ရတနာပုံနေပြည်တော်၏ အနောက်ဘက် မြစ်ကမ်းအနီးတစ်ဝိုက်မှာကုလားမြို့အမည်ရနေ၍ နိုင်ငံခြားသားပေါင်းစုံနှင့် ပြည့်နှက်နေသည်။ဤတစ်ဝိုက်တွင်အင်္ဂလိပ်၊ ပြင်သစ်၊ အီတာလျံ၊ အာမေးနီးယန်းစသောမျက်နှာဖြူတို့အပြင် တရုတ်၊ ကုလား၊ မူစလင်၊ စူရတီစသော အရှေ့တိုင်းသားများလည်း ရှိသည်။ တရုတ်၊ ကုလားတို့မှာ အများအားဖြင့်အင်္ဂလိပ်လက်အောက်ခံ ကျေးတော်မျိုး၊ ကျွန်တော်မျိုးများ ဖြစ်ကြ၍မြန်မာမင်းအား လိုလားကြသူတို့မဟုတ် အင်္ဂလိပ်မင်း၏ အလံတော်အစောင့်အရှောက်ကို ခံယူထားကြသူများပီပီ မြန်မာမင်းအားလည်းရိုသေခံ့ညားကြသူများ မဟုတ်ချေ။
မြို့နန်းတည်သည့်အချိန်မှာ အောက်မြန်မာပြည်အား အင်္ဂလိပ်ကသိမ်းပိုက်ပြီးဖြစ်သဖြင့် ၁၈၈၅ ခု၌ ရတနာပုံမြို့တော်ကြီးမှာ အဆောက်အအုံများဖြင့် ရွှေနန်းတော်၊ ရွှေကျောင်းတော်စသည့် မှန်ကင်းဘုရင်ပန်းကနုတ် ဆင်အပ်သော အဆောက်အအုံကောင်းများနှင့် အမြင်နုပ်သမျှ အထည်လည်းစုတ်လှသည့် တဲကုပ်တို့ ရောနှောနေသည့်နည်းတူမှူးကြီးမတ်ရာ သေနာပတိ သူဌေးသူကြွယ်တို့ ပေါသည်နှင့်အမျှ အောက်မြန်မာပြည်မှ သင်္ဘောသား၊ စစ်ပြေး၊ အကြွေးရန်မှ ရှောငလာသူ၊ ဝရန်းပြေး၊ နိုင်ငံခြားသူလျှို၊ လူလိမ်လူကောက်၊ အာဏာရမှူးမတ်တို့၏ အလိုတော်ရီလက်ပါးစေ၊ ထင်တိုင်းကြဲ လူသရမ်းများလည်း စုံလှချေ၏။ကုလားမြို့မှာ ဤလူကပ်ပါးတို့ စုဝေးရာဖြစ်နေသည့်အပြင် ယူနန်တရုတ်၊ ကချင် စသော လားကုန်သည်တို့ စုဝေးရာဖြစ်သဖြင့်လည်း အရက်ဆိုင်၊ ဘိန်းဆိုင်၊ ခေါက်ဆွဲဆိုင်တို့ဖြင့် စည်ကားသမျှ ရှုပ်ထွေးလှပေသည်။
တစ်နံနက်တွင် ဤကုလားမြို့အတွင်းရှိ အတန်သပ်ရပ် အဆင့်အတန်းမြင့်သော တရုတ်ခေါက်ဆွဲဆိုင် အတွင်းသို့ အင်္ဂလိပ်လော၊ဖရန်စစ်လော၊ အီတာလျံလောဟု ခွဲခြားမသိနိုင်သော မျက်နှာဖြူတစ်ယောက်နှင့်ကုလားတစ်ဦးသည်ဝင်ရောက်လာသည်။
မျက်နှာဖြူသည်ဆိုင်ဝတွင်ဝါးဆေးတံခဲလျက်အမြိုင့်သားထိုင်နေသောဆိုင်ရှင်တရုတ်အား နှုတ်ဆက်လျက် ဆိုင်၏ အတွင်းဘက်ရှိ အခန်းတစ်ခုတွင်းသို့အဖော်နှင့်အတူ ဝင်သွားသည်။
မရှေးမနှောင်းပင် အရပ်ထောင်ထောင်မောင်းမောင်း နှုတ်ခမ်းမွှေးရေးရေးနှင့် လည်ပင်းတွင် အဝတ်တဘက် ပတ်လျက် ရှမ်းလူမျိုးတစ်ဦးလည်း ဝင်လာသည်။ရှမ်းသည် ဆိုင်တွင်းအား မျက်စိတစ်ချက်ဝေ့ အကဲခတ်လျက်စားပွဲလွတ်တစ်လုံး၌ ဝင်ထိုင်သည်။ ၎င်း ထိုင်နေသောနေရာမှာမျက်နှာဖြူနှင့် အဖော်တို့ ဝင်သွားသောအခန်းနှင့် ကပ်လျက်ရှိနေသည်ကိုမူမည်သူမျှအကဲ မခတ်မိ။
မျက်နှာဖြူနှင့် တွဲဝင်လာသူမှာ ကုလားတစ်ယောက် သဏ္ဍာန်ပေါ်နေသော်လည်း အတွင်း၌ ၎င်းတို့နှစ်ဦးချင်း ပြောနေကြသောပြင်သစ်ဘာသာစကားအား နားလည်သူရှိလျှင် အံ့သြမိပေလိမ့်မည်။
“စာရေးတော်ကြီးက ရုပ်ပြောင်းရုပ်လွှဲ တယ်ဟုတ်ပါလား... အခုနေဘယ်သူမှ ခင်ဗျားကို ရွှေနန်း တော်တွင်းက မြန်မာတစ်ယောက်လို့ထင်မှာမဟုတ်ဘူး...”
“တိုးတိုး... ဘွန်ဘွိုင်ဇင်... ဒီဆိုင်ထဲမှာ ဖရန်စစ်စကား တတ်တဲ့လူမရှိဘူးလို့ ဘယ်သူပြောနိုင်မလဲ... ရုပ်ပြောင်းကောင်းဆို ရုပ်ပြောင်းကောင်းတာထက်ကျုပ်က ကုလားသွေး နည်းနည်းပါတာကိုး... အလို... ဒီအရက်မျိုးတွေ ဒီဆိုင်မှာရနိုင်တယ်... ဟုတ်လား...”
စာရေးတော်ကြီးဆိုသူက ရှေ့တွင် အမြည်းစားဖွယ်တို့နှင့်အတူ လာချသော အနောက်နိုင်ငံလုပ် ဘရန်ဒီအရက်အား မြင်သဖြင့် ပြောလိုက်သည်။
“ဒီတရုတ်တွေဆီမှာ မရနိုင်တာ တစ်ခုမှမရှိဘူး... ပိုက်ဆံရရင်သူတို့အကုန်လုပ်တာပဲ... ပိုက်ဆံ ပေးနိုင်ရင်သူတို့ဆီက အကုန်ရနိုင်တယ်...”
စကားပြတ်သွားကြပြန်သည်။ ဘွန်ဘွိုင်ဇင်က ရောက်လာသော ဖန်ခွက်များအတွင်းသို့ အရက်များ ငှဲ့ထည့်ပေးသည်။ စာရေးတော်ကြီးဆိုသူမှာတူတစ်လက်နှင့် ရှေ့မှ ဝက်သားကင်တစ်ဖတ်အား ယူစား၍ အရက်တစ်ကျိုက်မော့လိုက်သော်လည်း စိတ်မှာ ဂနာမငြိမ်။ လူမှာလည်းလှုပ်လှုပ်ရွရွဖြစ်နေသည်။
“ခင်ဗျား ဘာဖြစ်နေတာလဲ...”
“ရှုး... တိုးတိုး... ဒီဆိုင်ထဲလာရတာ တယ်စိတ်မချရဘူး...”
“ဒါကြောင့်အိမ်ကိုလာခဲ့ပါ ဆိုတော့လဲ...”
“ဟာ.. အိမ်ကိုလာဖို့က သာခက်တာပေါ့... ဒီလောက်ရှိခင်ဗျားတို့မျက်နှာဖြူတွေအိမ်ကိုမျက်စိဒေါက်ထောက်ကြည့်သူက ကြည့်နေမှာ...”
“ကိစ္စမရှိပါဘူး... ဆိုင်ထဲမှာ နိုင်ငံခြားသားတစ်ယောက်မှ မရှိပါဘူး... ဒီအချိန်ကျုပ်တို့အနောက်တိုင်းသားတွေက သောက်လေ့မရှိဘူး...နေဦး... ခင်ဗျားစိတ်ကျေနပ်အောင်ကြည့်လိုက်ဦးမယ်...”
ဘွန်ဘွိုင်ဇင်သည်ပြောပြောဆိုဆိုအပြင်သို့ထွက်ကြည့်သည်။
အပြင်ခန်းတွင်မူ ကချင်လူမျိုးသုံးဦးသာ အရက်သောက်ရင်း ထမင်းစားနေသည်။ အပေါက်ဝနားရှိတိုင်တစ်တိုင်၌ ဆွဲချည်ထားသော မီးတစ်ငွေ့ငွေ့လောင်လျက်ရှိသည့် အုန်းဆံကြိုး၌ ရှမ်းတစ်ဦးသည် ဆေးလိပ်မီးညှိ လျက်ရှိ၏။ မိမိတို့အခန်းနှင့် ကပ်လျက်ရှိသော စားပွဲမှာ လွတ်လျက်ရှိကြောင်း ဘွန်ဘွိုင်ဇင်သည်သတိပြုမိသည်။
“ဟုတ်ပါတယ်... မြန်မာတစ်ယောက်မှ မရှိဘူး... ကချင်တွေနဲ့ရှမ်းတစ်ယောက်ပဲ ရှိတယ်...” ဘွန်ဘွိုင်ဇင်က အတွင်းသို့ပြန်ဝင်၍စားပွဲတွင် ထိုင်မိမိချင်း ပြောသည်။ သို့ရာတွင် စောစောကရှမ်းသည်တရုတ်တစ်ယောက်အနီးသို့ ကပ်လျက်အရက်တစ်ခွက်မှာပြီး အခန်း၏အနီးရှိ စားပွဲတွင် ပြန်ထိုင်လိုက်သည်ကိုမူ ဘွန်ဘွိုင်ဇင် မသိချေ။ထိုအချိန်တွင် စာရေးတော်ကြီးဆိုသူမှာ အရက်အတော်ဝင်သွားပြီဖြစ်၍မျက်နှာများ နီရဲလာကာ သဏ္ဍာန်များလည်း အတန်ငယ်တည်ငြိမ်လာသည်။
“ဟုတ်ပါတယ်လေ... ကိစ္စမရှိပါဘူး... ကျုပ်က နည်းနည်းအစိုးရိမ်လွန်နေတာပါ...” စာရေးတော်ကြီးသည် မိမိကိုယ်ကိုနှစ်သိမ့်ဟန်ပြောလျက် အရက်ကိုငှဲ့၍ မော့လိုက်ပြန်သည်။ဘွန်ဘွိုင်ဇင်ကမူ အေးချမ်းစွာ အရက်ကို ဖြည်းဖြည်းညင်းညင်းစုပ်သောက်ယူနေရာမှ စာရေးတော်ကြီး၏ မျက်နှာအား စေ့စေ့ကြည့်ရင်းမေးသည်။
“ဒါထက် ကျုပ်တို့ ဟိုကိစ္စလေး ဘယ်အခြေရောက်နေပြီလဲ...”စာရေးတော်ကြီး၏မျက်မှောင်မှာ ကြုတ်သွားလျက် လက်ဝါးမှာလည်းစားပွဲပေါ် ဖြန်းခနဲကျသွားသည်။ “ကိစ္စကလေး... ဟုတ်လားမွန်စီယာ... ခင်ဗျားအတွက်တော့ ဒါဟာ ကိစ္စလေးပေါ့... ကျုပ်တုိ့မှာဖြင့်ဒါဟာ အင်္ဂလိပ်နဲ့ စစ်ဖြစ်ရမယ့်အခြေအနေမှာ ရှိတယ်... ခင်ဗျား တော်တော်ပြောရက်တဲ့လူ...” ဘွန်ဘွိုင်ဇင်မှာမျက်နှာပျက်သွားသည်။ သို့ရာတွင် ချက်ချင်း မျက်နှာပြင်လိုက်၍... ”အို... စစ်တိုက်ရမယ်ဆို တိုက်လိုက်ပေါ့... ဒီအင်္ဂလိပ်ခွေးကောင်တွေကို မြန်မြန်မောင်းထုတ်နိုင်မြန်မြန်ကောင်းတာပဲ...”
စာရေးတော်ကြီး၏ မျက်နှာမှာ ကောက်ကျစ်သရော်သော အပြုံးပေါ်လာသည်။
“စစ်တိုက်ရမယ်... ဟား... ဟား... ဘယ်မလဲ ခင်ဗျားတို့လက်နက်တွေ...”
“အို... လာမှာပေါ့...”
“လာမယ်ဟုတ်လား... လက်နက်လာမလာတော့ မပြောတတ်ဘူး... ခင်ဗျားတို့ ဖရန်စစ် အရေးပိုင် ဟတ်(စ်)တစ်ယောက်တော့ ပြေးပါလေရောလား... မမာလို့ဆို ထင်ပ... ဟုတ်စ...”
ဘွန်ဘွိုင်ဇင်မှာ မျက်နှာထပ်ပျက်သွားပြန်သည်။ စာရေးတော်ကြီးမှာ အတန်ထွေလာပုံရကြောင်း ရိပ်မိသဖြင့် လေသံကိုပျော့ကာ တစ်မျိုးချော့သည်။ “ဒီမှာ စာရေးတော်ကြီး... တိုးတိုးနော်... ခင်ဗျားမို့ ယုံလို့ ဖွင့်ပြောရဦးမယ်... ကျုပ်တို့အရေးပိုင် ပြန်သွားတာ ရာဇပရိယာယ်ပါဗျ... ဒါမှ အင်္ဂလိပ်တွေက မြန်မာနိုင်ငံအရေးမှာ ဖရန်စစ်တွေ လက်ရှောင်ပြီထင်မှာ... သူတို့ဒီလိုထင်တော့ ကျုပ်တို့က နောက်ပိုင်းမှာ စက်ပုန်းခုတ်ပြီး ပိုခရီးတွင်တာပေါ့... မဟုတ်ဘူးလား”
စာရေးတော်ကြီးမှာ ငိုင်သွားသည်။ ဘွန်ဘွိုင်ဇင်ပြောသည်မှာ ယထာဘူတကျသည်ဟု သူထင်၏။
“အင်းလေ... ဘွန်ဘွိုင်ဇင်.... ကျုပ်ကိုတော့ မညာပါနဲ့... ဖရန်စစ်ကောင်းကျိုး၊ ခင်ဗျား ကောင်းကျိုးအတွက်ကျုပ်ဘယ်လောက်တောင် ဆောင်ရွက်ပေးတယ်ဆိုတာ ခင်ဗျား အသိပဲ... မိုးကုတ်ကျောက်နီတွင်းတွေမှာ ခင်ဗျား ရှယ်ယာအများဆုံးရဖို့ ကျုပ်ဘယ်လောက်ကြိုးစားခဲ့သလဲ...”
“ဟုတ်ပါတယ်လေ... ဒါကြောင့်လဲ ကျုပ်ရှယ်ယာတွေရရင် ခင်ဗျားဆီက ငွေတစ်ပြားမှ မယူပဲ ခင်ဗျားကို ကျုပ်ရှယ်ယာတစ်ဝက် ခွဲပေးမယ်လို့ကတိပေးခဲ့ပြီးပါရောလား...”
“ဒါတွင်မကသေးဘူးလေ... အခု နင်းကြမ်း၊ တောင်ငူ သစ်တောကိစ္စမှာလည်း ကြည့်... ဒီသစ်တောကို အင်္ဂလိပ်ဆီက မြန်မာကပြန်သိမ်းပြီး ခင်ဗျားတို့လက်ထဲအပ်ဖို့ ကျုပ် ဘယ်လောက် လှော်ခဲ့ရသလဲ... ခင်ဗျား ဟိုအဘိုးကြီး ကင်းဝန်မင်းကြီးဟာ ဒီအင်္ဂလိပ်ကောင်တွေ သစ်လုံးတွေခိုးထုတ်တာ သက်သေအလုံအလောက်မိလျက်နဲ့ အင်္ဂလိပ်နဲ့စစ်ဖြစ်မှာစိုးလို့ ပရိယာယ်သုံးပြီး အမှုကိုရေရှည်ဆွဲစစ်နေတာ ကြည့်... သူ့အလိုသာဆိုရင် အင်္ဂလိပ်နဲ့အကျေ အလည်စေ့စပ်ပြီး အမှုကို လျော်ပစ်ရင်ပစ်မှာ... ကျုပ်ဘာလုပ်ခဲ့ရလဲ... သိလား...”
“ဆိုပါဦး...”
“တိုင်တားမင်းကြီးနဲ့ လှေသင်းအတွင်းဝန်မင်းဘုရားတို့က တစ်ဆင့် မင်းတရားကြီး မခံချင်အောင် မြှောက် ပေးရတာပေါ့... ဒါကြောင့် ဘုန်းတော်ကြီးဘုရားဟာ လွှတ်တော်အစဉ်အလာကို လွန်ဆန်ပြီး အမှုကို ကိုယ်တော်တိုင်ကိုင်ပြီး ရုတ်တရတ် ဂဇာသနရာဇပလ္လင်တော်ထက်က စီရင်ချက်ချတော်မူတော့ ကင်းဝန်မင်းကြီးတို့ အငိုက်မိပြီး ဘာများတတ်နိုင်တော့သလဲ... ဒါပေမယ့် အခု ဘုရင်ခံချုပ် လော့ဒ်ဒပ်ဖရင်(Lord Dufferin) က ပြင်းပြင်းထန်ထန် ကန့်ကွက်နေပြီ... ဘယ့်နှယ်လုပ်မလဲ... ကျုပ်တို့က ဒီစစ်တိုက်ဖို့ ဝန်မလေးဘူး... ဒါပေမယ့် ဘယ်မလဲ လက်နက်... ဒီအတိုင်းဆို ကင်းဝန်မင်းကြီးဂိုဏ်းက အနိုင်ရသွားလိမ့်မယ်...”
ဤအချိန်တွင် ငိုင်ရသူမှာ ဘွန်ဘွိုင်ဇင်ဖြစ်လေသည်။ စာရေးတော်ကြီး ပြောသည်မှာ လမ်းကျ၍ မှန်နေပေ သည်။ အခြေအနေမှာ အတိမ်းမခံ၊ တစ်ချက်မှားလျှင် မိမိနှင့် မိမိတို့ဖရန်စစ်အကျိုး ဆည်မရအောင် ပျက်သွားမည်ကို ဘွန်ဘွိုင်ဇင်သည် ကောင်းစွာနားလည်သောကြောင့် ရုတ်တရက်စကားမပြန်နိုင်အောင်ဖြစ်သွားသည်။
စာရေးတော်ကြီးကသာ ဆက်ပြောသည်။
“အခု ခင်ဗျားတို့ ဖရန်စစ်ဆင်ဒီကိတ်ကို ဖွဲ့စည်းပြီးပြီမဟုတ်လား... အမှုပြီးပြတ်လို့ ဒီနင်းခြံ သစ်တောတွေကို အင်္ဂလိပ်လက်ကသိမ်းပြီး ခင်ဗျားတို့ဆင်ဒီကိတ်လက် အပ်မှာပဲ... ကျုပ်တို့ဘက်က တာဝန်ကျေပြီ...”
ဘွန်ဘွိုင်ဇင်က အရက်တစ်ခွက်ကို မော့ချလိုက်သည်။ နောက် အမြည်းကိုဝါးရင်း ပြောရမည့်စကားကိုစဉ်းစားသည်။
“ခင်ဗျားကို ကျုပ် စကားကုန်ပြောပါ့မယ်... လက်နက်တွေ လာပါလိမ့်မယ်... ခက်တာက အခု ကျုပ်တို့ တုံကင်းမှာ ပြန်အရေး မလှဖြစ်နေတယ်... ဒီကြားထဲ မက်ဒါဂတ်စကား(Madagascar)မှာလဲ စစ်တစ်ပွဲပေါ်နေတယ်... ဒီတော့ ဒီအတောအတွင်းသည်းညည်းခံစေချင်တယ်...”
“သည်းညည်းခံတာတော့ ဟုတ်တယ်... တော်တော်ကြာ အဂ င်္လိပ်ကဇွတ်အတင်း အရေးဆိုရင်ဘယ့် နှယ်လုပ်မလဲ... ကျုပ်တို့ဘက်ကပျော့နေမှန်းသိရင် သူတို့ဘက်က စစ်ဆင်လာတော့အကျိုးမနည်းပေဘူးလား...”
“ဒီအင်္ဂလိပ်တွေ အခု ခင်ဗျားတို့နိုင်ငံကို စစ်မပြုရဲပါဘူး... စိတ်ချ... ဘာလို့ဆိုတော့ ဒီမှာ... နားထောင်စမ်း... စစ်ပြုဖို့ဆိုတာ အိန္ဒိယဘုရင်ခံချုပ်တစ်ယောက်တည်း သဘောနဲ့ ပြီးတာမဟုတ်ဘူး... အင်္ဂလိပ်အစိုးရကိုယ်တိုင် သဘောတူမှ ဖြစ်တာ... အခု အင်္ဂလိပ်အစိုးရရဲ့ နန်းရင်းဝန်ကြီး ဂလက်စတုန်း (Gladstone) ဟာ ခင်ဗျားတို့ကင်းဝန်မင်းကြီး ဦးကောင်းလိုပဲ လူပျော့လူညံ့ လူကြောက်ကြီး...စစ်မတိုက်ရ ဲဘူး... နားလည်လား...”
ဘွန်ဘွိုင်ဇင်သည် မိမိစကား စူးရှသည် မစူးရှသည်အား အကဲခတ်ရန်တစ်ချက် စာရေးတော်ကြီးအား စူးစိုက်ကြည့်လိုက်သည်။ တစ်ဖက်ကငြိမ်နေမှန်းသိသောအခါ ဆက်ပြောသည်။
“ပြီးတော့ အခု အီဂျစ်မှာ အာရေဗီပါရှား (Arabipasha) ဆိုတဲ့ခေါင်းဆောင်က အင်္ဂလိပ်တွေကို ထချလို့ သင်းတို့တွေ မနိုင်မနင်းဖြစ်နေတုန်း တစ်ခါ ဆူဒန်ပြည်မှာ မာဒီ (Mahdi) ဆိုသူက ထတိုက်ပြန်တော့ ဒီကောင်တွေ အရူးမီးဝိုင်းဖြစ်နေတယ်. . . အခုနောက်ဆုံးကြားရတာ ခါတွန်(Khartoun) မြို့ထဲ အဝိုင်းခံနေရတဲ့ အင်္ဂလိပ်ဗိုလ်ချုပ် ဂေါ်ဒနွန်(Gordon) ကိုကယ်ဖို့ ဗိုလ်ချုပ် ဝူလက်စလေ(Wolesley) ကို စစ်သားတစ်ထောင်နဲ့ လွှတ်လိုက်တာတောင်အရေးမလှဖြစ်နေသတဲ့...”
“ဒီတော့...”
“ဒီတော့ ဒါ ခင်ဗျားတို့ချက်ပေါ့... အင်္ဂလိပ်ကို အလျှော့မပေးနဲ့... စစ်ပြင်တန် ပြင်ထားရမယ်... ဒီကောင်တွေ မတိုက်ရဲပါဘူး... ပြီးတော့လဲ မိတ်သစ်လဲ ရှာဦးပေါ့... ဒီနေရာမှာ ခင်ဗျားတို့ကံကောင်းတယ်... အင်္ဂလိပ်မှာ ရန်သူသစ်တွေ တိုးနေတယ်... ဥပမာ... ဂျာမနီပေါ့ဗျာ... အာဖရိကမှာ ဂျာမနီက ဒမ်မရာနယ်မြေ(Demara Land) တို့၊ ကင်မရွန်းနယ်မြေ(Cameroons) တို့ကိုအပြိုင်သိမ်းပြီး အင်္ဂလိပ်နဲ့ အပြိုင်ကြဲနေတယ်... ဟိုတလောက စိန့်လူရှား(St. Laucia) နယ်မြေနဲ့ပတ်သတ်ပြီး အတော် စကားများလိုက်ကြသေးတယ်... အခု ကျုပ်တို့က ခင်ဗျားတို့နောက်မှာ ရှိနေတယ်... နောက်ဂျာမနီပါတိုးလာ မယ်ဆိုရင်ဒီ အင်္ဂလိပ်ကောင်တွေခင်ဗျားတို့နိုင်ငံကိုလက်ဖျားနဲ့တောင်တို့ရဲမှာမဟုတ်ဘူး... စိတ်ချ”
ဘွန်ဘွိုင်ဇင်၏ စကားဆုံးသောအခါ စာရေးတော်ကြီးသည် အားပါးတရလက်နှင့်ပုတ်လိုက်သည်။ ထို့ နောက်... 'ဟုတ်ပြီ... ' ဟု ဆိုကာအရက်ခွက်ကိုမော့သောက်လိုက်သည်။
“ဟုတ်ပြီ... ကျေနပ်ပြီ... ခင်ဗျားဆီကရတဲ့သတင်းတွေသိပ်အဖိုးတန်တယ်... ဒီလိုဆို ကျုပ်လဲ ရာထူးတက်ဦးမှာပဲ... သိလား ဒီမှာ... ခင်ဗျားတို့ကသာ ကျုပ်ကို စာရေးတော်ကြီးလို့မြှောက်ခေါ်နေတာ... ကျုပ်ဟာ သာမာန်ဝန်စာရေးပဲ ရှိသေးတယ်... တစ်နေ့တော့ လွှတ်တော်၊ သို့မဟုတ် ဗြဲတိုက်တော်မှာ အရေးပါတဲ့တကယ့်စာရေးတော်ကြီးဖြစ်လာစေရမယ်... အဲဒီတော့မှ ကြည့်ကြသေးတာပေါ့... ဟား... ဟား...”
စာရေးတော်ကြီးမှာ အတော်ပင်မူးလာခဲ့ပြီ ဖြစ်သည်။ ဘွန်ဘွိုင်ဇင်မှာပိုသဘောကျလာကာ သိလိုသည် များအား ဆက်လက် အစ်ထုတ်နေသည်။
“ဒါထက်ခင်ဗျားတို့တပ်မတော်တွေရဲ့ သဘောကကော ဘယ့်နှယ်လဲ”
“အို... စိတ်ချ... ကျုပ်တို့တပ်မတော်တွေက အင်္ဂလိပ်ဆိုအစိမ်းလိုက် ဝါးစားချင်နေတာ... အ ခက်တောင် ခက်နေသေးတယ်... အင်္ဂလိပ်ကိုမှ မဟုတ်ဘူး... သူတို့က ဘယ်နိုင်ငံခြားသားကိုမှ မမှုဘူး... ပိုဆိုးတာက ခင်ဗျားတို့ ဖရန်စစ်တွေကိုပါ မုန်းတဲ့တပ်မှူးတွေရှိတယ်...”
“ဟုတ်လား... ဘယ်သူတွေလဲ...”
“အိုး... ဟိုး... ဟိုး... ဒီလိုတော့ဘယ်တစ်ထစ်ချ ပြောနိုင်မလဲ... ဒါပေမယ့်... နား ထောင်စမ်း... ကျုပ် မသင်္ကာသူတစ်ယောက်ကို အဲဒီတပ်မှူးက မိတယ်... ဒါပေမယ့်ထူးဆန်းတာကသူ့ ကိုယ်ပေါ်က စာတစ်စောင်မှ မမိဘူးလို့ ဆိုတယ်... ဒါ ယုတ္ထိမရှိဘူး”
“ခင်ဗျားတို့ သူ့ကိုဖမ်းမစစ်ဘူးလား...”
“ဟဲ... ဟဲ... ခင်ဗျား ကျုပ်တို့ရဲ့ဗမာဗိုလ်တွေအကြောင်းမသိသေးဘူးကို... ဒီလူတွေက အသေသာခံမယ်... လျှို့ဝှက်ချက်ကို ဖော်တာမဟုတ်ဘူး... အဲဒါထက် သူ့ကို ဖမ်းဖို့ လွယ်မှာမဟုတ်ဘူး.. ဟိုလူရမ်းကား ရနောင်မင်းသား မောင်မောင်တုတ်အရေးတုံးက သူက အရှင်နန်းမတော်ဖုရားဘက်က အရေးရောက်အောင် အမှုတော်ထမ်းဖူးတော့ ဖမ်းမယ်ဆို အရှင်နန်းမတော်ဖုရားရဲ့ဓားကိုလဲ ကြောက်ရသေးတယ်... အဲဒါအပြင်ဒီသူလျှိုကိုဖမ်းရမှာ သူ့ဘက်က သက်သေလိုက်မယ့်လူက ကျုပ်တူမတော်နဲ့ လက်ထပ်မယ့်ဗိုလ်တစ်ဦး ဖြစ်နေပြန်တယ်... မခက်လား...”
စာရေးတော်ကြီးက အရက်တစ်ခွက်ကို မော့လိုက်ပြန်သည်။ သူအမူးလွန်နေသည့်အဖြစ်ကို ရိပ်မိသူ ဘွန်ဘွိုင်ဇင်သည် ငွေရှင်းရန် ဆိုင်ရှင်တရုတ်အား လှမ်းခေါ်လိုက်သည်။
အပြင်ဘက်စားပွဲတွင် ထိုင်နေသောရှမ်းမှာ လှုပ်ရှားလာသည်။ သူသည်တစ်ချိန်လုံး အရက်ကို ဆွဲသောက်ရင်း တစ်ဖက်ခန်းမှ ပြောဆိုသံများအား နားစွင့်နေပုံရသည်။ ဘွန်ဘွိုင်ဇင်က တရုတ်ကို လှမ်းခေါ်သံအား ကြားရသည့်အခါ နေရာမှ လျှင်မြန်စွာထ၍ အခြားတစ်ဦးအားဒေါင်းဒဂ င်္ါးနှစ်ပြားပစ်ပေးခဲ့ပြီး ဆိုင်တွင်းမှ သွက်သွက်ထွက်ခွာသွားသည်။
အဆိုပါရှမ်းသည် လမ်းမကြီးတစ်လျှောက် အရှေ့ဘက်သို့လျှောက်ခဲ့၍တစ်ပြခန့်အလွန်တွင်နောက်သို့ လှည့်ကြည့်လိုက်သည်။ ဆိုင်အတွင်းမှမျက်နှာဖြူသည် လမ်းမကြီးအတိုင်း အနောက်ဘက်သို့ လျှောက်သွားသည်။ ကုလားမှာမူ မိမိလာခဲ့သကဲ့သို့ပင်လမ်းအတိုင်း အရှေ့ဘက်သို့လျှောက်လာနေသည်။ရှမ်းသည် ပထမဆုံးတွေ့သော ပြလမ်းအတိုင်း ချိုးဝင်လိုက်သည်။လက်မှာလည်း ခါးကြားတွင်းတွင် ဝှက်ယူလာသော ဓားမြှောင်ဆီရောက်သွား၍ မျက်နှာ၌ အပြုံးတစ်ချက်ပေါ်လာသည်။ ထို့နောက်ရုတ်တရက်ရပ်လိုက်၍ လမ်းမကြီးဆီသို့ပြန်လှည့်သည်။
လမ်းမကြီးပေါ်မူ ညစ်မွဲသော အဝတ်အစား၊ နဖူး၊ ပါးတို့တွင်ဆေးအင်းများနှင့် ရှမ်း လားကုန်သည် တို့မှာ အနောက်ဘက်သို့သွားလျက်ရှိကြသည်။
ဆိုင်တွင်းမှကုလားသည် တဖြည်းဖြည်းနှင့် ပြလမ်းအား ကျော်လွန်လာသည်။ ရှမ်းသည်သွက်လက်စွာနှင့်သူ့နောက်မှလိုက်သွားသည်။
လမ်းမပေါ်တွင်မူ သနပ်ဖက်ပို၊ လက်ဖက်ခြောက်ပိုများတင်လာသောလားနှင့်ရှမ်းများ၊ ပိုးချည်မျှင်နှင့် ပိုးထည်ဝန်များတင်လာသော လားနှင့်ရှမ်း-တရုတ်ကုန်သည်များသည်မဆုံးနိုင်အောင်လာလျက်ရှိသည်။
ရှမ်းသည် လူနှင့်လားများအား ကျော်၍ ကုလားနောက်သို့ လိုက်လာသည်။ မကြာမီပင်မီလာ၏။
ရှမ်း၏လက်သည် ဓားမြှောင်ဆီ ရောက်သွားသည်၏ခဏ၌ မမျှော်လင့်သော အဖြစ်အပျက်တစ်ရပ်က ပေါ်လာသည်။
ကုန်သည်တို့နှင့်လားများသည် အလန့်တကြား ရုတ်ရုတ်ရက်ရက်ဖြစ်ကာ လမ်းဘေးသို့ဆင်းပြေးကုန်သည်။ လားတစ်ကောင်မှာ ရှမ်းနှင့်ကုလားကြားဖြတ်ပြေးရာ သူတို့နှစ်ဦးမှာ ရှုပ်ထွေးလှသော အခြေအနေထဲတွင် မျက်ခြည်ပြတ်သွားကြသည်။
ခဏအကြာတွင် လမ်းပေါ်ရှိသမျှ လူနှင့်တိရိစ္ဆာန်တို့မှာ လမ်းဘေးရောက်ကုန်ကြသည်။ လူများမှာ ရွှံ့ဗွက်များကြားတွင် ဒူးထောက်လက်အုပ်ချီလျက် ရှိနေကြသည်။ ရှမ်းမှာလည်း အများနည်းတူလမ်းဘေးဆင်း ဒူးထောက်လက်အုပ်ချီပြီး ဖြစ်နေ၏။
ထိုအခိုက်တွင်ပင် ရှေ့နားဆီမှ ကြိမ်းမောင်းဆဲဆိုသံနှင့်အတူတရွှမ်းရွှမ်းကြိမ်သံများ ကြားရသည်။ အနီး အနားဆီမှလည်း... ‘တိုင်တားမင်းကြီး ထွက်တော်မူလာတယ်’ ဟု တီးတိုးပြောသံများ ကြားရ၏။
ရှေ့အတော်လှမ်းလှမ်းတွင် မိုးအပ်သော ရွှေထီးတစ်လက်နှင့် ဆင်တစ်စီးသည်တရွေ့ရွေ့လာနေသည်။ ဆင်အရှေ့ အတော်လှမ်းလှမ်းမှအဆောင်ကိုင်များသည် ကြိမ်လုံးကိုယ်စီနှင့် လမ်းဘေး တစ်ဖက်တစ်ချက် တစ်လျှောက် ဆဲဆိုကြိမ်းမောင်း ရိုက်နှက်ရင်း လမ်းရှင်းလာသည်။
“ထွက်တော်မူလာတယ်... ထွက်တော်မူလာတယ်... ဖယ်ကြ...ရှောင်ကြ...”
အမှန်မှာ အဆောင်ကိုင်များသည် မင်းညီမင်းသား၊ မှူးမတ်များ ထွက်လာလျှင် လမ်းရှင်းရန် ခြောက်လှန့်ရုံတင် ကြိမ်လုံးများကို သုံးသင့်သော်လည်း ဤလူရမ်းကားများသည် ရိုက်နှက်ရသည်ကို အရသာတွေ့ဟန်တူသည်။ အကြောင်းမှာ ၎င်းတို့သည် ရုတ်တရက်ဖြစ်သဖြင့်လမ်းပေါ်မှ မရှောင်မိသေးသူများကိုသာမက လမ်းဘေးတွင်ဒူးထောက်လက်ယှက်နေသူများကိုပါ မချန်တုတ် သရမ်းသွားကြသည်။
ရှမ်းနှင့်မလှမ်းမကမ်းတွင် ကျေးတောသားဟန်တူသူ ထွားကျိုင်းလှသောယောက်ျားတစ်ဦးမှာ အများနည်း တူဒူးထောက်လက်ယှက်လျက် ရှိ၏။အဆောင်ကိုင်တစ်ယောက်၏ ကြိမ်လုံးသည် ထိုယောက်ျား၏လက်မောင်းပေါ် သို့ ကျလာသည့်ခဏ၌ ယောကျာ်းကြီးသည် မီးဝင်းဝင်းတောက်လျက်ရှိသော မျက်လုံးများနှင့် ရိုက်သူအား မော့ကြည့်လိုက်သည်။ အဆောင်ကိုင်၏ခြေလှမ်းမှာ တုံ့သွားကာ ပမာမခန့်ဟန်နှင့်လူကြီး၏ရှေ့၌ ရပ်လိုက်၍ ကြိမ် တုတ်အား တအားလွှဲ၍ တစ်ချက်ရိုက်လိုက်သည်။ မိမိ၏အမှားကို ရိပ်မိဟန်နှင့် ယောက်ျားကြီးသည်ဦးခေါင်းကို ပြန်ငုံ့လျက်ရိုက်သည်အား ငြိမ်ခံနေသည်။
ဒေါသထွက်နေသော အဆောင်ကိုင်သည် ယောက်ျားကြီးကိုသာမကအနီးရှိလူများဆီပါ တုတ်ဆက်သွား သည်။ တုတ်တစ်ချက်မှာ မိန်းမကြီးတစ်ဦး၊ အနီးမှဖြစ်သမျှအား ကြောက်လန့်တကြား မျက်စိသူငယ်နှင့်ကြည့်နေရှာသည့် ခြောက်နှစ်ရွယ်ကလေးတစ်ဦး၏ ဦးခေါင်းကို ထိသွားသည်။ ကလေးမှာ တစ်ချက် စူးစူးဝါးဝါးအော်၍ မြေပြင်ပေါ်သို့ လဲကျသွား၏။
ရှမ်းသည် ဒူးထောက်နေရာမှ ဖြုန်းခနဲ ထလိုက်၏။ သို့ရာတွင် သူ့ထက်ဦးသူက ရှိနေပေပြီ။ စောစောက ယောကျာ်းကြီးသည် ကျားဟိန်းသကဲ့သို့ တစ်ချက်အော်လျက် ခန္ဓာကိုယ်နှင့် မလိုက်အောင်ပေါ့ပါးစွာ အဆောင်ကိုင်၏ ကိုယ်ပေါ်သို့ ခုန်အုပ်လိုက်သည်။ နောက်တစ်ခဏတွင်ပင် အဆောင်ကိုင်၏ကိုယ်မှာ လေထဲတွင် မြောက်တက်လာပြီး ချက်ချင်းပင် ဖွဲအိတ်ကြီးပမာ မြေပြင်ပေါ်သို့ကျလာကာ မလှုပ်မယှက်ငြိမ်သက်သွားသည်။
သို့ရာတွင် ယောကျာ်းကြီး၏ ကျောဘက်မှ အခြားအဆောင်ကိုင်တစ်ယောက်က ဓားအိမ်မှဓားကို ချွတ်၍ ပြေးဝင်ခုတ်လာသည်။ မျက်စိတစ်မှိတ် လျှက်တစ်ပြက်အတွင်းပင် ရှမ်းသည် ခုတ်သူနှင့် ယောက်ျားကြီး၏ ကြားသို့ ရောက်သွားပြီး ခုတ်လိုက်သောလက်၏ လက်ကောက်ဝတ်အား ဘယ်လက်နှင့် ဆီးကြိုစောင့်ဖမ်းလျက် ဆီးခုံဆီအား ညာဖနောင့်နှင့် ပေါက်ချလိုက်သည်။ ခဏချင်းမှာပင် အဆောင်ကိုင်မှာလဲကျသွားလျက်ဓားမှာလည်း ရှမ်း၏ လက်တွင်း ရောက်သွားသည်။
“ပြေးလေ... ဘာလုပ်နေတာလဲ... ဒါအသက်ဘေး...”
ရှမ်းသည်ယောကျာ်းကြီးဘက်သို့ လှည့်လျက်ပီသလှသော ဗမာသံနှင့်ပြောသည်။ ယောက်ျားကြီးမှာ ဆိုင်းမနေတော့ပဲ လမ်းဘေးမှ စွတ်ပြေးတော့သည်။
ဖြစ်ပျက်သည်မှာ မြန်လွန်းလှသဖြင့် လမ်းဘေးမှ လူများသည်လည်းကောင်း၊ ကျန်အဆောင်ကိုင်များသည်လည်းကောင်း ကြက်သေသေ ကြည့်နေမိကြသည်။
ရှမ်းသည် လက်တွင်းမှ ဓားကြီးအား ဝင့်လိုက်သည်။ ထို့နောက်အသံဝါကြီးဖြင့်...“ဝံ့လျှင် လိုက်ခဲ့လော့...” ဟု တစ်ချက်ကြုံးဝါးကာ ပေါ့ပါးစွာ လမ်းပေါ်မှထွက်ခွာပြေးသည်။
လက်နက်မဲ့သူအား စော်ကားရသော်လည်း သတ္တိသွေးရှိဟန်မတူသူအဆောင်ကိုင်များမှာ ကြောင်လျက်ရပ်ကြည့်ကျန်ရစ်သည်။ ထိုအခိုက်တွင်ပင် ရွှေထီးမိုးအပ်သော ဆင်ကြီးမှာလည်း အနီးကပ်ဆိုက်လာသည်။
ဓားဆွဲ၍ ပြေးခဲ့သောရှမ်းမှာ လမ်းဘေးရှိခြံဝင်းများအားဖြတ်လျက်အတန်ပင်ခရီးတွင်ခဲ့သည်။ ခြံစည်း ရိုးတစ်ခုအား ကျော်လျှင်ပင်ရှေ့၌မြင်ရသော သဏ္ဍာန်ကြောင့် ရှမ်းမှာ အံ့အားသင့်သွားသည်။
စောစောက ယောက်ျားသည် ရှေ့၌ ဝါးလုံးတစ်လုံးအား ဆုပ်ကိုင်ရင်းစောင့်နေသည်။
“အလို... ဘာကြောင့်မပြေးလဲ...”
ယောက်ျားကြီးသည် ပြုံးလိုက်သည်။
“ကျေးဇူးရှင် မိတ်ဆွေတစ်ယောက် ကျန်နေမင့်ဟာ... ကျုပ်ကပြေးရမှာလား...”
ရှမ်းကလည်း ကျေနပ်စွာပြုံးလိုက်သည်။ ထိုအခိုက်တွင် နောက်ပါးမှငြာသံပေးလိုက်လာသံ ကြားရသည်။
“ကိုင်း... သွေးသောက်... ကျုပ်နောက်လိုက်ခဲ့တော့...”
ရှမ်းက ဦးဆောင်ခေါ်ငင်၍ ပြေးသဖြင့် ယောက်ျားကြီးမှာ ဘာမှပြန်မပြောတော့ပဲ နောက်မှကပ်လိုက်ခဲ့သည်။
ငြာသံပေးလိုက်လာသူမှာ အကယ်လိုက်ကြဟန်မတူ။ အသံများမှာဝေးသည်ထက်ဝေးကျန်ရစ်သည်။
ကွေ့ရင်းပတ်ရင်း ပြေးလာသူနှစ်ယောက်သည်ကုလားမြို့ နယ်နိမိတ်မှလွန်လျက် မြန်မာရပ်ကွက်အတွင်းသို့ ရောက်လာကြသည်။ ရှမ်းသည်လူလစ်သောချုံကွယ်တစ်ခုတွင် ဓားရှည်အား လွှင့်ပစ်လိုက်သဖြင့်ယောက်ျားကြီး ကလည်း သူ့လက်မှဝါးလုံးအား ပစ်လိုက်သည်။
နှစ်ဦးသား စကားမပြောကြဘဲ ဟိုကွေ့ဒီကွေ့နှင့် ဆက်လျှောက်လာကြ
ပြန်သည်။ ကွမ်းတစ်ယာညက်ကျော်ကျော်တွင်ခြံဝင်းကာ နံရံမြေစိုက်အိမ်လေးတစ်လုံးဆီသို့ ရောက်လာကြသည်။
ရှမ်းသည် ခြံဝင်းတံခါးအားဖွင့်ဝင်၍ အိမ်ရှေ့၌ရပ်ကာ နံရံအားနှစ်ချက်ဆင့်ခေါက်ပြီး အတန်နားလျက် နောက်တစ်ချက် ခေါက်လိုက်၏။
အိမ်ရှေ့တံခါးမှာ ပွင့်လာပြီး ထောင်ထောင်မောင်းမောင်း တုတ်တုတ်ခိုင်ခိုင်နှင့် လူတစ်ယောက်ထွက်လာ၏။
ရှမ်းက လက်ညှိုးအား နှုတ်ခမ်းထက်တင်၍ သတိပေးလိုက်သဖြင့်ထွက်လာသူသည်ဘာမျှ မမေးတော့ဘဲ နှစ်ဦးလုံးအိမ်တွင်းဝင်မိမှ တံခါးဆွဲစေ့လိုက်သည်။
“ကဲ... မောင်မြတ်ကျော်... ဟောဒီမှာ ဆွမ်းခံရင်းငှက်သင့်ရာဇဝတ်ဘေး တွေ့လာသူတစ်ဦးပဲ...”
ကွပ်ပျစ်တစ်ခုပေါ် ထိုင်မိလျှင်ထိုင်မိချင်း ရှမ်းကပြောသည်။ ထို့နောက်ယောက်ျားကြီးဘက်လှည့်ကာ...
“သွေးသောက်က ရွှေမြို့တော်ကတော့ မဟုတ်ထင်ပ...” ဟုမေးသည်။
ယောက်ျားကြီးသည် နဖူးမှချွေးများအား ခေါင်းမှတဘက်နှင့် သုတ်လိုက်၏။
“ပခုက္ကူဘက်ကပါ... နယ်မှာ ခေါင်ပါးလွန်းသဟာနဲ့ ရွှေမြို့တော်တက်လာသဟာ... အိမ်း ... ခုတော့ဒုက္ခလှလှကြီး တွေ့နေပြီလေ”
ယောက်ျားကြီးသည် ညည်းလိုက်ပြီး ရှမ်းအား သေသေချာချာပြန်ကြည့်၍... “ဒီက... အဲ... ဆ... ဆရာလေးက ဗမာပဲနော်”ဟုမေးသည်။
ရှမ်းက ဘာမျှပြန်မဖြေ။ တဟဲဟဲသာရယ်လိုက်ပြီး နေရာမှထသည်။
“ဗမာပါပဲ... အကြောင်းရှိလို့သာ ရုပ်ဖျက်ထားရတာ... ကျုပ်တို့လူဆိုးတွေတော့မဟုတ်ပါဘူး...”
ရှမ်းသည် ပြောပြောဆိုဆိုနှင့် အိမ်တွင်းဘက် အခန်းတစ်ခုတွင်းသို့ဝင်သွားသည်။
ယောက်ျားကြီးမှာ ယခုမှ မောရမှန်းသိ၍ သောက်ရေအိုးဆီ သွားကာရေနှစ်မှုတ်ဆင့်မော့ချလိုက်သည်။
“အခုကျုပ်ဘယ်အရပ်ထဲ ရောက်နေလဲ...”
သူက ဘေးမှငြိမ်ကြည့်နေသော မြတ်ကျော်ဆိုသူအား မေးသည်။
“ချမ်းမြသာစည်...”
မြတ်ကျော်ဆိုသူမှာ စကားတိုတိုနှင့်ပင်ဖြေသည်။
“သြော်... သဟာဖြင့်ဟန်သားနော်... ဘုရားကြီးနဲ့ နီးနေပြီပဲ... ကျုပ်တည်းတဲ့ဘုန်းကြီးကျောင်းနားတွင်ပဲကလား...”
လူကြီးကသာ ဆက်ပြောနေသည်။ မြတ်ကျော်ကမူဘာမှဝင်မပြော။
မကြာမီ ရှမ်းဝင်သွားသောအခန်းမှ လူတစ်ယောက် ထွက်လာသည်။ရှမ်းတော့မူ မဟုတ်၊ သျှောင်တစ်စောင်း ထုံးထား၍ မဟာနဖူးကျယ်ကျယ်၊ နှာတံပေါ်၊ မျက်လုံးမျက်ခုံးကောင်းနှင့် လူရ ွယ်၏ ခံ့ညားမွန်ရည်သော ရုပ်ကိုငေးကာ လူကြီးမှာ အံ့အားသင့်နေသည်။ သို့ရာတွင် စကားစပြောသောအခါတွင်အသံမှတ်မိသဖြင့် စောစောက ရှမ်းပင်ဖြစ်ကြောင်း ရိပ်မိသွားသည်။
“ကဲ... သွေးသောက်... ကျုပ်တို့မှာ ဆောင်ရွက်စရာရှိသေးလို့ ဒီကတွင်ပဲ လမ်းခွဲကြစို့ရဲ့... သွေးသောက်မှာ ငွေကြေးလိုနေဟန်ပေါ်တယ်... ရော့... ဒါယူထား...”
လူရွယ်က လက်တွင်းမှငွေအိတ်ကို လှမ်းပေးရင်းဆိုသည်။
လူကြီးမှာမူ အံ့အားသင့်လွန်း၍ ဘာစကားမျှ မပြန်နိုင်ရှာ။ နှုတ်ခမ်းများမှာသာ တုန်ယင်နေသည်။ လူရွယ်သည်လူကြီး၏လက်အား ဆုပ်ကိုင်၍အေးချမ်းစွာဆိုသည်။
“ကျုပ်တို့ဘယ်သူတွေဆိုတာ မသိချင်နဲ့... ဘယ်မှာနေတယ်ဆိုတာလဲ
မစုံစမ်းနဲ့... နောက်လာရင်လဲ ဒီနေရာမှာ တွေ့တော့မယ်မဟုတ်ဘူး... သွေးသောက်ဒီအိမ်ထဲမှာ နေဝင်တဲ့အထိနေနိုင်တယ်...”
လူကြီးမှာ ယခုထိပြန်မဖြေနိုင်သေး။လူရွယ်အား တစ်လှည့်၊ ဘေးမှကျောက်ရုပ်ပမာရပ်နေသူအား တစ်လှည့် ကြည့်နေမိသည်။ အတန်ကြာမှ စကားထွက်လာ၏။
“မမေးနဲ့ဆိုရင်လဲ မမေးတော့ပါဘူးလေ... ဒါပေမယ့် ကျုပ်ကတော့မောင်ရင့်ကို... အဲ... အဲ... စကြာကိုယ်တော်လေးပဲ ထင်နေတယ်... စကြာကိုယ်တော်လေးလို့ပဲ မှတ်ထားမယ်...”
လူရွယ်က လှိုက်လှဲစွာရယ်လိုက်သည်။
“ကောင်းပြီ.. သွေးသောက်နာမည်ကို ကျုပ်မမေးတော့ဘူး... ဒါပေမယ့် သွေးသောက်ကို ကျုပ် ဗလကြီးလို့ မှတ်ထားမယ်... ဟုတ်လား... ကဲ... ဗလကြီး ... နေရစ်ပေတော့ ... မှတ်ထားနော်... နေဝင်မှ ဒီကထွက်...”
လူရွယ်သည် အိမ်အပြင်ဘက်အား စူးစမ်း အကဲခတ်ကြည့်လိုက်ပြီးသွက်လက်စွာ ထွက်ခွာသွားသည်။ မြတ်ကျော်ဆိုသူမှာလည်း လိုက်ပါသွား၏။
အိမ်တွင်း၌ ကျန်ရစ်သူ ဗလကြီးမှာ ငိုင်နေရာမှ ရုတ်တရက်ငွေအိတ်အား သွန်ကြည့်လိုက်သည်။ ငွေသားနှစ်ဆယ်ထွက်လာ။ ဗလကြီး၏လက်များမှာ တုန်ယင်လာသည်။ မျက်ရည်များကလည်းစို့ခဲ့သည်။ ငြိမ်နေရာမှ အပြင်ဘက်သို့ ခေါင်းပြူကာ ကြည့်မိသည်။လူနှစ်ယောက်၏အရိပ်အခြည်ကိုမူ လုံးဝ မမြင်ရတော့။
⬛
တက္ကသိုလ်ဘုန်းနိုင်
အပိုင်း ၆ ဆက်ပါဦးမည်။
Comments