ဗိုလ်သူရိန်သည် အရှိန်မပြေသေးဘဲ နီးစပ်ရာ တီးတိုးတိုင်ပင်ထလာကြသော ဗိုလ်မင်းတပ်မင်းတို့ကြားမှ တိုးထွက်ကာ လှေကားမှအလျှင်အမြန်ပြေးဆင်း၍ ဝင်းအတွင်း၌ တွေ့လိုသူအားရှာသည်။
အခန့်သင့်ပင် ခြံဝင်းအနီးတွင် တစ်ဦးတည်း ရပ်နေသော ဗိုလ်ကျော်ခေါင်အား သွားတွေ့သည်။
ဗိုလ်သူရိန်သည် ဝဲဘက်တွင် လွယ်ထားသော ဓားရှည်လက်ကိုင်ပေါ်ယာလက်တင်လျက်ဗိုလ်ကျော်ခေါင်၏ ရှေ့တွင်မားမားရပ်လိုက်သည်။
“ဘာကိစ္စလဲ”
“မေးဖို့လိုသေးလား”
ဗိုလ်ကျော်ခေါင်က ဗိုလ်သူရိန်၏မျက်လုံးများဆီမှ ဆုပ်ကိုင်ထားသောဓားရိုးဆီပြောင်းကြည့်လိုက်၏။
“သြော် ဒီလိုလား စိန်လိုက်”
“အချိန်”
“ဒီည တစ်ချက်တီး”
“နေရာ ”
“လယ်စားမင်းဝင်း အနောက်ထောင့်”
“လက်နက်”
“ဓား”
“ကောင်းပြီ”
ထိုအချိန်တွင် အိမ်တော်တက်ဗိုလ်များမှာ ဆင်းလာခဲ့ပြီဖြစ်သဖြင့် ဗိုလ်သူရိန်သည်နေရာမှ လျှင်မြန်စွာ ထွက်ခွာသွားသည်။ ကျန်ရစ်သူ ဗိုလ်ကျော်ခေါင်မှာ မိမိ၏ပခုံးထက်လက်တစ်ဖက်လာတင်သည်ကို ခံလိုက်ရသဖြင့် ထိတ်လန့်တကြား လှည့်ကြည့်သည်။ ဝန်စာရေး ဦးသာဖြိုး ပင်ဖြစ်သည်။
“ဘယ့်နှယ် ဗိုလ်ကျော်ခေါင် စာရင်းရှင်းကြမှာကလဲ မြန်လှချည်လား”
ဗိုလ်ကျော်ခေါင်မှာ မျက်နှာပျက်သွား၍ “အို ဘာလဲ မဟုတ်ပါဘူး” ဟု ငြင်းသည်။
“မစိုးရိမ်ပါနဲ့ ဗိုလ်ကျော်ခေါင် ဒီသတင်း ဘယ်လိုမှ မပေါက်ကြားစေရပါဘူး ကျုပ်က ခင်ဗျားကိုကူမယ့် လူပါ”
“မလိုပါဘူး” ထိုအခါ ဦးသာဖြိုးသည် ဤအရေးကိစ္စ၌ မိမိဘာမျှစိတ်မဝင်စားသည့်ဟန် ခေါင်းတဆတ်ဆတ်ညိတ်၍ “ကောင်းပါလေ့ ကောင်းပါ့” ဟု ဆိုသည်။
ဗိုလ်ကျော်ခေါင်သည်နှာခေါင်းကောက်နှင့် ဤဝန်စာရေးအား တစ်ချက် မနှစ်မြို့စွာ စေ ွကြည့်လိုက်၍နေရာမှ ခွာရန်ပြင်သည်။ သို့ရာတွင် ဦးသာဖြိုးက သူ့ရှေ့မှ ကာဆီးရပ်လိုက်သည်။
“ခင်ဗျား ဒါဘာလုပ်တာလဲ”
“နေပါဦးလေ”
“ဒီမှာ ကျုပ်ဒီနေ့ သိပ်စိတ်တိုနေတယ် ခင်ဗျား ကြားထဲကအဆစ် မပါချင်ပါနဲ့”
ဦးသာဖြိုးကမူ မလျှော့၊ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ကာ လက်ဝါးကာ၍ “နားထောင်ပါဦးလေခင်ဗျားဟာ အင်္ဂလိပ်သူလျှိုတွေကို သိပ်မုန်းတယ်မဟုတ်လား” ဟုမေး၏။ ဗိုလ်ကျော်ခေါင်က သူ့အား မျက်မှောင်ကြုတ်ကာပြန်ကြည့်လိုက်၏။
“အဲဒါ ဘာဖြစ်လဲ”
“ဘာမှ မဖြစ်ပါဘူးလေ ကျုပ်သာဆိုရင်တော့ သူလျှိုတစ်ယောက်နဲ့ဓားချင်းယှဉ်မခုတ်ဘူး”
“ဘာပြောတယ်”
“သြော် ကျုပ်သာဆိုရင်သူလျှိုတစ်ယောက်နဲ့ ဓားချင်းယှဉ်မခုတ်ဘူးလို့ ပြောတာပါ အထူးသဖြင့် ဗမာဓားသိုင်းကိုသာမကအနောက်နိုင်ငံဓားသိုင်းကိုပါ အီတာလျံတွေဆီက ကျကျနန သင်ယူတတ်မြောက်ထားသလောက် ရန်သူကို ကြိုးတန်းတွေ ဘာတွေနဲ့တောင် အနိုင်ယူဉာဏ်များတဲ့ သူလျှိုမျိုးနဲ့တော့ ကျုပ် တစ်ယောက်ချင်းမတိုက်ဘူး”
မထီမဲ့မြင်ပြုနေသော ဗိုလ်ကျော်ခေါင်၏သဏ္ဍာန်၌ စိတ်ဝင်စားဟန်ပေါ်လာသည်။ ထို့ကြောင့်ပင် ပြန်မေး လိုက်သောအခါ လေသံမှာအတန်ငယ်ပျော့နေ၏။
“ခင်ဗျား ဘာဆိုလိုတာလဲ”
ဦးသာဖြိုးသည် ပတ်ဝန်းကျင်အား အကဲခတ်ကြည့်ပြီး
“လာပါလေ ဟိုဘက်နားမှာ အေးအေးဆေးဆေးပြောတာပ”
ဟု ဆိုရင်း ရှေ့ဆောင်ထွက် သွားရာ ဗိုလ်ကျော်ခေါင်မှာ ဟန်မျှပင်မဆောင်နိုင်တော့ပဲ နောက်မှလိုက်သွားသည်။
အိမ်တော်၏တစ်ထောင့် လူရှင်းရာ၌ ထိုင်စရာတွေ့သဖြင့် နှစ်ဦးသည်ထိုနေရာ၌ ထိုင်လိုက်ကြ၏။
“နေပါဦး ဦးသာဖြိုး ခင်ဗျားက ဗိုလ်သူရိန်ကို အင်္ဂလိပ်သူလျှိုလို့ဆိုလိုသလား”
ထိုင်မိလျှင်ထိုင်မိချင်း ဦးသာဖြိုး၏အပြောကို မစောင့်နိုင်တော့ဘဲ ဗိုလ်ကျော်ခေါင်က စမေးသည်။
“ဆိုလိုတယ်မဟုတ်ဘူး ဆိုတယ်”
“နို့ ဘာလို့အမိန့်တော်ခံပြီး မဖမ်းလဲ”
“အိုး ဟို ဟို ယုံစားတော်မူလို့ နေမျိုးဘွဲ့တောင်သနားပြီးမြှောက်စားထားတဲ့တပ်မှူးတစ်ဦးကို သူလျှိုမှုနဲ့ ဖမ်းဖို့ဆိုတာက လွယ်တာမှ မဟုတ်ဘဲ”
“ဘယ့်နှယ်မလွယ်ရမှာလဲ မင်းကြီးမဟာမင်းလှမင်းခေါင်ကျော်လို မင်းကြီးဘွဲ့တံဆိပ်ရ ဗိုလ်မှူးဝန်ကြီး၊ ရေနံချောင်းမြို့စား ဦးစိုလိုအဓိကပုဂ္ဂိုလ်ကြီးတောင် အရှင်နှစ်ပါး ငြိုငြင်ရင် ရာထူးကျရသေးတာပဲမဟုတ်လား”
“ဦးစိုကိစ္စမှာက ဦးစိုဟာ ညောင်ရမ်းညီနောင်ဆီ လက်ဆောင်ပဏ္ဏာ ဆက်တာလဲ အသေအချာမိတယ် ဦးစိုကိုယ်တိုင်ကလဲ ဝန်ခံတယ် အခုကိစ္စက သူ့ကို သူလျှိုလို့သာဆိုရတယ် အထောက်အထားသက်သေအခိုင်အလုံက မရှိဘူး”
“နို့ ခင်ဗျားက ဘာလို့သူလျှိုလို့ဆိုရလဲ ”
“ဒီလိုလေ သက်သေ အထောက်အထားတွေက ကျုပ်အနေနဲ့တော့ လုံလောက်တယ် တရားဝင်သည်မဝင်သည်က တစ်ကိစ္စပါ အဲဒါထက် အရှင်နန်းမတော် မိဖုရားယုံအောင်လျှောက်ဖို့က ခက်တယ်”
“ခင်ဗျား ဘယ်လိုသက်သေခံရထားသလဲ ”
“သက်သေခံမဟုတ်ပါဘူး သဲလွန်စလို့ ခေါ်ရလိမ့်မယ် ပထမဟိုညက သံတဲမှာ ဝင်စွန့်သွားတာ မှတ်မိတယ်မဟုတ်လား ဒီလိုစွန့်ရဲတဲ့သတ္တိနဲ့ ဒီလို ရန်သူတွေကြားက အလွတ်ရုန်းထွက်နိုင်တဲ့ စွမ်းရည်ဟာ သာမာန်လူမှာ မရှိနိုင် တပ်မတော်က ဗိုလ်မှူး၊ တပ်မင်း
များ၌သာ ရှိနိုင်တယ် တစ်ခါ သူနဲ့တစ်ပါတည်းပြေးတဲ့ အတွင်းသူလျှိုဟာလဲ သွေးသောက်ကြီးတစ်ယောက် ဖြစ်နေပြန်တယ်ဒီတော့ အကြောင်းကြောင်းကို ထောက်ဆရင် တပ်မှူးတစ်ယောက်အဆင့် အနည်းဆုံးရှိရမယ်လို့ ကျုပ်တွေးမိတယ် ဘယ်တပ်မှူးသာမသိတယ် ဘယ့်နှယ် ရှင်းရဲ့လား”
“ဆက်ပါဦး ”
“ဒီတုံး သပြေတန်းခံတပ်အနီးမှာ ထွက်ပြေးတဲ့သူလျှိုကို အသေမိတဲ့အမှု ပေါ်လာတယ် ထွက်ပြေးက တည်းက သူလျှိုဟာ သူ့ကိုယ်ပေါ်မှာလျှို့ဝှက်စာပါလို့သာ ပြေးတာ ဖြစ်ရမှာပေါ့ ဒါပေမယ့် မိတဲ့အခါကိုယ်မှာ ဘာစာမှမပါဘူးလို့ဆိုတယ် ဒီစာ ဘယ်ရောက်သွားလဲ”
ငြိမ်နားထောင်နေသူ ဗိုလ်ကျော်ခေါင်မှာ စိတ်ဝင်စားလာ၏။ ထို့ကြောင့်ကိုယ်ကိုရှေ့သို့ကိုင်းကာ
“ဟုတ်ပြီ စိတ်ဝင်စားစရာပဲ ဆက်ပါ” ဟုပြောလိုက်၏။
“နောက်ဆုံးသဲလွန်စကို နားထောင် ကျုပ်ဒီနေ့မနက်က တစ်နေရာမှာ အခုခင်ဗျားကိုပြောနေတဲ့အကြောင်းတွေကိုပဲ အယုံရဆုံး မိတ်ဆွေတစ်ဦးနဲ့ ပြောနေမိတယ် အဲဒီက အပြန်လမ်းမှာ ရှမ်းလိုလိုလူတစ်ယောက်က ကျုပ်နောက်လိုက်ပြီး သေကြောင်းကြံတယ် ကံသီလို့ကြံကြံဖန်ဖန်လွတ်လာခဲ့တယ် ဒီရှမ်း ဟာ ဘယ်သူဖြစ်မလဲ ခုနင်က ကျုပ်နဲ့ ကျုပ်မိတ်ဆွေ ပြောနေကြတဲ့ စကားန ဲ့ ပတ်သတ်နေသူတစ်ဦးသာ ဖြစ်ရမယ် မှန်ရဲ့လား”
“မှန်တယ်”
“ပြီးတော့ တိုင်တားမင်းကြီးရဲ့ အဆောင်ကိုင်တွေကို တိုက်ခိုက်ပြီးအဲဒီရှမ်းဟာ လွတ်ထွက်သွားတယ် လွတ်ထွက်မသွားခင်ကြုံးဝါးသံကို ကျုပ်ကောင်းကောင်းမှတ်မိလိုက်တယ် ဒီညနေ သူလျှောက်တင်သွားတာ တွေန ဲ့ဆက်စပ်ကြည့်စမ်း”
ဗိုလ်ကျော်ခေါင်၏ခါးမှာ ဆန့်ထွက်လာသည်။ သူသည် ဦးသာဖြိုး၏စကားကိုကောင်းစွာ လက်ခံလိုက်ပြီဖြစ်၏။
“ခင်ဗျား ဒါကို ဘာလို့ အတွင်းဝန်မင်းဘုရားကြီးဆီတင်ပြီး သူ့ကိုမဖမ်းလဲ ”
“တင်မှာပါလေ အချိန်စောင့်နေတာ ဒါပေမယ့် တင်သာတင်ရမယ် မင်းဘုရားကြီးလဲ သူ့ကို ဖမ်းသာမှာ မဟုတ်သေးဘူး။ ဘာပြုလို့လဲဆိုတော့အခု ကင်းဝန်မင်းကြီးတို့အသိုက် ခေါင်းထောင်လာလို့ မင်းဘုရားကြီးကိုယ်တိုင် ဗိုလ်မင်းတပ်မင်းတွေကို သိမ်းသွင်း အားစု
နေရတယ်မဟုတ်လား။ မခိုင်လုံဘဲ အရေးပါတဲ့တပ်မှူးတစ်ယောက် ဘယ်အဆုံးခံနိုင်မလဲ ဒီနေ့ဆို ကြည့်လေ ထိပ်သီးဗိုလ်မင်းတွေဟာ သူ့ဘက်ပါနေတယ် အရမ်းလုပ်လို့ဘယ်ဖြစ်မလဲ ”
ဗိုလ်ကျော်ခေါင်က ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေရာမှ တစ်စုံတစ်ခုအား သတိရလာသည်။
“ဒါထက် ဟိုညက ဖြစ်ပုံရော၊ သူလျှိုအသေမိတဲ့ကိစ္စရော ဆက်စပ်တွေးလိုက်ရင် တခြားဗိုလ်တစ်ယောက် လဲ ပါရမယ်လို့ ခင်ဗျားမတွက်မိဘူးလား ”
ဦးသာဖြိုး၏မျက်နှာမှာ ကွက်ခနဲ့ ပျက်သွားသည်။ ဗိုလ်ကျော်ခေါင်၏အမေးကို ရုတ်တရက်မဖြေနိုင်အောင် ဖြစ်နေ၏။
“ဘယ့်နှယ်ဦးသာဖြိုး ကိုယ့်တူမနဲ့ လက်ထပ်တော့မယ့်လူကိုတော့မဖော်လိုဘူးပေါ့ ဟုတ်လား ”
“အို အို မဟုတ်ဘူးလေ ကျုပ်က ကျုပ်အရှင်သခင်အကျိုးအတွက်ဆို ဖအေတောင် ချမ်းသာမပေးဘူး ယုံတော့ ဒါပေမယ့်”
“ဒါပေမယ့် ဘာဖြစ်လဲ ”
“ဒါပေမယ့် ဗိုလ်သူရိန်အတွက်တောင် သက်သေခံအရခက်နေတာ ဗိုလ်မင်းထင်အတွက်ဆို သာခက်တာပေါ့ ပြီးတော့ ဗိုလ်မင်းထင်နောက်မှာ ခင်ဘုန်းရှိတယ် ခင်ဘုန်းနောက်မှာ ခင်ဖွားသစ်ရှိတယ် ခင်ဖွားသစ်နောက်မှာ အရှင်နန်းမတော်ဖုရား ကဲ မခက်ပါလား နောက်ခင်ဘုန်းရဲ့ ဖခင် ကျုပ်နောင်ကြီး သံတော်ဆင့်မင်း ဟာဆိုရင်လဲ တိုင်တားမင်းကြီးရဲ့ ဘက်တော်သားမဟုတ်လား ဒီတော့ဗိုလ်သူရိန်ထက် ဗိုလ်မင်းထင်ကို ထိပါးဖို့က သာခက်တယ်”
“ဒါဖြင့်ခင်ဗျား ဘာလုပ်မလဲ”
ဦးသာဖြိုး၏မျက်နှာမှာ အရေးကြီးသော စကားအား ပြောအံ့ကဲ့သို့ ပိုမိုတည်ငြိမ်သွားလျက်လေသံမှာလည်း ပိုမိုတိုးသွားသည်။
“ကျုပ်အကြံကဒီလိုလမ်းရှည်လိုက်နေရင် အရာမရောက် ဖင့်နွှဲရော့မယ် လမ်းတိုတိုနဲ့ အရှင်နှစ်ပါးနဲ့နိုင်ငံတော်ရဲ့ ရန်တစ်မီးကို ငြိမ်းပစ်ချင်တယ်”
“ဘယ်လိုငြိမ်းမလဲ”
“ဒီအကြံကိုရတာ ကြာပြီ ဒါပေမယ့် နှလုံးရည်တွင် မက လက်ရုံးရည်ပါ လိုနေလို့”
“ဘာလုပ်ဖို့လဲ ”
“ဒီလိုလေ အခု အခွင့် ကောင်း ပေါ်ပြီ ကျုပ်တို့ တစ်ချက်ခုတ်နှစ်ချက်ပြတ် ကြံနိုင်ပြီ ခင်ဗျား လူယုံဓားသမား ဘယ်နှယောက်ရနိုင်မလဲ”
“ဘာလုပ်ဖို့လဲ”
“သြော် နားဝေးပါဘိ ဒီမှာ ခင်ဗျားက သူလျှိုတစ်ဦးနဲ့ဂုဏ်ရည်တူထားပြီး ဓားရေး ပြိုင်မလို့လား”
ဗိုလ်ကျော်ခေါင်မှာ တွေဝေသွား၏။
“ပြီးတော့ နိုင်ငံကိုတောင်သစ္စာဖောက်ရ ဲတဲ့လူဟာ ခင်ဗျားအပေါ်မှာများသစ္စာစောင့်မယ်ထင်သလား ဥပမာ ဓားချင်းယှဉ်ရာမှာ ဓားဦးမှာအဆိပ်သုတ်ရင်သုတ်ထားမယ် ဒါမှမဟုတ်တစ်နည်းနည်းနဲ့ခင်ဗျားကိုလုပ်ကြံမယ်”
ဗိုလ်ကျော်ခေါင်မှာ ခေါင်းရှုပ်သွားဟန်နှင့် “ဒီမှာ ဦးသာဖြိုး ဝေ့မနေနဲ့ဗျာ ခင်ဗျား ဘာလုပ်မလဲ အနည်းဆုံး ကျုပ်
ဓားသမားခြောက်ဦး တာဝန်ခံတယ်” ဟုပြောလိုက်သည်။
“ဟန်ပြီ ဒီနေ့ ချိန်းတဲ့အတိုင်း သူလာရင် (မလာရင်တော့တစ်နည်းကြံကြတာပေါ့) ခင်ဗျားရယ်၊ ကျုပ်ရယ်၊ ခင်ဗျား ဓားသမားနှစ်ဦးရယ်က ရှေ့ကစောင့်မယ် ကျန်တဲ့လေးဦးက ပိတ်ဝိုင်းမယ်”
“ပြီးတော့”
“ပြီးတော့ သူ့ကို အမိအရဖမ်း မိရင်သူ့ကိုယ်မှာရှာ ကျုပ်လိုချင်တာတွေ့ရင် ဗြောင်ဖော်ပြီး ဆိုင်ရာအပ်ရုံပဲ မတွေ့ရင် အဆုံးစီရင်ပြီး သူနေတဲ့နေရာမှာ ဦးအောင်ဝင်ရှာရုံပဲ ဘာပဲဖြစ်ဖြစ်သူလျှိုတစ်ယောက်တော့သွားမြဲလမ်းသွားရမှာပဲ ဘယ့်နှယ်လဲ ”
ဗိုလ်ကျော်ခေါင်သည်ဦးသာဖြိုး၏ မျက်နှာအား ထိတ်လန့်တကြား မော့ကြည့်မိ၏။ သူ့အနေနှင့် ဘုရင့် တပ်မတော် ဗိုလ်တစ်ယောက် ဖြစ်၍ရန်သူအား ယောက်ျားပီပီသွေးအေးအေးနှင့်ရင်ဆိုင်ရဲ၏။ ဦးသာဖြိုး၏အကြံမှာ မိန်းမဉာဏ်ဆန်လွန်းသဖြင့် လိပ်ပြာမသန့်ဖြစ်မိသည်။ သို့ရာတွင် ခဏ၌ပင် ကြိုးတန်း ထောင်ချောက်မိ၍ မိမိအရှက်တကွဲဖြစ်ရုံမကအတွင်းဝန်မင်း၏ အမိန့်နှင့် အရာမှ ခေတ္တအချခံခဲ့ရသည်ကိုလည်းကောင်း၊ သူလျှိုတို့၏ နိမ့်ကျသောအဖြစ်ကို လည်းကောင်း သတိရမိသည်။
“ဘယ့်နှယ်လဲ”
ဗိုလ်ကျော်ခေါင်သည် သက်ပြင်းတစ်ချက် ရှိုက်လျက် အံကြိတ်ရင်းဖြေသည်။
“စိတ်ချ ဦးသာဖြိုး သူလျှိုတစ်ယောက်ဟာ သွားမြဲလမ်း သွားရစေမယ်”
ဗိုလ်သူရိန်သည် လှေသင်းအတွင်းဝန်မင်း အိမ်တော်မှ ထွက်လာပြီး နောက်နတ်ရှင်ရွေးကင်းတွင် ခေတ္တဝင်အချိန်ဖြုန်းသည်။ ထို့နောက် ညဉ့်ဝက်တစ်ချက်တီးအချိန်၌ နတ်ရှင်ရွေးကင်းနှင့် ရေနံချောင်းဝန်ကြီးဝင်းကြားရှိ နံနက်က ဗိုလ်မင်းထင်နှင့် အတူလျှောက်ခဲ့သော လမ်းအတိုင်း တောင်ဘက်သို့ ဣနြေ္ဒမပျက် ထွက်ခဲ့သည်။ လူပြတ်သောတစ်နေရာတွင် သွက်လက်စွာ အနောက်ဖက်သို့ချိုး၍ တောင်မျက်နှာမင်းလမ်းမအား ကျော်လိုက်သည်။ ဗန်းမော်ဝန်မင်းဝင်းထောင့် ရောက်သော် မှောင်ရိပ်ခိုလျက် အခြေအနေကို ခေတ္တအကဲခတ်ကြည့်လိုက်သည်။ဗန်းမော်ဝန်မင်းဝင်းနှင့် မလှမ်းမကမ်း တောင်မျက်နှာမင်းလမ်းမကြီးနှင့်သစ်တပ်တော်တောင်ဘက် ဝန်ကြီးမင်းကြီးတို့၏ ဝင်းဘေးရှိ ပြလမ်းဆုံရာ ထောင့်၌ တောင်ထားဝယ်ကင်းရုံးသားများမှာ ဗိုလ်ကျော်ခေါင်၏ သြဇာခံများဖြစ်သဖြင့်ခေတ္တအထူးဂရုစိုက်အကဲခတ်မိ၏။မည်သို့မျှ အခြေအနေ ထူးခြားသည်ကို မတွေ့လေမှ ဗိုလ်သူရိန်သည်မြက်ခင်းများအား ဖြတ်လျက် အနောက်ဘက်သို့ ဆက်လျှောက်လာသည်။တောင်သမန် လယ်စားမင်း၏ ခြံဝင်းမှာ သစ်တပ်တော်၏ အနောက်တောင်ထောင့်တည့်တည့်တွင် ရှိ၍ ၎င်းသို့ရောက်ရန်မှာ ပြလမ်းကိုကျော်ရပေမည်။ဗိုလ်သူရိန်သည် တောင်သမန်လယ်စားမင်း ဝင်းအရှေ့ဘက်ကပ်လျက်ရှိသော အနောက်ဝန်ဟောင်း ဦးပုလေး၏ ဝင်းနှင့် မျက်နှာချင်းဆိုင် ပြလမ်း၏ ဤမှာဘက်တွင် ရပ်လိုက်၏။
မိုးပြင်၌ လဝန်း စက်ဝိုင်းထက်ပိုင်းခန့်သည် မွန်းတည့်လုနီးနီးရှိပေပြီ။ဗိုလ်သူရိန်ရပ်နေရာ၌ သစ်ပင်များ ပေါက်လျက်ရှိကာ အနောက်ဘက် ယိမ်းရုံကျဆင်းနေသော သစ်ရိပ်များသည်ပြလမ်းအား ကျော်လွှမ်းလျက်ရှိ၏။ဗိုလ်သူရိန်သည် သစ်ရိပ်များအားခို၍ ခြေသံမကြားအောင်ဖော့နင်းလျက်ပြလမ်းအား ဖြတ်ကျော်လိုက်သည်။ ဘေးရန်မသီဘဲ အနောက်ဝန်မင်း၏ဝင်းထောင့်သို့ရောက်လာ၏။ ထိုမှတစ်ဖန် တောင်သမန်လယ်စားဝင်းထောင့်သို့ကူးခဲ့ပြန်သည်။တောင်သမန်လယ်စားမင်း၏ ဝင်းမှာ လယ်စားမင်း အကွပ်မျက်ခံရပြီးနောက်မှစ၍ လူသူကင်းမဲ့ကာ တိတ်ဆိတ်ငြိမ်သက်မှောင်နှင့်မည်းမည်းရှိနေသည်။ဗိုလ်သူရိန်သည် လရောင်ကျပုံအား ချင့်တွက်လျက် အရိပ်ခိုကာ ခြံဝင်းအရှေ့မျက်နှာတစ်လျှောက်ကပ်၍ မြောက်ဘက်သို့ သတိနှင့် လျှောက်လာသည်။ဤသို့ သတိမူမိခြင်းသည်ပင် ဗိုလ်သူရိန်အတွက် ကံလှခဲ့ရသည်။ခြံတစ်ဖက်ထောင့် မရောက်မီ ငါးကိုက် အလိုတွင်ပင် ခြေသံလိုလိုကြားမိသဖြင့် ဗိုလ်သူရိန်သည် ချက်ချင်းရပ်လိုက်ကာ လက်အား ဓားရိုးပေါ် အသင့်တင်လျက်ကိုယ်အား ဝင်းခြံတွင် ကျောကပ်မှီ၍ အသာငြိမ်စောင့်နေသည်။မကြာမီပင် ဓားအဖွေးဖွေးနှင့် ခြံထောင့်ကိုလွန်၍ လူသုံးဦးပေါ်လာသည်။ ဗိုလ်သူရိန်အတွက်မပြေးသာတော့။
လူသုံးဦးမှာလည်း ဗိုလ်သူရိန်အား မြင်သည့်ခဏ၌ ဆိုင်းတွမနေဘဲ သူ့ထံ တစ်ဟုန်တိုး ပြေးဝင်တိုက်ခိုက်သည်။ ဗိုလ်သူရိန်သည် ဓားအား အိမ်မှထုတ်ထုတ်ယမ်းယမ်း အားသွန် ကာကွယ်လိုက်ရ၏။ ရှေ့ဆုံးမှဝင်၍ ရင်ည ွန့်ဆီ ချိန်ထိုးလိုက် သူ၏ဓားမှာ ဗိုလ်သူရိန်၏ ဆီးကာလိုက်သော ဓားနှင့် အရှိန်ပြင်းစွာခိုက်မိပြီးမီးများပွင့်ထွက်လာ သည့်ခဏ၌ ရန်သူ၏ဓားမှာ လွင့်စဉ်ထွက်သွားလျက်ရန်သူမှာလည်း မြေပြင်သို့အရှိန်နှင့် လဲကျသွား၏။ဗိုလ်သူရိန်သည် သွက်လက်စွာ တစ်ဖက်သို့ ခုန်တိမ်းလိုက်လျက်လွင့်စဉ်သွားသော ဓားအားလည်း ကောက်ယူပြီးပေပြီ။ဗိုလ်သူရိန်၏ လျင်မြန်သွက်လက်မှုကြောင့် ရန်သူများမှာ ကြက်သေသေကာ တန့်ရပ်သွားသည်။ ဤအခွင့်ကောင်းအား လက်မလွတ်စေဘဲဗိုလ်သူရိန်သည်လျင်မြန်စွာ ဦးနှောက်ကိုအသုံးချ၏။
မိမိအား မေးမြန်းစုံစမ်းခြင်းမပြုဘဲ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်သည်ကို ထောက်၍ ရန်သူများမှာ မိမိအား တရားဝင်ဖမ်းဆီးရန် မဟုတ်။ချောင်းမြောင်းလုပ်ကြံရန် ရည်ရွယ်ချက်ရှိမှန်း သိသာနေသည်။ တစ်ဖန်နေရာအနေအထားကလည်း ဤနေရာတွင်ရပ်ခံက ခြံဝင်းနှစ်ခုကြားညှပ်မိနေမည်ကို သိသည်။ ထို့ကြောင့် ရှေ့သို့တက် ခုတ်အံ့ဟု ဟန်ပြခြောက်လှန့်၍ ရန်သူများတွန့်သွားခိုက် ကိုယ်ကို အရှိန်နှင့်ဆွဲယူကာပြလမ်းဆီသို့ ပြန်ဆုတ်ခဲ့သည်။ဗိုလ်သူရိန် ခြံထောင့်သို့ရောက်သည်မှာ အချိန်မီရုံဖြစ်သည်။ အကြောင်းမှာ ခြံတစ်လျှောက်အနောက်ဘက်ဆီမှ ရန်သူသစ်နှစ်ဦး၊ အရှေ့ဘက်ဆီမှ ပြလမ်းအားကူးကာ ရန်သူသစ်သုံးဦး ပြေးလာကြသောကြောင့်တည်း။ရန်သူရှစ်ဦး၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံသူ ဗိုလ်သူရိန်အတွက်ထွက်လမ်းမှာ နှစ်ရပ်သာရှိသည်။ တစ်ရပ်မှာ တောင်ဘက်သို့ဆုတ်ပြေးရန်ဖြစ်သည်။ သို့ရာတွင် တောင်ဘက်၌ အိမ်ခြံဝင်းများကာဆီးလျက်လူပြတ်လှသည်။ တစ်ရပ်မှာ ပြလမ်းအတိုင်း အနောက်ဘက်သို့ ဆုတ်ပြေးရန်ဖြစ်သည်။ ဤအတိုင်း ဆုတ်နိုင်ခဲ့သော် နောက်တစ်ပြကျော်ကျော်၌ လက်ယာကြောင်း ကင်းရုံးရှိသဖြင့် ရန်သူများ သူ့အား လိုက်ရဲတော့မည်မဟုတ်။သို့ရာတွင် ဗိုလ်သူရိန်၏ အကြံအား ရိပ်မိဟန်ဖြင့် ရန်သူများသည်
အရှေ့၊ မြောက်၊ အနောက် သုံးရပ်ပိတ် လျက် ပစောက်သဏ္ဍာန်ဝိုင်းဝန်းတိုက်ခိုက်လာသည်။တော်ပါသေး၏။ ရန်သူတစ်ဦးမှာ လက်နက်မဲ့နေ၍ မိမိလက်တွင်း၌ဓားနှစ်စင်းရောက်နေသည်။
ဗိုလ်သူရိန်သည် ဓားနှစ်လက်အား ကျင်လည်စွာ အသုံးချလျက် ဝဲယာညှပ်တိုက်နေသော ရန်သူများအားခုခံရင်း ပြလမ်းကိုကျော်ကာ မသိမသာဆုတ်လာခဲ့သည်။ ပြလမ်းကိုကျော်မိ၍ စောစောက အရိပ်ခိုခဲ့သောသစ်ပင်ကြီး အရောက်တွင် ဗိုလ်သူရိန်မှာ တအားတက်လျက် သစ်ပင်စည်အား ကျောပေးကာ ဆက်လက်တုံ့ပြန်ထိုးခုတ်နေရသည်။
ထိုအခိုက်ဝယ် နောက်နားမှ ရန်သူတစ်ဦးသည် ရှေ့တိုးထိုးဝင်ကာအပြင်းအထန် ဝင်တိုက်၏။ လရောင် ကြောင့် ရန်သူ၏သဏ္ဍာန်အားဗိုလ်သူရိန်သည်ကောင်းစွာမှတ်မိသည်။
“သြော် ကျော်ခေါင်ငယ် ဒါလားကွယ့်ယောက်ျားသွေး”
ဗိုလ်ကျော်ခေါင်သည် ဘာမျှပြန်မပြော။ သူ၏ဓားကိုသာ သဲသဲမဲမဲအသုံးချနေသည်။ထိုးခုတ်ခုခံရင်း ဗိုလ်သူရိန်သည် ရန်သူတို့၏တိုက်ခိုက်ပုံကို လေ့လာခြင်းအားဖြင့် မိမိအား အသေသတ်လို သည်ထက် လက်ရဖမ်းလိုသောသဘောကို ရိပ်မိလာသည်။ ဤသို့ ရိပ်မိသည်နှင့် တစ်ပြိုင်နက်ဗိုလ်သူရိန်သည် မိမိ၏ တိုက်နည်းကို ပြင်လိုက်သည်။ဗိုလ်သူရိန်သည် ဗိုလ်ကျော်ခေါင်ထံမှ ရှောင်လွှဲ၍ ဘေးတစ်ဖက်စီမှဝိုင်းရန်ကြံနေသူများအား တစ်လှည့်စီ အပြင်းအထန်ဖြိုခွဲ၏။ ခဏချင်းမှာပင် လူနှစ်ယောက် မြေပြင်သို့ပုံလဲကျသွားသည်။ ပထမတန်းဓားသမားများ ဟုတ်ဟန်မတူသည့် ကျန်လေးဦးမှာ လူနှစ်ဦး လဲသွားသည်ကို မြင်သည်နှင့်တစ် ပြိုင်နက် ရှဲခနဲ နောက်သို့တွန့်သွားသည်။ ဤအခွင့်ကိုယူကာ ဗိုလ်သူရိန်သည် ရှေ့ကကျန်ရစ်သူ ဗိုလ်ကျော်ခေါင်အား မဲတိုက်သည်။ ရေရှည်မတိုက်ရ။ ဓားနှစ်လက်နှင့်ဖြစ်သဖြင့် အပေါ်စီးရနေသူ ဗိုလ်သူရိန်သည် ခုတ်ဝင်လာသောဗိုလ်ကျော်ခေါင်၏ ဓားအား ဘယ်ဓားနှင့် ခံလိုက်သည်။ ခုတ်ချက်မှာပြင်းသဖြင့် ဗိုလ်သူရိန်၏ ဘယ်ဓားမှာ လွင့်ကျသွားသည့်နည်းတူ ဗိုလ်ကျော်ခေါင်မှာလည်း ယိမ်းယိုင်သွားသည်။ ခဏမှာပင် ဗိုလ်သူရိန်၏ ညာဓားဦးသည်ဗိုလ်ကျော်ခေါင်၏ လက်ဝဲဘက်ပေါင်ကို ထိုးဝင်စိုက်နစ်သွား၏။
ကျန်လူများ၏ နှုတ်မှ “ဟယ်” ခနဲ အာမေဋိတ်သံ ပေါ်လာ၏။
အဖြစ်အပျက်မှာ မြန်ဆန်လွန်းသဖြင့်အား လုံးမှာ ကြက်သေသေလျက်ငိုင်ကြည့်နေမိကြသည်။ အခွင့်ကောင်းကို လက်မလွှတ်သောဗိုလ်သူရိန်သည် ဤ အကြိမ်တွင်မူ လက်ထက် ခြေကိုအားကိုးကာချာခနဲလှည့်၍ တောင်ဘက်ဆီသို့ ဦးတည်ပြေးထွက်ခဲ့၏။ သို့ရာတွင်အချိန်မီပင် ဗိုလ်ကျော်ခေါင်သည် မြေပေါ်သို့ ဒူးထောက်ကျလျက်မှ အားယူ၍ ဓားမြှောင်တစ်လက်နှင့် လှမ်းပစ်လိုက်၏။ ဓားမြှောင်သည်လေထဲတွင် အသံမြည် ဝဲပျံသွားကာ ကိုက်နှစ်ဆယ်ခန့်၌ ရောက်နေပြီဖြစ်သော ဗိုလ်သူရိန်၏ လက်ဝဲဘက်ပခုံးသို့ ထိုးစိုက်လာသည်။ဗိုလ်သူရိန်၏ ကိုယ်မှာလည်း ပြင်းထန်လှသော ဓားမြှောင်၏အရှိန်ကြောင့်ရှေ့သို့ငိုက်ကျသွားကာ လဲမည်သို့ဖြစ်သွားသည်။
“ဘာငေးနေကြတာလဲ ဟိုမှာထိသွားပြီ လိုက်ကြပါတော့လား”
မြေပြင်၌ လဲလျက်ရှိရာမှ ဗိုလ်ကျော်ခေါင်က အမိန့်ပေး၏။ ထိုအခါကျမှငိုင်နေကြသူများသည်လှုပ်ရှား လာကာ မှောင်ထဲတွင်ပျောက်သွားသောဗိုလ်သူရိန်၏နောက်သို့ထိုးလိုက်ကြသည်။ပြင်းထန်သောဓားချက် ပခုံး၌မိသွားသည့်အခိုက်၌ ဗိုလ်သူရိန်သည်ရန်သူများမှာ မိမိအား အသေလုပ်ကြံ ရန်ပင် ဝန်လေးတော့မည်မဟုတ်ကြောင်း နားလည်သွားသည်။ ထို့ကြောင့်ပင် နာကျင်လှသည့် ဒဏ်ရာအား အမှု မထားနိုင်တော့ပဲ မှောင်ရိပ်များအားခိုလျက် ခြေကသယ်နိုင်သမျှ အားကုန်ပြေးခဲ့ရသည်။ကံအားလျော်စွာပင် မိမိပြေးခဲ့သည့်ဘက်၌ သစ်ပင်ကြီးများပေါများ၍အရိပ်ထူထပ်သည့်အပြင် ဝင်းခြံများလည်းရှိသဖြင့် ခြေရာဖျောက်ကွေ့ကောက်ပြေးရန် အကွက်ကျနေကြောင်း ဗိုလ်သူရိန်သည်တွေ့ရ၏။
သို့ရာတွင် နှစ်ဝင်းခန့်ကျော်မိလျှင်ပင် ဗိုလ်သူရိန်သည် ဝမ်းသာမှုပျောက်ကွယ်ခဲ့ရသည်။ပခုံး၌စိုက်လျက်ရှိသော ဓားမြှောင်မှာ ပြေးခါမှ ပိုစိုက်ဝင်လျက် အသည်းခိုက်မျှ နာကျင်စေသည်။ ဆွဲနှုတ်ပါလျှင်လည်း သွေးထွက်ပေါက်ဖွင့်ပေးရာ ကျနေပေတော့မည်။ ယခုပင်လျှင်သွေးတို့စီးသွန်ကျစပြုနေပေပြီ။ဗိုလ်သူရိန်သည်အားတင်း၍ပြေးသည်။ ပြေးရင်း နီးစပ်ရာ ဝင်းတစ်ခုခုအတွင်းသို့ ဝင်ရောက်တိုင်ကြား ခိုလှုံရမည်လောဟု စဉ်းစားမိသည်။သို့ရာတွင်ခဏချင်း၌ ပင်အတွေးတစ်မျိုးပေါက်မိပြန်၏။မိမိအား ယခုလုပ်ကြံသူတို့ နောက်ပါး၌ တန်ခိုးသြဇာကြီးသူတစ်ဦးဦးမပါဟု မည်သူ ဆိုနိုင်မည်နည်း။ ဤသို့ပါဝင်ခဲ့သော် မှူးမတ်အသီးသီးသူ့ဂိုဏ်းဝင်၊ ကိုယ့်ဂိုဏ်းဝင် ဖြစ်နေသည့်အချိန်ဝယ် မည်သူ့အားမျှမယုံရဲ။ ခရီးတိုရန် လုပ်ကြံခြင်းကိုသုံးလျက် မအောင်မြင်သည့် နောက်ပိုင်း၌ ရန်သူတို့သည် ခရီးရှည်နည်းဖြင့် အမှုဆင် ဖမ်းဆီးချင်ဖမ်းဆီးပေလိမ့်မည်။ ဤဘေးကိုလွတ်ရန်မှာ ယခုအချိန်မှစ၍မိမိအားကိုးနိုင်သူ ဗိုလ်မင်း ဗိုလ်ဦးကြယ်၊ ခင်ဘုန်း စသူတို့နှင့် မတွေ့မချင်း မိမိအတွက်ခြေရာဖျောက်နေနိုင်ရန်အရေးကြီးပေသည်။
ဗိုလ်သူရိန်နောက်ဆုံးရ သောအကြံမှာ နီးစပ်ရာခြံဝင်းတစ်ခုခုအတွင်းသို့တိတ်တဆိတ် ခိုးဝင်ကာ ရန်သူများကျော်လွန်သွားသည်အထိ သို့မဟုတ် စိတ်ပျက်ပြန်သွားသည်အထိ ပုန်းအောင်းနေရန်ဖြစ်သည်။
ဒဏ်ရာမှာလည်း တစ်စထက်တစ်စ နာကျင်ကိုက်ခလာလျက်သွေးတို့မှာလည်း အင်္ကျီတစ်ခုလုံး ရွှဲရွှဲစိုနေ ပေပြီ။ ပြေးရင်းပင်အားဆုတ်စပြုသည်ကို သတိပြုမိ၏။ ရှေ့ခြံထောင့်တစ်ခုရောက်သော် ဗိုလ်သူရိန်သည် စိတ်ကို ဆုံးဖြတ်လိုက်၍ ရှေ့ဆက်မပြေးတော့ဘဲလက်ဝဲဘက်သို့ ချိုးဝင်ကပ်လိုက်၏။ ကံအားလျော်စွာပင် ဤနေရာမှာမှောင်ရိပ်ကျနေသည်။
ဗိုလ်သူရိန်သည် ရင်ခေါင်းသာသာမြင့်သော ခြံဝင်းအား အားပြုဆွဲယူခုန်တက်လိုက်၏။ သို့ရာတွင်စိတ်သွားရာ ကိုယ်မပါ။ စိုက်ဝင်နေသောဓားအား နှဲ့သွင်းလိုက်သကဲ့သို့ ဖြစ်သွားသဖြင့် နာကျင်လှသောဒဏ်ကြောင့်မြေပြင်သို့ ပြန်လန်ကျလာသည်။
ဤတစ်ကြိမ်တွင်မူ ဗိုလ်သူရိန်မှာ မိမိကိုယ်မိမိ အတန်ပင်အားအင်ပျော့နေမှန်း ရိပ်မိလာသည်။ နောက်ဆုံး အားခ ဲကာ ဆွဲယူလိုက်ပြီး စည်းရိုးထိပ်ရောက်သည်နှင့် တစ်ပြိုင်နက် မျက်စိမှိတ်ကာတစ်ဖက်သို့ လှိမ့်ချလိုက်၏။ ဒဏ်ရာမှ စူးစူးဝါးဝါး တစ်ချက်နာကျင်
သောဒဏ်ကို ထပ်မံခံစားလိုက်ရပြီး တစ်ဖက်မြေပြင်ပေါ်သို့ ခြေချမိမှန်း သတိထားလိုက်မိသည်။
စိတ်တုံးတုံးချလိုက်မိပြီဖြစ်၍ အားမှာ သိသိသာသာ လျော့လာသည်။အများနှင့် တစ်ယောက် အားသွန်ခုခံ တိုက်ခိုက်ရခြင်း၊ ပြေးလွှားခဲ့ရခြင်းနှင့် ဒဏ်ရာ၏ သွေးလွန်မှုတို့ ပေါင်းစည်းနှိပ်စက်ခဲ့သဖြင့် လူမှာဒယီးဒယိုင်ဖြစ်ကာ မျက်စိများ ပြာဝေစပြုသည်နှင့်အမျှ ဦးခေါင်းလည်းမူးနောက်လာ၏။ ခပ်လှမ်းလှမ်းတွင် အုပ်ကောင်း၍ လဲလျောင်းပုန်းအောင်းဖွယ်ကောင်းသော စံပယ်ပန်းရုံကြီးအားလည်း တွေ့ရသဖြင့် ဗိုလ်သူရိန်သည်အားခဲကာ လျှောက်သွားသည်။ ပန်းရုံနား ရောက်သည့် အခိုက်တွင်ပင် လူမှာ မဟန်နိုင်တော့ပဲ ထိုးလဲကျသွားသည်။ ဤသည့်အခိုက်တွင်ပင် မမျှော်လင့်သောအဖြစ်ကို ဗိုလ်သူရိန် ကြုံကြိုက်လိုက်ရ၏။ ထိုးလဲကျသွား၍ မရှေးမနှောင်းပင် မတိုးမကျယ်ထိတ်လန့်ယောင်ရွတ်လိုက်သည့် သာယာသော မိန်းမပျိုတစ်ဦး၏ အသံကိုဗိုလ်သူရိန် ကြားရသည်။ မြေပြင်ဝယ် လဲကျလျက်ရှိရာမှ ဦးခေါင်းကို အားတင်းမော့ကာ အသံလာရာသို့ကြည့်လိုက်မိသည်။ပြာဝေသော မျက်လုံးများကြောင့် ရုတ်တရက်သော် မသဲကွဲ။ အတန်ကြာမှသာ သဏ္ဍာန်သည် မပီသတစ်ချက် ပီသတစ်ချက်နှင့်မျက်လုံးဝယ်ထင်လာသည်။ရှေးဦးစွာ သတိထားမိသည်ကား အပြာနုရောင်ထင်ရသော ကတ္တီပါပုံတော်ဖိနပ်ထက် ဝင်းဝါတင့်ရွှန်းသည့် ခြေဖမိုးလေးများ၊ ထို့နောက် ရွှေရည်ဖျော့ဖျော့အသွေး ထဘီအင်္ကျီတို့နှင့် ဘက်ညီပြည့်တင်းသောကြော့ရှင်းသည့် ကိုယ်နေ၊ ဖားဝေဝေနှင့် ခပ်ပြေပြေလျှောလျက်ရှိသည့်နီလာရောင် ပိုးတဘက် လွှမ်းကာရှိနေသော ပခုံးဝန်းဝန်းမှသည်သန့်ရှည်သွယ်သည့်လည်တိုင်ကိုလွန်သော်. . .
နုမျက်နှာအားငေးလျက် သတိလွတ်လွတ်မှ ဗိုလ်သူရိန်သည် အိပ်မက်ပေလောဟု ငိုင်မောတွေးတော နေမိသည်။
ခဏ၌ပင် ဗိုလ်သူရိန်သည် ရှိသမျှအားကို စုရုံး၍ နေရာမှထလိုက်သည်။နှုတ်မှလည်း တောင်းပန်သံ သဲ့သဲ့ထွက်လာ၏။
“နှမလေး မောင်ကြီးဟာ ရန်သူမဟုတ်ပါ စောနော်ဖရဲ့ မိတ်ဆွေတစ်ဦးပါ ”
မိန်းမပျိုအံ့အားသင့်နေခိုက် ဗိုလ်သူရိန်သည် ဓားအား အိမ်မှချွတ်ကာဦးနှင့်လက်ကိုင်ကို လက်တစ်ဖက်ဆီ၌ ဆုပ်လျက် ရင်၌ကပ်၍ ဦးညွတ်အလေးပြုသည်။
မိန်းမပျိုမှာမူ ရှေ့တွင်ရပ်လျက်ရှိသူ ယောက်ျားပီသသည့် ဗိုလ်မှူး၏သွေးဆုတ်ဖြူရော်လျက်ရှိသော မျက်နှာအား မျက်လုံးဝန်းဝန်းလေးများကို ပြုးကြည့်ရင်း နှုတ်မှ စိတ်မှတ်မဲ့ဟန် စကားလုံးများ လွတ်ထွက်လာသည်။
“အို ရှင် ရှင် ဦးရီးတော်ရဲ့လူလား ဘယ့်နှယ်မြန်မာတစ်ယောက်”
ဗိုလ်သူရိန်က ခေါင်းကို ဖြည်းညင်းစွာခါသည်။ နှုတ်မှမူ မည်သည့်စကားမှထွက်မလာ။ ရင်၌ကပ်ထားသော ဓားရှည်မှာသာ မြေသို့လွတ်ကျသွားသည်။ မျက်နှာပြင်၌ ပြင်းထန်သောဝေဒနာ ခံစားရဟန်တစ်ချက်ရှုံ့မဲ့လျက် လူမှာ ရှေ့သို့ယိမ်းယိုင်စိုက်ထိုးကျလာ၏။
“အို ဘုရား ဘုရား”
မိန်းမပျိုသည် မိမိကိုယ်မိမိ ဘာလုပ်မိသည်မသိမှီ လဲကျလာသူအားဆီးယူပွေ့ပြီး ဖြစ်နေသည်။ သို့ရာတွင် ကိုယ်အလေးချိန်ကြောင့် နှစ်ဦးလုံး အပြင်သို့ ဒူးညွတ်ကျသွားကြသည်။မိန်းမပျိုမှာ ဒူးထောက်လျက်ရှိနေပြီး သတိလစ်လျက်ရှိသူ ဗိုလ်သူရိန်မှာမိန်းမပျို၏ ရင်ခွင်ထက် ပျော့ခွေလဲလျောင်းလျက် ရှိနေ၏။
ရုတ်တရက်သော် မိန်းမပျိုအနေနှင့် ဘာလုပ်ရမည်မသိ။ လရောင်၌ထင်ရှားသော သန့်စင်ခန့်ညားသည့် အမည်မသိဝေဒနာရှင်၏ မျက်နှာအားသာ ဖိုလှိုက်သောဇောနှင့် ငေးငေးလေးကြည့်နေမိသည်။
မိန်းမပျို၏ မျက်လုံးများမှာ အင်္ကျီမှ ရဲရဲနီသောသွေးတို့ ဆီကိုလည်းကောင်း၊ ပခုံးထက်စိုက်လျက်ရှိသော ဓားမြှောင်ဆီသို့ လည်းကောင်း ရောက်သွားသည်။ ခဏ၌ပင် မိန်းမပျို၏ သဏ္ဍာန်မှာ လှုပ်ရှားလာသည်။ လက်ကလေးမှာလည်း လဲနေသူ၏ ရင်ဆီသို့ ရောက်သွားသည်။ ရင်မှာမူ ခုန်နေပါ၏။မိန်းမပျိုက အနောက်ဘက်သို့လှည့်ကာ လေသံအုပ်အုပ်နှင့် ခေါ်သည်။
“နန်းကြင်အုံး နန်းကြင်အုံး”
ခပ်အုပ်အုပ်ပင် ပြန်ထူးသံကြားရပြီး အသက်လေးဆယ်အရွယ် ဝဝဖိုင့်ဖိုင့်မိန်းမကြီးတစ်ဦး ထွက်လာသည်။
“အလို တော်ကြီးဖုရားရဲ့လူပေလား ဟုတ်လား သခင်မလေး”
“တိုးတိုး ဒေါ်နန်း ပြီးတော့မှ မေးချင်တာမေး ဒါထက်ဦးရီးတော်တို့အိပ်ပြီလား”
“ဝန်ထောက်တော်မင်း ပြန်မရောက်သေးပါဘူး သခင်မကြီးကတော့ဘုရားဝတ်ပြုနေတယ် နို့ ဖုရားကျွန်မက ဘာလုပ်ရမှာလဲ”
“ဒီကလူကို ကူတွဲစမ်းပါ ဒေါ်နန်း အစောရဲ့ ဆောင်ခန်းကို သယ်သွားရအောင်”
“အို သခင်မလေးအဆောင်ကို ဒီကိုလူစိမ်းကိုသိလို့လား”
“အို တိုးတိုးပါဆို ဒီမှာ ဒေါ်နန်း တိတ်စမ်း အစောပြောသလိုသာ လုပ် လက်တစ်ဖက်ကနေ ထိန်းစမ်းပါ ဖြည်းဖြည်းနော်”
ဒေါ်နန်းဆိုသူကမူ သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ ဘာမျှတော့ပြန်လည်ဆင်ခြေမကွန့်တော့။ မိန်းမပျို အမိန့်ပေးသည့် အတိုင်းသာလေးလံလှသော သတိမေ့နေသူ၏ ကိုယ်ခန္ဓာကြီးအား မိန်းမပျိုနှင့်အတူတွဲယူမ ခေါ်ခဲ့ရသည်။
⬛
တက္ကသိုလ်ဘုန်းနိုင်
အပိုင်း ၈ ဆက်ပါဦးမည်။
Comments