အခဏ်း။ ၁၁ ။
မကြည်ရဲ့ ဦးသုဓဇကိုယ်တော်နှင့် အပျိုကြီး မစောညွန့်
မစောညွန့်မှာ ယပ်လှဲတရားများကို ကိုယ်တိုင်တခါမျှ ရှေးက မနာဘူးချေ။ သာယာဝတီ ဦးညေယျယပ်လှဲ၊ သာဓုသုနြ္ဒီယပ်လှဲ၊ ပဉ္စသီခယပ်လှဲ၊ အနဂ္ဃသာရမဉ္စရီယပ်လှဲ စသည့် ထိုယပ်လှဲ ဤယပ်လှဲတို့ကို ဘတ်ရစဉ်ကပင် လွန်စွာပင် နှစ်ခြိုက်ရကား တခါတရံ ယပ်လှဲစာအုပ်များကို အကြိမ်ကြိမ် အပြန်ပြန် ဘတ်၏။ တခါတရံ သံနေသံထားနှင့် ဘတ်စမ်း၏။ ဘတ်ရသည်ပင် စည်းစိမ်တမျိုး တွေ့ခဲ့၏။ ယခုကား စာတွေ့မှာ လက်တွေ့ ဖြစ်ခဲ့၏။ ရှေးက ယပ်လှဲတရားများကို ဘတ်ရသောအခါ စကားယဉ်ကျေးခြင်း၊ လင်္ကာသွားချောခြင်း၊ အဓိပ္ပါယ်လွယ်ကူခြင်း၊ ဘတ်ကောင်းခြင်းတို့သည် မစောညွန့်၏စိတ်နှင့်တွေ့၏။ ယခုမူ ဤအရသာတွေအပြင် ဟောသူ၏အသံသာယာခြင်း၊ ရုပ် သပ္ပါယ်ခြင်း၊ သံနေသံထား ကောင်းခြင်း၊ မျက်မြင် ဥပမာတွေနှင့် နှိုင်းခြင်း၊ ဝမ်းသာရမည့်နေရာမှာ မျက်နှာရွှင်ခြင်း၊ ဟောသည့် ဇာတ်ကွက် နှင့်ဆီလျော်အောင် မျက်နှာထားတတ်ခြင်း၊ လူအများနှင့်စု၍ ညီတူ ညာတူအားကြိုးမာန်တက် တရားနာရခြင်း၊ သဘောကျလှသောအခါ ပျော်ပျော်ပါးပါး သာဓုခေါ်ရခြင်း၊ တရားပွဲသို့ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး သွားရခြင်း စသည်တို့ကား ... “ချိုရာ သကာလောင်း” သကဲ့သို့ပင် ကိုယ်စာအရသာကို ဆယ်ဆတပိုးတိုး၍ အရသာရှိနေစေလေသည်။ ထိုအကြောင်းများကြောင့် မစောညွန့်မှာ “မကြည်ရဲ့ ဦးသုဓဇ” တရားကို နှစ်နှစ်ကာကာကြီး ကြိုက်လှသော်လည်း ဘာကြောင့် ဤမျှ သဘောကျ၍ ဤမျှစွဲသည်ကို အကြောင်းစုံ သမ္မာရ ပရိစ္ဆဒေလုပ်၍ သေတ္ထုမချတတ် ဖြစ်လေ၏။
သူ့အတွက်ကား စကားတလုံးရှိ၏။ “တရားဟောသိပ်ကောင်းတာဘဲ ...။” ရှေးက သူမငြင်းဘူးသော အလုပ်တခုသာရှိ၏။ ငွေရမည့်အလုပ်ကို သူမငြင်း။ ယခု တလုပ် တိုးလား၏။ တရားပွဲရှိက သွား၍နာမည့်အလုပ်ကို သူမငြင်း။
“တယ်တော်တဲ့ ပါရမီရှင်ပါပေဘဲ။ ဟင်း ... ကောင်းပေ့ .. ကောင်းပေ့ အဆီအနှစ်တွေချည်းဘဲ ဟောတယ်။ ဒို့များတော့ ပါရမီနည်းရန်ကော။ အတုလိုက်ပြီး ဂါထာကိုဆိုတာတောင် တူတူအောင်ဘဲ ဆိုနိုင်တယ်မရှိဘူး။ ပါရမီစုံပါပေတယ်။ ရုပ်တော်က သပ္ပါယ်ပါဘိသနဲ့၊ ဒီလို ပါရမီရှင်မှ မကြည်ညိုရင် ဘယ်သူ့ကို ကြည်ညိုစရာရှိသေးသလဲ၊ ဒီလို ပါရမီရှင်မှ မပူဇော် မလှူဒါန်းရင် ဘယ်သူ့ပူဇော်လှူဒါန်းမလဲ။ ကဲ .. ငါ့မှာ ပစ္စည်းတွေလဲ သည်လောက်ပေါနေက “လသာတုံး ဗိုင်းငင်” ဆိုတာလို အလှူခံပုပုဂ္ဂိုလ်မြတ် ပါရမီရှင်ရှိတုန်း လှူမယ်။ ကုန်ပေစေ .. သုံးလေးဆယ် ဘာအရေးလဲ။ လှူမယ် .... လှူမယ်ဟု စဉ်းစားပြီး ကြိမ်ပက်လက်ကုလားထိုင်ပေါ်တွင် စန့်စန့်ကြီး ထိုင်ပြန်လေ၏။ ဘယ်လိုလှူရပါ့မလဲ စိတ်ကူး၏။
ထို့ကြောင့် မကြည်ရဲ့ ဦးသုဓဇကို ပင့်ဘိတ်ခါ ဆွမ်းကျွေး၏။ ဦးဇောတိကလည်း အတူပါလာ၏။ သင်္ကန်းတစုံစီ လှူ၏။ အိမ်မှာရောင်းသော လက်ဘက်ခြောက်နှင့် ပုဇွန်ခြောက်ကို ပုံးတွေနှင့်ထည့်ပြီး သင်္ကန်းပွဲဘေးက ရံလိုက်သေး၏။
“ဪ ..... လက်ဦးည ဦးပဉ္စင်းတို့ ရွှေဘုန်းပွင့်ဘုရားမှာ တရားဟောတုန်းက ညဂျင်းသုပ် ကပ်လာတာ တကာမကြီးဆီကဘဲပေါ့” ဟု ဦးသုဓဇသည် ဝက်သားဟင်းကို နှိုက်ရင်း မေး၏။
“တင်ပါ့ဘုရား ... ဘုန်းတော်ကြီးများ ညဂျင်းသုပ်ကပ်လို့ လူတွေကို ဂျင်းသုပ်နှင့်လဘက် ကျွေးပါတယ်ဘုရား” ဟု မစောညွန့်သည် လျှောက်ထားလိုက်၏။
“သာဓု ... သာဓု .. တကာမကြီးရယ် ... အဲ့ဒီညက ဂျင်းသုပ်ကလေး စားလိုက်ရပေလို့ အစဖြစ်သော်လဲ အသံမှန်မှန်ထွက်ပြီး တရားဟောနိုင်ပေတယ်။ ဒီတော့ ဦးပဉ္စင်း ဖြစ်ဖြစ်မြောက်မြောက် ဟောနိုင်တာဟာ တကာမကြီးရဲ့ ကျေးဇူးမို့ ဦးပဉ္စင်းရဲ့ ပါရမီဖြည့်ပေတယ်လို့ ကျေးဇူးတင်လှပါတယ်” ဟု ပြောပြီး ဆွမ်းလုပ်ကြီးကို ပစပ်တွင်း သွင်းလိုက်၏။
“ဝမ်းသာလှပါတယ်ဘုရား ... တပဲ့တော်မ ဂျင်းသုပ်ဟာ အရှင်ဘုရားကို တရားဟောနိုင်အောင် လုပ်ပေးတယ်ဆိုတာတော့ တပဲ့တော်မ ယုံနိုင်ပေါင်ပါ ဘုရား” ဟု ပြောသော်လည်း မကြည်ရဲ့ ဦးသုဓဇ၏ပစပ်တွင် ဆွမ်းတွေက များနေသည်နှင့် စကားမဆိုနိုင်ရှိလေ၏။ အတန်ကြာမှ ဘဲသားပေါင်းနှိုက်ရင်း .......
“ဪ ... ဒါထက် တကာကြီးတယောက်လဲ မမြင်ပါလား” ဟု ဟိုညက ရခိုင်တကာကြီးက သူဌေးမဟု ပြင်ပြောသည်ကို မှတ်မိ၏။ မစောညွန့်မှာ အပျိုကြီးဖြစ်သည်ကို သိသော်လည်း မသိဟန်ဆောင်၍ မေးလေ၏။
“တပဲ့တော်မ တယောက်ထဲပါဘုရား ... အိမ်ထောင်လဲ မကျဘူးပါ ဘုရား” ဟုပြောပြီး ပြုံးနေသည်မှာ မျက်ရစ်မရှိသော မျက်ခွံများသည် မျက်လုံးကလေးများကို ဖုံးသွားလေ၏။ ဆွမ်းစားပြီးနောက် ...
“တော်ပါပေ့ဗျ ... တော်ပေ့။ တကာမကြီးတို့လို ပြည့်စုံတဲ့ပုဂ္ဂိုလ်များရှိပေလို့ ဦးပဉ္စင်းတို့ ဆွမ်းကောင်းကောင်း ဘုန်းပေးရ၊ သင်္ကန်းများ ရပေတယ် ... လောကမှာ ပြည့်စုံခဲပေခြင်း .... လှူချင်တဲ့စေတနာ ရှိပေတယ်လို့ .... ဥစ္စာပစ္စည်း ပြည့်စုံဦးမှ ပစ္စည်းဥစ္စာရော၊ စေတနာရော ပြည့်စုံပေမယ့် အလှူခံပုဂ္ဂိုလ်ကောင်း ရှိဦးမှ ဖြစ်မြောက်နိုင်တာကလား ... ။ ဒီတော့ ခုထားတဲ့စေတနာကို ဘယ်တော့မှ မပျက်စေနှင့်။ အကျိုးပေး သန်ပါလိမ့်မယ် ....... လိုတရပါလိမ့်မယ် ....။ “ပထမံ ဒါနပါရမီ” လို့ ဗုဒ္ဓဝင်ပါဠိတော်ကြီးမှာ ဟောတော်မူတယ် ... ပြီးတော့ အဒန်တမနံဒါနံ၊ ဒါနံသဗ်ဗတ်တသာဓကံ၊ ဒါနနေပိယဝါစာယ၊ ဥန္မန္တိ၊ နမန္တိစ လို့ ဟောတော်မူတယ်” ဟု ပါဠိကို မကြည်ရဲ့ ဦးသုဓဇက ကောင်းစွာ ရွတ်ပြလေ၏။
“တင်ပါ ..... ပါဠိကို တပဲ့တော် ရပါတယ်ဘုရား”
“သာဓု ... သာဓု ... ဘယ်ကရသလဲ၊ လျှောက်စမ်းပါအုံး” ဟု ပြုံးပြုံးကြီး မေးတော်မူမှ .....
“တင်ပါ ... ဟို အနဂ္ဃသာရမဉ္စရီ ယပ်လှဲတရားထဲက ရပါတယ် ဘုရား” ဟု မစောညွန့်က ကွမ်းအစ်ကို ကပ်ရင်း လျှောက်လေ၏။
ထိုစကားကို ကြားရသောအခါ ဦးသုဓဇမှာ ခိုးထုပ်ခိုးထယ်နှင့် အမိခံရသော သူခိုးကဲ့သို့ မျက်နှာထား ကြပ်နေလေ၏။ ရှက်တက်တက် ဖြစ်လာ၏။ သို့သော် မျက်နှာကို ပြင်၍ ဟန်ဆောင်ပြီး.....
“အင်း ... တယ်တော် ... တယ်တော်၊ တကာမကြီး စာနှံ့စပ်ပေတယ်နော်။ တကာမတွေထဲက တကာမကြီးလို စာပေနှံ့စပ်တာလဲ မတွေ့ ဘူးပါဘူး ကိုယ်တော်” ဟု ဦးဇောတိကကို လှမ်းပြောပြန်လေ၏။ မစောညွန့်ကား ထိုချီးမွမ်းစကားကို ပူသောမျက်နှာ၊ ထူသောနား၊ ရွှင်ပြသောစိတ်ဖြင့် လက်ခံလေ၏။
“ ဦးပဉ္စင်းတို့ကတော့ ပါဠိတော်များမှာ သင်ခဲ့ရ မှတ်ခဲ့ရတာပါဘဲ။ သို့သော်လဲ အဲဒီစာအုပ်တော့ ဘတ်ဘူးရဲ့။ တွေ့ဘူးပါရဲ့။ အနက်ကလေးတောင် ရသေးတယ်”
“တပည့်တော်မလဲ ရပါရဲ့ဘုရား။ သို့ပေမဲ့ ..... အပိုင်းအဆစ်ကျကျ အသံကျကျ မရွတ်တတ်လို့ နာလိုပါတယ် ဘုရား” ဟု လျှောက်ထားရာ ဦးသုဓဇတွင် ဝန်ထုပ်ကြီး ပေါ့သွား၏။ အစက ထိုပါဠိကိုပင် အနဂ္ဃသာရမဉ္စရီ အနက်ပေးအတိုင်း ပေးမည်ကြံနေရာ ခိုးယူထားသည်ကို တစွန်းတစ မိနေသဖြင့် ရှက်သွားပြီး ပါဠိကို အနက်မပေးတော့ဘူးဟု ဆုံးဖြတ်ခဲ့၏။ အခြားနည်းဖြင့်လည်း အနက်မပေးတတ်သောကြောင့် အကြံကြပ်နေဆဲ ဤစကားကို ကြားရသဖြင့် အတော်သက်သာရာ ရသွားရှာလေ၏။
ဒါနံ၊ စေတနာထက်ထက်၊ သဒ္ဓါကောင်း လက်နက်ဖြင့် ရက်ရက်ရောရော နှမြောမတွန့် ကြဲစွန့်ပေးကမ်း လှူဒါန်းရခြင်းသည် အဒန္တမနံ၊ အပြောကမယဉ် အသွင်က ရိုင်းရိုင်း မြင်သူတိုင်း အော့သူလို ချော့မြူကာ ယဉ်ကျေးအောင် နည်းပေးညွှန်ကြောင်း ဆေးဝါးကောင်းကြီးတခုပါပေတည်း။ ဒါနံ၊ ပစ္စည်းကို မခင်တွယ် စင်ကြယ်တဲ့ ဘဝင်နှလုံးဖြင့် ရွှင်ပြုံးလှူကြ မြတ်ဒါနသည် သဗ္ဗတ္တသာဓကံ လောကုတ်နှင့်လောကီ ဇောအကြည် အကျိုးဆိုက်ဘို့ အဘိုးထိုက် အဘိုးတန်တွေကို ဧကန်ပင် ပြီးစေနိုင်လေ၏။ ဒါနေန ယခုနောင်ခါ သံသရာမှာ မြန်စွာအကျိုး ဖွံ့ဖြိုးစေကြောင်း လာဘ်ာကောင်း ရွှင်ဆေး အလှူပေးခြင်းကြောင့် လည်းကောင်း၊ ပီယဝါစာယ နားပသာဒ ကြားကာမျြှဖင့် ဟဒယနှလုံး ရွှင်ပြုံးစေကြောင်း ချစ်ဘွယ်ကောင်းသည် ပျော့ပျောင်းညက်ညော ပြေချောသောစကားကို ပြောဆိုခြင်းကြောင့်လည်းကောင်း၊ ဥန္နမန္တိ၊ သူတပါး အပေါ် မမော်မမောက် အလိုလိုမြောက်၍ ထွန်းတောက်ပေါ်လွင်
ပျော်ရွှင်ကာ ထီးအဆင့်ကဲ့သို့ ကြီးမြင့်ရလေကုန်၏။ နမန္တိစ၊ အလှူတကာ ဘသူပါဟု မြှူကာအကြိုက် ညွှတ်ကိုင်း၍ လိုက်ကြရလေကုန်တော့သတည်း။
တရားပြီးဆုံးလျှင် လှူဘွယ်ဒါနများကို သိမ်းပိုက်တော်မူပြီးလျှင် တည်းခိုရာကျောင်းသို့ ကြွခဲ့လေ၏။
--------------------------------
#သိန်းဖေမြင့်
ဆက်ရန်
Comments