အခဏ်း။ ၂ ။
မဇ္ဈိမနန္ဒဝန်ကျောင်း
ဦးသုဓဇသည် တရားစာတက်ပြီးနောက် မိမိနေထိုင်ရာကျောင်းသို့ ပြန်ကြွခဲ့လေ၏။ ဦးပဉ္စင်းတို့ကျောင်းမှာ နှစ်ထပ်တိုက်ဖြစ်၍ ကျယ်ဝန်းသော်လည်း ကျောင်းထိုင်ဆရာတော်မှာ တပည့်များများ လက်ခံလေ့မရှိချေ။ ယခုအခါ၌ တပည့်ဦးပဉ္စင်း ဆယ်ပါးမျှသာ ရှိလေသည်။ ခြောက်ပါးမှာ နယ်မှလာ၍ စာသင်နေကြခြင်း ဖြစ်လေသည်။ ထိုကိုယ်တော်များမှာ အသီးသီး မိမိတို့တကာ တကာမများထံမှ လစဉ်ကြေးငွေ အထောက်အပံ့ရသဖြင့် ဆွမ်းခံ၍ မဘုန်းပေးရဘဲ ကျောင်းထိုင်ဘုန်းကြီးကိုသာ တလ ရှစ်ကျပ်စီ ဆွမ်းဘိုး လှူကြရလေသည်။ ဆရာတော်က ငွေပေး၍ထားသော ကပ္ပိယကြီးက ဆွမ်းချက်၍ ကျွေးရလေသည်။ ကျန် ဦးပဉ္စင်းများကား ရန်ကုန်မြို့ပေါ်မြှဖစ်၍ မိမိတို့တကာ တကာမများက ဆွမ်းအုပ်ကိုယ်စီ ပို့ကြလေသည်။ ဆရာတော်ကြီးကိုယ်တိုင်ကမူ ဦးပဉ္စင်းကလေးများနှင့်အတူတူ ဆွမ်းဘုန်းမပေးဘဲ တခါတရံ ကျောင်းတောင်ဘက် ဇရပ်၌နေသော သီလရှင် ကေသာထံ ဆွမ်းဘုန်းပေး၏။ တခါတရံ အနောက်ဘက် ဇရပ်ရှင် မစန္ဒာ၏ဆွမ်းကို သုံးဆောင်တော်မူလေ၏။
ကျောင်းနာမည်ကိုကား မဇ္ဈိမနန္ဒဝန်ဟူ၍ အမည်မှည့်ထားလေသည်။ နန္ဒဝန်ဟူသောအမည်နှင့် ဆီလျှော်စွာ ကျောင်းဝန်းတဝန်းလုံး မြေလပ်ဟူ၍ မရှိသလောက်ဖြစ်အောင် ပန်းပင်၊ ငှက်ပျောပင် အမျိုးမျိုးတို့ဖြင့် ပြည့်နှက်နေလေ၏။ ကျောင်းဝန်းကို အုတ်တံတိုင်းဖြင့် မကာမူ၍ ပုဏ္ဏရိပ်ပင်များကို ထူထပ်သောတံတိုင်းအဖြစ်ဖြင့် တည်စေလေသည်။ နှင့်ဆီပန်းများမှာလည်း အရောင်အမျိုးမျိုး၊ မေမြို့ပန်းများမှာလည်း အသွေးအမျိုးမျိုး၊ ဇွန်၊ စပယ်၊ စလပ်၊ နှင်းပန်း၊ နေကြာ၊ ရွက်လှ စုံနေတော့၏။ လူသွားလမ်းကြားကလေးများကို ဖွေးနေအောင် ဖောက်လုပ်ထား၍ ဘေး၌ အုတ်ခဲကလေးများကို ဒေါင်လိုက်ထောင်၍ စီတန်းကာ ထားလေသည်။ ထိုအုတ်တန်းကလေးများဘေး၌ လမ်းလျှောက်ပင်များကို စိုက်ပျိုးထားလေသည်။ ကျောင်းကို အင်္ဂတေဖြူဖြင့် မသရွတ်ဘဲ၊ ပြာလဲ့လဲ့ အင်္ဂတေဖြင့် သုတ်ထားသောကြောင့် စိမ်းလန်းသော သစ်ပင်ကလေးများအလယ်၌ ပြာလဲ့လဲ့ တိုက်ကလေး တည်ရှိနေသည်မှာ စိမ်းနေသော ပင်လယ်ရေနောက်ကြော ပြာလဲ့လဲ့ မိုးကုပ်စက်ဝိုင်းကြီးပေါ်နေသကဲ့သို့ ရှိလေ၏။
ကျောင်းဆင်ဝင်၏ရှေ့၌ ဓါတ်မီးတိုင်ကလေးသည် ခုံမြင့်ကလေးပေါ်တွင် မားမားရပ်လျှက်ရှိလေ၏။ ကျောင်းတောင်ဘက်၌ သစ်တိုပင်ကြီးရှိ၏။ ထိုသစ်ပင်ကြီးကား အရပ်မရှည်လှသော်လည်း အကိုင်းများကား အုပ်နေတော့၏။ သစ်တိုပင်အောက်၌ သစ်သားစရပ်တဆောင်ရှိ၏။ အင်္ဂလိပ်အုပ်ကြွပ်မိုးနှင့် ဖြစ်၏။ ပြင်ထောင်ကို ဂွေ့နီနှင့် ရေနံချေးရော၍ သုတ်ထားသဖြင့် နီညို့ညို့နေလေ၏။ ထိုဇရပ်ကလေးကား သေးငယ်သော်လည်း လွန်စွာ အချိုးကျ၏။ အခန်းနှစ်ခန်းနှင့် ခန်းမကြီး တခန်းရှိရာ ခန်းမကြီးအတွင်း၌ ကော်ဇောအပြည့် ခင်းထား၏။ အနောက်မြောက်ထောင့်တွင် ကော်ဇောကလေး တထပ်ခင်းထား၍ ကတ္တီပါ မှီအုံးကြီးများ ရှိသေးလေ၏။ ကော်ဇောကလေး နံဘေး၌ ကွမ်းအစ်၊ ထွေးခံ၊ ရေချိုင့်များ ရှိ၏။ ထိုနေရာကား ကျောင်းဆရာတော်လာလျှင် ထိုင်ရန်နေရာ ဖြစ်၏။ ဆရာတော်မှာ မည်သည့်အချိန်မဆို လာတတ်ရကား အသင့် နေရာပြင်ဆင်ထားရလေသည်။
ဤဇရပ်၌နေသော သီလရှင် မကေသာကား အသက်လေးဆယ်မျှ ရှိပြီးဖြစ်၏။ ၄၏ခင်ပွန်းသည် ကွယ်လွန်ပြီးနောက် နန္ဒဝန်ကျောင်းသို့ စိတ်ပြေလက်ပျောက် ဥပုသ်ရက်ရှည် လာစောင့်ရာ ဆရာတော်၏ပရောဂဖြင့် အကျွတ်တရားရပြီးနောက် သီလရှင် ဝင်လုပ်နေသည်မှာ ၈-နှစ်မျှ ကြာပြီဖြစ်လေ၏။ သားတယောက်ရှိသော်လည်း သားမှာ အထောက်အပံ့မဖြစ်ဘဲ တေလေကလေးဖြစ်၊ နောက် ရုပ်ရှင်ဇာတ်လိုက် ဖြစ်သွားလေ၏။ ထိုဇာတ်လိုက် သားတော်မောင်မှာ မိမိမွေးသမိခင်ကို မလုပ်ကျွေးသည့်ပြင်၊ ယခုထက်တိုင် ထောက်ပံ့ကျွေးမွေးလာသော ကျေးဇူးရှင်အစစ် ဆရာတော်ကိုပင် မျက်နှာမကြည့်ချင်ဘူး၊ မခေါ်ချင်ဘူးဟု ခဏခဏ ပြောနေသေး၏။ မကေသာကား ရုပ်ရူပကာကောင်းမွန်၏။ “ရုပ်ကလေးက ချောပါဘိသနဲ့၊ ဘာလုပ် သီလရှင်လုပ်လိမ့်မလဲ” ဟု ရုပ်ဆိုးမှ သီလရှင်ဝတ်ရတော့မလို မြင်သူများက ပြောကြလေ၏။
ကျောင်းမြောက်ဘက်တွင် မရမ်းပင်ကြီးရှိ၏။ မရမ်း ကောင်းကောင်း မသီးသော်လည်း အရိပ်ကောင်းကောင်း ရလေ၏။ မရမ်းပင်အောက်၌ ဇရပ်ကလေးရှိ၏။ ထိုဇရပ်တွင်လည်း အခန်းသုံးခန်းရှိ၏။ တခန်းတွင် သီလရှင် အိပ်၏။ တခန်းတွင် အိမ်ထောင်ပစ္စည်းထားသော အခန်းဖြစ်၏။ တခန်းကမူ ကော်ဇောအပြည့်ခင်းထားသော ဧည့်ခန်းကြီးဖြစ်၏။ တနေရာတွင် ကတ္တီပါနေရာထိုင်တခု ခင်းထား၏။ ပန်းပွင့် ပန်းနွယ်များဖြင့် ချယ်လှယ်ထားသော မှီအုံးကြီးများလည်း ရှိ၏။ ဆရာတော် ကြွလိုသောအခါ၌ ကြွလာနေထိုင်ရန် ဖြစ်လေသည်။
သီလရှင် သီလစာရီကား နာမည်ကလေးနှင့် ဆီလျှော်စွာ သီလသမာဓိပြည့်ဝဟန်တူပေ၏။ အမြဲ လည်ပင်းမှာ ဆင်စွယ်ပုတီးစွပ်လျက် ထား၏။ ညညတွင်လည်း အသံကလေး တစာစာနှင့် မေတ္တာပို့လေ့ရှိ၏။ တရားစာ ဘတ်လေ့ရှိ၏။ သံပေါက်ကျက်လေ့ရှိ၏။ သူ့အတ္ထုပ္ပတ္တိကား ဤသို့တည်း။ မယ်သွင်၏အသက် ဆယ့်ခြောက်နှစ်မျှရှိလျှင်ပင် မိခင် ဘခင်နှစ်ပါး ကွယ်လွန်ခဲ့၏။ အထောက်အခံ ခိုကိုးရာမဲ့ ဖြစ်ရရှာလေ၏။ မိဘများလည်း ဆင်းရဲကြသဖြင့် အမွေအနှစ် တပြားမှ မချန်ခဲ့နိုင်ဖြစ်လေ၏။ မယ်သွင်မှာ အတိဒုက္ခရောက်နေခိုက်၊ မင်းကြီးကတော် ဒေါ်လှက အိမ်မှာခေါ်၍ ခိုင်းစေထား၏။ ရုပ်ရည်ရူပကာ လှသလောက် အဝတ်အစား ကောင်းစွာ ဆင်မြန်းထားလေ၏။
မင်းကြီးကတော်မှာ နန္ဒဝန်ဆရာတော်ကို ကိုးကွယ်သော အဓိပတိ တကာမကြီးတဦးဖြစ်ရကာ ကျောင်းသို့သွားတိုင်း မယ်သွင် ပါလေ့ရှိ၏။ ထိုအခိုက် မင်းကြီးကတော်၏သားနှင့် မယ်သွင် အလွန်အကြူး ချစ်ကြိုက်ကြလေ၏။ ဒေါ်လှသိသဖြင့် မယ်သွင်ကို အိမ်မှ နှင်ထုတ်လေ၏။ မယ်သွင်မှာ ခိုကိုးရာမဲ့ ဖြစ်သဖြင့် ဆရာတော်အား ငိုလျှောက်လေရာ ဆရာတော် တရားဟောကောင်းသဖြင့် မသီလစာရီဖြစ်၍ ဤဇရပ်ကို အပ်နှင်းခြင်း ခံရလေသည်။ ဆရာတော်ကား သီလစာရီကို တော်တော်အရေးပေး၏။ တခါတရံ ဧည့်ခန်းမှီအုံကြီးတွင် မှိန်းရင်း သီလစာရီ ဘတ်ပြသော စာသံကလေးများကို နားထောင်လေ့ရှိ၏။
ကျောင်းအရှေ့ဘက်တွင် ငှက်ပျောပင်များသာ ရှိ၏။ ထိုငှက်ပျောပင်ကြား၌ တထပ်တိုက် ဇရပ်ကလေးရှိ၏။ လှေကားမှ တက်၍ ချက်ခြင်းရောက်သော အခန်းကား သင်ဖြူးအပြည့်ခင်းထားသော အခန်းဖြစ်၏။ ဒေါင့်တဒေါင့်တွင် ကော်ဇောခင်းထား၏။ ကြီးမားလှပသော ခေါင်းအုံးကြီးနှစ်လုံး ရှိ၏။ ယပ်တောင်၊ ထွေးခံ၊ ကွမ်းအစ်၊ ရေချိုင့်များလည်း ရှိပေ၏။ ဆရာတော်အတွက် သီသန့်ထားသော နေရာဖြစ်ကြောင်း အလွယ်တကူ သိနိုင်ပေ၏။ ဤစရပ်ကို ကြီးကြပ်သူ နာယဆရာလေး မဝဏ္ဏမှာ အတော်ပင် လှပသူဖြစ်လေ၏။ အသက်မှာလည်း နှစ်ဆယ်မျှသာ ရှိသေး၏။ အမိ အဘများကား ဆင်းရဲလှသော တောသူတောသားများဖြစ်ကြ၏။ မြို့မှ ပွဲစားအိုကြီးတယောက်ကို ပိုက်ဆံရှိမည်အထင်နှင့် ပေးစားလိုက်ရာ ရန်ကုန်ရောက်၍ မကြာမီပင် ပွဲစားကြီး သေဆုံးလေ၏။ ပွဲစားကြီးကား ပစ္စည်းဥစ္စာ မွဲပြာကျသည့်ပြင် ကြွေးတွေလည်း ထူသေးသည်ကို သိသောကြောင့် မဝဏ္ဏလောင်းကလေးမှာ ဒုက္ခရောက်နေစဉ် မကြာမီ ဘယ်လိုဘယ်နည်းဖြင့် ဤသို့ဇရပ်ပိုင် မဝဏြ္ဏဖစ်လာသည်ကိုပင် ရာဇဝင် ရှာ၍ မတွေ့ရတော့ချေ။
မဝဏ္ဏမှာ ဆရာတော်က သူ့ဇရပ်လာ၍ ရယ်စရာ မောစရာ ပြောသော်လည်း သိပ်မရယ်။ ဆရာတော်ကိုလည်း သိပ်မကြို့ မခယ။ ဆွမ်းကပ်စမ်းဟဲ့ဆိုလျှင် ဆွမ်းထကပ်၊ ရေယူခဲ့စမ်းဟဲ့ဆိုက ဖလ်ခွက်နှင့် ရေယူပေး၍ ဘာပေးစမ်းဟဲ့ ဆိုက ဘာပေးဖြင့်သာ မပျူငှါဘဲ အမူအရာနဲ့ နေလေ၏။ “ဟဲ့-ဝဏ္ဏရဲ့” ဟုခေါ်လျှင် မထူးဘဲ မော့၍သာ ကြည့်နေရာ “ဟဲ့-ဝဏ္ဏရဲ့ ... ဘုန်းဘုန်းခေါ်တာ ထူးပါအုံး” ဟု ဆိုမှ “ဘုရား ... ဘာတုံးဘုရာ့ ...” ဟု မေးလေ့ရှိ၏။
“ဟောဒီ လက်ဆွဲမီးအိမ်ထက်လင်းတာ ဘာလဲကွဲ့”
“ဓါတ်မီးပေါ့ဘုရာ့”
“ဓါတ်မီးထက် လင်းတာကောကွယ် ....”
“ရွှေလမင်းပေါ့ဘုရား”
“ ရွှေလမင်းထက် လင်းတာကောကွယ်”
“မသိဘူး ဘုရား”
“ဟား ... ဟား ..ခပ်ရှုပ်ရှုပ် ခပ်နောက်နောက် ပုဂ္ဂိုလ်တွေကတော့ ကိုယ့်ချစ်သူကလေး ရွှင်ရွှင်ပျပျနေတဲ့မျက်နှာလို့ ပြောမှာဘဲနော်။ ဟား ... ဟား ... ဟီး .... ဟိ ... ဟိ ... ” ဟု ဆရာတော် အားရပါးရ ရီသော်လည်း မဝဏ္ဏကား မရယ်။ လက်သဲဖြင့် သင်ဖြူးကိုသာ ခြစ်နေလေ၏။
“ဘုန်းဘုန်းက ဒီစကားမျိုး ပြောမယ်လိုများ ထင်နေသလားကွယ်”
“မပြောတတ်ဘူးကိုယ်တော် ....... ဘယ်သိမလဲ”
“အေး- ဒီလိုမပြောရင်လဲ မြတ်စွာဘုရား သာသနာရောင်ဟာ လမင်းထက် ထွန်းတယ်လို့ ပြောဘို့ပေါ့လေ ... ဟဲ ...ဟဲ” ဟုပြောကာ စကားဖြတ်လိုက်ရလေ၏။
အနောက်ဘက် ဇရပ်သို့ သီလရှင် ရောက်သည်မှာ .... မကြာသေးသည့်ပြင်၊ မစန္ဒာမှာ အသက် သုံးဆယ်မျှရှိ၍ လုံးကြီးပေါက်လှ ရုပ်ချောသူတယောက်ဘဲဟု ပြောရန်မှတပါး၊ အခြားအကြောင်းများကို ပြောနိုင်ရန် ဘာမျှ စုံစမ်း၍ မသိရသေး ဖြစ်လေ၏။
ထိုမျှ ပန်းပင်၊ သစ်ပင်၊ သီလရှင်၊ ဦးပဉ္စင်းတို့နှင့် ပြည့်စုံသောကျောင်းကား လွန်စွာ့လွန်စွာ အလွန်တရာ ပျော်ဘွယ်ကောင်းလေ၏။ ဤကျောင်းနေသူတိုင်း ပစ္စည်းဥစ္စာ တောင့်တင်းကြသူများ ဖြစ်ရကား ဤဘုန်းကြီးကျောင်းကား ဘယ်ကျောင်းနှင့်မျှမတူ ဖြစ်လေ၏။
ကပ္ပိယ ဦးကျောက်လုံးမှာမူ တပည့်တယောက်နှင့် ဈေးသွားဝယ်ရ၊ ဆွမ်းချက်ရ၊ လဘက်ရည်အိုး တည်ရနဲ့၊ အတော်ပင် အလုပ်များလေ၏။ ထို့ပြင် နံနက်စဉ် မယ်သီလများ ခူးထားသော ပန်းပွင့်များကို ဈေးသို့ ဖောက်သည် လက်ကားဆိုင်များကို သွားပို့ရသေးသည့် အလုပ်တာဝန်လည်း ရှိ၏။ ညနေတွင် ပန်းပင်ကလေးများ ပျိုး၍ ပန်းအိုးကလေးများတွင် ကူးစိုက်ရသည့်အလုပ်ကား အမြဲမပြတ် ရှိသေး၏။ အလုပ်များရုံဖြင့်မပြီး ဆွမ်းဟင်းမကောင်းသည့်အခါ ဦးပဉ္စင်းများ၏အကြိမ်းအမောင်းကို ခံရလေ၏။ ဈေးဝယ်ပြန်၍ တပြားတချပ် လစ်ဟင်းသည့်အခါ ဆရာတော်၏အဆဲအဆို ခံရရှာ၏။ ဦးကျောက်လုံးကား ဦးသုဓဇနှင့်မူ တော်တော် လေပေးဖြောင့်၏။ ဦးသုဓဇကို ခင်မင်ကြည်ညို၏။
မဇ္ဈိမ နန္ဒဝန်ကျောင်းတွင် ဓမ္မကထိက အကျော်အမော်တပါး ရှိပေ၏။ ဘွဲ့တော်ကား ဓညဝတီ ဦးဇောတိက ဖြစ်၏။ ဓညဝတီဟု ဘွဲ့ ယူသည်မှာ ရခိုင်တိုင်းဘွား ဖြစ်၍မဟုတ်။ ရခိုင်ပြည်သို့ ရောက်ဘူးသောကြောင့် ဘွဲ့ တော်ပင်ရင်းတွင် ဓညဝတီ အမြစ်တပ်ထားခြင်း ဖြစ်လေသည်။ ဦးသုဓဇသည် ဓမ္မကထိကဖြစ်လိုသော ဆန္ဒရှိလာသည်မှာ ဤဓညဝတီ ဆရာတော်ကလေးကို အားကျသောကြောင့် ဖြစ်၏။ ဓညဝတီ ဆရာတော်ထံမှ နည်းနိသျှကိုမူ အတော်အတန်ယူပြီး ဖြစ်၏။
ဦးသုဓဇသည် ကျောင်းပေါ်သို့ ရောက်၍ ကြည့်လိုက်လျှင် အခါတိုင်း တံခါးပိတ်ထားသော ဆရာတော်ကြီး၏ကြက်သရေခန်းသည် ပွင့်နေသည်ကို တွေ့ရလေ၏။ ပွင့်နေသောတံခါးမှ ဆရာတော် ကျိန်းသောကုတင်ကို မြင်နိုင်ပေ၏။ ကုတင်မှာ ရွှေရောင်တောက်နေသော ကြေးကုတင် ဖြစ်၏။ အိစက်မောက်မို့သော မွေ့ရာကြီးကား ကားယားကြီး တည်လျှက်ရှိ၏။ ထိုမွေ့ယာကြီးပေါ်တွင် ကတ္တီပါ ဝါလဲ့လဲ့စောင်ကို ခင်းထားပေ၏။ မ၍တင်ထားသော ဇာခြင်ထောင်မှာ လေကလေးသွေးခြင်း ခံလိုက်ရသဖြင့် လှိုင်းကွက်ကလေးများ ကြွနေ၏။ ခေါင်းရင်းက ဘီရိုကြီးများမှာ ချိတ်ဆေးရောင် တဖိတ်ဖိတ် ထနေတော့၏။ ဆရာတော်ကား ကုတင်ဘေး၌ သားရေသေတ္တာကြီးကို ဖွင့်လျက် မှိုင်းလုံး ကော်ဇောကြီးများကို စေ့စေ့ စစ်ဆေးနေသည်ကို တွေ့ရလေ၏။
ဦးသုဓဇမှာ မိမိအခန်းတွင်းသို့ ရုတ်တရက် မဝင်သေးဘဲ အခန်းတွင်းသို့သာ စိုက်ကြည့်နေမိ၏။ ရန်ကုန်သူ ရန်ကုန်သားတို့သည် နံနက် အိပ်ရာထ မုန့်ဟင်းခါးဟင်းအိုးကြီး အငွေ့ တထောင်းထောင်းနှင့် အဖုံးဖွင့်ထားသည်ကို မြင်လျှင် သရေယိုလာသကဲ့သို့၊ အခန်းတံခါးဖွင့်ထား၍ အခန်းဝင်ပစ္စည်းများကို မြင်ရသော ဦးသုဓဇမှာ လိုချင်သောဆန္ဒတွေ တဖွားဖွား ပေါ်လာလေ၏။ အင်း .. တယ်ကောင်းတဲ့ ကုတင်ပါလား။ ကြည့်ပ- ဝင်းနေတာဘဲ။ မွေ့ယာကြီးက မောက်လို့၊ အိပ်လိုက်ရ ဇိမ်ဘယ်လောက် တွေ့မလဲလို့။ ဟိုဘက်နားက ကုလားထိုင်ကြီးကလဲ ဖတ်စကလပ်ပါကလား။ ဟို အိပက် အိပက် အခင်းမျိုး ခင်းလို့နော် ... ၊ ဒါမျိုးပေါ်ထိုင်ပြီး တရားကောင်းကောင်း ဟောရရင် ထိုင်ရလို့ ဖင်ဇိမ်ရှိတာက တမျိုး... အို ... ဘယ်တော့ ဒီအခြေရောက်ပါ့မလဲနော် .. ။ ကြည့်အုံး၊ ဘီရိုကြီးထဲမှာ ပိုးသင်္ကန်းတွေ သက္ကလပ်သင်္ကန်းတွေ ရှိမှာဘဲ။ သိပ်ဌေးတဲ့ ကိုယ်တော်ကြီးဘဲနော်။ ကော်ဇောတွေကလဲ ၅ဝိ-တန် ၁ဝဝိ-တန်တွေနှင့် တူတယ်။ ဟာ- ဟိုမှာ ပထရိုမက္က(စ်)ဆိုတဲ့ ဓါတ်မီးကြီးတွေပါလား။ ဪ ... ဘုန်းကြီးလုပ်ရလဲ ဒီအခြေအနေမျိုးရောက်ရမှ ဘုန်းကြီးလုပ်ရကျိုးနပ်မှာပါဘဲနော် ဟု .. အဆက်မပြတ် တွေးတော အံ့သြပြီးနောက် မိမိအခန်းတံခါးကို ဖွင့်လေ၏။
သော့ကလေး “ကြလစ်” ခနဲ မြည်သွားသောအခါ ဟာ နေသေးသပ ချုံထဲက ဂျိုသွေးသပ တမြမြပေါ့။ ငါလဲ ဒီလိုစည်းစိမ်တော့ ခံစားရလိမ့်မပေါ့။ ဓမ္မကထိကဖြစ်လို့ နာမည်ကြီးတယ် ဆိုရင်ဘဲ လာဘ်သပ္ပကာဆိုတာ ဝင်စမြဲဘဲဟု တွေးနေသောကြောင့် ပွင့်နေသော သော့ခလောက်ကိုပင် ဆွဲမယူမိဘဲ နေသေး၏။ နောက်မှ သော့ကိုဆွဲယူပြီး အခန်းတံခါးကို ဖြေးဖြေးကလေး တွန်းလိုက်လေ၏။
အခန်းတွင်း၌ မိမိ၏သစ်သားခုတင်ကို မြင်သောအခါ တော်တော်ပင် စက်ဆုပ်သွား၏။ မဆီမဆိုင် လဆန်း ၅- ရက်နေ့တုန်းက ချသွားသော မသာတခုကို အမှတ်ရမိ၏။ ထိုမသာတုံးက သုံးသော ကုတင်နှင့် မိမိကုတင် များစွာတူသည်ဟု အောက်မေ့မိ၏။ နောက် စာအုပ်ကလေးကို စာပွဲဝိုင်းပေါ်တွင် ဘုံးကနဲ ပစ်ချပြီး လိပ်တင်ထားသော ခြင်ထောင်ကို ဆွဲချလိုက်၏။ ဤခြင်ထောင်ကား ညစ်ပေ၏။ အရုပ်ဆိုး၏။ ဦးသုဓဇသည် ခြင်ထောင်တစကို ကိုင်ပြီး ပွတ်ချေရင်း တွေနေလေသည်။
-------------------------------------------
#သိန်းဖေမြင့်
Comments