Skip to main content

သျှင်ဥက္ကဠ နှင့် ကျောက်ကွင်းအရေးတော်ပုံ အပိုင်း(၁)

အပိုင်း (၁)

အရေးတော်ပုံအစ ---

``ကျောက်ကွင်းဝါဒပြိုင်ပွဲ´´

ပြည်ခရိုင် ၀က်ထီးကန်မြို့ကလေးမှာ လေးမိုင်ခန့်ကွာဝေးသော နေရာ၌ မြေပြန့်ချင်းအမျိုး သားများနေထိုင်သော ကျောက်ကွင်းအမည်ရှိ ချင်းရွာကလေးတစ်ရွာရှိသည်။
အိမ်ခြေ (၇၀)ကျော်မျှရှိ၏၊ ပတ်၀န်းကျင်များသည် မြန်မာရွာများဖြစ်သော်လည်း ကျောက် ကွင်းရွာနှင့် ၄င်း၏အနီးတွင်ရှိသော ညောင်ပင်သာရွာတို့မှာ ချင်းအမျိုးသားများသာ နေထိုင်သော ချင်းရွာနှစ်ရွာဖြစ်လေသည်။ ၄င်းရွာနှစ်ရွာစလုံးသည် ခရစ်ယာန်ဘာသာ၀င်များ နေထိုင်သော ရွာ များဖြစ်၍ ကျောက်ကွင်းရွာ၌ ခရစ်ယာန် ဘုရားရှိခိုးကျောင်းရှိပြီး ဓမ္မဆရာ ဦးရွှေအောင်နေထိုင် သည်။
ဗုဒ္ဓဘာသာ၀င် ချင်းအမျိုးသားအိမ်ထောင်စု ငါးခုမျှသာရှိသည်။ ကျန်အိမ်ထောင်စုများမှာ ခရစ်ယာန်ဘာသာ၀င်များ ဖြစ်ကြသည်။ ကျောက်ကွင်းရွာမှာ သေးငယ်သော်လည်း သူကြီးမင်းနေ ထိုင်သော ရွာဖြစ်သောကြောင့် ထင်ရှားသည်။ အခြားအကြောင်းတစ်ခုမှာလည်း ရွာသူကြီး ဦးလှောင်မှာ ဗုဒ္ဓဘာသာ၀င် ချင်းအမျိုးသာဖြစ်၍ ဇနီးမှာ ခရစ်ယာန်ဘာသာ၀င် ချင်းအမျိုးသမီးဖြစ်သည်။ အိမ်ထောင်ရေးကို ဦးစားပေးထားကြသောကြောင့် ဇနီးမောင်နှံ နှစ်ဦးမှာ ဘာသာရေး လွတ်လပ်ခွင့်ရှိကြသည်။
တနင်္ဂနွေနေ့တွင် ဇနီးမယားက ဘုရားရှိခိုးကျောင်းတက်သည်။ ဥပုသ်နေ့တွေင် လင်ယောင်္ကျားက အခြားရွာရှိ မြန်မာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ဥပုသ်စောင့် သီလ ဆောက်တည်သည်။ နာတာလူးပွဲ ခရစ်စမတ်ပွဲများကို မယားကဆင်နွဲပြီး လင်ယောင်္ကျားက ကထိန်ပွဲ ဝါဆိုပွဲ ညောင်ရေသွန်းပွဲများကို ဆင်နွဲသည်။
မယား၏ ဘာသာရေးအလှူကို လင်ယောင်္ကျားက လိုက်လျော၍ လင်ယောင်္ကျား၏ ဘာသာရေး အလှူကိုလည်း မယားက ခွင့်ပြုခဲ့သည်။ ပဋိပက္ခမရှိသည့် သဘောထားကြီးသော ဇနီး မောင်နှံတို့ပင်တည်း။ သို့သော် ဦးလှောင်မှာ ရပ်ရွာ၏ အကြီးအကဲ သူကြီဖြစ်သောကြောင့် ဗုဒ္ဓဘာသာဘက်ကလည်း အရေးကိစ္စရှိလျှင် ဦးလှောင်ထံသို့သာ ဦးတည်၍လာသည်။
ခရစ်ယာန်ဘက်ကလည်း ထိုနည်းတူပင်၊ နှစ်ဘက်ဘာသာရေးမှ ပုဂ္ဂိုလ်များသည် ဦးလှောင်အိမ်တွင်သာ တည်းခိုကြသည်။ ဦးလှောင်တို့၏ ဇနီးမောင်နှံက ကျွေးမွေးဧည့်ခံရသည်။
ဦးလှောင်မှာ သူကြီးမင်းဆိုပေမယ့် ချမ်းသာကြွယ်၀လှသူမဟုတ်။ အစိုးရက ခွင့်ပြုထားသော ခိုင်းကြေးဖြင့် စား၀တ်နေရေးကို ဖန်တီးနေရသူ ဖြစ်ပေရာ ကြာသော် စီးပွားရေး ထိခိုက်လာသည်။ ဤအတိုင်း ဘာသာရေးနှစ်ခုအတွက် နှစ်ဘက်ကုန်ကျနေရလျှင် ရေရှည်မတတ် နိုင်၊ လင်မယားနှစ်ယောက်စလုံး ဘာသာတစ်ခုတည်းကို ကူးပြောင်းကိုးကွယ်မှ သက်သာချေမည်။
ဤအတွေးဖြင့် မိမိ၏ ဇနီးအား ဖွင့်ဟတိုင်ပင်ရာ သူကြီးကတော်က ဘာသာတစ်ခုတည်းကို ကိုးကွယ်ရန်မူ သဘောတူသည်။ သို့သော် မိမိကိုးကွာသည့် ခရစ်ယာန်ဘာ သာသို့ မိမိလင်ယောင်္ကျားသူကြီးကို ပြောင်းလဲ ကိုးကွယ်စေချင်သည်။ သူကြီးမင်းကလည်း ကြင်ယာသက်ထား ဇနီးမယားအား ဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုးကွယ်စေချင်သည်။ ကိုယ့်ဘာသာ ဘက်ကို ကူးပြောင်းစေချင်သည့် ဆန္ဒချင်း တူညီနေသဖြင့် မိမိကိုးကွယ်သည့် ဘာသာကောင်းကြောင်း မှန်ကြောင်း နှစ်ဦးလုံးပင် ပြောကြသည်။ သို့ရာတွင် မယားပြောသည်ကိုလည်း လင်ကသဘောမကျနိုင် လင်ပြောသည်ကိုလည်း မယားက နားမလည်နိုင်နှင့် လုံးလည်လိုက်၍ နေလေသည်။

သူကြီးနဲ့ ဓမ္မဆရာ

ဤတွင် သူကြီးကတော်က မိစ္ဆာဒိဋ္ဌိကြီးအား ကယ်တင်ပေးပါဟု ဓမ္မဆရာဦးရွှေအောင်အား အကူအညီတောင်းတော့သည်။ ထို့ကြောင့် ဦးရွှေအောင်သည် ညဘက်တွင် သူကြီးအိမ်သို့ လာ၍ ခရစ်ယာန်တရားကို ဟောသည်။ သူကြီးဦးလှောင်သည် ပရိယတ္တိစာပေ မတတ်ကျွမ်းသော်လည်း ဆရာတော်များထံမှ ရရှိထားသော ပညာဗဟုဿုတဖြင့် ဦးရွှေအောင်ဟောပြောသမျှကို ပြန်လှန်၍ညင်းချက်ထုတ်သည်။ ဗုဒ္ဓဘာသာမှန်ကန်ကြောင်းကို မိမိတတ်သမျှ ပြောပြသည် ဦးရွှေအောင်ကလည်း ဦးလှောင်ပြောသမျှကို ချေဖျက်၍ ငြင်းချက်ထုတ်သည်။
ဤသို့ဖြင့် ဓမ္မဆရာဦးရွှေအောင်နှင့် သူကြီးမင်းဦးလှောင်တို့၏ အငြင်းအခုံသည် ထင်ရှားလာ၍ ညဘက်တွင် ရွာသားများပင် လာရောက်နားထောင်ကြသည်။ သို့သော် အဖြေကားထွက်မလာချေ။ ဦးရွှေအောင်ကလည်း သူကြီးမင်းသဘောကျအောင် မဟောပြောနိုင်၊သူကြီးမင်းကလည်း ဦးရွှေအောင်ကို နိုင်အောင် မပြောနိုင် ၊ သူတို့နှစ်ဦးလည်း လုံးလည်လိုက်၍ နေကြပြန်သည် ရက်မှသည်လသို့ ၊ လမှသည် နှစ်သို့သာ ကူပြောင်းခဲ့သည်။
ဤအကြောင်းကားမထူးသေးပေ၊ နှစ်ဘက်သော ထောက်ပံ့ကြေးကြောင့် စီးပွားရေး မဟန် သည့်အပြင် ကြွေးပင်အနည်းငယ်တင်လာသည်။ သည်အတိုင်းမဖြစ်သေး၊ ဤကိစ္စကို ပြတ်အောင်လုပ်မှ ဖြစ်မည်။ သူကြီးမင်းတွေးရလေသည်၊ တစ်နေ့တွင် အကြံကောင်းတစ်ခုကို တွေး မိသည် ဦးရွှေအောင်သည် ည အိမ်သို့လာလျှင် တင်ပြမည်။
ထိုနေ့တွင် ဦးရွှေအောင် ရောက်လာသောအခါ၌ သူကြီးမင်းဦးလှောင်က မိမိ၏ အကြံအစည်ကို ထုတ်ဖေါ်ပြောကြားလေသည်။
``ဒီမယ် ဆရာအောင် ခင်ဗျားနှင့်ကျူပ်တို့ ကိုယ့်ဘာသာတရားကောင်းကြောင်း ငြင်းခုံနေကြတာလည်း ကြာလှပြီ ။ ဘာမှလည်း အဖြေမထွက်ဘူး၊ လဘက်ရည်ကြမ်းနှင့် လဘက်သုတ်သာ ကုန်ပြီး လူမောတာပဲ အဖတ်တင်သည်။ ဘာမှလည် အကျိုးထူးမလာဘူး။ အဲဒီတော့ တစ်ခုခုတော့ အပြောင်းအလဲလုပ်မှ ဖြစ်မယ်ထင်တယ်။ ဟော…သူကြီးမင်းက ဘယ်လိုဖြစ်ရပြန်တာလဲဗျ ၊ တစ်နေ့နေ့တော့ အဖြေထွက်လာမှာပေါ့ဗျ ၊ သူကြီးမင်းက ဘယ်လိုများ ပြောင်းလဲချင်တာလည်းဗျ ´´
``ဒီလိုရှိတယ် ခင်ဗျ ၊ ဦးရွှေအောင်ပြောတာလည်း ကျွန်တော်ကမယုံနိုင် ကျွန်တော်ပြောတာလည်း ဦးရွှေအောင်က လက်မခံနိင်ဆိုတော့ ဒီအတိုင်းသွားနေလို့တော့ မဟန်ဘူးဗျ။ အဲဒါ သူကြီးမင်းက ဘယ်လိုလုပ်ချင်လာဗျ ပြောပြပါဦးလေ ´´ ``ဒီလိုဗျာ..ဆရာအောင်ကလည်း ခရစ်ယာန်တရားနှင့် ပတ်သက်ပြီး ကိုယ့်ထက်သာတဲ့ ဆရာတစ်ယောက်ကို ရှာဗျာ ၊ ကျွန်တော်ကလည်း ဗုဒ္ဓဘာသာတရားနဲ့ ပတ်သက်ပြီး ဆရာတစ်ဦးကို ရှာမယ်´´ ။ ``အင်းလေ…ပြောပါဦး´´။ ``အဲဒီဆရာနှစ်ယောက် အပြိုင်အဆိုင်ပြောကြားစေဗျာ ၊ ငြင်းကြခုံကြစေဗျာ ၊ သူတို့က ဆရာအောင်နှင့် ကျွန်တော်ထက် တော်တဲ့ တတ်တဲ့ လူတွေဆိုတော့ သူတို့နှစ်ယောက်ပြောကြရင်း တစ်ခုခုတော့ အဖြေထွက်မှာပဲဗျ။ အဲဒီလိုဆိုရင် မကောင်းဘူးလား ဆရာအောင်ရဲ့´´
``ကောင်းသားပဲ သူကြီးရဲ့ ၊ဒါပေမယ့် အဲဒီဆရာတွေ ဒီကိုလာဘို့ ကျွေးဘို့ စရိတ်စကတွေ တော့ ခံမှဖြစ်မယ်ဗျ ´´
``အဲဒါဟုတ်တာပေါ့ ကျွန်တော်တို့က ခေါ်တာဆိုတော့ ကျွန်တော်တို့ကပဲ စရိတ်ခံရမှာပေါ့ ဆရာအောင်ရယ်´´
``ဒီလိုဆိုရင် စရိတ်အတွက် ဒီလိုလုပ်ရင် ကောင်းမယ်ထင်တယ်၊ သူကြီးတို့ဆရာအတွက်
သူကြီးတို့ဘက်က တာ၀န်ယူဗျ ၊ ကျွန်တော်တို့ဆရာအတွက်လည်း ကျွန်တော်တို့ ခရစ်ယာန်တွေက စုပေါင်းကျခံမယ်ဗျ ´´။
ဦးရွှေအောင်၏ ပြောပြချက်မှာ မျှတသဖြင့် သူကြီးက သဘောကျသည်၊ ဦးရွှေအောင်နှင့်သူကြီးအိမ်တွင် ရောက်နေကြသည့် ချင်းအမျိုးသားခရစ်ယာန် ပရိသတ်ကလည်း သဘောကျကြသည်။ သို့သော် သူကြီးမှာ တစ်ဦးတည်း ဖြစ်နေသဖြင့် ရွာထဲရှိ ဗုဒ္ဓဘာသာအိမ်သုံးအိမ်မှ လူကြီးမျာကို ခေါ်ခိုင်းလိုက်သည်။ ထိုသူများရောက်လာသောအခါ ကျောက်ကွင်းရွာ၏ မြောက်ဘက်နှင့်တောင်ဘက်တွင်ရှိသော ဗမာရွာများမှ ဗုဒ္ဓဘာသာလူကြီးများကို အခေါ်ခိုင်းလိုက်သည် ၊ တစ်နာရီခန့် ကြာသောအခါ ထိုရွာများမှ ဗုဒ္ဓဘာသာလူကြီး ရှစ်ဦး လိုက်ပါလာကြသည်။ သူကြီးဦးလှောင်ကား အင်္ဂလိပ်အစိုးရက ခန့်အပ်ထားသော ဒိုင်နယ်သူကြီး ဖြစ်သဖြင့် စည်းစနစ်ရှိသူ တစ်ဦးဖြစ်သည်။ ပြောဆိုလုပ်ကိုင်ရာတွင် တိကျစေ့စပ်သည် ၊ ထို့ကြောင့် နှစ်ဘက်သောလူကြီးများနှင့် အကြေအလည် ဆွေးနွေးကြပြီးနောက် သူကြီးကတော်ထံတွင် စာရွက်တောင်းပြီး ဦးရွှေအောင်အား ရေးသားစေလျှက် အောက်ပါအချက်များ ပါ၀င်သည့် သဘောတူညီချက်ကို စာချူပ်အဖြင့် ချူပ်ဆိုလိုက်လေသည်။
``သဘောတူညီချက် စာချူပ်တွင် ပါရှိသော အချက်များ´´
၁။ ကျောက်ကွင်းရွာသူကြီး ဦးလှောင်အပါအ၀င် ဗုဒ္ဓဘာသာ၀င်များနှင့် ၄င်းရွာနေ ဓမ္မဆရာ ဦးရွှေအောင်ပါ ခရစ်ယာန်များက အောက်ပါအတိုင်း သဘောတူ စာချူပ်ပြုလုပ်၍ လက်မှတ်ရေးထိုး ကြသည်။
၂။ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာနှစ်မျိုး၌ မည်သည့်တရားက ကောင်းသည် မှန်သည်ဟု
ယှဉ်ပြိုင်ဟောပြောပွဲကို ကျင်းပကြရန်။
၃။ ဤသို့ ယှဉ်ပြိုင်ပွဲကြီး ပြုလုပ်ရန်အတွက် ကျောက်ကွင်းရွာ၏
အနောက်ဘက်လယ်ကွင်းကြီးထဲ၌ မဏ္ဍပ်ကြီးတစ်ခုထိုးရန်။
၄။ ထိုမဏ္ဍပ်ကြီးထိုးရန်အတွက် ခရစ်ယာန်များနှင့် ဗုဒ္ဓဘာသာ၀င်များက အညီအမျှ
ထက်၀က်စီ ကုန်ကျခံ၍ ပြုလုပ်ကြရန်။
၅။ မဏ္ဍပ်ကို (၁၅)ပင်၊ (၁၄)ခန်းထိုးကြရန်။ ဤမဏ္ဍပ်ကို ခရစ်ယာန်တို့က (၇)ခန်း ဗုဒ္ဓဘာသာ
တို့က (၇)ခန်း အညီအမျှထိုးကြရန်။
၆။ ခေါင်းဆောင်ဖိတ်ကြားသော ဘာသာဆိုင်ရာ ဆရာများကို ဗုဒ္ဓဘာသာအတွက် ဗုဒ္ဓဘာသာ၀င်တို့က စရိတ်ခံ၍ ၊ ခရစ်ယာန်ဘာသာအတွက် ခရစ်ယာန်ဘာသာ၀င်တို့က စုပေါင်းကျခံကြရန်။
၇။ မိမိတို့အဖွဲ့ သဘောကျရာဆရာများကို မိမိတို့သဘောအတိုင်း ကြိုက်နှစ်သက်သလို
ရှာဖွေ ခေါ်ဆောင်ကြရန်။
၈။ ဟောပြောသောအခါ ဟောပြောချိန်နာရီကို အညီအမျှထား၍ ဟောပြောကြစေရန်။
၉။ ထိုသို့ ဟောပြောပြီးသောအခါ တစ်ဘက်မှ တစ်ဘက်ဘာသာသို့ တစ်အိမ်ထောင်တိတိ ကူးပြောင်းကြေညာနိုင်လျှင် ထိုသို့ကြေညာနိုင်သော ဘာသာဘက်က နိုင်သည်ဟု ဆုံးဖြတတ်ရန်။
၁၀။ ရှုံးသောဘာသာဘက်မှ လူကြီးများက နိုင်သောဘာသာဘက်က လူကြီးများသို့ ငွေကျပ်ငါး ဆယ်တိတိ ပေးရန်။
၁၁။ ငါးဆယ်အနိုင်ရရှိသောဘက်က ထိုငွေဖြင့် အောင်ပွဲအဖြစ် ရွာပြင်၌ ဇာတ်ပွဲတစ်ချီကစေ၍
ရွာရှိလူကုန် ပွဲကြည့်ကြစေရန်။
၁၂။ ယှဉ်ပြိုင်ဟောပြောပွဲကြီး ကျင်းပမည့်ရက်ကို ခရစ်သက္ကရာဇ် ၁၉၃၆ ခု၊ မေလ(၁)ရက်နေ့၊ ဗမာသက္ကသရာဇ် (၁၂၉၈)ခု၊ ကဆုန်လဆန်း(၁၂)ရက်၊သောကြာနေ့ကို သဘောတူ သတ် မှတ်ရန်။
၁၃။ယခုသတ်မှတ်သော ပွဲကြီးနေ့၌ ခေါင်းဆောင်တရားဟောဆရာ မလာနိုင်သောဘက်ကအရှုံးဖြစ်စေရမည်။
ဗုဒ္ဓဘာသာ၀င်တို့ ကိုယ်စား သူကြီးဦးလှောင်က လက်မှတ်ရေးထိုး၍ ခရစ်ယာန်တို့ကိုယ်စား ဓမ္မဆ ရာဦးရွှေအောင်က လက်မှတ်ရေးထိုးကြလေသည်။
ထိုစာချူပ်ချူပ်ဆိုသောနေ့ကား - မြန်သက္ကရာဇ်(၁၂၉၇)ခု၊ နှောင်းတန်ခူးလဆန်း(၁၄)ရက်။ ခရစ်သက္ကရာဇ် (၁၉၃၆)ခု၊ ဧပြီလ (၄)၊ စနေနေ့ဖြစ်ပါသတည်း။
အလိုတော်ရဂိုဏ်း အလိုတော်ရရွာသည်ကျောက်ကွင်းရွာ၏အနောက်မြောက်စွန်းစွန်းနှစ်မိုင်ခွဲခန့်အကွာတွင်ရှိသည်။ ထိုရွာတွင် ဝါတော် (၆၅)ဝါ ၊သက်တော်(၈၅)နှစ် ရှိတော်မူသော ဂိုဏ်းချူပ်ဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူသည်။ဆရာတော်ဘုရားကြီး သီတင်းသုံးတော်ရာရွာကို အစွဲပြု၍ ဆရာတော်ဘုရားကြီး ဦးစီးတော်မူသော ဂိုဏ်းကို အလိုတော်ရဂိုဏ်းဟု ခေါ်ကြသည်။
အလိုတော်ရဂိုဏ်း၀င် ဘုန်းတော်ကြီးကျောင်းပေါင်း (၈၀)ကျော် ရှိလေသည်။ သူကြီး ဦးလှောင်နှင့် ကျောက်ကွင်းရွာ၏ ပတ်၀န်းကျင်မှ ဗုဒ္ဓဘာသာ၀င် လူကြီးများသည် ဝါဒပြိုင်ပွဲ စာချူပ်ချူပ်ဆိုပြီးနောက် မဏ္ဍပ်ထိုးရေး ဧည့်ခံကျွေးမွေးရေးတို့ကိုသည် အဓိကထား၍ လုံးပန်းနေကြသည်။ ဝါဒပြိုင်ပွဲတွင် ဗုဒ္ဓဘာသာ၀င်များဘက်မှ ယှဉ်ပြိုင်ဟောမည့် ပုဂ္ဂိုလ်ရှာဖွေရေးအတွက်မူ ပတ်၀န်းကျင်တွင် ပိဋကတ် စာပေ တတ်ကျွမ်းသော ဆရာတော် ရဟန်းတော်များ ရှိနေသဖြင့် ပူပန်ကြောင့်ကြမှု မထားကြချေ။ ဘယ်ဆရာတော်ဖြစ်ဖြစ် ယှဉ်ပြိုင်ဟောပြော နိုင်မည့်ဟု ယူဆထားကာ ခပ်အေးအေးပင် နေကြသည်။
ခရစ်ယာန်များဘက်ကမူ ယှဉ်ပြိုင်ဟောပြောမည့် ပုဂ္ဂိုလ်ကို အဓိကထား၍ စည်းဝေးကြသည်။ အကောင်းဆုံး အတော်ဆုံးဆရာကို ရအောင်ရှာဖွေပြီး ပင့်ဖိတ်ရန် ဆွေးနွေးကြ သည်။ ငွေဘယ်လောက်ကုန်ပါစေ၊ ဖြစ်သည့်နည်းဖြင့် ရှာဖွေထည့်၀င်ကြသည်။ ဤအရေးသည် ကျောက်ကွင်းရွာ တစ်ရွာတည်း၏ အရေးမဟုတ် ၊ ခရစ်ယာန်ဘာသာတစ်ခုလုံး၏ အရေးဖြစ်သည်။နိုင်မှ ဖြစ်မည် ။ ထို့ကြောင့်ဓမ္မဆရာ ဦးရွှေအောင်အား ရန်ကုန် မန္တလေးစသော မြို့ကြီးများသို့ သွားရောက်ရန် တာ၀န်လွှဲလိုက်ကြသည်။
ဗုဒ္ဓဘာသာ၀င်များဘက်က နီးစပ်ရာ ရွာဦးကျောင်းဆရာတော်များကို လျှောက်ထားကြည့်တော့မှ မလွယ်ကူကြောင်း တွေ့ရှိရသည်။ အများစုမှာ ပိဋကတ်တော် တတ်ကျွမ်းကြပါ၏ ။ ခရစ်ယာန်အကြောင်း တစ်လုံးတစ်ပါဒမျှ မသိရှိကြချေ။ စိတ်၀င်စားမှုမရှိသဖြင့် မလေ့လာကြ ။ ခေတ်ပညာမတတ်ကြ ၊ ထို့ကြောင့် ခေတ်အမြင်လည်း မရှိကြပဲ ပိဋကတ် တစ်ဖက်မြင်များသာ ဖြစ်ကြလေသည်။ ဂိုဏ်းချူပ်ကြီးထံသို့
ဦးလှောင်နှင့် ဗုဒ္ဓဘာသာ၀င်တစ်စုသည် ဤကိစ္စအတွက် ဂိုဏ်းချူပ်ဆရာတော်ကြီးကို လျှောက်ထားတိုင်ပင်မှ ဖြစ်တော့မည်ဟု ဆုံးဖြတ်ပြီး ၊ စာချူပ်ကိုပါ တိုင်ပင်ပြီး အလိုတော်ရဂိုဏ်းချူပ် ဆရာတော်ကြီးထံသို့ သွားရောက်လျှောက်ထားကြလေသည်။ စာချူပ်ကိုလည်း ပြသကြ၏ ၊ ဆရာတော်ကြီးမှာ သက်တော်ကြီး၍ နားလေးနေသဖြင့် ဦးပဇင်းကြီးတစ်ပါးမှ တစ်ဆင့် အသံကျယ်ကျယ်ဖြင့် လျှောက်ထားရသည်။ ဂိုဏ်းချူပ်ဆရာတော်ကြီးသည် လျှောက်ထားချက်ကို နားလည်သွားပြီးနောက် စာချူပ်ကို ဖတ်ရှုတော်မူသည်။ ထို့နောက် ဂိုဏ်းအတွင်း သံဃာ အစည်းအဝေးခေါ်ယူပြီး သင့်တော်သလို စီမံပေးမည် ဖြစ်ကြောင်း ဦးလှောင်တို့အား မိန့်ကြားတော်မူလိုက်လေသည်။ ဦးလှောင်တို့ လူသိုက် သည် ပူပန်မှု လျော့ပါးသွားသော်လည်း စိတ်မောလူမောဖြစ်ကာ ပြန်လာကြရသည်။ ရွာတွင် အသင့်စောင့်နေကြသော ဗုဒ္ဓဘာသာ၀င်များအား ဂိုဏ်းချူပ်ဆရာတော်ဘုရားကြီးက စီမံပေးတော်မူမည့် အကြောင်းသာ ပြန်ကြားရပါတော့သည်။

တိုက်ပွဲဗိုလ်ချူပ်ရှာပြီ

ဂိုဏ်းချူပ်ဆရာတော်ဘုရားကြီးသည် ဂိုဏ်း၀င်ကျောင်းပေါင်း(၈၀)ကျော်မှ ခေါင်းဆောင်ဆရာတော် များကို ပင့်ဖိတ်စေ၍ အလိုတော်ရကျောင်းတွင် စည်းဝေးစေသည်။ ဂိုဏ်း၀င်ဆရာတော် အသီးသီးက အကြံအမျိူးမျိူး လျှောက်ထားကြ သော်လည်း ယှဉ်ပြိုင် ဟောပြောမည့် ပုဂ္ဂိုလ် ဂိုဏ်း၀င်ဆရာတော်ဘုရားထဲမှ ပေါ်ထွက်မလာဘဲ ဖြစ်နေသည်။
ဤအရေးအခင်းမှာ အလိုတော်ရဂိုဏ်း၏ အရေးအခင်းသာမကဘဲ ဗုဒ္ဓဘာသာသာသနာ တော်အတွက် အရေးကြီးသော အရေးအခင်းဖြစ်သည်ဟု ဂိုဏ်း၀င်ဆရာတော်အားလုံးကပင် တစ်ညီတစ်ညွတ်တည်း သဘောထားကြသည်။ မိမိဂိုဏ်းထဲမှ ယှဉ်ပြိုင်ဟောပြောမည့် ပုဂ္ဂိုလ်များမထွက်သော်လည်း ရဟန်းသာမဏေ ရှစ်သောင်းကျော်မျှရှိသော မြန်မာနိင်ငံတွင် ခရစ်ယာန်နှင့် ယှဉ်ပြိုင်ဟောပြောရဲမည့် အာဇာနည် ပုဂ္ဂိုလ်ရှိရမည်။ ထိုပုဂ္ဂိုလ်မျိူးတွေ့အောင်ရှာ၍ ရအောင် ပင့်ဆောင်နိုင်ဘို့သာ အရေးကြီးသည်။ ထို့ကြောင့် ဂိုဏ်း၀င်ကျောင်းဆရာတော်တို့သည် မြို့၊ ရွာကြီးလျှင် ငွေတစ်ဆယ် ၊ ငယ်လျှင် ငါးကျပ်ကျ ထောက်ပံ့ကူညီကြရမည်ဟု ဂိုဏ်းချူပ်ဆရာတော်ဘုရားကြီးက မိန့်ကြားတော်မူသည်။ အားလုံးဝိုင်း၀န်းထောက်ပံ့ကြရာ ငွေကြေးအတွက် ပူပန်စရာ မရှိတော့ဘဲ အားလုံးပင် ပြည့်စုံသွားကြလေသည်။
ထိုနောက် ဂိုဏ်း၀င်ဆရာတော်တို့သည် အသီးသီး တာ၀န်ယူကြပြီး အလိုတော်ရဂိုဏ်းချူပ် ဆရာတော်ကြီး၏ ကျောင်းတွင် ဌာနချူပ်ပြုလုပ်၍ ရန်ကုန် မန္တလေး ပခုက္ကူ ပုသိမ် မော်လမြိုင်စသော မြို့ကြီးများရှိ ဂိုဏ်းအုပ်ဆရာတော်များ နာမည်ကျော် ဆရာတော်များထံသို့ ဂိုဏ်းဂဏ မရွေးချယ်ဘဲ စာရေးလျှောက်ထားကြသည်။ ကြေးနန်းရိုက်၍ အကြောင်းကြားကြသည်။ မိမိတို့ကိုယ်တိုင် မကြွနိုင်လျှင်လည်း ကြွရောက်ယှဉ်ပြိုင်ဟောပြောနိုင်မည့် ပုဂ္ဂိုလ်ကို ညွန်ကြားကြပါရန် ၊ အကြောင်းစုံလင်စွာဖြင့် လျှောက်ထားကြသည်။

သာယာ၀တီ ဦးဉေယျ

သို့ရာတွင် မန္တလေး ၊ ပခုက္ကူစသော မြို့ကြီးများမှ မည်သည့်ပြန်ကြားချက်ကိုမျှ မရရှိခဲ့ပေ။ ရန်ကုန်မှ ဆရာတော်အချိူ့ကမူ ဓမ္မကထိက ဦးဉေယျကို ပင့်ဖိတ်ရန် အကြံပေးစာ ပြန်ကြားပြန်သည်။
ဦးဉေယျသည် ထိုအချိန်က နိုင်ငံကျော် ဓမ္မကထိက ဆရာတော်ဖြစ်၏ ။ အသံကောင်းသည် အဟောအပြောကောင်းသည် ၊အာ၀ဇ္ဇာန်းရွှင်သည် ၊ ထို့ပြင် လောကမျက်မှန်စာစောင်၌ ခရစ်ယာန်ဘာသာကို ရှုပ်ချသည့်စာများကို ရေးသားနေသဖြင့် လူသိများ၍ ကျော်ကြားသည်။ ထို့ကြောင့် ယခုခရစ်ယာန်ဘာသာနှင့် ယှဉ်ပြိုင်၍ ဟောပြောရမည့် ဘာသာဝါဒပြိုင်ပွဲတွင် ဦးဉေယျသည် အသင့်တော်ဆုံးဖြစ်သည်ဟု ယူဆပြီး ရန်ကုန်ဆရာတော်အချိူ့က ညွန်ကြားကြခြင်းဖြစ်လေသည်။
အလိုတော်ရဂိုဏ်း၀င်ဆရာတော်တို့ကား နိုင်ငံကျော်ဓမ္မကထိက သာယာ၀တီ ဦးဉေယျ၏အမည်ကို ကြားဖူးကြသည်။ အဟောအပြော ကောင်းကြောင်းလည်းကြားဖူးကြသည်။ ခရစ်ယာန်ဘာသာကို ရှုပ်ချရေးသားနိုင်သူဖြစ်ကြောင်း ကြားသိရသောအခါ ပိုမိုအားတက်ကြသည်။ ထို့ကြောင့် ဂိုဏ်းချူပ်ဆရာတော်ဘုရားကြီးအား အကျိူးအကြောင်း လျှောက်ထားတင်ပြသော အခါ အမြန်ဆုံး ပင့်ဖိတ်အကြောင်းကြားရန် အမိန့်ရှိတော်မူလေသည်။
ဂိုဏ်း၀င်ဆရာတော်တို့သည် ဦးဉေယျထံသို့ အကြောင်းစုံ စာရေး၍ လျှောက်ထားပန်ကြားကြသည်။ ဆရာတော် ဦးဉေယျကို ပင့်ပြီဟူသော သတင်းသည် ဗုဒ္ဓဘာသာ၀င်များဘက်က ဓမ္မကထိကအကျော် သာယာ၀တီ ဦးဉေယျဆရာတော်ခေါင်းဆောင်၍ ယှဉ်ပြိုင်ဟောပြောမည်ဟူသော သတင်းအဖြစ်သို့ ပြောင်းလဲပြီး ပြန့်နှံ့သွားတော့သည်။ ဗုဒ္ဓဘာသာ ၀င်အများစုမှာ ဦးဉေယျကို ကြားဖူးနေကြသဖြင့် အားတက်နေကြသည်။ လောကမျက်မှန်ကို ဖတ်ဖူးသူများကလည်း ဗုဒ္ဓဘာသာဘက်က နိုင်ပြီဟု တစ်ထစ်ချ တွက်ဆနေကြ၏။ ဤသတင်းကား ခရစ်ယာန်တို့ဘက်သို့အထိ ပြန့်နံ့သွားလေသည်။
သို့သော် အမှန်တကယ် ဖြစ်ရပ်မှန်ကား ဆရာတော်ဦးဉေယျထံမှ မည်သည့်ပြန်ကြားချက်ကိုမှ မရရှိခြင်းပင်ဖြစ်၏ ။ အလိုတော်ရဆရာတော်များက နောက်ထပ်၍ တောင်းပန်စာရေးကြပြန်သည်။ စိတ်ချရအောင်ဆိုပြီး ကြေးနန်းရိုက်၍ သတင်းပို့ကြသည်။ ဦးလှောင်တို့ကလည်း ဦးဉေယျကို ပင့်သည်ဟု ကြားရသဖြင့် ပျော်ရွှင်အားတက်နေကြသည်။ အကြိမ်ကြိမ်စာရေး၍ ကြေးနန်းပို့သော်လည်း ပြန်ကြားချက်ကို မရရှိကြသောအခါ အလိုတော်ရဂိုဏ်းမှ ဆရာတော်အချိူ့ ရန်ကုန်မြို့သို့ ကိုယ်တိုင်လိုက်သွားကြပြီး ဆရာတော်နှင့်ဦးဉေယျနှင့် တွေ့ဆုံကာ လျှောက်ထားတောင်းပန်ကြ၏။ အမျိူးမျိူးလျှောက်ထားကြ ၏ ။ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲနှင့် ဦးဉေယျက ငြင်းလွတ်လိုက်သည်။ မန္တလေး၊ ပခုက္ကူ စသည်မှ ပုဂ္ဂိုလ်များကို ပင့်ကြပါဟု လှီးလွဲညွန်ကြားလိုက်သည်။ ခရစ်ယာန်ဘက်မှ ဘုန်းကြီးလူထွက် ဓမ္မဆရာကြီးများ ပါလိမ့်မည်ဟူသော သတင်းကို ဦးဉေယျ ကြားသိပြီးဖြစ်ဟန်တူ၏။

အချင်းချင်းတော့ ဆော်ရဲသည်

ထိုသည့် ဦးဉေယျ ကိုယ်တော်ကြီးကား နယ်နယ်ရရ ပုဂ္ဂိုလ်မဟုတ် ခရစ်ယာန်နှင့်သာ ယှဉ် ပြိုင် ဟောပြောခြင်း မပြုရဲသော်လည်း ကိုယ့်ဗုဒ္ဓဘာသာ အချင်းချင်း ဘ၀တူရဟန်းချင်းကိုမူဆော်ရဲ နှက်ရဲ၏ ။ ပိဋကတ်အရာ မယှဉ်သာအောင် မိမိထက် အများကြီးသာလွန်သော အရှင်အာဒိစ္စာဝံသ ဆရာတော်ကို ဂျူဗလီဟော ပကာသနီယျ အစည်းအဝေးပွဲကြီး၌ ``ဘုန်းကြီး ဦးတူး ချီးလူးသည့် ပုံပြင်´´ဖြင့် ရက်ရက်စက်စက် ဆော်နက်၍ ပွဲကျအောင် ပြောဝံ့သူဖြစ်၏။ `လူပြန်တော်ပညာရှိတစ်ဦးကို ရေးခိုင်းပြီး သူက အမည်ခံကာ နေစရာရှာမရ မလကကင်းပြင် ပမာဒ စာရင်း၀င်တယ် အဖျင်းတွင်ထိပ်ဆုံး အာဒိစ္စ ယောက်ဖကုလားနာရယ် ဘောက်ကျတာတေ လျှော့လိုက်ပါဦး ´ အစရှိသော တေးထပ်ကဗျာကို သတင်းစာတွင် ထည့်ရဲသူ အာဇာနည်ပုဂ္ဂိုလ်ကြီးပေတည်း။
အလိုတော်ရ ဂိုဏ်း၀င်ဆရာတော်များအား စိတ်ပမ်းလူနွမ်းဖြစ်ကြကာ ရန်ကုန်မှ ပြန်လာခဲ့ကြရ ၏။ မန္တလေး၊ပခုက္ကူ၊စသည် မြို့ကြီးများမှ ပြန်ကြားချက်ကို မျှော်လင့်ရန်သာ ရှိတော့သည်။ သို့သော်လည်း ထိုမြို့များမှ ပြန်ကြားချက်ကို မရခဲ့ပေ ။ ဦးဉေယျ၏ ငြင်းဆိုလုိက်ကြောင်းကို ဂိုဏ်းချူပ်ဆရာတော်ဘုရားကြီးအား မလျှောက်ထားဘဲ ဖုန်းကွယ်၍ ထားကြ၏ ။ မောင်ဉေယျ မရောက်သေးဘူးလားဟု နေ့စဉ်မေးနေသောကြောင့် ကြာရှည်ဖုန်းကွယ်ထားရန် မဖြစ်နိုင်တော့ပေ၊ အချိန်မှာလည်း တစ်ဖြေးဖြေး ကုန်သည်ထက်ကုန်လာ၍ ကဆုန်လဆန်းသို့ပင် ဆိုက်ရောက်လာချေပြီ ။ ထို့ကြောင့် ဦးဉေယျ မလာနိုင်တော့ကြောင်း ဖွင့်ဟ၍ လျှောက်ထားရတော့သည်။
ဂိုဏ်းချူပ်ဆရာတော်ဘုရားကြီးမှာ အလွန်ပင် စိတ်မချမ်းမသာ ဖြစ်တော်မူရှာသည်။ တပည့် ဆရာတော်များက မန္တလေး၊ပခုက္ကူ တို့မှ အကြောင်းပြန်ကြားချက် မရရှိသေးကြောင်း မကြာမှီရမည် ထင်ကြောင်းစသည်ဖြင့် စိတ်ချမ်းသာမှုရအောင် လျှောက်ထားကြရသည်။ အလိုတော်ရကျောင်းသို့ အမြဲသတင်းမေးနေသော ဦးလှောင်တို့မှာလည်း ဦးဉေယျ မကြွရောက်နိုင်ကြောင်း သိသွားကြသဖြင့် အလွန်စိတ်အားငယ်သွားကြသည်။ ဂိုဏ်းချူပ်ဆရာတော်ကြီးက ဖြစ်အောင်စီစဉ် ပေးမှာပဲ ဟူ၍သာ တွေးတောပြီး စိတ်ကို ဖြေနေကြရသည်။

ခရစ်ယာန်တို့အားတက်ပြီ

ခရစ်ယာန်တို့ကလည်း ရန်ကုန်၊ မန္တလေး ၊မော်လမြိုင်၊မေမြို့၊ တောင်ငူစသော မြို့များရှိ ဂိုဏ်းအုပ်ဂိုဏ်းချူပ်များထံသို့ စာရေး၍၄င်း လူကိုယ်တိုင်သွားရောက်၍၄င်း၊ အကျိူးအကြောင်းရှင်း ပြ၍ ဆွေးနွေးကြသည်။ ခရစ်ယာန်ဂိုဏ်းများကလည်း အချင်းချင်း ဆွေးနွေး၍ ယှဉ်ပြိုင်မည့် ပုဂ္ဂိုလ်ကို ရွေးချယ်ပေးကြသည်။ အဓိကယှဉ်ပြိုင်ရမည့် ပုဂ္ဂိုလ်များအပြင် အထောက်အကူပြု ပုဂ္ဂိုလ်များ အရံလိုက်ပါမည့် ပုဂ္ဂိုလ်များကိုပါ ရွေးချယ်ပေးသည့်အပြင် ငွေကြေးများပါ ဝိုင်း၀န်းကူညီ၍ ထောက်ပံ့ကြသည်။ ထို့ကြောင့် ဓမ္မဆရာဦးရွှေအောင်နှင့် ခရစ်ယာန်အုပ်စုမှာ ကျိန်းသေနိုင်ပြီဟုတွက်ဆကာ ပျော်တပြုံးပြုံး မော်မဆုံးနိုင်အောင်ဖြစ်နေကြသည်။
မိမိတို့ တာ၀န်ယူထားရသည့် မဏ္ဍပ်အစိပ်အပိုင်းကို အစွမ်းကုန် မွမ်းမံ ချယ်လှယ်နေကြသည် ခရစ်ယာန်တို့ဘက်မှ ယှဉ်ပြိုင်ဟောပြောမည့် ပုဂ္ဂိုလ်များစာရင်းတွင် ဦးရွှေမှန် ၊ ဦးသာဒင်(ရန်ကုန်) ဦးသာဒင်(မန္တလေး)တို့၏ အမည်များမှာ ထိပ်ဆုံးမှ ပေါ်ထွက်လာ၏။ ဦးရွှေမှန်သည် အင်းစိန်ကျမ်း စာသင်ကျောင်း ၊ ကျောင်းအုပ်ဆရာကြီးဖြစ်၏ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အဖွဲ့ချူပ်ကြီး၏ နာယကကြီးလည်းဖြစ်၏။ ပါဠိပိဋကတ်အရာတွင် ပထမကျော်အောင်ခဲ့သည့် ဘုန်းကြီးလူထွက်ဖြစ်၏ ။ ဗုဒ္ဓဘာသာမှ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းလာခဲ့သူဖြစ်၏ ၊ ဦးသာဒင် နှစ်ဦးလုံးမှာလည်း ထိုခေတ်က ပထမကြီးတန်းအောင်မြင်ခဲ့သော စာချဘုန်းကြီးလူထွက်များ ဖြစ်ကြ၏ ။ ပိဋကတ်ကို ထုံးလိုချေ ရေလိုနောက်၍ မွှေနိုင်သူများဟု နာမည်ကျော်နေသူများ ဖြစ်ကြ၏ ။ ဦးရွှေမှန်နည်းတူ ဗုဒ္ဓဘာသာမှ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့သူများ ဖြစ်၍ အဟောအပြော အလွန်ပင်ကောင်းသည့် ခရစ်ယာန်ဓမ္မဆရာကြီးများဖြစ်ကြသည်။
ဤပုဂ္ဂိုလ်ကြီး သုံးဦးသည် ဗုဒ္ဓဘာသာကို ယှဉ်ပြိုင်ချေဖျက်ရာ၌ စံပြစရာအကောင်းဆုံး ပုဂ္ဂိုလ် ကြီးများပင်ဖြစ်သည်။ အင်္ဂလိပ်စာပေ နှင့် သမ္မာကျမ်းစာများကိုပါ ကျွမ်းကျင်ကြသဖြင့် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာတို့ကို ကျွန်းကျင်သည့် ပုဂ္ဂိုလ်များဖြစ်သောကြောင့် မိမိတို့ ကျိန်းသေ အောင်ပွဲဆင်ရမည်ဟု ဓမ္မဆရာဦးရွှေအောင်တို့ဘက်မှ ဟိန်းဟောက်ထားသည်မှာ ဟိန်းဟောက်လောက်ပါပေ၏ ။
ဂိုဏ်းချူပ်ဆရာတော်ကြီး၏ သောက
ဂိုဏ်းချူပ်ဆရာတော်ကြီးကား ဆွမ်းဘုဉ်းမပေးနိုင်သည်အထိ ဗုဒ္ဓသာသနာတော်အတွက် စိတ်ထိခိုက်နေလေသည်။ ဗုဒ္ဓသာသနာတော်သည် စစ်မှန်သောဝါဒဖြစ်ပါလျှက် ယှဉ်ပြိုင်ဟောပြော မည့်သူ မရှိသောကြောင့်သာ အရေးနိမ့်ရလျှင် သာသနာတော်၌ အသက်ရှင်လျှက် နေဖို့ပင်မကောင်းတော့ ၊ သေသော်မတည့် အော်… ကောင်း၏ ။ဟူသော အဆင့်မျိူးသို့ ဆိုက်ရောက်နေချေပြီဟု တွေးတောကာ စိတ်မောနေရလေသဖြင့် အဟာရကိုပင် ကောင်းစွာ မဘုဉ်းပေးနိုင်တော့ချေ။
ပြိုင်ပွဲသတင်းကား မြန်မာပြည်အလယ်ပိုင်းတစ်ဝိုက်နှင့် မြစ်၀ကျွန်းပေါ် ဟင်္သာတ၊ မြန်အောင်၊ ကြံခင်း ၊ ကနောင်ဘက်အထိ ပြန့်နှံ့၍ နေသည်။ ပြိုင်ပွဲရက်ကလည်း တစ်နေ့ထက်တစ်နေ့ နီးကပ်၍ နေချေပြီ ။
ဓမ္မသောက အေးရပြီ
၁၂၉၈ ခု၊ ကဆုန်လဆန်း (၄) ရက်၊ ၁၉၃၆ ခု၊ ဧပြီ (၂၃)ရက် ၊ ကြာသပတေးနေ့ ၊ ထိုနေ့ကား ရက်ပေါင်းများစွာ သောကရောက်နေရရှာသော အလိုတော်ရ ဂိုဏ်းချူပ်ဆရာတော်ကြီး အဖို့ သောကထွက်ပြေး ဘ၀င်အေးရမည့် နေ့ ဖြစ်ပေသည် ။
အာလံ(ယခုအောင်လံ)မြို့၊ ဗုဒ္ဓသာသနာပြုကျောင်း ကျောင်းအုပ်ဆရာတော်ကလေး အရှင် မဟာနန္ဒသည် ၀က်ထီးကန်သို့ ကိစ္စတစ်ခုအတွက် ဆိုက်ရောက်လာသည် ၊ ဝါဒယှဉ်ပြိုင်ပွဲကို ကြား သိပြီး ဖြစ်သဖြင့် အခြေအနေကို စနည်းနာကြည့်ရာ မရေရာသော အဖြေကိုသာ ရရှိသဖြင့် သတင်း အတိအကျ သိရှိလိုသဖြင့် အလိုတော်ရကျောင်းသို့ လာခဲ့သည်။ ဂိုဏ်းချူပ်ဆရာတော်ကြီးမှာ မူလကပင် ဆရာတပည့်ပမာ ရင်းနှီးကျွမ်း၀င်ပြီး ဖြစ်သဖြင့် အခြေအနေကို မေးမြန်းလျှောက်ထား ကြည့်ရာ ယှဉ်ပြိုင်ဟောပြောမည့် ပုဂ္ဂိုလ်မရရှိသေးသည့်အကြောင်း သိရှိရလေတော့သည်။
``တပည့်တော်က ဦးဉေယျကိုယ်တော်ကြီး ခေါင်းဆောင် ဟောပြောမယ်၊ မန္တလေးနှင့်ပခုက္ကူက ကိုယ်တော်တွေလည်း ပါမယ်ဆိုတာနဲ့ အေးနေတာဘုရား ။ အခုဒီရောက်မှပဲ ဘယ်သူမှ မလာတော့ ဆရာတော်ရဲ့ တာ၀န်ဖြစ်နေပြီဆိုတာ သိရတာပါဘုရား ´´
``……အဲဒီ မောင်ဉေယျတို့ မန္တလေး ၊ ပခုက္ကူတို့အကြောင်း မပြောချင်တော့ဘူး ၊ မောင်နန္ဒရယ် ၊ ရက်ကလည်း နီးလှပြီ၊ အဲဒါ မောင်နန္ဒ ကူညီနိုင်တယ် မဟုတ်လားကွယ်´´
``မှန်ပါ ကူညီနိင်ပါတယ် ၊ ဒါပေမဲ့ တပည့်တော် ကိုယ်တိုင်တော့ ၀င်ရောက်ဟောပြော မှာ မဟုတ်ပါဘုရား´´
``ဘယ်လိုလည်းဟဲ့ မောင်နန္ဒရဲ့ မောင်ပဉ္ဇင်းဟာက ကူညီနိုင်တယ်လည်း ဆိုသေးရဲ့ ရှင်းအောင် လျှောက်စမ်းပါဦးကွယ်´´
`` တပည့်တော်ထက် တော်တဲ့ တပည့်တော်ရဲ့ ဆရာတော်တစ်ပါး ရှိပါတယ်ဘုရား´´ ``ဘယ်သူတုန်းကွဲ့၊ ဘယ်မြို့ကလဲ´´
``မှန်ပါ……တောင်တွင်းကြီးမြို့ ဗုဒ္ဓသာသနာပြုကျောင်း ကျောင်းအုပ်ဆရာတော် အရှင်ဥက္ကဌပါဘုရား´´
`` သြော် …..တောင်တွင်းကြီးကိုး…….အနို့ သိက္ခာဝါ ဘယ်လောက်ရှိပြီလဲကွယ့်… မောင်နန္ဒရဲ့ … ``သိက္ခာဝါ (၂၀) မပြည့်သေးပါဘုရား …..ဒီနှစ်လောက်မှ ပြည့်မယ်ထင်ပါတယ်၊ အသက် (၃၉)နှစ်လောက်ရှိပါပြီဘုရား ´´
``စာပေ ပရိယတ္တိဘက်ကကောကွယ့်´´ ၊ ``အသက်မကြီးပေမယ့် ပညာဂုဏ်တော့ မငယ်ပါဘုရား ၊ ဝိသုဒ္ဓါရုံတိုက်ထွက်ပါ ကိုယ်ရင်ဘ၀ကပဲ ပိဋကတ်သင်ရိုးကုန်ပြီးတော့ ရဟန်းတစ်ဝါ အရမှာ စာချပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်ဘုရား´´
`` ပါဠိတော်တွေနှင့် အဋ္ဌကထာကြီးတွေကော နိုင်နင်းရဲ့လား….. အဲဒါက အရေးကြီးတယ်ကွယ့်´´ ၊ `` မှန်ပါ့…. ပါဠိတော်၊အဋ္ဌကထာ ၊ဋီကာ ၊ အနုမဓုယောဇနာဂဏ္ဍိ အား အဓိပ္ပါယ်အကောက်အယူ ၊ စုတ်စောဒနာ ၊ သောဓနာ နည်းလေးဆယ် ၊ သံ၀ဏ္ဏနာ ဉတ်ကောက် ဥပစာဆယ်ပါး ၊ နေတ္ထိနည်းအားလုံးကိုပဲ နိုင်နင်းကျွမ်းကျင်လှပါတယ်ဘုရား´´
``အင်…ဒီလိုဆိုရင်.. ပိဋကတ်အရာတော့ ကျမ်းဂန်စွယ်စုံ မှုံသောက်မာတင် ပညာရှင်ကလေးပဲကွယ့်…. ဟို…ကုလားဖြူစာ ဘာသန္တရကောတတ်ရဲ့လားကွဲ့´´
``မှန်ပါ……… ကုလားဖြူစာ အင်္ဂလိပ်စာသာမက သက္ကဋဘာသာ ဟိန္ဒီဘာသာ ဘင်္ဂါလီ နာဂရီဘာသာ အူရဒူဘာသာစတဲ့ ဘာသာစာပေ စကားများလည်း ဆရာတစ်ဆူ ပါရဂူရောက် တတ်မြောက်ကျွမ်းကျင်ပါတယ်ဘုရား ၊ အနောက်ဘက် မဇ္မျိမ အိန္ဒိယ နိုင်ငံမှာ (၇)ခုနှစ်ကျော်နေပြီး၊ ဆရာမျိူးစုံထံမှ သင်ယူခဲ့တာပါဘုရား´´….. သာဓု …..သာဓု ၀မ်းမြောက်ပါဘိတော့ မောင်နန္ဒရယ်၊ အနို့….သူတို့ရဲ့ စာဖြူဘာသာကျမ်းတွေကော နိင်နင်းရဲ့လားကွယ့်´´
`` မှန်ပါ…စာဖြူဘာသာကျမ်းစာဖြစ်တဲ့ သမ္မာကျမ်းတွေတင်မကဘဲ ပသီဘာသာ ကိုရ်ရန် ကျမ်းနှင့် ဟိန္ဒူဘာသာ မဟာဘာရတ စတဲ့ ကျမ်းကြီးတွေကိုပါ တတ်မြောက်နိုင်နင်းပါ တယ်ဘုရား ၊ အိန္ဒိယနိုင်ငံမှာ ဘာသာပေါင်းစုံဟောပြော ဆွေးနွေးပွဲတွေမှာလည်း ၀င်ရောက်ဟော ပြောဆွေးနွေးခဲ့သူပါဘုရား၊ ဆရာတော်ဘုရားကြီး သတိမထား မိလို့ပါဘုရား၊ လွန်ခဲ့တဲ့ ရှစ်နှစ်ကျော် ကိုးနှစ်လောက်က (လယ်တီတရားသတင်းစာကြီးထဲမှာ) ဗုဒ္ဓဘာသာ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ ပသီဘာသာတွေရဲ့အကြောင်း ဆောင်းပါးရေးခဲ့ပါတယ်ဘုရား….အခုလည်း တိုးတက်ရေး မဂ္ဂဇင်း ထဲမှာ စာဖြူတို့ ပသီတို့နှင့် အပြိုင်အဆိုင်ဆောင်းပါးတွေ ရေးနေပါတယ်ဘုရား သူ့ကိုဘယ်သူ မှ နိုင်အောင် မရေးနိုင်ပါဘုရား´´
``ဟာ….ဒီအတိုင်းဆိုရင်တော့ ဒို့ ဗုဒ္ဓဘာသာဘက်က အောင်ပွဲခံပြီဟေ့ ၊ ၀မ်းသာလိုက် တာ မောင်နန္ဒရယ်…. အဲဒီကိုယ်တော်ဘွဲ့ ဘယ်သူကွယ့် ´´ `` ဆရာတော်အရှင်ဥက္ကဌ ပါဘုရား ´´ ``အေး….အေး …အဲဒီမောင်ဥက္ကဌကို အမြန်ဆုံးသာရအောင် ပင့်ပေတော့ကွယ်၊ ဂိုဏ်း သံဃာများလည်း မောင်မဟာနန္ဒကို လိုအပ်သမျှ အားလုံး အကူအညီပေးကြကွယ့် ကြားလား….. ကဲ ဟေ့ ငါ့ကိုဆွမ်းကပ်ကြစမ်း ၊ ဒီနေ့ သိပ်ပြီး စိတ်ချမ်းသာတယ်ကွယ် … ဆွမ်းဘုဉ်းပေးတော့မယ် အခုမှပဲ ရင်ထဲက အလုံးကြီးကျသွားတော့သကွယ်…။
အရှင်မဟာနန္ဒ ရောက်ရှိလာသော သတင်းသည် ဦးပဇင်း ကိုရင် ကျောင်းသားများ မှတစ်ဆင့် ပြန့်နံ့သွားရာ အလိုတော်ရရွာသာမက အနီးအနားရှိ ရွာများကပါ လူ/ရှင်/ရဟန်းးတို့ရောက်ရှိလာကြသဖြင့် အလိုတော်ရကျောင်းတွင် စည်ကားနေသည်။
အရှင်မဟာနန္ဒမှာလည်း ဆရာတော်အရှင်ဥက္ကဌအကြောင်းပြောရ မေးသမျှဖြေရနှင့် တစ်နေ့လုံးမနားရတော့ပေ ။ ညဘက်တွင်လည်း ဂိုဏ်းချူပ်ဆရာတော်ဘုရားကြီး မေးမြန်းသမျှ ဖြေ ကြားရ၏ ။ ဆရာတော်ဘုရားကြီးကား အရှင်ဥက္ကဌ ကဲ့သို့သော စွယ်စုံတိုက်စစ်မှူး တစ်ဦးကို ရရှိ တော့မည်ဖြစ်၍ ၀မ်းသာရွှင်ပြနေလေသည်။ အရှင်မဟာနန္ဒသည် ဝါဒပြိုင်ပွဲ စာချူပ်မူရင်းကို ကူးယူလိုက်ပြီး အိပ်ရာသို့ ၀င်ခဲ့သည်။
အရှင်မဟာနန္ဒ၏ ကြိုးပမ်းချက် --
နောက်တစ်နှစ်နံနက် စောစောတွင် အရှင်မဟာနန္ဒသည် ဂိုဏ်းချူပ် ဆရာတော်ဘုရား ကြီးအား ကန်တော့ခဲ့ပြီး ၀က်မြေတောရွာသို့ ထွက်ခဲ့သည်။ ၀က်မြေတောကျောင်းတွင် ဆွမ်းစားပြီး နောက် လှည်းဖြင့် တည်တွတ်လမ်းခွဲသို့ သွားသည်။ ပြည်မြို့မှ ထွက်လာသော တောင်တွင်းကြီးသွား ခရီးသည်တင် ဘတ်စ်ကားကို စီးပြီး တောင်တွင်းကြီးမြို့သို့ တိုက်ရိုက်ပင် ထွက်ခဲ့သည်။ အာလံ(ယခုအောင်လံ)မြို့ရှိ မိမိ၏ကျောင်းသို့ပင် မ၀င်တော့ပေ ၊ ဆရာတော် အရှင် ဥက္ကဌနှင့် တွေ့ဆုံရန်မှာ အဓိက ဖြစ်နေသည်။ အရှင်ဥက္ကဌသည် ဗုဒ္ဓသာသနာတော်အတွက် ဟော ပြောပွဲဆိုလျှင် မည်သည့်အခါမှ မငြင်း နေရာမရွေး လိုက်လေ့ရှိကြောင်း အရှင်မဟာနန္ဒ သိပြီးဖြစ်ပါ ၏ ။ သို့သော် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်း၌ ရှိ/မရှိ မိမိမသိ ၊ ဆရာတော်သည် ကျောင်း ပိတ်ရက်တွင် အခြားမြို့ရွာများက ပင့်ဖိတ်လျှင် ကြွသွားလေ့ရှိသည်။
ယနေ့ပင် ကဆုန်လဆန်း (၅)ရက်နေ့ဖြစ်နေပြီ ၊ပြိုင်ပွဲရက်မှာ ကဆုန်လဆန်း(၁၂) ရက် ဖြစ်နေသဖြင့် (၇)ရက်တာမျှသာ အချိန်ရှိတော့သည်။ အကယ်၍ တောင်တွင်းကြီးမြို့တွင် ဆရာတော် မရှိလျှင် ဆရာတော်ကြွရာ မြို့သို့ ဖြစ်သည့်နည်းဖြင့် လိုက်၍ ပင့်ရဦးမည်။ (၇)ရက်အတွင်းဆိုလျှင် အချိန်မှီနိုင်ပါသေး၏ ။ သည်ထက် ရက်နည်းလျှင်တော့ မှီဖို့မလွယ် ၊ မမှီလျှင် စာချူပ်အရ ဗုဒ္ဓဘာသာဘက်က အလိုလို ရှုံးပေတော့မည် ။ သည်နေ့ တောင်တွင်းကြီးကို ရောက်မှဖြစ်မည် ။ ဤအတွေးဖြင့် တိုက်ရိုက်လာခဲ့ရာ ညနေ(၃)နာရီတွင် တောင်တွင်းကြီးမြို့၊ နေရှင်နယ်ကျောင်းသို့ ရောက်ရှိပြီး ဆရာတော်နှင့်အဆင်သင့်ပင် တွေ့ဆုံရာ ၀မ်းမြောက်မှုမှာ အတိုင်းအဆမရှိပင် ဖြစ်ရပါသည်။
တိုက်ပွဲအတွက် လက်နက်စုပြီ
ဆရာတော်အရှင်ဥက္ကဌသည် ဒကာတစ်ဦးနှင့် ဗုဒ္ဓဝါဒရေးရာကို ဆွေးနွေးနေရာ အရှင်မဟာနန္ဒသည် ဆရာတော်အား ရှိခိုးဦးချပြီးနောက် ၀င်ရောက်နားထောင်နေ၏ ။ ဆရာတော်နှင့် အရှင်မဟာနန္ဒတို့၏ ဆက်ဆံရေးမှာ ဆရာတပည့် သီတင်းသုံးဖေါ် အပေါင်းအသင်း ဆက်ဆံရေးဖြစ်၏ ။ တစ်ဦးနှင့်တစ်ဦး အကြားတွင် ဘာအဟန့်အတား အဆင့်အတန်းအားနာစရာဟူ၍ မရှိ ၊ အရှင်မဟာနန္ဒကလည်း ဆရာတော် အကြောင်းကို သိပြီးဖြစ်သည်။ ဗုဒ္ဒဝါဒနှင့် အမျိူသားရေးမှတစ်ပါး အခြားအရာကို ဆရာတော်အရှင်ဥက္ကဌ မငှဲ့ညာမှန်းလဲ သိပြီးဖြစ် ၍ ဆွေးနွေးခန်းပြီးအောင် ထိုင်၍ နားထောင်နေသည်။
ဆွေးနွေးခန်းပြီးသောအခါတွင်မှာ ကျောက်ကွင်းအရေးတော်ပုံ၏ အကြောင်းကို အသေးစိတ်လျှောက်ထား၍ မိမ်ိကူးယူလာသော စာချူပ်ကို ဆက်ကပ်လေသည်။ ဆရာတော်သည် စာချူပ်ကို သေချာစွာဖတ်ရှုပြီးနောက် နာယကဆရာတော် အရှင်ဇ၀နကို အခေါ်ခိုင်း၍ အကျိူးအကြောင်း ပြောပြသည်။ ဆရာတော်အရှင်ဇ၀နကမှတစ်ဖန် ဆရာဦးကိုကိုကြီးနှင် ဆရာတော် ဦးကွန့်တို့ကို ခေါ်ခိုင်းလိုက်ရာ ၊မကြာမှီရောက်လာကြသည်။ စာပြဆရာ ဦးပဇင်းများလည်း ရောက်လာကြသည်။ ထိုအထဲတွင် ခရစ်ယာန်မှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာခဲ့ သိ အင်္ဂလိပ်ကပြာ အရှင်အရိယဓမ္မလည်း ပါဝေလေသည်။
ဆရာတော်သည် မိမိ၏အခန်းတွင်း၌ အသစ်ရှိနေသော သမ္မာကျမ်းစာမူဟောင်းမူသစ် မျာ သမ္မာကျမ်းစာအဖွင့်ကျမ်းများ ဘာသာရေးဝေဖန်ထားသည့် မဂ္ဂဇင်းများနှင့် ယုဒသန် ဘာသာပြန် သမ္မာကျမ်းစာများကို ထုတ်ပေး၍ မည်သည့်ကျမ်း မည်သည့်အခန်းက မည်သည့်စာပိုဒ်ကို ကူးဟု ညွန်ကြားပေးသည်။ ကျမ်းအမည် စာပိုဒ်ရေ စာမျက်နှာ စာကြောင်းရေတိုပကိုလည်း အောက်ဘက်တွင်အတိအကျ ရေးကူးခိုင်းသည်။ ဆရာတော်ကိုယ်တိုင် တေးမှတ်ထားပြီးသော စာအုပ်များဖြစ်၍ ရှာဖွေသူမျာ းသိပ်ပြီးမပင်ပမ်းလှပါ။
ဒီလူမျိူးနှင့်တွေ့ချင်တာ
အင်္ဂလိပ်ဘာသာစာကို ဆရာဦးကိုကိုကြီးနှင့် အရှင်အရိယဓမ္မတို့က ရေးကူး၍ မြန်မာဘာသာစာကို ဆရာကြီးဦးကွန့်က ရေးကူးသည် ။ အရှင်မဟာနန္ဒသည် ဆရာတော်အရှင်ဥက္ကဌ ညွန်ကြားနေသမျှကို ဘာတစ်ခုမျှ ၀င်ရောက်ပြောဆို ဝေဖန်ခြင်းမပြုဘဲ၊ ၀မ်းသာသော မျက်နှာထားဖြင့် ကြည့်နေသည်။ ဆရာတော်၏ အရည်အချင်းကို သိပြီးဖြစ်သည်။ အကြွင်းမဲ့ ယုံကြည့်ထားပြီးဖြစ်သည်။ ခရစ်ယာန်ဘာသာစာပေတို့ကိုသာ ရေးကူးခိုင်းခြင်းသည်၊ အ ကြောင်းရှိ၍သာ ဖြစ်မည် ၊ ဖွတ်မြီး ဖွတ်ချည်သည့် သဘောပေလား။ မိမိဥာဏ်မမှီိုနိင် ပိဋကတ်ကျမ်းများကား ဆရာတော်ဦးနှောက်တွင် ရေးကူးပြီးဖြစ်လိမ့်မည် ၊ သို့သော်အရှင်မဟာနန္ဒ က စကားတစ်ခွန်းတော့ ဆရာတော်အား လျှောက်ထားလိုက်သည်။
``ရစ်ယာန်ဘက်က ပထမကြီးတန်း ပထမကျော်တန်းအောင်ထားတဲ့ ဘုန်းကြီးလူထွက် သင်းအုပ်ဆရာကြီးတွေ ဓမ္မဆရာကြီးတွေပါတယ်တဲ့ ဆရာတော်… အဲဒါတော့ ဆရာတော်ကြိုတင်သိထားအောင် လျှောက်ထားတာပါ။ ´´
``အဲဒါ သာပြီးကောင်းတာပေါ့ ကိုယ်တော်´´ ´´မှန်ပါ….အမိန့်ရှိပါဆရာတော် ´´
`` ပါဠိမတတ်တဲ့ ခရစ်ယာန်ကျမ်းသက်သက်ကိုသာ တတ်တဲ့လူမျိူးနဲ့ ယှဉ်ပြိုင်ပြောလို့ တပည့်တော်တို့ ကနိုင်ဦးတော့ ၊ ပါဠိမတတ်လို့ ခံလိုရတယ်ဆိုတာမျိူး ဖြစ်နေဦးမယ်။ တပည့်တော်ကလည်း အဲဒီဘုန်းကြီးလူထွက် ခရစ်ယာန်မျိူးနှင့် တွေ့ချင်ဆုံချင်နေတာ အတော်ပဲကိုယ်တော် ´´။ ``ဘာဖြစ်လို့လည်းဆရာတော်´´
အဲဒီလိုလူမျိူးတွေက ဥသြလည်းမဟုတ် ၊ ကျီးကန်းလည်းမဟုတ်တဲ့ (အောက်ကလိအာ)ဆိုတဲ့ လူမျီူးတွေ ပိဋကတ်ကို ကုန်စင်အောင် နိက်နိုက်ချွတ်ချွတ် တတ်မြောက် ထားတာလည်း မဟုတ်ဘူး။ ။ လေ့လာထားတာလည်း မဟုတ်ဘူး ၊ ပါဠိတတ်တာနဲ့ ပိဋကပ်ကျမ်းစာ အနည်းအကျဉ်း သင်ဖူးတာကို သူတို့ကို သူတို့ ပိဋကတ်ပါရဂူလို့ ထင်နေကြတာ။ ပထမကြီး ပထမ ကျော်အောင်တာကို အဟုတ်ကြီးမှတ်နေကြတာ ၊ အကြီးမားဆုံးချွက်က ဝေဖန်ဆန်းစစ်မှု မရှိကြဘူး။ အဲဒီလို ဥာဏ်မျိူးလည်း မရှိကြဘူး ။ဇိနတ္ထ ပကာသနီလောက် တထာဂတ ဥဒါန ဒီပနီလောက်ကို အပြစ်ပြောနိုင်တာကို ဟုတ်လှပြီထင်နေကြတာ။ ဗုဒ္ဓဝါဒ အစစ်အမှန်ကို သူတို့နား မလည်ကြပါဘူး ဒီအထဲ အဆိုးဆုံးတစ်ခု ရှိသေးတယ် ´´၊ ``မှန်ပါ ဘယ်ဟာပါလည်းဘုရား´´ ``ကိုယ့်ယုံကြည်ချက်ကို ငွေကြေးနဲ့ အခွင့်အရေးနဲ့ လှဲလည်ရောင်းစားပစ်လိုက်တဲ့ အချက်ပေါ့ကိုယ်တော် ၊ တပည့်တော်တို့ ပါဠိစာပေမှာ (ဥဒရဟေတု)၀မ်းရေးဟူသော အကြောင်း ကြောင့် ခရစ်ယာန်ဘက် ပြောင်းသွားတဲ့လူတွေ ကိုယ်တော်….ခရစ်ယာန်ကလည်း အပေးအကမ်း
အချီးမြောက် အလွန်ရက်ရောတယ်မဟုတ်လား… ဒီကြားထဲ ထိုခရစ်ယာန်အင်္ဂလိပ်အစိုးရကလည်း နောက်ခံရှိနေလေတော့ အခွင့်အာဏာပါ ရှိနေကြတာပေါ့ ။ ရာထူးနှင့် မြှားပြီးဆွယ်လို့ ခရစ်ယာန်ဖြစ်သွားကြတာ တစ်ပုံကြီးပဲ တပည့်တော်တို့ရဲ့ တောင်ခွင်သာသနာပိုင် ဆရာတော်ကြီးရဲ့ တူတစ်ယောက်ဆိုရင် ရာထူးကြီးရတာနဲ့ ခရစ်ယာန်ဘက်၀င်သွားတယ်။ ဟော.. သူ့သားတွေ အင်္ဂလန်ပြန်ဘွဲ့တွေ ဘာတွေနဲ့ …..အခုရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခတောင် ဖြစ်နေတယ်။ ဒါကြောင့် တပည့်တော်က အဲဒီလို ဗုဒ္ဓဘာသာကို စွန့်ပြီး ခရစ်ယာန်ဘက်၀င်သွားလူ များများပါစေချင်နေတာ ။ ပြောရတာလည်း အားနာစရာမလိုဘူး။ မခက်ပါဘူးကိုယ်တော်…. သူတို့ကအိန္ဒိယမှာ တပည့်တော်တွေ့ဆုံကြုံကြိုက်ခဲ့ရတဲ့ ခရစ်ယာန်ပါရဂူ ကြီးတွေလောက်မတော်ပါဘူး။ အဲဒီလူတွေကိုယ်တောင် အနိုင်ကြဲနိုင်ခဲ့သေးတာပဲဟာ ။ တပည့်တော်ကတော့ ဆရာတော်ကို ယုံကြည့်ပြီးသားပါဘုရား ..´´။ ထိုနေ့ညက ဒုတိယကျောင်းအုပ် နာယကဆရာတော် အရှင်ဇ၀နဆရာတော်၏ စီစဉ်ပေးချက်အရ နေရှင်နယ်ကျောင်းအပေါ်ထပ်တွင် အုပ်ချူပ်ရေးအဖွဲ့၀င် ရဟန်းတော်များ ဆရာများ ကိုရင်ကြီးများ ကျောင်းသားကြီးများဖြင့် စည်ကားနေသည်။ အရှင်မဟာနန္ဒက ရောက်လာကြသူများအား ကျောက်ကွင်းဝါဒပြိုင်ပွဲအကြောင်းကို အသေးစိတ်ပြန်လည် ပြောပြနေရ သည်။ အားလုံးမှာ ဆရာတော်ကိုယ်တိုင် ဦးဆောင်ပြောမည်ကို သိရသောအခါ အလွန်အားတက်၍ ကျေနပ်နှစ်သက်နေကြသည်။
ဆရာကြီး ဦးးကွန့် ၊ ဆရာဦးကိုကိုကြီးနှင့် အရှင်အရိယဓမ္မတို့သည် ဆရာတော်ညွန်ကြားသည့် စာများကို ခေါင်စးဉ်တွဲ၍ ရေးကူးနေကြသည်။
ဆရာတော်ကမူ အရှင်ဇ၀နအမှူးပြုသော နာယက ဆရာတော်များနှင့် သွားလာရေး ကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်နေလေသည်။ ဝါဒပြိုင်ပွဲသို့ လိုက်ချင်သူက များနေသည်၊ သွားလာ ရေး စရိတ်စကနှင့် တည်းခိုနေထိုင်ရေး အဆင်ပြေနိုင်ရန်အတွက် အကျဉ်းရုံးရန် ဆုံးဖြတ်ပြီး ငါးဦးသာ လိုက်ပါရန် အတည်ပြုလိုက်ကြသည်။ အဖွဲ့ခေါင်းဆောင်မှာ ဆရာတော်အရှင်ဥက္ကဌ အတွင်းရေးမှုးမှာ ဆရာဦးကိုကိုကြီးဖြစ်၍ ဆရာကြီး ဦးကွန့်က ဆရာတော်အားကူညီရန် ၊ အဖွဲ့၀င် အဖြစ် အရှင်အရိယဓမ္မ (အင်္ဂလိပ်ကပြား) ၊ နှင့်အရှင်သုတတို့ လိုက်ပါကြရန် စုစုပေါင်းငါးဦးသာ သွားကြရန် အတည်ပြုလိုက်ကြသည်။

ခရီးအစီအစဉ်

ထို့နောက် အရှင်မဟာနန္ဒနှင့် ညှိနှိုင်းတိုင်ပင်ပြီး ကြွရောက်မည့် အစီအစဉ်ကို အောက်ပါ အတိုင်းရေးဆွဲ သတ်မှတ်ကြသည်။
- ဧပြီလ (၂၈)ရက်နေ့ နံနက်တွင် တောင်တွင်းကြီးမှ ထွက်၍ အောင်လံသို့ နေ့ဆွမ်းစားချိန်မှီရောက် အရှင်မဟာနန္ဒ၏ ဗုဒ္ဓသာသနာပြု ကျောင်းတွင် ထိုနေ့၌ ရပ်နားရန်။
- ဧပြီလ (၂၉)ရက်နေ့ နေ့ဆွမ်းစားပြီး အောင်လံမှထွက် ၊ ၀က်ထီးကန်သို့့ညနေရောက် ၀က်မြေတောကျောင်းတွင် ထိုည ရပ်နားရန်။
- ဧပြီလ(၃၀)ရက်နေ့ (ကဆုန်လဆန်း ၁၁ ရက်)ကြာသပတေးနေ့ ၊ နံနက်စောစော ၀က်ထီးကန် ၀က်မြေတောကျောင်းမှ ထွက် အလိုတော်ရဂိုဏ်းချူပ်ဆရာတော်ကြီး၏ ကျောင်းသို့ ခေတ္တ၀င်ရောက်၍ ဂါရဝြပု ၀တ်ဖြည့်ပြီး(၈) နာရီခွဲခန့်တွင် ပြန်ထွက်၍ ကျောက်ကွင်းရွာဝါဒပြိုင်ပွဲ မဏ္ဍပ်ကြီးသို့ နေ့ဆွမ်းစားချိန်မှီအရောက် ထိုနေ့တွင် မဏ္ဍပ်ကြီး၌ ရပ်နား ။
- မေလ(၁)ရက်နေ့ ဝါဒယှဉ်ပြိုင်ပွဲရက် ထိုမဏ္ဍပ်ကြီးမှာပင် ကျင်းပမည့် ယှဉ်ပြိုင်ဟောပြောပွဲကြီးသို့ တက်ရောက်ရန် အစီအစဉ်တို့ကို စနစ်တကျ ရေးဆွဲ၍ အတည်ပြုလိုက်ကြလေသည်။ အရှင်မဟာနန္ဒ ကလည်း မိမိ၏ ခရီးစဉ်ကို ဤသို့ ရေးဆွဲသည်။
-နောက်တစ်နေ့ ကဆုန်လဆန်း(၆)ရက်နေ့ ၊ နံနက်ဆွမ်းစားပြီးတောင်တွင်းကြီးမှ ထွက် အာလံမြို့ မိမိကျောင်းသို့ ခေတ္တ၀င်၊ပြန်ထွက်၍ ညနေ၀က်ထီးကန် အရောက်သွားရန် ။
-ကဆုန်လဆန်း(၇)ရက်၊ ဧပြီလ (၂၆)ရက်၊ နေ့ဆွမ်းအမှီ အလိုတော်ရကျောင်းအရောက်သွားပြီး ဂိုဏ်းချူပ်ကြီးအား လျှောက်ထားရန်၊ ပြီးလျှင် ကျောက်ကွင်းသို့ ဆက်သွား၍ သူကြီးနှင့်ဗုဒ္ဓဘာသာ၀င်လူကြီးများအား အကြောင်းစုံပြောပြပြီး ဆရာတော်တို့ ကြွရောက်လာမည့် ရက်၌ ပြုလုပ်ရမည့် အစီအစဉ်များကို မှာကြားပြောဆိုပြီး ၊ အလိုတော်ရကျောင်းသို့ ပြန်လာရန်၊ ထိုနေ့ ည အလိုတော်ရဂိုဏ်း သံဃာများနှင့်ဆွေးနွေးရန်။
- ဧပြီလ (၂၇)ရက်နေ့ ၊နံနက် ၀က်ထီးကန်သို့ ပြန်ကူးရန်။ ၀က်ထီးကန်၌ နေ့ဆွမ်းစားပြီး ညနေ ဘက် အာလံ အရောက်ပြန်ရန်။
- ဧပြီလ(၂၈)ရက်နေ့တွင် ဆရာတော်တို့အဖွဲ့အာလံမှ စောင့်ကြိုရန် ။ ။
ဗုဒ္ဓသာသနာတော်အတွက် အသက်စွန့်ရဲသူ
အရှင်မဟာနန္ဒ၏ ခရီးစဉ်ကား လွန်းပြန်ခရီးစဉ်ဖြစ်၍ အလွန်ပင်ပမ်း ခရီးကြမ်းလှပါသည်၊ သို့သော် အရှင်မဟာနန္ဒကား ဗုဒ္ဓသာသနာတော်ကို အလွန်ချစ်မြတ်နိုးသည့် ဗုဒ္ဓသာသနာပြုကျောင်း (အာလံ) ကျောင်းအုပ်ဆရာတော်ဖြစ်၍ ပင်ပမ်းသည်ဟုပင် မထင်ပေ။ ဆရာတော် အရှင်ဥက္ကဌကို ကိုယ်တိုင်တွေ့ရပြီး ဆရာတော်ကိုယ်တိုင် ဦးဆောင်ဟောပြောမည် ဟူသော ကတိကို ရရှိသဖြင့် အလွန်ကျေနပ် ၀မ်းသာနေသည်။ ခရီးကြမ်းပါစေ ၊ ပင်ပမ်းပါစေ၊ ဗုဒ္ဓသာသနာတော်အတွက် အသက်သေချင်သေပါစေ ဟုပင် ဆုံးဖြတ်ထားပြီးဖြစ်၏ ။
နောက်တစ်နေ့ နံနက်တွင် အရှင်မဟာနန္ဒသည် မိမိရေးဆွဲထားသော ခရီးစဉ်အတိုင်း တောင်တွင်းကြီးမြို့မှာ ထွက်ခဲ့၍ အလိုတော်ရကျောင်းသို့ အရောက်သွားပြီး ဆရာတော်ဘုရား ကြီးအား အကြောင်းစုံ လျှောက်ထားသည် ။ ဆရာတော်ဘုရားကြီး၏ ၀မ်းမြောက်မှုကား ဆိုဘွယ်ရာ မရှိပြီ ၊ ထိုနောက် ကျောက်ကွင်းရွာသို့ ထွက်ခဲ့ပြီး ဦးလှောင်နှင့် ဗုဒ္ဓဘာသာ၀င်လူကြီးများအား အကြောင်းစုံကို ပြောကြားသည်။ ဗုဒ္ဓဘာသာ၀င်လူကြီးများ၏ ၀မ်းသာမှုမှာလည်း အတိုင်းအတာမရှိပြီ ၊ ထိုနောက် အလိုတော်ရကျောင်းတွင် ကျိန်းစက်ပြီး အာလံသို့ ပြန်၍ ဆရာတော်တို့အဖွဲ့ကို စောင့်မျှော်နေခဲ့သည် ။
အရှင်မဟာနန္ဒ ပြန်ကြွသည့်နေ့တွင် နေရှင်နယ်ကျောင်းသို့ နတ်မှီတောရဆရာတော် ဦးကလျာဏ၊ ကောင်းမှုကျောင်းဆရာတော် ဦးကေလာသနှင့် ဆရာတော်အချိူ့ သတင်းကြား၍ လာရောက်မေးမြန်းကြသည်။ ဆရာတော်အရှင်ဥက္ကဌက အကြောင်းစုံကို ပြောပြရာ မိမိတို့လည်းလိုက်မည်ဟု ပြောကြသည်။ ဆရာတော်က မိမိအား အရှင်မဟာနန္ဒက အလိုတော်ရဂိုဏ်းသံဃာများက ထောက်ပံ့လိုက်သည့် ငွေကျပ် ငါးဆယ်ကို ခရီးစရိတ်အဖြစ် ပေးပါကြောင်း မိမိတို့ငါးဦးတည်းသာ သွားမည်ဟု ဆုံးဖြတ်ထားသဖြင့် စရိတ် ငါးကျပ်ကိုသာ မိမိလက်ခံ ယူလိုက်ကြောင်း တည်းခိုရေးစသည်အတွက် ၀န်မတက်စေလိုသဖြင့် ငါးဦးတည်းသာ သွားမည်ဟု ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ နတ်မှီဆရာတော် ဦးကလျာဏ က မိမိစရိတ်ဖြင့် လိုက်မည် လက်ခံပါဟု အတင်းအကြပ် တောင်းဆိုသဖြင့် လက်ခံလိုက်ရလေသည်။
ထိုနေ့ တစ်နေ့လုံး ဆရာတော်နှင့် အရှင်အရိယဓမ္မ ဆရာကြီးဦးကွန့် ဆရာဦးကိုကိုကြီး တို့မှာ ခရစ်ယာန်ဘာသာနှင့်ပတ်သက်သည့် မှတ်စုမှတ်တမ်းများကို ရေးကူးရင်း အလုပ် ရှုပ်နေကြသည် ။ ထိုအချိန်တွင် ဆရာတော်အရှင်ဥက္ကဌအား ရှုတ်ချခဲ့ကြ ၊ ကြဉ်ပယ်ခဲ့ကြသော နေရှင်နယ်ကျောင်းတွင် မိမိတို့၏ သားသမီးများကို ကျောင်းထားလျှင် ထားသည့်ဒကာ ဒကာမတို့အား သပိတ်မောက်မည်ဟု ခြိမ်းခြောက်ရဲသည့် သတ္တိထူး ရှိတော်မူကြသော တောင်တွင်းကြီးမြို့မှ သာသနာ့အာဇာနည် ဆရာတော်တို့ကား တုတ်တုတ်မျှ မလုပ်ကြ ၊ သတင်းကြားသိသော်လည်း မသိဟန်ဆောင်နေကြသည်။ ချီးကျူးကြည်ညိုဖွယ် သာသနာ့အာဇာနည် သူရဲကောင်းကြီးတို့ပေတည်း။
ဗုဒ္ဓသာသနာအဖွဲ့ ခရီးထွက်ပြီ
ဧပြီလ(၂၈)ရက်နေ့တွင် ဆရာတော်အရှင်ဥက္ကဌ ခေါင်းဆောင်သော အဖွဲ့၀င်(၆)ဦးပါ ၀င်သည့် ဗုဒ္ဓဘာသာအဖွဲ့သည် မည်သည့်အခမ်းအနား အဆောင်အယောင်မျှ မပါဘဲ စာအုပ် တစ်ထုတ်နှင့် လွယ်အိတ်ကိုယ်စီ လွယ်လျှက် ခရီးသည်တင် ဘတ်စ်ကားဖြင့်ပင် တောင်တွင်း ကြီးမြို့မှ အာလံမြို့သို့ စတင် ခရီးထွက်ခဲ့ကြသည်။ နံနက်(၉)နာရီတွင် အာလံသို့ ရောက်ရှိရာ၊ ကားဂိတ်တွင် အရှင်မဟာနန္ဒနှင့် ရဟန်း သုံးလေးပါး၊ ကျောင်းသား သုံးလေးဦးတို့ ကြိုဆိုနေ ကြသည်ကို တွေ့ကြလေသည် ။ ထိုနေ့တွင် အာလံမြို့ ဗုဒ္ဓသာသနာပြုကျောင်း အရှင်မဟာ နန္ဒထံတွင် ရပ်နားကြသည်။ ထိုအချိန်က ဆရာတော် အရှင်ဥက္ကဌသည် ဘားမားဂျာနယ်၊ တိုး တက်ရေး မဂ္ဂဇင်းတို့တွင် အမျိူးသားရေးနှင့်၊ ဘာသာရေးဆောင်းပါးများကို ရေးနေရာ။ အာလံ မြို့မှာ စာပေလိုက်စားသူတို့က ကြားဖူးနေကြသည်။ ။ ဆရာတော်ရောက်လာကြောင်း ကြား သိရသောအခါ လာရောက်ဖူးမျှော်ပြီး မေးမြန်းလျှောက်ထားကြရာ ။ ဆရာတော်ကလည်း ပြန် လည်ဖြေကြားလေသည်။

သျှင်ဥက္ကဠ
အပိုင်း(၂) ဆက်ပါဦးမည်
#သုခဝိဟာရီ အရှင်ဓမ္မာစာရ မှ

ခင်မင်မှုများစွာဖြင့် ပေးတဲ့ လက်ဆောင်...

Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...