Skip to main content

သူ့ကျွန်မခံပြီ တက္ကသိုလ်ဘုန်းနိုင် (၈)

လရောင်သည်ပြတင်းမှတိုးဝင်ကျရောက်နေသည်။ဗိုလ်သူရိန်သည် မျက်လုံးကိုဖွင့်လျက် ပတ်ဝန်းကျင်အား ဝေဝါးသောစိတ်နှင့်လှည့်လည်ကြည့်နေမိသည်။ပထမဆုံး သတိပြုမိသည်မှာ အေးမြသော ငွေလရောင်နှင့် ကြယ်ဖူးကြယ်ပွင့်တို့ပျံ့နှံ့စီကြဲရာ မိုးပြာပြာပင်ဖြစ်လေသည်။

ထိုအခိုက်တွင်ပင်နှာဝ၌ သင်းပျံ့သောရနံ့မှာ ကြိုင်လှိုင်လာသည်။ဗိုလ်သူရိန်သည်ယောင်ယမ်း၍ မိမိရင်ထက်စိးမိုးလျက်ရှိသော မျက်နှာကလေးအား လက်ဝါးနှစ်ဖက်နှင့်ပွေယူလိုက်မိသည်။

“အို အမေ့”

သာယာသော မိန်းမသားတစ်ဦး၏ ညံ့သက်သည့် ထိတ်လန့်သံပင်တည်း။

ဗိုလ်သူရိန်ကိုယ်တိုင်ပင် တုန်လှုပ်သွားသည်။ ထို့ကြောင့် ရုတ်တရက် ဖျက်ခနဲလဲနေရာမှ လူးလဲထမိ၏။ သို့ရာတွင်ပခုံးဆီမှ စူးခနဲ တစ်ချက်နာကျင်သွားပြီး ခေါင်းမှာလည်း မူးမိုက်သွားကာ ပြန်လဲကျလာ၏။

“အို အို မထနဲ့လေ ရှင့်မှာ ဒဏ်ရာကြီးနဲ့ ခဏလေးမှိန်းနေဦးနော်”

အသံမှာ ချိုအေးသမျှ ကြင်နာမှုပြည့်နေသည်။ ဗိုလ်သူရိန်မှာ မျက်လုံးများအား မဖွင့်နိုင်။ မိမိဖြစ်ပျက်ခဲ့သည်တို့အား အပြင်းအထန် စဉ်းစားနေမိသည်။ ခဏတွင်းပင် လျှပ်ပြက်သည့်ပမာ အလင်းရောင်တစ်ချက်မှာ ခေါင်းထဲ၌ ဝင်းလက်ခ ဲ့၏။ပခုံး၌ ဒဏ်ရာနှင့် အသက်လုပြေးခ ဲ့ရပုံ၊ ခြံစည်းရိုးအား ကျော်၍ဝင်ရောက်ပုန်းအောင်းရခြင်း၊ ပန်းချုံရိပ်မှည၏အလှ ဝဏ္ဏပဘာမယ်၊ထို့နောက်...

“ဒေါ်နန်း ဒေါ်နန်း”

မိန်းမပျို၏ အသံကိုအုပ်၍ခေါ်သံ ပေါ်လာသည်။ ဗိုလ်သူရိန်၏အတွေးတို့မှာလည်း ရပ်သွားသည်။

“ခက်တော့တာပဲလေ ဒီမိန်းမကြီးဟာ ဘယ်ချောင်သွားအိပ်နေပြန်ပြီလဲ မပြောတတ်တော့ပါဘူး”

မိန်းမပျိုက ညည်းညည်းညူညူ ဆိုသည်။ထိုအခိုက်တွင်ပင် မှောင်နေသောအခန်းတွင်းသို့ အလင်းရောင်တစ်ခုတိုးဝင်လာသည်။ မကြာမီပင် ကညင် ဆီမီးခွက်ကို ကိုင်လျက်ဒေါ်နန်းကြင်အုံးမှာ ပေါ်လာသည်။

“မီးရောင်ကို ကွယ်ထားပါ ဒေါ်နန်း ဒါနဲ့ဘယ်သွားနေတာလဲ အစောခေါ်နေတာ ကြာလှပြီ”

ဒေါ်နန်းက အဖြစ်သည်းရန်ကောဟု ဆိုလိုသည့်အမူအရာနှင့် လည်ပင်းအစ်၊ နှုတ်ခမ်းစေ့လျက် မျက်စောင်း မထိုးတထိုးပြု၍ “ဝန်မင်းဘုရားတို့အရိပ်အခြည်ကြည့်နေရတာ သခင်မလေးရဲ့ တကတဲ့ဒါထက်သခင်မရဲ့လူကော အဲလေ ဟိုလူစိမ်းကော သတိရပြီလား” ဟုမေးသည်။

“ဒေါ်နန်းနော် တိုးတိုး ဟင်း ဒါဘာစကားလဲ”

ဒေါ်နန်းက ဘာမျှပြန်မဖြေဘဲ ပြုံးစိစိလုပ်ရင်း ထောင့်ကွယ်တစ်ခုပေါ်ရှိခုံပေါ်၍ မီးခွက်အား တင်ထားလိုက်၍ ဗိုလ်သူရိန်၏ဘေး၌ လာရပ်သည်။ ထိုအခါကျမှ အစောဆိုသူ မိန်းမပျိုမှာလည်း ဗိုလ်သူရိန်၏အနီးသို့ပြန်ကပ်လာသည်။မျက်စိမှိတ်ထားလျက်မှ ဗိုလ်သူရိန်သည် မိန်းမပျိုနှင့် ဒေါ်နန်းတို့အပြန်အလှန်ပြောသမျှအား ကြားနေရသည်။ မကောင်းတတ်သဖြင့်မျက်စိကို မဖွင့်သေးဘဲ အသာငြိမ်နေရသည်။ အထိအတွေ့ကြောင့်မိမိမှာ နူးညံ့သော အခင်းခင်းအပ်သည့် အိပ်ရာတစ်ခုထက်ရောက်နေမှန်း ဗိုလ်သူရိန်သတိထားမိသည်။မျက်စိကို မသိမသာဖွင့်ထားမိသဖြင့် မှိန်ဖျော့သောမီးရောင်၌ ကျယ်ဝန်းသည့် အိပ်ခန်းအတွင်းဆောင်တစ်ခု အတွင်း ရောက်နေမှန်းလည်းရိပ်မိသည်။ မှေးထားသော မျက်လုံးများသည်မိမိအား အကဲခတ်ကြည့်ရှုနေသည့် ဒေါ်နန်းအားလည်းကောင်း၊ ဒေါ်နန်း၏နောက်ကွယ်မှ အသာငေးကြည့်နေသူမိန်းမပျိုကိုလည်းကောင်း မြင်နေရသည်။

ဗိုလ်သူရိန်သည် သက်ပြင်းကို လေးပင်စွာ ရှုလိုက်လျက် မျက်လုံးများအားလည်း ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

“ဟော သတိရလာပြီ”

ဒေါ်နန်းက ဝမ်းသာအားရဆိုသည်။ဗိုလ်သူရိန်က ထထိုင်ရန်ကြိုးစားပြန်သဖြင့် မိန်းမပျိုသည်မျက်လုံးလေးပြူးရင်း အိပ်ရာဘေး၌ လျင်မြန်စွာ ဒူးထောက်ထိုင်ချလိုက်လျက် သူ၏ရင်ဘတ်အား တွန်းဖိထားသည်။

“အို အို မထနဲ့ဦးလေ မူးပြီး အားကုန်သွားလိမ့်မယ်”

ဗိုလ်သူရိန်မှာ ငြိမ်နေလိုက်ရသည်။ မျက်လုံးကမူ မမှိတ်။ လရောင်ဝိုးဝါးဝယ်ကော့ပျံရှည်သွယ်သော မျက်တောင်ကြီးများအား စင်းလျက်မိမိအားကြည့်နေသူ မိန်းမပျို၏ ပယင်းရွှေရည် ရွှန်းလဲ့ကြည်သည့်ကျက်သရေ မွန်းပြည့်သော မျက်နှာလေးအား ခေတ္တခဏ ပြန်ငေး
ကြည့်နေမိသည်။ သတိကောင်းစွာရလာခဲ့ပြီဖြစ်သဖြင့် တစ်ညစဉ်အမှတ်မထင် ဖူးမြင်မိခဲ့ရာမှ တသသဖြစ်မိစေသူ၏အလှအား မျက်ဝါးထင်ထင် ပြန်ဆုံတွေ့ရသလို ကံကြမ္မာ၏ ဆန်းပြားမှုအား အံ့သြနေမိသည်။ ရင်တို့မှာလည်း ခုန်လာ၏။

“ကျွန်တော် ဘယ်ကိုရောက်နေပါသလဲ ”

ဗိုလ်သူရိန်က အသံကိုထိန်း၍ မေးသည်။မိန်းမပျိုက အသာအယာပြုံးလိုက်သည်။

“ရှင်ပြောသလိုဆို ရှင့်မိတ်ဆွေတစ်ဦးဖြစ်တဲ့ စောနော်ဖရဲ့အစောင့်အရှောက်အောက်မှာလို့ဖြေရမှာပဲ”

ဗိုလ်သူရိန်က ကျေနပ်စွာပြုံးလိုက်သည်။

“စောနော်ဖထက် စောနော်ဖရဲ့ တူမတော် ကမ္ဘောဇထိပ်ထားတစ်ပါးရဲ့စောင့်ရှောက်မှုအောက်မှာ ရှိနေရတာ ကျွန်တော်က ဂုဏ်ယူပါတယ်”

မိန်းမပျို၏ မျက်လုံးလေးများမှာ ပြူးကျယ်သွားသည်။

“ရှင်ဘာပြောလိုက်တယ်”
“ကျွန်တော့်အသက်သခင်ရဲ့ ဂုဏ်ထူးဝိသေသကို ဖော်လိုက်ရတာပါ”

မိန်းမပျို၏ မျက်နှာမှာ ရှက်သွေးကြောင့်ရဲသွားသည်ထင်ရ၏။

“ရှင် ရှင် အစောကို ဘယ့်နှယ်သိနေလဲ”

ဗိုလ်သူရိန်က မဖြေ။ ကျေနပ်စွာ ပြုံးမြဲပြုံးနေသည်။

“ရှင်ဘယ်သူလဲ”

မိန်းမပျိုက သူ့ပခုံးတစ်ဖက်ပေါ် လက်တင်၍ မေးသည်။

“ပြောပါ့မယ်လေ ကျွန်တော်ထိုင်ချင်တယ် နည်းနည်းထူပေးပါလား”
“အို ဘယ်ဖြစ်မလဲ”
“ဖြစ်ပါတယ်အစောရယ် ကျွန်တော်စစ်မြေပြင်မှာ ဒီ့ထက်ပြင်းတဲ့ဒဏ်ရာ ရဖူးပါတယ်”

ဒေါ်နန်းဆီမှ ခစ်ခနဲ လွတ်ထွက်သွားသောရယ်သံကို ကြားရသည်။မိန်းမပျို၏ မျက်နှာမှာ မီးရောင်မှိန်မှိန်၌ သိသိသာသာနီရဲသွားသည်။

ဒေါ်နန်းအား တစ်ချက်ထန်ထန်လေး လှည့်ကြည့်လိုက်ပြီးနောက်ဗိုလ်သူရိန်အား ပြန်မေးခွန်းထုတ်လိုက်သည်။

“ရှင် အစောကို ဘယ်လိုခေါ်လိုက်တယ်”
“ရော် ခက်ကပြီ အစောကို အစောလို့ပဲ ကျွန်တော်ခေါ်မိပါတယ်” ဒေါ်နန်းဆီမှရယ်သံထွက်လာပြန်၏။

“ကျွန်မနာမည်အစော မဟုတ်ဘူးရှင့်”
“သြော် ဒါကိုကျွန်တော်မှ မသိပဲကလား အစောရယ်”
“ဟော လာပြန်ပြီ ကျွန်မနာမည်စောရှင်ဦးတဲ့ရှင့် သိပြီလား”
“စောရှင်ဦး စောရှင်ဦး” သူက မျက်စိမှိတ်လျက်နာမည်ကိုအလွတ်ကျတ်မှတ်သည့်ဟန်ရေရွတ်နေ၏။
“ဒီမှာ အစော အဲ စောရှင်ဦးရယ် ကျွန်တော်ထထိုင်ပါရစေ” ဤတစ်ကြိမ်တွင်မူ ဒေါ်နန်းသည် မျိုသိပ်မနေတော့ပဲ အားရပါးရရယ်လိုက်၏။ ထို့နောက်မှီအုံးနှစ်လုံးကိုယူလာ၍...

“ကဲ သခင်မလေး ကိုလူစိမ်းထိုင်ချင်တာ ထိုင်ပါစေဦး ရော့ ရော့ မှီအုံး ဆင့်ပေးပါ သူ့ကို ဒေါ်နန်းကပဲ ကိုယ်စားထူပေးလိုက်ပါ့မယ် အလဲ့ လဲ့ ဟဲ့ သောက်ခွေးအို အစောကလဲ နာပါတယ်”

ဒေါ်နန်းမှာ စောရှင်ဦးက နောက်ကဆွဲဆိတ်လိုက်သောကြောင့်နောက်ဆုံးစကားများကိုရေရွတ်လိုက်ခြင်း ဖြစ်လေသည်။

“ကဲ ရှင်ဘယ်သူလဲ ပြောလေ”

စောရှင်ဦးက ဒေါ်နန်းနှင့်အတူ အိပ်ရာဘေးတွင် ကျုံ့ကျုံ့ထိုင်ရင်းမေးသည်။

“ကျွန်တော်ပြောပြီးပါရောလား စောနော်ဖရဲ့ မိတ်ဆွေတစ်ဦးပါလို့”
“ဒါမဖြစ်နိုင်ဘူး ရှင်က ဗမာစစ်စစ်တစ်ယောက်”
“သြော် အစောရယ် ဗမာစစ်စစ်တစ်ယောက်ဟာ ရှမ်းတစ်ဦးရဲ့မိတ်ဆွေ မဖြစ်နိုင်တော့ဘူးလား ” ဗိုလ်သူရိန်မှာ ဤစကားရပ်များအား စိတ်ထိခိုက်ခြင်းကြီးစွာနှင့် ပြောလိုက်သဖြင့် စောရှင်ဦးမှာတွေတွေလေး ဖြစ်သွားသည်။ သို့ရာတွင်ခဏချင်းပင်မျက်နှာလေးမှာတင်း၍ အသံလေးမှာလည်း မာလာ၏။

“မဖြစ်နိုင်ဘူး ရှင်တို့ဗမာတွေ ပြုကျင့်ခဲ့တာ ပြန်စဉ်းစားကြည့်စမ်း”
“ဗမာတွေလို့ မပြောပါနဲ့ အစော ဗမာ မတရားမင်းလို့ ပြောပါ ရှမ်းတွေအပေါ်မှာ ညီအစ်ကိုအရင်းလိုချစ်တဲ့ဗမာတွေအများကြီးပါ”
“ထားပါတော့လေ ဒါပေမယ့်ရှင်တစ်ယောက်ကတော့ ဦးရီးတော်ရဲ့မိတ်ဆွေ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး ရှင့်လည်ကုပ်မှာ ကြည့်စမ်း ဒီနဂါးရုပ်ကြီးတွေဟာ ဆွေစဉ်မျိုးဆက်ဗမာမင်းအပေါ် သစ္စာရှိရှိနဲ့ သက်စွန့်ကြိုးပမ်း အမှုတော်ထမ်းတဲ့ တပ်မှူးဗိုလ်မင်းတွေမှ ထိုးရတဲ့အရုပ်မဟုတ်လား ဗမာမင်းရဲ့ လက်ရွေးစင်တပ်မှူး တစ်ယောက်ကရာဇဝတ်သင့်နေတဲ့ ရှမ်းစော်ဘွားတစ်ဦးရဲ့ မိတ်ဆွေ ဘယ်လိုလုပ်ဖြစ်မလဲ”
“ဖြစ်နိုင်ပါတယ်အစော ဥပမာ ကျွန်တော်ပြောပြမယ် မိုးရွာပြီးစ လသာနေတဲ့ ညတစ်ည ဆိုပါတော့ အမှောင်ရိပ်ကလူတစ်ယောက်ဟာ သူ့တစ်သက်မှာ မေ့နိုင်စရာမရှိတဲ့ကမ္ဘောဇရဲ့အလှထိပ်ထားတစ်ပါးကို ရတနာပုံ ရွှေမြို့တော်အရှေ့ပြင်က မထင်မရှားတဲ့ခြံဝင်းတစ်ခုထဲမှာ မရည်းမထင်ဖူးမြင်ရတယ်ဆို ပါစို့ (ကျွန်တော်ပုံတစ်ခု ပြောပြနေတာနော် ) လှတန်ဆောင်ကို အသက်တောင်မရှုမိပဲ ငေးနေမိခဲ့တဲ့ သူ့ခမျာဟာ လှတန်ဆောင်ရဲ့ ရာဇဝတ်သင့်နေတဲ့ဦးရီးတော်ကိုပါ ကြုံတွေ့လိုက်ရသတဲ့ ဒီလိုကြုံတွေ့ခဲ့ရပေမယ့်ကြုံတွေ့သမျှကို ဆိုင်ရာကိုလဲ အကြောင်းမကြား၊ မိမိရင်ထဲမှာသာမျိုသိပ်ဖုံးဖိထားတဲ့လူတစ်ဦးကိုဘယ်လိုလူစားလို့ဆိုမလဲ”

ဗိုလ်သူရိန်၏ စကားအဆုံးတွင် စောရှင်ဦးသည် ထိတ်လန့်တကြားမတ်တပ်ရပ်လိုက်သည်။

“ရှင် ရှင် ဒါတွေ ဘယ်ကမြင်သလဲ”
“အို အို မြင်တာမဟုတ်ပါဘူး ကျွန်တော်ကပုံလေးတစ်ပုံပြောပြနေတာပါ”

စောရှင်ဦးသည် ရပ်နေရာမှ ဗိုလ်သူရိန်အား အတန်ကြာ စူးစိုက်ကြည့်နေသည်။ ထို့နောက်နေရာတွင် ပြန်ထိုင်လိုက်သည်။ ဤအကြိမ်တွင်မူစောရှင်ဦး၏ သဏ္ဍာန်၌ တုန်လှုပ်မှုကင်းမဲ့နေ၍ ထူးခြားသော ခံ့ညားထည်ဝါ မှုသည် ပေါ်လွင်နေသည်။ တည်ငြိမ်စွာပင် ဗိုလ်သူရိန်၏မျက်လုံးများအား စေ့စေ့ကြည့်၍မေးလိုက်သံမှာ လေးနက် လှသဖြင့်ဗိုလ်သူရိန်ပင်လျှင် အံ့သြလေးစားသွားသည်။

“ရှင်ဘယ်သူလဲ”
“ကျွန်တော်ရာဇဝတ်ဘေးကို ရင်ဆိုင်နေသူတစ်ယောက်ပါ”
“ရာဇဝတ်ဘေးကို ရင်ဆိုင်နေသူက ဒီလောက် အစောင့်အကြပ်ထူထပ်တဲ့နန်းတော်တွင်းကိုဝင်နိုင်သလား”
“ဒီလိုပါလေကျွန်တော်က အမြဲတမ်း ရာဇဝတ်ကောင်မဟုတ်ဘူး ရာဇဝတ်ကောင်ဖြစ်လိုက်၊ အရာရှိဖြစ်လိုက်နဲ့ အဲ ရုပ်ပြောင်းကိုယ်ခွာလုပ်နိုင်တဲ့ လူတစ်ယောက်ဆိုပါတော့” စောရှင်ဦးမှာဗိုလ်သူရိန်ဆိုလိုသည်ကို နားလည်သွားဟန်တူသည်။ ထို့ကြောင့်ခေါင်းလေးအား အသာညိတ်ကာ ခေတ္တစဉ်းစားနေသည်။

“ရှင့်နာမည်ကကော” ဗိုလ်သူရိန်က တစ်ချက်ပြုံးလိုက်၏။

“ကျွန်တော့်နာမည်ကိုအမှန်ပြောမယ်လို့ယုံသလား ”

“ဒါကတော့ ရှင့်အပေါ်မှာ တည်တာပေါ့ . . .” ဗိုလ်သူရိန်သည်ထပ်မံပြုံးလိုက်သည်။

“ကျွန်တော့်အသက်ကိုတောင် ကယ်ထားတဲ့ အစောကို ကျွန်တော်မလိမ်ပါဘူး စိတ်ချ မင်းပေးတဲ့ဘွဲ့အရှည်က နေမျိုးသူရိန်ပါ ဒါပေမယ့် ကျွန်တော်ကတော့ အစော အဲ စောရှင်ဦးလိုမဟုတ်ပါဘူး ကျွန်တော့်နာမည်အတိုကောက် သူရိန်လို့ခေါ်ရင်ကျေနပ်ပါတယ်”

ဗိုလ်သူရိန်၏ အမည်ကို ဖွင့်ပြောသံကြားလျှင်ကြားချင်း စောရှင်ဦးမှာလှုပ်လှုပ်ရှားရှားဖြစ်သွားလျက် မျက်နှာမှာလည်း အသွင်အမျိုးမျိုးပြောင်းသွားသည်။ဗိုလ်သူရိန် မည်သို့မှ စကားမဆက်မီ စောရှင်ဦးသည် နေရာမှထလိုက်သည်။ ခေတ္တတွေဝေနေပြီးနောက် ဒေါ်နန်းဘက် လှည့်လိုက်သည်။ ဒေါ်နန်းမှာမူ ဘာကိုမျှ စိတ်ဝင်စားဟန်မပေါ်။ အိပ်ချင်ဟန်သမ်းဝေနေသည်။

“ကဲ ဒေါ်နန်း အိပ်ချင်သွားအိပ်တော့ ကိစ္စရှိရင်အစောလာနှိုးမယ် သွားတော့”

ဒေါ်နန်းသည် ဗိုလ်သူရိန်၏မျက်နှာအား တစ်လှည့်၊ စောရှင်ဦး၏မျက်နှာအား တစ်လှည့် ကြည့်နေသည်။ သို့ရာတွင် စောရှင်ဦး၏မျက်လုံးများမှ လေးနက်သောအဓိပ္ပါယ်ကို မြင်လိုက်ရသဖြင့် ဘာမျှထပ်မပြောတော့ပဲ အခန်းတွင်းမှ ထွက်သွားသည်။

ဒေါ်နန်း ထွက်သွားလျှင် ထွက်သွားချင်း စောရှင်ဦး၏ သဏ္ဍာန်မှာသွက်လက်စွာ လှုပ်ရှားလာသည်။ ပထမ ဒေါ်နန်းထွက်သွားရာတံခါးအား ဆွဲပိတ် ချက်ချလိုက်၏။ စောစောက လရောင်ဝင်နေသောပြတင်းကိုပါ တံခါးပိတ်လိုက်ပြီး အခန်းပတ်ဝန်းကျင်အား သတိနှင့်ကြည့်ရှုပြီးနောက် ဗိုလ်သူရိန်၏အနီး၌ ပြန်ထိုင်လိုက်သည်။ နားမလည်သော ဗိုလ်သူရိန်သာ စောရှင်ဦးလုပ်သမျှအား တအံ့တသြ လိုက်ကြည့်မိနေသည်။

“ရှင်တော်တော် ကံကောင်းတယ်”
“ဘာပြုလို့လဲ”
“ထားပါတော့လေ ဒါဖြင့်ရှင်ဟာ သပြေတန်းခံတပ်တပ်မှူးပေါ့ ဟုတ်လား ”

ဗိုလ်သူရိန်က နှုတ်ဖြင့်မဖြေ။ ခေါင်းသာ ညိတ်လိုက်၏။

“ရှင် ဒါဖြင့် အစောတို့ လျှို့ဝှက်ချက်တွေကို အတော်သိနေတဲ့လူတစ်ယောက်ပေါ့နော်”
“အစောတို့ ရိပ်မိတာထက် ပိုသိနေတဲ့လူတစ်ယောက်ဆိုပါစို့”
“ရှင်ဘာဆိုလိုသလဲ”
“အစောကော ဘာဆိုလိုသလဲ”

စောရှင်ဦးက ပြုံးလိုက်သည်။

“ရှင်တော်တော်ကံကောင်းတဲ့လူပဲ”
“အစော ဒီစကားပြောတာ နှစ်ကြိမ်ရှိပြီ”
“ကျွန်မနာမည်စောရှင်ဦးရှင့်”
“ဦး ဦးဗျာ ကျွန်တော်ကတော့ အစောကို အစောလို့ပဲခေါ်ချင်တယ်”

စောရှင်ဦးက တစ်ချက်ပြုံး၍ ခေါင်းမာလှသော တပ်မှူးအား ငေးငေးစိုက်ကြည့်မိသည်။

“ရှင်တော်တော်ခက်တဲ့လူပဲ ရှင့်အသက်ဟာ အချိန်မရွေး ပျောက်သွားနိုင်တယ်ဆိုတာ သိရဲ့လား”
“မွေးကတည်းက အသက်ကိုသေမင်းဆီတစ်ဝက် ပေါင်ထားခဲ့ရတဲ့လူပါအစော”
“ဒါပေမယ့် အခု ရှင်ဟာ အစော ကောင်းကောင်းသတ်ထိုက်တဲ့လူဆိုတာကော သိရဲ့လား”
“ခင်ဗျာ”
“ရှင့်ကို အစော သတ်ထိုက်တယ်” 

ဗိုလ်သူရိန်က အေးချမ်းစွာပြုံးလိုက်သည်။

“အစောသတ်ရင် ကိုသူရိန်သေရဲပါတယ်”
“ဘာတဲ့ရှင့်”
“သြော် အစောသာ သက်ရက်မယ်ဆိုရင် ကိုသူရိန် ရဲရဲကြီးသေဝံ့ပါတယ်လို့ ” ပထမဦးဆုံးအကြိမ်အဖြစ် မျက်လုံးနှစ်စုံမှာပြင်းထန်သော သမုဒယအဟုန်နှင့် တွေ့ဆုံမိကြသည်။ စောရှင်ဦးကသက်ပြင်းလေးရှိုက်လျက် မျက်လုံးအရင်လွှဲလိုက်သည်။

“ဆိုပါဦး အစော ဘာပြုလို့ ကိုသူရိန့်ကိုသတ်ချင်ရတာလဲ”

စောရှင်ဦးက သက်ပြင်းကို ထပ်ရှိုက်လိုက်သည်။ “ရှင့်ကို အစောသတ်ချင်မိရင်သိပ်ကောင်းမှာပဲ”

“အစော”
“ဘာလဲ ရှင်”
“အဲဒီ ရှင်ကြီးကို ရပ်လိုက်စမ်းပါ ကျွန်တော့်ကို ကိုသူရိန်လို့မခေါ်ဘူးလား ” စောရှင်ဦးက တတိယအကြိမ် သက်ပြင်းရှိုက်လိုက်ပြန်သည်။

“ရှင်တော်တော်ပိုတဲ့လူပဲနော်”
“ဟော လာပြန်ပြီဒီရှင်”
“ခက်တော့တာပဲလေ ဒီမှာ”
“ဒီမှာ မဟုတ်ဘူး သူရိန်တဲ့ အမိရဲ့” စောရှင်ဦးသည်စိတ်ပျက်ရာမှ သဲ့သဲ့ရယ်မောမိသည်။

“ဒီမှာ ကိုသူရိန် ကဲ ကျေနပ်ပြီလား” ဗိုလ်သူရိန်ကနှစ်ခြိုက်စွာ ရယ်မောလိုက်သည်။

“ဆိုပါဦး အစော”
“ရှင့်ကို အစောတို့လိုက်ရှာနေကြတယ်”
“သြော်”
“ရှင်မအံ့သြဘူးလား”
“ဟင့်အင်း”
“မအံ့သြဘူး”
“အစောကိုလဲ ကိုသူရိန်လိုက်ရှာနေရပါတယ်”
“ဘုရားရေ အစောကိုလိုက်ရှာနေတယ် ဘာပြုလို့”
“အစောကိုမှ မတွေ့ရရင် ကိုသူရိန့်အတွက် အိပ်ပျော်သောညများရှိတော့မှာမဟုတ်လို့ပဲ အစော”
“သြော် ခက်တော့တာပါပဲ ရှင်ရယ်”
“ပြီးတော့လဲ အစော အစောတို့ရှမ်းတွေ၊ ကိုသူရိန်တို့ဗမာတွေနဲ့တကွ တစ်နိုင်ငံလုံးအကျိုးအတွက် အစောကို ကိုသူရိန် လိုက်ရှာနေခဲ့ရတယ်”
“ဒီလောက်တောင်ပဲလား ဟုတ်လား ကိုသူရိန်”

စောရှင်ဦးက ချစ်စဖွယ် မေးသည်။

“ဒီလောက်တောင်ပါပဲ အစော ဒါပေမယ့် ကိုသူရိန့်ကို ရှာရတဲ့အကြောင်းကိုလဲ ပြောပါဦး”

စောရှင်ဦးသည် လေးကြိမ်မြောက်ပင့်သက်ကို ရှိုက်လိုက်သည်။

“အစောတို့ ကိုသူရိန့်ကို လိုက်ရှာနေရတာက အစောတို့နဲ့တကွရှမ်းတွေအားလုံးရဲ့ အကျိုးအတွက်ပေါ့ အစောတို့ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်နိုင်တဲ့စာကို ယူလာသူတစ်ဦးဟာ ကိုသူရိန့်ခံတပ်နားမှာ အသက်ဆုံးရှုံး သွားတယ်ကြားတယ် ပြီးတော့အဲဒီလူဆီမှာပါတဲ့ စာတွေဟာလဲ ဘာသံမှမကြားရပဲ ပျောက်ဆုံးနေတယ် ဒီတော့ အဲဒီစာတွေဟာ ကိုသူရိန့်လက်ထဲမှာ ရှိရမယ်လို့ အစောတို့တွက်ထားကြတယ် ဒီလောက်ဆိုရှင်းပြီထင်တယ်”
“ရှင်းပြီဆိုပါတော့လေ ဒါပေမယ့် အသက်ဆုံးရှုံးသွားတဲ့လူဟာစောနော်ဖရဲ့ လူမှ မဟုတ်ပဲ အင်္ဂလိပ်လူ လုံးလုံးဖြစ်နေတဲ့ သီပေါစော်ဘွားဟောင်း ခန်ဆိုင်ရဲ့လူမဟုတ်လား”
“သြော် ကိုသူရိန်က ဒီထိအောင်တောင် သိနေမင့်ကိုး ဟုတ်တယ် ဒီလူကတော့ စောခွန်ဆိုင်ရဲ့လူပဲ ဒါပေမယ့်သူကခွန်ဆိုင့်ဆီက အစောတို့ကို လှမ်းဆက်သွယ်တဲ့စာ ယူလာတယ်လို့သိထားကြတယ်”
“ဒါပေမယ့် အစော ခွန်ဆိုင်က အစောတို့ဆီတင်မကဘူး စံထွန်းဟုန်ဆီပါ ဆက်သွယ်တဲ့စာ ယူလာတယ်”
“အဲဒါတကယ်ပဲလား”

ဗိုလ်သူရိန်သည် ဘာမျှမဖြေ။ မိမိကိုယ်၌သာ စမ်းကြည့်သည်။သို့ရာတွင် သူ့ကိုယ်ပေါ်၌ ချပ်မိန်ညိုအစား အတွင်းခံပိတ်ကိုယ်ကြပ်အင်္ကျီသာ ရှိတော့၏။

“ကိုသူရိန့်အင်္ကျီကော”
“ဘာလုပ်မလို့လဲ ရှိပါတယ် စောစောက အနာဆေးထည့်တာမို့ချွတ်သိမ်းထားတယ်”
“ကိုသူရိန့်ကို အင်္ကျီပေးစမ်းပါ” စောရှင်ဦးသည် ဘာမှထပ်မမေးတော့ပဲ ထကာ တစ်နေရာမှ အင်္ကျီအား ယူလာပေးသည်။ ဗိုလ်သူရိန်သည် အင်္ကျီအတွင်းဘက်အား စမ်းသပ်ကြည့်နေ သည်။ မကြာမီလျှို့ဝှက်အိတ်တစ်ခုကို တွေ့ရ၏။ အိတ်တွင်းမှ သူဆွဲယူလိုက်သည်မှာစာသုံးစောင်တည်း။

“ဟောဒီမှာ စောနော်ဖဆီ ရေးလိုက်တဲ့စာပဲ”

ဗိုလ်သူရိန်က စာတစ်ရွက်ကို စောရှင်ဦးအား ပေးသလိုက်သဖြင့်စောရှင်ဦးသည်လျင်မြန်စွာ စိတ်ထက်သန်လှသည့်ဟန်နှင့် ဖတ်နေ၏။စာဆုံးသော်စောရှင်ဦးသည် ဗိုလ်သူရိန်အား မော့ကြည့်လိုက်သည်။

“ဘယ့်နှယ်လဲ အစော”
“ကိုသူရိန်လဲ ဖတ်ကြည့်ပြီးရောပေါ့ ခွန်ဆိုင်က ဦးရီးတော်ကိုသူနဲ့ပေါင်းပြီး အင်္ဂလိပ်အကူအညီနဲ့ သီပေါဘုရင်ကိုတိုက်ဖို့ ပြောထားတယ် အင်္ဂလိပ်တက်နိုင်ခဲ့ရင်အခု စံထွန်းဟုန်လက်ထဲရောက်နေတဲ့ သိန္နီနန်းကို ဦးရီးတော်လက်ထဲ ပြန်အပ်မယ်လို့ ကတိပေးထား
တယ်”

ဗိုလ်သူရိန်က ဘာမျှမပြောပဲ နောက်ထပ်စာတစ်စောင်ကို ပေးလိုက်ပြန်
သည်။

“ဒါက ခွန်ဆိုင်က စံထွန်းဟုန်ဆီပေးတဲ့စာပဲ”

စာကိုဖတ်နေစဉ် စောရှင်ဦး၏မျက်နှာလေးမှာ ဒေါသနှင့် နီရဲလာသည်။ခဏတွင် အံကိုကြိတ်လျက်စာရွက်အား လွှတ်ချလိုက်သည်။

“လက်စသတ်တော့ ဒီလူဟာ နှစ်ဖက်လွှပါလား ဟင် ကိုသူရိန်”

စောရှင်ဦး၏အသံလေးမှာ ဒေါသကြောင့်တုန်ယင်နေသည်။

“ကြည့်စမ်း စံထွန်းဟုန်ဆီလဲ အစောတို့ဆီရေးသလို ရေးထားပါလား . . . သူ့ဘက်ပါလို့ အင်္ဂလိပ်လာရင် သိန္နီနန်းကို စံထွန်းဟုန်လက်ထဲမြဲအောင် လုပ်ပေးမယ်ဆိုပါလား”
“သူ့ကိုချည်း အပြစ်မတင်နဲ့ အစော သူ့ခမျာ အင်္ဂလိပ်လက်ခုပ်တွင်းက အရေးဖြစ်နေတော့ သူတို့အလိုကျပြုရတော့မှာပဲကိုသူရိန်တို့ဗမာမင်းကလဲ ဆိုးထားတာကိုး”

စောရှင်ဦးသည် စကားမပြန်၊ ဒေါသစိတ်များကို မျိုသိပ်နေရပုံပေါ်သည်။

“ဟောဒီစာကတော့ လင်းပင်မင်းသား အလံတော်အောက်ကနေသီပေါဘုရင်ကို ပုန်ကန်တိုက်ခိုက်နေတဲ့ မိုးနဲစော်ဘွား စောခွန်ကြည်နဲ့သူ့ဘက်သား တခြားစော်ဘွားတွေကို အင်္ဂလိပ်ဘက်လိုက်ဖို့သွေးဆောင်ထားတဲ့စာပဲ ဖတ်ကြည့်ဦး”
“တော်ပါပြီ အစောနားလည်ပါပြီ”

စောရှင်ဦးက ခေါင်းလေးခါရင်း ငြင်းသည်။ ဗိုလ်သူရိန်က စောရှင်ဦးအားအတန်ကြာ စိုက်ကြည့်နေပြီးနောက် အေးချမ်းတည်ငြိမ်စွာ ခေါ်လိုက်ယသည်။
“အစော”
“ဘာလဲ ကိုသူရိန်”
“ဒီအတိုင်းဆိုရင် အစောတို့ ဘာလုပ်ကြမလဲ”
“အစောတို့ဘာလုပ်ကြမလဲ ဟုတ်လား အစောတို့လုပ်စရာကရှင်းနေတာပဲ အစောတို့ အနေနဲ့က မြင့်မြတ်မှန်ကန်တဲ့ အစောတို့ရဲ့ အရေးတော်ပြီးမြောက် အောင်မြင်တဲ့အထိ မဖြစ်ဖြစ်တဲ့နည်းနဲ့တိုက်ကြရုံပေါ့ ဒါပဲရှိတယ် ကိုသူရိန်”
“ဒါဖြင့် အစောတို့က အင်္ဂလိပ်နဲ့တောင် ပေါင်းသင့်ရင်ပေါင်းမယ်ပေါ့ ဒီလိုဆိုလိုသလား”
“ဒီအမေးကို အစော ရုတ်တရက်မဖြေနိုင်ဘူး ကိုသူရိန် ပေါင်းသင့်ရင်ဆိုတဲ့စကားဟာ သိပ်အဓိပ္ပါယ်ရှိနေတယ် အစောတို့ဟာ ရေနစ်နေသူတွေပါ ကောက်ရိုးမျှင်ကို ဖြစ်ဖြစ်ဆွဲရမယ့်အချိန်ဖြစ်နေတယ်အစောတို့အတွက်အားကိုးစရာ မရှိဘူး”
“အစောတို့အတွက် အားကိုးစရာရှိပါတယ်”
“ဘယ်သူတွေလဲ ကိုသူရိန်”
“အစောတို့နဲ့ မြင့်မြတ်တဲ့ရည်ရွယ်ချက်ချင်းတူနေတဲ့မြန်မာတွေ”

စောရှင်ဦးက မဲ့ပြုံးလေးပြုံးလိုက်သည်။

“ဗမာတွေကိုမုန်းတယ် ရွံတယ်”
“ချစ်စရာ ကြည်ညိုစရာကောင်းတဲ့ ဗမာတွေလဲ အများကြီးပါအစောရယ်”
“တော်ပါ ဗမာဆိုရင်အားကြီးမုန်းတယ် ရှင့်ကိုလဲ မုန်းတယ် သိလား”

စောရှင်ဦးက မျက်စောင်းကလေးထိုးရင်း ဆိုသည်။
“အစော ဘာပြုလို့ဗမာတွေကို မုန်းရတာလဲ”
“အစော ဘာကြောင့်ဗမာတွေကို မုန်းရသလဲ ဟုတ်စ ကိုသူရိန် ရှင်တို့ဗမာတွေ လုပ်ခဲ့သမျှဟာ ချစ်စရာ ကြည်ညိုစရာများ ရှိသေးရဲ့လား”
“ဒီလောက်တောင်ပဲလား အစောရယ်”
“ဒီထက် လွန်သေးတယ် ကိုသူရိန် အစောပြောတာနားထောင်စမ်း”

စောရှင်ဦး၏မျက်နှာလေးမှာ တည်ငြိမ်လာလျက် လေသံမှာလည်းလေးနက်လာသည်။

“အစောတို့ရဲ့ တစ်နယ်တည်းကိစ္စကိုပဲ ကြည့်စမ်း မင်းတုန်းမင်းတရားကြီး လက်ထက်မှာ ကျိုင်းတုံနယ်ကို ထိုင်းတွေကထိပါးလာတယ် အချင်းချင်းရိုင်းပင်းကူညီဖို့ဦးရီးတော်ဟာ သိန္နီနယ်က လက်ရွေးစင်တပ်သားတွေအပေါ် စံဟေးဆိုတဲ့လူကို ဗိုလ်မှူးခန့်ပြီးလွှတ်လိုက်တယ် စံဟေးဟာ ထိုင်းတွေကိုနိုင်ခဲ့တယ်ဒါပေမယ့် သူ့တပ်မှာ သူ့မင်းသူ့ချင်းဖြစ်ပြီး သိန္နီလဲရောက်ရော စစ်နိုင်သူသူရဲကောင်းဆိုတဲ့ အခွင့်ကောင်းယူလို့ ဦးရီးတော်ရဲ့နန်းကိုအလွယ်တကူ လုပ်ကြံယူခဲ့တယ် ဦးရီးတော်မှာ အရေးမလှလို့ဆုတ်ခွာရတုံး ရှင်တို့ ဗမာမင်းက ကိုယ့်နယ်ကိုယ် မအုပ်ချုပ်နိုင်ရကောင်းလားဆိုပြီး ဆင့်ခေါ် ထောင်သွင်းအကျဉ်းချထားခဲ့တယ် မင်းတုန်းဘုရင်ဟာ ဦးရီးတော်ရဲ့သမီးတစ်ဦးကို မိဖုရားမြှောက်ထားတာမို့ သမက်တော်လဲ ဟုတ်တယ် တကယ်ဆို တပ်တွေသာလွှတ်ပေးဖို့ပေါ့ အခုတော့ အကျဉ်းချရသတဲ့ရှင် ဒါတွေသိရဲ့လား”
“ကိုသူရိန် နည်းနည်းပါးပါးတော့ ကြားဖူးပါတယ် အသေးစိတ်တော့မသိဘူး ဆိုပါဦး”
“ရှင်တို့ ဗမာဘုရင်က အစောတို့ သိန္နီစော်ဘွားအနွယ်ထဲက ဦးပိုဆိုတာကို စော်ဘွားခန့်လွှတ်ပြီး စံဟေးကို တိုက်စေပြန်တယ် ဦးပိုလဲ အရေးနိမ့်ပြီး ဦးရီးတော်လိုပဲ ထောင်ထဲဝင်ရပြန်တယ် နောက်ထပ် ဗမာဗိုလ်မှူးတွေကိုယ်တိုင် ချီတက်နှိမ်နင်းသမျှလဲလန်လာပြီး အားလုံး ဦးရီးတော်နဲ့ ဦးပိုနောက် လိုက်ကြရတာပဲ နောက်ဆုံးတော့ ဗမာဘုရင်အမိန့်နဲ့ မိုးနဲ အစ ညောင်ရွှေအဆုံးရှိသမျှစော်ဘွားတွေ အလုံးအရင်းနဲ့ ဝိုင်းတိုက်တာမို့ စံဟေးဟာထွက်ပြေးခဲ့ရတယ် ဒီတော့မှ မင်းတုန်းဘုရင်ဟာ ဦးရီးတော်ကိုသိန္နီနန်းပြန်အပ်ပြီး လွှတ်လိုက်တယ် ရှင်းရဲ့လား”
“ရှင်းပါတယ် အစော”
“ခက်တာက စံဟေးဟာ တိမ်းရှောင်သွားပေမယ့် သူ့သမက်စံထွန်းဟုန်ကို နောက်မှာ ချန်ထားခဲ့တယ် ဦးရီးတော်ဟာအသက်လဲကြီး၊ အကျဉ်းခံနေခ ဲ့ရတာမို့ သြဇာအာဏာလဲ ကျ၊ နယ်သူနယ်သားတွေနဲ့လဲ အဆက်ပြတ်နေ ဆိုတော့ သိန္နီမှာကျန်ရစ်ခဲ့တဲ့စံထွန်းဟုန်ရဲ့ရန်ကို မနှိမ်နင်းနိုင်ပဲ တစ်ခါ အရေးနိမ့်ရပြန်တယ် တစ်ခါ ရတနာပုံရွှေနန်းက အမိန့်နဲ့ ဆင့်ခေါ်ပြန်တယ် ဒီတစ်ကြိမ်တော့ ဦးရီးတော်ဟာ ရတနာပုံနေပြည်တော်ကိုမလာရဲတော့ပဲ သားတော်နော်မောင်ကိုသာ ကိုယ်စားစေလွှတ်လိုက်ပြီးသူကိုယ်တိုင်ကတော့ သစ္စာရှိ ကချင်အမျိုးသားတွေကြားမှာ မထင်မရှားပုန်းအောင်းနေခဲ့ရတယ် နော်မောင်ခမျာဟာတော့ ထုံးစံအတိုင်းအကျဉ်းချခံထားရတာ ဒီနေ့အထိပဲ ဒီတုန်း မင်းတုန်းမင်းတရားကြီးနတ်ရွာစံတော့အခြေအနေဟာ ပိုဆိုးခဲ့တယ် သီပေါမင်း နန်းတက်၊ မင်းသွေးတွေကို သုတ်သင်စဉ်က မင်းတုန်းမင်းကြီးရဲ့မိဖုရား ဦးရီးတော်ရဲ့သမီးတော် သိန္နီနန်းမတော်နဲ့ သူ့သားငယ်ပါ အကွပ်မျက်ခံခဲ့ကြရတယ် ကောင်းကြသေးရဲ့လား”

ဗိုလ်သူရိန်က ဘာမျှပြန်မဖြေ။ သက်ပြင်းတစ်ချက်ကို ရှိုက်လိုက်၍ငြိမ်နေသည်။

“ကိုသူရိန် ဘာတွေစဉ်းစားနေလဲ”
“သြော် အစောတို့အဖြစ်ဟာ ကိုသူရိန်တို့အဖြစ်နဲ့ တူလွန်းလို့ပါ”
“ရှင်”
“အစောတို့ သိန္နီမှာ မအပ်မရာလူက တက်စိုးစံနေသလို ကိုသူရိန်တို့ရဲ့သီဟာသနပုလ္လင်ထက်မှာ မထိုက်တန်သူက တက်စံနေတယ် ကိုသူရိန်ဟာလဲ အစောလိုပဲ မထင်မရှား အိမ်နိမ့်စံနေရတဲ့ အရှင်သခင်အတွက် အသက်စွန့်အမှုထမ်းနေရသူပါ”
“ကိုသူရိန်တို့အရှင်သခင်က ဘယ်သူလဲ”
“အလောင်းမင်းတရားကြီးလို သူရသတ္တိနဲ့ပြည့်ဝပြီး မင်းတရားကြီးလိုသတ္တဝါမှန်သမျှ ရင်ဝယ်သားလို သနားတတ်တဲ့၊ တိုင်းပြည်ကြီးကိုဝပြောသာယာအောင် တရားသဖြင့် အုပ်ချုပ်နိုင်မယ့် မင်းသား
ပညာရှိတစ်ပါးပါ”
“ရှင် ညောင်ရမ်းကိုယ်တော်လေးကို ဆိုလိုလေသလား”
“မှန်တယ်အစော”
“အဲဒီ ညောင်ရမ်းကိုယ်တော်အကြောင်း အစော နည်းနည်းပါးပါးကြားဖူးတယ် ပညာတတ်သမျှ အမြော်အမြင်နဲ့ ပြည့်စုံတာမို့နတ်ရွာစံ မင်းတုန်းမင်းတရားကြီးကိုယ်၌က သူ့အရိုက်အရာကိုဆက်ခံစေချင်တဲ့မင်းသားဆို ဟုတ်လား”
“ဟုတ်ပါတယ် အစော ညောင်ရမ်းကိုယ်တော်ကို မင်းတုန်းမင်းတရားသာ မကဘူး ကင်းဝန်မင်းကြီးလို ပညာရှိမှူးမတ်တွေကပါ လိုလားပါတယ် ဒါပေမယ့် ဆင်ဖြူမရှင်တို့ရဲ့ နန်းတွင်းလုပ်ကြံမှုစနက်က လက်ဦးနေလို့ ညောင်ရမ်းနဲ့ ညီတော် ညောင်အုပ် မင်းသားနှစ်ပါးဟာ အင်္ဂလိပ်သံရုံးကို ခိုဝင်ပြီး အလွတ်ရုန်း ပြေးခဲ့ရရှာတယ်”
“အို ဒီမင်းသားတွေကို အင်္ဂလိပ်တွေက မကူဘူးလား”
“ဝေးပါသေးရဲ့ အစော အထက်ဗမာနိုင်ငံမှာ ဖရန်စစ်တွေကလဲရှေ့ဆက်သိမ်းမယ်တကဲကဲလုပ် လက်ရှိအုပ်ချုပ်နေတဲ့ မင်းကလဲတရားမဲ့ ဒီအခြေဆိုးတွေက နိုင်ငံတော်ကို ကယ်တင်ဖို့ညောင်ရမ်းကိုယ်တော်ဟာ ရတနာပုံရွှေနန်းကို သိမ်းမြန်းဖို့ ကြိုးပမ်းသေးတယ် ဒါပေမယ့် အင်္ဂလိပ်က တားဆီးပြီး ဘင်္ဂလားမြို့ကိုဖမ်းပို့ထားတယ် ယခုအချိန်ထိကိုသူရိန်တို့ ဘာသတင်းမှမရဘူး”
“နို့ ဒါဖြင့်ကိုသူရိန်တို့ကော ဘာလုပ်ကြမလဲ”
“ဘာလုပ်ကြမလဲဆိုတော့ ဘာလုပ်ကြမလဲဆိုတာ မစဉ်းစားခင် ဒီနေ့ဗမာပြည်မှာ ဘာဖြစ်နေတယ်ဆိုတာ ကို ကိုသူရိန်တို့ အရင်သိထားရမယ် ဒီနေ့ ဗမာပြည်မှာ တစ်နိုင်ငံလုံးသိမ်းပြီး ကျွန်လုပ်ချင်ကြတဲ့အင်္ဂလိပ်တွေ၊ ဖရန်စစ်တွေ ရှုပ်နေကြတယ် နိုင်ငံခြားသားတွေဟာဟိုလူ့စေတနာရှိသယောင်၊ ဒီလူ့စေတနာရှိသယောင် ဘယ်လောက်တောင်ဟန်ဆောင်နေကြပေမယ့် သူတို့လိုချင်တာကတော့ ဗမာပြည်ကိုကျွန်လုပ်ရေးပဲ စောစောက အစောဖတ်ခဲ့ရတဲ့ စာနှစ်စောင်နဲ့တင်ရှင်းနေတာပဲ ဒီတော့ အဲဒီဘေးတွေကို ကာကွယ်ဖို့က ပြိုပျက်နေတဲ့ အမျိုးသားစည်းလုံးမှုကို ပြန်တည်ဆောက်ကြဖို့ပဲ အစောပြောသလိုပါပဲလေ ဒီနိုင်ငံတော်ကြီးကို တည်ဆောက်ခဲ့တာဟာဗမာတွေတင်မကပါဘူး ရှမ်းနဲ့တကွ တိုင်းရင်းသားတွေအားလုံး ပါပါတယ်”

စောရှင်ဦးက ငြိမ်ငြိမ်လေးနားထောင်နေရာမှ ပြုံးလိုက်သည်။

“အစော ဘာပြုံးတာလဲ”
“သြော် ရှင်အခုပြောတဲ့စကားတွေကို ဦးရီးတော်တို့လဲ မကြာခဏပြောတာ သတိရလို့ပါ”
“စောနော်ဖက ဒီလိုပဲ ပြောသလား”
“ပြောတယ်ကိုသူရိန် မြန်မာနိုင်ငံတော်အတွက် အစောတို့ သိန္နီအနွယ်ထဲကတင် ကျခဲ့ရတဲ့သွေးတွေဟာ နည်းတာမှမဟုတ်ပဲ”
“မှန်တယ်အစော ကိုသူရိန်တို့ဟာ အချင်းချင်း ဘယ်လောက်ပဲဒီနေ့သဘောကွဲလွဲကွဲလွဲ ရာဇဝင်ကို ပြန်သတိရကြဖို့ကောင်းပါတယ် အလောင်းမင်းတရားကြီးဟာ နိုင်ငံတော်ကြီးကိုတည်ဆောက်ရာမှာအထက်မြန်မာနိုင်ငံသားတွေနဲ့ ရှမ်းပြည်နယ်သားတွေရဲ့ အင်အားကိုအဓိက အသုံးချသွားတာပဲ ဆင်ဖြူရှင် မင်းတရားလက်ထက်တရုတ်တွေက နိုင်ငံတော်ကို ကျူးကျော်လာတော့လဲ ရှမ်း၊ ဗမာ၊မွန်စတဲ့ တိုင်းရင်းသားတွေ အားလုံး သွေးစည်းပြီး ရာဇဝင်ပြောင်တဲ့အောင်ပွဲကို အရယူခဲ့ကြတယ်မဟုတ်လား အင်္ဂလိပ်တွေနဲ့တိုက်ရတဲ့ ပထမစစ်ပွဲမှာလဲ ပန်းဝါကနေ ရန္တပိုအထိရှမ်းနဲ့ ဗမာတွေဟာသွေးနဲ့ ရာဇဝင်ရေးခဲ့ကြတယ် နောက်ဆုံး ပြီးခဲ့တဲ့ဒုတိယစစ်ပွဲကိုကြည့်စမ်း ကိုသူရိန့်အဖေနဲ့ ရန်သူကို အားမတန်ပေမယ့်မာန်မလျှော့ဘဲ ရင်ပေါင်တန်း တိုက်ရင်း အတူကျဆုံးသွားသူ စစ်ကဲကြီးတစ်ဦးဟာ အစောတို့သိန္နီနယ်က စော်ဘွားကြီးတစ်ဦးပဲတဲ့ကိုသူရိန် တို့အဖေနဲ့ အဲဒီစော်ဘွားကြီး ကျဆုံးသွားတော့ ရန်သူ့သွေးစေးတွေနဲ့ ကပ်ခြောက်နေလို့ သူတို့လက်တွင်းက ဓားတွေဟာဆွဲခွာယူလို့တောင် မရဘူးလို့အဆိုရှိတယ်”

ဤစကားရပ်များအား နားထောင်နေစဉ် စောရှင်ဦး၏ မျက်နှာလေးမှာထူးဆန်းစွာ ဇာတိမာန်နှင့်ဝင်းလက် လာသည်။ ဗိုလ်သူရိန်၏စကားဆုံးသွားသောအခါ စောရှင်ဦးသည် စိတ်အားထက်သန်ဇောနှင့်မိမိကိုယ်မိမိ ဘာလုပ်မိသည်ကို သတိမပြုမိပဲ ဗိုလ်သူရိန်၏လက်မောင်းတစ်ဖက်အား ကိုင်လှုပ်ယမ်းရင်း မေးလိုက်သည်။

“ရှင် . . . ဒါဖြင့် ပဲခူးနယ်သူရဲကောင်းကြီး ဦးမြတ်ထွန်းရဲ့သားပေါ့ကိုသူရိန် ဟုတ်လား”

ဗိုလ်သူရိန်ကိုယ်တိုင်မှာ အံ့အားသင့်သွားလျက် ရုတ်တရက်မဖြေနိုင်။

“ဘာဖြစ်လို့လဲ အစော”
“အို အစော မေးတာကိုဖြေစမ်းပါ”
“ဟုတ်ပါတယ်အစော ကိုသူရိန့်အဖေဟာ ဦးမြတ်ထွန်းပါ”

စောရှင်ဦး၏ မျက်နှာကလေးမှာ ပိုမိုဝင်းကြည်လာလျက် ဗိုလ်သူရိန်အားကြည့်နေသော မျက်လုံးများ၌လည်း အံ့သြဝမ်းသာမှု၊ လေးစားကြည်ညိုမှုတို့ဖြင့် ရွှန်းဝေနေသည်။ ကိုသူရိန့်အဖေနဲ့ အတူတိုက်ပွဲဝင်ခဲ့တဲ့ အဲဒီရှမ်းစစ်ကဲကြီးဟာ အစောရဲ့ခမည်းတော်ဆိုတာ
ကော ရှင်သိရဲ့လား ဟင်”
“အို အစောရဲ့ ခမည်းတော်”
“ဟုတ်တယ် ဒီတုန်းက အစောရဲ့ခမည်းတော်ဟာ မုတ္တမကြောင်းချီတောင်တွင်းကြီးမြို့ဝန်မင်း ရဲမင်းခေါင်ကျော်ထင်ရဲ့တပ်မှာ စစ်ကဲပေပေါ့ကိုသူရိန်”

ဗိုလ်သူရိန်သည် ဒဏ်ရာကိုမှ အမှုမထားနိုင်တော့ပဲ ရှေ့သို့ ကိုယ်ကိုကိုင်းညွတ်မိသည်။ အမှတ်မထင်ပင် ဖြူဖေ ွးနူးညံ့သော စောရှင်ဦး၏လက်နုနုလေးများအား သူ့လက်ဖဝါးကြီးများနှင့် ဆုပ်ကိုင်လျက် ရင်မှာအပ်ထားမိသည်။

စကားမဆိုနိုင်ကြ။ ရုတ်တရက်ပေါ်ထွက်လာသော ဇောပီတိကြောင့်တစ်ဦးမျက်နှာ တစ်ဦးကြည့်ရင်း ခေတ္တငြိမ်နေမိကြသည်။

“အစော”
“ကိုသူရိန်”
“အစောနဲ့ ကိုသူရိန်ဟာ ဘာကြောင့် စောစောတည်းက မတွေ့ကြသလဲနော်”

စောရှင်ဦးက ကျေနပ်စွာပြုံးလိုက်သည်။

“အခုတွေ့ကြပြီမဟုတ်လား ကိုသူရိန် ကိုသူရိန့်စကားကို ဆက်ပါဦး”

ဗိုလ်သူရိန်က စောရှင်ဦး၏ လက်ကလေးအား အသာအယာ လွှတ်လိုက်
သည်။

“အစောနဲ့ကိုသူရိန်ကို အစောနဲ့ ကိုသူရိန်ရဲ့ ဖခင်တို့ရဲ့သွေးတွေဟာနှောင်ဖွဲ့ရစ်ငင်ထားပါတယ် အစောရယ် ဒီလိုပဲ ရှမ်းနဲ့ ဗမာတွေကိုလဲ သားစဉ်မြေးဆက် ကျစက်ခဲ့ရတဲ့ သွေးတွေက နှောင်ဖွဲ့ရစ်ငင်ထားပါတယ်”

စောရှင်ဦးက ဗိုလ်သူရိန်ထံမှ မျက်စိမလွှဲပဲ အသာအယာ ခေါင်းညိတ်လိုက်သည်။

“ခုနက အစောဟာ ဗမာတွေကို မုန်းတယ်လို့ဆိုခဲ့တယ် ဒီနေရာမှာဗမာတစ်ယောက်နဲ့ ဗမာအမျိုးကို ခွဲခြားကြည့်သင့်ပါတယ် အစောရယ် ပြီးတော့ ဗမာမင်းမတရားရဲ့ အမှားနဲ့ ဗမာတစ်မျိုးသားလုံးရဲ့အမှားကိုလဲ သီးသန့်နားလည်သင့်တယ် ထင်တယ် တစ်မျိုးသားလုံးအပြစ်ရှိဖို့က ခဲယဉ်းပါတယ် လူတစ်ဦး၊ မင်းတစ်မင်း သို့မဟုတ်လူတစ်စုအနေနဲ့ကတော့ ဆိုးနိုင်သလို ကောင်းလဲ ကောင်းနိုင်ပါတယ် လက်ရှိမင်းလို ဆိုးတဲ့ဗမာမင်းတွေရှိသလို သိုဟန်ဘွားလို ဆိုးသောရှမ်းမင်းတွေလဲ ရှိပါတယ် ဒါပေမယ့် ကိုသူရိန်တို့ အစောတို့မမေ့ထိုက်တာက ဆိုးသော သိုဟန်ဘွားကို လုပ်ကြံခဲ့ပေမယ့်ကောင်းသော အုန်းဘောင်ခုံမှိုင်းကို နန်းတင်ခဲ့တဲ့ ရှမ်းဗမာတုံ့လှယ်ချစ်ကြည်မှုကို စံနမူပြုခဲ့တဲ့ မင်းကြီးရန်နောင်လိုပုဂ္ဂိုလ်ကြီးတွေလည်း ရှိသေးတယ်ဆိုတဲ့အချက်ပဲ ”
“ဒါပေမယ့် မင်းကြီးရန်နောင်လို သူတော်ကောင်းမျိုးက အနှစ်တစ်ရာမှတစ်ခါပေါ်တော့ ဘယ့်နှယ်လုပ်မလဲ”
“ကိုသူရိန်လဲ အဲဒါကိုပြောနေတာပေါ့ အစော လူတစ်ဦးတည်း လူတစ်စုတည်းဆိုတာက ကောင်းလဲ ကောင်းနိုင်တယ်၊ ဆိုးလဲ ဆိုးနိုင်တယ် ဆိုးနိုင်ဖို့ဘက်က ပိုများသပေါ့လေ ဒီလိုစိတ်မချရတဲ့သက်ဦးဆံပိုင်ဘုရင်စနစ်အစား ကမ္ဘာဦး မဟာသမ္မတမင်းလို ရှမ်းဗမာတိုင်းရင်းသား ပြည်သူအများရဲ့ သဘောဆန္ဒအရ ရွေးကောက်မှမင်းဖြစ်ရပြီး ဝေသန္တရာမင်းကြီးလို အများက ငြိုငြင်ရင်နန်းကဆင်းပေးရတဲ့ဘုရင်မျိုးက ပိုမကောင်းဘူးလား”
“ဖြစ်နိုင်ပါ့မလား ကိုသူရိန် ရှင့်ဝါဒက ကမ္ဘာဦးမှာသာ ပေါ်နိုင်တယ်ထင်ပါရဲ့”
“ဖြစ်နိုင်ပါတယ် အစော လူသားဆန္ဒ ပြင်းပြရင် နေလနှစ်ပါးနဲ့နက္ခတ်တာရာတွေတောင် ပေါ်ထွက်ရသေးတာပဲ မဟုတ်လား”
“ဆိုပါဦး ဒီတော့ အစောတို့ ကိုသူရိန်တို့ဘာလုပ်ကြမလဲ”
“ဆိုပါ့မယ်အစော အခု အင်္ဂလိပ်တွေက သူတို့တက်လာရင်ဒီလိုကြောင့်ကြစိုးရိမ်မဲ့တဲ့ အစိုးရမျိုးကို ထောင်ပေးမလိုလို လေသံလွှင့်ကြတယ် ဖရန်စစ်တွေကလဲ သူတို့ဘက်ပါရင် အနိမ့် အမြင့်အယုတ်အလတ် အဖြူအမည်း မခွဲ အားလုံးကို တန်းတူတစ်မျဉ်းပြေးသည့်နှယ် အုပ်ချုပ်ပေးမလိုလို အယောင်ပြနေကြတယ် သူတို့ကိုယုံသူတွေက ယုံနေကြပြန်တယ် ကိုသူရိန့် အနေနဲ့တော့ သူတို့တွေကို ကြာမျိုးငါးပါးနဲ့ တင့်တယ်တဲ့ရေကန်နဲ့ မက်လုံးပေးပြီး ငါး၊ လိပ်၊ပုဇွန်တို့ရဲ့သွေးကို သောက်မယ့် ဗျိုင်းခြေတံရှည်ကြီးတွေအဖြစ်ပဲမြင်တယ် တစ်ခါ ကိုသူရိန်တို့ရဲ့ နိုင်ငံတော်ကြီးမှာ ဗျိုင်းလူလည်ကိုကယ်တင်ရှင်အဖြစ်ကိုးကွယ်ပြီး ဗျိုင်း ဘက်ကရှေ့နေလိုက်၊ ဗျိုင်းဝိုက်ဆင်နေတဲ့ ညွှတ်ကွင်းထောင်ချောက်ကို ကိုယ်ထိလက်ရောက် ဝိုင်းကူဆောက်ပေးနေ တဲ့ငါးတွေ လိပ်တွေကလဲ ရှိနေတယ် ကိုသူရိန်တို့အနေနဲ့က ပထမအဆင့်အနေနဲ့ အဲဒီ ငါးတွေ လိပ်တွေရယ်၊ ဗျိုင်းလူလည်ကို နှိမ်နင်းပယ်ရှားနိုင်မယ့် ပုဇွန်ပညာရှိမင်းကို ရှာရမယ် ဒုတိယအဆင့်အနေနဲ့က ကိုသူရိန်တို့ဟာ ကိုယ့်အားကိုယ်ကိုးပြီးကြာမျိုးငါးပါးနဲ့ တင့်တယ်တဲ့ ရေကန်ကြီးပမာ သာယာစိုပြည်တဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်ယူကြရမယ်”

စောရှင်ဦးက ဗိုလ်သူရိန်၏ လက်များအား မိမိ၏ ဖြူဖွေးနူးညံ့လှသောလက်ကလေးများနှင့် ဆွဲယူအုပ်ကိုင်လိုက်သည်။

“တော်တော့ကိုသူရိန် ဒီလောက်ဆို အစော သဘောပေါက်ပြီ”

ဗိုလ်သူရိန်ကလည်း စောရှင်ဦး၏မျက်နှာလေးအား ချစ်ကြည်လေးစားစွာပြန်ကြည့်နေမိ၏။

“အစော ကိုသူရိန့်ကိုသတ်ချင်သေးလား”
“အို အစော ဘယ်တုန်းက ကိုသူရိန့်ကို သတ်ချင်တယ်လို့ ပြောခဲ့လို့လဲ ရှင်ရယ်”

ဒုတိယအကြိမ် မျက်လုံးနှစ်စုံတို့ တိုက်ဆုံမိကြပြန်သည်။

“ဒါပေမယ့်ကိုသူရိန် ရှင် ဒီအိမ်မှာ ကြာကြာနေလို့တော့မဖြစ်ဘူး ဒီအိမ်ရှင်ဟာ အစောရ ဲ့ အဒေါ့်ခင်ပွန်းပါပဲ တစ်ကြိမ်က သိန္နီနယ်ကို ကြီးကြပ်ရတဲ့ မြန်မာဗိုလ်မှူးဝန်မင်းတစ်ဦးပေါ့ မကြာခဏလျှို့ဝှက်ရောက်ရောက်လာတဲ့ အစောတို့ အထောက်တော်တွေကရှိနေတယ် အထောက်တော်တိုင်းဟာ သပြေတန်းခံတပ်ဗိုလ်မှူးကိုတွေ့ရင် နှုတ်ပိတ်ပစ်ဖို့ အမိန့်ခံယူထားကြတယ် ဒီအမိန့်ကို အစော မပယ်ဖျက်နိုင်ဘူး အကျိုးအကြောင်းကို ရေလည်အောင်ဦးရီးတော်ဆီ အစော သံတော်ဦးတင်ရဦးမယ် ဒီတော့မိုးမလင်းခင် ဒီအိမ်ကကိုသူရိန် ဘယ်သူမှမရိပ်မိဘဲ ထွက်သွားနိုင်ဖို့ကအရေးကြီးတယ်ကိုသူရိန် ဒီနန်းမြို့ရိုးတွင်းက လွတ်အောင် တိမ်းနိုင်ပါ့မလား ”
“တိမ်းနိုင်ပါတယ်အစော အခု ကိုသူရိန့်ကို လိုက်ရန်ရှာသူတွေဟာတစ်ယောက်မှ မင်းအာဏာနဲ့ ဖြစ်ဟန်မတူဘူး ဒီလောက်ရှိပြန်ကြုန်လောက်ပါပြီ ပြီးတော့ နန်းမြို့ရိုးတံခါးတစ်ခုမှာ ကိုသူရိန်မိတ်ဆွေ အရေးပါတဲ့ဗိုလ်တစ်ဦးရှိတယ် ဒီကနဲ့ သိပ်မကွာပါဘူး”
“အို အခုချက်ချင်းသွားဖို့ မဟုတ်ပါဘူး ကိုသူရိန် ကိုသူရိန်နောက်ထပ်အားပြည့်အောင် တစ်ရေးအိပ်လိုက်ဦးနော် အချိန်နီးရင်အစော လာနှိုးပါ့မယ် ဒါ့ထက်နေဦးနော်ခဏ”

စောရှင်ဦးသည် ပေါ့ပါးစွာ နေရာမှထ၍ အခန်းတွင်းမှထွက်ခွာသွားသည်။ အတန်ကြာသော် ဖလားတစ် လုံးအားကိုင်လျက်ပြန်ပေါ်လာ၏။

“ဘာလဲ အစော”
“ဆေးလေ ကိုသူရိန် ကိုသူရိန့်ကိုအစော ဆေးထပ်တိုက်ရဦးမယ်”

ဗိုလ်သူရိန်က ဘာမျှပြန်မပြော။ စောရှင်ဦးလက်တွင်းရှိ ဖလားအတွင်းမှနီကြန်သော ဆေးရည်များကိုသာ လှမ်းကြည့်နေသည်။

“ဒီဆေးဟာ အစောတို့ရဲ့ ရှမ်းနန်းတွင်းဆေးတစ်လက်ပေါ့ စောစောက ကိုသူရိန် သတိလစ်နေတုန်း အစော အစက်ချပြီး တစ်ခွက်တိုက်ထားတယ် ဒီတစ်ခွက် ထပ်သောက်လိုက်ဦးနော် ကိုသူရိန်နိုးရင် လူကောင်းပကတိလို အားရှိလာလိမ့်မယ်”

ဗိုလ်သူရိန်က စောရှင်ဦးလက်ထဲမှ ဆေးခွက်အား လှမ်းယူမည်ပြင်သည်။ သို့ရာတွင် စောရှင်ဦးက မပေးသေးဘဲ လက်ဝါးကာပြသည်။

“ရှင် အစောကို ယုံသလားဟင် ကိုသူရိန်”
“ဘာလဲ အစော”
“ဒီဆေးဟာ အဆိပ်ဆိုရင်ဘယ့်နှယ်လုပ်မလဲ”
“သြော် အစောရယ် ပြောခဲ့ပါရောလား အစောသတ်ရက်ရင် ကိုသူရိန်သေရဲပါတယ်လို့”

စောရှင်ဦးက အသာပြုံးရင်း ဂရုဏာပြည့်သော မျက်လုံးအစုံနှင့်ဗိုလ်သူရိန်အား ငေးငေးလေးပြန်ကြည့်လိုက်သည်။

“ရှင့်ကို အစော မသတ်ရက်ပါဘူး ကိုသူရိန် ဒါကို ယုံပါ ဒါပေမယ့် ကိုသူရိန် ကိုသူရိန် စိတ်ရနံ့ကင်းသွားအောင်အစောအရင်သောက်ပြမယ် ကြည့်”

ပြောပြောဆိုဆို စောရှင်ဦးသည် ဖလားကိုမော့၍ ဆေးရည်တို့ကိုသောက်ပြသည်။ ထို့နောက် ဖလားကို ဗိုလ်သူရိန်အား လှမ်းပေးလိုက်၏။ဗိုလ်သူရိန်သည် ဘာမျှမပြောဘဲ သွက်လက်စွာနှင့် ဆေးရည်ကိုမော့ကျိုက်ချလိုက်သည်။ ချိုခါးခါးရှိ၍ စိမ်းရွှေသော ရနံ့သက်သက်ပါသော ဆေးရည်တို့မှာ လည်ချောင်းတစ်လျှောက်၌ ဆင်းသွားစဉ်ပူသယောင်ရှိသော်လည်း ခဏချင်းပင်ရင်တွင်း၌ အေးမြသွားသည်။

“ဘာဆေးလဲ အစော”
“အစောပြောပါရောလား ရှမ်းနန်းတွင်းဆေးတစ်လက်ပါလို့ ဂမုန်းတစ်မျိုးကို ကြံ့သွေး၊ ကျောက်သွေးအစစ်နဲ့ ရော၊ နောက် ပျားရည်နဲ့ အဲ ဘိန်းဆီနည်းနည်းလဲ ပါတယ်ပေါ့ ကိစ္စမရှိပါဘူး ကိုသူရိန် မကြာခင်အိပ်ပျော်သွားလိမ့်မယ်”

စောရှင်ဦးသည် ဖလားအား အခန်းတစ်နေရာ၌ သွားထားသည်။ထို့နောက်စောင်ကြီးတစ်ထည်ကို ယူလျက်ပြန်လာသည်။

“ဘယ့်နှယ်နေလဲ ကိုသူရိန”
“အား ခေါင်းထဲမှာ နည်းနည်း ရီတီတီဖြစ်လာတယ်”
“တော်တော်ကြာ အိပ်ချင်လာလိမ့်မယ် ကဲ နည်းနည်းကြွနော် အစော မှီအုံးတွေ ဖယ်လိုက်မယ်”

စောရှင်ဦးသည် မှီအုံးများအား ဆွဲဖယ်လျက် ဗိုလ်သူရိန်အားနောက်ကျောမှဖေးကာ တဖြည်းဖြည်း လဲလျောင်းအိပ်စေသည်။

“သြော် ဒါထက်အစော ခုနက စာသုံးစောင်ကို အစောပဲယူထားလိုက်ပါ ဆိုင်ရာတွေကိုသာပြပြီး ကိုသူရိန်ပြောခဲ့တာတွေနားလည်ကြအောင်အစောကပဲ တစ်ဆင့်ရှင်းပြလိုက်ပါ”
“စိတ်ချ ကိုသူရိန်”

ဗိုလ်သူရိန်မှာ တဖြည်းဖြည်းနှင့် မူးဝေငိုက်မျဉ်းချင်သော ဝေဒနာခေါင်းတွင်း၌ ပေါ်လာမှန်း သတိထားမိသည်။ စောရှင်ဦးကမူကြင်နာသော နှမငယ်တစ်ဦးပမာ ဗိုလ်သူရိန်၏ ကိုယ်ထက် စောင်ကိုယုယစွာ လွှမ်းခြုံပေးလျက် ပိရိအောင်ဖိပေးနေသည်။ မူးရိပ်မူးရီမှ ဗိုလ်သူရိန်သည် စောရှင်ဦးပြုသမျှကို ကြည်နူးသာယာသောရင်နှလုံးနှင့်ငြိမ်ကြည့်နေမိသည်။စောရှင်ဦးက အနီးတွင်ချထားသော စာရွက်များအား ကောက်ယူနေရာမှထလျက်တစ်ချက်ပြုံးရင်း နှုတ်ဆက်သည်။

“ကဲ ကိုသူရိန် အစောသွားမယ် မီးခွက်လည်းယူသွားမယ်နော် စိတ်ချလက်ချသာ အိပ်ပေတော့”

စောရှင်ဦးသည် နေရာမှခွာလျက် မီးခွက်ကို လက်နှင့်ကာယူရင်းဗိုလ်သူရိန်အား သမင်လည်ပြန်တစ်ချက် ပြုံးကြည့်နှုတ်ဆက်၍ အခန်းတွင်းမှထွက်ခွာသွားသည်။

မှောင်ထဲတွင်ကျန်ရစ်သူ ဗိုလ်သူရိန်သည် သက်ပြင်းရှိုက်ရင်းထူးဆန်းသောကြုံရပုံအား ပြန်လည်တွေးနေမိ သည်။ သို့ရာတွင်ကြာရှည်အတွေးနယ်မချဲ့နိုင်၊ မျက်လုံးများမှာ စင်းကျလာ၍ မကြာမီပင်နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားသည်။

ငွေလမှာ အနောက်မိုးပြင်တွင် အတန် စောင်းကျနေသည်။ အိမ်ကြီးတစ်ခုလုံးမှာ မီးရောင်ကင်းမဲ့လျက် အိပ်မောကျသယောင် ငြိမ်သက်နေ၏။ ဖွေးဖွေးဖြူသော ဧကရာဇ်ပန်းကို တန်ဆာဆင်အပ်သည့်သစ်ပင်ရိပ်၌ ဗိုလ်သူရိန်နှင့် စောရှင်ဦးတို့က ရပ်လိုက်ကြသည်။ ပန်းလွှာဖြူဖြူတို့မှာ တဖြုတ်ဖြုတ်ကြွေကျလျက် မြေပြင်မှာလည်း ပြန့်ကျဲဖွေးနေသည်။

ရနံ့တို့မှာလည်း ကြိုင်နေ၏။

စောရှင်ဦးက ဗိုလ်သူရိန်၏ လက်မောင်းအား အသာအယာ ဆုပ်ကိုင်လျက် မေးသည်။

“ရှင်တော်တော်အားပြည့်ပါပြီနော် ကိုသူရိန်.”
“အားပြည့်ပါပြီ အစော အစောကျေးဇူးကို ကိုသူရိန် တစ်သက်မမေ့နိုင်ပါဘူး”
“ဒါကတော့ အတုံ့အလှည့်ပါပဲ ကိုသူရိန် အစောတို့ရဲ့ လျှို့ဝှက်ချက်တွေကို စေတနာထား မပေါက်ကြားအောင် စောင့်ရှောက်ခဲ့တဲ့ကိုသူရိန့်ကျေးဇူးကိုပဲ အစောတို့က တင်ရဦးမှာပါ”
“ထားပါတော့လေ ဒါထက် အစော အစောတို့ရဲ့ဆုံးဖြတ်ချက်တွေ၊ ရှေ့လုပ်ငန်းစဉ်တွေကို ကိုသူရိန်တို့ သိဖို့လိုတယ် ကိုသူရိန်တို့ အကြောင်းတွေကိုလဲ အစောတို့ အမြဲသိနေဖို့ကလဲအရေးကြီးတယ် အဲဒါ ဘယ့်နှယ်လုပ်ကြမလဲ ”
“ဒီအတွက်တော့မပူပါနဲ့ကိုသူရိန် အစော အကြောင်းကြားစရာရှိရင်တစ်နည်းနည်းနဲ့ ကိုသူရိန်သိစေရမပေါ့ ကိုသူရိန်က အစောတို့ကိုဆက်သွယ်ချင်ရင် အရင်တစ်ခါ တွေ့ခဲ့တဲ့ အိမ်လေးကိုမှတ်မိလား အဲဒီမှာ ညနေတိုင်း ချုံရှင်းနေတဲ့ အဘိုးကြီးတစ်ယောက်ကိုတွေ့ရလိမ့်မယ် သူကတစ်ဆင့် စိတ်ချလက်ချ အစစအရာရာဆက်သွယ်ပါ”
“ပြီးတော့ကော အစောရယ်”
“ဘာလဲ ကိုသူရိန် ပြီးတော့ကော ဆိုတာက”
“ပြီးတော့ အစောကို ကိုသူရိန် နောက်ထပ် ဘယ်တော့ ဘယ်မှာတွေ့ရမလဲ”
“ဘာလုပ်မလို့လဲ ကိုသူရိန် ရန်သူတွေက များလှပါတယ် နောက်ကိုသူရိန်နဲ့ အစောတို့ အချင်းချင်း ထပ်မတွေ့ကြရင် အားလုံးအတွက်ကောင်းပါလိမ့်မယ်”
“ဘာပြုလို့လဲ အစောရယ် ဘာပြုလို့ အစောနဲ့ ကိုသူရိန်ထပ်မတွေ့ကြရင်အားလုံးအတွက်ကောင်း ကြရမှာလဲ”

စောရှင်ဦးက အံကလေးကို မသိမသာခဲလိုက်သည်။ ထို့နောက်ညည်းညည်းညူညူ ဖြေသည်။

“ဒီအမေးကို အစော မဖြေပါရစေနဲ့ ကိုသူရိန် အစောမှာ ဖြေပိုင်ခွင့်လဲ မရှိပါဘူး ကိစ္စရှိရင်သာ အစော ပြောထားတဲ့ နေရာကတစ်ဆင့် ဆက်သွယ်ပေ့ါ ဟုတ်လား”

စောရှင်ဦးက အားတင်းပြုံးလိုက်သည်။ သူကမူ မပြုံးမရယ်နှင့်စောရှင်ဦးအား ပြန်ကြည့်သည်။ သူ့နှုတ်ခမ်းများမှာ တစ်စုံတစ်ခုအား ပြောတော့အံ့ဟု လှုပ်လာသည်။ သို့ရာတွင် သက်ပြင်းရှိုက်သံသာ ပေါ်လာ၍ဘာစကားမျှထွက်မလာ။ မျက်လုံးများမှာလည်း စောရှင်ဦးထံမှ ခွာလျက်လရောင်၌ ကြည်လင်ပြာလဲ့နေသော ကောင်း ကင်ပြင်အား ရည်ရွယ်ချက်မဲ့ မော့ကြည့်လိုက်မိသည်။

ဦးထိပ်မွန်းတည့်ရာ၌ ဖျောက်ဆိပ်ကြယ်သည် မှိတ်လုလင်းတုံရှိနေသည်။ အရှေ့ဘက် မကွာမဝေး၌ တစ်ပတ်လည်တုံပြီဖြစ်သဖြင့် ပက်လက်ရေမှုတ်သဏ္ဍာန်ပေါ်နေသော ခုနစ်စဉ်ကြယ်နှင့် ယှဉ်လျက်မောင်ရှင်ဆိုင်း တန်းကို မြင်နေရသည်။ ထူးခြားသည်မှာ ကြယ်တို့သည်တဖွဲဖွဲကြွေနေခြင်းဖြစ်သည်။

ထိုအခိုက် စောရှင်ဦးက ဗိုလ်သူရိန်၏ လက်မောင်းများအား ဖမ်းဆုပ်လျက်အလန့်တကြားအော်လိုက်သည်။

“ဟိုမှာကြည့်စမ်း ကိုသူရိန်”

စောရှင်ဦးညွှန်ရာသို့ ဗိုလ်သူရိန်မှာ လျင်မြန်စွာ ကြည့်လိုက်သည်။

အနောက်မိုးပြင်၌ စောင်းလျက်ရှိသည့်လနှင့် တောက်ပြောင်သောကြယ်တစ်လုံးမှာ တဖြည်းဖြည်း နီးကပ်လာကြသည်ကိုတွေ့ရ၏။နှစ်ဦးသားမှာ စကားမဆိုမိ။ အမှတ်မထင် တစ်ဦးနှင့်တစ်ဦး ပွေ့ပိုက်မိရင်း ထူးဆန်းသော ကြယ်နှင့်လအား ဖိုလှိုက်သောရင်တို့နှင့်ငေးကြည့်နေမိကြ၏။

ကြည့်ရင်းပင်လနှင့်ကြယ်သည် နီးသည်ထက် နီးလာသည်။ ခဏတွင်ပင်ကြယ်သည် လအတွင်းသို့တရွေ့ရွေ့ ထိုးဖောက်ဝင်သွားသည်။

ဤသည့်အခိုက်တွင်ပင် မြေပြင်မှာ သိမ့်ခနဲ တုန်သွား၍ ကြောက်မက်ဖွယ်အသံကြီးတစ်ရပ်မှာ အရှေ့ရိုးမဘက်မှတည်လျက်ပေါ်လာ၏။စောရှင်ဦး၏နှုတ်မှ ထိတ်လန့်ရေရွတ်သံလေး ပေါ်လာပြီး လူမှာလည်းဗိုလ်သူရိန်၏ ရင်ခွင်တွင်းသို့ တိုးဝင်လိုက်မိသည်။

ခဏကြာလျှင်တော်လည်း သံမှာ စဲသွား၏။ သို့ရာတွင် ကျီးငှက်တို့ ပြိုသံ၊ခွေးတို့အူသံနှင့် ရေမြေတော တောင်တို့မှာ သဲသဲညံညံကျန်ရစ်သည်။

သည်တော့မှ နှစ်ဦးသားမှာ အေးချမ်းသောညဝယ် ပူနွေးသည့်အထိအတွေ့များအား ခံစားလျက်ရှိမိကြကြောင်း သတိရလာကြသည်။

တစ်ဦး၏ ရင်ခုန်သံကိုပင်တစ်ဦး ကြားနေရသည်ထင်၏။စောရှင်ဦးက အသာအယာရုန်းသည်။ သူကတင်းကျပ်စွာပွေ့ထားသောလက်များအား လျှော့ပေးလိုက်သည်။ လုံးဝမူမလွှတ်။

“အစော”
“ဘာလဲ ကိုသူရိန်”
“ပြောပါဦး အစောရယ် ကိုသူရိန်နဲ့ နောက်ထပ်တွေ့ရမှာ ဘာအန္တရာယ်တွေများ ရှိနေလို့လဲ ” စောရှင်ဦးကမူ မဖြေ။ သူ့ရင်ခွင်တွင်းမှသာ ရုန်းထွက်နေသည်။

“လွှတ်ပါ ကိုသူရိန် အစောကိုလွှတ်စမ်းပါ”
“လွှတ်ပါ့မယ်အစောရယ် ကိုသူရိန်မေးတာကိုဖြေစမ်းပါဦး”
“ခက်တော့တာပဲ ကိုသူရိန် အစောက ဘာတွေများ ဖြေရဦးမတဲ့လဲ”
“အစော မဖြေသေးတဲ့ဟာတွေကို ဖြေပေါ့အစော”
“ခက်တော့တာပဲ ရှင်ရယ် အစော ကိုသူရိန်နဲ့ တွေ့မိတာ အစော
ခက်ရတော့တာပဲ”

ဗိုလ်သူရိန်က စောရှင်ဦး၏မျက်နှာကလေးအား ငုံ့ကြည့်လိုက်သည်။စောရှင်ဦး၏ ဝန်းလည်သော မျက်လုံးပြာတို့ဝယ်အမျိုးအမည် မသဲကွဲသော မျက်ရည်များ ပြည့်လျှံနေသည်။ သူက ဖြည်းညင်းစွာ စောရှင်ဦး၏ကိုယ်လေးအား လွှတ်လိုက်သည်။

“အစော ကိုသူရိန်ကို စိတ်ဆိုးနေသလား”

စောရှင်ဦးက မျက်ရည်ဝိုင်းလျက်မှ ပြုံးရင်း ခေါင်းကို ဖြည်းညင်းစွာခါသည်။

“အစော ကိုသူရိန့်ကို စိတ်မဆိုးပါဘူး ဒါပေမယ့်”
“ဒါပေမယ့်ဘာဖြစ်လဲ အစော”

စောရှင်ဦးက နာနာကျည်းကျည်းပြုံးလိုက်ပြန်သည်။

“ဒါပေမယ့် အစောဝမ်းနည်းတယ် ကိုသူရိန် အစောကိုယ်ကိုအစောဝမ်းနည်းမိတယ် ပြီးတော့ ကိုသူရိန့်အတွက်လဲ အစောစိတ်မကောင်းဘူး ဒါကိုယုံပါ”

ဗိုလ်သူရိန်က စောရှင်ဦး၏ မျက်နှာလေးအား နားမလည်သယောင်ငေးစိုက်ကြည့်လိုက်မိသည်။ စောရှင်ဦး၏ မျက်လုံးပြာတို့၌သူနားလည်သော မေတ္တာငွေ့နှင့် ဂရုဏာရောင်အား တွေ့ရပါ၏။

သို့ရာတွင် စောရှင်ဦး၏ ဦးနှောက်တွင်း၌ ဘာရှိသည်ကိုမသိ။

ခဏ၌ပင် စောရှင်ဦး၏မျက်နှာလေးမှာ တစ်စုံတစ်ခုအား သံန္နိဌာန်ချလိုက်သည့်ပမာ တည်ငြိမ်လာသည်။

“ကိုသူရိန့်ရင်ထဲမှာ ဘာရှိလို့ဘာပြောချင်တယ်ဆိုတာ အစောသိတယ် ဒါပေမယ့် အစော ဘာဖြေချင် တယ်ဆိုတာ အစော သိနေသလိုအစော ဘာဖြေရမယ်ဆိုတာ အစော နားလည်ပြီးဖြစ်နေလို့ အစောမှာခက်နေရတယ်”

စောရှင်ဦးက အေးချမ်းတည်ငြိမ်စွာ ပြောနေ၏။

“စင်စစ်တော့ အစောနဲ့ ကိုသူရိန် အခုကြုံခဲ့ရတာတွေဟာ စက်နိုးခိုက်တွင် အိပ်မက်မြင်သို့ ပမာမို့ မေ့ထား လိုက်ကြရင်ကောင်းလိမ့်မယ် သေသေချာချာစဉ်းစားလိုက်ရင် အစောကိုယ်အစော မပိုင်သလိုကိုသူရိန်ကိုယ်ကို ကိုသူရိန် မပိုင်ပေဘူး မြင့်မြတ်ကြီးကျယ်တဲ့ကိုသူရိန်နဲ့ အစောတို့ရဲ့ အရေးတော်ကြီးတွေက အစောနဲ့ ကိုသူရိန့်ကိုစိတ်ရှိရာ ကိုယ်ပါဖို့ ခွင့်မပြုလေဘူး ကိုသူရိန်”

စောရှင်ဦး၏ စကားများကြောင့် ဗိုလ်သူရိန်မှာ မိမိကိုယ်မိမိ ုပန်ရှက်သွားမိသည်။ ဘာမျှမပြောနိုင်။ စောရှင်ဦးကသာ ဆက်ပြောနေသည်။

“အစော ဖြေရမယ့် အဖြေကို အစောမပြောရက်ဘူးကိုသူရိန် ဒါပေမယ့် အရိပ်အမြွက်ပဲ ကိုသူရိန်ကို အစောပြောလိုက်ပါ့မယ် ဒီမှာ ကိုသူရိန် အို ခေါင်းကြီးကိုမော့စမ်းပါဦး”

ဗိုလ်သူရိန်က ဟန်ဆောင်ပြုံးရင်း ခေါင်းကိုမော့လိုက်သည်။ဗိုလ်သူရိန်၏ မျက်နှာအား မြင်လိုက်ရသူ စောရှင်ဦးမှာ ပြောရမည့်စကားအား နှုတ်မှမထွက်ရက်သည့်ပမာ ဆိုင်းငံ့သွားသည်။

“ပြောပါလေ အစော အစောပြောမယ့် စကားကို ကိုသူရိန်နားထောင်နေပါတယ်”

စောရှင်ဦးက ကြေကွဲဝမ်းနည်းစွာဖြင့် ဗိုလ်သူရိန်၏ မျက်နှာအားတစ်ချက်း ငေးငေးလေးကြည့်ရင်း ဖြည်းညင်းစွာ တစ်လုံးချင်းဆိုသည်။

“အစောကိုယ်ကို သိန္နီနယ်က ပိုင်သလို သိန္နီဟော်နန်းက ဆိုင်နေတယ်ကိုသူရိန်”

ဗိုလ်သူရိန်၏ခေါင်းထဲ၌ မိုက်ခနဲဖြစ်သွားသည်။ ကြားလိုက်ရသည်ကိုမယုံမိ။ စောရှင်ဦးအားသာ စိတ်ထိခိုက်ခြင်း ကြီးစွာနှင့် ငေးကြည့်နေမိသည်။

ထိုစဉ်ဝယ် ရွှေနန်းတော်ကြီးရှိရာ မြောက်ဘက်မှ ညဉ့်သုံးချက်အချိန်ပဟိုရ်သုံးဆယ့်သုံးချက်တီးသံ တိတ်ဆိတ်သောညဉ့်အား လွင့်ပျံလျက်မှန်မှန်ထွက်ပေါ်လာသည်။

“ရှင်သိပ်စိတ်ထိခိုက်သွားသလားဟင် ကိုသူရိန်”

ဗိုလ်သူရိန်က အားတင်းပြုံးလိုက်၏။

“ကိုသူရိန်စိတ်မထိခိုက်ပါဘူးလို့ အစောကို မညာချင်ပါဘူး အစောရယ် ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အစောက မှန်ပါတယ် ယောက်ျားဖြစ်လျက် ရင်နှလုံးရဲ့စေခိုင်းရာနောက် အကန်းသဖွယ် လိုက်ချင်မိခဲ့တဲ့ကိုသူရိန်ကသာ မှားပါတယ်”

ဗိုလ်သူရိန်က အသံကိုထိန်းရင်း ဝမ်းနည်းပမ်းနည်းနှင့် ဆိုနေသဖြင့်စောရှင်ဦးမှာ ရင်ထုမနာနှင့်နား ထောင်နေရသည်။

“ကိုသူရိန် သွားပါတော့မယ်အစော အစောပြောသလို ကိုသူရိန်တို့ချင်း ထပ်မတွေ့ကြရင် အကောင်းဆုံးမို့ အစောကို နောက်ထပ်ဆုံဖို့ကိုသူရိန်မကြိုးစားတော့ပါဘူး ကိုသူရိန်တွယ်တာမိတဲ့ မြင့်မြတ်လှသော သိန္နီထိပ်ထားရဲ့ အရေးတော်ဟာ ကိုသူရိန်တို့ရဲ့ အရေးတော်နဲ့အတူအောင်မြင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်”

သူက စောရှင်ဦး၏ ရုပ်အသွင်အား နောက်ဆုံးကြည့်သူ၏ပမာ တစ်ချက်စိုက်ကြည့်လိုက်သည်။

မိုးပြင်မှ ကြယ်စင်တို့ ကြွေလဲနေသည့်ပမာ ပင်ယံထက်မှ ဧကရာဇ်ပန်းဖြူဖြူတို့ တဖွဲဖွဲ မြေခကြွေကျနေ သည်။ ပန်းကြဲသော မြေပြင်ဝယ်ရပ်လျက်ပန်းဖွေးသော ပင်ခြေရိပ်ငွေလရောင်မှ စောရှင်ဦး၏ တင့်မောပြေပြစ်သည့် ဆင်းရွှေသဏ္ဍာန်အား ငေးကြည့်လိုက်မိစဉ် တပ်မှူးမှာမိမိရင်ရှိ မျှော်လင့်ချက် တစ်ရပ်သည်လည်း ကြယ်သို့ကြွေ ပျက်ပန်းသို့မြေသက်ခဲ့ရပြီကို နားလည်လိုက်သည်။

တွေ့ရဦးကကဲ့သို့ပင် ဗိုလ်သူရိန်က ခြေတစ်လှမ်းနောက်ဆုတ်၍ ဓားကိုအိမ်မှထုတ် ရင်၌အပ်လျက် ခါးအား ညွှတ်ကာ အရိုအသေပြုနှုတ်ဆက်သည်။ နောက် ဘာမျှမပြောတော့ပဲ ခြံဝင်းဆီ ထွက်လာခဲ့သဖြင့် စောရှင်ဦးလည်း နောက်မှ ငြိမ်သက်စွာ လိုက်ပါလာသည်။

ခြံစည်းရိုးရောက်သော် ဗိုလ်သူရိန်က အပြင်ဘက်အား သတိထားအကဲခတ်လိုက်ပြီး လွှားခနဲ ခုန်ကျော် လိုက်၏။ ဤတစ်ကြိမ်တွင်မူလွယ်ကူချောမောစွာ အပြင်သို့ရောက်သွားသည်။ခြံပြင်ရောက်မှ ခြံစည်းရိုးအား ဗဟိုပြု၍ တစ်ဦးနှင့်တစ်ဦးမျက်နှာချင်းဆိုင် ပြန်ဆိုင်မိကြသည်။ ဤအချိန်ကျမှပင် တင်းဆည်ထားသော တာရိုးတို့မှာ ကိုယ်စီကျိုးပေါက်ခဲ့သည်။မည်သူက ဦးသည်မသိ။ လက်နှစ်စုံမှာ ခြံစည်းရိုးအားကျော်လျက် အပြန်အလှန် ဆွဲယူပွေ့ထားမိကြသည်။

ဗိုလ်သူရိန်က စောရှင်ဦး၏မျက်နှာလေးအား စေ့စေ့ကြည့်လိုက်သည်။ထို့နောက် ဘာမျှမပြော၊ နူးညံ့လှ သော လက်ကလေးအားသာအားမလိုအားမရ တစ်ချက်ဆုပ်ညှစ်လိုက်ပြီး ချာခနဲလှည့်လျက်ထွက်ခွာသွားသည်။

စောရှင်ဦးမှာသာ ခြံစည်းရိုး အရံအတားတွင်းမှ ဗိုလ်သူရိန် မျက်စိအောက်မှ ပျောက်သွားသည့်တိုင်အောင် ငေးကျန်ရစ်သည်။ငေးကျန်ရစ်နေစဉ် တိုးတိုးလေး ရှမ်းဘာသာနှင့် ရေရွတ်သံကိုဗိုလ်သူရိန်ကြားမည်မဟုတ်။ ကြား၍လည်း နားလည်ပေမည်မဟုတ်။

“ပွန့်ဆေကွာလယ်စုဟတ်လေ”
(သွားပေဦးတော့ကံဆိုးချစ်သူရေ)

တက္ကသိုလ်ဘုန်းနိုင်
အပိုင်း ၉ ဆက်ပါဦးမည်

Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...