အခဏ်း။ ၉ ။
သိပ်ဂျဘိုးကျသော ဘုန်းကြီးများ။
ထွန်းရှိန်၏မိခင် မထွေးမယ်သည် ပြည်မြို့သို့ ဈေးဝယ်ရောက်ရှိလာလေ၏။ “ဒီတခါဖြင့် မမညွန့်ရဲ့ ထောက်ပံ့ပုံကို သေသေချာချာ သိခဲ့ရတော့မှာဘဲ” ဟု ရည်ရွယ်၍ ၄မိခင်ကို မမညွန့်တိုက်သို့ အလည်ဝင်စေလေ၏။
“အမေရေ .. မမညွန့်ကတော့ သိပ်ကျောင်းနေစေချင်တာဘဲ။ အရွယ်လဲ ငယ်တော့ နေဘို့ချည် ခဏခဏပြောတယ်” ဟု မိခင်ကြီးယူခဲ့သော နံသာပုငှက်ပျောလက်ဆောင်ခြင်းတောင်းကို မနိုင့်အနိုင်ဆွဲရင်း မေးလေ၏။
“ကွယ် ... ငါ့သားကလဲ၊ မင်းလဲသိသားနဲ့။ အမေတို့ ဘယ်လိုလုပ်ပြီး ပို့မလဲ။ ရန်ကုန်မှာထားတယ်ဆိုတာ သိပ်ပိုက်ဆံကုန်တာကွဲ့။ အမေတို့မှာ ဝင်ငွေ ရှေးကထက် ဆုတ်ဆုတ်နေတာဘဲ ..” ဟု ပြောပြီး “ပေးပေး ... ငါ့သား လေးရင် အမေဆွဲခဲ့မယ် ..” ဟု ဆွဲခြင်းတောင်းကို ပြန်တောင်းလေ၏။
“အို .. နေပေစေ။ ကျွန်တော် နိုင်တယ်။ ဘယ်လောက်ဝေးတာမှတ်လို့။ လန်ချားလဲ မငှါးပါစို့နဲ့လား အမေ ...”
"ငါ့သားသဘောပေါ့ လူလေးရယ် .... အမေတို့ကလဲ ငါ့သား ပညာတတ်အောင် ထားချင်တာပေါ့”
“သိပါတယ်၊ အကုန်သိတယ် အမေရဲ့။ သို့ပေမဲ့ ခုပုံကြည့်ရတာ မမညွန့်ရဲ့ အကူအညီဘဲ ရမလိုလို၊ ပြီးတော့ အမေနှင့် ကြည့်ပြောပါအုံးမယ်တဲ့ ...”
“ဟေ သူက ထောက်ပံ့အုံးမတဲ့လား။ အင်မတန်တော့ ကပ်စေးနှဲတဲ့မိန်းမဘဲကွဲ့။ ငါ့အမျိုးပါဘဲ။ သို့ပေမယ့် မင့်တော့ သိပ်ချစ်တယ်။ ချစ်သလောက် ထောက် မထောက်တော့ မပြောတတ်ဘူးပေါ့ကွယ်။ ပြောစမ်းပါအုံး၊ လာလာ အရိပ်ထဲက သွားရအောင် ” ဟု ပြောပြီး မကျည်းပင်ရိပ်မှ ဆင်းသွားကြလေ၏။
“ဒီလို အမေရဲ့၊ ကျွန်တော့်ကို သူက ခဏခဏ ကျောင်းဆက်နေဘို့၊ ရန်ကုန်ကောလိပ်မှာ သင်ဘို့ ပြောနေတော့ ကျွန်တော်က ကျွန်တော့်အဖေအမေ မပို့နိုင်ဘူး၊ ဆင်းရဲတယ်လို့ ဘူးခံနေတော့ သူက ဘယ်လောက် ကုန်မလဲတဲ့။ အမေတို့က ဘယ်လောက်ပို့နိုင်သလဲတဲ့။ ကျွန်တော်က နှစ်ဆယ်တော့ ပို့နိုင်မှာဘဲလို့ပြောတော့ မတိုးနိုင်ဘူးလားတဲ့၊ ကြပ်ကြပ်တဲတဲနှင့် သုံးဆယ်တော့ ပို့နိုင်ပါလိမ့်မယ်လို့ ပြောတာကိုး။ ဒီငွေနှင့် မလောက်ဘူးလားတဲ့။ ငါးဆယ် အဖျင်းဆုံး ကုန်မယ်ဆိုတော့ ချွချွေတောတာသုံးဘို့ ပြောတယ်။ ကျွန်တော်က ကျောင်းလခချည်း ၃ဝိ- ကုန်မယ်။ အိမ်က မပို့နိုင်ဘူးဆိုတော့ မင့်အမေနဲ့ ကြည့်ပြောအုံးမယ်ဆိုတာဘဲ ” ဟု မိမိစိတ်ထဲ၌ မျှော်လင့်ချက်နည်းသော်လည်း ထွန်းရှိန်သည် သူ့မိခင်ကိုကား မျှော်လင့်ချက် အနည်းငယ်ပေးလေ၏။ သူအရင်က မျှော်လင့်ချက်ကလေးနှင့် ဝမ်းသာခဲ့သလို မိခင်ကြီးလည်း ဝမ်းသာစေလိုသည့် လက္ခဏာရှိ၏။ သို့သော် မိမိ မျှော်လင့်ချက်မဲ့တော့ ဝမ်းနဲသလို မိခင်ကြီး ဝမ်းနဲကြေကွဲမည်ကို မတွေးမိချေ။
“အေး ဒီလိုဖြင့် သူက ၂ဝိ- လောက်တော့ လစဉ်ထောက်ပါလိမ့်မယ် ထင်ပါရဲ့။ သူကသာ ၂ဝိ- ထောက်ရင် အမေတို့က ၃ဝိ- တော့ ရှာကြံထောက်မယ်ကွယ်။ မင်းကလဲချွဲ၊ ငါကလဲ ပြောပေးမပေါ့ ... ပေးကွယ် လူလေးမောနေပြီ ... အမေရွက်ခဲ့မယ်လေ ...” ဟု ငှက်ပျောသီးတောင်းကို တောင်းပြန်၏။
“ကိစ္စမရှိဘူး၊ ကျွန်တော် မမောဘူး၊ ကျွန်တော့်ကံပေါ့လေ ...”
“နို့ မင်းတို့သပိတ်မှောက်ကြတုံးက မင်းကဘဲ အမေတို့ဆီ စာရေးသေးတယ်ကွယ် ... ကျောင်းလခတွေ လျှော့တော့မှာတဲ့၊ ကျွန်တော်တို့ ကျောင်းနေနိုင်မှာတဲ့၊ ခုတော့ ဘယ့်နှယ်လဲ၊ လျှော့ရဲ့လား”
"ခုထက်ထိ မလျှော့သေးဘူးအမေရဲ့။ လျှော့မယ်လို့ ပြောပြီး ကျောင်းသားတွေ ပြန်ခေါ်တာ။ သိပ်ညာကြတာဘဲ။ လျှော့လဲ သုံးလေးကျပ်ပါဘဲ အမေရာ။ ကျွန်တော်တို့က ကျောင်းလခ မလျှော့ရင် ပြန်ပြီးမလှန်ဘို့ ပြောကြတာဘဲ။ ဂတိကို ယုံပါတဲ့။ နောက်လျှော့မှာပါတဲ့။ ခေါင်းဆောင်ကြီးတွေက ဝင်ပါဆိုတော့ ပြန်ဝင်ကြတာပေါ့”
“အေး ... နောက် ဒါဆရာပေါ့ကွယ်” ဟုပြောပြီး သားအမိ ငြိမ်သွားကြလေ၏။
မကြာမီ မစောညွန့်ဆီ ရောက်ကြလေ၏။ မစောညွန့်သည် ဖေါ်ရွေစွာနှုတ်ဆက်ပြီး သင်ဖြူးပေါ်တွင် ဧည့်ခံလေ၏။ ငှက်ပျောသီးရတာ အလွန်ကျေးဇူးတင်ကြောင်း ပြောပေ၏။ နောက် ဘာဝယ်လာသလဲ၊ ဘာလဲ ညာလဲဖြင့် ဟိုနှယ့်သည့်နှယ် လေရှေနေလေ၏။ တော၌ လယ်တွေ ယာတွေအကြောင်း မေး၏။ စကားများမှာ လိုရင်းမရောက်နိုင်သဖြင့် မထွေးမယ်မှာ စကားတွင် စိတ်မပါလှပေ။ သူကစ၍လည်း မပြောဝံ့ရှာပေ။ အကူအညီဆိုသည်မှာ ကူလိုသူက စ၍ပြောမှ တင့်တယ်သည်ဟု ထင်နေသည့်အပြင် ဤအရေးမှာ မစောညွန့် စ၍ဆွေးနွေးခဲ့သော အရေးဖြစ်သောကြောင့်တကြောင်း၊ ပိုက်ဆံရှိသူက ပိုက်ဆံမရှိသူသည် အကူအညီတောင်းရန် ပစပ်မရဲလှသည်မှာ ဓမ္မတာဖြစ်နေ၍ တကြောင်း၊ မထွေးမယ်မှာ မစောညွန့်အစကို စောင့်နေလေ၏။ ထွန်းရှိန်မှာလည်း ပစပ်ဟောင်းလောင်းနှင့် လိုရင်းတရားစီရင်ချက်ကို စောင့်နေလေ၏။
သို့သော် တနာရီမျှ ကြာသော်လည်း ထွန်းရှိန် ကျောင်းစကား မရောက်ရကား ထွန်းရှိန်သည် “ငါ ရှိနေလို့ မပြောသေးတာဘဲ” ဟုတွေးခါ နောက်ဘေးသို့ ဝင်သွားလေ၏။ နောက်ဘေးတံခါးဝကနေပြီး မိမိဘက်ကို မျက်နှာလှည့်နေသော မိခင်ကို မိမိအား ကျောပေးထိုင်နေသော မစောညွန့် မမြင်အောင် ထွန်းရှိန်သည် လက်ညှိုးထိုးပြ၏။ ပစပ်ကိုလည်း လက်ညှိုးထိုးပြလေ၏။ အဓိပ္ပါယ်ကား .... “ကျွန်တော့်အကြောင်းကို ပြောပါ” ဟု ဆို၏။ နောက် ထွန်းရှိန် ပြန်ထိုင်သောအခါလည်း မစောညွန့်မှာ အကြောင်းအမျိုးမျိုးကို ရှေနေပြန်သဖြင့် မထွေးမယ်သည် ထ၍ နောက်ဘေးသွားပြန်၏။ ယခင်ကလို ထွန်းရှိန်ကို လက်ညှိုးထောင်ပြလေ၏။ မစောညွန့်ကို လက်ညှိုးညွှန်ပြလေ၏။ ပစပ်ကိုလည်း လက်ညှိုးထိုးပြလေ၏။ “မင်းပြောပါကွယ်” ဟူသော အဓိပ္ပါယ်ကို ဆောင်ပေ၏။ သို့နှင့်လည်း လိုရင်းမရောက်။
မထွေးမယ် သူ့နေရာပြန်ထိုင်၍ တအောင့်မျှကြာမှ မစောညွန့်က...
“ဪ ... မောင်ထွန်းရှိန် စာမေးပွဲပြီးပြီ၊ အောင်လဲအောင်မှာပါ။ ဘယ့်နှယ် ကျောင်းရှေ့ဆက်ထားကြအုံးမှပေါ့ ... ” ဟု စပြောလျှင်၊ သားအမိနှစ်ယောက်သည် တယောက်မျက်နှာကိုတယောက် ကြည့်နေကြလေ၏။ ရင်ဖိုလာ၏။
“ရှေ့ဆက်ထားဘို့ ကြပ်နေတာဘဲ။ ကျမတို့ကလဲ ရှေ့ သိပ်ဆက်ထားချင်တာဘဲ။ ငွေရေးကြေးရေးက ကြပ်နေတယ်။ ဒါကြောင့် မဖြစ်နိုင်ပါဘူး မစောညွန့်ရယ်” ဟု စကားခင်းလေ၏။
“သူပြောတာက တလ ၅ဝိ-လောက် ကုန်မယ်ပြောတယ်။ နို့ ... ဘော်ဒါမှာ မနေဘဲ အရပ်ထဲမှာ အိမ်ပြန်အိမ်စားနေရင် မဖြစ်ဘူးလား”
“မဖြစ်ဘူး မမညွန့်ရဲ့ .. အရပ်ထဲနှင့် မြို့က သိပ်ဝေးတာဘဲ။ တမူးခရီး ပေးရတယ်၊ ပြီးတော့ နီးတဲ့ ကမာရွတ်နေရင်လဲ ကမာရွတ်ကို ကျောင်းက သပိတ်မှောက်ရမဲ့နယ်မြေလို့ လုပ်ထားတယ်” ဟု ထွန်းရှိန်သည် ခေါင်းငုံ့၍ ခြေသဲကိုပွတ်ရင်း ပြော၏။
“ဟုတ်ပြီ၊ တလ ရှင်တို့က ဘယ်လောက်ပို့နိုင်သလဲ”
“တလ ၂ဝ အစိတ်အပြင်က ပိုမတတ်နိုင်ဘူး မစောညွန့်ရဲ့” ဟု ပြောပြီး သားမျက်နှာကိုကြည့်ကာ ရင်ထဲက ဒုတ်ဒုတ်နှင့် ခုန်နေလေ၏။ မစောညွန့်လည်း ငြိမ်၍နေလေ၏။ သားအမိ နှစ်ယောက်ကား ညီတူသောအတွေးတခုကို စဉ်းစားမိကြ၏။
"ဧကန္တ ဘယ်လောက်ထောက်ရမယ်ဆိုတာ တွက်နေတာဘဲ” ဟု စဉ်းစားကြ၏။
သို့သော် နာရီချိန်သည်သာ တတစ်တစ် သွားနေ၏။ မစောညွန့် ပစပ်မှ စကားမထွက်လာ။ ထွန်းရှိန်သည် ဤလို ဇဝေဇဝက်နှင့် နေရခြင်းကို မခံနိုင်။ ဤပိုးစုန်းဖြူလင်းသလို တခါတရံလင်းသော မျှော်လင့်ချက်မျိုးကို မခံလို၊ ဤဆိပ်ငြိမ်နေခြင်းကို မခံနိုင်။ သို့ကြောင့် အရဲစွန့်၍ ...
“ကဲ ... ကျွန်တော်တို့ကတော့ ဘေးအကူမရဘဲနှင့် ကျောင်းမနေနိုင်ဘူးလေ၊ မမညွန့်က ကူမလား၊ တလ ဘယ်လောက်ထောက်မလဲ”
မစောညွန့်သည် ဒူးချ၍ထိုင်ပြီး ...
“အင်း ... အရပ်ထဲနေဖြစ်ရင်တော့ တို့အမျိုးအိမ် တအိမ်ရှိတယ်။ အဲ့ဒီမှာနေဘို့တော့ အိမ်ရတာဘဲ” ဟုပြောပြီး အဆုံးသတ်သဖြင့် သားအမိနှစ်ယောက် ရင်ကို ဒူးနှင့်ဆောင့်လိုက်သလို သူတို့ခမြာမှာ အောင့်သက်သက်ဖြစ်သွားကြလေ၏။ မိမိသားသည် ဘီအေအောင်၍ ဝန်ထောက်ကြီးဖြစ်လာတာကို မြင်ယောင်ယောင်တွေးခဲ့သော အတွေးသည် မထွေးမယ်ထံမှ ခြေရာပျောက် ပြေးလေ၏။ ဝန်ထောက်ဖြစ်လာသောအခါ ယောက္ခမလောင်းတွေက မိမိတို့ကို ငွေပေးပြီး သားကိုဝယ်ယူနေပုံကို မြင်ယောင်ယောင်ထင်မိသော ထင်ခြေမှာ မထွေးမယ်စိတ်တွင်းမှ ပျောက်ကွယ်သွား၏။
ကြီးမားသောကျောင်းကြီး၌ အဖေါ်တွေနှင့်နေပုံ၊ ခု ဟိုက်စကူးတုန်းကလို စာအုပ်တွေတပုံတခေါင်းကြီး မကိုင်ရတော့ဘဲ စာတအုပ်နှင့် ဖိုင်တခုကို ကိုင်၍ ကျောင်းတက်ပုံ၊ အသင်းတွေ၌ ဆောင်ရွက်နေပုံ၊ လူတွေအများကြီး အလယ်တွင် ထန်ထန်ကြီး စကားပြောနေပုံ၊ စာအုပ်အမျိုးမျိုး ဘတ်နေပုံ၊ ရွာကို ကျောင်းပိတ်ပြန်လာစဉ် အံ့သြစွာ ဆီးကြိုပုံတို့သည် ထွန်းရှိန်၏စိတ်မျက်လုံး၌ ကြိမ်ဘန်များစွာ ပေါ်၍လာလေ့ရှိ၏။ ထိုရုပ်ပုံများမှာ အထပ်လိုက် မီးနှင့် ရှို့ပစ်လိုက်သလို စိတ်မျက်လုံးများမှ ပျောက်ကွယ်၍ သွားလေ၏။ ထွန်းရှိန်မှာ တကယ်မျက်လုံးဖြင့် မြင်ဘို့ကို မဆိုထားဘိ၊ စိတ်မျက်လုံးဖြင့်မျှ မြင်ခွင့်မရှိတော့ပေ။
အတန်ကြာမှ သားအမိက “မဖြစ်ပါဘူး။ မနေနိုင်တော့ဘူး။ ဆယ်တန်းနှင့်ဘဲ လုပ်စားတော့မယ်” ဟု ဖြေကြလေ၏။
“ဒါထက် ထွန်းရှိန်ရေ ... နက်ဖန်ည ရွှေဘုန်းပွင့်ဘုရားမှာ တရားပွဲရှိတယ်၊ ရန်ကုန်က ကိုယ်တော်တွေတဲ့ ..”
“ဟုတ်တယ် ... ဘာအသုံးကျသလဲ ...”
“အို ... ဒီလိုမပြောနဲ့လေ ...”
“ဟုတ်သားဘဲ ဘာမှအသုံးကျတာတွေ မဟုတ်ဘူး၊ တရားဟောတာက ကလက်တက်တက်နှင့် ဂါထာနှင့်အနက်ကို တေးဆိုသလို ဆိုနေကြတာဘဲ၊ တကာမတွေလာရင် ညုတုတုပြော၊ ခရာတာတာလုပ်၊ သိပ်ဂျပိုးကျတဲ့ ဘုန်းကြီးတွေ ”
“မင်းတော့ ဓမ္မအန္တရာယ် သင့်ကုန်ပါလိမ့်မယ် ...”
“ဘာသင့်သင့် သေသေ၊ ငရဲကြီးကြီး၊ မဟုတ်မဟတ်လုပ်တာတော့ ပြောရလိမ့်မယ်၊ ကျွန်တော် အာဏာပိုင်ဖြစ်ရင် ဒီလိုသာသနာဖျက်ဆီးနေတဲ့ဟာတွေ သတ်ပစ်မယ် ... ။ ဘာလဲ ဘုန်းကြီးတန်မဲ့ လူပျိုလှဲ့တယ်၊ ရီးစားစာပေးတယ်၊ ကြိုက်တဲ့လူတွေကလဲ အံ့ပါ့၊ ကမြင်းကို ကမြင်းလွန်းပါတယ် လင်မရတိုင်း"
“ဟဲ့ ကောင်ကလေး ...” ဟု သူ့မိခင်က သတိပေးသော်လည်း ထွန်းရှိန်ကား တားမရတော့ပေ။
“ကြည့်ပါလား အမေရယ် ... ဟောမဲ့တရားက 'လာပါ လာပါ မကြည်ရဲ့ တရား' တဲ့၊ နားထောင်စမ်းပါဗျာ၊ သီချင်းဆိုပြမယ်"
"တရားထဲမှာ လူပျိုလှဲ့၊ သ္မီးရီးစားကွဲနေလို့ လွမ်းခမ်းဆွေးခမ်းတွေပါမယ်၊ များများပြောဘဲ၊ ဒါမှ တရားနာတွေ ရီးစားစကား ပြောတတ်မယ်၊ ရီးစားထားတတ်မယ်၊ တဏှာကြွမယ်၊ ရေးတဲ့ ဇီနာလင်္ကာရကို ယသော်ဓယာကို အချီးမွမ်းလွန်တယ်။ စာဘတ်သူတွေက ဘတ်ရင်း ရာဂစိတ်ပွါးနေမယ်ဆိုပြီး သီဟိုဠ်ပညာရှိတွေက ပယ်တယ်။ သူ့ကို စာကူး၍ မပေးဘူးတဲ့၊ ရှေးကတော့ တရားမှာ ရာဂနဲစေရတယ်၊ ခုတော့ ရာဂတဏှာ ကြွတာတွေမှ အကောင်းတဲ့၊ ဒါမှ ဗမာတွေ အလွမ်းမိပြီး လူပျော့ လူနုံတြွေဖစ်မယ်၊ တရားဟောတာတွေက အသုံးမကျတဲ့ပြင် တရားဟောပုဂ္ဂိုလ်တွေက အကျင့်ယုတ်တာက မပြောနှင့်တော့။ မိန်းမယူတာတွေ၊ တိတ်တိတ်ပုန်းနေတာတွေ သတင်းစာတွေမှာ မကြားဘူး လား၊ မန္တလေးမှာများ ဘုန်းကြီးတွေ မကောင်းတာလိုက်လို့ “မီးတချစ် တပဲ ” ဆိုတာတောင် ဘုန်းကြီးတွေ နားလယ်နေကြတယ်၊ ဒါ ဘုန်းကြီးအလုပ်လား၊ တောက် ... ဗမာရှင်ဘုရင်မရှိတာ သိပ်နာတာဘဲ၊ ဒီလို ဘုန်းကြီးမိုက်တွေ သင်္ကန်းချွတ်၊ ကြိမ်ဒဏ်ပေး၊ ကျွန်အလုပ်ခိုင်းဘို့ကောင်းတယ်။ ဒီတဏှာဘက်ကတင် ဘုန်းကြီးတွေ ပျက်တာမဟုတ်ဘူး၊ တိုင်းရေးပြည်ရေးလိုက်ပြီး ငွေစားကြသေးတယ်၊ မျက်နှာကြီးရာ ဟင်းဘတ်ပါကြသေးတယ်၊ ကြည့်ပါလား ဆရာတော်ကြီးတွေလုပ်နေပြီး ဘာမှဂတိမတည်ကြဘူး။ သူတို့မှာ ပါရာဇိကံကို မယုံဘူးထင်ပါရဲ့။ တော်တော်ကြာ ၅ဝဝဝိ-စား မုန်းပြန်ပြီ၊ အမဲလုံးပစ်တော့ နန့်နန့်တက်အောင် လုစားကြတဲ့ ခွေးတွေလို့ သူတို့ကဆဲပြီး အဲဒီ ၅ဝဝဝိ စားတွေက အမဲလုံးအပဲ့လေးတွေ ပေးတော့ သူတို့ယူစားကြတာတော့ ဘာတဲ့လဲ။ မြေလုမှု၊ ကျောင်းလုမှုတွေကလဲ မနဲဘူး၊ လောဘချည်းဘဲ၊ ကဲ အမေ ကြာကြာပြောတော့ လွန်မယ်။ သွားကြစို့ ”
“အို ... ထွန်းရှိန် လာတော့ လာပါအုံးကွယ်၊ ဒို့ဆီလာခဲ့ပါ။ မမညွန့် ဂျင်းသုတ်ကျွေးချင်လို့ ....” ဟု ဆိုပြီး ငှက်ပျောသီးဆွဲခြင်းတွင် ကြံသကာ ၅ဝိ- သားလောက် ထည့်ပေးလိုက်လေ၏။ သားအမိလည်း ပြန်သွားကြလေ၏။
“အေးကွယ် ... ကံပေါ့။ ပစ္စည်းပေါတဲ့လူနဲ့ ဆင်းရဲတဲ့လူပေါင်းရင် ဒီလိုချည်းဘဲ၊ အမေတို့က ငှက်ပျောသီး ၂- ကျပ်တန်လောက် ပေးတယ်။ သူတို့က ဟောဒီမယ် ကြံသကာ ငါးဆယ်သားလောက် ပြန်ပေးတယ်၊ ရန်ကုန်အိမ် အလကားနေရအောင် ကူညီမယ်တဲ့၊ သူဟာ အစားမပါသေးဘူးကွဲ့၊ သူ့ဆီသွားလိုက်အုံး၊ အလိမ္မာဘက်ပြီး နေရတယ် .....” ဟု မိခင်ကြီးက လမ်းတွင် ဆုံးမသည်ကို ထွန်းရှိန်သည် စကားပြန်မပြောဘဲ .. လိုက်လာလေ၏။
-------------------------
#သိန်းဖေမြင့်
Comments