မိတ်ဆွေလေးဦးတို့ ဤသို့ဖြစ်ပျက်နေချိန်တွင် ပေါက်လှမှာလည်းသင်္ကန်းကြီး ဖိုးရိုးဖားရားနှင့် အမရပူမြို့ဘက်သို့ မြင်းကို ဒုန်းစိုင်းနှင်လျက်ရှိသည်။ကံအားလျော်စွာ ယာယီတဲတစ်ခု၏နောက်၌ လှမ်းထားသော အဝတ်အစားတစ်စုံကို တွေ့သဖြင့် ဝင်ရုပ်ခဲ့ပြီး ချုံကွယ်တစ်ခုတွင် သင်္ကန်းချွတ်၍ လူဝတ်လဲလိုက်သည်။ ထို့နောက်ခရီးကိုဆက်ပြန်သည်။အမရပူရအစွန်သို့ရောက်သော် မြင်းတစ်စီးသည် မိမိ၏ရှေ့တူရူမှအပြင်းစိုင်းနှင်လာသည်ကို တွေ့ရ၏။ ပထမသော် ပေါက်လှသည်ရှောင်လွှဲသွားမည်ကြံသေးသည်။ သို့ရာတွင်တစ်ဦးချင်းဖြစ်နေသည်ကိုသတိရသဖြင့် မမှုဘဲ ရှေ့ဆက်တိုးလာသည်။ အနီးရောက်သော်ပေါက်လှမှာ အံ့အားသင့်သွားကာ နှုတ်မှလည်း လှမ်းခေါ်လိုက်မိသည်။
“ဟေး ကိုရင်ဒွန်းဦး ဘယ်လဲ”
ရှေ့မှလာနေသူမှာ ပေါက်လှနှင့် တစ်တပ်တည်းနေ အကြပ်ကြီးဒွန်းဦး
ဖြစ်သည်။
“အလို ပေါက်လှ ဘယ့်နှယ်လှည့်ပြန်လာလဲ”
“အရေးရှိလို့ပေါ့ တပ်ကိုသွားမလို့ ကိုရင်ကကော ဘယ်လဲ”
ဒွန်းဦးက ပတ်ဝန်းကျင်အား လှည့်ကြည့်လိုက်၍ ပေါက်လှနားကပ်ကာ တိုးတိုးဆိုသည်။
“တပ်ကိုသွားရင်သေမင်းပါးစပ်ထဲ ဝင်တာနဲ့ တူနေလိမ့်မယ် အခုဗိုလ်မှူးကိုဖမ်းသွားပြီ”
ပေါက်လှ၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။ သူ ခဲလေသမျှသဲရေကျပေပြီ။
“ဖမ်းသွားပြီ ဘယ်အချိန်ကလဲ”
“နေထွက်တပြူကပဲ ကျုပ်တောင်အသာ အလစ်ပုန်းရှောင်ထွက်လာပြီး မီလိုမီငြား ကိုရင်တို့နောက်လိုက်လာတာ ဘယ့်နှယ်လုပ်ကြမလဲ” ပေါက်လှသည်ခေတ္တတွေဝေသွားသည်။ သို့ရာတွင်သူသည် ကြာရှည်စွာ စဉ်းစားတတ်သူမဟုတ်။ မြင်းဇက်ဆွဲလိုက်သည်။
“နေဦး ကိုရင် ဒါ ဘယ်လဲ”
“ဘယ်ရမလဲ ရွှေနန်းတော်ဆီပေါ့”
“ဒီတိုင်း အရမ်းလုပ်လို့ ဘယ်ဖြစ်မလဲ ကျုပ်လဲလိုက်မယ် ဒီအတိုင်းသွားလို့မဖြစ်ဘူး ရုပ်ကလေး ဘာလေး ပြောင်းကြဦးမှ”
“ကိုရင့်သဘောပဲ ဒါပေမယ့် နောက်ကျလို့မဖြစ်ဘူး လာ မြန်မြန်”
နှစ်ဦးသားသည် နေပြည်တော်ဘက်သို့မြင်းများကို စိုင်းနှင်ကြသည်။
ဤသို့ ရွှေနန်းတော်ပြင်ပ၌ လှုပ်လှုပ်ရ ွရွဖြစ်နေချိန်တွင် ရွှေနန်းတော်တွင်း၌လည်း တီးတိုးဆွေးနွေးလျက် လူအပေါင်းတို့မှာ ဂနာမငြိမ်ဖြစ်နေသည်။
မည်မျှပင် အုပ်ဆိုင်းထားသော်လည်း အက်ရှလေအီဒင် သင်္ဘောဆိုက်ခြင်းနှင့် ဤသင်္ဘောသည် သစ်မှုကိစ္စ နှင့်ပတ်သတ်၍ အင်္ဂလိပ်အစိုးရထံမှ ပြင်းထန်သော ရာဇသံတစ်ရပ် ဆောင်ယူလာကြောင်းကို တစ်ယောက်တစ်ဆင့် ပေါက်ကြား၍ နန်းတွင်းသူနန်းတွင်းသားတို့ သိရှိကုန်ပြီဖြစ်သည်။
အစစအရာရာလျှို့ဝှက်သော နန်းတော်တွင်း၌ အခြေအနေအရပ်ရပ်သတင်းအတိုအထွာတို့အား ပေါင်းစပ်၍ အဖြစ်မှန်ကို ကောင်းစွာတွက်တတ်သော နန်းတွင်းသားတို့မှာ ဤနေ့၏ ထူးကဲသည့်အရိပ်အခြည်တို့ပေါ် မူတည်လျက် နေပြည်တော်၌ အရေးတစ်စုံတစ်ရာရောက်ခဲ့ပြီဆိုခြင်းအား နားလည်ယုံကြည်ကြပြီးဖြစ်သည်။
ဤယုံကြည်ချက်မှာ တောင်ရွှေနန်းဆောင်တော်၌ နံနက်ပဟိုရ်တစ်ချက်တီးမှ စတင်ကျင်းပခဲ့သော နံနက်ညီလာခံသည်ခါတိုင်းထက်ရှည်ကြာလျက် အချိုပွဲတော် သုံးချိန်နီးအထိ မစဲသေးကြောင်းတွေ့ရသော် ပိုမိုခိုင်မာခဲ့သည်။
မှူးမတ်စုံညီသော ဤညီလာခံတွင် သီပေါဘုရင်သာမက မိဖုရားခေါင်ကြီး ထိပ်စုဖုရားလတ်နှင့် မယ်တော်ဆင်ဖြူမရှင် မိဖုရားခေါင်ကြီးပါထွက်စံပါယ်လျက်ရှိသည်။ထိပ်စုဖုရားလတ်၏ အနီး သလွန်အောက်တွင် အထိန်းတော်ကြီး ခင်ဖွားသစ်သည် လည်းကောင်း၊ ဆင်ဖြူမရှင်မိဖုရားကြီး၏ အနီးတွင် ခင်ဘုန်းတို့သည် လည်းကောင်း ဆေးလိပ်၊ မီးခတ်၊ ကွမ်းအစ်တို့နှင့် အသီးသီးပျဝပ်ခစားလျက် ရှိကြ၏။
ညီလာခံ၏ ဆွေးနွေးပွဲမှာ စသည်ဆိုကတည်းက တစ်ဖက်စောင်းနင်းမညီမျှသော ဆွေးနွေးပွဲပင်တည်း။
နိုင်ငံခြားပြည်များသို့ မရောက်ဖူး၊ ကမ္ဘာ့ရေးရာ နားမလည်သူ စစ်လိုလားသည့် တိုင်တားမင်းကြီးတို့၏ ဘက်တော်သားမှူးမတ်များမှာ အများစုဖြစ်နေသည်။ ဤထက် အင်္ဂလိပ်ကို အလျှော့မပေး၊ အရေးဆိုသော် မိမိ၏လက်ဝယ်ရှိ ထက်မြက်လှသော တန်ခိုး အာဏာမှန်သမျှအား အသုံးချလျက် တိုင်တားမင်းကြီးတို့ဘက်မှ ကူညီ ထောက်ခံမည့် မိဖုရားခေါင်ကြီးကလည်း ရှိနေသည်။စစ်မလိုလားသူဟု သံကြီးတမန်ကြီးများအဖြစ် တိုင်းတပါးသို့ ရောက်ဖူးပေါက်ဖူး အတွေ့အကြုံများသူ ကင်းဝန်မင်းကြီး၊ ကျောက်မြောင်းအတွင်းဝန်မင်းနှင့် စာရေးတော်ဦးမြဲတို့သာ လူနည်းစုအဖြစ်ရှိနေသည်။လူနည်း စုအဖြစ်ရှိနေသည့် ဤလူစုအား ကူညီရန်မှာလည်း ယခုအခါမြွေအစွယ်ကျိုး တန်ခိုးအာဏာ ဆံခြည်မျှင်မျှမရှိတော့သည့် မယ်တော်မိဖုရားကြီးတစ်ဦးသာလျှင် ရှိသည်။
မင်းကြီးနှစ်ဦး၏ အသွင်အပြင်မှာလည်း စိတ်ဓာတ်ချင်းကဲ့သို့ပင် ကွာခြားလှသည်။ကင်းဝန်မင်းကြီး၏ အိုမင်းရင့်ရော်သောမျက်နှာမှာ ဝါတော်ကြီးသော
ဆရာတော်တစ်ပါး၏ မျက်နှာအသွင် လေးနက်တည်ကြည်လှ၏။အရောင်ကင်းမဲ့ခဲ့ပြီဖြစ်သော မျက်လုံးအစုံတို့မှာလည်း ဤလောကအားမိမိဖြစ်စေချင်သည်၊ မိမိထင်ရသည်အတိုင်း မကြည့်မမြင်၊ ရှိအပ် ဖြစ်အပ်သည်အတိုင်း မဖောက်မပြန် ကြည့်မြင်တတ်ပုံရ၏။ စင်စစ်သည်လည်း ကင်းဝန်မင်းကြီးမှာ လောကဓံကို ပမာမလုပ်၊ ဟုတ်ရာမှန်ရာကိုဟုတ်ရာမှန်ရာအတိုင်း လက်ခံညှိနှိုင်း ပိုင်းခြားဝေဖန်တတ်သူ(Realist)
ပညာရှိတစ်ဦးအဖြစ် ကျော်ကြားပေ၏။တိုင်တားမင်းကြီး၏ မျက်နှာထားမှာ အုံ့ မှိုင်းတင်းမာသမျှ စူးရှပြောင်လက်သော မျက်လုံးအစုံတို့မှာ စိတ်၏ုပတ်သားခက်ထန်မှုကို ထာဝစဉ်အရောင်ဟပ်နေသည်။ ဟန်ပန်အမူအရာမှာ မောက်ကြွားဝင့်ဝါ မောက်မာသော သဏ္ဍာန်ကို ဆောင်နေသည်။ ဤမင်းကြီးကား ဇာတိမာန်ပြင်းထန်သမျှ ပညာဉာဏ်ထက် လက်ရုံးအားကိုးလိုကာ မိမိအယူကိုဆန့်ကျင်သော် ရန်သူအဖြစ်သာမြင်တတ်သည့် အရှေ့တိုင်းမှူးမတ်အပီ
သကြီး ပီသသူတစ်ဦးတည်း။
ညီလာခံ၌ အောင်မြင်ပြတ်သားသမျှ တစ်ဖက်သား ကြားရသူ ကြောက်အားဝင်စေသည့် တိုင်တားမင်းကြီး၏ အသံမှာ လွှမ်းနေသည်။
“လျှောက်ထားပါသည်ဘုန်းတော်ကြီးဘုရား ဤရာဇသံမှာ ဂုဏ်ခံဝင့်ဝါသည်နှင့်အမျှ မောက်မာစော်ကားလှချေသည် ပထမအချက်အနေနှင့် ခိုးသူကို ခိုးသူအလျောက် အပြစ်ဒဏ်နှင့်အညီတရားဥပဒေအရ စီရင်ပြီးသော သစ်မှုအမိန့်ကို ကုလားဖြူသံတမန်ရောက်သည်အထိရုပ်သိမ်းရွှေ့ဆိုင်းရမည်ဆိုခြင်းသည် ရေမြေ့သနင်း တရားမင်း၏အခွင့်အာဏာအား စော်ကားလှသည် ဒုတိယအချက်အနေနှင့် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးကိစ္စတို့အား အင်္ဂလိပ်အစိုးရက အုပ်ချုပ်စီမံရန်ဆိုသည်မှာ ဘေးတော်စဉ် ဘိုးတော်ဆက် မပျက်သော နန်းရိုး ဘုန်းသမ္ဘာတန်ခိုးနှင့် စိုးစံလာသော ဘဝရှင် ဧကရာဇ်မင်းစင်စစ်တို့၏အခွင့်အာဏာအရာသာ ဖြစ်သည်ကို ကျူးကျော်ချင်းနင်း ဝင်စွပ်ဖက်ခြင်းပင် ဖြစ်ပါသည် ဘုရာ့ကျွန်တော်ရင်းအနေနှင့် ဤမျှ ထိပါးရန်စလာသည်ကို သည်းခံရန်မထင်ပါ ရွှေဉာဏ်ရှင်ဆင်ခြင်တော်မူရန်ဖဝါးခြေခိုက် ဦးတိုက်လျှောက်ထားပါသည်”
တိုင်တားမင်းကြီး စကားဆုံးသော် ညီလာခံသဘင်တစ်ခုလုံးမှာ လှုပ်လှုပ်ရွရွနှင့် တီးတိုးတိုင်ပင် ခေါင်းညိတ်သူညိတ်နှင့် ဖြစ်ကုန်သည်။
လှေသင်းအတွင်းဝန်မင်းကလည်း ထိပ်ထက်ဦးတင်၍ “မှန်ပါ ထိပါးရန်စလာသည်ကို သည်းခံရန်မသင့်ပါ” ဟု တင်လျှောက်သည်။
လှေသင်းအတွင်းဝန်မင်းက စလိုက်သော်မှူးမတ်အပေါင်းမှာ သူ့ထက်ငါ ဦးအောင် ရှိခိုးဦးတင်၍ တိုင်တားမင်းကြီး၏စကားကို ထောက်ခံလျှောက်ထားကြသည်။
တိုင်တားမင်းကြီး၏ မီးလောင်ရာလေပင့် သံတော်ဦးတင်ချက်ကြောင့်မိဖုရားခေါင်ကြီး၏မျက်နှာမှာ ပိုမိုခက်တရော်လာသည်။ မယ်တော်မိဖုရားကြီးမှာမူဖွာလက်စ ဆေးလိပ်ကြီးအား ပါးစပ်မှခ ွာလိုက်၍ သမက်တော် မင်းတရားအား လှမ်းကြည့်လိုက်သည်။
သီပေါဘုရင်မှာမူ ဖြူရော်သော သူ့မျက်နှာ၊ အိပ်ချင်မူးဝေဟန်ရှိမျက်လုံးတို့နှင့် ကျောက်ရုပ်ပမာ မှူးတော် မတ်တော်တို့အား ငေးကြည့်လျက်ရှိနေခဲ့သည်။ ပင်ကိုယ်အားဖြင့် စိတ်နှလုံးနူးညံ့၍ တရားဓမ္မနှင့် စာပေ၌သာ မွေ့လျော်လိုသူ ဖြစ်သဖြင့် ကံဆိုးသောဤမင်းမှာ တိုင်တားမင်းကြီး၏ လျှောက်တင်သံကြားသော်လည်း ဘာဖြေရမည်မသိ။ ပထမလျှောက်တင်သူ၏မျက်နှာအား လှမ်းကြည့်လိုက်သည်။ ထို့နောက်မျက်လုံးများမှာ ကင်းဝန်မင်းကြီးထံ ရောက်သွားပြန်သည်။ နောက်ဆုံး၌မူ မိမိအားကိုးရာလည်းဖြစ်၊ မိမိ၏အင်အားလည်းဖြစ်သော စုဖုရားကိုသာ အဖြေတောင်းဟန် လှမ်းကြည့်လိုက်သည်။
ယခုအချိန်အထိ ကင်းဝန်မင်းကြီးမှာ နှုတ်ဆိတ်လျက်နေခဲ့သည်။မင်းကြီးသည် သလွန်ထက်မှ တင့်တယ်သော မင်းမိဖုရားတို့အားစိုက်ကြည့်နေစဉ် မှူးမတ်တို့၏ လျှောက်တင်ချက်ကို ကြားမိစဉ် ကုန်းဘောင်မြန်မာနိုင်ငံတော်ကြီး၏ ပြိုကွဲပျက်စီးအံ့သောဘေးကို လှမ်းမြင်နေသည်။ ဤမင်း ဤမိဖုရားနှင့် ကျက်သရေရှိလှသော ဤမင်းခမ်းမင်းနားတို့မှာ မကြာမတင် ရက်ပိုင်းလပိုင်းအတွင်း ဤနေရာတွင်ရှိပါလေတော့မည်လောဟုသံသယဖြစ်မိသည်။
မင်းကြီးသည် နောက်ပါးမှခစားရင်း မိမိအား အားကိုးတကြီးလှမ်းကြည့်လိုက်သည့် ကျောက်မြောင်းအတွင်းဝန်မင်းအား တစ်ချက် လည်ပြန်ရှုမိ၏။
ဆင်ဖြူမရှင် မိဖုရားကြီးအနီးမှ ခစားနေသူ ခင်ဘုန်းသည် ဤအရာအားလုံးကို မြင်သည်။ ရင်နှလုံးမှာ တုန်လှုပ်နေကာ လက်ဖဝါးများ၌ချွေးစေးများပင်ပြန်နေရှာ၏။
ထိုအခိုက်တွင် စိတ်နှလုံးတုံးတုံးချလိုက်ဟန်နှင့် ကင်းဝန်မင်းကြီးသည်လှုပ်ရှားလာသည်။ လက်မြှောက်ဦး တင်ရင်း မြေးမြစ်အရွယ်သာရှိသောမင်းမိဖုရားနှစ်ပါးအား ရဲဝံ့တည်ကြည်စွာ ကြည့်ရင်း တစ်လုံးချင်းအေးချမ်း တည်ငြိမ်စွာ လျှောက်သည်။
“တင်ပါသည်ဘုရား ကုလားဖြူအင်္ဂလိပ်တို့၏ ရာဇသံမှာ ဂုဏ်ခံမောက်မာ၍ စော်ကားသည်မှာ အမှန်ပင်ဖြစ်ပါသည် သို့အမှန် ဖြစ်သည်က တစ်ကိစ္စ၊ မခံချင်၍ ဒေါသအလျောက် ငြင်းဆန်သင့်သည်မသင့်သည်မှာ တစ်ကိစ္စဖြစ်ပါသည်။ စိတ်လိုက်မာန်ပါ တုံ့ပြန်ငြင်းဆန်သော် နှစ်ပြည်ထောင်ဆက်ဆံရေး ပိုမိုတင်းမာလာ၍ စစ်ဖြစ်ပွားမည်ကို ဘုရားကျွန်တော် အလွန်စိုးရိမ်ပါသည်”
ဤနေရာ၌ တိုင်တားမင်းကြီးက ဝင်ဖြတ်ပြောလိုက်သည်။
“စစ်ဖြစ်ပွားတော့ကော စိုးရိမ်စရာလော မင်းကြီးရဲ့ ယောက်ျားပီပီတင်စမ်းပါလေ”
ညီလာခံသဘင်မှာ လှုပ်လှုပ်ရွရွဖြစ်သွားပြန်သည်။ ကင်းဝန်မင်းကြီးမှာမူတိုင်တားအား အမှုထားမဖြေ။ တည်ငြိမ်သောအသံနှင့်သာ ဆက်လျှောက်တင်သည်။
“စစ်တိုက်သည်ဆိုသည်မှာ လူချင်းလက်ဝှေ့သတ်ဘိသကဲ့သို့ ကိုယ့်ဘက်က အနိုင်ရမှ ကောင်းပါကြောင်း သက္ကရာဇ် ၁၂၄၂ ခုနှစ်အတွင်းကစ၍ မိုးနဲစော်ဘွားနှင့် အပေါင်းပါ စော်ဘွားတို့ ရိုင်းပြခြားနားသောကြောင့် ယခုတိုင် စစ်သည်ရဲမက် ချီတက်စေ၍ နှိပ်ကွပ်နေရသည့်အရေး၊ နိုင်ငံတော်အနောက်မျက်နှာတွင် ဓားပြလူဆိုးတို့မငြိမ်မသက် ထကြွခြင်းကြောင့် နှိပ်ကွပ်နေရသည့်အရေး၊ အညာမြစ်စဉ်တွင် ကချင်များနှင့် ဗိုလ်ပြုသူ ငခါ ထကြွသဖြင့် နှိပ်ကွပ်ရသည့်အရေး၊ ဗန်းမော်မြို့တွင် တရုတ်ငစက်ကျင် ဝင်ရောက်စီးနင်း၍ မင်းမူသောကြောင့် နှိပ်ကွပ်ရသည့် အရေးများ ရှိခဲ့သည်ဖြစ်၍ မြန်မာနိုင်ငံတော်မှာ လူမမာကဲ့သို့ အင်အားနည်းပါးနေခဲ့ရာ ယခုအခါ စစ်တိုက်မည်ဆိုသော် ကြေးငွေလည်း မပြည့်စုံသေး၊ လက်နက်ကိရိယာလည်း မပြည့်စုံသေး ဖြစ်သောကြောင့်သည် တစ်ကြိမ်သည်းခံတော်မူပြီးလျှင် သူတို့အလိုရှိရာ ခွင့်ပြုတော်မူပြီးကာလ နောင်ကို ကြေးငွေလက်နက် လူသူ အင်အားနှင့် ပြည့်စုံသောအခါမှ စစ်မက်ချီတက်တိုက်ခိုက်သင့်ပါကြောင်း”
ကင်းဝန်မင်းကြီးစကားဆုံးသော် တစ်ဖက်မှ မကြားတကြား သရော်လှောင်ပြောင်ခနဲ့သံများ ထွက်လာသည်။ လှေသင်းအတွင်းဝန်ကမူအသံထွက်အောင်ပင် ပမာမခန့်ရယ်လိုက်သည်။
“ဒီမင်းကြီးပါးစပ်က ဒီစကားပဲ အမြဲထွက်တာပဲ ဟား ဟား ဟား”
“မောင်ကောင်းပြောတာ သင့်မြတ်ပေတယ် ဒီတစ်ကြိမ်တော့သည်းခံထိုက်တယ်”
မယ်တော်မိဖုရားကြီးက ဝင်ဆိုသည်။ သို့ရာတွင်အသံအားလုံးအား စူးရှခက်ထန်သော ထိပ်စုဖုရားကြီး၏ အသံက လွှမ်းပစ်လိုက်သည်။ထိပ်စုဖုရားသည် မယ်တော်အား မျက်စောင်းတစ်ချက်ထိုးလိုက်ပြီးသောက်နေသောဆေးလိပ်ကို ခင်ဖွားသစ်အား ပေးလိုက်၍ ကင်းဝန်မင်းကြီးအား မီးထွက်မတတ် မျက်လုံးများနှင့် စူးစိုက်ကြည့်လျက်လက်ညှိုးငေါက်ငေါက်ထိုး၍ အော်လိုက်သည်။
“ဒီအဘိုးကြီးဟာ အားရင်ကြောက်နေတာပဲ အတူတူပဲ ဒီအဘွားကြီးကလဲ သင်းတို့နှစ်ယောက်ပေးစားထားဖို့ ကောင်းတယ် အို မဖြစ်ပါဘူး မိန်းမလျာကြီးဟာ ဘယ်မိန်းမနဲ့မှမတန်ဘူး ထဘီဝတ်ထားဖို့ ကောင်းတယ် ဟဲ့ ခင်ဖွားသစ်ညနေကျ ထဘီတစ်ထည်နဲ့ ကျောက်ပျဉ်တစ်ချပ် သင်းအိမ်ကိုပို့လိုက်စမ်း”
ထိပ်စုဖုရား၏ စကားရပ်များမှာ ထီးနှင့်မတန် နန်းမဆန် ကြမ်းတမ်းလှသဖြင့် သီပေါဘုရင်မှာ ယောင်ယမ်းကာ မိမိ၏နားအား မိမိလက်ဝါးနှင့်အုပ်ထားမိသည်။ နောက်မှ သတိရကာမိဖုရား၏လက်အား ဆွဲကိုင်လှုပ်ယမ်း၍ “အို မိမိ ဘယ့်နှာတွေ တော်စမ်းပါမောင်ဘုရားပြောပါ့မယ်” ဟု တားရှာသည်။
တိုင်တားမင်းကြီးပင်လျှင် ထိတ်လန့်တုန်လှုပ် ရှက်စိတ်ဝင်ကာ ဦးခေါင်းငုံ့ထားမိသည်။ မယ်တော်မိဖုရားကြီးမှာ ရှက်လှလွန်းသဖြင့် နေရာမှ ရုတ်တရက်ထကာ ခင်ဘုန်းအားခေါ်၍ ညီလာခံမှထွက်သွားသည်။
ကင်းဝန်မင်းကြီးသာ မျက်လုံးများနီရဲသွားရုံကလွဲ၍ မတုန်မလှုပ်ရှိသည်။ညီလာခံတစ်ခုလုံးမှာ မီးကိုရေနှင့်သတ်သည့်ပမာ ငြိမ်ကျသွား၏။
စုဖုရားလတ်သည် အမြင့်မှနေ၍ မှူးမတ်များအား ဒေါသမပြေသေးသည့်ဟန် ခက်ထန်စွာစိုက်ကြည့်လျက်“ကဲ ပြောစမ်း ဘယ်သူကြောက်စကား ပြောဦးမလဲ ဟင်း စုလတ်အကြောင်း သိသွားမယ်” ဟုဆက်ကြိမ်းနေသည်။
မိဖုရားထိုင်သွားသော် ကင်းဝန်မင်းကြီးက ရဲရင့်တည်ကြည်စွာ မျက်နှာအား မော့လိုက်သည်။ ကြောက်ရွံ့ခြင်းကင်းသော ဤပညာရှိကြီး၏မျက်နှာမှာ ဝမ်းနည်းမှုနှင့် မခံချင်မှုများ ရောစွက်ပေါ်နေသည်။ သို့ရာတွင် လျှောက်တင်သံမှာ တုန်လှုပ်မှုမရှိ ပကတိတည်ငြိမ်လှသည်။
“အရှင်နှစ်ပါးတို့ ထားရင်လဲ ရှင်ရပါမည် သတ်ရင်လဲ သေရပါမည် သို့ရာတွင် နတ်ရွာစံမင်းတရားကြီးဘုရား လက်ထက်မှစ၍ ယခုရွှေနန်းရှင်လက်ထက်အထိ ခစားခဲ့သော ကျေးဇူးသစ္စာတို့ကိုထောက်၍လျှောက်တင်ပါသည် အို မင်းမြတ် ကျွန်တော်မျိုးထပ်၍တင်ပါ၏ အားအင်ချည့်နဲ့၍ လူမမာသဖွယ်ရှိနေသောဤနိုင်ငံသည် စစ်မက်ကို နိုင်အောင် ဘယ်နည်းနှင့်မျှ မတိုက်နိုင်ကျွန်တော်မျိုးအား ကြောက်ရွံ့သူ ထဘီနှင့်သာ တန်သည်ဟု ဆိုပါလေ ဆိုရုံမက အမျက်ထားတော်မူလျှင် စွဲသောဓားနှင့် အသက်ကိုစီရင်တော်မူမိမိ၏အရှက် မိမိ၏အသက်အတွက် နိုင်ငံနှင့်အရှင်သခင်အပေါ် ကျရောက်မည့်ဘေးကို မြင်လျက် မမြင်ကျွံပြုသည်မှာကျေးဇူးသစ္စာတော်ကို အကယ်စင်စစ် စောင့်သိသူတို့ပြုအပ်ရာမဟုတ် နောင်ရာဇဝင်ကြောင်း၌ မောင်ကောင်းရှိလျက် နိုင်ငံရေတိမ်နစ်ရလေဟု ပညာရှိတို့၏ကဲ့ရဲ့မည်ကို ကျွန်တော် မခံလိုပါ ဤသို့ခံရမည်ထက် ဤနေရာတွင်အသက်ဆုံးရမည်က ပိုမြတ်ပါ၏”
ရင့်ကျက်သော ဣနြေ္ဒ၊ လေးနက်တည်ကြည်သော ဤအသံဝယ်ထူးခြားသော တန်ခိုးသတ္တိက ဝင်နေသည်။ ထို့ကြောင့် စောစောကလျှင် ခက်ထန်ခဲ့သော စုဖုရားလတ်ပင် ဤဝန်အိုကြီးအား မမြစ်တားမိ။
“အို မင်းမြတ် ရှေးပညာရှိတို့ ဆိုခဲ့ပါ၏ ကျွန်တော်လဲမကြာခဏ တင်ခဲ့ပါ၏ ပြည့်မျက်လုံးကို မဖောက်ရာ၊ ပြည့်လက်ရုံးအား မဖြတ်ရာ၊ ပြည့်ဝမ်းဗိုက်အား မပေါက်စေရာ ယခုပြည့်မျက်လုံးအများတို့ အဖောက်ခံရပြီးလေပြီ ပြည့်လက်ရုံးအများတို့ ကျိုးပြတ်ပြီးလေပြီ ပြည့်ဝမ်းဗိုက်တို့လဲ အဆန်မရှိ အခွံနှင့်သာရှိခဲ့လေပြီ ဤအခြေနှင့် တိုင်းခြားရန်စွယ်အားအဘယ်ပုံ ချိုးနှိမ်နိုင်အံ့နည်း အင်္ဂလိပ်မင်း၏ အင်ပါယာနိုင်ငံဝယ်လူဦးရေကား ၄၈ ကုဋေ ၆ သန်းကျော် ရှိပါ၏ အင်္ဂလိပ်မင်းပိုင်နိုင်ငံတော်အတွင်း တစ်နှစ်အတွင်း ကောက်ခံရ အရပ်ရပ်အခွန်တော်ငွေကျပ်သုံးဒဂ င်္ါးပြားရေ ၁၁၉၉ ကုဋေကျော် ရှိပါ၏ ဤသည်ကို လူဦးရေ ၆၈၄၀၀၀၀ ကျော်၊ အရပ်ရပ်ကောက်ခံရ အခွန်တော်ငွေ ကျပ်သုံး
ဒဂ င်္ါးပြားရေ ၉၅၉၀၀၀ ကျော်သာရှိသော မြန်မာနိုင်ငံက စစ်မက်ဖက်ပြိုင်သည်ဆိုရာမှာ သတ္တိရှိရာ မမည်ပေ အို မင်းမြတ်နောက်ဆုံး တောင်းပန်လျှောက်တင်ပါ၏ သည်တစ်ကြိမ် သည်းခံတော်မူ၍ ရာဇပရိယာယ်သုံးကာ ပြည့်ရန်လုံးကို ဖယ်ရှားတော်မူပါ”
စကားဆုံးသည်နှင့်တစ်ပြိုင်နက် ကင်းဝန်မင်းကြီးသည် ကျောက်ရုပ်ပမာမလှုပ်မရှား ထိုင်နေတော့သည်။
ညီလာခံသဘင်မှာ ပို၍ပင်တိတ်ဆိတ်ငြိမ်သက်သွားသည်။သီပေါမင်းတရားသည် ကြောက်ရွံ့ခြင်းကင်းသော ဤဝန်အိုကြီး၏မျက်နှာအား တစ်ချက်စိုက်ကြည့်မိသည်။ ပထမဆုံးအကြိမ်အဖြစ်ဤဝန်အိုကြီး၏ စကားများအား မနာယူမိသည်ကို နောင်တရသယောင်
ဖြစ်မိသည်။မင်းတရားသည် သက်ပြင်းရှိုက်လိုက်သည်။ ဖြူရော်သောမျက်နှာဝယ်အလောင်းမင်းတရား၏ သွေးသည် ဝင်းထိန်လာသည်။ ပထမဆုံးနှင့်နောက်ဆုံးအကြိမ်အဖြစ် မိဖုရား၏ သွေးဆေးချက်ကင်းသော စီရင်ချက်ကိုပြု သည်။ ပထမဦးဆုံးနှင့် နောက်ဆုံးသော မှန်ကန်သည့် စီရင်ချက်ပင်တည်း။
“မှူးတော်မတ်တော်အပေါင်းတို့ ကင်းဝန်သက်တော်ရှည်ဘိုးဘိုး၏လျှောက်တင်ချက်သည် သင့်မြတ်လှသည်ဟု ငါကိုယ်တော်မြတ်ယုံကြည်တော်မူသည် ဤအရေးကိစ္စသည် ကြီးလေးလှသည်ဖြစ်သဖြင့် အတန်တန်ဆင်ခြင်မှ ဖြစ်တော့မည် ညညီလာခံ၌ တိုင်ပင်ဆွေးနေ ွး၍ အမိန့်တော်မြတ် ချမည် ဤညီလာခံစဲစေ မောင်မင်းများ”
သီပေါကိုယ်တော်သည် အမိန့်ချပြီးသည်နှင့်တစ်ပြိုင်နက် မိဖုရားကိုပင်မစောင့်တော့ဘဲ အပန်းဖြေရာ နံ့သာဖြူ စံနန်းဆောင်သို့ တစ်ကိုယ်တည်း ကြွချီတော်မူသည်။
တိုင်တားမင်းကြီးနှင့်တကွ ဘက်တော်သား မှူးမတ်အပေါင်းတို့မှာအလျှိုလျှိုညီလာခံခန်းမမှ ထွက်သွား ကုန်သည်။ကျန်ရစ်သူ ကျောက်မြောင်းအတွင်းဝန်မင်း၊ စာရေးတော်ကြီးဦးမြဲတို့သည် ရွှန်းပီတိအဖြာဖြာနှင့် ကင်းဝန်မင်းကြီးအား ဦးသုံးကြိမ်ချကန်တော့ကြသည်။
ကင်းဝန်မင်းကြီးသည် နေရာမှထထွက်ခဲ့စဉ် စိတ်တွင်း၌လည်း အောက်မေ့မိသည်။
မိမိတာဝန် ကျေပွန်ပေပြီ။ နိုင်ငံ၏ ဘေးအန္တရာယ်တစ်ရပ်ကိုလည်းပယ်ရှားခဲ့ပြီးလေပြီ။
သို့ရာတွင် ရွှေနန်းတော်ဆောင်နှင့် ကပ်လျက် အနောက်ဖက် မိဖုရားခေါင်များ ခေတ္တစံမြန်းရာ အဆောင်ကြီး၌ ဘာတွေ ဆက်လက်ဖြစ်ခဲ့သည်ကို ကင်းဝန်ပညာရှိကြီး မသိရှာ။
ထိပ်စုဖုရားလတ်သည် အဆောင်တော်ကြီး၏ သလွန်တော်ထက်တွင်ထိုင်မိစဉ် စိတ်တွင်း၌ မကျေမနပ်ဖြစ်နေသည်။ ကင်းဝန်မင်းကြီးကိုပင်လော၊ မောင်တော်ဘုရားကိုပင်လော၊ မိမိကိုယ်ပင်လော မဝေခွဲတတ်။ ထိုအခိုက်တွင်ပင် သလွန်အောက်၌ တိုင်တားမင်းကြီးနှင့်အပေါင်းပါမှူးမတ်တို့ ခစားရောက်လာသည်။တိုင်တားမင်းကြီးက လျှောက်တင်သည်။
“အရှင်မိဖုရား ကင်းဝန်၏ကလိမ်ဉာဏ်ကြောင့် ရွှေနန်းရှင်မဝေခွဲနိုင်၍ ပွဲတွေ့အမှားကို ကြုံရပါတော့မည် အရှင်မိဖုရားကယ်တော်မူပါ”
ထိပ်စုဖုရားသည်ခက်ထန်စွာ မှူးမတ်များအား ကြည့်လိုက်သည်။
“ဘာ အခုမှ ကယ်တော်မူပါလဲ စောစောက ဟိုဝန်အိုကြီး တင်နေတုန်းကတော့ အ,အကြီးတွေလို ပါးစပ်ပိတ်နေကြပြီး ဟင်း”
“အပြစ်တင်တော်မူရင် ခံရမည့် ကျွန်များပါ ဘုရား အရှင်နှစ်ပါး၏အလိုတော်ကိုပါ ကြည့်နေရသူများ ဖြစ်ပါသည် ရွှေနန်းရှင်ဖုရားကိုယ်တော်တိုင် တစ်ဖက်စကားကို နားဝင်ယုံကြည်နေတော် မူနေရာမှာဖုရားကျွန်တော်မျိုးတို့ ဆင်ခြေမကွန့်ဝံ့ပါ”
“ကိုင်း ကိုရွှေဝန်အတို့ တင်ကြစမ်း ဘာကိစ္စလဲ”
တိုင်တားမင်းကြီးက လှေသင်းအတွင်းဝန်မင်းဖက် လှည့်အချက်ပေးလိုက်သည်။ အတွင်းဝန်မင်းက လျှောက်တင်၏။
“မှန်ပါ ပရိသတ်ဗိုလ်ပုံအလယ် မလျှောက်အပ်သည့် အတွင်းစကားကို တင်ပါသည် ယခု ကင်းဝန်၏ တင်လျှောက်ချက်ကိုထောက်သော် ဤဝန်အိုသည် အင်္ဂလိပ်နှင့်ပေါင်း၍ ညောင်ရမ်းမင်းသားအား နန်းတင်ရန် အကြံရှိသည်မှာ လယ်ပြင်တွင်ဆင်သွားသည့်ပမာထင်ရှားလှပါသည် ယခုပင် ညောင်ရမ်းသူလျှိုတို့ အတွင်း၌ လှိုက်စား၍ ခြေရှုပ်သမျှကို ဖုရားကျွန်တော်မိထားပါသည်”
ညောင်ရမ်းဟူသော အသံကိုကြားသည်နှင့်တစ်ပြိုင်နက် စုဖုရားလတ်၏မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။
အတွင်းဝန်မင်းသည် မိဖုရား၏မျက်နှာထားအား အကဲခတ်လျက် ဆက်လက်တင်လျှောက်သည်။
“အင်္ဂလိပ်သူလျှို ညောင်ရမ်း၏ကျေးကျွန်တို့မှာ အရှင်မိဖုရား၏ အရိပ်ကိုခိုလှုံကာ ကျေးဇူးတော်ကိုပင် မထောက်၊ ဖောက်ဖောက်ပြားပြား သူ့လူကိုယ့်ဘက်သားလုပ်နေသည်ကို သိသည်မှာ ကြာပြီဖြစ်သော်လည်းသက်သေခံ မလုံလောက်၍ အရေးမယူနိုင်ခဲ့ပါ ယနေ့မှ လက်ပူးလက်ကြပ်မိပါသည်”
“ကိုယ့်လူသူ့ဘက်သားလုပ်သူ စုဖုရားရ ဲ့ကျေးကျွန်ဆိုတာ ဘယ်သူလဲ”
“မှန်ပါ ရနောင်အရေး၌ နာမည်ရခဲ့သူ နေမျိုးဘွဲ့ အသနားခံရတဲ့ သူရိန်ငယ်ပါ”
မိဖုရား၏မျက်နှာသည် မယုံကြည်နိုင်ဖွယ်သတင်းအား ကြားရသည့်ပမာတွေဝေသွားသည်။ ခဏ၌ပင် ထီးနန်းရာထူးအရေး၌ သွေးရင်းသားရင်းတို့ပင်သစ္စာမရှိကြောင်း သတိရလာသည်။
“ဘာသက်သေများ ရထားရသတုံး”
အတွင်းဝန်မင်းက လက်ခုပ်တစ်ချက်တီး၍ အချက်ပေးလိုက်သည်ခဏ၌အဆောင်တွင်းသို့ ဒယီးဒယိုင်နှင့် ဗိုလ်ကျော်ခေါင်သည် ဝင်လာ၏။သူ၏အဝတ်တို့၌ သွေးတို့ဖြင့် စိုရွှဲနေကာ ဖုန်မှုန့်တို့လည်း လိမ်းပေနေသည်။
“အလို တောင်ထားဝယ်စုသားထဲက ပါလား ကိုင်း မချန်မချွင်း သံတော်ဦးတင်စမ်း”
ဗိုလ်ကျော်ခေါင်က သူသိခဲ့သမျှအား တင်လျှောက်သည်။ သူသိသမျှမှာလည်း ဦးသာဖြိုး ပြောခဲ့သမျှသာ ဖြစ်သည်။
“အဲဒီအကြောင်းတွေကြောင့် ကျွန်တော်မျိုးဟာ ဗိုလ်သူရိန်နဲ့တကွသူ့တပည့်တို့အား မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုခဲ့ပါတယ် မနေ့ကတော့ သူ့တပည့် ပေါက်လှကို ခြေရာခံလိုက်ရာမှာ ဖရန်စစ်သံရုံးမှ ထွက်ပြေးတဲ့ သွေးသောက်ငမြတ်ကျော်နဲ့ ချိန်းတွေ့တာမိပါ
တယ် အကြောင်းစုံသိလိုသဖြင့် မဖမ်းသေးပဲ ခြေရာခံ ဆက်လိုက်ခိုက် မျက်ခြေပြတ်သွားပါတယ် သို့ရာတွင် ခိုင်လုံသောသက်သေခံရပြီဖြစ်၍ အတွင်းဝန်မင်းအမိန့်နဲ့ ဗိုလ်သူရိန်ကိုကြိုတင်ဖမ်းထားသည်မှာ မိပါပြီ ပေါက်လှကိုမူတပ်မှာမတွေ့ပါ နောက်ဆုံး တလောက မြင်းခြံ၌ လွတ်ထွက်သွားခဲ့တဲ့ သူလျှိုမှုနဲ့ ဆက်စပ်ပြီး မြင်းခြံဘက် သင်းတို့ထွက်လိုထွက်ငြား ထွက်ခဲ့သော် မီလိုမီငြား ကျွန်တော်ကိုယ်တိုင် မြင်းငါးစီးန ဲ့လိုက်ရာမှာ ကဲမြင့်တံခါးတွင်ကံအားလျော်စွာ မိမီပါတယ် သို့ရာတွင်လက်ရမိလုဆဲဆဲ မမျှော်လင့်ပဲ မိုးနဲစော်ဘွားနှင့် အပေါင်းပါတို့ကပါ ဝိုင်းဝန်တိုက်ခိုက်ခြင်း ခံရပါသဖြင့် ငယ်သားလေးဦး အသက်ဆုံးရှုံးပြီး ကျွန်တော်မျိုးမှာ ယခုကဲ့သို့ဒဏ်ရာနှင့်အသက်လုဆုတ်ခဲ့ရပါသည်ဘုရား”
စုဖုရားလတ်သည် ငြိမ်သက်နေခိုက် အတွင်းဝန်မင်းက ဝင်လျှောက်သည်။
“ယခုအရေးမှာ သာမညအရေးမဟုတ်ပါ အင်္ဂလိပ်ကုလားဖြူ၊ညောင်ရမ်းမင်းသား၊ မိုးနဲစော်ဘွားတို့ တစ်ကျိတ်တည်း တစ်ဉာဏ်တည်း နေပြည်တော်နှင့် ရွှေနန်းတော်တို့ကို လုပ်ကြံနေသည်ပင်ဖြစ်ပါသည် သို့ဖြစ်သဖြင့် အင်္ဂလိပ်ကုလားဖြူအား အလျှော့ပေး၍ကင်းဝန်မင်း တန်ခိုးတက်ခဲ့သော် ရှေ့ရေးအား ကျွန်တော်မျိုး မတွေးဝံ့တော့ပါ သူလက်ဦးသည်ထိမစောင့်ဘဲ ကိုယ်ကဦးအောင်ပြင်ဆင်သင့်ပါသည် စစ်တို့မည်သည် တစ်နေ့ဦးလျှင် ဦးသည့်အလျှောက်အရေးပေါက်လှပါသည်”
အချက်ကျလာသဖြင့် တိုင်တားမင်းကြီးကပါ ဝင်တင်လျှောက်သည်။
“ဘုရား ရွှေဘုန်းတော်မြတ်ကြောင့် စစ်မက်တိုက်ခိုက်လျှင် အောင်တော်မူပါလိမ့်မည် ဓနုဖြူညောင်တုန်းမှစ၍ ရန်ကုန်မြို့ပေါ်နှင့်တကွကျောက်တိုင်တောင်ဘက် မြစ်စဉ်တစ်လျှောက်မှာပင် အကြောင်းရှိလျှင် အင်္ဂလိပ်တွေကို ခုတ်သတ်ပစ်ရန်ထားသော ကျွန်တော်မျိုး၏ အတွင်းလူတွေ အခန့်သင့်ရှိပါကြောင်း”
လှေသင်းအတွင်းဝန်မင်းကလည်း “ကျွန်တော်မျိုး၌ လှေသင်းလေးတပ်က လူလေးထောင်ကျော်၊ ထို့ပြင် ‘နောင်မဆိုးနှင့်သတိထား’ ဟူ၍စာတန်းထိုးမှတ်ထားသည့် ဓားပြလုပ်ဖူးသူ လူသုံးထောင်ကျော်၊ ပေါင်းခုနစ်ထောင်ကျော်တို့ အမှုတော်ထမ်းရန် အသင့်ရှိကြောင်းပါ” ဟုလျှောက်တင်သည်။
ဤတွင်ပါရှိသောမှူးမတ်တို့ကလည်း ဆွေသားမျိုးသား လူပေါင်းငါးရာ၊လူပေါင်းလေးရာ၊ လူပေါင်းသုံး ရာနှင့် အမှုတော်ကို ထမ်းနိုင်ပါကြောင်းကို အသီးသီးတင်လျှောက်ကြသည်။
စုဖုရားလတ်သည် မာန်ဖီသော ကျားမသဏ္ဍာန်သလွန်တော်မှ ထလိုက်သည်။
“ရွှေနန်းရှင် မောင်တော်ဘုရား အခုဘယ်မှာ စံနေသလဲ”
“နံ့သာဖြူ စံနန်းတော်မှာပါ ဘုရား”
“ကောင်းပြီ ဒီညညီလာခံမှာ လိုအပ်သည့်အမိန့် ချမှတ်စေရမည် မပူကြနှင့်ကိုယ့်တပ်ကိုယ်စုစည်း၍ အဆင်သင့်ရှိကြစေမိထားသော သစ္စာဖောက်မှန်သမျှ မကြွင်းမကျန် အမှုကုန်အောင်စစ်ဆေးပြီး သွားမြဲလမ်းသွားကြစေ ကျန်ရှိနေသေးသော် မည်သူ့မျက်နှာမှမထောက်၊ ဖမ်းဆီးရန်မနှေးနှင့်”
ဤသို့မိန့်တော်မူပြီးသော် စုဖုရားလတ်သည် ဒေါသမာန်ပါပါနှင့် သီပေါမင်းစံရာ နံ့သာဖြူနန်းဆောင်သို့ ကြွသွားလေသတည်း။
ထိုအချိန်တွင် သစ်တပ်တော်ရှေ့ ရေ ွးတော်ယူ တံခါး၏ လက်ယာဘက်ရှိရာဇဝတ်ရုံး၏ အနီးတစ်ဝိုက်၌ အမှုဆိုင်လာကြသော လူပရိသတ်များအကြားတွင် မဟာမေဒင်ဘာသာဝင် ကုလားတစ်ဦးနှင့် တရုတ်တစ်ဦးမှာ ယောင်လည်လည်နှင့် လမ်းသလားလျက် ရှိနေသည်။
စင်စစ်ကုလားမှာ ပေါက်လှဖြစ်၍ တရုတ်မှာ ဒွန်းဦးပင်ဖြစ်သည်။ ဤအဝတ်အစားများကို သူတို့ရခဲ့သည်မှာ မခက်လှ။ ရွှေမြို့တော်သို့အဝင်လူပြတ်ရာ၌ ပထမဆုံးတွေ့ခဲ့သော ကုလားနှင့် တရုတ်တို့ထံမှ ရိုက်လုခဲ့ကြခြင်းဖြစ်သည်။
တရုတ်သည် လမ်းမတော်အားကျော်၍ ရွေးတော်ယူတံခါး လက်ဝဲဘက်ရှိတရားရုံးတော်ဘက်သို့ ကူးသွားသည်။ ထို့နောက် တရားရုံး၏ အရှေ့ဘက်ရှိ ထောင်ကြီးသို့ မသိမသာ လှမ်းအကဲခတ်နေသည်။
ကုလားကမူ ရာဇဝတ်ရုံးအရှေ့ဘက်ရှိရာဇဝတ်ပြစ်မှု ကျူးလွန်သူတို့ကိုစီရင်ချက်မချမီ ချုပ်နှောင်ထားရာ လက်မထောက်တန်းဘက်သို့ ထွက်လာသည်။လက်မထောက်တန်း ပတ်ပတ်လည်မှ အကဲခတ်ကြည့်သော်လည်း သူတွေ့လိုသူအား မမြင်မိ။
ထိုအခိုက်တွင်ပင် အစောင့်တစ်ဦးက ကွမ်းတံတွေး ထွေးလိုက်သည်။ကွမ်းတံတွေးမှာ ကုလားအနီးသို့ ကျလာသဖြင့် ကုလားမှာ လန့်ခုန်လိုက်သည်။
အစောင့်ဖြစ်နေသူ ကျောက်လုံးမှာ “ကန်တော့ ကန်တော့”ဟုဆိုပြီးမှ ကုလားတစ်ဦးအား မြင်သဖြင့် လှမ်းဟောက်လိုက်၏။
“အံမာ ငါ့လူမှတ်လို့ ခွေးကုလားကိုး ဘာ ဒီနားယောင်ပေယောင်ပေ လာလုပ်နေလဲ ငါ တယ် လိုက်နားရင်းအုပ်လိုက်ရ”
ကုလားပေါက်လှက အင်မတန်ကြောက်ရွံ့ဟန် ဆလံအထပ်ထပ်ပေးသည်။
“ခွေးမသား ကုလား လာစမ်း နင်ပိုက်ဆံပါလား ပေးစမ်း”
ပေါက်လှက ဟိုစမ်းဒီစမ်းလုပ်နေခိုက် အခြားအမှုထမ်းတစ်ဦးကကျောက်လုံးနား ကပ်လာသည်။
“အလို ကိုရင်ချစ်စံ နောက်ရုံးမှာ အစောင့်ကျဆို ဘာလာလုပ်လဲ”
“အရေးကြီးလို့ ကိုရင်ရေ့ ကျုပ်တို့အစောင့်ကျတုံး ဖရန်စစ်သံရုံးကသွေးသောက်ကြီး ဦးမြတ်စံနဲ့ပြေးတဲ့သူလျှို မိပြီဆိုပါလား”
“ဟင် ဟုတ်လား”
“ဘယ်သူမှတ်သတုံး ဗိုလ်သူရိန်တဲ့ ကိုရင်ရေ့”
“မြတ်စွာဘုရား ဗိုလ်သူရိန်”
“ဒါတင် ဘယ်ကမလဲ သူတို့နဲ့ တစ်ဂိုဏ်းထဲသားတွေတောင်လိုက်ဖမ်းကုန်ပြီ အနောက်ဆောင်က ခင်ဘုန်းဆိုတဲ့ အပျိုတော်တစ်ယောက်တောင်ဖမ်းလာတာ တွေ့ခဲ့ရတယ်”
“ဟေ”
ပေါက်လှသည် ဤနေရာတွင် ကြာကြာမနေသင့်တော့မှန်း သိသည်။ထို့ကြောင့် နှစ်ဦးသား စကားကောင်းနေခိုက် အလစ်တွင် သွက်သွက် ထွက်လာခဲ့သည်။
ရှေ့ရုံးနားတွင်ဒွန်းဦးနှင့် ပြန်ဆုံသည်။
“ဘယ့်နှယ်လဲ ”
“မဖြစ်ဘူး ကိုရင် ကျုပ်အကုန်သတင်းရခဲ့ပြီ ဗိုလ်မှူးတော့လက်မထောက်တန်းမှာ မရှိတာသေချာတယ် ထောင်ကြီးထဲရောက်နေမှာပဲ ဒါတွင်မကဘူး ကျုပ်တို့အားကိုးစရာကုန်ပြီ ဗိုလ်မင်းထင်မပြောနဲ့ ခင်ဘုန်းကိုပါ ဖမ်းသွားပြီတဲ့”
“ဟိုက် အကျိုးနည်း”
တရုတ်ဒွန်းဦး၏ တမင်မှေးထားသောမျက်လုံးသည် ပြူးထွက်လာသည်။
“ဒီတော့ ဒီထဲနေရတာ ဇက်ယားလာပြီ လစ်လိုက်ကြဦးစို့ကိုရင်ရေ့ အပြင်ရောက်မှ တစ်မျိုးတစ်မည်ကြံကြတာပေါ့”
တရုတ်နှင့် ကုလားမှာ ယောင်ပေယောင်ပေနှင့်ပင် မြို့ရိုးတံခါးပေါက်ဆီသို့မသိမသာ ထွက်ခဲ့ကြသည်။
⬛
တက္ကသိုလ်ဘုန်းနိုင်
အပိုင်း ၁၁ ဆက်ပါဦးမည်
Comments