ဒုဋ္ဌဝတီမြစ်လျှင် စီးသွင်ညိုရစ် ဝိုက်လည်အပ်သော ကြွက်နဖားတောင်ခြေမှာပင်ဖြစ်ပါ၏။ လမဲ့သဖြင့် ကြယ်ရောင်တို့သာ မှုန်မှုန်ဝါးဝါးရှိသည်။
ဗိုလ်သူရိန်သည် စောရှင်ဦး၏ကိုယ်ကလေးအား ဝါးရုံပင်ရိပ် မြေညီညီဝယ် အသာချလိုက်သည်။ ဘေးရှိလူများအား ဂရုမပြုမိ။ ရှက်ရန်လည်းမသိ။ စိုးရိမ်ရန်လည်း သတိမရ။ ချစ်သူ၏ ဖြူဖျော့သောမျက်နှာအား စူးစိုက်ကြည့်ရင်း အံကြိတ်လျက်မှ မျက်ရည်များ ပေါက်ပေါက်ကျမိသည်။
ခင်ဘုန်းနှင့်စောနော်မောင်က အနီးတွင်ဒူးထောက်ထိုင်လာသည်။
“ဘယ့်နှယ်လဲ သွေးသောက် မျှော်လင့်ချက်ရှိပ့ါမလား ”
စောနော်မောင်က မေးသည်။
ဗိုလ်သူရိန်က မော့မကြည့်။ ခေါင်းကိုသာ ဖြည်းလေးစွာခါသည်။
“အောင်ပင်လယ်ရွာမှာ ဝင်ပြီး ဒဏ်ရာကို ဆေးတစ်ခါထည့်ခဲ့ပြီးပြီ ဒါပေမယ့် ခုတောင်သတိမရသေးဘူး”
အံကြိတ်ရင်း ဗိုလ်သူရိန်က ဆိုသည်။ထိုအခိုက်တွင် ခပ်လှမ်းလှမ်းမှ လူသံသူသံများကြားရသည်။ မကြာမီပင်သွေးသောက်ကြီးမြတ်ကျော်ပေါ်လာသည်။
“ဗိုလ်မှူးတို့ တောင်ခြေမှာ မိုးနဲစော်ဘွားမင်းနဲ့ နတ်မောက်မြို့မှအထောက်တော်များ ရောက်နေတယ် ညောင်ရွှေစော်ဘွားကြီးလဲ လဲချားမိဖုရားနဲ့ မင်းသားကိုဆောင်၍ ကုလားဖြူတို့ကိုတိုက်ရန်ရှောင်ထွက်လာပါတယ်”
ဗိုလ်သူရိန်က ဗိုလ်ကျော်ခေါင်နှင့် ဗိုလ်မင်းထင်တို့အား မော့ကြည့်လိုက်သည်။
“သွေးသောက်တို့ ကျွန်တော့်ထိပ်မှာ မြွေခဲသကဲ့သို့ပူလောင်နေပြီ သွေးသောက်တို့ပဲဆုံတွေ့ပြီး အရေးအရာကိုဆွေးနွေးကြပါတော့”
ခင်ဘုန်း၊ ပေါက်လှနှင့် ဗလကြီးမှတစ်ပါး အားလုံးက ဗိုလ်သူရိန်အားဂရုဏာသက်စွာကြည့်လျက် ထွက်ခွာရန်ပြင်သည်။ ဗိုလ်သူရိန်ကစောနော်မောင်၏ လက်အား ဆွဲထားလိုက်သည်။
“သွေးသောက်တော့ ခေတ္တနေရစ်ပါလေ ”
စောရှင်ဦးမှာ သတိလည်မလာသေး။
ခင်ဘုန်းသည် စောရှင်ဦး၏ ကိုယ်လက်များအား စမ်းကြည့်သည်။ကိုယ်ငွေ့မပြေသေး။ ရင်ခုန်သံမှာ မြန်လာသည်ထင်ရ၏။ ခဏအကြာတွင် ခင်ဘုန်းက ဝမ်းသာအားရ အော်လိုက်သည်။
“ဟော သတိရတော့မယ်”
အားလုံးမှာ စောရှင်ဦးအား ဝိုင်းကြည့်လိုက်ကြသည်။ရင်လေးမှာ တစ်စတစ်စနှင့် ဖိုလှိုက်လာသည်။ အသက်ရှုမှာ မှန်၍လာ၏။
ဗိုလ်သူရိန်က ပေါက်လှထံမှ ဆေးပုလင်းအားတောင်းကာ ပါးစပ်တွင်းသို့အစက်ချပေး၍ စောင့်ကြည့်နေသည်။ညမှာ နှင်းတို့ဖြင့် အေးချမ်းနေ၏။ ထိုအခိုက်ဗလကြီးက သစ်ရွက်၊ မြက်ခြောက်၊ သစ်ကိုင်းစများအား ယူလာကာ ကြိုးစားမီးမွှေးသည်။ မကြာမီမီးတောက်လာကာ အနွေးဓာတ်လည်းရလာ၏။လူနာမှာလည်း သဲ့သဲ့ညည်း၍ လှုပ်ရှားလာသည်။ အတန်ကြာသော်မျက်လုံးမှေးမှေးပွင့်လာ၍ ပြန်မှိတ်လိုက်သည်။ဗိုလ်သူရိန်သည် စောရှင်ဦး၏ကိုယ်လေးအား ပွေ့ယူကာ ရင်ခွင်တွင်းသွင်းလိုက်၍ အရူးပမာ တတွတ်တွတ်ခေါ်၏။
“အစော”
စောရှင်ဦး၏မျက်လုံးများမှာ ပြန်ပွင့်လာသည်။
“အစော ကိုသူရိန်ခေါ်နေတယ်လေ အစော”
စောရှင်ဦး၏မျက်နှာ၌ ပြုံးရိပ်ငွေ့ငွေ့ပေါ်လာသည်။ လက်ကလေးများမှာ လှုပ်ရှားလာ၍ ပွေ့ထားသူအား စမ်းသပ်သည်။
“ကို သူ ရိန် လား”
“ဟုတ်ပါတယ် အစောရယ် ကိုသူရိန်ပါ”
စောရှင်ဦးက သူ့လက်မောင်းများကို ဆုပ်ကိုင်လိုက်သဖြင့် ဗိုလ်သူရိန်က ပိုမိုတင်းကျပ်စွာ ပွေ့ထားလိုက်သည်။
“ကိုသူရိန် ဘယ်သူတွေရှိသေးလဲ”
သဲ့သဲ့မျှသောအသံနှင့် စောရှင်ဦးကမေးသည်။
“ရှိကြပါတယ်အစောရယ် စောနော်မောင်လဲ ရှိတယ် ခင်ဘုန်းလဲ ရှိတယ် ပေါက်လှလဲ ရှိတယ် ဗလကြီးလဲ ရှိတယ် အားလုံးရှိကြတယ်”
စောရှင်ဦး၏ ရီဝေဟန်တူသော မျက်လုံးများက လှည့်လည်ကာစောနော်မောင်ထံရောက်လာသည်။
“မောင်တော် အစောကိုခွင့်လွှတ်ပါ”
“အို နှမတော် တာဝန်ကျေသော နှမတော်ကို မောင်တော်ဘာခွင့်လွှတ်ရမလဲ”
စောရှင်ဦးက အသာပြုံးသည်။
“နှမတော်တာဝန်ကျေပြီ ဒါပေသိ”
စောရှင်ဦး၏လေသံမှာ ပြတ်သွား၏။
“ဒါပေသိ ဘာဖြစ်လဲ နှမတော်”
စောရှင်ဦးထံမှ အဖြေမရ။ မျက်လုံးရီဝေဝေတို့မှာ ဗိုလ်သူရိန်အားအဓိပ္ပါယ်နက်နဲစွာနှင့် စိုက်ကြည့်နေသည်။ ဗိုလ်သူရိန်က သက်ပြင်းရှိုက်လိုက်၍ စောနော်မောင်အား လှမ်းကြည့်သည်။
စောနော်မောင်က နားလည်လိုက်ပေပြီ။ သူက ချစ်သူနှစ်ဦးအား စိတ်ထိခိုက်စွာ တစ်ချက်စိုက်ကြည့်လိုက်၏။ ထို့နောက် စောရှင်ဦး၏ ပခုံးလေးအားဆုပ်ကိုင်ကာ ယုယကြင်နာစွာ ဆိုသည်။
“နှမတော် မောင်တော်နားလည်ပြီ နှမတော်တို့ ချစ်သူချင်းလွတ်လပ်စွာနေရစ်လေ မောင်တော်အနူးအညွတ်ခွင့်လွှတ်တယ်”
စောနော်မောင်က နေရာမှထသဖြင့် ကျန်အားလုံးမှာ ထလိုက်သွားသည်။
ထိုအခါကျမှ ဗိုလ်သူရိန်သည်စောရှင်ဦး၏ပါးအား မိမိ၏ပါးနှင့်ကပ်ထားလိုက်သည်။
“ကိုသူရိန်”
“ဗျာ ဗျာ အစော”
“အစော တာဝန်ကျေပါတယ်နော် ဒါပေမယ့်”
“ဒါပေမယ့်ဘာဖြစ်လဲ အစော ”
“ဒါပေမယ့် အစောချစ်တဲ့ သိန္နီနယ်ကိုအစောမြင်ရတော့မှာ မဟုတ်ဘူး”
“အို အစောရယ် အားတင်းမှပေါ့”
“ပြီးတော့ အစောချစ်တဲ့ ကိုသူရိန်နဲ့လဲ ဒီတစ်ကြိမ် တစ်ကယ်ခွဲရတော့မယ်”
“အို အစောရယ်”
“တကယ်ပါ ကိုသူရိန် အစောရဲ့ အချိန်ဟာ စေ့ခါနီးပြီ”
“မောပါ့မယ်အစောရယ် နားနေနော် ကိုသူရိန်ဆေးတစ်ခွက်ထပ်တိုက်မယ်” စောရှင်ဦးက လက်ဝါးကာသည်။
“တော်တော့မောင် အစောတို့ဆေး ဘယ်လောက်စွမ်းလဲဆိုတာ အစောသိတယ် အစော မောင်နဲ့ စကားပြောနိုင်ရုံတင်ပါ အစော မောင့်ကိုအများကြီး စကားပြောချင်တယ်”
ဗိုလ်သူရိန်၏ရင်မှာ ဆို့သွားသည်။တင်းဆည်ထားလျက်မှ မျက်ရည်များကကျလာသည်။ သူလည်း သိပေသည်။ ဤဒဏ်ရာကြီးဖြင့်ဆေးဝါးမစုံသည့် ဤတောမြုံအလယ်တွင်_
“မောင်ငိုနေလား”
“မငိုပါဘူး အစောရယ် မောင်မငိုပါဘူး”
“မငိုနဲ့လေ မောင် အစောနဲ့မောင်အခုလိုမခွဲရလဲ ရှင်ကွဲကွဲရမှာပါမောင်”
ဗိုလ်သူရိန်က စောရှင်ဦး၏မျက်နှာလေးအား ပါးနှင့်ကပ်ထားမိသည်။မျက်ရည်ချင်းမှာ ပေါင်းဆုံမိကြသည်။ စောရှင်ဦး၏ကိုယ်ခန္ဓာမှ အနွေးဓာတ်သည် တဖြည်းဖြည်းလျော့ပါးလာသည်။ မီးပုံမှ မီးတောက်တို့လည်း တဖြည်းဖြည်းလျော့နည်းလာသည်။
“အစောမရှိတဲ့အခါ မောင့်တာဝန်တွေကို ဖြောင့်ဖြောင့်ထမ်းနိုင်လိမ့်မယ် အစောတာဝန်လဲ ကျေပါပြီမောင်”
ဗိုလ်သူရိန့်ရင်ထဲတွင် ဆို့ကျပ်လျက်ဘာမှမပြောနိုင်၊ မပြောတတ်၊ ပြောစရာလည်း မရှိ။
“လူ့ဘဝကြီးဟာ အိပ်မက်ဆိုးကြီးပါ မောင်ရယ် အစော အခု အိပ်မက်ဆိုးကြီးကို မက်ရတော့မယ်”
မီးပုံမှအရောင်တို့မှာ မှိန်သထက် မှိန်လာသည်။ စောရှင်ဦး၏အသံတို့မှာလည်း လေးသထက်လေး၍ တိုးသထက်တိုးခဲ့လေပြီ။
“မောင့်ကို အစော ပြန်တွေ့ချင်သေးတယ် တစ်နေ့၊ တစ်ချိန်၊ တစ်နေရာ၊ တစ်ဘဝ” စောရှင်ဦး၏အသံမှာ မြုပ်နစ်ဝင်သွားသည်။
ဗိုလ်သူရိန်က ထိတ်လန့်တကြား မီးရောင်ဝိုးဝါးဝယ် ဝင်းလက်လျက်ရှိသော ချစ်သူ့မျက်နှာလေးအား ငုံ့ကြည့်လိုက်၏။ မျက်လုံးတို့မူမှိတ်လျက်ရှိလေပြီ။ ထိုခဏတွင်ပင် မီးပုံမှ နောက်ဆုံးမီးတောက်သည်ငြိမ်းသွားခဲ့သည်။ ဗိုလ်သူရိန်က စောရှင်ဦး၏ကိုယ်လေးအား မလွှတ်၊လက်တစ်ဖက်မှ ဓားအားဆွဲယူလိုက်သည်။ အရူးပမာ ဟစ်အော်ခြင်းကိုလည်း ပြုမိသည်။
“ကမ္ဘာမကြေဘူးကွ ကမ္ဘာမကြေဘူး”
နောက်တစ်ခဏတွင် ဓားအား မြေ၌ ဆောင့်စိုက်လိုက်၍ စောရှင်ဦး၏ပူနွေးခြင်းကင်းပြီဖြစ်သော ရင်ခွင်ထက်မျက်နှာမှောက်ကာ ကလေးပမာချုံးပွဲချ ငိုကြွေးလိုက်သတည်း။
လဆုတ်ရှစ်ရက်လသည် ရိုးမထက်မှ ထွန်းတက်လာသည်။ ရှမ်းပြည်ဘက်တက်သူတို့လည်း လမ်းခွဲခဲ့လေပြီ။ နတ်မောက်မှ ဦးမင်းရောင်၏အထောက်တော်က ဦးဆောင်လျက် ဗိုလ်သူရိန်၊ ဗိုလ်ကျော်ခေါင်၊ ဗိုလ်မင်းထင်နှင့် ခင်ဘုန်းတို့သည် တပည့်များနှင့်အတူ ဒုဋ္ဌဝတီမြစ်ကိုဖြတ်ကူးလိုက်ကြသည်။ မြစ်တစ်ဖက်ကမ်းထိပ်မှ ဗိုလ်သူရိန်သည်မြောက်ဘက်သို့ မြင်းထက်က လည်ပြန်ကြည့်မိသည်။ လရောင်မှုန်ဝါးဖြစ်သဖြင့် ရွှေရောင်ဝင်းသော မြေနန်းပြသာဒ်တော်ကြီးအားလည်းမမြင်ရပြီ။ မြင်ရသည့်တိုင် နရသေဌိနင်း မင်းလည်းရှင်းကွာ၍ ရန်သူ့လက် သက်ဆင်းရရှာသည့် ရတနာပူရရွှေမြို့တော်ကား လွမ်းလှအံ့ဖွယ်မရှိပြီတကား။ ခရီးထိပ်မှ မည်သူက လွမ်းလွမ်းဆွေးဆွေး ဆိုသည်မသိ၊တေးသံသည် ကြေကြေကွဲကွဲ ပေါ်လာသည်။
“နန္ဒာရေ ဝန်းရံခပတ်လည်ကာ ရွှေမန်းတောင်တော်သာ အို ဆန်းပါလှနန်းရွှေတိံသာ အိုလေ ဆန်းပါလှ မြို့နန်းရွှေတိံသာ”
မရှိတော့၊ မဟုတ်တော့ပြီဖြစ်သော အတိတ်အား ပြန်လည်လွမ်းဆွတ်ခြင်းသာ ဖြစ်ပေလိမ့်မည်။ ဗိုလ်သူရိန်၏ မျက်လုံးများကမြစ်ကွေ့မှ ရွှေစာရံစေတီဆီသို့ရောက်လာသည်။တစ်ကြိမ်တစ်ခါက ဤနေရာဝယ် ဖျော့ဖျော့သာကျန်ရှိသောလရောင်၌ မြစ်ရေခြားရာမှ လက်ပြကျန်ရစ်သူ ကမ္ဘောဇ၏ အလှသက်မျှ ချစ်သူ၏ရွှေဝါရည်ဝင်း ကြော့ကြော့ရှင်းသည့် သဏ္ဍာန်အား မြင်ယောင်မိသည်။
ယခုမူမြစ်ရေမက ဘဝခြားပေပြီ။ထီးနန်းလည်း ရှုံး၊ ချစ်သူလည်း ဆုံးနှင့် နှလုံးပေါက်ကွဲမတတ် ဝေဒနာနှင့်ဗိုလ်သူရိန်မှာ ကျောက်ရုပ်ပမာ ငြိမ်နေမိသည်။
ထိုစဉ်ဝယ် လက်တစ်ဖက်က ပခုံးထက်ပိုက်ပွေ့ကျလာသည်။ တည်ငြိမ်လေးနက်သော ဗိုလ်ကျော်ခေါင်၏ အသံမှာလည်း ထွက်ပေါ်လာသည်။
“နောက်ကို ပြန်မတွေးပါနဲ့တော့ သွေးသောက်ရယ် ရှေ့ကိုသာချီကြစို့ရဲ့ ဟော ဟိုနတ်မောက်ဆီက ထွန်းတက်လာတဲ့ ကြယ်တစ်ပွင့်ဟာ သွေးသောက်တို့ ကျုပ်တို့ရဲ့ အနာဂတ်ကြယ်မင်းပင်မဟုတ်လေလော”
ဗိုလ်သူရိန်က မြင်းစီးလျက် ဗိုလ်ကျော်ခေါင် ဓားဦးနှင့် ညွှန်ပြရာဆီသို့လှမ်းမျှော်ကြည့်လိုက်သည်။
အဝေးဝယ် တောင်ဘက် မည်းမည်းမှောင်သောမိုးပြင်၌ ကြီးမားသည့်ကြယ်တစ်ပွင့်သည် ရဲရဲနီထွန်း ပြောင်နေ၏။
ဗိုလ်သူရိန်သည် သက်ပြင်းကိုရှိုက်၊ အံကိုကြိတ်လိုက်သည်။ ထို့နောက်မြင်းဇက်ကိုလွှတ်ကာ ကြယ်မင်း ဥက္ကာ ရွှန်းရွှန်းဖြာလျက်ရှိသည့်နတ်မောက်ရှိရာဦးတည်၍ တစ်ဟုန်ထိုး စိုင်းနှင်ခဲ့လေသတည်း။
⬛
တက္ကသိုလ်ဘုန်းနိုင်
ပြီးပါပြီ။
စောင့်မျှော်ဖတ်ရှုပေးကြတဲ့ အယောက်စီတိုင်းအား ကျေးဇူးအထူးတင်ရှိပါသည်။
Comments