------------
"တစ်အူထုံဆင်း တို့မောင်နှမအရင်းတွေ xxxxx ချစ်ခြင်းမေတ္တာ အဓိကထားလို့လေxxxxx ကျေးဇူးရှင် မိဘနှစ်ပါးရဲ့ သြဝါဒစကား မကြားရတာ ကြာခဲ့ပြီလေ ချစ်သောဖေဖေ. . ချစ်သောမေမေ . ." ရေဒီယိုမှ "မိသားစု ကန်တော့ပွဲ"သီချင်းလေးမှာ ကျွနု်ပ် နားတွင်းသို့ တငြိ်မ့်ငြိမ့် စီးဆင်းလာသည်။ ခံစားချက်တို့က အထွဋ်အထိပ်ဆီ ပို့ထားလိုက်၏။ အေးမြသော လေနုအေးနှင့်အတူပက်လက်ကုလားထိုင်ပေါ် ခြေချိတ်ကာ မျက်စိကိုမှိတ်ပြီး နားဆင်နေခိုက်။ အိမ်အပေါ်ထပ်မှ မြခွေ ဆင်းလာသည်။
"အဖိုးကြီး တော် နွားစာသွားရှာအုံးလေ. မိညိုတို့သားအမိတွေ မြက်ခြောက်စားနေရတာကြာပြီ. . .ကုန်တော့မယ်တော့ ပြီးတော့ တော် မနက်ကတန်းထားခဲ့တဲ့. ငါးပိုက်တန်းလေးလည်း ဖြုတ်ခဲ့အုံး. . . ဟင်းစားလေးရလို့ရငြားပေါ့"
မြခွေကို တစ်ချက်မျှ လှမ်းကြည့်လိုက်သည်။
သူပြောလည်း ပြောချင်စရာပင်။ အရွယ်က ငယ်တော့သည်မဟုတ်။ ဦးခေါင်းထက်က ဆံပင်တွေပင် ထုံးနှစ်ရောင်ပေါက်လာခဲ့ချေပြီ။ သက်တမ်းတွေလည်း ရင့်လာခဲ့ပြီကိုး။
"အေးပါဟာ. . ငါမနက်စောတုန်းကလည်း မြက်တစ်ထုံးရိတ်လာသေးတယ်လေ. . .အဲ့ဒါကျွေးထားနှင့်လိုက် ပေါ့ "
ပြောပြောဆိုဆိုနှင့် လှဲရာမှ ထကာ ဆေးလိပ်တိုဖက်ကြမ်းကို မီးတို့ပြီးဖွာရှိုက်လိုက်သည်။ ထို့နောက် အိမ်ရှေ့ တိုင်မှ ခမောက်ပဲ့ကိုစောင်းကာ တံစဥ်ကိုခါးကြားထိုး၍ မြစ်ကမ်းဘက်သို့ ထွက်လာခဲ့သည်။
ကျွနု်ပ်နှင် မြခွေတို့မှာ အချစ်ပိုခဲ့၍ ဆယ်နှစ်ကျော်ကာလအတွင်း သံယောဇဥ် လေးမျှင်က ရစ်ဝင်လာခဲ့သည်။ ထိုသံယောဇဥ်များမှာ မိညက်၊ မိမှုံ၊ ဖိုးဆုံနှင့် သားငယ်။ မိညက်နှင့် မိမှုံတို့ကတော့ အိမ်ထောင်သည်တွေ ဖြစ်၍ အိမ်ခွဲသွားကြပြီ။ အခြားရွာသားများနှင့် အိမ်ထောင်ကျ၍ လိုက်သွားကြ၏။ အိမ်၌ ဖိုးဆုံနှင့် သားငယ်သာ ကျန်ခဲ့သည်။ ဖိုးဆုံကတော့ မြို့တက်အလုပ်သွားလုပ်မည်တကဲကဲ။ အငယ်ကောင်ကတော့ ဆယ်တန်းကျောင်းသားပင်ဖြစ်နေပြီ။ ဤသားသမီးလေးယောက်ကို လူတစ်လုံးသူတစ်လုံးဖြစ်အောင် မွေးခဲ့ရသည်က မလွယ်လှပေ။ ပဲ့ကိုင်လို အုပ်မိုးပေးရသည်။ စီးတဲ့ရေ ဆည်တဲ့ကန်သင်းဖြစ်အောင် သူတို့အမေ မြခွေက စောင့်ရှောက်ရသည်။ ကျွနု်ပ်ကလည်း စည်းကမ်းနှင့် တင်းကြပ်ပေးခဲ့၏။ ကလေးတေွဘဝကိုကြည့်ကာ အထိုက်အလျောက်တော့ ကျေနပ်မိလာသည်။
ကျွနုပ်တို့ လင်မယားမှာ ညားကာစက အတော်ကို အဆင်မပြေခဲ့ပေ။ တစ်နေ့လုပ်မှ တစ်နေ့စားရသော ဘဝမို့ အပူလုံးကြွ၍ လူလုံးေတာ့မလှခဲ့ပါ။ ကျွန်းမြေမှာမွေး ကျွန်းမြေမှာကြီးပြင်းလာခဲ့ရသည်။ ကျွန်းပေါ်မှာရှိသော အလုပ်တွေကတော့ ကျွနု်ပ်အတွက် နောကျေနေသည်။ အခက်အခဲဟူ၍ စားဝတ်နေရေးက အတော်ကိုကျပ်တည်းခဲ့ရ၏။ သို့သော် မိမိကိုယ်ပိုင် ငါးဖမ်းပိုက်လေးနှင့် လှေငယ်လေး ဝယ်နိုင်လာမှ ချောင်လည်စပြုလာသည်။ အဆင်ပြေလာသည်။ နောက်ပိုင်းသားသမီးများကို မပူမပင် မကြောင့်မကြဘဲ ကျွေးမွေးနိုင်လာခဲ့၏။ ဧရာဝတီမြစ်လည်မှ နုန်းတင်မြေနုကျွန်းမို့ ရေကျချိန်တွင် ပဲပြောင်းစိုက်ြကသည်။ ငါးရှာထွက်ြက၏။ ဝါဆို ဝါခေါင်လများတွင် ရေတက်ချိန်မို့ ငါးအရနည်းသည်။ ရေကျချိန်၌ ငါးပေါသည်။ သားသမီးများက မဆိုးလှသောကြောင့် အဆင်ပြေပြေနေနိုင်၏။ မြခွေခင်ဗျာလည်း အတော်ပင်ပန်းလှပြီ။ အတူရုန်းကန်ခဲ့ရသောဘဝသည် ယခုချိန်ထိပင်။ စလယ်ဝင်အိုး သီချင်းကိုပင် ပြန်ကြားယောင်မိလာသည်။ ပြန်တွေးမိသည်က မေတ္တာရေသည် စုန်လျက်စီးနေသည်။ ဆန်လာမည်ကို မမျှော်ကိုးလိုပါ။ သို့သော် သမီးတွေဆီက ငါးခြောက်နှင့် ပုဇွန်ကတော့ ရံဖန်ရန်ခါ ရောက်လာတတ်သည်။ စားဖို့ထက် ပီတိတော့ ဖြစ်ရသည်မှာ အတိုင်းထက်အလွန်ပင်။
အခန်း(၂)
***********
"အဖေ ကျုပ်ကို မြို့က အလုပ်ရှင်က ခေါ်နေပြီ။ သီတင်းကျွတ်ရင်တော့ ပြန်လာခဲ့မယ်နော်။ ကျုပ်တစ်လတစ်ခါတော့ ငွေပုံမှန်လွှဲပေးလိုက်မယ် "
ဖိုးဆုံစကားကြောင့် ပိုက်ရက်နေရာမှ တစ်ချက်ကြည့်လိုက်သည်။ ကျွနု်ပ်ကလည်း အစစအရာရာတွေးပူတတ်သူမို့-
"ငါ့သား ဟိုကျ ကောင်းကောင်းနေနော်၊ အိမ်ကို ဖုန်းမှန်မှန်ဆက်၊ မင်းအမေက လွှတ်ချင်တာမဟုတ်ဘူး၊ တော်ကြာ ပျက်စီးသွားမှာစိုးလို့တဲ့၊ အေး အရက်တော့သောက်တတ်လာမယ်မကြံနဲ့ အိမ်ပေါက်ကတည်းက ရိုက်လွှတ်မှာ "
ဖိုးဆုံ ခေါင်းလေးညိတ်ကာ နားထောင်နေသည်။ တော်သေးသည်။ သူ့အမေ မြခွေ ပဲတီကောက်သွားနေသည်မို့သာ။ မဟုတ်ရင် သားရှေ့ မျက်ရည်တွေ ကျနေဦးမည်။ မြခွေက အသည်းနုသလောက် ကျွန်ုပ်လည်း အသည်းမမာနိုင်ပါ။
"ဟုတ် အဖေ သား မသောက်ပါဘူးဗျ၊ ညီလေးသာ ဂရုစိုက်ကြပါနော်"
ကျွနု်ပ်ခေါင်းလေးအသာအယာ ညိတ်ပြမိသည်။ ကျွနု်ပ်သည်လည်း သားကြီးဖိုးဆုံကို မသွားစေချင်ပေ။ သို့သော် မိမိဘဝလျောက်လှမ်းနိုင်အောင်တော့ စွန့်စားခိုင်းမှဖြစ်မည်။ ကျွနု်ပ်တို့သည် အသက်ဆုံးတိုင် လုပ်ကျွေးနိုင်ဖို့ အာမခံ၍မရ။ ကံဇာတ်ဆရာအလိုကျဆို နေ့သေလား ညသေမလားပင်မသိ။ အရွယ်အို ဇရာထောင်းလုပြီ။ သူတို့ဘဝလမ်းကြောင်း ကိုယ်တိုင်ဖောက်ဖို့ တွန်းအားသာပေးရုံသာ တတ်နိုင်တော့သည်။ အငယ်ဆုံးလေးကိုလည်း တတ်နိုင်သမျှတော့ ရုန်းကန်ပြီး ထောက်ပံ ့ရပေဦးမည်။ မိဘတို့ဝတ္တရားအတိုင်း တာဝန်မကျေသေးပေ။ ကျန်သားသမီးများအတွက်တော့ မပူတော့ပါ။
အခန်း(၃)
**********
နေ့လယ် နေက အတော်ကို ပူပြင်းလှသည်။ အချိန်ကာလအားဖြင့် နေမွန်းတည့်နေပြီ။ အကင်္ျီဗလာကျင်းနှင့် ကျွန်ုပ်မှာ ခါးထက်တွင် ပုဆိုးတိုတိုဝတ်ဆင်ထားလျက်။ ဦးခေါင်းထက်၌ ခမောက်စုပ်လေး စောင်းကာဖြင့် ပိန်လှီသော ခြေထောက်များကို အားပြုကာ သမီးလတ်အိမ်သို့ ေလျာက်လာခဲ့၏။
"သမီးရေ. . . .သမီးလတ် မိမှုံ. . ."
"ဟာ အဖေ. . . အဖေ ဘာကိစ္စရှိလို့လဲ"
နှုတ်မှပြောရမည်ကို စိတ်ထဲက ထွက်မလာ။ အတန်ကြာမှ-
"ဘာမှမဟုတ်တော့ပါဘူး သမီးရယ် "
တစ်သက်နှင့်တစ်ကိုယ် ရုန်းရသည် တစ်ခါမှ ဤကဲ့သို့ မဖြစ်ဖူးပေ။ ကိုယ်ကိုယ်ကိုယ်ထက် သူတို့အမေ မြခွေအတွက်သာပူမိသည်။ ခုရက်ပိုင်း မြခွေလည်း ကျန်းမာရေးမကောင်း။ တရှောင်ရှောင်နှင့် ဖျားနေသည်။ ဆေးဝယ်သောက်ပြန်လျှင်လည်းမသက်သာ။ ရွာဆေးဆရာနှင့်ကုတော့ အထိုက်အလျောက် သက်သာပါသည်။ သို့သော် အမြစ်ပြတ်သွားပုံမပေါ်။ မြခွေအစား ကျွန်ုပ်သာ ခံစားပေးလိုက်ချင်သည်။ ရင်မှပြောမထွက်သော စကားကို လည်ချောင်းကတဆင့် ပြန်လည်မြိုချလိုက်မိသည်။
"ဟင် ပြောပါအဖေရယ် သမီးဆီကို အခုလို တစ်ခါမှ မလာဖူးဘူးလေ. . . ပြောပါနော် "
" ဘာမှမဟုတ်ပါဘူး သမီးရယ် အဖေဒီဘက် မြှုံးထောင်လာရင်း ကြုံလို့ဝင်လာတာပါ"
ရင်ထဲ၌ ပြောပြချင်သော်လည်း ပြောမထွက်ပေ။ သားသမီးတွေအတွက်သာ အေးချမ်းမှုပေးချင်သည်။ ထို့နောက် လင်မယားချင်းစကားမများဖို့မှာကြားပြီး အိမ်ဘက်ဆီသို့ ခြေဦးလှည့်ကာပြန်လာခဲ့သည်။ သမီးလတ် မိမှုံသည်လည်း ကျွန်ုပ်ကျောပြင်ငေးရင်း နားမလည်သော အဓိပ္ပါယ်များစွာနှင့်ကျန်နေခဲ့ပေလိမ့်မည်ထင်၏။
သမီးကြီးအိမ်သို့ ဦးစွာရောက်ခဲ့သည်။ သို့သော် လုပ်ငန်းကိုင်ခန်း အဆင်မပြေသည့်အကြောင်းနားစွန်နားဖျား ကြားလိုက်ရ၏။ ရင်ထဲ၌ မကောင်းပေ။ မိဘက သားသမီးဆီ လက်ဖြန့်တောင်းရသည့်အဖြစ် ကျွန်ုပ်မဖြစ်လိုပေ။ အကြောင်းရှိ၍သာ လာခဲ့ရသော်လည်း လက်ရှိအဖြစ်အပျက်တွေကြောင့် မြိုသိပ်လိုက်တော့သည်။ မတတ်သာ၍သာ လာခဲ့ရသည့် ခြေလှမ်းများကို နောက်ပြန်လှည့်ဖို့ စိုင်းပြင်းလိုက်သည်။ တုန်ရီနေသောလက်များက မျက်ဝန်းဝဆီရောက်လာသည်။ ထို့နောက်အားယူပွတ်ကာ သုတ်လိုက်သည်။ ခရီးလမ်းကြောင်းကိုလှည့်ကာ အလတ်မအိမ်သို့ လာခဲ့ခြင်းဖြစ်၏။ လမ်းတလျောက်တွင်တော့ ဖြေမဆည်နိုင်သော စကားလုံးတို့က ဝမ်းနည်းစွာ ကူးခတ်နေချေပြီ။ အကြောင်းအရင်းတို့က အတွေးထဲဝယ်ပျံ ့လွင့်လျက် ရောက်လာသည်။
အခန်း (၄)
**************
"အမေရေ လုပ်ကြပါအုံး. . . ကိုကြီး ဖိုးဆုံ အလုပ်သွားရင်း လမ်းမှာ ဆိုင်ကယ်မှောက်လို့တဲ့" သားငယ်က မျက်ရည်စမ်းတမ်းဖြင့် အပြေးရောက်လာသည်။
"သားငယ်ရယ် ဟုတ်လို့လား"
"ဟုတ်တယ်အမေရေ. . . ရွာကဆရာလေး မြို့မှာ သူ့အမေဆေးရုံတက်ရလို့ ပြန်သွားတယ်လေ။ အဲ့ဆေးရုံမှာ အစ်ကိုကြီးဖိုးဆုံကို တွေ့လို့တဲ့။ ရွာကဆရာမကြီးဆီ ဖုန်းဆက်တာ အခုလေးတင်ပဲ"
"ဟင် ဘယ်မှာဖြစ်တာတဲ့လဲသားငယ်.. .ဘာဖြစ်သွားသေးလဲ. . .လဲ. . . လဲ" မေးခွန်းပေါင်းများစွာ မေးရင်း ရင်ဘတ်ကိုဖိကာ မြခွေတစ်ယောက် အိမ်အောက်သို့ပြေးဆင်းလာသည်။ ကြှနျုပျလညျး နွားစာစင်းနေသည်ကို ရပ်ကာ သားငယ်ဆီ အပြေး လှမ်းခဲ့မိသည်။ ထိုအကြောင်းကို သမီးတွေသိပုံမပေါ်သေး။
လိုက်သွားရအောင်ကလည်း ဘယ်ဆေးရုံမှန်းသေချာမသိ။ မျက်စိကမှုန်လုပြီ။ အရွယ်ကစကားပြောလာလို့ထင်သည်။
အတော်လေးကြာ ဆရာမကြီးက ဆရာမလေးတစ်ယောက်ကိုပြောခိုင်းလိုက်သည်ထင်၏။ သားကြီးဖိုးဆုံ ညာခြေထောက်တော့ စတီးချောင်းထည့်ရမည်။ ခေါင်းအနည်းငယ်သာ ပေါက်သွားသည်။ အခြားအတွင်းအပြင် ဒဏ်ရာတွေမရှိ။ သတိလည်းကောင်းကောင်းရကြောင်း ကြားရသည်။ ထိုအခါမှ မြခွေလည်း အငိုတိတ် သွားသည်။ ဘာမှထွေထွေထူးထူးကြီးကြီးမားမား မဖြစ်၍ တော်သေးသည်။သို့သော် သားကြီးဖိုးဆုံ ခြေထောက် စတီးချောင်းထည့်ရမည်အတွက် ကုန်ကျစရိတ်က ရှိလာချေပြီ။ မည်သို့လုပ်ရမည်နည်း။
အတွေးများက ပြယ်လွင့်သွားချိန်၌ အိမ်ဆီသို့ ပြန်ရောက်လာချေပြီ။ ကြှနျုပျလုပျစရာတဈခုသာ ရှိတော့သည်။ မြခွေကတော့ သဘောတူမည်မထင်။ သို့သော်လည်း နောက်ဆုံးမဖြစ်မနေမို့ ဒီဆုံးဖြတ်ချက်ကိုချရသည်။ လောက၌ အလကားရယူ၍မရ။ ယူထားလျှင် ပြန်ပေးဆပ်ရပေမည်။
အခန်း(၅)
************
"ဗျာ မိညိုတို့မရှိတော့ဘူး"
"ဟုတ်တယ်သား"
"အဖေတို့ကလည်းဗျာ. . . သားအတွက်နဲ့ ဘာလို့ . . . "
ပါးစပ်က ပြောမထွက်တော့ပေ။ ဖိုးဆုံမျက်ဝန်းဝမှ မျက်ရည်များစို့လာသည်ကိုမြင်ရတော့ စိတ်မကောင်းပေ။
"အဖေတို့လည်း မတတ်သာလို့ပါသားရယ်၊ လတ်တလော အဖေတို့မှာ သားအတွက် ဆေးကုဖို့ ကုန်ကျစရိတ်တွေရှိတယ်လေ "
သားရယ် မင်းအမေနဲ့ အဖေလေစကားတွေအများကြီးပြောခဲ့ရတယ်။ မင်းအမေခဗျာလည်း မရောင်းချင်ရှာဘူးသားရယ်။ တငိုငိုတရီရီနဲ့။ ဒါပေမဲ့ သားအတွက်ဆိုတဲ့ စိတ်နဲ့ ငယ်ကတည်းကမွေးလာတဲ့ မိညိုတို့သားအမိကို ရင်နာနာနဲ့ ရောင်းလိုက်ရတယ်။
ရင်ထဲကသာ စကားသံများက ထွက်ပေါ်လာသည်။ ပါးစပ်ဖျားတွင်တော့ ပြောမထွက်ပေ။
မိဘတို့မည်သည် သားသမီးတို့အရေး များစွာပူပန်တတ်ကြသည်။ ထို့အတူပင် သားသမီးကို ဝမ်းနှင့်လွယ်မွေးခဲ့ရသော မိဘတို့သည် မိမိတို့၏ သားသမီး တစ်စုံတစ်ခုဖြစ်ခဲ့လျှင် မည်သို့ခံစားရမည်ကို ပြောပြနေစရာလိုမည်မထင်ပါ။ အတိုင်းထက်အလွန်ပင် ခံစားရမည်မှာ မလွဲပေ။ ထို့ကြောင့် လောက၌ မိဘတိုင်းသည် သားသမီးတိုင်းအတွက် အရာရာကိုရင်း၍ ချစ်တတ်ကြသည်မှာ အားလုံးအသိပင်ဖြစ်သည်။
ကျွန်ုပ်စိတ်တွင်မတော့ နွားဝယ်သမားများခေါ်ရာ ယက်ကန်ယက်ကန်ပါသွားသော မိညိုတို့သားအမိနှင့် အရိုးပေါ်အရည်တင်သည့် ခန္ဓာဖြင့် အိမ်တိုင်ကိုမှီကာ သားနဲ့ ခင်ပွန်းပြန်အလာကို စောင့်နေမည့် မြခွေ၏ မျက်နှာတို့သည် မျက်စိထဲတွင် တိုးတိတ်စွာ မြင်ယောင်နေမိနေပါေတာ့သည်. . .။ ။
နွေသန့်မောင်(ပညာရေး)
Comments