Skip to main content

ကွက်လပ်ကလေးဖြည့်ပေးပါ ၆

အပိုင်း (၆)

"စူးမာတော့ ပျော်တာပဲ၊ ကိုတူးကြောင့်လွတ်တာ။ ကိုတူးသာ အဲဒီလို မလုပ်ရင် ဆေးတိုက်ကို ဘယ်နှရက်များ ဆက်ပြီးလိုက်နေရဦးမယ် မသိ။ ဟဲ ဟဲ အခုတော့ ဖေဖေစိတ်ဓာတ်ကျသွားပြီ"

ပြုံးရွှင်စွာပြောနေသော စူးမာကိုကြည့်ရင်း ကိုတူးသည် မျက်မှောင်ကြီးကုတ်နေလေသည်။ သူ အဆူခံခဲ့ရသမျှ စူးမာပျော်ဖို့ဖြစ်နေသဖြင့် မကျေမနပ်ဖြစ်နေသည်။

“ဟင်း တယ်ဟုတ်၊ ငါကတော့ အဆူခံလိုက်ရတာ” 

“နှစ်ယောက်ကောင်းကျိုး တစ်ယောက်ထဲသယ်ပိုးတာ မြတ်ပါတယ် ကိုတူးရ၊ အဟဲ” 

“ခွေးစူးမာ”

ကိုတူးသည် သူ့လက်ထဲမှ ကင်းပုံသီးလေးနှင့် စူးမာကို လွှဲပေါက်လိုက်သည်။ စူးမာ ခေါင်းငုံ့၍ရှောင်လိုက်သော်လည်း အတန်ငယ်နောက်ကျသွားသည်။ ကင်းပုံသီးနုနုသည် စူးမာ၏နဖူးကို ထောက်ခနဲ ထိမှန်သွားလေသည်။ မနာသော်လည်း စပ်ဖျဉ်းဖျဉ်းဖြစ်သွားသောနဖူးကို ပွတ်ရင်း စူးမာသည် မျက်နှာကို တအားကြီးရှုံ့မဲ့ထားလေသည်။ ကိုတူးက သူ့လက်ဖြောင့်လှသည်ဟု သဘောကျပြီး တဟားဟား ရယ်နေသောအခါ စူးမာ၏နှုတ်ခမ်းများသည် ချွန်ထွက်လာကြကုန်သည်။

“နင့်တစ်ကိုယ်လုံး တိရစ္ဆာန်တွေချည်းပဲ စူးမာ။ မျောက်လိုဆော့တယ်၊ ရန်ဖြစ်ရင် ခွေးလိုကိုက်တယ်၊ စိတ်ဆိုးပြန်တော့ နှုတ်ခမ်းကြီးက ဝက်ဖင်လိုပဲ၊ ဟားဟား”

“ကိုတူးနော်” 

“ဘာလဲဟ ဝကျစူးမာ“

"မိကိုတူးနော် ဟွန်း ငတူး “

"ဘာပြောတယ်” 

“ငတူး” 

"စူးမာ နင်မရိုင်းနဲ့၊ ငါက ချစ်လို့စတာ။ ငါက နင့်ထက်အကြီး သိရဲလား။ သွား နင်မကြိုက်ရင် မပြောတော့ဘူး၊ သွား သွား"

ကိုတူးမျက်နှာသည် ရုတ်တရက် နီလာသည်။ သူ့ထက်အငယ် စူးမာက ငတူးဟုခေါ် လိုက်၍ မခံနိုင်ဖြစ်သွားသည်။ စူးမာကို မျက်နှာထားတင်းတင်းဖြင့် စိုက်ကြည့်ပြီး ချာခနဲ ကျောခိုင်းလိုက်သည်။ သူ့ပါးစပ်ကသာ စူးမာကို "သွား သွား” ဟု နှင်နေသော်လည်း တကယ့်တကယ် ထွက်သွားသူကား ကိုတူးဖြစ်သည်။ ကင်းပုံနွယ် စည်းရိုးကို ဖြတ်ကျော်ပြီး တစ်ဖက်ခြံသို့ ခပ်သွက်သွက် ခြေဆောင့်ပြီး ကူးသွားလေသည်။ 

စူးမာသည် မန်ကျည်းပင်စည်ကို ခပ်လျှောလျှောလေး မှီကာ တစ်ဦးတည်း ကြောင်စီစီကျန်ခဲ့သည်။ စိတ်ထဲတွင် ကိုတူးနောက်သို့ ပြေးလိုက်သွားချင်သော်လည်း မလိုက်ဖြစ်ဘဲ ငေးနေမိသည်။ ဘာဖြစ်လို့များ ကိုတူးကို "ငတူး” ဟုသွားခေါ်မိလေသနည်းဟု ကိုယ့်ကိုယ်ကို အပြစ်တင်နေမိသည်။ စူးမာနှင့်ကိုတူးတို့သည် အကြီးအငယ်လိုသဘောမထားဘဲ တစ်ဦးနှင့်တစ်ဦး သူငယ်ချင်းသဖွယ် ပေါင်းကြမြဲဖြစ်သည်။ သို့သော်လည်း စူးမာ ကိုတူးကို တစ်ခါမျှ မရိုမသေ မခေါ်ဖူး၊ မပြောဖူးပေ။ ဒီနေ့မှ ကြမ္မာငင်ပြီး ကိုတူး မကြိုက်သည့် စကားလုံးကို ရွေးချယ်သုံးရင်းမှ ငတူးဟု ခေါ်လိုက်ခြင်းဖြစ်သည်။ ခုတော့ ကိုတူး တကယ်စိတ်ဆိုးသွားပြီထင်သည်။ 

စူးမာသည် မျက်လုံးအဝိုင်းသားနှင့်နေပြီးမှ မြေကြီးပေါ်မှာ ထိုင်ချလိုက်သည်။ အနီးရှိ တုတ်ချောင်းလေးနှင့် မြေကြီးကို အဓိပ္ပာယ်မရှိ ဆွဲခြစ်နေမိသည်။ မြေပွပွတွင် ခြစ်ရာလေးများ တစ်ခုနှင့်တစ်ခု ထပ်ပြီး ရှုပ်နေသည်အထိ ထပ်ပြန်တလဲလဲ ဆွဲခြစ်နေမိသည်။

“စူးမာလေး တစ်ယောက်ထဲ ဘာလုပ်နေတာလဲ” 

"ဟင် ကိုကိုအောင်”

သူ့ဘေးတွင်ရပ်လာသော ကိုကိုအောင်ကို စူးမာ မော့ကြည့်မိသည်။ မန်ကျည်းရွက်စိမ်းစိမ်းများ နောက်ခံ၍ ကိုကိုအောင်ကို မော့ကြည့်ရသည်မှာ အရပ်ကြီး မိုးထိုးနေသလို စူးမာစိတ်ထဲတွင် ထင်လာသည်။ မှုန်တုန်တုန် ညှိုးတိုးတိုးဖြစ်နေသော စူးမာ၏မျက်နှာကို အကဲခတ်ပြီး ကိုကိုအောင်သည် စူးမာဘေးတွင် ဝင်ထိုင်လေသည်။

"တစ်ယောက်ထဲ ဘာလုပ်နေတာလဲ” 

“ဘာမျှမလုပ်ပါဘူး"

"စိတ်ကောက်နေတာလား” 

"ကောက်ပါဘူး “

"ကိုတူးရော” 

"စိတ်ဆိုးသွားပြီ “

"ဘာဖြစ်လို့လဲ” 

“သူ့ကို ငတူး လို့ ခေါ်လို့တဲ့"

“ဘာရယ်” 

"စူးမာက သူ့ကို ငတူးလို့ ခေါ်လို့ စိတ်ဆိုးပြီးထွက်သွားတယ်”

“ဪ စူးမာရယ်”

နှုတ်ခမ်းကလေး မသိမသာ စူနေသော်လည်း မျက်လုံးတွင် မျက်ရည်စိမ့်ချင်နေသော စူးမာအားကြည့်ရင်း ကိုကိုအောင်သည် တသိမ့်သိမ့် ရယ်လေသည်။ သင်းပျံ့ပျံ့မွှေးလာသောရနံ့လေးကို စူးမာ ရှုရှိုက်မိသောအခါမှ အသေအချာကြည့်မိသည်။ ဖြူဖွေးလတ်ဆတ်သော စပယ်ပန်းများကို တွေ့ရသည်။ အခက်အခိုင်လိုက် ခူးခဲ့သည်ဖြစ်၍ စပယ်ပွင့်ဖြူဖြူလေးများသည် ရွက်စိမ်းမြမြတို့မှီရင်း ပြုံးနေကြဟန်ရှိသည်။

“ကိုတူးက စူးမာရဲ့ အစ်ကိုပဲ၊ ဘာလို့ မရိုမသေခေါ်ရတာလဲ” 

"စူးမာက စတာပါ”

စူးမာသည် လေပျော့လေးနှင့် ပြောလိုက်သည်။ ကိုတူး မခံချင်အောင် တမင်ခေါ်ခြင်းဖြစ်သော်လည်း တကယ်စိတ်ဆိုးသွားမည်ကိုကား မလိုလား။ စူးမာစိတ်ညစ်သည်။ ကိုတူးလည်း စိတ်ညစ်မည်သာဖြစ်၏။ စူးမာတို့နှစ်ယောက်လုံး အနေခက်လှချေသည်။

“ဟိုတစ်နေ့က စူးမာ စက်ဘီးကို ဒုန်းပျံလို လုပ်စီးတာ အတော် စီးကောင်းရဲ့လား” 

"ဟာ"

“မြန်မာပြည်ဖြစ်ဒုန်းပျံက ပိုက်ဆံမကုန်ဘဲ နတ်ပြည်ရောက်နိုင်တယ်။ ဒီထက်မြင့်တဲ့ တောင်ကုန်းက ဒီထက် အရှိန်ပြင်းပြင်းတွန်းချလိုက်ရင် စူးမာ တစ်ခါထဲ နတ်ပြည်တန်းရောက်ပြီး သိကြားမင်းကတော်ဖြစ်မှာ။ ဒါပေမဲ့ သိကြားမင်းက မျောက်ရှုံးတဲ့ လူငမျောက်ကလေးကို ငါ့ကတော် မတော်နိုင်ဘူးဆိုပြီး လူ့ပြည်ကိုကန်ချလိုက်ရင်လဲ အခက်”

ကိုကိုအောင်သည် ခပ်သောသောကလေးပြောရင်း ရယ်နေလေသည်။ စူးမာ လိုက်မရယ်မိသေးသော်လည်း စိတ်ထဲတွင် အတန်ငယ်ကြည်လင်သွားလေသည်။ မှုန်ကုတ်ကုတ်ဖြစ်နေသော မျက်နှာလေးလည်း လန်းဆန်းလာသည်။ စူးမာ ဟိုတစ်နေ့က စက်ဘီးဇောကပ်ပြီး ပစ်ထားခဲ့သော ဒယ်အိုးသေးသေးကို သစ်ပင်ရင်းတွင် တွေ့ရသည်။ ကန်စွန်းရွက်ကြော်လေးများက မွဲချောက်နေပေပြီ။ ဒယ်အိုးထဲမှ ကန်စွန်းရွက်ဖတ်လေးများကို တုတ်နှင့် ကော်ထုတ်ပစ်လိုက်ပြီး ဒယ်အိုးကို ခါလိုက်သည်။ ခုအချိန်မှာတော့ ချက်တမ်းပြုတ်တမ်းလည်း မကစားချင်။ စစ်တိုက်တမ်းကစားဖို့လည်း စိတ်မပါ။ ဖြစ်နိုင်လျှင်တော့ မန်ကျည်းကိုင်းတွင် ဒန်းဆင်ပြီး ဒန်းစီးနေရလျှင် ကောင်းမည်ထင်သည်။ ဒန်းကို ရှေ့နောက်လွှဲပြီး တငြိမ့်ငြိမ့်စီးနေရလျှင် စူးမာသည် ကိုတူးတစ်ယောက် စိတ်ဆိုးသွားသည်ကိုပင် မေ့သွားနိုင်မည်ထင်သည်။

"စူးမာ ဒန်းစီးချင်လိုက်တာ”

“ကိုဘိုးထွေးကို ဆင်ခိုင်းပါလား”

"အို မအားပါဘူး ကိုကိုအောင်ရာ"

စူးမာသည် ပခုံးကလေးတွန့်ကာ အားလျှော့သောအသံလေးနှင့် ပြောလိုက်သည်။ စူးမာ ဒန်းစီးချင်သည်၊ ဆင်ပေးပါဟု ပြောသံကြားလျှင် တစ်အိမ်လုံးက "မျောက်ရှုံးတဲ့မျောက်မလေး ဆော့ပြန်ဦးမယ်” ဟုပြောကြဦးမည်ဖြစ်သည်။ ဒန်းကိုတော့ အရေးတယူဆင်ပေးလိမ့်မည် မဟုတ်ချေ။ စူးမာကိုယ်တိုင်လည်း ဒန်းမဆင်တတ်သေးချေ။ စူးမာလိုပင် သစ်ပင်ပေါ်တွင် လင့်စင်ထိုးပြီး အိမ်ကလေးဆောက်ချင်လှသော ကိုတူးခမျာလည်း ခုထိ အကောင်အထည်မဖော်နိုင်သေးချေ။

ကိုတူး၏လင့်စင်နှင့် စူးမာ၏ဒန်းတို့သည် တစ်ပြိုင်တည်း ပြီးကြလျှင် မည်မျှပျော်စရာကောင်းလေမည်မသိ။ စူးမာ ဒန်းကိုလွှဲကာ လွှဲကာနှင့် တအားစီးလျှင် ကိုတူး၏လင့်စင်သည် သိမ့်ခနဲ သိမ့်ခနဲ လှုပ်သွားလိမ့်မည်ထင်သည်။ ထိုသို့သာလျှင် လင့်စင်ပေါ်မှ ကိုတူးတစ်ယောက် အတော်ကလေး အသည်းအေးရှာမည်ဖြစ်သည်။

“ကိုတူးကလဲ သစ်ပင်ပေါ်မှာ လင့်စင်ထိုးချင်တယ်တဲ့"

"ဘယ် အပင်ပေါ်မှာလဲ” 

“ဒီမန်ကျည်းပင်ကြီးပေါ်မှာပေါ့”

“ဦးလေးသွင်ရှေ့မှာတော့ သစ်ပင်မတက်လိုက်ပါနဲ့နော်၊ ရူးတဲ့အထဲမှာ တခါထဲ သွက်သွက်ခါသွားမယ်။ အငယ်လေးက သစ်ပင်ပေါ်က ကျသေတာ။ ကိုတူးကိုပြောထားဦးမှ"

“ကိုတူးကတော့ တနေ့နေ့ ပြီးအောင်ကို လုပ်မယ်တဲ့။ သစ်ပင်ပေါ်မှာ လင့်စင်လေးနဲ့ အိမ်လေးနဲ့ သိပ်ကောင်းမှာနော် ကိုကိုအောင်"

ပန်းရနံ့က ပိုမွှေးလာသည်။ အပင်မှခူးလာခါစ ဖြစ်မည်ထင်သည်။ လတ်ဆတ်သောရနံ့သည် မွှေးပျံ့နေလေသည်။ ကိုကိုအောင်သည် သူ့လက်ထဲမှပန်းများကို အမှတ်မထင် ငုံ့ပြီး ရှိုက်နမ်းလိုက်လေသည်။

"စပယ်ပန်းတွေနော်၊ မွှေးလိုက်တာ"

“အင်း၊ အခုပဲ သူငယ်ချင်းအိမ်က ခူးခဲ့တာ”

“စူးမာဖို့လား”

စူးမာက မေးသောအခါ ကိုကိုအောင်၏မျက်နှာတွင် သွေးရောင်ရိပ်ရိပ်လေး လွှမ်းသွားသည်။ စပယ်မွှေးမွှေးများကို ရှိုက်နမ်းရင်း ပြုံးလိုက်သည်။

"စူးမာ ယူချင်ရင်ယူလေ၊ စူးမာ စပယ်ပန်းကြိုက်လို့လား။ စူးမာရဲ့ ကျောင်းနာမည်က ခင်နှင်းဆီမို့ နှင်းဆီပန်းမှကြိုက်သလားလို့၊ မမကြီးကတော့ ခင်စပယ်နော်”

“အာ မေမေတို့ပေးချင်တဲ့နာမည် ပေးတာပါ ကိုကိုအောင်ရာ။ တကယ့်တကယ်ဆိုရင် စူးမာ ပန်းတိုင်းကြိုက်ပါတယ်။ မမကြီးကတော့ စပယ်ပန်းပိုကြိုက်တယ် ထင်ပါရဲ့"

“ဟုတ်လား၊ ဒါဖြင့် မမကြီးကိုလဲ ခွဲပေးလိုက်ပေါ့”

ကိုကိုအောင်က ခပ်ဆဆပြောသောအခါ စူးမာသည် ရိပ်ခနဲ ပြုံးလိုက်မိသည်။ ကိုကိုအောင်ကိုကြည့်ရသည်မှာ မမကြီးကိုရည်ရွယ်ပြီး ပန်းများခူးလာဟန်ရှိသည်။ အပေးခက်နေရသည့်အထဲ စူးမာက အလိုက်ကန်းဆိုးမသိ ကြားမှ ဖြတ်တောင်းသောအခါ အတော်ပင် အကျပ်ရိုက်သွားပုံရလေသည်။

"အင်း... စူးမာ ပန်လို့တောင်မလောက်ဘူး။ ဆံပင်ကို ကြက်တောင်စည်း စုစည်း၊ ပြီးမှ ပန်းတွေ အများကြီး ဝိုက်ပန်ရတာ၊ ပန်းနည်းရင် သားရေကွင်းပေါ်လာတယ် ကိုကိုအောင်ရ၊ မကောင်းဘူး။ တော်ကြာ မေမေက ဘုရားတင်ဖို့တောင်းလဲ ပေးရဦးမယ်၊ ဒေါ်ကြီးသက်က ငါ့တစ်ခက်လောက်ဆိုလဲ ပေးရမှာပဲ။ ကဲ မမကြီးဖို့ ဘယ်မှာကျန်မှာလဲ”

စင်စစ်အားဖြင့် စူးမာအနေနှင့် မမကြီးလောက် ပန်းများကို မက်မက်မောမော ပန်ဆင်လေ့မရှိချေ။ စူးမာ၏ဆံပင် နီကြောင်ကြောင် တိုကပ်ကပ်ကလေးသည် မမကြီး၏ဆံပင်ရှည်ပျော့ပျော့များလိုလည်း ပန်းပွင့်လေးများနှင့်လိုက်ဖက်ခြင်းမရှိ။ မမကြီး၏ဆံပင်ရင်းတွင် တစ်ခါတစ်ရံ ဝိုက်ပြီး ပန်ဆင်တတ်သော စပယ်ကုံးဖြူဖြူတို့သည် ခေါင်းပေါ်ရောက်သွားခါမှ ပိုပြီး ဖြူနုသွားဟန်ရှိသည်။ သဇင်ပန်းတစ်ခက် နှစ်ခက်ကို ခေါင်းတွင် ထိုးစိုက်သွားပါကလည်း လှသည်သာဖြစ်၏။ ညွတ်နေသော ပန်းခက်ဝါဖျော့ဖျော့လေးများကြောင့် မမကြီး၏မျက်နှာသည် ပိုပြီးနုနယ်သွားသယောင် ထင်မှတ်ရသည်။ မမကြီး၏ခေါင်းတွင် ပန်းပြတ်သောနေ့ မရှိသလောက် ရှားသည်။ တစ်မျိုးမဟုတ် တစ်မျိုးကိုတော့ အမြတ်တနိုး ပန်ဆင်သည်သာဖြစ်၏။ ကြာလာတော့ မမကြီး၏ခေါင်းတွင် ပန်းမတွေ့ရလျှင်ပင် တစ်ခုခုလိုနေသလို ထင်မှတ်လာရလေသည်။ ယခုလည်း မမကြီးကို စပယ်ပန်းများသွားပေးလိုက်လျှင် "ဟယ် လှလိုက်တာ” ဟုပြောရင်း ဝမ်းသာအားရမည်ဖြစ်သည်ကို စူးမာ သိသည်။ သို့ပါသော်လည်း ကိုကိုအောင်ကို ကသိကအောက်ဖြစ်အောင် စချင်သဖြင့် စူးမာသည် လှည့်ကာပတ်ကာ ပြောနေခြင်းဖြစ်လေသည်။

"ဟော ဟိုမှာ ကိုတူး၊ ကိုတူးရေ"

တစ်ဦးတည်း ပြန်လျှောက်လာသောကိုတူးကို တွေ့ရ၍ စူးမာ ဝမ်းသာအားရ လှမ်းခေါ် လိုက်သည်။ ကိုတူးသည် ဘဘသွင်နှင့် တွေ့ခဲ့ပုံမရချေ။ ယောင်ချာချာလျှောက်လာရင်းမှ စူးမာက လှမ်းခေါ်သောအခါတွင် မျက်စောင်းထိုး၍ ကြည့်လေသည်။

“ကိုတူးရာ လာပါ၊ စူးမာက စတာပါ၊ နောက်မခေါ်တော့ဘူး။ နော် နော် ကိုတူး"

"ခွေးစူးမာ”

ကိုတူးသည် မြေပေါ်ရှိကျောက်ခဲလေးကို ခြေထောက်နှင့် လွှဲကန်လိုက်ပြီး စူးမာတို့ဘက် ပြန်ပြီးလျှောက်လာသည်။ ဘဘသွင်သည် ကြီးကြီးနှင့်အတူ ဘုရားသွားနေသဖြင့် ကိုတူးတစ်ယောက်တည်း ပြန်ပြီး ဘက်ပဲ့ခဲ့ဟန်ရှိသည်။ ယောင်ချာချာနှင့် မန်ကျည်းပင်ရိပ်ကို ပြန်ရောက်လာသည်။ ကိုကိုအောင်သည် ကိုတူး၏ပခုံးကို ဖက်လိုက်သည်။ ကိုတူး၏ခေါင်းသည် ကိုကိုအောင်၏ပခုံးနှင့် တညီတည်းလောက်ရှိသည်။ ကိုတူး အသက်ကြီးလာပြီး ကိုကိုအောင့်အရွယ်ရောက်လျှင်လည်း အရပ်မြင့်မည် ထင်သည်။

“ကိုတူး ဘားကျွမ်းကစားရင်ကောင်းမယ်။ ကျောင်းမှာ ဘားကျွမ်းအသင်းမဝင်ဘူးလား”

"မေမေက ကျိုးမှာပဲ့မှာကြောက်လို့တဲ့ မဝင်ရဘူးတဲ့။ ဂျူဒိုကစားရင်လဲ ပညာအားကိုးနဲ့ ရန်ဖြစ်မှာစိုးလို့ မကစားရဘူးတဲ့။ ရေကူးပြန်တော့လဲ ရေကူးသင်ရင်း နစ်မှာစိုးလို့ မကူးရဘူးတဲ့"

“မဟုတ်သေးပါဘူးကွာ၊ အဲဒါ မှားတာပဲ။ အမှန်က ဒီအရွယ်မှာ ဝါသနာပါရာ အားကစားတစ်ခုခု လိုက်စားဖို့လိုတယ်၊ စိတ်မလေဘူးပေါ့။ ကစားချိန်မှာ ကစား၊ စားချိန်မှာ စား၊ စာကျက်ချိန်တန် ကျက်၊ စိတ်ကို အအားမထားရဘူးကွ"

“ဘာပြုလို့”

“စိတ်ဆိုတာ ကောင်းမှုနဲ့မကောင်းမှု နှစ်ခုရှိတဲ့အထဲမှာ မကောင်းမှုမှာပဲ ကျက်စားတာပဲကွ။ ဒါဟာ ဓမ္မတာပဲ။ ကိုတူးတို့အရွယ်ဆိုတာ အင်မတန်ငယ်သေးတယ်၊ နုသေးတယ်၊ ဒီအရွယ်မှာ စိတ်က အားနေမယ်၊ လေနေမယ်ဆိုရင် မကောင်းမှုဘက် စိုက်ကျသွားဖို့ များတာပေါ့။ ဒါကို မိဘတိုင်း သတိပြုသင့်တယ်၊ ဆင်ခြင်သင့်တယ်။ မင်းတို့မိဘတွေက ခေတ်ပညာတတ်တွေ ဖြစ်နေပြီး ဒီလောက်တော့ နားလည်သင့်တာပေါ့။ နေရာတကာ အစိုးရိမ်ကြီးတာဟာ တစ်နည်းအားဖြင့်ဆိုရင် ကလေးတွေကို လောင်းရိပ်မိစေတာပဲ။ အစွမ်းအစ တုံးစေတာပဲ”

ပြတ်သားစွာပြောသော ကိုကိုအောင့်ကို စူးမာသည် အထင်ကြီးစွာနှင့် ကြည့်နေမိလေသည်။ စူးမာတို့တွင်သာ ကိုကိုအောင့်လို အကိုကြီးတစ်ယောက်ရှိလျှင် ဘားကျွမ်းအသင်းဝင် ရလိမ့်မည် ထင်သည်။ ခုတော့ စာအုပ်ပုံကြီးထဲမှ မမကြီးသည် အချိန်အားတိုင်း စာကိုချည်း အကျက်ခိုင်းနေတော့ ခက်လှချေသည်။ မေမေကလည်း ကျွမ်းထိုးစဉ်၊ ခုန်လွှားစဉ် လဲပြိုပြီး ကျိုးပဲ့မှာကိုသာ စွတ်ပြီးပူပင်နေသဖြင့် လုံးဝလက်မခံ။ ဖေဖေကလည်း ဘာသင်း၊ ညာသင်းဝင်ခြင်းသည် အပိုအလုပ်ရှုပ်ခြင်းဖြစ်သည်ဟုဆိုသည်။ စာကျက်ပျက်သည်ဟု ပြောသည်။ ထို့ကြောင့် စူးမာတို့သည် မဲတစ်မဲမှမရဘဲ အပြတ်အသတ် အရေးနိမ့်ခဲ့ရလေသည်။ ထို့ကြောင့်လည်း ကျောင်းချိန်မှအပတွင် မန်ကျည်းပင်ကြီးအောက်တွင်သာ အချိန်ကုန်ကြလေတော့သည်။

ကိုတူးသည် ဘာမျှမပြောဘဲ မြေကြီးကို ဖိနပ်နှင့်ကော်ရင်း ခေါင်းငုံ့ထားလေသည်။ ကိုကိုအောင့်လိုသာ ဖေဖေတို့ မေမေတို့ စဉ်းစားခဲ့မည်ဆိုလျှင် မည်မျှကောင်းလေမည်နည်းဟု တမ်းတမ်းတတ တွေးနေမိလေသည်။ ဆေးပုလင်းရောင်စုံများသည်လည်းကောင်း၊ ကျောင်းစာအုပ်ထူထူကြီးများသည်လည်းကောင်း၊ စိုးရိမ်စိတ်များသည်လည်းကောင်း ဖေဖေတို့ မေမေတို့၏ စဉ်စားမည့်ဉာဏ်ကို ပိတ်ပင်ထားကြသည်ထင်သည်။ ကြားမှ ကန့်လန့်ဖြတ်ကာဆီးထားကြသည် ထင်သည်။

"တိုတိုသူရေ ... မမစူးရေ... တားတားဖို့ မေမေမုန့်ဝယ်ခဲ့တယ်။ ငှက်ပျောသီးမုန့်ပါလာတယ် "

ကားသည် ဆင်ဝင်အောက်သို့ ထိုးဆိုက်လိုက်သည်နှင့်တစ်ပြိုင်နက်တည်း တာတီးလေး၏အသံကလည်း ဆူညံပြီး ထွက်လာလေသည်။ တာတီးလေးကို ကျောင်းကြိုသွားသောမေမေသည် ဈေးသို့ ဝင်ပြီး တစ်ခါတည်း မနက်ဖြန်အတွက် ဈေးဝယ်ခဲ့ဟန်ရှိသည်။ တာတီးလေးက တကြော်ကြော်အော်ခေါ်နေသည့်အတွက် စူးမာတို့ အိမ်ဘက်သို့ ခပ်ဖြည်းဖြည်းပြန်ကာ လျှောက်ခဲ့ကြသည်။

“ပန်းတွေ ဘယ်ကရတာတုံး”

“ကိုကိုအောင်ဆီက" 

"အမယ် နင့်ကို ပန်းပေးတယ် “

"အဟက် တကယ်ပေးချင်တာက မမကြီးကိုပါ။ စူးမာက ကြားက ဝင်ပြီး တောင်းလာတာ”

“ကိုကိုအောင်ကြီးက မမကြီးကိုများ ပိုးနေလားမသိဘူးနော်”

ကိုတူးက ရယ်ဟဟနှင့် ပြောသည်။ သူ့ဆံပင်တိုစိစိလေးနှင့် ပြောင်ချော်ချော်ဖြစ်နေသောကိုတူးသည် သူ့အစ်မကြီးအား သိပ်ပြီးသဝန်တိုဟန်မရှိချေ။ စူးမာကလည်း ပြုံးကျဲကျဲလေးနှင့် ထောက်ခံလိုက်မိသည်။

"အင်း ပိုးများနေသလားမသိ”

* * *

“ကိုကိုအောင်က မမကြီးကို ပိုးနေလားဟင်” 

"ဘာပြောတယ်”

"အဟက် ကိုတူးကပြောတယ်၊ ကိုကိုအောင်ရယ် မမကြီးကို ပိုးနေတယ် ထင်တယ်တဲ့။ ဟိုနေ့ကလဲ စပယ်ပန်းတွေခူးလာတယ်။ စူးမာကိုပေးတယ်။ မမကြီးကို ခွဲပေးလိုက်တဲ့။ အဟဲ စူးမာလဲ ဘုရားတင်လိုက်တယ်”

“ဘယ်တုန်းကလဲ” 

“မနေ့တုန်းက စူးမာ ပန်းတွေ ဘုရားတင်လိုက်တယ်။ ကိုကိုအောင် ကုသိုလ်ရတာပေါ့လို့ ပြောလို့ အင်း အင်း တဲ့။ ရပါတယ်တဲ့။ မချိပြုံးကြီးနဲ့ ပြောတယ်”

မမကြီး၏မျက်နှာသည် သွေးရောင်လွှမ်းသွားသည်။ စူးမာကို အော်ပစ်လိုက်မည့်ဟန် ပြင်သော်လည်း တကယ်မအော်ချေ။ မှန်ထဲမှတစ်ဆင့်မြင်နေရသော စူးမာကို ခပ်စူးစူးလေး လှမ်းကြည့်နေသည်။ စူးမာသည် ဗီရိုအပေါ်ထပ်တွင်ထည့်ထားသော ကျောင်းအင်္ကျီအဖြူကို မမီမကမ်း ခုန်ပြီးဆွဲယူလိုက်သည်။ ဆတ်ခနဲ ဆွဲယူလိုက်သောအခါ အင်္ကျီအဖြူသာမက အပေါ်ဘက်တွင်တင်ထားသော အခြားအင်္ကျီများပါ ပြိုပြီး အိကျလာသည်။ ကျတော့မည်ဟန်နှင့် အင်္ကျီပုံက ပြိုလာသောအခါ စူးမာသည် ဗီရိုတံခါးကို ဝုန်းခနဲ ပြန်ပိတ်လိုက်သည်။ အပိတ်မြန်သည့်အတွက် ပြိုကျလာသောအင်္ကျီများသည် တံခါးဝကိုမှီရင်း ရပ်တန့်သွားကြသည်။ ဒီတစ်ခါအတွက်တော့ စိတ်ချရပေပြီ။ နောက်တစ်ခါ ဗီရိုဖွင့်လျှင်မူ အထဲမှအင်္ကျီပုံသည် ထွေးခနဲ လုံးခနဲ ခုန်ဆင်းလာမည်ဖြစ်သည်။

“စူးမာ သနပ်ခါးလိမ်းပြီးမှ အင်္ကျီလဲလေ ဘယ့်နှယ်လဲ။ အင်္ကျီအရင်လဲပြီးမှ သနပ်ခါးကို လည်ပင်းချန်ပြီး လိမ်းမလို့လား။ အားကြီးအပျင်းထူတယ်၊ လာခဲ့"

မမကြီးက ခပ်ဆတ်ဆတ်လေး လှမ်းပြောသည်။ အင်္ကျီကို ဝတ်တော့မည်ဟန်ပြင်သော စူးမာ တွန့်သွားသည်။ စူးမာ သနပ်ခါးကို ညီအောင် မလိမ်းတတ်။ ထာဝစဉ် ကျားနေတတ်သည်။ မျက်နှာတွင် ကျားကျားတားတားကြီးဖြစ်နေသည်နှင့်စာလျှင် ဘာမျှလိမ်းမထားသည်ကမှ တော်သေးသည်ဟု စူးမာထင်သည်။ ထို့ကြောင့် တစ်ခါတစ်ရံ သနပ်ခါးမလိမ်းဘဲ ကျောင်းကိုသွားတတ်သည်။ မေမေတို့ မမကြီးတို့ သတိပင်မထားမိ။ အခုမှ တရေးနိုးကာ သတိပြုမိကြသည်။ စူးမာသည် မျက်နှာကလေးရှုံ့ရင်း သနပ်ခါးကျောက်ပျဉ်နား ကပ်သွားရလေသည်။

“ကိုကိုအောင်က ပြောသေးတယ်။ ကိုတူးတို့ စူးမာတို့ ဘားကျွမ်းအသင်းဝင်ဖို့ကောင်းတယ်တဲ့”

“ဘာဖြစ်လို့”

“ဒီအရွယ်တွေဟာ စိတ်ကို အအားမထားရဘူးတဲ့။ စားချိန်တန်စား၊ ကစားချိန် ကစားရမယ်တဲ့။ စာကျက်ချိန်တန် စာကျက်ရတယ်တဲ့ မမကြီးရဲ့။ စိတ်အားနေရင် လေနေရင် ပျက်စီးတတ်တယ်လို့ပြောတယ်”

စူးမာသည် ကျောက်ပျဉ်ပေါ်သို့ ရေစက်ကလေးများ တစ်စက်စက် ချနေရင်း ပြောသည်။ သနပ်ခါးတုံးကိုယူပြီး သွက်သွက်လေးသွေးလိုက်သောအခါ ဝါနှစ်သောသနပ်ခါးများသည် ပျစ်ပြီးထွက်လာသည်။ သနပ်ခါးသွေးသံ တဂျီးဂျီးကို စူးမာနားထဲ၌ "ကျောင်းသွားရဦးမယ်၊ ကျောင်းသွားရဦးမယ်”ဟုကြားယောင်နေသည်။ တစ်ခါတစ်ရံတော့ ကျောင်းသွားရသည်မှာ ပျင်းဖွယ်လှသည်။ ဆရာ မလာသောနေ့များဆိုလျှင် ပိုပြီးပျင်းဖို့ကောင်းသေးသည်။ ကေသွယ်မြင့်နှင့်လည်း စကားမပြောချင်။ အောင်တိုးဝင်းတို့ ခုံဘက်သို့ လှမ်းမကြည့်မိအောင်လည်း သတိထားရသေးသည်။ တော်ပါသေးသည်၊ အောင်တိုးဝင်းသည် သူ့နဖူးယောင်သွားပြီးကတည်းက ထပ်မံပြီး ရန်စကား မဆိုတော့ချေ။ မိန်းကလေးနှင့်ဖက်ပြီး ရန်ဖြစ်ရလျှင် သိက္ခာကျသည်ဟုလည်း ထင်ပုံရသည်။ "နောက်တစ်ခါ စွာရင်တော့ မိန်ကလေးသောဘာသော ဆွဲထိုးမှာပဲ”ဟု စူးမာကွယ်ရာတွင် ပြောသည်ဟုတော့ ကြားရသည်။

"လာစမ်း၊ သနပ်ခါးကို အဲဒီလို ထုံးသုတ်သလို သုတ်လို့ ဘယ်တော့မျှ ညီမှာမဟုတ်ဘူး။ တော်ကြာ ကျောင်းမှာ သူများက ထုံးသုတ်လာသလား၊ ပဲကြီးဟင်းမှောက်လာသလားနဲ့ စရင် ကွန်ပါဘူးနဲ့ ထပေါက်ဦးမယ်”

မမကြီးသည် စူးမာကို လှမ်းခေါ်လိုက်သည်။ အခေါ်စောင့်နေသော စူးမာသည် ဝမ်းသာအားရ ထလာသည်။ မမကြီးလိမ်းပေးလျှင်တော့ စူးမာသည် သနပ်ခါးညီညီညာညာနှင့် ကျောင်းတက်ရမည်ဖြစ်သည်။ မမကြီးသာ ထာဝစဉ် စိတ်ရှည်စွာနှင့် ရှိမည်ဆိုလျှင် စူးမာလောက် ပျော်သူရှိမည်မထင်။ 

“ကဲ မော့စမ်း မျက်နှာကို၊ အဲဒီမှန်တင်ခုံပေါ်က သွားပွတ်တံလေး ပေး။ တစ်ခါထဲမှ မျက်ခုံးမွေးပေါ်ကျတော့ ပုံထားလိုက်တဲ့သနပ်ခါးတွေ အတုံးလိုက် အတစ်လိုက်၊ မျက်ကွင်းနှစ်ဖက်ကျတော့ လွတ်လို့၊ ဒီအတိုင်းသာ ခြောက်သွားရင် မျောက်ရုပ်ထွက်လာမှာ၊ နည်းနည်းပါးပါးလေးများ မလှချင်ဘူးလား စူးမာရယ်”

မမကြီးသည် စူးမာ၏မျက်နှာကို ဆွဲမော့ကာ သနပ်ခါးညှိပေးသည်။ စူးမာသည် မျက်လုံးလေးမှိတ်ကာ ကျေနပ်နေသည်။ မမကြီး၏လက်ချောင်းနုနုလေးသည် စူးမာမျက်နှာပေါ်တွင် သွက်လက်စွာ ပွတ်သပ်ပြေးလွှားနေလေသည်။ မျက်ခုံးကို သွားပွတ်တံလေးနှင့် နာနာခြစ်လိုက်သောအခါ မျက်ခုံးနက်နက်ကလေးသည် ထင်းလာသည်။ သနပ်ခါးရေကျဲလေးကို ပါးပြင်ပေါ် တွင် လက်ညှိုးလေးနှင့် ဆွဲခြစ်ပြီး ပါးကွက် တင်ပေးသည်။ စူးမာ၏ပါးပြင်ပြည့်ပြည့်သည် သနပ်ခါးစင်းလေးများနှင့် ဝင်းအိသွားလေသည်။

"စူးမာရေ... ဟေ့ မပြီးသေးဘူးလား။ ဒီနေ့ ကျောင်းစောစော သွားမယ့်ဟာ ရှိုးလုပ်နေလိုက်တာ”

အခန်းထဲသို့လှမ်းဝင်လာသော ကိုတူးကို မှန်ထဲမှတစ်ဆင့် လှမ်းမြင်ရသည်။ ကျောင်းအင်္ကျီ အပြီးလဲကာ လွယ်အိတ်ကိုပါ လွယ်လာသည်မို့ ကိုတူးသည် ကျောင်းသွားရန် အသင့်ဖြစ်နေပြီထင်သည်။ ကိုတူးကို မြင်သောအခါ မမကြီးသည် ခပ်ဆတ်ဆတ်လေး အော်လိုက်သည်။

“ကိုတူး၊ ခွေးလေး၊ နင်ဘာပြောတာလဲ” 

“ဗျာ ဘာပြောလို့လဲ”

“ကိုကိုအောင်ရယ် မမကြီးကို ပိုးနေတယ်လို့ပြောတယ်ဆို၊ မဟုတ်မဟပ်တွေ မပြောရဘူးဟဲ့၊ ကိုယ့်အစ်မကိုများ"

မမကြီး စိတ်ဆိုးသလို လေသံမာမာနှင့်ပြောသော်လည်း မျက်နှာထားက တကယ်မတင်းပေ။ မျက်တောင်ကော့များအောက်မှ မျက်လုံးညိုလေးများကမူ ပြုံးနေဟန်ပင်ရှိသည်။ ကိုတူးသည် ရုတ်တရက်မို့ လန့်သွားဟန်ရှိသည်။ မှန်ထဲမှတစ်ဆင့်မြင်ရသော စူးမာက မျက်လုံးတစ်ဖက် မှိတ်ပြသောအခါမှ သက်ပြင်းချလိုက်လေသည်။

စူးမာသည် ကိုယ့်ကိုယ်ကို မှန်ထဲတွင်ကြည့်ရင်း ကျေနပ်နေမိသည်။ နဂိုဖြူသော စူးမာ၏အသားသည် သနပ်ခါးညီညီညာညာ တင်လိုက်သောအခါ ဝင်းသွားသည်။ မျက်ခုံးနက်နက်၊ မျက်လုံးဝိုင်းဝိုင်းနှင့် နှုတ်ခမ်းလေးရဲနေသော စူးမာသည် မမကြီးလောက် မလှသော်လည်း လှတော့လှသည်သာဖြစ်၏။

"အမယ် သူ့ကိုယ်သူကြည့်ပြီး သဘောကျနေလိုက်တာ။ ထစမ်း၊ လဲစမ်း အင်္ကျီ၊ မြန်မြန်လဲ”

ကိုတူးက အော်သောအခါမှ မှန်ရှေ့က ဝုန်းခနဲ ထပြေးရသည်။ အင်္ကျီဖြူကို မြန်မြန်လဲ စကပ်အစိမ်းကို ကမန်းကတန်း ကောက်စွပ်ပြီး ခေါင်းကို တစ်ချက်နှစ်ချက် သပ်လိုက်သောအခါ စူးမာသည် နှစ်မိနစ်လောက်အတွင်း ကျောင်းသွားရန် အသင့်ဖြစ်သွားလေသည်။

“အမယ်လေး လေး.. သနပ်ခါးတွေနဲ့ လှလို့၊ ညီလို့၊ ဘယ်သူလိမ်းပေးလဲ”

"မမကြီး"

မမကြီးက စူးမာကို သနပ်ခါးလိမ်းပေးသည်ဆို၍ ကိုတူး မျက်လုံးပြူးသွားသည်။ မမကြီးကိုပင် မယုံသလို လှမ်းကြည့်သေးသည်။ ခါတိုင်းဆိုလျှင် သူ့စာနှင့် သူ့အလုပ်နှင့် မအားအောင်ရှိတတ်သော မမကြီးသည် စူးမာကို သနပ်ခါးလိမ်းပေးဖို့နေနေသာသာ တခါတရံ စကားပင် ရှည်ရှည် မပြောတတ်သောကြောင့်ဖြစ်သည်။ စူးမာအနေနှင့်လည်း သနပ်ခါးလောက်ကိုပင် ညီညီညာညာ မလိမ်းတတ်သည်ကတော့ ညံ့လှချေသည်။ ကေသွယ်မြင့်တို့ သီတာလေး တို့ဆိုလျှင် မှုန်နေအောင် လိမ်းတတ်ကြသည်။ စူးမာလောက် မည်သူမျှ အချိုးမကျ မဖြစ်ချေ။

"ကဲ လာ လာ သွားစို့”

“နေဦး စူးမာ အချိန်စာရင်း မတိုက်ရသေးဘူး။ ခဏလေး ခဏလေး”

စူးမာသည် လိုအပ်သောစာအုပ်များကို ကမန်းကတန်း ကောက်ထည့်ကာ အပြေးလေး ထွက်ခဲ့ရသည်။ ကိုတူးတစ်ယောက် ဘာများအရေးကြီးနေသည်မသိ။ စူးမာကို ဇွတ်ပင် လောဆော်လှသည်။ အိမ်ပေါ်ထပ်မှ အပြေးအလွှားဆင်းလာသောစူးမာကို ကားထဲတွင် ထိုင်စောင့်နေလေသည်။ အိမ်ထဲမှထွက်မလာသေးသော ကိုဘိုထွေးကို ကားဟွန်းကို တတီတီနှိပ်ရင်း ခေါ်လေသည်။

"ကိုတူး ဘာများအရေးကြီးနေတာလဲ"

"သိန်းထိုက်တို့နဲ့ ချိန်းထားတယ်ဟ"

"ဟို လမ်းသရဲသိန်းထိုက် မဟုတ်လား၊ ကိုတူးတို့အတန်းထဲကလေ။ သူနဲ့ ကိုတူးနဲ့ မတည့်ဘူးဆို"

"ဒီကောင်တွေ စိတ်ရင်း သိပ်မဆိုးပါဘူး။ ပေါင်းကြည့်တော့ ခင်စရာကောင်းပါတယ်"

"သူတို့နဲ့ကိုတူးက ဘာလုပ်မလို့ ချိန်းထားတာလဲ"

"ဘာမျှမလုပ်ပါဘူး။ ဒီလိုပဲ စကားလေးဘာလေးပြောတာပဲပေါ့။ သူတို့က စောစော လာခဲ့ပါကွာ ဆိုလို့"

စူးမာ ရင်ထဲတွင် ဒိတ်ခနဲဖြစ်ပြီး လေးသွားသည်။ သိန်းထိုက်သည် စူးမာတို့ကျောင်း၌ အတော်လေးနာမည်ကြီးသူဖြစ်သည်။ စူးမာမတည့်သော အောင်တိုးဝင်း၏ဆရာဟုပင် ခေါ်နိုင်သည်။ တစ်ပတ်လျှင် သုံးလေးရက်လောက် ကျောင်းပျက်တတ်လေသည်။ နေမကောင်းသောကြောင့်တော့ ဟုတ်မည်မထင်။ ရုပ်ရှင်ရုံများနှင့် ဗိုလ်ချုပ်ဈေးတွင် သွားရောက်ကျက်စားသောကြောင့်ဖြစ်၏။ သူ့အဖေသည် အရာရှိကြီးဖြစ်၍ တစ်ဦးတည်းသောသားဖြစ်သည်။ သိန်းထိုက်သည် စီးကရက်ကိုသာမက ဆေးခြောက်ကိုပင် ရှူတတ်သေးသည်ဟု ကေသွယ်မြင့်က ပြောဖူးလေသည်။ ကိုတူးသည် ယခင်က သိန်းထိုက်တို့နှင့် လုံးဝ အပေါင်းအသင်းမလုပ်ပေ။ ခုကျမှ ဘယ်လိုဖြစ်ပြီး အပေါင်းအသင်း ဖြစ်သွားသနည်း။ စူးမာပင် မသိလိုက်။ မျက်ခြည်ပြတ်သွားရသည်။

"ကိုတူး သူတို့နဲ့ ဘယ်တုန်းက ခင်သွားတာလဲ"

"တစ်တန်းထဲသားတွေပဲ စူးမာရ။ ပြောရင်းဆိုရင်း ဒီလိုပဲခင်သွားတာပေါ့ "

"သိပ်မခင်ပါနဲ့ ကိုတူးရာ။ သူတို့က လမ်းသရဲတွေ"

"'ငါ သိပါတယ်ဟ၊ ငါက နင့်ထက် အကြီးပါ”

ကိုတူးသည် စူးမာ၏ပခုံးကို ခပ်တင်းတင်းလေး ညှစ်ကိုင်ကာပြောသည်။ စူးမာကမူ ကိုတူး၏သန့်စင်သော မျက်လုံးညိုညိုလေးများကို စိုးရိမ်စွာ ကြည့်နေမိလေသည်။ ထိုမျက်လုံးညိုညိုလေးများတွင် သိန်းထိုက်တို့အရိပ်များ ဟပ်လာပြီး ညစ်ထေးသွားမည်ကို စိုးရွံ့နေမိသည်။ သိန်းထိုက်တို့သည် လူကောင်းမဟုတ်။ ဒါကို ကိုတူးလည်း သိသင့်သည်၊ သိထားသင့်သည်။

ဆက်ရန်
-----------------------------
#မစန္ဒာ

Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...