ဧကသီမပါ အတွင်းချွေးခံမပါ
“ဟေ့ ... သုဓဇ ... သုဓဇ၊ ဟေ့ မောင်သုဓဇ” ဟု တဘက်ခန်းမှ ခေါ်သံကို ဦးသုဓဇ ကြားရသဖြင့် လယ်တီပဏ္ဍိတ ရေးသားထားသော သာဓုသုနြ္ဒီယပ်လှဲ တရားစာအုပ်ကို လက်ညှိုးသွင်းပိတ်၍ လက်မ လက်ခလယ်ဖြင့် ကိုင်တွယ်ကာ အခန်းအပြင်ဘက်သို့ ထွက်ခဲ့လေ၏။
“ဟေ့လူ ... ဘာလုပ်နေသလဲ ... လာပါအုံး ... ” ဟူသော အမိန့်ကို နောက်ထပ်ကြားရလျှင် မိမိကို ခေါ်သူကား ဓညဝတီ ဦးဇောတိက ဖြစ်ကြောင်းသိရမှ နှေးကန် ပျင်းယိနေသော ခြေများကို စက်အားကုန် နှိုးလိုက်လေ၏။
“ဘာလဲကိုယ်တော်။ အရေးတကြီး ခေါ်လှချေကလား”
ပြောပြောဆိုဆို ဂျပန် တဘက်လှ ဖဲစအစိမ်း ခန်းစီးကြီးကို ဘေးဖယ်ပြီး ဓညဝတီခန်းသို့ ဝင်လိုက်လေ၏။ ဦးဇောတိကကား ဧကသီမပါ၊ အတွင်းချွေးခံမပါ၊ ကုတင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်နေပြီး စားပွဲခြေတိုကလေးပေါ်တွင် စာရေးနေလေသည်။ ဆုံးသွားတော့ စာရွက်ကို စက္ကူကပ်မှ ခွါရင်း“ကိုယ်တော် အားရဲ့ မဟုတ်လား” ဟု မေးလိုက်လေ၏။
“တင်ပါ .. ဘယ့်နှယ် .. ရေးထားတဲ့စာတွေ များလှပါကလား"
“ဟဲ ....ဟဲ .. များဆို များတာကိုး ကိုယ့်လူရဲ့ ..” ပြောရင်း ပါးခွက်၍ မျက်လုံးကလေးများ မှေးသွားအောင် ပြုံးလေ၏။
“ဒီစာမျိုးက ဒီလိုရှေမှကိုး။ ဒီလမ်း ဒီပန်းနှင့်မှ တော်မယ်။ ဒီအချိန် ဒီထမိန်နှင့်မှ တော်မယ်ဆိုတဲ့ မင်းသားကြီးစကားလို ဒီနေရာမှာ ဒီစာနှင့်သာ တော်သကိုး ကိုယ့်လူရ။ ဟား ... ဟား .. ဒါ ထားပါအုံး။ အားရင် ကုန်းတော်ပေါ် တက်ရအောင်”
“တက်တာပေါ့ .. ကိုယ်တော်။ တပည့်တော် စာဘတ်ကြည့်ချင်တယ်။ ဘယ်ကိုရေးတဲ့စာလဲ ကိုယ်တော်”
“ကိုယ်တော်ကလဲ သိချင်ရန်ကော။ သိမ်ကြီးဈေးထဲက ဘိနပ်ရောင်းနေတဲ့ ကိုယ့်ဟာကလေးကို သိတယ်မဟုတ်လား ........”
“တင်ပါ .. သိပါတယ်ဘုရား။ အရင်တခါ ကိုယ်တော်ဘဲ တပည့်တော်ကို ခေါ်သွားပြီး ပြသေးတယ်။ ဟုတ်ပြီ ခဏ ခဏ စာရေးရသလားဘုရား"
“နို့ ... သူ့ဆီက စာက ခဏ ခဏ ရတာကိုး” ဟု ပြောကာ လက်နောက်ပစ်ပြီး သမ်းနေလေ၏။
ဦးသုဓဇလည်း ကုတင်ပေါ် တင်ပလွှဲထိုင်ပြီး ရေးထားသော စာရွက်များကို ယူသည်တွင် “ပြန်စာကို နောက်မှဘတ်၊ သူ့ဆီကလာတဲ့စာ ကြည့်စမ်းပါအုံး” ဟု ဆရာတော် ဦးဇောတိကက ဒေါင့်တဒေါင့်တွင် ရေးထားသော စာရွက်ကို လှမ်းပေးလိုက်လေ၏။
“ဟင် .. ကိုယ်တော့်စာကလဲ အချစ်တွေပါကလား။ ကြည့်ပ.. ကိုယ်တော်။ ဒီပန်းကလေးဘေးကတောင် ဝိုင်းပြီး ချစ်ထားတာကိုး”
“ဟို ... ထိပ်က စာသုံးကြောင်း ဘတ် ... ကိုယ်တော်။ ဒါမှ အနက်သရုပ် ထင်မှာ” ဟု ပြောပြီး သွားကြီးဖြဲ၍ ကြည့်နေလေ၏။
“သြော ...သြော .. ဘုန်းဘုန်းဘုရားတဲ့။ ဟီး .... ဟီး။ တပဲ့တော်မတို့မှာတော့ .... တဲ့ ... ဘုန်းဘုန်းတို့လို ဓမ္မကထိကလဲ မဟုတ် ... တဲ့၊ စာလဲ မတတ်တော့ ဖွဲ့ ကာ နွဲ့ ကာ ... တဲ့၊ တီတီတာတာ တဲ့၊ ဟိ- ဟိ- ဟိ အတော်လာပါကလား ကိုယ်တော်။ (အိမ်း ... လာဆို ... လဆန်းကိုး ဟားဟား။) ပလီပလာတွေ ချဲ့ပြီး ..... ဟိ .. ဟိ .. ချစ်ကြောင်း ကြိုက်ကြောင်း မရေးတတ်ဘူးဘုရား။ သို့ပေမယ့် ချစ်တယ် ..... ဟိ- ဟိ။ တောက် ... တယ်ဇိမ်ရှိသကိုးနော်။ (ရှေ့ဆက် ဘတ်ပါ။ ကိုယ့်လူကလဲ စာမြင်ရတာနှင့် ဂျိုကြွနေပြီ) ကြိုက်တယ်။ စုံမက်တယ်၊ သဒ္ဓါတယ်။ အင်း ... သဒ္ဓါလွန်းလို့ ခက်ကြတာပေါ့ ။ ကဲလေ .... တိုတိုဘဲ ဘုန်းဘုန်းကို ချစ်တယ်ဆိုတဲ့အကြောင်း ဟောဒီလို ချစ်ပြလိုက်မယ် ဘုရား။ ဟား .. ဟား .. သိပြီ၊ ရှင်းပေ့ ဘုရား။ ခဲတံနှင့် ခြစ်ပြတာ- ဒါဘဲနော် ..” ဟု လက်ခုပ်လက်ဝါး တီး၍ ဦးသုဓဇက အံ့သြလေရာ ဦးဇောတိကမှာကား တခစ်ခစ် မျက်နှာနီရဲလာအောင် ရယ်လေ၏။
“ကိုယ်တော့ဟာကလေးက တယ်ဉာဏ်သွားပါကလား။ .... မိန်းမ မိန်းမ... မိန်းမဉာဏ်နဲတယ် ဆိုတာဟာ အလကား စကားပေါ့”
“ကဲ ...... မြန်မြန်လုပ်။ ကိုယ့်စာကို ဘတ်။ ပြီးရင် ချာချီလမ်း စာတိုက် သွားထဲ့အုံးမယ်။ ပြီးတော့ ကုန်းတော်ပေါ် တက်ရမယ်”
“လဝါဆိုဆန်း၊ မြညှာညိုလန်းပါလို့၊ ပန်းရွှေပုန်းညက်ပေါ်ခါကို၊ လသော်တာ တိမ်တိမ်ယှက်သည့်နှယ်၊ ကြိမ်ကြိမ်ချက် ဘေတူလှတာမို့၊ ဝေဘူမြတုံးတသွယ်လို၊ ဘန်းအလွယ်ပြီပြီသိအောင်၊ စီစီလွန်းစာခွေနှင့်၊ ခွန်သာချွသေ လိုက်ပါတော့မယ်လို့၊ ရှေးက ဆရာ ဆရာများ မှာတမ်း ရေးကြသလို ရေးပြီး ခေါ်နေမယ်ဆိုရင်၊ ခေတ်ကြီး ဖီလာဆန့်ကျင်ကြလိမ့်မယ်လို့ မောင်မောင်ထင်မိတယ်၊ နောက်ကို ဘုန်းဘုန်းလို့ မခေါ်ပါနှင့်နော်၊ မောင်မောင်လို့ ထီးဆန်ဆန် နန်းဆန်ဆန် ခေါ်ပါ ဟုတ်လား။ ခေတ်ကြီး လေယာဉ်ပျံခေတ်၊ မော်တော်ကားခေတ်၊ မြန်နိုင်သမျှ မြန်လို့၊ တိုတိုနှင့် လိုရင်းရောက်ရင် ပြီးတာပေါ့၊ ဒီတော့ .......မြရေ .. သာ ချိုသာသာနှင့် လိုရာခေါ်မယ်နော် .... ဒီလိုခေါ် လိုက်ရင်ဘဲ မမြတင်ဆိုတဲ့ မြရဲ့ နာမည်လဲ ပါရော"
“လမင်းထက် နှစ်လေးသာ ဧမြလိုက်တာ။ မြင်ရသူ့ ဖေသက်သာတယ် ရွှေမျက်နှာ ကြည်လွန်းလို့လေး... ဆိုတာလို အို- အသင်စန္ဒာ လမင်း၊ ငါဟာဖြင့် ကမ္ဘာလောကတခွင်မှာ အဧဆုံး အမြဆုံး အကြည်ဆုံးလို့ မကြားလိုက်ပါနှင့်။ အသင် စန္ဒာရောင်ဝန်း ဧမြလို့ ထွန်းသော်လဲ လှကွန်းယဉ်နန်း မောင့်ချစ်ပန်းကလေးများနှင့် ပြိုင်ကြရင် အသင်စန္ဒာ အနိုင်မရလို့ လက်မှိုင်ချနေရမှာပေါ့လို့ လမင်းကိုတောင် အန္တလို့ မာန်ခုနိုင်အောင် ဧလဲဧ ကြည်လဲကြည် မြလဲမြတဲ့ မြပါဘဲလို့ ဆိုရာလဲ ရောက်ပါရော .. သောက်ကျိုးနည်းကိုယ်တော် ... တပည့်တော် ဒီစာကလေး ကူးတောင် ယူထားချင်တယ်။ စာရေးတဲ့လူကို တပည့်တော်တောင် ချစ်လာပြီ"
"အို .. နောက်ထပ် ဆက်စမ်းပါအုံး"ဟု မိမိရေးပြီးစက သဘောကျ ရွှင်ပျသည်ထက် မိမိစာကို တယောက်က ဘတ်ပြ၍ နားထောင်ရမှ အလွန်အကြူး သဘောကျ ရွှင်ပျနေသော ဦးဇောတိက မိန့်တော်မူလေ၏။
ဦးသုဓဇလည်း ကုတင်ခြင်ထောင်တိုင်ကိုမှီ၍ ဘတ်ပြန်၏။
“မောင်မောင်တို့ နေထိုင်ကြတဲ့ ဇမ္ဗူဒီပါ တောင်ကျွန်းကို မြရောင်ထွန်းတဲ့ကျွန်းလို့ ကျမ်းစကားရှိတယ်။ ဒီကျမ်းစကားတွေဟာ မှားတယ်လို့ထား၊ တဘောင်သက်သက် ရှေးကထွက်တဲ့ စကားလို့ထားတော့ ဒီတဘောင်ဟာ ခုတော့ မှန်တော့မယ့် နိမိတ်ဘဲပေါ့။ ဘယ်လိုလဲဆိုတော့ မြရဲ့ လှတဲ့ဂုဏ်ရောင် ချောတဲ့အရောင် ယဉ်တဲ့အရောင် လိမ္မာတဲ့အရောင်တွေဟာ ဇမ္ဗူဒီပါမှာ ထွန်းလို့နေတာမို့ မြရောင်ထွန်းတဲ့ ကျွန်းဇမ္ဗူဆိုတဲ့ စကားဟာဖြင့် မမှားပါဘူး ဆိုတာလဲပါရော (အောင်မယ်လေးဗျ) ကျမ်းတွေလဲ ပယ်တန်ပယ်ထင်ပါ့နော်။ တယ်လဲ- တယ်တဲ့ လောကဘဲ"ဟု ပြောရင်း ဆက်ဘတ်ပြန်လေ၏။
အတန်ကြာ ဘတ်မိလျှင်
"မောင်မောင့်ကို ဓမ္မကထိကကြီးမို့၊ ပညာရှိ စာတတ်ကြီးမို့ မြကိုချစ်ပုံတွေ ကြိုက်ပုံတွေ ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးနိုင်လိမ့်မယ် မထင်လိုက်ပါနှင့် မြရယ်။ နတ်ရှင်နောင်၊ ရှင်သံခို၊ ဇေယျရန္တမိတ်၊ မြဝတီဝန် ဦးစ၊ ဦးပုည၊ အချုပ်တန်းဆရာဘေ၊ ဘိုးဝဇီရ၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ မစ္စတာ မောင်မှိုင်းတို့ ဉာဏ်ပညာမျိုးကို အားလုံး ခြုံ၍ရသော်လဲ၊ မြကို ချစ်ရပုံတွေ ကြိုက်ရပုံတွေ မြတ်နိုးရပုံတွေ၊ မြရေ ... မောင်တို့ဖြင့် ဘယ်လို ချစ်ပါတယ်။ မြရေ မောင်ဖြင့် ဘယ်လောက်ဘဲ ကြိုက်ပါတယ်။ မြရေ ဘယ်၍ဘဲ မြတ်နိုးပါတယ်လို့ ကုန်အောင် လုံးစီပတ်စိ ရေးနိုင်ဘွယ် မမြင်တော့ပါဘူး မြရဲ့။ ဟား ... ဟား ... ဟား ... မဖြစ်နိုင်တာတော့ အတော်ပြောတဲ့ ကိုယ်တော်ဘဲနော်” ဟု ပြောကာ လက်ညှိုးကလေးကို ပုတ်သင်ညို ခေါင်းဆတ်သလို လှုပ်၍ ဦးဇောတိကကို ထိုး၍ ပြလေ၏။
ထို့နောက် စာထဲတွင် ကူးရေးထားသော “ကာဠုဒါထေရ်” အစချီ၍ “ကူးလှယ် မေတ္တာ ဆက်စိမ့်ငှါသည် စိန္တာညီသက် ဣဋ္ဌရက်” အဆုံးသတ်သော ရတု၊ ဘိုးဝဇီရ၏ “ရွှေကျီးမြင့် ဘုရားတိုင်ရတု” များကို ဘတ်ပြီးသည်၏ အဆုံး၌ နိဂုံးကမ္ပတ် အဆုံးသတ်လိုက်လေ၏။
ဦးသုဓဇသည် လက်နှစ်ဘက်ကို မြှောက်၍ ကျောကော့ပြီး အပျင်းတွေ အကုန်ထုတ်၍ “ကဲ ... သွားကြစို့ ကိုယ်တော်” ဟု တောင်းပန်လေ၏။ “လုပ် ... သင်္ကန်းလေး ဘာလေးများ သွားလဲအုံးလေ။ ကုန်းတော်ပေါ်တက်တာ ဘာထင်နေလို့လဲ” ဟု ပြောမှ သတိရကာ အခန်းထဲသို့ ပြန်ဝင်သွားလေ၏။ အတန်ကြာသော် နှစ်ပါးစလုံး တောင်ပေါ်မှ ဆင်းကြပြီးလျှင် ကျောင်းဝင်းတွင်း၌ ပန်းခူးနေကြသော သီလရှင်များကို တွေ့မြင်ရလေ၏။ သီလရှင်များထံသို့သွား၍ အရောဝင်ကာ စကားနှင့် ကလက်ကြမည် ကြံမိသော်လည်း “ဟဲ့ မယ်စန္ဒာ ဘုရားတင်ဘို့ ပန်းတစည်း ကျောင်းပေါ်ယူခဲ့စမ်း” ဟူသော အမိန့်သံကို ကြားရ၍၊ ဆင်ဝင်ပြတင်းပေါက်၌ ကြည့်နေသော ဆရာတော်ကို တွေ့ကြရသော
ကြောင့် ဖြစ်ပေါ်လာသောအကြံနှင့် ဆန္ဒကို နှလုံးအိမ်တွင်းမှာပင် သော့ခတ်၍ ရုတ်သိမ်းထားရလေ၏။
“နေစမ်းပါအုံး ကိုယ်တော် ... အရှင်ဘုရားမှာတော့ ... သည့်ပြင် ဘုန်းကြီးတွေထက် ထူးကဲပြီး မိန်းမတွေရဲ့ အကြည်ညိုခံရတာ၊ ကြိုက်မဲ့ မိန်းမပေါတာ ... ဘာ့ကြောင့်လဲ ဘုရား။ ပီယဆေးကောင်းများ ရှိရော့လား” ဟု ဦးသုဓဇသည် လမ်းဘေးရှိ ထိကရုံးပင်ကလေးများကို ခြေနှင့်ရမ်းကန်သွားရင်း မေးလေရာ
“အို ... ဘာပီယဆေးလဲ ကိုယ့်လူရ။ ပီယဆေးဆိုတာ လူအ လူန မှ ဆောင်တာ၊ ပီယဆေးဆောင်မဲ့ ရုပ်လား။ ကြည့်စမ်းပါအုံး” ဟု ငေါက်ဆတ်ဆတ် ပြန်ပြောလေ၏။
“နို့မဟုတ်ရင်လဲ တပည့်တော်တို့ သိပါရစေဘုရား ... ”
“ဒီလိုကိုး၊ ဘုန်းကြီးနှင့်လူ မိန်းမပိုးဘို့ ဘယ်သူက ပိုပြီး လွယ်မယ်ထင်သလဲ .....”
ဦးသုဓဇသည် ထိုမေးခွန်းအဖြေအတွက် အတော်စဉ်းစားရလေ၏။ အဖြေရှာရင်း ရွှေတိဂုံစေတီတော်ကြီး ကြည့်လိုက်လေ၏။ ညနေစောင်း နေရောင်သည် ဘုရားကြီး၏ ကြာမှောက် ကြာလန်မှ အထက်ကို ဆွပ်လျှက် ရှိသဖြင့် ထိုအပိုင်းကား တိမ်နီတောက်သကဲ့သို့ တောက်ပနေလေ၏။ အောက်ပိုင်းကား စကားဝါသွေးထွက်နေ၏။ ဘေးပတ်လည် သစ်ပင်များကား စိမ်းညိုညို ဆေးရောင်ဖြင့် နောက်ခံ ပြာလဲ့လဲ့ကောင်းကင်ပြင်ကြီးကို ချယ်လှယ်ထားလေ၏။ ထိုအချိန်ကား ရွှေတိဂုံစေတီတော်ကြီး၏ ကြက်သရေအရှိဆုံး အသပ္ပါယ်ဆုံးသော အချိန်တချိန်ဖြစ်လေ၏။ ဦးဇောတိက အမေးကား အရေးကြီး၏။ ခက်ခဲ၏။ သို့သော် ထိုအမေး၏အရေးကြီးမှု ခက်ခဲမှုသည် ဘုရားကြီးကို
မျှော်ကြည့်နေခိုက် တန်ဘိုးလျော့သွားလေ၏။ ဦးသုဓဇသည် အဖြေကို မရှာဘဲ အတန်ကြာ ဘုရားကြီးကိုသာ ငေးစိုက်ကြည့်ရင်း လျှောက်လာလေ၏။
ဦးဇောတိကက “ဘယ့်နှယ်ဆရာကြီး၊ မဖြေနိုင်ဘူးလား” ဟု ထပ်မံကြော့ပြန်မှ ရုတ်တရက် အဖြေရှာလေ၏။
“ဟာ .... ကိုယ်တော့်နှယ် လူတွေက လွယ်တာပေါ့၊ အခါအခွင့် ပိုတာပေါ့၊ လူ- လူချင်းကဘဲ ”
“ဟား .. ဟား .. ဒီလိုဖြေမယ်လို့ ထင်သား၊ ဆရာတော်ကြီး ထင်သလို မဟုတ်ဘူးဗျို့ မှတ်ထား၊ ဘုန်းကြီးက သာလွယ်တယ်။ ဘာကြောင့်လဲတဲ့၊ မိန်းကလေးတွေရဲ့ မိဘတွေ အကိုတွေ စောင်ရှောက်တဲ့လူတွေက ဘုန်းကြီးဘဲ ဘာမှ လူအလုပ်တွေ လုပ်မှာမဟုတ်ပါဘူးလို့ ထင်ပြီး သူတို့သ္မီးတို့၊ နှမတို့နှင့် နီးနီးကပ်ကပ်နေတာကို မသင်္ကာမရှိကြဘူး။ နှစ်ယောက်ထဲ နေရစ်ခဲ့လဲ ဘာမြှဖစ်မှာမဟုတ်ဘူးလို့ စိတ်ချကြတယ်။ လူ လူချင်းဆိုတော့ ဘာဖြစ်မလဲ၊ စောင့်ကြပ်တဲ့လူတွေက စွန်ဝဲရင် ကြက်မကြီးက ကြက်ကလေးတွေကြည့်တာလို မျက်ခြေမပြတ် ကြည့်နေကြတာကလား။ ဦးပဉ္စင်းတို့ ဘုန်းကြီးတို့နှင့်ဆိုတော့ အဖျင်းဆုံး ခဏတဖြုတ်ဖြင့်တော့ စိတ်ချကြတာဘဲ၊ ဒီတော့ စာပေးချင်တော့ စကားကလေး နဲနဲပြောချင်တော့ လွယ်တာပေါ့။ ပြီးတော့ ဘုန်းကြီးမှာတော့ ရမယ်အမျိုးမျိုးရှာပြီး အပျိုမြင်တဲ့ တကာ- တကာမအိမ်ကို ဝင်နိုင် ထွက်နိုင်တာကိုး သုဓဇရဲ့။ တခါတလေများ လူကြီးမိဘတွေက သမီးတွေကို သင်္ဂြိုလ်သင်ပေးပါဘုရား၊ လောကနီတိ တက်ပေးပါဘုရား၊ သတိပဋ္ဌာန် ချပေးပါဘုရားနဲ့ အပ်ကြသေးသဗျား။ ဒါဟာ ပထမ အချက်ပေါ့၊ နောက်- ဒုတိယကတော့ ....." ဟု တရားဆက်တော်မူစဉ် ဦးသုဓဇက "ဘိနပ်ချွတ်အုံး ကိုယ်တော်၊ စောင်းတန်းအတက် ရောက်လာပြီ"ဟု သတိပေးလိုက်မှ ခဏရပ်သွားလေ၏။
“ဒီပြင် အလွန့်အလွန် သိပ်လွန်အောင် ကောင်းတာက တကာတယောက်က တကာမလေးတယောက်ကို စာပေးတယ်ဆိုပါတော့၊ မကြိုက်တာနှင့် တွေ့မြှဖင့် အမေအဖေ တိုင်တာနှင့်၊ သူတို့ကဘဲ ဟားတိုက်လွှတ်တာနှင့်၊ တခါတရံ ဆဲလွှတ်တာနှင့်၊ တကာ ငတိလေးတွေမှာ အသာကြည့်ပြီး ငိုင်နေကြတုန်း ဆရာတော်တို့ကတော့ ဇိုးကနဲ ဇပ်ကနဲ စာပေးလိုက်တာဘဲ။ မကြိုက်လဲ အသာငြိမ်နေတာဘဲ။ ဆဲခြင်း ဘာခြင်း ဘယ်တော့မှ မရှိဘူး။ အမေ အဖေလဲ မတိုင်ဘူး။ သူတို့မကြိုက်ရင် ဆွမ်းမလောင်းရုံ ကျောင်းကို မလာရုံဘဲရှိတယ်။ ဆွမ်းမလောင်းဘူး ဆိုတာကလဲ ကိုယ်တိုင်သာ ထွက်မလောင်းတာ ဝမ်းထဲက 'တဏှာရူး၊ လူဝါးဝတဲ့ ဘုန်းကြီး၊ ငရဲအိုးမျိုးကို သွားလောင်းစမ်း' ဆိုတဲ့ စူးရှလှသော စေတနာနှင့် တခြားလူကိုတော့ အလောင်းခိုင်းရသေးတာဘဲ။ (ဟား ... ဟား ... ဟား ... သံပြိုင်ရယ်ကြ၏။) သူငယ်ချင်းချင်းလဲ ပြောပြခဲ့သား၊ ဘာပြုလို့လဲဆိုတော့ သူငယ်ချင်းတွေက 'ဟေ့ - ဘုန်းကြီးကတောင် အကြိုက်ခံရတဲ့ လူကွ၊ ဟေ့ သူ့လင်က ဘုရားထူးခံဘွဲ့၊ (ဟား ... ဟား .. ဟား ..သံပြိုင်) နဲ့ စကြ လှောင်ကြမှာ မခံချင်တာနဲ့ မြုံနေတာဘဲ”
“တိုးတိုးကိုယ်တော် ... ဟိုက အညာသား ဆီသယ်တွေ ကြားကုန်မြှဖင့် အာကျယ်ကြီးနဲ့ ပြောနေကြအုံးမယ်”
“အညာသားကို နှိမ့်နှိမ့်ချချ မပြောနှင့် ကိုယ်တော်၊ ကျုပ်က အညာသား၊ ဒီလိုဆိုရင် ဟောနေရင်း တရားကို နိဋ္ဌိတံလိုက်မယ် သိလား”
“ရှိကြီးကြီးခိုးပါရဲ့ ကိုယ်တော်၊ ဝစီကံ ထွက်သော်လဲ မနောကံ မပါပါဘူး၊ အညာသား မကောင်းကြောင်း နောက်ဘယ်တော့မှ မပြောပါဘူး၊ တိုးတိုးသာ ဆက်တော်မူပါ” ဟု ဦးသုဓဇက ညောင်နာနာနှင့် မရှောင်သာအောင် တောင်းပန်ပြန်သောကြောင့် .....”
“ပြီးတော့ စာက ရေးတော့ တယ်ကွာတာကိုး။ မိန်းမတွေကျအောင် ရေးနိုင်တာက ဤကိုယ်တို့လက်မျိုး၊ ဆရာတော်တွေလက်ဘဲ။ အင်္ဂလိပ်ကျောင်းသားကလေးတွေ၊ ကောလိပ်ကျောင်းသားတွေကတော့ မိုင်ဒါလင်တွေ အိုင်တွေနှင့် ကပြားဗမာစာတွေနှင့် ရီးစားဆီ ရေးကြတယ်။ ဗမာစာမှ နူးနူးညံ့ညံ့ မရတတ်ဘဲကလား၊ အတိုကလဲ ကြိုက်ပါဘိသနဲ့။ ခင့်ထံ စာရေးလိုက်ပါသည်၊ ခင့်ကိုကြိုက်နေသည်မှာ ကြာပြီ၊ ယခုတော့ မအောင့်နိုင်လို့ ဖွင့်ပြီးပြောလိုက်ပါသည်၊ (လက်ဝါးတဘက်ကို စာရေးစက္ကူ ကပ်ထားသလို ထား၍ ညာဘက်လက်ဖြင့် ခြစ်ပြပြီးနောက် လက်ကို အထက်သို့ ဆွဲလိုက်၏။) ဘာညာနှင့် တိုတိုရေးကြတာကိုး။ ကောလိပ်မှာ ဗမာစာဂုဏ်ထူးဆိုလား .... အဲ့ဒီအတန်းမှာသင်တဲ့လူတွေကတော့ ရေးကြပါရဲ့ ဖွဲ့ ဖွဲ့နွဲ့နွဲ့။ မင်းသုဝဏ်တို့၊ ဇော်ဂျီတို့ ဆိုတာတွေဟာမျိုးပေါ့။ အေး- ရှိသေး၊ မောင်သန့်စင်တို့ပေါ့၊ ရေးကြပါရဲ့ ရီးစားစာတွေ၊ ကဗျာတွေ။ တွေ့ရပါ့ မဂ္ဂဇင်းတွေထဲမှာ၊ ခက်တာက အပေးခံရတဲ့ ကောင်မတွေက ဒီကဗျာတွေမှ နားမလည်တော့ ကျွဲပါးစောင်းတီးကျနေတာပေါ့၊ အဲ့ဒီတော့ သူတို့မှာလဲ ရေးရတာမောလို့၊ ဘတ်ရတဲ့လူမလဲ ပျင်းလို့၊ ဒိပြင် လောကဓာတ်ကျောင်းမှာ သင်နေတဲ့ဟာကလေးတွေကတော့ မြမျိုးလွင်တို့ ပီမိုးနင်းတို့ ပြောတာ ရေးတာ အတုခိုးပြီး၊ လေယာဉ်ပျံခေတ်မို့လေး၊ မော်တော်ကားခေတ်မို့လေး၊ စာလဲ တိုတိုဘဲ ရေးမယ်လို့ အသိဉာဏ်ပေါက်နေကြတော့ ကမ္ဘာနိယာမနှင့် ဆန့်ကျင်နေတာပေါ့။ တချို့လဲ အတီး အတနှင့် ကိုယ်တိုင် မရေးတတ်လို့ ဘုန်းကြီးတွေဆီလာပြီး ရီးစားစာ အရေးခိုင်းကြရာ ဘုန်းကြီးတွေက ကိုယ်ရေးမှမဟုတ်ဘဲ တော်အောင် ကျော်အောင် ရေးလိုက်ကြတာပေါ့၊ စိတ်မပါဘဲ ရေးရတော့လဲ ဘယ်နည်းနှင့် ကောင်းအုံးမှာလဲ၊ ဟုတ်စ (မှန်ပါ့ဘုရား။) နမောတဿက ရီးစားစာစပြီး ညောင် နမောဗုဒ္ဓံ ဒူရေ ... ဒူရေလို့ မဆုံးရင် ကံကောင်း မှတ်ပေတော့”
“အရှင်ဘုရားတို့ ပန်းများ ယူသွားကြပါအုံး ဘုရား” ဟူသော ဆံတောက်ကလေး ကော့နေအောင် ဖီး၍ မျက်နှာကို သနပ်ခါးပတ်ကြား ရိုက်ထားသော ယုဝတီမကလေး၏ သာယာသောအသံသည် အလွန်တရာ စိတ်ဝင်စားဘွယ်ကောင်းသော ဓမ္မကထိကလောင်း၏ ဆုံးမစကားကို ရပ်လိုက်လေသတည်း။ မီးရောင်လာရာသို့ ပြူးကြည့်နေကြသော ပိုးဖလံကလေးများ၏ မျက်စိများလို အသံလာရာ (ဝါ) အသံဖြစ်ပေါ်ရာ အရပ်ဒြပ်ဆီသို့ ဦးပဉ္စင်းနှစ်ပါး မျက်စိများသည် ပြူးကြည့်နေကြလေ၏။
ဓညဝတီက ပြုံးတဲ့ပြီး ဓမ္မကထိက အသံချွဲကလေးဖြင့် “သာဓုပါ တကာမလေးရဲ့။ တော်ပါသေးပြီ” ဟု ပြန်ကြားပြီးသကာလ မဒူရသ၊ ပျားမျှချိုမြိန်၊ သုခမိန်ဩဝါဒကို တလောတခါထ၍ ဟောခါပြပြန်သည်ကား....
“ဤကိုယ်တို့ဘုန်းကြီးများ ချွဲပုံတော့ သိပြီးဘဲ။ နောက်လဲသိလတံ့ဘဲ။ တပည့်တော်မိတ်ဆွေတွေ ရေးကြတဲ့စာတွေလဲ ပြသေးတာပ။ စာကလဲ တပန်းသာတယ် ကိုယ်တော်။ တရားသံပေသံ ကျမ်းစကားတွေလဲ ကြားညှပ်ထည့်ကြတော့ မိန်းမဆိုတာက သိပ်မစဉ်းစားဘူး။ ကျမ်းဂန်က ဒီလိုဆိုပါကလား ဆိုရင် ဘုရားစကားမှတ်ပြီး အသေအလဲ ယုံတော့တာဘဲ။ ပြီးတော့ တရားနှင့်စပ်ပြောရင် ပိုလွယ်တာဘဲ။ ပထမဆုံး ကိုယ့်ကိုယ်ကို စေတနာရှိလာအောင် ကုသိုလ်၊ ဒါန၊ သီလရေးက စဆွယ်၊ စေတနာရှိလာတော့ သဒ္ဓါပေါက်အောင်ဆက်။ သဒ္ဓါလွန်တော့ ဘာဖြစ်သတဲ့လဲ ကိုယ်တော်... ခိ ... ခိ ... "ဟု ရယ်နေဆဲပင်။
“ကဲ .... ဘုရား၊ ဖယောင်းတိုင်ကလေးများ ယူသွားကြပါဘုရား”ဟု အုပ်လုံးသိမ်းခါစ လှလှအပျိုကလေးက ခေါ်လေလျှင် ဦးသုဓဇက ..
“တော်ပါသေးပြီ- တကာမလေးရဲ့။ နောက်များမှ” ဟု ပြုံးစနဲ့နဲ့နှင့် စကားလုံး နွဲ့နွဲ့ ကို သုံးလေသတည်း။
“အောရိုက် .. အဲဒီတော့ အဘက်ဘက်ကကြည့်၊ ဘုန်းကြီးတွေ တပန်းသာနေတယ် မဟုတ်လား။ ကဲ- ရှိသေး။ ဓမ္မကထိကနဲ့ ရိုးရိုးကိုယ်တော် ... ဘယ်သူ့ကို ပိုပြီး ....”
“အရှင်ဘုရားတို့ ကွမ်းဘုန်းပေးသွားကြပါအုံး ဘုရား” ဟူသော တခုလပ် ဆံထုံးကြီးကြီးထုံး၍ ခင်မေကြီးလို ဆံရင်ချလေ့ရှိသော ပန်းသည်က ခပ်ရဲရဲခေါ်လိုက်လျှင် ဦးပဉ္စင်းတို့မှာ ယခင်က ရဲဝံ့သတ္တိကောင်းခဲ့မိသလောက် ရှက်သလိုလို ကြောက်သလိုလို ဖြစ်လာကြလေ၏။ ရှေ့တဆင့်ကိုပင် လှမ်းတက်ရန် ခြေများက တွေဝေနေကြလေ၏။
“ကြွပါဘုရား ... ကွမ်းသုံးဆောင်တော်မူကြပါ။ အရှင်ဘုရားတို့ ဒီတခေါက် ရန်ကုန်ကြွလာတာ ဘယ်လောက်ကြာပါပြီလဲဘုရား” ဟုပြောရင်း ရသေ့လျောင်းပေါ်တွင် ခင်းထားသော သင်ဖြူးကို ပုဆိုးစုတ်ဖြင့် ပုံပုတ်ရင်း ပန်းသည်က ခေါ်ပြန်လေ၏။
“တကာမလေး လူလွဲနေပါလိမ့်မယ်။ ဦးပဉ္စင်းတို့က ရန်ကုန်ကို ဒီတခေါက်ဘဲ ရောက်ဘူးတာပါ” ဟု ဦးဇောတိက ပြန်ကြားလေလျှင်
“သို့ပေမယ့် တပည့်တော်မ အရှင်ဘုရားတော့ မြင်ဘူးပါတယ် ဘုရား။ ဘယ်မှာလဲသာ မမှတ်မိတယ်။ ကဲ- ဘုရား ... ထိုင်ကြပါ ဘုရား။ ကွမ်းများ ဘုန်းပေးတော်မူကြပါအုံး” ဟု ပြောပြောဆိုဆို ကွမ်းအစ်ကို ချပြန်လေ၏။
ဦးပဉ္စင်းများမှာ မထိုင်ချင် မနေရတော့ဘဲ ထိုင်နေကြရလေ၏။ ဦးဇောတိကကား သူ့ကို သူမှန်းမသိသည့်အတွက် (ဝါ) သူ့ကို ဓမ္မကထိကအကျော် ဓညဝတီ ဦးဇောတိကမှန်း မသိသည့်အတွက် “ငါ ကုန်းတော်ပေါ်မှာ တရား ခဏခဏဟောတာကို သင်း မတွေ့ရော့သလား” ဟု ဒေါသပွားမိသည့်အပြင် ငါ့လောက် ကျော်တာတောင်မှ လူသိပ်မသိသေးလေခြင်းဟု ဝမ်းနည်းမိလေတော့၏။ ဆိုင်မှပန်းများ၊ ဖယောင်းတိုင်များ ဝယ်ခဲ့ကြပြီးနောက် မြန်မြန်ပင်ထွက်ခဲ့၍ ကုန်းတော်ကို ပတ်ကြလေ၏။
“ ဓမ္မကထိက အခွင့်သာမှာပေါ့ ကိုယ်တော်။ ပြိုင်ပိုးလဲ ပိုစွမ်းမှာပေါ့” ဟု ဦးသုဓဇက စလိုက်လေ၏။
“ဒါပေါ့၊ ဓမ္မကထိကဆိုတာ စာအမျိုးမျိုး၊ ယိသဲ့သဲ့နှင့် ငြိမဲ့စာကလေးတွေလဲ ရ ရတယ်။ အပြောအဆိုတော့ နေ့စဉ် ကျင့်ကြံရတာကလား။ အပြောကောင်းရတယ်။ အပြောအဆို ချိုကြတယ်။ လူအမျိုးမျိုးစိတ်၊ ကောင်မတွေစိတ်ကို သိကြတယ်။ တရားဟောရင်း ဟောရင်းက ညုလုံးတွေ၊ ခရာလုံးတွေ ထည့်ဟောရင်လဲ ဟောနိုင်တယ်။ သူတို့စိတ်ထဲမှာ ချစ်စိတ် ကြိုက်စိတ်တွေ ပေါ်နေအောင်လဲ ဟောပေးရမယ်။ ကိန္ဒရီမောင်နှံဇာတ်တို့၊ ကုသဇာတ်တို့၊ စန္ဒကုမ္မာရီဇာတ်တို့လို ဟာမျိုးကို ဟောလိုက်တယ်ဆိုရင် မိန်းမတွေဟာ ဘယ်လူ့ကြိုက်ချင်သလိုလို၊ ဘယ်သူ့ ချစ်ချင်သလိုလို ဖြစ်နေတာပေါ့။ ဒီတော့ အငိုက်ဘမ်းရုံဘဲ။ နားလယ်လား။ (မှန်လှပါ၊ ဟောသမျှ တရားအစစ်ကို သောတနားမှာ ဆင်ကြောင်းပါ ဘုရား) ကောင်းလှပြီ။ ပြီးတော့ မိန်းမဆိုတာ ဂုဏ်သိရ် လိုချင်တယ်။ နာမယ်ကြီးတဲ့လူ၊ ဂုဏ်ရှိတဲ့လူကို သိပ်မက်တယ်။ မြတ်နိုးတယ် ... ။ ဓမ္မကထိက နာမည်ကျော်လို့ ဂုဏ်ထင်ပေါ်ရင် သိပ်အသိလုပ်ချင် သိပ်အကျွမ်းဝင်ချင်လာတာ။ ကိုယ်တော် အရောမဝင်ချင်ဘူး ဆိုတောင် မရဘူး။ သူတို့က အရောဝင် အကျွမ်းဝင်ချင်ကြတာဘဲ။ ဒီတော့ အနားပွတ်သီးပွတ်သပ်လုပ်ကြတာဘဲ။ စကားအတူတူပြောရတာ နာမယ်ကျော်တဲ့လူက အရေးယူတာ ခံရတာကို အသားယူချင်ကြတာဘဲ။ ဒါကြောင့် တွံ၊ သုဓဇဆိုတဲ့ ဘသူ့ကမှ မစွန်သေးတဲ့၊ တွံကလေးသည် ဓမ္မကထိကော၊ အလှတပည့်ချောတို့ကို အရအမိစောကြတဲ့ တရားဟောပုဂ္ဂိုလ်တို့သည် အကာလိကော၊ နေ့မှာလဲမရှောင်၊ ညမှာလဲ မရှောင်၊ မှောင်တယ်လို့လဲမရှိ၊ လင်းတယ်လို့လဲ မရှိ၊ မည်သည့်အချိန်မှာမဆို ဒိဋ္ဌာတိဒိဋ္ဌော၊ သင်္ကာမှောင်ကင်း မှန်ရောင်လင်း၍ ဘွင်းဘွင်းကြီး သေချာစွာ၊ စွန်မယ်တီတိ၊ သူ့မေဓာရှိ၊ ကိုယ့်မေဓာရှိ၊ ဆိုဘိစကား၊ ထင်ရှားပမာ၊ မောင့်မေတ္တာကို၊ မယ်မှာပွါးတိုး၊ ဆတပိုးဖြင့်၊ အမျိုးမျိုး အချစ်ပြန်မည်ကို၊ ဂဏှာဟိ၊ လူထွက်၍ သားရသည့်တိုင်အောင်၊ နားဝမှာ မလွတ်မပျောက်စေ ဟူ၍ အလွတ်တောက်လျှောက် မှတ်မိစေသတည်း"
“ဟီး .. ဟီး ... သာဓု-ကဲ- ဘုရားရှိခိုးကြအုံးစို့ရဲ့ ကိုယ်တော် ..”
“သြကာသ- သြကာသ- အစိန္တယျေ .... အတုလာ” စသည်ဖြင့် ဦးဇောတိကမှာ ပန်းစည်းကလေးကို ကိုင်ကာ ဘုရားရှိခိုး ရွတ်ဆိုနေသော်လည်း ဦးသုဓဇကား မျက်စိစုံမှိတ်၍ ငြိမ်နေလေ၏။ ဘုရားရှိခိုး ရွတ်မည်ကြံ၏။ ဘုရားရှိခိုးတွေကား မပေါ်လာ။ မိမိရင်ခွင်၌ ခေါင်းကလေးနှင့် ခွေ့ကာနေသော ဇနီးပျိုကလေးကို ကြည့်ရစဉ် မိခင်ဘခင်တို့အား အမှတ်မရနိုင်သကဲ့သို့ မတော်တဆ မိဘများအကြောင်းကလေး စိတ်ထဲ၌ ပေါ်လာချေကလည်း တစက္ကန့်အတွင်းတွင် ပျောက်ရဘိသကဲ့သို့ ဦးသုဓဇရင်ထဲ၌ မိမိဘုန်းကြီးဖြစ်ခဲ့ရသဖြင့် မိန်းမပိုးရာ၌ လူထက် များစွာ တပန်းသာနေ၍ ကြေနပ်ခြင်း၊ ရှေ့ဓမ္မကထိကဖြစ်က ဝင်လာမည့် လာဘ်တွေအတွက် အူမြူး ရွှင်ပျော်ခြင်းတို့သည် ပြည့်နေသောကြောင့် ဘုရားရှိခိုးကလေးများမှာ တလုံးစ နှစ်လုံးစ ကံကောင်း၍ ပေါ်လာသော်လည်း စုပ်ခနဲ မြုပ်သွားကြလေ၏။
ဦးသုဓဇသည် မိမိရှေ့ ၌ တရားပလ္လင်၊ ဒေါင်းတောင်ယပ်၊ တရားနာခံလူ ယောက်ျားဆယ့်လေး ငါးယောက်၊ သာဓု ... သာဓု .. ဟု သာယာစွာ သီဆိုကြသော တရားနာ အမျိုးသမီး သုံးလေးရာ၊ မိမိနှင့် စကားပြောခွင့်ရရန် အကြိတ် အနယ် ကြိုးစားနေကြသော ယုဝတီချော တရာ၊ သဂြိုဟ် သံခိပ်၊ မိမိရှေ့မှောက် ဘတ်နေသော အပျိုမတယောက်၊ ရီးစားစာ၊ ပန်းထိုး လက်ကိုင်ပုဝါ၊ ဇာခြင်ထောင်၊ တိုက်ကျောင်း စသည်များကို မြင်နေရလေ၏။ မျက်စိကို နာနာမှိတ်လေ ပို၍မြင်လေဖြစ်လေရာ .."ဪ ...ဓမ္မကထိက” ဟူသော စကားတလုံးသာ ထွက်နိုင်လေသတည်း။
-----------------------------------
#သိန်းဖေမြင့်
အပိုင်း ၄ ဆက်ရန်
Comments