ရီးစားတွေ အင်္ဂါဝက်လောက် ထားလိုက်အုံးမယ်
ဦးသုဓဇမှာ ဓမ္မကထိကမဖြစ်သေးမီ ဓမ္မကထိကစာမေးပွဲဝင်စကပင် မသီလစာရီ၏မေတ္တာပန်းပွင့်ကို နမ်းခွင့်ရပြီးဖြစ်ရကား “ငါဟာ ခုက ဒီလောက်စွန်ရင် နောင် လူလားမြောက်လို့ ဓမ္မကထိကဘဝရောက်ရင်ဖြင့် လွန်စွာ အလွန်တရာ နိပ်မှာပါကလား။ ရီးစားတွေ အင်္ဂါဝက်လောက် ထားလိုက်ဦးမယ်” ဟု ကြုံးဝါးမိလေ၏။ မွန်မြတ်လှစွာသောရည်ရွယ်ချက်ကို မျက်မှောက်ပြုပြီး ကြီးမားသောလုံ့လကိုထုတ်၍ စာပေများ၊ ယပ်လှဲတရားများကို လေ့လာလေရာ ခုအခါ တရားဂါထာ အပုဒ်အစိတ်မျှ နှုတ်ငုံဆောင်နိုင်၍ အနက်ကို သာယာကြည်လင် နှစ်လိုဘွယ်ရာ သီဆိုနိုင်သည့်အပြင် ဝတ္ထုနိဒါန်း ငါးပုဒ်မျှကိုလည်း ကောင်းစွာ ဟောနိုင်လေပြီဖြစ်၏။
တရားဦးကို ရန်ကုန်မြို့၌ ဟောလိုသော်လည်း ၄မြို့တွင် ရွှေဒေါင်းညို ဘယ်သူဘယ်ဝါ၊ ရွှေဇီးကွက် ဘယ်သူဘယ်ဝါ၊ ရွှေဒီးဒုတ် ဘယ်သူဘယ်ဝါ၊ ရွှေဘို ဘယ်သူဘယ်ဝါ၊ ရတနာပုံ ဘယ်သူဘယ်ဝါ၊ နေညိုညို ဘယ်သူဘယ်ဝါတွေ ပေါများလှသောကြောင့် ပဉ္စင်းအသစ်မျှသာဖြစ်ရှာသော ဦးသုဓဇမှာ တရားမတိုးနိုင်ဘဲ ရှိရှာလေ၏။ မသီလစာရီက “သုသုဘုရား ... သုသု တရားဦးဟောတော့ ရီရီ အရင်ဆုံးသိပါရစေနော် .... ရီရီ အရင်ဆုံးလဲ နာပါရစေနော် ... ” ဟု တောင်းပန်ထားသဖြင့် တရားဟောရန် များစွာလိုလားလှသော်လည်း အခွင့်မသာလှသဖြင့် “ရီရီရယ် အခွင့်သာတဲ့ တညကျတော့မှ သုသုက ရီရီတဦးထဲကို တရားဦးဟောမယ်” ဟု ပြောရလေ၏။
တခါသော် ဓညဝတီ ဦးဇောတိကကို တရားဟောပါရန် ပြည်မြို့ က ပင့်ဘိတ်ကြလေ၏။ အငြိမ့်ပွဲများမှာ ပွဲဦးထွက် မင်းသမီးလိုကဲ့သို့ တရားပွဲမှာလည်း ပွဲဦးထွက် ကိုယ်တော်တပါး လိုနေရကာ “ဟေ့လူ .... ပြည်မြို့ကို လိုက်ခဲ့ပါလား ...” ဟု ဦးသုဓဇကို ခေါ်ရလေ၏။
“ဘာကိစ္စလဲ .... ကိုယ်တော်”
“တရားဟောပေါ့ .... ကိုယ်တော်နှင့် တပည့်တော် ဟောကြဘို့ဘဲ ... ။ ကိုယ်တော်လဲ အကျင့်ရရော”
“ရန်ကုန်မှာ တရားဦးဟောရအောင် တပည့်တော်ကို ကြံစည်မပေးနိုင်ဘူးလား ဘုရား”
“နိုး.. နိုး ... ယူဘစ်ဘက်၊ ကိုယ့်လူက မုန့်ပျက်သလက် အလယ်ခေါင်က ဖေါက်စားချင်သလား ..... တောမှာ ပရိုက်တစ်လုပ်အုံး။ တောမှာ တရားဟောဗဟုသုတရှိလို့ တော်တော်ရဲမှ ရန်ကုန်မှာ ချရမယ်” ဟု ဆုံးမပြန်သဖြင့် မငြင်းဆန်နိုင်ဘဲ ပြည်မြို့သို့ လိုက်ရန်သာ စီစဉ်ရလေ၏။
ပြည်မြို့မသွားခင် တရားဦးလဲ ဟောရန်၊ နှုတ်လဲဆက်ရန်၊ မှာစရာရှိတာများလဲ မှာရန် ညသန်းခေါင်တွင် ဆယ့်နှစ်နာရီခန့် နောက်ဘေးပြတင်းပေါက်က လာခဲ့ပါမည်ဟု စာဖြင့် ဦးကျောက်လုံးကို စာတိုက်အဖြစ်ဖြင့် အသုံးပြု၍ မသီလစာရီကို အကြောင်းကြားထားလိုက်လေ၏။
ချိန်းဆိုထားသောအချိန်တွင် သီလရှင်အိပ်ရာ ခေါင်းရင်းတွင် ခေါင်းအုံးများကို ထောင်ပြီးလျှင် မှီကာ ထိုင်ပြီး ခြေဆင်းထားသော ဦးသုဓဇကို တွေ့နိုင်ပေ၏။ မသီလစာရီကား သူ့ပေါင်၏ရှေ့နား၌ ကုတင်အောက် ခြေတွဲလွဲချ၊ ဘယ်ဘက်လက်ကို ကုတင်ဘောင်ပေါ်မှာထောက်၊ ညာဘက်လက်ကို သူ့ပေါင်ဟိုဘက်မှာ ထောက်၍ ငိုမဲ့မဲ့မျက်နှာကလေးဖြင့် ထိုင်နေလေသည်။ တော်တော်နှင့် စကားမပြောနိုင်ဘဲ ရှိလေ၏။
“ဪ ... ရီရီငဲ့”
“ဘုရား ...”
“ပိယေဟိ ဝိယောဂိတံ ဒုက္ခ တဲ့၊ ပိယေဟိ၊ မခွဲရက်သာ မခွါနိုင်အား၊ ချစ်မေတ္တာ အစဉ်ပွားလျှက်၊ ခင်မင်အားထားသောသူတို့ဖြင့်၊ ဝိယောဂိတံ၊ ရှောင်မရ မလွှဲနိုင်၊ အသဲစိုင် ကြွကျွေမ်း၊ သေကမန်း ပူပြင်း၊ ခွဲခွါရခြင်းသည် ဆင်းရဲတွင်း နက်လှပါပေ၏လို့ ပညာရှိများ ငြီးငြူအပူကြီးခဲ့ကြတာ တယ်မှန်ပါကလား ရီရီရဲ့၊ ဟောဒီက မောင်မောင်ချစ်တဲ့ သဲမြညှာကို ခွဲရမှာခက်လှသေးတယ်၊ အမယ်လေး .. တပူးတပါထဲ အသာတွဲပြီး သွားချင်တယ်၊ မဖြစ်လို့သာပေါ့၊ တောက် ကိန္နရာကိန္နရီ မောင်နှံတို့ဟာ၊ ချောင်းရဲ့ ဟိုဘက်ကမ်း သည်ဘက်ကမ်း ခွဲလို့ တည်နေကြရတာနဲ့ အနှစ်များစွာထင်ပြီး ငိုကြွေးကြဒါလို့၊ ပြည်နှင့်ရန်ကုန်ခရီး ၂-ရက် ၃-ရက် ခွဲနေရမှာကို၊ မဆီးနိုင် မျက်ရည်စို့လို့မို့၊ ရင်ဆို့ဆို့ပြီးလာပြီ ရီရီရဲ့ ”
“မှန်လှပါ ... တော်တော်လဲ ချွဲမှပေါ့ဘုရား၊ ရှေ့မှာ ဘယ်လောက် ချွဲချွဲ၊ ရှေ့မှာ ဘယ်လောက်ချစ်ပါတယ် ဆိုဆို၊ သရေခေတ္တရာမြို့တော်ကြီး ရောက်မြှဖင့် လမ်းမတော်သူ ပျိုအချောကလေးတွေနှင့် ငြိမလား၊ တရုတ်တန်းသူကလေးတွေနှင့်ဘဲ မိမလား၊ စစ်ကဲတန်းသူကလေးတွေနှင့်ဘဲ ကလိနေမလား” ဟု ပြောပြီး နှုတ်ခမ်းကြီးကိုစူပြီး မျက်စောင်းထိုးခါနေသောကြောင့် .....
"ဟော ... ဟော... ဟား ... ဟား ... ဟား...ဟား... ဟိ၊ ရီလိုက်ရတာ ...၊ ဆရာတော်ကြီး ကြားသွားရော့မယ်၊ ဟောဒီက စရပ်အမကလွဲရင်လေ လောကကြီးရှိတာတွေ လွှစာမှုန့်တွေချည်ဘဲဗျား ...”
ဒူးတော်နှင့် ခါးကို ကလိပြီး မိန့်တော်မူမှ....
“တကတဲ့ ဒီဒူးကြီးကလဲ ပိုင်ထိုက်ကြူးလွန်မှုနဲ့ ထောင်ကျကုန်မယ်၊ ကဲ ဘယ်မလဲ တရားဦးဟောမှာ ဟောလေ ...” ဟု လျှောက်ထားပြီး၊ လက်သီးဆုပ်ပြီး လက်ဖနောင့်နှင့် ဦးပဉ္စင်း၏ပေါင်ကို ထု၍ တောင်းပြန်လေ၏။
“အားလေး ...... အားလေး ... ဟောရန်ဗျား၊ ဟောရမယ်၊ တရားဦးဟောစေချင်ရင် တခုလုပ်ရမယ်”
“ဘာလဲ၊ ဟင်းနော် ထမင်းမပါဘူး” ဟု လက်ညှိုးကို ပုတ်သင်ခေါင်းငြိမ့်သလို လှုပ်ပြရင်း ကြိမ်းလေ၏။
“ဘာမှ ဟင်းမနေနှင့်၊ လူဝတ်လဲပြီး နားထောင်ရမယ်၊ ဟိုတနေ့က ဝတ်ပြသလိုလေ”
မသီလစာရီသည် သေတ္တာထဲမှ ထမီ အင်္ကျီများ ဝတ်ဆင်လိုက်သဖြင့် ငါးမိနစ်အတွင်း မယ်သွင်ဖြစ်လာလေ၏။ ခေါင်းကို ခေါင်းတုံးပြောင် ဖုံးစေခြင်းငှါ မက္ကားပြန် ဇေတဗာရိမများ ခေါင်းစည်းသလို အဝတ်နက်ကလေးကို စည်း၍ထားလေ၏။ နောက် ကုတင်အောက်မှ ကြုံကြုံကလေး ပုတီးကိုင်၍ ထိုင်လေ၏။ ဦးသုဓဇလည်း သင်္ကန်းကိုရုံ တင်ပလ္လင်ခွေ၍ မျက်လွှာအောက်ချပြီး ကုတင်ပေါ်၌ ထိုင်လေ၏။
“အဟင်း ..... အဟင်း ... ဦးပဉ္စင်းမှာ ဟောဒီအရပ်ကို တကူးတက တရားဦးမှတ်ချင်လို့ လာရှာသော တကာမကလေး မယ်သွင်ကို တကယ်ခင်လို့မို့သာ ဟောရတယ်။ အင်း .. လူကလဲ နေမကောင်း၊ အချိန်ကလဲ ညဉ့်နက်ညောင်းခဲ့ပေါ့။ တရားခေါင်းလောင်းထိုးလို့၊ အကျိုးရနိုင်ပါ့မလားလို့ စိုးရိမ်မိတယ်။ ကဲလေ ... တတ်နိုင်ပါဘူး”
“မှန်လှပါ .. နိဒါန်းနှင့်ပင် ကန်တော့ပွဲဘိုး ကြေပါပြီဘုရား”
“အဲ ... အဲ ... သိသာသိစေ မမြင်စေနှင့် ဆိုတဲ့စကားကြောင့် ကန်တော့ပွဲ မမြင်ရတာကြောင့် အများချီးမွမ်းဘို့ ကောင်းပေတယ်။ စ ဟောမယ်နော်၊ ဟုတ်လား ... တကာမလေးရဲ့”
"ပဉ္စကလျာ ခြောက်ပစ်ကွာသည် အင်္ဂါစုဝေး ခြောက်ဆယ့်လေးတည့်။ ရက်ဆေးမကူ၊ ဇမ္ဗူရွှေဥ၊ သိန်းတန်ရှုသား၊ ပဒုမ္မနီ၊ ဘုံခြောက်လည်မှာ၊ ပြိုင်ညီမရ၊ သူရိယဝစ္ဆာ၊ များစွာမဝေး၊ ရည်တပြေးတည့်” ဟု မုံရွေးဆရာတော်က ကုသပျို့မှာ ရေးသားထားသည်ထက်ပင် ပို၍ လှကြီးလှ၊ ပကြီးပ၊ ယဉ်ကြီးယဉ်၊ ကျေးကြီးကျေးပေသော ...
(ဝါ)
အသာဖြေးဖြေး၊ ယဉ်ကျော့သွေးသည်၊ မောင်ထွေး နောက်မှသာလျှင်၊ လာမည့်တာကို၊ မကြာချက်ချင်းပင်၊ သုံးတော်ရေချမ်း၊ စားတော်ကွမ်းကို၊ ရည်မှန်းအာသာပြင်၍၊ တန်ဆာဆင်သည်၊ မယဉ် ယဉ်ကြောင်းရှာ။ ။ဗျာဆံ သွယ်ဝိုက် သုံးဆင့်ကိုက်သည်၊ အလိုက်သူ့မူရာလို့ ဦးပဉ္စင်းတို့ ငယ်ငယ်က အော်ခဲ့ဟစ်ခဲ့ရတဲ့ ရတုပါစကားစုကို များများကြီးယခု အမှတ်ပြုစေသော ..........
(ဝါ)
အချောအနု၊ ပုပုမြင့်မြင့်၊ အခန့်သင့်ကလေး၊ သေးသေးသွယ်သွယ် သပြေရို့အရွယ်၊ မငယ်လွန်း မကြီးလွန်း၊ ဇွန်းခြစ်တမျိုး၊ အထိုးခံ အုံးသီး၊ ဘုန်းကြီးကြိုက် မင်းကြိုက်၊ ကာလသားများနှင့် လားလားမျှမထိုက်။ ဗျာဆံဝိုက် ဗျာဆံဝါဆိုတဲ့ ဦးပုညစာပေမှာပါတဲ့ အပျိုများထက် ဆထက်ထောင်နေ၊ ချောပေသည့် ယဉ်ပေသော ...
(ဝါ)
နန်းရံတရာ ပဏ္ဏာခ၊ မန်းမန္တလဗွေရိပ်စံ၊ စန်းစန္ဒရ ငွေဗိမာန်လို၊ ပင်ရွှေထိပ်ပန် ပဉ်များပန်း၊ ကုန်ဆန်းကေလျော့ တကျော့မှန်ငယ်၊ မဟော်သက်နှံ တော်လေးဘမရာ့ငြမ်း၊ ကပိုကရို့ သူ့အနုငယ်၊ ဇမ္ဗူမတူ ပြိုင်သူလျှမ်း။ အမူးအမူ လှိုင်ကြူပန်းသို့၊ ဆန်းဆိုသမျှ ခေါင်ထိပ်ခေါင်၊ ရှူလေယဉ်လေ မြင်သူ၊ ခင်လေး ခင်ခင့် ယဉ်လေး ယဉ်ယဉ့် ယဉ်တတ်ပါတဲ့နောင်၊ ပန်းချီရှုံးတဲ့ ရော့ဖုန်းခေါင်ငယ်၊ တကျော့ထုံးနှောင် ကေသီလျော့နှင့်၊ သုံးထောင်ထွာ လျော့လျော့ရွှေကေခိုင်၊ ပိတုန်းမင်ညွန့်ဆိုင်၊ စံပုံရှားတဲ့ သိကြားမှိုင်ငယ်၊ သနားပိုင်ပိုင် စံစမ်းချင်လှလေး ... ဆိုတဲ့ တေးထပ်ကို ရေးစပ်တဲ့ဆရာဟာ သူ့ရုပ်ကို မြင်ပြီးမှ ရေးတာလေလားလို့ တွေးမိလောက်အောင် တင့်တယ်သော ရုပ်အဆင်းရှိသော ထိုသူငယ်မ ဤသူငယ်မကား အဘယ်သူပါနည်း။ တကာမကြီးရဲ့ ... ဖြေပါလေ ...”
“မှန်လှပါ၊ မသိပေါင်ပါဘုရား။ ဘုန်းဘုန်းဘုရားက ဘယ်ဇာတ် ဟောတယ်လို့ အစကမပြောတော့ မတွေးတတ်ပေါင်ပါဘုရား” ဟု ခေါင်းငုံ့ရင်းပင် ဖြေလေ၏။
“တံ၊ ... ထိုလိုဤမျှ၊ လှကြီးလှ၍၊ ယဉ်များကြေးမုံ၊ ချောဂုဏ်ထိပ်တင်၊ လှလွန်းကြင်သည်ကား၊ မသီလစာရော နာမော၊ မကြာခင် ခုနင်ကလေးက၊ တန်ဆာဆင် ပြုပြင်ပေး၍မို့၊ ကချနာသွင် လူ့အမြင်ဝေးခဲ့တဲ့ သီလရှင်ကလေးသည် အချစ်မောင်မောင် သူဇွတ်ချွဲတာမို့၊ အသစ်ဆောင်ယောင် လူဝတ်လဲရှာရသည့် မသီလစာရီ အမည်ရှိသောသူပင် စင်စစ်ဧကန်၊ မငြင်းဆန်နိုင်အောင်၊ အတင်းမှန်၏တဲ့ .... သုဓါလို့ ခေါ်ပါ တကမရဲ့ ....”
“အို မဟုတ်တရုတ်၊ တရားဦးကလဲ ဟုတ်ဘဲနှင့် ခေါ်ပေါင်” ဟု ပြောပြီး ဓမ္မကထိကကို မော့၍ မျက်စောင်းထိုးနေလေ၏။
“အို ... တရားဦးဆိုမှဘဲ၊ ခေါ်ရမယ်။ မခေါ်ရင် ဦးပဉ္စင်း တရားရပ်မယ်”
“သုဓါပါတဲ့ ဘုရား သာဓု .. ကဲ ...” ဟု ခေါ်၏။ ထိုအခါ အချိန်ကား နံနက် ၄-နာရီမျှ ရှိပြီဖြစ်၍ ဓမ္မကထိက တရားဦးဟောနေသော နေရာနှင့် မိုင် ၂၀၀- မျှကွာသော ပြည်မြို့မှ နိဗ္ဗာန်ဆော်အချို့သည် “ဘန္တာ ... သပ္ပုရိသအပေါင်း သူတော်ကောင်းတို့” စသည်ဖြင့် ဆွမ်းအတွက် နှိုးဆော်ပြီးနောက် ....
“၄ပြင် နက်ဖြန်ည ရွှေဘုန်းပွင့်ဘုရား ပရဝုဏ်အတွင်း၌ ရန်ကုန်မြို့မှ ဓညဝတီ ဦးဇောတိက တရားဓမ္မကထိက အကျော်နှင့် ၄၏တပည့် ဦးသုဓဇတို့သည် “လာပါ လာပါ မကြည်ရဲ့” တရားကို ဟောကြားပါလိမ့်မည်။ မပျက်မကွက် တရားတော်နာ ကြွရောက်တော်မူကြရန် နှိုးဆော်လိုက်ပါသည် သပ္ပုရိသအပေါင်း သူတော်ကောင်းတို့ ..” ဟု သာယာကြည်လင် ကျယ်လောင်စွာ အော်သံနှင့် ကြေးစည်သံကို ကြားရလေသတည်း။
----------------------------------------
#သိန်းဖေမြင့်
ဆက်ရန်
Comments