အခန်း(၁၄)
မန္တလေးစိတ်ရောဂါကုဆေးရုံမှာ မောင်နှင့်သီ စတွေ့ကြတော့ မောင်က အလုပ်သင်ဆရာဝန်၊ သီက စိတ်ပညာ နောက်ဆုံးနှစ် ကျောင်းသူ။ မောင့်မျက်လုံးများကို သီ အလွန်သဘောကျခဲ့သည်။ မောင့်မျက်လုံးက ယောကျ်ားတစ်ယောက်၏ မျက်လုံးများ မဟုတ်ဘဲ ဆရာဝန်တစ်ယောက်၏ မျက်လုံးများ ဖြစ်သည်။ နူးည့ံသိမ်မွေ့သော၊ အာရုံစူးစိုက်သော မျက်လုံးများ ဖြစ်သည်။
သီတို့ စိတ်ပညာ နောက်ဆုံးနှစ် ကျောင်းသားအဖွဲ့ကို စိတ်ရောဂါ လူနာများဖြင့် ပြသ၍ ဆရာဝန်က လက်တွေ့ရှင်းလင်း သင်ကြားရာတွင် မောင်က လက်ထောက်အဖြစ် ကူညီရသည်။ မှတ်မှတ်ရရ ကွန်ဗားရှင်း ဟစ်စ်တီးရီးယားဟု ခေါ်နိုင်သည့် စိတ်ဝေဒနာကြောင့် လက်တစ်ဖက် အကြောသေသွားသည့် မိန်းကလေးတစ်ယောက်၊ ညစဉ် လူခြေတိတ် အိပ်မောကျနေချိန်တွင် နှဲကြီး ထထမှုတ်လေ့ရှိသည့် စိတ်စွဲဝေဒနာသည် ကောင်လေးတစ်ယောက်၊ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့သည့် စိတ်ဝေဒနာသည် အဘွားကြီး တစ်ယောက်၊ မိမိ၏သားကို မိမိကိုယ်တိုင် ပြန်သတ်ခဲ့သော စိတ်ကျဝေဒနာသည် မိန်းမတစ်ယောက်...။ ထိုမိန်းမကို လျှပ်စစ်ကုထုံးဖြင့် ကုတာကို ကြည့်ရသေး၏။
မောင်က လူနာအမျိုးသမီးကို ခုတင်ပေါ်တွင် ပက်လက်လဲလျောင်းစေပြီး နားထင်နှစ်ဖက်တွင် လျှပ်စစ်ကုထုံးကိရိယာ၏ အီလက်ထရုတ်များ တပ်ပေးခဲ့သည်ကို တစ်ဖွဲ့သားလုံး ကြက်သီးထစွာ ငေးကြည့်နေခဲ့သည်။
''ကြောက်စရာကြီးနော်''
အဲသည်တုန်းက အသက်၂၂နှစ်အရွယ် သီက ရုတ်တရက် လူနာရှေ့မှာ ရေရွတ်မိတော့ မောင်က သီ့ကိုဗြုန်းခနဲ လှည့်ကြည့်သည်။ မောင့်မျက်လုံးများက မှုန်တေတေ မာကျောကျော ဖြစ်နေ၏။
''တစ်ဆိတ်ခင်ဗျာ... စကားမပြောပါနဲ့''
ထို့နောက် လျှပ်စစ်စီးစေသော ခလုတ်ကို ဖွင့်လိုက်သည့် မောင့်လက်များက ကျွမ်းကျင်လှ၏။ အမျိုးသမီး၏ ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ် တုန်ခိုက်လာ၏။ ခြေလက်အင်္ဂါများ အကြောဆွဲကာ ခုတင်နှင့် တဗြန်းဗြန်း ရိုက်ပုတ်ထိခတ်သည်ကို သီတို့ ကြောက်ရွံ့စွာ ငေးကြည့်နေကြသည်။ ခဏအတွင်း အမျိုးသမီး ငြိမ်သက်သွားသည်။
အားလုံးပြီးတော့ မောင်က လျှပ်စစ်ကုထုံးနှင့် ပတ်သက်ပြီး သီတို့အဖွဲ့ကို စိတ်ရှည်စွာ ရှင်းပြသည်။
''ဒါ... ခင်ဗျားတို့ ထင်သလို ကြောက်စရာ မကောင်းပါဘူး၊ ကျွန်တော် လွှတ်ပေးတဲ့ လျှပ်စစ်ဗို့အားက တစ်ရာ့သုံးဆယ်၊ ဒါမှမဟုတ် တစ်ရာ့ငါးဆယ်လောက်ပဲ ရှိပါတယ်၊ လွှတ်တဲ့အချိန်ကလဲ တစ်စက္ကန့်ရဲ့ ဆယ်ပုံတစ်ပုံကနေ အများဆုံး စက္ကန့်ဝက်လောက် အထိပါပဲ၊ လျှပ်စစ်ဓာတ်ရဲ့ မြန်နှုန်းက နာ့ဗ်ကြော နှိုးဆွအားရဲ့ မြန်နှုန်းထက် ပိုပါတယ်၊ ဒီတော့ လူနာမှာ နာကျင်ရမှန်း လုံးဝမသိလိုက်ပါဘူး''
ထို့နောက် အနည်းငယ်ပြုံးကာ 'ခင်ဗျားတို့ စာကျက်ခဲ့မယ်လို့ ကျွန်တော် ထင်နေတာ' ဟု သိမ်မွေ့စွာ အပြစ်ဆိုသည်။
မောင်နှင့် သီ နှစ်ပတ်တိတိ ဆေးရုံတွင် တွေ့ရ၏။
စကီဇိုဖရီးနီးား ဝေဒနာသည် အမျိုးသမီးကလေး တစ်ယောက်အကြောင်း ဆရာဝန်က ရှင်းပြနေစဉ် မောင်လည်း အနားမှာ ရှိသည်။ သူမအား အထက်ကောင်းကင်ဆီမှ အသံများက အမိန့်ပေးသည့်အတိုင်း ပြုမူဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ထိုအထက်ပုဂ္ဂိုလ်များသည် သူမအား အစွမ်းသတ္တိထူးတစ်ခု ပေးအပ်တော့မည်ဟု ပြောကြောင်း၊ ထိုအစွမ်းသတ္တိမှာ လူတွေရဲ့ အနာဂတ်ကို ကြိုမြင်နိုင်စွမ်းဖြစ်ကြောင်း တတွတ်တွတ်ပြောရင်း မအိပ်နိုင် မစားနိုင် ဖြစ်လာသော မိန်းကလေးဖြစ်သည်။ ထိုမိန်းကလေးသည် သူမ၏ အန္တရာယ်မှန်သမျှအား အထက်ပုဂ္ဂိုလ်များက ညွှန်ပြဖယ်ရှားပေးမည်ဟု ယုံကြည်နေ၏။ ဆေးရုံရောက်ရခြင်း အကြောင်းရင်းမှာ မိန်းကလေးသည် ရွာထဲတွင် သူမနှင့်အတူ စျေးရောင်းနေသော အမျိုးသမီးတစ်ဦးအား ထန်းသီးမုန့်လှီးသည့်ဓားဖြင့် ထိုးမှုဖြစ်သည်။ မိန်းကလေး၏ အပြောအရ အထက်ပုဂ္ဂိုလ်များက ထိုမိန်းမကို သတိထားရန်၊ ထိုမိန်းမမှာ မိန်းကလေး၏ အသက်ကို လုပ်ကြံမည့်သူ ဖြစ်သောကြောင့် သူမက အလျင်ဦးအောင် လုပ်ရန် သတိပေးသည်...တဲ့။ ထိုမိန်းကလေး၏ မျက်နှာမှာ မျက်နှာသေ။ ဗလာသက်သက် မျက်လုံးများ ဖြစ်၏။
အတန်းပြီးသွားတော့ သူငယ်ချင်း အချင်းချင်း စ နောက်ကြသည်။
''ဒီကောင်မလေး ရူးတယ်ဆိုတာ ဟုတ်ချင်မှဟုတ်မှာ၊ အထက် ပုဂ္ဂိုလ်ဆိုတာ တကယ်ရှိလားမှ မသိ၊ ငါ စိတ်ဝင်စားတယ်ဟ''
သီ ရယ်မောနောက်ပြောင်ချိန်တွင် မောင်က ဘေးက ဖြတ်သွားရင်းကြားကာ ဖျတ်ခနဲ လှည့်ကြည့်၏။
''ဘာလဲ... ဒေါက်တာက ကျွန်မပါ ရူးသွားပြီ ထင်သလား''
ပြုံး၍ သီမေးတော့ မောင်မဖြေဘဲ သီ့ကို ခပ်တည်တည် စူးစိုက်ကြည့်နေခဲ့သည်။ သီ ကမန်းကတန်း မျက်နှာတည်လိုက်၏။
''ရှေ့ဖြစ်ကြိုမြင်ခြင်းဆိုတဲ့ ပရီကော့ဂ်နေးရှင်းအတတ်ကို ဒေါက်တာ ဘယ်လိုမြင်ပါသလဲ''
မောင် ပြုံးလာသည်။
''ကျွန်တော် မယုံဘူး''တဲ့။
''အဲဒီ ဘာသာရပ်ကို ကျွန်မသိပ်စိတ်ဝင်စားတယ် ဒေါက်တာ၊ ဒါကြောင့် ကျွန်မ ဆိုက်ကိုလိုဂျီ ယူခဲ့တယ်၊ ဒါပေမဲ့ ဒီဘာသာရပ်က ပါရာဆိုက်ကိုလိုဂျီ ဖြစ်နေတယ်''
''ကျွန်တော် ခင်ဗျားကို အကောင်းဆုံး အကြံဉာဏ်တစ်ခု ပေးရမလား''
''ဟုတ်ကဲ့၊ ကျေးဇူးအများကြီး တင်ပါတယ် ဒေါက်တာ၊ ဒေါက်တာပေးမယ့် အကြံက ဘာများပါလိမ့်''
မောင်က သီ့အနားမှာ သီနှင့်အတူ ဖြည်းဖြည်းလိုက်လျှောက်ရင်း စကားပြောသည်။
''လွန်ခဲ့တဲ့လက ကျွန်တော့်ဆရာဆီ ကျွန်တော်လာလည်တော့ ဆရာ လူနာသစ်တစ်ယောက်ကို စိတ်အခြေအနေ စစ်ဆေးနေတယ်၊ အဲဒီလူနာက သူ့ကိုယ်သူ ထွက်ရပ်ပေါက်ဝိဇ္ဇာဆိုပြီး ရူးနေတဲ့လူပဲ၊ သူက ဝိညာဉ်တွေရဲ့ စကားကိုတောင် ကြားနိုင်သတဲ့၊ သူ ဒီဝိဇ္ဇာပညာကို လေ့လာနေတာ ကြာလှပြီတဲ့၊ ဆေးရုံကို ရောက်လာတော့ အဲဒီဝိဇ္ဇာကြီး ပုဆိုးတောင် မကပ်ဘူး''
သီ့ပါးပြင်များ နွေးခနဲ ဖြစ်သွား၏။
''ဒေါက်တာ ဆိုလိုတာက...''
သူ သီ့စကားမဆုံးခင် ဖြတ်လျက် 'မသီသီကို ကျွန်တော်မရူးစေချင်ဘူးဗျာ' ဟု ခပ်တည်တည်ပြောပြီး သွက်လက်စွာ ရှေ့ဆက်လျှောက်သွား၏။ သီ သူ့ကို သဘောလည်းကျ၊ ဒေါလည်းပွကာ အူကြောင်ကြောင် ကျန်ရစ်ခဲ့သည်။ စိတ်ပညာကို ဝါသနာပါသူ၊ ကျောင်းသင်ခန်းစာ၏ ပြင်ပဖြစ်သော ပရစိတ်ပညာများကို လေ့လာလိုသူ သီ့အတွက် စိတ်ရောဂါကု ဆရာဝန်ဖြစ်ရန် စိတ်ထက်သန်လှသော မောင်နှင့်တွေ့ဆုံ လက်ထပ်ခဲ့ခြင်းမှာ သိပ်တော့ အံ့သြဖွယ်ရာ မရှိပါ။
မောင့်ကို ချစ်မြတ်နိုးသည်ဟု သီထင်ခဲ့သည်။ မောင်နှင့် လက်ထပ်ရလျှင် သီပျော်ရွှင်ရမည်ဟု ထင်ခဲ့သည်။ ကုထုံးဆိုင်ရာ စိတ်ပညာ (Clinical Psychology) ကို သီက ဆက်တက်မည်။ သီ စိတ်ဝင်စားသော ပရစိတ်ပညာကို မောင့်အကူအညီဖြင့် ဆက်လက်လေ့လာမည်။ မောင်က စိတ်ရောဂါကုဆရာဝန်၊ မောင်နှင့်သီ နှစ်ယောက်အတူ လူတွေ၏စိတ်ကို ခွဲခြမ်းစိတ်ဖြာ ကုသကြမည်။ သီ့စိတ်ကူးနှင့် မောင့်စိတ်ကူး ပေါင်းစပ်ကာ သီတို့ နှစ်ယောက် လက်ထပ်ဖြစ်ခဲ့ကြသည်။
တကယ်တမ်း လက်ထပ်ပြီးသည့်အခါမှာတော့ သီသည် အိမ်ထောင်ရှင်မကောင်းတစ်ယောက် ဘယ်တော့မှ မဖြစ်နိုင်ကြောင်း သိလာရလေသည်။ လက်ထပ်ခြင်းသည် သီ့ဘဝတွင် အကြီးမားဆုံးသော မှားယွင်းမှု ဖြစ်သည်။ ထိုမှားယွင်းမှုကြောင့် သီ့အတွက် လောကီဆိုင်ရာ ဆုံးရှုံး နစ်နာမှု မရှိခဲ့ရသော်လည်း မောင့်အတွက်တော့ ဘဝတစ်ခုလုံး ထိခိုက်နာကျင်စေခဲ့သည်။ ဤအတွက်လည်း သီ့ကိုယ်သီ မှားလိုက်တာဟု ယူကျုံးမရ ဖြစ်ရုံမှတစ်ပါး မောင့်ဘက်က စဉ်းစားပေးရန် အလွန်နောက်ကျသွားခဲ့ပြီ။
မောင် မြတ်နိုးသော၊ မောင် မက်မောသော အိမ်ထောင်ရေး ခံစားမှု၊ အိမ်ထောင်သည်ဘဝ ဆက်ဆံရေး ပျော်ရွှင်မှု စသည်တို့ကို သီက ရှက်ရွံ့သည်။ မနှစ်မြို့ဖွယ်ရာဟု သတ်မှတ်၍ တတ်နိုင်သမျှ တိမ်းရှောင်သည်။ စိတ်ပညာကို ဝါသနာပါ၍ ဆရာဝန်ပီပီ လက်တွေ့ကျသော မောင်သည် သီ့အတွက် အကောင်းဆုံးဖြစ်ရန် ကာလအတန်ကြာ စိတ်ပူပန်စွာ ကြိုးစားခဲ့လေသည်။ နောက်ဆုံးတော့ မောင့်ဆရာ (စိတ်ရောဂါ အထူးကု) ဆီသွား၍ ပြသအကူအညီ တောင်းခဲ့သည်အထိ မောင် သီ့ကို ပြုပြင်ပေးခဲ့သည်။ ဆရာဝန်က သီ့ရောဂါကို ရှာဖွေစစ်ဆေး သော်လည်း စိတ်ရောဂါမရှိဟု မှတ်ချက်ချခဲ့သည်။
မောင်နှင့်ပဋိပက္ခ ဖြစ်ရသော အကြောင်းများအနက် အထင်ရှားဆုံးတစ်ခုမှာ သီ သတ်သတ်လွတ်စားမှု ဖြစ်သည်။
''သီ ပညာတတ်မဟုတ်ဘူးလား သီရဲ့၊ ကမ္ဘာပေါ်မှာ သက်ရှိသတ္တဝါမျိုးစိတ်တွေ အများကြီး၊ မျိုးစိတ်တစ်ခု အသက်ရှင် ရပ်တည်ဖို့ နောက်မျိုးစိတ်တစ်ခုက အသက်သေနေရတာပဲ၊ ဒါ သဘာဝတရားရဲ့ ဖန်တီးချက်ပဲ သီ၊ သူတို့ဟာ မောင်တို့လူသားတွေ စားသုံးရမယ့် အာဟာရတွေ၊ အာဟာရကို အာဟာရအဖြစ် သဘောထားပြီး စားမှပေါ့''
''ဟင့်အင်း... သီ သနားတယ်၊ သီ အဆောင်နေ ကျောင်းသူဘဝတုန်းက ဘယ်လိုမှ အဆင်မပြေလို့ မွေးနေ့တစ်ခုပဲ သတ်သတ်လွတ်စားပြီး ကျန်တဲ့ရက်တွေမှာ အသားငါးတွေ မျိုချနေရတယ်၊ သီ မစားရက်ဘူး၊ အခု မောင့်ဆီ ရောက်တော့ စားပါရစေတော့နော်''
''ဘုရားရေ... အဲဒါမှ ဒုက္ခပဲ သီ''
နောက်ပိုင်းမှာ နေ့တိုင်း အသားလွတ် မစားရလျှင် မျိုမကျသော အကျင့်ရလာသည်။ မောင်က သီ့ကို စိတ်ပျက်လက်ပျက် ဖြစ်လာသည်။
''သီ ဗုဒ္ဓဘာသာအကြောင်း ဘယ်လောက်နားလည်လို့လဲ''
ညအိပ်ရာဝင်တိုင်း ဘုရားမရှိခိုးသော၊ မဟာမြတ်မုနိဘုရား ရောက်တိုင်း သီတိုက်တွန်းမှ ဘုရားကန်တော့ရန် သတိရသော မောင်သည် သီ့တွင် ဗုဒ္ဓဘာသာ စစ်စစ်မဟုတ်သည့် မိရိုးဖလာဗုဒ္ဓဘာသာစွဲ ရှိနေသည်ဟု စွပ်စွဲ၏။
''ဗုဒ္ဓက အသားဘုဉ်းပေးတာ သီသိတယ်နော်'' ဟု တစ်မျိုး...
''ဗုဒ္ဓက သတ်သတ်လွတ်စားဖို့ ဘယ်တုန်းကမှ ပညတ်ခဲ့တာ မဟုတ်ဘူး'' ဟုတစ်မျိုး...
''သတ်သတ်လွတ်စားတာ ဗုဒ္ဓဘာသာ မဟုတ်ဘူး၊ ဗြဟ္မဏဘာသာ'' ဟု တစ်မျိုး သီ့ကို
သိမ်းသွင်းပြုပြင်ဖို့ ကြိုးစား၏။
''ရဟန်းတွေ သတ်သတ်လွတ် ဘုဉ်းပေးဖို့ ဗုဒ္ဓကို ဝိနည်းသတ်မှတ် ပေးခိုင်းတာ ဒေဝဒတ်ကွ၊ ဗုဒ္ဓက ဒေဝဒတ်ရဲ့ တောင်းဆိုချက်ကို ငြင်းခဲ့တယ်''
''ဗုဒ္ဓက သတ်သတ်လွတ်စားဖို့ ဘယ်တုန်းကမှ အားမပေးခဲ့တာ သီ သိပါတယ်၊ ဗုဒ္ဓ ကိုယ်တော်တိုင်လဲ အသားဟင်း ဘုဉ်းပေးခဲ့တာ သီ သိပါတယ်၊ ဒါပေမဲ့ ရဟန်းဆိုတာ ဒကာ ဒကာမတွေ လှူသမျှဆွမ်းကို သပိတ်တစ်လုံးနဲ့ စုဆောင်းခံယူပြီး ဘုဉ်းပေးရတာဆိုတော့ ဘယ်ဒါယကာကိုမှ သတ်သတ်လွတ်အတွက် ဒုက္ခပေးခိုင်းဖို့ မဖြစ်ဘူး၊ လူတွေလာလှူတဲ့ အသားဟင်းတွေကို ရဟန်းတွေ ရှောင်နေရရင် နိဗ္ဗာန်ရောက်ကြောင်း တရားကို အားထုတ်နိုင်တော့မှာလဲ မဟုတ်ဘူး၊ ရဟန်းတွေမှာ သတ်သတ်လွတ် ဘုဉ်းပေးဖို့ အခွင့်အရေးလဲ မရှိဘူး၊ ဒါပေမဲ့ သီတို့မှာ အဲဒီအခွင့်အရေး ရှိနေတယ်၊ သီကိုယ်တိုင် စားဖို့ သီကိုယ်တိုင် စီစဉ်ပြီး ချက်ရတာဆိုတော့ သီ့မှာ အဲဒီအခွင့်အရေး ရနေတယ်''
သည်တော့ မောင်က တစ်မျိုးသိမ်းသွင်းဖို့ ကြိုးစား၏။
''သီ အားနည်းလိမ့်မယ်၊ ကိုယ်ခန္ဓာမှာ တစ်နေ့ကို အသားဓာတ် ဘယ်လောက်လိုသလဲ ... သိလား''
''ရပါတယ် မောင်ရယ်၊ အသားဓာတ်ဟာ ပဲနဲ့အသီးအရွက်ထဲမှာ ပါပါတယ်၊ သီ ပရိုတင်းကို မျှမျှတတတွက်ပြီး စားတတ်ပါတယ်၊ သီ ညတိုင်း ပရိတ်ရွတ်ပြီးရင် မေတ္တာပို့ အမျှဝေတယ်လေ၊ မေတ္တာပို့တဲ့ သတ္တဝါတွေထဲမှာ ဖြစ်ပြီးသတ္တဝါမကဘူး ဖြစ်ဆဲသတ္တဝါလဲ ပါတယ်၊ မေတ္တာပို့တဲ့အခါ သီ့စိတ်ရှင်းနေချင်တယ်၊ သူတို့ ကျန်းမာချမ်းသာပြီး အသက်နဲ့ကိုယ် တည်မြဲနေဖို့ သီက မေတ္တာပို့နေတဲ့အချိန်မှာ သီ့ပယောဂကြောင့် သတ္တဝါတွေ သေနေတာကို သတိရရင်...''
''သီ... သီ့ကြောင့် ဘယ်သတ္တဝါမှ မသေဘူး၊ သေပြီးသား သတ္တဝါကွ၊ သီ မစားလဲ သူတို့ သေမှာပဲ''
သီ မောင့်ကို အရှုံးမပေးခဲ့ပါ။
''ဒါပေမဲ့ အသားအားလုံးဟာ သတ်လို့သေရတဲ့ သတ္တဝါချည်းပဲ၊ သီလို လူမျိုးတွေ များလာရင် သတ္တဝါတွေ အတော်များများ အသက်ချမ်းသာရာ ရမယ်မောင်ရဲ့''
မောင်က 'ရှစ်ထ်' ဟု တစ်လုံးတည်း ဆဲရေးခဲ့လေသည်။ မောင်က သီ့ကို ရူးနေပြီထင်ကာ နှစ်ယောက်သား အေးအေးဆေးဆေး စကားပြောရအောင်ဟု မှတ်စုစာရွက်တစ်ထပ်နှင့် သီ့ကို အင်တာဗျူး လုပ်လေသည်။ သီရယ်လည်းရယ်ချင်၊ ဝမ်းလည်းနည်းကာ မောင် ဒေါသထွက်မှာလည်း ကြောက်ကြောက်နှင့် မောင်မေးသမျှ ဖြေရသည်။ မောင် ပြောခိုင်းသမျှ သီ့ငယ်ဘဝကအစ ဘဝဖြစ်စဉ်အားလုံး ပြောပြခဲ့ရသည်။ လေးငါးရက် ဆက်လုပ်သော အင်တာဗျူး အပြီးမှာ မောင် ဦးနှောက် ခြောက်နေပြန်၏။
''မောင်... သီ ရူးလားဟင်''
မောင်က ဗြုန်းခနဲ ရယ်မောကာ သီ့ကို ပွေ့ဖက်နမ်းရှုပ်သည်။
''ဟင့်အင်း ... မရူးဘူး သီရေ၊ မောင်တော့ ဒုက္ခပဲ''
''ဟင်... မရူးဘူးဆိုရင် ဘာဒုက္ခရှိမလဲ''
''ရူးရင် ကုလို့ရတယ် ကျောင်းအမရဲ့၊ အခု မရူးတော့ မောင်က ဘာသွား ကုလို့ ရမှာလဲ''
သီ ညစဉ်ဘုရားရှိခိုး၊ ပရိတ်ရွတ်သည်ကို မောင်က မလိုတမာ စောင့်ကြည့်ကာ တွန့်လိမ်ပြ၍ ရယ်မောသည်။ သူတစ်ပါးအပေါ် သိတတ်ပြီး အကျင့်သိက္ခာ တည်ကြည်သောမောင်သည် သီ့သီလကို ဆွဲဆောင်မှုဖြင့် ညစ်နွမ်းအောင် ဖျက်ဆီးဖို့ ကြိုးစားသည်အထိ ရုပ်ဝါဒဆန်သူလည်း ဖြစ်သည်။ ထိုအခါမျိုးတွင် သီ မျက်ရည်ကျရ၏။ သီ့မျက်ရည်ကို မြင်ပြန်တော့ မောင်သည် ဗြုန်းခနဲ ဆုတ်ခွာကာ ခြံထဲဆင်း၍ တစ်ယောက်တည်း ဒေါသတကြီး လမ်းလျှောက်နေတတ်သည်။
အိမ်မှာကိုးပါးသီလကို အဓိဌာန်ဖြင့် ဆောက်တည်သည့်ရက်များ၊ မဟာစည် ဝိပဿနာ တရားစခန်းသို့ သွားရောက်တရားမှတ်သည့် ရက်များတွင် တော့ မောင်ဖွင့်ဟ ညည်းညူလေသည်။
''ဘုရား ဘုရား... မောင်က သီ့ကို မိန်းမတစ်ယောက်မှတ်လို့ လက်ထပ်ခဲ့တယ်၊ လက်စသတ်တော့ သီက သီလရှင်တစ်ယောက်ပဲ''
သီ ဖတ်ဖတ်နေတတ်သော ပါရာဆိုက်ကိုလိုဂျီဆိုင်ရာ စာအုပ်များကို မောင် ဘယ်တော့မျှ တန်ဖိုးမထားခဲ့ပါ။
''သိပ္ပံပညာဟာ ထာဝရမှန်ကန်တဲ့ ပရမတ္ထသစ္စာတရား မဟုတ်ဘူးဆိုတာ မောင် တစ်ချိန်ချိန်ကျ လက်ခံလာမှာပါ''
သီ ပြောသောအခါ မောင်က မှုန်တေတေမျက်နှာဖြင့် ခေါင်းယမ်းနေခဲ့၏။ မောင့်ကို ကြည့်ရသည်မှာ သီ့အတွက် စိတ်မကောင်းဖြစ်နေပုံပဲ။ ဒေါက်တာသန်းထွန်း ဘာသာပြန်သော 'တတိယမျက်လုံး' စာအုပ်ကို မောင့်ကို ဖတ်စေချင်ခဲ့သည်။ တိဗက်ဘုန်းတော်ကြီးတစ်ပါး ဖြစ်သော ဆေးပညာဘွဲ့လည်း ရသော 'ဒေါက်တာ လော့ဗ်ဆန်ရမ်ပါ' ဆိုသည့် ပုဂ္ဂိုလ်၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိပုံစံစာအုပ် ဖြစ်သည်။ စိတ်စွမ်းအင်အကြောင်း ကိုယ်တိုင် လေ့လာကျင့်ကြံခဲ့သူတစ်ဦးက ရှင်းပြသောစာအုပ် ဖြစ်သည်။ မောင်က သိပ်ဖတ်ချင်ပုံ မရသောအခါ သီက ဖတ်ပြခဲ့သည်။
''ရုပ်ခန္ဓာကို ချုပ်ထားတော့ စိတ်တန်ခိုးဟာ ပိုပြီး အားကောင်းလာတယ်၊ စိတ်ကို လွှတ်ပြီး ပတ်လို့ရရင် စကြဝဠာအနန္တကို ပတ်နိုင်တယ်၊ အတွေးစိတ်ကူးရဲ့ အကူအညီနဲ့ အရာများစွာကို ကြံဆနိုင်တယ်၊ အတွေးဆိုတာလဲ လှုပ်ရှားမှုလှိုင်းတစ်မျိုးပဲလို့ ကျွန်တော်တို့ နားလည်တယ်၊ ရုပ်ဝတ္ထုက လှုပ်ရှားမှုအားလုံးကို အစိုင်အခဲ လုပ်ထားတာသာ ဖြစ်သည်၊ ဒီတော့ အတွေးတွေကို စေခိုင်းနိုင်မယ်၊ တစ်စိတ်တစ်ဒေသ အစိုင်အခဲဖြစ်အောင် ခိုင်းနိုင်မယ်ဆိုရင် စိတ်နဲ့ပဲ အရာဝတ္ထုတစ်ခုကို လှုပ်ရှားစေနိုင်ပါတယ်၊ အတွေးကိုပဲ နောက်တစ်မျိုး ထိန်းသိမ်းစေနိုင်မယ်ဆိုရင် မနောနဲ့ မေးမြန်း ပြောဆိုခြင်း ပြုလုပ်နိုင်တယ်၊ ကွာလှမ်းတဲ့ နေရာမှာ နေသူကိုပဲ အမှုကိစ္စတစ်ခု ပြုရလေအောင် ဒီက မနောနဲ့ စေခိုင်းနိုင်တယ်''
မောင်က သိမ်မွေ့စွာ ပြုံးနေခဲ့သည်။
''နှစ်ပေါင်း ထောင်ပေါင်းများစွာကတည်းက သူတို့ တိဗက်နိုင်ငံသားတွေဟာ ဒိဗ္ဗသောတ ဒိဗ္ဗစက္ခုဆိုတဲ့ အကြားအမြင်ပညာတို့၊ မနောအာရုံနဲ့ အပြန်အလှန်ပြောဆိုတဲ့ ပညာတို့ကို ကောင်းကောင်းတက်ကျွမ်းခဲ့တယ်''
''အဲဒါတွေ ကိုယ်စိတ်မဝင်စားဘူး''
မောင်က ဆေးစိတ်ပညာစာအုပ်များနှင့် လူနာများအကြားတွင် နစ်မြုပ် ပျော်ဝင်နေခဲ့သည်။
''ဂျီးန်ဒစ်က်ဆင်တဲ့ မောင်ရေ... သိပ်စိတ်ဝင်စားဖို့ ကောင်းတာပဲ၊ သမ္မတ ကနေဒီ အသတ်ခံရမှာကို သူအစောကြီး ကြိုသိခဲ့တာ၊ မောင် နည်းနည်း ဖတ်ကြည့်စမ်းပါ''
ရု(သ်)မောင်ဂိုမာရီရေးသော ဂျီးန်ဒစ်က်ဆင်စာအုပ်ကို မောင့်အား ပေးဖတ်ခဲ့သည်။ မောင်က နည်းနည်းပါးပါး လှန်လှောကာ မျက်နှာညိုနေ၏။ ဂျီးန်ဒစ်က်ဆင်၏ ရှေ့ဖြစ်ဟောကိန်းများသည် ပရစိတ်ပညာကို မောင် စိတ်ဝင်စားလာအောင်တော့ မတတ်နိုင်ပါ။
''သီ ရူးမယ်နော်... သီ''
ရု(သ်)မောင်ဂိုမာရီ၏ 'အမှန်တရားကို ရှာဖွေခြင်း' ဟူသော စာအုပ်ကို ပေးပြန်တော့ မောင်မဖတ်တော့ပါ။
''မောင် တယ်လီပသီဆိုတာကို မယုံဘူးလား၊ တယ်လီပသီဆိုတာ လူ့ဦးနှောက်က ဖြာထွက်နေတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေ တစ်ခုနဲ့တစ်ခု ဆက်သွယ်မှုတဲ့ မောင်ရဲ့''
လျှပ်စစ်သံလိုက်စက်ကွင်း မရှိသော သံလိုက်လှောင်အိမ် (ဖာရာဒေးလှောင်အိမ်) ထဲမှာ ထည့်ထားသော သတ္တဝါအား တယ်လီပသီနည်းဖြင့် အမိန့်ပေးရာ လုံးဝမလိုက်နာကြောင်း၊ လှောင်အိမ်တံခါး ဖွင့်ပြီး အမိန့်ပေးတော့မှ လိုက်နာကြောင်း သီ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ရတာကို ပြန်ပြောသည့်အခါ သူ ခေါင်းညိတ်ရုံသာ ညိတ်ခဲ့၏။
''သီတို့ ကမ္ဘာဂြိုဟ်နဲ့ တခြားဂြိုဟ်တွေ တစ်ခုနဲ့တစ်ခု ဆွဲငင်အား ရှိနေတာတော့ မောင် ယုံတယ်မဟုတ်လား''
''အဲဒါနဲ့ ဘာဆိုင်သလဲ... သီရဲ့''
''ဆိုင်တာပေါ့ မောင်ရဲ့၊ မောင် ယုံနိုင်တဲ့ အရှင်းဆုံးဥပမာကို သီ ပေးမယ်၊ ပင်လယ်ဒီရေဟာ ဘာကြောင့်ဖြစ်သလဲ မောင်သိတယ် မဟုတ်လား၊ လရဲ့ဆွဲငင်အားဆိုတာ မောင်သိတယ် မဟုတ်လား''
နောက်ပိုင်းတော့ ဖာရာဒေးလှောင်အိမ်ထဲမှ လူကို လှောင်အိမ်ပြင်ပမှ လူက တယ်လီပသီနည်းဖြင့် အိပ်မွေ့ချနိုင်သည်ဟူသော စမ်းသပ်ချက် ပေါ်ပေါက်လာ၏။
''တယ်လီပသီဆိုတာ လျှပ်စစ်သံလိုက်လှိုင်းကြောင့် ဖြစ်တယ်ဆိုတာ မဟုတ်ပြန်ဘူး မောင်ရေ''
သီက ပြောင်းလဲမှုကို သတိပေးပြောပြပြန်တော့ မောင်က သူ့ဆေးစာအုပ်ထူကြီးမှ မျက်နှာမခွာဘဲ 'ဟုတ်လား သီ' စု ဝတ္တရားမပျက် စကားထောက်ရုံသာ ဖြစ်သည်။ 'ခရွာဆက်' ဟူသော စိတ်တန်ခိုးပညာရှင်ကြီးက သူ့အမြင်ဓာတ် (Clairvoyance) နည်းဖြင့် လူသတ်မှုများ ဖော်ထုတ်ပေးခဲ့ပုံကို မောင့်အား စိတ်ဝင်စားစွာ ပြောပြခဲ့သည်။ 'အိပ်နေသော အကြားအမြင်ပုဂ္ဂိုလ် အက်ဒ်ဂါကေ့စ်' ဟူသော စာအုပ်ကို သီ အဖန်တလဲလဲ ဖတ်ကာ သဘောကျမဆုံး ရှိခဲ့သည်။ သီ့မှာသာ စိတ်တန်ခိုးရှိလျှင် ကေ့စ်လိုပင် လူနာများအတွက် အချိန်အားလုံး ပုံပေးပြီး မေတ္တာဖြင့် ကုမည်ဟု သစ္စာဆိုမိပြန်သည်။
''စိတ်တန်ခိုးဆိုတာကို မောင် မယုံလို့မရဘူး မောင်ရဲ့၊ မောင်လဲ သိပ္ပံသမားပဲ၊ လက်တွေ့ကျကျဖြစ်ထားတဲ့ ဥပမာတွေ မောင် မကြားဖူးဘူးလား၊ ခပ်လှမ်းလှမ်းက သံချောင်းကို မျက်စိနဲ့ညှို့ပြီး ကွေးပြတာ၊ အခန်းထဲမှာ ရှိတဲ့ စားပွဲတွေ ကုလားထိုင်တွေ လေထဲ တစ်ပေလောက် မြင့်တက်လာအောင် လုပ်ပြတာ၊ ဓာတ်ပုံတွေတောင်...''
သီ့စကားဆုံးအောင် မောင် နားမထောင်ဘဲ လက်ကာပြ၏။
''ပါရာ ဆိုက်ကိုလိုဂျီကို မောင် လက်မခံဘူးလို့ မောင် မပြောပါဘူး၊ အီးအက်စ်ပီ အပိုစိတ်တန်ခိုးအာရုံဆိုတာ ရှိမှာပဲ၊ တယ်လီပသီ ဆိုတာလဲ ရှိမှာပဲ၊ ကုလားထိုင်တွေ စားပွဲတွေ လေထဲမှာ တစ်ပေလောက် မြင့်တက်အောင် လုပ်နိုင်တာလဲ ဟုတ်မှာပါပဲ၊ ဒါကို မောင် မငြင်းပါဘူး၊ ဒါပေမဲ့ မောင် လုံးဝမချီးကျူးနိုင်ဘူး၊ လုံးဝလဲ စိတ်မဝင်စားပါဘူး သီ၊ မောင် စိတ်ဝင်စားတာက ဆိုက်ကိုလိုဂျီနဲ့ ဆိုက်ခီယာထရီပဲ။''
... ကုလားထိုင်တွေ လေထဲ မြှောက်ပြတာ၊ သံချောင်းတွေ ကွေးပြတာထက် အရေးကြီးတဲ့ အချက်တစ်ခု မောင့်ခေါင်းထဲမှာ အမြဲရှိနေတယ်၊ ဒါဘာလဲဆိုတော့ မောင်တို့ဆီမှာ လူနာတွေဟာ စိတ်ရောဂါကုဆေးရုံကို အချိန်လွန်မှ ရောက်လာကြတယ်၊ ပယောဂယောင်ယောင်၊ အကြားအမြင် ယောင်ယောင်၊ ဝိဇ္ဇာယောင်ယောင် ဆရာတုတွေလက်ထဲမှာ ပျော့ဖတ်နေပြီးမှ လူရုပ် မပီတော့မှ ကုလို့မရတော့မှ ဆေးရုံကို ရောက်လာကြတယ်။
''... စိတ်ရောဂါကုဆေးရုံက ကုပေးလို့ ပျောက်သွားရင် ကံကောင်းလို့... လို့ ယူဆကြတယ်၊ စိတ်ရောဂါကု ဆေးရုံမှာ ကုရင်း မပျောက်ဘဲ သေဆုံးသွားရင် ဆေးရုံက ဆရာဝန်တွေ ညံ့လို့... လို့ ယူဆကြတယ်''
မောင့်မျက်နှာမှာ တင်းကျပ်မှုဖြင့် မှုန်မှိုင်းနေ၏။
''လူ့ဘဝမှာ ဘာအရေးကြီးသလဲလို့ တွေးစမ်းပါ သီ၊ တကယ် လက်တွေ့ လိုအပ်နေတာ ပါရာဆိုက်ကိုလိုဂျီ မဟုတ်ဘူး၊ ဆိုက်ခီယာထရီကို လူနာတွေ နားလည်ဖို့၊ အသုံးပြုတတ်ဖို့၊ အားကိုးတတ်ဖို့က အရေးကြီးတယ်''
သီတို့၏ မတူညီသော တန်ဖိုးထားမှုများ အကြားတွင် သီတို့ အိမ်ထောင်သည်ဘဝကို ဒရွတ်တိုက် ဆွဲခေါ်ဖို့ ကြိုးစားခဲ့ကြသည်။
သူ့ရှေ့မှာ အရုပ်ကလေးတစ်ရုပ်လို ငြိမ်သက်စွာထိုင်နေသော နှောင်းသည် နုပျိုလန်းဆန်းစွာ လှပလျက်ရှိ၏။ နှောင်းနှင့် မတွေ့ရတာ ကြာပြီ။ ပြာလဲ့သော မျက်ဝန်းကလေးများနှင့် မဆုံရတာ ကြာပြီ။ သူနှင့် မတွေ့ရသည့် ကာလအတွင်း နှောင်းသည် လောကကို ပုံမှန်အတိုင်း ရင်ဆိုင်ကျော်ဖြတ်လျက် ရှိသည်။
''ဘယ်လောက်ကြာမှာလဲ နှောင်း''
နှောင်းက သူ့ကို ကြည်စင်သော မျက်ဝန်းကလေးများဖြင့် စိုက်ကြည့်၏။
''နှောင်းမှာလဲ အလုပ်က ခွင့်ယူရမှာဆိုတော့ မေမေနေသလောက် ကြာကြာနေနိုင်မှာ မဟုတ်ဘူး ဆရာ၊
လေးငါးရက်တော့ ကြာမယ်ထင်တယ်''
''ကိုယ့်သဘောကို ပြောရရင်တော့ မွေးနေ့မတိုင်ခင် ခရီးမသွားရဘူးဆိုတဲ့ အယူအဆတွေ ကိုယ် လက်မခံဘူး၊ နှစ်ဆယ့်လေးနှစ်မြောက် မွေးနေ့ကို နှောင်း အပျော်ရွှင်ဆုံး ဖြတ်သန်းရမှာ ကိုယ် အသေအချာ သိတယ်၊ ဒါပေမဲ့ နှောင်း စိတ်ထဲမှာ ဘယ်လိုရှိသလဲ''
နှောင်း၏ ပန်းနုရောင်နီထွေးသွားသော ပါးပြင်ကလေးနှစ်ဖက်ကို သူ သတိလက်လွတ် ငေးကြည့်မိသည်။
''နှောင်း နည်းနည်းတော့ လန့်တယ်ဆရာ၊ ဒါပေမဲ့ ဘွားဘွားက နှောင်းကို သိပ်မြင်တွေ့ချင်နေတယ်၊ သူ့ခမျာ မြေးနှစ်ယောက်မှာ တစ်ယောက်က နိုင်ငံခြားရောက်နေတော့ ဒီမှာကျန်တဲ့မြေးကို မသေခင်တွေ့ချင်ရှာမှာပဲ၊ နှောင်း စိတ်မကောင်းဘူး ဆရာ၊ ဘွားဘွား လာနိုင်တဲ့ အချိန်တွေတုန်းက ရန်ကုန်ကို ခဏခဏလာခဲ့တာ၊ အခု သူ အိပ်ရာထဲ လဲချိန်မှာ နောက်ဆုံးအချိန်မှာ နှောင်း သွားမတွေ့ရင် သူ အသေမှ ဖြောင့်ပါ့မလား၊ နောက်ပြီး နှောင်းရော ကျန်တဲ့ဘဝမှာ နောင်တမရဘဲ နေပါ့မလား''
ဤကိစ္စမျိုးသည် သာမန်အခြေအနေ အတိုင်းသာဆိုလျှင်တော့ ဘေးလူဝင်ပြီး ဆုံးဖြတ်ပေးစရာ မလိုသော ကိစ္စမျိုးဖြစ်သည်။ သို့သော် ယခုကိစ္စမှာတော့ နှောင်း၏အသက်ရှင်မှုကို တာဝန်ယူထားသော စိတ်ကုဆရာဝန် တစ်ယောက်၏ အနေအထားဖြစ်နေသည်။ နှောင်းကို လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ပေးလိုက်ခြင်း၏ အကျိုးအပြစ်များကို သူစဉ်းစားရမည်။ တစ်ချိန်တည်းမှာပင် သူမကံကြမ္မာအပေါ် နှောင်းကိုယ်တိုင် ယုံကြည်အောင် ခွန်အားဖြည့်ပေးဖို့လည်း သူ့မှာ တာဝန်ရှိနေပြန်သည်။
''နှောင်း မော်လမြိုင် လိုက်သွားဖို့ ဆရာ စိတ်ချသလားဟင်... နှောင်း လိုက်ရမလား''
သူ အနည်းငယ် စိတ်ကျဉ်းကျပ်သွား၏။ တာဝန်ယူမှုဟူသော စကားလုံးသည် သူ့အတွက် ကြီးလေးလှသော ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေ၏။ သို့သော် သူ မိုက်မဲဖို့ လိုအပ်နေပြီ။
''ဆရာ စိတ်ချပါတယ် နှောင်း၊ နှောင်း ဘာမှမဖြစ်ဘူးဆိုတာ ဆရာ ယုံကြည်တယ်၊ အကြောင်းမဲ့သက်သက် ဇွတ်ယုံတာ မဟုတ်ဘူး၊ ယုံကြည်လောက်တဲ့ အခြေအနေတွေ ဖြစ်အောင် နှောင်း ဖန်တီးနိုင်မယ်လို့ ဆရာယုံတာပါ၊ လမ်းခရီးမှာ စိတ်ချရဖို့က နှောင်း အမြဲသတိရှိနေမှ ဖြစ်မယ်၊ အဲဒါက နှောင်း တာဝန်ပဲ''
နှောင်းက မဝံ့မရဲ ပြုံးလိုက်သောအခါ ထိုအပြုံးကလေးကြောင့်ပင် သူ နှောင်း၏ ကံကြမ္မာကို စိန်ခေါ်ပစ်ချင်လောက်အောင် ရဲရင့်လာသည်။ တတ်နိုင်လျှင် နှောင်း၏ခရီးစဉ်မှာ နှောင်းကို မျက်စိအောက်မှအပျောက်မခံဘဲ စောင့်ကြည့်သတိထား ကူညီလိုက်ချင်သည်။ နှောင်းကို လိုက်ပို့ပြီး နောက်တစ်ခါပြန်သွားကြိုချင်သည်။ ဤကလေးမ၏ စိတ်ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှု၊ ရဲဝံ့မှုအားလုံးကို သူ ပြုပြင်ဖန်တီးပေးချင်သည်။ နှောင်း၏ သဘာဝတရားကို ရင်ဆိုင်နေစဉ် နှောင်းအနားမှာ အမြဲတမ်းမားမားရပ်လျက် သတိပေး တည့်မတ်ပေးနေချင်သည်။
သို့သော် သူသည် နှောင်း၏ ဆရာဝန်သာဖြစ်ပြီး နှောင်း၏ချစ်သူလည်း မဟုတ်၊ နှောင်း၏ ခင်ပွန်းလည်း မဟုတ်ပါ။ ထို့အပြင် နောက်တစ်ပတ်ကြာလျှင် သူ့ဇနီးကို ခွဲစိတ်ကုသကြတော့မည်။ မသေချာသော ပူပင်မှုကို မေ့ပျောက်တွန်းဖယ်ထားဖို့ ဖြစ်နိုင်သော်လည်း ဒီဘက်မှာ အသက်အန္တရာယ်အတွက် သေချာလွန်းသော ပူပန်မှုကို သူ ရင်ဆိုင်ရဦးမည်။ ဤကိစ္စတွင် နှစ်ခုမှတစ်ခုကို ရွေးချယ်ရမည် မဟုတ်ဘဲ နှောင်းဘက်မှာ သတိပေး စောင့်ရှောက်ခွင့်က အလိုလိုပင် ကင်းမဲ့ပြီးသား ဖြစ်နေ၏။ သူ့တွင် တစ်ခုတည်းသော အခွင့်အရေးမှာ သီ၏ခွဲစိတ်ချိန်တွင် သူရှိနေရမည့် အဖြစ်မှန်ပင် ဖြစ်သည်။
''လမ်းခရီးမှာ အိပ်ပျော်မနေဘဲ အမြဲသတိရှိမယ်ဆိုတာ ဆရာ့ကို ကတိပေးပါ နှောင်း''
''ဟုတ်ကဲ့၊ နှောင်း ကတိပေးပါတယ် ဆရာ''
''သံလွင်မြစ်ကို ဖြတ်ကူးတဲ့အခါ ဇက်နဲ့ကူးရမှာ၊ ရေထဲ ဘာထဲ ချော်ပြုကျသွားနိုင်တဲ့ အစွန်းတွေမှာ မနေမိစေနဲ့နော်''
နှောင်းက ခစ်ခနဲ ရယ်မောသောအခါ သူ့မျက်နှာ နွေးပူသွား၏။
''ဆရာကလဲ နှောင်း ကလေးမှ မဟုတ်တာ''
''ဒါပေမဲ့ နှောင်း... ဘက်စုံထောင့်စုံကနေ ကာကွယ်ရမယ်လေ၊ ဆရာတို့ နှစ်ယောက်လုံးရဲ့ အောင်မြင်မှုအတွက် နှောင်း အစစအရာရာ သတိထားနေဖို့ လိုတယ်၊ အန္တရာယ်ဆိုတာ အသေးအဖွဲရယ်လို့ သတ်မှတ်ပြီး ခပ်ပေါ့ပေါ့ မနေရဘူး၊ သတိရှိတဲ့လူအတွက် ခရီးသွားရင်လဲ လုံခြုံနေတတ်တယ်၊ သတိမရှိတဲ့လူအတွက် ကိုယ့်အိမ်မှာကိုယ် နေရင်းလဲ ဒဏ်ရာရနိုင်တာပဲ''
နှောင်းက သူမ၏ ရှပ်အကျႌလက်ကြယ်သီးကို ဖြုတ်လိုက် ပြန်တပ်လိုက်ဖြင့် အလုပ်ရှုပ်ရင်း မျက်နှာငုံ့ကာ မသိမသာ ပြုံးနေသည်။ သူ၏ ဂရုစိုက်မှု၊ ပူပင်မှုအတွက် ကျေနပ်နေသော မျက်နှာကလေးကို နှောင်း မထိန်းချုပ်နိုင်ပါ။
''အပြန်မှာ နှောင်းတစ်ယောက်တည်းဆိုရင် လေယာဉ်နဲ့ပြန်ခဲ့မယ် မဟုတ်လား၊ လေယာဉ်နဲ့ ပြန်ခဲ့
နှောင်း''
''ဟုတ်ကဲ့ပါ ဆရာ''
''နေမကောင်း ဖျားနာဖြစ်မယ့်ကိစ္စတွေကို နှောင်း အတတ်နိုင်ဆုံး သတိထားစေချင်တယ်၊ ဥပမာ ရေချိုးမမှားဖို့၊ အချိန်မတော် ခေါင်းမလျှော်မိစေဖို့၊ အပူငွေ့ပေးတဲ့ ကိရိယာမရှိဘဲ အရဲကိုးပြီး ခေါင်းလျှော်ပစ်တာမျိုး မလုပ်နဲ့... ကြားလား''
နှောင်း၏ ပျော့အိနက်မှောင်သော ဆံပင်များက ပခုံးထိရုံမျှ တိုနေသော်လည်း သူ စိတ်ပူမိသည်။ နှောင်း၏ပန်းသွေးနှုတ်ခမ်းများနှင့် ဝင်းမွတ်လန်းဆန်းသော ပါးပြင်များက နှောင်း၏ကျန်းမာမှုကို ဖော်ပြနေသလို ရှိ၏။ သူ နည်းနည်း စိတ်သက်သာရာရကာ ပြုံးလိုက်သည်။
''မာလကာသီးတွေလဲ သိပ်စားမနေနဲ့ဦး၊ မာလကာစေ့တွေ ဘာတွေက အစာမကြေတော့ အူအတက်ထဲ ရောက်သွားရင် အူအတက်ရောင်တတ်တယ်၊ နှောင်း သိတယ် မဟုတ်လား၊ နှောင်း သတိထားစားနော်''
နှောင်းက သူ့ကို မျက်စချီ၍ ပြုံးသည်။
''ဆရာကလဲ... ရှိသမျှ လူတွေအကုန်လုံး မာလကာသီးကို အစေ့တွေပါ ဝါးစားနေကြတာ၊ ဒီလိုသာဆိုရင် အားလုံး အူအတက်ရောင်ကုန်တော့မှာပေါ့''
''မဟုတ်သေးဘူးလေ၊ စွန့်စားမှုတစ်ခု လုပ်လိုက်မှာထက် မလုပ်တာက ပိုပြီးအန္တရာယ်ကင်းတာပဲ နှောင်းရဲ့၊ ကံကြမ္မာကို ကိုယ်တိုင်ယုံကြည်ဖို့ ကိုယ်တိုင် သတိထား ရှောင်ရမယ်''
နှောင်းက သူ့ပူပင်မှုကို သဘောကျစွာ ငေးမောပြုံးနေ၏။
''ခြံဝန်းထဲမှာ သစ်ပင်တွေ စိုက်ဖို့ မြေဆွဖို့ စိတ်မကူးနဲ့၊ သံမစူးစေနဲ့၊ သံပြားတွေ ဝါးတွေ မရှစေနဲ့၊ တစ်ခုခု အနာတရဖြစ်ရင်လဲ ဆေးခန်းသွားပြီး မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးဖို့ မမေ့နဲ့၊ အဲဒီလို ထိုးရပြီဆိုရင်လဲ ဆရာဝယ်ပေးထားတဲ့ တစ်ခါသုံးအပ်ချောင်းကလေးတွေ ယူသွား၊ နှောင်းဆီမှာ ရှိသေးလား၊ မရှိရင်...''
''ရှိပါသေးတယ် ဆရာ၊ နှောင်း တစ်ခါမှ ဆေးမထိုးရသေးဘူးလေ''
''နှောင်း အဘွားအိမ်မှာ ဖုန်းရှိသလား''
''မရှိဘူးဆရာ၊ ဒါပေမဲ့ အဘွားဟိုဘက်ခြံမှာ ရှိတယ်၊ အဲဒီနံပါတ် ဆရာယူမလား''
''ကောင်းသားပဲ နှောင်း၊ နှောင်းဆီကို ဆရာ ဖုန်းဆက်ပြီး နှောင်းအသံကို ကြားရတဲ့အခါ နှောင်း ကျန်မာရေးအတွက် အခုထက်ပိုပြီး ဆရာ စိတ်ချနိုင်တာပေါ့''
နှောင်း၏အပြုံးသည် ကိုယ့်ကံကြမ္မာကိုယ် ယုံကြည်စိတ်ချသူ၏ အပြုံးမျိုးဖြစ်သည်။ နှောင်းရှိရာ မော်လမြိုင်သို့ သူဖုန်းဆက်သော ညသည် သီခွဲစိတ်ကုသမှုအတွက် ဆေးရုံမတက်မီည ဖြစ်သည်။ သူ ဖုန်းဆက်နေချိန်တွင် ဧည့်ခန်းမှာ သီပက်လက်ကုလားထိုင်ဖြင့် စာအုပ်တစ်အုပ် ဖတ်လျက်ရှိသည်။ တကယ်တော့ သီ စာဖတ်သည် ဆိုခြင်းထက် သီက စာအုပ်ကိုင်ထားပြီး သူက ဘေးက ဖတ်ပြနေရခြင်း ဖြစ်သည်။ သီ့အမြင်များ ဝေဝါးနေပြီး စာလုံးများကို မမြင်ရဘဲ စူးရှသော အလင်းတန်းများသာ မြင်မြင်နေရသည်။ စာတစ်ကြောင်း ဖတ်ဖို့ထက် မြင်အောင်ကြည့်ဖို့ကိုပဲ သွေးရူးသွေးတန်း ကြိုးစားနေရသည်။
ခွဲစိတ်ပညာစာအုပ်မှ 'ဦးနှောက်ကင်ဆာ ခွဲစိတ်ခြင်း' ခေါင်းစဉ်ကို သီ ဖတ်ဖို့ ကြိုးစားနေသည်။ သူ နှောင်းဆီ တယ်လီဖုန်း ဆက်သည့် ခဏတွင် သီက စာအုပ်ထဲမှ ခွဲစိတ်မှုဆိုင်ရာ ပုံများကို ငေးကြည့်နေ၏။ နာကျင်မှု ဝေဒနာ လုံးဝခံစားရမှာ မဟုတ်ကြောင်း သူ မကြာခဏ ဖြေသိမ့်ပေးပြီးသား ဖြစ်သည်။
''ဆရာ...''
နှောင်း၏ ကြည်လင်သော အသံကလေးကို ကြားလိုက်ရချိန်မှာတော့ မနက်ဖြန် ရင်ဆိုင်ရမည့် သူ့ဇနီး၏ အန္တရာယ်ကို တစ်ခဏမေ့လျော့ကာ စိတ်တင်းကျပ်မှု ပျောက်သွား၏။ အမှန်အတိုင်း ဝန်ခံရလျှင် သူ ပျော်ရွှင်အားတက်သွားပါသည်။
''နှောင်း နေကောင်းတယ်နော်''
''နေကောင်းပါတယ် ဆရာ''
''နှောင်း ဘွားဘွားရော...''
''ဘွားဘွားကို အသက်ကယ်ဆေး ထိုးပေးထားတယ် ဆရာ၊ ခြောက်နာရီခြား တစ်ကြိမ် ဆေးထိုးပေးနေတယ်၊ ဘွားဘွားရဲ့ နောက်ဆုံးအချိန် ရောက်နေပြီ''
နှောင်း၏ စကားသံက အနည်းငယ် တွန့်ဆုတ်သွား၏။ မိမိနှင့် သက်ဆိုင်သူများ၏ နောက်ဆုံးအချိန်အကြောင်း ပြောရသည်ကို ဘယ်သူမှ မဖြစ်ချင်ကြပါ။
''နှောင်းကို စကားပြောနိုင်ရဲ့လား''
''ဟုတ်ကဲ့... စကားပြောလိုက် သတိလစ်လိုက်ပဲ၊ ဘွားဘွားက နှောင်းကို သိပ်ချစ်တာ ဆရာ''
သူ သီရှိရာသို့ ခဏ အကဲခတ်ကြည့်လိုက်ပြီး စကားကို ထိန်းချုပ်ပြောလိုက်သည်။
''ဘွားဘွားကို ဂရုစိုက်ပါ နှောင်း၊ နှောင်းမှာရှိတဲ့ ခွန်အားတွေကို ဘွားဘွားကို မျှဝေပေးလိုက်ပါ၊ ဆရာဝန်တွေ ဘယ်လိုခန့်မှန်းသလဲ''
''မနက်ဖြန်ညနေ လေးနာရီ နောက်ဆုံးပဲတဲ့''
နှောင်းအသံတွင် ငိုသံစွက်လာ၏။ နှောင်းသည် အဘွားအတွက် ကြေကွဲမှုတွင် ဖခင်ကို သတိရမှုပါ ဖြည့်စွက်ခံစားနေရလိမ့်မည်ဟု သူထင်သည်။
''နောက်ဆုံးတော့ အရာရာဟာ ပြီးဆုံးသွားမှာပါပဲ နှောင်း၊ ဆရာတို့ အားလုံး မရှိရင်လဲ
ကမ္ဘာကြီးကတော့ ရှိနေဦးမှာပါပဲ၊ နောက် သက်ရှိတွေ ဖြစ်လာဖို့ ဆရာတို့အားလုံး သေပေးရတယ်၊ ကမ္ဘာကြီးပေါ်မှာ လူသားတွေ ပြည့်ကျပ်ပြီး စားနပ်ရိက္ခာ မရှားပါးဖို့ ကမ္ဘာစစ်ကြီးတွေ ဖြစ်ပေးနေရတယ်၊ ဒါတွေဟာ ဖြစ်ရိုးဖြစ်စဉ်ပါ နှောင်း... နှောင်းတို့ သင်ရတဲ့ မနုဿဗေဒလိုပေါ့''
တစ်ဖက်မှ နှောင်းအသံ မကြားရပါ။ နှောင်း တိတ်တဆိတ် ငိုေြ<ွကးနေပြီလား။
''နှောင်း ငိုနေသလား''
''ဟင့်အင်း''
ဟင့်အင်းဟူသော စကားသံသည် ရှိုက်သံပင်ဖြစ်နေသည်။ သူ ပင့်သက်တစ်ချက် ရှိုက်လိုက်၏။
''နှောင်း မေမေနဲ့မှ ပြန်လာတော့မယ် ဆရာ... သိပ်ကြာကြာ စောင့်ရမယ် မထင်ဘူး၊ နှောင်းအတွက် မထူးတော့ပါဘူး ဆရာ၊ ဘွားဘွား တွေ့ချင်တဲ့အချိန် နှောင်းကို တွေ့နိုင်ဖို့ အချိန်ကာလက သိပ်နည်းသွားပါပြီ''
''ကောင်းပါပြီ နှောင်း၊ နှောင်း ဘာပဲလုပ်လုပ် နှောင်း ကျန်းမာရေးကို ဂရုစိုက်ပါ၊ နှောင်း ကျန်းကျန်းမာမာနဲ့ ဆရာ့ဆီပြန်လာမှာကို ဆရာကြိုနေပါ့မယ်၊ နှောင်း ပြန်လာရင် ဆရာတို့ ဘုရားကို တစ်ခါထပ်သွားကြမယ်နော်''
သူ တယ်လီဖုန်း ချလိုက်သောအခါ သူ့ကို စိုက်ကြည့်နေသော သူ့ဇနီး၏ မျက်လုံးများနှင့် ရင်ဆိုင်လိုက်ရသည်။ သူ သီ့ထံသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
''ဒေါက်တာ မုဆိုးဖိုဘဝနဲ့ နှောင်းကို လက်ထပ်ဖို့များ စိတ်ကူးနေရင် အဲဒီစိတ်ကူးကို ပယ်လိုက်တော့''
သူ ဇဝေဇဝါ ဖြစ်သွား၏။
''ဘာလို့တုံး... သီရဲ့''
''သြော်... မနက်ဖြန် သီ့ဦးနှောက်ကို ခွဲစိတ်ကြလိမ့်မယ်၊ ခွဲစိတ်မှုဟာ ဆယ်နာရီပဲကြာကြာ၊ နာရီနှစ်ဆယ်ပဲကြာကြာ နောက်တစ်ရက်မှာတော့ သီ့ကင်ဆာအခဲကြီး ရှိတော့မှာ မဟုတ်ဘူး၊ သီ နေကောင်း သွားတော့မယ်၊ ဒီအတိုင်း အောင်မြင်သွားရင် သီတော်တော်နဲ့ သေမှာ မဟုတ်ဘူး ဒေါက်တာ၊ မုဆိုးဖိုဖြစ်မှ လက်ထပ်မယ်ဆိုရင် ဒေါက်တာ အရွယ်လွန်သွားလိမ့်မယ်၊ တစ်ခုလပ်ဘဝနဲ့သာ လက်ထပ်ဖို့ ကြိုးစား...''
သူ့အိမ်သို့ သီရောက်လာချိန်မှစ၍ ပထမဦးဆုံးအကြိမ် သီ့ဟာသစကားကို သူသဘောကျစွာ ရယ်မောလိုက်ပါသည်။ ဦးနှောက် ရောင်ရမ်းမှု လျော့ကျစေသည့် ထိုးဆေးစားဆေးများဖြင့် သီ့ဝေဒနာများ အနည်းငယ်သက်သာလျက် ရှိသည်။ အခါတိုင်းထက်လည်း စိတ်ရွှင်လန်းနေပုံ ရသည်။ သူ ဝမ်းသာသွား၏။
''ဒေါက်တာ လက်ထပ်ဖို့ ဘာခက်ခဲနေသလဲဟင်... သီ့ဆီက ကွာရှင်းလက်မှတ် လိုသေးလို့လား၊ ဆယ့်ငါးနှစ် မပေါင်းသင်းရင် တရားဝင်ကွဲတယ်... မဟုတ်ဘူးလား''
သီ တကယ် နားမလည်စွာ မေးတော့ သူ သီ့ထံမှ မျက်နှာလွှဲလိုက်သည်။ သီ ဖွင့်လက်စ စာမျက်နှာတွင် ဦးနှောက်ခွဲစိတ်ပုံ ဓာတ်ပုံတစ်ခု ရှိနေ၏။ သူ ထိုဓာတ်ပုံကို ငေးနေမိသည်။
''သီ အထင်မှားနေတယ်... ကိုယ် နှောင်းကို လက်မထပ်ပါဘူး''
''ဟင်...''
သီ စကား တွန့်ဆုတ်စွာ ငြိမ်သက်သွားသည်။ သူ့အချစ်ကိစ္စကို သီ ထပ်မေးဖို့ မကောင်းတော့ပါ၊ မေးလည်း မမေးသင့်ကြောင်း သီသိသည်။ သို့သော် မောင်က သီ့ကုလားထိုင်ဘေးတွင် ရပ်လျက် တစ်လုံးချင်း ဖြေရှင်းပြောပြသည်။
''ဆရာဝန်တစ်ယောက်ရဲ့ ကျင့်ဝတ်ကို ထိန်းသိမ်းတယ်လို့ ပြောချင်ပြောပါ၊ ဒါပေမဲ့ နှောင်းရဲ့ဘဝကို မတိမ်မြုပ်စေချင်တာလဲ ပါပါတယ်၊ နှောင်းက သိပ်ထက်မြက်တယ် သီ၊ စိတ်ကုဆရာဝန်တစ်ယောက်ရဲ့ ဇနီးအဖြစ် မယားဝတ္တရားနဲ့အညီ ပြုစုပြီး သမားရိုးကျဘဝမျိုးနဲ့ အချိန်ကုန်သွားဖို့ သိပ်နှမြောစရာကောင်းတဲ့ သွက်လက်ထက်မြက်မှုမျိုး ရှိတယ်၊ အသိဉာဏ်လဲ သိပ်ကောင်းတယ်၊ သူက အမ်ဘီးရှပ်စ်လဲ ဖြစ်တယ်၊ သူ့မှာ တိုးတက်ဖို့ နည်းလမ်းတွေလဲ အများကြီး ရှိတယ်၊ သူ့ကို ကိုယ်လက်ထပ်ရင် သူ့ဘဝကို ကိုယ့်ဘဝထဲ နှစ်မြှုပ်ပစ်လိုက်သလို ဖြစ်မယ်''
''ဒါပေမဲ့ ဒီလို နှစ်မြှုပ်ပစ်ဖို့ သိပ်ကျေနပ်မျှော်လင့်နေရင်ကော... ဒေါက်တာ၊ သူ့ဘက်ကို ဒေါက်တာ ထည့်တွက်ဖို့ ကောင်းတယ်၊ ဒေါက်တာတို့ ယောကျ်ားတွေဟာ မိန်းမတွေကို အသိစိတ် မပါတဲ့ အရုပ်တွေလို သဘောထားကြတယ်၊ မိန်းမတွေရဲ့ ခံစားချက်ကို ဘယ်တော့မှ ထည့်မတွက်ကြဘူး၊ ကိုယ့်ဟာကိုယ် ပြဿနာရှာ၊ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချ၊ မိန်းမတွေဟာ ဒီဆုံးဖြတ်ချက်ကြောင့် ဘယ်လိုခံစားရမလဲလို့ ထည့်မစဉ်းစားဘူး''
ထူးဆန်းလှသော စကားကြောင့် သူသူ့ဇနီးကို အထိတ်တလန့် ငုံ့ကြည့်လိုက်၏။ သီ့မျက်လုံးများတွင် ဘာအရိပ်အယောင်မျှ မရှိပါ။ သီသည် ဤစကားကို သီ့အနေဖြင့် ပြောခြင်း မဟုတ်ဘဲ နှောင်းအနေဖြင့် ပြောခြင်းဖြစ်သည်။ တကယ်တမ်းတော့ သူနှင့်သီ၏ အဖြစ်အပျက်တွင် ဆုံးဖြတ်ချက်စ၍ ချခဲ့သူက သီသာ
ဖြစ်သည်။
''ဟုတ်ပြီလေ... ဒါကို ကိုယ်ဝန်ခံပါတယ်၊ ဒါပေမဲ့ အကျိုးနဲ့အမြတ်ကို တွက်တဲ့အခါမှာ အကျိုးရဲ့ပမာဏနဲ့ အပြစ်ရဲ့ပမာဏကို နှိုင်းယှဉ်ရတာပဲ မဟုတ်လား၊ ပမာဏနည်းတဲ့ဘက်ကို လျစ်လျူရှုရမယ်လို့ ကိုယ်ယုံကြည်တယ်၊ သီ ငြင်းမလား''
သီက ပက်လက်ကုလားထိုင်နောက်မှီကို ခွန်အားမဲ့စွာ မှီလျှောကာ မျက်စိမှိတ်လိုက်လေသည်။
''သီ မငြင်းပါဘူး ဒေါက်တာ၊ ဒေါက်တာဟာ ဘာပဲလုပ်လုပ် ဆရာဝန်ဘဝနဲ့ ပြုလုပ်တယ်ဆိုတာ သီ သိပါတယ်''
သူ ခဏ တိတ်ဆိတ်သွားပြီးနောက် မချိပြုံး ပြုံးလိုက်မိသည်။
''သီ ပြောဖူးတဲ့စကားတစ်ခုကို ကိုယ်ပြန်ပြောချင်တယ်၊ သီ ဒီစကားကို မမေ့သေးဘူးလို့လဲ ထင်ပါတယ်၊ လောကမှာ လူနှစ်ယောက်ရဲ့ ပျော်ရွှင်မှုထက် ဘာကများ အရေးကြီးမှာလဲလို့ ကိုယ်မေးတုန်းက သီဖြေခဲ့တဲ့ စကားလေ၊ သီ မှတ်မိလား''
သီက မျက်လုံးဖွင့်ကြည့်သည်။ သီ့နှုတ်ခမ်းမှာ အနည်းငယ်ပြုံးယောင်သန်းနေသောကြောင့် သီ မှတ်မိမည်ဟု သူထင်သည်။
ဂျူး
အပိုင်း ၁၅ မနက်ဖြန်ဆက်ပါဦးမည်...
Comments