အထက်ပါ အဖြစ်အပျက်များ ဖြစ်နေသော နံနက်တွင်ပင် ရတနာပုံမြို့တွင်း ရွှေနန်းတော်ကြီး၏ အရှေ့ဘက်ရှိနန်းတွင်းစျေးဆီမှ နုထွားပျိုရွယ်သော စစ်ဗိုလ်ကလေးတစ်ဦးနှင့် ချောမောသမျှ ယဉ်ကျေးသိမ်မွေ့သော မိန်းမပျိုတစ်ဦးတို့သည်တစ်ဦးနှင့်တစ်ဦး သုံးတောင်ခန့်ခွာ၍ ယှဉ်တွဲလျှောက်လာကြသည်။
စျေးစည်ချိန်ဖြစ်သဖြင့် နန်းတွင်းအပျိုတော်များ၊ မှူးမတ်အရာရှိကြီးများ၏ သားသမီးများတို့အပြင်အား လပ်ခိုက်ကာလသားဘာဝ လူရေးပြရင်း ရောက်လာကြသူ စစ်ဗိုလ်၊ စစ်သား၊ လက်သုံးတော်၊ အဆောင်ကိုင်၊ လက်ဖက်ရည်တော်သား စသော လုလင်များလည်း ရှိနေကြရာအသီးအသီး မိမိတို့ဆိုင်ရာ အတွဲကိုယ်စီနှင့် မိသား ဖသားပီပီ ဣနြေ္ဒမပျက် စကားပြောသူပြော၊ လမ်းလျှောက်သူလျှောက်လုပ်နေကြသောကြောင့်အဆိုပါစုံတွဲမှာ မည်သို့မျှ ထူးဆန်းလှသည်မဟုတ်ဟု ထင်စရာရှိသည်။
ရွှေနန်းတော်တစ်ဝိုက်မြက်ခင်းများမှာ စိမ်းလန်းသန့်စင်လျက်ရှိသည့်ပြင်ခိုတွဲနေသော နှင်းရည်ဥများ သည်လည်း မိုးနှောင်းရက်နေအောက်တွင်ပြိုးပြိုးပြက်ပြက်ဝင်းလက်လျက်ရှိသောကြောင့်နံနက်ခင်းမှာ အထူးသာယာလှသည်။ အဝေးဝယ် ဝိုင်းခဝန်းရံ ပေါက်လျက်ရှိသော မြသားအသွင် အုံ့ဆိုင်းဝေစည်လှသည့် မန်ကျည်းပင် ကြီးများ၏ ထိပ်အားကျော်လွန်၍ မိုးသို့မြင့်မား ငွားစ ွင့်ကြွားဝင့် ထိုးတက်ကာ နေရောင်တွင်
ရွှေရောင်တဝင်းဝင်း နှင့်ရှိသော မြေနန်း ပြသာဒ်တော်ကြီးမှာလည်း အမင်းမင်းတို့ ဝပ်စင်းခရာ ဤရတနာပူရနန်းတော်ကြီး၏ကျက်သ ရေကိုတိုးဖြည့်မွှမ်းနေသယောင်ရှိတော့၏။
စစ်ဗိုလ်ကလေးက မြေနန်းပြသာဒ်တော်ကြီးအား ငေးနေရာမှ ဘေးရှိချစ်သူ၏ ရွှေဝါရောင်နုဝင်းသော မျက်နှာလေးဆီဘက်လှည့်ကာစိန်းစိန်းစိုက်ကြည့်လိုက်သည်။
“အကြည့်တော်ကလဲ တဆိတ်ရဲလှချည့် မောင်မောင်...ခင်ခင်ရှက်ပါတယ်... ဆင်ခြင်တော်မူပါဦး...”
မိန်းမပျိုက မျက်တောင်ရှည်ကြီးများအား စင်းလျက် မျက်နက်လေးစွေကာ ချစ်စနိုးအမူအရာနှင့် ခပ်စူစူတားမြစ်သည်။
“သြော်... ခင်ခင်ရယ်... မောင်မောင်က ဟိုဝတိံဆင်းနန်းကိန္နရာလိုလျှမ်းထိန်ဝါဝေဝင်းနဲ့ ဆိုတဲ့ တေးထပ်...”
စစ်ဗိုလ်လေးမှာ စကားမဆုံးလိုက်ရ။ မိန်းမပျိုက မျက်လုံးလေး ဝိုင်းပြူးကာ ထိတ်လန့်တကြား... 'အို... မောင်မောင်... ' ဟုဟန့်တားလိုက်သည်။
“ဘာလဲ ခင်ခင်... အလန့်တကြား ရှိလှတယ်...”
မိန်းမပျိုလေးမှာ အလန့်ပြေဟန်မတူသေး။ ရင်လေးဖိုကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
“ကြမ်းကြား လေကြား မောင်မောင်ရယ်... ဒီတေးထပ်ကိုမှဆိုပလေ... ရွှေဓားနဲ့ အသက်နီးစပ်လှတယ်...”
စစ်ဗိုလ်လေးကမူပမာမခန့်တဟဲဟဲရယ်လိုက်သည်။ ထို့နောက်အသာ
အယာ ညည်းညူလိုက်သည်။
“သြော်... တောင်သမန်လယ်စားမင်း ကံနည်းရှာပေတယ်...လူသေပေမယ့် မသေပ ဲကျန် ရစ်ရှာတဲ့ စာကတောင် မလွတ်လပ်လေဘူး”
ဤအကြိမ်တွင်မူ မိန်းမပျိုမှာ ကြောက်လန့်ရာမှ ဒေါသလေး ထွက်သွား
ပုံပေါ်သည်။ ထို့ကြောင့် မျက်နှာ လေးအား မော့၍ ပြောလိုက်သံမှာအတန်မာနေသည်။
“မောင်မောင်တစ်ယောက်ဟာ ပြောလေကဲလေဆိုတာ ကျနေပြီ...မောင်မောင် စွန့်ရဲပေမယ့် ခင့်ကို သနားသဖြင့်ဖြစ်ဖြစ် တစ်ဆိတ်ဆင်ခြင်စမ်းပါဦး...”
စစ်ဗိုလ်လေးသည် ချစ်သူ စိတ်ဆိုးသွားမှန်းသိသဖြင့် ဘာမျှထပ်မပြောတော့ပဲ တဟဲဟဲသာ ရယ်မောနေ သည်။ ကျေနပ်သွားဟန်တူသောမိန်းမပျိုကသာ လေအေးလေးနှင့် ဆက်ပြောသည်။
“အစစအရာရာ သတိထားပါ မောင်မောင်... ရွှေနန်းတော်တစ်ခုလုံးသူလျှိုတွေ၊ ဒလန်တွေနဲ့ အင်မတန်နေတတ်မှတော်ရုံကျတာကလား”
ထိုအခိုက် ရှေ့နားမှ လူတစ်ယောက်လျှောက်လာသည်ကို မြင်သဖြင့်မိန်းမပျိုသည်နောက်ဘက်သို့လှည့်လိုက်၍ လေသံကိုမြှင့်ကာ “ဟောဒီမရွှေစာဥတစ်ယောက်ဟာ အလွန်ကိုခက်တယ်... မယ်ဖုရား ကျန်းခန့်တော်မမူလို့ သူ့အားကိုးနဲ့ ကိုယ်တိုင်ဓာတ်စာလေးဘာလေး ထွက်ဝယ်ပါတယ်... ဘယ်ဝင်လေကြော ရှည်နေတယ်မသိဘူး... နောက်
တော့ကျနေပြီ...” ဟုညည်းညူလိုက်သည်။
ရှေ့မှလာသူမှာလည်း အနီးရောက်သော် တန့်ရပ်သွားသည်။
“အလို... အဝေးကကြည့်တော့ ဘယ်သူတွေများလဲ မှတ်တယ်...ဗိုလ်မင်းထင်နဲ့ ခင်ဘုန်းတို့ပါလား... နေနဲ့လ ရွှေနဲ့မြပမာတင့်သင့်ဖက်လှပါတယ်...”
စစ်ဗိုလ်အဆောင်အယောင်ပင်ဆင်ထားသော အဆိုပါလူက ခပ်ရွှန်းရွှန်း
မြှောက်ပင့်၍ နှုတ်ဆက်သည်။ ဗိုလ်မင်းထင်ကမူ တည်ကြည်စွာပင်ပြုံးလျက်“သြော်... ဗိုလ်ကျော်ခေါင်ကိုး...” ဟု ဝတ်ကျေဝတ်ကုန်နှုတ်ဆက်၏။ ခင်ဘုန်းကသာ ချိုအေးစွာပြုံးလျက် “ဗိုလ်ကျော်ခေါင်အလာနောက်ကျနေပါရောလား... စျေးကွဲလု နီးပြီရှင့်... မျှော်သူရှိရင်လဲ စိတ်တော်ခုလို့ပြန်သွားရော့မယ်...” ဟုရင်းနှီးစွာ ဆိုသည်။
ဗိုလ်ကျော်ခေါင်က မချိသွားဖြဲ ရယ်လိုက်သည်။
“ဒီက ကျွန်တော်များ ကံခေတဲ့သူတွေအတွက်တော့ မျှော်သူမရှိပါ... အရေးလေးရှိလို့ ဦးထိပ်တံခါးဆီ သွားစရာရှိလို့ပါ... စျေးဘက်မဟုတ်ပါဘူး...”
ထိုစဉ်တည်ငြိမ်သော ဗိုလ်မင်းထင်က ဝင်ပြောသည်။
“ဘယ့်နှယ့်လဲ ဗိုလ်ကျော်ခေါင်... ဟိုတစ်ညက လွတ်သွားတဲ့ သူလျှိုတွေ အခုထိမမိသေးဘူးလား...”
ဗိုလ်ကျော်ခေါင်မှာ မသိမသာ မျက်နှာပျက်သွားသည်။
“တစ်နေ့တော့မိမှာပေါ့လေ... ဟိုညကလဲ သင်းက မိန်းမဉာဏ်သုံးပြီးကြိုးတန်းနဲ့ ထောင်လိုက်လို့ပါ... နို့မို့ဖြစ်ရင် ကျုပ်ဓားအကြောင်းကောင်းကောင်း ပြလိုက်ချင်ပါရဲ့...”
“ဟုတ်ပါရဲ့ဗျာ... ဒီလူခင်ဗျားနဲ့ ရင်မဆိုင်လိုက်ရတာ ကံကောင်းတာပဲ... ကျုပ်သာ ဒီလူဆိုရင် နောင် ခင်ဗျားနဲ့ မဆုံပါရစေနဲ့လို့ ဘုရားမှာဆုတောင်းနေမှာပဲ...”
“ကျုပ်ကတော့ သူနဲ့ နောက်တစ်ချီတွေ့ပါရစေလို့ နေ့တိုင်းဆုတောင်းနေတာပါပဲ...”
ဗိုလ်မင်းထင်မည်သို့မျှပြန်မဖြေမီ ခင်ဘုန်းက ဝင်ပြော၏။
“စကားတော့ကောင်းပါရဲ့... ဗိုလ်ကျော်ခေါင်လဲ အရေးတကြီးသွားစရာရှိနေတယ်ထင်တယ်... မောင်မောင်ကော ခင့်ကို အိမ်အထိလိုက်ပို့ပါလား... ဒီမစာဥကို မစောင့်ချင်တော့ပါဘူး...”
ဗိုလ်ကျော်ခေါင်သည် မချိပြုံး ထပ်ပြုံးလိုက်၍ နှုတ်ဆက်ထွက်ခွာ သွားသည်။
“မောင်မောင်... ဒီဗိုလ်ကျော်ခေါင်နဲ့စကားပြောရင် သတိထားပြောပါ... သူက အရှင်မွေး ညချင်းကြီးပြီး တောင်ထားဝယ်အစုသားမှာဗိုလ်တောင် ဖြစ်နေတော့ မင်းပေါက်စိုးပေါက် သိပ်ဘုန်းတောက်နေတယ်... ပြီးတော့ ဦးရီးတော်နဲ့ပေါင်းပြီး ဖရန်စစ်မှ ဖရန်စစ်ဖြစ်နေတယ်...”
ဗိုလ်မင်းထင်က ထုံးစံအတိုင်း မထီမဲ့မြင်ရယ်မောလိုက်၏။
“ကျော်ခေါင်ငယ်ဟာ မမှုလောက်ပါဘူး ခင်ခင်... ပြီးတော့ သူဟာဖရန်စစ်မှ ဖရန်စစ်ဖြစ်နေပေမယ့် အမျိုးတော့ချစ်တတ်တဲ့ လူတစ်ယောက်ပါ...”
“ဒီအရေးကြောင့်ပြောတာမဟုတ်ပါဘူး... သူခင်ခင့်ကို မှာတမ်းတွေပေးဖူးတာ မောင်မောင့်ကိုပြောပြီးသားပဲ... မနာလိုရှိလိမ့်မယ်...”
ဗိုလ်မင်းထင်က ရယ်မြဲရယ်နေသည်။ စကားမူ ဆက်မဆိုတော့ပဲ နှစ်ဦးသား ငြိမ်လျှောက်လာကြသည်။တဖြည်းဖြည်း ရွှေနန်းတော်အရှေ့ဘက်ဝန်ကြီးမှူးကြီးတို့နေရာ ဝင်းများအနီးသို့ ရောက်လာကြသည်။ ဤနေရာမှာ လူလည်းပြတ်သဖြင့်ဗိုလ်မင်းထင်က ရပ်လိုက်သည်။
“နေဦး ခင်ခင်... အတွင်းတော်သတင်းများလဲ ဘာထူးလဲ ”
ခင်ဘုန်းက မျက်စောင်းထိုး၍ ရပ်လိုက်ရင်း . . .
“တန်ပါ အခုမှ ဒီကဖြင့် သတင်းထူးပြောချင်လို့ အရှင်နန်းမတော်ဖုရားထံ မယ်မယ်နေမကောင်းဘူးလို့ ညာခွင့်ပန်ပြီး ထွက်ခဲ့ရတာ... သူ့များ တွေ့ချင်လွန်းလှလို့ထင်နေလား...”
ဗိုလ်မင်းထင်သည် ချစ်သူအား ပြန်လည်ဆင်ခြေမတုံ့တော့ပဲ ငြိမ်နေသည်။ ခင်ဘုန်းက ဘေးပတ်ပတ်လည်အား အကဲခတ်ကြည့်လိုက်ပြီးလေသံတိုးတိုးနှင့်ဆိုသည်။
“အတွင်းတော်မှာ ပြောင်းလဲမှုတွေ အတော်ဖြစ်နေတယ်... ကင်းဝန်မင်းကြီးဘုရားတို့ကို ပြန်အတိုင်ပင်ပြုနေတယ်...”
“ဒါ တကယ်ပဲလား...”
“တကယ်ပဲ... အားကိုးကြတဲ့ ဖရန်စစ်အရေးပိုင် ဟတ်စ်ကလဲပြန်ပြေးပြီမဟုတ်လား... မပြေးခင် ဟတ်စ်ကရော၊ ပြီးတော့အီတာလျံကောင်စစ်ဝန် အဒီဒြောကရော သစ်ကိစ္စမှာ အင်္ဂလိပ်နဲ့အကျေအအေးပြုလုပ်ဖို့ အကြံပေးသွားသတဲ့... အပြည်ပြည်နဲ့ ရာဇပရိယာယ် ဆုံးခန်းတိုင်လာတော့ ကင်းဝန်မင်းဘုရားကြီးကို ပြန်ကပ်ရတော့တာပေါ့...”
“ဟင်... တယ်ဟုတ်ကြတယ်... ခလုတ်ထိတော့ အမိတတတ်ကြသားပဲကိုး...”
“ဆုံးအောင် နားထောင်ပါဦး မောင်မောင်... နန်းတော်ထဲမှာကစစ်တိုက်ချင်တဲ့အဖွဲ့က ရှိနေသေးတယ်... အခု သူတို့ လျှော့ပေးတာက ပရိယာယ်ပဲ... ကင်းဝန်မင်းကြီးကို ကုလားဖြူနိုင်ငံကြီးအချင်းချင်း လှည့်တိုက်ပေးဖို့အသုံးချရုံတင်ရည်စူးထားကြတာ”
“အဲဒီတော့...”
“ကင်းဝန်မင်းကြီးလဲ ဒီအကြောင်းကို ရိပ်မိပုံပေါ်တယ်... ဒါကြောင့်လဲဒီမင်းနဲ့ ဲ့မိဖုရား ရှိနေသမျှ တိုင်းပြည်ငါးပါးမှောက်တော့မယ်ဆိုတာသိလို့ညောင်ရမ်းကိုယ်တော်လေးကို ပြန်နန်းတင်ဖို့ကြံစည်နေသတဲ့...”
“ဒီသတင်းအမှန်ပဲလား... ဘယ်က ကြားသလဲ...”
“အမှန်ပဲ မောင်မောင်... မယ်တော်ဆင်ဖြူမရှင်မိဖုရား အဆောင်တော်က ကြားရတာပါပဲ... အစတုန်းကတော့ ဆိုဆုံးမလို့ရမလားဆိုပြီး ဒီမိဖုရားကြီးပဲ ကင်းဝန်မင်းကြီးနဲ့ပေါင်းပြီး သီပေါကိုယ်တော်ကို နန်းတင်ခဲ့တာပဲ... အခုတော့တိုင်းပြည်ကြီးဖြစ်ပျက်နေတာမကြည့်ရက်လို့ သူပ ဲ တစ်ခါ ကင်းဝန်မင်းကြီးနဲ့ပြန်ပေါင်းပြီး ညောင်ရမ်းကိုယ်တော်ကို နန်းတင်ဖို့ ကြံရရှာတော့တာပေါ့...”
ဗိုလ်မင်းထင်မျာ ကြားရချက်အား မယုံနိုင်လောက်အောင် ဖြစ်သွားသည်။ ခင်ဘုန်းကသာ ဆက်ပြောသည်။
“ဒါပေမယ့် သတိထားနော်... တိုင်တားမင်းကြီးတို့အသိုက်က ဒါကိုသဘောမတူဘူး... အရှင်နန်းမတော်ဖုရားနဲ့တိုင်ပင်ပြီး ဘာကြံကြဦးမယ်မဟုတ်ဘူး... မှူးတော်မတ်တော်တော်တော်များများဟာ အခုကင်းဝန်မင်းကြီးဘက် ပါလာကြပြီ... ဒါပေမယ့် စစ်တပ်နောက်ခံနဲ့
တကယ်တောင့်တဲ့ လှေသင်းအတွင်းဝန်မင်း ကိုယ်တိုင်က တိုင်တားမင်းကြီးဘက် ပါနေတော့ ဘယ်သူမှ ဖွင့်မပြောရဲကြဘူး... ရေနံချောင်းဝန်ကြီး အရာက ကျတာ နမူနာထားပြီး အားလုံးလန့်နေကြတာ”
ဗိုလ်မင်းထင်က ဘာမျှမပြော၊ ငြိမ်နားထောင်နေသည်။ အတန်ကြာမှမေးခွန်းတစ်ရပ်ပြုလိုက်သည်။
“အခု အကျဉ်းကျနေတဲ့ ညောင်ရမ်းကိုယ်တော်ရဲ့မယ်တော်နဲ့ နှမတော်တွေရော ဘယ့်နှယ့်လဲ...”
“သူတို့ခမျာများတော့ ဒုက္ခပေါ့... မသေရုံတစ်မည် စားသောက်နေရတယ်... ကျန်တဲ့လူတွေက လာဘ်တံစိုးထိုးပြီး အစားအသောက်လေး ခိုးပို့လို့ရသေးတယ်... သူတို့နဲ့ မြင်စိုင်းကိုယ်တော် ဆီတော့ဘယ်လိုမှ ကြံပို့လို့မရဘူး...”
“အကျဉ်းထဲမှာ ဘယ်သူတွေရှိသေးလဲ...”
“အို... ဒါကတော့ အများကြီးပဲ... ထင်ရှားတဲ့အထဲကတော့ စောနော်မောင်နဲ့တခြား သိန္နီအရေးကြောင့် ကျနေတဲ့လူတွေရှိတယ်...”
ဗိုလ်မင်းထင်သည် သက်ပြင်းရှိုက်လိုက်သည်။ သိလိုသမျှ သိရပြီဖြစ်သဖြင့် ခေါင်းညိတ်လျက်နေရာမှ စထွက်ရာ ခင်ဘုန်းလည်း ဘေးမှလိုက်ပါလာသည်။
နှစ်ဦးသားသည် မြေနန်းပြသာဒ်တော်မှ အရှေ့ဦးထိပ်တံခါးဆီသို့ ဖြောင့်တန်းစွာ ဖောက်ထားသော မင်းလမ်းမကြီးအတိုင်း ငြိမ်သက်စွာလျှောက်လာခ ဲ့ကြသည်။
သစ်တပ်မြို့ရိုး အပြင်ပတ်လည် လမ်းတစ်ခုခြားလျက် မင်းလမ်းမကြီး၏ ဝဲယာတစ်ဖက်တစ်ချက်၌ မှူးတော်မတ်တော်ကြီးတို့၏ ဝင်းများ ရှိသည်။ဗိုလ်မင်းထင်နှင့် ခင်ဘုန်းတို့သည် သစ်တပ်အပြင်ဘက်ရှိ ပတ်လည်လမ်းနှင့် မင်းလမ်းမကြီးဆုံရာရောက်သော်လက်ယာ(မြောက်)ဘက်သို့ချိုးကွေ့လာကြသည်။ ရှေ့တရားရုံးတော်၊ တောင်ခွင်မင်းကြီးဝင်း၊တိုင်တားမင်း ကြီးဝင်းတို့အား ကျော်လွန်လာခဲ့သည် အထိစကားမဆိုမိ။အတွေးကိုယ်စီ နက်လာကြသည်။ မြင်းခင်းအတွင်းဝန် မင်း၏
ဝင်းတော်ရှေ့ကျခါမှ ခင်ဘုန်းက စမေးသည်။
“ဘာတွေ အတွေးနက်လာပါသလဲ မောင်မောင်...”
ဗိုလ်မင်းထင်သည် အိပ်ရာမှ လန့်နိုးလာသူအလား ခင်ဘုန်းအားမော့ကြည့်လိုက်ကာ မရယ်မပြုံးနှင့်ဆိုသည်။
“သြော်... တိုင်းရေးပြည်ရာတွေဟာ ရှုပ်သထက် ရှုပ်လာတော့ကိုယ်ရေးအကြောင်းလဲ တွေးမိတယ် ခင်ခင်ရယ်... ဒီသီတင်းကျွတ်ရင် ချစ်သူနဲ့အတူ ဘုရားသွားကျောင်းတက် ပျော်ပျော်ပါးပါး
နေလိုက်မဟဲ့လို့ ခဲထားတာ အခုတော့...”
ခင်ဘုန်း၏မျက်နှာလေးမှာ ညှိုးကျသွားသည်။ ရှုပ်ထွေးလာမည့် အရေးတော်များအလယ် မိမိတို့အချစ်ရေး မှာလည်း မည်သို့မည်ပုံ ကြုံရဦးမည်မသိ။
“ဒါပေမယ့် ခင်ခင်... အရေးရယ် အကြောင်းရယ်လို့ ပေါ်လာရင်မောင်မောင်သွားရာ ခင်ခင် လိုက်မလား...”
“မောင်မောင်က ဘယ်သွားမှာလဲ...”
“မပြောနိုင်ဘူး ခင်ခင်... မောင်မောင်က စကားကုန်ပြောထားတာပါ... ဘယ့်နှယ်လဲ...”
ခင်ဘုန်းက မျက်ရည်ဝဲ လျက်မော့ကြည့်သည်။ မျက်ရည်ဝဲလျက်ရှိသောမျက်လုံးများမှာ ချစ်သူအား မြတ်နိုးစုံမက်ခြင်း၊ အားကိုးခြင်းတို့နှင့်လည်းပြည့်နေ၏။
“မေးနေဖို့လိုသေးသလား မောင်မောင်...”
“မဟုတ်ပါဘူးလေ... မောင်မောင်မေးတာ ဖြေစမ်းပါဦး...”
ခင်ဘုန်းက ပြုံးလျက်သူ့အားကြည့်သည်။
“မောင်မောင်ခေါ်ရင် သေရွာဖြစ်ဖြစ်ခင်ခင်လိုက်မယ်...”
ဗိုလ်မင်းထင်က ရင်ထဲဆို့သွားရင်း ချစ်သူအား ကြိတ်ခဲမနိုင်ကြည့်မိသည်။
ထိုအချိန်၌ ချစ်သူနှစ်ဦးမှာ သံတော်ဆင့်မင်းဝင်းရှေ့သို့ ရောက်ခဲ့ပြီဖြစ်ရာ နှစ်ဦးလုံး ရပ်လိုက်သည်။
“မောင်မောင် ဝင်လိုက်ဦးမလား...”
“တော်ပြီ ခင်ခင်... မောင်မောင် အခုအတိုင်းဆို အရေးတကြီးတိုင်ပင်စရာရှိနေတယ်... သွားမယ်...”
ဗိုလ်မင်းထင်သည် ချစ်သူအား တစ်ချက် စိန်းစိန်းစိုက်ကြည့်လိုက်၍ဖြည်းညင်းစ ွာ အပါးမှ ခွာထွက်ခဲ့သည်။
အတွေးလွန်၍ လမ်းမတော်ကြီးအတိုင်း လျှောက်လာသူဗိုလ်မင်းထင်မှာနတ်ရှင်ရွေးကင်းရုံး မရောက်မီ...
“သွေးသောက်...” ဟုလှမ်းခေါ်သံကြားသဖြင့်တုံ့ခနဲ ရပ်သွားသည်။
မော့ကြည့်လိုက်သောအခါ မိမိထံလျှောက်လာသည့် ခံ့ညားမြင့်မားသည့်
ဗိုလ်သူရိန်၏ သဏ္ဍာန်အား မြင်ရသည်။
“ဘယ့်နှယ်... ဒီနေ့ စနည်းနာ ထွက်မယ်ဆို... ဘယ်လိုဒီရောက်လာလဲ...”
ဗိုလ်သူရိန် အနားသို့ရောက်လာသောအခါ ဗိုလ်မင်းထင်ကတိုးတိုးမေးသည်။
“ပြောပြပါ့မယ်... လာ... လာ... ဒီနေရာ ခရီးကျလှတယ်... ဟိုဘက်သွားရအောင်...”
နှစ်ဦးသားသည် နတ်ရှင်ရွေးကင်းအားကျော်၍ လျှောက်လာကြသည်။နတ်ရှင်ရွေးကင်းရုံးနှင့် ရေနံချောင်း ဝန်ကြီးဝင်းတော်အား ခြားနားထားသော ပြလမ်းရောက်သော် ပြလမ်းအတိုင်း တောင်ဘက်သို့ ဆက်လျှောက်လာကြ သည်။ လမ်းဘေးတစ်နေရာတွင် အရိပ်ကောင်းသောမန်ကျည်းပင်ကြီးရှိရာ ထိုမန်ကျည်းပင်ကြီးအောက်ဝင်နား လိုက်သည်။
“ဆိုပါဦး... ဘယ့်နှယ်လဲ... အကြောင်းထူးရှိလား...”
ဗိုလ်မင်းထင်က မေးသဖြင့် ဗိုလ်သူရိန်သည် နံနက်က မိမိ ရှမ်းတစ်ယောက်ကဲ့သို့ ရုပ်ဖျက်ထွက်အသွားတွင် ကြုံခဲ့သည်တို့အား ပြန်ပြောပြသည်။
“အခု ဒီထဲလာတာက သွေးသောက်ကို လာရှာတာပဲ... ဒီညနေဝင်လေးချက်တီးအချိန်မှာ လက်ရွေး စင်တပ်မှူးတွေ အစုံအညီလှေသင်းအတွင်းဝန်မင်းအိမ်တော်မှာ စုဝေးရောက်ဖို့အမိန့်တော်ရှိတာနဲ့ကြိုတင်ပြီး အကျိုးအကြောင်းသိရအောင် ထွက်လာတာ... ခင်ဘုန်းဆီက ဘာသတင်းထူးသေးလဲ...”
ဗိုလ်မင်းထင်က သူ့အလှည့်ရောက်သဖြင့်ခင်ဘုန်းထံမှ ကြားခဲ့သမျှအားပြန်ပြောပြသည်။ စကားဆုံးသော် ဗိုလ်သူရိန်၏မျက်လုံးများမှာအရောင်တောက်ကြည်လင်လာသည်။
“ဟုတ်ပြီ... ဒီအတိုင်းဆိုရင်လှေသင်းအတွင်းဝန်မင်းဟာ စစ်အုပ်စုဖွဲ့ဖို့ခေါ် စီးလားရိုက်တာပဲ... ဒါကျုပ်တို့အခွင့်ကောင်းပဲ... ဗိုလ်မှူးတပ်မှူးအစုံမှာ ကျုပ်တို့သိသမျှ ဖွင့်ချရမှာပဲ... ဘယ့်နှယ်သဘောရသလဲ...”
“ကြည့်လုပ်ပ သွေးသောက်ရယ်... ကျွန်တော်တော့ တက်နိုင်မှာမဟုတ်ဘူး... ဒီည ကျော်မိုးတံခါးမှာ အစောင့်တာဝန်ကျတယ်...ဖြစ်ကော ဖြစ်ပါ့မလား...”
“ပြောရမှာပဲ ထင်တယ်... အချိန်က ကျလာပြီ... တိုင်းခြားသားတို့အန္တရာယ်ကို ကျုပ်တို့တပ်မှူး တပ်မင်းတွေ အချိန်မီသိမှ ဖြစ်လိမ့်မယ်... ဆိုရေးရှိက ဆိုရမှာပဲ... မဆိုသော် နောက် ကျုပ်တို့ဝန်ဖြစ်လိမ့်မယ်...”
“သွေးသောက်သဘောပါပဲလေ... ဒါပေမယ့် အစစအရာရာ အသွားအလာကအစ ဆင်ခြင်ပါ... ကျွန်တော်တော့ ဒီနေ့ စိတ်ခပ်လေးလေးပဲ... ဒါထက်ဒီည အပြင်ပြန်ထွက်ဦးမှာလား...”
“ထွက်ရမယ်... သွေးသောက်ကြီး မြတ်ကျော်နဲ့ ပေါက်လှကို ဟိုလွှတ်ဖို့က စီစဉ်ရဦးမယ်... အထူးသဖြင့် ဒီညသိသမျှအကြောင်းကိုသူတို့နဲ့အတူအမှာပါးလိုက်ရမှာပဲ...”
“ညထွက်ရင်ကျွန်တော့်တံခါးက ထွက်ပါ... ဟုတ်လား... အရေးမလှရင်လဲ အမြန်သိပါရစေ... ကိုယ်က ဦးအောင် ခင်ခင့်ကိုအရှင်နန်းမတော်ဖုရားထံတင်ထားနှင့်ရအောင်...”
“ကောင်းပါပြီလေ... ကဲ... လာ... ဒီနေရာမှာ ကြာရှည်ထိုင်ပြောနေလို့မဖြစ်ဘူး.. လူအထင်လွဲနေဦးမယ်...”
ထိုနေ့ နေဝင် သုံးချက်တီးအထိမ်းအမှတ်ဖြင့် ပဟိုရ်စည်တော်လေးဆယ့်လေးချက် ထွက်ပေါ်လာချိန်တွင် ရွှေနန်းတော် သစ်တပ်တောင်ဘက် လက်ယာဝင်းတံခါးမှ မြို့ရိုး ကျော်မိုးတံခါးအထိသွယ်တန်းလျက်ရှိသော လမ်း မတော်ကြီး၏ထိပ် အရှေ့ဘက်ဘေး
လှေသင်းအတွင်းဝန်မင်း၏ ဝင်းအတွင်း အိမ်တော်ခန်းမဆောင်တွင်နေပြည်တော်၏ ဗိုလ်မင်း၊ တပ်မင်း နှစ်ဆယ်ခန့် စုဝေးရောက်ရှိနေကြသည်။
အိမ်ဦးဘက် အတန်မြှင့်ထားသောကြမ်းပေါ်တွင် ခင်းထားသည့်ဖုံပေါ်၌လှေသင်းအတွင်းဝန်မင်း ကိုယ်တိုင်ထိုင်လျက်ရှိသည်။
ဗိုလ်သူရိန်သည် မိမိ၏အထက် ဗိုလ်မင်း ဗိုလ်ဦးကြယ်၏ နောက်ပါးမှထိုင်ခစားရင်း စုဝေးရောက်လာကြ သူများအား အကဲခတ်မိသည်။အားလုံးမှာ လက်ရုံးရည်အရာ၌ ထင်ရှားကြသော ဗိုလ်မှူး တပ်မှူးများသာ ဖြစ်သည်။ သို့ရာတွင် စစ်ဗိုလ်အဆောင်အယောင်ဆင်မထားသူတစ်ယောက်အားလည်း တွေ့မိသဖြင့် နံနက်ကအဖြစ်အား တွေးမိ၍ဝမ်းတွင်းမှကျိတ်ပြုံးမိသည်။
“စုံကြပြီလား...”
အတွင်းဝန်မင်း၏ မေးသံ ပေါ်လာပြီး လက်ရွေးကြီး လှေသင်းဗိုလ်မင်းကျော်သိဒ္ဓိရန်အောင်က “စုံ ကြောင်းပါ ဘုရား...” ဟု ပြန်ကြားလျှောက်တင်လိုက်သည်။
အတွင်းဝန်မင်းသည်အတန်ကြာမှ ရှေ့မှောက်ရှိဗိုလ်မှူး၊ တပ်မှူးများ၏မျက်နှာတို့အား စိုက်ကြည့်လိုက်ပြီး မာကျောပြတ်သားသောလေသံနှင့်စတင်မြွက်ကြားသည်။
“ဗိုလ်မင်းတပ်မင်းအပေါင်းတို့... သင်တို့အား ယနေ့အစုံအညီခေါ်ယူစည်းဝေးသည်ကို ထောက်ရ၍ အရေးတော်ပေါ်သည်ကို သိကြပြီးဖြစ်ပေလိမ့်မည်... သစ်မှုကိစ္စနှင့် ပတ်သတ်၍ ငါတို့နှင့် ကုလားဖြူအင်္ဂလိပ် တို့ အချင်းပွားတင်းမာလျက် ရှိသည်ကိုလည်း သိပြီးဖြစ်လိမ့်မည်... အရှင်နန်းမတော်ဖုရား၊ တိုင်တားမင်းကြီးဘုရားနှင့် ငါ၏
အလိုမူ အလျှော့မပေးဘဲ ဤကုလားဖြူရန်စွယ်အား အပြီးအပိုင်ဆေးကြောသုတ်သင်ပစ်လိုသည်... သို့ရာတွင် သတ္တိကြောင်ပျော့ညံ့သူမှူးမတ်များလည်း ရှိသေးရာ ဤသူတို့၏ ဆင်ခြေဆင်လက်တို့ကြောင့် ဘုန်းတော်ကြီးဘုရားမှာ စဉ်းစားတွေးတော၍ မည်သို့မျှအမိန့်တော်ချမှတ်တော်မမူသေး... မည်သို့ဖြစ်စေ... ငါတို့နိုင်ငံအားစော်ကားလာသည့် ဤကုလားဖြူတို့နှင့် တစ်နေ့တွင် ရင်ဆိုင်နွှဲရမည့်စစ်ပွဲသည် အနှေး အမြန်ရောက်ခြိမ့်အံ့ဟု ငါထင်သည်... သို့ကြောင့်လည်း လက်နက်လူသူ ပြင်ဆင်စုစည်းရန် ဘုန်းတော်ကြီးဘုရားအမိန့်တော်နှင့် ဝါခေါင်လဆန်း ၂ ရက်နေ့မှစ၍ ကြေးငွေထောင်ပေါင်းများစွာ ထုတ်ပေးခဲ့ပြီး ဖြစ်သည်ကို သင်တို့အသိပင်... အရေးဆိုက်သော် စည်းလုံးညီညာ တစ်မိန့်တစ်သံတည်းရှိရန်လိုအပ်လှသည်ဖြစ်ရာ ဗိုလ်မင်းတပ်မင်းတို့၏ သဘောထားအသီးသီးကိုသိလိုသည်ဖြစ်၍ မခြနွင်းမချန် ဖော်ပြလျှောက်တင်စေလိုသည်... ဤသို့လျှောက်တင်ချက်ကြောင့်မည်သူမှ အပြစ်ဒဏ် မခံယူစေရ...”
အတွင်းဝန်မင်း၏ စကားဆုံးသော် အစည်းအဝေး ခန်းမဆောင်မှာအပ်ကျသည်ကို ကြားရအောင်ပင် တိတ်ဆိတ်သွားသည်။ဗိုလ်မှူးတပ်မှူး အပေါင်းတို့မှာ တစ်ဦးမျက်နှာ တစ်ဦးကြည့်နေမိကြသည်။ အတန်ကြာမှ ရွှေလှံတပ် တပ်မှူးဦးစံထွန်းက ပြန်ကြားတင်လျှောက်သည်။
“ကုလားဖြူအား တိုက်ရန်အရေးမှာ ဗိုလ်မင်းတပ်မင်းတို့ကို မဆိုထားဘိ... သွေးသောက်၊ အကြပ်၊ တပ်သားတို့ပါ တက်ကြွလိုလား နေကြပါသည်... သို့ရာတွင်စစ်ရေးရာ၌ သူရသတ္တိချည်းသာ ပဓာန မဟုတ်... အခြေအနေအရပ်ရပ်၊ လက်နက်အမျိုးအစား စသည်တို့မှာလည်းအရေးပါလှပါသည်... ကျွန်တော်မျိုးတို့ ဘက်၌ ကိုက်၈၇၅ လောက်ခရီးကိုသာလျှင်ကျည်ဆန်ရောက်နိုင်သော သုံးခွေစွပ် တူမီးသေနတ်ကိုလူစေ့ မကိုင်နိုင်သေး... ရှိသမျှ မီးစာကောက်အမြောက်ဆန်မှာလဲ
အလွန်ဆုံး ခရီး ကုလားတစ်မိုင်မျှထက် ပိုမရောက် နိုင်ပါ... ကုလားတို့မှာ ကိုက်ပေါင်း ၁၂၀၀ခန့် ခရီးကို ပစ်ရောက်နိုင်သောဘေးဖွင့်နောက်ထိုး ဟင်ဒလီမာတင်တီသေနတ်၊ ကိုက်ပေါင်း ၁၅၀၀ခန့်ခရီးကို ပစ်ရောက်နိုင်သည့် ဗထက်ခြိုက်ခေါ် ရိုင်တတ်သေနတ်၊
တစ်မိနစ်လျှင် အချက်ပေါင်းများစွာ ပစ်ခတ်နိုင်သည့် အပြင်ခရီးငါးမိုင်ထက်မနည်းအောင် အမြောက်ဆန်များ ရောက်ရှိနိုင်သည့်နောက်ထိုးစက်အမြောက် စသည်တို့အား ကိုင်စွဲသုံးနေကြောင်းကြားသိရပါသည်... သူရသတ္တိအရာတွင် သာလွန်သော်လည်းလက်နက်ချင်းမမျှ၍ အရေးနိမ့်ခဲ့ရသော မင်းကြီးမဟာဗန္ဓုလ၏ သာဓကကလဲ ရှိနေပါသည်... အခြားရေးရာများကို မဆွေးနွေးမီဤအရေးကိုအလေးအနက်ဆွေးနွေးသင့်သည်ထင်ပါသည်...”
ဦးစံထွန်း၏ လျှောက်တင်သံမဆုံးမီပင် မင်းကျော်သိဒ္ဓိရန်အောင်ကထသည်။
“တပ်မှူးမင်း ဦးစံထွန်းမှာ ဟိုင်းကြီးကျွန်း ကုလားဖြူအမြောက်စခန်းကိုဝါးရင်းတုတ်နှင့် အနိုင်ဖြိုခဲ့သော အလောင်းမင်းတရားကြီး၏တပ်သားများအကြောင်းကိုမေ့ဟန်တူပါသည်...”
ဦးစံထွန်း မဖြေမီပင်အတွင်းဝန်မင်းက ရှင်းပြသည်။
“မောင်စံထွန်းတင်သည်မှာ လျောက်ပတ်လှသည်... သို့ရာတွင်မည်မျှ လက်နက်သာလွန်သည်ဖြစ်စေ... အထောက်တော်များထံမှသတင်းအရဆိုလျှင် အင်္ဂလိပ်တို့မှာ အီဂျစ်ပြည်အရေး၊ဆူဒန်ပြည်အရေးတို့ကြောင့် မျက်ဖြူဆိုက်လျက်ရှိသည်... မြန်မာပြည်အား အလုံးအရင်းနှင့်စစ်ပြုရန်မှာ သင်းတို့ မဖြစ်နိုင်သေး... ဤသည်မှာ ငါတို့၏အခွင့်ကောင်းပင် ဖြစ်သည်... ငါတို့၌ လက်နက်ညံ့သည်ဆိုခြင်းမှာ မှန်၏... သို့ရာတွင် ငါတို့၏မဟာမိတ်ဖြစ်သော
ဖရန်စစ်တို့က အရေးကြုံလာလျှင် အလုံးအရင်းနှင့်ကူရန် အဆင်သင့်ရှိနေသည်ကိုလဲ သတိပြုပါလေ...”
ပရိသတ်မှာ ပြန်ငြိမ်ကျသွားသည်။ တည်ငြိမ်ပြတ်သားသော ဗိုလ်သူရိန်၏ အသံမှာ ပေါ်ထွက်လာ၏။
“မင်းဘုရားကြီး ခွင့်ပြုချက်အရ လျှောက်တင်ပါမည်... ထားရင်လဲရှင်ရပါမည်... သတ်ရင်လဲ ခံရပါမည်... သိသမျှ မခြနွင်းမချန်တင်လျှောက်ပါရစေ...”
“လျှောက်လော့သူရိန်ငယ်...”
“ဘုရားကျွန်တော်မျိုးအနေနှင့် အင်္ဂလိပ်ကုလားဖြူတို့အားလည်း ရွံမုန်းပါသည်... ဖရန်စစ်တို့အားလည်း မယုံကြည်ပါ...”
တပ်မှူးများ အားလုံး၏နှုတ်မှ ဟယ် ခန ဲဖြစ်သွားကာ လှုပ်လှုပ်ရွရွဖြစ်ကုန်၏။
အတွင်းဝန်မင်းက လက်ပြငြိမ်သက်စေ၍ ဗိုလ်သူရိန်အား ဆက်တင်စေသည်။
“အတွင်းဝန်မင်းဘုရားနှင့်တကွ ယနေ့ စုဝေးလျက်ရှိကြသည့်ဗိုလ်မင်းတပ်မင်း အပေါင်းတို့မှာ အမျိုးချစ်၍ သူ့ကျွန်မခံလိုသူများဖြစ်ကြောင်း ယုံကြည်ပါသည်... သို့ရာတွင် တစ်ဖက်က အင်္ဂလိပ်
ရန်ပေါ်နေခိုက် တစ်ဖက်မှ ဖရန်စစ်တို့ နိုင်ငံအား မဟာမိတ်ယောင်ယောင်နှင့်အပိုင်စီးမည့်အန္တရာယ်က ရှိနေပါသည်...”
ပရိသတ်မှာ လှုပ်လှုပ်ရွရွ ဖြစ်သွားပြန်သည်။ ဤအကြိမ်တွင်မူ အတွင်း
ဝန်မင်းကိုယ်တိုင် မျက်မှောင်ကြုတ်လျက် မျက်နှာထားတင်းမာသွားသည်။
“သူရိန်ငယ်... မိမိပြောသောစကားကို မိမိဆင်ခြင်နားလည်ပါလေ... မဆင်မခြင် ရာဇဝတ်သင့်မည်ကို မကြောက်လော...”
“အရှင့်အကျိုး၊ နိုင်ငံ၊ အမျိုး၊ ဘာသာသာသနာအကျိုး မျှော်ကိုး၍မိမိရင်တွင်းရှိသည်ကို တင်လျှောက်မိ သဖြင့် ရာဇဝတ်သင့်သော်ကြည်ကြည်ဖြူဖြူ ခံပါမည်... သို့ရာတွင် ကျွန်တော်မျိုး၏ ဖခင်
ဦးမြတ်ထွန်းမှာ အင်္ဂလိပ်ကုလားဖြူတို့အား အသက်ပေး၍ ကာကွယ်တိုက်ခိုက်သွားသည်ကို အများအသိပင်... ကုလားဖြူလက်ချက်ကြောင့်ဖခင်ကွယ်လွန်ပြီးနောက် ထိုင်းနိုင်ငံ၊ အောက်ပြည်ရန်ကုန်တို့၌ဘုရားကျွန်တော်မျိုး ကျင်လည်ကျက်စား ကလေးဘဝကို ကုန်လွန်သွားခဲ့ရသည်ကို အားလုံးအသိပင်... ကုလားဖြူ သိုးဆောင်းအပေါင်းတို့နှင့်အများဆုံး ပေါင်းသင်းခဲ့ရသဖြင့် သင်းတို့၏အကြံဉာဏ်ဟူသရွေ့ကို
သိခဲ့ရပါသည်...”
ဗိုလ်သူရိန်၏အသံမှာ မာလာသည်။ တည်ကြည်သောမျက်နှာထား၊ရဲဝံ့သော အတင်အလျှောက်တို့ကြောင့်အားလုံးမှာ မှင်တက်မိသည့်ပမာငေးကြည့်နေမိသည်။
“ကျွန်တော်မျိုးအနေနှင့် မည်သည့် နိုင်ငံခြားသား စေတနာရှင်ကိုမှမယုံနိုင်ပါ... အင်္ဂလိပ်ကုလားဖြူတို့သည် မြန်မာနိုင်ငံ တောင်ပိုင်းကိုအနိုင်ကျင့် သိမ်းယူထားပြီးပါပြီ... ဖရန်စစ်တို့ကမူ အင်္ဂလိပ်လက်မှမြန်မာနိုင်ငံအား ကယ်တင်လိုဟန် အရိပ်အယောင်ပြ၍ မြန်မာပြည်မြောက်ပိုင်းကို ချိန်နေပါသည်... သက်သေထူရသော် အင်္ဂလိပ်တို့ရန္တပိုစာချုပ်အရ အနိုင်ကျင့်၍ မြန်မာ့ပိုင်နက်များအား သိမ်းယူသည့်နည်းတူ ၁၈၆၂ ခုနှစ်၌ ဖရန်စစ်တို့သည် အာနန်ပြည်ပေါ် အနိုင်ကျင့်၍ ကိုချင်ချိုင်းနားပြည်နယ်ကိုသိမ်းယူခဲ့ပါသည်... ထိုနည်းတူစွာ နောက်တစ်နှစ်၌ ကမ္ဘောဇပြည်နယ်အား သိမ်းပြန်ပါသည်... မြန်မာပြည်တွင်မူ အင်္ဂလိပ်ကျုးကျော်မှုအား လက်ညှိုးထိုးပြ၍ အခြားတစ်နေရာတွင်မူ အင်္ဂလိပ်နည်းတူ အရှေ့တိုင်းသားများကို ကျွန်စာရင်းသွင်းနေသော ဖရန်စစ်ကယ်တင်ရှင်တို့၏ စေတနာကို မယုံနိုင်ပါ... ယခုပင် မပိုင်၍ထွက်ပြေးလေသော ဖရန်စစ်အရေးပိုင် ဟတ်စ်ကို
ကြည့်ပါလေ... သူ့ကျွန်မခံလိုသော ကျွန်တော်တို့အနေနှင့် အဘယ်နိုင်ငံခြားတိုင်းပြည်အားမျှ ယုံကြည်ရန်မလို ပါ... အားကိုးရန်မလိုပါ.. မည်သူမြှောက်ပေး၍မှလည်း မြောက်ရန်မလိုပါ... ကိုယ့်အားကိုယ်ကိုး၍ ကိုယ့်အခြေအနေအရ ကိုယ် လွတ်လပ်လိမ္မာစွာ ကျင့်သုံးဖို့သာ လိုပါသည်... ရှင်ကြီးဝမ်းမှလွတ်အောင်ရုန်းသည်မှာ ရှင်ငယ်ဝမ်းသို့ကျရသည့်အဖြစ်ကိုလည်း မရောက်လိုပါ...”
ဗိုလ်သူရိန်သည် ခေတ္တနားလိုက်၍ မိမိစကား အဘယ်မျှ အောင်မြင်သည်မအောင်မြင်သည်အား အကဲ ခတ်ရင်း တပ်မှူးများ၏ မျက်နှာများကို လှမ်းကြည့်လိုက်သည်။ တပ်မှူးအားလုံးမှာ ငြိမ်သက်လျက် လေးလေးနက်နက် တွေးနေဟန် ပေါ်သည်။ ထိုအခါကျမှ ဗိုလ်သူရိန်ကဆက်လျှောက်တင်သည်။
“ယနေ့အထိ နေပြည်တော်၌ ဖြစ်ပေါ်ခ ဲ့သည်တို့မှာလည်း ကျွန်တော်လျှောက်တင်ခဲ့သည်တို့ မှန်ကြောင်း သက်သေထူနေပါသည်... အင်္ဂလိပ်၏ ဘေးအန္တရာယ်မှ ကာကွယ်ပေးရန်ဟု မက်လုံးပြလျက်မြန်မာ့စီးပွားရေး အသက်သွေးကြော အချက်အချာမှန်သမျှအား ဖရန်စစ်တို့ လက်ဝါးကြီးအုပ်ယူပြီးပါပြီ... နောက်ဆုံး နင်းကြမ်း သစ်တောများအား ဆင်ဒီကိတ်ဖွဲ့၍ အပိုင်ယူရန်ပင်ကြံစည်ခဲ့ပါသည်... ဤသို့မြန်မာ့လက်မှ ရသမျှ အမြတ်ထုတ် ယူခဲ့သော်လည်း ယခု မြန်မာနှင့်အင်္ဂလိပ်တို့ စစ်မက်ပင် ပြိုင်ရလုလုအခြေ၌ အရေးပိုင် ဟတ်စ်သည်ကိုယ်လွတ်ရုန်း ရှောင်ထွက်သွားပါလေပြီ... ဤအချက်တို့မှာကျွန်တော်တို့ဘက်မှ မည်သို့သော အရေးကြီး သည့်ခြေလှမ်းမျိုးကိုမဆိုမပြုလုပ်မလှမ်းမီ အလေးအနက် စဉ်းစားထိုက်သော အချက်များ
ဖြစ်ပါသည်...”
ဗိုလ်သူရိန် စကားဆုံးလျှင်ပင် နောက်မှ အရပ်ဝတ်အရပ်စားနှင့်ပုဂ္ဂိုလ်က လျှောက်တင်သည်။
“တင်ပါသည် ဘုရား... ယခု တပ်မှူးဗိုလ်သူရိန်၏ လျှောက်တင်ချက်တို့မှာ မြန်မာနှင့် ဖရန်စစ်တိုင်းတို့၏ ချစ်ကြည်ရေးကို ပျက်ပြားစေနိုင်ပါသည်... ယခုအချိန်ကဲ့သို့ အရေးပေါ်နေခိုက်ရှိပြီးဖြစ်သောမဟာမိတ်ချင်း အထင်အမြင်လွဲမှားမှု မဖြစ်စေရန် အလွန်ဆင်ခြင်ထိုက်သည်ထင်ပါသည်...”
ထိုသူအား ဗိုလ်သူရိန်သည် လှမ်းကြည့်သည့်အခိုက်တွင်ပင် ဗိုလ်ကျော်
ခေါင်က ဝင်လျှောက်သည်။
“ဝန်စာရေးမင်း ဦးသာဖြိုး၏ လျှောက်တင်ချက်မှာ မှန်ပါသည်... တပ်မှူးဗိုလ်သူရိန်ဆိုသော ဤစကားမျိုးအား အင်္ဂလိပ်သူလျှို အလိုတော်ရိတို့၏ နှုတ်မှ မကြာခဏ ကြားရလေ့ရှိပါသည်... ကျွန်တော့်အနေနှင့် လျှောက်တင်ရလျှင် ဤအချိန်အခါသည် ဤသို့ ဝိဝါဒ
ကွဲလွဲဖွယ်တို့အား အချိန်ကုန်ခံ ဆွေးနွေးနေရန် မဟုတ်ပါ.. တိုင်းနိုင်ငံ၌ ဘေးအန္တရာယ်ရင်ဆိုင်နေရချိန်တွင် လာမည့်ဘေး ရဲရဲပြေးတွေ့ခြင်းသည်သာ ပဓာနဖြစ်ပါသည်... သို့လောသို့လော တွေးတောတွန့်ဆုတ်နေခြင်းမှာ ယောက်ျားသွေးနည်းရာ ကျပါသည်... ဘင်္ဂလားမြို့စား၏ ကျေးကျွန်တို့ စစ်ကိုလိုဟန်ရှိသည်... စစ်လိုသူတို့
အား စစ်ကိုပေး၍ ရာဇဝင်ကြွေးအား သွေးနှင့်ပေးဆပ်ရေးကိုမနှေးအမြန်စဉ်းစားရန်ရှိပါသည်...”
ဗိုလ်သူရိန်၏ ဒေါသနှင့် ပြည့်လျှံလျက်ရှိသော မျက်လုံးအစုံမှာမောက်မာ စော်ကားသော ဗိုလ်ကျော်ခေါင်၏ မျက်လုံးများနှင့်အပြင်းအထန် တိုက်ဆုံမိကြသည်။ ပရိသတ်မှာ လှုပ်လှုပ်ရှားရှား
ဖြစ်သွားသည်။ ရှေးဦးစွာ စတင် ပြန်လည်စကားဆိုသူမှာ ဗိုလ်မင်းထင်ပုဏ္ဏက ဘွဲ့ရ သပြေတန်းခံတပ်မြို့ဗိုလ် ဗိုလ်ဦးကြွယ်ဖြစ်၏။
“ကျော်ခေါင်ငယ်စကားမှာ လွန်ကျူးလှသည်... စစ်တို့မည်သည်တိုက်ရန်မှာ ပဓာနမဟုတ်... နိုင်ရန်သည်အဓိကဖြစ်ချေသည်...တပ်မှူးသူရိန်သည်ယောက်ျားသွေးနည်း၍ ဤစကားကိုဆိုသည်မဟုတ်... ယောက်ျားသွေး နည်းသည်များသည်မှာ စကားဝိုင်း၌ မပြရာ...
စစ်မြေပြင်၌သာ သိရာသည်... ကျွန်တော့်သဘော တင်ရသော်တပ်မှူးသူရိန်လျှောက်တင်ချက်မှာ သင့်မြတ်လှပေသည်... ဖရန်စစ်တို့ကို အားကိုး၍မူ စစ်ကို မပြင်လိုပါ... ရှေ့မှကျားရန်ကိုသာအာရုံပြုနေသဖြင့် နောက်မှ ကျားဝင်ဆွဲသောအဖြစ်မျိုး မကြုံလိုပါ...ကေသရာ ခြင်္သေ့မင်းတို့မည်သည်မှာ ရှေ့သို့သာမကြည့်...နောက်သို့လည်း ကြည့်တတ်သည့်ထုံးကို နှလုံးမူသင့်ပါသည်..”
ဘုရင်မင်းမြတ် ယုံစားတော်မူသဖြင့် အရေးကြီးသော ခံမြို့ကိုပင်ဗိုလ်လုပ်အုပ်ချုပ်ရသူ ဗိုလ်မင်းထင်ပုဏ္ဏက၏ စကားဖြစ်သဖြင့် ဗိုလ်ကျော်ခေါင်တို့အသိုက်မှာ မည်သို့မျှ မတုံ့ပြန်သာအောင်ဖြစ်သွားသည်။
စစ်ကိုင်းခံမြို့ဗိုလ် ဗိုလ်ဦးသွယ်၊ အင်းဝခံမြို့ဗိုလ် ဗိုလ်ဦးခူတို့ကလည်းတညီတညွတ်တည်း ဗိုလ်ဦးကြွယ်အား ထောက်ခံကြသည်။
ရွှေပြည်မှန်ကင်းတပ်တပ်မှူးဦးပြူးက တင်လျှောက်ပြန်သည်။
“ယခုအရေးမှာ မနိုင်သော် ရှုံးရမည့်အရေးသာမဟုတ်... သူ့ကျွန်ဖြစ်ရေး မဖြစ်ရေးလည်း ဖြစ်နေပါသည်... သူ့ကျွန်မခံဆိုရာ၌ အင်္ဂလိပ်ကျွန်သာမဟုတ်... မည်သည့်ကျွန်အဖြစ်မှ မခံလိုပါ... သို့ဖြစ်ပါ၍မည်သည့်လုပ်ငန်းမှ မစမီ အခြေအနေအရပ်ရပ်ကို သေချာ ကျနစွာ ဆင်ခြင်ရပါမည်... သို့ရာတွင်ကျွန်တော်တို့ ဆွေးနွေးရာမှာ စစ်ရေး
တွင်သာမက ကျွန်တော်တို့ အရေးမပိုင် မမီနိုင်သော အပြည်ပြည်ဆိုင်ရာအရေးတို့လည်း ပါဝင်နေသဖြင့် ဝန်ရှင်တော်မင်းဘုရားကြီး၏အဆုံးအဖြတ်သည် အခရာဖြစ်၍ အရှင်ဘုရား၏ အဆုံးအဖြတ် ကိုမိန့်ကြားပါရန်လျှောက်ထားတောင်းပန်ပါသည်...”
တပ်မှူးတို့၏ တင်လျှောက်ချက်အား လှေသင်းအတွင်းဝန်မင်းမှာ အချိန်
ကြာစွာ နှုတ်ဆိတ်နားထောင်နေခဲ့သည်။ နားထောင်နေစဉ်စိတ်တွင်း၌လည်း မကျေနပ်မှု၊ ဒေါသထွက်မှုတို့ ရောယှက်ပေါ်ထွက်နေ၏။ လှေသင်းအတွင်းဝန်မင်းမှာ အာဏာ အထွတ်အထိပ်သို့ ရောက်ခဲ့သည့်နေ့မှစ၍ မိမိစကား၊ မိမိအယူအဆအား ဆန့်ကျင်ပြော ဆိုသူအား မတွေ့ဖူး၊တွေ့မိလျှင်လည်း သည်းမခံဖူး။ ဤအစည်းအဝေးတွင် သွေးညှိ၍ နောက်တစ်နေ့ညီလာခံတွင် ကင်းဝန်မင်းကြီးတို့ အသိုက်အား အနိုင်ယူ
မည်ဟု ကြံထားသည်။ သို့ရာတွင် မမျှော်လင့်ပဲ တပ်မှူးငယ်တစ်ဦးကြောင့် မိမိ၏အကြံအစည်တို့မှာ ပျက်ရမည်ကဲ့သို့ ဖြစ်နေသည်။မိမိအနေဖြင့် ဖရန်စစ်တို့ ထမင်းရည်ပူလာသဖြင့် လျှာလွှဲ လာသည်ကိုမသိမဟုတ်၊ သိပေသည်။ သို့သိသဖြင့် အင်္ဂလိပ်အား အလျှော့ပေးရမည်ဆိုလျှင် ကင်းဝန်မင်းကြီး၏ အောင်ပွဲသာ ဖြစ်ပေတော့မည်။ မိမိ၊တိုင်တားမင်းကြီးတို့ကိုသာမက မင်းမိဖုရားနှစ်ပါးလုံးအား ပြည်သူတို့အကြည်ညိုနည်းပါးလာသည်ကိုလည်း ရိပ်မိသည်။ ဤအတိုင်းဆက်သွားခဲ့သော် အင်္ဂလိပ်သြဇာ နေပြည်တော်၌ ပြန်တက်ခဲ့၍နောက်ဆုံးတွင် ညောင်ရမ်းမင်း နန်းရစရာအကြောင်းက ရှိနေသည်။သီပေါဘုရင်နန်းကျခြင်းမှာ မိမိတို့ လျှောကျခြင်းပင်ဖြစ်၍ ညောင်ရမ်းသာတက်ခဲ့သော် မင်းမျိုးတို့အား သတ်ဖြတ်ခဲ့ရာ၌ တာဝန်မကင်းသည့်မိမိအတွက်မှာ သက်သာလိမ့်မည်မဟုတ်။ အခြေအနေအရ ထွက်လမ်းမှာ စစ်တိုက်ခြင်းသာ မြင်တော့သည်။
ဤသည်တို့အား စဉ်းစားရင်း အတွင်းဝန်မင်းသည် ဗိုလ်သူရိန်အားကြည့်နေခဲ့သည်။ အတင်အလျှောက် ရဲရင့်သော တည်ကြည်ခံ့ညားသည့် ဤတပ်မှူးငယ်အား ကြည့်နေမိစဉ် မိုးသည်းသောတစ်ညတာဝယ်ဖရန်စစ်သံတဲ၌ ဖြစ်ပျက်ခဲ့သည်ကို အမှတ်ရလာသည်။ ထိုခဏတွင်ပင်အတွင်းဝန်မင်း၏ စိတ်၌ ကြောက်ရွံ့စိုးရိမ်ခြင်းနှင့် မသင်္ကာမှု တို့
ရုတ်တရက်ပေါ်လာခဲ့၏။
ထို့ကြောင့်ရွှေပြည်မှန်ကင်း တပ်မှူးဦးပြူး၏ တောင်းပန်ချက်အား ကြားကြားချင်း ဘာမျှပြန်မဖြေမိ။ မိမိ၏ အာဏာတန်ခိုးနှင့် ဗိုလ်သူရိန်အား ချိုးနှိမ်လိုက်မည် ဆိုပါကလည်း ၎င်း၏သဘောထားအား တပ်မှူးအများက ထောက်ခံနေသည်ဖြစ်ရာ တပ်မှူးအများ မိမိအား ငြိုငြင်ပေတော့မည်။ ဘက်တော်သားစုနေရသော ဤအချိန်တွင် ဤအငြိုငြင်မျိုးအားအတွင်းဝန်မင်းသည် မခံရဲ။ ခဏချင်းပင် အတွင်းဝန်မင်းမှာ အကြံတစ်မျိုးရ၍ မိန့်ခွန်းကိုပေးသည်။
“ဗိုလ်မင်းတပ်မင်း အပေါင်းတို့ အသီးသီး တင်လျှောက်ချက်တို့မှာ
သင့်မြတ်သည်ချည်းဖြစ်သည်... အများသဘောအရ ဤအရေးကိုဆောလျှင်စွာမဆုံးဖြတ်ဘဲ နှိုင်းချိန်ဆင်ခြင်သင့်သည်ဆိုလျှင် ငါ့အနေနှင့်လက်ခံရမည်ပင်... အစစ နှိုင်းချိန်ဆင်ခြင်ပြီး၍ အဆုံးအဖြတ်ရောက်လာသောအခါမှ ဗိုလ်မင်းတပ်မင်းအပေါင်းတို့ ငါ၏နောက်တွင်တစ်သွေးတည်း တစ်သံတည်း ရှိကြစေချင်သည်... လောလောဆယ်တွင်မူ ကိုယ့်တပ်ကို စုစည်းမပျက်အသင့်နေ၍ အရေးပေါ်သော်လူသူနောက်လိုက် တစ်ဦးလျှင် မည်မျှရနိုင်မည်ကို သေချာစီစစ်စာရင်းပြုထားကြပါလေ... ဤ အစည်းအဝေးမှာလည်း ဤမျှနှင့်ပြီးလေပြီ...”
ဗိုလ်မင်းတပ်မင်းအပေါင်းတို့က သောင်းသောင်းညီညီ ဝန်ခံကတိပြု၍ဝပ်တွားအရိုအသေပြုပြီးသည်နှင့် တစ်ပြိုင်နက် ဝန်မင်းသည် အတွင်းဆောင်သို့ ကြွဝင်တော်မူ၏။
⬛
တက္ကသိုလ်ဘုန်းနိုင်
အပိုင်း ၇ ဆက်ပါဦးမည်။
Comments