Skip to main content

နံရံ၏ အခြားတစ်ဘက် - ဂျူး အပိုင်း - ၁၅

အခန်း(၁၅)

''ပျော်ရွှင်မှုထက် ပိုပြီးအရေးကြီးတာကတော့ မြင့်မြတ်မှုပဲတဲ့၊ အဲဒီစကားကို သီကိုယ်တိုင် ပြောခဲ့တယ်၊ ဒီစကားကို သီပြောတုန်းက ကိုယ်နားမလည်ခဲ့ဘူး၊ အခု ကိုယ်ပြောရမယ့် အလှည့် ဖြစ်နေပြန်ပြီ၊ လောကကြီးက မဆန်းဘူးလား သီ''

သီ သူ့ကို ငေးမောနေခဲ့သည်။

''ထားပါတော့၊ ဒါက နှောင်းခင်ဇော်နဲ့အောင်စည် နှစ်ဦးတည်းရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာအဖြစ်ပဲ ထားလိုက်ပါတော့၊ ဒါပေမဲ့ ကိုယ်တို့နှစ်ယောက်ရဲ့အပြင်မှာ လူတွေ အများကြီး ရှိသေးတယ်၊ အဲဒီအပြင်ဘက်က လူသားတွေအနေနဲ့ ကြည့်ပြန်တော့ စိတ်ကုဆရာဝန်တစ်ယောက်နဲ့ သူ့လူနာတစ်ယောက် လက်ထပ်တဲ့အဖြစ်ဟာ လှပပေမယ့် မကောင်းဘူး၊ မဖြစ်သင့်ဘူး၊ ဆန့်ကျင်ဘက်လိင် စိတ်ကုဆရာဝန်တစ်ယောက်ဆီ ဆန့်ကျင်ဘက်လိင် လူနာတစ်ယောက် လာတဲ့အခါ ဆရာဝန်အပေါ်မှာ လုံးဝယုံကြည် အားကိုးဖို့ လိုတယ်၊ စိတ်ကိုကုမယ့် ဆရာဝန်ဟာ ကိုယ်တိုင်က ဖြူစင်အပြစ်ကင်းနေရင် ပိုကောင်းမယ်၊ သာမန်ဆရာဝန်နဲ့ သူ့လူနာ ဆက်ဆံရေးဟာ သာမန်ပဲ သီရဲ့၊ ဒါပေမဲ့ စိတ်ကုဆရာဝန်နဲ့ သူ့လူနာရဲ့ ဆက်ဆံရေးကတော့ သိပ်အရေးကြီးတယ်၊ စိတ်ဝေဒနာသည်တစ်ယောက် သူ့ဆရာဝန်ကို ယုံကြည်ကိုးစားဖို့က သိပ်ကိုအရေးကြီးပါတယ်၊ စိတ်ကုဆရာဝန်အပေါ် လုံးဝစိတ်ချဖို့ ပိုပြီး လိုအပ်တယ်၊ လူနာရှင်တွေကိုယ်တိုင်က သူတို့လူနာကို ဆန့်ကျင်ဘက်လိင် ဆရာဝန်ရဲ့ လက်ထဲကို ယုံကြည်စိတ်ချစွာ အပ်နှံရဲဖို့ လိုတယ်သီ...''

သီ နားလည်ပါသည်။ သို့သော် နည်းနည်းတော့ ဝေဖန်စရာ ရှိသေးသည်။ သူ့ကို ဝေဖန်ရမှာ သီ နည်းနည်းအားနာ၏။ သို့သော် သူသိထားသင့်သည့် အချက်များ ရှိနေသေးသည်။

''ဒါပေမဲ့ ဒေါက်တာ... သီနည်းနည်း ပြောပါရစေဦး၊ လူမှုကိစ္စ တော်တော်များများနဲ့ ကင်းကွာနေတာ ကြာပေမယ့် သီ့အတွေးဟာ မိန်းကလေးတွေကို ကိုယ်စားပြုလိမ့်ဦးမယ် ထင်ပါတယ်၊ ဒေါက်တာ သူ့ကို ကုခဲ့တာ ဘယ်လောက်ကြာပြီလဲ''

''နှစ်နှစ်နီးပါး၊ ကုလိုက် ပြတ်လိုက်ပဲ၊ အခုတော့ သူ ကိုယ့်လူနာ မဟုတ်တော့တာ တစ်နှစ်လောက် ရှိပြီ''

''ဒီတော့ ဒီတစ်နှစ်လုံးမှာ လူနာ ဆရာဝန် ဆက်ဆံရေးထက် သာမန်မိတ်ဆွေဆက်ဆံရေးပဲ ရှိခဲ့တယ်ပေါ့နော်''

သူ ခဏတွေဝေပြီး ခေါင်းညိတ်၏။

''သာမန်မိတ်ဆွေ ဆက်ဆံရေးထက် ပိုမယောင်ယောင် ရှိခဲ့တယ်''

''ဒေါက်တာတို့နှစ်ယောက် တွဲသွားတွဲလာ လုပ်တဲ့အခါ ပတ်ဝန်းကျင်က ဒေါက်တာတို့ နှစ်ယောက်ကို သာမန်မိတ်ဆွေတွေလို့ ထင်နိုင်ပါ့မလား''

သူ မဖြေပါ။

''သူ့အိမ်ဝန်းကျင်ကို ဒေါက်တာ သွားဖူးတယ်၊ ဘုရားအတူသွားဖူးတယ်၊ စျေးအတူ သွားဖူးတယ်၊ အကြိမ်အရေအတွက် သိပ်နည်းနေရင်တောင်မှ ဆရာဝန်နဲ့လူနာဟာ ဘယ်တော့မှ အဲလိုမတွဲဘူးဆိုတာ ဒေါက်တာသိပါတယ်''

''ဒါပေမဲ့ ကိုယ်တို့ အလွန်ရိုးသားသန့်စင်ခဲ့ပါတယ် သီ၊ စကားလဲ မကျွံခဲ့ပါဘူး၊ အမူအရာနဲ့လဲ ဘောင်မကျော်ခဲ့ပါဘူး၊ လက်ဖျားချင်းတောင် မထိခဲ့ကြဘူး''

သီ မောင့်ကို ယုံကြည်စိတ်ချပါသည်။ မောင်သည် ကာမပိုင် ဇနီးကိုသာ ကိုယ်ကာယ ခံစားမှုကြောင့် ဆွဲဆောင်ညှို့ယူမည်၊ လူနာတစ်ယောက်အပေါ်မှာ ဘယ်နည်းနဲ့မျှ အခွင့်အရေး မယူနိုင်ပါ။

''ဒါကို သီနားလည်ပါတယ် ဒေါက်တာ၊ ဒေါက်တာတို့ရဲ့ ဖြူစင်သန့်ရှင်းမှုကို ဒေါက်တာတို့ နှစ်ယောက် အသိဆုံးပဲပေါ့၊ ဒါပေမဲ့ စိတ်ရောဂါကု ဆရာဝန်တစ်ယောက်နဲ့ သူ့လူနာရဲ့ ဆက်ဆံရေးကို ဒီနှစ်ယောက် သိနေရုံနဲ့ မပြီးဘူး ဒေါက်တာရဲ့၊ ဖြူစင်သန့်ရှင်းတာကို ဘေးပတ်ဝန်းကျင်အားလုံးသိဖို့ လိုပါတယ်၊ နှစ်ယောက်သိဖို့ထက် ပတ်ဝန်းကျင်သိဖို့ လိုနေတယ်၊ အခု ကုနေဆဲ ဒေါက်တာ့လူနာတွေ၊ နောက်ထပ် ကုလာမယ့် လူနာတွေ၊ မြန်မာနိုင်ငံက စိတ်ဝေဒနာသည်တွေအားလုံး သိဖို့က ပိုအရေးကြီးပါတယ်''

သူ သီ့ကို မျက်နှာချင်းဆိုင် ငုံ့၍ အကြာကြီး ကြည့်နေ၏။

''သီ ကိုယ့်ကို ဘာပြောချင်နေသလဲ''

''ဒေါက်တာ နှောင်းကို လက်မထပ်ဘဲ ထားရင် မိန်းကလေးတစ်ယောက်အနေနဲ့ ပိုပြီး နစ်နာတယ်လို့ သီ ထင်တယ်၊ ဒါ မိန်းကလေးတွေဘက်က တွေးကြည့်တာပါ''

သူ ငိုင်ကျသွားသည်။

''ပတ်ဝန်းကျင်က နှောင်းကို ဘယ်လိုမျက်လုံးမျိုးနဲ့ ကြည့်ကြမလဲ၊ ဒေါက်တာ တွဲရုံတွဲပြီး လက်မထပ်ဘဲ ထားရစ်ခဲ့တဲ့ မိန်းကလေး တစ်ယောက်အဖြစ် မြင်လိမ့်မယ်၊ ဒေါက်တာ လက်ဖျားနဲ့တောင် မထိရက်တာကို ပတ်ဝန်းကျင် မသိဘူး ဒေါက်တာ၊ ဆရာဝန်ကျင့်ဝတ်ကြောင့် ဆိုတာ ပတ်ဝန်းကျင်က သိမှာမဟုတ်ဘူး၊ ဒေါက်တာ့ကို ကြည့်တဲ့ မျက်လုံးတွေထဲမှာလဲ ဒီဆရာဝန်ဟာ သူ့လူနာကို လက်မထပ်ရက်လို့ ဆရာဝန်ကျင့်ဝတ်ကို ထိန်းချုပ်လို့ ကျန်တဲ့ လူနာတွေရဲ့ အားကိုးစိတ်ကိုငဲ့လို့... လို့ မြင်မှာမဟုတ်ဘူး၊ လူနာတစ်ယောက်ကို အခွင့်အရေးယူပြီး တွဲခဲ့တဲ့...''

''တော်ပါပြီ သီ... ဒီလောက်ဆို ကိုယ်သဘောပေါက်ပါပြီ၊ ကျေးဇူးပြုပြီး...''

သီ့အနီးမှ ဗြုန်းခနဲ ခွာကာ ဝရန်တာဘက်သို့ ထွက်သွားသော သူ့ကို သီ ခဏစိုက်ကြည့်နေပြီးနောက် သီ မျက်စိမှိတ်လိုက်၏။ သီ မှားသွားသလား၊ ဤစကားမျိုး သီ ပြောသင့်ပါသလား။ ဇနီးဟောင်းတစ်ယောက် အနေနှင့် ပြောပိုင်ခွင့် ရှိပါရဲ့လား။ မိမိဘဝ၏ လွတ်မြောက်မှုကို ရှာဖွေနေသူ တစ်ယောက်အနေဖြင့် ဤစကားမျိုး ပြောသင့်ပါသလား။ သူ ဆုံးဖြတ်ရခက်သွားအောင် သီ လုပ်လိုက်မိပြီ ထင်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းကလည်း သူ ဆုံးဖြတ်ရခက်အောင် သီလုပ်ခဲ့ဖူးပါသည်။ သီနှင့်မောင် ကွဲကွာဖို့ သီကစ၍ အကြံပေးခဲ့သည်။ သီ့စကားကို ကြားရတော့ မောင် မယုံကြည်နိုင်စွာ ကြောင်ကြည့်နေခဲ့၏။

''သီနဲ့မောင် ကွာရမယ်... ဟုတ်လား၊ ဘယ်လောက် အဓိပ္ပာယ် မရှိတဲ့ စကားလဲ''

မောင့်မျက်နှာမှာ တဖြည်းဖြည်း ဒေါသရိပ်ဖြင့် တင်းမာလာ၏။ သီ မောင့်ကို အလျှော့မပေးဘဲ မောင့်မျက်နှာကို စေ့စေ့ကြည့်၍ တိုက်တွန်းခဲ့သည်။

''သီ နေချင်တဲ့ဘဝနဲ့ မောင်နေချင်တဲ့ဘဝနဲ့ မတူဘူး၊ မောင့်အလိုဆန္ဒတွေကို သီ မဖြည့်စွမ်းနိုင်ဘူး''

''ဒါပေမဲ့ သီ မောင့်ကို ချစ်တယ် မဟုတ်လား၊ ဒီတစ်ခုပဲ ဖြေပါ၊ မောင့်ကို ချစ်တယ် မဟုတ်လား''

သီ မျက်ရည်တွေတွေကျကာ အံကြိတ်နေခဲ့၏။ သူက ဒေါသမျက်နှာမှ ကြေကွဲမှုမျက်နှာ အဖြစ် တဖြည်းဖြည်း ပြောင်းသွားသည်။

''မောင် သီ့ဆီက သီမပေးနိုင်တာတွေ မတောင်းတော့ပါဘူး၊ မောင့်အနားမှာ လက်တွဲပြီး မောင်နဲ့အတူ လောကကို ရင်ဆိုင်မယ်ဆိုရင် မောင် ကျေနပ်မှာပါ၊ သီ မပါဘဲ မောင့်ဘဝမှာ မောင် ဘယ်လိုပျော်ရွှင်နိုင်တော့မှာလဲ ပြောပါဦး သီရဲ့၊ မောင်မပါဘဲနဲ့ သီ့ဘဝ ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းနိုင်ပါ့မလဲ၊ စဉ်းစားပါဦး သီ... အိမ်ထောင်ရေးဟာ ကလေးကစားသလို ခုထလုပ် ခုထဖျက် လုပ်လို့မရဘူး''

သီ ခေါင်းမာစွာပင် တင်းခံနေခဲ့သည်။

''မောင်နဲ့အတူနေရတာ သီ မပျော်ဘူးလား''

အဓိကကျသောအချက်ကို မောင်က ထောက်၍မေးလိုက်သောအခါ သီတုန်လှုပ်သွား၏။ မောင်နှင့် အတူနေရတာ သီပျော်ပါသည်။ သို့သော် သီကြောက်သည်။ ဘဝသံသရာကိုလည်း သီကြောက်သည်၊ ဤဘဝ၏ ဆင်းရဲဒုက္ခများကိုလည်း သီကြောက်သည်။ အကြောက်ဆုံးမှာ မောင့်အချစ်ဖြစ်သည်။ မောင့်အချစ်ကို သိလေ သီလျှောက်ရမည့် လမ်း၏ ခက်ခဲမှုကို သီ နားလည်လေ ဖြစ်သည်။ သီ့ကို ယူမိသောကြောင့် မောင် စိတ်ဆင်းရဲဒုက္ခရောက်ရတာကို မြင်ရပြန်တော့ သီ၏တရားဓမ္မများကို အပြီးအပိုင် စွန့်ပြီး မောင့်ကို မယားဝတ္တရားနှင့်အညီ ပြုစုစောင့်ရှောက်ကာ အိမ်ထောင်ရေးဒုက္ခ၊ အိမ်ထောင်ရေးသုခများတွင် ရဲဝ့ံစွာ နှစ်မြှုပ်ဇာတ်သိမ်းလိုက်ရတော့မလားဟု တွေဝေရပြန်သည်။ သို့သော်...။

''ပျော်တယ် မပျော်ဘူးဆိုတဲ့ ပြဿနာကို ဒီအချိန်မှာ ပြောဖို့မလိုတော့ဘူးလို့ သီထင်တယ်လေ''

''ဘာကွ...''

သူဒေါသဖြင့် မျက်နှာနီရဲသွား၏။

''ကိုယ်တို့နှစ်ယောက်ရဲ့ ပျော်ရွှင်မှုကို ကိုယ်ပြောဖို့ မလိုဘူး... ဟုတ်လား''

''လောကမှာ ပျော်ရွှင်မှုက သိပ်အဓိက မကျပါဘူး မောင်''

သူ ဗြုန်းခနဲ ရယ်မောလိုက်တော့မလို ဖြစ်သွားပြီးမှ မျက်နှာ ချက်ချင်း တင်းမာသွားပြန်သည်။

''ကိုယ်တို့နှစ်ယောက်ရဲ့ ပျော်ရွှင်မှုထက် အရေးကြီးတာ ဘာများ ရှိသေးလို့လဲ ... သီ''

''ရှိတာပေါ့ မောင်... မြင့်မြတ်မှုလေ''

သူ ငိုင်ကျသွားသည်။ ဆံပင်တွေကြားထဲ လက်ချောင်းများ ထိုးသွင်းဖွကာ ခေါင်းငိုက်စိုက်ကျသွားသော မောင့်ကို သီ ငေးမောလျက်က အံတင်းတင်း ကြိတ်ထားလိုက်မိသည်။ မိနစ်ပေါင်းများစွာ ငြိမ်သက်နေပြီးနောက် တော်တော်ကြာတော့ မောင် ခေါင်းမော့လာကာ သီ့ကို ကြည့်သည်။

''ဒါဖြင့် သီ ဘာဖြစ်လို့ မောင့်ကို လက်ထပ်ခဲ့သေးလဲ''

ထိုစကားသည် သီ့ကို အရှက်ရစေဆုံးသော စကားဖြစ်သည်။ သီ မခံနိုင်ဆုံးသော စကားလည်း ဖြစ်သည်။ နဂိုအနာပေါ် ရက်စက်စွာ ကျလာသည့် တုတ်ချက်လိုပင် နင့်ခနဲ စူးရှနာကျင်စိတ်ဖြင့် သီ့နောင်တများအကြား၌ သီ ငြိမ်သက်စွာ နစ်မြုပ်နေတော့သည်။ သူက ဒေါသတကြီး တက်တစ်ချက် ခေါက်လျက် သီ့ပခုံးကို ဆွဲယမ်းလှုပ်ခါပစ်လိုက်၏။

''သီ... မင်းဟာ ကိုယ့်ကို ဆင်းရဲဒုက္ခခံစားစေဖို့ သက်သက် လူဖြစ်လာတာလား''

ထိုစကားကြောင့် သီ စိတ်ဆင်းရဲကြီးစွာဖြင့် ငိုချလိုက်သည်။ သီ ငိုတော့ မောင်က ဒေါသကို ချုပ်တီးကာ ထထွက်သွားလေသည်။ ရက်ပေါင်းများစွာ သီ့ကို နာကြည်းသွားသော မောင်သည် သီ့အနား မကပ်ဘဲ ခပ်ဝေးဝေးနေဖို့ ကြိုးစားခဲ့သည်။ သီ ညစဉ် ဘုရားရှိခိုး၊ ပရိတ်ရွတ်နေသည်ကို ဧည့်ခန်းပက်လက် ကုလားထိုင်မှာ ထိုင်ရင်းက ခပ်စိမ်းစိမ်း လှမ်းကြည့်နေတတ်သည်။ မောင့်အကြည့်များသည် စိမ်းကားသလို သရော်ဟန်လည်း အပြည့်။ မောင် ကြည့်နေမှန်း သိသိကြီးနှင့် ဥပေက္ခာပြုရသည်မှာ အလွန်ခက်ခဲလှသည်။ ထိုရက်များသည် သီတို့နှစ်ယောက်လုံးအတွက် စိတ်ကျဉ်းကျပ်မှုများဖြင့် ပြည့်လျှံနေတော့သည်။ ထမင်းစားပွဲမှာ ဝင်ထိုင်လျှင် မောင်က သီ့ကို ရိလေ့ရှိသည်။

''ပဲဆီပြန်၊ ငရုတ်သီးဆားထောင်း၊ ဆူးပုပ်ရွက်ဟင်းချို၊ အင်း... ဒီနေ့လဲ မောင် ကုသိုလ်တွေ အများကြီး ရလိုက်ပြန်ပြီပေါ့နော်၊ ဒါပေမဲ့ သီ... သီ ကျိုချက်တဲ့ ရေထဲမှာ မျက်စိနဲ့ မမြင်ရတဲ့ အသက်ရှိသတ္တဝါလေးတွေ ဘယ်လောက်ပါလဲ စဉ်းစားမိလား၊ ဟောဒီမှာ ဆန်ထဲက ဆန်ပိုးလေး တစ်ကောင်သေနေရှာပြီ၊ သနားပါတယ်နော်..သီ၊ မောင့်ပါးစပ်ထဲ ထမင်းနဲ့ ရောပြီး ဝင်သွားရင် မောင်ငရဲကြီးတော့မှာပဲ''

ထိုအခါ သီက မောင့်ကို အံကြိတ်ကြည့်ရင်း ငြိမ်သက်နေခဲ့သည်။

''မောင် အသက်လွတ်မစားနိုင်ရင် သီက ဟင်းသတ်သတ်စားပါ့မယ်၊ မောင့်အတွက် ထမင်းချက်မယ့် လူတစ်ယောက်လောက် ရှာရအောင်၊ သီ အသားငါးတွေ မကိုင်ချင်ဘူး၊ သြော်... ဟိုကလေးမလေးဆိုရင် အဆင်ပြေမယ်''

လေသံအေးအေးဖြင့် တင်ပြလာသော ပြဿနာကို မောင်က ပြတ်ပြတ်သားသား ငြင်း၏။

''မောင် သီနဲ့ပဲ အတူစားမယ်၊ သီ ဆားနဲ့စားရင် မောင်လဲ ဆားနဲ့ပဲ စားမယ်၊ သီ ချက်ကျွေးတဲ့ ဟင်းပဲ မောင်စားချင်တယ်၊ ဘယ်ထမင်းချက်မှ မလိုဘူး၊ လင်မယားဆိုတာ တစ်ယောက်အပူကို တစ်ယောက်က မျှယူ၊ တစ်ယောက်ရဲ့ ပျော်ရွှင်မှုကို တစ်ယောက်က မျှယူရမှာပေါ့၊ အခု သီက မောင့်ကို ကုသိုလ်တွေ မျှပေးနေတာပဲ၊ မောင် သာဓုခေါ်ရမှာပေါ့''

ရိမှန်းသိသိ မောင့်စကားများကို နာလိုခံခက် အမြဲနားထောင်ခဲ့ရတိုင်း သီ့ကိုယ်သီသာ နားကြည်းဒေါသ ဖြစ်ခဲ့ရ၏။ ငါ ဘာလို့ မောင့်ကို လက်ထပ်ခဲ့မိပါလိမ့်။ သည်လိုကိစ္စမျိုးတွေ ကြုံတွေ့ဖို့ သီ့စိတ်တွေ ပြောင်းလဲလာလိမ့်မည်ဟု သီ ဘယ်တုန်းကမှ မသိခဲ့ပါ။

''သီက မောင့်ရဲ့ ပါရမီဖြည့်ဘက်အစစ်ပဲ သီရဲ့၊ မောင့်ရဲ့ သည်းခံနိုင်စွမ်း ခန္တီပါရမီတွေကို စမ်းသပ်ဖြည့်စွက်ပေးတဲ့ ပါရမီဖြည့်ဘက်ကလေး''

နာကြည်းသော မောင့်အပြုံးက ချွန်ထက်သော လက်နက်သဖွယ် သီ့ရင်ကို စူးစူးရှရှ ထိုးနှက်သေး၏။ အစစအရာရာ အသွင်မတူသော ဘဝမျိုး၊ လိုချင်တာ မရတတ်သော ဘဝမျိုးဖြင့် မောင်ဘယ်လောက် သီ့အပေါ် သည်းညည်းခံနိုင်မည်နည်း။

''သီက အဗြဟ္မစရိယာ ရှောင်ကြဉ်ဖို့ စိတ်ဆန္ဒရှိတယ်ဆိုတော့ တော်တာပေါ့နော် သီ၊ မောင်တို့ရဲ့ ဗုဒ္ဓမြတ်စွာဘုရားတောင် သိဒ္ဓတ္ထမင်းသားဘဝမှာ နှစ်ဆယ့်ကိုးနှစ်အထိ လောကီကာမဂုဏ်စည်းစိမ်ကို ဖက်တွယ်နေခဲ့တာ သားတစ်ယောက်ရတဲ့အထိ ယသော်ဓရာ့အပေါ်မှာ အိမ်ထောင့်တာဝန်ကျေခဲ့တာ၊ သီက နှစ်ဆယ့်သုံးနှစ်နဲ့ အဗြဟ္မစရိယာ ရှောင်ချင်စိတ် ရှိနေတယ်ဆိုတော့ မောင် သာဓုခေါ်ပါတယ်''

နာကြည်းသော မောင့်သရော်စကားများကြောင့် မောင့်ကို မကြည့်ဘဲ မျက်လွှာချထားခဲ့ရသည်။ သီတို့နှစ်ယောက်၏ နောက်ဆုံးအချိန်သည် သိမ်မွေ့စွာ ချဉ်းကပ်ရောက်ရှိလာခဲ့သည်။ လင်မယားနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မုန်းတီးမှုမရှိဘဲ ကွဲခဲ့ကြသော အိမ်ထောင်ရေးမျိုး ဖြစ်သည်။ မောင် ရန်ကုန်ကို ပြောင်းသွားသောအခါ သီလိုက်မသွားဘဲ ကျန်နေခဲ့ခြင်းဖြင့် အပြီးအပိုင် နားလည်စွာ ကွဲခဲ့ကြသော အိမ်ထောင်ရေးဖြစ်သည်။ နောက်ဆုံးအချိန်အထိ သီ့ကို မောင် တောင်းပန်ခဲ့သည်။

''သီ... မောင် ဘာမှားနေလို့လဲဟင်''

သီ ရင်နင့်နာကျင်စွာပြုံး၍ မောင့်ကို နှစ်သိမ့်ခဲ့သည်။

''ဟင့်အင်း... သီ မှားသွားတာပါ''

မောင်နှင့် အပြီးအပိုင် ခွဲခွာရန် ဆုံးဖြတ်ပြီးနောက် မောင် ရန်ကုန်ပြောင်းသောအခါ မောင့်ကို ဘူတာအထိ သီ လိုက်ပို့ခဲ့သည်။ ရထားထွက်ခါနီးတော့ သီ့ကို နှုတ်ဆက်သည့် မောင့်အသံများ ခြောက်သွေ့တွန့်ဆုတ်နေခဲ့သည်။

''မောင်သွားမယ်၊ သီလိုတာရှိရင် အားမနာနဲ့၊ မောင့်ဆီကို ဆက်သွယ်နော်၊ သီ့ကျန်းမာရေးကို ဂရုစိုက်... ကြားလား၊ သီဘာပဲလုပ်လုပ် အောင်မြင်ပါစေလို့ မောင်ဆုတောင်းပါတယ်''

ပြောရင်းပြောရင်း သူ့အသံများ တိမ်ဝင်ကာ ဗြုန်းခနဲ မောင် မျက်နှာ လွှဲပစ်လိုက်လေသည်။ မောင့်မျက်ရည်တစ်စွန်းတစ်စသည် သီ့ရင်ထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွား၏။ တစ်လလောက် သီ စိတ်လေလွင့်၍ ကျန်ရစ်ခဲ့သည်။

''သီကတော့ ကိုယ့်ကို ဘယ်လိုမြင်သလဲဟင်''

ရုတ်တရက် သူက ဝရန်တာမှ လှမ်းမေးတော့ သီ သူ့ကို လှမ်းကြည့်သည်။ စိတ်ရှုပ်ထွေးနေသော သူ့မျက်နှာမှာ အမှောင်တစ်ဝက် အလင်းတစ်ဝက်ဖြင့် မှုန်မှိုင်းနေ၏။

''ဘာကို ပြောတာလဲဟင်''

စောစောက သီတို့ ဘာခေါင်းစဉ် ပြောခဲ့ကြမှန်း မသိတော့ပါ။

''နှောင်းနဲ့ ပတ်သက်လို့လေ''

''သြော်...''

သီ သူ့မျက်လုံးထဲကို စိုက်ကြည့်တော့ သူက သီ့ကို စူးစိုက်စွာ ပြန်ကြည့်နေသည်။

''ကိုယ် နှောင်းကို ကြောရရုံ ကြံတယ်လို့များ...''

''အို... သီ မထင်ပါဘူး ဒေါက်တာ၊ သီနားလည်ပါတယ်''

''မဟုတ်ဘူး၊ နှောင်းက အဲဒီလို ထင်သွားနိုင်သလားလို့''

သီ ပင့်သက်တစ်ချက် ရှိုက်ကာ ထိုင်ရာမှ ဖြည်းညင်းစွာ အားယူ ထရပ်လိုက်၏။

''သူ ဒီလောက် အမြင်တိမ်မယ် မထင်ပါဘူး ဒေါက်တာ''

တိတ်ဆိတ်သော ညလယ်တွင် ဆရာဝန်နှင့် သူ့ဇနီးသည် တစ်ယောက်ကိုတစ်ယောက် ငြိမ်သက်စွာ ငေးကြည့်နေ၏။ သူတို့နှစ်ယောက်လုံး၏ အတွေးများမှာ အမျိုးအစား ကွဲပြားသော်လည်း သူတို့ တွေးနေကြသည်မှာ နှောင်းအကြောင်း ဖြစ်သည်။


အပိုင်း(၁၆)

ဖေဖော်ဝါရီလ ၉ရက်နေ့သည် တနင်္ဂနွေနေ့ ဖြစ်သည်။ နွေဦး၏ လေညင်းများ၊ ပန်းရနံ့များ၊ ကျေးငှက်တို့၏ ချိုသာသော အသံများဖြင့် လှပခမ်းနားသော နေ့တစ်နေ့ ဖြစ်သည်။ သူ တွေ့ဖူးသမျှ နှောင်း၏ အပြုံးများတွင် ထိုနေ့က အပြုံးသည် အလှဆုံး၊ အတောက်ပဆုံးဖြစ်၏။ နှောင်း၏ နှစ်ဆယ့်လေးနှစ်မြောက် မွေးနေ့သည် သူ့အတွက် အောင်မြင်မှုဆုလာဘ်တစ်ခု ဖြစ်သည်။

နှောင်းအတွက်ကတော့ ဘဝမှာ အကြီးမားဆုံးသော ပျော်ရွှင်မှုကြီးပင် ဖြစ်လေသည်။ မွေးနေ့ပွဲကို နှောင်း၏တိုက်ခန်းတွင် နံနက်ဘုန်းကြီးဆွမ်းကျွေးခြင်းဖြင့် အစပြုခဲ့သည်။ နှောင်း၏ စိတ်လွတ်ကိုယ်လွတ် ပြုံးရွှင်နေသော မျက်နှာကလေးကို ငေးကြည့်ကာ နှောင်းအပြုံးက သူ့ထံသို့ အလိုလိုကူးစက်၍ သူပါ ပြုံးရွှင်လာခဲ့၏။ အဖြူရောင် ပိုးပျော့နိုင်လွန် လက်ရှည်အကျႌက နှောင်း၏ ကလေးဆန်မှု၊ နုနယ်မှုများ အားလုံးကို စုပ်ယူပစ်လိုက်သောအခါ နှောင်းသည် ဣန္ဒြေရသော မိန်းမပျိုတစ်ယောက် ဖြစ်သွားသည်။ ဇင်းမယ်ချိတ်အဖြူလုံချည်မှ ငွေရောင်တောက်လက်သော အချိတ်ကြိုးများကြောင့် နှောင်း၏ သွယ်နွဲ့သော ကိုယ်ခန္ဓာကလေးက လင်းလက်တောက်ပနေသည်။ ဆံထုံးမြင့်မြင့်ကလေး ထုံးထားပြီး ထိုဆံထုံးတွင် ရွှေနားကွပ် ပုလဲဆံထိုးကလေး ထိုးထားသောအခါ သူ နှောင်းကို မြင်လျှင်မြင်ချင်း အသက်ရှူမှားသွား၏။ သူ တစ်ခါမှ သတိမထားမိသော ကျက်သရေရှိသည့် အလှကို နှောင်းမျက်နှာတွင် မြင်နေရသည်။

''ဆရာတို့ ဆေးရုံက လူနာတွေတော့ နှောင်းကိုမြင်ရင် ဒုက္ခရောက်ကြတော့မယ်''

''ဟင်...ဘာဖြစ်လို့လဲ ဆရာ''

''သြော်... ဆရာတို့ လူနာအမျိုးသမီးတချို့က အလှအပကို သိပ်စိတ်ဝင်စားတာ၊ မိန်းကလေး လှလှလေးတွေ မြင်ရင် အကျႌကလေး ကိုင်ကြည့်၊ ထဘီကလေး ကိုင်ကြည့်၊ ကလစ်ကလေး တောင်း၊ ဖဲကြိုးကလေး တောင်း''

''သနားပါတယ်နော်၊ ဒါပေမဲ့ စိတ်မပူပါနဲ့ ဆရာ... ဆေးရုံသွားရင် နှောင်း ဝတ်စုံကို လဲပစ်မှာပါ ဆရာရဲ့''

တနင်္ဂနွေနေ့လယ်တွင် နှောင်းက နှစ်ဆယ့်လေးနှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် စိတ်ရောဂါကုဆေးရုံမှ လူနာများကို အုန်းနို့ခေါက်ဆွဲ ကျွေးချင်သည်ဟု အဆိုပြုတုန်းက သူ့မှာ နှောင်းအတွက်လည်း ဝမ်းသာဂုဏ်ယူပြီး သူ့လူနာများအတွက်လည်း ကျေနပ်သွားလေသည်။

''ဆေးရုံက လူနာတွေကို ကျွေးမွေးပြုစုရတဲ့ အရသာကို နှောင်း ကျေနပ်မှာပါ၊ ပြောရရင်တော့ သူတို့ဟာ လူတွေရဲ့ အမေ့ခံသတ္တဝါတွေပဲ၊ သူတို့ရှိနေကြတာကို ဘယ်သူမှ သတိမရကြဘူး နှောင်း၊ နှောင်းရဲ့ စေတနာအတွက် လူနာတွေရဲ့ကိုယ်စား နှောင်းကို ကျေးဇူးတင်ပါတယ်''

''ကျေးဇူးတင်ရင် နှောင်းကို ဆရာတစ်ခု လိုက်လျောရမယ်''

သူ ဒိတ်ခနဲ ရင်ခုန်ထိတ်လန့်သွား၏။ နှောင်းရယ်... ကိုယ်မပေးနိုင်တာ တစ်ခုကို တောင်းတော့မှာလား။ ကိုယ်တို့ အချိန်တွေ အများကြီး ကျန်ပါသေးတယ်။

''ဘာများလဲ နှောင်း''

''ဆရာ့အိမ်ကို နှောင်း လိုက်ခဲ့ချင်တယ်''

ဘုရား...ဘုရား။

''ဆရာက မွေးနေ့မှာ ဘာလိုချင်သလဲလို့ နှောင်းကို မေးခဲ့တယ် မဟုတ်လားဆရာ၊ နှောင်း လိုချင်တာ ဒီတစ်ခုတည်းပဲ၊ ဆရာ့အိမ်ကို လိုက်လည်ခွင့်ပေးပါနော်၊ ညနေစာကို ဆရာဆေးခန်း မသွားခင် နှောင်းနဲ့ဆရာ အတူစားကြရအောင်လေ... ဆရာ''

သီ...။ သီ့ကို မျက်စိထဲမှာ မြင်ယောင်ကာ သူ အဖြေရကျပ်သွား၏။ ခွဲစိတ်ပြီးခါစ သီသည် အောက်ထပ်သို့ လုံးဝမဆင်းနိုင်သေးပါ။ နံနက်တိုင်း ဆေးရုံမသွားမီ သီ့ဦးခေါင်းပတ်တီးများကို သူလဲလှယ်စည်းနှောင်း ပေးနေရသည်။ မနက်စွပ်ပြုတ်၊ ညစွပ်ပြုတ်ကို အေးအေးလှဆိုသည့် ကလေးမက အခန်းထဲအရောက် ပြုစုကျွေးမွေးနေရသည်။ နှောင်းသည် သီ့အတွက် အနှောင့်အယှက် လုံးဝမဖြစ်နိုင်မှန်း သူသိသည်။ သို့သော် နှောင်းက သူ့အိမ် ရောက်သည့်အခါ အိမ်ထဲခြံထဲ အကုန်လျှောက်ပတ်ကြည့်ချင်စိတ် ပေါ်လာလိမ့်မည်။ အပေါ်ထပ်သို့ တက်ကြည့်လိုသည်ဟု အဆိုပြုလျှင် သူ ဘယ်လိုငြင်းဆန်ရမည်နည်း။ သီ့ကို တွေ့သွားလျှင် သူ ဘယ်လို မိတ်ဆက်ပေးရမည်နည်း။

''နှောင်း... သူက ကိုယ့်ဇနီး သီလေ''

ဒီလောက်နှင့် ပြဿနာ မဟုတ်သေးပါ။ နှောင်း၏ စူးရှပါးနပ်သော မျက်လုံးများက ဦးခေါင်းတစ်ခုလုံး အထပ်ထပ် ဖုံးလွှမ်းထားသော ပတ်တီးများကို မြင်လျှင် ခွဲစိတ်ထားသော လူနာ၏ အခြေအနေကို ခဏအတွင်း ရိပ်မိသွားမှာပဲ။ လူနာတွင် ဦးနှောက်ကင်ဆာ ရှိနေကြောင်း မသိသည့်တိုင်အောင် သူ့အား မေးတော့မှာပဲ။ သူ လိမ်ညာနိုင်ပါ့မလား။

''ဟာ... ဘာမှဖြစ်တာ မဟုတ်ပါဘူး၊ ခုတင်နဲ့ ဆောင့်မိလို့ ခေါင်းကွဲသွားတာ နှောင်းရဲ့''

သူ့လိမ်ညာမှုသည် ဘယ်လောက်အောင်မြင်နိုင်မလဲ။ အကယ်၍ သီသည် လပိုင်းအတွင်း လောကထဲက ထွက်ခွာသွားရတော့မည်ဆိုတာ နှောင်းသိလျှင် နှောင်းသည် သီ့အတွက် ကြေကွဲဖို့ထက် သူမကိုယ်တိုင် မေ့ပျောက်နေခဲ့သော တစ်စုံတစ်ရာအတွက် ကြောက်ရွံ့ထိတ်လန့်ပေတော့မည်။ သည်လိုတော့ လုံးဝအဖြစ်မခံနိုင်ပါ။ သူ အနှစ်နှစ် အလလ ကြိုးစားလာသမျှ နှောင်း၏ စိတ်တည်ငြိမ်မှုတို့သည် မကြာခင်ပျောက်လွင့်သွားတော့မည့် အဖြစ်မျိုးကို လုံးဝအဖြစ်မခံနိုင်ပါ။

''ဟင်... ကြည့်ပါဦး၊ ဒါလေး ပြောမိတာနဲ့ ဆရာ့မျက်နှာက မှုန်သွားလိုက်တာ၊ နှောင်းကို အိမ်လာလည်ခွင့်ပေးဖို့ ဆရာ သိပ်ခက်ခဲနေသလားဟင်... ဆရာ''

နှောင်း၏ စူစူကလေး ညှိုးငယ်နေသော နှုတ်ခမ်းလေးကို သူ မချင့်မရဲကြည့်ကာ မျက်နှာလွှဲပစ်လိုက်ရ၏။

''မဟုတ်ဘူး... နှောင်း''

''မခက်ခဲရင် နှောင်းလိုက်ခဲ့မယ်''

''အိမ်မှာက ဆရာတစ်ယောက်တည်း ဖြစ်သလို ချက်စားနေတာ နှောင်းရဲ့၊ ထမင်းချက်တဲ့ ကောင်မလေးက လာလိုက် ပြန်လိုက်၊ ဟင်းချက်လဲ ညံ့ပါတယ်၊ ဆရာတို့ အပြင်မှာပဲ စားကြတာပေါ့ နှောင်း''

''နှောင်း ချက်ကျွေးချင်လို့ပါ ဆရာရဲ့၊ နှောင်းကျွေးတဲ့ ထမင်းဟင်းကို ဆရာ စားစေချင်လို့ပါ၊ ဆရာ့ခြံက ကျယ်တယ်ဆို၊ ဆရာ့ခြံထဲမှာ သစ်ပင်တွေ အများကြီး ရှိတယ်ဆို၊ အဲဒီလို ညနေခင်း အေးအေးဆေးဆေးကလေး နေချင်တယ်''

သူ အဖြေရကျပ်သွား၏။

''နောက်တော့ အဲလို အေးအေးဆေးဆေး နေရမှာပေါ့ကွာ၊ အခုတော့ မဖြစ်သေးဘူး၊ ဆရာ ခြံထဲကို ရှင်းလင်းထားပါ့မယ်''

''နောက်တော့ဆိုတာ ဘယ်တော့လဲ ဆရာ''

''နောက် သုံးလေးလလောက်ပေါ့''

သူသည် သီ၏ တည်ငြိမ်သော မျက်လုံးများကို ရုတ်တရက်မြင်ယောင်သွားပြီး အချိန်ကာလ ခန့်မှန်းမှုအတွက် နောင်တရသွား၏။ သူ ဤစကားကို မပြောသင့်ပါ။ သုံးလေးလဟု သူ မခန့်မှန်း သင့်ပါ။ သီ့ကို မြန်မြန်သေစေချင်ရာ ကျသော အတွေးမျိုးမှ ထွက်ပေါ်လာသည့် စကားလုံးမဟုတ်ဟု သူ ဘယ်လိုငြင်းဆန်နိုင်ပါမည်နည်း။ ယခုအချိန်ဆိုလျှင် သီသည် ခေါင်းအုံးနှစ်လုံး ထပ်ထားသော အိပ်ရာပေါ်တွင် သတိလစ်တစ်ချက်၊ သတိလည်တစ်ချက်နှင့် နေ့ရက်များကို ခက်ခဲစွာ ကျော်လွန်နေရဆဲ ဖြစ်သည်။ ကိုယ့်ကို ခွင့်လွှတ်ပါ သီ...။

''ဆရာသိပ်စိတ်ညစ်သွားရတဲ့အတွက် နှောင်း တောင်းပန်ပါတယ် ဆရာ၊ နှောင်းကို ခွင့်လွှတ်ပါနော်၊ နှောင်း မလိုက်တော့ပါဘူး ဆရာ''

သူ့ကို အကဲခတ်ရင်း ဝမ်းနည်းသည့်မျက်နှာထားဖြင့် နှောင်းညှိုးငယ်စွာ တောင်းပန်တော့ သူ ပင့်သက်တစ်ချက် ရှိုက်ကာ ဆုံးဖြတ်ချက်တစ်ခုကို မိုက်မိုက်မဲမဲ ချလိုက်၏။

''ကောင်းပြီ... အဲဒီနေ့ကျရင် ဆေးရုံကအပြန်မှာ ဆရာ့အိမ် နှောင်းလိုက်ခဲ့''

''အို... ပျော်စရာကြီးပဲ''

နှောင်း၏ ပျော်ရွှင်ကျေနပ်သွားသော မျက်နှာနုနုကလေးကို မြင်ရသောအခါ သူ့ဆုံးဖြတ်ချက် မှန်သည်ဟု ကောက်ချက်ချလိုက်သည်။

တစ်မနက်လုံး နှောင်း မမောမပန်း လှုပ်ရှားတက်ကြွနေသည်ကို သူကျေနပ်နှစ်သိမ့်စွာ ငေးကြည့်နေမိသည်။ ခြယ်သထားသော ပန်းသွေးရင့် ပါးပြင်မို့မို့ကလေး၏ ပြောင်လက်မှုသည် သူ့ကို ရစ်ငင်ဆွဲယူနေ၏။ ငုံအာသော နှင်းဆီနီကလေးလို ရဲရင့်တောက်ပသော နှုတ်ခမ်းကလေးည် ပြုံးရယ်နေသောအခါ ကျက်သရေရှိသော အလှတစ်ပါးဖြစ်သည်။ နှောင်း၏ ကျောင်းနေဘက် သူငယ်ချင်းများ၊ နှောင်း အလုပ်လုပ်သော ကုမ္ပဏီမှ ဝန်ထမ်းများ၊ နှောင်း သင်တန်းတက်ရာ သံရုံးများက အတန်းဖော် သူငယ်ချင်းများ... အားလုံးကို ပျော်ရွှင်စွာ စကားပြောရယ်မောနေသည့် နှောင်းမျက်နှာတွင် မာန်မာနကို မသိမသာ တွေ့ရသည်။ အောင်နိုင်မှုကို တွေ့ရသည်။ နှောင်း မိတ်ဆက်ပေးသမျှ မိန်းကလေး ယောကျ်ားကလေးများကို သူက လူကြီးဆန်ဆန် ဣန္ဒြေရရ ပြုံးရယ်နှုတ်ဆက်နေသည်ကို နှောင်းမိခင်က ပြုံးကြည့်နေ၏။ ဒေါ်ခင်ရီ၏ မျက်လုံးအကြည့်များသည် ဆရာဝန်တစ်ဦးကို ကြည့်သော မျက်လုံးများ မဟုတ်တော့ဘဲ ဆွေမျိုးရင်းချာတစ်ယောက်ကို ကြည့်သော မျက်လုံးများ ဖြစ်သည်။

''တွေ့လား ဆရာ... မွေးနေ့လက်ဆောင်တွေ အများကြီးပဲ၊ ဝမ်းနည်းစရာကောင်းတာက အဲဒီထဲမှာ ဆရာ့လက်ဆောင် မပါဘူး''

နေ့လယ် ၁၁နာရီလောက် ဧည့်သည်ရှင်းသွားချိန်မှာ နှောင်းက မကျေနပ်သလို မျက်နှာထား လုပ်ပြပြီး ပြောတော့ နှောင်းမေမေက အားနာသွား၏။

''ဟဲ့... သမီးရယ်၊ ဆရာ့ကို အဲလို မပြောရဘူးလေ၊ ဆရာ လက်ဆောင်တွေ ပေးခဲ့တာ နှစ်နှစ်ဆက်တိုက် ရှိနေပြီ၊ ဆရာ့ကို ဒုက္ခမပေးချင်ပါနဲ့''

သူ သိမ်မွေ့စွာ ပြုံးပြလိုက်ရုံမှတစ်ပါး ဘာစကားမှ မပြောဘဲ ငြိမ်သက်နေလိုက်ပါသည်။ တကယ်တော့ နှောင်းအတွက် မွေးနေ့လက်ဆောင် သူ ယူလာခဲ့ပါသည်။ နေ့လယ် လူရှင်းချိန်ကျမှ ပေးမည်ဟု စဉ်းစားထားခဲ့သော်လည်း ဆေးရုံကအပြန် သူ့အိမ်သို့ နှောင်းလိုက်လာမည် ဖြစ်သောကြောင့် အိမ်ကျမှပဲ ပေးတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ သိပ်အဖိုးတန်လှသော လက်ဆောင် မဟုတ်သော်လည်း သူ့မိခင်ထားရစ်ခဲ့သော တစ်ခုတည်းသော အမွေပစ္စည်းဖြစ်သည်။ ကျောက်စိမ်းလည်ကပ်ကလေး ဖြစ်သည်။ အလှအပ အဆင်တန်ဆာ မက်မောသော အမေ့အတွက် နှစ်ပေါင်းများစွာ ဆင်းဆင်းရဲရဲ စုဆောင်းပြီးမှ အဖေက ဆင်ပေးနိုင်ခဲ့သော လည်ကပ်ကလေး ဖြစ်သည်။ အစွဲအလမ်း ကြီးတတ်လွန်းသော အမေသည် ဆုံးခါနီး လပိုင်းအလိုမှာတော့ သူ့အား ထိုပစ္စည်းကလေးကို ပေးသွားခဲ့၏။

''တကယ်လို့များ မင်းအိမ်ထောင်ပြုဖြစ်ဦးမယ်ဆိုရင် မင်းရဲ့ဇနီးကို ဒါလေး ပေးလိုက်ပါ''

အမေသည် နှစ်ပေါင်းများစွာ အမြတ်တနိုး သိမ်းထားခဲ့သော အဖေ့လက်ဆောင်ကလေးကို သူ့အား ပေးရင်း မသိမသာ နှောင်ကြိုးချည်နှောင် သွားသေး၏။ သည်တုန်းကတော့ အမေ့စကားကို အဓိပ္ပာယ်မရှိတာဟု သူ တွေးခဲ့သည်။ တကယ်တော့ နှောင်းသည် ရင့်ကျက်သော သူ့ဘဝတွင် သိမ်မွေ့နူးညံ့သောအချစ် ဖြစ်သည်။

''ဆရာ... ဆေးရုံရောက်ရင် နှောင်းအနားမှာပဲ နေနော်၊ နှောင်း ကြောက်တယ်''

သူ မျက်မှောင်ကြုတ်လိုက်မိပြီးမှ ပြုံးပြလိုက်၏။

''လူနာတွေက ကြောက်စရာ မကောင်းပါဘူး နှောင်းရဲ့... သနားစရာ ကောင်းတာပါ''

နှောင်းနှင့်အတူ အေးချမ်းစွာ ညနေစာ ချက်ပြုတ်စားခွင့်၊ စကားပြောခွင့် ရသော မွေးနေ့ညနေခင်းသည် သူ့ဘဝတွင် အပြည့်စုံဆုံးသော ကျေနပ်မှုတစ်ခု ဖြစ်သည်။ သူ စိုးရိမ်သလို နှောင်းက အပေါ်ထပ်ကို လုံးဝစိတ်မဝင်စားပါ။ အောက်ထပ် မီးဖိုနှင့် အောက်ထပ်ဧည့်ခန်းတွင် ဟိုသည်သွားလာ ယောက်ယက်ခတ်နေခဲ့သည်။ လွတ်လပ်သော ရှပ်အကျႌအပွကြီးက ဒူးကောက်ကွေးနားအထိ ရှည်နေသည်။ ထဘီကတော့ ခြေသလုံးတစ်ဝက်ခန့် ရောက်သော နီညိုရောင်ဘီဘဲလ်လုံချည်။ ပန်းနုရောင် သန်းသည် ဆိုရုံကလေး သန်းနေသော အကျႌပွပွကြီးအောက်မှာ နှောင်း၏ကျစ်လျစ်သွယ်နွဲ့သော ကိုယ်လုံးကလေး ပျောက်ကွယ်နေ၏။

''ဆရာ့အိမ်က ဖျော်ရည်စက်လဲ မရှိဘူး''

သူ သဘောကျစွာ ပြုံးရယ်၍ နှောင်းကို ငေးကြည့်နေခဲ့သည်။

''ဆရာဝန်အိမ် ဖြစ်နေပြီး ရေခဲသေတ္တာလဲ မရှိဘူး''ဟု မှတ်ချက်ချခဲ့သောအခါမှာတော့ သူ အသံထွက်၍ ရယ်မောမိတော့သည်။

''နှောင်း ဘာချက်ချင်လို့လဲ၊ ဆရာ သွားဝယ်ပေးမယ်လေ''

''နေပါစေတော့ ဆရာ၊ ရှိတဲ့ပစ္စည်းတွေနဲ့ပဲ နှောင်း ဖြစ်အောင် ချက်တော့မယ်၊ ဒါနဲ့ ဆရာ အာလူးတော့ လှီးတတ်ပါတယ်နော်''

သူ ပြုံးရယ်ရင်း ခေါင်းညိတ်လိုက်၏။

''အို... ဟုတ်တာပေါ့၊ ဆရာက အိမ်မှာ တစ်ယောက်တည်း ချက်စားနေတာပဲ၊ ဆရာက နှောင်းထက်တောင် ကျွမ်းကျင်ဦးမှာ''

နှောင်းတစ်ယောက် တကယ့်အိမ်ရှင်မတစ်ယောက်သဖွယ် ချက်ပြုတ်လုပ်ကိုင်နေသည်ကို သူက ဘေးမှာ ထိုင်ကြည့် ကြည်နူးနေမိသည်။ မိမိ လက်ထပ်ယူဖို့ တွန့်ဆုတ်ရသော မိန်းကလေး တစ်ဦးထံမှ ပျော်ရွှင်ကြည်နူးမှုကို တစ်ကိုယ်ကောင်းဆန်စွာ ယူမိနေပြန်ပြီဟု သူ တွေးမိသွားသောအခါမှာတော့ ကြည်နူးမိသော အပြစ်နှင့် ထိုက်တန်စွာပင် ဆို့နင့်ကြေကွဲမှုကို ခံစားလိုက်ရသည်။ နှောင်းအပေါ်မှာ သူ မတရားရာ ကျနေပြီလား။ သူ့ကို အားမနာဘဲ ဝေဖန်သွားခဲ့သော သီ့စကားလုံးများကို သူ သတိရသွား၏။ အင်း...သည်တစ်ကြိမ်မှာတော့ ကိုယ်မိုက်မဲတော့မယ်နဲ့ တူပါရဲ့ သီ။ နှောင်း၏ အပြုံးကလေးကို ရဖို့အတွက် ကမ္ဘာလောကမှာ ရှိသမျှ ကဲ့ရဲ့မှုတွေကို ကိုယ်လက်ခံနိုင်ပါတယ်။ ညနေ ၄ နာရီအချိန်တွင် သီ့ကို ဆေးတိုက်ရန် အေးအေးလှ တက်လာသောအခါ မနှိုးရသေးမီ သီ နိုးနေခဲ့ပြီ။ ခွဲစိတ်ပြီးခါစ နေ့ရက်များတွင် သီသည် နေ့မှန်း ညမှန်း မသိဘဲ အချိန်အားလုံး ပြာဝေသော အမှောင်ကာလများသာ ဖြစ်နေ၏။ မထူးတော့ပါဘူး ဟူသောစိတ်ဖြင့် ဘယ်တော့မှ မနိုးအောင် အိပ်ပစ်လိုက်ချင်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် သီသေလို့ မဖြစ်သေးပါဘူးဟု အားတင်းကာ ဇွတ်ပြန် နှိုးယူရသည်။ သီ့မျက်ခွံများ လေးလံပိတ်ဆီးလာလျှင် သီ အားစိုက်၍ ဖွင့်သည်။ ကြိုးစားရင်း ကြိုးစားရင်း သတိလက်လွတ် အိပ်ပျော်သွားပြန်၏။ သို့သော် နောက်ဆုံးတော့ သီ့ကိုယ်ခန္ဓာ ထိန်းချုပ်မှုကို သီ့စိတ်က အောင်နိုင်သွားခဲ့သည်။

သီ နိုးလာသောအခါ အောက်ထပ်မှ ရယ်မောသံများကို ကြားလိုက်ရ၏။ ပထမတော့ မောင် အေးအေးလှနှင့် ရယ်မောနေတာဟု ထင်သည်။ သို့သော် သီ့ကို ဆေးတိုက်ရန် အခန်းထဲ ဝင်လာချိန်မှာ ချိုမြနူးညံ့သော ရယ်သံကလေးကို ကြားရသည်။ သီ အံ့သြတကြီး ဖြစ်သွား၏။ သို့သော် ချက်ချင်းပင် သီ နားလည်လိုက်သည်။ နှောင်းပဲ ဖြစ်ရမယ်။ အေးအေးလှကို သီ ဘာမှ မမေးသော်လည်း နှောင်းအကြောင်းကို အေးအေးလှ ပြောပြနေ၏။

''သိပ်လှတာပဲ မမသီ၊ ဒါပေမဲ့ သွက်လွန်းတယ်''

အေးအေးလှက သီ့ကို အိပ်ရာပေါ်တွင် ခေါင်းအုံးတစ်ထပ်ဖြင့် မှီထိုင်နိုင်အောင် ညင်သာစွာ မထူ၏။ ကုန်ခန်းသွားသော ခွန်အားများကို ပြန်ရအောင် သီ ကြိုးစားရဦးမည်။ ဘာဝနာဖြင့် သေမည့် မိန်းမတစ်ယောက် ယခုလို ခဏခဏသတိလစ်အိပ်ပျော်သွားဖို့ မဖြစ်သင့်ပါ။ မိန်းမောစွာ မသေဘဲ ငြိမ်းချမ်းစွာသေဖို့ သီ ကြိုးစားရမည်။ သူကတော့ ပြောခဲ့သားပဲ၊ ဦးခေါင်းခွံအနာ ပြန်ကျက်အောင် စိတ်ရှည်ရှည် စောင့်ဆိုင်းရမတဲ့။ သီ့ဘဝမှာ စိတ်ရှည်ခဲ့ရပေါင်း များလှပြီ။ စိတ်ရှည်ခြင်းနှင့် အကျွမ်းတဝင် ဖြစ်နေတာလည်း ကြာလှပြီ။ အခုထိလည်း သီ့သေမင်းကို သီ စိတ်ရှည်စွာ ရင်ဆိုင်နေရဆဲ ဖြစ်သည်။

နေရောင်သည် သစ်ပင်ကြိုကြားမှ ကွက်တိကွက်ကျားလင်းကာ ပြတင်းခန်းဆီးကို ထိုးလျက်ရှိသည်။ အပြင်ဘက်မှာ ကျေးငှက်သံများ ကြားရသည်။ သစ်ရွက်လှုပ်ခတ်သံများ၊ အဝေးမှ ဂီတသံများ၊ ထို့အပြင် အောက်ထပ်ဆီမှ မောင်တို့၏ ရယ်မောသံများ။ နုပျိုသော ရယ်မောသံများကို ကြားမှ သီ့ဘဝ၏ ရင့်ရော်မှုကို ပို၍မြင်သာလာ၏။ သို့သော် ဤရင့်ရော်မှုမျိုး ရအောင် နှစ်ပေါင်းများစွာ သီ ကြိုးစားအားထုတ်ခဲ့ရသည်။ သီ၏ ရင့်ရော်သော မျက်ဝန်းများသည် တည်ငြိမ်ရုံမျှမက ကျေနပ်ခြင်းဖြင့် အေးချမ်းလျက်ရှိသည်။

''အဲဒီ ခန်းဆီးလေး မ,လိုက်ပါလား ညီမရယ်''

ခန်းဆီးကို မ,လိုက်ချိန်တွင် လန်းဆန်းသော လေနှင့်အတူ သီ့မြင်ကွင်းထဲသို့ တက်ကြွပျော်ရွှင်သော လူသားနှစ်ဦး ဝင်ရောက်လာသည်။ တစ်ယောက်က လင်ပန်းပေါ်မှာ ဖန်ခွက်များ၊ မုန့်ပန်းကန်ပြားများ တင်လျက် သယ်ဆောင်လာပြီး တစ်ယောက်က အလျူမီနီယမ် ခေါက်ကုလားထိုင်နှစ်လုံးကို သယ်လာ၏။ သူတို့နှစ်ယောက်သည် ပုန်းညက်ပင်၏ အရိပ်အောက်မှာ ခင်းထားသော စားပွဲကလေးဆီသို့ လျှောက်သွားနေကြသည်။ နွေဦးရာသီ၏ ရွက်ကြွေများသည် သူတို့၏ ခြေဖဝါးအောက်တွင် လှပသော ရွက်ကြွေတောတစ်ခုအဖြစ် ခင်းကျင်းပေးထားသည်။ နွေ၏ ငှက်သံများက သူတို့နှစ်ယောက် အနီးတွင် ချိုမြအေးချမ်းစွာ ဖွဲ့ဆိုလျက်ရှိကြသည်။

မြင်ကွင်းကို ငေးကြည့်နေသော သီသည် မျက်လုံးဟောက်ပက်၊ ပါးပြင်ခွက်ခွက်နှင့် ဝေဒနာ၏ နှိပ်စက်မှုကို ခံစားနေရသော သက်ရှိသတ္တဝါတစ်ဦးဖြစ်သည်။ သီနှင့် ဘာမှမဝေးလှသော နေရာမှာတော့ ဘဝ၏ခဏတာ အိပ်မက်လှလှကလေးတစ်ခု မက်နေသော လူသားနှစ်ဦး ရှိသည်။ တစ်ယောက်ကို တစ်ယောက် ငေးမောကြည့်လိုက်၊ ဖန်ခွက်ထဲမှ အနီရောင် စထရော်ဘယ်ရီ ဖျော်ရည်များကို သောက်လိုက်၊ စကားပြောဆို ရယ်မောလိုက်နှင့် ညနေခင်း၏ နွေးထွေးမှုကို ပြည့်စုံစွာ ခံယူလျက်ရှိကြသည်။ သူတို့သည် မနက်ဖြန်အကြောင်းကို မေ့ထားကြသလား၊ သို့မဟုတ် မနက်ဖြန်၏ မျှော်လင့်မှုဖြင့် ပျော်ရွှင်နေကြသလား သီသဲကွဲစွာ မသိ။

သီ့အတွက်တော့ မနက်ဖြန်ဆိုသည်မှာ ပို၍ငြိမ်းချမ်းသော ပျောက်ကွယ်မှုဖြစ်သည်။ မိန်းကလေးက သည်ဘက်သို့ မျက်နှာငဲ့စောင်းကာ ပြုံးနေတော့ သီ ကြာရှည်အကဲခတ်ဖို့ အခွင့်ရသွား၏။ စိတ်နှလုံး ဖြူစင်သော မိန်းကလေးဖြစ်သည်။ ကောက်ကျစ်မှု၊ လိမ်ညာမှု လုံးဝမရှိသော မိန်းကလေးဖြစ်သည်။ မိန်းကလေးသည် ဝမ်းနည်းမှုကို ခံစားနေသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် ပျော်ရွှင်ကျေနပ်ခြင်းကိုလည်း ခံစားနေရပြန်သည်။ အံ့သြစရာ ကောင်းသည်မှာ မိန်းကလေးသည် သီထင်ထားသည့်အသက်ထက် များစွာငယ်နေသည်။ ခဏကြာတော့ မည်းနက်ပျော့အိသော ပိုးသားဆံပင်ကလေးများကို ဝဲသွားအောင် ခေါင်းငဲ့၍ စကားပြောနေပြန်သည်။ တစ်ချက် သည်ဘက်ဝေ့ကြည့်ပြီး မျက်နှာမော့ရယ်လိုက်ပြန်တော့ အပြစ်ကင်းစင်နူးည့ံမှုကို သီ ခံစားလိုက်ရသည်။ ဖြူဝင်း၍ လှပသော မျက်နှာ၊ မည်းနက်သော မျက်ဝန်းများ၊ အဖျားလုံးချွန်ပြီး ကော့မယောင်ယောင် နှာခေါင်းကလေး၊ ပိရိသော်လည်း ပြည့်ဖြိုးစုဝန်းသည့် နီမြန်းသော နှုတ်ခမ်းများ။ငယ်တော့ငယ်လွန်းသေးသည်။ ချွဲလည်း ချွဲတတ်မည့်ပုံပဲ။ သို့သော် ဆရာဝန်တစ်ယောက်အတွက်လိုက်ဖက်သော ဇနီးကောင်းတစ်ယောက် ဖြစ်မည်။ လောကီအာရုံခံစားမှုကို အလွန် စိတ်ဝင်စားမည့် မိန်းကလေး။ ဉာဏ်ပညာ ထက်မြက်မည့် မိန်းကလေး။ မဆုတ်မနစ် ဇွဲလုံ့လဖြင့် မိမိ လိုချင်တာကို ရအောင်ယူမည့် မိန်းကလေး။

ထိုအခိုက် မောင်က လက်ထဲမှ အရာတစ်ခုကို မြှောက်ကိုင်ကာ မိန်းကလေးကို တစ်စုံတစ်ခု ပြောလိုက်သည်။ သူ့လက်ထဲက ပစ္စည်းသည် အစိမ်းရောင်ကြိုးတစ်ကုံး ဖြစ်သည်။ မိန်းကလေးက တစ်ချက် လွှတ်ခနဲ အော်ကာ ပျော်ရွှင်ရင်း သူရှိရာသို့ ခပ်နွဲ့နွဲ့ လျှောက်သွားလေသည်။ ဤလို လမ်းလျှောက်ပုံနွဲ့နွဲ့မျိုးကို သီ မြင်ဖူးသည်။ ဤဆံပင်ကုပ်ဝဲမျိုး၊ အားမာန်ရှိသော မျက်ဝန်းမျိုး...။ ဘယ်မှာ မြင်ဖူးပါလိမ့်။ သီ့ဦးနှောက်များ တော်တော်ဆိုးဆိုးရွားရွား ချွတ်ယွင်းကုန်ပြီ။

မောင်က ဦးညွှတ်ထားသော မိန်းကလေး၏ လည်ပင်းတွင် အစိမ်းရောင်ကြိုး တိုတိုကလေးကို ကြည်နူးရှက်ရွံ့စွာ တပ်ဆင်ပေးလိုက်လေသည်။ ဘယ်လောက် ည့ံလိုက်သည့်လူလဲ။ ငုံ့ထားသော လည်ကုပ်ပေါ်မှာ ဆွဲကြိုးတစ်ကုံး ဆွဲပေးဖို့ လုံးဝမကျွမ်းကျင်သောလူ ဖြစ်သည်။ အကြာကြီး ကြိုးစားဆွဲပေးရာက သူတို့နှစ်ယောက်လုံး မျက်နှာမော့လှန်ကာ ရယ်မောလိုက်လေသည်။ သီ တွေ့ဖူးသမျှ မောင့်မျက်နှာများတွင် အတောက်ပဆုံးဖြစ်သည့် အပြုံးမျက်နှာကို သီ ငေးမောကြည့်နေမိ၏။ သာမန် ပျော်ရွှင်သည့် အပြုံးမျက်နှာမျိုး မဟုတ်ဘဲ တစ်ခုခုကို အောင်မြင်သည့် ကျေနပ်ပြုံးဖြစ်သည်။

သူတို့နှစ်ယောက် အလွန်နီးကပ်စွာ တစ်ယောက်ကိုတစ်ယောက် ငေးမောနေကြ၏။ ကမ္ဘာလောကသည် သူတို့နှစ်ယောက်အား ဘယ်တော့မှ ကွဲကွာစေနိုင်မည် မဟုတ်သော သေချာမှုမျိုးဖြင့် ပေါင်းစပ်တွယ်ငြိစေလျက် ရှိသည်။ ခြံဝန်းတစ်နေရာတွင် ပျော်ရွှင်မှုရှိပြီး အခြားတစ်နေရာတွင် မချိမဆံ့နာကျင်မှု ရှိနေသည်။ တစ်နေရာတွင် ချစ်မြတ်နိုးမှုများ ရှိနေပြီး တစ်နေရာတွင် ကြောက်ရွံ့မှုများ ရှိနေသည်။ တစ်နေရာတွင် နုပျိုတက်ကြွမှုများ ရှိနေပြီး အခြားတစ်နေရာတွင် ရင့်ရော်ဆုတ်ယုတ်မှုများ ရှိနေသည်။

သီ့မျက်လုံးများမှ မျက်ရည်များ လိမ့်ဆင်းကျလာ၏။ ဘဝတဏှာပေါ်တွင် မောင်၏ အောင်မြင်ချိန်သည် သီ၏ ကျရှုံးချိန် ဖြစ်နေသည်။ မောင်၏ ရစ်ငင်တိုးဝင်ချိန်သည် သီ၏ ရုန်းထွက်ပြတ်တောက်ချိန် ဖြစ်သည်။ သီ လိုချင်သောဘဝကို မောင့်မျက်ရည်ဖြင့် ရင်းနှီး၍ ယူခဲ့ဖူးသော သီသည် မောင်ပျော်ရွှင်ချိန်တွင် မျက်ရည်များဖြင့် ပေးဆပ်နေရပြီ ဖြစ်သည်။

သို့သော် ထိုစဉ်က မောင့်မျက်ရည်သည် သီတို့နှစ်ယောက်၏ မှားယွင်းမှုကြောင့် ဖြစ်ပြီး ယခု သီကျရသော မျက်ရည်မှာ ကံကြမ္မာ၏ မှန်ကန်မှုကြောင့် ဖြစ်သည်။


ဂျူး

ဇာတ်သိမ်းပိုင်း ဆက်ပါဦးမည်...

Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...