အခဏ်း။ ၁ ။
မိန်းမတွေ အများဆုံးပေါ့ -
အဆင်းလှနည်း-နိသျည်း။
ဣစ္ဆယျေုံ စေပိယံရူပံ။
ပီယံမုခံ ဘဝေဘဝေ။
ဒုမ္မနံ ပရိဝစ္ဖယျေုံ။
ဘာဝေယျုံ သုမနံသဒါ။
“ဦးပဉ္စင်းက ပါဠိရွတ်တာကိုဘဲ ... အချိုးမကျသေးဘူး။ ထပ်ပြီး ရွတ်စမ်းပါအုံး။ ဣစ္ဆေ နှင့် ယျုံ တကွဲစီ မရွတ်နှင့် ကိုယ်တော် ..။ ဆက်ပြီး ဆို။ ရူပံဆိုတော့လဲ (ပ) မှာ အသံ ဒီဃ- ထားမှပေါ့။ (ဝေ)ဆိုတဲ့ အသံကိုလဲ ကြပ်ကြပ်ဂရုပြုပြီးဆွဲပါ။ သိပ်ဆွဲတော့လဲ နားငြီးစရာကြီး။ တိုသွားပြန်ရင်လဲ ဘောက်ဆတ်ဆတ်နှင့်။ ကဲ ... ပြန်ပြီးတော့ ကြော့လိုက်စမ်းပါအုံး ” ဟု မှီအုံးကြီးကို မှီ၍ ခြေဆင်းကာနေသော ဆရာတော် ကြက်တူရွေး ဦးလောက မိန့်ပြန်သောကြောင့် ဦးပဉ္စင်း ဓမ္မကထိကလောင်း ဦးသုဓဇသည် အဟမ်း ... အဟမ်းနှင့် ချောင်းဟန့်၍ ဟန်ပြင်ရပြန်လေသည်။
ဦးသုဓဇသည် အမောမပြေသေးသည်နှင့် ထိပ်ကို လက်ဝါးဖြင့်ပွတ်ရင်း အချိန်ဆွဲနေလေ၏။ ထို့နောက် မေးတင်ထားသောလက်ကို သင်ဖြူးပေါ်သို့ လှဲလိုက်ပြီး ... "အဟမ်း .. အဟမ်း။ ဣစ္ဆယျေ .. ဟို .. ဟို .."ဟု စလိုက်လေ၏။
"အို ... ကြပ်လှပါလား ကိုယ်တော်ရယ်။ ယျုံကို သည်လောက်ဆွဲဘို့မလိုဘူး ကိုယ်တော်ရဲ့။ ရဿသံ ဆိုရင် တော်ရောပေါ့" ဟု ဆရာတော် ကြက်တူရွေးက ကြားဖြတ်ပြန်လေ၏။
"ဣစ္ဆယျေုံ စေပိယံရူပါ။ ပီယံမုခံ ဘဝေ ဘဝေ .....သုမနံသဒါ" ဟု ဦးသုဓဇသည် ရွတ်ဘတ်ပြီးလျှင် မောနေပြန်လေ၏။
“အောင်မယ်မင်း ဟဲ့လူ။ ဟား .. ဟား၊ ဘတ်ရတာ သုံးလေးခေါက်ရှိသေး၊ လျှာများထွက်အောင် မောနေပါပကော။ ကဲ တော်တော်တော့ တိုးလာပြီ၊ ရှေ့ဆက်စမ်းပါအုံး” ဟု မိန့်မြွက်တော်မူပြီးလျှင် ဆရာတော် ဦးကြက်တူရွေးသည် ဘေးသို့ ခွါထားသော ဧကသီဖြင့် ယပ်ခပ်နေလေ၏။
ဦးသုဓဇက ...
“ပါဠိတော့ ပြီးပါပြီဘုရား။ အနက်ကတော့ ဘယ်လိုဟာကို ရွတ်ရမလဲဘုရာ့။ ကိုယ်တော်တိုင်ပေးထားတဲ့ အနက်များလဲ မ,စမှဘဲ ဘုရား။ တပည့်တော်တို့တော့ ကိုယ်ပိုင် မတတ်နိုင်ဘူးဘုရား ...” ဟု လျှောက်ထားလေ၏။
“ဟိုစာအုပ်စင်မှာ အနဂ္ဃသာရမဉ္စရီယပ်လှဲ တရားစာအုပ်ရှိတယ်။ တော်တော်လေးကောင်းတဲ့ အနက်ပါတယ်။ အဲဒါဘဲ အာဂုံဆောင်တာပေါ့။ တပည့်တော်တော့ အချိန်မရလို့ ရေးမပေးနိုင်တော့ဘူး”
ဦးသုဓဇသည် အနဂ္ဃသာရမဉ္စရီယပ်လှဲ တရားစာအုပ်ကို ယူခဲ့ပြီး ဆရာတော်သို့ လှမ်းပေးလေ၏။ ဆရာတော်သည် အနက်ကို ရှာနေစဉ် ဦးသုဓဇသည် သူ့လက်၌ သင်ဖြူးရာကလေးများ ထင်နေသည်ကို သိ၍ လက်ကလေးများကို သနားစိတ် ပေါက်နေလေ၏။
“ကဲ .... ဟောဒီမှာ ဘတ်စမ်းပါအုံး။ ရိုးရိုးဘဲ ဘတ်သွားတာပေါ့။ ပြီးတော့မှ တပည့်တော်က အသံထားကို ရှင်းပြမယ်” ဟု မိန့်ကြားရင်း ဆရာတော် ဦးကြက်တူရွေးက စာအုပ်ကို ဦးသုဓဇ ရှေ့ဝယ် ချလိုက်လေ၏။
"ဘဝန္တော သံသရာဘုံကြောမှာ စုန်မျောကာ ဒလက်လယ်၍ ခက်စဘွယ် ငြီးတလျက် ဟီးချကာမှိုင် ဒုက္ခရေး စုပေါင်းကြတဲ့ အိုသူတော်ကောင်းတို့၊ ဘဝေဘဝေ ကြိမ်ကြိမ်ဖန်ခါ ကံကြမ္မာနှင့် သံသရာဒီလှိုင်း ဖြစ်လေရာ ဘဝတိုင်း ဘဝတိုင်း၌ ပိယံရူပံ ကောင်းခြင်းငါးဖြာ ကြန်အင်္ဂါနှင့် ညီညာဖြောင့်စင်း နှစ်သက်စရာ ရုပ်အဆင်းကိုလည်းကောင်း၊ ပိယံမုခံ ဆန်းပြည့်စန်းယုန် ပန်းပဒုံသို့ လှဂုဏ်တိုးတက် နှစ်သက်စရာ ချစ်မျက်နှာမျိုးကိုလည်းကောင်း၊ စေ-ဣစ္ဆယျေုံ ပူပင်ကြောင့်ကြ မဖြောင့်လှဘဲ တောင့်တငြိစွဲ အလိုရှိသည် ဖြစ်ကုန်ငြားအံ့။ (ဧဝံ၊ ဤသို့ တတမ်းတတ၊ လိုချင်ကြကုန်သည်ရှိသော်) ဒုမ္မနံ ဒေါသဣဿာ စိတ်မသမာနှင့် အဘိဇ္ဈာဆိုး တရားမျိုးကို ပရိဝဇေယျ ကိုယ်တွင်းဆက်ဆံ ဘက်မခံဘဲ ပယ်လှန်ဆုတ်ခွါ ရှောင်ကြဉ်ကြကုန်ရာသတည်း။ သုမနံ သူ့အပြစ်ခွ အချစ်ရှာသည့် မေတ္တာပူးပေါင်း အထူးကောင်းသောစိတ်ကို သဒါ၊ တတ်နိုင်သမျှ ကာလမဆိုင်း အချိန်တိုင်း၌ပင်လျှင် ဘာဝေယျ သတိတမန် ဉာဏ်မြေကတုတ် ချွန်းကိုအုပ်၍ အားထုတ်လေ့လာ ပွားများကြကုန်ရာသတည်း ... တဲ့။
“ဟုတ်ကဲ့ မဟုတ်လား၊ အနက်ပေး တော်တော်ချောတာဘဲ။ ဒီပြင်လဲ သုံးထားတဲ့စကားတွေကလဲ တယ်ယဉ်တယ် ဦးပဉ္စင်းရဲ့။ ခုကာလကြီးဟာ ယဉ်ကျေးတဲ့ကာလ၊ သိမ်မွေ့တဲ့ကာလကြီးမို့ ယဉ်တာမှ သုံးရမယ်။ နုတာမှ ယူရမယ်။ အနက်ကလေးက နုယဉ်ပြေပြစ်သလို ရွတ်ဘတ်တဲ့အသံကလဲ နုယဉ်ပျော့ပျောင်းရမယ် ဦးပဉ္စင်းရဲ့။ ပလုတသံ ဂီတသံဆိုတာ ၃-မတြာထက် ရှည်တဲ့အသံတဲ့။ ဒါ့ကြောင့် ဒီဃသံလဲမက ဂီတသံလဲ မကျ၊ မျှပြီး အသံထားနိုင်ဘို့ကို အမြဲမှတ်ထား။ ကြည့်ပါလား ... စိတ်ခြူးကြာညောင်... သင်းပျံ့အေးကြည် ... စတဲ့ ဘောလယ်တွေဟာ စကားမှာတော့ ယဉ်ရန်ကော ...၊ နုရန်ကော ...၊ တပည့်တော်တို့ ကျောင်းတောင်ဘက်က ရေထမ်းသမား ထွန်းဖေ ဆိုတော့ ပစ်လိုက်ရတာဘဲ။ အဆိုတော် မဧမိတို့၊ မကြည်အောင်တို့ ဆိုတော့ နားထောင်လို့မငြီး ညင်သာ ပျော့ပျောင်းလိုက်တာ။ ဒီလိုဘဲ၊ ဂါထာကိုလဲ အနက်ရွတ်ရာမှာ စကားလှပသလောက် အသံနေ အသံထား ချိုပါစေနော်။ ဟိုနားကထွေးခံ လှမ်းလိုက်စမ်းပါ ” ဟု ဆရာတော်က ထွေးခံ လက်ညှိုးထိုးပြလေ၏။
ဦးသုဓဇသည် ထွေးခံကိုယူပြီး ရိုသေစွာ ဆက်ပြီးနောက် ဒူးတုပ်လျက် နေလေ၏။
"ဒီတော့ လေယူလေသိမ်း အသံထားကို ကြပ်ကြပ် ဂရုပြုနော်။ ဘဝန္တော ဆိုတဲ့အခါမှာ (တော)ကို ဆွဲဆိုရမယ်။ အသံက မြင့်တက်သွားပေစေ။ ပြီးတော့ (အို) ဆိုတဲ့ စကားကျတော့ အရေးကြီးတယ်။ (အို) ဆိုတဲ့ အာလပနပုဒ်ကို အဆိုမှားမြှဖင့် တရောကလေး ညုနေရာ ပတ်မကြီး ဝင်တီးတာလို ရှိလိမ့်မယ်။ ကဲ တပည့်တော်လို ဆိုစမ်း။ အို ..."
"အို ... "
"နဲနဲလှဲ့ ဆိုရတယ်"
"အို ..... ဟုတ်ပြီလားဘုရား"
"နီးလာပြီ"
"အို ... "
"အို ..."
“နိပ်ပါပြီ။ ပီယံ မုခံ၊ ဆန်းစ ပြည့်စန်းယုန်၊ ပန်းပဒုံသို့ လှဂုဏ်တိုးတက် ဆိုတဲ့နေရာမှာ (ယုန်) ကိုဆွဲရင် မဲဇာတောင်ခြေ ရတုထဲမှာ ဘိုးစိန်ကြီး “ရွှေနန်းရွှေဘုံ အလုံးစုံကို အာရုံမျက်မြင်” ဆိုတဲ့ အသံကို တုပြီးသာ ဆိုပေတော့။ ဒီလိုမှတ်မှ လွယ်တယ် ဦးပဉ္စင်းရဲ့”
“တင်ပါဘုရား။ တပည့်တော် ဒီရတုတော့ ခဏ ခဏ ကြားဘူးသားဘဲ”
“ကောင်းတယ် .. ဒီလို ဓမ္မကထိက လုပ်ချင်ရင် ကဗျာကိုလဲ ခေါက်မိရတယ်။ ဂီတမှာလဲ ဗဟုသုတ ပြည့်ရမယ်။ ကဲ- နားထောင်။ တပည့်တော် အနက်ကိုရွတ်ပြမယ်။ သေသေချာချာမှတ်။ ပြီးတော့ ပြန်ဆိုရမယ် ကိုယ်တော်” ဟု အမိန့်ပြန်ပြီးနောက် ဆရာတော် ကြက်တူရွေး ဦးလောကသည် အသံနေ အသံထားဖြင့် ဂါထာကျူးရင့်၍ ပြလေ၏။
နောက်တကြိမ် ထပ်မံ၍ ဆိုပြသောအခါ ဦးသုဓဇသည်လည်း ခပ်တိုးတိုး လိုက်၍ဘတ်လေ၏။
"ဒီလောက်နှင့် အပြီးသတ်ချင်လဲ သတ်လိုက်နိုင်တာဘဲ။ ဒီလိုမှ မဟုတ်ရင် ဇေယျာဝတီ ဦးဝိဇ္ဇာတို့လို “ဪ” ဆိုတာထည့်ချင်လဲ ထည့်နိုင်တယ်။ “ဪ” ဆိုတာက အဆွဲရ သိပ်ခက်တယ်။ ခက်သလောက်လဲ အဆိုကျရင် နားထောင်လို့ အင်မတန်ကောင်းတာကိုး။ ဘဝေယျ .. ဪ .. အဘန်ဘန် သတိမြဲ၍၊ အကြံဉာဏ် အသိကဲလို့မို့၊ အမြဲဘဲ အားထုတ်ကြရာသတည်း ... လို့ ဆိုပြီး၊ ကွန့်ချချင်လဲ ချရပါရဲ့၊ တမျိုးကောင်းတာပေါ့လေ။ (အဟမ်း ... ထွီ) ကဲ-ပါဠိရွတ်တတ်ပြီ၊ အနက်ပေးတတ်ပြီ၊ အသံယူ လေသိမ်းလဲ ရပြီလား။ ဒီလောက်နှင့် ဓမ္မကထိက မဖြစ်သေးဘူး။ ပထမဆုံး ဒီတရားကို ဘယ်သူဟာ အကြိုက်ဆုံးဖြစ်မလဲလို့ စဉ်းစားရတယ်။ ကြိုက်မဲ့ပရိသတ်ရှေ့မှာမှ ဒီတရားကို ဟောရတယ်။ ကဲ ... ဘယ်သူ အကြိုက်ဆုံး ထင်သလဲ ကိုယ်တော်”
ဦးသုဓဇသည် စာရွက်ကလေးကို ဟိုဖက်လှန် သည်ဘက်လှန်လုပ်၍ တွေနေလေ၏။ အတန်ကြာမှ “ကောလိပ်ကျောင်းသားတွေ အကြိုက်ဆုံး ဖြစ်နေမှာပေါ့ဘုရား”
“ဘာကြောင့်လဲဗျာ။ ဟား ... ဟား ...”
“သူတို့ တော်တော်လှချင်တဲ့လူတွေဘဲ ဘုရား။ ပေါင်ဒါလဲ လူးတယ်။ အလှဆီလဲ သုံးတယ်။ အဝတ်အစားလဲ အမျိုးမျိုး ဝယ်ဝတ်တယ် ဘုရား”
"ဪ ... ဟုတ်သလောက်တော့ ဟုတ်မှာပေါ့။ သို့သော်လဲ အားလုံး မဟုတ်ဘူး။ လှချင်တာ ချောချင်တာက မိန်းမတွေမှာ အများဆုံးပေါ့ ဦးပဉ္စင်းရဲ့။ ဓမ္မကထိကလုပ်မယ့် ပုဂ္ဂိုလ်ဟာ ဒီလောက်ဘဲ အ နေရသလား ကိုယ်တော်။ မိန်းမတွေဟာ လှရမယ်ဆိုရင် သူတို့ကိုယ်ကို ရွေဘော်နှင့် ထိုးပါဆိုရင် ထိုးမှာဘဲ။ ဒီတော့ ဒီတရားကို မိန်းမများတဲ့ ပရိသတ်မှာ ဟောရမယ်။ စကားထဲက ကြားဖြတ်ပြီး ညုလုံးတွေလဲ များများထည့်ရမယ် ကိုယ်တော်။ လှတာဟာ ဘယ်လောက် ကောင်းပုံတွေပေါ့လေ။ ဒါတွင် မပြီးသေးဘူး ကိုယ်တော်။ အာဝဇ္ဇန်းရွှင်ရမယ်။ ရယ်စရာတွေပြောတိုင်း အာဝဇ္ဇန်းကောင်းပြီ မမှတ်နဲ့။ စကားဟာ ရွှင်လဲ ရွှင်ရမယ်။ အထစ်အငေါ့လဲ မရှိစေနှင့်။ စကားလုံး များနိုင်ရမယ်။ ချဲ့တတ်ရမယ်။ ဘဝန္တောကို အနက်ပင်ကိုယ်မှာတော့ သံသရာဘုံကြောမှာ စုန်မျောကာ ဒလက်လယ်၍ ခက်စဖွယ် ညည်းတလျက် ဟီးချမှိုင် ဒုက္ခရေးစုပေါင်းကြတဲ့ အိုသူတော်ကောင်းတို့ ... လို့ ဆိုမယ် မဟုတ်လား”
“မှန်ပါဘုရား ”
“ဪ ... ဘဝသံသရာခရီးကြီးဟာ အင်မတိ အင်မတန် ရှည်လျားတယ်။ အဲဒီ ရှည်လျားတဲ့ခရီးကြီးမှာ ... အထက်ဆန်လိုက်၊ အောက်စုန်လိုက်နှင့် တဝဲလယ်လယ် နေကြရတတ်။ ဘယ်တော့မှ လတ်မြောက်ခွင့် နီးပါ့မလဲလို့ တတမ်းတတနှင့် နေကြရပါကလား။ ထွက်ခွင့်မရနိုင် အလှိုင်လှိုင်ဒုက္ခနှင့်သာ ရှုပ်လှစွာ နေရပါကလား .. လို့ ညည်းညူနေကြရတယ်တဲ့။ တချို့ကလဲ ဟယ် ... တတ်နိုင်ပါဘူးလေ၊ မမှီတဲ့ပန်း တုံးခုလို့လှမ်းဆိုတာလို၊ အလွန်ခက်ခဲတဲ့ လွတ်မြောက်ရေးလမ်း နိဗ္ဗာန်နန်းမှာ စံမြန်းဘို့ မကြံတော့ပါဘူးလို့ လက်မှိုင်ချ ညည်းညူပြီး နေကြတယ်။ သံသရာဝဋ်တရားက ကင်းလွတ်အောင် မကြိုးစားကြဘဲ အကြိုက်ကလေးတွေ ကိုယ်စီထားလို့ အသက်ရှည်သမျှ ခံစားနေကြလိမ့်မယ်။ ဒီလိုနေလေ နစ်မွမ်းလေပေါ့။ ဒီလိုလူမျိုးကို ရည်ပြီး .... "
“ကျီးနက် မိုက်ခေါင်၊ ဆင်သေကောင်ထက်၊ သောင်ကိုမလှမ်း၊ ကမ်းသို့မတက်၊ အပုပ်မက်၍၊ စီးလျက်စားကာ၊ လိုက်လေပါက၊ သမုဒ္ဒရာရောက်ဆိုက်၊ လှိုင်းဝဲရိုက်၍၊ ရေ၌မွမ်းနစ်၊ ငါးစာဖြစ်သို့၊ စင်စစ်မှတ်ဆောင်၊ လူတို့ဘောင်ဝယ်၊ အိမ်ထောင်ဝဋ်ထဲ၊ သေအောင်စွဲ၍၊ အမြဲနေငြား၊ သားမယားနှင့်၊ ခံစားကာမ၊ လူထိုမျှကို၊ ဘာဂပညာ၊ ကျီးပမာဟု၊ မဟာဝိသုဒ်၊ မြတ်သမ္ဗုဒ်တို့၊ ရွှေနုတ်လှစ်ခွေ၊ ဟောခဲ့ပေ၏ ... ဟု၊ မဂ္ဃဒေဝပျို့မှာ မာန်လည်ဆရာတော် ရေးစပ်တော်မူခဲ့တာပါ။ အဲဒီလို သံသရာဝဋ်အတွင်းက မလွတ်ကင်းနိုင်တဲ့ လူအပေါင်းတို့လို့ ဦးပဉ္စင်းက ခေါ်လိုက်ခြင်းပေါ့နော် .. လို့ ချဲ့ပြီး ပြောရလိမ့်မယ်။ ဒီထက် ချဲ့ချင် ချဲ့တာပေါ့ ”
“တင်ပါ့ဘုရား .. ဒါကတော့ စာတတ်သလို ချဲ့ပေါ့ဘုရား ...”
“ဟုတ်တယ် .... ဟုတ်တယ်၊ ပြီး .... အဲဒီစကား ဖြတ်ထားခဲ့ပြီး... ပိယံရူပံ၊ ကောင်းခြင်းငါးဖြာ၊ ကြန်အင်္ဂါဖြင့်၊ ညီညာဖြောင့်စင်း၊ နှစ်သက်စရာ ရုပ်အဆင်းကိုလည်းကောင်း၊ ဝါ-မြင်သူတကာ ငေးငေးကြည့်လောက်အောင်လှတဲ့ အဆင်းကိုလည်းကောင်း၊ ဝါ- မြို့အုပ်လောင်း၊ ဝန်ထောက်လောင်းတွေ၊ အိုင်စီအက်တွေ၊ အစိုးရပညာတော်သင်တွေကတောင် ငမ်းငမ်းတက် ကြိုက်လောက် ချစ်လောက်အောင် ရုပ်မျိုးကိုလည်းကောင်း၊ ပိယံမုခံ ဆန်းပြည့်စန်းယုန်၊ ပန်းပဒုံသို့၊ လှဂုဏ်တိုးတက်၊ နှစ်သက်စရာ ချစ်မျက်နှာမျိုးကိုလည်းကောင်း၊ ဝါ- လဆန်းပက္ခမှာ၊ လမင်းဟာ တနေ့ထက်တနေ့ တိုးလို့သာ ကျက်သရေရှိသလို၊ နေ့စဉ်နှင့်အမျှ အလှတိုးတဲ့ အဖြစ်မျိုးကိုလည်းကောင်း၊ လပြည့်နေ့မှာ တိမ်တိုက်ကင်းစင်တဲ့ လမင်းကြီး လှတာလို၊ ဧလဲဧ မြလဲမြ ကြည်လဲကြည် ပလဲပတဲ့ မျက်နှာမျိုးကို လည်းကောင်း၊ ဝါ- ပွင့်သစ်စပန်းများလှသလို ရွှန်းရွှန်းလှပ ရွှင်လန်းတဲ့ရုပ်မျိုးကိုလည်းကောင်း၊ ဝါ- လမင်းကိုကြည်ရတာ အားမရတာလို၊ မသလဲတ သာလဲတ၊... လမင်းနှယ် ပေါ်လာပါတော့၊ သင့်အရောင် ငွေစန္ဒာဖြင့် ကမ္ဘာကို တန်ဆာဆင်ပါတော့လို့ လမပေါ်လာတော့ တရတာလို၊ ဪ .. မပေါ်လာ မြင်ရနိုးနှင့် မျှော်လိုက်ရတာ မျှော်တော်ဇောနှင့် မောပါပေါ့၊ မျက်နှာလမင်း ပပဝင်းကို ဘယ်တော့မှ မြင်ရတော့မှာလဲကွဲ့ လို့ တ,စေရမဲ့ရုပ်မျိုးကိုလည်းကောင်း၊ လမင်းကြီးဟာ ကမ္ဘာသူ ကမ္ဘာသားများကို မိမိ၏ ဧမြကြည်လင်သောအရောင်ဖြင့် ပေးနေသောအခါ၊ အို ... စန္ဒာရဲ့၊ ဘယ်ခါမဆို၊ မျက်နှာတော် မညိုဘဲ၊ ဒီလိုဘဲ ထွန်းနေစမ်းပါ။ ဘယ်ဝယ် ဘယ်သို့ ကွယ်လို့လဲ မသွားလိုက်ပါနှင့်လို့ တမ်းတတာလို၊ မြင်နေရတော့လဲ၊ အမြဲတမ်း မြင်ကြည့်တွေ့ဆုံနေလိုစေတဲ့ရုပ်မျိုးကိုလည်းကောင်းပေါ့။ ဒီနေရာမှာ ဦးပဉ္စင်းက ထည့်လိုက်စမ်းပါရစေ၊ ယောက်ျားရဲ့ ဥစ္စာက ပညာတဲ့။ မိန်းမတို့ဥစ္စာက ရုပ်ရည်တဲ့။ ဒီတော့ မိန်းမဥစ္စာက ရုပ်ရည်တဲ့။ ဒီတော့ မိန်းမဥစ္စာ မြတ်ရုပ်ရည်ရှိမှ ဖြစ်မယ် (အို .. အိုက်လိုက်တာ ကိုယ်တော်)”
“ဆက်ပြီးတော့သာ သွန်သင်ပါဘုရား၊ တပည့်တော် ယပ်ခပ်လို့ ပေးပါ့မယ်” ဆို၍ ဦးသုဓဇသည် ပေရွက်ယပ်ကြီးဖြင့် ဦးလောကကို ဧမြစေလေ၏။
“ရုပ်ချောအောင် တောင့်တရမယ်။ ရုပ်ရည် ရူပကာယမရှိလျှင် မစွံလို့ အပျိုကြီးဖြစ်နေတာမြှဖင့် ဖွဟဲ့ .. လွဲစေ ဖယ်စေ၊ ဣတိပိသော မခက်သေးဘူးလား”
"ဖော်မစုံ ကိုယ်ကိုယ့်ဟာမို့၊ အလိုလိုပူဆာ၊ အပျိုတို့မူယာကို၊ သူတကာမသိ။ ရင်အေးလို့ အထဲပူတယ်၊ ငရဲသူ နှိုင်းစို့တန္တိ ဆိုတဲ့ တေးထပ်ကို ဆိုပြီး ညည်းနေကြရလိမ့်မယ် တကာမလေးရဲ့။ ဟောဒီက ဓမ္မကထိက ဆရာတော်က မြန်မာပြည်ကြီးဟာ တိသနိပါတ် တိဏ္ဍကဇတ်တော်မှာပါတဲ့ ဥတ္တရ ပဉ္စာလပြည်လို မဖြစ်စေချင်ဘူးပေါ့။ အဲဒီပြည်မှာ အပျိုကြီးတွေ တယ်ပေါဆိုဘဲ။ ဒါအတွက် ကမ္ဘာက ဝိုင်းကဲ့ရဲ့တယ်တဲ့၊ ပြီးတော့ ရုပ်မရှိလို့ အပျိုကြီးဖြစ်လို့ သနားမဲ့လူတော့ မရှိဘူး။ ကဲ့ရဲ့မဲ့လူတွေချည်းဘဲ များနေမယ်။ ပြောကြလိမ့်မယ်၊ စိတ်ကြီးကဝင်၊ အထင်ကြီးမား၊ မှန်းထားသူမျက်၊ တောထွက်ချင်ရောင်၊ ချောင်မှာခိုမှီး၊ ပုတီးလက်စွဲ၊ စိတ်ထဲတမျိုး၊ တွင်းဆိုး ပြင်ချော၊ မက်မောမပြီး၊ အပျိုကြီး စသည်ဖြင့်ပေါ့လေ ကဲ့ရဲ့ကြမဲ့ဖြစ်ချင်း။ ဦးပဉ္စင်းဖြင့် စဉ်းဘဲ မစဉ်းစားဝံ့တော့ဘူး။ အဖေါ်စုံသူတွေက ဘုရားသွားတူတူ၊ ကျောင်းသွားတူတူ၊ မော်တော်ကားစီးတော့ အတူတူ၊ လက်ထပ်ပွဲထိုင်တော့ အတူတူ၊ တွဲကြတာကိုမြင်ရတော့ အပျိုကြီးများမှာ ဟီး ... ငါတို့ကတော့ ကံခေလို့ ဒီလိုအဘော်မဲ့ရတယ်လို့ ညည်းရရှာလိမ့်မယ်။ ဒါ့ကြောင့် ဘယ်သူမှ အပျိုကြီးမဖြစ်စေချင်ဘူး။ အပျိုကြီးမဖြစ်အောင် ပထမဆုံး ရုပ်ချောဘို့ ကြိုးစား၊ ရုပ်ချောဘို့ကလဲ ဣဿာ အဘိဇ္ဇာ တရားတွေပယ်ပြီး မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းကြဘို့ဘဲ။ ဒီလိုလုပ်မှ အမှန်ရုပ်ချောမှာဘဲ စသည်ဖြင့် ဟောတာပေါ့။ ဟဲ . ဟဲ .. တရားနာတဲ့အထဲမှာ အပျိုကြီးတယောက်ယောက်ပါရင် ဪ .. ငါတို့ အပျိုကြီးများ အကျိုးကို ဆောင်ပေးတယ်။ တော်ပါပေတယ်။ ငါတို့ အားကိုးရာကြီးပေါ့လို့ စိတ်စွဲပြီး အထူးဘဲ ကြည်ညိုပြီး မှီခိုလာတော့ ဒီလိုလုပ်တာပေါ့” ဟု ဟောပြီးသည်၏အဆုံး၌ ဆရာတော် ကြက်တူရွေးသည် ပြင်းထန်စွာ အသက်ရှုလိုက်လေ၏။
--------------------------------------------
#သိန်းဖေမြင့်
ဆက်ရန်
Comments