အခန်း(၈)
သူ့ရှေ့တွင် ငြိမ်သက်စွာ ထိုင်နေသော မိန်းကလေးကို သူ နူးညံ့စွာ ပြုံးပြလိုက်၏။
အရင်အခေါက်တွေတုန်းကထက် ဆံပင်ပိုရှည်လာသည်။ မည်းနက်ပျော့ပျောင်းသော ဆံပင်များသည်
ပခုံးပေါ် မထိတထိ ဖြစ်နေသည်။ ကျယ်ပြန့်ဖြူဝင်းသော နဖူးပေါ်မှာ ဝဲကျနေသည့် ရှေ့ဆံပင်များက သာမန်ထက်
ရှည်လျားနေသည်။ အဝတ်အစားကတော့ အရင်အတိုင်း သေသေသပ်သပ်၊ သို့သော် တောက်ပမှုလည်း မရှိ။
ခပ်ဖျော့ဖျော့ ပန်းနုရောင် ရှပ်လက်ရှည်လက်ပွနှင့် ထဘီက အညိုရင့်ရောင်...။ သူ့မျက်စိထဲတွင်
ပန်းရောင်ဖျော့ဖျော့နှင့် အညိုရင့်ရောင် တွဲထားမှုကို ဘယ်လိုမှ ပြေလျောလိုက်ဖက်သည်ဟု မမြင်နိုင်ပါ။
''တစ်ယောက်တည်းလား ... နှောင်း''
''ဟုတ်ကဲ့''
စကားသံက တိုးညင်းသည်၊ လေးတွဲ့သည်။ ထိုင်နေပုံက သက်တောင့်သက်သာ မရှိ။ သတိထားနေသလို
ခပ်မတ်မတ်။ လက်ချောင်းများ တစ်ခုနှင့်တစ်ခု ဖြန့်ယှက်ချိတ်ဆက်ထားသည်။ မျက်လုံးများ နက်မှောင်ဆဲ
တောက်ပဆဲဖြစ်သည်။ မျက်တောင်ကော့များကို တဖျတ်ဖျတ်ခတ်၍ ဆေးခန်း ပတ်ဝန်းကျင်ကို
လှည့်ကြည့်စူးစမ်းနေသော မိန်းကလေးသည် လှောင်အိမ်ထဲမှာ ထွက်ပေါက်ရှာနေသော အိမ်မွေး တိရစ္ဆာန်ကလေးနှင့်
တူနေသည်။
''သင်တန်းတွေ ပြီးသွားပြီလား''
''ဟင့်အင်း၊ မပြီးသေးပါဘူး၊ ဒီနေ့တောင် ကလပ်စ် ရှိပါတယ်၊ နှောင်း မသွားဘူး''
''ဆရာ့ဆီလာဖို့ ကလပ်စ်ဖျက်လိုက်ရသလား၊ ဆရာ စိတ်မကောင်းပါဘူး နှောင်း''
''မဟုတ်ပါဘူး၊ နှောင်း သွားကို မသွားတာပါ။ ကလပ်စ်က လေးနာရီ ဆင်းတာပဲ၊ အဲဒီက
ဆင်းမှလာမယ်ဆိုရင် မီပါတယ်၊ ဒါပေမဲ့...''
စကားသံခဏ ပြတ်တောက်သွားသည်ကို သူစိတ်ရှည်စွာ စောင့်သည်။ သို့သော် မိန်းကလေးက
ဆက်မပြောတော့ပါ။ သူ ခေါင်းတစ်ချက် ညိတ်လိုက်သည်။ သူ နားလည်ပါသည်။
''ကျောင်းသားဘဝမှာ ကျောင်းလစ်ရတာ အရသာပဲနှောင်းရဲ့၊ ကဲ... ပြောပါဦး၊ အတန်းထဲမှာ
နှောင်းရဲ့အခြေအနေ ဘယ်လိုနေသလဲ''
မိန်းကလေးက သူ့ကို စူးရဲစွာ စိုက်ကြည့်သည်။ ရိုင်းစိုင်းသော အကြည့်မဟုတ်သော်လည်း ရန်လိုသော
အကြည့်ဖြစ်သည်။ သူ ထိုအကြည့်ကို မသိချင်ယောင်ဆောင်ထား၏။
''နှောင်းက အတန်းထဲမှာ အညံ့ဆုံး မဟုတ်ပါဘူး ဆရာ''
သူခေါင်းညိတ်လိုက်၏။
''နှောင်း မညံ့ဘူးလို့ ဆရာ ယုံပြီးသားပဲ နှောင်း''
''ဒါပေမဲ့ အတော်ဆုံးလဲ မဟုတ်သေးဘူး ဆရာ''
သူ ပြုံးပြလိုက်ပြန်၏။
''တခြားလူတွေ အာရုံစူးစိုက်သလောက် နှောင်းသင်တန်းထဲမှာ အာရုံစူးစိုက်နိုင်ရင် သူတို့ထက်
နှောင်းတော်လိမ့်မယ်ဆိုတာ ဆရာသိတယ်၊ သိပ်မခက်ပါဘူး နှောင်း၊ အရင်ကထက် နည်းနည်းပိုပြီး
စိတ်ကိုစူးစိုက်ထားရုံပါပဲ၊ ဘာသာစကားတွေက ကိုယ့်မိခင်ဘာသာစကား မဟုတ်တော့ အာရုံစူးစိုက်မှု လေ့ကျင့်မှု
နည်းရင်နည်းသလို ခံရတာပဲ''
ယခင်က နှောင်း ဂျပန်ဘာသာ တက်နေကြောင်း သတိရ၍ သူနည်းနည်း တွက်ဆပြီး နှစ်သိမ့်လိုက်ခြင်း
ဖြစ်သော်လည်း လောလောဆယ် မိန်းကလေး ဘယ်ဘာသာ သင်နေသလဲ သူ အတိအကျ မသိပါ။
''ညတုန်းက အိပ်ပျော်ရဲ့လား''
''ချက်ချင်း အိပ်မပျော်ဘူး ဆရာ''
''စာကျက်ဖြစ်သလား''
''ဟင့်အင်း''
''ဘာတွေ တွေးနေသလဲ''
''အများကြီးပေါ့ ဆရာ''
သူ မသိမသာ ပြုံး၍ ခေါင်းညိတ်လိုက်ပြန်သည်။
''အဲဒီအတွေးတွေ မှတ်မိသလောက် ဆရာ့ကို ပြောပြပါ၊ နှောင်းရဲ့ စကားတွေကို ဆရာကလွဲပြီး ဘယ်သူမှ
မကြားဘူး၊ မှန်တံခါးအပြင်ဘက်က ဆရာမကြီးလဲ မကြားဘူး၊ နှောင်း တွေးတာတွေ ဆရာသိရရင် ဆရာကကူပြီး
စဉ်းစားပေးလို့ရတယ်''
နှောင်းက သူ့ကို မယုံသင်္ကာအကြည့်ဖြင့် ကြည့်သည်။
''နှောင်း မရူးသေးပါဘူး ဆရာ''
သူ အနည်းငယ် စိတ်မကောင်း ဖြစ်သွား၏။
''နှောင်း မရူးသေးပါဘူး၊ ဆရာ သိပါတယ်၊ နောက်ပြီး ဆရာ... ပြောလိုက်ဦးမယ်၊ နှောင်းဟာ
ဘယ်တော့မှ မရူးနိုင်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ နှောင်းရဲ့စိတ်ဓာတ်က အလွန်ခိုင်မာပြီး ကိုယ့်ကိုယ်ကို
ယုံကြည်ချက်ရှိတာ ဆရာသိထားလို့ပဲ၊ နှောင်းဟာ စိတ်သောကဒဏ်ကို အားတင်းပြီး ခံနိုင်တယ်လေ''
မိန်းကလေးသည် သူ့စကားကို နားထောင်ရင်း နှုတ်ခမ်းထောင့်စွန်းကလေးများ တဖြည်းဖြည်း
မဲ့ကွေးလာသည်။ ထို့နောက် ခေါင်းတစ်ချက် ခါယမ်းလိုက်လေသည်။
''မဟုတ်ဘူးဆရာ မဟုတ်ဘူး၊ နှောင်း အရင်ကလို ကိုယ့်ကိုယ်ကို မယုံကြည်တော့ပါဘူး၊ နှောင်းလေ...
နှောင်း စိတ်ညစ်လှပြီ ဆရာ၊ နှောင်း ဒါထက်ပိုပြီး ခံနိုင်ပါတော့မလား မသိဘူး''
စကားပြောရင်း မျက်နှာကို အနည်းငယ်ငုံ့ကာ လက်နှစ်ဖက်ဖြင့် အုပ်ကွယ်လျက် တစ်ချက်နှစ်ချက်
ရှိုက်ငင်လိုက်သော မိန်းကလေးကို သူတည်တည်ငြိမ်ငြိမ်ပင် စောင့်ကြည့်နေမိသည်။ နှောင်းသည်
ကြာရှည်ရှိုက်ငိုခြင်း မရှိပါ။ ခဏအတွင်း ထိန်းချုပ်လိုက်ပြီး မျက်နှာကို ပြန်မော့လိုက်သည်။ နဖူးပေါ်နှင့်
ပါးပေါ်တွင် ကပိုကရို ကျနေသော ဆံပင်တို့ကို လက်ဖျားကလေးများဖြင့် သပ်ဖယ်လျက် သူ့ကို
ငေးမောကြည့်သည်။ ဤမျက်လုံးများတွင် နူးညံ့ပျော့ပျောင်းမှု၊ ကြေကွဲမှု၊ နာကျင်မှု၊ အားကိုးမှု အားလုံးလို
သူတွေ့လိုက်ရသည်။ အဖျားကော့ကော့ နှာခေါင်းချွန်ချွန်ကလေးသည် နီရဲနေ၏။
''နှောင်း ခံနိုင်ရည်ရှိအောင်... နောက်ပြီး စိတ်ဆင်းရဲမှုကနေ မြန်မြန် ဖြတ်ကျော်နိုင်အောင်
ဆရာကူညီနိုင်တယ်ဆိုတာ ဆရာကတိပေးပါတယ် နှောင်း''
နှောင်းက မပွင့်တပွင့် ပြုံးလေသည်။ မိန်းကလေး၏ အားငယ်မှုရောသော အပြုံးကလေးကို သူက
ယုံကြည်စိတ်ချမှု အပြည့်ပါသော အားပေးပြုံးဖြင့် တုံ့ပြန်လိုက်သည်။ နှောင်း၏ နီမြန်းသော၊ ပြည့်ဖောင်းသော
နှုတ်ခမ်းငုံကလေးမှာ စောစောကလောက် တုန်ယင်ခြင်း မရှိတော့ပါ။
''ဒါနဲ့ စောစောက နှောင်းကို ဆရာအမိန့်တစ်ခုခု ပေးလိုက်တယ် ထင်တယ်နော်...ဘာပါလိမ့်ဆရာ''
သူ သဘောကျစွာ ပြုံးရယ်လိုက်၏။
''အမိန့်မဟုတ်ပါဘူး နှောင်းရဲ့၊ အကြံပေးချက်တစ်ခုပါ၊ နှောင်း မှတ်ဉာဏ်ကောင်းသားပဲ၊ ဘာလဲဆိုတာ
ပြန်စဉ်းစားပါဦး''
နှောင်း၏ မျက်လုံးများမှ အားငယ်မှု အရိပ်အယောင်မှာ ချက်ချင်း ပျောက်ကွယ်သွားပြီး မခံချင်သော
မာနရိပ်ကလေးကို တွေ့ရသည်။ ထိုမာနရိပ်ကလေးကို သူကျေနပ်နှစ်သက်စွာ စောင့်ကြည့်နေ၏။ ဝိုင်းစက်သော
မျက်လုံးကလေးများကို အနည်းငယ်ထောင့်ကပ်ကာ စဉ်းစားနေစဉ် နှောင်းသည် နှင်းဆီငုံကလေးသဖွယ်
လှပကြောင်း သူပထမဦးဆုံးအကြိမ် သတိထားမိ၏။ အကယ်၍သာ သူတို့အိမ်ထောင်တွင် သမီးတစ်ယောက်
ထွန်းကားခဲ့မည်ဆိုလျှင် သမီးကလေးသည် နှောင်းလိုပင် ချစ်စရာကောင်းလိမ့်မည်။ သူ့အမေလို
နက်မှောင်သန်စွမ်းသော ဆံပင်များနှင့် တောက်ပသော မျက်လုံးများ ရှိပေလိမ့်မည်။
သူ့အမေလိုတော့ အေးစက်မာကျောမှု မရှိစေရ။ သူ့လို နှလုံးသား နူးည့ံစေရမည်။ လူတစ်ယောက်
ခံစားသင့်သည့် နာကျင်မှု၊ လောဘ၊ ဒေါသ၊ ပျော်ရွှင်မှုများကို မျှမျှတတ ခံစားစေရမည်။
သူသည် မသိမသာ ဘေးသို့ ချော်ထွက်သွားသော အတွေးများကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်နိုင်၏။
နှောင်းသည် မျက်နှာချင်းဆိုင်မှာ လက်နှစ်ဖက် ယှက်ဖြန့်ချိတ်ဆက်လျက် အနည်းငယ်ပြုံးရင်း ခေါင်းတစ်ချက်
ဆတ်လိုက်လေသည်။
''နှောင်း မှတ်မိပြီဆရာ၊ ဆရာက နှောင်းကို မအိပ်ပျော်ခင် တွေးတဲ့အတွေးကို မေးနေတယ်''
သိပ်ချစ်စရာကောင်းတဲ့ ကလေး။ ပြီးတော့ သိပ်မှတ်ဉာဏ်ကောင်းတဲ့ ကလေးလည်း ဖြစ်သည်။ ဤကဲ့သို့
လူနာမျိုးကို အချိန်တိုတိုအတွင်း လျင်မြန်စွာ တိုးတက်ပျော်ရွှင်အောင် သူကုသပေးနိုင်ပါသည်။
''ကဲ... ဒါကြောင့် ဆရာပြောတယ် မဟုတ်လား၊ နှောင်း မှတ်ဉာဏ်ကောင်းပါတယ်လို့''
နှောင်းက ကျေကျေနပ်နပ် ပြုံးလိုက်ပြီးမှ ချက်ချင်း မျက်နှာတည်ကြည်သွားသည်။ နှောင်း၏ အာရုံမှာ
ဤအခန်းထဲတွင် မရှိတော့ဘဲ တစ်နေရာသို့ စူးစိုက်သွားလေသည်။
''နှောင်း တွေးတာတွေ အကုန်ပြောရမှာလား ဆရာ''
''အကုန်ပြော... နှောင်းပြောသမျှတွေကို ဆရာနားထောင်မယ်၊ နားထောင်ရုံပဲ နားထောင်မယ်၊ နှောင်းကို
ဆရာအကဲမဖြတ်ဘူး၊ ကောက်ချက်မချဘူး၊ အပြစ်မတင်ဘူး၊ မအံ့သြဘူး၊ ဆရာ ကတိပေးတယ်... ဟုတ်ပလား''
သူ့မှတ်စုစာရွက်များကို မသိမသာ ပြင်ဆင်ထားလိုက်သည်။
''တကယ်လို့ နှောင်းသေသွားမယ်ဆိုရင် မေမေ ဘယ်လိုကျန်ခဲ့မလဲလို့ နှောင်း တွေးပူတယ်ဆရာ၊
ဖေဖေက ဆုံးသွားပြီ၊ ကိုကိုက ဂျပန်မှာ အိမ်ထောင်ပြုတော့မယ်၊ မေမေ့မှာ တွယ်တာရမယ့်လူ နှောင်းတစ်ယောက်ပဲ
ရှိတော့တာဆရာ... မေမေ့ကို နှောင်း သနားတယ်''
အမှန်တရား ပါဝင်သော်လည်း ရာနှုန်းပြည့် အမှန်မဟုတ်နိုင်ပါ။ လူတစ်ယောက်သည်
မိမိသေဆုံးပြီးနောက် ကျန်ရစ်ရမည့်သူကို သေဆုံးရမည့် မိမိကိုယ်တိုင်ထက် ပို၍သနားနေခြင်းသည်
သဘာဝမကျပါ။
သို့သော် မိခင်ကို အလွန်တွယ်တာသည့် သမီးတစ်ယောက်အနေဖြင့် သူမ၏ မသိစိတ်ကို မေ့ထားကာ
အသိစိတ်ဖြင့် အမှန်အတိုင်း ပြောနေခြင်း ဖြစ်ပါလိမ့်မည်။
''နှောင်းသူငယ်ချင်းတွေ၊ အသိမိတ်ဆွေတွေ၊ နှောင်းလောက်တောင် ရိုးသားမှု မရှိတဲ့လူတွေ၊
နှောင်းလောက် ကြိုးစားမှု မရှိတဲ့လူတွေက နှောင်း သေတဲ့အခါ မေမေ့ကို နှစ်သိမ့်ကြလိမ့်မယ် ဆရာ''
ဤစကားသည် ပထမဆုံး စ တွေ့သည့်နေ့က လူနာပြောပြီးသား စကားများဖြစ်သည်။
''နှောင်း အဲဒါကို မကျေနပ်ဘူး၊ နှောင်း သူတို့ကို မခံချင်ဘူး၊ သူတို့ကျန်နေခဲ့ပြီး နှောင်း သေသွားရမှာကို
နှောင်း နည်းနည်းမှ မခံချင်ဘူး''
လူနာသည် ပတ်ဝန်းကျင်ကို အလွန်ဂရုစိုက်နေသည်။ မိမိ မသေဆုံးမီ ခံစားရမည့် ဝေဒနာကို
ကြောက်ရွ့ံခြင်း မဟုတ်ဘဲ မိမိသေဆုံးသည့်အခါ ကျန်ခဲ့မည့်သူများကို မနာလို ဖြစ်နေသည်။
''အဲဒီတော့ နှောင်း ဘာတွေးသလဲဆိုတော့ နှောင်း သေရတော့မယ်ဆိုတာသာ နှောင်း ကြိုသိခဲ့ရင် နှောင်း
ရန်ကုန်မှာ မနေတော့ဘူးဆရာ၊ ဘယ်သူမှ မသိနိုင်တဲ့ တစ်နေရာရာကို နှောင်း ထွက်ပြေးမှာပဲ''
စိတ်ကူးယဉ်လိုက်သည့် မိန်းကလေး။
''အဲဒီနေရာဟာ တောနယ်ကလေးတစ်ခု ဖြစ်ရမယ်ဆရာ၊ နှောင်းကို ဘယ်သူမှ မသိတဲ့ နယ်ဖြစ်ရမယ်၊
ဆရာဝန်ရှိနေရင်တော့ ပိုကောင်းမယ်''
သူ စိတ်ထဲက ပြုံးမိသွား၏။ ဆရာဝန်ကိုတော့ တော်တော်အားကိုးတတ်မည့် မိန်းကလေးပါလား။
''ဒါပေမဲ့လေ... မရှိချင်လဲ နေပါစေတော့၊ ဆေးတွေတော့ လုံလောက်အောင် သယ်သွားရမှာပေါ့၊
အရေးကြီးတာက နှောင်းအတွက် သက်သက်သာသာ လှဲအိပ်နိုင်မယ့် နေရာတစ်ခုပါပဲ၊ အင်း... မေမေ့ကိုတော့
အဲဒီနေရာလေးအကြောင်း ပြောမှဖြစ်မယ် ထင်တယ်နော်ဆရာ၊ ဘာဖြစ်လို့လဲဆိုတော့ သမီးအလောင်းတောင်
မမြင်လိုက် မတွေ့လိုက်ရရင် မေမေပိုပြီး စိတ်ထိခိုက်မယ်၊ အရေးကြီးတာက နှောင်းသေပြီဆိုတာ ဘယ်သူမှမသိဖို့ပဲ၊
မေမေကလွဲပြီး ဘယ်သူမှ မသိစေရဘူး၊ ကမ္ဘာပေါ်မှာ တစ်နေရာရာမှာ နှောင်း အသက်ရှင်လျက် ရှိနေသေးတယ်လို့
အားလုံး ယူဆနေရမယ် ဆရာ၊ သူငယ်ချင်းတွေက နှောင်းအကြောင်း မေးလာရင် မေမေသင့်တော်သလို ဖြေဖို့
မေမေ့ကို တိုက်တွန်းထားတယ်''
''တိုက်တွန်းထားတယ်... ဟုတ်လား နှောင်း''
စကားမဖြစ်ဘူးဟု ဆုံးဖြတ်ထားသော်လည်း စကားမဖြတ်၍ မဖြစ်တော့ပါ။ နှောင်းက သူ့မေးခွန်းကြောင့်
စိတ်အနှောင့်အယှက် ဖြစ်သွားပုံရသော်လည်း ပြေပြစ်စွာ ဖြေသည်။
''ဟုတ်တယ်ဆရာ၊ နှစ်ခါ သုံးခါရှိပြီ... နှောင်းအတွေးတွေ မေမေ့ကို ပြောပြခဲ့တာ''
''ဒီတစ်ရက်နှစ်ရက်အတွင်းလား...''
''ဟုတ်ကဲ့၊ အဲဒီအတွေးကို တွေးမိတာ နှစ်ရက်ပဲ ရှိသေးတယ်လေ''
နှောင်းမိခင်ကို သူတယ်လီဖုန်းဆက်၍ နှောင်းစကားနှင့် တိုက်ဆိုင်အတည်ပြုနိုင်ပါသည်။ သူ
ပြေလျောစွာ ထိုင်ရာမှ သက်သက်သာသာပင် ခေါင်းညိတ်ပြလိုက်သည်။
''အဲဒီလို နှောင်း တိုက်တွန်းတော့ နှောင်းမေမေက ဘာပြောလဲ''
''မေမေ ငိုတယ်ဆရာ''
နှောင်းမျက်နှာမှာ ယခုပင်လျှင် သူမမိခင်၏ မျက်ရည်ကို မြင်တွေ့နေရသလို ညှိုးငယ်သွားသည်။
မျက်လုံးများ နည်းနည်း ရီဝေသွားသောအခါကော့ညွှတ်သော မျက်တောင်များက အလိုလိုစင်းကျသွား၏။
နီမြန်းသော နှုတ်ခမ်းငုံကလေး အနည်းငယ်စူလာသည်မှာ ရှေ့ဆက်ပြောရမည့် စကားများအတွက် အားယူလိုက်ခြင်း
ဖြစ်ဟန်တူပါသည်။
''မေမေက အဓိပ္ပာယ်မရှိတာတွေ မပြောကောင်းတာတွေ ဘာဖြစ်လို့ ပြောနေရတာလဲ သမီးရယ်တဲ့၊ ဒါနဲ့...
နှောင်းက မေမေ့ကို ပြန်ပြီး အားပေးရတယ်၊ မပြောကောင်းတာ မဟုတ်ပါဘူး... တစ်ချိန်ချိန် ကြုံတွေ့လာခဲ့ရင်
အဆင်သင့်ဖြစ်အောင်လို့ပါလို့၊ အဆိုးဆုံးကို ကြိုတွေးထားရင်း အကောင်းဆုံးကို မျှော်လင့်တာဟာ လူ့ဘဝမှာ
အကောင်းဆုံး ရင်ဆိုင်နည်းပဲလို့ နှောင်းထင်တယ်ဆရာ၊ ဆရာရော ဘယ်လိုထင်သလဲ ဟင်...''
သူ စိတ်ပါဝင်စားစွာ ပြုံး၍ဖြေလိုက်သည်။
''ဒါဟာ အမှန်တရားပဲ နှောင်း၊ ဆရာတို့လဲ အဆိုးဆုံးကို ကြိုတင်ရင်ဆိုင်ဖို့ တွေးရင်းကနေ
အကောင်းဆုံးကို ရယူခဲ့ကြတာချည်းပါပဲ၊ တစ်ခုပဲရှိတယ်၊ အဆိုးဆုံးကို ကြိုတွေးရင်း အဲဒီအဆိုးကို ရှောင်တိမ်းဖို့
နည်းလမ်းတွေကိုပါ ကိုယ်က အသင့်ပြင်ထားရမယ်၊ ဒါကိုရော နှောင်း လက်ခံတယ် မဟုတ်လား...''
မိန်းကလေးသည် စောစောကထက် တောက်ပလာသော မျက်ဝန်းများဖြင့် ပြုံးလေသည်။
''လက်ခံပါတယ်ဆရာ၊ နှောင်း အဲလိုပဲ ကျင့်သုံးနေပါတယ်၊ အဆိုးဆုံးက နှောင်းသေသွားမယ့်အဖြစ်...
အဲဒါကို ရင်ဆိုင်ဖို့ နှောင်း ပြင်ဆင်ထားတယ်၊ တွေးထားတယ်၊ တွေးရင်းကနေ မျက်ရည်ကျတာကိုတော့ နှောင်းလဲ
မတတ်နိုင်ဘူးဆရာ၊ ဒါပေမဲ့ အဲဒီအဆိုးဆုံး သေခြင်းဆိုတာကို နှောင်းတတ်နိုင်သမျှ တွန်းလှန်ချင်တယ်...
ရှောင်တိမ်းချင်တယ်''
တွန်းလှန်ရှောင်တိမ်းလိုစိတ်ရှိနေခြင်းကပင် သူ့လူနာအတွက် အားတက်စရာ။ သူ
ကျေနပ်ဝမ်းသာလှပါသည်။
''ကိုယ့်ကျန်းမာရေးကို အမြဲဂရုစိုက်နေရမယ်၊ ဘာစွန့်စားမှုမှ မလုပ်ဘူး၊ နည်းနည်းကျန်းမာရေး
ချို့တဲ့မယ်ထင်ရင် ဆရာဝန်သွားပြမယ်... အဲဒီနည်းတွေ ဟုတ်ပါတယ်နော်... ဆရာ''
''ဟုတ်ပါတယ် နှောင်း၊ သိပ်ကောင်းတဲ့ စိတ်ကူးတွေပဲ''
''နှောင်း တတ်နိုင်သမျှ မသေစေရဘူး... သိလားဆရာ၊ နှောင်း ခံတိုက်မယ်၊ အဲဒီလို နှောင်းခံတိုက်ဖို့
ဆရာ နှောင်းကို ကူညီပါနော်၊ ဆရာ့ကို နှောင်း အားကိုးပါရစေ...''
မိန်းကလေးက သူ့ကို အားကိုးတကြီး မော့ကြည့်၍ တောင်းပန်လိုက်သောအခါ သူရင်နင့်စွာ ငေးမောရာမှ
ခေါင်းညိတ်လိုက်၏။ မိမိတွင် အကူအညီ လိုနေကြောင်း မိမိကိုယ်တိုင် သိနေသည့် လူနာတစ်ယောက်ကို
ဆေးကုသရသည်မှာ အလွန်လွယ်ကူပါသည်။
''ဆရာ ကူညီမှာပေါ့ နှောင်း... ဆရာ ကတိပေးပါတယ်၊ နှောင်း မသေစေရဘူး... ကြားလား၊
သေမယ့်လမ်းတွေကို ရှောင်တတ်ရင် အဲဒီလူဟာ သေဖို့ ခက်ခဲရမှာပေါ့၊ လူတစ်ယောက် သေဖို့ဆိုတာ
လွယ်တဲ့ကိစ္စမှ မဟုတ်ဘဲ နှောင်းရယ်...''
နှောင်းက မသိမသာ ခေါင်းညိတ်ကာ သူ့ကို ငေးစိုက်ကြည့်နေ၏။
''နောက်ပြီး... နှောင်း ဘာတွေ တွေးမိသေးသလဲ၊ ပန်ခရီယာတိုက်တစ်စ်တ် အကြောင်း တွေးမိသေးလား''
''ဟင့်အင်း''
နှောင်း၏ ရှက်ကိုးရှက်ကန်း ဟန်ကလေးမှာ ချစ်ခင်နှစ်သက်ဖွယ် ကောင်းလှသည်။
''ဆရာ့ဆီ ဖုန်းဆက်ပြီးကတည်းက... ပန်ခရီယာတိုက်တစ်စ်တ်ကို နှောင်း မေ့ထားလိုက်ပြီလေ''
''သိပ်ကောင်းတယ်''
''နောက်ထပ် နှောင်းတွေးထားတာက ကားဒရိုက်ဘာတစ်ယောက် ရှာဖို့...''
သူ ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်၏။
''အရင်တုန်းက ကားကို ဖေဖေမောင်းတယ်၊ နောက်ပိုင်း နှောင်း လိုင်စင်ရတော့ နှောင်းမောင်းတယ်၊
မေမေက ကားမောင်းဖို့ အရမ်းကြောက်တယ်လေ၊ အခု နှောင်းက အက်ဆီးဒင့် ဖြစ်မှာ အရမ်းစိုးရိမ်နေတာဆိုတော့
နှောင်း ကားမမောင်းရဲသလို ဖြစ်နေတယ်၊ ကားမောင်းကြည့်တယ်၊ အာရုံစူးစိုက်လို့ သိပ်မရဘူး၊ ဒီတော့
နှောင်းဒရိုက်ဘာ အလုပ်ကို စွန့်လွှတ်ပြီး... ဒရိုက်ဘာတစ်ယောက် ရှာမှဖြစ်မယ်၊ အဲဒီဒရိုက်ဘာကလည်း
အရမ်းကျွမ်းကျင်ရမယ်လေ၊ ခက်တာက ဒရိုက်ဘာ ငှားထားပြန်တော့ သူ့အတွက် လစာလတိုင်း အပိုကုန်မယ်၊
နှောင်းတို့မှာ ဖေဖေမရှိတော့ ဝင်ငွေက မရှိသလောက်ပဲလေ၊ မေမေက ပစ္စည်းလေးဘာလေး အပေါင်ခံပြီး
ပြဿနာတွေဖြေရှင်းရတာဆိုတော့... အင်း... နှောင်း အလုပ်တစ်ခုခု လုပ်ရမလား နှောင်း စဉ်းစားတယ်၊
ကိုကိုကတော့ သုံးလတစ်ကြိမ်လောက် ငွေပို့ပေးနိုင်ပါတယ်တဲ့၊ ဒါပေမဲ့ ကိုကို့ကျေးဇူးတွေလဲ များလှပါပြီ''
နှောင်း၏ အတွေးများသည် ယခုအချိန်ထိတော့ သာမန်တာဝန်သိတတ်သူ သမီးတစ်ယောက်၏
အတွေးများသာ ဖြစ်နေ၏။ မသင်္ကာဖွယ်ရာ တစ်စုံတစ်ခု မတွေ့မိသေးပါ။
''နှောင်း စဉ်းစားထားတာ ပထမတော့ ကားရောင်းပစ်ဖို့၊ ဒါပေမဲ့ မောင်းမယ့်သူ မရှိလို့
ကားရောင်းရတာလဲ အဖြစ်မခံနိုင်ပြန်ဘူး၊ ဒါ့ထက်ပိုဆိုးတာက နှောင်းတို့ကားရောင်းရင် ပတ်ဝန်းကျင်က
သိပ်ကျေနပ်သွားကြလိမ့်မယ်၊ ဦးထွန်းဇော် သေသွားတော့ သူ့မိန်းမနဲ့သမီး ငတ်ပြတ်သွားလို့ ကားတောင်
ရောင်းပစ်ရတယ်လို့လဲ အထင်မခံနိုင်ပြန်ဘူး ဆရာရဲ့... ဆရာ မရယ်နဲ့နော်...''
သြော်.. ဖြစ်မှ ဖြစ်ရလေ နှောင်းရယ်။ သူညင်ညင်သာသာ ပြုံး၍ ခေါင်းယမ်းပြလိုက်သည်။
''ဒါ ရယ်စရာ မဟုတ်ဘူးလေ နှောင်းရဲ့၊ ဆရာ မရယ်ပါဘူး''
''အခု နောက်ဆုံး အဖြေရသွားတာကတော့ ကားဒရိုက်ဘာလဲ မရှာဘူး၊ ကားလဲ ရောင်းမပစ်ဘူး၊
နှောင်းရော မေမေရော ဘတ်စ်ကား စီးကြမယ်''
''အဲဒါလဲ ကောင်းတာပါပဲ''
သူ စိတ်ပါလက်ပါ ထောက်ခံလိုက်တော့ နှောင်းက ပြုံးလေသည်။
''ဒါနဲ့ နှောင်း အလုပ်တစ်ခုလုပ်ဖို့ စိတ်ကူးထားတယ်၊ နှောင်း ယူထားတဲ့ မေဂျာနဲ့တော့ ဘာမှမဆိုင်ဘူး
ဆရာ၊ အင်တာပရိုက်စ်တစ်ခုမှာ ရုံးစတပ်ဖ် ရာထူးနဲ့ လုပ်ရမယ်၊ နှောင်းက ဘွဲ့မရသေးဘူး မဟုတ်လားဆရာရဲ့...''
''ရုံးစတပ်ဖ်ဆိုတော့ တိုက်ပစ်စ်တ် ရာထူးလား''
''အဲဒီထက် နည်းနည်းပိုတယ် ဆရာ၊ လက်နှိပ်စက် ရိုက်စရာရှိရင် ရုံးမှာပဲ ထိုင်ရိုက်၊
တဲလက်စ်ရိုက်စရာရှိရင် ကြေးနန်ရုံးကို ပြေးလိုက်... ခြေမြန်တော် အလုပ်လဲ လုပ်ရတယ်ဆရာ''
''အရင်က လုပ်ဖူးသလား''
''ဟုတ်ကဲ့၊ မနှစ်က ခဏလုပ်ဖူးတယ်၊ အလုပ်ရှင်နဲ့ မတည့်တာနဲ့ ထွက်ပစ်လိုက်တယ်၊ နှစ်လပဲ
ခံတယ်လေ''
နှောင်း ရယ်မောသဖြင့် သူကပါ သဘောကျစွာ ရယ်မောမိလေသည်။
''ဒီတစ်ခေါက် ကျောင်းပြန်ဖွင့်ပြီးလို့ စာမေးပွဲပြီးရင်တော့ နှောင်း ဒီထက် မြင့်တဲ့အလုပ်တစ်ခုခု
ရနိုင်ပါတယ်၊ ခက်တာက ဂျီယော်ဂရပ်ဖီ အတွက် အလုပ်က အပြင်မှာ နည်းနည်းရှားတယ်၊ ကိုယ့်မေဂျာနဲ့ မဆိုင်တဲ့
အလုပ်တွေပဲ များတယ်၊ အဆင်အပြေဆုံးကတော့ အီကိုကနေ ဆင်း၊ စီပီအေ အောင်... ဒါဆိုရင်တော့
ကုမ္ပဏီတွေမှာ အလုပ်လွယ်တယ်''
''အခု အလုပ်ကို လုပ်ဖို့ ဆုံးဖြတ်ပြီးပြီလား''
''အဲဒါ...''
နှောင်း မျက်နှာတွင် မရေမရာ အရိပ်ကလေးတစ်ခု ပေါ်လာသည်။
''အဲဒါ မသေချာသေးဘူးဆရာ၊ နှောင်းအခု တစ်ရက်နှစ်ရက်အတွင်း အရမ်း စိတ်လေနေတယ်၊ ဘာကိုမှ
အာရုံစူးစိုက်လို့ မရဘူး၊ မတော်တဆ အလုပ်ဝင်ပြီးတဲ့အချိန်မှာ နှောင်းကိုယ်နှောင်း အစိုးမရရင် တာဝန်မကျေမှာ
စိုးတယ် ဆရာ၊ အဲဒါ ဆရာ့ဆီက အကြံဉာဏ်လဲ လိုချင်တယ်... နှောင်း အလုပ်ဝင်လို့ ဖြစ်နိုင်ပါ့မလား''
သူ ထိုင်ရာမှ ထရပ်လိုက်သည်။ ဆက်တီနောက်မှီ၏ နောက်ဘက်တွင် မတ်တတ်ရပ်ကာ
လက်ဖဝါးနှစ်ဖက်ကို နောက်မှီသစ်သားပေါင်ပေါ် ခပ်ဖွဖွတင်လျက် သူ့ရှေ့မှာ ငြိမ်ငြိမ်ကလေး ထိုင်နေသော
မိန်းကလေးကို သနားကြင်နာမှုမပေါ်လွင်စေဘဲ ငုံ့ကြည့်လိုက်၏။
''လစာရော ကောင်းရဲ့လား...နှောင်း''
''ဟုတ်ကဲ့ မဆိုးပါဘူး ဆရာ၊ တစ်ထောင်ဆိုတော့ သိပ်မနည်းလှပါဘူး၊ လောလောဆယ် ဘွဲ့မရသေးခင်
ဒီအလုပ်ပဲ လုပ်ထားရမလား စဉ်းစားနေတယ်၊ ဆရာ ဘယ်လိုထင်လဲဟင်... နှောင်း အလုပ်လုပ်နိုင်ပါ့မလား''
မိန်းကလေးအတွက် အလုပ်သည် အလွန်သင့်တော်သော ကုသမှုတစ်ခုလည်း ဖြစ်သည်။ သူ တိုက်တွန်းဖို့
မလိုဘဲ အလိုအလျောက် တိုက်ဆိုင်လာသောကြောင့် သူဝမ်းသာရပြန်သည်။
''ဘယ့်နှယ် မေးလိုက်ပါလိမ့် နှောင်းရယ်... သိပ်အလုပ်လုပ်နိုင်တာပေါ့၊ နှောင်းဟာ တာဝန်တစ်ခုကို
လွယ်လွယ်နဲ့ မယူဘူးဆိုတာ ဆရာသိတယ်၊ ယူပြီးပြီဆိုရင်လဲ အဲဒီတာဝန်ကို ကျေပွန်အောင်
ဆောင်ရွက်မယ့်ဇွဲအပြည့်ရှိတာ ဆရာသိတယ်၊ အလုပ်တစ်ခု လုပ်တာနဲ့ သင်တန်းတစ်ခုတက်တာ တူသလိုလို
ထင်ရပေမယ့် တကယ်တော့ မတူဘူး၊ အလုပ်လုပ်တဲ့လူဟာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု အပြည့်အဝ
ဝင်လာမယ်၊ အဲဒီအခါမှာ ခွန်အားလဲ လိုလာမယ်၊ လိုတဲ့ခွန်အားကို ကိုယ့်ဟာကိုယ် ဆောက်တည်တတ်လာမယ်၊
နောက်ပြီး နှောင်းက ကျန်းမာရေး ကောင်းတာပဲ၊ ကိုယ်ခန္ဓာ ကျန်းမာရေးလဲ ကောင်းတယ်၊ စိတ်ကျန်းမာရေးလဲ
ကောင်းတယ်၊ နည်းနည်း စိုးရိမ်ပူပန်နေတာကလွဲရင်ပေါ့၊ နည်းနည်းပါးပါး စိုးရိမ်စိတ်ညစ်တာဟာ
ရောဂါမဟုတ်ဘူး နှောင်းရဲ့၊ အဲဒါကို မြဲမြဲမှတ်ထား''
နှောင်း မျက်နှာတွင် စိတ်ပေါ့ပါးသွက်လက်မှုကို သိသိသာသာ မြင်လိုက်ရသည်။
''စောစောက နှောင်းပြောလိုက်တဲ့ စကားထဲမှာ နှောင်း အရင်ကလို ကိုယ့်ကိုယ်ကို ယုံကြည်မှု
မရှိတော့ဘူးလို့ ပါတယ်... မှတ်မိတယ်နော်''
''ဟုတ်ကဲ့''
နှောင်းမျက်လုံးများ တောက်ပရာမှ မဆိုစလောက် သောကရိပ်များပင် လာပြန်သည်။ မတတ်နိုင်ပါ။
''အဲဒီစကား ကြားရတာ ဆရာစိတ်မကောင်းဘူး၊ နှောင်း ကိုယ့်ကိုယ်ကို ဘာတွေ မယုံမကြည်
ဖြစ်နေသလဲ...''
နှောင်း မဖြေပါ။ သူ့ကိုလည်း မကြည့်ပါ။ ကိုယ်ကိုရှေ့သို့ အနည်းငယ် ငိုက်ကာ
ကုလားထိုင်အစွန်းနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် မြဲမြံစွာ ကိုင်လျက် ကြမ်းပြင်ကို ငုံ့ကြည့်နေသည်။
''ဥပမာ... နှောင်း အခု ဒီအလုပ်လုပ်မယ်လို့ ဆုံးဖြတ်ထားပြီးပြီ ဆိုပါတော့၊ အင်တာဗျူးဖြေရမယ်...
အဲဒီအင်တာဗျူးမှာ နှောင်း မအောင်နိုင်ပါဘူးလို့ ကိုယ့်ကိုယ်ကို အားငယ်နေလို့လား''
သူမ ရုတ်တရက် သူ့ကို မော့ကြည့်၏။
''ဟင့်အင်း... အဲလိုတော့ အားမငယ်ပါဘူးဆရာ၊ နှောင်း လျှောက်လွှာတင်တုန်းက ပထမတစ်ကြိမ်
အင်တာဗျူး ဖြေခဲ့ပြီးသားပါ၊ နောက်တစ်ပတ်မှာ ဒုတိယတစ်ကြိမ် အင်တာဗျူး ထပ်ဖြေရမယ်၊ နှောင်း အဲဒါကို
မကြောက်ပါဘူး၊ သူတို့လိုချင်တဲ့ ကျွမ်းကျင်မှုတွေ နှောင်း ပေးနိုင်မယ်ဆိုတာ နှောင်း ယုံကြည်ပြီးသားပါ''
ဤစကား ကြားရသဖြင့် သူ့ဝမ်းမြောက်မှုမှာ အတိုင်းအဆမရှိပါ။
''အိုကေ...ဒါဖြင့် နှောင်း ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေတာပဲ ကလေးရဲ့၊ နှောင်း ပြောတဲ့
ယုံကြည်မှုမရှိဘူးဆိုတာ ဘာကိုပြောတာလဲ၊ ဂျပန်စာသင်ရတာ အရင်လို မလွယ်ဘူးထင်သလား''
''ဟင့်အင်း...အဲဒါလဲ ပြဿနာ မဟုတ်ပါဘူးဆရာ၊ နှောင်း ခန်းဂျီးအလုံး ရှစ်ရာလောက်
ကောင်းကောင်းမှတ်မိပါတယ်၊ ရေးနိုင်ပါတယ်''
''သိပ်တော်တာပဲ နှောင်း... ဆရာချီးကျူးပါတယ်''
သူတကယ် လှိုက်လှဲစွာ ချီးကျူးခြင်းဖြစ်ကြောင်း နှောင်း ခံစားရပါလိမ့်မည်။
''နှောင်း ဘာမဆို လုပ်ကြည့်ရင် ဖြစ်မယ်လို့ ယံ ုကြည်ပြီးသားပါ၊ နှောင်း မယုံတာက တစ်ခုတည်းပါ
ဆရာ၊ နှောင်းလေ... နှောင်းရဲ့ကံကြမ္မာကို နှောင်းမယုံဘူး၊ နှောင်း မသေဘူးလို့ ကိုယ့်ကိုယ်ကို ယုံကြည်အောင်
ဘယ်လောက်ပဲ ပြောပြော နှောင်း မယုံတော့ပါဘူးဆရာ၊ နှောင်း ဘယ်တော့မှ မသေဘူးလို့ နှောင်း
ယုံကြည်ချင်လိုက်တာ ဆရာရယ်၊ နှောင်း ဘာလုပ်ရမလဲဟင်...''
နှောင်း ငိုချလိုက်မလားဟု သူစောင့်နေသော်လည်း နှောင်းမငိုပါ။ နှောင်း၏ မျက်နှာတွင် ယူကျုံးမရ
နာကျင်မှု၊ အခံရခက်မှုတို့ကို တစ်ပြိုင်တည်း သူတွေ့နေရသော်လည်း မိန်းကလေးသည် မျက်ရည်ဝဲရုံမှအပ မငိုပါ။
သူ ကုလားထိုင်ကို ကွေ့၍ လျှောက်လာပြီး စောစောကလို နှောင်းနှင့်မျက်နှာချင်းဆိုင် ပြန်ထိုင်လိုက်၏။
''နှောင်း...''
နှောင်းက သူ့ကိုမော့ကြည့်သည်။ မျက်ရည်များဖြင့် စိုလက်တောက်ပသော မျက်ဝန်းများသည်
ဖြူဖွေးလွန်းသဖြင့် ပြာလဲ့နေကြသည်။ ကြယ်ပွင့်ကလေးများသဖွယ် တောက်ပပြိုးပြက်သော မျက်ဝန်းများတွင်
အားကိုးမှုကို သူကောင်းကောင်း မြင်တွေ့ရသည်။
''နှောင်းရဲ့ ကံကြမ္မာကို နှောင်း ယုံလာအောင် ဆရာ နည်းလမ်းတစ်ခု ပေးမယ်''
''မေမေ ပေးတဲ့ နည်းလမ်းတော့ မဟုတ်ပါဘူးနော်...ဆရာ''
သူ စိုးရိမ်မှု မပေါ်လွင်ောအင် ထိန်းချုပ်၍ ပြုံးလိုက်၏။
''မဟုတ်နိုင်ပါဘူး၊ နှောင်း မေမေက ဘာနည်းလမ်းပေးသလဲ''
''နှောင်းကို ဘုရားရှိခိုးပြီး ပုတီးစိပ်ခိုင်းတယ် ဆရာ၊ ပုတီးစိပ်ကြည့်တော့ နှောင်း စိတ်ပိုတိုလာတယ်''
ငယ်ရွယ်သေးသော နှောင်းကို တစ်ချိန်ချိန်မှာတော့ နှောင်းမေမေ တိုက်တွန်းနိုင်လာပါလိမ့်မည်။
''နှောင်း ဗုဒ္ဓဘာသာနော်''
''ဟုတ်ကဲ့''
''ဗုဒ္ဓကို ယုံသလား''
''ဆရာရော...''
သူ သဘောကျစွာ ပြုံးလိုက်သည်။
''ဆရာ့ထင်မြင်ချက် ယုံကြည်ချက်ကို နောက်တော့ ပြောမယ်၊ အခု နှောင်းရဲ့ ယုံကြည်ချက်ကို ဆရာ
သိချင်တယ်''
နှောင်း နှုတ်ခမ်းကလေး မသိမသာ စူသွားပြန်၏။ မကျေနပ်မှုကို သိမ်မွေ့စွာ ဖော်ပြခြင်းဟု
သူနားလည်သည်။
''ဗုဒ္ဓ ရှိခဲ့ဖူးတယ်ဆိုတာ နှောင်းယုံတယ်ဆရာ၊ ဗုဒ္ဓရဲ့ တန်ခိုးတော်တွေကို အတိုင်းအတာတစ်ခုထိ
နှောင်းယုံတယ်၊ ဒါပေမဲ့ ဆရာ... နှောင်း ပုတီးစိပ်ရုံနဲ့ နှောင်းကို လွန်ခဲ့တဲ့နှစ်ပေါင်း သုံးထောင်နီးပါးက
ကွယ်လွန်သွားတဲ့ တန်ခိုးရှင်တစ်ယောက်က ဘာတွေများ ပြောင်းလဲပေးနိုင်မှာလဲ၊ နှောင်းမှာ ရောဂါတစ်ခုရှိရင်
ဆရာဝန်ဆီ ခွဲစိတ်ကုသမှ နှောင်းပျောက်မှာပေါ့၊ ပုတီးစိပ်ရုံနဲ့ ပျောက်မလား၊ မေမေပြောတာက နှောင်း ပုတီးစိပ်ရင်
နှစ်ဆယ့်လေးနှစ်မှာ သေမယ်ဆိုတဲ့ ကိစ္စကြီးတောင် မသေတော့ဘူး...တဲ့''
ကလေးသဖွယ် နှာခေါင်းရှုံ့လျက် မယုံသလို မဲ့ပြုံးပြုံးပြောတော့ သူရယ်ချင်လျက်ကပင် စိတ်မကောင်း
ဖြစ်သွားသည်။
''အဲဒါတော့ နှောင်း မယုံနိုင်ဘူး ဆရာ''
''ဒါပေမဲ့ စိတ်ကြည်လင်သန့်စင်နေတဲ့လူဟာ နုပျိုတယ်၊ အသက်ရှည်တယ်၊ လောဘဒေါသများတဲ့လူက
ရင့်အိုတယ်၊ အသက်တိုတယ်၊ အဲဒါရော နှောင်းယုံရဲ့လား''
''အဲဒါတော့ နှောင်း ယုံပါတယ် ဆရာ''
''အေးပေါ့၊ နှောင်းမေမေဆိုလိုတာလဲ အဲဒီနည်းပါပဲ၊ သူ ကောင်းကောင်း မရှင်းပြတတ်လို့ပါ၊
ဘာပဲဖြစ်ဖြစ် ပုတီးစိပ်တာထက် ကောင်းတဲ့နည်းကတော့ မက်ဒီတေးရှင်းပဲ''
''ဝိပဿနာအားထုတ်တာကို ပြောတာမဟုတ်လားဆရာ... သင်္ဘောပေါ်မှာ တွေ့တဲ့မိန်းမကလဲ နှောင်းကို
အဲလိုပဲ ပြောတယ်၊ သူ ပြောလို့ကို နှောင်း အဲဒါကို မကြိုးစားချင်ဘူး''
''မဟုတ်ဘူး၊ နှောင်း... ကိုယ်ပြောတဲ့ မက်ဒီတေးရှင်းက စိတ်ကို စူးစိုက်နည်းတစ်မျိုးပါ၊
သမထဘာဝနာလို့ခေါ်ရင် ရမယ်၊ ဝိပဿနာဘာဝနာလောက် မခက်ပါဘူး၊ လွယ်လွယ်ကလေး၊ စိတ်ကို
ဆောက်တည်ဖို့ အကောင်းဆုံးနည်းပဲ၊ အဲဒါ တဖြည်းဖြည်း နှောင်း ကျင့်ရမယ်နော်၊ လောလောဆယ် ဆရာပြောမယ့်
နည်းလမ်းက အဲဒါမဟုတ်သေးဘူး၊ အဲဒီလောက်တောင် မခက်ဘူး၊ အင်္ဂလိပ်လို ဆပ်ဂျက်ရှင်းလို့ ခေါ်တယ်...
နှောင်း ကြားဖူးလား''
''ဟုတ်ကဲ့၊ အဓိပ္ပာယ်က အကြံဉာဏ်ပေးခြင်း၊ ညွှန်းဆိုခြင်း...''
သူ သဘောကျစွာ ပြုံး၍ ခေါင်းညိတ်လိုက်၏။ တော်လိုက်တဲ့ကလေးမ။
''ဟုတ်တယ်၊ ဆရာတို့ ဆိုက်ခီယာထရီ ဝေါဟာရနဲ့ပြောရင် ညွှန်းခြင်းလို့ ပြောရမယ်၊ ဥပမာ
လူတစ်ယောက်ကို မင်း မနက်လေးနာရီမှာ အိပ်ရာထလိမ့်မယ်၊ ဘယ်သူမှ မနှိုးရဘဲ အိပ်ရာက ထလိမ့်မယ်လို့
ညအိပ်ရာဝင်မှာ ညွှန်းရင် အဲဒီလူဟာ တကယ်ကို မနက်လေးနာရီမှာ အလိုအလျောက် နိုးလာတယ်... အဲဒါမျိုးပေါ့၊
ဆရာပြောချင်တာက ကိုယ့်ကိုယ်ကို ညွှန်းခြင်း၊ အဲဒါကို အော်တို ဆပ်ဂျက်ရှင်းလို့ ခေါ်တယ်''
''နှောင်း သိပြီဆရာ.. နှောင်း နှစ်ဆယ့်လေးနှစ်မှာ မသေဘူးလို့ ညအိပ်ရာဝင်တိုင်း ညွှန်းပေးရမယ်...
ဒီလိုလား''
နှောင်းက သရော်တော်တော်ပြုံးလျက် မေးတော့ သူမခံချိမခံသာ ခေါင်းယမ်းပစ်လိုက်၏။
''ဆရာပြောမယ့်နည်းက အဲဒီလောက် တိုက်ရိုက်မကျပါဘူး နှောင်း''
နှောင်းမျက်နှာတွင် စိတ်ဝင်စားမှု အရိပ်အယောင်ကလေး သိသိသာသာ ပေါ်လာလေသည်။
''နှောင်းဘဝမှာ နှောင်းဖြစ်ချင်တဲ့ ရည်ရွယ်ချက်တွေ စိတ်ကူးတွေတော့ ရှိနေမှာပေါ့နော်''
''ရှိတာပေါ့ ဆရာ''
နှောင်းကဲ့သို့ တိုးတက်အောင်မြင်လိုစိတ် ပြင်းပြသော မိန်းကလေး တစ်ယောက်အတွက် သူ့နည်းမှာ
များစွာ အသုံးဝင်နိုင်ပါသည်။
''ပထမဆုံး အဖြစ်ချင်ဆုံးအရာဟာ ဘာလဲ... ကိုယ့်ဟာကိုယ် တွေးရမယ်၊ တကယ်ဖြစ်ချင်တဲ့အရာပေ့ါ၊
တွေးပြီးရင် အဲဒါကို စာရွက်တစ်ခုပေါ်မှာ ချရေးရမယ်၊ အဲဒီနောက် ဒုတိယဖြစ်ချင်တဲ့အရာဟာ ဘာလဲ...တွေးရမယ်၊
တွေးပြီးတော့ အဲဒါကို ချရေးရမယ်၊ အဲဒီလို တွေးတဲ့အခါ ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့ စိတ်မျိုးနဲ့ မတွန့်ဆုတ်မိစေနဲ့၊
ဖြစ်ချင်တာကို ဖြစ်အောင် လုပ်ဖို့က နှောင်းတာဝန်ပဲ မဟုတ်ဘူးလား၊ ဥပမာ... နှောင်းက
ဆွစ်ဇာလန်တောင်တန်းပေါ်မှာ နှင်းလွှာလျှောစီးဖို့ အရမ်းမျှော်လင့်တောင့်တတယ်၊ နှောင်းက မြန်မာနိုင်ငံမှာ
ရှိနေတဲ့အတွက် ဒီမျှော်လင့်ချက်က မဖြစ်နိုင်ဘူးလို့ မတွေးပါနဲ့၊ ချရေးလိုက်ပါ၊ ပြီးရင် နှောင်း ဆွစ်ဇာလန်ကို
ရောက်အောင် သွားရမယ်.. ဟုတ်ပလား၊ လောကမှာ မဖြစ်နိုင်ဘူးဆိုတဲ့အရာ မရှိဘူးနှောင်း''
နှောင်း စိတ်ဝင်စားပုံ ပေါ်ပါသည်။
''အဲဒီလို ချရေးပြီးရင် နောက်တစ်ပတ်မှာ ဆရာ့ကို ပြရမယ်နော်၊ ဆရာ ဖတ်ကြည့်မယ်... ဆရာဖတ်မှာကို
နှောင်းက ရှက်စရာ မလိုဘူး၊ နှောင်းရဲ့ မျှော်လင့်ချက်တွေ အဲင်မ်ဘီးရှင်းတွေကို ဆရာဖြစ်နိုင် မဖြစ်နိုင် ဝေဖန်မှာလဲ
မဟုတ်ဘူး၊ ဥပမာ နှောင်းက ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းတစ်ကျွန်းကို အပိုင်ဝယ်ချင်တယ်... ဒါကို ဆရာ့အပေါ်
ရှက်စရာမလိုဘဲ ရဲရဲတင်းတင်း ရေးချပါ၊ တစ်ခုတော့ ရှိတယ်၊ နှောင်း ရေးချတဲ့ မျှော်လင့်ချက်ကို ဖြစ်အောင်လုပ်ဖို့
နှောင်း တာဝန်ယူရမယ်နော်၊ တစ်နှစ်နဲ့ မဖြစ်ရင် ငါးနှစ်၊ ငါးနှစ်နဲ့ မဖြစ်ရင် ဆယ်နှစ်၊ တစ်ချိန်ချိန်မှာ ဖြစ်ရမယ်၊
နှောင်း ချရေးတဲ့ ရက်စွဲလဲ ရေးထားပါ၊ တစ်ခုပြီးတစ်ခု ရည်ရွယ်ချက်တွေ... အောင်မြင်သွားတဲ့ ရက်စွဲတွေရော
ရေးမှတ်ထားပါ၊ အဲဒါ နှောင်းအတွက် ဒီတစ်ပတ်စာ အိမ်စာပဲ၊ နောက်တစ်ပတ် ဆရာ့ဆီလာတဲ့အခါ
အဲဒီစာရွက်ယူလာခဲ့ပါ၊ နံပါတ်အစီအစဉ်တွေ ကန့်သတ်ချက်မရှိဘူးနော်၊ အချက်များရင် များသလို ငါးဆယ်တစ်ရာ
ကြိုက်သလောက်ရေး''
နှောင်းမျက်နှာကလေး ကြည်လင်လာသည်။ စူးစမ်းသည့် အရိပ်အယောင်ကိုလည်း မြင်ရသည်။
သူပြုံးပြလိုက်၏။
''ဆရာ့အတွေ့အကြုံတစ်ခု ဆရာပြောပြချင်တယ်၊ အော်တိုဆပ်ဂျက်ရှင်းနဲ့ ပတ်သက်တာ တစ်ခုပါ၊
ဆရာငယ်ငယ်က ဆရာတို့မိဘတွေ အရမ်းနွမ်းပါတယ်၊ ဒါထက် ဆိုးတာက မြို့ပေါ်မှာ မဟုတ်ဘဲ
တောနယ်ကလေးတစ်ခုမှာ နေရတယ်၊ ဧရာဝတီမြစ်ရဲ့ အနောက်ဘက် ကမ်းရွာကြီးတစ်ခုပေါ့၊ ရှောက်တောဆိုတဲ့
ရွာကြီး၊ အလယ်တန်းကျောင်းတောင် မရှိသေးတဲ့အချိန်က ပွင့်ဖြူဆိုတဲ့ မြို့မှာ အလယ်တန်းကျောင်း
သွားတက်ရတယ်၊ အဲဒီမှာ ဆရာ ခြောက်တန်းရောက်တော့ စိတ်ရောဂါနဲ့ ဆရာ စ တွေ့တယ်၊ ဆရာ့အမေရဲ့
အစ်မတစ်ယောက် အဲဒီဝေဒနာ ရတယ်၊ အဲဒီတုန်းကတော့ အရူးလို့ပဲ သတ်မှတ်ပြီး ဆေးကုတော့လဲ
သာမန်ဆေးမှူးနဲ့ ကုတာပေါ့၊ နောက်တဖြည်းဖြည်းနဲ့ ဆရာ့အရီးလဲ စိတ္တဇဝေဒနာနဲ့ပဲ ဆုံးသွားတယ်၊ အရီး
ဆုံးတော့ ဆရာရှစ်တန်း ရောက်ပြီ၊ အဲဒီအချိန်မှာ အရီးလိုလူမျိုးတွေကို ဆေးကုပေးချင်စိတ်
အရမ်းပြင်းထန်နေခဲ့တယ်၊ ဒါနဲ့ ဆရာ့ဆရာတွေ၊ မြို့ကျောင်းက ဆရာတွေကို မေးတော့ ဆိုက်ခီယာထရီဆိုတဲ့
ဘာသာရပ်နဲ့ ဆိုက်ခီယားထရစ်စ်တ်ဆိုတဲ့ ဘာသာရပ်ကို သိရတယ်၊ ဆရာဝန်ဘဝကနေ ထပ်တက်ရတယ်ဆိုတာပါ
သိလာခဲ့ရတယ်၊ အဲဒီညမှာ ဆရာ့စာကြည့်စားပွဲ နံရံမှာ စာရေးပြီးကပ်ထားလိုက်တယ်၊
ဆိုက်ခီယားထရစ်စ်တ်တစ်ယောက် ဖြစ်ရန်ဆိုတဲ့ ရည်မှန်းချက်ကိုပေါ့''
လိုသည်ထက်ပို၍ စကားများများ ပြောမိပြီလားဟု သူစိုးရိမ်ကာ မိန်းကလေးကို ငုံ့ကြည့်လိုက်၏။
မိန်းကလေး စဉ်းစားနေသည်။ သူ စိတ်ရှည်လက်ရှည် ထိုင်စောင့်နေ၏။
''ဘယ်နှယ့်လဲ နှောင်း၊ အဲဒီနည်းကို စိတ်ဝင်စားတယ် မဟုတ်လား''
''ဟုတ်ကဲ့ဆရာ... နှောင်း ကြိုးစားမယ် ဆရာ''
သူ ကျေနပ်သွား၏။
''ဒါနဲ့ စောစောက ဆရာ နှောင်းကို ဖြေဖို့ တစ်ခု အေြ<ွကးကျန်သွားသေးတယ်''
''ဘာပါလိမ့် နှောင်း...''
သူ ရုတ်တရက် စဉ်းစားမရဘဲ ဖြစ်နေသည်။ နှောင်းက စူပုပ်ပုပ် ပုံစံကလေးဖြင့် ပြုံးလေသည်။
''ဗုဒ္ဓနဲ့ ပတ်သက်တဲ့ ဆရာ့ယုံကြည်ချက်...''
''သြော်... ဟုတ်သားပဲ''
သူ ပြုံးရယ်ကာ ခေါင်းညိတ်လိုက်၏။ သူ သတိထား၍ ဖြေပါသည်။
''ဗုဒ္ဓကို ဆရာက ဖီလိုဆိုဖာတစ်ယောက်အနေနဲ့ သိပ်လေးစားတယ်၊ ဗုဒ္ဓက ဆရာတို့လူသားတွေအတွက်
ကိုယ်ကျင့်သိက္ခာ၊ သီလ၊ အားလုံး ညွှန်ကြားသွားတယ်၊ လောကကောင်းကျိုးအတွက် နောက်ဆုံးအချိန်အထိ
တရားပြသွားတယ်၊ ဆရာ ဗုဒ္ဓကို သိပ်လေးစားပါတယ် နှောင်း...''
''ဗုဒ္ဓရဲ့ တန်ခိုးတော်တွေရော...''
နှောင်းက စိတ်ဝင်စားစွာ ထောက်မေး၏။ သူ နည်းနည်းတွန့်ဆုတ်သွားသည်။
''တန်ခိုးပြာဋိဟာဆိုတာ နိဗ္ဗာန်ရောက်ကြောင်း တရားလောက် ခက်ခဲတာမှ မဟုတ်ဘဲ နှောင်းရဲ့...
ဖြစ်နိုင်ပါလိမ့်မယ်၊ စိတ်စွမ်းအင် ဆိုတာကို ယုံကြည်တဲ့လူဟာ ဗုဒ္ဓရဲ့ တန်ခိုးတော်တွေကိုလဲ ယုံကြည်လာတာပဲ၊
နှောင်းက မယုံလို့လား''
''အို... ယုံပါတယ် ဆရာ၊ နှောင်း ပြောပြီကော၊ အတိုင်းအတာ တစ်ခုအထိ ယုံပါတယ်လို့၊ အရင်က
သိပ်မယုံချင်တာတစ်ခုတောင် အခုယုံသွားပြီ ဆရာရဲ့''
''ဘာများပါလိမ့်''
''ဗုဒ္ဓက ရောင်ခြည်တော်ခြောက်သွယ်လွှတ်တယ်ဆိုတာလေ၊ အရင်က အဲဒါကို နှောင်း
သိပ်လက်မခံချင်ဘူး၊ အခုတော့ နှောင်း ဘယ်လိုတွေးသလဲဆိုတော့ ဗုဒ္ဓရဲ့ မျက်တော်ဟာ သန့်စင်မှုနဲ့
ကြည်လင်တောက်ပလွန်းလို့ အဲဒီတောက်ပမှုဟာ ပတ်ဝန်းကျင်မှာ ရောင်ခြည်အဖြစ် ပေါ်ထွက်လာတာ
ဖြစ်နိုင်တယ်''
သူ မသိမသာ မျက်မှောင်တွန့်ပြုံးသည်။ ဆက်ပြောဟူသော အဓိပ္ပာယ်ဖြင့် မေးဆတ်ပြလိုက်၏။
''လူသာမန်တစ်ယောက်ရဲ့ မျက်နှာမှာတောင် စိတ်နှလုံးသန့်စင် ကြည်လင်မှုကြောင့် ကြည့်ရတဲ့လူအတွက်
အလင်းကို ခံစားရသလို ကူးစက်နိုင်သေးရင် အဆပေါင်းများစွာ မနှိုင်းယှဉ်သာအောင် သန့်စင်ကြည်လင်တော်မူတဲ့
ဗုဒ္ဓဆိုရင်တော့ ပြောစရာတောင် မလိုတော့ဘူးလေ ဆရာရဲ့''
''တယ်ဟုတ်ပါလား နှောင်း၊ အလင်းကို ခံစားရလောက်အောင် ကြည်လင်တဲ့ မျက်နှာမျိုး တွေ့ဖူးလို့လား''
''ဆရာ့မျက်နှာလေ''
ဘုရားရေ...။
သူ နှောင်းကို ဂရုတစိုက် ကြည့်မိတော့ မသင်္ကာဖွယ်ရာ စိတ်ပုံမမှန် ဖြစ်မှု တစ်ခုမှ မတွေ့ရ။
မသိမသာကလေး ပြုံးနေပုံက အပြစ်ကင်းစင် လှသည်။ ပြုံးမှန်းသိသိ ပြုံးပြနေခြင်း မဟုတ်ဘဲ ပြုံးမှန်း မသိစွာ
ပြုံးနေမိသော မျက်နှာကလေး...။ ထိုမျက်နှာကလေးကို သူ သတိလက်လွတ် ငေးမောမိသွား၏
ဂျူး
အပိုင်း ၉ မနက်ဖြန်ဆက်ပါဦးမည်...
Comments