Skip to main content

သူ့ကျွန်မခံပြီ (၁၁)

ပေါက်လှထင်သည်အတိုင်းပင် ဗိုလ်သူရိန်မှာ နာမည်ကျော်ထောင်ကြီးအတွင်းရှိ မှောင်မည်းစိုထိုင်းသော အလုံခန်းလေးတစ်ခုအတွင်း၌ ထိတ်တုံးခတ်လျက်ရောက်နေသည်။ထောင်ကြီး၏ ကြောက်မက်ဖွယ် သတင်းဆိုးတို့အား ယခင်က ကြားသာကြားခဲ့ဖူးသည်။ ယခုမူကိုယ်တိုင်ရောက်ရှိနေရလေပြီ။

မိမိ၏ ပယောဂမကင်းပဲ ဤထောင်တွင်းသို့ ရောက်ရှိခဲ့၍ ဤထောင်တွင်း၌ပင်လည်မျိုကို ကတ်ကြေးနှင့် ထိုးကာ အသက်ကို အဆုံးစီရင်သွားသည့် လူရမ်းကားကြီး ရနောင်မောင်မောင်တုတ်အား သွားသတိရသည်။ ဤအခန်းသည်ပင်လျှင် မောင်မောင်တုတ်နေသွားသော အခန်းပင်လော မပြောတတ်။ မိမိသည်လည်း မောင်မောင်တုတ်နည်းတူ ဇာတ်သိမ်းရမည်လော၊ သို့မဟုတ် ပိုမိုဆိုးရွားစွာ ဇာတ်သိမ်းရမည်လောမသိ။

မိမိကိုယ်ရေးမှသည် ခရီးထွက်သွားသော ငယ်သားနှစ်ဦးအတွက်ပူမိသည်။ လွတ်မှ လွတ်ကြပေမည်လော မပြောတတ်။ အတွေးတို့မှာဆက်ခဲ့ကာ ဗိုလ်မင်းထင်နှင့် ခင်ဘုန်းတို့ထံ ရောက်သွားပြန်သည်။

တစ်နွယ်ငင် တစ်စင်ပါ လိုက်တတ်သော မြန်မာ့ရာဇဝတ်ထုံးစံကိုနားလည်သဖြင့် ၎င်းတို့အတွက်လည်း စိတ်မအေး။ ယခုအချိန်ဆိုလျှင်ဤမောင်နှံလည်း မိမိနည်းတူ ဤထောင်ကြီးအတွင်းသို့ ရောက်ချင်ရောက်နေပေမည်။

လူတို့သည် ဘေးရောက်သည့်အခါ အားကိုးရာကို အမှတ်ရစမြဲဖြစ်သည်။

ပထမဦးစွာ နန်းတော်မှ စုဖုရားလတ်အား သွားသတိရသည်။ သို့ရာတွင်မိမိကဲ့သို့ ထင်ရှားသော တပ်မှူး တစ်ဦးအား ထောင်သွင်းအကျဉ်းချထားသည်အထိ အရေးယူသည့်ကိစ္စမှာ မင်းမိဖုရားတို့ မသိပဲမဖြစ်ကြောင်း နားလည်မိသည့်ခဏ၌ ဤမျှော်လင့်ချက်အား စွန့်လွှတ်လိုက်ရပြန်သည်။

နောက် မိမိ၏ဗိုလ်မင်း ဗိုလ်ဦးကြယ်အား သွားသတိရသည်။ ဗိုလ်ဦးကြယ်အား သတိရမိသည့်ခဏ၌ အားတက်သွားသည်။ မိမိအား ကယ်နိုင်မည် မကယ်နိုင်သည် အပထား၊ ဗိုလ်ဦးကြယ်မှာ ဤကိစ္စ၌လက်ပိုက်၍မူ ကြည့်မနေမှာ သေချာသည်။

ခဏမှာပင် မျက်နှာလေးတစ်ခုက မျက်စိတွင်းဝယ် ရေးရေးထင်လာသည်။ စောရှင်ဦး။ဒုက္ခရောက်နေသည့်ကြားမှ ဗိုလ်သူရိန်သည် ပြုံးလိုက်မိသည်။ဇာတ်လမ်းဆုံးပြီထင်မှ ခြံစည်းရိုးအား ဗဟိုထားကာ ချစ်အားသန်သမျှနှုတ်နှင့်မဆို၊ ကိုယ်အမူအရာနှင့် လှစ်ဟခဲ့ရသည့်အဖြစ်မှာ ရင်၌တသိမ့်သိမ့်ကြည်နူး ဖွယ်ပေါ်လာသည်။

ယခုအချိန်ဆိုလျှင် စောရှင်ဦးတစ်ယောက် မိမိဘယ်ရောက်နေသည်ကိုသိပါလေစ။ သိချင်လည်း သိနေပေမည်။ သိလျှင်...

ဗိုလ်သူရိန်က မရေရာသောအတွေးမျှင်တို့အား ဖြတ်ကာ လွတ်ထွက်ရန်လမ်းရှိလိုရှိငြား ပတ်ဝန်းကျင်အား အကဲခတ်မိသည်။သို့ရာတွင်ခဏချင်းပင် အားလျှော့မိသည်။ခိုင်ခံ့ထူထဲသော နံရံများ၌ လူထွက်ရန်မဆိုထားနှင့်၊ အလင်းရောင်ပင်ဝင်ပေါက်မရှိ။

ဗိုလ်သူရိန်သည် ဖြစ်သမျှအကြောင်း အကောင်းဟု စိတ်တုံးတုံးချကာအိပ်ပစ်ရန်ကြိုးစားသည်။ မရ။အတွေးမျှင်တို့က မဆုံးတန်းဝင်လာသည်။သည်လိုနှင့် တစ်နေကုန်သည်။ အစားအသောက်လည်း မရ။ ရသော်လည်း စားချင်စိတ် ရှိမည်မဟုတ်။ ရှိသည့်တိုင်အောင်ညှီပုပ်စော်နံသောဤအခန်းဝယ်မျို၍ကျမည်မဟုတ်။

ညဉ့်ဦး၌ အကျဉ်းတံခါးဖွင့်သံကြားရသည်။ မကြာမီပွင့်လာသောတံခါးမှမီးတုတ်၏ အလင်းရောင်ဝယ်အစောင့်နှစ်ဦးနှင့်အတူ မမျှော်လင့်သောပုဂ္ဂိုလ်နှစ်ဦးအား တွေ့ရသည်။ ဗိုလ်ဦးကြယ်နှင့်ဗိုလ်ကျော်ခေါင်။

ဗိုလ်ဦးကြယ်မှာ ထိတ်တုံးခတ်လျက် ရှုရက်စရာမရှိသော မိမိ၏တပ်မှူးအား မြင်မိစဉ် စိတ်ထိခိုက်ခြင်း ပြင်းပြဟန် စကားမဆိုနိုင်ပဲ ရှိသည်။

ဗိုလ်ကျော်ခေါင်ကိုယ်၌လည်း မျက်စိမျက်နှာပျက်နေ၏။ဗိုလ်သူရိန်ကသာ တည်ငြိမ်စွာပြုံးလျက်နှုတ်ဆက်သည်။

ဗိုလ်ဦးကြယ်က ဗိုလ်သူရိန်နားတွင်ဒူးထောက်ထိုင်လိုက်သည်။

“သူရိန် မင်းအဖြစ်ကို ငါမကြည့်ရက်ပါလား ဒီနေရာကယောက်ျားကောင်းတို့နေရာ မဟုတ်ဘူးကွယ့် ဆိုစမ်း မင်းဘာတွေလုပ်ခဲ့လဲ” ဗိုလ်သူရိန်က တည်ကြည်စွာပင်ဗိုလ်မင်းအားမော့ကြည့်လိုက်သည်။

“ကျွန်တော် နိုင်ငံနဲ့အမျိုးကို အန္တရာယ်ရောက်အောင် ဘာမှမလုပ်ခဲ့ပါဗိုလ်မင်း”
“ဒါကို ငါယုံတယ် သူရိန် ဒါပေမယ့် အရှင်နှစ်ပါးယုံအောင်ဘယ့်နှယ်လုပ်မလဲ”

ဗိုလ်သူရိန်က ဘာမျှမဖြေ။ မျက်နှာကျက်ကိုသာ မော့ကြည့်ငြိမ်နေသည်။ ဗိုလ်ဦးကြယ်က ဗိုလ်ကျော်ခေါင်ဘက်လှည့်လိုက်သည်။ “ကဲ ကျော်ခေါင် အချိန်မရှိဘူးပြောစရာရှိတာ ပြော ” ဗိုလ်ကျော်ခေါင်က ရန်သူဖြစ်သော်လည်းရဲရင့်တည်ကြည်သူ ဗိုလ်သူရိန်အား စိတ်မကောင်းစွာ တစ်ချက်ကြည့်လိုက်သည်။

“ဗိုလ်သူရိန် ကျွန်တော့်ကိုခွင့်လွှတ်ပါ ခင်ဗျားရဲ့ သတ္တိနဲ့စွမ်းရည်ကို ကျွန်တော် လေးစားပါတယ် ဒါပေမယ့် အရှင်နှစ်ပါးရဲ့ သစ္စာတော်ကို ကျွန်တော်ပိုလေးစားရတယ်” ဗိုလ်ကျော်ခေါင်က နိဒါန်းဆင့်သည်။ 

“ဒီတော့ တိုတိုပဲ ကျွန်တော်ပြောပါ့မယ်အရှင်နန်းမတော်ဖုရားက ဗိုလ်သူရိန်တို့အရေးကို ကျွန်တော့်ကို အကုန်လွှဲလိုက်တယ် ဒီလောက်ဆိုနားလည်ရောပေါ့”

“နားလည်ပါတယ်”

“ကောင်းပြီ စစ်သားချင်း စစ်သားလိုပဲ လိုရင်းပြောမယ် ဗိုလ်သူရိန်ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ဝန်ခံပါ ပြီးတော့ ဗိုလ်သူရိန်တို့ အဆက်အသွယ်တွေ၊ အစီအစဉ်တွေ၊ ရှေ့လမ်းစဉ်တွေကို ဖြောင့်ချက်ပေးပါ ဗိုလ်သူရိန် ရှေ့က ဆောင်ရ ွက်ခဲ့တဲ့ အမှုတော်တွေကိုထောက်ထားပြီး အသက်မသေစေရဘူး ဒါကို ကျွန်တော်အာမခံတယ် ဟောဒီက ဗိုလ်မင်းလဲ အာမခံတယ်”

“မှန်တယ်သူရိန် ငါ အာမခံတယ်”

ဗိုလ်သူရိန်က ပြုံးလိုက်သည်။

“ကျွန်တော် ဖြေပြီးပါရောလား နိုင်ငံတော်နဲ့ အမျိုးအတွက် ဘာအန္တရာယ်မှကျွန်တော်မပြုခဲ့ဘူး”

ဗိုလ်ကျော်ခေါင်က စိတ်မရှည်ဟန်ဝင်ပြောသည်။

“တန်ပါ ဗိုလ်သူရိန် ကျွန်တော်တို့လဲ သက်သေခံသဲလွန်စ ရသင့်သမျှ ရထားပါတယ် ဗိုလ်သူရိန့်အမှုကိုလဲ ပြန်စဉ်းစားနော်သူလျှိုမှု၊ သူပုန်မှု သူလျှိုသူပုန်တို့ကို ဒီထောင်တွင်းမှာ ဘယ်လိုစစ်တယ်ဆိုတာ ကြားဖူးမှာပဲ အခုက ယောက်ျားကောင်းချင်းမို့ စကားဆိုနေတာ”

ဗိုလ်သူရိန်က ဗိုလ်ဦးကြယ်၏ မျက်နှာအား လှမ်းကြည့်လိုက်သည်။ဗိုလ်မင်းက မျက်ရိပ်မျက်ခြည်ပြသည်။ဗိုလ်သူရိန်က သက်ပြင်းချလိုက်သည်။

“ကောင်းပြီ ဒီလိုဆို ကျွန်တော် ဒီညကစပြီး သုံးညစဉ်းစားခွင့်ပေးမလား”
“သုံးညတောင်လား”
“သုံးည တိတိပဲ ဟိုဘက်လွန်ရင်သဘောရှိ”
“ကောင်းပြီလေ ဗိုလ်သူရိန်ကတိသာ တည်ပါစေ”

ဗိုလ်ကျော်ခေါင်က သွားရန်ပြင်သဖြင့် ဗိုလ်ဦးကြယ်မှာ ထလိုက်သည်။

“သူရိန် မမိုက်ပါနဲ့ကွယ် ကြပ်ကြပ်စဉ်းစားပါ တိုင်းပြည်မှာအရေးပေါ်နေခိုက် ယောက်ျားကောင်းတစ်ယောက်ရဲ့ အသက်ဟာအကျိုးမဲ့ မဆုံးပါးထိုက်ဘူး”

သူတို့နှစ်ဦး ပြန်သွား၍ မှောင်မည်းမည်းတွင်ကျန်ခဲ့သော ဗိုလ်သူရိန်သည် ဦးနှောက်ကို အလုပ်ပေး၍ အခြေအနေအရပ်ရပ်အား ပြန်လည်သုံးသပ်ကြည့်သည်။

သူပုန်သူလျှိုမှုနှင့် အဖမ်းခံရသူကို မဆိုထားနှင့်၊ သာမာန်ရာဇဝတ်ကောင်များကိုပင် ထောင်တွင်း၌ သက် ညှာစွာဆက်ဆံရိုးမရှိ။

ဘယ်အတွက်ကြောင့် မိမိကျခါမှ ထုံးစံမဟုတ်သည့် စဉ်းစားခွင့်များကိုပေးနေသနည်း။ တပ်မှူးဟောင်းတစ်ယောက်ဖြစ်၍ အလဟဿ မသေစေလိုသော ဆင်ခြေမှာလည်း ယုတ္တိမရှိပေ။ ဤထောင်တွင်းတွင်အလျင်အမြန်အသက်ပျောက်ရသည်မှာ များပေပြီ။

ဗိုလ်ဦးကြယ်အားလည်း အဘယ့်ကြောင့် မိမိနှင့်လာတွေ့ခွင့် ပေးသနည်း။ ထုံးစံမှာ လက်အောက်ခံတပ်မှူးတစ်ဦးအား သူပုန်မှုနှင့်မိလျှင်နီးစပ်ရာအထက်အရာရှိအားလည်း ချမ်းသာပေးရိုးမရှိ။ ယခုမူ ဘယ်အတွက်ကြောင့် ဗိုလ်ဦးကြယ်အား မဖမ်းပဲ ထားပါသနည်း။

အဖြေရှာလျက်ရှိသော ဗိုလ်သူရိန်၏ စိတ်သန္တာန်ဝယ် မိမိအား မဖမ်းမီလေးတွင် ဧရာဝတီမြစ်တစ်လျှောက် အပြင်းခုတ်မောင်း ဆန်တက်သွားသော အင်္ဂလိပ်သင်္ဘောမှာ ထင်လာသည်။ ဤသင်္ဘောက ဘာကိုဆောင်ယူလာသနည်း။

ခဏချင်း၌ပင်ဗိုလ်သူရိန်မှာ အဖြေကိုဝင်းခနဲ ရလိုက်၏။

စစ် စဖြစ်ပြီလော၊ သို့မဟုတ်စစ်ဖြစ်တော့မည်လော။ သေချာပေသည်။ဗိုလ်ဦးကြယ်ကဲ့သို့ တပ်မှူးကြီးတစ်ဦးအား အရေးမယူ ခွင့်လွှတ်ထားပုံထောက်သော်စစ်ရေးပေါ်တော့မည်မှာ သေချာပေသည်။

ဤစစ်ရေးဖြင့် မိမိအပေါ်သက်ညှာမှုမှာ အထူးဆက်စပ် တွေးတောရန်မလိုတော့။စစ်ဖြစ်သော် ညောင်ရမ်းကိုယ်တော်လာလိမ့်မည်ဟု ပြည်သူအများကလည်း ယုံနေသည်။ မင်းမိဖုရား မှူး မတ်တို့လည်း စိုးရိမ်နေသည်။ယခုလောက်ဆိုလျှင် မိမိအား အရေးပါသော ညောင်ရမ်းဘက်တော်သားတစ်ဦးမှန်း သိကြပေပြီ။ ဤသို့သိသော် မိမိအား အမြန်သေစေလိုမည်မဟုတ်သေး။ သေစေရန်မှာ လွယ်ကူပါ၏။ ဤထောင်လယ်တွင်အချိန်မရွေး သတ်ပစ်နိုင်သည်။ မိမိအသက်ထက် မိမိထံမှ သတင်း ဖြောင့်ချက်က ပို၍ အရေးကြီးပေ မည်။ ဖြောင့်ချက်ရရန်သုံးရိုးသုံးစဉ်ညှဉ်းဆဲနည်းများမှာ မိမိကဲ့သို့သော ပုဂ္ဂိုလ်အတွက် အရာရောက်မည်မဟုတ်ကြောင်း ဗိုလ်ကျော်ခေါင်သည် ကောင်းကောင်းသိပေမည်။

လိုရာသတင်းရပြီးသည့်နောက်၌မူကား မိမိအသက်မှာ ၎င်းတို့အတွက်ဘာမျှတန်ဖိုးရှိတော့မည်မဟုတ်။အခြေအနေမှန်အား သုံးသပ်မိပြီးသည်နှင့်တစ်ပြိုင်နက် ဗိုလ်သူရိန်မှာစိတ်တွင်း၌ရှင်းသွားသည်။ မိမိ ချက်ချင်းမသေနိုင်သေးဟူသော အသိကပင် လောလောဆယ်အားဖြင့် စိတ်ချမ်းသာဖွယ်ဖြစ်သည်။

စိတ်အေးချမ်းသာသွားခါမှ စောစောက သတိမပြုမိသော ဆိုင်းသံများကိုကြားရသည်။ ဆိုင်းသံများသည် ရွှေနန်းတော်ကြီးရှိရာမှလာသည်။မရှေးမနှောင်းပင်ညပဟိုရ်တစ်ချက်တီးသံအား ကြားရသည်။ ထိုအခိုက်တွင်ပင်ညည်းညူသံလော၊ ငိုကြွေးသံလော မကွဲပြားသောအသံတို့အားမိမိအခန်းနှင့် မနီးမဝေးဆီမှ ကြားရ၏။ လေးလံသောအရာဝတ္တုများကိုမြေ၌ ဒယဥ့်တိုက်ဆွဲသွားသံများလည်း ပေါ်လာခဲ့သည်။ဗိုလ်သူရိန်၏ရင်မှာ ခုန်လာခဲ့သည်။ အဝေးမှ သာယာငြိမ့်ညောင်းသောဆိုင်းသံက လွင့်မြဲ လွင့်လာနေသည်။ရွှေနန်းတော်ကြီး၌ အတီးအမှုတ် အကအခုန်နှင့် ညပွဲဆင်ယင်နေခိုက်ထောင်ကြီးတွင် လူသတ်ပွဲကြီးများ ပြုလုပ်လေ့ရှိသည့်အကြောင်းကိုဗိုလ်သူရိန်မှာ သတိရလာ၏။

မှောင်နှင့်မည်းမည်းဝယ်ထောင်နံရံအား လက်နှင့်စမ်းမိသည်။ ညဉ့်နက်၍ စိမ့်အေးလာမှ အညှီအနံ့တို့က ပိုဟောင်လာသည်။ သွေးနံ့တို့ပင်လော မသိ။ထိုအခိုက်တွင် ဗိုလ်သူရိန်သည် မိမိကျရောက်နေသော ဌာနကြီး၏သရုပ်မှန်ကိုလေးလေးနက်နက်သဘောပေါက်မိသည်။ ဤဌာနကြီးကား ဝင်ခြေရာသာရှိ၍ ထွက်ခြေရာမရှိသော သေမင်းခံတွင်းပေါက်ကြီးသာတကား။

ထိုခဏမှာပင် အသံနက်ကြီးဖြင့် စူးစူးဝါးဝါးအော်ဟစ်လိုက်သံ ပေါ်လာသည်။ အသံမှာ လည်ချောင်းအား တစ်စုံတစ်ခုနှင့် ရိုက်လိုက်သကဲ့သို့ရုတ်ချည်း ငုံးတိတိနှင့်နစ်ပျောက်ဝင်သွားသည်။ဗိုလ်သူရိန်က စိတ်ပျက်ခြင်းကြီးစွာနှင့် ခေါင်းကို ထောင်နံရံ၌ လှန်မှီချလိုက်သည်။

ခဏတဖြုတ် ပေါ်ပေါက်ခဲ့သော စိတ်ချမ်းသာမှုလေးများမှာ လွင့်ထွက်ပျောက်ကွယ်ပြေးလေပြီ။

နောက်တစ်နေ့ နံနက်စောစောဝယ် အကျဉ်းတံခါးသည် ပွင့်လာသည်။အမှောင်တွင်း၌ ကြာခဲ့ပြီဖြစ်သော ဗိုလ်သူရိန်၏မျက်လုံးများမှာရုတ်တရက်ဝင်လာသော အလင်းရောင်ကြောင့် ပြာသွားကာ အစ၌ဘာမျှမမြင်ရ။ ရှေးဦးစွာ တွေ့လိုက်ရသူမှာ အလင်းရောင်အား ကျောပေးလျက်ဘီလူးကြီးတစ်ကောင်ပမာ မည်းမည်းမြင်ရသည့် ထွားကျိုင်းလှသော ပါးကွက်အာဏာသားကြီး တစ်ယောက်ပင်တည်း။ ၎င်းနောက်မှ ‘အဝှန်း’ တစ်ယောက်ပါလာသည်။

ပါးကွက်အာဏာသားကြီးသည်အဝှန်း၏ အကူအညီနှင့် ထိပ်တုံးပေါက်များမှ တစ်ဖက်သို့ထွက်နေသော ဗိုလ်သူရိန်၏ခြေထောက်များကို ပို၍ရှည်ရှည်ထွက်လာအောင် ခပ်ကြမ်းကြမ်းဆွဲယူ၍ သံခြေချင်းခတ်လိုက်သည်။ သံခြေချင်းမှ သံကြိုး၏ အဆုံးတစ်ဖက်သည်အတော်လေးဟန်တူသော သစ်တုံးတစ်တုံး၌ အသေတွယ်ထားသည်။ သံခြေချင်းဝတ်နှင့်လမ်းလျှောက်သော်သွားလေရာ ဤသစ်တုံးကိုသယ်ရမည်ဖြစ်သည်။

သံခြေချင်းခတ်ပြီးသော် ပါးကွက်အာဏာသားကြီးက ထိတ်တုံးအားဖွင့်ရင်း “အား ထိပ်တုံး ထက်တော့လွပ်လတ်သွားသပ လူရာ နော ပိုလွတ်လပ်ချင်ရင်တော့ မြန်မြန်သေဖို့ဆုတောင်းတာပ ဟီး ဟီး” ဟုဆိုသည်။

အဝှန်းကမူဘာမျှမပြော။ သံခြေချင်း ခိုင်မခိုင်လိုက်စမ်းကြည့်နေသည်။

ဗိုလ်သူရိန်မှာ ဗိုက်၊ လက်မောင်း၊ ပေါင်နှင့် မျက်နှာတို့တွင်မင်ကြောင်မင်ကွက်တို့ဖြင့် ကြောက်မက်ဖွယ် ရုပ်ပျက်ချင်တိုင်းပျက်နေသော ပါးကွက်အာဏာသားကြီး၏ ထွားကျိုင်းလှသည့် ခန္ဓာကိုယ်အားကြည့်မြင်မိစဉ် တစ်စုံတစ်ယောက်အားသွားသတိရသည်။ အသံကို
ကြားသော် ယောင်၍ ပါးစပ်ကိုဖွင့်မိသည်။ သို့ရာတွင် နှုတ်ကို စောင့်စည်း၍ ထွက်မည့်စကားအား ချုပ်တည်းထားလိုက်ရသည်။ ကိစ္စပြီးပြတ်သော် အဝှန်းနှင့် ပါးကွက်အာဏာသားကြီးလည်းထွက်သွားကြ၍ တံခါးမှာလည်း ပြန်ပိတ်သွားသည်။

ရုတ်တရက်တွေ့ခဲ့ရသော မျှော်လင့်ချက်ရောင်ခြည်ကြောင့် ဗိုလ်သူရိန်မှာ တုန်လှုပ်ခြောက်ခြားနေသည်။ သတိလစ်ကာ ခေါက်တုံ့ခေါက်ပြန်လမ်းစလျှောက်လိုက်သည်နှင့်တစ်ပြိုင်နက်သစ်တုံးက ဆောင့်ဆွဲလိုက်သဖြင့်မှောက်လျက်လဲကျသွား၏။ဗိုလ်သူရိန်သည်ဒေါသနှင့် အသက်မဲ့နေသော သစ်တုံးအား ဖနောင့်နှင့်ပေါက်မိသည်။ ခဏအကြာတွင် မိမိကိုယ်အား ပြန်ရယ်မိသည်။ထို့နောက် လမ်းပြန်လျှောက်ကြည့်သည်။ ဤအကြိမ်တွင်မူ လမ်းလျှောက်နည်းသိသွားသည်။ ခြေချင်းကြိုး တင်းသည်နှင့်တစ်ပြိုင်နက်ကြိုးအား လက်နှင့်ဆွဲယူလိုက်သော် လေးလံသောတုံးသည်ဒယဉ့်တိုက်ဆွဲပါလာသည်။

ဗိုလ်သူရိန်က အကျဉ်းတံခါးအား မျှော်လင့်ချက်ကြီးစွာနှင့် ကြည့်နေမိသည်။ မိမိစိုးရိမ်သည်မှာ စောစောက ပါးကွက်အာဏာသားကြီးပြန်မလာမည်ကိုပင် ဖြစ်သည်။

ဤတစ်ကြိမ်တွင်မူ ဆုတောင်းပြည့်ခဲ့သည်။ တံခါးပွင့်လာ၍ ပါးကွက်အာဏာသားကြီးသည် ထမင်းပန်း ကန်တစ်ချပ်အားကိုင်ကာ တစ်ဦးတည်း ပေါ်လာသည်။

“ရော့ လူရ စားဟ မသေခင်ဝဝစားထားတာပ ဒီထမင်း ဝဝစားရင်မြန်မြန်သေချင်မှာပဲ စိတ်ချ”

ဗိုလ်သူရိန်က ပါးကွက်အာဏာသားကြီးအား ပြုံးလျက်စိုက်ကြည့်လိုက်သည်။

“စောစောကတော့ မြန်မြန်သေချင်ပါတယ်ကွယ် အခု မောင်မင်းနဲ့တွေ့မှသေချင်စိတ်မရှိတော့ဘူး ဗလကြီးရယ်”

ထမင်းပန်းကန်အား ကုန်းချနေရာမှ ပါးကွက်အာဏာသားကြီးသည်ပေါင်အား မီးစနှင့် အထိုးခံလိုက်ရသူပမာ ဆတ်ခနဲ မတ်တပ်ရပ်လိုက်သည်။ မျက်လုံးကြီးများမှာ ပြူးရင်း ဗိုလ်သူရိန်အားကြည့်ခိုက်နှုတ်မှလည်း ထစ်ထစ်ငေါ့ငေါ့မေးလိုက်သည်။

“ဘ ဘ ဘသူ ဗ ဗ ဗလကြီးတဲ့ ဟုတ် ဟုတ် ဟုတ်လား”

မေးရင်း လူမှာလည်း တစေ ္ဆသရဲနှင့် တွေ့လိုက်ရသည့်ပမာ နောက်ဆုတ်သွားပြီး နံရံနှင့်ကျောကပ်လျက်မျက်လုံးများပြူးကာ ရပ်နေသည်။

“ဒီလောက်တောင်ပဲ ဖြစ်သွားရသလား ဗလကြီးရယ် မင်းအသက်ကို တစ်ခါက ကယ်ခဲ့တဲ့ စကြာကိုယ်တော်ပါလေ”

ဗလကြီး၏ပါးစပ်မှာ ပြဲဟသွားသည်။ ခေတ္တတွေဝေနေပြီးနောက်အပေါက်ဝဆီသို့ ထွက်သွားသည်။ လူရိပ်လူယောင်အား အကဲခတ်လိုက်ပြီးနောက်ဗိုလ်သူရိန်နား ဒူးထောက်၍ထိုင်လိုက်သည်။

“စကြာကိုယ်တော် ဟုတ်စ စကြာကိုယ်တော်ဘယ့်နှယ်ဒီထဲရောက်လာရတာလဲ”
“မသင့်မတင့်သောအကြံကို ကြံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပေါ့ ဗလကြီးရယ်”

ဗလကြီး၏မျက်နှာ၌ စိတ်ထိခိုက်ဝမ်းနည်းသော သဏ္ဍာန်ပေါ်လာသည်။

“လက်စသတ်တော့ စကြာကိုယ်တော်ဟာ ဗိုလ်မှူးကိုး အင်းဟိုနေ့က တိုင်တားမင်းကြီးရဲ့ ခွေးမသားလူရမ်ကားတွေကို ဝင်ဆုံးမလိုက်ကတည်းက ညောင်ရမ်းသခင်ရဲ့ လူလို့တော့ထင်မိသားကပဲ”
“အလို မင်းက ငါ့ကို ဘယ့်နှယ် ညောင်ရမ်းလူလို့ ဆိုသလဲကွဲ့ဗလကြီးရဲ့”
“အနှာလိုပဲ ပြောနေကြမင့်ကိုး သဟာထက်ကျွန်တော်အချိန်မရဘူး ဘာဆောင်ရွက်ပေးရမတုံး”
“မင်းဆောင်ရွက်ပေးချင်ရင် တစ်ခါတုံးက မင်းအသက်ကို ငါကယ်သလိုအခု ငါ့အသက်ကို ကယ်ပါလား”

ဗလကြီးက စိတ်ရှုပ်ဟန်ခေါင်းကိုကုတ်လိုက်သည်။

“သူတစ်ပါးကို ဒီနေရာက လွတ်အောင်ထား ကျွန်တော်တောင်မလွတ်နိုင်လို့ ဒီအလုပ်ဝင်လုပ်နေ သဟာ လူတွေသတ်ရတာတစ်ယောက်တစ်ကမ္ဘာဆို အဖန်ငါးရာငါးကမ္ဘာ အဝီစိက တက်လမ်းမမြင်ပါဘူး”

ဗလကြီးက ညည်းညည်းညူညူ ဆိုသည်။

“မင်း ဘယ့်နှယ်ဒီအထဲ ရောက်လာလဲ”

“ဓားပြအတိုက်ကောင်းလို့ပေါ့ ငတ်သဟာကိုး ဓားပြတိုက်ရတာပေါ့ တစ်ခါခိုး တစ်ခါ မိ၊ ထောင်ကျလာတော့ ပါးကွက်သားလုပ်ရင်လွတ်ခွင့်ပေးမယ်ဆိုတော့ ဝင်လုပ်ရတာပေါ့”
“အပြင်တွေ ဘာတွေ ထွက်ရလား”
“ထွက်ရသား ဒါပေမယ့် ဘယ်ထွက်ပြေးမလဲ ထွက်ပြေးလို့ပြေးစရာမြေကလဲ မရှိ စားစရာငွေလဲ မရှိ ဓားပြတစ်ခါတိုက်တစ်ခါ ပြန်ထောင်ကျဦးမှာပဲ”
“ကဲ ဗလကြီး ပြန်ပေဦး တော်တော်ကြာမှ ပန်းကန်ယူချင်ယောင်ဆောင်ပြန်လာခဲ့”

ဗလကြီးသည်သူ့အား မော့ကြည့်သည်။ ထို့နောက်စိတ်မကောင်းဟန်ခေါင်းကိုယမ်း၍ တံခါးပိတ်ထွက်သွားသည်။ကျန်ရစ်သူဗိုလ်သူရိန်မှာ မျှော်လင့်ချက်ရောင်ခြည်မြင်သဖြင့် အားတက်လာသည်။ ထို့ကြောင့် သံရော၊ ခဲရောနှင့် ဆားသာပါသည့်လုံးတီးဆန်အား မဝါးပဲနှင့်မျိုချ အာဟာရဖြည့်လိုက်သည်။

ထို့နောက်လမ်းလျှောက်ရင်း စဉ်းစားပြန်သည်။ အနည်းဆုံးတော့ အပြင်လောကနှင့် ဆက်သွယ်ပေးမည့် သးအား တွေ့ရပေပြီ။ မည်သူနှင့်ဆက်ရမည်နည်း။ခဏချင်းတွင်ပင် ဦးနှောက်၌ အလင်းရောင် ဝင်းလက်လာ၏။နေ့လည်ပိုင်းတွင် ရေတစ်မှုတ်ကိုင်လျက် ဗလကြီး ပြန်ပေါ်လာသည်။

“ဒီထဲမှာ ရေတောင်ရှားတယ် အကျဉ်းသားကို ရေဝအောင်ပေးတာမဟုတ်ဘူး အကုန်သာသောက် ညမှ တစ်ခါရမှာ”

ဗိုလ်သူရိန်က ရေကိုအားရပါးရ မော့ချလိုက်သည်။

“ကျေးဇူးပဲ ဗလကြီး ဒါထက်မင်း ငါ့အသက်ကို မကယ်နိုင်ဘူးလား”
“ကယ်ချင်တာပ ဗိုလ်မှူးရ လူချင်းလဲနိုင်ရင်အလဲသား”
“လူချင်းလဲဖို့တောင် မလိုပါဘူး ငါပြောမယ် ဒီအကြံအောင်ရင်ငါတောင်မဟုတ်ဘူး မင်းပါ ဒီထဲကလွတ်စေရမယ် စားဖို့လဲမပူရဘူး” ဗလကြီး၏မျက်နှာမှာ ဝင်းလက်သွားသည်။

မျက်လုံးများမှာလည်း အရောင်တောက်လာ၏။

“ပြောပါလေ ကျွန်တော်မလွတ်ချင်နေပါ ဗိုလ်မှူးလွတ်ရင်တော်ပြီ”
“ဒါဖြင့်ရင် ဒီညနေ မြို့ထဲမြန်မြန်ထွက်ပါ ဟောဒီမှာ သွားရမယ့်နေရာ ဆွဲပြမယ် သေသေချာချာကြည့်”

ဗိုလ်သူရိန်သည်မြေပေါ်၌ လက်သည်းနှင့်ခြစ်ကာ လမ်းစဉ်ကို သေချာစွာပြသည်။

“သွားတတ်ပြီလား”

ဗလကြီးက ခေါင်းညိတ်သည်။

“အဲဒီခြံသွား လူတစ်ယောက်ပန်းပင်ရေလောင်းနေတာ တွေ့လိမ့်မယ် တွေ့ရင်သခင်မလေးကို ပြောပေးပါလို့ ထောင်တွင်းကျနေတဲ့ ဗိုလ်သူရိန်ကို ဒီညကစ နှစ်ညမြောက်မှာ နောက်ဆုံးထားကယ်ပါလို့ မကယ်နိုင်ရင် နှစ်ညလွန်ရင် အသတ်ခံရတော့မယ်လို့ ကြားလား ”

ဗလကြီးက ခေါင်းညိတ်သည်။ ထို့နောက် တစ်စုံတစ်ခုကိုသတိရဟန်နှင့် “နှစ်ည ဟုတ်လား ဒီညနက်ဖြန်ညပေါ့”
“ဟုတ်တယ် ဘာဖြစ်လို့လဲ”
“ဟန်ပြီ ကျွန်တော်အကြံရပြီ အဲဒီလူတွေမှာ မြင်းစီးကောင်းဓားခုတ်ကောင်းတဲ့လူတွေ မရှိဘူးလား”
“ရှိတာပေါ့ ဘာလုပ်မလို့လဲ”
“နောက်မှပြောမယ် ကျွန်တော့်အကြံအောင်ရင် ဗိုလ်မှူးကော ကျွန်တော်ပါ လွတ်လမ်းရှိတယ် ကဲ သွားမယ် စိတ်ချ”

ဗလကြီးထွက်သွားသော် ဗိုလ်သူရိန်မှာ အံ့သြလျက် ကျန်ရစ်သည်။

မြေပေါ်တွင်ထိုင်ကာ နံရံအားမှီရင်း အစဉ်းစားလွန်မိပြန်သည်။စောရှင်ဦး၊ မိမိအသက်အား တစ်ကြိမ်ကယ်ခဲ့သော စောရှင်ဦး။ ယခုတစ်ကြိမ်တွင် ကယ်နိုင်ပါဦးမည်လော။စောရှင်ဦးအား သတိရမိသည့်ခဏ၌ မိမိနည်းတူပင် ဤထောင်ကြီးတစ်နေရာတွင်ရှိနေမည်ဖြစ်သော စောနော်မောင်အား အမှတ်ရမိ၏။

“အစောရဲ့ ကိုယ်ကို သိန္နီနယ်ကပိုင်သလို သိန္နီဟော်က ဆိုင်နေတယ်ကိုသူရိန်”

စောရှင်ဦး၏စကားသံက နားထဲ၌ ကြားယောင်လာသည်။ဗိုလ်သူရိန်က သက်ပြင်းချမိသည်။ အံကြိတ်ကာ အဆင်မပြေသောမိမိ၏ကံကြမ္မာအား စိတ်နာမိသည်။စောရှင်ဦးနှင့် ခွဲခွာခဲ့စဉ်က ဟိုတစ်ကြိမ်ကမူ ဤဘဝဝယ် ချစ်မိလျက်ရှင်ကွဲကွဲရတော့မည်ဟု စိတ်နှလုံး တုံးတုံးချမိသည်။ ယခုမူအဆင်မသင့်က သေကွဲပင် ကွဲရပေဦးတော့မည်။ချစ်သူနှင့်သာ ကွဲရလေမည်မဟုတ်။ အနှစ်နှစ်အလလ ကြိုးပမ်းခဲ့ရသော အရေးတော်ကြီးမှာ သဲထဲရေသွန် ဖြစ်ရပေတော့မည်။ လူ့သွေးနှင့်တည်ဆောက်ခဲ့သော ဤထီးနန်းအားဖြုတ်ချရန်ကြံမိစဉ် မိမိ၏သွေးမှာလည်း မြေကျရပေတော့မည်။

ဗိုလ်သူရိန်သည် အကျဉ်းတံခါးအား မျှော်လင့်တကြီးနှင့် စိုက်ကြည့်နေမိသည်။ ညနေစောင်းသော် တံခါး ပွင့်လာသော်လည်း ဗလကြီးတော့မူ ပေါ်မလာ။ အခြားအာဏာသားတစ်ဦးက ရေတစ်မှုတ်လာပေးသည်။ ထမင်းမူ မပါတော့။သို့နှင့်ညတိုင်အောင်ဗလကြီး၏အရိပ်အယောင်ကိုမျှ မမြင်ရ။ထိုညတစ်ညလုံး ဗိုလ်သူရိန်မှာ စိုးရိမ်စိတ်နှင့်နားမချမ်းသာဖွယ်ဆိုင်းသံနှင့် အော်ဟစ်ညည်းညူသံတို့အား နာခံရင်း အချိန်ကုန်ရသည်။ နောက်တစ်နေ့လွန်မြောက် ညရောက်၍မျှ ဤထောင်ကမလွတ်နိုင်လျှင် ဤဆိုင်းသံတို့အား နာခံရင်း မိမိမှာ ဤညည်းညူသံတို့၏ နောက်သို့ကောက်ကောက်ပါအောင်လိုက်ရပေတော့မည်။

နံနက်၌ အကျဉ်းတံခါးပ ွင့်လာသောအခါ ဗိုလ်သူရိန်မှာ ရင်တထိတ်ထိတ်နှင့် ကြည့်နေမိသည်။ ဗလကြီး ဝင်လာသည်ကို တွေ့ရသောအခါထခုန်မိမတတ်ဝမ်းသာမိသည်။ဗလကြီးက ထမင်းပန်းကန်အားချ၍ လေသံနှင့်တိုးတိုးဆို၏။

“အားလုံးဟန်တယ် ဒီညမှာ အဆင်သင့်ရှိပစေနော်”

“ဆိုပါဦး ဘယ်လိုဟန်တာလဲ ” ဗိုလ်သူရိန်က ရင်တထိတ်ထိတ်နှင့်မေးသည်။

“ကျွန်တော် ဒီမနက် သခင်မလေးဆိုတာနဲ့ကို တွေ့တယ် ကျွန်တော့်အကြံကို သူလက်ခံတယ်”
“ဟုတ်လား ဘယ်လိုလဲ”
“သိပ်ကြာကြာပြောလို့ မဖြစ်ဘူး လူရိပ်မိကုန်မယ်ဒီထောင်ထဲက လူသေတွေသာ ထွက်ရတယ် ဗိုလ်မှူးလဲ လူသေလိုပဲ ထွက်ရမှာပဲ ည ပဟိုရ်သုံးချက်မတီးခင်လာခဲ့မယ် အဲသဟာပဲ” 

ဗလကြီးသည်အမေးကို ထပ်မစောင့်တော့ပဲ လျင်မြန်စွာတံခါးပိတ်ထွက်သွားသည်။

ဗိုလ်သူရိန်မှာ တစ်ညလုံး မအိပ်ပဲစောင့်နေသည်။ ခါတိုင်းညကဲ့သို့ပင်ရွှေနန်းတော်ဘက်မှ တီးသံမှုတ်သံများ ကြားရသည်။ စိတ်ထင်၍လော၊လေသင့်၍လော မသိ၊ ဤည၌ ပိုကျယ်သည်ဟု ထင်မိ၏။ ထောင်တွင်း၌လည်း အော်ဟစ်သံ၊ ညည်းညူသံ၊ ရုန်းကန်သံ၊ ဒယဉ့်တိုက်ဆွဲသံတို့မှာ ပိုများနေသည်။ ညပဟိုရ်သို့ ဆက်ကာပြောင်းလာသည်။တီးသံမှုတ်သံတို့မှာ ညဉ့်နက်လေ ကျယ်လာလေနှင့်မစဲချေ။ထောင်တွင်းမှအသံတို့မှာလည်း မပျောက်၊ ညဉ့်နက်လေ တိုးလာလေဖြစ်သည်။ ဗိုလ်သူရိန်မှာ အပြင်းအထန် ခုန်နေသောရင်နှင့် အကျဉ်းတံခါးကိုသာ စိုက်ကြည့်နေမိသည်။ တစ်စတစ်စနှင့် ထောင်တွင်းမှအော်ဟစ်ညည်းညူသံတို့ ပျောက်ကွယ်ခဲ့သည်။ သို့ရာတွင်အပြင်အပ၌ခြေသံများ၊ လှုပ်ရှားသံတို့ကို ကြားနေရသည်။ ဗိုလ်သူရိန်သည်စိတ်ပျက်အားငယ်ချင်လာသည်။ ဤမျှ လှုပ်ရှားမှု ဗျာများနေသောညဝယ် ဘယ်ပုံ ထွက်ပြေးနိုင်မည်နည်း။ သို့ရာတွင် တဖြည်းဖြည်းနှင့်ခြေသံများအား မကြားရတော့။ မှောင်နှင့်မည်းမည်းဝယ် အသည်းတထိတ်ထိတ်နှင့် စောင့်နေရသူဗိုလ်သူရိန်အတွက်နာရီတို့မှာ ကုန်ခဲလှသည်ထင်၏။ စိတ်အားလျော့တော့မည်ပြုစဉ်အကျဉ်းတံခါးသည်ဖြည်းညင်းစွာ အသာဟလာ၍ အရိပ်သဏ္ဍာန် ဗလကြီး၏ မည်းမည်းကိုယ်ခန္ဓာကြီးမှာ အခန်းတွင်းသို့ ဝင်ရောက်လာကာ တံခါးကိုပြန်ပိတ်သည်။

“ဗလကြီးလား” ဗိုလ်သူရိန်က လေသံနှင့်မေးသည်။ “ဟုတ်တယ် အသာငြိမ်ငြိမ်နေနော် ခြေချင်းတွေ ဖြုတ်ရအောင်”

ဗလကြီးသည် မှောင်မည်းမည်းတွင်စမ်း၍ သော့နှင့်တူသောအရာဖြင့်ခြေချင်းများအား ဖြုတ်နေသည်။
ခဏအကြာတွင်ခြေချင်းနှစ်ခုလုံး ပြုတ်သွားသည်။

“ဘယ်လိုလဲ ဆိုပါဦး”
“ဒီည လူသုံးဆယ်လောက်ကွပ်မျက်တယ် ထောင်အမှုထမ်းတွေအားလုံး ခြေကုန်လက်ပမ်း ကျနေ တယ် ပြီးတော့ ထုံးစံအတိုင်းအရက်နဲ့ ရဲဆေးတင်သတ်ကြပြီး အခု အရက်နဲ့ ကြောက်စိတ်ဖြေထားကြတယ် နောက် သောက်တဲ့အရက်တွေထဲမှာ ကျွန်တော်
ဆေးခတ်ထည့်ထားတယ်”

ဗိုလ်သူရိန်သည်ဗလကြီးအား စိတ်တွင်းမှချီးကျူးလိုက်သည်။

“အခု ဗိုလ်မှူး ကျွန်တော့်နောက်လိုက်ခဲ့ မိုးမလင်းခင်အလောင်းတွေ မြို့ပြင်သင်္ချိုင်းပို့ရမှာပဲ အပြင်ရောက်ရင် ကျွန်တော်ပြတဲ့နေရာမှာ ပုန်းနေ နောက်လူသေကောင်တင်တဲ့လှည်းတစ်စီးစီးထဲဝင်လိုက်ရုံပဲ အရမ်းတော့မဝင်နဲ့ ကျွန်တော်အချက်ပေးမှဝင် မြို့ရိုးအထွက်မှာ တစ်ချီစစ်လိမ့်မယ် မပူနဲ့ ဒါပေမယ့်လှည်းကို ကျွန်တော် မောင်းမယ် ဘေးမှာတော့ အစောင့်သုံးယောက် ပါလိမ့်မယ် သင်္ချိုင်းရောက်ရင်သူတို့ကိုရှင်းမယ့်သူအဆင်သင့်ရှိနေတယ် ကဲ လာ”

နှစ်ဦးသားသည် သတိနှင့် အပြင်အားချောင်းကြည့်လျက် ထွက်လာခဲ့သည်။ အပြင်၌ မီးရောင်ဖျော့ဖျော့သာ ရှိသည်။ မလှမ်းမကမ်းတွင် ဓားကိုင်အစောင့်တစ်ဦးနှင့် အဝှန်းတစ်ဦးမှာ တစ်ခေါခေါနှင့် အိပ်ပျော်နေကြသည်။ ဗလကြီးသည်အကျဉ်းတံခါးအား သေချာပိရိစွာ ပြန်ပိတ်ခဲ့ပြီး ဗိုလ်သူရိန်အား လက်တို့၍ လက်ယာဘက်သို့ ဦးဆောင်ခေါ်ငင်သွားသည်။

မကြာမီ မှောင်ရိပ်ကျနေသော မြေကွက်လပ်တစ်နေရာသို့ ရောက်ခဲ့သည်။ ကွက်လပ်၏ တောင်ဘက်အစပ်၌ ဆယ်တောင်ခန့်မြင့်သောအုတ်တံတိုင်းတစ်ခုရှိ၏။တံတိုင်းနားရောက်သော် ဗလကြီးက ခေတ္တရပ်လိုက်သည်။

“ဗိုလ်မှူး ဒီကကျော်ပြီး ဟိုတစ်ဖက်ကို သွားရလိမ့်မယ် ဟိုဘက်ရောက်ရင် ဒီလိုပဲ ကွက်လပ်တစ်ခုတွေ့ဦးမယ် နံရံနားကကပ်လျှောက်သွား အနောက်ဘက် ခြေလှမ်းနှစ်ဆယ်လောက်မှာတွင်းတစ်တွင်းတွေ့လိမ့်မယ် အဲဒီထဲ ဆင်းပုန်းပြီး အရိပ်အခြည်ကြည့်နေ ကဲ ဗိုလ်မှူး ကျွန်တော့်ပခုံးပေါ်တက်”

သူ့ပခုံးပေါ် ဗိုလ်သူရိန်ရောက်လျှင် ဗလကြီးသည် သာမာန်လူမပြုနိုင်သောအမှုကို ပြုသည်။ သူသည် ဗိုလ်သူရိန်၏ခြေနှစ်ဖက်အားလက်နှစ်ဖက်နှင့်ဆုပ်ကိုင်ကာ တဖြည်းဖြည်းချင်း အပေါ်သို့မတင်သည်။သူ့လက်တစ်ဆန့်ဆုံးသော်လည်း နံရံထိပ်နှင့် ဗိုလ်သူရိန်၏လက်မီရန်မှာ တစ်တောင်ကျော်ခန့်လိုနေသေးသည်။

“အားယူခုန်ဆွဲ”

ဗလကြီးက အောက်မှ တိုးတိုးပြောသည်။ ပြောရင်းလည်း လက်တစ်ဖက်ချင်း အသာထိန်းမြှုပ်ကာ လက်ဝါးဖြန့်၍ ဗိုလ်သူရိန့်ခြေနှစ်ဖက်လုံး လက်ဝါးပေါ်၌ မတ်တပ်ရပ်သည်အထိပြုပြင်ပေးသည်။ဗိုလ်သူရိန်က ဗလကြီး၏လက်ဝါးများအား ကန်ကာ နံရံထိပ်အား
ခုန်ဆွဲလိုက်၏။ ကံအားလျော်စွာ အချော်အတိမ်းမရှိ ဆွဲမိသည်။နောက် ကျန်သောအပိုင်းမှာ မခက်တော့ချေ။ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း၌ ဗိုလ်သူရိန်သည် ကြောင်၏ပမာ ပေါ့ပါးစွာတစ်ဖက်မြေပြင်သို့ ရောက်သွားသည်။ ဗလကြီး ပြောသည့်အတိုင်းနံရံနားကပ်၍ အနောက်ဘက်သို့ ဆက်လျှောက်သွားရာ ခြေလှမ်းနှစ်ဆယ်ခန့်၌ လေးတောင်ခန့်နက်သော တွင်းတစ်တွင်းကိုတွေ့၍ဗိုလ်သူရိန်သည် အသာခုန်ဆင်းပုန်းနေလိုက်သည်။

ကွမ်းတစ်ယာညက်ခန့်အကြာတွင် လှည်းတစ်စီး၏အသံကို ကြားရ၏။

ဗိုလ်သူရိန်သည်တွင်းနှုတ်ခမ်းမှ ခေါင်းပြူကာ အရိပ်အခြည်ကြည့်သည်။လရောင်မှာ မှုန်မွှားစွာကျနေသော်လည်း ဤတစ်ဝိုက်တွင် အရိပ်များကျနေ၏။

လှည်းသည် ဗိုလ်သူရိန်ပုန်းနေရာနှင့် ဝါးတစ်ရိုက်ခန့်အကွာတွင် ဆိုက်ထားသည်။ လှည်းအိမ်မှာ သုံး တောင်ပတ်လည်အမြင့်ရှိသစ်သားများကာရံထားသော သေတ္တာကြီးသဏ္ဍာန်ရှိသည်။မကြာမီ မှောင်ရိပ်များကြားမှ ပါးကွက်အာဏာသားတစ်ဦး ပေါ်လာသည်။ သူ၏ကျောတွင်မူ လူသေတစ်လောင်းအား ပိုးလာ၏။ ပါးကွက်အာဏာသားသည် လှည်းတွင်းသို့ မိမိ၏ပစ္စည်းအား ပစ်ထည့်လိုက်သည်။

“ဘယ့်နှယ်လဲ ဟိုပြိတ္တာကြီး မလာသေးဘူးလား”

လှည်းဦးမှလူတစ်ဦးက မေးသည်။

“လာပါလိမ့်မယ် ဟော ပြောရင်းဆိုရင်း လာပြီ”

မကြာမီ ဗလကြီးသည် ကျောထက်၌ လူသေနှစ်လောင်းကိုထမ်းကာပေါ်လာသည်။မြင်ရသည်မှာ အသည်းထိတ်စရာပင် ဖြစ်သည်။ သို့ရာတွင် ကိုယ့်ဘြးနှင့်ကိုယ် ုဖြစ်သဖြင့် ဗိုလ်သူရိန်မှာ မကြောက်အား။ အရိပ်အခြည်ကိုသာသတိနှင့်ကြည့်နေရသည်။

ဗလကြီးသည် ပခုံးထက်မှ အလောင်းများအား လှည်းတွင်းသို့ပစ်ထည့်လိုက်၍ “ကဲငါ့လူသွားထမ်းချေဦး ငါက လှည်းမောင်းပြီး ဒီမသာတွေ သင်္ချိုင်းပို့ရဦးမှာ” ဟုဆိုသည်။

လှည်းဦးမှာ ပါးကွက်အာဏာသားကလည်း

“ကြိုက်ပါ့ငါ့လူ ကြိုက်ပါ့ ငါ့လူသာ ဒီမှာနေရစ်ပြီး သင်္ချိုင်းအထိမပျင်းမရိသွားချည်ပ” ဟုဆို၍ ထောင်အတွင်းဘက်သို့ ထွက်ခွာသွားသည်။

ဗလကြီးထံမှ ချောင်းဟန့်သံပေါ်လာသည်။ ဗိုလ်သူရိန်သည် မဆိုင်းတော့ပဲ လှည်းဆီသို့ချဉ်းကပ်လာသည်။ ထို့နောက် အရိပ်အခြည်ကြည့်ကာ လှည်းတွင်းသို့တက်ဝင်လျောင်းအိပ်လိုက်သည်။လှည်းတွင်း၌မူ မြင်မကောင်းရှုမကောင်း ခေါင်းပြတ်၊ လက်ပြတ်၊သွေးသံရဲရ ဲနှင့် အလောင်းများမှာ အတုံး အရုံးရှိနေကာ သာမာန်သွေးကြောင်သူအတွက်ရူးလောက်ပေသည်။ ဗိုလ်သူရိန်ကိုယ်၌ပင်အသည်းတွင်း၌ စိမ့်ခနဲ ဖြစ်သွားမိသည်။

မကြာမီ နောက်ထပ်တစ်လောင်းမှာ မြောက်တက်ကျလာပြန်သည်။ဤနည်းနှင့် အလောင်းများမှာ တစ်လောင်းပြီးတစ်လောင်း ဗိုလ်သူရိန်၏ကိုယ်ပေါ်သို့ ကျကျလာသည်။ အလောင်းများမှ အေးစက်စိုရွှဲသောသွေးတို့မှာ သူ့ကိုယ်ကိုပင် ကူးစက်၍ ရွှဲရွှဲစိုစေသည်။ နောက်တစ်လောင်းကျအပြီးတွင် ဗလကြီး၏အသံပေါ်လာသည်။

“ကဲဟေ့ ဆယ်လောင်းရှိပြီထွက်မယ် အစောင့်တွေကော”
“ဟိုမှာ လာပြီ” ခဏကြာလျှင်လှည်းသည်တအိအိနှင့် ထွက်သည်။

ထောင်ဗူးဝတွင် ဝတ်ကျေဝတ်ကုန် စစ်ဆေးသည်ကို ခံရပြီး လှည်းမှာဆက်ထွက်ခဲ့သည်။ ဗိုလ်သူရိန်မှာ စိတ်တထင့်ထင့်နှင့်လိုက်ခဲ့ရာ ကွမ်းနှစ်ယာညက်ခန့်၌ လှည်းရပ်လိုက်ပြန်သဖြင့် မြို့ရိုးတံခါး အထွက်သို့ဆိုက်မှန်း ရိပ်မိလိုက်သည်။

“ဟော လာပြန်ပြီတစ်လှည်း မပြီးသေးဘူးလား”

တံခါးစောင့်နှင့်တူသူတစ်ဦးက မေးသည်။

“မပြီးသေးဘူး နောက်ထပ်နှစ်လှည်းကိုလာဦးမှာ”

အစောင့်၏ ဆဲဆိုရေရွတ်သံ ပေါ်လာသည်။

“ကဲ စစ်ရင်လဲ မြန်မြန်စစ်ပါလေ သွားရဦးမယ်”
“စစ်မနေပါဘူး သွားမှာသာ မြန်မြန်သွားစမ်းပါကျက်သရေယုတ်လွန်းလို့”

“အံမာ လူသေကောင်များ ကျက်သရေယုတ်သတဲ့ တစ်နေ့ကိုယ်လည်း ဒီလမ်းသွားရမှာပဲဟာ”

“တော်စမ်း ဒီအာဏာသားတွေ ပါးစပ်ပုပ်က ထွက်လိုက်မှဖြင့်ကြွ ကြွ မြန်မြန်ကြွ” ဗလကြီး၏ အော်ဟစ်ရယ်မောသံကြားလိုက်ရပြီး လှည်းမှာ ဆက်ထွက်ခဲ့သည်။ ယခုမှ ဗိုလ်သူရိန်မှာသက်ပြင်းချမိသည်။ လှည်းဘီးသံမှာ တကျွီကျွီနှင့်ကျက်သရေကင်းမဲ့စွာတဖြည်း ဖြည်း လှိမ့်သွားနေသည်။ လမ်းဘေးတစ်ဖက်တစ်ချက်မှခွေးအူသံများကလည်း မစဲတော့။

“တောက် စစ်မြေပြင်ဆယ်ခါလောက်ထွက်လိုက်ချင်သေးတယ် ဟောဒါကြီးတွေ လိုက်လိုက်ပို့ရတာတယ် ကျောချမ်းသဗျ”

အစောင့်လိုက်ပါလာသူတစ်ဦးက ဆိုသည်။ ကျန်တစ်ဦးက

“အမှန်ပဲဗျို့ ဟောဒီလှည်းမောင်းနေတဲ့ ပြိတ္တာကြီးကိုက ငရဲသားလိုကြောက်စရာကြီး” ဟု ဆိုသည်။ ဗလကြီးကမူ ဘာမျှပြန်မဖြေ။တဟဲဟဲနှင့်ရယ်နေသည်။

“ငါ့လူတို့ ညောင်းရင်တက်လိုက်ခဲ့ပါလား ”
“တော်စမ်းပါ လူတွေကို ခင်ဗျားတို့အာဏာသားတွေလို အစိမ်းသရဲများ မှတ်နေသလား”

ဗလကြီးက ရယ်လိုက်ပြန်သည်။ “အခုနေများ အဲဒီကောင်တွေ ဖုတ်ဝင်ပြီး ငါတို့အပေါ် ခွစီးရင်ဘယ့်နှယ်လုပ်မလဲ”
“ဟေ့ သတ္တဝါကြီး ကြောက်ပါတယ်ဆိုမှ ဖြဲမခြောက်နေနဲ့နော် ဒါပဲ လစ်ပြေးမှာ”
“ပြေးရင်လဲ ပြေးတာပ ရာဇဝတ်သင့်မှ ငါ့လူတို့လဲ အခုလို လှည်းကြီးစီးပြီး အမြိုင့်သား လိုက်လာရမှာ ဟား ဟား”
“ဟာ ခက်တော့တာပါပဲ”
“ဒီမှာ ကိုရင် ဒီပြိတ္တာကြီးနဲ့ ဖက်ပြောမနေပါနဲ့ ကြောက်ရင်ကိုယ့်ဘာသာကိုယ်ဣတိပိသော ရွတ်လိုက်”

ဗိုလ်သူရိန်မှာ လှည်းတွင်းမှ ကျိတ်ပြုံးမိသေးသည်။ကြာကြာမပြုံးနိုင်။ အပေါ်မှပိနေသော အလောင်းများ၏ အအေးဒဏ်ကိုခံစားရစပြုသည်။ သွေးညှီနံ့များကြောင့် လူမှာလည်း အော့အန်ချင်လာ၏။လှည်းမှာ နောက်ထပ် ထမင်းအိုးတစ်လုံးချက်ခန့် ဆက်သွားနေပြီးထိုးရပ်လိုက်သည်။

ထိုအခိုက်တွင်ပင် မြင်းခွာသံများကြားလိုက်ရပြီး အော်ဟစ်ကြိမ်းမောင်းသံ ကြားလိုက်ရ၏။

“အကုန်ငြိမ် အားလုံးသေကုန်မယ် မလှုပ်နဲ့”

ခဏမှာပင် ဗလကြီး၏အသံမှာ ပေါ်လာသည်။

“ကဲ ဗိုလ်မှူး ထတော့ လွတ်ပါပြီ”

ဗိုလ်သူရိန်က အလောင်းများအား ဖယ်ရှားပြီး ထကြည့်လိုက်သည်။

အစောင့်သုံးဦးအား မြင်းစီးသမားငါးဦးက ဓားများနှင့်မိုးချိန်ထားသည်။ဗိုလ်သူရိန်က လှည်းထက်မှလျင်မြန်စွာ ခုန်ဆင်းလိုက်သည်။ဗလကြီးကမူ ဘယ်နေရာက ရခဲ့သည်မသိ၊ ကြိုးတစ်ချောင်းနှင့်အစောင့်သုံးဦးအား ချုပ်နှောင်ကာ အနီးရှိသစ်ပင်တစ်ပင်၌ ပူးတွဲချည်ထားလိုက်သည်။

ထိုအခိုက်ဗိုလ်သူရိန်မမျှော်လင့်သော အသံကလေးတစ်ခုက ပေါ်လာသည်။

“ကိုသူရိန်”

ဗိုလ်သူရိန်က အသံလာရာသို့ လှည့်ကြည့်လိုက်သောအခါ သင်္ချိုင်းကုန်း၏ တစ်ဖက်အဝ၌ စောရှင်ဦး၏ ကြော့ရှင်းသောသဏ္ဍာန်အား လှမ်းမြင်ရသည်။

သေတွင်းမှ လွတ်ထွက်လာခဲ့ရသော တပ်မှူးမှာ ဝမ်းသာဇောနှင့်လက်ကိုဆန့်ကာ စောရှင်ဦးထံပြေးသွားသည်။ စောရှင်ဦးက နောက်သို့ဆုတ်လှမ်းလိုက်ရင်း တိုးတိုးသတိပေးသည်။

“အို ကိုသူရိန် သတိထားပါ အစောတစ်ယောက်တည်းမဟုတ်ဘူး ဟိုမှာ လူတွေနဲ့”

ဗိုလ်သူရိန်က သည်တော့မှကိုယ်ရှိန်သတ်မိသည်။

“အစော အစော အစောရဲ့ ကျေးဇူးကို ကိုသူရိန်ဘယ်လိုဆပ်ရမလဲ”

“အစောကိုချည်း ကျေးဇူးမတင်နဲ့ ကိုသူရိန် ဗလကြီးကိုလဲကျေးဇူးတင်ဦး”

ထိုအချိန်တွင် ဗလကြီးတို့လူသိုက်မှာ အစောင့်သုံးဦးအားချည်နှောင်ပြီးစီးခဲ့သဖြင့် သူတို့နှစ်ဦး ရှိရာဘက်သို့လာခဲ့ကြသည်။

“ကဲ ကိုသူရိန် နောက်မှ စကားပြောကြတာပေါ့ ခရီးဆက်ကြရဦးမယ် ဟောဒါ အစောရဲ့မြင်း ဒီဟာက ကိုသူရိန်ဖို့ ဒီကောင်ကြီးကတော့ ဗလကြီးအတွက်”

စောရှင်ဦးက မှောင်ရိပ်တွင်ထားသော မြင်းများအား ညွှန်ပြသည်။

မကြာမီပင်လူအားလုံးမှာ မြင်းကိုယ်စီနှင့် သင်္ချိုင်းမှထွက်လာကြသည်။မထွက်ခွာမီ ဗလကြီးက အစောင့်သုံးဦးအား လှမ်းနှုတ်ဆက်လိုက်သည်။

“သွားပြီဟေ့ ငါ့လူတို့ရေ အဲဒီမှာ လိပ်ပြာလွင့်ပြီး သေချင်လဲသေကြ မသေရင်လဲ အဲဒီလှည်းစီးပြီး နောက်တစ်နေ့ကျမှအေးအေးဆေးဆေး ဒီနေရာ ပြန်လာကြပေ့ါ ဟား ဟား”

တက္ကသိုလ်ဘုန်းနိုင်
အပိုင်း ၁၂ ဆက်ပါဦးမည်

Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...