အခန်း(၁၂)
''ဆေးခန်းထဲမှာ မဟုတ်ဘဲ ဆရာ့ကို အပြင်မှာ တွေ့ရတာ နှောင်း သိပ်ပျော်တာပဲ''
နှောင်းသည် ဒူးဆစ်ထိဖုံးသော ဂျင်းစကတ်ဖားဖားကြီးကို ဝတ်ထားသဖြင့် ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်၏ နုနယ်လန်းဆန်းမှုမျိုး ရှိနေသည်။ တီရှပ်အဖြူပွပွကြီးကို စကတ်ထဲ ထည့်ဝတ်ထားပြီး ခါးဆီတွင် ပြန်ဖွထား၏။ လက်ပွပွ ဖားဖားကြီးမှာလည်း သေးသွယ်သော ကိုယ်လုံးကလေးနှင့် မတန်တဆ ပွရောင်းနေသောကြောင့် လှပသော အရုပ်ကလေးတစ်ရုပ်နှင့်လည်း တူသေးသည်။
''နှောင်းပျော်တယ်ဆိုရင် ဆရာ ဝမ်းသာတယ်''
''တစ်ခါလောက် မေမေနဲ့ လာဦးမှပဲ၊ ကော်ဖီလဲ ကောင်းတယ်နော်... ဆရာ''
စိတ်လွတ်ပျော်ရွှင်စွာ ခြံဝင်းအကျယ်ကြီးကို ဟိုသည်ငေးမောစူးစမ်း နေသည့် နှောင်းသည်တကယ့် ကလေးမကလေးပဲ ဖြစ်နေသည်။
''ဆရာ့ဇနီးက ချောလားဟင်...ဆရာ''
သူ့ဇနီးအကြောင်း နှောင်း မေးသောကြောင့် သူ အနေမခက်တော့ပါ။ သူ ကရော်ကမယ် ဖြေလိုက်ဖို့ စဉ်းစားပြီးမှ တည်ကြည်စွာ ဖြေလိုက်၏။
''ကြည့်လို့ကောင်းရုံပါပဲ နှောင်း၊ မချောလှပါဘူး''
သီသည် ဣန္ဒြေရသော မျက်နှာထားတွင် စူးရှနက်မှောင်သော မျက်ဝန်းများ ရှိသည်။ နှစ်ပေါင်းများစွာ ကွဲကွာနေသော်လည်း သီ့မျက်ဝန်း၏ တောက်ပမှုကို ယခုပြန်စဉ်းစားလျှင် ယခုပြန်မှတ်မိလာဆဲ ဖြစ်သည်။ အေးဆေး သိမ်မွေ့သည်ဟု သူ ထင်ခဲ့သောသီသည် တကယ်တော့ မထုံထက်တေး အေးစက်ခြင်းသာ ဖြစ်ကြောင်း တဖြည်းဖြည်း သိလာခဲ့ရ၏။
''ဆရာ သူ့ကို တော်တော်ပိုးခဲ့ရလားဟင်''
သောက်လက်စ ကော်ဖီပန်းကန်ကို ကမန်းကတန်း အောက်ပြန်ချ၍ နှောင်းကို မျက်လုံးပြူးကြည့်လိုက်တော့ နှောင်းက ခွက်ထိုးခွက်လန် ရယ်လေသည်။ နှောင်းသည် သူ့ဇနီးနှင့်ပတ်သက်၍ သိပ်မခံစားရတော့ဘူးဟု သူ ဝမ်းသာစွာ တွေးသည်။ နှောင်းသည် သူ့သံယောဇဉ်ကိုလည်း တဖြည်းဖြည်း နားလည်လာပုံရ၏။ ခါတိုင်းလို သူ့အပေါ် နာကြည်းရိပ်၊ ကြေကွဲရိပ်များ ပျောက်ကွယ်နေသည်။
''နှောင်း မမြင်ဖူးတဲ့ မိန်းမတစ်ယောက်ကို နှောင်း စိတ်မဝင်စားဘူးဆို... နှောင်း''
''အို... ဒါပေမဲ့ နှောင်းက ဆရာ့ခံစားချက်ကို သိချင်တယ်လေ''
''သိပ်မမှတ်မိတော့ပါဘူး နှောင်းရယ်၊ သိပ်တော့ မပိုးလိုက်ရဘူး ထင်ပါရဲ့''
''ဟုတ်မှာပါ၊ ဆရာက အရမ်းကြည့်လို့ကောင်းတာ၊ ငယ်ငယ်ကဆို ဆရာ ချောမှာနော်''
မေးစေ့တွင် လက်နှစ်ဖက်ထောက်၍ ကလေးသဖွယ် စိတ်ပါလက်ပါပြောရင်း သူ့ကို ကြည်စင်စွာ ငေးတော့ မနေတတ်စွာ ဟက်ခနဲ ရယ်မောလိုက်လေသည်။
''သိပ်မမြှောက်နဲ့ နှောင်း၊ ကိုယ်က နဂိုကတည်းက ဘဝင်က ခပ်ကိုင်ကိုင်ရယ်''
နှောင်းက သူ့ကို သတိလက်လွတ် ပွင့်လင်းစွာ ငေးနေပြန်သည်။ နှောင်း၏ ပြာလဲ့ဖြူစင်သော မျက်ဝန်းထဲမှ သိသိသာသာ မြတ်နိုးတွယ်တာရိပ်ကို နှောင်း ဖုံးဖိဖို့ မကြိုးစားခဲ့ပေ။
''ဆရာတို့ ဘယ်လို စ တွေ့တာလဲဟင်''
''ဗုဒ္ဓေါ... မေးခွန်းတွေက မဆုံးနိုင်တော့ဘူးလား နှောင်း၊ ဒါကိုယ့်ကို လက်စားချေတာလား''
''ဟုတ်တယ်၊ ဆေးခန်းမှာဆို ဆရာ မေးသမျှ နှောင်းဖြေရတယ်၊ အခု နှောင်း မေးသမျှ ဆရာဖြေအလှည့်၊ ဖြေလေ ဆရာ...''
''ကိုယ်တို့ကို မိဘပေးစားတာကွ''
သူ ခပ်တည်တည် လိမ်ဖို့ ကြိုးစားရင်း ရှေ့စကား နောက်စကား မညီညွတ်မှုကို သူ့ဟာသူ ပြန်သတိရသွားကာ အိုးတိုးအမ်းတမ်း ဖြစ်သွား၏။
''ဟင်...ဟုတ်လဲ မဟုတ်ဘဲနဲ့''
နှောင်းက မူနွဲ့စွာ ရယ်မောတော့ နှောင်း၏ နှင်းဆီငုံနှုတ်ခမ်းကလေး၏ ပွင့်အာမှုကို သူ ရင်ခုန်စွာ ငေးမောမိသွားလေသည်။
''နှောင်း ကော်ပြန့်သုပ် စားဦးမလား''
''ဆရာ နယ်ပေးရင် စားမယ်နော် ဆရာ''
ဘုရား... ဘုရား။
သူ့မျက်နှာ ရှိန်းခနဲ နွေးသွားသည်ကို နှောင်း မသိအောင် ရယ်မောလိုက်ရ၏။ သို့သော် ရင်ထဲမှာ နွေးထွေးသွားသည့် ခံစားမှုကလေးကိုတော့ ပျောက်ပျက်မှာ စိုးရွံ့မိပြန်သည်။
''ဘေးစားပွဲဝိုင်းတွေက သားအဖလို့ မထင်တော့ဘဲ ဖြစ်သွားမယ်လေ နှောင်း''
''ဘယ်လို ထင်ထင်...''
ချွဲနွဲ့သော နှောင်း စကားသံအဆုံးမှာတော့ သူ ကော်ပြန့်တစ်ပွဲ ထပ်မှာလိုက်၏။ နှောင်းအပေါ် မျက်လုံးဖြင့်၊ မျက်နှာအမူအရာဖြင့် သိသိသာသာ ဂရုမစိုက်မိအောင် သူမနည်းထိန်းချုပ်ထားရသည်။
''ဆရာတို့ ဘယ်လိုစတွေ့သလဲဆိုတာ နှောင်းကို မဖြေရသေးဘူး''
''အိုး...ဟုတ်ပါရဲ့၊ ဒီလိုပါပဲ နှောင်းရယ်၊ အဆန်းတကြယ် မဟုတ်ပါဘူး၊ ကိုယ်က အလုပ်သင်ဆရာဝန်ဘဝ မန္တလေးဆေးရုံကြီးမှာပေါ့၊ ကိုယ် စိတ်ကုဆေးရုံဘက်မှာ ခဏတာဝန်ကျတဲ့အချိန် သူကလဲ စိတ်ကုဆေးရုံကိုအလာ ...''
''ဟင်...ဒါဖြင့် သူက နှောင်းလိုပဲ ဆရာ့လူနာပေါ့''
ကမန်းကတန်း ဖြတ်မေးသော နှောင်း၏ အားတက်သရော အမေးကို သူနားလည်ခံစား၍ ရသည်ဟု ထင်သည်။ အားတက်သရော အမေးကြောင့် သူ စိတ်မကောင်းလည်း ဖြစ်သွားသည်။
''ဟာ... မဟုတ်ဘူး နှောင်း၊ သူက မန္တလေးတက္ကသိုလ် စိတ်ပညာအဓိက နောက်ဆုံးနှစ် ကျောင်းသူလေ၊ ဆိုက်ကိုလိုဂျီ နောက်ဆုံးနှစ် ကျောင်းသားတိုင်း ဆိုက်ခီယာထရစ်ယူနစ်ကို လက်တွေ့လေ့လာဖို့ လာရတယ် နှောင်းရဲ့၊ အဲဒီမှာ ဆရာနဲ့ တွေ့တာပဲ၊ ရိုးရိုးကလေးပါပဲ နှောင်း၊ တစ်နှစ်ကြာတော့ ကိုယ်တို့ လက်ထပ်လိုက်ကြတယ်''
နှောင်းအတွက် ကော်ပြန့်သုပ်ကို တူဖြင့် ကျွမ်းကျင်စွာ (သို့သော် ရှက်ရွံ့မှုကြောင့် ခက်ခဲစွာ) နယ်ပေးနေခိုက် နှောင်းက မေးစေ့ကို လက်နှစ်ဖက် စုံထောက်လျက် ငေးစိုက်ကြည့်နေ၏။
''နောက်တစ်နှစ်ကြာတော့ ကိုယ်တို့ ကွဲသွားကြတယ်''
''ဘာဖြစ်လို့ ကွဲသွားတာလဲ ဟင်''
သူ နှောင်းရှေ့သို့ ပန်းကန်ကို ချပေးရင် ပြုံးလိုက်သည်။
''တစ်ယောက်လိုအပ်တာကို တစ်ယောက်က မပေးနိုင်ကြလို့ပေါ့၊ စားလိုက် နှောင်း... ပြီးမှ ဆက်မေးနော်''
နှောင်းက သူ့စကားကို သဘောကျစွာ ရယ်လေသည်။ ၄၆လမ်း ဆေးကုခန်း၏ပြင်ပတွင် တစ်ခါတစ်ရံ တွေ့ပြီး ဆေးကုခန်းတွင် တစ်ခါတစ်ရံ တွေ့ကြရင်းဖြင့် နှောင်းနှင့် သူ့အကြားက သံယောဇဉ်မှာ သန့်ရှင်းဖြူစင်စွာ ခိုင်မြဲလာခဲ့သည်။ ထို့နောက် နှောင်း၏ ၂၃နှစ်မြောက် မွေးနေ့သို့ ရောက်လာသောအခါ ဆရာဝန်သည် သူ့လူနာကို ထူးဆန်းသော မွေးနေ့လက်ဆောင် ပေးလိုက်လေသည်။ တကယ် ကျားပေါက်စကလေးနှင့် ပုံသဏ္ဌာန် အရောင်အသွေး၊ အမွေးနုနုကအစ တူသော မွေးပွကျားရုပ်ကလေးတစ်ကောင်။ ''အာဖရိက မသွားခင် နှောင်း မွေးထားဖို့''ဟု ကျားကလေးကို ပွေ့ချီ၍ ပေးလိုက်လေသည်။
နှောင်းသည် သူ့မွေးနေ့လက်ဆောင်ကို အသည်းတယားယား ကိုင်တွယ်ပွေ့ဖက်လိုက်၊ ပြန်ချလိုက်နှင့် ရယ်မောမဆုံး ရှိတော့သည်။ နှောင်း၏ ပျော်ရွှင်မှုသည် သူ့ထံသို့ ညီမျှစွာ ကူးစက်လာခဲ့၏။ နှောင်း ၂၄နှစ်ထဲသို့ ဝင်လာပြီဟူသော ရင်ထိတ်စိုးရွ့ံမှုကို နှောင်းမေ့ပျောက်သွားအောင် သူ ကျိတ်၍ တာဝန်ယူလိုက်သည်။
''ဒီကျားလေးကို နှောင်း နာမည်ပေးဖို့ စဉ်းစားလိုက်ဦးမယ်၊ ဒါနဲ့ ဆရာ သူက အထီးလား အမလားဟင်''
သူ ရယ်ချင်စိတ်ကို ထိန်းချုပ်လျက် 'အထီး'ဟု ဖြေလိုက်၏။
''အင်း... အထီးဆိုရင်တော့ ဆီဇာရိုပေါ့''
''ဆရာရေ... ဆရာ့လူနာဖြစ်ခါမှ နှောင်း ကလေးပိုတောင် ငယ်တောင် ငယ်သွားသလိုပဲ၊ အခုတလော သမီးက အရမ်းကလေးဆန်တာပဲ ဆရာ၊ ဆရာ တော်တော် သည်းသည်းခံရမှာနော်''
နှောင်းမိခင်က နှောင်း မရှိခိုက် ခပ်တိုးတိုး ပြောဆိုပြုံးရယ်တော့ သူ့မျက်နှာ ဖြန်းခနဲ ပူနွေးသွားလေသည်။ တစ်ခါတစ်ခါကျတော့ နှောင်းက အရွယ်နှင့် မလိုက်အောင် တည်ငြိမ်စွာဖြင့် ဘဝအကြောင်းကို ဆွေးနွေးဖို့ ကြိုးစားတတ်သေး၏။
''ဆရာ့ဘဝကို ဆရာ သိပ်မြတ်နိုးလားဟင်''
သူ နှောင်းကို တအံ့တသြ ကြည့်မိသည်။
''ဘယ့်နှယ် မေးလိုက်တာလဲ နှောင်း၊ နှောင်း ဘာစိတ်ကူးပေါက်သွားတာလဲ''
''ဟင့်အင်း... နှောင်း သိချင်လို့ပါ၊ ဒေါက်တာအောင်စည်ဆိုတဲ့ ဆရာ့ဘဝကို ဆရာသိပ်တန်ဖိုးထားသလားလို့ နှောင်း သိချင်လို့''
နှောင်းမျက်ဝန်းတွင် နာကြည်းရိပ်များ ရှိလေမလားဟု သူ စိုးရိမ်စွာ ရှာဖွေသေး၏။ မတွေ့ပါ။
''ဆရာ ပြောပြီးပါပြီကောလား၊ တစ်ခါတစ်ခါ ဆရာ့ရဲ့ဖြစ်တည်မှုကို ဆရာကိုယ်တိုင် မေ့နေတယ်ဆိုတာ၊ ဆရာဟာ လူနာတွေအတွက် အသက်ရှင်နေတယ်လို့တောင် ထင်မိတယ်''
''မဟုတ်ဘူး... ဆရာဟာ လူနာတွေအတွက် အသက်ရှင်နေတာ မဟုတ်ပါဘူး၊ လူနာတွေက ဆရာ့ရဲ့ ဒေါက်တာအောင်စည်ဆိုတဲ့ အတ္တကို အရောင်တင်ပေးနေတဲ့ လူသားတွေပါ ဆရာရဲ့၊ တကယ်တော့ ဆရာ့ဘဝကို ဆရာ သိပ်မြတ်နိုးတယ်၊ သိပ်တန်ဖိုးထားတယ်၊ အက်သစ်ဆိုတဲ့ အရာကို ဆရာ အရာရာထက် တန်ဖိုးထားတယ်၊ ဆရာ့ရဲ့ ဘဝတန်ဖိုးက စိတ်ကုဆရာဝန်တစ်ယောက်ရဲ့ ကျင့်ဝတ်နဲ့ ကျွမ်းကျင်မှု...''
''မဟုတ်ဘူး နှောင်း''
''ဟုတ်ပါတယ်... ဆရာ မငြင်းပါနဲ့၊ နှောင်းလဲ နှောင်းအတွက်ပဲ အသက်ရှင်နေတာပါ ဆရာ၊ နောက်ပြီး ဆရာ့ထက်ပိုနေတာက နှောင်းက နှောင်းဘဝကို သိပ်ချစ်မြတ်နိုးတယ်၊ နှောင်းခင်ဇော်ဆိုတဲ့ ဖြစ်တည်မှုထက်ပိုကောင်းတဲ့ဘဝ ရှိရင်တောင် နှောင်း မလဲနိုင်ဘူး၊ နှောင်းအတွက် လောကကြီးက နေရထိုင်ရတာ ထိုက်တန်တယ်၊ နှောင်းလိုချင်တာ မရတဲ့စိတ်သောကတော့ ရှိတာပေါ့၊ အရင်ကတော့ စိတ်သောကကြောင့် ကြေကွဲတယ်၊ အားငယ်တယ်၊ စိတ်ဓာတ်ကျတယ်၊ အခုတော့ နှောင်း စိတ်ဓာတ်မကျတော့ဘူး...နှောင်း လိုချင်တာကို မဖြစ်ဖြစ်အောင် ယူမယ်လို့ စိတ်ဆုံးဖြတ်လိုက်ပြီ၊ ဘယ်နည်းနဲ့ ရရပေါ့ ဆရာရယ်''
''ဘုရား...ဘုရား''
နှောင်းက သူ၏ဟာသစွက်မှုကို မသိဟန်ဆောင်ထား၏။
''နှောင်းဘဝမှာ ဒုက္ခတွေလဲ ကြုံရပါရဲ့၊ ဒါပေမဲ့ ဘဝဟာ နှောင်းအတွက် ထိုက်တန်တယ်၊ နှောင်း မသေချင်သေးဘူး''
နှောင်းမျက်နှာတွင် ကြေကွဲထိတ်လန့်မှုတော့ မတွေ့ရပါ။ မာန်တင်းမှုသာ တွေ့ရ၏။
''ဘယ်လိုလူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေကြသလဲ ဆရာ''
''စိတ်ရောဂါသည်တွေပေါ့''
သူကောက်ကာငင်ကာ ဖြေလိုက်တော့ နှောင်းက သူ့ကို ဇဝေဇဝါ ငေးနေ၏။
''နှောင်း ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်မှာတော့ လူ့ဘဝရဲ့ ရှုပ်ထွေးမှုကို နားမလည်လာတဲ့အခါမှာ ကမ္ဘာကြီးဟာ အသက်ရှင်နေဖို့အထိ မထိုက်တန်ဘူးလို့ ထင်လာကြတယ်တဲ့၊ အဲဒီအခါမှာ လူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေကြသတဲ့ ဆရာ''
သူ တကယ်ပင် ဘုရား တ မိလျက် နှောင်းကို အလန့်တကြား ကြည့်လိုက်မိသည်။
''နှောင်း ဘယ်စာအုပ်ထဲကဟာတွေလဲ''
''ကာမျူးရဲ့စာအုပ်လေ ဆရာ၊ ဆရာ ကာမျူးကို သိလား''
နှောင်း၏မျက်နှာတွင် ကျားပေါက်စရုပ်ကလေးကို ဖက်ပွေ့စဉ်ကလို ကြည်လင်ရွှင်ပျမှု မရှိပါ။
''သူ့စာအုပ်တွေ ဆရာသိပ်မဖတ်ဘူး နှောင်း... ဆရာ့ကုထုံးအတွက်၊ ဆရာ့လူနာတွေအတွက် အသုံးမဝင်တဲ့ အတွေးအခေါ်တွေ ဆရာ မလိုချင်ပါဘူး''
''ဒါပေမဲ့ စီစိဖတ်စ်ရဲ့ ဒဏ္ဍာရီကတော့ သိပ်စိတ်ဝင်စားဖို့ ကောင်းပါတယ် ဆရာ၊ အဲဒီစာအုပ်ထဲမှာ သူက လူ့ဘဝကို ဒဏ္ဍာရီထဲက စီစီဖတ်စ်ရဲ့ အဖြစ်အပျက်နဲ့ နှိုင်းယှဉ်ပြထားတယ်၊ ဆရာ နားထောင်မယ်ဆိုရင် နှောင်း ပြောပြမယ်လေ''
''နားထောင်ချင်ပါတယ်''
''စီစီဖတ်စ်ဆိုတာ ဂရိနတ်ဘုရားတွေ ခေတ်က သူရဲကောင်းပဲ ဆိုပါတော့ ဆရာ၊ ဂရိစာဆိုကြီး ဟိုးမားရဲ့ကဗျာထဲကပေါ့၊ ကာမျူးက အဲဒီစီစီဖတ်စ်ကို စိတ်ဝင်စားလို့ သူ့ကို ဆန်းစစ်ဝေဖန်ထားတာ၊ စီစီဖတ်စ်ဟာ နတ်တွေရဲ့ ဒဏ်ပေးခြင်း ခံရတယ်၊ ဂျူပီတာက တခြားနတ်ဘုရားတစ်ယောက်ရဲ့ သမီးကို ယူသွားတဲ့ကိစ္စမှာ စီစီဖတ်စ်ဟာ ကြံရာပါလို့ စွပ်စွဲခံရတယ်၊ အဲဒီအကြောင်းကို သိချင်ရင် သူတို့ တိုင်းပြည်အတွက် ရေပေးရမယ်လို့ စီစီဖတ်စ်က အကျပ်ကိုင်တယ်၊ အဲဒီနောက်မှာတော့ သူကို အပြစ်ပေးခံရတယ်၊ အပြစ်ပေးပုံက ကမ္ဘာမြေအောက်မှာ သူ နေရမယ်၊ အင်မတန် ကြီးမားတဲ့ ကျောက်တုံးကြီးတစ်ခုကို မြင့်မားတဲ့ တောင်ထိပ်ပေါ်အထိ ရောက်အောင် တွန်းလှိမ့်တင်ရမယ်၊ တောင်ထိပ်ရောက်ရင် ဒီကျောက်တုံးက အောက်ခြေအထိ ပြန်လိမ့်ကျသွားမယ်၊ နောက်တစ်ကြိမ် ထပ်တင်ရမယ်... အဲဒီ သံသရာကို မဆုံးနိုင်အောင် လုပ်နေရမယ်တဲ့...။
''...ကာမျူးစိတ်ဝင်စားတာက တောင်ထိပ်ပေါ်ကနေ ပြန်ဆင်းလာရတဲ့ စီစီဖတ်စ်ရဲ့ အပြန်လမ်းပဲ၊ သူတောင်ထိပ်ကို တွန်းတင်နေတဲ့အခါ သူ့မှာ ရှိသမျှအားအင်နဲ့ မေးကြောတွေ တင်းကျပ်လာအောင် အားနဲ့မာန်နဲ့ တွန်းနေရတယ်၊ သူရည်ရွယ်တဲ့ တောင်ထိပ်ဆိုတဲ့ ပန်းတိုင် ရောက်သွားတဲ့အခါ သူ့မျက်စိအောက်မှာပဲ ကျောက်တုံးကြီး အောက်လိမ့်ကျသွားတာကို ကြည့်နေရတယ်၊ ဒီကျောက်တုံးကို သူ နောက်တစ်ကြိမ် ပြန်တင်ရဦးမယ်ဆိုတာ သိသိကြီးနဲ့ သူပြန်ဆင်းလာခဲ့ရတယ်၊ လေးကန်တဲ့ ခြေလှမ်းတွေနဲ့ ဘယ်တော့ ပြီးဆုံးမယ်လို့ မသိနိုင်တဲ့ လုပ်ငန်းခွင်ဆီ ပြန်လာရတယ်၊ သူ့အတွက် အဲဒီအခိုက်အတန့် ကလေးဟာ အသိစိတ်ရဲ့ နာရီပိုင်းပဲတဲ့၊ ကျောက်တုံးဆီကို ပြန်လာရတဲ့လမ်းမှာ သူဟာသူ့ကံကြမ္မာရဲ့ အရှင်သခင်ပဲ၊ သူဟာ သူ့ကျောက်တုံးထက် ပိုပြီး သန်မာတယ်တဲ့၊ အလုပ်ခွင်မှာ လုပ်နေတဲ့ အလုပ်သမားတွေရဲ့ ဘဝကို စီစီဖတ်စ်နဲ့ နှိုင်းယှဉ်ပြထားတယ်၊ ဒီပုံပြင်ဟာ ငိုေြ<ွကးစရာ ပုံပြင်ဆိုရင် အလွမ်းဟာ အဲဒီရှားပါးလှတဲ့ အသိစိတ်ဝင်တဲ့ တစ်ခဏကလေးပဲ ရှိတယ်တဲ့၊ စီစီဖတ်စ်ရဲ့ အပြန်လမ်းမှာ သူ့ရဲ့ညှဉ်းပန်းခံ နှိပ်စက်ခံအဖြစ်ဟာ တစ်ချိန်တည်းမှာပဲ တောင်ထိပ်ကိုရောက်အောင် တွန်းတင်ဖို့ သူ့ရဲ့ အောင်မြင်မှုကို ဖြစ်စေတယ်တဲ့၊ နှောင်းတို့ဘဝဟာ အဲလောက် ဆိုးရွားနေလို့လား ဆရာ...''
သူ နှောင်းကို ကြင်နာစွာ ပြုံးပြလိုက်၏။
''ဆရာတို့ ကမ္ဘာကြီးက အဲလောက် မဆိုးပါဘူး နှောင်းရယ်၊ ကမ္ဘာကြီးမှာ အပြုံးတွေရှိတယ်၊ နှောင်း လက်ခံလား''
''ဟုတ်ကဲ့''
''မျှော်လင့်ခြင်းတွေ ရှိတယ်၊ အလိုဆန္ဒ ပြည့်ဝမှုဆိုတာတွေ ရှိတယ်၊ ရုပ်ဝတ္ထုပစ္စည်းတွေ၊ သိပ္ပံပညာတွေ ရှိတယ်၊ လှပတဲ့ ကြယ်တွေ၊ သစ်တောတွေ၊ နောက်ပြီး အကြင်နာတွေ၊ သံယောဇဉ်တွေ ရှိတယ်၊ ဆရာတို့အတွက် လူ့ဘဝကြီးဟာ သိပ်အဓိပ္ပာယ် ရှိပါတယ်၊ မသေချင်လောက်အောင်ကို အဓိပ္ပာယ် ရှိပါတယ်''
သူနှင့်နှောင်း တစ်ယောက်ကိုတစ်ယောက် စိုက်ငေးနေခဲ့ကြသည်။ မေလကုန် တက္ကသိုလ်များ ပြန်ဖွင့်သောအခါ နှောင်းကို တက်ကြွသော ကျောင်းသူတစ်ယောက်အဖြစ် တွေ့ရပြန်သည်။ ၂၄နှစ်ဆိုသော အသက်အပိုင်းအခြားသို့ ရောက်လာချိန်ဖြစ်၍ နှောင်းကို သူ ယခင်ကထက်ပို၍ ကြင်နာယုယမှုပြဖို့ လိုနေပြီ။
''တွေ့လား နှောင်း... နှစ်ဆယ့်သုံးနှစ်မြောက် မွေးနေ့လွန်ခဲ့ပြီ၊ နှောင်း ဘယ်မှာ အိမ်ထောင်ကျလို့လဲ''
သူ ရယ်သလို မောသလို စ တော့ နှောင်းက သဘောကျစွာ ရယ်မောရင်း တစ်ချက်တော့ ငိုင်သွားသေး၏။
''နှောင်း နှစ်ဆယ့်လေးနှစ်ကို လန့်နေသေးတယ် ဆရာ''
''နှောင်းကလဲကွာ... နှစ်ဆယ့်လေးနှစ်မြောက်မွေးနေ့ကို အခမ်းနားဆုံး ကျင်းပဖို့ကို တွေးနေစမ်း၊ နှောင်း ဒီကြားထဲမှာ ဘာမုဆိုးဖိုနဲ့မှ မရခဲ့ဘူးလေကွာ၊ လာမယ့်မွေးနေ့မှာ နှောင်း ဘာလိုချင်သလဲ''
သူ ပြုံးရွှင်စွာ နှစ်သိမ့်သော်လည်း နှောင်းက တွေဝေစွာ ခေါင်းခါယမ်း၏။
''နှောင်းဘဝမှာ လိုချင်တာထက် ဖြစ်သင့်တာကိုပဲ ဦးစားပေးနေရလို့လား မသိဘူး၊ အခု နှောင်း ဘာလိုချင်မှန်းတောင် မသိတော့ပါဘူး ဆရာ''
လိမ္မာပါးနပ်လှသော နှောင်းကို လက်ဖျားလေး ထွေးဆုပ်ဆွဲယူ၍ ပိုးသားနက်ရောင် ဆံပင်ပျော့ကလေးများကို မချင့်မရဲ ထိတို့နှစ်သိမ့်ချင်စိတ်ဖြင့် သူ အားတင်းကာ မျက်နှာလွှဲပစ်လိုက်၏။ ကားမောင်းသူနေရာတွင် အသီးသီးထိုင်ပြီး တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ပြီးသော်လည်း ကိုယ့်ခရီးကို မဆက်နိုင်ကြ။ ကားပြတင်းမှ သူ့ဘက်သို့ နှောင်း လှမ်းကြည့်နေသည်ကို မမြင်ချင်ယောင်ဆောင်ဖို့ ကြိုးစားရသည်မှာ ကြေကွဲစရာ အကောင်းဆုံး ခွဲခွာမှုပင် ဖြစ်သည်။
သူ ကားတံခါးဖွင့်ပြီး နှောင်းဆီ လျှောက်သွားချင်စိတ်ကို ဇွတ်အတင်း ထိန်းချုပ်ထားလိုက်၏။
''အက်သစ်ဆိုတဲ့ အရာကို ဆရာ အရာရာထက် ပိုတန်ဖိုးထားတယ်''
နှောင်း၏ မချင့်မရဲစွပ်စွဲမှုကို ပြန်ကြားယောင်မိလာသောအခါ သူ အံကြိတ်၍ ကားစက်နှိုးလိုက်၏။ ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့ နှောင်းရယ်။ စာမေးပွဲဖြေပြီးသောနေ့က သူစွန့်စားခြင်းကြီးစွာဖြင့် နှောင်း၏ ဆန္ဒတစ်ခုကို လိုက်လျောလိုက်၏။ အင်းလျားသို့ နှောင်းနှင့်အတူ သွားပြီး ဘူးသီးကြော်စားခြင်း အမှုကိစ္စ ဖြစ်သည်။
''ဆရာ... ငါးနာရီအထိပဲ အချိန်ပေးနိုင်မယ်နော် နှောင်း၊ ဆရာ့လူနာတွေ...''
နှောင်းက စကားဖြတ်လျက် 'ဟုတ်ကဲ့' ဟု တိုတိုပြတ်ပြတ် သဘောတူပြီးမှ သူ့မျက်နှာကို တစ်ခဏ ငေးမောကာ ပင့်သက်တစ်ချက် ရှိုက်ရင်း ပြုံးလေသည်။
''နှောင်းရဲ့ ပျော်ရွှင်မှုအတွက် ဆရာစိတ်အနှောင့်အယှက် မဖြစ်စေချင်ပါဘူး ဆရာ၊ နှောင်း ဆရာ့အချိန်ကို နာရီဝက်ပဲ ယူမှာပါ''
ကန်ပေါင်ပေါ်သို့ ထိုင်ဖို့လည်း သူ့အသက်အရွယ်ကြီးနှင့် သည်မိန်းကလေး နုနုနယ်နယ်ကလေးနှင့် မသင့်တော်။ စားသောက်ဆိုင်တွေဘက် သွားထိုင်ရအောင်ကလည်း ပတ်ဝန်းကျင်က သူနှင့်နှောင်းကို သမားရိုးကျ သမီးရည်းစားတွဲများနှင့် တန်းတူထား၍ ကြည့်ကြလိမ့်ဦးမည်။ ကားရှေ့ခန်းထဲ ဘူးသီးကြော် ဝယ်စားဖို့လည်း မသင့်တော်။ သူ ဘာလုပ်ရမည်မှန်း မသိဘဲ အကြာကြီး တွန့်ဆုတ် စဉ်းစားနေသည်ကို နှောင်းက သဘောကျစွာ ငေးနေ၏။
နောက်ဆုံးတော့ ကျောက်ဖြူစားသောက်ဆိုင်၏ ကန်ရေစပ်စားပွဲတွင် နှောင်းနှင့်အတူ မျက်နှာချင်းဆိုင် ထိုင်မိသည်။ အနီးအနား မြင်မြင်သမျှ လူသားများမှာ ကျောင်းသားအရွယ် လူငယ်ကလေးများချည်း ဖြစ်သည်။ သူသည် ဣန္ဒြေရရ မျက်နှာထားကို နောက်ထပ် တင်းမာ၍ ထားလိုက်၏။
''ညီညီလွင် ရော စာမေးပွဲပြီးပြီလား''
''ဟုတ်ကဲ့ ပြီးပြီ ဆရာ၊ မနေ့က နှောင်းနဲ့ တွေ့တယ်၊ သူ နောက်လ စင်ကာပူ ထွက်တော့မယ်တဲ့ ဆရာ''
သူ ငြိမ်သက်စွာ နားထောင်နေမိသည်။
''နှောင်းရဲ့ နှစ်ဆယ့်လေးနှစ်မြောက် မွေးနေ့ကို သူ မတက်နိုင်တဲ့ အတွက် စိတ်မကောင်းပါဘူးတဲ့၊ ဒါပေမဲ့ မွေးနေ့လက်ဆောင် လှမ်းပို့လိုက်ပါမယ်တဲ့''
နှောင်း၏မျက်နှာကလေးက ဣန္ဒြေရရကလေး ဖြစ်သောကြောင့်သူ စိတ်ဝင်စားသွား၏။ နှောင်း ညီညီလွင်ကို လွမ်းသလား။ ဤမေးခွန်းကို သူ မမေးပါ။ သို့သော် နှောင်းက ဖြေ၏။
''နှောင်း အတွက် ညီညီလွင် မလိုပါဘူး ဆရာ''
ထိုစကားကို ပြောခိုက် နှောင်း၏ မျက်လုံးများ သူ့ကို လှမ်းကြည့်အကဲခတ်ခြင်း မရှိသည့်အတွက် နှောင်းကို သူကျေးဇူးတင်ပါသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ဖို့ ခက်ခဲဝန်လေးစွာ ရေပြင်ဆီကိုသာ ငေးကြည့်နေကြသည်။ ထို့နောက် နှောင်းက စိတ်ပေါ့ပါးစွာ ပြုံး၏။
''အင်းလျားကို ဆရာ ဘယ်နှစ်ခါ လာဖူးလဲဟင်''
''တစ်သက်နဲ့တစ်ကိုယ် ဒါဟာ ပထမဆုံးအကြိမ် အင်းလျားကန်စောင်းမှာ ခြေချခြင်းပဲ နှောင်း''
''အိုး...''
နှောင်း သူ့ကို တအံ့တသြ ကြည့်၏။
''ဘယ်လောက် သနားစရာ ကောင်းလိုက်တဲ့ ဆရာလဲ၊ ဆရာ ရေပြင်ပေါ်က လေညင်းရဲ့အရသာကို မခံစားဖူးဘူး ထင်တယ်''
''ဆရာ့အလုပ်က ရေပြင်ကို ခံစားဖို့မှ မဟုတ်ဘဲ နှောင်းရဲ့၊ လူနာတွေရဲ့ စိတ်ကို ခံစားဖို့ပဲ''
နှောင်း၏ မျက်စောင်းလဲ့လဲ့ကလေးသည် သူ့ရင်ထဲသို့ လှုပ်ခတ်စွာပင် ရောက်သွားသည်။
''ဆရာ ငယ်ငယ်ကတော့ ရေပြင်ကျယ်ကျယ်မြင်ရင် ငါးမျှားချင်စိတ်သာ ပေါက်ပေါက်လာတော့တယ်''
နှောင်းက ခစ်ခနဲ ရယ်မောကာ 'အနုပညာ လုံးဝမရှိသော ဆရာပဲ' ဟု ဝေဖန်၏။ သူ မငြင်းပါ၊ ရေပြင်စပ်မှ ရေမှော်ပင်ကလေးများကို ငေးမောရင်း ငါးမျှားခြင်းနှင့် ပတ်သက်နေသော ဟာသစကားတစ်ခုကို သတိရမိသည်။ သူနှင့် သူ့ဇနီး တစ်ယောက်ကိုတစ်ယောက် သွေးအေးအေး တိုက်ခိုက်နေစဉ် ကာလတစ်ခုတွင် သူ့ဇနီးက သူ့ကိုပြောခဲ့သော စကားလည်း ဖြစ်သည်။
''ဒါနဲ့ နှောင်း... ကပ်ဖ်ကာကို သိမှာပေါ့''
''ဟုတ်ကဲ့၊ ဒါပေမဲ့ သူ့စာအုပ်တွေ သိပ်မဖတ်ဖူးဘူး ဆရာ''
သူ ရယ်မောလိုက်သည်။
''ဆရာလဲ တစ်အုပ်မှ မဖတ်ဖူးပါဘူး၊ ဆရာ့ဇနီးပြောဖူးတဲ့ စကားကို သတိရလို့ပါ၊ ဆရာ့ကို ချွတ်တဲ့စကားလေ၊ နားထောင်မလား နှောင်း''
''ဆရာ့ကို ချွတ်တဲ့စကားဆို နှောင်း စိတ်ဝင်စားပါတယ် ဆရာ''
''တော်တော်အားကိုးရမယ့် ကလေးပဲ''
သို့သော် သူပြုံး၍ စကားဆက်ပါသည်။
''တစ်ခါက လူတစ်ယောက်ဟာ ရေချိုးတဲ့ကြွေကန်ထဲ ရေအပြည့်ဖြည့်ပြီး အဲဒီထဲမှာ ငါးမျှားနေသတဲ့၊ ဒါကို တခြားလူတစ်ယောက် အင်း... ဆရာ့ဇနီးရဲ့ လေသံအတိုင်း ပြောရရင် ကိုယ့်လို စိတ်ကုဆရာဝန် စိတ်ဓာတ် အပြည့်ရှိသူတစ်ယောက်က ဘေးကနေကြည့်ပြီး ဟေ့လူ... ငါးစာကို ငါးဟပ်နေပြီလား မသိဘူးလို့ ပြောလိုက်သတဲ့၊ အဲဒီတော့ ငါးမျှားနေတဲ့လူက ဘာပြန်ပြောလဲ သိလား၊ ခင်ဗျား ရူးလှချည်လား... ဘယ့်နှယ်လုပ် ဖြစ်နိုင်ပါ့မလဲ၊ ဒီဟာက ရေချိုးတဲ့ ကြွေကန်ဗျ...လို့ ပြောသတဲ့''
ထို့နောက် နှောင်းနှင့်သူ ရယ်မောကြသည်။
''အဲဒါနဲ့ ကပ်ဖ်ကာနဲ့ ဘာဆိုင်သလဲ ဆရာ''
''နားမလည်နိုင်တဲ့ စကြဝဠာကြီးထဲမှာ လူသားတစ်ယောက် ဖြစ်တည်နေရတဲ့ အဖြစ်ဟာ လူတစ်ယောက် သူ့ဟာသူ ရေချိုးကြွေကန်ထဲ ရေဖြည့်ပြီး ငါးမျှားနေတဲ့ အဖြစ်အတိုင်းပါပဲတဲ့၊ ဒီထဲက ဘာမှ ထွက်လာမှာ ရလာမှာ မဟုတ်မှန်း သိသိနဲ့ ရပ်တည်နေကြတဲ့ ဘဝကို ကပ်ဖ်ကာရဲ့ ဝတ္ထုတွေမှာ သရုပ်ဖော်ထားကြတယ်... တဲ့''
''အဲဒါရော ဘယ်သူက ပြောတာတဲ့လဲဟင်''
''ဘယ်သူက ရေးခဲ့သလဲတော့ ဆရာလဲ မသိပါဘူး၊ ဆရာ့ကို ပြန်ပြောခဲ့တာတော့ သီပဲ''
''သီ...''
နှောင်း၏နှုတ်ဖျားမှ ပထမဆုံးအကြိမ် နာကျင်စွာ ရေရွတ်လိုက်သော သီ ဆိုသည့် နာမည်သည် သူ့ကို နောင်တများစွာဖြင့် ရှက်ရွံ့သွားစေ၏။ သူ အားနာသွားကာ နှောင်း၏မျက်နှာကို ကြည့်ချင်လျက် မကြည့်ရက်ဘဲ ရေပြင်ကို လှမ်းကြည့် ငြိမ်သက်နေမိသည်။
''အဲဒီ သီ က ဘယ်လိုမိန်းမမျိုးလဲ ဆရာ''
သတ္တိရှိသော နှောင်းသည် ရင်ဆိုင်ရခက်ခဲသည့် မေးခွန်းကို ပြောင်မြောက်စွာ မေးနိုင်လေသည်။ သူကသာ နှောင်း၏ စိတ်ဆင်းရဲမှု ပမာဏကို ခန့်မှန်းရင်း အသက်သာဆုံးဖြစ်မည့် အဖြေကို ပေးလိုက်သည်။
''သူက ကမ္ဘာလောကမှာ မိန်းမတစ်ယောက်အဖြစ် မွေးဖွားလာပေမယ့် မိန်းမ မဖြစ်သင့်ဆုံးလူသားပဲ နှောင်းရဲ့၊ သီသီဟာ ကိုယ့်ဘဝရဲ့ မှားယွင်းမှု တစ်ခုပဲ''
ဂျူး
အပိုင်း ၁၃ မနက်ဖြန်ဆက်ပါဦးမည်...
Comments