အပိုင်း (၂)
မြ၀တီလူထွက်ကြီး ဆရာအုန်း
တစ်ချိန်က တရားပွဲများဖြင့် အုတ်အုတ်ကျက်ကျက် စည်ကားကျော်ကြားခဲ့သော စစ်ကိုင်းတောင်ရိုးတွင် သီတင်းသုံးသည့် နိုင်ငံကျော်ဓမ္မကထိက ဝိပဿနာနည်းပြ ,မြ၀တီ ဆရာတော်ဟူသော ဆရာတော်တစ်ပါး ပေါ်ပေါက်ခဲ့ဖူးသည်။ ။ ထိုဆရာတော်သည် လူထွက် ပြီးသည့် နောက်ပိုင်း အာလံမြို့တွင် လာရောက်၍ အခြေချနေထိုင်သည်။ ။ အမည်ကား ဆရာကြီး ဦးအုန်း။ ။ ထိုဆရာကြီးသည် ဆရာတော်အရှင်မဟာနန္ဒနှင့် ရင်းနှီးကျွမ်း၀င်၍ ကျောက်ကွင်းဝါဒ ပြိုင်ပွဲအကြောင်းကို အလုံးစုံ သိရှိပြီးဖြစ်သည်။ သူသည်လည်း ဗုဒ္ဓသာသနာကို ချစ်မြတ်နိုးသူတစ်ဦး ဖြစ်၍ ၊ ဗုဒ္ဓဘာသာဘက်က နိုင်စေချင်သည်။ ပိဋကတ်စာပေ တတ်ကျွမ်းသူဖြစ်၍ ပိဋကတ်စာပေတစ်ချိူ့တွင် ချိူ့ယွင်းချက်များ ရှိနေသည်ကိုလည်း မကျေနပ်သူ ဖြစ်သည်။ ဤချို့ယွင်းချက်များကို ထောက်ပြ၍ ၊ ခရစ်ယာန်တို့က အနိုင်ယူသွားမည် ကိုလည်း စိုးရိမ်သည်။
ထို့ကြောင့် ဆရာတော်အရှင်ဥက္ကဌနှင့် တွေ့ဆုံဆွေးနွေးပြီး ပြိုင်ပွဲအတွက် ကြိုတင် လေ့ကျင့်ရန် ဆုံးဖြတ်ပြီး ဆရာတော်ထံသို့ ရောက်လာခဲ့သည်။
တိုက်ပွဲလေ့ကျင့်ခန်း
ဆရာတော်နှင့် အလ္လာပ သလ္လာပ အနည်းငယ်ပြောကြားပြီးနောက်၊ ဆရာကြီးဦးအုန်း က ပိဋကတ်တော်များအကြောင်းကို စတင်ဆွေးနွေးသည်။ ဆရာတော်ကလည်း ပြန်လည် ဆွေးနွေးသည် ``ဆရာတော် အခုသွားပြီး ယှဉ်ပြိုင်ဟောပြောရမယ့် ကိစ္စက အတော်မလွယ်ဘူး ထင်တယ်ဘုရား။ တစ်ဖက်ကလည်း ပိဋကတ်စာပေတတ်ကျွမ်းတဲ့ ဘုန်းကြီးလူထွက်ကြီးတွေ ပါတယ်ဆိုတာကိုး ။ တပည့်တော် စောစောက လျှောက်ထားခဲ့သလို ပိဋကတ်တော်ထဲမှာ ရှေ့နောက်မညီညွတ်တာတွေ အစပ်အဟပ်မတဲ့တာတွေက ကွက်ကြားကွက်ကြား ပါနေ တာဘုရား။ အဲဒါတွေဟာ ဘုရားဟောတွေပဲဆိုပြီး သူတို့က ထောက်ပြဝေဖန်ရင် ဆရာတော် ကဘယ်လို ချေပမလဲဘုရား´´ ။ ``အဲဒီလိုဆိုတော့လည်း.. ဖွတ်မြီးနှင့် ဖွတ်ချည် ဆိုတာမျိူးလို သူဝေဖန်တဲ့ မေးတဲ့အထဲကပဲ အဖြေပြန်ရှာပြီး ချေပရမှာပေါ့ ဒကာကြီးရယ်´´။ ``သိပ်ပြီး မလွယ်ဘူးထင်တယ် ဆရာတော် ´´၊ ``ဒါကကိုယ်လက်ခံယုံကြည်ဖို့မှ မဟုတ်တာဘဲဟာ။ ပြေလည်အောင် ရှင်းပြရမယ့်သဘော သက်သက်ဆိုတော့ အဲဒီ ပိဋကတ်စာပေတွေကိုပဲ ပြန်ပြီးခံတပ် လုပ်ရမှာပေါ့ ဒကာကြီးရယ်´´။ ``ဒါဖြင့်ရင်….ဒီလိုလုပ်ဘုရား၊ တပည့်တော်က ခရစ်ယာန်ဘက်ကနေပြီး ပိဋကတ်တော်နဲ့ တရားတော်တွေကို ဝေဖန်မယ်၊ အဲဒါဆရာတော်က သူ့ ဟာနဲ့သူပြေအောင် ပြန်ပြီး ချေပကြည့်စမ်းပါ ဆရာတော် ။ တိုက်ပွဲအတွက် လေ့ကျင့်ခန်းမျိုး ပေါ့ဘုရား။ ဘယ့်နှယ်လည်း ဆရာတော်´´။
``သိပ်ကောင်းတာပေါ့ ဒကာအုန်းရာ၊ ဒါမှ ဦးပဇင်းလည်း ဟိုမှာ တကယ်ဝေဖန်ချေ ပတဲ့အခါ တက်နည်း ၊ဆုတ်နည်း၊ ကွေ့နည်း ၊ဝိုက်နည်း ၊ တိုက်နည်းတွေ အကျင့်ရတာပေါ့ ´´၊ ``ပွဲမ၀င်ခင် ပြင်ကကျင်းပဆိုသလို ၊ ဇာတ်တိုက်ကြည့်တဲ့ သဘောပေါ့ ဆရာတော်´´၊ ``လုပ် လေ၊ ကဲ…….ကြာတယ် စလေဗျာ ဒကာအုန်း ´´။
ဤတွင်ဆရာအုန်းသည် ပိဋကတ်တွင် တွေ့ရှိရသော ပျော့ကွက်ဟာကွက်များကို စတင်ထိုးနှက်၍ တိုက်ခိုက်ဝေဖန်လေတော့သည်။ ဆရာတော်ကလည်း အညံ့မခံဘဲ ပြန်လှန် ၍ ခုခံချေပသည်။ ဆရာကြီးဦးအုန်းသည် ပိဋကတ်စာပေကို နိုက်နိုက်ချွတ်ချွတ် လေ့လာထား သူဖြစ်သည်။ စာမှတ်မဟုတ်ဘဲ ၊ တကယ့်စာတတ်ဖြစ်သည်။ မြ၀တီဆရာတော်ဘ၀ မြန်မာနိုင်ငံ တစ်နံတစ်လျား တရားပွဲကြီးများကိုပင် အောင်မြင်စွာ ဟောပြောခဲ့သူဖြစ်၍ စကားလည်း တတ်လှသည်။ အပြောလည်း ကောင်းးလှသည်။ အနယ်နယ်အရပ်ရပ်တွင် ရဟန်း/ရှင်လူမျိူးစုံ နဲ့ တွေ့ထိခဲ့ရ၍ မေးခွန်းပေါင်းစုံနှင့်လည်း ရင်ဆိုင်ခဲ့ရဖူးသူဖြစ်သည်။
ဆရာတော်နှင့် ဆရာကြီး ဦးအုန်းတို့၏ ပိဋကတ်တိုက်ပွဲကား သူရဲကောင်းနှစ်ဦး စီးချင်းထိုးသည့်ပွဲနှင့်ပင် တူတော့သည်။ တစ်ဦးက တင်လိုက်၊ တစ်ဦးကချေပလိုက်။ အထောက် အထားအကိုးအကားများ ပြလိုက်နှင့် ပါဠိတော် ၊ အဋ္ဌကထာ ၊ ဋီကာ ၊အနုမဓု ယောဇနာ ၊ ဂဏ္ဍိ စုံတကာစိ ပြည့်၀လှဘိသည်။ ဘေးမှနားထောင်နေသည့် ပရိသတ်တွင် အသက်မရှုနိုင်အောင် ဖြစ်ရသည်။ ယခုခေတ်ကဲ့သို့ ရီကော်ဒါ ကက်ဆက်တို့ ပေါ်ပေါက်သည့် အခါသာ ဖြစ်ခဲ့လျှင် အသံဖမ်းထားလိုက်ပါက ဗုဒ္ဓသာသနာအတွက် အလွန်အကျိူးရှိမည့် ပိဋကတ်စစ်တမ်းကြီးကို ရရှိပေလိမ့်မည်။ ဆရာအုန်းမှာလည်း ပြောရင်းပြောရင်း စိတ်ပါလာကာ၊ မရပ်မနား ၊ ဒလစပ် တိုက်ခိုက်ဝေဖန်နေရာ နေ့လည်မှသည် ညနေ ထမင်းစားချိန်တိုင်အောင် ကြာမြင့်လာခဲ့ရာ အိမ်သို့ပင် မပြန်တော့ချေ ။ အရှင်မဟာနန္ဒ ၀ယ်ကျွေးသည့် ခေါက်ဆွဲကျော် စားချိန်လောက်သာ အနားယူလေသည်။
ညနေစာ စားပြီးနောက် ဆက်လက်၍ ဆွေးနွေးဝေဖန်ပြန်သည်။ ည (၁၂)နာရီအချိန် ရောက်သော်မှ နံနက်ဆက်ရမည့် ခရီးအတွက် နတ်မှီဆရာတော် ဦးကလျဏက သတိပေး တော့မှပင် ဆရာအုန်းမှာ မချင့်မရဲနှင့် အဆုံးသတ်ရပ်လိုက်ရသည်။
``တပည့်တော် ခုလို ဝေဖန်တာကို ဆရာတော်က မဆိုင်းမတွ သွက်သွက်လက်လက် နှင့် အထောက်အထား ခိုင်ခိုင်လုံနဲ့ ချေပနိုင်တာကို ကြားရတော့ …အဲ….ဟိုပွဲမှာ ဆရာတော် နိုင်ပြီလို့ တပည့်တော်ကျိန်းသေ ပြောရဲတယ်ဘုရား။ ဆရာတော်နိုင်မှာ သေချာပါတယ်။ ဟိုဘုန်းကြီးလူထွက် ခရစ်ယာန်တွေဟာ တပည့်တော်အခုလို ဝေဖန်သလောက် မဝေဖန်နိုင်ပါဘူး။ တပည့်တော်တော့ အရှင်ဘုရားနဲ့ ဗုဒ္ဓဘာသာအတွက် စိတ်ချပြီဘုရား၊ အခုမှပဲ ရင်အေး ရတော့တယ်။ ၀မ်းသာလှပါတယ်ဘုရား´´။ ဟုပြောရင်း ဆရာတော်အား ဦးကုန်းချ၍ ကန်တော့လေသည်။
အလိုတော်ရရွာသို့
ဧပြီလ (၂၉)ရက်နေ့တွင် ဆရာတော်အရှင်ဥက္ကဌနှင့်အဖွဲ့သည် မြ၀တီဆရာကြီး ဦးအုန်း ပို့လှူသည့် ဆွမ်းကို အရှင်မဟာနန္ဒ၏ ဗုဒ္ဓသာသနာပြုကျောင်းတွင်ပင် ဘုဉ်းပေးပြီး နေ့လည် (၁၂)နာရီတွင် အာလံမှ ထွက်ခဲ့သည်။ အရှင်မဟာနန္ဒလည်း လိုက်ပါလာခဲ့သည်။ ၀က်ထီးကန်သို့ ညနေအချိန် ရောက်သည်၊ ၀က်မြေတောကျောင်းတွင် စတည်းချကြသည်။ ၀က်မြေ တောကျောင်းတွင် အလိုတော်ရဂိုဏ်း၀င် သံဃာအပါး(၃၀)ခန့် ရောက်ရှိနေကြသည်။ ၀က်ထီးကန်မြို့တွင်းမှာ ဒကာ/ဒကာများလည်း ရောက်ရှိလာကြသည်။ ဆရာတော်သည် ရဟန်းရှင်/လူ/ပရိသတ်တို့အား ခရစ်ယာန်ဘာသာပေါ်ပေါက်လာပုံ သမ္မာကျမ်းစာများ အကြောင်းနှင့် ဂိုဏ်းကွဲပုံတို့ကို အကျဉ်းချူပ်၍ ဟောပြောသည်။
နောက်တစ်နေ့ ဧပြီလ(၃၀)ရက် ၊နံနက်(၅)နာရီအချိန်လောက်တွင် အလိုတော်ရ ဂိုဏ်း၀င် ဆရာတော်များ တစ်ကျောင်းလျှင် လှည်းတစ်စီးကျစီနှင့် လာရောက်ကြိုဆိုကြရာ လှည်း အစီးပေါင်းတစ်ရာကျော်ရှိသည်၊ နေမထွကမှီပင် ဆရာတော်အရှင်ဥက္ကဌနှင့်အဖွဲ့ စီးနင်း လိုက်ပါသော လှည်းကို ရှေ့ဆုံးမှထား၍ သံဃာတော်များ စီးသည့်လှည်း အစီးတစ်ရာကျော် လှည်းတန်းကြီးသည် ၀က်ထီးမြို့တွင်းမှ ဖြတ်၍ အလိုတော်ရရွာဘက်သို့ ဦးတည် မောင်းနှင်လာရာ တစ်မြို့လုံး အုံးအုံးကျွက်ကျွက် ထွက်၍ ကြည့်ကြသည်။ ကားဂိတ်တွင် ကော်ဇော ခင်းထားသော လှည်းအစီး သုံးဆယ်ခန့်ကို တွေ့ကြရသည်။ ပြည်မြို့မှ ခရီးဆက်လာမည့် ခရစ်ယာန်ဓမ္မဆရာအဖွဲ့ကို ကြိုဆိုရန် စောင့်ဆိုင်းနေသည့် ဦးရွှေအောင် ခေါင်းဆောင်သည့် ခရစ်ယာန်တို့၏ လှည်းအုပ်စုဖြစ်လေသည်။
နံနက်(၆)နာရီခန့်တွင် အလိုတော်ရ ဂိုဏ်းချူပ်ကြီး၏ ကျောင်းသို့ ဆရာတော်အရှင် ဥက္ကဌတို့အဖွဲ့ ရောက်ရှိကြ၍ ဂိုဏ်းချူပ်ဆရာတော်ဘုရားကြီးအား ရှိခိုး၀တ်ပြုကြလေသည်။ ဂိုဏ်းချူပ်ဆရာတော်ဘုရားကြီး၏ ၀မ်းမြောက်မှုကား အတိုင်းအတာမရှိပင် ဖြစ်တော့သည်။ ဆရာတော်အရှင်ဥက္ကဌ၏ ပုခုံးပေါ်လက်တင်၍ နင့်လိုဖွယ် သာရဏိယ ကထာများကို မြွက်ကြားနေလေသည်။
၀ါဒပြိုင်ပွဲ မဏ္ဍပ်သို့
ထို့နောက်ဂိုဏ်းချူပ်ဆရာတော်ဘုရားကြီး ဦးဆောင်သော လှည်းတန်းကြီးသည် ကျောက်ကွင်းရွာ ဝါဒပြိုင်ပွဲ မဏ္ဍပ်ဆီသို့ ဦးတည်ထွက်ခွာလာကြသည်။ နံက် (၉)ကျော်တွင် ရောက်ရှိပြီး မဏ္ဍပ်ကြီးအတွင်းရှိ ဗုဒ္ဓဘာသာဘက်သံဃာစဉ်ပေါ်တွင် ဒကာများက ပင့်ဆောင် နေရာချထားပေးကြသည်။ ဗုဒ္ဓဘာသာ၀င်များ အထူးပင် ရွှင်လန်း၀မ်းမြောက်နေကြသည်။ ရွာသူကြီးဦးလှောင်နှင့် ဗုဒ္ဓဘာသာ၀င်တို့ စိတ်အေးရပေသည်။ ဦးလှောင်၏ နှမများဖြစ်ကြသည့် ဒေါ်အေး၊ ဒေါ်ခတို့ ခေါင်းဆောင်၍ သံဃာတော်များအတွက် ဆွမ်းကွမ်းဝေယျာ၀စ္စကို ချွေးတစ်လုံးလုံးနှင့် စီမံချက်ပြုတ်နေကြသည်။ သူတို့ကား ဗုဒ္ဓသာသနာတော်အတွက်မို့ ပင်ပမ်းသည်ဟုမထင်။ ရွှင်ပျ၀မ်းသာစွာ အားတက်သရော လုပ်ကိုင်နေကြသည်။ သံဃာတော်များကို မြင်ရသည့်အပြင် သာသနာ့အာဇာနည်ဘွဲ့ထူး ချီလောက်သည့် တောင်တွင်း ဆရာတော် အရှင်ဥက္ကဌကိုယ်တိုင် ဝါဒပြိုင်ပွဲ ဆင်နွဲမည်ဟု ကြားသိရသောကြောင့် အားတက်နေကြသည်။ ဗုဒ္ဓသာသနာအတွက် အသက်ပင် သေစေတော့ဟူသော စိတ်ဓါတ်ဖြင့် အပင်ပမ်းခံ၍ လုပ်ကိုင် ဆောင်ရွက်နေကြခြင်းဖြစ်သည်။
ဆရာတော်များ ဆွမ်းဘုဉ်းပေးပြီးအချိန်တွင် ဗုဒ္ဓဘာသာ၀င် ဒကာအချိူ့ရောက်လာ ကြ၍ ခရစ်ယာန်ခေါင်းဆောင်ဆရာများက ဟောပြောပွဲအတွက် ညှိနှိုင်းဆွေးနွေးလိုကြောင်း လျှောက်ထားသည်။ ထို့နောက် ကျောက်ကွင်းရွာမှ ဓမ္မဆရာဦးရွှေအောင်ရေးသားသော ဗုဒ္ဓဘာသာစစ်တမ်းဟူသော စာအုပ်ကလေးကို ဆက်ကပ်ကြသည်။
ထိုနေ့ညနေဘက်တွင် ခရစ်ယာန်ဓမ္မဆရာခေါင်းဆောင်များ လာရောက်၍ ဆရာတော်ကို နှုတ်ဆက်သည် ။ သူတို့သည် သာယာ၀တီ ဦးေဥယျကို တွေ့ရမည်ဟု ထင်မှတ်ထား ကြရာ ယခုမူ တောင်တွင်းဆရာတော် အရှင်ဥက္ကဌကို တွေ့ကြရသောအခါ အလွန်ပင် အံ့အား သင့်နေကြလေသည်။ သို့သော် သူတို့သည် တိုးတက်ရေး မဂ္ဂဇင်းတွင် ဆရာတော်၏ ဆောင်းပါးများကို ဖတ်ဖူးကြသည်။ လူချင်းတစ်ကြိမ်မျှပင် မတွေ့ဖူးကြပေ။ စကားအနည်းငယ် ပြောဆိုကြပြီးနောက် ဟောပြောပွဲအတွက် သဘောတူညီချက်များ ရေးဆွဲရန် လျှောက်ထားရာ ဆရာတော်အရှင်ဥက္ကဌက ခရစ်ယာန်ခေါင်းဆောင်များ ကြိုက်နှစ်သက်သလို ရေးဆွဲရန် လွဲအပ်လိုက်သည်၊ ခရစ်ယာန်ခေါင်းဆောင်တို့က အောက်ပါစည်းမျဉ်း များကို ရေးဆွဲတင်ပြကြသည်။
ဟောပြောပွဲ လိုက်နာရန် စည်းမျဉ်း
(၁) နံနက်(၇)နာရီတွင် ယှဉ်ပြိုင်ဟောပြောပွဲကို စတင်ဖွင့်လှစ်ရန်။
(၂) သဘာပတိအဖြစ် ခရစ်ယာန်တို့ဘက်မှတစ်ဦး ဗုဒ္ဓဘာသာဘက်မှတစ်ဦး
နှစ်ဦးတင်ရန်။
(၃) (၇)နာရီမှ (၇း၁၅)နာရီအထိ ခရစ်ယာန်သဘာပတိက မိန့်ခွန်းပြောရန် (၁၅)မိနစ်။
(၄) (၇း၁၅) မှ (၇း၃၀)အထိ ဗုဒ္ဓဘာသာ၀င် သဘာပတိက မိန့်ခွန်းပြောရန်(၁၅)မိန်စ်။
(၅) (၇း၃၀)မှ (၈း၁၅)မိနစ်အထိ ခရစ်ယာန်တို့ဘက်မှ ဗုဒ္ဓဘာသာကို ဝေဖန်ဟောပြောရန်
(၄၅) မိနစ်။
(၆) (၈း၁၅)မှ (၉)အထိ ဗုဒ္ဓဘာသာဘက်မှ ခရစ်ယာန်ဘာသာကို ဝေဖန်ဟောပြောရန်။
(၇) (၉)နာရီမှ(၁၂)နာရီအထိ ဟောပြောပွဲကြီးကို ရပ်နားထားရန်။
(၈) နေ့လည်(၁၂)နာရီတွင်ဟောပြောပွဲကို ပြန်လည်ဖွင့်လှစ်ရန်။
(၉) (၁၂)နာရီမှ နေ့ (၂)နာရီအထိ ဗုဒ္ဓဘာသာဘက်မှ ဝေဖန်ဟောပြောရန်အချိန်(၂)နာရီ။
(၁၀) နေ့(၂)နာရီမှ ညနေ(၄)နာရီအထိ ခရစ်ယာန်ဘက်မှ ဝေဖန်ဟောပြောရန် ။ ။
(၁၁) ညနေ(၄)နာရီတွင် နှစ်ဘက်သော သဘာပတိများ လက်မှတ်ရေးထိုးထားသော ဟော ပြောပွဲ ရုပ်သိမ်းစာကို ဖတ်၍ ဟောပြောပွဲကြီးပြီးဆုံးကြောင်းကြေညာရန်။
ဆရာတော်အရှင်ဥက္ကဌက သဘောတူလက်ခံ၍ လက်မှတ်ရေးထိုးပေးလိုက်သည်။ ညနေဘက်တွင် ပြည် ၊ ပေါင်းတည် ၊ ရွှေတောင်စသည့် အရပ်ဒေသများမှ သံဃာတော်အချိူ့ လှည်းများနှင့် ရောက်လာကြသည်။ ထိုအထဲတွင် တောင်ငူမြို့၊လောကုတ္တရာသိမ်ကုန်းဆရာတော် အရှင်ကုဏ္ဍလလည်း ပါလာလေသည်။ အလိုတော်ရဂိုဏ်းသံဃာတော်များနှင့် ဂိုဏ်းချူပ်ဆရာတော်ကြီးကပါ သဘောတူနှစ် သက်ကြသဖြင့် ဟောပြောပွဲကြီးတွင် ဗုဒ္ဓဘာသာ၀င်တို့ဘက်မှ သဘာပတိ လုပ်ရန် တောင်ငူ ဆရာ တော်အားရွေးချယ်လိုက်ကြသည်။ ဆရာတော်အရှင်ဥက္ကဌသည် နက်ဖြန်ပွဲ သဘာပတိမိန့်ခွန်း (၁၅)မိနစ် စာကို လောကုတ္တရာဆရာတော်နှင့် တိုင်ပင်ဆွေးနွေး၍ အစီအစဉ်ပြုလုပ်နေကြသည်။
မဏ္ဍပ်ကြီး၏ ပတ်၀န်းကျင် ခပ်လှမ်းလှမ်းတွင်ကား နက်ဖြန်ပွဲကြီးအတွက် ရောင်းချရန် စားသောက်ဆိုင်များ၊ လဘက်ရည်ဆိုင်များ ၊စျေးဆိုင်များဖြင့် စည်ကားနေလေသည်။ ခရစ်ယာန်ဆ ရာကြီးများကလည်း ဓမ္မဆရာဦးရွှေအောင်၏ နေအိမ်တွင် ဗုဒ္ဓဘာသာကို ဆော်နှက်ရန် ဗုဒ္ဓ၀င်နှင့် ဗုဒ္ဓကျမ်းစာ အချိူ့မှ အချက်အလက်များကို စုပေါင်းတိုင်ပင်၍ ရှာဖွေထုတ်နှုတ် မှတ်သားချက်များ ကို ရေးကူးနေကြသည်။ အထူးသဖြင့် ``လောကမျက်မှန်´´ စာစောင်တွင် ပါရှိသော ဆရာတော် ဦးေဥယျ၏ ရေးသားချက်များကို အဓိကထား၍ ထိုးနှက်ကြရန် မှတ်သားနေကြသည်။ အရှင်ဥက္ကဌ သည် ဦးေဥယျကဲ့သို့ ပြောဆိုလိမ့်မည်ဟု ယူဆနေကြဟန်ရှိသည်။ ဤအတိုင်းဆိုလျှင် သူတို့ဘက် က နိုင်ဘို့သေချာပြီ။ ဤသို့ တွက်ဆ၍ ပြောနေရာ ခရစ်ယာန်ပရိသတ်နေမှာ အလွန်တက်ကြွနေ ကြလေသည်။ အရှင်ဥက္ကဌ၏ အကြောင်းနှင့် အရည်အချင်းတို့ကို တိတိကျကျ မသိရှိကြဘဲ အထင်အ မြင်သေးနေခြင်းသည် သူတို့အဖို့ နောက်တစ်နေ့တွင် မဟာအမှားကြီးဖြစ်ကြောင်း တွေ့မြင်ကြရပေ တော့မည်။
၀ါဒပြိုင်ပွဲကြီး
ဤနေ့ကား မြန်မာနိင်ငံ ဗုဒ္ဓသာသနာသမိုင်းတွင် မွန်ကွန်းတင်ရမည့်နေ့ဖြစ်သည်။ ခရစ်ယာန်တို့၏ ဖန်ရှင်းဆင် iဿရ နိမ္မာနဝါဒနှင့် ဗုဒ္ဓမြတ်စွာ၏ အနတ္တဝါဒတို့ ယှဉ်ပြိုင်ကြမည့် နေ့ကြီး ဖြစ်သည်။ ထောင်သောင်းမကသော ပရိသတ်ကြီး၏ ရှေ့မှောက်တွင် တရား၀င် ယှဉ်ပြိုင် ဟောပြောကြခြင်းဖြစ်၏ ။ တစ်ဘက်နှင့်တစ်ဘက် ပဋိပက္ခ မဖြစ်ကြဘဲ ပျော်ပျာ်ပါးပါးကြီး ယှဉ်ပြိုင် ဟောပြောကြရာ ဤပြိုင်ပွဲမျိူးကား မြန်မာနိုင်ငံသမိုင်းတွင် တစ်ကြိမ်တည်းသာ ပေါ်ပေါက်ခဲ့ဖူးသည့် ပထမနှင့်နောက်ဆုံး ယှဉ်ပြိုင်ဟောပြောပွဲကြီးဖြစ်သည်။
ပရိသတ် တစ်သောင်းကျော်
ထိုနေ့ အရုဏ်တက်ချိန်မှစ၍ ကျောက်ကွင်းရွာ ပတ်၀န်းကျင်ရှိ ရွာများမှ ကျောက်ကွင်း မ ဏ္ဍပ်ကြီးဆီသို့ ဦးတည်၍ လာနေကြသော လှည်းသံ ။ လူသံ တို့မှာ ဆူညံ၍ နေကြသည်။၀က်ထီး ကန်မြို့မှ ခြေလျှင် လာကြသော လူတန်းကြီးမှာလည်း အဆက်မပြတ် ဖြစ်နေကြသည်။ နံနက်(၅)နာရီခွဲ အချိန်တွင် မဏ္ဍပ်ကြီးတစ်လုံး ပြည့်သွားလေသည်။ နောက်ထပ်ရောက်လာကြ သောလှည်းများနှင့် လူများမှာ မဏ္ဍပ်အပြင်ဘက် ပတ်၀န်းကျင်တွင် နေရာယူကြရသည်။ အချိူ့မှာ ထိုင်ဖို့ပင် နေရာမရ၍ မတ်တပ်ရပ်နေကြရလေသည်။ ရွှေတောင်၊ ပြည်၊ပေါင်းတည်၊ ပေါင်းတလည်၊ ပေါက်ခေါင်း ၊ မြန်အောင်၊ ဟင်္သတ စသောရပ်ဝေးဒေသမှ လူများပါ လာရောက်ကြသဖြင့် ပရိသတ် တစ်သောင်းကျော်ရှိမည်ဟု ခန့်မှန်းရလေသည်။
သံဃာစဉ်ပေါ်တွင်လည်း အာဂန္တုက ရဟန်းများနှင့် အလိုတော်ရဂိုဏ်း၀င် သံဃာတော် များပါ နောက်ထပ် ရောက်ရှိလာကြသဖြင့် စုစုပေါင်း သံဃာတော် နှစ်ရာကျော်ဖြစ်သွားသည်။ ရန်ကုန်မှ ညွန်ကြားချက်အရ ပြည်မြို့မှ ရာဇ၀တ်၀န်ကြီး ဦကြင် တရားသူကြီးနှင့် ပုလိပ်များသည် လာရောက်၍ စောင့်ရှောင့်ပေးနေကြသည်။ မဏ္ဍပ်အနီးတွင်ယာယီစခန်းဖွင့်၍ အရာရှိများကပါ စောင့်ရှောက်ပေးနေကြသည်။
၀ါဒပြိုင်ပွဲကြီးစပြီ
(၇)နာရီထိုးရန် ငါးမိနစ်အလိုတွင် ခရစ်ယာန်ခေါင်းဆောင်များက သံဃာစဉ်၏အရှေ့ မဏ္ဍပ်အတွင် မြေပြင်ပေါ်၌ စီတန်းခင်းထားသော ကုလားထိုင်များပေါ်သို့ သွားရောက်ပြီး စီ၍ ထိုင် နေကြသည်။ ဗုဒ္ဓဘသာအဖွဲ့၀င်များကလည်း မြောက်ဘက်ခြမ်းရှိ သံဃာစဉ်ရှေ့ မြေပေါ်တွင် တန်း စီခင်းထားသည့် ကုလားထိုင်များပေါ်သို့ သွားရောက်ထိုင်ကြသည် ၊ သဘာပတိများအတွက် နေရာ ကို နှစ်ဘက်ခေါင်းဆောင်များ၏ အတန်းအလယ်တွင် စားပွဲတစ်လုံးချ၍ စားပွဲ၏ တစ်ဘက်တစ် ချက်တွင် ကုလားထိုင်တစ်လုံးစီ ချထားလေသည်။
သဘာပတိများ၏ စားပွဲရှေ့တွင် ခုံမြင့်တစ်ခု ချထား၍ ခုံမြင့်၏ရှေ့တွင် စာပွဲတစ်လုံးရှိသည် စားပွဲပေါ်တွင် ရေချိူက် ၊ ဖလ်ခွက်နှင့် စားပွဲတင်နာရီတစ်လုံးကို တင်ထားသည် သဘာပတိ၏ စားပွဲပေါ်တွင်လည်း ရေချိူက်နှင့်နာရီတစ်လုံးစီ ရှိသည်။ (၇)နာရီတိတိအချိန်တွင် ခရစ်ယာန်သဘာပတိ ဦးရွှေမှန်နှင့် ဗုဒ္ဓဘာသာသဘာပတိ ဆရာ တော်ဦးကုဏ္ဍလတို့သည် သဘာပတိများနေရာသို့ ကြွရောက်လာကြပြီး နေရာယူထိုင်ကြသည်။ ဦးရွှေမှန်က ဝါဒယှဉ်ပြိုင်ဟောပြောပွဲဖွင့်လှစ်ကြောင်းကြေညာ၍ သဘာပတိမိန့်ခွန်းကို စတင်ပြော ကြားသည်။
ဦးရွှေမှန်သဘာပတိမိန့်ခွန်း
ကြွရောက်လာကြတဲ့ ဆရာတော်သံဃာတော်များနှင့် ပရိသတ်အပေါင်းတို့ခင်ဗျား။ အား လုံးဟာ ဒီနေ့ဒီနေရာမှာ ဘုရားသခင်အလိုတော်အရ လာရောက်စုဝေးနေကြရပါသည်။ အများသိ ကြတဲ့အတိုင်း ဒီပွဲဟာ ဗုဒ္ဓဘာသာနှင့်ခရစ်ယာန်ဘာသာ ဘယ်ဟာက ကောင်းတယ် ၊ မှန်တယ်၊ ဆိုတာကို ယှဉ်ပြိုင်ဟောပြောကြမှာဖြစ်ပါတယ် ၊ အဲဒီလို ဟောပြောတဲ့အခါမှာ တစ်ဘက်ဘာသာ က တစ်ဘက်ဘာသာရဲ့ ချိူ့ယွင်းချက်ကို ထုတ်ဖေါ်ပြီး ပြောရပါလိမ့်မည် ၊ ဝေဖန်ရပါလိမ့်မည်။ တစ်ဘက်နှင့်တစ်ဘက် အနိုင်ပြောကြရမှာဆိုတော့ တစ်ခါတစ်ရံပြင်းထန်တာ ပါခြင် ပါသွားပါလိမ့် မယ်။ အဲဒါကို ကြိုတင်ပြီး သိထားပါမှ နားထောင်တဲ့ ပရိသတ်က ခွင့်လွတ်နိင်ကြမှာပါ။ နှစ်ဘက် ဟောပြောမယ့် ပုဂ္ဂိုလ်များကလည်း ယဉ်ယဉ်ကျေးကျေး ပြောကြပါလိမ့်မယ်။ တစ်ဦးနှင့်တစ်ဦးမုန်း တီးနေကြတဲ့သူတွေ မဟုတ်တဲ့အတွက် ပုဂ္ဂိုလ်ရေး ပုတ်ခတ်ကြမှာမဟုတ်ပါဘူး။ ဝါဒရေး၊ ဘာသာ ရေးများကိုသာ ပြောကြမှာပါ။ အထူးသဖြင့် ခရစ်ယာန် ပရိသတ်များကို ပြောလိုပါတယ်။ ခရစ်တော် ဟာ အလွန်ယဉ်ကျေးသိမ့်ပြီးတော့ သူရဲ့တရားတော်ဟာ သူ့ကို ကားစင်တင်ပြီး သတ်တဲ့သူတွေ ကို တောင်မှ ခွင့်လွတ်တော်မူခဲ့ပါတယ်။ အဲဒီရေရှုခရစ်တော်ရဲ့ ဖြစ်ရပ်ကို စံနမူနာထားပြီး ယဉ်ကျေးကြပါ။ သီးခံကြပါ၊ မခံချင်စိတ်၊ ဒေါသစိတ်မထားကြပါနဲ့။ ဒါမှလည်း ခရစ်ယာန်ကောင်း ပီ သပါတယ်။ တစ်ဘက်ပုဂ္ဂိုလ်က ဟောတာကို ဗုဒ္ဓဘာသာ၀င်ရော၊ ခရစ်ယာန်ဘာသာ၀င်တွေကပါ အေးအေးဆေးဆေး လေးလေးစားစား နားထောင်ကြဖို့ မေတ္တာရပ်ခံပါတယ် ၊ ထာ၀ရဘုရားနှင့် ရေရှုခရစ်တော်၏ မေတ္တာသည် အားလုံးအပေါ် လွမ်းခြုံကြရောက်ပါစေ။ စသည်ဖြင့် ဦးရွှေမှန်က သဘာပတိမိန့်ခွန်း ပြောကြားသည်။
ဦးကုဏ္ဍလ၏ သဘာပတိမိန့်ခွန်း
အလိုတော်ရဂိုဏ်းချူပ်ဆရာတော်ဘုရားကြီးနှင့် သံဃာတော်အရှင်မြတ်များ ဗုဒ္ဓဘာ သာ၀င် ဒကာ/ဒကာမများနှင့် ခရစ်ယာန်ဘာသာ၀င် ဒကာ/ဒကာမအပေါင်းတို့ ……..
ဦးပဇင်းတို့ရဲ့ ဗုဒ္ဓမြတ်စွာဘုရားဟာ မိမိအားကိုးကွယ်သည်ဖြစ်စေ ၊ မကိုးကွယ်သည်ဖြစ် စေ၊ မိမိညွန်ပြဟောပြောသော တရားဒေသနာကို လိုက်နာကျင့်သုံးသည်ဖြစ်စေ၊ မကျင့်သုံးသည် ဖြစ်စေ လူမျိူးမရွေး ဆူကြုံနိမ့်မြင့်မရွေး အားလုံးသော သတ္တဝါများအပေါ် မဟာကရုဏာတော်ကို ထားတော်မူပါတယ်။ အားလုံးကို သားတော်အရင်း ၊ ရာဟုလာနဲ့မခြား တတန်းတစားတည်း ထား ပြီး တပြေးညီ သဘောထားပြီး ဒုက္ခမှ လွတ်မြောက်ရာ၊ လွတ်မြောက်ကြောင်း တရားဒေသနာများ ကို ဟောဖေါ်ညွန်၍ သြ၀ါဒပေးတော်မူခဲ့ပါတယ်။ ကိုယ်တော်တိုင်လည်း မြင့်မြတ်စင်ကြယ်တဲ့အ ကျင့် စာရိတ္တရှိပြီးတော့ သတ္တဝါများကိုလည်း မြင့်မြတ်ကြီးမားသော မေတ္တာတရားထားတော်မူခဲ့ပါ တယ်။ ကိုယ်တော်တိုင် သီးခံတော်မူတယ်၊ ခန္တီ ပရမံ တပေါ တိတိက္ခာ အစရှိသည်အားဖြင့် သည်း ခံခြင်းဟာ အလွန်မွန်မြတ်တဲ့ အကျင့်ဖြစ်ကြောင်းဟောတော်မူခဲ့ပါတယ်။ ဗြဟ္မစိုရ်တရားလေးပါးမှာ မေတ္တာကို အဦးထားပြီး ဟောတော်မူခဲ့ပါတယ်။ ဗုဒ္ဓရဲ့တပည့်သားဖြစ်ကြတဲ့ ပုဂ္ဂိုလ်ဟာ သီးခံတတ် ရမယ်၊ မေတ္တာထားတတ်ရမယ်၊ စိတ်သဘောထား နူးညံ့သိမ်မွေ့ရတယ်။ ဗြဟ္မစိုရ်တရားလေးပါး နှင့် ခွင့်လွတ်တတ်ရတယ်။ ခုနင်က ဆရာတော်ကြီး ဦးရွှေမှန်ပြောသလိုပေါ့လေ ။ ယှဉ်ပြိုင်ဟော ပြောပွဲဆိုတော့ မိမိရဲ့ဘာသာအယူဝါဒ ကောင်းမွန်မှန်ကြောင်း အမွန်းတင်ပြီးတော့ သူတစ်ပါးဘာ သာရဲ့ ချိူ့ယွင်းချက်တွေကို ဝေဖန်ကြမှာမို့ နှစ်ဘက်စလုံးက ဟောပြောတာကို သေသေချာချာ နားထောင်ပြီးတော့ ယူသင့်ယူထိုက်တာ၊ ပယ်သင့်ပယ်ထိုက်တာတွေကို မိမိရဲ့ ကိုယ်ပိုင်အသိ ဥာဏ်နဲ့ စဉ်းစားဆုံးဖြတ်ပြီးမှ မိမိနှစ်သက်ရာကို ယူကြပါရန် အလေအနက် မေတ္တာရပ်ခံလိုပါတယ် ဒကာ/ဒကာမအပေါင်းတို့ ……..စသည်ဖြင့် မြွက်ကြားလေသည်။
ခရစ်ယာန်ဓမ္မဆရာကြီး ဦးသာဒင်(မန္တလေး) က စတင်ဟောပြောသည်။ ဦးသာဒင်သည် ဗုဒ္ဓဘာ သာဘုန်းကြီးလူထွက်ဖြစ်၍ ပထမကြီးတန်း အောင်မြင်ခဲ့ပြီး ပါဠိစာပေကျွမ်းကျင်သည်ဟု နာမည် ကြီးသည်။ ဗုဒ္ဓဘာသာမှ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့ပြီး တရားဟောအလွန်ကောင်းသည်ဟု နာမည်ကျော်ကြားသူဖြစ်သည်။
သူက ဓမ္မကထိက ဆရာတော် ဦးေဥယျ ရေးသားခဲ့တဲ့ (လောကမျက်မှန်) အမည်ရှိစာအုပ်ကို စတင် တိုက်ခိုက်ပြောဟောသည်။ ခရစ်ယာန်ဘာသာကို နှိမ်နင်းရေးသားထားသော ထိုစာအုပ်ပါ အချက်အလက်များကို ချေပ၍ ရှင်းလင်းသည်။ မူလက ဦးေဥယျကိုယ်တိုင် ကြွရောက်၍ ဗုဒ္ဓဘာ သာဘက်မှ ယှဉ်ပြိုင်မည်ဟု သတင်းကြီးနေရာ ခရစ်ယာန်ဓမ္မဆရာအုပ်စုသည် ဦးေဥယျ ရေးသည့် လောကမျက်မှန်ကို တိုက်ခိုက်ချေပရန် အကြောင်းအချက်များ ရှာဖွေစုဆောင်း စီစဉ်လာခဲ့ကြသည် ကြိုတင်ပြင်ဆင်ခဲ့ကြသောကြောင့် ပိုင်ပိုင်နိုင်နိုင်လည်း ဟောပြောနိုင်ရာ ခရစ်ယာန် ချင်းပရိသတ် မှာ တပြုံးပြုံးနှင့်အားတက်ရွှင်ပျနေကြလေသည်။
ဦးသာဒင်၏ တင်ပြချက်
``ဆရာတော်…. ဦးသာဒင် ဟောပုံဟာ လေးတယ်၊ ခရစ်ယာန်တရားဟောသံတွေ လုပ်နေ တာနဲ့ အချိန်ဖြုန်းသလို ဖြစ်နေတယ်၊ အချက်အလက်စုစည်းပြီး ပြန်ချေပတာ ကွာဟပြီး ဝေးနေတယ်ဘုရား´´ ဟူ၍ ဆရာတော်၏အနီးတွင် ရှိနေသော ဦးကိုကိုကြီးက ဆရာတော်အား တိုးတိုးလျှောက်ထားရာ ဆရာတော်က ဦးသာဒင်ဟောသမျှကို ရေးမှတ်နေရာမှ ပြုံးပြီးခေါင်းညိတ် လိုက်လေသည်။။
လောကမျက်မှန်စာအုပ်တွင် ပါသောအချက်အလက်များကို ချေပပြီးနောက် ဦးသာဒင် သည် `ဗုဒ္ဓ၀င်´ ကို ဝေဖန်တိုက်ခိုက်လေသည်။ ဗုဒ္ဓ၀င်ဟာ ဂေါတမရဲ့ဖြစ်စဉ်ကို ဖေါ်ပြတဲ့ကျမ်းပဲ၊ အဲဒီအခန်းမှာ ပါတာတွေဟာ ဘယ်လောက်ယုတ်တိကင်းမဲ့သလဲဆိုတာ စဉ်းစားကြည့်ကြပါ၊ ကျွန် တော်တင်ပြပါ့မယ်။ စထွက်ကတည်းက တုသိတာနတ်ပြည်မှာနေတဲ့ ဘုရားအလောင်း သေတကေတု နတ်သားကို တစ်ခြားနတ်ဗြဟ္မာတွေက လူ့ပြည်ဆင်းပြီး ဘုရားဖြစ်ဖို့ ပဋိသန္ဓေယူဖို့ တောင်းပန်မှ မယ်တော်မာယာရဲ့ ဗိုက်ထဲ၀င်သတဲ့ဗျာ.. ဘုရားဖြစ်ရမယ့်သူက ဘာမှမသိရဘဲ၊ ဘုရားမဖြစ်မယ့်သူတွေက ပြောမှသိရသတဲ့လား၊ ပြီးတော့ ပဋိသန္ဓေယူတဲ့နေ့က ဝါဆိုလပြည့်နေ့ ကြီးမှာတောင် မေထုန်သံဝါသကိစ္စဆိုတဲ့ အဲ ဟိုကိစ္စကို ရှောင်ကြဉ်ကြဟန်မတူပါဘူး၊ စောင့် ထိန်းကြဟန်မရှိပါဘူး။ အဲဒါကိုကြည့်ရင် သုဒ္ဓေါဒနကပဲ လွန်သလား၊ မယ်တော်မာယာကပဲလွန် သလား၊ ဒါမှမဟုတ် နှစ်ဦးလုံးအတူတူပဲလားတော့ မဆိုနိုင်ပါဘူး။ ဝါဆိုလပြည့်နေမှာ ပဋိသန္ဓေယူ တယ်ဆိုတာကတော့ ထင်ရှားနေပါတယ်။ အဲဒါကို ကြည့်မယ်ဆိုရင် သူ့မိဘနှစ်ပါးရဲ့ အကျင့်အရ ဂေါတမဟာလည်း ပဋိသန္ဓေကစပြီး လူလွန်ဖြစ်ပါတယ်´´
``ခရစ်ယာန် ပရိသတ်များအားတက်သလောက် ဗုဒ္ဓဘာသာပရိသတ်များ မျက်နှာမ ကောင်းလှ ၊ ရဟန်းများမှာ မျက်နှာပျက်နေကြသည်။ ဆရာတော်အရှင်ဥက္ကဌကား ပြုံး၍ ဦးသာဒင် ကိုကြည့်နေလေသည်။ ဦးသာဒင်က ဆက်ဟောပြန်သည်။
``ဘုရားအလောင်းရဲ့ ဖွားတော်ဖက် ခုနှစ်ဦးတဲ့ဗျာ..အာ၊ ဗော၊ ကာ၊ ယ ၊ကံ ၊ ရွှေ၊ဆန် တဲ့။ ဖွားဘက်တော်တွေထဲမှာ ကဏ္ဍိက ဆိုတဲ့မြင်း အဲ….တိရစ္ဆာန်လည်းပါတယ်၊ ဗောဓိပင် ဆိုတဲ့ သစ်ပင်လည်း ပါတယ်၊ သက်မဲ့ဖြစ်တဲ့ ရွှေအိုးကြီးလေးလုံးဆိုတာလည်း ပါလိုက်သေးတယ် ၊ ဘယ် လောက် ယုတ္တိကင်းမဲ့သလဲဗျာ… အာနန္ဒာဟာ ဖွားဖက်တော်တဲ့ ဖွားဖက်တော်ဆိုတာ တစ်နေ့ တည်း တစ်ချိန်တည်း မွေးဖွားတာကို ခေါ်တာဗျ ၊ နောက်ပိုင်းကြတော့ ညီတော်အာနန္ဒာ တဲ့ဗျ… ဖွားဖက်တော်လည်း ဆိုသေး ညီတော်အာနန္ဒာလည်းဆိုသေး ဘယ်လောက်များကမောက်ကမ နိုင် သလဲဆိုတာ စဉ်းစားကြည့်ကြပါ ´´။
``ရွှေအိုးကြီးလေးလုံးဟာ ကပိလ၀တ်ပြည့်က နန်းတော်၀င်းအတွင်းမှပဲ ဖြစ်ပေါ်လာတယ် လို့ စာကဆိုထားတယ်။ အဲဒါလည်း စဉ်းစားကြည့်ကြပါဦး … သင်္ဃ မည်တဲ့ ရွှေအိုးကြီးက တစ်ဂါ ဝုတ်ပမာဏ ရှိသတဲ့ဗျ ၊ ဧဠ မည်တဲ့ ရွှေအိုးကြီးက ယူဇနာ၀က်လောက်ရှိတယ်လို့ ဆိုတယ်။ ဥပ္ပလ မည်တဲ့ ရွှေအိုးကြီးက သုံးဝုတ်ပမာဏ ရှိသတဲ့ ၊ ပုဏ္ဏရိက အမည်ရှိတယ့် ရွှေအိုးကြီးက တစ်ယူဇ နာရှိတယ်လို့ ဆိုတယ်။ စုစုပေါင်းနှစ်ယူဇနာခွဲ ရှိတယ်။ ခုခေတ်သုံး မိုင်နှင့်ဆိုလျှင်တစ်ယူဇနာဟာ ဆယ့်သုံမိုင်ခွဲလောက်ရှိတယ်။ ဒီရွှေအိုးကြီးလေးလုံးအတိုင်းအတာပမဏဟာ မိုင်သုံးဆယ်ကျော် ရှိနေပြီ ဤရွှေအိုးကြီးတွေ ပေါ်တယ်ဆိုတာ တကယ်ဟုတ်ရိုးမှန်ခဲ့ရင် ရှေးခေတ်က မသကာ လူဦး ရေ ငါးသိန်းလောက်ရှိတဲ့ ကပိလ၀တ်ပြည်ကလေးမှာ လူတွေတိုက်တာအိမ်တွေဟာ ဒီရွှေအိုးကြီး လေးလုံးပေါ်တာနှင့်ပဲ ပျက်စီးသွားစရာရှိပါတယ် ၊ အဲဒီလောက်အပြောကြီးကြီးနဲ့ ပလွှား ဝံ့ကြွား ထားတဲ့ ဗုဒ္ဓ၀င်ပါတဲ့ ဂေါတမဘုရားထင်ရာလျှောက်ပြီး ဟောထားတဲ့ တရားတွေကို စဉ်းစားဥာဏ်ရှိ တဲ့ လူတွေက ယုံလို့ဖြစ်ပါ့မလား´´၊ ဦးသာဒင်က ပရိသတ်ကို မေးခွန်းထုတ်ရင်း အကဲခတ်ကြည့် လိုက်၏ ၊ ထို့နောက်ဆက်လက်၍ ပြောပြန်သည်။
``စိဥ္မ္ဇမာန် ကိစ္စကိုလည်း ကြည့်ပါဦး ၊ သိကြားမင်းက စိဉ္ဇမာန် ထမိန်အတွင်း၀င်ပြီး ကြွက်ယောင်ဆောင်ပြီး ကိုယ်တယ်လို့ဆိုထားတယ်၊ သိကြားတန်မဲ့ မိန်းမထမီအတွင်း ၀င်ရသတဲ့ လားဗျာ… ထမီတွင်းဆိုတာဟာ သာမန်လူယောင်္ကျားများ ၀င်ရင်တောင် ဘုံးကျက်သရေ ပျက်တယ်လို့ ၊ ဗုဒ္ဓဘာသာ၀င်တွေက ယူဆထားတာနဲ့ တက်တက်စင် ကွာဟနေပါတယ်။ ဂေါတမ ရှေ့မှာ တရားနာနေတဲ့ ပရိသတ် ဗိုလ်ပုံ အလယ်မှာ မိန်းမတွေ အများကြီး ရှိနေနိုင်ပါလျှက်နဲ့ အဲဒီ မိန်းမကြီးတွေက ဗိုက်ကိုတော့ ထမစမ်းပါပဲနဲ့ ဧရာမနတ်တို့ဘုရင် သိကြားမင်းက လာပြီး ကိုယ်တိုင် ထမိန်ထဲ ၀င်ကိုက်ရတယ်ဆိုတာကလည်း ယုတ္တိမတန်ပါဘူးဗျာ..´´။
`` ပြီးတော့ နန္ဒော ပနန္ဒ နဂါးမင်း ချွတ်ခန်းဆိုတာ ကြည့်ပါဦး ၊ ဘုန်းတော်အနန္တ ဥာဏ် တော်အနန္ဒ ၊ တန်ခိုးတော်အနန္ဒဆိုတဲ့ ဂေါတမဟာ သူကိုယ်တိုင်တော့ နဂါးကို ရင်မဆိုင်ရဲဘဲနဲ့ တ ပည့်ဖြစ်တဲ့ အရှင်မောဂ္ဂလန်ကို နှိမ်နင်းခိုင်းရတာလဲ ၊ အရှင်မောဂ္ဂလန်က သူ့ထက်ပိုပြီး တန်ခိုးရှိရာ ကျမနေဘူးလား၊ အဝိဟိသာ - သူတစ်ပါးကို မညင်းဆဲရဘူးလို့ ၊ ဟောပြောနေတဲ့ ရှင်ဂေါတမဟာ ဘာကြောင့် နဂါးကို ညင်းဆဲခိုင်းရသလဲ၊ သူတစ်ပါးကို ထိခိုက်နစ်နာအောင် မလုပ်ရတဲ့ ရဟန္တာ ရှင် မောဂ္ဂလန်ဟာ နဂါးကို ဘာကြောင့် မြင့်မိုရ်တောင်နှင့် ဖိညပ်ပြီး နှိပ်စက်ရတာလဲ ၊ အဲဒီလို တန်ခိုး အင်မတန်ကြီးတဲ့ ရှင်မောဂ္ဂလန်ကို ဘာတန်ခိုးမှ မရှိတဲ့ ခိုးသားတွေက ရိုက်သတ်သတဲ့ဗျာ …၊ တန် ခိုးတွေ ဘယ်ရောက်ကုန်သလဲ ၊ ဘယ်လောက်ယုတ္တိကင်းမဲ့သလဲ ၊ ရှေ့စကားနှင့် နောက်စကား မ ညီဘူးဆိုတာ တွေ့ကြပြီ မဟုတ်လား ´´။
ဦးသာဒင်သည် ပရိသတ်ကို မေးခွန်းထုတ်သလိုလုပ်၍ ဆက်လက်ပြီး ဝေဖန်တင်ပြပြန် လေသည်။ `` ဒီတန်ခိုးပြာဋိဟာ ကိစ္စပဲ ရှင်မောဂ္ဂလန်ပေါ့ဗျာ…ရှင်မောဂ္ဂလန်နဲ့ ရှင်ပိဏ္ဍောလတို့ စဏ္ဍကူး သပိတ်ရဖို့အတွက် တန်ခိုးပြကြတယ်တဲ့ ။ အဲဒါ ဂေါတမဘုရားက ကြားသိတော့ ရဟန်း တွေ တန်ခိုးမပြရ ၊ ပြလျှင် အာပတ်သက်စေ လို့ ပညတ်ပါသတဲ့ ၊ အဲဒီလို သူများတွေကို ပညတ်ပြီး သူကတော့ တိတ္ထိတွေနဲ့ ပြိုင်ပြီး ရေမီးအစုံ တန်ခိုးပြသတဲ့ဗျာ… အဲဒါဆို ဂေါတမဘုရားဟာ ငါပြော သလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ ဆိုတဲ့ ဘုရားမျိူးဖြစ်မနေဘူးလား။ ခင်ဗျားတို့ပြောတော့ တထာဂတ (အပြောနှင့်အလုပ်ညီညွတ်တယ်) ဆို ၊ ခုနကအတိုင်းဆိုလျှင် မိတ်ဆွေတို့ရဲ့ ဘုရား ကြီး ဂေါတမဟာ တထာဂတ ဘွဲ့နှင့် ထိုက်တန်ပါသလား´´
`` တာ၀တိသာ နတ်ပြည်ကို တက်တာ တန်ခိုးနဲ့တက်တယ်ကွာလို့ ဆိုရင် ဟုတ်ဟုတ် တုတ်တုတ် ရှိသေးရဲ့ ၊ အခုတော့ နှစ်လမ်းသုံးဖဝါးနဲ့ တက်တယ်တဲ့ဗျ ၊ ပြန်ဆင်းမယ်ဆိုတော့ နတ် တွေက ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တစောင်းတန်းတွေ ဖန်ဆင်းပေးရသတဲ့ ၊ တန်ခိုးမရှိ တော့ ပြန်ဆင်းဖို့ မရဲဘူးထင်ပါရဲ့ဗျာ…´´
`` အဲဒီအောင်ခြင်းရှစ်ပါးမှာပဲ သစ္စက ပုရပိုက်နှင့် ဝါဒပြိုင်ပွဲမှာ ဂေါတမဘုရားက မေး တာကို သစ္စကကြီးက မဖြေဘူးတဲ့ …အဲဒါ သိကြားမင်းက ဘီလူးယောင်ဖန်ဆင်း၊ တင်းပုတ်ကြီးနဲ့ ချိန်ရွယ်ပြီး ခြိမ်းခြောက်တော့မှ သစ္စကကြီးက ဖြေသတဲ့ဗျာ…. အဲဒါ ယုတ္တိရှိပါသလား .. ဘုရားဖြစ် ပြီးတော့ သိကြားလောက်တောင် တန်ခိုးမရှိလို့ သိကြားကို အကူအညီတောင်းတာလား၊ သိကြားက လာပြီးကူညီရတာလား …….ခင်ဗျားတို့ ပြောပြောနေတဲ့ တန်ခိုးတော်အနန္တဆိုတာ ခင်ဗျားတို့ ဘုရားမှာ မရှိလို့သာ သိကြားက လာကူရတာပါလို့ ပြောရင် ကျွန်တော့ကို အလွန်လို့ဆို မလား ´´…။
`` နောက်တစ်ခု ပရိနိဗ္ဗာန်ပြုခန်းမှာ ကြည့်ပါဦး ၊ ၀မ်းတော်လားလို့ အားကုန်နေတဲ့ အသက်ရှစ်ဆယ်အရွယ် ဂေါတမ ဘုရားဟာ ကုသိနာရုံ ရောက်အောင် ရှင်အာနန္ဒာက တွဲခေါ်ပြီး ခြေလျှင်သွားရတယ် ၊ ဘုရားရဲ့တန်ခိုးတွေ ဘယ်တွေရောက်ကုန်လို့ ခြေလျှင်သွားနေရတာလဲ….၊ တာ၀တိသာ နတ်ပြည်ကိုတောင် နှစ်လမ်းသုံးဖဝါးနှင့် အရောက် တန်ခိုးတော်နှင့် သွားနိုင်တယ်ဆို ဒီကုသိနာရုံ ကျကာမှ ကုန်းကြောင်း လျှောက်နေရသလား…..၊ ဘုရားကိုကြည်ညိုတယ်ဆိုတဲ့ နတ် တွေ တစ်ယောက်မှ မလာပါလား ၊ မကူညီပါလား၊ ဘယ်သွားနေကြသလဲ ၊ ကုသိနာရုံရောက်တော့ မှ စင်္ကြာ၀ဠာ တစ်သောင်းက နတ်ဗြဟ္မာ အပေါင်းတို့ရောက်လာသတဲ့ ၊ သားမွေးတစ်ချောင်း လောက်နေရာမှာ နတ် (၁၆)ယောက်လောက် မြူမုံလောက် ဖန်ဆင်းပြီး နေရသတဲ့ဗျာ… အဲဒါတွေ ဟာ ယုတ္တိ ရှိပါသလားဗျာ ….´´။
``စိန္တိတံ ပတ္တသင်္ချေယံ န၀သင်္ချေယျ ဝါစကံ တဲ့ ဘုရားဖြစ်ခြင်လို့ စိတ်နဲ့ ကြံစည်တွေး တောနေရတာ ၊ ခုနှစ်သင်္ချေကြာသတဲ့ ၊ နှုတ်က မြွက်ဆို ဆုတောင်းရတာကပဲ ကိုးသင်္ချေကြာသတဲ့ ဗျာ……၊ ပြီးတော့ ဘုရားတစ်ဆူက ဘုရားလောင်းတစ်ဦးကို ဗျာဒိတ်ပေးမှ ဘုရားဖြစ်သတဲ့ အဲဒါဆို ရင် ပထမဆုံးဘုရားကို ဘယ်သူက ဗျာဒိတ်ပေးသလဲဗျာ ….၊ ဖြေစမ်းပါဦး ၊ အဲဒါတွေ စဉ်းစားဖို့ မသင့်ပေဘူးလားဗျာ…….´´
`` နောက်တစ်ခါ ….ဝိပါက်တော် မကင်းသေးတဲ့ အတွက် ဒေ၀ဒတ်က ကျောက်မောင်း ဆင်ချတာ ခံရလို့ ခြေမတော် သွေးချေဥတယ်လို့ ဆိုထားတဲ့ အချက်လည်း ရှိပါသေးတယ်၊ ဝိပါက် တော်(၁၂)ပါးဆိုတာ ဘုရားဖြစ်ပြီးမှကို ခံရသေးသတဲ့။ အဲဒီအချက်ဟာ အလွန်စဉ်းစားဖို့ ကောင်းပါ တယ်ဗျာ …… ´´
`` ဗုဒ္ဓဘာသာတရားရဲ့အနှစ်သာရဟာ ဗောဓိပက္ခိယတရား(၃၇)ပါးလို့ အဆိုရှိပါတယ် အဲဒီ (၃၇)ပါးထဲမှာ သမ္မပ္ပဒါန် လေးပါးဆိုတာ ပါပါတယ်။ လုံ့လအားထုတ်ကြိုးပမ်းရမယ့် ဝိရိယရဲ့ အင်္ဂါလေးပါးမှာ ဥပ္ပန္န အကုသိုလ် အနုပ္ပန္န အကုသိုလ် နှစ်ပါးနဲ့ ဥပ္ပန္နကုသိုလ် အနုပ္ပန္န ကုသိုလ် နှစ်ပါးစီ ခွဲထားပါတယ်။ ဥပ္ပန္န အကုသိုလ်ဆိုတာ အတိတ်ကပြုလုပ်ခဲ့တဲ့ အကုသိုလ်ကို ပယ်စွန့်ရန် ကြိုးစားအားထုတ်ရခြင်း အလုပ်လို့ ၊ ဆိုထားပါလျှက်နှင့် ဘုရားဖြစ်ပါတယ်ဆိုတဲ့ ရှင်ဂေါတမဟာ ကိုယ်ဟောတဲ့တရားထဲက ဥပ္ပန္နအကုသိုလ်ကိစ္စကိုပင် ပြီးမြောက်အောင် မစွန့်ပယ်နိုင်သေးလို့သာ ဒေ၀ဒတ်ကျောက်မောင်းဆင်တဲ့ ဒါဏ်ခံရတာ ဖြစ်ကြောင်းထင်ရှားလှပါတယ်၊ ဘုရားဆိုပြီးတော့ ဒေ၀ဒတ် ကြိုတင်ကြံစည်တာကိုမှ မသိဘူးလားဗျာ…. ပြီးခဲ့တဲ့ အကုသိုလ်၀ဋ်ကို မှ ကုန်စင်အောင် ဥပ္ပန္န ကိစ္စ မလုပ်နိုင်သေးတဲ့ ဂေါတမဘုရားကို ဘုရားလို့ ဘယ်သူပြောနိုင်သလဲဗျာ …..´´။
ဤနေရာသို့ အရောက်တွင် ရဟန်းတော်များမှာ ခေါင်ငုံ့၍သာ နေရတော့သည်။ ခရစ်ယာန်ပရိသတ်များ အားတက်နေကြသည်။ ဗုဒ္ဓဘာသာပရိသတ်ကား တွေဝေနေသည့်ဟန် ၊ အမူအရာများ ပေါ်နေလေသည်။ ဦသာဒင်ကိုယ်တိုင်လည်း အားတက်လာပြီး ပိဋကတ်ကျမ်းစာပါ အချက်အလက်တစ်ချိူ့ကို တိုက်ခိုက်ဝေဖန်သည် ၊ သို့သော် သူတင်ပြသော အချက်အလင့်အများ စုမှာ အာလံက မြ၀တီဆရာကြီးဦးအုန်းနှင့်ဇာတ်တိုက်ခဲ့သည့် အချက်အလက်များသာဖြစ်နေသည် ကို တွေ့ရသည်၊ နတ်မှီဆရာတော် ဦးကလျာဏ ကား ပြုံးရွှင်နေလေသည်။
``ဦးအုန်းပြောလိုက်တဲ့ အချက်အလက်တွေပါလား ကိုယ်တော်၊ ဦးအုန်းကို ကျေးဇူး တင်ရမယ်နော် ဟု ဆရာတော်အရှင်ဥက္ကဌအား တီးတိုးကပ်၍ ပြောကြားလိုက်ရာ ဆရာတော်က ခေါင်းညိတ်ပြီး ပြုံးနေသည် ၊ ဦးသာဒင်ပြောသမျှကိုလည်း အကျဉ်းချူပ်လိုက်၍ မှတ်နေသည်။ ဦးသာဒင်၏ တင်ပြချက်များကို ကြည့်ခြင်းအားဖြင့် ပိဋကတ်စာပေကို တတ်ကျွမ်းသူဖြစ်ကြောင်းခန့်မှန်းနိုင်သည်။ ယဉ်ကျေး၍ ပြေပြစ်သည့် စကားများကို အများဆုံးသုံးနှုန်းသွားသည်ကို တွေ့ရ သည်။
``ထိုနောက် ထာ၀ရဘုရား၏ ဂုဏ်ကျေးဇူးတော်၊ ဂရုဏာတော်နှင့် ယေရှုခရစ်၏ မေတ္တာတော်များကို ဆက်လက်ဟောပြောလေသည်။ အချိန်စေ့တော့မည်ဖြစ်ကြောင်း သဘာပတိ က သတိပေးလိုက်သောအခါ ဦးသာဒင်က ဤသို့ နိဂုံးချူပ်လိုက်လေသည်။
`` ကျွန်တော်ဟာ မူလက ဗုဒ္ဓဘာသာ၀င်တစ်ဦး ဖြစ်ခဲ့ပါတယ် ၊ဗုဒ္ဓဘာသာကိုလည်း တကယ်ယုံကြည်ခဲ့ပါတယ်၊ ဒါပေမယ့် အခုလို ယုတ္တိကင်းမဲ့တဲ့ ရှေ့နောက်မညီညွတ်တဲ့ တရားတွေ တွေ့လာရတာနဲ့ ဗုဒ္ဓဘာသာကို စိတ်ပျက်ပြီး ခရစ်ယာန်ဘာသာထဲကို ၀င်ခဲ့သူဖြစ်ပါတယ်။ ဒီမဟုတ် မဟတ် ဗုဒ္ဓဘာသာကို ဆက်ပြီး ယုံကြည်ကိုးကွယ်နေသမျှ အမှားနဲ့ရင်ဆိုင်နေရမှာသာ ဖြစ်ပါတယ်။ ဒါကြောင့် ရှေ့နောက်မညီညွတ်ဘဲ မှားယွင်းချွတ်ချော်နေတဲ့ ဗုဒ္ဓဘာသာတရားကို ယုံ ကြည်ကြမည်လား ……. ၊ မှန်ကန်သော ခရစ်တော်၏ တရားများနဲ့ ထာ၀ရဘုရားသခင်ကို ယုံကြည်ကြမလား
…..ဆိုတာ ကျွန်တော်က ပရိသတ်ကို မေးမြန်းလိုပါတယ်ခင်ဗျာ…
`` အားလုံးကို ကျေးဇူးတင်ပါတယ်။ ထာ၀ရဘုရားသခင်သည် သင်တို့အား ကောင်းချီး မင်္ဂလာ ချီးမြှင့်ပါစေ အာမင်.....´´။
ဦးသာဒင်၏ စကားအဆုံးတွင် ကောင်းချီးသြဘာပေးလိုက်သော ခရစ်ယာန်ချင်းပရိသတ် ၏ လက်ခုပ်သံကား မြည်ဟီး၍ ထွက်လာပါသည်။
ဦးသာဒင် ဆင်းသွားပြီးနောက် ဗုဒ္ဓဘာသာသဘာပတိ တောင်ငူမြို့ လောကုတ္တရာဆရာ တော်က အရှင်ဥက္ကဌအား ပင့်ဖိတ်လိုက်လေသည်။ ဆရာတော်အရှုင်ဥက္ကဌသည် မှတ်စုမှတ်တမ်း များကို ကိုင်ယူပြီး ဟောပြောမည့်နေရာသို့ သွားသည် ရောက်လျှင် ပရိသတ်ကို တည်ကြည်ခန့်ငြား စွာ ကြည့်လိုက်သည် ၊ ထောင်သောင်းချီသော ပရိသတ်မှာ အပ်ကျသံပင် ကြားရမတတ်။ ငြိမ်သက် တိတ်ဆိတ်နေလေသည်။ အထူးသဖြင့် ဗုဒ္ဓဘာသာ ပရိသတ်မှာ ဆရာတော်ကို အားကိုးတကြီးဖြင့် ကြည့်နေကြလေသည်။ ဦးသာဒင်တင်ပြသွားသော အချက်အလက်များမှာ လူပြိန်း တွေးတွေးလျှင် အလွန်အချက်ပိုင်နေသည်။ တော်ရုံတန်ရုံ ဗဟုဿုတ ကြွယ်သူမျိူး စာပေပရိယတ္တိ မကျွမ်းကျင်သူ တို့အဖို့ ပြန်လည်ချေပရန် မလွယ်ကူပေ။ ဆရာတော်အရှင်ဥက္ကဌ ပြန်လည်ချေပနိုင်ပါမည်လား ဟူ ၍ စိုးရိမ်နေကြပြီး သံသယ စိတ်လည်း၀င်နေကြသည်။
ချင်းခရစ်ယာန်ပရိသတ်ကား ဦးသာဒင်၏ တင်ပြချက်များကို ဆရာတော် အရှင်ဥက္ကဌ မည်သည့်နည်းနှင့်မျှ ချေပနိင်မည် မဟုတ်ဟု တထစ်ချ ယုံကြည်နေပုံရသည်၊ သို့သော် ဘယ်လို ချေပမလဲဆိုတာကို သိချင်နေကြသည်၊ ထို့ကြောင့် မဏ္ဍပ်ကြီးတစ်ခုလုံး အပြည့်ရှိသော ပရိသတ် ကြီးမှာ ငြိမ်နေကြလေသည်။
ဆရာတော်အရှင်ဥက္ကဌသည် ရှေးဦးစွာ အသံတိုးတိုးဖြင့် စတင်ပြီး တဖြေးဖြေးနှင့် အသံကိုမြှင့်တင်ပြီးပြောသည်။ ကြည်လင်ပြတ်သားသော အသံဝါကြီးက ပရိသတ်ကို လွမ်းခြုံထား လေသည်။
အရှင်ဥက္ကဌ၏ ချေပချက်
`` သဘာပတိကြီးနှင့်တကွ လူကြီးလူကောင်းအပေါင်းတို့ …….. ဒီနေ့ဒီအချိန် ဒီဘာသာဝါ ဒပြိုင်ပွဲကြီးမှာ ခရစ်ယာန် ဓမ္မဆရာများနဲ့ အမိမြန်မာပြည်ရဲ့ ရင်သွေးအစစ်ဖြစ်ကြတဲ့ မြန်ာ၊ချင်း၊ ကချင်၊ ကရင် ၊ စတဲ့ မျိူးတူဘာသာကွဲများကို ယခုလို တွေ့ရလို့ ဦးပဇင်းအလွန်ပင် ၀မ်းမြောက်ပါ တယ်´´
`` အနောက်ဖက်နိုင်ငံများမှာ ဦးပဇင်းတို့ သွားရောက်ပြီး ဗဟုဿုတ ရှာဖွေနေစဉ်အခါ က အင်္ဂလိပ်၊ အမေရိကန် ၊ ကုလားစတဲ့ ခရစ်ယာန်ဘာသာ၀င် အတော်ခပ်များများနဲ့ တွေ့ဆုံခဲ့ဖူး ပါတယ်။ ဘာသာရေးနှီးနှောပွဲကြီးများကို လည်း များစွာပဲ ကြုံကြိုက်ခဲ့ဖူးပါတယ်´´
`` ဒီမြန်မာပြည်ဆိုတဲ့ ကိုယ့်ပြည့်ကို ပြန်ရောက်တော့ သွေးရင်းသားရင်းဖြစ်တဲ့ ခရစ် ယာန်ဆရာများနဲ့ တွေ့ဆုံရမှုနည်းပါးသွားခဲ့ပါတယ်။ ဒါကြောင့် တစ်နေ့တွေ့ရပါစေဆိုတဲ့ ဆန္ဒအာသီသနှင့် မျှော်လင့်တောင့်တခဲ့ပါတယ် ။ ဒီနေ့ဟာဖြင့် ဦးပဇင်း ဆန္ဒပြည့်၀တဲ့ နေ့တစ်နေ့ ဖြစ်လို့ ဦးပဇင်းမျှော်မှန်းတောင့်တတဲ့အတိုင်း ကြုံရပါပြီ ။ ဒါကြောင့် ဘာသာအယူမတူညီတဲ့ သွေးတူ သားတူ မျိူးတူများနဲ့ ဆွေးနွေးရလို့ ဦးပဇင်း၀မ်းသာပါတယ် ၊ ဒီပွဲသဘင်ကြီးမျိူး ပေါ်ပေါက်လာအောင် ပြုလုပ်ပေးကြတဲ့ ဒီကျောက်ကွင်းရွာနဲ့ ပတ်၀န်းကျင်က လူများကိုလည်း အ ထူးပဲ ကျေးဇူးတင်ပါတယ်၊ အရှုံးအနိင်အဖြစ်နဲ့ ထားပြီး ယခုလို ပြောရတာတော့ ဘယ်လိုနေမယ် မသိပါဘူး။ ဦးပဇင်းအဖို့ ပြောရရင် တစ်သက်တစ်ခါ ဒီလိုပွဲမျိူးကြုံဖို့ အလွန်ဖြစ်တောင့်ဖြစ်ခဲ ၊ ကြုံ တောင့်ကြုံခဲ ပွဲကြီးလို့ ထင်ပါတယ်….´´
`` အယူအဆတူတာ မတူတာ အပထားပြီး အမှန်တရားကို ယခုလိုတင်ပြဆွေးနွေးရ ခြင်းကိုပဲ ဦးပဇင်းအနေနဲ့ ၀မ်းမြောက်မဆုံး ဖြစ်ရပါတယ်´´။
`` ခုနက ခရစ်ယန်ဘာသာဘက်က ဟောပြောသွားတဲ့ ဓမ္မဆရာကြီး ဦးသာဒင်နဲ့ ဦးပဇင်းတို့ဟာ အရင်က တစ်ဦးနှင့်တစ်ဦး မသိကျွမ်းခဲ့ကြဘူးပါ။ ဒီရောက်မှ တွေ့မြင်ဖူးကြ တာပါ၊ ဒါကြောင့် တစ်ဦးနှင့်တစ်ဦး အာဃာတ မရှိကြဘူးဆိုတာ ထင်ရှားနေပါတယ်။ အခုပွဲသဘင်ကို တက်ရောက်လာကြတဲ့ ပရိသတ်ကို ပြောချင်တာက ပုဂ္ဂိုလ်သဘောထက် ဓမ္မသဘောသက်သက် ကိုသာ ဦးစားပေးပြီး စဉ်းစားကြဖို့ ဦးပဇင်းမေတ္တာရပ်ခံပါသည်။ လူတိုင်းမှာ ကိုယ်ပိုင်အသိ ကိုယ်ပိုင် ဥာဏ်ပညာ ၊ ကိုယ်ပိုင် ဝေဖန်ချက်၊ ခံယူချက်ဆိုတာ ရှိပါတယ်။ အဲဒီ ကိုယ့်မှာ ရှိတဲ့ ကိုယ်ပိုင်အသိ ဥာဏ်နဲ့စဉ်းစားဆင်ခြင် ဝေဖန်ပြီး ဘယ်တရားဟာဖြင့် သဘာ၀ကျမကျ ၊ ယုတ္တိရှိ မရှိ ၊ မှန် မမှန်ဆိုတာကို ကိုယ်တိုင် သဘောပေါက်ပြီး ကိုယ်ပိုင်ဥာဏ်နဲ့ ဆုံးဖြတ်ခံယူတာဟာ အသင့်တော် ဆုံး အမှန်ကန်ဆုံး ဖြစ်ပါလိမ့်မယ်``။
``ခရစ်ယာန်ဓမ္မဆရာကြီး ဦးသာဒင် စာပေပရိယတ္တိ တတ်ကျွမ်းသူလို့ နာမည်ကြီးနေ တော့ ဗုဒ္ဓနဲ့ ဗုဒ္ဓတရားတော်အစစ်များကို ဝေဖန်ပြောဟော ပြောမလားလို့ ဦးပဇင်းက မျှော်လင့်နေ တာ ယခု ဦးသာဒင်ဟောပြောဝေဖန်သွားတာတွေဟာ ဗုဒ္ဓနှင့် ဗုဒ္ဓတရားတော်အစစ်များကို ဟော ပြောဝေဖန်သွားတာ မဟုတ်ဘဲနှင့် သီဟိုဠ်စာရေးဆရာတွေ ရေးသားသွားတဲ့ စာတွေကိုချည်း ဟောပြောဝေဖန်သွားတာကို တွေ့ရတဲ့အတွက် အလွန်ပဲ အ့ံ့အားသင့်မိပါတယ် ….´´
⬛
သျှင်ဥက္ကဠ
အပိုင်း ၃ ဆက်ပါဦးမည်
#သုခဝိဟာရီ အရှင်ဓမ္မာစာရ မှ
ခင်မင်မှုများစွာဖြင့် ပေးတဲ့ လက်ဆောင်...
Comments