ဓမ္မကထိက ဦးသုဓဇနှင့် မသီလစာရီတို့ဖြစ်ထွေ
မသီလစာရီ၏ဧည့်အခန်း၌ အခြားညများတွင် နန္ဒဝန်ဆရာတော်ကြီး ထိုင်နေမြဲဖြစ်သော်လည်း ယနေ့ည၌မူ အသက် ၃၀ မျှသာရှိသေးသော ဘုန်းကြီးတပါးသည် စကားတပြောပြောနှင့် ထိုင်လျက်ရှိ၏။
ထိုဘုန်းကြီးကား အသားဖြူ၏။ အရပ်အမောင်းကောင်း၏။ မျက်နှာမှာလည်း အပြစ်မမြင်နိုင်အောင် သပ္ပါယ်လေ၏။ အသံမှာ ကြည်လင်သည့်ပြင် ပြောသောစကားများမှာ ပြေပြစ်နာပျော်ဘွယ်ရှိ၏။ မသီလစာရီမှာ ရှေ့နားတွင်း ဒူးတုပ်ထိုင်လျက် စကားပြောရင်း ပုတီးစိတ်နေလေ၏။ စကားရပ်သောအခါ ပုတီးလုံးကလေးများသည် ဖြေးဖြေးဆင်းကြ၏။ စကားပြောသောအခါ မြန်မြန်ဆင်းကြ၏။
“နို့ ပုညလက္ခဏဒေဝီ ဝတ္ထုကော ဘတ်ဘူးရဲ့လား” ဟု ဦးသုဓဇက မေးလေ၏။
“ဘတ်ဘူးတယ်ဘုရား” ဟု ဖြေရင်း မျက်တောင်ကလေးကော့၍ ကြည့်နေလေ၏။
“ဪ ဦးပဉ္စင်း နှမတော်ကလေးက တယ်ပြီး စာဘတ်နှံ့စပ်ပါကလား၊ စာဘတ်နှံ့စပ်လို့ဘဲ ထင်ပါရဲ့၊ ဒီက စမာရီကလေးများ စကားပြောသံ တရားဟောသံ ကြားရရင်လေ ....ဟိုနတ်ပြည်က ပဉ္စသီခနတ်သားဟာ ဗေလုဝ စောင်းကောက်ကြီး တီးပြီး ဂါထာရွတ်တဲ့ အသံကလေးလို သာယာနာပျော်ဘွယ်ကလဲ ကောင်းပါပေတယ်၊ နားဝင်လဲ ချိုပါပေတယ်၊ (ဦးပဉ္စင်းနော် ... လူကို မြှောက်မြှောက်ချည်း နေတာဘဲ) အမှန်တော့ ပြောတာဘဲ ဦးပဉ္စင်းက
မြှောက်ရအောင် မစာရီက ကလေးမို့လား။ ဂါထာကတော့ သည်လိုတဲ့....
* ဝန္တေဟပိတရံဘဒ္ဒေ၊
တိမ်ဗရုံသူရိယာဝစ်ဆသေ။
ယေနဇာတာသိကလျာဏီ၊
အနန္ဒဇနနီမမ
* ပဉ္စသီခ ယပ်လှဲတရားမှ ယူသည်။
သူရိယဝစ္ဆသေ၊ နေအရုဏ်ညွန့်၊ အရောအဝှန်းသို့၊ ပြောင်လွန်းစိုပြေ၊ ကိုယ်နေဝင်း၊ အဆင်းလှပေသော၊ ဘဒ္ဒ၊ ကောင်းခြင်းပြည့်ကြွယ်၊ မောင့်သက်လယ်"
ဦးသုဓဇသည် မခို့တရို့ မျက်နှာထားဖြင့် မသီလစာရီကို ကြည့်လိုက်၏၊ မသီလစာရီကလည်း ပြုံးသယောင်ယောင်နှင့် ကတုံးမောင်ဘုရားကို ကြည့်နေခိုက်ကြုံနေရကား ကတုံးနှစ်တုံးမှာ ပြုံးတပြုံးပြုံး ဖြစ်နေကြလေ၏။
" ယေန၊ အကြင်ပေါင်းဆုံ အကြောင်းဟုံကြောင့်၊ ကလျာဏီ၊ အပြင်အဆင် အချိုးကျသမို့၊ အမျိုးအလှသယ် ဖြစ်ပေထသောမမ၊ ပဉ္စသီခခေါ် မယ့်မောင်တော်၏ အနန္ဒဇနနီ၊ မြင်လျှင်နှစ်သက်၊ မခွါရက်အောင် စုံမက်ဖြိုးဝေ ချစ်မိုးစွေစေနိုင်သော၊ အဟမ်း ... ဟုတ်ပေမှာဘဲနော် ... ကိုယ်ချင်းစာလိုက်ပါဘိ၊ တွံ ယဉ်ယဉ်ကျေးကျေး၊ ခင်ခင်လေးသည် (ဦးပဉ္စင်းစာကလဲ တယ်ပြီးခေတ်ဆန်ပါလား ဘုရားဟု မှတ်ချက်ချလေရာ၊) ဪ ခေတ်ဆိုတာ
ဘယ်နေရာမှာမှ နောက်ကျမနေရဘူး၊ နတ်တို့ဘာဝမှာလဲ... နတ်သားက နတ်သမီးကို ခင်ခင် ဝါ- ခင်ရေလို့ ခေါ်ပေမှာဘဲ၊ နတ်သ္မီးကလဲ ဘုန်းဘုန်းလို့၊ ဘွာ ...ဘွာ ရောင်လို့ (နောက် ရောင်ရင် တပည့်တော်မက ပျားရေလိမ်းပေးလိုက်မယ်၊ ဒါမှ ပုရွက်ဆိတ်ကိုက်ကုန်အောင်) နတ်သားကို ကိုကိုတို့ မောင်မောင်တို့ ခေါ်ပေမပေါ့။ ကဲ- ယံပိတရံ၊ ဝတိဘုံဝယ် တိမ္ဗရုံဟု၊ သိရ်ဂုဏ်မြင့်ကျော် အကြင် ခမည်းတော်ကို၊ နိသာယ၊ အကြည်အစု အမှီပြု၍၊ ဇာတာသိ၊
ကုသိုလ်ဟုန်မြူး တဂုဏ်ထူးလို့ မကြုံဘူးပေ၊ ပေါ်ပေါက်၍ လာခဲ့လေပြီ၊ တေ၊ လှဓိပတိ မြမိမိ၏ တံပိတရံ၊ တိမ္ဗရုံဟု သိရ်ဂုဏ်ကဲမြတ်၊ ထိုမွေးဘနတ်ကို၊ အဟံ၊ အသွင်ကြွကြွ ယဉ်စစကို မြင်ရလျှင်ပင် ချစ်ခင်ဘွဲ့ နှောင်း မယ်မယ့် မောင်သည်၊ ၀န္ဒ၊ ကြင်ဘို့စခန်း ခင်ပျို မှန်းလျှက် ရွှင်လန်းညွှတ်ကျိုး၊ လက်အုပ်မိုး၍ ရှိခိုးလိုက်ပါတော့သတည်းတဲ့”
“သာဓုပါဘုရား ... သာဓု သာဓု ... တိန်- ဟိန်- ဟိန် ဝေပေ ဝေပေ ဝပ်လို့ ကြေးစည်နှက်ရအုံးမလား ဦးပဉ္စင်းဘုရား” ဟု မျက်တောင်ကလေးကို ကော့၍ မေးပြီး ဦးသုဓဇအား စိုက်ကြည့်နေလေ၏။
“ကြေးစည်သံ မလိုပါဘူး မသီရယ်၊ ဦးပဉ္စင်း ရွတ်ပြတာ နားသောတဆင်ပြီး တွင်တွင်ကြီး တွေး၊ ဒီအရေးမျိုးဟာ ဘယ်မှာရှိတတ်ပါလိမ့်၊ ဘယ်လူမှာ ခံစားကြုံတွေ့နေရပါလိမ့် စသည်ဖြင့် စဉ်းစားပေရော့။ ပြီးတော့လဲ မသီရဲ့ သာဓုသံကလေးသည်ပင် ကြေးစည်သံထက် အဆများစွာ အရေးရောက်ပါတယ်” ဟု ပြောပြီး ကွမ်းသီးကို အစိပ်စိပ် ညှပ်နေလေ၏။
“အချစ် အချစ်၊ ချစ်တိုင်းချစ်၍၊ ချစ်လေချစ်လေ ချစ်မပြေတည့်။ ဆားငံရေနောက် ငတ်တိုင်းသောက်က၊ သောက်လေ သောက်လေ ငတ်မပြေသို့၊ ပေမအရာ တဏှာဖွဲ့ ရစ်၊ ထိုအချစ်ကား အပြစ်မမြင် မဆင်ခြင်ဘဲ ချစ်လျှင်ပျော်နိုး၊ ချစ်စပျိုးသည် ချစ်ရိုးချစ်စဉ် ချစ်လမ်းတည်း ဆိုတဲ့ မာဃဒေဝ စကားဟာ တယ်မှန်လှပေတာဘဲ” ဟု ဦးသုဓဇသည် သင်္ခဏ်းစာသစ် ထုတ်နေပြန်လေ၏။
“ဟုတ်တယ်ဘုရား၊ ပဉ္စသီခဟာ သူရိယဝစ္ဆသာနတ်သမီးကလေးကို ချစ်တာဟာ အမှန်ဘဲ” ဟု မသီလစာရီက ပြောပြီး ပုတီးစိပ်နေပြန်လေ၏။
ထိုခဏ၌ စကားမပြော ငြိမ်သွားကြ၏။ မသီလစာရီ၏ ပုတီးလုံးကလေးများ တလုံးပေါ်တလုံး ကျသံ၊ ဦးသုဓဇ၏ ကွမ်းသီးညှပ်သံကလေးသည် ညအခါ မင်္ဂလာဆောင်အိမ် ခဲပေါက်သံထက် ပြင်းထန်လေ၏။ နှစ်ယောက်စလုံး၏ ရင်တွင်း၌ စိစိညပ်နေအောင် တိုးဝှေ့ကာနေကြရသော စကားတို့သည် ရှိကုန်၏။ ထိုစကားတို့ကို နှစ်ယောက်စလုံး ဆွဲထုတ်ကြသော်လည်း အဝသေးသည့် ပုလင်းတွင်းမှ ဇီးသီးဆယ်လုံးကို အကုန် လက်တဆုပ်ထည်းနှင့် ထုတ်ယူသကဲ့သို့ ရှိသောကြောင့် စကားများမှာ မထွက်နိုင်ဘဲ တစ်ဆို့ဆို့နှင့် နေကြလေ၏။
“ကိုယ်တော်ကလေးက သပ္ပါယ်၊ အသံကလေးက ကောင်း၊ ငါ့ကိုလဲ သူကချစ်၊ ပိုးလဲပိုး၊ စာလဲပေး။ ငါကတော့ မချစ်ဘူးလား …. ချစ်သားဘဲ။ ဘုန်းဘုန်း ကြောက်ရလို့သာ ငါ့မှာလဲ ဘုန်းဘုန်းကျေးဇူးချည့်ဘဲ။ ဘုန်းဘုန်းနဲ့လဲ မလွတ်ကင်း။ သို့ပေမဲ့ ဘုန်းဘုန်းလို အအိုကြီးတော့ ရွံ့တွံတွံပါဘဲလေ ..။ ခက်တယ် သူပိုးတာကိုဘဲ ရေမြောင်းပေးပြီး အချစ်ပျိုးခင်း ထောင်ရမလား” ဟု သီလရှင်က တွေး၏။
“သည့်လောက် စလို့မှ မကြေနပ်တာလဲ မပြဘူး။ ငါ့အလိုလိုက်သာ စကားပြောနေတယ်၊ အခွင့်ကလဲ ဒီထက်သာတာ မရှိတော့ဘူး။ ကြွတေလက် ကြက်တခုန်ဘဲ ဟနော်” ဟု ဦးသုဓဇက ကြုံးဝါးတော်မူလေ၏။
ဦးသုဓဇ၏အသည်းနှလုံးသည် ပြင်းထန်စွာ ခုန်နေ၏။ အာခေါင်များသည် ပူနေပြီး ရေငတ်လှ၏။ ပစပ်က တုန်၍တုန်၍လာ၏။ သို့ကြောင့် ကွမ်းကိုသာ ဝါးပြီး ဘက်နှစ်ဘက်ဖြင့် ညာဒူးကို ခါးပတ်ပတ်ပြီး ငိုင်နေလေ၏။ သီလရှင်မှာ မျက်တောင်စင်းလာ၏။ မီးနေထွက်ခါစ မိန်းမစိတ်တွင် ဖြစ်ပေါ်လာသလို မိမိကိုယ်မိမိ ငယ်လာသလိုလို၊ ဝန်ပေါ့သွားသလိုလို၊ သီချင်းဆိုချင်သလိုလို၊ ရယ်ချင်သလိုလို ဖြစ်လာလေ၏။ သွေးမှာ တဒိတ်ဒိတ် တိုးလျက်ရှိ၏။ အတန်ကြာလျှင် သီလရှင်သည် များစွာချုပ်တည်းသော်လည်း မတတ်သာသောကြောင့် “ဝူး ဝဲ ” ခနဲ သန်းလိုက်လေ၏။ မျက်ရေတွေ ဝဲလာလေ၏။
“ညဉ့်နက်ပြီဘုရား ... ပြန်ရင်ကောင်းလိမ့်မယ်လို့ တပည့်တော်မ ထင်တယ်”
“ဪ ... ပြန်စေချင်ပြီလား ... ဘာ့ကြောင့်လဲ၊ သိပါရစေ မသီရယ်”
“ဘုန်းကြီးမရှိတုန်း ဒီလောက် ညဉ့်နက်အောင် လာလယ်တာကို ဘုန်းကြီးကြားရင် မကောင်း ... လူတွေလဲ မြင်တယ်ဘုရား”
“ဪ .. သည်လိုကိုး ... ဒါဖြင့်သွားမယ်” ဟု စိတ်ထဲက မပါဘဲ ပြောပြီး ထလေ၏။
“တင်ပါ့ဘုရား” ဟု စိတ်အာသီနှင့် ဆန့်ကျင်ဘက်ဖြစ်သောစကားကို လျှောက်၍ ဦးခိုက်လေ၏။
ဦးပဉ္စင်းသည် တံခါးဝသို့ သွားခိုက် “ဪ ... တယ်လဲ နတဲ့ ဦးပဉ္စင်းဘဲနော် .... မိန်းမမာယာလဲ နားမလည်သေးဘူး” ဟု ထင်မိ၏။ ဦးသုဓဇကား တံခါးမှ မထွက်ဘဲ တံခါးကို အထဲမှ ပိတ်လိုက်လေ၏။
“ ဦးပဉ္စင်းဘုရား ... ဘယ့်နှာလုပ်တာလဲ ဘုရား” ဟု အံ့သြသောမျက်နှာ ချီးကြူးသောစိတ်ဖြင့် ပြောလေ၏။
“ဘယ့်နှာလုပ်ရမှာလဲ မစာရီရယ် ... သိတန်လောက်ပါပြီ။ မောင့်မှာ စာအစောင်စောင်လဲ ရေးခဲ့ပေါ့ ... အရိပ်အမြွက်ဆိုတာလို မောင်ချစ်သမျှကို တဆိပ်ဆိပ် တဘွားဘွားပြောခဲ့ပေါ့။ မစာရီကလဲ မောင်မောင့်ကို ဘယ်လို ဘယ်ဝါလို မပြန်ကြားတော့ဘူးလား .. မြင့်မိုရ်တောင်ကြီး ပြိုအောင်စောင့်ရမဲ့ပုံလား မသီရဲ့ ... မောင်ဆုံးဖြတ်ပြီးပြီ။ အချိန်နှောင်းအောင်မစောင့်ဘူး"
ဦးသုဓဇသည် ထိုင်နေသော သီလရှင်ထံသို့ လက်ပိုက်၍ ကပ်သွားလေ၏။
" မသီရဲ့ ...မချစ်ဘူး ချစ်ရဲ့ဆိုတဲ့ စကားပြန်ကို ယနေ့ည အပြီးအပိုင် ကြားရမယ်။ ဇဝေဇဝက်နှင့် အနေခက်လှတဲ့ဘေးက ဝေးအောင်ကြံမယ်။ မှိုင်တဝေဝေ ငေးတမောမောနှင့် အဟောသိကံ အလကားဒုက္ခတွေ မခံတော့ဘူး ... ဟောဒီက မသီဆိုတဲ့ (ဦးသုဓဇကား ကြုံကြုံကလေး ထိုင်နေသော သီလရှင်ရှေ့တွင် ရပ်လျက်ငုံ့ကြည့်ရင်း) တရားသူကြီး သုဓမ္မစာရီကို မောင့်အမှု ဆုံးဖြတ်ပါလို့ ယနေ့ခိုင်းမယ်၊ ကဲ ... တရားစီရင်ပါတော့” ဟု ခေါင်းငိုက်စိုက်ချ၍ အသနားခံလေ၏။
“ဦးပဉ္စင်းဘဲ စဉ်းစားပါဘုရား ...။ ဘုရားသားတော်နှင့် ဘုရားသမီးတော်ဆိုတာ တဏှာပေမ အချစ်မျိုးတွေနှင့် ဆေးကြီးနဲ့ တောက်တဲ့လို အပေါက်မတဲ့ပါ ဘုရား ...။ ဘုရားကျွန်မက သဘောတူလိုက်ရင် ဘုရားကျွန်မမှာ ဘုရားသားတော်တပါးကို လဇ္ဇီပေသလ ကာမဘုံသို့ ဆွဲချတယ်လို့ ယမမင်းကြီးက တရားတဘောင် စီရင်ခြင်း ခံရမှာပေါ့ ဘုရား ...။ ဘယ့်လောက်ပင် ဦးပဉ္စင်းကို ချစ်မိသော်လဲ ဒီအခြေထက် ရှေ့တိုးဘို့ရန် မဝံ့ပေါင်ဘုရား"
“အို .. နှမရဲ့ ချစ်ခြင်းသာ လိုရင်းစွဲဘဲ၊ မောင့်အချစ်ကြီးကို ယမမင်းကြီးက အပြစ်မြူမှုံမျှ ပေးဘွယ်မရှိပေဘူး။ နှမက စတင်၍ မောင့်ကို ဆွဲသည်မဟုတ်၊ နှမက မာယာနှင့် ဖြားယောင်းသည်မဟုတ်၊ နှမဘာသာ အပြစ်မဲ့စွာ သီလနှင့်နေရာဝယ် ... ဟောဒီကမောင့်မှာ 'ပုရိသတို့၊ မိန်းမအာရုံ၊ တွေ့ကြုံကြိုက်သော်၊ ရာဂမ္မတ္တက၊ သတိပ၍၊ မောဟမွှန်လျက်၊ ဆားနယ်လျက်မျှ၊ ဉာဏ်သက်သက်မဲ့၊ နွား၏ကဲ့' ဟူသော စကားအရ စတင်ချစ်ကြိုက်မိတယ်။ ဒီတော့ အပြစ်ရြှိခင်းရှိရင် မောင့်မှာသာ ရှိဘို့ဘဲ ။ မောင့်ဟာက ဒီအပြစ်တွေတောင် မကြောက်လောက်အောင်ကြီးတဲ့ အချစ်ပါဘဲ။ တကယ်လို့ ယမဆိုတဲ့ ငရဲမင်းက အကဲ တင်းတောင်ဘဲ မောင်၏တရားဉာဏ်လက်နက်တွေနှင့် ဝက်ဝက် ကြေအောင် တိုက်လိုက်ပါ့မယ် ... ကဲ” ဟုပြောပြီး ဦးသုဓဇသည် သီလရှင်၏လက်ကိုဆွဲကာ မေးလေ၏။
လက်ဆွဲခံရသူမှာမူ အတွေ့အကြုံများပြီးမို့ အခြေမပျက်လှသော်လည်း ငယ်ဖြူအစစ် ဖြစ်ကြီးဖြစ်ပေသော ဦးသုဓဇမှာကား မျက်စိများပင် ပြာသွားလေ၏။ လက်များမှာလည်း တုန်လှုပ်နေလေ၏။ ကမ္ဘာလောကကြီးတခုလုံးကို မေ့၍ သြကာသလောကတခုလုံးတွင် သူတို့နှစ်ယောက်ထည်းသာ သတ္တလောက၊ သူတို့နှစ်ယောက်ထည်းသာ သင်္ခါရလောကဟု ထင်မိနေ၏။
တုန်သောလက်၊ ပြာသောမျက်စိ၊ ဖိုသောရင်၊ အငြိမ်မရသော စိတ်ဖြင့် သီလရှင်ကို ဆွဲမရာတွင် ဦးသုဓဇတွင် မြေပေါ်မှ ပန်းစည်း ကောက်ယူ၍ နမ်းရသလောက်မျှ ဝန်မလေးသည်ကို တွေ့ရလေသည်။
“အို ... သင်္ကန်းကြီးနှင့် မတော်ပါဘူးဘုရား” ဟု လက်ကလေးနှင့် ကာလေလျှင် ဦးသုဓဇသည် ညာလက်ဖြင့် သီလရှင်ကို ပွေ့ထားပြီး ဧကသီကို ဘယ်လက်ဖြင့် လွှင့်ပစ်လိုက်သည်မှာ လေဟုန်ပြင်းလှသောကြောင့် အနီးရှိ စားပွဲတင် မီးခွက်ကလေးသည် ငြိမ်းသွားသတည်း။
----------------------------------
#သိန်းဖေမြင့်
ဆက်ရန်
Comments