယ်... ကျုပ်လဲ ပုထုဇဉ်လူသားပါ... ဘုရားရဟန္တာမှမဟုတ်ပဲ...”
ဗိုလ်သူရိန်က မိုးပြင်အား ငေးကြည့်လျက်နှင့်ပင်ဖြည်းညင်းစွာဆိုသည်။တိမ်စိုင်ရွေ့လျားလျက် ငွေသားအသွင်တင့်နေသော မိုးပြင်သည်သူ့အား အလားတူ တစ်ညခါအား သတိရစေသည်။ ထိုတစ်ည ငွေလရောင်ဝါဝယ် မရည်းမထင် ဖူးမြင်ခဲ့ရသော ထားသခင်၏ ဆင်းကြန်သွင်အင်မှာ စိတ်သန္တာန်တွင်ရေးရေးပေါ်လာသည်။ထိုစဉ်တွင်ပင် ဗိုလ်မင်းထင်က ကဗျာတစ်ပုဒ်အား အသာ ဆွဲဆွဲငင်ငင်ရွတ်ဆိုလိုက်၏။
“ဆောင်းကျူးနွေစ၊ သာလွန်ည၌၊ သက်မျှစုရုံး၊ နှလုံးကြွင်းမဲ့၊ ကြွေခဲ့မတတ်၊ ဆွတ်လွတ်အူသည်း၊ နေလည်းဗျာပါ၊ ရံခါခဏ၊လျှပ်တပြမျှ၊ တွေးဆပြစ်ရှိ၊ မကြံမိတည့်၊ မျက်စိလျှံမျှ၊ မှတ်မျှော်ကလျှင်”
ဗိုလ်မင်းထင်မှာ ဗိုလ်သူရိန်က မိမိလက်တစ်ဖက်အား ပုတ်လျက်တားလိုက်သဖြင့်ဆိုဆဲ ရတုအား ရပ်လိုက်ရသည်။
“တန်စမ်းပ သွေးသောက်ရာ... မအပ်မရာ ကလေးကလား...”
“ဘယ့်နှယ် မအပ်မရာ ကလေးကလားလဲ သွေးသောက်ရဲ့... ဒီရတုဟာ နှယ်နှယ်ရရ မဟုတ်ပါပဲလား... ရတုဘုရင် တောင်ငူရွှေနန်းရှင်လောင်း နတ်သျှင်နောင်ကိုယ်တော်လေး ဟံသာဝတီရွှေနန်းကို အဖူးမြော်အသွား ငွေညလသာတဲ့ညပဲ ထင်ပါရဲ့... မကြင်ပိုင်တဲ့ပင်တိုင်စံ ဓာတုကလျာ ထိပ်ထားကို အမှတ်မထင် ဖူးအတွေ့မှာရေးစပ်ခဲ့တာတဲ့...”
“သွေးသောက်က ဘာဆိုလိုသလဲ...”
“သွေးသောက်ကော ဘာတွေတွေးနေလဲ...”
“ရော်... ခက်ရချည့်...”
ဗိုလ်သူရိန်က အရှုံးပေးသည့်ဟန်နှင့်အသာရယ်မောလိုက်ပြီး ညည်းညူ
သည်။
“အင်း... တော်တော်တော့ ခက်တာပါပဲ.. ပြောရမှာလဲ ရှက်စရာပါပဲ...သူ့ကိုယ်မသိကိုယ့်သူမသိ၊ ရန်သူမှန်း မိတ်ဆွေမှန်းလဲ မသိ”
“ဒါဖြင့်သွေးသောက်ဝန်ခံပြီပေါ့...”
“သြော်... သွေးသောက်ရယ်... ကိလေသာစက်သုံးတောင်ဝတ်ကိုဘယ်သူကောင်းသားမို့ခံနိုင်ပါ့မလဲလို့ဝန်ခံခဲ့ပြီးပါရောလား...”
“သွေးသောက်လိုက်ရှာကြည့်သေးလား...”
“အင်း... ရှာတယ်ဆိုပါတော့... သူ့ကိုတွေ့ချင်တာလဲ တစ်ကြောင်း... သူတို့အကြံအစည်ကို သိချင်တာလဲ တစ်ကြောင်းပေါ့... ခက်တာက စောနော်ဖ အဆက်အနွယ်ဆိုလို့ ရွှေမြို့တော်မှာ အကျဉ်းခံနေရတဲ့ သူ့သားတော် စောနော်မောင် တစ်ယောက်ပ ဲ ရှိတော့တယ်မဟုတ်လား...”
ဗိုလ်သူရိန်သည် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။ ထို့နောက် စိတ်ကိုဆုံးဖြတ်လိုက်ဟန်မျက်နှာကို ပြင်လိုက်သည်။
“ကဲ... ဒါတွေ ထားပါတော့လေ... ပြည်ရေးဝန်က ရှိသေးတယ်...သွေးသောက်ကသာ ခင်ဘုန်းဆီက သတင်းအတိအကျယူခဲ့ပါ... ကျုပ်လဲ စနည်းနာထွက်ပါဦးမယ်... ပြီးတော့ ကိုယ်တော်လေး ဆီကအထောက်တော်တွေ မြင်းခြံရောက်နေတယ် သိရတယ်...ဒီကတစ်ဆင့်လူလွှတ်ရဦးမယ်... ကဲ... သွားကြရအောင်...”
ပြောပြောဆိုဆိုနှင့်ပင် ဗိုလ်သူရိန်က နေရာမှခွာသဖြင့် ဗိုလ်မင်းထင်မှာမနေသာတော့ပဲ အနားမှလိုက်ခဲ့ရတော့သည်။နှစ်ဦးသား ခံတပ်အနီးသို့ ရောက်လျှင်ပင် ခံတပ်ထိပ်မှ ဆူဆူညံညံ
ကြားရသည်။ ရယ်မောနောက်ပြောင်သံ နှင့် လူတစ်ဦး၏ ဒေါသတကြီးအော်သံကိုပါ ကြားရ၏။
“ဟေ့... ဘာဖြစ်ကြတာလဲ... ဆူလှချည်လား...”
ဗိုလ်သူရိန်၏ အသံကြောင့် အားလုံးမှာ မီး ရေနှင့်သတ်သကဲ့သို့ တိတ်သွားသည်။ အကြပ်တစ်ဦးကသာ ဖြေရှင်းသည်။
“ဟောဒီမှာ ဗိုလ်မှူး... ပေါက်လှရယ်... အာဠာဝကထပြီး ကြမ်းနေလို့ပါ...”
အနီးသို့ရောက်လာသော ဗိုလ်သူရိန်နှင့် ဗိုလ်မင်းထင်တို့သည် ဖြစ်သမျှအခြင်းအရာအား ထင်ရှားစွာတွေ့ရသည်။ပေါက်လှသည် သုန်မှုန်လျက်ရှိသော မျက်နှာထားဖြင့် ရပ်နေသည်။အင်္ကျီမှာ ချွတ်ထားသဖြင့် အသား မည်းမည်းဝယ် အပြိုင်းလိုက်ဖောင်းထနေသော ကြွက်သားစိုင်များအား လရောင်၌ အတိုင်းသားမြင်နေရသည်။ ခံတပ်အတွင်းပိုင်းမှ ပေါက်လျက်ရှိသော မယ်ဇယ်ပင်ကြီး၏ ပင်စည်တွင် လှံတစ်ချောင်းမှာ တစ်တောင်ကျော်ကျော်ခန့်စူးနစ်စိုက်၍ တန်းလန်းဖြစ်နေသည်။
“ပေါက်လှ... ဘာဖြစ်တာလဲ...”
ပေါက်လှသည် မဖြေ။ စောစောက စကားပြောသော အကြပ်အားသာမာန်ဖီသော ကျားကြီးပမာ လှမ်းကြည့်နေသည်။
တပ်သားတစ်ဦးက ဝင်ရှင်းပြသည်။
“ကျွန်တော်တို့ အငြင်းအခုန်ဖြစ်ကြပါတယ် ဗိုလ်မှူး... ကုလားဖြူသင်္ဘောတွေဟာ သံမဏိနဲ့လုပ်ထား လို့ အမြောက်ဆန်တောင်အလွယ်မဖောက်နိုင်ဘူးဆိုဆိုတာ ပေါက်လှက သင်္ဘောဝမ်းကိုရေငုပ်ပြီး သူ့လှံန ဲ့ ထိုးဖောက်နိုင်တယ်လို့ ပြောတယ်... အငြင်းအခုန်
ဖြစ်တော့ ဆေးထပြီး သစ်ပင်ကိုလှံန ဲ့ထထိုးတာပါ...”
“ဟုတ်ကဲ့လား ပေါက်လှ”
ပေါက်လှမှာ ဒေါသမပြေသေး၊ ရှူးရှူးရှားရှား ဖြစ်နေသေးသည်။
“သင်းတို့ ကျွန်တော့်ကို စော်ကားပါတယ်... ဒီလှံကို ပြန်မနှုတ်နိုင်ဘူးဆိုတယ်... ပေါက်လှစိုက်တာ ပေါက်လှပြန်နှုတ်နိုင်တယ်...ကြည့်ကြ...”
ပေါက်လှသည် ပြောပြောဆိုဆိုနှင့် လှံအား ဆွဲနှုတ်လိုက်ရာ သစ်ပင်မှအသားများဖ ွာထွက်လျက်လှံသည်လက်တွင်းသို့ပါလာသည်။ စိတ်ကြွနေပြီဖြစ်သော ပေါက်လှသည် ဤတွင်မရပ်။ လှံကြီးအား လေထဲတွင်သုံးပတ်ခန့် ဝှေ့ယမ်းလိုက်ပြီး ပါးစပ်မှလည်း ကြုံးဝါးလျက်ခံတပ်ထိပ်မှနေ၍ မြစ်ဖက်သို့ပစ်လွှတ်လိုက်သည်။ပစ်လွှတ်လိုက်သောအားက ကြီးလှသည်တစ်ကြောင်း၊ အမြင့်မှအနိမ့်သို့သွားရသည်က တစ်ကြောင်းကြောင့် လှံကြီးသည် လေကိုခွင်းလျက်အရှိန်ပြင်းစွာနှင့်ပျံထွက်သွား၏။ ကိုက်တစ်ရာကျော်ခန့်အကွာ မြစ်ကမ်းအနီး အင်းရေစပ်ကိုင်းပင်များ အကြားသို့ လှံသည် ထိုးစိုက်ကျသွားသည်နှင့် တစ်ပြိုင်နက် မမျှော်လင့်သော အဖြစ်တစ်ရပ်ကပေါ်လာသည်။လှံစိုက်ကျသွားရာ ကိုင်းတောစုလေးဆီမှ လူတစ်ဦး၏ မချိမဆန့်အသံနက်ကြီးနှင့် အော်သံတစ်ခုသည် ပေါ်လာပြီး ချက်ချင်း ပျောက်သွားသည်။ အားလုံးမှာ အံ့အားသင့် ငြိမ်ကျသွားသည်။ အခြေအနေကိုရိပ်မိသော ဗိုလ်သူရိန်ကသာ ကြောင်ပမာ ပေါ့ပါးစွာ ခံတပ်ထိပ်မှမြေပြင်ဆီခုန်ချလျက်အသံလာရာသို့ပြေးသည်။
ကြာရှည်မရှာရ။ ကိုင်းအတွင်း၌ မှောက်ခုံလဲလျက်ရှိသော လူတစ်ယောက်အား တွေ့ရသည်။ လှံကြီးမှာ ကျောမှဖောက်၍ မြေပြင်တွင်းသို့ပင် ထိုးစိုက်လျက်ရှိသည်။ သွေးတို့မှာလည်း အိုင်ထွန်းနေပေပြီ။ဦးခေါင်းနှင့် သွေးမစ ွန်းသေးသော အဝတ်၏ အပိုင်းများ၌ ရေများစိုနေသည်ကိုထောက်၍ ဤလူမှာ မြစ်တွင်းမှ ဖြတ်ကူးလာ ခဲ့ကြောင်းသိသာပေသည်။ဗိုလ်သူရိန်က မြေပြင်တွင် ဒူးထောက်ထိုင်လိုက်ကာ လဲနေသူ၏ ခန္ဓာကိုယ်အား စမ်းသပ်ကြည့်သည်။ အသက်ကုန်နေလေပြီ။ဗိုလ်သူရိန်သည် ဖျတ်လတ်စွာ အလောင်း၏ အဝတ်အစားများတွင်း၌တစ်စုံတစ်ခုအား စမ်းသပ်ရှာဖွေသည်။ ကံအားလျော်စွာ အင်္ကျီ၏အတွင်းလျှို့ဝှက်အိတ်မှ မိမိလိုချင်သည်ကို တွေ့ရသည်။ စာသုံးစောင်ပေတည်း။စာများကို မိမိ၏အိတ်အတွင်း ထည့်လိုက်ပြီး၍ မှောက်လျက်ရှိနေသေးသော အလောင်းဘေးမှ ထလိုက် သည့်အခိုက်တွင်ပင် လူသံသူသံများကို ကြားရသည်။ ခဏတွင်ပင် ဗိုလ်မင်းထင်ဦးဆောင်လျက်ပေါက်လှနှင့်တပ်သားများ ရောက်လာကြသည်။
“ဘယ်သူလဲ... ဘယ့်နှယ့်လဲ...”
ဗိုလ်သူရိန်က ခေါင်းကို ဖြေးညင်းစွာယမ်းခါလိုက်သည်။ ထို့နောက်ဗိုလ်မင်းထင်အား အဓိပ္ပာယ်လေးနက် စွာ စိုက်ကြည့်ရင်း တစ်လုံးချင်းပြောသည်။
“တိုင်းပြည်သစ္စာဖောက်တစ်ယောက်တော့သွားမြဲ ပြလမ်းကိုသွားပါပြီ...”
ဗိုလ်မင်းထင်က ရှေ့သို့တစ်လှမ်းတိုး၍ လှံတံအား တစ်ဖက်သို့တွန်းဖယ်လိုက်ရာ အလောင်းမှာ စောင်းလန်လာသည့်ခဏ၌ မျက်နှာမှာလည်း ပေါ်လာ၏။လရောင်အေးအေးတွင် မြင်ကြရသည်မှာ နှုတ်ခမ်းမွှေးရေးရေးနှင့်ရှမ်းလိုလိုလူတစ်ဦး၏ မျက်နှာပင်တည်း။
⬛
တက္ကသိုလ်ဘုန်းနိုင်
အပိုင်း ၅ ဆက်ပါဦးမည်။
Comments