ရတနာပုံနေပြည်တော်၏ အရှေ့တောင်စူးစူးဝယ် ရှမ်းရိုးမတောင်တန်းကြီးနှင့် ကပ်ယှဉ်လျက်သစ်၊ မြက်၊ ဝါးရုံတော အဖုံဖုံတို့ ဝိုင်းအုံရုံညှပ်ဒုဋ္ဌဝတီမြစ်လျင်သွင်သွင်ခွေပတ်ဝိုက်လည်အပ်သော ဘုံထွတ်ဆောင်ဆောင်ဖြင့် မှိုင်းမှောင်မြင့်မားလှသည့် မြလိပ်တောင်ခေါ် ကြွက်နဖားတောင်တန်းကြီး ရှိသည်။
တန်ဆောင်မုန်း ဆောင်းဦးကာလ၏ ညတစ်ညဖြစ်သဖြင့် နှင်းမှုန်တို့ကျဆင်းနေသည်။ ကြယ်တာရာ နက္ခတ် ပြည့်စုံလတ်သည့် ကောင်းကင်၌ လေးရက်သား ဆန်းစလအကွေးသည်မြှေးမြှေးမြမြ ထွန်းပလျက်ရှိ၏။
ကြွက်နဖားတောင်၏ အနောက်ဘက်နံရံ တောင်စွယ်တစ်ခု၏ထိပ် ဝါးရုံရိပ်၌ စောရှင်ဦးသည်ဗိုလ်သူရိန်၏ ရင်ခွင်၌ မှီလျောင်းရင်း မြို့တော်ဘက်သို့ငေးကြည့်နေသည်။
ချစ်သူနှစ်ဦးမှာ စကားမဆိုကြ၊ ဆိုစရာလည်းမလို၊ ဆိုဖွယ်တို့သည်ကုန်ခဲ့ပေပြီ။ထောင်အတွင်းမှ အသက်ဆံဖျား လွတ်လာခဲ့ပြီးသည့် နောက်ပိုင်းရက်များအတွင်း ဗိုလ်သူရိန်မှာ ဤတောင်ခြေတစ်နေရာ၏ လျှို့ဝှက်စခန်း၌ အပြင်းဖျား၍ လဲလျက်နေခဲ့သည်။ သူ့အား ရန်သူ့ဓားထက်မှအသက်ကယ်ခဲ့သော စောရှင်ဦးနှင့် ဗလကြီးတို့မှာ အဖျားလက်မှဆက်လက် အသက်လုပြုစုခဲ့ရပြန်သည်။ ယခုမူ နာလန် ထ၍ကောင်းစွာ အားအင်ပြည့်ခဲ့လေပြီ။ ဤအချိန်တွင်ပင် တစ်ညကာလ ခွဲမည်ခဏ၌ ကျိုးပျက်ခဲ့ရသည့် ဟန်ဆောင်မှုတာရိုးမှ တိုးလွှတ်ခဲ့သောမေတ္တာရေစင်ဦးတို့လည်း ဒုဋ္ဌဝတီမြစ်တို့လျှင် သွင်သွင်စီးလျက်တုံ့ယှက်ကြည်နူး အလှယ်လှယ်ကူးခဲ့ရ၏။
သို့ရာတွင် မိမိတို့၏ မေတ္တာရေလျင်မှာ ဤဒုဋ္ဌဝတီမြစ်သို့လျှင်ထာဝစဉ်စီးလျက်မနေသာသည်ကို နှစ်ဦးသားမှာ ကောင်းစွာသိပြီး ဖြစ်၏။
စောရှင်ဦးက ငြိမ်ငေးနေရာမှ “ကြည့်စမ်း ကိုသူရိန် မသာယာဘူးလား” ဟုရှေ့တစ်ခွင်သို့ညွှန်ပြရင်း မေးလိုက်သည်။
အမြင့်မှ မျှော်ကြည့်ရသည်ဖြစ်သဖြင့် စိမ်းစိုသော တောအုပ်တို့ အလယ်တွင် တောင်ခြေမလှမ်းမကမ်း၌ ဒုဋ္ဌဝတီမြစ်နဖူးဝယ် လရောင်မှုန်မှုန်အောက်မှသပ္ပာယ်ကြည်ညိုဖွယ်ရာ ရွှေစာရံစေတီတော်အား ထင်ရှားစွာဖူးမြင်နေရ သည်။ ကြွက်နဖားတောင်တန်း၏ တောင်ဘက်အစွန်းမှလျှိုမြောင်တို့တစ်လျှောက် မြောက်ဘက်သို့ ကွေ့ကောက်ဝိုက်လည်စီးလာပြီး ရွှေစာရံစေတီအား ဦးတိုက်ပြီးသော် အနောက်ဘက်သို့ စီးသွယ်ဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်အား လည်း လရောင်ဝယ် စိတ်အေးချမ်းသာဖွယ်ရာ မြင်နေရ၏။
မြောက်ဘက်အဝေးတွင်မူ မန္တလေးတောင်တော်အား နောက်ခံထားလျက် လရောင်၌ ရွှေရောင်တလက်လက် ရှိသည့် မြေနန်းပြသာဒ်တော်ကြီးအား လည်းကောင်း၊ အရှေ့ဘက်တစ်ခွင်ဝယ် ငွေသားသင်ဖြူးခင်းသို့ လရောင် ကြယ်ရောင်တို့ ဝင်းဝင်းလျှပ်လျှပ်ရောင်ပြန်ဟပ်ရာ ပင်လယ်ပြင်တမျှ ပြန့်ပြောကျယ်ဝန်းလှသော အောင်ပင်လယ်၊ နန္ဒာစသော ကန်တော်ကြီးများကို လည်းကောင်း မြင်နိုင်သည်။
“သာယာတာပေါ့ အစောရယ် သာယာပြီကော သာယာလွန်းတော့ လွမ်းသလိုတောင်ဖြစ်မိတယ်”
“ဘာတွေကိုများ လွမ်းရသတဲ့လဲ မောင်ရယ်”
“သြော် အစောရယ် ဒီလို သာယာတဲ့ တောတောင်ရေမြေတွေနဲ့ကိုယ်ချစ်တဲ့နေပြည်၊ ကိုယ်ချစ်တဲ့ အစောတို့ကိုခွဲပြီး ဘယ်လိုကံကြမ္မာတွေ စောင့်စားနေမယ်မသိတဲ့တစ်ပါး ရေခြားမြေခြားကိုသွားရတော့မယ့် ကိုသူရိန့်အတွက် လွမ်းမောတသဖွယ်တွေဟာ များလှသပေါ့ ကိုသူရိန့်လိုလူ မပြောနဲ့ တရားသဘောပြည့်ဝတဲ့ မင်းဧကရာဇ်စစ်စစ်ဖြစ်တဲ့ ဟံသာဝတီမင်းတရားကြီးတောင် ညည်းသွားရှာတာ ကြည့်စမ်း ကိုသူရိန်ရွတ်ပြမယ် အစော နားထောင်မလား ”
“အို နားထောင်မှာပေါ့ ရှင်ရယ်”
ဗိုလ်သူရိန်က မတိုးမကျယ်သံနေသံထားနှင့်ရွတ်ပြသည်။
“မင်းနေအောင်ချာ၊ မှန်လှစွာ၍၊ ရတနာရွှေငွေ၊ မြုတေရောင်ဝင်း၊သလင်းနှင့်စိန်၊ လျှံထိန်တောက်ပ၊ ဇန် မှန်မြနှင့်၊ နဝလျှံပတ်၊ မျက်မြွာခတ်သည်၊ ပြသာဒ်တော်ကြီး၊ မိုးထိနီးမျှ၊ ညီးညီးသွန်းသွန်း၊ နန်းလည်းဆိုင်းဆိုင်း၊ မြို့တံတိုင်းနှင့်၊ မှိုင်းမှိုင်းညိုညို၊ သူရဲခိုက၊ ထိုထိုပတ်ကုံး၊ကျုံးလည်းခွေကာ၊ ယဉ်သီတာလည်း၊ ဟေမာမနှော၊ တောလည်းသွယ်မြှောင်၊ တောင်လည်းဝန်းကာ၊ သို့ချိန်တာကို၊ ရတနာပူရ၊ ရွှေပြည် မဝယ်၊ ချမ်းမြေ့ရေကြည်၊့တ်ဝန်းလည်လိမ့် တဲ့ သနားစရာမကောင်းဘူးလား အစော ”
“သနားစရာကောင်းတာပေါ့ မောင်ရယ်”
“အဲဒီလို သာယာတဲ့ တိုင်းတော်ပြည်တော်ကြီးရဲ့ ကံကြမ္မာကို ညည်းထားတာက သာ စိတ်နှလုံးထိခိုက်ဖို့ ကောင်းသေးတယ် ကိုသူရိန်ဆိုပြမယ်”
ဗိုလ်သူရိန်ကရွတ်ပြစဉ် စိတ်၌ ထိခိုက်သည်နှင့်အမျှ အသံမှာ ဆွေးဆွေးမြည့်မြည့်ဖြစ်နေသည်။
“လုဇ္ဇတီတိ ပလုဇ္ဇတီတိလောကော၊ သဘောနိယံ၊ လောကဓံနှင့်၊ဆက်ဆံကြုံကြိုက်၊ ကိန်းခန်းလိုက်ဖြင့်၊ ရစ်ဝိုက်မြစ်ဆုံ၊ ရွှေဘုံအဝ၊ ပူရိန္ဒကား၊ နရသနင်း၊ မင်းလည်းရှင်းကွာ၊ ပြည်ရွာပျက်စီး၊ တောကြီးဟူလောက်၊ မျက်မှောက်ကင်္ကာ၊ သာသနာလည်း၊ ရောင်ဝါမလင်း၊ သို့ဖြစ်ခြင်းကို၊ မြော်တင်းစေ့စေ့၊ ကြံအောက်မေ့သော်”
ဗိုလ်သူရိန်မှာ ဆက်မဆိုရ။ စောရှင်ဦးက “အို ကိုသူရိန်” ဟုဆိုကာ သူ့ပါးစပ်အား လက်ဝါးလေးနှင့်အုပ်လိုက်သည်။
“ဘာလဲ အစော”
“မဆိုပါနဲ့တော့ ကိုသူရိန် နိမိတ်မရှိ နမာမရှိ အစောစိတ်ထဲမချမ်းသာလွန်းလို့ပါ”
ဗိုလ်သူရိန်က အသာပြုံးလိုက်သည်။
“အစော မဆိုစေချင်ရင်ကိုသူရိန်ဆက်မဆိုတော့ပါဘူး ဒါပေမယ့်အစော စဉ်းစားကြည့်စမ်း အခု ကိုသူရိန်တို့တိုင်းပြည်ကြီး ဖြစ်ပျက်နေပုံဟာ အဲဒီခေတ်က ဖြစ်ပျက်ပုံမျိုးဆီရှေးရှုနေတာပဲ မဟုတ်ဘူးလား တိုင်းတပါးလက်အောက် ကျွန်သပေါက်ဖြစ်ပလားဆိုမှဖြင့် ထီးနန်းတွေသာ ပျက်စီးရတာ မဟုတ်ဘူး ကိုသူရိန်တို့ အစောတို့ မြတ်မြတ်နိုးနိုးကိုးကွယ်ကြတဲ့ သာသနာကြီးပါ မှေးမှိန်တိမ်ကောရတတ်တယ်”
“မြင့်မြတ်လှတဲ့ အစောတို့ သာသနာကြီး မတိမ်ကောအောင်သာသနာတော်စောင့် သမ္မာဒေဝ နတ်ကောင်း နတ်မြတ်တို့ စောင်မကြပါစေလို့အစောဆုတောင်းတယ်”
စောရှင်ဦးက သက်ပြင်းလေးရှိုက်ရင်း ဆိုသည်။အတန်ကြာ ငြိမ်နေမိကြပြီးမှ စောရှင်ဦးကပင် စမေးသည်။
“ကိုသူရိန်က စစ်မှုထမ်းသာဖြစ်တယ် စာပေကဗျာတွေ နှိုက်နှိုက်ချွတ်ချွတ်ရသားပဲနော်”
“သြော် ဒါတော့ အစောရယ် နတ်သျှင်နောင်တို့လို၊ မြဝတီမင်းကြီးတို့လို စစ်ဘုရင်ကြီးတွေဟာလဲ စာပေပညာရှင်ကြီးတွေပဲ မဟုတ်လား”
“ဟုတ်ပါရဲ့ ဒါထက် မြဝတီမင်းကြီးဆိုလို့ မြဝတီမင်းကြီးရဲ့သီချင်းတွေဟာ သိပ်ကောင်းတာပဲနော် ကိုသူရိန်ရလား”
“ကိုသူရိန်ရတာတွေတော့ အများကြီးပေါ့ ဒါပေမယ့် ကိုသူရိန်အကြိုက်ဆုံး ကဗျာလေးတစ်ပုဒ်တော့ရှိတယ်”
“ဘယ်လိုတဲ့လဲ”
“လဲ့လဲ့ကြီးညို၊ သည်ကိုယ်မှာမဆည်တန့်နိုင်ဘု၊ နွေးရန်အပြု၊ စောရွှေမှုန်၊ မယုံမပုံရသည်မို့၊ သောက တောင်ထု”
စောရှင်ဦးက အသာရယ်ရင်း သူ့ရင်အား လက်သီးလေးများနှင့်ထုလိုက်သည်။
“အစောကြားဖူးတာက စောရွှေဆုံပါတဲ့ရှင်ရယ် ဘယ့်နှယ်စောရွှေမှုန်ရမလဲ”
“သြော် အစောရယ် ကိုသူရိန်က စောရွှေမှုန်ကိုသာ သိတာကိုး”
စောရှင်ဦးက ရင်ခွင်တွင်းမှနေ၍ သူ့အား မော့ကြည့်လိုက်သည်။
“အစောကိုဘာများ မယုံမပုံ ဖြစ်နေရသတဲ့လဲ မောင်ရယ်”
“အစောကို ယုံပါတယ် ဒါပေမယ့် လှကြေးမျှင်စိန်မှုန်နှစ်ကိုဘုန်းချစ်ရနည်း ဆိုသလို ကိုသူရိန့်အဖြစ်က မယုံနိုင် မပုံသာတဲ့ဘဝကြီးပါကွယ်”
စောရှင်ဦးက သက်ပြင်းလေး ရှိုက်လိုက်၍ သူ့မျက်နှာအား ငိုင်ငိုင်မော့ကြည့်ရှာသည်။ ထို့နောက်သူ့ရင်ခွင်မှ ထလိုက်ကာ ချစ်သူ့မျက်နှာအား လက်ဝါးနုနုလေးများဖြင့် ပွေ့ယူမလျက် မျက်နှာချင်းဆိုင်ရင်းညည်းလိုက်သည်။
“သြော် ကိုသူရိန် ကိုသူရိန် ကလေးကြီးလိုပါပဲလားမောင်ရယ် ဒီရွှေဖူးစာ ကံကလဲ အစောနဲ့ ကိုသူရိန်ကို တစ်သက်လုံးပေါင်းစေမယ့် အဟုန်မပါတဲ့အတူတူ အစကတည်းက အကြောင်းမဆုံပေးရင်ကောင်းလေသား အခုတော့အစောလဲ သူရိန်မောင့်ကြောင့်တစ်ရေးမှောင့်ရဦးတော့မယ်”
ဗိုလ်သူရိန်က စောရှင်ဦး၏ခါးလေးမှ ပွေ့ဖက်ကာ ကိုယ်လေးကို သိမ့်သိမ့်တုန်အောင်ခါရင်း ခေါ်လိုက်၏။
“အစော”
“ဘာလဲ ရှင်ရယ်”
“ကိုသူရိန့်ကို ဖြေစမ်းပါ အစော အစောကိုယ်ကို သိန္နီနယ်ကပိုင်တယ်ဆိုတာ ကိုသူရိန်နားလည်တယ် ဒါပေမယ့် ဘာကြောင့်သိန္နီဟော်ကလည်း ပိုင်နေရသလဲ”
စောရှင်ဦးက သက်ပြင်းကိုသာ ရှိုက်သည်။ ဘာမျှတော့မဖြေ။
“ဖြေပါဦး အစော”
“သြော် ခက်တော့တာပဲရှင်ရယ်”
“အစော”
“ဘာလို့အစောကို ဒီလောက်တောင်ခေါ်နေရတာလဲ မောင်ရယ်”
“ကိုသူရိန်မေးတာကိုဖြေပါဦး အစောရယ်”
စောရှင်ဦးက သူ့ရင်အား အသာတွန်းကာ လူချင်းခွာလိုက်သည်။မျက်နှာလေးမှာလည်း တစ်ခါကကဲ့သို့ပင် တည်ငြိမ်လာသည်။
“ဒီအမေးကို မမေးဖို့ အစောတောင်းပန်ခဲ့ပါတယ် ဒါပေမယ့် ကိုသူရိန်က မေးလွန်းတော့ ဖြေရတော့မယ်”
မျက်နှာကဲ့သို့ပင် အသံမှာလည်း တည်ငြိမ်နေသည်။
“အစောတို့ဟော်နဲ့ အစောတို့နယ်ဟာ ခွဲလို့မရဘူး ကိုသူရိန် ဒါကိုအရင်နားလည်ထားစမ်းပါ”
တည်ငြိမ်ရာမှ အသံမာ၍ပင်လာသည်။
“အစောတို့ဟော်ရဲ့အင်အားဟာ အစောတို့နယ်ဖြစ်သလို အစောတို့ဟော်ဟာလဲ အစောတို့နယ်ရဲ့ အားကိုးရာပဲ ဖြစ်တယ် အစောကချစ်သလို အစောကိုပါချစ်တဲ့ အစောရဲ့လူအားလုံးဟာ အစောကိုအစောတို့ဟော်ပေါ်မှာပဲ စံနေတာမြင်ချင်တယ် အခုအချိန်အထိအစောတို့အပေါ်မှာ သစ္စာရှိခဲ့တဲ့နယ်သားတွေရဲ့ မျှော်လင့်တောင့်တမှုကို အစောမဖျက်ရဲပါဘူး မဖျက်ချင်ဘူး”
အသံမာရာမှ ငိုသံဘက် လုလာသည်။
“ဒါပေမယ့် အစောဟာ ပုထုဇဉ်လူသားပါ မောင်ရယ် အစောရဲ့နယ်ပေါ်မှာ အစောချစ်တာက တခြား၊ မောင့်ကို အစောချစ်တာကတခြားပဲ ဒါကိုတော့ယုံစမ်းပါ”
ငိုသံဝယ်ရှိုက်သံရောစွက်လာခဲ့သည်။
“ဒါပေမယ့် ချစ်တာက တခြား၊ ချစ်ထိုက်တာက တခြားဆိုတာ အစောနားလည်တယ် ကုသိုလ်ကံကိုက ဒီလိုဖန်လာတာတော့ အစောမတတ်နိုင်ဘူး အဆင်မပြေပုံကို ကြည့်စမ်းရှင် အစောချစ်ပေမယ့် အစော မပေါင်းနိုင်တဲ့မောင့်ကို ဒီထောင်တွင်းက အစောကယ်ထုတ်လာစဉ်မှာ အစောမချစ်ပေမယ့် အစောကို ဆိုင်နေ သူတစ်ယောက်ဟာ အဲဒီထောင်တွင်းမှာ ကျန်ရစ်တုန်းပဲ ဒီလောက်ဆို နားလည်ပါတော့”
စောရှင်ဦးက ရှိုက်သံကို မျိုသိပ်ကာ ဆိုသည်။
“ဟောဟိုမှာကြည့်စမ်း ကိုသူရိန် ရွှေစာရံစေတီဟာ ရှမ်းဗမာချစ်ကြည်ရေးမှာ မမှားကြဖို့ တရားရစရာ ထာဝရအထိမ်းအမှတ်နဲ့ရပ်တည်နေတော်မူတယ် အစောတို့ဟာ အသည်းနှလုံးကကျခဲ့တဲ့သွေးနဲ့ရေးခဲ့တဲ့ ရွှေစာရံ သမိုင်းရာဇဝင်ကြွေးကို အသည်းနှလုံးကသွေးနဲ့ပဲ ပေးဆပ်ကြရဦးမယ် ဒီနေ့ဒီနေရာမှာ အစောနဲ့ကိုသူရိန်ရဲ့အသည်းတွေဟာ ကွဲကောင်းကွဲလိမ့်မယ် ဒါပေမယ့် အစောတို့ရဲ့အသည်းကွဲကြေရမှုဟာ ရှမ်း ဗမာတို့ရဲ့ ပြန်လည်နီးစပ်မှုဖြစ်ရင်အစောတို့ဖြေပျော်ပါပြီ ဘယ့်နှယ်လဲ”
ဗိုလ်သူရိန်က ပြန်မဖြေနိုင်။ ဦးခေါင်းကျိုးလျက်သာ ငိုင်နေသည်။
“ဟော ဒီခေါင်းကြီးက ငုံ့နေပြန်ပါပြီ မော့စမ်းပါဦး ပြီးတော့အစောမေးတာကိုလဲ ဖြေစမ်းပါဦး ရှင်ရဲ့”
ဗိုလ်သူရိန်က မချိတရိပြုံးရင်း ခေါင်းကို မော့လိုက်သည်။
“တစ်ခါတုံးကလိုပဲ ကိုသူရိန်မှားပါတယ်လို့ ဝန်ခံပါတယ် အစောရယ် မှားမှန်းသိပေမယ့် အစော ပြောသလိုပဲ ပုထုဇဉ်လူဆိုတော့ အခက်သားကလား အစောနဲ့ တွေ့ကတည်းက ကိုသူရိန့်ဘဝဟာ အိပ်မက်ပမာ ဖြစ်ခဲ့ရတယ် လွမ်းမောတသဖွယ် အိပ်မက်တစ်ခုပါပဲအစောရယ် ဒါပေမယ့် အစောလဲ ကြုံဖူးမှာပေါ့ ဆွတ်ပျံ့သာယာတဲ့ အိပ်မက်တစ်ခုကိုမက်နေစဉ် ကာယကံရှင်ဟာ မိမိကိုယ်ကိုအိပ်မက်မက်နေမှန်းလဲသိလို့ လန့်နိုးမှာကို စိုးရိမ်နေတဲ့အဖြစ်လေအခုဆိုရင် အိပ်မက်ဟာ ဆုံးမှန်းသိနေပါပြီ ဆုံးမှန်းသိလျက်ဆုံးတာကိုအဆုံးအဖြစ် လက်ခံဖို့ ကိုသူရိန်မှာ ခက်နေတယ်”
စောရှင်ဦးက ဂရုဏာပြည့်သောမျက်လုံးနှင့် ဗိုလ်သူရိန်အားကြည့်ရင်းသူပြောသမျှအား ငြိမ်နားထောင်နေ သည်။ ခဏမှာပင် မျက်နှာလေး၌ပြုံးယောင်သမ်းလာသည်။
“ကိုသူရိန်ပြောတာကို အစောလက်မခံနိုင်ဘူး အစောနဲ့ ကိုသူရိန်ကတစ်မျိုးပြန်တွေးကြရအောင်”
“ဘယ်လိုလဲ အစော”
“လူ့ဘဝကြီးတစ်ခုလုံးဟာ အိပ်မက်ဆိုးကြီးဆိုရင်ကောဟင်”
“အို အစောကလဲ”
“ဟုတ်တယ်ကိုသူရိန် လူ့ဘဝကြီးတစ်ခုလုံးဟာ အစောအတွက်တော့အိပ်မက်ဆိုးကြီးပါပဲ တစ်ခါတရံလန့်နိုးစဉ်စိတ်အေးချမ်းသာဖွယ် အခိုက်အတန့်လေးတွေတော့ ရှိနေသပေါ့လေ အခု ကိုသူရိန်နဲ့အစောဟာ ဒီလိုသာယာတဲ့အခိုက်အတန့်လေးအတွင်းမှာ ဆိုကြ
ပါစို့ဘာကြောင့် အစောနဲ့ ကိုသူရိန်ဟာ ဆက်မက်ရဦးမယ့်အိပ်မက်ဆိုးကြီးကို ခေတ္တမေ့မထားနိုင်ရမှာလဲ ကြုံတောင့်ကြုံခဲစက်နိုးသာယာတဲ့ဒီအခိုက်ကို ပျော်ပျော်ကြီးနေလိုက်ကြရအောင်လား”
ဗိုလ်သူရိန်က စောရှင်ဦးအား တအံ့တသြ မော့ကြည့်လိုက်သည်။ ဒုက္ခသံသရာဘုံအလယ်မှာ ကြုံသမျှသုခအား ရှာဖွေမြင်တတ်သည့် သတ္တိကိုပင်အံ့သြလိုက်မိသည်။
ထိုစဉ် စောရှင်ဦးက လက်တစ်ဖက်နှင့် သူ့လည်ပင်းအား နောက်ပြန်သိုင်းရစ်ဖက်တွယ်လျက် ကျန်တစ်ဖက်နှင့် ရှေ့သို့ ညွှန်ပြကာ ရင်ခွင်ထက် ပက်လက်မှီရင်း ဆက်ပြောနေသည်။
“ကြည့်စမ်း ကိုသူရိန် သာယာတင့်ဆန်း အံ့မခန်းတဲ့ ရတနာပုံရွှေမြို့တော်ကြီးရယ်လေနော် မကြာမီသက်ရောက်တော့မယ့်အိပ်မက်ဆိုးကြီးကို သိမှသိပါလေစ မသိတာပဲ ကောင်းကြပါလိမ့်ဦးမယ်
ထင်ပါရဲ့နော်”
စောရှင်ဦးက ရင်ဝယ်ဘာရှိသည်မသိ။ ရတနာပုံနေပြည်တော်ဆီ မျှော်ရင်း အေးညင်းသာယာစွာ တေးတစ်ပုဒ်ကို ညည်းနေသည်။
“နန္ဒာရေ ဝန်းရံခပတ်လည်ကာ ရွှေမန်းတောင်တော်သာ အို ဆန်းပါလှ မြို့နန်း ရွှေဝတိံသာ အိုလေ ဆန်းလှမြို့နန်းရွှေဝတိံသာ မြန်ချာ ဖန်လာနေည ွန့်မှာ ဘုန်းလေမြတ်ဝေဆာ စံကာမြန်းသည့်မန်းလေရွှေပြည်တိုင်းလေဌာနီ”
တောတို့မှာ ငြိမ်သက်၍ တောင်အလုံးမှာ တိတ်ဆိတ်နေသည်။ စောရှင်ဦး၏ သာယာသောတေးသံမှာ မတိုးမကျယ်ပေါ်ထွက်နေသည်။
သူပြောခဲ့သလိုပင် အိပ်မက်ဆိုးမတိုင်မီဝေရီနှင်းမြ ဆောင်း၏ညမှာ သာယာသော ရတနာပုံ ရွှေမြို့တော်၏ တဒင်္ဂဟန်အား ဖွဲ့ညွှန်းဂုဏ်ပြုလေဘိသည်လောမသိ။
ဒုဋ္ဌဝတီမြစ်၏ ကမ်းနဖူးထိပ်အထိစောရှင်ဦးက လိုက်ပို့သည်။မြစ်ကိုဖြတ်ကူး၍ ဗလကြီးမှာမူတစ်ဖက်ကမ်းဦး၌ ရောက်ရှိနေပေပြီ။လအကွေးမှာ အနောက်ဘက် မင်းဝံတောင်ရိုး၌ ဝင်လုဆဲ မေးတင်နေ၏။ခွာလျှပ်နေသော မြင်းညိုကြီး၏ဘေးတွင် ချစ်သူနှစ်ဦးက တစ်ဦးလက်တစ်ဦးပွေ့ဆုပ်ကိုင်ရင်း နှုတ်မှမဆိုသော ရင်မှစကားတို့အား ကူးလှယ်ယှက်သွယ်လျက် ငြိမ်နေကြသည်။
ဆောင်းလေသည် ညည်းညူသံပြုလျက် ဝှေ့တိုးလာ၏။ တောင်ဆီမှချေငယ်တစ်ကောင်၏ ဟောက်သံသည်သဲ့သဲ့ပါလာသည်။စောရှင်ဦးက စကားစဆိုသည်။
“ကိုသူရိန် ဘယ်အထိခရီးနှင်ရမယ်ထင်လဲ”
“မပြောတတ်ဘူး အစော ပထမ သေလေ ရှင်လေသလားမသိတဲ့ကိုသူရိန့်တပည့်နှစ်ဦးကို ရှာရမယ် မတွေ့သည်ဖြစ်စေ ပြတ်နေလေတဲ့ ကိုသူရိန်တို့ရဲ့ အဆက်တွေကို ပြန်ဆက်ယူရမယ် ဘယ်
လောက်ကြာပြီး ဘယ်ထိအောင်သွားရမယ်ဆိုတာ ကိုသူရိန်မသိဘူး”
“သတိနဲ့လဲ သွားပါ ကိုသူရိန် တော်တော်ကြာ စစ်နှစ်ဖက်ကြားမှာညှပ်မိနေပါဦးမယ်”
“ခက်သားပဲ အစောရယ် စစ်နှစ်ဖက်ကြား ညှပ်မိလို့ သေလေတာကမှ မြတ်ဦးမယ် ဒီနေပြည် တော်မှာက ရာဇဝတ်သင့်နေသူတစ်ယောက်အနေနဲ့ ဘာထူးလဲ ကိုသူရိန်ဟာ ရှင်ရက်နဲ့သေနေသူပဲ မဟုတ်လား အခုလို စွန့်ထွက်သွားတာကမှ ကံကောင်းထောက်မလို့ ကိုသူရိန့်အရှင်သခင်နဲ့တွေ့ရင် ကိုသူရိန့် အတွက်ရောနိုင်ငံ့အတွက်ပါ ပြတ်ပြတ်သားသား ဘာလုပ်ရမယ်ဆိုတာ သိရဦးမယ်”
“ဒါဖြင့် ကိုသူရိန် ဒီကို ပြန်ရောက်မယ်လို့မျှော်လင့်သေးလား”
ဗိုလ်သူရိန်က ခေါင်းကို ဖြည်းညင်းစွာခါသည်။
“တကယ်လို့ စစ်ဖြစ်ပြီး ရတနာပုံရွှေနန်းက အောင်ပန်းရတယ်ဆိုရင်ကိုသူရိန့်အတွက် ုပန်လမ်းမရှိပေဘူး အကယ်၍ အင်္ဂလိပ်တွေနိုင်လို့ ကိုသူရိန်မသင်္ကာနေသလို သင်းတို့တွေဟာ နိုင်ငံကိုကျွန်လုပ်မယ်ဆိုရင်လဲ ဘယ်စစ်မြေပြင်မှာ ကိုသူရိန်သေလေမည်လဲ မခန့်မှန်းနိုင်ဘူး”
စောရှင်ဦးက စိတ်ထိခိုက်ဟန်နှင့် သူ့လက်အား တင်းကျပ်စွာ ဆုပ်ညှစ်လိုက်သည်။
“တစ်ကြိမ်က ကိုသူရိန့်ကို အစော နောက်ထပ်မတွေ့ပါရစေနဲ့လို့တောင်းပန်ခဲ့တာ မှတ်မိသေးလားဟင်ကိုသူရိန်”
“မှတ်မိပါတယ် အစော”
“ဒီတစ်ကြိမ်တော့ အစောမပြောတော့ပါဘူး အစော ကိုသူရိန့်ကိုထပ်ပြီးတွေ့ချင်ပါသေးတယ် မောင်ရယ် ဘယ်အခြေ ဘယ်အနေမှာပဲဖြစ်ဖြစ် တစ်နေ့တစ်ချိန်တစ်နေရာမှာ တစ်နည်းနည်းနဲ့တော့ အစော မောင့်ကို ပြန်တွေ့ချင်ပါသေးရဲ့ အဲဒီတစ်နေ့ဟာ နောင်ဘဝဆီမှာများလားတော့ မပြောတတ်ဘူး”
သူက အံကြိတ်ကာ စောရှင်ဦး၏မျက်နှာလေးအား စေ့စေ့ကြည့်မိသည်။ထို့နောက်နဖူးပြင်အား ယုယစွာ နမ်းလိုက်၏။
“သွားမယ် အစော”
“သွားပေတော့ မောင်”
“မောင်သွားပေမယ့် အစောပြောသလိုပ ဲ နောင်ဘဝဆီမှာဖြစ်ဖြစ် အစောဆီ မောင်ရောက်အောင်ပြန်ခဲ့မယ်”
သူက မြင်းညိုကြီးပေါ်သို့ လွှားခနဲခုန်တက်ကာ ကမ်းထိပ်မှဆင်း၍မြစ်ရေကိုဖြတ်ကာ တစ်ဖက်ကမ်းဆီကူးခဲ့သည်။ကမ်းနဖူးထက်မှတစ်ဖက်ကမ်းဆီသို့ ပြန်လှည့်ကြည့်မိ၏။ ဖျော့ဖျော့သာကျန်သော လရောင်ဝယ်မြစ်ရေ ခြားရာမှ လက်ပြကျန်ရစ်သူချစ်သူအား မြင်ရသည်။ မလှမ်းမကမ်းတွင်မူ ရွှေစာရံစေတီမှာလည်း မတုန်မလှုပ်စံပ္ပါယ်တော်မူနေ၏။ဗိုလ်သူရိန်က သက်ပြင်းကိုရှိုက်ကာ မြင်းဇက်ကိုလျှော့၍ တောင်ဘက်ဆီသို့ ဗလကြီးနှင့်အတူ စိုင်းနှင်ခဲ့သည်။ သာယာသောစက်နိုးစဉ် လွန်မြောက်၍ ကြောက်မက်ဖွယ်အိပ်မက်ဆိုး၏ အစပေလော မပြောတတ်။
⬛
တက္ကသိုလ်ဘုန်းနိုင်
အပိုင်း ၁၃ ဆက်ပါဦးမည်
Comments