Skip to main content

လနှစ်စင်းရဲ့ ညအလင်း

အုန်းလက်များ ကြားမှ မြင်နေရသော လပြည့်ည၏ ဝိုင်းဝိုင်းစက်စက် ငွေလမင်းကြီးကို ကျွန်မ ငေးမော နေမိသည်။
ခြံထောင့်ရှိ ခုံတန်းလျားလေး ပေါ်တွင် ကျွန်မ တစ်ယောက်တည်း။ ပတ်ဝန်းကျင် တစ်ခွင်လုံးတွင်လည်း တိတ်ဆိတ်မှုက လွှမ်းမိုးနေဆဲ။ လေတိုက်တိုင်း ယိမ်းထိုးလှုပ်ရှား သွားတတ်သော အုန်းလက်များ ကြားမှ လ၏ အလင်းရောင် မှုန်ဝါးဝါးက မလင်းတစ်လှည့် လင်းတစ်လှည့်။
“ဖေဖေ့ကို သတိရလိုက်တာ”
မှိန်ဖျော့ဖျော့ ပါးလျလျ အလင်းရောင်ကို ငေးကြည့်နေရင်းမှ ကျွန်မ တိုးတိုးဖွဖွ ညဉ်းညူမိသည်။ ဒဏ်ရာဟောင်းများ၏ နာကျင်မှုက အသစ်တစ်ဖန် ပြန်ပေါ်လာသည်။ 
သည်လို လပြည့်ည ရောက်လေတိုင်း ကျွန်မတို့ သားအမိ၏ ရင်ထဲတွင် မမေ့နိုင်သော ခံစားမှုဖြင့် ကိုယ်စီကိုယ်ငှ ကြေကွဲနေရစမြဲ။ သို့သော် တစ်ယောက် ခံစားမှုကို တစ်ယောက် မမြင်အောင် သိုဝှက်ရင်း မနာကျင်လေသယောင် နေပြခဲ့ကြသည်။ ဖေဖေ ထားရစ်သည့် နေ့မှစ၍ တစ်ခြမ်းပဲ့ အသိုက်အမြုံထဲမှ ကျွန်မတို့လည်း မျိုသိပ်ခြင်း အတတ်ပညာကို ကျွမ်းကျင်စွာ တတ်မြောက် ခဲ့ကြပြီ။
မိစုံဖစုံ သက်ရှိထင်ရှား ရှိပါလျက် မိခင် တစ်ဦးတည်း၏ ရင်ငွေ့ကိုသာ ခိုခွင့်ရသော ကံကြမ္မာ။ လစ်လပ်နေသော မဟာတံတိုင်း ဖခင်ကြီး၏ နေရာ တစ်ခုကြောင့် မေမေနှင့် ကျွန်မတို့ မောင်နှမ၏ အားငယ်မှု ဝေဒနာ။ အခါခါ ပြန်တွေး၍ ဘဝပေးကုသိုလ် နည်းပါးမှုကို ဝမ်းနည်းနေမိသည်။
ထို့ကြောင့် လပြည့်ည ရောက်တိုင်း တစ်ယောက်ဒဏ်ရာ တစ်ယောက် မမြင်ရအောင် မေမေက ဘုရားရှိခိုး နေသလို၊ ကျွန်မကလည်း ခြံထဲဆင်း၍ ငေးတိငေးငိုင်။ မောင်လေးကတော့ လွမ်းမောခြင်းနှင့် မဆိုင်သလို နေပြခဲ့သည်။
ကျွန်မ မျက်ဝန်းများက လမင်းကြီးကို ငေးမော နေသော်လည်း မျက်ရည်များက ကာဆီး နေသောကြောင့် လမင်းကြီးကို မမြင်။ မိခင်ကို အားပေးရခြင်း၊ မောင်လေးကို နှစ်သိမ့်ရခြင်းကြောင့် ကျွန်မမျက်ရည်များ ချုပ်ထိန်းခဲ့ရသည်။ သူတို့ရှေ့တွင် အားအင်အပြည့် ရှိပြခဲ့ရသည်။
ယခုလို တစ်ယောက်တည်း ရှိခိုက်တွင်မှ ရင်ထဲက ဝမ်းနည်းခြင်း အစိုင်အခဲများကို အရည်ဖျော် မချလျှင် ကျွန်မ ရူးသွပ် ရပေလိမ့်မည်။ မျိုသိပ်ထိန်းချုပ် ထားရခြင်းကို ကျွမ်းကျင်သော်လည်း ရင်မှာ နာကျင်နေရသည်။
လရောင်၏ အေးချမ်းမှုကို ငေးမော နေသော်လည်း လမင်းကြီးအစား ဖေဖေ့မျက်နှာကိုသာ မြင်ယောင်၍ ပုံဖော်ကြည့် နေမိသည်။
မေမေ့ ဘုရားဝတ်ပြုသံ သဲ့သဲ့ကို ကြားရစဉ် ပူပင်သောကများက တစ်စတစ်စ လျော့ပါးသွားရပြီ။
* * *
ဟိုးယခင်ကဆို လပြည့်ညတိုင်း မိသားစု ဝိုင်းဖွဲ့၍ စကားတွေ ပြောကြသည်။ မောင်နှမ နှစ်ယောက် တစ်လှည့်စီ ဆိုကြက ကြသည်ကို ဖေဖေနှင့် မေမေက လက်ခုပ်တီးပြီး အားပေးကြသည်။ လရောင်အောက်တွင် ပြုံးပျော် ရွှင်လန်းနေကြသော မိသားစုလေးသည် ကုမုဒြာ ကြာပန်းကဲ့သို့ တင့်တယ်ခဲ့သည်။ 
အခါကြီး နေ့ကြီး လပြည့်ညမျိုး ဆိုလျှင် ဘုရားကို ဆီမီးကပ်ကြ၊ ပန်းလှူကြ၊ မိဘနှစ်ပါးကိုလည်း ကန်တော့ကြပါသည်။ ဖေဖေတို့ ပေးသော မုန့်ဖိုးများကို မီးပန်းတွေ ပြေးဝယ်ရင်း မောင်နှမ နှစ်ယောက် လရောင်အောက်တွင် ပျော်ရွှင်စွာ ကစားခဲ့ကြ သေးသည်။ မိသားစုလေးသည် စည်းစည်းလုံးလုံးနှင့် မချမ်းသာပေမယ့် ပျော်ရွှင်ခဲ့ကြသည်။ ထို အတိတ်နေ့စွဲများသည် ဘဝအတွက် အလွန်တရာမှ ချိုမြိန်လှသော၊ မေ့မရသော အမှတ်တရနေ့များ ဖြစ်သည်။
မေမေက ရိုးသားအေးချမ်းပြီး ရောင့်ရဲမှုအပြည့် ရှိသလောက် ဖေဖေကတော့ ချမ်းသာလိုစိတ် အလွန်ကြီးသော စိတ်ဓာတ် ပြင်းပျသူ တစ်ယောက် ဖြစ်သည်။ ကြီးပြင်းလာသော ကျွန်မတို့ နှစ်ယောက်၏ ပညာသင်စားရိတ်၊ မိသားစု စားဝတ်နေရေး အခက်အခဲများကြောင့် လက်ရှိအလုပ်ကို ဆက်မလုပ်တော့ပဲ နယ်တွင် ဖေဖေ အလုပ် သွားလုပ်ပါသည်။ မေမေက တားမြစ်ခဲ့သေးသည်။ ရှိတာလေးနဲ့ စားပြီး ရောင့်ရဲကြမည်။ မိလဲ လုပ်ကျွေးပါမည်ဟု မေမေ ပြောသော စကားလေးကို ယခုတိုင် ကြားမိသေးသည်။ မေမေ့ လေပြေလေးက လုပ်ခလစာ များများ ရလိမ့်မည် ဟူသော ဖေဖေ့ဆန္ဒကို မတွန်းလှန်နိုင်ခဲ့။ ဖေဖေ အလုပ်လုပ်ရန် ထွက်သွားခဲ့သည်။ 
မသွားမီက ကျွန်မတို့ မောင်နှမကို ဖေဖေက ကတိစကားများ ထားခဲ့သည်။ မောင်လေးက ဒံပေါက် အလွန်ကြိုက်သဖြင့် ဖေဖေ ပြန်လာရင် သားအတွက် ဒံပေါက် ဝယ်လာမည်ဟု လည်းကောင်း၊ ကျွန်မကိုမူ သီတင်းကျွတ် ကျောင်းပိတ်ရက်တွင် အရောက် ပြန်လာမည်ဟု လည်းကောင်း ပြောသွားခဲ့သည်။
ဖေဖေ၏ ကတိစကားများသည် ကျွန်မတို့၏ နှလုံးသား နုနုလေးများတွင် မျှော်လင့်ခြင်းများဖြင့် စူးနစ်စွာ ထင်ကျန်ရစ်သည်။
လွမ်းဆွတ်ခြင်း၊ မျှော်လင့်ခြင်း၊ ငိုရှိုက်ခြင်းများဖြင့် မခွဲဖူးသော ဖခင်ကို တမ်းတရင်း ကျွန်မတို့ ကျန်ခဲ့ကြသည်။ အိမ်မှ ထွက်သွားပြီး သုံးလလောက် အထိ ဖေဖေ့ထံမှ ဖုန်းနှင့် လူကြုံ လာသည်။ လူကြုံ လာသောအခါ ငွေနှင့်စာများ ရရှိသည်။ ဖေဖေ့ထံမှ လွမ်းဆွတ်ကြောင်း၊ ပြန်လာရက် နီးကြောင်းများကို ဖတ်ရှုရင်း ပျော်ခဲ့ကြသည်။
နောက်ပိုင်းတွင် ဖေဖေ့ထံမှ ဖုန်းလည်း မလာ၊ လူကြုံလည်း မလာတော့ပါ။ နေမကောင်း၍လား၊ အလုပ်ပြောင်းသည်လား မသိခဲ့ရ။ တစ်လမှ နှစ်လ တိုင်လာတော့ စိုးရိမ်စိတ်ဖြင့် မေမေ စုံစမ်းကာမှ ဖေဖေက အလုပ်ပြောင်းတာ မဟုတ် အသိုက်ပြောင်းတာ ဖြစ်ခဲ့သည်။ ကိုယ်ပိုင်မိသားစု အသိုက်အမြုံလေးမှ ဖေဖေ ထာဝရ ထွက်ခွာ သွားခဲ့သည်။
မိခင်၏ သောကမျက်ရည်များ၊ မောင်ငယ်၏ ငိုကြွေးသံများ ကြားတွင် ကျွန်မ ခေါင်းအုံးကလေးလည်း မျက်ရည်များနှင့် ရွှဲခဲ့ရသည်။ မေ့ထားလိုလှသော လပြည့်ညများကတော့ သူ့အစဉ်အတိုင်း ဆိုက်မြိုက်စွာ ရောက်လာခဲ့သည်။ 
ခံစားချက်များစွာဖြင့် ကျွန်မ ရူးရတော့မည်။ ထို လရောင်ကို ကြောက်ရွံ့လှပါသည်။ ယခု သာနေသော လရောင်သည် ယခင်ကလို အေးချမ်းမှုကို မပေးစွမ်းနိုင်။ ရင်ကိုထုပြီး တတရင်း ငိုချင်လှသည်။ လွမ်းဆွတ်ခြင်း၏ အပူမီးက ပြင်းထန်လွန်းသည်။ 
ကျွန်မတို့ သားအမိတတွေ၏ သဏ္ဍာန်များသည် ကိုယ်ရောစိတ်ပါ နွမ်းနယ်ခြင်းများကြောင့် လေလျော့လိုက်သော ပူဖောင်းများကဲ့သို့၊ မီးဟပ်သွားသော ပန်းငယ်များကဲ့သို့ ချုံးချုံးကျရလေသည်။
ယုံကြည်ချက် တစ်ခုကို အပြီးတိုင် စွန့်လွှတ် လိုက်ရသောအခါ ဘဝက ဦးတည်ချက် မဲ့လွန်းလှသည်။
* * *
လရောင် မြင်တိုင်းလည်း ပြန်ခဲ့မယ် ဟူသော ဖေဖေ့စကားသံကို ကြားမိပြီး လရောင်တွေကို ပုန်းရှောင်တတ်ခဲ့သည်။ ကျွန်မတို့နှင့် ပျော်ရွှင်ခဲ့သော ထိုလရောင် အောက်မှာပဲ နောက်မိသားစုနှင့် အတူ ပျော်ရွှင်နေဦးမည့် ဖေဖေ့ပုံရိပ်များကို မြင်ယောင်မိမှာ စိုးရွံ့ခြင်းကြောင့်လည်း ဖြစ်သည်။ လရောင်များကို ကျွန်မ ကြောက်တတ်ခဲ့သည်။
မခွဲခွာမီက မြင်လိုက်ရသော ဖေဖေ့ပုံရိပ်သည် ကျွန်မတို့ဘဝအတွက် အမှန်တကယ် နောက်ဆုံးဖြစ်သည်။ ဘယ်သော အခါမှ ဖေဖေ ကျွန်မတို့ထံ ပြန်မလာတော့ပါ။ ဖေဖေ့သတင်း ကြားရခြင်းသည်လည်း ထိုစဉ်အခါက နောက်ဆုံး ဖြစ်ခဲ့သည်။
ယုံကြည်မိသော ခင်ပွန်းသည်၏ သုံးလဟူသော ကာလတိုလေး အတွင်း အပြောင်းလဲကြီး ပြောင်းလဲသွားသော လုပ်ရပ်၊ ရှက်ရွံ့နာကျည်းရခြင်း၊ သားသမီးများအတွက် ဝမ်းနည်းခြင်းများကို တစ်ပြိုင်နက်တည်း ခံစားရရှာသော မေမေသည် ဖေဖေ့အကြောင်းကို ထပ်မံ မစုံစမ်းတော့သောကြောင့် ဖြစ်သည်။
ကျွန်မတို့ဘဝ၏ လမင်းကြီးသည် တိမ်များကြားတွင် ဖုံးအုပ်ပျောက်ကွယ် သွားခဲ့ရသည်။
* * *
လောကကြီးက အလွန် ဆန်းကျယ်သည်။ လရောင်ကြောက်သော ကျွန်မသည် မထင်မှတ်ဘဲ လရောင်ကို ချစ်သူ ဖြစ်ခဲ့ပြန်ပြီ။
မှတ်မှတ်ရရ လပြည့်ည တစ်ညတွင် ဖြစ်သည်။ ခြံထောင့်ရှိ ခုံပေါ်တွင် ကျွန်မ ငိုရှိုက်နေတုန်း နံဘေးဘက်ခြံ၏ စည်းရိုးထောင့် နားမှ တစ်ခါမှ မကြားဖူးသော ဂစ်တာသံလေး တစ်သံ ရုတ်တရက် ကြားလိုက်ရသည်။ အံ့ဩစိတ်ဖြင့် နားစွင့်စဉ် ဂျက်မြသောင်း ၏ 'ဆု' သီချင်းကို ပိုင်နိုင်စွာ သီဆိုသံကို ကြားလိုက်ရသည်။ 
သူ့အသံတွင် ဂရုဏာရိပ်များ လွှမ်းနေသဖြင့် ဂီတသံကြားတွင် နစ်မြောရင်း ကျွန်မမျက်ရည်များ ရပ်တန့်သွားရပြီ။ ကြည်မွေ့သော ခံစားချက်လေးနှင့် စူးစမ်းလိုစိတ်ကြောင့် ငြိမ်သက်စွာ နားထောင် နေမိသည်။ သူ ဘယ်သူလဲ ဆိုတာလဲ သိချင်မိသည်။ ကျွန်မ ရှိနေခြင်းကိုလည်း သူသိလိမ့်မည် မထင်။ 
သို့သော် သီချင်း ဆုံးသွားတော့ ချောင်းဟန့်သံ တစ်ချက်နှင့်အတူ ညင်သာ နူးညံ့သော အသံက ကျွန်မအနားသို့ ရောက်လာသည်။
“ဒီလောက်လှတဲ့ ညလေးမှာ ဘာကြောင့်များ ငိုနေတာလဲကွယ်”
စကားသံကြောင့် ရင်ထဲ လှိုက်ကနဲ တုန်အောင် ရှက်ရွံ့ သွားရသည်။
လရောင်ကလေးသာ ရှိပြီး လျှပ်စစ်မီးအလင်း မရှိသော မှောင်ရိပ်လွှမ်းသည့် ဒီခြံထောင့်က ကျွန်မ မျက်ရည်ကို သူ ဘယ်လိုများ မြင်သွားပါသလဲ။ ဧကန္တ ရှိုက်သံ တဆိတ်ကျယ်သွားခဲ့ခြင်း ဖြစ်မည်။ မည်သူမည်ဝါ မသိပါပဲ သူ့မေးခွန်းကို ကိုယ်က ပြန်ဖြေ ရမှာလား။ ဟင့်အင်း မလိုအပ်ပါ။ ရှိရင်းစွဲ မာနလေးကြောင့် နှုတ်ခမ်းကို တင်းတင်း စေ့ထားမိသည်။
သူ့ရှေ့တွင် မနေလိုတော့သဖြင့် အိမ်ထဲဝင်ရန် ခြေလှမ်းပြင်ချိန်တွင် ဟိုဘက် ခြံစည်းရိုးနားသို့ 'အေးမာ' ရောက်လာသည်နှင့် အံကိုက် ဖြစ်နေသည်။ ထိုညက အေးမာ မိတ်ဆက် ပေးမှုကြောင့် ကျွန်မနှင့် ကိုက်ို သိကျွမ်းခဲ့ရသည်။ အေးမာနှင့် ကိုကိုက ကျွန်မတို့ဘက်သို့ ကူးလာရင်း စကားဆက်ပြော ဖြစ်ခဲ့ကြသည်။ 
မျက်ရည်စကို သုတ်ရင်း ရှက်ဝဲဝဲဖြင့် အသံကောင်းသည်ဟု ကျွန်မပြောတော့ သူက သွားတက်လေးများ ပေါ်အောင် ရယ်သည်။ ကိုကို့အမည် 'ဝေဖြိုးနောင်' ကို 'ဝေနှင်းမြူ' ဆိုသော ကျွန်မ နှလုံးသားတွင် မှတ်မှတ်ရရ သိမ်းဆည်းခဲ့မိပါသည်။ 
ကိုက်ိုက တစ်ဦးတည်းသောသား ဖြစ်ပြီး နယ်မြို့လေးမှာ မိဘနှစ်ပါးနှင့် နေသူ။ နိုင်ငံခြားတွင် အလုပ် သွားလုပ်ရန်အတွက် သင်တန်းတက်ရန် ရန်ကုန်သို့ ရောက်လာသူ။ အေးမာ၏ ဖခင်နှင့် ဖခင်ချင်း အလွန် ခင်မင်သောသူ အဖြစ် သိခဲ့ရပြီး ကိုက်ိုနှင့် ရင်းနှီးခင်မင် သွားခဲ့သည်။
* * *
လရောင် အောက်တွင် ဆုံတွေ့ခဲ့သော ကိုကိုသည် နံနက်ခင်း၏ နေရောင် အောက်တွင်လည်း ခင်မင်ဖွယ်ရာ ကောင်းလှသည်။ အေးမာနှင့် အတူ ကျွန်မတို့အိမ်ဘက် လိုက်လိုက်လာရင်း မေမေနှင့်ပင် ခင်မင်ရင်းနှီး နေပါသေးသည်။ ယောက်ျားသား လောက်လောက်လားလား မရှိသော ကျွန်မတို့အိမ်၏ လုပ်ကိုင်စရာ လိုအပ်ချက်များကို တတ်စွမ်းသမျှ ဖြည့်ဆည်းလုပ်ကိုင် ပေးနေသည်။ မေမေ လိုလားနှစ်သက်စေရန် ကြိုးစားခြင်းဟု တွေး၍ ကျွန်မ ပြုံးမိသည်။
ဤသို့ဖြင့် ကျွန်မကလည်း အလုပ်တွေ လုပ်ရင်း၊ ကိုကိုကလည်း နိုင်ငံခြားထွက်ရန် သင်တန်းတွေ တက်ရင်းနှင့် ကျွန်မတို့၏ ခင်မင်မှု သက်တမ်းကလေးသည် ရက်မှလသို့ တိုင်ခဲ့သည်။ တစ်ခါတစ်ရံတွင် အေးမာနှင့်အတူ စကားထိုင် ပြောကြရင်း ကျွန်မကို ခိုးခိုး ကြည့်တတ်သော ကိုကို့မျက်ဝန်းမှ ဘာသာဗေဒ တချို့ကို ကျွန်မရော အေးမာပါ ဖတ်ရှု ကြည့်မြင် နိုင်ခဲ့ကြသည်။
မိန်းကလေးတိုင်းတွင် ရှိသော အာရုံသိအရ ကိုကို ကျွန်မအပေါ် ထားသော သံယောဇဉ်သည် အဖြူရောင်သက်သက် မဟုတ်တော့မှန်း သိနေပြီ။ မျက်ဝန်းသူခိုးများနှင့် ဆုံစည်းမိတိုင်း ရင်တွေ ခုန်ရသည်။ ကိုကို့ကို ချစ်နေသလားဟု မိမိကိုယ်ကို ပြန်မေးကြည့်တော့လည်း ဇဝေဇဝါ။ ရင်ခုန်ခြင်းက အချစ် ဆိုလျှင်တော့ ကျွန်မ ကိုကို့ကို ချစ်သည်ပေါ့။ အချစ်နှင့် မရင်းနှီးဖူး၍ မသုံးသပ်တတ်။
သို့သော် ကိုကို့ကို မမြင်ရသည့် နေ့များတွင် ခံစားရသော မရွှင်ပျခြင်းများက မည်သည့်အရပ်မှ မြစ်ဖျားခံပါသနည်း။ ဒါကိုလည်း မပြောတတ်။ ဟိုးအဝေးကြီးကို နှစ်ပေါင်းများစွာ ခွဲခွာသွားဦးမည့် သူကို ချစ်ရမှာလည်း ကြောက်မိပြန်၊ ကိုကိုက ဖွင့်ဟပြောမလာသဖြင့် တစ်ယောက်တည်း စိတ်ကူးနှင့် ရူးနေသည်လားဟု တွေးရင်း ရှက်ရွံ့ရပြန်သည်။
* * *
မြူများ ဝေဆိုင်းပြီး နှင်းတံတိုင်းတွေ ကျဆင်းနေသော ပြာသိုလ၏ ညတစ်ညတွင် ကိုကိုနှင့် ကျွန်မ စကားပြောနေရင်း ကိုကိုက ရုတ်တရက် တိတ်ဆိတ်သွားသည်။ အခြေအနေကို ထိန်းရင်း ကျွန်မကပဲ စကားတွေ ပြောနေမိသည်။ ခဏကြာသော အခါမှ ကိုကိုက
“လကုန်ရင် ကိုကို နိုင်ငံခြား ထွက်ရတော့မယ် ဝေနှင်း။ ဟိုရောက်ရင် ဖုန်းဆက်မယ်နော်၊ ဝေနှင်း ဖုန်းကိုင်မယ် မှတ်လား”
“ဟုတ်ကဲ့ ဖုန်းဆက်ပါ ကိုကို”
ရင်မဆိုင်လိုသော ခွဲခွာခြင်းက ရောက်လာပြန်ဦးမည်။ ဝမ်းနည်းလှသည်။ အချိန်တွေက မြန်လွန်းသည်။ ကျွန်မညတွေ ခြောက်သွေ့ရဦးမည်။ မခွဲလိုခြင်းနှင့် ဝမ်းနည်းခြင်းကြောင့် ရစ်ဝိုင်းလာသော မျက်ရည်များကို ကြိုးစား ထိန်းနေရသည်။ ကျွန်မတို့ ကြားတွင် တိတ်ဆိတ်မှုက ပြန်လည်ကြီးစိုး သွားသည်။
“ဝေနှင်းကို ကိုယ် စကားတစ်ခု ပြောချင်တယ်”
ကျွန်မရင်တွေ ခုန်ရပါပြီ။
“ကိုယ် စဉ်းစားနေတာ ကြာပြီ။ ဝေနှင်းကို စတွေ့တည်းက ချစ်ခင်မိတယ်။ သနားစိတ်လား မသေချာမှာစိုးလို့ ကိုယ့်နှလုံးသားကို ပြန်ဆန်းစစ်ခဲ့တယ်။ တကယ့်ကို ချစ်မိသွားတာ။ 
ဝေနှင်း သဘောတူမယ် ဆိုရင် ကိုယ်မသွားခင် မိဘတွေက်ို အသိပေးပြီး စကားကမ်းထားဖို့ အထိ စဉ်းစားထားတယ်။ ဝေနှင်း သဘောထား ကိုယ့်ကို ပြောပြပါလား။ 
မြန်လွန်းတယ် မထင်ပါနဲ့နော်။ ကိုယ်က တစ်မြေတစ်ရေမှာ အလုပ် သွားလုပ်ရဦးမှာမို့ပါ”
ရုတ်တရက်တော့ ဘာပြန်ပြောရမှန်း မသိ။ ပျော်ရွှင်ခြင်း အလင်းစီးကြောင်းလေး တစ်ခု ကျွန်မ နှလုံးသားကို ဖြတ်သန်း သွားကြောင်းတော့ ခံစားရသည်။
ဖွင့်မပြောပဲ ကိုကို အဝေးရောက်သွားလျှင် ကျွန်မ အနားတွင် တစ်ဦးတစ်ယောက် ရှိလာမှာကို စိုးရိမ်မိကြောင်း၊ တန်ဖိုးမထားဟု မထင်စေလိုကြောင်းများကို အခါခါ ရှင်းပြနေလေသည်။
မဆွတ်မီကပင် ညွှတ်နေမိသော ကျွန်မအဖို့လည်း ခွဲခွာရမည့် အချိန်များကို ငဲ့ကွက်၍ ကိုကို့ကို ခေါင်းညိတ်လိုက်သည်။ ပျော်ရွှင်သွားသည့် ကိုကို့ အပျော်မျက်နှာကို ကြည့်၍ ကျွန်မလည်း အလိုလို ပျော်ရွှင်မိသည်။ 
ကျွန်မ သိလိုက်ပါပြီ။ အချစ်ဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး နားလည်ခြင်းနှင့် မျှဝေခံစားခြင်းသာ ဖြစ်သည်။
* * *
အပျော်ရက်လေးများကို အတူတကွ ဖြတ်သန်းရင်း တနင်္ဂနွေ တစ်နေ့တွင် ကိုကိုက မေမေ့ထံ လာ၍ ကျွန်မတို့ အကြောင်းကို အသိပေးသည်။ မေမေနှင့် ကိုကို ပြောနေသည်များကို လိုက်ကာ အကွယ်မှ နားထောင်ရင်း ရင်တွေ ခုန်နေမိသည်။ မေမေ စိတ်ဆိုးမှာလည်း ကြောက်နေသည်။
မေမေက ခပ်ယဲ့ယဲ့ပြုံးရင်း ကိုက်ို့ထံမှ ကတိတစ်ခု တောင်းခဲ့သည်။
“သမီးဝေနှင်း တစ်ယောက်တည်းကို သေတပန် သက်တစ်ဆုံး ပေါင်းသင်း လက်တွဲနိုင်တာ သေချာမှ သားမိဘတွေကို ခေါ်လိုက်ပါ။ အဲ့ဒီကတိတော့ အန်တီ့ကို ပေးပါ”
မေမေ့မေတ္တာ၊ စေတနာများကြောင့် အတိုင်းမသိ လှိုက်လှဲ ဝမ်းသာရသည်။ မိခင်တစ်ယောက်၏ အချစ်သည် အနှိုင်းအဆမဲ့ ဖြူစင်ခြင်းများနှင့် အမျှော်အမြင် ကြီးလွန်းလှသည်။
“ဝေနှင်းကို စတွေ့တည်းက သူ့အငိုကို ကျွန်တော် တိတ်စေခဲ့တာပါ။ အန်တီ့ကို ကတိပေးပါတယ်”
ခိုင်မာစွာ ပေးအပ်သော ကိုကို့ ကတိစကား၏ နောက်နေ့တွင် နယ်မှ ကိုကို့မိဘများ ရောက်လာခဲ့သည်။ ထိုနေ့က ကိုက်ို့ တောင်းဆိုမှုကြောင့် “ကိုကို” ဟု စတင် ခေါ်ဖြစ်ခဲ့သည်။
ကိုကိုနှင့် စေ့စပ်ပြီး နှစ်ပတ်လောက် အကြာတွင် ကိုကို နိုင်ငံခြားသို့ ထွက်သွားခဲ့သည်။ အလွမ်းဖြင့် အတိပြီးသော နေ့ရက်များသည် ကြာလွန်းလှသည်။ စာတွေ အပြန်အလှန် စေရင်း၊ လေလှိုင်းထဲမှာ အလွမ်းတွေ ဖြေရင်း နှစ်နှစ်ဟူသော အချိန်ကာလကို သစ္စာတရားဖြင့် ကျော်ဖြတ်ခဲ့ကြသည်။ နှစ်ယောက်တစ်ဘဝကို ထူထောင်ရင်း ခုတော့ ကျွန်မအနားမှာ ကိုကို ရှိနေခဲ့ပြီ။
မနေ့က လပြည့်ညမို့ ထိန်ထိန်သာ နေသော လရောင်အောက်တွင် ကိုကိုက ကျွန်မကို ထွေးဖက်ထားရင်း မေးခွန်းတစ်ခု မေးခဲ့သည်။
“လရောင်လေးက သာယာရဲ့လား ဝေ။ မျက်ရည်တွေ မလိုအပ်တော့တာ သေချာနေပြီ မဟုတ်လား”
သွက်သွက်ကလေး ခေါင်းညိတ်ရင်း ကိုကို့ကို ကျွန်မ ပြန်ပြုံးပြခဲ့သည်။
ဟုတ်ပါသည်။ လရောင်အောက်တွင် ကျွန်မ မငိုဖြစ်ခဲ့တာ ကြာပြီ။ 
ကိုကို့ကို လွမ်းသော အလွမ်းများနှင့် အလုပ်ရှုပ်ရင်း၊ စာတွေရေးရင်း၊ ဖုန်းတွေမျှော်ရင်း၊ ချစ်ခြင်းတရား၏ ပြုစားမှုအောက်တွင် ကျွန်မမျက်ရည်တွေ ပျောက်ဆုံးခဲ့ရသည်။ ဖေဖေ့အကြောင်း တွေးရင်း မျက်ရည်ကျသော နေ့ရက်များလည်း မရှိတော့ပြီ။
အခုဆိုလျှင် အိမ်ရှေ့က သနပ်ခါးပင်လေးလည်း အတော်အတန် ကြီး၍ ပန်းတွေနှင့် ဝေနေခဲ့ပြီ။ 
ခြံထောင့်က ယုဇနပင်အုပ်လေးလည်း သန်စွမ်း၍ အပွင့်တွေ ပွင့်ခဲ့ပြီ။
ညဖက်ဆို ဖွင့်ထားသော ပြတင်းဝတွင် ရပ်၍ လေညင်းလေး၏ အေးမြမှုကို ခံစားရင်း ပန်းရနံ့လေးများ၏ မွှေးရနံ့ကိုလည်း ရှူရှိုက်တတ်ခဲ့ပြီ။
လရောင်က ကျွန်မအတွက် အေးချမ်းခဲ့ပြီ။
တစ်နည်း ဆိုရလျှင်တော့ မေမေ့ ဆုံးမစကားထဲက အတိုင်း 
“ထောင့်ငါးရာ အပူမီးရဲ့ ညှို့ငင်အားက ပိုကြီးလေတော့ မီးကို လှတယ်လို့ မြင်ပြီး တိုးဝင်သွားတတ်တဲ့ ပိုးဖလံလေးတွေ လိုပေါ့ ...။ ငါးရာနှစ်ဆယ့်ရှစ်ရဲ့ အေးမြတဲ့ မေတ္တာကို လှတယ်လို့ မမြင်ကြတော့ဘူးလေ။ သူက ခပ်ဖျော့ဖျော့သာ လင်းတော့ အလင်း အားနည်းသွားတာကိုး ...။
သမီးတို့ ဖေဖေလည်း ဒီအတိုင်းပဲ ဖြစ်ပါလ်ိမ့်မယ်ကွယ်။ သားသမီးတွေမို့ ဖခင်ကို စိတ်မနာကောင်းဘူး”
ဆိုသလိုပဲ ဆွဲငင်အားကြီးသော ချစ်ခြင်းအောက်တွင် ငါးရာနှစ်ဆယ့်ရှစ် အတွက် ပူလောင်ရသော အပူမီးက ငုပ်လျှိုး သွားခဲ့သည်ပဲ ဖြစ်လိမ့်မည်။
ကျွန်မဘဝ၏ ညချမ်းများတွင် လမင်းနှစ်စင်း သာခဲ့သည်လို့ပင် ထင်မိသည်။
ယခု သာနေသော ည၏ လရောင်သည် အေးချမ်းမှုကို အပြည့်အဝ ပေးစွမ်းနိုင်သည်။ လှပနေသော ညရှုခင်းများကို ငေးကြည့်ရင်း လရောင်အောက်တွင် ကျွန်မ ပြုံးနေနိုင်ခဲ့ပြီ။
ညအခင်းမှ လမင်းကို ကျွန်မ ချစ်ခင်တွယ်တာ နေမိပါတော့သည်။

စံဝင့်ထည် 
ETERNAL LIGHT Magazine ဖေဖော်ဝါရီ၊ ၂၀၁၇
#မြန်မာဝတ္ထုတိုများ မှ

Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...