လူနှင့် သူတို့၏ဟာသများ - ၁
" ရယ်သံကို စားမြုံပြန်သူ နှင့် တွေ့ဆုံခြင်း " နီကိုရဲ
လောကတွင်ရှိသော သတ္တဝါများအနက် လူသည် ရယ်တတ်သော ၊ ရယ်နိုင်သော သတ္တဝါ ဖြစ်သည် ။ လူနှင့် တိရိစ္ဆာန်တို့၏ အဓိက ကွာခြားသော အချက်မှာလည်း ထိုအချက်သာ ဖြစ်၏ ။ တိရိစ္ဆာန်များသည် နာကျင် သည့်အခါ အော်ဟစ်နိုင်သော်လည်း ပျော်ရွှင်သည့်အခါ အမူအရာပြရုံမှ လွဲ၍ အသံထွက်ကာ မရယ်မောနိုင်ကြချေ ။ ထို့ကြောင့် ရိုးသားသော ပျော်ရွှင်မှုတစ်ရပ်နှင့် တွေ့သောအခါ အသံထွက်၍ အားရပါးရ ရယ်မောခြင်းကို လူတစ်ယောက်၏ ရပိုင့်ခွင့်အဖြစ် တိတိကျကျ လုပ်ရန် သင့်ပါသည် ။
ရယ်မောပျော်ရွှင်ခြင်းကို စတင် ကြုံတွေ့ကြရသည့်အခါ ထိန်းချုပ်တတ်သော သတ္တဝါမှာ မိန်းကလေးများ ဖြစ်ကြသည် ။ ထိုသို့ ထိန်းချုပ်ခြင်းမှာလည်း ရယ်ခြင်းနှင့် ပတ်သတ်၍ သူတို့၏ အလှအပ ၊ စာရိတ္တအပေါ်တွင် ဆုံးဖြတ်ထားသော အချက်အလက်များ ရှိနေသောကြောင့်ပင်ဖြစ်သည် ။ အသံကျယ်ကျယ်ဖြင့် အားရပါးရ ရယ်မောလျှင် မိန်းမကောင်း မဟုတ်ဟု သူတို့ ဆုံးမခံထားရသောကြောင့်သာ ဖြစ်သည် ။ သာမန်ရယ်စရာ နှင့်တွေ့လျှင် မိန်းကလေးများ ပြုံးတတ်ကြ၏ ။ တော်တော် ရယ်ရသော ကိစ္စနှင့် တွေ့လျှင် တခစ်ခစ် အသံပေးသည် ။ လုံး၀ ထိန်းချုပ် မရနိုင်သော ရယ်စရာ နှင့်တွေ့လျှင်ကား မိန်းကလေးများ မျက်နှာလွှဲသွားတတ်ကြ၏ ။
သို့သော် စိတ်ချရသောသူ ၊ အခြေအနေနှင့် ပတ်၀န်းကျင်ကို တွေ့လျှင်မူ မိန်းကလေးများကပင် ရယ်စရာ ၊ ပျော်စရာတွေ ပြောစမ်းပါဟု တောင်းဆို တတ်သူများမှာလည်း ( ကျွန်တော့် အတွေ့အကြုံအရ ) မိန်းကလေးများပင် ဖြစ်ပါသည် ။
တစ်ခါက ဘတ်စ်ကား တစ်စီးပေါ်တွင် ( ကျွန်တော် တက္ကသိုလ်မှ ပြန်လာတုန်း ) ထိုင်ခုံတွင် အတူထိုင်ရသော ကျောင်းသူသည် ကျွန်တော့် နံဘေးမှ ခပ်ငြိမ်ငြိမ် ထိုင်နေလျက် ပါလာပြီးမှ ရှေ့ကို စိုက်ကြည့်ကာ တစ်ခုခုကို စဉ်းစားရင်း ပထမ ပြုံးသည် ။ နောက် “ ခစ် ” ခနဲရယ်၏ ။ နောက် ခါးကိုကော့၍ အူထဲမှ ခုန်ထွက်လာသော ရယ်သံကို မထိန်းနိုင်ဘဲ သုံး လေး ချက် ခစ်သည် ။ နောက်မှ သတိရ၍ ကျွန်တော့်ကိုလှမ်းကြည့်ကာ ပြုံးသည် ။
သူ့ အကြည့်ကြောင့် ကျွန်တော် ကြောင်သွား၏ ။ ထိုကျောင်းသူ ရှေ့မှာ ဘာများ ရယ်စရာရှိနေသလဲဟု ရှာသည် ။ ဘတ်စ်ကားပေါ်မှာ ရပ်လျက် စီးနေကြသူတွေထဲမှာ ဘာရယ်စရာမှ မတွေ့ ။ ဘာအဖြစ်အပျက်မှလည်း မရှိ ။ ထိုကျောင်းသူထံမှ တခစ်ခစ် တအစ်အစ် ရယ်သံ လေးငါးခွန်း ထပ်ထွက်လာပြန်၏ ။ ဗုဒ္ဓေါ ၊ အကြောင်းမဲ့တော့ ဒီမိန်းကလေး မရယ်တန်ရာ ၊ မိန်းကလေး များသည် အကြောင်းမဲ့ရယ်လေ့ မရှိကြကြောင်း ကျွန်တော် ကောင်းကောင်း သိပါသည် ။ အကြောင်း ရှိကိုရှိရမည် ။ ထိုမိန်းကလေးက ရယ်အပြီး ကျွန်တော့်ကို ခိုးကြည့်ကာ ဒုတိယ အကြိမ် ကြုံရပြန်၏ ။ ပြဿနာပါလား။ ကျွန်တော် ဘာရယ်စရာ ဖြစ်နေသလဲ ။
သတိနှင့် ကျွန်တော်ကိုယ် ကျွန်တော် လေ့လာသည် ။ ဘာလွဲမှားမှုမှ မရှိပါ ။ ထိုစဉ် မိန်းကလေးက ခါးကလေးကိုကုန်း ၊ မျက်နှာကို လက်ဝါးနှင့် အုပ်ကာ ခွီးခွီးဟု အားရပါးရ ရယ်လေသည် ။ သူ့ရယ်သံကကျွန်တော့် မျက်နှာကို လက်ပစ်ဗုံးနှင့် ထုသလို ဖြစ်နေကာ ကျောကုန်းက ယားသလို ၊ ဗိုက်က ယားသလိုဖြစ်လာခဲ့၏ ။ ကျွန်တော် ဘာဖြစ်နေပြီလဲ ၊ ကျွန်တော် မနေနိုင်တော့ ။ ခါးကုန်းကာ ရယ်နေသောကောင်မလေးကို လက်တို့ကာ မေးရ၏ ။
“ ဒီမှာ ကျွန်တော် ဘာဖြစ်လို့လဲ ၊ ဘာဖြစ်လို့ ရယ်တာလဲဗျ ”
ကျွန်တော် အသံဆုံးတော့ ထိုမိန်းကလေးက အရယ်ရပ်ကာ ကျွန်တော့်ကို ဒေါသ နှင့် လှည့်ကာကြည့်၏ ။ ပြီးတော့ လေသံမာမာ နှင့် ကျွန်တော့်ကို ပြန်မေးသည် ။
“ ဘာလဲ ၊ ဘာဖြစ်လို့လဲ ”
“ မဟုတ်ဘူးလေ ၊ ခင်ဗျား ဘာဖြစ်လို့ ရယ်တာလဲ ။ ကျွန်တော့်ကို ကြည့်ပြီး ”
“ ဘာ ငါ့ ဘာသာရယ်တာ နင်နဲ့ ဘာဆိုင်လဲ ။ ဘာလာကြောင် တာလဲ ”
သူပြန်ပြောသည့် စကားကြောင့် ကျွန်တော် တော်တော် အခက်တွေ့ သွား၏ ။ ပြဿနာက စပြီ ။ သို့သော်ဘာဖြစ်လို့ ၊ ဘာဖြစ်တယ် ဟူသော ပြဿနာကို သူရော ကျွန်တော်ရော မသိကြ ။ တစ်ခုခုက လွဲနေခဲ့၏ ။
“ မဟုတ်ဘူးလေ ။ ခင်ဗျားက ဘာဖြစ်လို့ ရယ်တာလဲ ”
“ ငါ့သာသာ ဘာရယ်ရယ်ပေါ့ ။ နင်နဲ့ ဘာဆိုင်လို့လဲ ”
“ ဒါဆို ခင်ဗျားက ဘာဖြစ်လို့ ကျွန်တော်ကို ကြည့်ရယ်တာလဲ ”
ကျွန်တော့် စကားကြောင့် သူ တော်တော် ဒေါသထွက်သွား ပုံရ၏ ။
“ ဘာမှ မဆိုင်ဘူး ။ ငါ့ဘာသာ မနက်က ကျောင်းမှာ ဖြစ်တာကို တွေးပြီး ရယ်တာ ၊ နင်နဲ့ ဘာမှမဆိုင်ဘူး ”
သူ့စကားကြောင့် ကျွန်တော်လည်း သူ့ကို အားနာ ၊ သတိထားလွန်းသော ကိုယ့်ဘာသာ ရှက်ကာအသာငြိမ် နေလိုက်ရ၏ ။ သူ့ ပြောစကားကြောင့် ဖြစ်သွားသည့် ပြဿနာကို ကျွန်တော် သဘောပေါက်သွားခဲ့ပါသည် ။ သူမ မနက်က ကျောင်းတော်ထဲမှာ တော်တော် ရယ်စရာ ကောင်းခဲ့သောအဖြစ်တစ်ခုကို ကြုံခဲ့ရလို့ ဖြစ်မည် ။ အဲဒီ တုန်းက ထိုအဖြစ်ကို ဣနြေ္ဒအရ မရယ်ခဲ့ဘဲ ကားပေါ်ရောက်မှ ပြန်စဉ်းစားကာ တွေးပြီး ရယ်ခြင်း ဖြစ်လိမ့်မည် ။
ဘေးပတ်၀န်းကျင်မှ သူ့ရယ်သံကို ကြား ၊ မကြား ကျွန်တော့်ကို လေ့လာခြင်း ဖြစ်၏ ။ ဒါကိုကျွန်တော်က မလုံခြုံခြင်းသာ ဖြစ်သည် ။ ဆက်မရယ်နိုင်တော့ခြင်းကို ဒေါပွခြင်း ၊ သူ့ဘာသာလွတ်လွတ်လပ်လပ် ရယ်နေတာကို ကျွန်တော်က ကြည့်ကာ သိသွားသည့် အတွက် ရှက်ခြင်းတို့ကြောင့် မကျေမနပ်ဖြစ်ကာ မျက်နှာကို မာတင်းထားရင်း...
“ ဘယ်လို ကောင်လဲ မသိဘူး ။ ရူးနေသလား မသိဘူး ။ ကြောင်တောင်တောင်နဲ့ ၊ ရုပ်ကိုက... ဟုတ်တယ် ။ သူနဲ့ ဘာဆိုင်လဲ ”
စသည်ဖြင့် မကျေမနပ် ဖြစ်ကာ ပြောနေသဖြင့် ကျွန်တော်မှာ ရထားသည့် နေရာကို ထားကာထွက်ပြေးဖို့ အထိ စဉ်းစား မိခဲ့ရဖူးသည် ။
တကယ်တော့ မနက်က တွေ့ရသော ရယ်စရာကို မနက်မှာ ရယ်လိုက်ခြင်းသည် အကောင်းဆုံးသာဖြစ်ပါသည် ။ သို့မဟုတ် လူများကိုသာ ရယ်ချင်ပြီး ကိုယ်တိုင် အရယ်ခံရမှာကို ရှက်တတ်လျှင် လုံခြုံစိတ်ချရသော အိမ်ခန်းထဲ ရောက်မှ ပြန်တွေးကာ အရယ် စားမြုံ့ ပြန်သင့်သည် ။ အဲဒါမှ မဟုတ်လျှင်တော့ကျွန်တော် မေးသည့် အခါတွင် ဘာမှ ရှက်နေစရာ မလိုဘဲ သူမ တွေ့ခဲ့သော မနက်က ရယ်စရာကိုပြန်ပြောကာ ကျွန်တော် နှင့်အတူ အားရပါးရ ရယ်လိုက်ဖို့ ကောင်းသည် ။
အခုတော့ ဘာမှန်းမသိဘဲ သူနှင့် ကျွန်တော် တစ်ယောက်နှင့် တစ်ယောက် ရန်သူတွေဖြစ်ကာစိတ်ဆင်းရဲစွာဖြစ် ကားစီး လာကြရ၏ ။ ထိုအဖြစ်ကို အခုထိ ကျွန်တော် မှတ်မိနေမိသည် ။ ထို ရယ်စရာကို စားမြုံ့ပြန်သည့် ကျောင်းသူနှင့်ကျွန်တော် ထပ်မဆုံတော့ပါ ။ (ဆရာသစ်္စာနီက လူ့လောကသည် ဖတ်ကောင်းအောင် ရေးထားသည့် ၀တ္ထုဇာတ်လမ်း မဟုတ် ဆိုသည့်စကားကြောင့် မဆုံကြပုံ ပေါ် သည် ။)
ထို့ကြောင့် မိန်းကလေးများသည် ရယ်စရာကို တွေ့လျှင် သူငယ်ချင်း တစ်ယောက်ကို တွေ့သလိုတွေ့သည့် နေရာတွင်ပင် ပွင့်လင်း ရိုးသားစွာ ရယ်သင့် ပါသည် ။ ရယ်သံကြောင့် ဣနြေ္ဒ သိက္ခာ ထိခိုက်မသွားနိုင်ပါ ။ ရယ်သည့် အခါတွင် လူသည် အလှဆုံး သတ္တဝါ ဖြစ်သည် ။ ။
နီကိုရဲ
သဘင်အနုပညာ ဂျာနယ် ၄၇
လူနှင့် သူတို့၏ဟာသများ - ၂
" ဦးငုံးမင်း " နီကိုရဲ
ကျွန်တော် လွန်ခဲ့သည့် (၁၀) နှစ်ခန့်က အစိုးရ ၀န်ထမ်း လုပ်ခဲ့ဖူးသည် ။ လွယ်လွယ်ကူကူ စာရေးဟုပင် ပြောရမည် ဖြစ်သော်လည်း ကျွန်တော်က ရပ်ကွက်စာရေး တစ်ယောက်ပင် ဖြစ်သည် ။ ထို့ကြောင့် ကျွန်တော် အလုပ်က တခြားရုံးစာရေးတွေလို မနက်(၈) နာရီ ရှိုးစမိုးနှင့် ထမင်းချိုင့်ကလေးကိုင်ကာ ရုံးသို့ ပြေးရသော စာရေးမျိုး မဟုတ် ။ ည(၇)နာရီတွင် ဖွင့်သော ရပ်ကွက် (ရ၀တ) ရုံး (ယခု ရယကရုံး )သို့ သွားကာ ညရုံးပိတ်ချိန် (၉) နာရီ (၁၀)နာရီခန့်မှ ပြန်ရသော စာရေး ဖြစ်သည် ။ ကျွန်တော် တာ၀န်ကျသည့် ရပ်ကွက်က သင်္ဃန်းကျွန်း မြို့နယ်အတွင်းရှိ ရန်အောင် ရပ်ကွက်မှာဖြစ်သည် ။
ကျွန်တော် တာ၀န်ကျသည့် ရန်အောင် ရပ်ကွက်သည် မင်းသား ရန်အောင်လို ခံ့ခံ့ချောချောကြီးမဟုတ် ၊ သင်္ဃန်းကျွန်း ဘူတာ နှင့် (၃၉) ကားကြီးဂိတ် နံဘေးနားတွင် ရှိသော ရပ်ကွက်ကလေးသာဖြစ်သည် ။ ရပ်ကွက် အတွင်းရှိ လူများက ရုံးအလုပ်လုပ်သူ ဦးရေ နည်းနည်း ၊ ဘူတာနှင့် ကားဂိတ်တို့၏လူစည်ကားမှုကို အကြောင်းပြုကာ ရောင်း၀ယ်ကြသူတို့သာ များသည် ။ ထိုဘူတာ နံဘေးရှိ စျေးနှင့်သင်္ဃန်းကျွန်းစျေးကြီး ဆက်နေသဖြင့် စျေးသည် အများစုမှာ ကျွန်တော့် ရပ်ကွက် ကလေးထဲမှာ ရှိကြသည် ။ လက်လုပ် လက်စား ရောင်း၀ယ်စားကြသည့် လူများ နေထိုင်သည့် ရပ်ကွက် ဖြစ်သည့်အားလျော်စွာ ညဘက် ရပ်ကွက်ရုံးခန်းတွင် တက်လာကြသည့် ပြဿနာတွေကလည်း မကြားဖူးသည့် ပြဿနာ မယုံနိုင်စရာပြဿနာများ ဖြစ်သည် ။
ဟိုဘက်အိမ်က အုန်းပင် ဒီဘက်အိမ်ထဲ ကိုင်းတဲ့ ပြဿနာ ၊ တစ်ခြံတည်းနေကြရာမှ ခြံစည်းရိုးကို ပိတ်ပစ် လိုက်သဖြင့် တစ်ဖက်အိမ်မှ အိမ်သာသွားလို့မရတဲ့ ပြဿနာ ၊ ကလေးချင်း ပြဿနာဖြစ်ပြီး တစ်ဖက်အိမ်မှ ကက်ဆက်သီချင်းကို စောင်းဖွင့်သည့် ပြဿနာ ၊ ချီတီစုကြသည့် ပြဿနာ စသည့်ပြဿနာများ ၊ ဧည့်စာရင်းတိုင်သူများ ၊ ထောက်ခံစာတောင်း သူများနှင့် ကျွန်တော့် ရန်အောင်ရပ်ကွက်ရုံးခန်းသည် မီးတထိန်ထိန် အမြဲတမ်းရှိနေတတ်ပါသည် ။
ရပ်ကွက် အတွင်းရှိ ဖြစ်ပေါ်သည့် ပြဿနာများကို ရပ်ကွက်တွင်းမှ လူကြီးများက ပြေလည်အောင် ၊ ကျေနပ်အောင် ဖြေရှင်းပေး ကြရ၏ ။ တစ်ရပ်ကွက်တည်း နေကြသူများ ဖြစ်သဖြင့် တစ်ယောက် အကြောင်းတစ်ယောက်သိကာ တစ်ခါတစ်ရံ ဖြေရှင်းရလွယ်သော်လည်း တစ်ခါတစ်ရံ အကြောင်း သိနေကြသည့် အတွက်ဖြေရှင်းရခက်သည် များလည်း ရှိပါသည် ။ ကျွန်တော် စာရေးလုပ်ခါစက ရပ်ကွက် လူကြီး တစ်ဦးနှင့်ကြုံဖူးသည် ။ အသက် (၅၀)ခန့် ရှိပြီး ခပ်ပိန်ပိန် ၊ အမြဲ စိုးရိမ် ပူပန် နေတတ်၏ ။ ရပ်ကွက် လူကြီး စဖြစ်ပြီးတစ်ပတ်လောက် အထိ ပြဿနာ သေးသေးလေးတွေနှင့်သာ ကြုံရသည် ။ (၁၀) ရက်ခန့်လောက်မှာပြဿနာ တစ်ခု တက်သည် ။ တက်သည့် ပြဿနာကလည်း အနည်းငယ် ထူးဆန်း၏ ။
မီးသွေးထည့်ကာ တိုက်ရသော ကြေးမီးပူ ပြဿနာ ဖြစ်သည် ။ မီးပူ ငှား၍ တိုက်ပြီး ပြန်အပေးမှာပြဿနာ တက်ကြခြင်း ဖြစ်လေ၏ ။ မီးပူငှားသူက ပြန်ပေးသော မီးပူသည် သူ့မီးပူ မဟုတ် ၊ သူ့မီးပူက အကြီး ဖြစ်ပြီး ပြန်ပေးသော မီးပူက အသေး ဖြစ်နေသည်ဟု စွပ်စွဲသည် ။ ငှားတိုက်သူကလည်းသူငှားကတည်းက ထိုမီးပူပါဟု ပြောသဖြင့် ရုံးခန်းသို့ ရောက်လာကြခြင်း ဖြစ်သည် ။ ဘယ်လို ဖြေရှင်းရမှန်းမသိ ။ ကျွန်တော်တင် မဟုတ် ၊ မဟော်သဓာတို့ ဦးပေါ်ဦးတို့၊ ခိုင်ဖုန်းတရားသူကြီးတို့ပင်လျှင် ခေါင်းကိုက်နိုင်သော ပြဿနာမျိုး ဖြစ်သည် ။ ရပ်ကွက် လူကြီး အသစ်ကို စိန်ခေါ် လိုက်သော ပြဿနာလည်း ဖြစ်သည် ။ ကျွန်တော်တို့ ရပ်ကွက် လူကြီးက နှစ်ဖက်စလုံးကို စစ်မေး မေးသည် ။ နှစ်ဖက် စလုံးကလည်းအကြီးအသေး သာ တွင်တွင်ပြော၏ ။ ဒီမှာတင် ကျွန်တော်တို့ ရပ်ကွက် လူကြီးက ပြောသည် ။
“ ဒီလိုရှိတယ်ကွ ဒီကိစ္စရဲ့ အခြေခံဟာ သစ္စာတရားပဲ ။ သစ္စာတရား ပျက်တဲ့ အခါ ဒီလို ပြဿနာမျိုးတွေတက်နေမှာပဲ ။ ကျုပ်တို့ မြတ်စွာဘုရား လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်စဉ်တုန်းက ငုံးမင်း ဘ၀ ရောက်ခဲ့ဖူးတယ် ”
ဘုရားဆိုသဖြင့် ပြဿနာ တက်နေကြသူ နှစ်ယောက်စလုံး တော်တော် ငြိမ်သွား ကြသည် ။ ငုံးမင်းဇာတ်နဲ့ ကြေးမီးပူ အကြီး အသေး ၊ ဘယ်လို ဖြေရှင်းပေးမလဲ ဆိုတာ ကျွန်တော် စိတ်၀င်စားသွား၏ ။
“ ဘုရားအလောင်း ငုံးမင်း ရှိတဲ့ တောကြီး မီးလောင်သွားတဲ့ အခါ ငုံးမင်းက သစ္စာပြုတယ် ။ သူ့ကိုမိဘနှစ်ပါးက စွန့်ပစ်သွားတာ မှန်ပါတယ် ။ သူ့မှာ ပျံနိုင်တဲ့ အမွေးအတောင် မစုံတာလည်း မှန်ပါတယ် ။ စသဖြင့် ပေါ့ကွာ ငုံးမင်းရဲ့ သစ္စာတွေပေါ့ ။ အဲဒီမှာ တောမီးက ငုံးမင်းကို မလောင်ဘဲ ရှောင်သွား သတဲ့ ”
ပြဿနာတက်နေသော နှစ်ဖက် လူတွေမှာလည်း ဘာမှန်းမသိဘဲ အူကြောင်ကြောင်နှင့် နားထောင်နေကြရ၏ ။သူဘာဆက်ပြောမည်ကိုလည်း ဘယ်သူမှ မသိကြ ။ ကျွန်တော်တို့ ရပ်ကွက် လူကြီးက ခဏနားပြီး ကြေးမီးပူကို ကိုင်ကြည့် ပြန်သည် ။
“ ကဲ ဒီတော့... ငါတို့မှာ အဲဒီသစ္စာကို နမူနာယူ ကြရမယ် ။ ငါမေးတဲ့ မေးခွန်းကို အဲဒီ သစ္စာနဲ့ဖြေ ။ ကဲ .... မလှသိန်း နင်သူကို ငှားတာ ဒီမီးပူပဲ မဟုတ်လား ”
“ မဟုတ်ဘူး လုံး၀မဟုတ်ဘူး ၊ ကျွန်မမီးပူကအကြီး ကြေးနှစ်ပိဿာနီးပါးရှိတယ် ဒီအသေး မဟုတ်ဘူး”
“ ဟုတ်ပြီ ..ကဲ.. ဌေးဌေး ၊ ငါတို့ သူ့ သစ္စာကို ယုံရမယ် ။ နင် သူ့ဆီက ငှားတာ ဒီမီးပူ မဟုတ်ဘူးဆိုတာပဲ ပြောတော့ ”
“ ဘာလို့ မဟုတ်ရမှာလဲ ကျွန်မက သူ့ထက်တောင် ပို သစ္စာပြလို့ ရသေးတယ် ။ တစ်အိမ်သားလုံး xxxxx ပြီး ဒုက္ခရောက်ရ ပါစေရဲ့ ။ ဟဲ့.. လှသိန်း နင် မယုတ်မာနဲ့.. အလျော် မပြောနဲ့ ငါ့ ဆီက ခဲတစ်လုံးတောင် မရဘူး မှတ် ... ”
ငုံးမင်း ဇာတ်လမ်းလည်း ဘာမှ မတတ်နိုင် ။ သူတစ်ခွန်း ကိုယ်တစ်ခွန်းနှင့် စကားထများကြသဖြင့် ဆူညံနေပြီးမှ နောက် အဖွဲ့၀င် တစ်ယောက်က “ ဒါ ရုံးခန်း ၊ ဇရပ် မဟုတ်ဘူး ” ဘာညာ အော်သဖြင့်တိတ်သွား ကြသည် ။ နောက်တော့ ထိုပြဿနာ ပြေလည်သွား ပါသည် ။ ငုံးမင်း ဇာတ်ကြောင့်တော့ မဟုတ် ၊ နောက် အဖွဲ့၀င် တစ်ယောက်က ပြဿနာ ဖြစ်သော လမ်းထဲမှ အပေါင်ခံသော မိန်းမကို ခေါ်လာက မေးပြီး ထိုမီးပူ အသေးသာ ဖြစ်ကြောင်း သူ့ဆီမှာ မကြာခဏပေါင်ဖူးကြောင်း ထောက်ခံချက်ဖြင့် ပြဿနာပြီးသွားခြင်း ဖြစ်သည် ။
သို့သော် ကျွန်တော် နားမလည် ။ ကျွန်တော်တို့ လူကြီးက ဘာကြောင့် ငုံးမင်း ဇာတ်ကို ခင်းရသလဲဟု မေးကြည့် မိသည် ။ “ မသိဘူးကွ ၊ သူ့စိတ်ထဲမှာ ရှိတာ ပြောပြီး ရှင်းတာ နေမှာပေါ့ ” ဟူသော အဖြေသာ ရ၏ ။
သို့သော် နောက်ညများတွင် အိမ်ရှင် အိမ်ငှားရန် ဖြစ်သည့် ကိစ္စ ၊ ဖရဲသီးခိုးသည့် ပြဿနာ ၊ ဘူတာစျေးမှ ငါးအလေးခိုး သည့်ကိစ္စ ၊ များလှစွာသော ပြဿနာများ လာသည့်အခါတွင်လည်း ကျွန်တော်တို့ လူကြီး က “ ငုံးမင်း ကလေးဟာ” ဟု အစချီပြီး ပြဿနာ မရှင်းခင် ငုံးမင်းဇာတ်ကို ဟောလေ့ ရှိသည် ။ ငုံးမင်းလို သစ္စာ ရှိရမည်။ ငုံးမင်း စကားကို တန်ဖိုးထား ရမည် စသဖြင့်ပြောလေ့ ရှိ၏ ။ ကျွန်တော်တို့ ပထမ အံ့သြ ကြသည် ။ နောက်တော့ သူ ပြဿနာ ရှင်းလျှင် ထိုအသံကိုကြားရဖန် များလာသဖြင့် ထုံးစံ အတိုင်း ကျွန်တော်တို့ လူကြီး နာမည် ဦးငုံးမင်း ဖြစ်သွား၏ ။ သူ့ငုံးမင်းဇာတ်ကိုလည်း တစ်ရပ်ကွက်လုံး အလွတ် ရကာ သိနေကြပြီ ဖြစ်သည် ။
တစ်ကြိမ်တော့ ကျွန်တော်တို့ ရပ်ကွက်က မြို့နယ်မှ ကျင်းပသော ဥက္ကဠ ဖလားဒိုင်း အတွက် ဘောလုံး၀င်ကန် ရမည် ။ အသင်း ရန်ပုံငွေ အတွက် ရပ်ကွက် အတွင်းတွင် ရှိသော လုပ်ငန်းရှင်များအား အလှူငွေ ကောက်ခံသည် ။ ဖိတ်စာဖြင့် ဖိတ်ကာ ရုံးတွင် အောင်နိုင်ရေး အသင်းဖွဲ့ ကြခြင်းလည်း ဖြစ်၏ ။ အလှူငွေများကောက်ခံပြီး ဘောလုံးသမားများအတွက် အင်္ကျီ ၊ ဘောင်းဘီ ၊ ဖိနပ် ၀ယ်ရန် တိုင်ပင်ပြီး အစည်းအဝေးသိမ်းရန် အတွက် ဦးငုံးမင်းက စကား နောက်ဆုံး ပြောရသည် ။ ဦးငုံးမင်းက မတ်တတ်ရပ်ကာ လုပ်ငန်းရှင်များနှင့် ဘောလုံးသမားများကို ကြည့်၍ ခဏ စဉ်းစားသည် ။
ကျွန်တော် ရယ်ချင် သဖြင့် ခေါင်းငုံ့ ထားလိုက်သည် ။ ဘောလုံး နှင့် လိုက်ဖက်သောဇာတ် ၅၅၀ နိပါတ်တော် ထဲမှာ ရှာနေလား မသိဘူးဟု တွေးမိ သောကြောင့် ဖြစ်၏ ။ သို့သော်....
“ ကျွန်တော်တို့ မြတ်စွာဘုရား ငုံးမင်း ဘ၀ တုန်းက... ”
ကျွန်တော် မျက်လုံး ပြူးသွားသည် ။ ကျန်လူကြီးများကလည်း မျက်နှာပျက်ကုန်ကြသည် ။ ဘောလုံးနှင့်ငုံးမင်း.. ။ အဲဒီမှာ မနေနိုင် တော့တဲ့ လူကြီး တစ်ယောက်က “ ဟေ့လူ ဘာဆိုင် လို့လဲဗျ ” ဟု ၀င်တားပါသေးသည် ။ သို့သော် မရတော့ ။
“ ဘုရား အလောင်း ငုံးမင်းဟာ တောမီးကြီးကို သစ္စာ ပြုတယ် ။ အဲဒီ သစ္စာတွေ ကြောင့် တောမီးကြီးဟာ ဘုရား အလောင်းကို ရှောင်ပြီး လောင်ခဲ့ ဖူးတယ် ။ အဲဒီတော့ ကျွန်တော်တုိ့ ဘောလုံး အသင်းလည်းဘောလုံး ကစားတဲ့ အခါမှာ သစ္စာ ရှိရမယ် ။ ကိုယ်နဲ့ကန်ရမယ့် တစ်ဖက် အသင်းအပေါ်မှာ သစ္စာ အပြည့်နဲ့ ကစား ရမယ် ”
“ ဟာ... ဟေ့လူ ၊ တော်ပါတော့ဗျာ ၊ ဘောလုံးနဲ့ ခင်ဗျား ဇာတ်လမ်းနဲ့ ဘာဆိုင်လို့လဲ ”
သည်းမခံနိုင်သော လူကြီး တစ်ယောက်က ထ၍ ပြောသော်လည်း ကျွန်တော်တို့ ဦးငုံးမင်းက အပြုံးမပျက်ဘဲ ပြန်ပြောခဲ့သည် ။
“ ဆိုင်တာပေါ့ဗျာ အဲဒီလို သစ္စာ အပြည့်နဲ့ ကစားရင် ငုံးမင်းလို တောမီး မလောင်ဘဲ ကွင်းသွားသလို ကျွန်တော်တို့ ရပ်ကွက်က လူငယ် တွေရဲ့ ခြေထောက်ထဲက ဘောလုံးကို တခြားဘက်က မလုနိုင်ဘဲ ကွင်းသွားကြ မှာပေါ့ ” ။ ။
နီကိုရဲ
ဘဘင်အနုပညာ ဂျာနယ် ၄၈
လူနှင့် သူတို့၏ဟာသများ - ၃
" ကျွန်တော်တို့ ပတ်၀န်းကျင်က နာမည်များ " နီကိုရဲ
ကျွန်တော်တို့ ဆွေမျိုးများထဲတွင် နာမည်နှင့် ပတ်သတ်၍ အကြီး အကျယ် ပြဿနာ တက်ခဲ့ရဖူးသောဖြစ်ရပ် တစ်ခု ရှိခဲ့ဖူးသည် ။ ကျွန်တော် အမေဘက်မှ အမေကြီး ဒေါ်ကောက်၏ မောင် ၊ ကျွန်တော့်အဘကလေး၏ သားအကြီးဆုံး မွေးခဲ့စဉ်က ဖြစ်သည် ။
ထိုခေတ် ထိုအခါက မြန်မာ့ ရုပ်ရှင် လောကတွင် မင်းသားကြီး မြင့်အောင်မှာ နာမည် အင်မတန်ကြီးနေချိန်လည်း ဖြစ်ပါသည် ။ ထို မင်းသားကြီး ဦးမြင့်အောင်ကို ကျွန်တော်တို့ နတ်စင်ဘောက်ထော် ရွာသားများ အရူးအမူး နှစ်သက်ကြ ၊ ကြိုက်ကြသည် ။ ကျွန်တော့် ဒေါ်လေးများမှ အစ တစ်ရွာလုံး အပျိုတွေသည်းသည်းလှုပ် မြင့်အောင် ဖြစ်နေကြချိန်ပင် ဖြစ်သည် ။ ရုပ်ရှင် မင်းသားကြီး ဦးမြင့်အောင်က သာဓုခြံတွင်လာရောက် ရုပ်ရှင် ရိုက်ကြသည့်အခါ ကျွန်တော့် အဒေါ်တွေ ခြံအပြင်က သွားချောင်းကြည့်ကြရင်း ထမင်းတွေ ၊ ဘာတွေပင် ငတ်ဖူးသည့်အထိ ဖြစ်သည် ။ ထိုခေတ် ထိုအချိန်က ရုပ်ရှင် မင်းသား ၊ မင်းသမီး အပြိုင်နည်းကြသဖြင့် တစ်ဦးတည်း နှစ်ဦးတည်းသော မင်းသား မင်းသမီးများအပေါ် သူတို့ မြတ်နိုး ချစ်ခင်ပုံ အထင်ကြီး လေးစားပုံက ဒီနေ့ခေတ်ထက် ပိုဆိုးမည်ဟု ထင်ပါသည် ။
ပြဿနာက ကျွန်တော့် အဘကလေး၏ သားဖြစ်သူက ကြာသပတေးနေ့တွင် မွေးသည် ။ တစ်မျိုးလုံး ၊ တစ်ဆွေလုံး ပျော်လိုက် ကြသည့်ဖြစ်ခြင်း ၊ ပျော်ရခြင်းက မြေးကလေး ၊ သားကလေး ၊ မောင်ကလေး ရသည်ကတစ်မျိုး ၊ ထိုမြေးကလေး ၊ သားကလေး ၊ မောင်ကလေးသည် ကြာသပတေးနေ့မှာ မွေးသည်က တစ်မျိုးကြောင့်ဖြစ်၏ ။ အားလုံး သဘော တူညီချက်အရ (ဗေဒင် ဆရာ မပါ) ထိုကလေးကို မြင့်အောင် ဟု နာမည်မှည့်ကြခြင်းပင် ဖြစ်သည် ။ သောကြာနေ့က စ၍ မြင့်အောင် မြင့်အောင် နှင့် ထိုကလေးကို မိုးမွှန်အောင် ခေါ်ကြ၏ ။ ထိုနာမည် ပေးကြောင်း ပြောကြ ကြွားကြ၏ ။
ထိုမှာပင် ပြဿနာက စလေသည် ။
ကျွန်တော်တို့ ခြံနှင့် သုံးခြံလောက် အကွာ တိုက်အိမ်ကြီးမှ ချမ်းသာသော မိသားစုကလည်း ကျွန်တော့် အဘကလေး၏ သားထက် တစ်ပတ် စောမွေးသော သူတို့ မြေးကလေး ကြာသပတေးသားကို မြင့်အောင်ဟုပင် နာမည် ပေးထားကြသည် ။ ကျွန်တော်တို့က ထိုနာမည် ပေးကြောင်းကို သိကြသောအခါ သူတို့ဘက်က စကားသံ ထွက်လာသည် ။ သူတို့က အရင် ပေးတာ ဖြစ်ကြောင်း ၊ ထိုကြောင့် သူတို့ကိုလိုက်တုကာ နောက်မှ ပေးတာ မခံနိုင်ကြောင်း ၊ ပြောင်းပေး စေချင်ကြောင်းပင် ဖြစ်သည် ။ ဒီမှာပင် ကျွန်တော်တို့ဘက်ကလည်း မလျှော့ကြ ။
သူတို့ ထိုနာမည် ပေးထားတာ မသိကြောင်း ၊ မြင့်အောင်ကို ကြိုက်၍ မြင့်အောင် ပေးထားကြောင်း ၊ ပြောင်းမပေးနိုင်ကြောင်းပင် ဖြစ်သည် ။ နောက်တစ်ချက်က ကျွန်တော်တို့ ဆွေမျိုး အသိုင်းအဝိုင်းထက် ဟိုတစ်ဖက်က ပို၍ ငွေကြေး ပြည့်စုံကာ ဂုဏ်ရှိ ကြသည် ။ ထိုအချက်ကို အကြောင်းပြုကာ သူတို့က သူတို့မြေး ၊ သူတို့သားနှင့် ကျွန်တော်တို့ ကလေးကို နာမည် အတူမခံနိုင်ကြောင်း ပြောကြ၏ ။ သူတို့ဘက်မှအဒေါ် တစ်ယောက်က အိမ်ကို လာကာ ထိုကိစ္စကို တစ်ဆင့် စကားနှင့် မဟုတ်ဘဲ တရား၀င် ပြောသည် ။ သူတို့က ရက်ဦးကြောင်း ၊ နောက်ဆုတ် ပေးစေချင်ကြောင်း ၊ သူတို့က သူတို့ တူကို အကျွေးအမွေးနှင့် နာမည်ပေးမှာ ဖြစ်ကြောင်းတွေ ပါသည် ။
ဒီဘက် ကလည်း မခံနိုင် ၊ သူတို့က ငွေရှိတာနဲ့ တို့က ပြောင်းရမလား ၊ သူတို့လိုပဲ တို့လည်း တို့တူကိုအကျွေးအမွေး နှင့် ကင်ပွန်းတပ် မှာပေါ့ ဖြစ်လာကြသည် ။ အဒေါ်တွေ ၊ အဒေါ်တွေ ညီမ တွေချင်းတွေ့လျှင် ခနဲ့ကြ ၊ စောင်းကြ ၊ မြောင်းကြ ဖြစ်လာကြသည် ။ ထိုကိစ္စသည် ဘကြီး ၊ ဘထွေး အထိ ခေါင်းခဲလာကြ၏ ။ လူကြီးတွေ အေးစေလို၍ ပြောင်းပေးရန် နားချသော်လည်း မာန်ရှိသော လူငယ်တွေက စကားတွေအလွန်အကျွံ ပြောထားကြပြီ ဖြစ်သဖြင့် မရတော့ပြီ ။ မြင့်အောင် မှ မြင့်အောင်ပဲ တစ်ပြားမှ မလျှော့နိုင်ကြ ။ နောက်ဆုံး တစ်ဖက်နှင့် တစ်ဖက် စောင်းမြောင်းသည် အထိမှ တရား၀င် စကားများ ကြသည် ။ နာမည်နှင့်မဆိုင်သော အခြား နိုင်ကွက် ပိုင်ကွက်များကို ပြောကြပြီ ။ တဲအိမ် နဲ့နေပြီး မြင့်အောင် မှည့်တော့ ဘာဖြစ်မှာမို့လဲ ၊ ဟိုမင်းသား မြင့်အောင်သာ ကြားရင် စိန်စားသေမှာ ။ ဟေ့ တို့ မြင့်အောင်က ရိုးးသားတဲ့ မြင့်အောင်ကွ ။ ဂေါပကမြေး မြင့်အောင် မဟုတ်ဘူး ။
ဟိုဘက်က ဂေါပကလုပ်သူ ဘကြီးလည်း မနေရ ၊ ဒီဘက်က နားနည်းနည်း လေးသူ အဘကလေးလည်း မနေရတွေ ဖြစ်ကုန် ။ နိုင်ရာဆိုင်ရာ လူတွေ ကျိတ်တားကြသော်လည်း မရတော့ ။ မြင့်အောင် နာမည်လုပွဲကြီး ဆင်နွှဲကာ အဒေါ်လုပ်သူတွေ နပန်းလုံးကာ ကုတ်ကြ ဖဲ့ကြသည် ။ ညီမဖြစ်သူတွေ ဆံပင်ဆွဲကာ ဆော်ကြ တီးကြ ဖြစ်ကုန် ကြသည် ။
ဘေးက အမှန် အတိုင်း ဖြစ်စေချင် ကြသူတွေလည်း အုပ်စုကွဲ ကုန်ကြ၏ ။ ကိုယ့်ဘက်က စောတာပဲ ဘာဖြစ်လို့ ပြောင်းရမှာလဲ ၊ သက်သက် ခွတိုက်တာ ၊ မပြောင်းနဲ့ ဆိုသူတွေကဟိုဘက်တိုက်ကို သွားကြပြီး ပိုက်ဆံရှိရင် ရွှေပဲ၀ယ်လို့ ရမယ် ၊ နာမည်၀ယ်လို့ ရမလား ၊ ဒါသက်သက်တင်စီးတာ ၊ ငါ့မိန်းမတောင် မမွေးသေးလို့ မွေးရင် ဘာနေ့သားပဲ ဖြစ်ဖြစ် မြင့်အောင်လို့ ထပ်ပေးလိုက်ချင်သေး မပြောင်းနဲ့ ဆိုသူတွေကလည်း ကျွန်တော်တို့ ခြံဘက်ကို လာကြ၏ ။
နောက်ဆုံး မြင့်အောင်အရေး မြင့်အောင် ဘေးက ဆရာတော် ဘုရားထံ ရောက်သွား၏ ။ ဆရာတော်ကနှစ်ဖက် ဆွေမျိုးတွေခေါ် ၊ ရှေ့တွင် မေးကာ အဆုံးအဖြတ် ပေးသည် ။ အရင်မွေး၍ အရင်ပေးသူက နာမည်ယူကာ နောက်မွေးသူက နာမည် ပြောင်းစေ ။
ကျွန်တော့် ဒေါ်လေးတွေ မျက်ရည်ကျကာ နှပ်ညှစ် ကြသည် ။ ရွာဦး ဆရာတော် ဆိုတော့ ဘာမှလည်း စောဒက မတက်နိုင်ကြ ၊ လိုက်နာဖို့ပဲ ရှိသည် ။ မြင့်အောင်ကို ပိုင်သွားသူက ဆရာတော်နှင့် သံဃာတော် ငါးပါး ပင့်ကာ နာမည်ပေး ကင်ပွန်းတပ်သည် ။
ကျွန်တော်တို့ ဘက်ကလည်း ဆရာတော် ဆုံးဖြတ် သလိုနာမည်ပြောင်း ပါသည် ။ သို့သော် ပြောင်းသည့် နာမည်က အောင်မြင့် ဖြစ်၏ ။ ထိုထက်တော့ မလျှော့နိုင် ။ တစ်ဖက်ကလည်း မြင့်မအောင်ရင် ပြီးရော ၊ သူ့ဘာသာ ဘာပဲမြင့်မြင့် ။ မင်းသားကြီး ဦးမြင့်အောင် ကတော့ ဘာမှ သိလိမ့်မည် မထင်ပါ ။ သို့နှင့် ကြီးလာကြတော့ ထိုမြင့်အောင် နှင့် အောင်မြင့်သည် ရွယ်တူ ယောက်ျားလေးတွေ ဖြစ်လာကာအတူတူ ကစားကြသည် ။ ဆော့ကြသည် ။ ထိုအထိ လူကြီးတွေက မခေါ်နိုင် မပြောနိုင် ရှိကြသည် ။ ယခုထက်ထိလည်း ထိုမြင့်အောင်နှင့် အောင်မြင့် သက်ရှိ ထင်ရှား ရှိနေပါ သေးသည် ။
ကျွန်တော့် ဦးလေး အရှုံးသမား ကိုအောင်မြင့်က ရေဖြူမြို့နယ်သူ နှင့် အိမ်ထောင်ကျကာ ထို အရပ်မှာ ရှိလေသည် ။ အနိုင်ရသူ မြင့်အောင် ကတော့ ဘယ်မှာလဲ ကျွန်တော် မသိ ။ (၃-၄-၂၀၀၀) ရက်နေ့က စာရေးဆရာကျော် တာရာမင်းဝေ၏ ဇနီး မနော်ဟရီက သားဦးလေးကို အောင်မြင်စွာ မွေးဖွားလိုက်ကြောင်း သိရသည် ။ ကလေးကို သွားကြည့်တော့ နီတာရဲကလေး ဖြစ်သည် ။ သို့သော် မည်သည့် ကလေးမဆို မွေးလာလျှင် နီတာရဲကလေး ဖြစ်သဖြင့် ထိုနာမည်ကို စကားလုံး အရှာ တော်သော တာရာမင်းဝေ ယူလိမ့်မည်ဟု ကျွန်တော် မထင်ပါ ။
သူ ဘာနာမည် ကင်ပွန်းတပ်မလဲ ။ ကျွန်တော် စိတ်၀င်တစား သိချင်နေပါသည် ခင်ဗျား ။ ။
နီကိုရဲ
သဘင်အနုပညာ ဂျာနယ် ၆၇
လူနှင့် သူတို့၏ဟာသများ - ၄
" ဆိုက်ကား ဆိုက်ကား " နီကိုရဲ
ဒီတစ်ကြိမ်တွင် ကျွန်တော်တို့ ရပ်ကွက် ကလေးတွင် အားကစားပွဲများ ကျင်းပရန် အတွက် ရပ်ကွက် ရုံးခန်းတွင် လူစည်ကားလျက် ရှိ၏ ။ ဇန်နဝါရီလ (၄) ရက် နေ့တွင် ကျရောက်သော လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကာ အားကစားပွဲများ ကျင်းပခြင်း ဖြစ်သည် ။ လမ်းအလိုက် ပါ၀င်ယှဉ်ပြိုင်လို သူများက စာရင်းပေး ၊ ဆိုက်ကားပေါ်တွင် လော်စပီကာတင်ကာ ဘယ်အားကစားကို ဘယ်နေ့ ဘယ်သူ့ထံတွင် စာရင်းပေးသွင်းရန်ဟ ုနှိုးဆော်သူက နှိုးဆော် ၊ ရပ်ကွက်၏ ဘောလုံးကွင်းတွင် မီးချောင်းတိုင်များ ထွန်းကာ မြေညှိကွင်းရှင်း ၊ ချိုင့်ဖို့ကြနှင့် ဆောင်းတွင်း ချမ်းချမ်းစီးစီးမှာ ပျော်စရာကို ဖြစ်နေကြ၏ ။ ထုံးစံအတိုင်း တစ်ရပ်ကွက်လုံးက ကလေးတွေလည်း ခုန်ပေါက် အော်ဟစ် မြူးထူးကာ နေကြသည် ။
ကျွန်တော့် ရပ်ကွက်ကလေးက အားကစားနည်း တော်တော်စုံစုံ ထည့်သွင်းထား၏ ။ ကလေးများအတွက် မုန့်စားပြေးပွဲ ၊ နှစ်ယောက်ပေါင်း ခြေသုံးချောင်း ပြေးပွဲ ၊ အင်္ကျီ၀တ်ပြေး ပြိုင်ပွဲ ၊ ချောတိုင်တက် ၊ ခေါင်းအုံးရိုက် ၊ အနည်းငယ် အသက်အရွယ်ရှိ အပျိုလူပျိုများအတွက် ထုပ်စီးထိုး ၊ ဘောလုံးကန် ၊ လွန်ဆွဲပွဲ ၊ လူလတ်ပိုင်း အတွက် ပိုက်ကျော်ခြင်း ၊ ကြက်တောင်ရိုက် ၊ ဘောလုံးကန်နှင့် အပြေးပြိုင်ပွဲတို့ ဖြစ်ကြသည် ။ ဒီနှစ်တွင် ပြိုင်ပွဲများစွာ ရှိသည့်အနက် ပရိသတ် စိတ်အ၀င်စားဆုံး ပြိုင်ပွဲမှာ ဇန်နဝါရီလ (၄) ရက်နေ့မနက်တွင် ကျင်းပမည့် တာဝေး အပြေးပြိုင်ပွဲသာ ဖြစ်ပါသည် ။
ထိုတာဝေး အပြေးပြိုင်ပွဲကို စိတ်၀င်စားကြ ၊ အာရုံထားကြခြင်းမှာလည်း ဇာတ်လမ်းကလေး တစ်ခုရှိ၏ ။ ကျွန်တော်တို့ ရပ်ကွက်ထဲတွင် “ ဆိုက်ကား ” ဟု အမည် ရသော လူငယ် တစ်ယောက် ရှိသည် ။ အသက် (၂၅) နှစ်ခန့် ရှိပြီး သူ့ကို ဆိုက်ကားဟု ခေါ်ကြခြင်းမှာ အသက် ဆယ့်လေးနှစ်ကတည်းက ကျောင်းမနေတော့ဘဲ ဆိုက်ကား ထွက်နင်းသဖြင့် သူ့သူငယ်ချင်းများက ဆိုက်ကားဟု နောက်ခေါ်ရာမှ “ ဆိုက်ကား ” ဟု အမည်တွင်သွားခြင်း ဖြစ်သည် ။
ဆိုက်ကားမှာ အရပ် ငါးပေခြောက် လက်မခန့် ရှိသည် ။ ကိုယ်လုံး ကိုယ်ပေါက်မှာ သာမန်ဖြစ်သော်လည်း ထူးခြားချက်မှာ ခြေသလုံးက တောင့်တင်းပြီး ကြွက်သား အမြှောင်းမြှောင်း ထနေ၏ ။ ငယ်စဉ်ကတည်းက ဆိုက်ကား နင်းသည့် အတွက် ခြေသလုံးကြွက်သားများ အားကောင်းခြင်း ဖြစ်သည် ။ ဒီနှစ် မိုးရာသီခန့်က ဆိုက်ကားသည် တခြား ရပ်ကွက်မှ ပြည်နယ်နှင့်တိုင်း အပြေးသမား တစ်ဦးနှင့် လက်ဖက်ရည်ဆိုင်တွင် စကား ပြောကြရာမှ စိန်ခေါ် အပြေး ပြိုင်ပွဲ တစ်ခုကို စတင်ခဲ့သည် ။ ဆိုက်ကားသည် တစ်ကြိမ်မှ အပြေးပြိုင်ခဲ့ခြင်း မရှိသော်လည်း ငယ်စဉ် ကတည်းက ဆိုက်ကားနင်းခဲ့သော သူ့ခြေထောက်များကို သူယုံကြည်သည် ။ တစ်ဖက်က လူငယ်ကတော့ အပြေးသမားလုံးလုံး ဖြစ်၏ ။
စိန်ခေါ်ကြသော အပြေးပြိုင်ပွဲကို ကျွန်တော့် ရပ်ကွက်မှ လူငယ်တိုင်း အတော် စိတ်၀င်စား ကြသည် ။ တချို့က အလေ့အကျင့် မရှိသဖြင့် ဆိုက်ကား မလွယ်ဟု ထင်သူများ ရှိကြသလို ဆိုက်ကား အပေါ်ယုံကြည်သူများလည်း ရှိကြ၏ ။ ရပ်ကွက်ချင်း မတူညီ ကြသဖြင့် သူ့ ရပ်ကွက် ကိုယ့်ရပ်ကွက် ဟူသောအစွဲဖြင့် ဆိုက်ကား နိုင်ရမည်ဟု အားပေးကာ လောင်းကြေးကို ထပ်ထည့် သူတွေလည်း ရှိကြသည် ။ ဒီလိုနှင့်မနက်(၅) နာရီ စသော သူတို့ ပြိုင်ပွဲကို ကျွန်တော့် ရပ်ကွက်မှ လူ(၅၀)လောက် သွားကြည့် ကြသည် ။
ဘီအိုစီထိပ်မှ တပ်ရင်း (၃) အထိ သူတို့ အသွားအပြန် အပြေးပြိုင် ကြသည် ။ ထိုပွဲတွင် ဘာကြောင့်မှန်းမသိ ၊ ဆိုက်ကား နိုင်ခဲ့သည် ။ အပြတ်အသတ်တော့ မဟုတ် ၊ ဓာတ်တိုင် (၂) တိုင်လောက် စောပြီး ပန်း၀င်ခဲ့၏ ။ အပြန်မှာ လူငယ်တွေက ဆိုက်ကားကို ထမ်းပိုးကာ ပြန်လာ ကြသည် ။ တစ်သက်လုံး ဘယ်သူမှအရေးမလုပ်ခဲ့သော ဆိုက်ကားလည်း Hero ဖြစ်သွားသည် ။
အခု ကျွန်တော်တို့ အားကစား ပြိုင်ပွဲတွင် အပြေးပြိုင်ပွဲလည်း ပါသည် ။ ဆိုက်ကားနှင့် တစ်ကြိမ်ပြိုင်ခဲ့ဖူးသည့် လူငယ်၏ မိသားစုက အကြောင်းကြောင်းကြောင့် ကျွန်တော်တို့ ရပ်ကွက်ထဲ ပြောင်းလာသဖြင့် ရန်သူဟောင်း နှစ်ဦး မီးကုန် ယမ်းကုန် နွှဲကာ ရာဇ၀င်ကြွေး ဆပ်ရမည့်အဖြစ် အပြေးပြိုင်ပွဲကို တစ်ရပ်ကွက်လုံးက စိတ်၀င်စား ကြခြင်းလည်း ဖြစ်သည် ။
အားကစားသမား လူငယ်ကို သူ့ဖခင်က ဆိုင်ကယ်ဖြင့် လိုက်ကာ အချိန်မှတ် နာရီနှင့် ညနေတိုင်းအပြေး ကျင့်သည်ကို တွေ့ရသလို ဆိုက်ကားလည်း ဆိုက်ကား စောစောစီးစီး သိမ်းပြီး ညနေတိုင်း အပြေးလေ့ကျင့်သည်တဲ့ ။ တစ်ရပ်ကွက်လုံးက ရပ်ကွက်ခံ ဆိုက်ကားကိုသာ အားပေးကြသည် ။ တစ်ကြိမ်မလေ့ကျင့်ဘဲ နိုင်ထားသဖြင့် ဒီ တစ်ကြိမ်လည်း ဆိုက်ကားပဲ နိုင်လိမ့်မည်ဟု ထင်ကြ တွက်ကြသည် ။
ဒီလိုနှင့် ဇန်နဝါရီလ (၃) ရက် ညကို ရောက်သည် ။ ရပ်ကွက် ပြိုင်ပွဲများ ဖြစ်သော ပိုက်ကျော်ခြင်း ၊ ထုပ်စီးတိုးနှင့် ဘောလုံး ပြိုင်ပွဲများ၏ Final လည်းဖြစ်သည် ။ သူ့လမ်း ကိုယ်လမ်း အနိုင်မခံ အပြိုင်ကြဲကြသော ပွဲကောင်းများ ဖြစ်သဖြင့် ကျွန်တော်တို့ရပ်ကွက် အတွင်းမှပင် မဟုတ် တခြား ရပ်ကွက်များမှလည်း လာကြည့်ကြသဖြင့် ကွင်းလျှံကာ သွား၏ ။ ကစားနည်း (၃)မျိုး စလုံး ပြဿနာ အနည်းငယ်စီ တက်ကြသဖြင့် ရပ်ကွက် လူကြီးများ ပွဲတော်တော်လေးထိန်းသိမ်း ကြရသည် ။ အသံတွေ၀င် ၊ ရှင်းရတာမောနှင့် ည (၂) နာရီခွဲလောက်မှာ ပြိုင်ပွဲ အားလုံး ပြီးစီးသွားသည် ။
(၄)နာရီတွင် တာဝေးပြိုင်ပွဲ စမည် ဖြစ်သဖြင့် အိပ်၍လည်း မထူးတော့ပြီ ။ နှင်းစ ဖွဲဖွဲမှာ မီးဖို ၊ ကောက်ညှင်းပေါင်းနှင့် ငါးခြောက်ဖုတ် စားကာ စကားပြောကြသည် ။ ပြောကြသည့် စကားက “ ဆိုက်ကားအကြောင်း ” ၊ အပြေး ချန်ပီယံမှာလည်း ကျွန်တော့် ရပ်ကွက်ကို ပြောင်းလာပြီး တစ်ရပ်ကွက်သားချင်းဖြစ်သွားသော်လည်း ငယ်မွေး ခြံပေါက် ဆိုက်ကားကိုသာ ပို၍ အားပေးကြသည် ။ ဥက္ကဋ္ဌက အဆိုးဆုံး ၊ ဒီပွဲမှာ ဆိုက်ကားပဲ နိုင်ရမည်ဟု တက်ကြွ ယုံကြည်စွာ ဆိုသည် ။ မနက်(၄)နာရီမှာ စက်ဘီး ဆိုင်ကယ် ကားများ ဖြင့် အပြေးသမား များကို လိုက်စောင့်ရှောက်ကာ တာလွှတ်လိုက်သည် ။ ရပ်ကွက် လူကြီး တော်တော် များများ ပါသွားကြပြီး ကျွန်တော် ၊ ဥက္ကဋ္ဌ နှင့် လူကြီး (၂)ဦးခန့်သာ ကျန်ခဲ့သည် ။
ဥက္ကဋ္ဌက ဒီပွဲတွင် ဆိုက်ကား နိုင်ခဲ့လျှင် မြို့နယ် အဆင့်သို့ ၀င်ပြိုင် ခိုင်းမည် ။ ထို့နောက် တိုင်း ၊ ထို့နောက် ဆိုက်ကားသည် လက်ရွေးစင် အပြေး ချန်ပီယံ ၊ စကား ပြောရင်း အရုဏ်ပျို့ လာ၏ ။ နှင်းများလည်း သိပ်သိပ် သည်းသည်း ကျသဖြင့် နေရာတိုင်း ေ၀၀ါး နေကြသည် ။ မိုးသောက် အချိန်၏အားပေးမှုကြောင့် တစ်ညလုံး မအိပ်ခဲ့ရသော ကျွန်တော်တို့လည်း ငိုက်စ ပြုသည် ။ ပန်း၀င်ရန် အချိန်လည်းနီးနေပြီ ဖြစ်၏ ။
ထိုအချိန်တွင်...
“ ဆိုက်ကား... ဆိုက်ကားဗျို့...ဆိုက်ကား ”
အော်သံ နက်ကြီးကြောင့် ငိုက်နေသော ဥက္ကဋ္ဌ ကုလားထိုင်မှ လူးလဲ ထသည် ။
“ ဟာ... ဆိုက်ကားတဲ့ ၊ ဆိုက်ကား ပန်း၀င် လာပြီကွ ၊ တွေ့လား ၊ ငါမပြောလား ၊ ဆိုက်ကား.. ”
“ ဆိုက်ကား..ဆိုက်ကား ”
ဆိုက်ကားဟု အော်လာသူက ကျွန်တော်တို့ ရှေ့သို့ နှင်းထုထဲမှ ဝုန်းခနဲ ပြေး၀င် လာသည် ။ ဥက္ကဋ္ဌ ဆီးပွေ့ကာ ဖမ်း၏ ။
“ ဆိုက်ကား ၊ မင်းချက်ချင်း မရပ်နဲ့၊ ခုန်ပေါက် နေလိုက် ၊ ခုန်နေလိုက် ”
“ ဟာ... ဘာလို့ ခုန်ရမှာလဲဗျ ”
“ တယ်... ဒီကောင် အမောဆို့ သွားလိမ့်မယ် ၊ ခုန်ဆိုခုန် ”
“ ဟာ... ဥက္ကဋ္ဌ ဘာတွေ ပြောနေတာလဲ ၊ ကျွန်တော့် ဆိုက်ကား လူခိုး သွားပြီ ။ အဲဒါ လာပြောတာ ၊ ခုလေးတင်ပဲ လုပ်ပါဦး ”
သူ့စကားကြောင့် သေသေချာချာ ကြည့်တော့ ပြေး၀င်လာသူက ဆိုက်ကား မဟုတ် ၊ ရပ်ကွက်ထဲမှဆိုက်ကား ထောင်စားသူသာ ဖြစ်၏ ။ ဥက္ကဋ္ဌက ရှက်ကာ ကြောင်သွား၏ ။
“ ခွီးပဲ အဲဒါ မင်းက ဘာဖြစ်လို့ ဆိုက်ကားလို့ အော်ရတာလဲ ”
“ ကျွန်တော့် ဆိုက်ကား ပါသွားတာ ဘယ်လို အော်ရမလဲ ၊ ခုပဲ ခိုးသွားတာ ”
“ ဘယ်ဘက်ပြေးတာလဲကွ ”
ဥက္ကဋ္ဌ အိပ်ချင် မူးတူး ဓါတ်မီး ဆွဲကာ ထွက်၏ ။ ကျန်လူကြီးများလည်း ပြေးလိုက် ကြသည် ။ ကျွန်တော် တစ်ယောက်တည်း ရုံးခန်းတွင် အိပ်ချင်မူးတူး ကျန်ခဲ့၏ ။
မကြာမီ ပန်း၀င် လာကြသည် ။
ထိုပွဲတွင် ဆိုက်ကား ပထမ မရပါ ။ နံပါတ် (၁၈) သာ ချိတ်၏ ။ ။
နီကိုရဲ
သဘင်အနုပညာ ဂျာနယ် ၅၀
လူနှင့် သူတို့၏ဟာသများ - ၅
" စိတ်တိုင်းကျချင်သူ " နီကိုရဲ
ကျွန်တော့်တွင် အတော် လက်ပေါက်ကပ်၍ ပစိပစပ် များကာ အင်မတန် သိက်္ခာကြီးချင် ၊ ရှိချင်သောအဒေါ် တစ်ယောက် ရှိသည် ။ ထို ကျွန်တော့် အဒေါ်မှာ ဆွေမျိုးများနှင့် သိပ့်မတည့်တက် ။ သူ့သိက္ခာ ၊သူ့မာနကို လွန်စွာ ရှေ့တန်းတင် တတ်သောကြောင့် ဖြစ်သည် ။ ကျွန်တော်တို့ ဆွေမျိုးတွေမှာ ပညာတတ်သူအတော် နည်းပါးသည် ။ ထို အဒေါ် ကတော့ သူ့ခေတ် သူ့အခါက High School Final အောင်ကာအလုပ်စ၀င်ခဲ့သဖြင့် အရာရှိငယ် တစ်ယောက် ဖြစ်ခဲ့သည် ။ သူ့ခင်ပွန်းကလည်း သူ့ထက် အဆင့်တစ်ဆင့်မြင့်သူ အရာရှိတစ်ဦး ဖြစ်၏ ။
သူ့ဂုဏ် သူ့မာန်သည် ကျွန်တော်တို့ထဲတွင်တော့ အတော့်ကို အဆင်ပြေကာ မာနထား၍ ရသလို ဖြစ်နေသည် ။ ထိုအဒေါ်၏ ပင်ကိုယ်ဗီဇလည်း အရာရာကို အကောင်း မမြင်တတ် ၊ သူ့စိတ်တိုင်းကျရန် ဆိုသည်မှာ အတော်ခက်သည် ။ ပြဿနာတစ်ခု ဖြစ်သည်နှင့် သူအမှန် သူအကောင်းသာ စာလုံး ပေါင်းတတ်သည် ။ အိမ်နှင့် ဆွေမျိုးထဲတွင် သူ့ အကြောင်းကို ငယ်စဉ်ကတည်းက သိထား ကြသဖြင့် ခွင့်လွှတ် နားလည် ပေးကြသည် ။ သူ့ ရုံးတွင်လည်း အရာရှိ တစ်ယောက် ဖြစ်သဖြင့် နားလည် ခွင့်လွှတ်သည်းခံကြသူတို့ ရှိလိမ့်မည် ။ ဤသို့ဖြင့် သူ့ဗီဇသည် ကလေး (၃)ယောက် ရသည်အထိ အလံမလှဲ ၊ ပွဲတိုင်းအိုကေနေ၏ ။
သို့သော် သူ့ကို သည်းမခံကာ သူနှင့် လုံးလုံး အဆင်မပြေသော လူတစ်စု ရှိသည် ။ ထိုသူများမှာတခြား မဟုတ် ။ သူ့အိမ်တွင် ခေါ်ထားသော အိမ်ဖော် များသာ ဖြစ်၏ ။ မည်မျှလောက် သည်းခံတတ်သူ ၊အလုပ်ကို သန့်ရှင်း တိကျစွာ ဆောင်ရွက်တတ်သူ မိန်းကလေး ပင်ဖြစ်စေ ၊ သူ့သြဇာ ၊ သူ့လေသံ ၊ သူ့အဟိန်း အဟောက် ဒဏ်ကို မခံနိုင်ကြ ။ တစ်လ မပြည့်မီ ပြေးကြသည်က များသည် ။ အဒေါ့်သဘောကလည်း ရှင်းသည် ။ အလကား ခိုင်းတာ မဟုတ် ။ အခကြေးငွေ ပေးခိုင်းတာ ၊ သူ ခိုင်းသလို မလုပ်နိုင်လျှင်သွားကြ ဟူ၍ ဖြစ်သည် ။ သူ့ အကူအညီကို ကိုယ်က ယူကာ သူ့အတွက် ငွေကြေး ပြန်ကူညီသည်ဟုအဒေါ် မမြင်နိုင် ။ စာနာစိတ် ၊ ကိုယ်ချင်း စာစိတ် အတော်နည်းသည့် ကောက်ချက်မျိုးနှင့် အိမ်ဖော်တွေတစ်ယောက်ပြီး တစ်ယောက် ပြောင်းနေသည်မှာ မနည်းတော့ ။
အဒေါ် နှင့် သူ့ခင်ပွန်း မနက် (၉)နာရီ ရုံးအမီ ပြေးရခြင်း ၊ ကလေး (၃)ယောက် ဗာဟီရ လှည့်မကြည့်နိုင်သော အိမ်အလုပ် များကြောင့် အိမ်ဖော် မရှိ၍လည်း မဖြစ် ၊ ရတော့လည်း ရသည့် အိမ်ဖော်နှင့်တည့်အောင် မနေ ။ တစ်ခါက သူနှင့် လုံး၀ အဆင်မပြေတော့သော အိမ်ဖော် တစ်ယောက်နှင့် ပြဿနာတက်သည် ။ အမှန်တော့ ထုံးစံအတိုင်း သူ့အလွန်သာ ဖြစ်၏ ။ ထိုအိမ်ဖော်က အတော်သဘော ကောင်းကြောင်းပတ်၀န်းကျင်က သိကြသည် ။ ထို့ကြောင့် ထိုကောင်မလေးကို အိမ်နီးချင်း အိမ်တစ်အိမ်က ခေါ်သည် ။
ထိုအိမ်မှာ ထို ကောင်မလေး အဆင်ပြေနေသည်ကို အဒေါ် ကြားသည့်အခါ ပြဿနာ တက်ကြသည် ။ ထိုကောင်မလေးကို လက်ခံ ထားသော အိမ်ကို အဒေါ်က သွားကာ ပြဿနာ ရှာ၏ ။ ထိုကောင်မလေးကို မျက်နှာ ပြောင်တိုက်၍ ခေါ်ထားခြင်းမှာ သူ့ကို စော်ကားခြင်း ဖြစ်ကြောင်း ၊ အိမ်ချင်းကပ်နေသဖြင့် လက်ခံထားစရာ မလိုကြောင်းတို့ ပြောကာ ပြဿနာ တက်ကြသည် ။ သူနှင့် အဆင်မပြေသူ တခြား တစ်ယောက်နှင့် အဆင်ပြေနေသည်ကိုပင် လက်မခံနိုင်လောက်အောင် အတ္တ မာန ဖုံးလွှမ်းနေသော လူတစ်ယောက် အဖြစ် အဒေါ့်ကို ကျွန်တော်တို့ သနားကာ နားလည် ခွင့်လွှတ် ပေးရုံသာ တတ်နိုင် ကြတော့သည် ။ ထိုအိမ်ဖော် ထိုအိမ်တွင် အဆင်ပြေနေသည်ကို ကြည့်ကာ အဒေါ့်မှာ နေ့စဉ် စိတ်ဆင်းရဲကာ နေရ၏ ။ မေတ္တာနည်းသူတို့၏ ဒုက္ခက မသေးလှပါကလား ။
ဒီလိုနှင့် တစ်လလောက် ကြာတော့ အဒေါ် အိမ်ဖော် တစ်ယောက်နှင့် အတော် အဆင်ပြေနေသည်ကို ကြားရ၏ ။ ကျွန်တော် ရောက်သွားတော့ ကောင်မလေးက ဆယ်လေးနှစ်သာသာ ရှိသေးသည် ။ ၀၀ဖြိုးဖြိုး မျက်နှာက အမြဲပြုံး နေ၏ ။ ကလေး တစ်ယောက်လို နေတတ်သည် ။ အဒေါ့် လက်အောက် ၀န်ထမ်း တစ်ဦးက အညာမှ ခေါ်ပေးသည်ဟု သိရသည် ။ သွက်သွက် လက်လက် ရှိသည် ။ အသိဉာဏ် နည်းသည် ။ ပညာ မဲ့သဖြင့် နှိမ်တာလား စော်ကားတာလား သိပ်မသိ ။ ကလေး စိတ်မကုန် သေး၍ အဒေါ်ဆူခြင်း ၊ ခေါက်ခြင်း တို့ကိုလည်း အပြုံးမပျက် ၊ အဒေါ်နှင့် တည့်သူမရှိဟု ပြောခဲ့ မိသမျှ ထိုကောင်မလေး ဆန်းဆန်းမြင့် နှင့်မှ ကျွန်တော်တို့ မှားမှန်း သိရသည် ။ ထို ကောင်မလေးမှာ လူရည် မလည်သေးသောကလေး တစ်ယောက် ၊ ခပ်နုံနုံ ခပ်တုံးတုံး တစ်ယောက်သာ ဖြစ်သည် ။
တစ်နေ့တော့ အဒေါ့်အိမ် အလှူ လုပ်သည် ။ အလှူဆိုခြင်းထက် သူ့ကလေး တစ်ယောက် မွေးနေ့သာ ဖြစ်၏ ။ ညဘက် ကျင်းပခြင်း ဖြစ်ပြီး အိမ်သို့ အဆင့်တူ အရာရှိများ ၊ အဒေါ့်ထက် အဆင့်မြင့်သော အရာရှိများ လာကြမည် ဖြစ်သည် ။ အဒေါ်က သူ့မာန် ၊ သူ့မာနကြောင့် မိသားစုနှင့် မတည့်သည်သာ ရှိသည် ။ သူ့အိမ်သို့ အရေးကြီးသူတွေ လာမည် ဆိုတော့ အားလုံးက ဝိုင်း၀န်းကာ ပျော်စရာကောင်းသည့် မိသားစုမှန်း ပြချင်သေးသည် ။ ကျန်မောင်နှစ်မတွေကလည်း ကိုယ့်အစ်မ အတွက်ဟု သဘောထားကာ ကျေနပ် မကျေနပ်သည်ကို မေ့ထား၍ အားလုံး ကူညီကြရ၏ ။
ထိုပွဲသို့ အဒေါ် မလာမှာ စိုးရိမ်ဆနသော လူကြီးများ အားလုံး လာကြသည် ။ လက်ဆောင်တွေ ပေးကြ ၊ စားကြ သောက်ကြ ၊ ပျော်ကြ ရ၏ ။ အဒေါ် ကတော့ သူ့အငယ်ဆုံး ကလေးလေး စကားပြောတတ် သမျှတွေ လုပ်ခိုင်းကာ ရယ်မော ပျော်ရွှင် နေသည် ။ လာကြသည့် ဂုဏ်သရေရှိလူကြီးများ ကလည်း ကလေး လုပ်ပြသမျှကို ပြုံးပြုံး ရွှင်ရွှင် ကြည့်ကာ ချီမွမ်းကြသည် ။
စားသောက်ပြီး၍ အချိုပွဲနှင့် လက်ဖက်ပွဲ စားကြစဉ် အရေးကြီးသော ဧည့်သည် တစ်ယောက်က ရေသောက်ရန် ရေဘူးကို မ,သည့် အခါ ရေက ကုန်နေ၏ ။ ရေနွေးကြမ်းကလည်း အသစ် ၊ အခုမှထည့်ထားသဖြင့် ပူကာ နေသည် ။
“ ဟဲ့ ကောင်မလေး ဖန်ခွက်နဲ့ ရေတစ်ခွက် ခပ်ခဲ့စမ်း ၊ အံမယ်ကြောင်များ ကြည့်နေသေးတယ် ။ငါခေါက် လိုက်ရ.... သွား... သေသေချာချာ ခပ်ခဲ့ ”
အဒေါ့် စကားကြောင့် အိမ်ဖော်မလေး သုတ်ခနဲ ပြေး၏ ။ ရေအိုးက အတွင်းခန်းတွင် ရှိသော်လည်းအိမ်ရှေ့က လှမ်းကြည့်လျှင် မြင်နေ ရသည် ။ အော်ပြီးသည်နှင့် အဒေါ်က ပြန်လှည့်ကာ ပြုံးပြုံးနှင့်စကားဆက် ပြောသည် ။ ထိုစဉ်...
“ ခွမ်း....ကွမ်...ဂွမ် ” ဆိုသော အသံကို ကြားရသည် ။ လှမ်းကြည့်တော့ ဆန်းဆန်းမြင့် ခပ်နေသော ရေခွက်လွတ်ကျသွားခြင်း ဖြစ်၏ ။ အဒေါ် မျက်နှာမှာ မာတင်းကာ သွားသည် ။ သူအရှက်ကွဲပြီ ဆိုတာကို သိလိုက်ရ၏ ။ ဧည့်သည်တွေသာ မရှိလို့ကတော့ ဆန်းဆန်းမြင့် နားသယ်မှ ဆံပင် ၊ ဦးခေါင်းနှင့် ပေါင်တွင်းကြောနှစ်ဖက်စလုံး တစ်မိနစ် အတွင်း အဆိုးဆုံး အခြေအနေ ရောက်သွားနိုင်သည် ။ သို့သော် အခြေအနေအရ အဒေါ်လျှော့ပါ၏ ။ အားလုံးလည်း တိတ်သွားကာ ကောင်မလေးကို ကြည့်နေ ကြသည် ။
“ တောက်.... နင်ဟာလေ သိလား ဟဲ့ ဟဲ့... ကောက်ပြီး ဒီအတိုင်း မခပ်နဲ့။ ဖင်ကို သေသေချာချာ သုတ်ပြီးမှ ခပ် ။ နင်တော့လေ ”
“ ဟုတ်...ဟုတ်ကဲ့ အန်တီ ”
ဆန်းဆန်းမြင့်က ကျသွားသော ကြေးရေခွက် ကလေးကို သေသေချာချာ ကောက်ကာ သူ့တင်ပါးဖြင့် သုံးလေးချက် သုတ်ကာ ရေအိုးထဲ နှစ်လိုက်တာ အားလုံး တွေ့ရလေသည် ။ တိုင်ပင်မထားဘဲ အလှူတစ်ခုလုံး ဝါးခနဲ ပွဲကျ သွားသည် ။ ဝိုင်းရယ်ကြသော လူတွေကို ကြောင်ကာငေး နေ၏ ။ အဒေါ်၏ အရေးကြီးသော ဧည့်သည်များလည်း တံတွေးသီးအောင် ရယ်ကြ၏ ။ အဒေါ်မှာနေရာကပင် မရွေ့နိုင် ။ ဘာစကားမှလည်း မထွက် ။ သူ့လည်မြိုမှာ သူ့ဒေါသတွေ တစ်ဆို့ နေပုံရလေသည် ။ ထို ရေခပ်ခိုင်းသော လူကြီးက ဆိုသည် ။
“ အေး... သူလုပ်တာ နင်ပြောတာနဲ့တော့ ကိုက်သားပဲ ၊ ဖင်ကို သေသေချာချာ သုတ်ပြီးမှ ခပ်တာပဲလေ ”
ပြီးတော့ ရယ်ကြ ပြန်၏ ။ နောက်တစ်နေ့ ဒီအကြောင်း ရုံးမှာ ပြောပြီး ရယ်ကြ မောကြတော့မည် ။ ထုံးစံ အတိုင်းပင် နောက်တစ်နေ့မှာ ဆန်းဆန်းမြင့် မရှိတော့ ။ ကျွန်တော်တို့ ပြောထားသော စကားပြန်မှန်ကာ သွား၏ ။ အခု ရေခွက် လွတ်ကျတာကို မြင်တိုင်း ကျွန်တော် ထို အိမ်ဖော်မလေးနှင့် သိက္ခာမာနကြီးချင်လွန်းသော အဒေါ်ကို သတိရ နေတတ်သည် ။ ။
နီကိုရဲ
သဘင်အနုပညာ ဂျာနယ် ၆၉
လူနှင့် သူတို့၏ဟာသများ - ၆
" အဆိုကြီး အသံနည်း " နီကိုရဲ
ဆွမ်းသိမ်းပွဲမှာ စတိတ်ရှိုး လုပ်မယ် ဆိုကတည်းက ရပ်ကွက်ထဲက လူငယ်တွေ ထုံးစံအတိုင်း လှုပ်လှုပ်ရွရွ ဖြစ်နေကြတာ တွေ့ရသည် ။ လက်ဖက်ရည်ဆိုင် ၊ အကြော်ဆိုင်နှင့် ဗာဒံပင် အရိပ်အောက် ဟိုတစ်စု ဒီတစ်ဖွဲ့ အားလုံး ထိုကိစ္စ တစ်ခုတည်း အရေးတကြီး ဆွေးနွေးကြ ၊ စကားပြောကြနှင့် ရှိသည် ။ ဆွမ်းသိမ်းပွဲဆိုလျှင် အရင် နှစ်တွေမှာ ဆိုင်းနှင့် အောင်ပွဲခံလေ့ ရှိသည် ။ ဒီနှစ်တော့ စတိတ်ရှိုးတဲ့ ။ ပို၍ တက်ကြွ နေကြခြင်းက ထိုစတိတ်ရှိုးတွင် နာမည်ကြီး အဆိုတော် လေးငါးဦးအပြင် ရပ်ကွက်ထဲက ဝါသနာရှင် သီဆိုသူများပါ သီဆိုနိုင်ခြင်းကြောင့် ဖြစ်သည် ။ ထို့ကြောင့် ထိုစတိတ်ရှိုးကို ရပ်ကွက်တွင်းမှ လူငယ်များ ဦးဆောင်ကြမည် ဖြစ်သည် ။
ဆွမ်းသိမ်းပွဲ အပြီး မဟာဒုက် ဘုရားမဲ ဖောက်သည့် ကိစ္စထက်ပင် ထိုကိစ္စကို လူငယ်တွေ ပိုတက်ကြွ နေကြသည် ။ ရပ်ကွက် ဓမ္မာရုံ ရှေ့က မဏ္ဍပ်တစ်ခု ရောက်လာ၏ ။ တိုင်ကီတွေ ရွှေ့ကြ ၊ စင်တွေ ဆောက်ကြ ၊ ရပ်ကွက် လူကြီး တစ်ဦးနှင့် အတူ အိမ်တွေ လျှောက်ကာ ရန်ပုံငွေကောက် လက်မှတ် ရောင်းကြနှင့် ပျော်စရာကြီး ဖြစ်နေသည် ။
ထိုသို့ တက်ကြွသည့် လူငယ်များ ထဲတွင် ဇော်ဇော်က အတက်ကြွဆုံး ၊ မျက်စိ နောက်စရာ အကောင်းဆုံးနှင့် အရက်ရောဆုံး ဖြစ်သည် ။ ဇော်ဇော့်ကို စတိတ်ရှိုး စင်ဆောက်ရာတွင် ချွေးသံရွှဲရွှဲနှင့်တိုင်ကီတွေ လှိမ့်နေတာ မြင်ရ၏ ။ စတိတ်ရှိုး ဦးဆောင်သူ လူငယ်များကို လက်ဖက်ရည်ဆိုင်တွင် နေ့ညလက်ဖက်ရည် တိုက်သူများ မှာလည်း ဇော်ဇော် ပင်ဖြစ်သည် ။ စတိတ်ရှိုး ရန်ပုံငွေကိုလည်း ဇော်ဇော့်အိမ်ကငါးထောင် ထည့်ထားပြီး ဖြစ်သည် ။
ဇော်ဇော့် မိသားစုက ရပ်ကွက်ထဲမှာ ပြည့်စုံသူများ ဖြစ်ကြ၏ ။ သားသမီးကို အလိုလိုက်သည့် နေရာတွင် နာမည်ကြီးသည် ။ ကိုယ့် သားသမီး ထင်ပေါ်ရေး အတွက် အတော် ဂရုစိုက်ကြသော မိဘနှစ်ဦးကို ဇော်ဇော် ရထားသည် ။ ရပ်ကွက်ထဲမှာ စက်ဘီးတွေ ခေတ်ထတုန်းက စက်ဘီး အရင်စီးနိုင်သူမှာ ဇော်ဇော်နှင့် သူ့ညီမ ။ တယ်လီဗေးရှင်း ပေါ်တော့ ပထမဦးဆုံး ၀ယ်တာ ဇော်ဇော်တို့အိမ် ။ အောက်စက်လည်း ထို့ အတူပင် ဖြစ်၏ ။ ဂစ်တာ ၊ တောက်ခုံ ၊ ဆောင်းဘောက်စ်နှင့် ကက်ဆက် ကောင်းကောင်း ရှိသော သားနှင့်သမီး၏သူငယ်ချင်းများ ဆိုလျှင် အမြဲ လိုက်လျော သဘောကောင်းသော ဇော်ဇော့် မိဘများကြောင့် သူ့အိမ်မှာ လူငယ်တွေ စည်ကားသည် ။ ဇော်ဇော့် အိမ်မှာ သူငယ်ချင်း လေးငါးယောက်လောက်တော့ အမြဲ ရှိနေတတ်သည် ။
သီချင်းတိုက်ကြတော့လည်း ဇော်ဇော့် အိမ်မှာပင် ဖြစ်သည် ။ မိခင်က အုန်းနို့ ခေါက်ဆွဲ ၊ နန်းကြီးသုပ် ၊ ဒံပေါက် ၊ ရွှေရင်အေး စသည့်ဖြင့် လုပ်ကျွေးသည် ။ ဇော်ဇော် အဆိုကောင်းကြောင်း တီးဝိုင်း အဖွဲ့မှ မှတ်ချက်ပေးကြသဖြင့် ဇော်ဇော်က သူ့ဖခင်ကို စီးရီးထုတ် ပေးရန်တောင် ပူဆာနေပြီဟု မိခင်က မနက်မုန့်ဟင်းခါးဆိုင်တွင် စိတ်ညစ်သလို အမူအရာနှင့် ဂုဏ်ယူကာ ပြောနေပြီ ဖြစ်သည် ။
ဒီစတိတ်ရှိုးမှာ ဇော်ဇော် ဒီလောက် တက်ကြွ နေသည့် အကြောင်း တစ်ခု ကလည်း ရှိသေးသည် ။ ဇော်ဇော် ကြိုက်နေသော ကောင်မလေးက ဇော်ဇော် သီချင်း ဆိုပြီးလျှင် အဖြေပေးမည်ဟု ကတိပေးထားခြင်းပင် ဖြစ်သည် ။ ထိုကောင်မလေးက ဇော်ဇော့် ညီမ သူငယ်ချင်း အချောအလှကလေး ဖြစ်၏ ။ ထို့ကြောင့် ဇော်ဇော် ဤမျှ တက်ကြွကာ စတိတ်ရှိုးကို ဤမျှ လုံးပန်း နေခြင်းလည်း ဖြစ်သည် ။ ဆွမ်းသိမ်းပွဲ ပြီးသည့် ညနေမှာ စတိတ်ရှိုး စရန်သာ ရှိတော့၏ ။ ဇော်ဇော့်ကို တက်ကြွလှုပ်ရှားနေကြသည့် လူငယ်တွေကြားတွင် ညနေ လေးနာရီခန့် ကတည်းက ရှူးဖိနပ်ပြောင် ၊ ဘောင်းဘီအသစ် ၊ ကုတ်အင်္ကျီ တလက်လက်ဖြင့် တွေ့ရသည် ။ စတိတ်စင်ပေါ် တက်လိုက် ၊ ခင်းထားသည့် ခုံတွေကြားထဲပြေးလိုက် ၊ လက်ဖက်ရည်ဆိုင်ထဲ ရောက်လာလိုက် ၊ အဆိုတော် ကြိုသော ကားပေါ် ပါသွားလိုက်လူကြီးတွေနှင့် ရပ်စကား ပြောလိုက်နှင့် ရှိ၏ ။
ညနေရီ နေရောင်၀င် သွားသည်နှင့် စတိတ်ရှိုးစင် မီးလင်းကာ အလျှိုအလျှို စျေးသည်တွေ ရောက်လာပြီး စတိတ်ရှိုးစင် လမ်းတစ်လျှောက် ပွဲစျေးတန်းကလေး ဖြစ်သွားသည် ။ လူလည်း တော်တော် စည်၏ ။ မကြာမီ တီးသူတွေ စင်ပေါ်တက်လာ ၊ ဂစ်တာကြိုးညှိသည့် အသံ ၊ အော်ဂင်ကစားသံ ၊ ဘေ့စ်စမ်းသံ ၊ မိုက်ကရိုဖုန်း စမ်းသံတွေကြောင့် ပရိသတ် ပိုမို လှုပ်ရွလာသည် ။ ဇော်ဇော်ကတော့ စင်ပေါ် တက်လိုက် ၊ အော်ဂင်သမားကို တိုးတိုး ၊ လိဒ်တီးသူကို ရယ်မော ၊ ဒရမ်တီးသူကို စီးကရက်ပေး ၊ စင်အောက် ပြန်ဆင်းကာ မိသားစုနှင့် အတူရှိနေသော ကောင်မလေးနား ၀င်ထိုင် ၊ ပြန်ထွက် တော်တော်ကို မျက်စိ နောက်စရာကောင်း နေ၏ ။
စတိတ်ရှိုး စခါနီးမှာ ဇော်ဇော် အ၀တ်အစား တစ်ကြိမ် လဲသည် ။ အဖွင့် တီးလုံး တီးပြီးတော့ရပ်ကွက်ထဲမှ ကောင်လေး တစ်ယောက် ဆိုသည် ။ သိပ်အဆင်မပြေလှ သော်လည်း ကိုယ့် ရပ်ကွက်သားမို့အားပေးကြ၏ ။ ဇော်ဇော်က စတိတ်ရှိုး အစမှာ မဆိုချင် ၊ စင်မငြိမ်သေးသဖြင့် အစပိုင်း ဆိုသူများသည်ထိရောက်မှု မရှိတတ် ဆိုတာကို ဇော်ဇော် သိသည် ။ စတိတ်ရှိုး အထာကျ သွားပြီ ဖြစ်သောဆယ်ယောက်မြောက်လောက် ကျမှ သူဆိုမည် ဖြစ်သည် ။ ထို့နောက် ဝါသနာရှင်များ ဆိုကြရင်း နာမည်အသင့်အတင့်ရပြီး အဆိုတော် တစ်ယောက် တက်သည် ။ နာမည်မကြီး သော်လည်း အဆိုတော် အစစ်ဖြစ်သဖြင့် သပ်ရပ်စွာ ဆိုသွားနိုင်သည် ။ ထို့နောက် အဆိုရှင်မှာ ဇော်ဇော်ဟု ကြေညာသည် ။ လက်ခုပ်သံတွေဆူညံကာ သွား၏ ။ ခုနက အဆိုတော် ထက်ပင် မဆိုသေးခင် ကတည်းက အားပေးမှုက အားကောင်းနေသည် ။
ဇော်ဇော် စင်ပေါ်ကို လက်ပြကာ တက်လာ၏ ။ ထုံးစံ အတိုင်း အတီးသမားများနှင့် ခပ်တိုးတိုးခပ်ကြာကြာ စကားပြောကာ မိုက်ရှေ့တွင် ရပ်သည် ။ တခြားလူတွေလို မဟုတ်ဘဲ ဇော်ဇော်က စကားကိုအရင် စပြော၏ ။
“ ကျွန်တော် အခုသီဆိုမယ့် သီချင်းက ကျွန်တော့် ရင်ထဲက ရည်ရွယ်သူ အတွက်ပါ ။ ရည်ရွယ်သူရဲ့ ရင်ထဲကို ရောက်အောင် ကျွန်တော် သီဆိုမယ့် သီချင်းကလေးရဲ့ နာမည်ကို မပြောဘဲ ပရိသတ်နဲ့ ရည်ရွယ်သူတို့ ခံစား ကြည့်ကြပါ ခင်ဗျာ ”
ဇော်ဇော့် စကားဆုံးသည်နှင့် အော်ဂင်သံ ကစ၍ Intro ၀င်စဉ် မီးတွေ အားလုံး ပြတ်ကာ ဖျတ်ခနဲမှောင်အတိ ကျသွား၏ ။ အံ့သြစွာ “ ဟာ ” “ ဟင် ” အော်သံများ ၊ “ ဖြူးစ်ကိုကြည့် ” “ မီးခလုတ်တွေ အရင်ပိတ် စသော စင်ပေါ်မှ အသံများ ၊ လက်နှိပ်ဓာတ်မီးတွေ စင်ပေါ်ရောက် လာကြ ၊ ပရိသတ် အော်သံ စသည်ဖြင့်ဆူညံကာ သွားကြ၏ ။ မီးက တစ်ရပ်ကွက်လုံး ပျက်ခြင်း မဟုတ် ။ မီးကြိုးဆွဲထားသည့် အိမ်တစ်အိမ်သာပျက်ခြင်း ဖြစ်၏ ။ ဖြူးစ်ပြတ်သွားသည်ဟု ဆိုသည် ။
ဆယ်မိနစ် လောက်ကြာတော့ မီးတွေ ပြန်လင်းလာကာ လူတွေ ကလေးတွေ ပျော်ရွှင်စွာ အော်ဟစ်ကြ၏ ။ တီးသူတွေ စင်ပေါ်သို့ တက်လာ ကြသည် ။ ဇော်ဇော် မိုက်ရှေ့ ပြန်ရပ်သော်လည်း Feeling အောက်နေပုံ ရ၏ ။ စင်ပေါ်မှ မိုက်ကိုင်ကာ ရပ်နေသော်လည်း တီးသံ မလာသေး ။ ဂစ်တာမှလျှပ်စစ်ကြိုးတွေ အခုမှ ပြန်ဆက် ရသည် ။ ဇော်ဇော် ဆယ်မိနစ်လောက် ကြောင်တောင်တောင်နှင့် ရပ်နေရ၏ ။ Intro အသံ ၀င်လာသည် ။ သီချင်းက ရှိုင်းအောင်၏ " ကောင်မလေး ” သီချင်း ။ လူတွေ ခပ်ကြဲကြဲ ခပ်ဖွဲဖွဲသာလက်ခုပ်တီးတော့သည် ။ မီးသာ မပျက်လျှင် သီချင်း Intro သံ ကြားကတည်းက လက်ခုပ်သံတွေ ဝေါခနဲစဉ်လွင့်လာမှာ သေချာ၏ ။
“ မင်းအနားကို ရောက်ရင်... ”
မီးပျက်သွားပြန်သည် ။ လူတွေ အော်သံတွေ စုံနေ၏ ။ မီးက အကုန်ပျက်ခြင်း မဟုတ် ။ ဟိုဘက်လိုင်း လာသည် ။ ဟိုတစ်ဖက် လိုင်းသို့ ရွှေ့ကြ ပြောင်းကြသည် ။ မီးပြန်လာသည် ။ ဇော်ဇော် ပြန်တက်၏ ။ စင်ပေါ်မှာ ဆယ်မိနစ်ခန့်ရပ်စောင့်သည် ။ Intro တီးသည် ။ “ မင်းအနားကို ရောက်ရင် မမြင်သလိုနဲ့ လှမ်းခိုးကြည့်တယ် မင်းမျက်နှာလေးရယ် ” မှောင်ကျ သွားပြန်သည် ။
လူတွေ အော်ကြပြန်၏ ။ ပထမပြတ်သွားသော လိုင်းက ပြန်လာကာ ခုနက ချိတ်ထားသော လိုင်းကပြန်ပြတ် သွားခြင်း ဖြစ်သည် ။ အော်ကြ ဟစ်ကြ ပြေးကြလွှားကြ ။ နောက်ဆုံး နှစ်ဖက်စလုံး ပြတ်သွား၏ ။ ခဏကြာတော့ အော်သံဟစ်သံများ ငယ်သံပါအောင် အော်ကြသည် ။ ဆွဲကြလွဲကြ အော်ကြဟစ်ကြ ။ မီးတွေအားလုံး ပြန်လင်းလာသည် ။ ဇော်ဇော့် မျက်နှာမှာ သွေးတွေ ရွှဲနေ၏ ။ တာ၀န်ရှိ လုံခြုံရေးရဲများလည်းရောက်လာသည်။ ဇော်ဇော်နှင့် စင်အောက်မှ ပရိသတ် ရန်ဖြစ်ခြင်း ဖြစ်သည် ။ ပွဲပျက်တော့မလိုအထိဖြစ်သွား၏ ။ ဇော်ဇော် ဖြစ်ပုံကို စင်အောက်က ကြည့်သူက စရင်း ရန်ဖြစ်ကြခြင်း ဖြစ်သည် ။
ဇော်ဇော် ဆေးရုံရောက်ကာ ဇော်ဇော်ကို ရိုက်သူများ စခန်းရောက်သွားကြ၏ ။ စတိတ်ရှိုး ဆက်လက်ကျင်းပ ပါသည် ။ မီးလုံး၀ ထပ်မပျက်တော့ ။ လူတွေ အားလုံး ဆိုကြ ၊ ပျော်ကြ ၊ အော်ကြ ရပါသည် ။ ပွဲအစအဆုံး ဆိုချင်လွန်း အားကြီးသော ဇော်ဇော်တော့ မဆိုလိုက်ရ ။ ရချင်လွန်းအားကြီးလျှင် ပျက်တတ်သော ဥပမာလေး တစ်ခုအဖြစ် ကျွန်တော် အမှတ် ရနေခဲ့ ပါသည် ခင်ဗျား ။ ။
နီကိုရဲ
သဘင်အနုပညာ ဂျာနယ် ၇၁
လူနှင့် သူတို့၏ဟာသများ - ၇
" ဘကြီးနှစ်ယောက်နှင့် သူခိုး " နီကိုရဲ
ကျွန်တော်တွင် ဘကြီးနှစ်ယောက် ရှိသည် ။ ဦးအောင်တင်နှင့် ဦးသာခွေး ဟု အမည်ရ၏ ။ ကျွန်တော့်အမေကြီး ၊ ဦးအောင်တင် ၊ ဦးသာခွေး ၊ ဒေါ်သေးသေးနှင့် ဒေါ်ထွေးရင်ဟူသော သူတို့ မောင်နှမ ငါးယောက်တွင်ကျွန်တော့် အမေကြီး ၊ ဦးသာခွေးနှင့် ဒေါ်ထွေးရင်တို့သာ အိမ်ထောင်ကျသည် ။ ဦးအောင်တင်နှင့် ဒေါ်သေးသေးတို့က လူပျိုကြီး အပျိုကြီး ဘ၀နှင့်ပင် တစ်သက်လုံး နေထိုင် သွားခဲ့ကြပါသည် ။ ကျွန်တော့် ဘကြီးရော ဘလေးပါ စာပေသိပ် မတတ်ကြပါ ။ ရေးဖတ်နိုင်ရုံ ဘုန်းကြီး ကျောင်းထွက်များ ဖြစ်ကြသည် ။ သူတို့သည် ကျွန်တော် လူမှန်းသိ ကတည်းကလည်း မချမ်းသာ ကြပါ ။ လက်သမား အလုပ်ဖြင့် အသက်မွေးရင်း မပြည့်မစုံနှင့်ပင် လူ့ဘ၀ကို ကုန်လွန်ခဲ့ ကြပါသည် ။
ကျွန်တော့် ဘကြီး နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက်လည်း မတည့်ကြ ။ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် စေတနာထားရင်း မကြာခဏ စိတ်ဆိုး စိတ်ကောက် ဖြစ်တတ် ကြသည် ။ ကျွန်တော် မွေးသည်မှစ၍ (၂၈)နှစ်အထိ နေခဲ့သော ကျွန်တော်တို့ အိမ်ကို ဆောက်စဉ်က ဘကြီးနှစ်ယောက်က ဆောက်ပေး ကြ၏ ။ တိုင်လေးတိုင် ထူပြီး ခေါင်တန်း ပစ်သည့်အခါ ဘကြီးဖြစ်သူက တိုင်ထိပ်ကိုတက်သည် ။ ဘလေးဖြစ်သူက အစ်ကိုဖြစ်သူကို စိတ်မချ၍ မတက်ရန် အော်ပြီး သူတက်မည်ဟု ပြောသည် ။
ဘကြီးဖြစ်သူက တိုင်တစ်၀က်မှ ပြန်ဆင်းကာ ဘာမှမပြောဘဲ သူ့ရဲတင်းကလေး ခါးကြားထိုးကာ အိမ်ဘက်ပြန်ကာ သွား၏ ။ ရေမိုးချိုးကာ ထမင်းစားပြီး အိပ်သည် ။ အိမ်ဆောက်သည့် နေရာကိုပြန်မလာတော့ ။ သူ့စိတ်ထဲမှာ သူ့ကို ခေါင်တန်းမပစ်တတ်ဟု ဘလေးက ပြောသည် ထင်ကာ စိတ်ဆိုးသွားခြင်း ဖြစ်သည် ။ ဘလေးကလည်း သူ စေတနာဖြင့် ပြောတာကို ဒီလိုလုပ်ရမလားဆိုကာ စိတ်ဆိုးကာ အိမ်ပြန်၏ ။ နောက်နေ့ ဘကြီး ရောက်လာတော့ ဘလေးပြန်သည် ။ ဘလေးရောက်လာတော့ ဘကြီးက ပြန်၏ ။ ညီအစ်ကို နှစ်ယောက် အသံတိတ် စိတ်ကောက် ကြကာ ဆယ်ရက် ကြာသည် ။ ကျွန်တော့်အမေကြီး သူတို့ အစ်မ ခေါ်ပြောတာလည်း မရတော့ ။ နောက်ဆုံး ကျွန်တော့် အဖေကြီးက
“ မင်းမောင်နှစ်ယောက် အကြောင်း ငါသိပါတယ်ကွာ ။ နောက်နေ့လာကို ဆောက်စေရမယ်” ဟု အာမခံ၏ ။
နောက်တစ်နေ့ ညီအစ်ကို နှစ်ယောက် ဆုံချိန်ကျတော့ ဘကြီးက ရဲတင်းကလေး ခါးကြား ညှပ်ထိုး ကျွန်တော့် အဖေကြီးက “ ကိုအောင်တင်ရေ ၊ ဒီကောင် ဆယ့်နှစ်ပေဗျ ၊ ဖြတ်ပြီး ခေါင်အတွက် ဆက်ထားရင်ကောင်းမယ် ထင်တယ်” ဟု ပြောတော့ ဘကြီးက ထိုသစ်တိုင်ကို ကောက်ကာ ကိုင်၏ ။
ဘကလေးက တူကလေးဆွဲတုန်း ....
“ ကိုသာခွေးရေ ၊ ကာပျဉ်နဲ့ ခင်းပျဉ်တွေ ရောကုန်ပြီဗျ ။ ကျွန်တော်လည်း မေ့ပြီး ပုံထားမိကာ ရွေးပါဦး ”
ဆိုတော့ ဘကလေးက သစ်ပုံဘက် ရောက်ကာ သွား၏ ။ ဒီလိုနဲ့ အဖေကြီးက ဟိုဟာလေး ပြောလိုက် ၊ ရေနွေးကလေး သောက်လိုက် လုပ်တော့ ဘကြီးတို့ ညီအစ်ကို အိမ်ဆောက် ကြသည်ဟု ဆိုသည် ။ တစ်ယောက်နှင့် တစ်ယောက် ချစ်ကြသည် ။ ရိုးသည် ။ အားနာတတ်သည့် ကျွန်တော့် ဘကြီး နှစ်ယောက်ကို အဖေကြီးက မှတ်ချက် ချဖူးသည် ။
“ မင်းမောင်တွေက အချင်းချင်း သိပ်ချစ်ကြတာပဲ ။ အားကလည်း နာတတ် ၊ ရိုးလည်းရိုး ၊ အေး...ဒါပေမယ့် သူတို့ချည်းပဲတော့ လွှတ်ပေးလို့ မရဘူး ” တဲ့ ။
သူတို့ ညီအစ်ကို နှစ်ယောက် အလုပ်စ ၀င်သည့်နေ့ကလည်း ထိုသို့ပင် ပြောစမှတ် တွင်၏ ။ ဘကြီး နှစ်ယောက် နှင့်အတူ ဦးသိန်းအောင် ဆိုသော ရွာလယ်လမ်းက လူတစ်ယောက်ပါ လက်သမား သွားလျှောက်ကြ၏ ။ ကန်ထရိုက်က လက်သမား ပညာတတ် မတတ် တစ်ပတ် ခိုင်းကြည့်မည် ဆိုသည် ။ ဘကြီးနှစ်ယောက် မနက်ထွက်ကာ ညနေပြန် တစ်ပတ်လုံး လုပ်အားကို ပြရသည် ။ တတ်ကြောင်းပြကြ ရသည် ။ အိမ်ဆောက်နေသော လက်သမား ဝါရင့်ကြီးတွေ အတွက် တံခါး ဘောင်ခွေခြင်း ၊ စရွေးကိုက် ဖြတ်ရခြင်း ၊ သစ်တွက်ရခြင်းတို့မှာ အဆန်းမဟုတ်တော့ ။ သူတို့ကို ကန်ထရိုက်က တစ်ပတ် ညာခိုင်းခြင်းဟု ကျွန်တော်တို့ နားလည် ရသော်လည်း ဘကြီး နှစ်ယောက်က ကန်ထရိုက်ကို တော်တော် တုံးသည့်လူ ဟုဆိုကာ သနား နေကြသည် ။
တစ်ပတ်ခန့် လုပ်အားပြ ပြီးတော့ သုံးရက်ခန့်နားကာ အလုပ်ခန့် မခန့် လာမေးဖို့ ပြောသည် ။ ဘကြီး နှစ်ယောက်သွားမေးတော့ မနက်ဖြန်စဆင်း ဟု ပြောလိုက်၏ ။ သူတို့ ၀မ်းသာကာ ထိုကန်ထရိုက် ကောင်းကောင်း အဆူခံရပြီဟု တွက်ကြသည် ။ သူတို့ကို အလုပ်ဆင်းဖို့ ပြောလိုက်သူက အခြား တစ်ယောက် ဖြစ်သောကြောင့် ဖြစ်သည် ။
ထိုနေ့ မနက် ၇ နာရီ အလုပ်ဆင်းရန် မနက် ၄ နာရီ ကတည်းက ရေတွင်းတွင် ရေချိုးကြသောကြောင့် အိမ်နီချင်းများ တစ်ညလုံး အိပ်မရဟု ပြောကြသည် ။ ညီအစ်ကို နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် အော်ကြပြောကြ သီချင်းဆိုကြ ၊ ရေချိုးကြတာ နံနက် ၅ နာရီခန့်မှ ပြီးသည် ဟု ခန့်မှန်းကြသည် ။ ကျွန်တော့် ဘကြီးနှစ်ယောက်က တခြားအရာသာ မတူချင် နေရမည် ။ နားလေးသည့်နေရာတွင်တော့ နှစ်ယောက်စလုံး တူကြ၏ ။
ရေမိုးချိုးပြီး ကြတော့ ရွာလယ်က ကိုသိန်းအောင်ကို သွားနှိုး ကြသည် ။ အစ်ကိုက နှိုးမည်ဆိုလျှင် ညီကိုမပြော ၊ အသိမပေး ။ ညီကလည်း ထို့အတူ ဖြစ်သဖြင့် ကိုသိန်းအောင်ကို သွားနှိုးကြရာ ကိုသိန်းအောင် အိမ်နီးချင်းတွေလည်း မအိပ်ရဟု ဆိုသည် ။ သူတို့ နှိုးမည့်သာ နှိုးရသည် ။ ဦးသိန်းအောင်က သူတို့အရင် ၄ရက် ကတည်းက အလုပ် စဆင်းနေပြီ ဖြစ်သည် ။
တစ်ယောက်နှင့် တစ်ယောက် ဆူရင်းဆဲရင်း အော်ကြရင်း အလုပ် ၀င်နောက်ကျမည်ကို စိုးရိမ်ကာလိုက်ရှာ ကြရင်းနှင့် သူတို့ ထွက်သွားတော့ ရွာကလူတွေ တော်တော်များများ နိုးကာ ကျန်ရစ်ခဲ့ ကြသည်ဟုပြောကြ၏ ။ “ နင့်ဘကြီးတွေ အလုပ်စ၀င်တဲ့ နေ့ကတော့ စံပဲ ” ဟု လူတိုင်းက ကျွန်တော့်ကို ပြောပြတတ် ကြသည် ။ ကျွန်တော်သည် ထိုအကြောင်း များကို သိရသည့်နောက် ဘကြီး နှစ်ယောက် မျက်နှာကိုကြည့်သည့်အခါ ရိုးသားခြင်း ၊ ချစ်စရာ ကောင်းခြင်းနှင့် ထုံအခြင်း တို့ကို တစ်ပြိုင်တည်း တွေ့လိုက်ရသည်ဟု ထင်ပါသည် ။
ထို့ထက် ကျွန်တော် ကိုယ်တိုင် အိပ်ရေးပျက် ရသော ညတစ်ညကို မှတ်မိ ပါသည် ။ ထိုညက မိုးအကုန် ဆောင်း၀င်စ မြူပါးပါး ကျသော ညတစ်ည ဖြစ်သည် ။ သစ်ကြီး ဝါးကြီး ပေါသော ကျွန်တော်တို့ နတ်စင် ဘောက်ထော် ရွာကလေးမှာ တငြိမ့်ငြိမ့် ဆောင်းအ၀င်တွင် ရှိသည့် စောင်နှင့် ကွေးကာ အိပ်၍ ကောင်းသော ညတစ်ညလည်း ဖြစ်ပါသည် ။ ထိုည သုံးနာရီလောက်မှ ဘကြီးက အိမ်သာ တက်သည် ။
အိမ်သာ တက်ရင်းနှင့်ပင် မြူပါးပါးအောက် ဖောက်ကာ လင်းနေသော လရောင်အောက်တွင် သူခိုး နှစ်ယောက်ကို တွေ့လိုက်၏ ။ အိမ်လေးအိမ် စုကာ နေသော ကျွန်တော်တို့ခြံ၀င်း အတွင်းမှာ သူခိုး လှုပ်ရှားနေသည်ကို ဘကြီးကောင်းစွာ တွေ့ရ၏ ။ သူခိုးက ဘကြီးအစ်မ ကျွန်တော့် အမေကြီးအိမ် (ကျွန်တော်အိမ်)နှင့် ဘလေးတို့အိမ်သို့ ကပ်သည် ။
ဒီမှာပင် ဘကြီးက စဉ်းစားသည် ။
သူ့ညီ ဘလေးသာခွေးကို နှိုးကာ သူခိုးကို ဖမ်းရမလား ။ ဒါမှမဟုတ် လျင်မြန် ပါးနပ်သော ကျွန်တော့်အဖေကြီး ဦးပိုလိုကို နှိုးကာ ဖမ်းရမလား ။ သူ့ညီကို နှိုး၍ ညီဖြစ်သူက အိပ်ချင်မူးတူး အော်သံကြောင့် ထလာလျှင် သူခိုးမှာများ လက်နက်ပါလာလျှင် ညီလေးတော့ ဒုက္ခ ။ ပိုလိုက ယောက်ဖ ။ ပိုလို့ကိုပဲ နှိုးရမလား ။ ဒါမှမဟုတ် သူတက် နေသည့်အိမ်သာနှင့် နီးသော ညီလေးအိမ်က သူခိုးကို အရင် ဖမ်းကာ သာခွေးကိုပဲ နှိုးရမလား ။ ဘကြီး မကြံတတ် ဖြစ်နေတုန်း သူခိုးက ကျွန်တော်တို့အိမ် ဘေးပြတင်းကို ဖွင့်သည် ။ ပိုလို ။ နောက်တစ်ယောက်က ဘလေးအိမ် နောက်တံခါးကို ကလန့်သည် ။ သာခွေး ။သူခိုး ၊ ပိုလို ၊ သာခွေး ။ ပိုလို ၊ သူခိုး ၊ သာခွေး ။ အိမ်သာထဲက ဘကြီး ဘာလုပ် ရမှန်းမသိ ။ ဘလေးအိမ်နောက်တံခါး ပွင့်သွား၏ ။ ဘကြီး ဝုန်းခနဲ အိမ်သာထဲမှ ထကာ ကြုံးအော်သည်။
“ သာခွေး သူခိုး ၊ သူခိုး သာခွေး ၊ ပိုလို သူခိုး သခွီး ပိုသာခွေး ၊ သခွီးပိုခွေး ၊ သာခိုးခိုးခွေး ၊ ပိုခွေးသခွီး ”
ဘကြီး ရုတ်တရက် အော်သံကြောင့် သူခိုးနှစ်ယောက် လန့်ကာ ပြေးသည် ။ ခြံထဲမှာ ပတ်၍ ပြေးခြင်းဖြစ်၏ ။ တစ်ခြံလုံး နိုးသော်လည်း ဘကြီး အဓိပ်္ပာယ်ကို မဖော်နိုင်ခြင်း ၊ သူခိုးသာခွေးဟု ကြားသူက ညီအစ်ကို နှစ်ယောက် ရန်ဖြစ်ကာ အော်သည် ထင်ခြင်း ၊ ပိုလို သူခိုး ကြားသူက သမီးယောက်ဖ ရန်ဖြစ်သည် ထင်ခြင်းကြောင့် မလိုက်ကြ ။
ဘကြီးအော်သံ မတိတ်တော့မှ သိကာ ဝိုင်းလိုက် ကြ၏ ။ ဘကြီးက ရှေ့ဆုံးမှ သူခိုး သခွီး သာခွေး ပိုလို အော်ကာ လိုက်သည် ။ နောက်ဆုံး ဘကြီး မိလုမိခင် သူခိုးတစ်ယောက်က ဘုန်းကြီးကျောင်းထဲ ၀င်ကာ ပြေးသည် ။ ဘကြီးက ဆက်မလိုက်သဖြင့် မမိလိုက် ၊ ပြန်လာတော့ ဘကြီး အော်သံတွေ အကြောင်းကို ဝိုင်းကာ အပြစ်တင် ကြသည် ။
“ ဟ... သူခိုးက မင်းတို့ နှစ်အိမ်ကို ကပ်တာကိုးကွ ” ဟု ဘကြီးက ပြန်လှည် ချေပ၏ ။
“ အဲဒါဆိုလည်း ကိုအောင်တင်ရယ် ၊ ရှေ့ကောင် မိမှပဲ ဥစ္စာ ၊ ဘုန်းကြီးကျောင်းထဲ ဘာဖြစ်လို့ဆက်မလိုက် တာတုံး ”
ဒီတော့ ဘကြီးက ခေါင်းကို ခါယမ်းကာ မေးသူကို ရိုင်းလှပါ ကလားဟူသော အကြည့်နှင့် ကြည့်ကာဖြေ၏ ။
“ ဟ... ငါ့ဇောနဲ့ငါ ထလိုက်ရတာ ၊ ငါအခင်းသွားတဲ့ ကိစ္စက ဘာမှ ပြီးအောင် လုပ်ခဲ့ရတာ မဟုတ်ဘူး ။ သူခိုး မိလို့ ဆရာတော်နဲ့ တွေ့ရင် မရိုမသေ ဖြစ်မှာကွ ၊ ဆက်လိုက်လို့ မရဘူး ”
သူခိုးဖမ်းသူ အားလုံး ထိုအကြောင်း ပြောကာ ရယ်ကြသည်ဟု သိရလေ သတည်း ။ ။
နီကိုရဲ
သဘင်အနုပညာ ဂျာနယ် ၇၆
လူနှင့် သူတို့၏ဟာသများ - ၈
" ဘကြီးနှစ်ယောက်နှင့် မေးခွန်း "
ထိုမျှ လွဲကြသော ကျွန်တော့် ဘကြီးနှင့် ကျွန်တော်တို့ ပျော်ရွှင်စွာ နေထိုင် ခဲ့ကြပါသည် ။ ထိုဘကြီးများသည် ခြံထဲတွင် ရှိသော ကျွန်တော်တို့ မောင်နှမ ၁၄ ယောက်ကို ချစ်ကြပါသည် ။ ဂလပ်...ဂလပ်... ကတောက်... ကတောက်... မြည်နေသော လက်တွန်း လှည်းကလေးတွေ ၊ အရွယ် ရောက်တော့မြန်မာ ဂျင်ကလေးတွေ ၊ ဆွဲဖြန့်လျှင် ရသော သစ်သားခေါက် ကုလားထိုင် ကလေးတွေကို သံ ရာတစ်ချက်မှမပါဘဲ လုပ်ပေးခဲ့ ဖူးသည် ။ ကျွန်တော်တို့က သံရာတစ်ချက်မှ မပါသော ခေါက်ကုလားထိုင် ကလေးနှစ်လုံးရ၏ ။ ညီအစ်ကို နှစ်ယောက် ရှိသောကြောင့် ဖြစ်သည် ။
သို့သော် ထိုခုံကလေးများ အခုတော့ ပျက်စီးသွားကြပြီ ဖြစ်သည် ။ ဘကြီး အမွေအဖြစ် စာရေးခုံကလေး တစ်လုံးသာ ရလိုက်၏ ။ ထိုသို့ ချစ်ဖို့ကောင်းသော ဘကြီးနှစ်ဦးကို ကျွန်တော် မရဲတရဲ စခဲ့သော အကြောင်းကလေးကိုလည်းမှတ်မိ နေခဲ့သည် ။ ထိုစဉ်က ကျွန်တော် (၁၆) ၊ (၁၇) နှစ်အရွယ် ဖြစ်၏ ။ စာတွေ ပေတွေ ဖတ်ပြီးခါစဟိုစပ်စပ် ဒီစပ်စပ် ပြဿနာရှာခါစ ၊ ပတ်၀န်းကျင်က လူတွေ အကြောင်းကို စိတ်၀င်စားခါစ ဖြစ်သည် ။အချိန်အခါက သီတင်းကျွတ် ဖြစ်၏ ။
ဘကြီးနှင့် ဘလေးက နှစ်စဉ် လုပ်ပေးနေကျ လက်တွန်းလှည်း မီးပုံးကလေးတွေကို စတင်တွန်းဖူးသူမှာ ကျွန်တော်တို့ မောင်နှမများ သာလျှင် ဖြစ်၏ ။ ကျွန်တော် (၁၀)နှစ်သား အရွယ် ကတည်းက ဆိုတော့၁၉၇၅-၇၆ လောက်က ဖြစ်လိမ့်မည် ။ (မုန့်ဟင်းခါး ဟင်းရည်တောင်းတာ ကျွန်တော့် အဘိုးက စတာဟူသော အပြောမျိုး မဟုတ်ပါ ။ မှတ်မိ သမျှကို အမှန်အတိုင်းရေးခြင်း ဖြစ်သည်)ကျွန်တော် ၁၅-၁၆ နှစ်ရောက် သွားတော့ ထိုလက်တွန်းလှည်း ကလေးတွေ မတွန်းတော့ ။ မိုးအကုန်ဆောင်းအ၀င် စိတ်ဗျာပါ ၀င်ချိန်တွင် ဘိုကေသကာ တိမ်းတိမ်းမူးမူး နိုင်လှသော သီတင်းကျွတ်လ ၊ ခံစားမှုတွင်ပွဲတော်ငတ်ကာ လမ်းသလားခြင်း ၊ စိတ်ဂဏှာ မငြိမ်ခြင်း ၊ စိတ်အားငယ်ခြင်း တို့ကိုသာ ခံစားသူ ဖြစ်ပါသည် ။
ကျွန်တော် မတွန်းသော်လည်း ကျွန်တော့်ထက် ၆-နှစ် ငယ်သော ကျွန်တော့်ညီနှင့် အခြားညီ ၊ ညီမတွေ တွန်းတုန်းဆို သဖြင့် ဘကြီးနှစ်ဦး ကတော့ လက်တွန်းလှည်းကလေးတွေ လုပ်ပေးတုန်းသာ ဖြစ်သည် ။ ၁၉၈၀ခန့်တွင် ထိုလက်တွန်းလှည်းကလေးတွေကို စီးပွားဖြစ် လုပ်ရောင်းလာတာလည်း တွေ့ရ၏ ။ သို့သော် ကျွန်တော် ဘကြီးတွေ ကတော့ စီးပွားရေး နားလည်သူ မဟုတ် ၊ ကျွန်တော်လည်း ထိုစဉ်က မသိ ။ ကျွန်တော် သိတာ တစ်ခုပဲ ရှိသည် ။ သီတင်းကျွတ်တိုင်း ကျွန်တော်တို့ကို ကစားစရာလုပ်ပေးသောအခုလည်း လုပ်ပေးနေဆဲ ဘကြီး နှစ်ယောက်ကို ကန်တော့ ချင်သည် ။ သူတို့ကို ကန်တော့လျှင် မုန့်ဖိုးလေး ဘာလေးလည်း ရမည် ။ ဘကြီး နှစ်ယောက်ကို အမှူးပြုကာ တစ်ခြံလုံးရှိ အသက်ကြီးသူ များကို ကန်တော့ဖို့ စီစဉ်သည် ။
ဤသို့ဖြင့် ကျွန်တော် မောင်တွေ ၊ ညီမတွေကို စုစည်းကာ ပိုက်ဆံကောက် ၊ ကိုယ်ကအရင်တစ်၀က်စိုက်ကာ စီစဉ်ရသည် ။ ကိတ်မုန့်နှစ်လုံးဖြင့် ကျွန်တော်တို့ အရင်းအနှီး (၃၀)ကျပ် ထည့်ကာ ချီတက်ကြသည် ။ အိမ် အသီးသီး မီးထွန်းခါစ လော်စပီကာသံ ၊ တရား ဓမ်္မသံ ၊ ဂျပ်အိုးသံ ဆူညံခါစ ၊ ညနေရီနေ၀င်စောကာ ဘာသဘောနှင့် လူတွေ ပျော်မြူး နေကြမှန်း မသိသော သီတင်းကျွတ် အစနေ့တွင် ဖြစ်သည် ။ မြေးတွေအားလုံး စုရုံးကန်တော့ကြတော့ ဘကြီးနှင့် ဘလေး မျက်ရည်လည် ကြသည် ။ ထိုသို့စုကာကန်တော့ခြင်းမှာ ကျွန်တော် စတင်သော ပထမအကြိမ် ဖြစ်၏ ။ ရိုးသားသော ဘကြီးနှစ်ယောက် အသံတွေတုန်ကာ ဆုပေး ကြသည် ။ ကန်တော့ ပြီးပြီးချင်း ကျွန်တော်က ဆုပေးသော အသံအဆုံး မုန့်ဖိုးရပြီးသည့်အဆုံး စကားစ ပြောသည် ။
“ ဘကြီးနဲ့ ဘလေး ၊ ကျွန်တော်က ညီအစ်ကိုတွေ ၊ မောင်နှမ တွေကို စုပြီး ကန်တော့တာပါ ။ ကျွန်တော် သိချင် တာလေး တစ်ခုလောက် မေးလို့ရမလား ”
“ မေးလေ မင်း ဘာမေးချင်လို့လဲ ”
ဘကြီးက ကျွန်တော့် အော်သံကြောင့် သေသေချာချာကြားကာ မေးသည် ။ ကျန်မောင်နှမ များနှင့် ဆွေမျိုး များလည်း စိတ်၀င်စားနေကြ၏ ။
“ ဟိုလေ ကျွန်တော် မရှင်းတာပါ ။ ဟို ကုသိုလ် ၊ အကုသိုလ်ပေါ့...ကျွန်တော်တို့ အခု ဘကြီးတို့ကို ကန်တော့တာ ကုသိုလ် ၊ ငါးတွေ ဖမ်းတာ ၊ ပုရွက်ဆိတ်တွေ သတ်တာ၊ပုစဉ်းတွေ ဖမ်းတာ ၊ မိဘကို ခံပြောတာ ၊ အဲဒါ အကုသိုလ် ၊ ကျွန်တော်တို့ သေသွားရင် ကုသိုလ်နဲ့ အကုသိုလ်ဘယ်အရာကို အရင် ခံစားရသလဲ ဆိုတာ ”
ကျွန်တော် အော်သံကို ရပ်လိုက်၏ ။ ကန်တော့ခံ ဆွေမျိုးများက ကျွန်တော့်ကို ငေးကာ ကြောင်ပြီးကြည့်နေ ကြသည် ။
“ ဟားဟား ငါ့မြေး ဒီလိုဆိုရင်တော့ မင်းမြဲမြဲသာမှတ်တော့ ။ ကုသိုလ်ဟာ အကုသိုလ်ထက် အားကြီး တယ်ကွ ။ ကုသိုလ်ကို အရင်ခံစားရ တာပဲ ”
“ ဟေ့ကောင် သာခွေး ၊ ကလေးတွေကို ရမ်းမပြောနဲ့ ။ မင်းပြောတာ မဟုတ်သေးဘူး ။ တရားနဲ့ ဆန့်ကျင်တယ် ။ ရွာဦးဆရာတော် ဟောတဲ့ ဝိသာခါဇာတ်နဲ့ အဇာတသတ် ဘယ်မှာ ထားမလဲ ။ ငါ့မြေးတို့ အကုသိုလ် ဆိုတာ မလုပ်တာ အကောင်းဆုံးပဲ ”
ကျွန်တော့်ထက် ကျယ်သော အော်သံ ဟစ်သံ များကြောင့် ကလေးတွေရော၊ ဆွေမျိုးတွေပါ လန့်ကုန်၏ ။
“ ဒီမှာ အစ်ကို ၊ ငါးရာ့ငါးဆယ်မှာ အကုသိုလ်ကြောင့် ခံရတဲ့ ဇာတ်က နှစ်ဇာတ်တည်း ၊ ကုသိုလ်မှာခံစားရတဲ့ ဇာတ်က အများကြီး ၊ ကုသိုလ်ဟာ အကုသိုလ်ကို ချေဖျက်နိုင်တယ်လို့ ဆရာတော် ဟောတာလေ ”
“ ဟေ့ကောင် သာခွေး ၊ ကလေးတွေကို မင်းဘာတွေ ပြောနေတာလဲ ”
“ အစ်ကို့ စကားက မှားနေတာကို ”
“ ဟေ့ကောင် တိတ် ”
“ အစ်ကို အမှားပြောတာ တော် ကလေးတွေက...”
“ သာခွေး ”
“ အစ္ကိုက...”
ရန်ထ ဖြစ်ကြသော ဘကြီး နှစ်ယောက်ရှေ့မှ ကျွန်တော် ကိတ်မုန့် ပန်းကန်ကို မကာ ထလစ်သည် ။ဖျန်ဖြေ သူများကြားမှာ ကြားချင်ရာ ကြားကာ ဘကြီးနှစ်ယောက် ကုသိုလ် ၊ အကုသိုလ် ကိုငြင်း မဆုံးကြ ။ ကျွန်တော့် ကိတ်မုန့်ကိုလည်း သူတို့ သတိမရ ကြတော့ သဖြင့် ကျွန်တော်တို့ပဲ တီးလိုက် ကြရသည် ။ အခုတော့ နှလုံးသွင်းရာဘက် ပါတက်သော ကုသိုလ်နှင့် အကုသိုလ်တို့၏ မကောင်းမှု သဘောကိုလည်း ကျွန်တော် ဆရာကြီး ဦးရွှေအောင်၏ ကျေးဇူးကြောင့် သိခဲ့ရပြီ ။ ဘ၀သံသရာ ပြတ်ရေး အတွက်နိဗ္ဗာန်အတွက် ကုသိုလ်နှင့် အကုသိုလ်သည် အနှစ်သာရ သိပ်မခြားနား လှသော အထောက်အပံ့သာဖြစ်ကြောင်း ၊ နိဗ္ဗာန်ကို ဦးတည်သူများ အတွက် ကုသိုလ် အကုသိုလ်စည်ဖောင်သွယ်သာ ဖြစ်ကြောင်းကျွန်တော် သိခဲ့ရပါပြီ ။
စာဖတ်တတ်ခါစ အသိဉာဏ် ကလေးနှင့် ဒုက္ခပေးမိခဲ့သော ကျွန်တော့် အဖြစ်ကို ကျွန်တော် ကိုယ်တိုင် အပြစ်မှတ်ယူကာ ရိုးသားကြသော ဘကြီးနှင့် ဘလေးတို့ကို ခွင့်လွှတ်နိုင်ကြဖို့ အမှတ်တရ ထိုအကြောင်းကိုရေးမိပါသည် ခင်ဗျား ။ ။
နီကိုရဲ
သဘင်အနုပညာ ဂျာနယ် ၇၈
လူနှင့် သူတို့၏ဟာသများ - ၉
" အမျိုးအရင်းကြီး " နီကိုရဲ
ကျွန်တော်တို့၏ ကားမောင်းတတ်သော မျိုးရိုးသည် ကျွန်တော့် အဖေကြီးတွင် ဂိတ်ဆုံး လေသည် ။ကျွန်တော့် အဖေကြီး (အမေ့အဖေ) ကတော့ ကားကို ရိုးရိုးမောင်းတတ်သူ မဟုတ် ။ နယ် (အဝေးပြေး)ကားကြီးများကိုပါ မောင်းတတ်သူ ဖြစ်သည် ။ ထို့အပြင် အဝေးပြေး ကားဆရာတုိ့ ထုံးစံအတိုင်း ကျွန်တော့်အဖေကြီးက Lady (၃)ယောက် ရှိ၏ ။ ကျွန်တော့် အမေကြီးက ဒုတိယ ဖြစ်သည် ။
ကျွန်တော် လူမှန်းသိချိန်တွင်မတော့ အဖေကြီးကို ကားမောင်းတာ မတွေ့ရတော့ ။ နောက်ဆုံး Lady နှင့် တစ်ခါတစ်ရံမှ ကျွန်တော်တို့ အိမ်သို့ ရောက်တတ်သည် ။ လာသည့် အခါတွင်လည်း အဖေကြီးက ကျွန်တော်နှင့် ကျွန်တော့်ညီကို ခေါ်ကာ မြို့ထဲသွားတတ်၏ ။ မြို့ထဲသွားခြင်းမှာ ရုပ်ရှင်ကြည့်ချင်လျှင် အဖေကြီးကို မျှော်ရသည် ။
ထိုနေ့က အဖေကြီးအိမ်သို့ ရောက်လာသည် ။ ထမင်းစားပြီးတော့ ကျွန်တော်တို့ ညီအစ်ကိုကို ရုပ်ရှင်သွားကြည့်မည် ပြော၏ ။ ကျွန်တော်တို့ ပျော်ကြပါသည်။ ရန်ကုန်မြို့သို့ အသွား ကားပေါ်တွင် အဖေကြီးက အိပ်လိုက်လာ၏ ။ အိပ်တာမှ ဟောက်သံထွက်အောင် နှစ်နှစ်ခြိုက်ခြိုက်ကြီးကို အိပ်လိုက် သွားခြင်းဖြစ်၏ ။
ကျွန်တော်က သိတတ်စရွယ်မို့ မြို့ထဲရောက်ပြီး ၊ အဖေကြီး မနိုးမှာကို စိုးရိမ် နေခဲ့သည် ။ သို့သော် မြို့ထဲရောက်သည်နှင့် အဖေကြီးက နိုးသည် ။ ကျွန်တော် စိတ်အေးသွားသလို ကြည့်တော့ အဖေကြီးက ပြုံးသည် ။
“ ငါ နိုးပါတယ်ကွ ၊ မြို့ထဲရောက်ရင် ဟွန်းသံတွေ ဒီလောက် ဆူနေတာ ”
ကားပေါ်က ဆင်းတော့ ရေခဲရေ ၁၀ ပြားဖိုး ၀ယ်ကာ မျက်နှာ သစ်သည် ။ ထို့နောက် ကျွန်တော်တို့ကို ပပ၀င်းရုံမှာ (ယခု Trader Hotel နေရာမှာ) ဂေါ်ဇီလာနှင့် ကင်းကောင်ကားပြ၏ ။ ပြသည်မှ ကားစပြကတည်းက အဖေကြီးက အိပ်လေသည် ။ ဂေါ်ဇီလာ ပေါ်လာတော့ ကျွန်တော် ကြောက်ကာ အဖေကြီးကို နှိုးတော့ အဖေကြီး ခဏနိုးသည် ။ သူကြည့်ပြီးသား ကောင်းတယ် ဆက်ကြည့်ဟု ပြောကာ ပြန်အိပ်သွား၏ ။ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက် ကြောက်ကြောက်နှင့် ဆက်ကြည့် ပါသည် ။
ရုပ်ရှင်ပြီးသွားတော့ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ကို ပပ၀င်းရုံအောက် ရှိသည့် အာလူး ပူရီကျွေးသည် ။ ထို့နောက် ဘတ်စ်ကား ရှိရာ မှတ်တိုင်သို့ လမ်းလျှောက်ကာ ပြန်လာခဲ့ရ၏ ။ ကျွန်တော်တို့ပြန်ချိန်က နေ့ခင်း ၂နာရီခွဲပွဲ အပြီး ဖြစ်သည် ။ နေ့ခင်းအချိန် ရန်ကုန်မှ ပြန်အဆင်း ကားတွေ ထုံးစံအတိုင်း ထိုစဉ်ကတည်းက ကားချောင်သဖြင့် ကျွန်တော်တို့ မြေးအဘိုး သုံးယောက် နေရာရပါသည် ။ လက်မှတ်ဖြတ်အပြီး အဖေကြီးက ထုံးစံအတိုင်း အိပ်ပြန်၏ ။
ဒီတစ်ခါတော့ ကိစ္စ မရှိ ၊ ကျွန်တော်ဆင်းရမည့် ဇ၀နမှတ်တိုင်ကို ကျွန်တော် သိသည် ။ သို့သော်ကျွန်တော်တို့ စီးလာသော လူချောင်သည့် ဘတ်(စ်)ကားက သိမ်ဖြူခုံး တံတားက ဆင်းပြီးကတည်းက တရကြမ်း မောင်းလေသည် ။ ရှေ့မှာရှိသည့် လိုင်းတူ ဘတ်(စ်)ကားကို ဖိုက်ခြင်းဟု ကျွန်တော် သိသည် ။
သိမ်ဖြူစျေး ၊ မဆလာစက် ၊ လေးလမ်း ၊ တောက်လျှောက် တအား လှိမ့်မောင်းသဖြင့် သစ်သားဘော်ဒီနှင့်ခုံသံ တဂျိုင်းဂျိုင်းဆူညံ ၊ လူတွေအော် ကားအင်ဂျင်သံ ဆူညံကာ ကြောက်ခမန်းလိလိပင် ဖြစ်သည် ။ ထိုခေတ်က မင်္ဂလာစျေး မှတ်တိုင်မရှိသေး၍ တာမွေကိုလု၍ မောင်းကြခြင်း ဖြစ်သည် ။တစ်ဖက်ကားကလည်း ထုံးစံအတိုင်း အလျှော့မပေး ။ သူကျော်လိုက် ကိုယ်ရှေ့ရောက်လိုက် ၊ မှတ်တိုင်တွေမှာစပယ်ယာတွေက လူတွေကို ကမန်းကတမ်း ဆင်းခိုင်းကာ အရေးတကြီး ဆူညံစွာ အော်ဟစ်ရင်း လူမတင်တော့ဘဲ ကားကို တရကြမ်း မောင်းစေသည် ။
သံစုံမြည်ဟည်းနေသော သစ်သားကာကြီး နှစ်စင်း ရင်ပေါင်းတန်းမိချိန်ကား အသည်းထိတ်စရာအကောင်းဆုံး ပင်ဖြစ်တော့သည် ။ တစ်စင်းနှင့်တစ်စင်း ကပ်မိချိန်မှာ တစ်ဦးနှင့်တစ်ဦး မခံချင်အောင်လှောင်ပြောင်ခြင်းမှာ ယခုမှ မဟုတ် ၊ ဟိုတုန်းကလည်း ဒီအတိုင်းပင် ဖြစ်၏ ။
ကိုရွှေဒရိုင်ဘာများ ကလည်း အသက်ဘေး သေဘေး မသိတော့ ။ မခံချင်စိတ်နှင့် ဂီယာကို ပြောင်းကာ လီဗာကိုသာ တအား ဖိနင်း တက်ကြ၏ ။ သူတို့ ကမ္ဘာတွင် ရှေ့ကားကို ကျော်ရေးမှာ နပိုလီယံဥရောပတိုက်ကို သိမ်းဖို့နီးနီး အရေးကြီးလေသည် ။
ထိုသို့ ကားနှစ်စင်းဆူညံစွာ ပြိုင်နေချိန်တွင် ကျွန်တော့် အဖေကြီး နိုးကာ လာ၏ ။ ခရီးသည်များထိတ်လန့်တကြား ငယ်သံပါအောင် အော်သောကြောင့် ဖြစ်သည် ။ ကားနှစ်စင်း ဂီယာကုန် လီဗာကုန်နင်းကာ ဘေးချင်းယှဉ် နေချိန်လည်း ဖြစ်၏ ။ ကားစက်သံ ငယ်သံပါအောင် မချိမဆန့် အော်ပြီးမှကျွန်တော်တို့ကား ဂီယာကုန်ကာ ကျန်ခဲ့သည် ။ ကျော်သွားသော ကားမှ စပယ်ယာက ယခုခေတ် အတိုင်းပင် လက်ခေါက်ကို အသံမျိုးစုံ မှုတ်ကာ စနောက်ပြီး ဝေးကာ သွားသည် ။ အဖေကြီး ပတ်၀န်းကျင်ကိုတစ်ချက်ကြည့်ကာ အိပ်နေရာမှ ဆတ်ခနဲ ထထိုင်၏ ။
ကျွန်တော်တို့ ကားစပယ်ယာက ရှေ့ကားကို ပြန်ကျော်ရေးအတွက် မှတ်တိုင်တွေ အော်မေးသည် ။ကားပေါ်မှာ ပါသည့် ခရီးသည်တွေ ကလည်း ကြောက်၍သာ အော်သည် ၊ နီးစပ်ရာ မှတ်တိုင်မှာ ကျတော့သေမှာစိုး၍ ဘယ်သူမှ မဆင်းကြ ။ ဘာကြောင့်လဲ ဆိုတာ ကျွန်တော်လည်း ဒီနေ့အထိ မသိ ၊ ကားမှောက်ပြီး ဒုက္ခများမှာထက် နောက်ကားတစ်စင်း မရမှာကို ပိုကြောက်၍လား မသိ ။
ထိုစဉ် ကျွန်တော်တို့ကားက ဂီယာ အသစ်ထိုးကာ လီဗာကို အသားကုန် နင်းသည် ။ ရှေ့ကား ဖင်ကို နီးကပ်နေပြီ ဖြစ်၏ ။ ဆတ်ခနဲကွေ့ကာ ကျော်သည် ။ မလွတ် ။ ကားတစ်စီး လာနေသည့် အတွက်ကမန်းကတမ်း ပြန်ရှောင်ရ၍ လူတွေ(ထိုင်သူတွေ) ပြိုလဲကုန်သည် ။ (ထိုစဉ်က ယခုလို နှစ်လမ်းသွား မဟုတ် ၊ တစ်လမ်းသွားသာ ဖြစ်၏ ။) ကားကို ပြန်တည့်ကာ ရှေ့ကားဖင်မှ ကပ်၍ လိုက်သည် ။ အခွင့်သာသည်နှင့် ကျော်မည့်ပုံ ၊ စပယ်ယာ ကလည်း ကားပြတင်းမှ ခေါင်းကို ထုတ်ကာ ကားရှင်းမရှင်း အော်ကာ ပေးနေ၏ ။ ထိုစဉ်မှာပင် ကျွန်တော့် အဖေကြီးက ထိုင်နေရာမှ ကြုံးထကာ အော်သည် ။
“ သေချင်လို့လား အခုရပ် ဘာကောင်လဲကွ ”
ရှေ့ကားနှင့် ကပ်နေရာမှ ကျွန်တော်တို့ကား ရုတ်ခနဲ ကျန်ခဲ့၏ ။ ကားပေါ်မှ ခရီးသည်တွေ အားလုံးက အဖေကြီးကို ဝိုင်းကြည့်ကြသည် ။ စပယ်ယာက အပြင်ထုတ်ထားသော သူ့ခေါင်းကို ရုတ်ကာ အဖေကြီးကို ကြည့်၏ ။ ကားအရှိန်လျော့ကာ လမ်းဘေးတွင် ရပ်ကာ သွားသည် ။
“ ခင်ဗျားကြီး ဘာပြောတာလဲ ”
စပယ်ယာက အဖေကြီးထံသို့ ရောက်လာကာ အော်မေးသည် ။ ကားက ရပ်ရန် လမ်းဘေးသို့ ချနေပြီဖြစ်၏ ။
“ အရမ်းမောင်းရ သလားကွ ၊ တိုက်ပြီးသေကုန်ရင် ဘယ့်နှယ့် လုပ်မလဲ ”
ကားက လမ်းဘေးနား လုံး၀ ထိုးရပ်ကာ သွား၏ ။ ကျွန်တော်ကတော့ ကလေးမို့ ကြောက်တာ တစ်ခုပဲရှိသည် ။ ကားမောင်းခန်းမှ အော်သံ မသဲမကွဲ နှင့်အတူ တဝုန်းဝုန်း အသံကြားကာ ကားလှည့်သော ဂေါက်တံကို ကိုင်ကာ ဒရိုင်ဘာ ထွက်လာသည် ။
“ ဘယ်ကောင်လဲကွ ၊ ငါ့ကို ဆဲတာ ငါမောင်းတာ ဘာဖြစ်လဲ ”
“ အေး ဆဲတာ ငါပဲကွ ၊ ဘယ်လိုမောင်းတာလဲ ”
တစ်ကားလုံးရှိ ပရိသတ် ငြိမ်ကာ သွား၏ ။ ကားဆရာက ဂေါက်တံကို ကိုင်ကာ ပြေးလာသည် ။ အဖေကြီးက မတ်တတ်ရပ်ဆဲ ။ သို့သော် ကားဆရာ ကျွန်တော်တို့ ခုံနားအရောက်တွင်...
“ ဟာ….. အဖေ ”
“ အေး ငါပဲ ပိုလိုကွ ။ ကားကို ဘယ်လို မောင်းတာလဲ ”
စပယ်ယာက ဘာပြောရမှန်း မသိ ။ ဂေါက်ကိုင်လာသူ ကားဆရာကို အဖေကြီးက နရင်း ပိတ်တီး၏ ။ ပရိသတ်က နားမလည် ။ သို့သော် ကားပြန်မောင်းသည့်အခါ မှတ်တိုင်စေ့ရပ်၍ လိပ်က အဘိုးခေါ်ရလောက်အောင် နှေးသွားလေသည် ။ ကားပေါ်မှ ဆင်းတော့ အဖေကြီးက ဒရိုင်ဘာကို ဘာမှမပြောတော့ ။ နားမလည်သော ကျွန်တော်က မေးရသည် ။
“ အဖေကြီး ခုနက... ”
“ အဲဒါ ငါ့ပထမမိန်းမ မမြက မွေးတာ ။ ဘိုစိန်တဲ့ ၊ အလကားကောင် ” ဟု အဖေကြီး ဒေါသနှင့် ဖြေလေသည် ။
နီကိုရဲ
သဘင်အနုပညာ ဂျာနယ် ၈၃
လူနှင့် သူတို့၏ဟာသများ - ၁၀
" ကျွန်တော်နှင့် လက်မှတ်စစ်များ " နီကိုရဲ
၁၉၈၂ ခုနှစ်က ဖြစ်ပါသည် ။
ကျွန်တော်က (၁၀)တန်းကျောင်းသား ၊ ကျွန်တော့်ညီက (၇)တန်း ကျောင်းသား ဖြစ်၏ ။ ကျွန်တော်တို့နေသော ကျောင်းက အထက (၃) သင်္ဃန်ကျွန်း ၊ ထိုခေတ် ထိုအချိန်က အထက(၁) ၊ အထက(၂)တို့ နာမည်ကြီး နေချိန်တွင် ကျွန်တော်နှင့် ကျွန်တော့်ညီက အထက(၃)မှ ကျောင်းသားတွေ ဖြစ်နေသည် ။ ထို အထက(၃)သို့ သွားရန် ကျွန်တော်တို့ ကားစီးရ၏ ။ ကား ဆိုသည်မှာ ဘတ်(စ်)ကား ဖြစ်ပါသည် ။ ကျွန်တော့်တို့စီးသော ကားက (၁၃) အစိမ်း ၊ ကျွန်တော်တို့ ဖြတ်သန်းရသော မှတ်တိုင်များက ဇ၀န ၊ ဘုရားလမ်း ၊ ဘီအိုစီ ၊ သံလမ်း ၊ ကဖူးကွေ့။
ထိုကဖူးကွေ့သို့ ရောက်လျှင် ကျွန်တော်တို့ အထက(၃) ရှေ့ပင် ဖြစ်၏ ။ ထိုခေတ်က ကျွန်တော်တို့ပေးရသော ကားခမှာ ၁၅ ပြားသာ ဖြစ်သည် ။ ထိုအချိန်တွင် ကျွန်တော်က မုန့်ဖိုး ၁ ကျပ် ၂၅ ပြားရ၍ကျွန်တော့်ညီ ခုနစ်တန်း ကျောင်းသားကလည်း ထိုအတိုင်း ရပါသည် ။ ထို့ကြောင့် ဇ၀နမှတ်တိုင်မှ ကဖူးကွေ့မှတ်တိုင် အထိ အသွား ၁၅ ပြား ၊ အပြန် ၁၅ ပြား ၊ ပြား (၃၀) ကျသည် ။ ကားခအမှန်အတိုင်း ပေးလျှင်ကျွန်တော်နှင့် ညီဖြစ်သူ ၉၅ ပြားသာ ကျန်၏ ။ ထို့ကြောင့် ကျွန်တော့်ညီက အသွားဖြစ်စေ အပြန်ဖြစ်စေကားခကို ၁၀ ပြားနှင့် ရအောင် စီးလေ့ ရှိသည် ။ ဒါမှ (၁)ကျပ်ပြည့်အောင် သူသုံးရမှာကိုး ။
ကျွန်တော်က (၁၀)တန်း ဆိုတော့ လူပျိုပေါက်စ ။ ဆံပင်ကို သပ်ရပ်ချင်သည် ။ အိုက်တင်ကို အပြည့်ရှိချင်သည် ။ သိက္ခာကို ရှက်ရကောင်းမှန်း သိနေပြီ ။ ထို့ကြောင့် ကျွန်တော်သည် ကားပေါ်ရောက်လျှင်အထက(၁)မှာ ဆင်းမည့် ကျောင်းသားများ (ဘုရားလမ်းမှာ ဆင့်မည့် ကျောင်းသားများ) ရှေ့တွင် အိုက်တင်အပြည့်နှင့် ကားကို စီးတတ်သည် ။
ပြဿနာက ကျွန်တော်ညီသာ ဖြစ်၏ ။ သူက ကလေးဆိုတော့ အိုက်တင် မရှိ ၊ သူ့စိတ်ထဲမှာ တစ်ကျပ် အပြည့်သုံးရေးသာ ရှိသည် ။ ထိုစဉ်က ကျောင်းတွေမှာ မုန့်ရောင်းပုံကလည်း မုန့်ဟင်းခါး တစ်ပွဲ ပြား ၅၀ ။ အသုပ် တစ်ပွဲ တစ်မတ် ။ ၂၅ ပြား စသည့်ဖြင့် ပြားစွန်း မခံနိုင်သောကြောင့် ၉၅ ပြားသာ ကျန်လျှင် သူ၏ပြား ၂၀ မှာ ဘာမှ စား၍ မရတော့ ။ အဲဒီတော့ သူက အသွား ဖြစ်စေ ၊ အပြန်ဖြစ်စေ ကားခိုး စီး၏ ။ ဒါမှသူ တစ်ကျပ် အပြည့် သုံးရမှာကိုး ။
ထိုစဉ်က ကားစပယ်ယာ များကလည်း လက်မှတ်နှင့် ဖြစ်၍ အတော်လျင်သည် ။ အခုခေတ် စပယ်ယာများ ထိုခေတ်စပယ်ယာများကို လုံး၀မမီကြောင်း ကျွန်တော် ပြောရဲသည် ။ ၁၀ ပြားပေးသူ နှစ်မှတ်တိုင်မှာဆင်း ၊ ၁၅ ပြား လေးမှတ်တိုင် ။ ပြား ၂၀ တာမွေအထိ ။ တာမွေကျော်လျှင် ၂၅ ပြား ။ မော်တင်အထိ ပြား ၄၀ ခေတ်ဖြစ် သောကြောင့် သူတို့ လျင်ရခြင်းလည်း ဖြစ်နိုင်ပါသည် ။
တစ်နေ့တော့ ကျွန်တော့်ညီက ကားခိုး စီးသည် ။ ၁၅ ပြား ပေးရမည့် လမ်းကို ၁၀ ပြားပေးစီးခြင်းဖြစ်၏ ။ ဒီတော့ လျင်သော လက်မှတ်စစ်က မိသည် ။ (ဒီကောင် ဘယ်တုန်း ကတည်းက ကားခိုးစီးနေမှန်းအိုက်တင်ခံနေသော ကျွန်တော် မသိ) ။ လက်မှတ်စစ်က သူ့ကို ဘီအိုစီမှာ မောင်းချသည် ။ ကျွန်တော့်ညီကလည်း ၅ ပြားကို ထပ်မပေး ၊ ဘီအိုစီမှာ ဆင်းသွား၏ ။ နေ့စဉ် သူနှင့် ကျွန်တော်ထိုကားတစ်စင်း မဟုတ် တစ်စင်း စီးရသောကြောင့် သိနေသော ကောင်မလေးတွေက ကျွန်တော့်ကိုပြုံးကြသည် ။ ကျွန်တော် တော်တော် ရှက်ပါသည် ။ ကျောင်းအပြန် မှတ်တိုင်မှာ တွေ့တော့ ကျွန်တော့် ဒေါသက ဆိုဖွယ်ရာ မရှိတော့ ။ ဒီကောင် ကတော့ မနက်ကကိစ္စ သူမလုပ်သလိုပင် ။ လာမည့် (၁၃)ကား အစိမ်းကို လည်ပင်းရှည်အောင် မျှော်နေ၏ ။ ကျွန်တော် ဒေါသ ဖြစ်သွားသည် ။
“ ဟေ့ကောင် မင်းမနက်က ဘာဖြစ်လို့ ကားခိုးစီး တာလဲ ”
“ ကား.. ညီလေး ခိုးမစီးပါဘူး ”
“ ဇ၀နနဲ့ ကဖူးကွေ့ကို ၁၅ ပြား ဆိုတာ သိလျက်သားနဲ့ မင်း ဘာဖြစ်လို့ (၁၀)ပြား ပေးရတာလဲ ။ လက်မှတ်စစ်က မောင်းချတော့ ငါ သိက္ခာ ကျတာပေါ့ကွ ”
ညီဖြစ်သူက ကျွန်တော့် ဒေါသ စကားကို စိတ်မ၀င်စား ၊ ကားလာ မလာ မျှော်လိုက်သေး၏ ။ ပြီးမှသူက ဆက်ပြော၏။
“ အဲဒီ လက်မှတ်က ၁၅ ပြားမှ မတန်တာ ”
ရုတ်တရက် ကျွန်တော် ဘာပြန် ပြောရမှန်း မသိ ။ သူဆိုလိုသည်က သူ ၁၅ ပြား ပေးလိုက်လျှင်လက်မှတ်စစ်က ပြန်ပေးသော အနီရောင် လက်မှတ် ကလေးကို ပြောနေခြင်း ဖြစ်သည် ဆိုတာကိုတော့ ကျွန်တော် သဘောပေါက်သည် ။
“ ဟ….မင်းကို အဲဒီလက်မှတ် ၁၅ ပြားနဲ့ ရောင်းတာမှ မဟုတ်ပဲ ”
“ သူက ဒါပဲ ပြန်ပေးတာကိုး ”
ညီဖြစ်သူက မကျေမနပ်ဖြင့် ပြော၏ ။ ညီဖြစ်သူက ထိုစာရွက် ကလေးကို ၁၅ ပြားဖြင့် ၀ယ်ရသည်ဟု ထင်နေသည် ။ ကျွန်တော် သာပြန်ပြောရမှန်း ထိုစဉ်က မသိ ။ အမှန်တော့ ညီဖြစ်သူ၏ ၀န်ဆောင်မှုကို ထိုလက်မှတ်က သက်သေခံခြင်းသာ ဖြစ်သည် ။ သို့သော် ၁၉၈၂ ခုနှစ်က ထို ၀န်ဆောင်မှု ဆိုသော စကားမပေါ်သေး ။ ဒီတော့ ကျွန်တော် နားလည်သလိုပဲ ပြောရသည် ။
“ ဟေ့ကောင် မင်းကို ဒီလက်မှတ် ၁၅ ပြားနဲ့ ရောင်းတာ မဟုတ်ဘူး ။ မင်း ဇ၀နကနေ ကဖူးကွေ့ကို ရောက်ဖို့ သူတို့ သယ်သွားရတဲ့ အတွက် ၁၅ ပြား ယူတာ ”
ကျွန်တော့် စကားဆုံးတော့ ညီဖြစ်သူက ပြန်ပြော၏ ။
“ အစ်ကိုကြီးကလည်း ကျွန်တော်မလိုက်လည်း သူတို့က ဒီကားကို ဒီနေရာတွေပဲ မောင်းမယ့်ဟာ ၊ ဘာဖြစ်လို့ ကျွန်တော့်ကျမှ ပိုက်ဆံတောင်း ရတာလဲ ”
ထိုစဉ်က ကျွန်တော်ထိုစကားကို ပြန်မဖြေနိုင်ခဲ့ပါ ။
သူပြောတာ ဟုတ်နေသည် ဆိုတာကို ကျွန်တော် တွေးမိသောကြောင့် ဖြစ်၏ ။ သူပိုက်ဆံမပေး ။ ထိုကားပေါ် မတက်လည်း ဒီကားကြီး ကတော့ ဒီနေရာကို မောင်းမှာပဲ ဖြစ်သည် ။ ၀န်ဆောင်မှုဆိုတာကိုကျွန်တော် ထိုစဉ်က မသိသလို ကျွန်တော့်ညီလည်း သဘောမပေါက် ။ တန်ရာတန်ကြေးမပေး၍ ကျွန်တော်က အစ်ကိုအနေနှင့် ရှက်တာပဲ ရှိသည် ။ ညီဖြစ်သူကို ဘာမှ ပြန်မပြောနိုင်ခဲ့ ။
ကျွန်တော်တို့ အခု ဘ၀ကားပေါ်မှာ စီးခဲ့ ကြပြီ ။
ကျွန်တော်တို့ မစီးလည်း ဘ၀ကားက ထိုနေရာ ထိုမှတ်တိုင်သို့ သွားမည်သာ ဖြစ်၏ ။ ကျွန်တော် ဘယ်အထိ လက်မှတ်ဆုတ်ထားသလဲ ၊ ထိုနေရာ အထိသာ စီးခွင့် ရှိပါသည် ။ လက်မှတ်စစ်ကတော့ သေချာ၏ ။ မှတ်တိုင် အကျော်ခံလိမ့်မည် မဟုတ်ပါ ။ ။
နီကိုရဲ
ရွှေမြင်သာ ဂျာနယ် ၅
လူနှင့် သူတို့၏ဟာသများ - ၁၁
" ခုန်ချသူများ " နီကိုရဲ
ကျွန်တော်သည် ကားအကြောင်းကို ဘာမှ သေသေချာချာ သိရှိသူ တစ်ယောက် မဟုတ်သော်လည်းကျွန်တော် နေထိုင်သော ပြည်သာယာ လမ်းတလျှောက်လုံးမှာ ကားဆရာ ၊ ကားသမား ၊ ကားအုံနာ အတော်များပါသည် ။ ညအောက်ဆိုက် ဆွဲကာ ပြန်လာသော ဘတ်စ်ကားကြီးများမှာ အိမ်များကို ဦးတိုက်၍ တစ်နေကုန် မောပန်းလာသူ တစ်ယောက်လို ငြိမ်သက်နားနေတတ်ကြသည် ။ ထိုအချိန်ဆိုလျှင် ကျွန်တော်တို့ သူငယ်ချင်းများ ကားပေါ်တက်ကာ စကားပြော ၊ ဆေးလိပ်ခိုးသောက် ၊ ဂစ်တာတီး စသဖြင့် လုပ်တတ်ကြသည် ။ ဆောင်းတွင်း မနက် အရုဏ်တက် အချိန်တို့တွင် အိပ်ရာထဲတွင် နွေးသည်ထက်နွေးအောင် ကွေးရင်း တစ်စင်းပြီးတစ်စင်း စက်နှိုးကာ တဂျိုင်းဂျိုင်း ထွက်သွားတတ်သော ထိုဘတ်စ်ကားသံများကို ကျွန်တော် ဇိမ်ယူကာ နားထောင်တတ်၏ ။
ကျွန်တော်မှ လွဲ၍ ကျန်သူငယ်ချင်း အားလုံးကတော့ ကားနှင့် ရင်းနှီးကြ၏ ။ ကျွန်တော့်သူငယ်ချင်းများမှာ ကားမောင်းသူ၏သား ၊ အုံနာသား ၊ တူ စသဖြင့် ရှိကြသည် ။ ဘာမှ မတော်သူတွေကလည်း ထိုသူငယ်ချင်းများ ကားနှိုက်သည့်အခါ ၀င်နှိုက်ရင်း စက်ဆီတွေ စက်ချေးတွေ ပေကာ ပျော်ရွှင် နေတတ်ကြသည် ။
ကျွန်တော့် သူငယ်ချင်းများ အိမ်ရှေ့ ပြည်သာယာလမ်းမတွင် ပြေးဆွဲနေသော နံပါတ် ၁၄ ဘတ်စ်ကားများကို မမြင်ရသေးသော်လည်း အသံကြားရုံနှင့် ကားနံပါတ်ကို အလွတ်ရကြသည် ။ ပါကင်သံနှင့်ချက်ပလက် အသံကိုလည်း ခွဲနိုင်ကြ၏ ။ ကျွန်တော်ကတော့ မည်သို့မှ ကြိုးစား၍မရ ။ ကျွန်တော့် အတွက်တော့ကားစက်သံ ၊ ကားဟွန်းသံတို့သည် အားလုံး အတူတူသာ ဖြစ်၏ ။ ဘာမှ မကွဲပြား ။ ထိုဘတ်စ်ကားကြီးများနှင့်ပတ်သက်၍ ကျွန်တော်တို့ လူငယ်လောကတွင် ဂုဏ်ယူလေ့ရှိသော ကျွမ်းကျင်မှု နှစ်ခု ရှိလေသည် ။ တစ်ခုမှာမည်မျှ အမြန်နှုန်းနှင့် မောင်းနေသော ကားပင်ဖြစ်စေ ၊ နောက်ဘက် အပေါက်မှ ပုံစံမပျက် တွယ်စီးနိုင်ခြင်းနှင့် ထိုအရှိန်နှင့် မောင်းနေသော ကားပေါ်မှ ဟန်မပျက် ခုန်ချနိုင်ကြခြင်းပင် ဖြစ်သည် ။
ယခု ပြန်တွေးကြည့်လျှင် ဘာမှ ပြောပလောက်သည့် ကိစ္စမျိုး မဟုတ်သော်လည်း လူငယ်ဘ၀တွင်တော့ ထိုသို့ လုပ်နိုင်သူသည် ပီဘိ သူရဲကောင်းဟု အထင် ရှိကြသည် ။
ကျွန်တော်တို့ သူငယ်ချင်း အများစု နေကြသော နေရာသည် အထက(၂) ကျောင်းရှေ့ မှတ်တိုင်နှင့် ဇ၀နမှတ်တိုင် အကြားတွင် ဖြစ်သည် ။ ကျွန်တော်က ရန်ကုန်မှ စီးလာလျှင် ကျောင်းရှေ့မှတ်တိုင်မှာ ဆင်းချင်ဆင်း ၊ သို့မဟုတ် ဇ၀နမှတ်တိုင်တွင် ဆင်းလေ့ ရှိမည် ။ ကျွန်တော့် သူငယ်ချင်းတွေ ကတော့ရန်ကုန်မှ ပြန်လာလျှင်လည်း ကျောင်းရှေ့ မှတ်တိုင်တွင် မဆင်း ၊ ပြည်သာယာလမ်းနှင့် ဇောတိက လမ်းဆုံရာ ကျွန်တော်တို့ အိမ်ရှေ့တွင် ကုန်းဆင်း အရှိန်နှင့် မောင်းသွားသော ကားပေါ်မှ ဟန်မပျက် ခုန်ဆင်းကာ နေခဲ့ကြ၏ ။ ကျွန်တော် ရောက်လာတော့ သူတို့က ရွှေညာဆိုင်မှာ လက်ဖက်ရည် မှာပြီးသားဖြစ်နေတတ်သည် ။
အစပိုင်းမှာ ထိုသို့ ခုန်မဆင်းတတ်သော ကျွန်တော့်ကို အပြစ်တင်လေ့ ရှိကြသော်လည်း ကြာလာတော့ သူတို့ ဒီလို သေသေသပ်သပ် ခုန်ချတတ်တာလည်း သဘာ၀ ဖြစ်လေ၏ ။
ထိုသို့ ခုန်ဆင်းသည့်ကို ကြည့်ရသည်မှာ တော်တော် အသည်းယားစရာ ကောင်းပါသည် ။ ကျွန်တော်တို့ ပြည်သာယာလမ်း ကုန်းဆင်းသည် တာမွေကုန်းလောက် မမတ်သော်လည်း ပြေသည့်ခရီးက ကြာရှည်သဖြင့် ကုန်းဆင်းတစ်၀က်တွင် ကားအရှိန်က တော်တော်ကို မြန်သည် ။ ထို့အပြင် ကျွန်တော်တိုခေတ်က ၀တ်စား ဆင်ယင်ပုံက အင်္ကျီလက်ရှည် ၊ လုံချည်ခြေဖျားထွေးနှင့် ဦးထုပ် ခပ်ငိုက်ငိုက်စတိုင်လ် ဖြစ်၏ ။
လုံချည်ခြေဖျားထွေးကို ခြေဖမိုးပေါ်ရုံ ဆွဲမကာ ကိုယ်ကို၀ပ်လျက် ခုန်ချရင်း လက်တစ်ဖက်ကစစ်ဦးထုပ်ကို အသာဖိထား သေးသည် ။ ကြည့်ရတာ တော်တော် အသည်းယားစရာကောင်း၏ ။ သို့သော်ကျွန်တော့် သူငယ်ချင်းများကတော့ လေထီးစစ်သားတွေလို တဖျပ်ဖျပ် ခုန်ချကာ ကားလမ်းမပေါ်မှာ အရှိန်နှင့် သုံးလေး လှမ်းပြေးကာ ကျန်ရစ်ခဲ့တတ်သည် ။ ကျွန်တော်က ထုံးစံအတိုင်း ပြန်လမ်းလျှောက် ။
ပြည်သာယာ လမ်းမသည် ကုန်းဆင်းဖြစ်သည့် အပြင် လမ်းကလိမ်ကာ ဘယ်ဘက်သို့ အနည်းငယ် ကွေ့စောင်းကာ ရှိသည် ။ ကုန်းဆင်းပြီးစ အရှိန်ရခါစနေရာတွင် ချိုင့်ကြီးတစ်ခု ရှိရာ ဘတ်စ်ကားတိုင်း ထိုနေရာတွင် ဝုန်းဒိုင်း အမြဲ ခုန်တတ်လေသည် ။ အတက်ကားဆို ပြဿနာ မရှိသော်လည်း အဆင်းကားတွေကတော့ တဒုန်းဒုန်း တဒိုင်းဒိုင်း မြည်ကာ ဆင်းသွားလေ့ ရှိသည် ။
ထိုနေ့က စနေနေ့ နေ့လယ်ခင်းဖြစ်သည် ။
နေသာသောနေ့ ဖြစ်သဖြင့် ကျွန်တော်တို့ ဇောတိကလမ်းရှေ့မှာ လူစုံ၏ ။ ညနေခင်း နေ၀င်ခါစမို့ ကောင်မလေးတွေ အိမ်တွင်းပုန်းတွေ လမ်းသလားခြင်း ၊ အိမ်ရှေ့ထွက်ထိုင်ခြင်းတို့ဖြင့် ပြည်သာယာလမ်း စည်ကားနေချိန် ဖြစ်သည် ။ ကျွန်တော်လည်း သူငယ်ချင်းတွေ နှင့်အတူ လမ်းဘေး လက်ဖက်ရည် ဆိုင်မှာ ထိုင်ကာ နေ၏ ။
ထိုအချိန်တွင် အထက(၂)ဘက်မှ ကားတစ်စင်းပေါ်ကာ လာ၏ ။ ညနေလေးနာရီ မြို့ထဲအပြန်ကားဖြစ်သဖြင့် လူရှင်းကာ ကုန်းဆင်းအတိုင်း အရှိန်ဖြင့် တဝုန်းဝုန်း တဒိုင်းဒိုင်း ပြေးကာ လာ၏ ။ နောက်မှာကားတစ်စင်း ပါလာသဖြင့် အတင်းမောင်းလာခြင်း ဖြစ်သည် ။ နောက်ကားကလည်း အတင်းလိုက် လာ၏ ။ ကားတစ်စင်းနှင့် တစ်စင်း ကပ်လျက် ရှိသည် ။
ကားလမ်းမမှ အသံများကြောင့် ကျွန်တော်တို့ လှည့်ကြည့် သည့်အခါ နောက်ကားပေါ်မှ နိုင်၀င်းဟုခေါ်သော သူငယ်ချင်း တစ်ဦးက လက်လှမ်းကာ ပြ၏ ။ ဒီလောက် ကားဖိုက်နေသော အရှိန်မှာ ခုန်ချ၍လဲလျှင်....
ထိုစဉ်မှာပင် ကုန်းဆင်းချိုင့်ထဲသို့ ကားဘီးတွေကျကာ ဝုန်းခနဲ မြောက်တက် သွားကြ၏ ။ သူငယ်ချင်းလည်း နောက်တွယ်ခုံတွင် တွယ်ထားရာမှ မြောက်တက် သွား၏ ။ ဒုန်းခနဲ ပြန်ကျတော့ဘယ်လိုဖြစ်သည် မသိ ။ သူငယ်ချင်း လုံချည်က အပုံလိုက် ကျွတ်ကာ လေထဲ ဝဲလွင့်ကာ သွား၏ ။သူငယ်ချင်း တင်ပါး အဖွေးသားနှင့် ငုတ်တုတ်ထိုင်ကာ အော်ရင်းဟစ်ရင်း ပါသွားသည် ။ “ ဟိုးထား ၊ ကားရပ် ၊ ကားရပ် ” အော်သော်လည်း ရှေ့ကား ဇောကပ်နေသော ကားဆရာတို့က မကြားကြတော့ ။ကျွန်တော်တို့ အားလုံး ခဏကြောင်နေရာမှ တင်ပါးအဖွေးသားနှင့် ပါသွားသော သူငယ်ချင်းနောက်သို့လုံချည်ကောက်ကာ ပြေးလိုက်ရ၏ ။ ဇ၀နမှတ်တိုင်ကို ကားက အရင်ရောက်နှင့်သဖြင့် ရှာတော့ လူတွေဝိုင်းကြည့်နေသော ကားလမ်းမနံဘေး ရေမြောင်းထဲမှာ ခန္ဓာကိုယ် အောက်ပိုင်းကို နှစ်ထားကာ အော်ဟစ်ခေါ်နေသော သူငယ်ချင်းကို တွေ့ကြ ရသည် ။
ကားရပ်ရပ်ချင်း အရှက်ကို ကာကွယ်ရန် ရေရှိနေသော မြောင်းထဲ အောက်ပိုင်းကို နှစ်ထားရခြင်းဖြစ်လိမ့်မည် ။ ကျွန်တော်တို့ သူ့လုံချည် ပေးတော့ လုံချည်ကို ခေါင်းမှ စွပ်ချကာ ကျွန်တော်တို့ကိုပင်မစောင့်တော့ ။ ပြေးလေသည် ။ သူတော်ပါသည် ။ ကျွန်တော်သာ ဆိုလျှင် သတိလက်လွတ် မွှန်ထူကာဘာလုပ်ရမှန်း သိမည် မဟုတ် ။ ထို သူငယ်ချင်း ၁၀ ရက်လောက် အိမ်ထဲက အိမ်ပြင်မထွက် ၊ ထွက်တာနှင့် သူ့ကို အားလုံးက ဝိုင်းရယ်ကြ ပြောကြ စကြနှင့် ရှိတတ်သည် ။ ထိုအဖြစ်ကြောင့် ကားပေါ်က ခုန်ဆင်းသူတွေ တစ်ပတ်လောက် ငြိမ်သွား၏ ။ သိပ်မကြာပါ ။ ကျွန်တော်တို့ အိမ်ရှေ့မှာ တဖျပ်ဖျပ် ခုန်ဆင်း သူတွေကို ပြန်တွေ့ ရလေသည် ။ ။
နီကိုရဲ
၀ယ်သူ့စိတ်ကြိုက် ဂျာနယ် ၄
လူနှင့် သူတို့၏ဟာသများ - ၁၂
" ကားတစ်စင်းကြောင့် အသည်းကွဲ " နီကိုရဲ
ကားတစ်စင်းဖြင့် လူရာ၀င်ခဲ့သော ကျွန်တော်သည် ကားတစ်စင်းကြောင့် အသည်းကွဲခဲ့ဖူးပါသည် ။ ကံကြမ္မာသည် တစ်ခါတစ်ရံ အကွက်စေ့စေ့ လှည့်စား တတ်သည် ။ Computer Game တစ်ခုလို စနစ်တကျ ရှိလှသည် ။
၉ တန်းနှစ်ရောက်တော့ ကျွန်တော် ရင်ခုန် တတ်နေပြီ ။ ဘာကြောင့် မဟုတ် ။ သူငယ်ချင်း မိန်းကလေး တစ်ယောက်နှင့် စကား ပြောရတာ ၊ အတူရှိနေရတာကို သာယာမိသည် ။ ထိုမိန်းကလေးကို သဘောကျ၍တော့ မဟုတ် ၊ ဘာမှန်းလည်း မသိ ၊ ကျေနပ် နေတတ်သည် ။
ထိုနှစ်တွင် ကျွန်တော့်စိတ်ထဲက ကျိတ်၍ ကြိုက်နေသော မိန်းကလေးမှာ တစ်ကျောင်းလုံးက ကျိတ်၍ ကြိုက်နေသော ခင်သက်ကြူ ဟူသော ကောင်မလေး တစ်ယောက် ဖြစ်သည် ။ ခင်သက်ကြူသည် အသားဖြူဖြူ မျက်နှာ ဝိုင်းဝိုင်း ၊ ပါးချိုင့်ကလေးနှင့် နှုတ်ခမ်း ပေါ်ပေါ် မျက်လုံးလှလှ ရှိကာ စန္ဒာပုံ ဆံပင်ညှပ် ထား၏ ။ တစ်ကျောင်းလုံး နီးပါး မိန်းကလေးတွေ စန္ဒာပု ံ ဆံပင်ထားကြ သော်လည်း ခင်သက်ကြူ မျက်နှာနှင့် ထိုဆံပင်ပုံမှာ အလိုက်ဆုံးဟု ကျွန်တော် ထင်သည် ။
သို့သော် ခင်သက်ကြူ၏ မျက်လုံးလှလှလေးတွေက စိမ်းကားစူးရှသည် ။ သူမနှုတ်ခမ်းကလေးကအမြဲတမ်း တင်းစေ့ကာ ထား၏။ စန္ဒာပုံ သူ့ဆံပင် ကုပ်ဝဲ ကလေးကို လက်ချောင်း ဖြူဖြူ ဖောင်းဖောင်းကလေးတွေနှင့် ဆတ်ခနဲ ခါတင်လိုက်လျှင် ကျွန်တော်တို့ အသည်းအေးကာ သူ့အနား မကပ်ရဲဖြစ်ကြရသည် ။
သို့သော် အိပ်မက်ထဲမှာ ခင်သက်ကြူက သူ့ဆံပင်တွေကို ဝဲသွားအောင် ခါကာ ကျွန်တော့်ကိုပါးချိုင့်ကလေး ခွက်သွားအောင် ပြုံးကာ ပြ၏ ။ “ ဟဲ့ ရဲ၀င်း လာလေ ” ဟုခေါ်သည် ။ မျက်လုံးတွေက ရီဝေရွှန်းလက် ချိုအီကာ နေ၏ ။ အိပ်မက်က လန့်နိုးတော့ ရင်ထဲမှာ လေးနင့်ပြီး တစ်မျိုးကြီး ဖြစ်ကာ နေသည် ။ မနက်လင်းတော့ လွယ်အိတ်လေးလေးကြီးကို လွယ်ကာ ခေါင်းငုံ့ရင်း ကျောင်းသို့ လာရသည် ။ အတန်းထဲရောက်တော့ မျက်လုံး စိမ်းစိမ်း နှုတ်ခမ်း တင်းတင်းစေ့ထားသော ခင်သက်ကြူကို စေ့စေ့ မကြည့်ရဲ ။ ရင်ထဲမှာမောကာ နေ၏ ။
ခင်သက်ကြူကို တရား၀င်ကြိုက်ကြောင်း အသိပေးသူ မှန်သမျှ ဆရာမ ကြိမ်လုံး (သို့မဟုတ်) ရုံးခန်း ရောက်ရသည်ကသာ များလေသည် ။ ခင်သက်ကြူသည် သူ့ကို ချစ်သည် ဟူသော စကား တစ်ခွန်း အတွက် မည်သူ့ကိုမျှ ညှာတာ သနားခြင်း ၊ နားလည်ခဲ့ခြင်း မရှိ ၊ ရက်စက်စွာ တုံ့ပြန် တတ်သည် ။ ထိုသို့ ခင်သက်ကြူ ရက်ရက်စက်စက် မာနကြီးခြင်းမှာ ကားတစ်စင်းနှင့် ပတ်သက်သည်ဟု ကျွန်တော်တစ်ထစ်ချ ယုံကြည် ထားသည် ။
ကျွန်တော်တို့ ငယ်စဉ်က ကားတစ်စင်းကို ပိုင်ဆိုင်သည် ဟူသော အဓိပ္ပာယ်သည် ပြည့်စုံကြွယ်၀ချမ်းသာသည် ဟူသော အဓိပ္ပာယ်ကို အတိအကျ အမိအရ ဆောင်လေသည် ။ သာမန် လူတန်းစားတွင်ကားတစ်စင်း ပိုင်ရိုး ထုံးစံ မရှိ ၊ ကျွန်တော် (၁၀)တန်း အထိ ပေါင်းသင်းခဲ့ ရသော သူငယ်ချင်းများ ထဲတွင်ကားပိုင်သူ တစ်ဦးမျှ မရှိခဲ့ဖူးချေ ။
ကျွန်တော် ချစ်ရပါသော ခင်သက်ကြူမှာတော့ စလုံး နံပါတ် ဖီးယက်ကလေး တစ်စင်းကို ပိုင်သည် ။တစ်ပတ်မှာ ၃ ရက်လောက် သူမကို ထိုကားကလေးဖြင့် အကြိုအပို့ လုပ်တတ်သည် ။ တစ်ခါတစ်ရံ ဆရာမ၃ ဦးခန့် ပါလာတတ်၏ ။ ကားတံခါးကို ဆွဲဖွင့်လိုက်သော ခင်သက်ကြူ၏ မျက်နှာမာမာကိုကျောင်းသားပေါင်း များစွာ နှင့်အတူ ကျွန်တော် ငေးဖူးသည် ။
ထိုအချိန်တွင် ခင်သက်ကြူသည် ကျားသစ်မ ပေါက်စကလေး နှင့်လည်း တူပါသည် ။ အဆိပ်ပြင်းပါသည် ဟူသော လျှာနှစ်ခွ ရှိသည့် မြွေဟောက်နှင့်လည်း တူ၏ ။ ထိုလျှာနှစ်သွယ်သည် တစ်ဖက်က လှပခြင်း၊ တစ်ဖက်က ကားပိုင်ခြင်း ။ ခင်သက်ကြူကို ချပြီး မောင်းထွက်သွားသော စလုံးနံပါတ် ဖီးယက် ကားကလေးကို ငေးမောသူ တော်တော် များပါသည် ။ ကျွန်တော်ကတော့ ထိုအရာကို ကားဟုမမြင် ၊ ခင်သက်ကြူ၏ ကြိုနေကျ အကြိုထားနေကျ မာနနှင့် ကျွန်တော်တို့ ခုန်တတ်၍ မရသော မဟာတံတိုင်း ။
ကျွန်တော် အထက(၂) သင်္ဃန်ကျွန်း၏ ပွဲတော်ရက်များတွင် ခင်သက်ကြူကို ဆရာများ ၊ အခြွေအရံများနှင့် ကားပေါ်က ဆင်းလာတာ မြင်ဖူးသည် မဟုတ်လား ။ အပြန်တွင် ကျောင်းအုပ် ဆရာမကြီးကိုတင်ကာ ထိုကားကလေး ထွက်သွားသည်ကို မြင်ခဲ့ဖူးသည် မဟုတ်လား ။ ခင်သက်ကြူ မပြောနှင့် ၊ ခင်သက်ကြူ၏ ကားကို ကျောင်းသွား ကျောင်းပြန် အတူ စီးခွင့်ရသော ဌေးဌေး၀င်း ၊ မျိုးမျိုးဆွေနှင့်ဖြူဖြူတို့ပင်လျှင် တစ်ကျောင်းလုံးမှာ မည်သူ့ကိုမျှ ဂရုမစိုက်သလို မျက်နှာထားတွေ မာနေတတ်သည်မဟုတ်လား ။
ခင်သက်ကြူ အားလုံးကို ရက်စက်နေခြင်း မာနကြီးနေခြင်းမှာ ထိုကားကြောင့်ဟု ကျွန်တော် ထင်သည် ။ ခင်သက်ကြူ မျက်လုံးတွေက ထိုဖီးယက် ကားကလေးလို စိမ်းသည် ။ ခင်သက်ကြူ နှုတ်ခမ်းတွေက ထိုဖီးယက် ကားကလေး ရှေ့မျက်နှာလို မဲ့၍ နေသည် ။ ထိုကားပေါ် တက်ထိုင်ပြီး တံခါးကို ဂျိမ်းခနဲ ပိတ်လိုက်လျှင် ကျွန်တော်တို့နှင့် ခင်သက်ကြူသည် ကမ်္ဘာ ခြား၍ သွား၏ ။
ခင်သက်ကြူကို ထို စလုံးနံပါတ် ဖီးယက် ကားကလေး လာမကြိုသော နေ့တွင် စကားလိုက်ပြောကာ လက်ဆွဲပြီး စာပေးသော (စ)အခန်းမှ ငနဲတစ်ယောက် ကျောင်းထုတ်ခံ ရပြီးသည့် နောက်တွင် ခင်သက်ကြူမှာ ကျွန်တော်တို့နှင့် အတော်ဝေး သွားသည် ။ သူမ မျက်လုံးနှင့် နှုတ်ခမ်းများ ပို၍ တင်းမာခက်ထန်ကြဟန်လည်း ရသည် ။
ကျွန်တော်တို့ ချစ်သော်လည်း ထုတည် ကြီးမား အင်အား ကောင်းလှသော ခင်သက်ကြူကိုမကြိုးစားရဲတော့ ။ သို့သော် ကျွန်တော် ခင်သက်ကြူကိုတော့ မမုန်း ။ သူ့ဖီးယက်ကား ကိုတော့ အရမ်းမုန်းသည် ။ ခင်သက်ကြူ ငါ့ကို မချစ်တာ ထိုကားကြောင့်ဟု ကျွန်တော် အတပ် သိသည် ။ စိတ်ထဲမှာ စွဲ၍နေသည် ။
ခင်သက်ကြူကို ချစ်ကြောင်း စကားလိုက်ပြောရန် မဆိုထားနှင့် ၊ မျက်နှာရိပ်တောင်မှ မပြရဲသောကျွန်တော်သည် သူ့ဖီးယက်ကား ကိုတော့ အမုန်းကြီး မုန်းလိုက်၏ ။ ထို့အတွက် ကျွန်တော်ဘောက်စ်၀က်ဂွန်ကား တစ်စင်း ရှိသည်ဟု ဘယ်တော့မှ စိတ်ကူး မယဉ် ။ ခင်သက်ကြူက သူ့ကားကလေးပေါ်သို့ ကျွန်တော့်ကို ပြုံးရယ်ကာ တင်ခေါ်သွားသည်ဟုသာ စိတ်ကူးယဉ်ခဲ့ ဖူးသည် ။ သို့သော်ကျွန်တော်ကား သူမကားကို မုန်းသည် ။
“ ခင်သက်ကြူက သူ့မှာ ကားရှိလို့ ငါတို့ကို မုန်းတာကွ ”
ခင်သက်ကြူကို ကျွန်တော့်လို ကျိတ်ချစ်နေသူတွေက ကျွန်တော့်စကားကို မျက်လုံးပြူးကာ နားထောင်နေကြ၏ ။
“ ခင်သက်ကြူမှာ အဲဒီကားရှိလို့ ဒီလောက် ဖြစ်နေတာကွ ။ သူမပြောနဲ့ ၊ ဘေးက ကပ်စီးတဲ့လူတွေတောင် ကြည့်ပါလား ။ ဒီကားသာ မရှိရင် သူဒီလောက် မဟုတ်ဘူး ။ ကားကြောင့် ငါအဲဒီကားကိုမုန်းတယ်ကွ ”
သိပ့်မစည်းရုံးရ ၊ ခင်သက်ကြူကို ချစ်ကာ စိတ်ထဲက ပိုးနေသူ အားလုံး ကျွန်တော့် စကားဆုံးတော့ထိုကားကို မုန်းသွား ကြ၏ ။ လူသူခပင်း ရပြီဆိုတော့ ကျွန်တော် ဦးဆောင်ကာ ကြံစည်သည် ။
“ ဒီကားကို ပြဿနာ ရှာမယ်ကွာ ၊ ဘီး လေလျှော့မယ် ၊ ကန်မယ် ”
နောက်ဆုံး ကျွန်တော် မြှူဆွယ်မှုကြောင့် ကားမုန်းနေသူ ၃ ဦး ရ၏ ။ ကျောင်းမဆင်းခင် ခင်သက်ကြူကို လာကြိုသောကားရောက်ကာ လာ၏ ။ ကားဒရိုင်ဘာကြီး ခဏမှေးနေတုန်း ကျွန်တော်တို့ အတန်းထဲမှ လစ်ထွက်ကာ ထိုကားဘီးတွေ အားလုံးကို လေလျှော့ ကြသည် ။ ထို့နောက် ကား Body ကို အားရှိသမျှ ကျုံးကန်ကာ ကျွန်တော်တို့ လစ်ပြေး ကြသည် ။
သို့သော် ကျောင်းဆင်းချိန် မတိုင်မီ ကျွန်တော်တို့မှန်း သိကာ သွား၏ ။ကျွန်တော်တို့ လေးယောက် ကျောင်းမဆင်းရ ။ မျက်နှာ မာထန်ကာ ကျွန်တော်တို့ကို မုန်းတီးနေသော ခင်သက်ကြူနှင့် ဆရာကြီး ရုံးခန်းမှာ ဆုံရသည် ။ ၁၂း၃၀ မှာ ကျောင်းတက်သော မူလတန်းတွေစာသင်ချိန်အထိ ဆရာ/ဆရာမ လေးယောက်က စစ်မေးကာ နောက်ဆုံး ကျွန်တော် တရားခံဟု မှတ်ချက်ချကြ၏ ။
ခင်သက်ကြူ ကျွန်တော်တို့ကို မာထန်မုန်းတီးစွာ မျက်စောင်း ထိုးရင်း ချာခနဲ တစ်ဖက်သို့ လှည့်၏ ။
“ မင်းက ဘာဖြစ်လို့ ကားကို ဘီးတွေ လေလျှော့ပြီး ကန်ရတာလဲ ”
ကျွန်တော် အသည်းငယ်ကာ ပါးစပ် ပိတ်ကာ ထား၏ ။ ဘာမှ ပြောမထွက် ၊ ရင်ထဲမှာ ၀မ်းနည်းသည် ။သို့သော် သူမကားမောင်း၍ မရတော့ခြင်းနှင့် ခင်သက်ကြူ နှင့်အတူတူ ခပ်ကြာကြာ ရှိနေရခြင်း အတွက်တော့ ပျော်သည် ။
“ ပြောလေကွာ ”
ဆရာကြီး အသံကြောင့် ကျွန်တော် အသည်းတုန်ရင်း မျက်ရည် ဝိုင်းကာ လာ၏ ။ ကျွန်တော်ကြိုးစားကာ အသံကို ညှစ်ထုတ် ရသည် ။ ခင်သက်ကြူ၏ ကျွန်တော့်ကို မုန်းနေသော မျက်လုံးကိုလည်းတွေ့ရသည် ။
“ ကျွန် ... ကျွန်တော် အဲဒီကားကို မုန်းလို့ပါ ဆရာကြီး ”
“ ဘာကွ ၊ ကားကို မုန်းလို့ ”
မျက်ရည်ဝဲကာ လာသော ကျွန်တော် အလိုအလျောက် သတ်္တိ၀င်ကာ အားလုံးကို ၀န်ခံ၏ ။ သတ်္တိရှိစွာ ကျွန်တော်သာ ခေါင်းဆောင် ဖြစ်ကြောင်း ဘယ်လို တာ၀န်ယူ ၀န်ခံမိမှန်း မသိ ။ ထိုကားကို မုန်းကြောင်း ခင်သက်ကြူ ရှေ့မှာ ပြောရတာကို ကျေနပ် နေခဲ့သည် ။
နောက်ဆုံး ကျန်သုံးယောက်ကို လွှတ်ကာ ကျောင်းအုပ် ဆရာကြီးက ကျွန်တော့် တင်ပါးကို ၅ချက်တီးပြီး အတန်းပိုင် ဆရာမက သုံးချက် လက်ကို ဆော်သည် ။ ကျွန်တော့်ကို ရိုက်ပြီးသည် အထိ ခင်သက်ကြူက ကြည့်နေကာ နောက်ဆုံး လေပြန်ထိုးပြီး သွားသော သူ့ကားလေးနှင့် ထွက်ခွာ၍ သွားသည် ။ အရိုက်ခံရသော တင်ပါးနှင့် လက်ဖဝါးထက် ကားတစ်စင်းကြောင့် ရသော ကျွန်တော့် အသည်းထဲကဒဏ်ရာက ပို၍ နာသည် ။ ထို့နောက် ခင်သက်ကြူကိုရော သူ့ကားကိုပါ ကျွန်တော် လှည့်မကြည့်တော့ ။ ထိုသို့ကားတစ်စင်းကြောင့် ကျွန်တော် အသည်းကွဲဖူး၏ ။ ကားကိုလည်းမုန်းသွား၏ ။ ကားရှိသည့်မိန်းကလေးများနှင့် လူများကိုလည်း မုန်းသည့်စိတ်ကို တော်တော်ကြာကြာမှ ကျွန်တော် မေ့ဖျောက်နိုင်ခဲ့ပါသည် ။ ။
နီကိုရဲ
သဘင်အနုပညာ ဂျာနယ် ၆
လူနှင့် သူတို့၏ဟာသများ - ၁၃
" ကားငှားစီးသူ တစ်ယောက်အကြောင်း " နီကိုရဲ
ကျွန်တော် ရံဖန်ရံခါ ကက အငှားကားများကို ငှားစီးလေ့ ရှိပါသည် ။
ကက (အငှားကား) ငှားစီးရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အချိန်ကို ၀ယ်ယူခြင်းသာ ဖြစ်ပါသည် ။ တစ်ခါတစ်ရံ ကိုယ်သွားမည့် လမ်းခရီးက လိုင်းကားနှင့် သွားလျှင် ရသော်လည်း မှတ်တိုင်တိုင်းတွင် ရပ်ကာ ခရီးသည် တင်လေ့ စောင့်လေ့ ရှိသော ၊ သတ်မှတ်ထားသည့် လမ်းခရီးကသာ သွားရသောကြောင့်လိုင်းကားသည် အချိန်ကြာတတ် ပါသည် ။ အငှားကားစီး သည့်အခါ ထိုဒုက္ခနှစ်မျိုးမှ လွတ်ကင်း ပါသည် ။ ကိုယ်သွားချင်သည့် နေရာသို့ ရောက်အောင် ဖြတ်လမ်းက ပို့ပေးတတ် သဖြင့် အချိန်ကုန် သက်သာ ပါသည် ။ အရေးတကြီး ချိန်းဆိုထားတာ မရှိလျှင် ကျွန်တော် လိုင်းကားကိုပဲ စီးတတ် ပါသည် ။
တစ်လောက ၀ယ်သူ့ စိတ်ကြိုက် ဂျာနယ်တွင် အငှားကား ဆရာ တစ်ယောက် ရေးထားသောစာတစ်ပုဒ်ကို ဖတ်ရ၏ ။ ကားဆရာတို့၏ ဒုက္ခများ ဖြစ်သည် ။ ကားဆရာများမှာ ဒုက္ခရှိသလို ကားစီးသူများမှာလည်း ဒုက္ခ ရှိလေသည် ။ စီးသူ ဖြစ်သောကြောင့် မောင်းသူ ဖြစ်သောကြောင့် မဟုတ် ၊ လူ၏စိတ်ဓာတ်နှင့်သာ ဆိုင်ပါသည် ။ ကျွန်တော်လည်း အလုပ် သဘောနှင့် အချိန်အခါအရ မကြာခဏအငှားကားစီးရသော အတွေ့အကြုံထဲမှာ ရေးစရာ ကလေးတွေ ရှိပါ၏ ။ ကားဆရာများ မကောင်းဟု ကျွန်တော် မဆိုချင်ပါ ။
ကောင်းသော ကားဆရာများကို ကြုံဖူးသလို ဆိုးသော ရမ်းသော ကားဆရာများ နှင့်လည်း တွေ့ဖူးပါ၏ ။ တစ်ခါက ကားရှေ့ခန်းမှာ စီးရင်း ရှေ့ဒက်ဘုတ်(ရှ်)ပေါ်မှာ ကျွန်တော့်ဇာတ်ညွှန်း File ကိုတင်ထားခဲ့သည် ။ အိမ်ရှေ့ ရောက်တော့ ထုံးစံအတိုင်း မေ့ကာ ကားခရှင်းပြီး ဆင်းသည် ။ အိမ်ရောက်သည်အထိလည်း သတိမရ ၊ ထမင်းစားပြီးချိန်မှ ကားဆရာက အိမ်ရှေ့ပြန်ရောက် လာကာ ဟွန်းတီးသည် ။ ထွက်ကြည့်တော့ ကျွန်တော့် File ကျန်ခဲ့၍ ပြန်လာပေးကြောင်း ပြောသည် ။
ကျွန်တော် တော်တော် အံ့သြကာ ၀မ်းသာသွား ရသည် ။ ထို File သာ ပျောက်လျှင် နောက်နေ့ဘာဆက်လုပ် ရမည် ဆိုတာ မတွေးတတ် ၊ ကားဆရာက ဗဟန်းနားရောက်မှ သတိထားမိ၍ သိကာပြန်လာပေးသည်ဟု ဆိုသည် ။ ကားခထပ်ပေး တော့လည်း မရ ။ ကိစ္စမရှိဘူး ဟု ပြောကာ လက်ကာ ပြပြီးမောင်းပြေး သွား၏ ။ ကျေးဇူးတင်စရာ တော်တော် ကောင်းပါသည် ။
ထိုသို့ ကားဆရာမျိုးကို တွေ့ဖူးသလို...။
ထိုနေ့က ကျွန်တော် ည ၁၀း၁၅ ခန့် ဗိုလ်ချုပ်လမ်း (ပန်းဆိုးတန်း) တံတားနားမှာ ကားငှားသည် ။ ပထမ လမ်းပေါ်မှာ မောင်းသွားသော ကားများကို ငှားခြင်း ဖြစ်ပြီး ငါးမိနစ်ခန့် တစ်စင်းမှ မရပ်သောကြောင့်Taxi ဆိုင်းဘုတ်မီး ဖွင့်ကာ ရပ်ထားသော ကား၂စင်း ရှိရာသို့ လျှောက်လာပြီး ကျွန်တော်နှင့် အနီးဆုံး ကားတစ်စင်းကို “ ကားအားသလားခင်ဗျ ” ဟု မေးရသည် ။
“ ဘယ်သွားမှာလဲ ”
“ သု၀ဏ္ဏ သွားကောလိပ်နား ”
ကားဆရာက မဲ့၍ တခြားဘက်သို့ လှည့်သည် ။ ကျွန်တော့်ကို စကားပင် ပြန်မပြော ။ သူသွားချင်သောဘက် နှင့် ကျွန်တော် သွားချင်သော နေရာ မကိုက်ဟု ကိုယ့်ဘာသာ နားလည်ကာရှေ့တံခါးဖွင့်ကာ ထားသော ဒုတိယ ကားတစ်စင်းထံ မေးရပြန်၏ ။
“ သွားကောလိပ် တစ်ယောက်တည်းလား ”
“ ဟုတ်ကဲ့ ”
“ ငါးရာ ”
ကျွန်တော် တစ်ချက် စဉ်းစား ရသည် ။ တောင်းသည့်စျေးက များနေ၏ ။ ၃၅ လမ်းမှ ကျွန်တော်အပြန်မိုးချုပ်တိုင်း ကားငှားစီးလေ့ ရှိသည် ။ ၃၅၀ ၊ ၄၀၀ ပေးရတတ်သည် ။ ထိုစျေးက ပုံမှန် ဖြစ်၏ ။
“ ၄၀၀ ထားပါလား ၊ ကျွန်တော် ပြန်နေကျပါ ”
“ အချိန်လည်း ကြည့်ဦးလေ ပြောတဲ့စျေးပဲ ။ ငှားချင်ရင်ငှား ၊ သွားစမ်းပါကွာ ကားလမ်းပေါ်က ကားကိုပဲသွား ငှားစမ်းပါ ”
သူ့စကားကြောင့် ကျွန်တော့်စိတ်ထဲ တော်တော်ဒေါသ ထွက်သွားသည် ။ ကျွန်တော် ပထမကားလမ်းပေါ်က ကားတွေကို တားနေခြင်း ၊ သူ့ဆီ အရင်မလာဘဲ တစ်ဖက်ကားဆီ အရင်သွားခြင်း တို့ကိုသူက မကျေနပ် ဖြစ်နေပုံ ရ၏ ။ ထိုသို့ ဆိုလျှင်လည်း မလျှော့နိုင်ဟု ပြောလျှင် ပြီးပါသည် ။ ကျွန်တော့်ကိုနှင်လွှတ် မောင်းလွှတ်စရာ မလို ။ တော်တော် ရိုင်းသည့် အပြုအမူ ဖြစ်၏ ။ ကျွန်တော် စိတ်ကို ထိန်းကာပြန်လာပြီး ကားလမ်းပေါ်က ကားကိုသာ တားရ၏ ။ ခဏကြာတော့ ကားတစ်စင်း ရသည် ။ သွားကောလိပ် ၃၀၀ တဲ့ ။
ကျွန်တော်တို့ စျေးစကားကို သူကြားပါသည် ။ ကျွန်တော်ကားထဲ ၀င်ထိုင်ပြီး ကားထွက်တော့ ...
“ တော်တော်ခွ ကျတဲ့ကောင်တွေလည်း ရှိသေးတာကိုး မအေ ... တွေ ”
ဟူသော အသံကို ကြားရ၏ ။ ကျွန်တော့် ကားဆရာ ကတော့ ကြားဟန်မတူ ။ ကျွန်တော် ပြန်ပြောပြတော့ ကားဆရာက ရယ်သည် ။
“ တစ်ခါတလေ ဒီလိုပဲ အစ်ကိုရာ ၊ ကျွန်တော် ကတော့ တစ်ခရီးတည်း သွားမယ့် လူတွေပဲ ပြေလည် ကျေနပ်တာ ကောင်းပါတယ် ”
“ အေးဗျာ နာရီ၀က်လောက်ပဲ တွေ့ကြပေမယ့် စိတ်ချမ်းသာတာ ပိုကောင်း ပါတယ် ”
ကားဆရာ ပြောတာ မှန်ပါ၏ ။ နားလည် သိတတ်သူနှင့် ခရီး အတူသွားရခြင်း သည်လည်း မင်္ဂလာတစ်ပါးပင် ဖြစ်၏ ။
နောက်တစ်ခါ ကြုံရသည့် ကားဆရာ ကျတော့ တစ်မျိုး ။ ကားထိုးရပ်ပြီး သွားချင်သည့် နေရာပြောတော့ ၄၀၀ ဟု ပြောသည် ။ ၃၅၀ ထားပါလား ဆိုတော့ ဘာမှမစဉ်းစား ၊ ကိုယ့် ညီအစ်ကိုတွေပဲဗျာ တက် ၊ လောကကြီးက နေတတ်ရင် ကျေနပ်စရာချည်းပဲ ဘာညာအားရပါးရ ရွှန်းရွှန်းဝေ ပြော၏ ။ ကားမောင်းသွားရင်း နံဘေးက ယှဉ်မောင်းသော ကိုယ်ပိုင်ကားထဲမှကောင်မလေးကို မှည့်တယ် အချစ်ကလေး အော်၏ ။ ပလက်ဖောင်းပေါ် လျှောက်သွားသည့် ကောင်မလေးတွေ နောက်ပိုင်းကိုလည်း သူ့စိတ် အခံဖြင့် တစ်ခုမကျန် အကဲဖြတ် ပြန်၏ ။ ကျွန်တော့်ကိုလည်း စကားပြောသည် ။
ဒီလောက်ဆိုလျှင် အတွေ့အကြုံအရ ကျွန်တော် တိတ်တိတ်နေကာ ကားစီး ရမည် ဆိုတာ သိပြီဖြစ်သည် ။ ပုဇွန်တောင်ရောက်တော့ ကိုယ့်ဆရာက မှတ်တိုင်က လူတွေကို သု၀ဏ္ဏ စံပြစျေး အော်ကာ တင်ဖို့ ကြိုးစားသည် ။ ကျွန်တော့်ကို တစ်စုံတစ်ရာ ခွင့်တောင်းခြင်း မရှိ ၊ ကျွန်တော် တားရန် ပါးစပ်မဟရသေးမီ သူ့အသံကြောင့် ကားထဲသို့ လူတွေ ပြေး၀င်ကာ ထိုင်နေကြပြီ ဖြစ်၏ ။ လွတ်လွတ်လပ်လပ် အေးအေး ဆေးဆေး ပြန်ချင်သဖြင့် ကားငှားစီးသော ကျွန်တော့်စိတ်ထဲ တော်တော် မကျေမနပ် ဖြစ်ရသည် ။ ကျွန်တော့်ကို ကြိုတင် ခွင့်တောင်းလျှင် ကိစ္စမရှိ ၊ ကျွန်တော် ငှားထားချိန်တွင် သူ့ကားကို ကျွန်တော် ခဏပိုင်သည် ဆိုတာကို နားလည်ရဲ့လား မသိ ၊ သို့သော် အိမ်ပြန်ချင်နေသူ ခရီးသည်များ အတွက် ကျွန်တော် သည်းခံလိုက် ပါသည် ။ သို့သော် ဆရာသမားက ထိုမျှနှင့် မရပ် ။
“ ယောက်ဖကြီးရေ ဒီဘက် နည်းနည်းတိုး လိုက်ပါလား ။ လာဘော်ဒါကြီးတက် ”
ကျွန်တော် စီးသည့် ခေါင်းခန်း ကိုပါ လူတစ်ယောက်တင်တော့ ကျွန်တော် သည်းမခံနိုင်တော့ ။
“ ကိုယ့်ဆရာ ရှေ့ခန်းကိုပါ တင်ရင်တော့ လွန်ပြီ ထင်တယ်ဗျာ ”
“ ဟာ ယောက်ဖကြီးရာ နားလည် ပေးစမ်းပါ ။ ဒီခေတ်မှာ ဒီလိုမှ လုပ်မစားရင် ဘယ်လို အဆင်ပြေမှာလဲ ၊ မဟုတ်ဘူးလား ၊ နော် ဘော်ဒါတို့ မိုးရွာတုန်း ရေခံတာ အချင်းချင်းပဲဗျာ ၊ နားလည် ပေးစမ်းပါ ။ ဘော်ဒါလာတက် ”
“ လူတင်မယ်ဆို ကြိုပြောသင့်တယ် ၊ ထားတော့ ခု ရှေ့ခန်းပါ ဆိုတော့ မဟုတ်တော့ဘူး ၊ ကျွန်တော်က ခင်ဗျားကားကို ငှားထားတာ ၊ ရှေ့ခန်းပါ ဆိုတော့ မဟုတ်တော့ဘူး ။ ကျွန်တော်က ခင်ဗျားကားကို ငှားထားတာ ရှေ့ခန်းတော့ မရဘူးဗျာ ”
ကျွန်တော်တို့ စကားသံကြောင့် ရှေ့ခန်း တက်မည့် ပုဂ်္ဂိုလ်က တွေဝေ သွားဟန် တူ၏ ။
“ ဟာ ယောက်ဖကြီး ကလည်းကွာ ဒုံးမဝေးစမ်းပါနဲ့ ၊ ပြေပြေလည်လည်ပေါ့ ၊ တက်တက် ဘော်ဒါကြီးတက် ”
သူအတင်း တက်ခိုင်းသဖြင့် အပြင်က ပုဂ်္ဂိုလ်ကလည်း အိမ်ပြန် ရောက်ဖို့သာ အဓိက ထားကာ ကျန်တာ ကျွန်တော်တို့ ပြဿနာဟု သဘောထားလိုက် သလား မသိ ၊ ဇွတ်တက်ထိုင်၏ ။
“ ဒါပဲပေါ့ အားလုံး အိမ်ပြန်ရောက် ရမယ် ဘော်ဒါတို့ ကားခ တစ်ယောက် တစ်ရာနော် ”
ဂီယာ ထိုးရင်း ပျော်ရွှင်စွာ အော်သော သူ့စကားကြောင့် နောက်ခုံမှာ ကျပ်ကျပ်တည်းတည်းငါးယောက်ထိုင် နေသူများထံမှ အသံတွေ ထွက်လာ ကြ၏ ။ စီးနေကျ ငါးဆယ် ...။ တင်နေကျ ငါးဆယ်ပဲ ။ လှိမ့်ပြီးစ ကားဘီးကို သူက ရပ်ကာ တစ်ရာ ... ဟု ငြင်းသည် ။ ပြီးတော့ ...
“ ဘော်ဒါတို့ရာ ကိုယ့် မိန်းမ ကိုယ့်သားသမီး မျက်နှာကို စောစော မြင်ရမှာ ၊ ငါးဆယ်ကို ကြည့်သလား အားလုံး Ok အိမ် အရောက် ပို့ပေးမှာ ”
သို့သော်မရ ။ ၅၀ နှင့် ၁၀၀ အော်ကြရင်း ကားထဲမှလူတွေ ပြန်ဆင်းကြ၏ ။ ကျွန်တော် ကျိတ်၍၀မ်းသာသည် ။ သို့သော် ရှေ့ခန်းက ပုဂ်္ဂိုလ်ကား မဆင်း ။ ကားပေါ်မှ ဆင်းသွားသူတွေက မကျေမနပ် ၊ စောစော ကြိုပြော ပါလား ဘာညာ ပြောနေကြ၏ ။ ကားဆရာက အိမ်ပြန်ချင် သူတွေ အပေါ် နေရာပေး၍အနိုင်ကျင့် သူသာ ဖြစ်သည် ။
“ ဘော်ဒါကြီးက ….သွားမှာ နော် ”
နံဘေးက ပုဂ်္ဂိုလ်က ခေါင်းတစ်ချက် ညိတ်၏ ။
“ ရှေ့ခန်း ၁၅၀ နော် ၊ နောက်ခန်းက ၁၀၀ "
နံဘေးက ပုဂ်္ဂိုလ်က ဒေါသဖြင့် လှည့်ကာ ကြည့်၏ ။ ထိုစဉ် နောက်ဘက်မှ ဒိုင်နာတစ်စင်း ထိုးရပ်ကာလာ၏ ။ သု၀ဏ္ဏ စျေးလေး ... ။ လူတွေ ဝေါခနဲ ပြေးသွားကြသည် ။ ရှေ့ခန်းက ဆရာလည်း ဘာစကားမှ ပြန်ပြောမနေတော့ ၊ တံခါးဖွင့်ကာ လစ်၏ ။ တံခါးပင် ပြန်ပိတ် မသွား ။
ကျွန်တော် တံခါး ပြန်ပိတ်ပေးကာ အသက်၀၀ ရှူရင်း စီးကရက် တစ်လိပ်ထုတ်ကာ မီးညှိပြီး ဖွာသည် ။ နောက်က ဒိုင်နာက တစ်ယောက် နှစ်ဆယ်ဖြင့် အကုန်တင်သည် ။ ကိုယ့်ဆရာ စိတ်ဓာတ် ကျကာ မောင်းထွက်၏ ။ ကားက အရှိန်ရကာ ပြေးနေသည် ။ ကားထဲမှာ ကျွန်တော်တို့ တိတ်ဆိတ် နေကြ၏ ။ အသင်းတိုက် ၊ ရုံးလေး ၊ ခြောက်လမ်းရောက်တော့ ကိုယ့်ဆရာက စကားစပြောသည် ။
“ တော်တော် ခွကျတဲ့ကောင်တွေဗျာ ၊ လောကကြီးမှာ ကြီးနိုင်ငယ်ညှင်းပဲ ဘော်ဒါ ၊ ဘယ်သူမှဘယ်သူ့ကို မငဲ့ဘူး ။ နားလည်မှု မရှိကြဘူး ။ တော်တော် စိတ်ပျက်ဖို့ ကောင်းတယ် ။ ခွင်ကောင်းကို မိပြီးမှဗျာ ဒါနဲ့ ဘော်ဒါကလည်း တော်တော် လာဘ်တိတ်တဲ့လူပဲ ” တဲ့ ။ ။
နီကိုရဲ
သဘင်အနုပညာ ဂျာနယ် ၈
လူနှင့် သူတို့၏ဟာသများ - ၁၄
" ကားငှားစီးသူ တစ်ယောက်အကြောင်း (၂) " နီကိုရဲ
ကျွန်တော်ကြုံခဲ့သည့် ကားစီးသူ တစ်ယောက် အခက်အခဲတွေကို ပြောပြတော့ ကားဆရာကပြုံးလေသည် ။
“ ကျွန်တော်ကတော့ တစ်မျိုးပဲဗျ ။ ကျွန်တော့်ကားကို ငှားပြီးရင် နောက်ထပ် လူမတင်တော့ဘူး ။ ကျွန်တော် ကျေနပ်လို့ သွားနိုင်တဲ့ စျေးရပြီးပြီပဲ ။ နောက်တင်စရာ မလိုတော့ဘူး ၊ သဘောတစ်ခုကစျေးမတည့်ရင်တော့ လိုက်ချင်မှ လိုက်မယ်ဗျာ ”
ဒီနေ့ ကားဆရာကတော့ လုပ်နိုင်တာကိုသာ ပြောသောသူ ဖြစ်ရမည် ။ ကျွန်တော်စီးလာစဉ် သု၀ဏ္ဏလမ်း တစ်လျှောက် ကားငှားသူ သုံးလေးယောက်ကို တွေ့ပါ၏ ။ ကိုယ့်ဆရာက ပြုံး၍ လက်ခါပြခဲ့တာ မြင်ရသည် ။ ဒီတော့ သူနှင့် ကျွန်တော် လေပေးဖြောင့် ရင်း ၃၄ လမ်း (အနော်ရထာ)သို့ ရောက်မှန်းမသိ ရောက်သွားသည် ။ ၃၄ လမ်းထိပ်ရောက်မှ ကျွန်တော့်မှာက ငါးရာတန် တစ်ရွက် ၊ နှစ်ရာတန်နှင့် အကြွေ ၂၀သာ ပါသည် ။ သူနှင့် စျေးတည့် လာတာက ၂၅၀ိ ။ သူ့မှာကလည်း ပြန်အမ်းစရာ အကြွေက (၅၀ိ) မပါ ။ ဆယ်တန် တစ်ရွက်သာ ရှိ၏ ။
“ ရတယ်ဗျာပါတဲ့ ၂၂၀ိ ပဲပေးတော့ ”
“ ဟာ မဟုတ်တာ ဆင်းအမ်းလိုက်မယ်လေ ”
“ ကိစ္စမရှိပါဘူးဗျာ တမင်လုပ်တာမှ မဟုတ်ပဲ ၊ ရတယ်ပေး ၊ ကားက အကြာကြီး ဒီနေရာမှာ ရပ်မရဘူး ”
ကျွန်တော်တို့ အပြန်အလှန် နှုတ်ဆက်ပြီး လမ်းခွဲကြ၏ ။ မင်္ဂလာပါတကား ။
ထိုနေ့ညနေဖို့ ပေးစရာ၀တ္တု ၊ ယူစရာ မဂ်္ဂဇင်း ၊ ရစရာ ပိုက်ဆံ ၊ အပ်စရာ Video အခွေတွေ ၊ အပြီးပြော စရာရှိသော စကားတွေပြောကာ ထုံးစံအတိုင်း ကျွန်တော့်အိမ်ပြန်ချိန်က ရောက်လာလေသည် ။ မြို့လယ် အနော်ရထာ ၊ ပန်းဆိုးတန်း ခုံးတံတားပွိုင့် ၊ သွားကောလိပ် ၊ ၃၅၀ ၊ တစ်ယောက်တည်းကြမ်းပြင်နဲ့ နီးပြီး ဘေးမှာ ရောက်နေရင် Negative offset လို့ခေါ်တယ် ။ ခေတ်မီ နောက်ဆုံးပေါ်ကားတွေက Positive offset လို့ခေါ်တယ် ။ ဗိုလ်ချုပ်လမ်းအတိုင်း မောင်းကာ ပွိုင့်ကို ဖြတ်ကာ ရေကျော်နှင့်ပုဇွန်တောင်အကြား ပွိုင့်အကျော် သံလမ်းတွင် ကျွန်တော်စီးလာသောကား ထိုးရပ်ကာ သွား၏ ။
ကားဆရာက အသက်(၅၀)ခန့် ရှီပြီး ပိန်ပိန်ပါးပါး အေးအေးဆေးဆေး လူတစ်ယောက် ။ သူနှင့်ကျွန်တော် စျေးစကားကလွဲ၍ ဘာမှ စကားမပြောဖူးသေး ။ သူက ညည်းတွား၍ ကားတံခါးဖွင့်ကာကားရှေ့အဖုံးကို လှန်သည် ။ ဟိုနှိုက်ဒီနှိုက် စက်နှိုးနေ၏ ။ မရ ။ ကျွန်တော်ရှေ့ ခေါင်းခန်းမှာ ထိုင်နေရတာအားနာလာပြီး ဒုတိယအကြိမ် အဖုံး လှန်နေသော သူ့အနား ရောက်သွား၏ ။ ကားစက်အကြောင်း နားလည်လို့တော့ မဟုတ် ။ ကျွန်တော့်အတွက် ကားပြင်နေသော သူ့ကို အားနာကာ အားပေးရန်အတွက် နံဘေးနားမှာ ရပ်ပေးခြင်းသာ ဖြစ်၏ ။ သူ ဟိုဒီနှိုက်သော်လည်း ကားက ကောင်းမလာ ၊ ကားဆရာကြီးကလည်း ကျွန်တော့်ကို အားနာဟန်တူကာ ကားကို ဒေါသ ဖြစ်နေ၏ ။ ထိုစဉ် ကကတစ်စင်း မီးထိုးကာ ရပ်ရင်း ကားဟွန်းကို တီး၏ ။
“ အေးကွာ ကားက ဖောက်ပြန်ပြီ၊ နောက်နေ့တော့ ပို့မှပါပဲ အေပန့်ပဲကွ ၊ မင်း ပါစင်ဂျာတင်သွားပါလား ”
“ ဘယ်လဲ ”
“ သု၀ဏ္ဏ သွားကောလိပ်နားတဲ့ ၊ ၃၅၀ ”
“ လေးရာပေးပါလား ”
“ ဟေ့ကောင်ကွာ ငါပြောပြီးသား ပါစင်ဂျာကွ ၊ တင်သွားစမ်းပါကွာ ၊ ငါ့ကားက ဒုက္ခဖြစ်နေလို့ ”
အပြန်အလှန် ပြောနေသော သူတို့စကားတွေထဲမှာ ကျွန်တော် တစ်ခွန်းမှ ၀င်မပြောမိ ။ နောက်ဆုံးတော့ ကျွန်တော် ထိုကားထဲ ရောက်သွားသည် ။ ကျွန်တော့် မိတ်ဆွေကြီး ကတော့ ကားရှေ့ဖုံး ကို နှိုက်ကာ ကျန်ခဲ့၏ ။ ကားပေါ်ရောက်ကတည်းက ဒုတိယ ပုဂ်္ဂိုလ်က ဘယ်နေရာက ငှားလာတာလဲ ။ ကားပျက်တော့ ပိုက်ဆံ ပေးရသေးသလား စသည်ဖြင့် မေး၏ ။ ကျွန်တော် အမှန်အတိုင်း ဖြေပါသည် ။ ဒုတိယဆရာက သူသာဆိုလျှင် ထိုခရီးကို ၄၀၀ ယူကြောင်း ထပ်ပြော၏ ။ ကျွန်တော်ဘာမှ ထပ်မပြောတော့ ၊ မပေးမဖြစ်ဆိုလျှင် ၄၀၀ ပေးလိုက်တော့မည် ။
ထိုသို့ စဉ်းစားနေစဉ် ကားက ထိုးရပ်သွား၏ ။ ပုဇွန်တောင်စျေး မှတ်တိုင် အလွန်မှာပင် ဖြစ်သည် ။ကားတားသူ နှစ်ဦး ။ သာကေတ ရုပ်ရှင်ရုံအလွန် ၊ ၃၅၀ိ ၊ ၃၀၀ိ ထားပါ ။ နောက်ဆုံး ကားတံခါး ဖွင့်သံ ၊ပိတ်သံ ၊ ထုံးစံအတိုင်း ကျွန်တော် တစ်ခွန်းမှ မပြောမိ ၊ ဒုတိယဆရာက ကားကက်ဆက်ကို ဖွင့်သည် ။ စိုင်းဆိုင်မော၏ လက်ရွေးစင် သီချင်းအခွေ ။ ကျွန်တော့်ကို အရင်ပို့ပေးရန် ပြောမည်ကြံရင်း ဒုတိယ ဆရာက ပုဇွန်တောင် အကျော်မှာ သာကေတဘက် ချိုးကွေ့သော ပုဇွန်တောင်ကုန်းကို ကွေ့သည် ။
“ ကျွန်တော့်ကိုတော့ အရင်ပို့ပေးဖို့ ကောင်းတာပေါ့ဗျာ ၊ ကျွန်တော်က ပထမငှားတာပဲ ”
“ သာကေတကနေ သု၀ဏ္ဏ အနီးလေးပဲ ၊ ရောက်မှာပေါ့ ၊ ဒီခရီးကို ဒီစျေးနဲ့ လိုက်တာပဲ ကံကောင်း ”
“ စျေးက သွားနေကျစျေးပါ ၊ မကျေနပ်ရင် အစကတည်းက ပြောပေါ့ ၊ နောက်ကား ရတာပဲ ”
ဒုတိယဆရာက ဂီယာ ပြောင်းထိုး၏ ။ စကားတော့ မပြော ။ ထိုစဉ်မှာ နောက်က တက်သော ဆရာတို့က ပြောသည် ။ သူတို့ နှစ်ယောက်က ယောက်ျားတစ်ဦး မိန်းမတစ်ဦး ဖြစ်၏ ။
“ ရှင်က သာကေတပဲ မဟုတ်ဘူးလား ”
“ မဟုတ်ဘူးခင်ဗျ ၊ ကျွန်တော်က သု၀ဏ္ဏ သွားကောလိပ်နား ”
ကျွန်တော် ကမန်းကတမ်း ပြောရသည် ။
“ အာ ... ကျွန်တော်တို့က သာကေတ အတူ အောက်မေ့လုိ့ ။ သာကေတ ၀င်ပြီး ယူစရာတို့ ယူပြီးရင် ဆေးရုံပြန်သွားရမှာ ၊ ကျွန်တော်ဇနီးက ဒီညမွေးမှာ မို့လို့ ”
“ ဘယ်ဆေးရုံလဲ ”
“ ဗဟိုအမျိုးသမီးဆေးရုံ ”
“ ပို့ပေးမယ် အားလုံး ၁၀၀၀ိ ပေးလိုက်ပါလား ”
“ တစ်ထောင် ၊ ကိစ္စမရှိဘူး ၊ ရှေ့က ဆရာက ”
“ ရတယ်သူ့ကို ချထားလိုက်မှာပေါ့ ”
ကားက ပြောပြောဆိုဆို ရပ်သွား၏ ။ နေရာကြည့်တော့ ပုဇွန်တောင်ခုံးတက် ၊ ပြီးနောက် သာကေတ ခုံးတံတား ဆင်းခါနီးနေပြီ ။ ဒီနေရာကကျွန်တော်ကားရဖို့ မလွယ်တော့ ။
“ ဟေ့လူ ၊ ခင်ဗျား ကျုပ်ကို တင်တုန်းက တင်လာပြီး ဒီလို မလုပ်နဲ့လေဗျာ ”
“ တင်ကတည်းက လူကြုံတင်တာပဲ ။ ခင်ဗျားကို ကျုပ်က သိပ်တင်ချင်တာ မဟုတ်ဘူး ။ ပထမကားလိုပဲဆင်းပေါ့ ”
ဒီတစ်ခါတော့ ကျွန်တော် သည်းမခံတော့ပြီ ။
“ ဟေ့လူ ဟိုကားက ကားပျက်လုိ့ ဆင်းရတာ ၊ မတင်ချင်ရင် အစကတည်းက မတင်နဲ့ ၊ ကျုပ်ငှားပြီး လူလည်း ထပ်တင်သေးတယ် ။ ဟိုလူအော်ဒါ ကောင်းတော့ ကျုပ်ကို မောင်းချတယ် ဆိုတော့ ခင်ဗျား တရားသလား ”
“ တရားရချင်ရင် တရားစခန်းသွား ၊ ဒါ ကားမောင်းနေတာ ”
အခြေအနေ အတော်ပြင်းထန်နေစဉ် နောက်မှ ငှားသူထဲမှ လူကြီးက ၀င်စကား ပြော၏ ။
“ ညီလေး အရင်ငှား လာတာ ဆိုရင်တော့ ညီလေးကို အရင် လိုက်ပို့သင့်တာပေါ့ ၊ ကိုယ်တို့ကလည်းအချိန် မရှိတော့ ခက်တယ် ”
“ ရတယ် ၊ အစ်ကို ထိုင်ပါ ၊ ကျွန်တော် အစ်ကိုတို့ကို ပို့ပေးမယ် ”
ကျွန်တော် အထုပ်တွေ ယူကာ ကားပေါ်မှ ဆင်းလိုက်၏ ။ သူတို့ဆက်စကားပြော နေသည် ။ ဘာတွေပြောသည် ဆိုတာ ကျွန်တော် ဒေါသကြောင့် မကြား ၊ မကြာမီ ထိုနှစ်ယောက်လည်း ဆင်းကာလာ၏ ။ ပထမ တစ်ထောင်နဲ့ တည့်ပြီးမှ ၁၅၀၀ တောင်းသည့် အတွက်ဟု ဆိုသည် ။ ကားဆရာက ကားမထွက်မီ အားလုံးကို မသဲမကွဲ အော်ဟစ်ကာ ဆဲသွားသေးသည် ။
၁၀ မိနစ်ခန့် ကားစောင့်ပြီး ကျွန်တော်တို့ နှစ်ယောက်စလုံး ကားရပါသည် ။ ကျွန်တော်က ၂၅၀ိ ၊ ဟိုဆရာများက ၈၀၀ိ ၊ စေတနာ အကျိုးပေး ပင်တည်း ။ ထိုသို့ ကားဆရာများကိုလည်း ကြုံခဲ့ဖူး ပါသည် ။ ။
နီကိုရဲ
သဘင်အနုပညာ ဂျာနယ် ၉
လူနှင့် သူတို့၏ဟာသများ - ၁၅ ( နောက်ဆုံးအပိုင်း )
" ရှေ့ခန်း " နီကိုရဲ
လူဆိုသည်က မည်သည့်နေရာ မည်သည့် အခြေအနေကို ရောက်ရောက် သက်သောင့်သက်သာ အေးအေးဆေးဆေး နေလိုသော သတ္တဝါ ဖြစ်သည် ။ ကမ်္ဘာဦးအစမှ ဒီနေ့အထိ ထိုသက်သက် သာသာ ၊ အေးအေးဆေးဆေး Style ကျကျ နေလိုသော စိတ်ကြောင့် အရာများစွာ တိုးတက် ပြောင်းလဲ လာခဲ့သည် ။ ထို့ကြောင့် အိမ်တွေလည်း ပုံစံမတူ ။ ကားတွေလည်း ပုံစံမတူ ။ နောက်ဆုံးပေါ်ကားဆိုသော ကားတစ်စီး၏ အသက်သည် (၁)နှစ် အပြင် ပိုခံ လေ့မရှိ ၊ မဆုံးနိုင်သော နောက်ဆုံးတွေက အဆက်ဆက် ပေါ်ဦး မည်သာဖြစ်၏ ။
ထိုသို့ သက်သောင့်သက်သာစွာ နေလိုသော ဆန္ဒကြောင့် လိုင်းမျိုးစုံ၏ ကားလေးများတွင်လည်း ရှေ့ခန်းဆိုတာ ပေါ်လာ ရလေသည် ။ ရှေ့ခန်းသည် သီးခြားဆန်သည် ။ ထိုင်စရာ နေရာရသည် ။ တစ်ဦးတည်း ဆိုလျှင် နောက်ခရီးသည်တစ်ဦးနှင့်သာ ဆက်ဆံစရာ ရှိ၏ ။ နှစ်ဦး ဆိုလျှင် ပြီးပြီ ။ လူဆင်းလူတက် ရွှေ့ရပြောင်းရသော ဒုက္ခ ၊အလယ်တန်းမှ ဘေးတန်း ပြောင်းရဖို့ ချောင်းရသော ဒုက္ခ ၊ စပယ်ယာ ညွှန်ကြားမှုနှင့် ကင်းဝေးကာ တွေးချင်ရာ တွေးခွင့်ရသော သုခ၊ Intercon မှ တဂျစ်ဂျစ်နှင့် စပယ်ယာ၏ စကားသံကိုတော့ တစ်ဆိတ်သည်းခံ ရတတ်၏ ။ ကားကို ဘေးတိုက် ၊ ကျောပေး မစီးရဘဲ တည့်တည့်စီးရသည် ကပင် တော်တော်အဆင်ပြေ နေပြီ မဟုတ်ပါလား ။
သက်ကြီးရွယ်အို ၊ အပျိုကလေးများ ၊ ကလေးပုစိကွေးမိခင်နှင့် သံဃာတော်များ အတွက် သင့်တော်သောနေရာ တစ်ခုလည်း ဖြစ်သည် ။ သက်သာအေးဆေးစွာ လိုရာ ခရီးသွားလို သူတို့အတွက် စိတ်၀င်စား စရာနေရာလည်း ဖြစ်သည် ။ ထိုသို့ စီးလိုသူ လူကြိုက်များသော်လည်း ခေါင်းခန်းသည် လူနှစ်ဦးတည်းသာ တင်နိုင်သည့် အတွက် ၀ယ်လိုအား များကာ ရောင်းကုန် ပစ္စည်း ရှားပါးလျှင် စျေးတက်တတ်သော သဘာ၀သာ ဖြစ်၏ ။
နောက်ကားကြည့်ပြီးမှ တံခါးဖွင့်ပါ ။ တံခါးဖြည်းဖြည်း ပိတ်ပါ ။ သံဃာတော်များ ဦးစားပေးပါ ။ ရှေ့ခန်းတစ်ဦး (၃၀ိ/-) ။ ရှေ့ခန်းတွင် တွေ့ရလေ့ ရှိသောစာများ ၊ ရှင်သီ၀လိနှင့် သာမညတောင် ဆရာတော်ဘုရားပုံ စသည်တို့ကို ရှေ့ခန်းမှာ စီးလျှင် တွေ့ရတတ်သည် ။
“ နောက်ကားကြည့်ပြီးမှ တံခါးဖွင့်ပါ ” ဆိုတာကိုတော့ လူအတော်များများ လိုက်နာကြရ၏ ။ ကားဆရာ ကလည်း တစ်ခါတစ်ရံ သတိပေးတတ်သည် ။ “ တံခါးဖြည်းဖြည်းပိတ်ပါ ” ကတော့မရ ။ တချို့ကားတွေက ဒုန်းခနဲဂျိုင်းခနဲ မြည်အောင် ပိတ်ရ၏ ။ ဒါတောင် တံခါးနှင့် တံခါးဘောင်အကြား လက်တစ်လုံးခန့် ဟနေသေး၏ ။ တချို့တံခါးများတွင် အိမ်တံခါးသုံး သံမင်းတုန်းများပင် တပ်ဆင် ထားလိုက်သေးသည် ။ ထို့ကြောင့် အုန်းခနဲ မြည်အောင် တအားကို ဆောင့်ပိတ် ကြရသည် ။ ထိုစာမှာ အပိုသာ ဖြစ်သည် ။
“ သံဃာတော်များ ဦးစားပေးပါ ” ကလည်း သိပ်မထူးခြား ။ ရှေ့ခန်းမှာ ခရီးသည်များ အမိန့်သား ပါလာကြလျှင် ရဟန်းတို့၏ အားသည် သည်းခံခြင်းနှင့် လျော်ညီစွာ သံဃာတော်များ နောက်ဘက်သို့သာ ကြွကြရသည် ။ " ရှေ့ခန်းတစ်ဦး (၃၀) ” ကတော့ အဆိုးဆုံးလွဲမှား နေသော စာကြောင်းသာ ဖြစ်သည် ။ ရှေ့ခန်းမှ စီးလျှင် မည်သူ စီးစီး ငါးဆယ် ပေးရသည် ။ (၃၀) ရေးထားပါလျက်နှင့် (၅၀)ကို ပြောင်းတောင်းကြသည် ။ ဘယ်ကဘယ်လို စသော နားလည်မှုမှန်းမသိ ၊ သူသူ ငါငါ ပေးနေကြသဖြင့် ထုံးစံလိုဖြစ်နေကြသဖြင့် ကျွန်တော်စီးသည့် အခါတွင်လည်း (၅၀)ပေးရပါသည် ။
သိချင်၍ မေးကြည့်တော့ ကိုယ့်ဆရာ ဂီယာထိုးမပျက် ၊ မထူးခြားသော လေသံဖြင့် ပြန်ဖြေ၏ ။ “ သုံးဆယ်ဆိုရင် မကိုက်လို့ ” တဲ့ ။ ၃၀ိ/- ဆိုလျှင် မကိုက်စရာ သူ့အတွက် ဘာများ ရှိပါသနည်း ။ ကျွန်တော် နားမလည်ပါ ။ သူ့နေ့တွက်မကိုက်တာလား ၊ ကားရင်းထားတဲ့ တန်ဖိုးနဲ့ မကိုက်တာလား ကျွန်တော် မသိပါ ။ ကျွန်တော် ထင်တာကတော့ ရှေ့ခန်းစီးချင်သူ များသဖြင့် ကိုယ့်ဆရာများက အကွက်ကောင်း ရကာ တမင်တကာ စျေးတင်ကြဟန် တူပါသည် ။ သက်သက် သာသာသာ အေးအေးဆေးဆေး လူ့ဘ၀ကို လိုင်းကား ကလေးဖြင့် ဇိမ်ခံချင်(သို့) ဒုက္ခ မခံချင်သူတွေ ကလည်း ၂၀ိ/-ကို မကြည့်တော့ဘဲ ပေးလိုက်ကြခြင်းဖြင့် အဆင်ပြေသွားကြဟန်တူ ပါ၏ ။
ဒါတောင်မှ ကိုယ့်ဆရာတွေက ကားရပ်တာနဲ့ ရှေ့ခန်းတန်းဖွင့်လျှင် မကြိုက်ကြ ။ " ရှေ့ခန်းရလား ”ဟုမေးကြရသေး၏ ။ ထိုသို့ မေးလျှင် “ ဘယ်သွားမှာလဲ ” ပြန်မေးသည် ။ ရန်ကုန်မြို့ထဲက မဟာဗန္ဓုလ ပန်းခြံလမ်းလောက်ဆိုလျှင် မတင်တတ်ကြ ။ ၅၀ိ/- တည်းနှင့် မြို့ထဲရောက်မည် ဖြစ်သဖြင့် သူတို့အတွက် ငွေပိုမရနိုင်သောကြောင့် ဖြစ်၏ ။ ၃၈ ကားလေး ဆိုလျှင် ပုဇွန်တောင်စျေးအထိ ကြည်ဖြူစွာ လက်ခံ ကြသည် ။ ၃၉ဆိုလျှင် တာမွေ၊ မင်္ဂလာစျေးအထိ ကြိုက်ကြ၏ ။ ပုဇွန်တောင်စျေး ၊ မင်္ဂလာစျေးအထိ ၁၀၀ိ/- ရတတ်ကြသဖြင့် ပိုသဘော ကျတတ်လေသည် ။
ခေါင်းခန်းရှေ့ခန်းကို အလွယ်တကူ စီးခွင့်ရသည် ဆိုလျှင် ဒုလ္လဘတရား တစ်ခုဟု မှတ်ယူရမလိုဖြစ်လေသည် ။ ညဘက် ဒဂုံသို့ ဆွဲသော ကက ကားများတွင်လည်း ခေါင်းခန်းသည် စျေးကြီး၏ ။ ခေါင်းခန်း၂၀၀ိ/- ၊ နောက်ခန်း ၁၀၀ိ/- ။ ဘန်ဆိုလျှင် နောက်ဖုံးအောက် အခန်းကလေးထဲ တစ်ယောက် ငါးဆယ်ယူသည် ။ ကားစီးရာတွင်တော့ ငွေချမ်းသာလျှင် ဒုက္ခနည်းတတ်သည်မှာ အမှန်ပင် ဖြစ်လေသည် ။ ကျွန်တော်လည်း မကြာခဏဆိုသလိုပင် လေထန်ကုန်းသို့ လာတိုင်း ကားလေးရှေ့ခန်းက စီးလေ့ ရှိသည် ။ ကျွန်တော်နေသော အိမ်က ကားဂိတ်နှင့် တစ်မှတ်တိုင်သာ ဝေးသောကြောင့် ရှေ့ခန်းတွင် စီးရန်အတွက်အခက်အခဲ မရှိသောကြောင့်လည်း ဖြစ်သည် ။
တစ်နေ့ ကျွန်တော် မြို့ထဲသွားရန် ကားဂိတ်ရောက်တော့ ထွက်မည့် ကားခေါင်းခန်းမှာ မိန်းကလေး တစ်ယောက် ရှိနေ၏ ။ ကျွန်တော် ၀င်ထိုင်ပြီး သိပ်မကြာ ၊ ကားထွက်လေသည် ။ ကိုယ့်ဆရာကလည်း ဘယ်သွားမလဲ ၊ ဘာလဲ မမေး ၊ ခပ်အေးအေးပင် ကားကို မောင်းလာလေသည် ။ ကျွန်တော့် နံဘေးက ကောင်မလေးကတော့ ကားမှတ်တိုင် ရပ်တိုင်း ကားဆရာကို ကျော်ကာ မှတ်တိုင် အပြင်ဘက်ကို ပြူးပြူးပြဲပြဲလှမ်းလှမ်း ကြည့်တတ်တာ သတိထားမိသည် ။
သု၀ဏ္ဏ လမ်းဆုံကို ရောက်တော့ ပြဿနာက စလေသည် ။
“ဟာ ... တွေ့ပြီ ၊ ဟေ့ ... ဒီကိုလာဟေး ”
ကောင်မလေးက ကားခေါင်းခန်းမှ အတင်းကြုံကာ အော်သည် ။ မှတ်တိုင်မှ ကောင်လေး တစ်ယောက် ပြေးထွက်ကာလာ၏။ ရှေ့ခန်း နံဘေး လာရပ်သည် ။
“ အစ်ကို အစ်ကို ကျွန်မလူ လာပြီ ”
ကျွန်တော့်ဘက် လှည့်ပြောသော ကောင်မလေး စကားကို ကျွန်တော် နားမလည် ၊ ကောင်မလေးက အကူအညီ တောင်းသလို ကားဆရာကို ပြောပြန်၏ ။
“ အစ်ကို သမီးပြောတဲ့လူ ဒီမှာတွေ့ပြီ အဲဒါ ”
“ ဟာ ... မင်းကို ဂိတ်ကတည်းက ပြောသားပဲ နှစ်ယောက်စာ တစ်ခါတည်း ယူထားလိုက်လို့၊ မင်းမှ မယူတာ ။ အခု ခရီးသည် တင်ပြီး နေပြီ ။ ညှိကြည့်ပေါ့၊ ရရင်တော့ ပြီးတာပဲ ”
ကားဆရာက စိတ်ပျက်လက်ပျက်ပုံစံ (အနည်းငယ် ဒေါသ ထွက်ချင် နေပုံလည်း ရှိသည်)နှင့် ပြော၏ ။ ကောင်မလေးက ကျွန်တော့်ကို အပြုံးကလေးဖြင့် ရှင်းပြသည် ။
“ အစ်ကို ဒီလိုပါ ကျွန်မက သူနဲ့ ချိန်းထားတာ အဲဒါ မသေချာလို့ ခေါင်းခန်းယူ မထားတာ အဲဒါသူက အခုစောင့်နေတော့ ”
ကောင်မလေးက ဆက်မပြောတော့ပေမယ့် ကျွန်တော် သဘောပေါက် ပါသည် ။ ချစ်သူနှစ်ယောက်မြို့ထဲသွားဖို့ ချိန်းကြမည် ။ ကောင်လေး မှတ်တိုင်မှာ စောင့် မစောင့် မသေချာတော့ ကောင်မလေးကရှေ့ခန်းကို တစ်ယောက်စာပဲ ငှားထားသည် ။ ကျွန်တော် တက်စီးပြီး ကောင်လေး ရောက်လာတော့ကျွန်တော့်ကို နှင်ခြင်း ဖြစ်၏ ။ နောက်ခန်းမှာကလည်း အတွယ်တွေ ဘာတွေနှင့် ပြွတ်သိပ် နေပြီ ။ ကျွန်တော်ဆင်းပေး၍ မရနိုင်တော့ ။
“ ဟာ မဖြစ်နိုင်ဘူးလေ ၊ နောက်မှာလည်း ကျပ်နေပြီ ။ ဖယ်ပေးရင် အောက်ရောက် သွားမှာပေါ့ ။ အားတော့ နာပါတယ် ”
ထိုစဉ် စပယ်ယာက “ မောင်း ...” ဆိုသော အသံကို Intercon မှ ကြားရ၏ ။ ကားဆရာကစိတ်မရှည်တော့ပြီ ။ ဂီယာကို ထိုးရင်း ပြော၏ ။
“ ကဲ ညှိလို့ မရလည်း နောက်ကား ပြောင်းစီးလိုက်ကြဗျာ ”
ဘာဆုံးဖြတ်ရမှန်း မသိခင် ရှေ့ခန်းသို့ အဘွားကြီး တစ်ယောက် ရောက်ကာ လာ၏ ။ အသက်က(၇၀)လောက် ရှိမည် ထင်သည် ။
“ သားတို့ရယ် ၊ ဘိုကလေးစျေးကို သွားချင်လို့ပါ ၊ အဘွားမျက်စိခွဲထားလို့ ရှေ့ခန်းလေး ပေးပါ သားရယ် ”
ကျွန်တော် ဘာပြောရမှန်း မသိတော့ ။ ကားဆရာကလည်း စိတ်ညစ် သွားဟန် တူ၏ ။ ဘာဖြစ်၍မှန်းတော့မသိ ၊ ကောင်မလေးရော ကျွန်တော်ပါ ကားပေါ်က မဆင်းကြသေး ။ အဘွားကြီးက ကားတံခါးကို ဖွင့်သည် ။ စပယ်ယာက " မောင်း ” ဆိုသော အသံကို ခပ်ကျယ်ကျယ် ထပ်ကြား ရပြန်သည် ။ ကျွန်တော် တံခါးဖွင့်ကာ ကားခေါင်းထဲက ထွက်မည် အလုပ်မှာ ဦးပဉ္စင်းနှစ်ပါး ကြွလာ ကြ၏ ။
“ ကဲ ... ဒကာတုိ့ ရှေ့ခန်းလေး ဖယ်ပေးကြ ပါလား ၊ ဦးပဉ္ဇင်းတို့ ပုဇွန်တောင်ဘက် ကြွချင်လို့ ”
အသံကြား၍ မော့ကြည့်တော့ ဦးပဉ္ဇင်းနှစ်ပါးကို တွေ့ရသည် ။ တစ်ပါးက လက်မှာ ကျောက်ပတ်တီးစည်းကာ လည်ပင်းတွင် ကြိုးသိုင်း ထားရ၏ ။ လက်ကျိုးလာသော ဂီလာနကိုယ်တော် ဖြစ်သည် ။ ကားဆရာက ကားစက်ကို သတ်ပစ်လိုက်၏ ။
“ ကဲ... ဒကာတို့ သံဃာတော် ဦးစားပေးဆိုတာ ရေးထားတယ် မဟုတ်လား ၊ ဒီကိုယ်တော့်မှာ ဒဏ်ရာနဲ့မို့ပါ ”
ကားထွက်သွားတော့ ချစ်သူနှစ်ယောက် ၊ မျက်လုံးခွဲထားသည့် အဘွားကြီးနှင့် စာရေးဆရာ တစ်ယောက် အူကြောင်ကြောင်ဖြင့် မှတ်တိုင်မှာ ကျန်ရစ်ခဲ့သည် ။
မျက်လုံးခွဲ ထားသော အဘွားကြီးကို နောက်ကားတစ်စီး ခေါင်းခန်းထဲအထိ ကျွန်တော်လိုက်တင်ပေးရသည် ။ ကြိုးကြာမောင်နှံလို တူယှဉ်တွဲ မခွဲနိုင်သော ချစ်သူနှစ်ယောက်ကတော့ ကက ငှားကာလစ်ကြသည် ။ ကျွန်တော် မောမောနှင့် စီးကရက်ထုတ် သောက်ရင်း ကားစီး သမိုင်းတစ်လျှောက် ဒီလောက်ပြဿနာတက်ခဲ့ ရသော ရှေ့ခန်းကို မှတ်တမ်းတင်ရင်း ကြောင်စီစီဖြင့် နောက်ကား တစ်စီး ဆက်စောင့်ခဲ့ရပါသည် ခင်ဗျား ။ ။
နီကိုရဲ
ပြီးပါပြီ ။
သဘင်အနုပညာ ဂျာနယ် ၂၂
Comments